အခန်း (၈၄၈)
Vol. 52 Ch. 848
၈၄၈ ။ သားလိမ္မာလေး (အပိုင်း ၁)
"မားမား... ဦးလေးကြီးရဲ့ကုမ္ပဏီကို သွားကြည့်မှသိလိုက်ရတာ။ ဦးလေးကြီးက တကယ့်ကို အလုပ်ရူးပဲ" ရှောင်လဲ့ထုံက အိမ်ပြန်ရောက်သည်နှင့် ရှောင်လင်းယွီကို တတွတ်တွတ် ပြောပြနေသည်။ "အလုပ်ချိန်လည်း အလုပ်လုပ်တယ်။ နားချိန်လည်း အလုပ်လုပ်တယ်။ နေ့တိုင်း ညဉ့်နက်တဲ့အထိ အလုပ်လုပ်တယ်။ စက်ရုပ်ကြီးကျနေတာပဲ"
ရှောင်လင်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ "မင်းဦးလေးကြီးက တော်တော် အပင်ပန်းခံတာပဲ"
ရှောင်လဲ့ထုံ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ သူတင် အပင်ပန်းခံတာ မဟုတ်ဘူး။ ဝန်ထမ်းတွေကိုပါ အပင်ပန်းခံခိုင်းတာ။ အစ်ကိုတွေ၊ အစ်မတွေက ဦးလေးကြီးကို ဘယ်လိုနာမည်ပေးထားလဲ သိလား"
"ဘယ်လိုနာမည်လဲ" ရှောင်လင်းယွီ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"နတ်ဆိုးဥက္ကဌလဲ့တဲ့" ရှောင်လဲ့ထုံက ပြောလိုက်သည်။ "မားမား... နားထောင်ကြည့်ပါဦး။ နာမည်ဆိုးကြီးပဲ။ ဦးလေးကြီးက ဝန်ထမ်းတွေကို ဘယ်လောက်ဖိနှိပ်ထားလဲဆိုတာ သိသာနေတာပဲ"
ရှောင်လင်းယွီက သားဖြစ်သူ၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ "ဒီစကားကို ဦးလေးကြီး ကြားသွားရင် ဝမ်းနည်းနေဦးမယ်"
"ဝမ်းမနည်းပါဘူး" ရှောင်လဲ့ထုံက ငြင်းလိုက်သည်။ "ဦးလေးကြီးက သူမှားနေမှန်း သိသွားပါပြီ။ ဒါကြောင့် ဝန်ထမ်းတွေကို လျော်ကြေးပေးဖို့ ဆုံးဖြတ်လိုက်တယ်"
ရှောင်လဲ့ထုံက လေးနက်စွာ ပြောနေသဖြင့် ရှောင်လင်းယွီ ပိုစိတ်ဝင်စားသွားသည်။ "ဩော်... ပြောပါဦး... ဘယ်လိုလျော်ကြေးပေးမှာလဲ"
"ဦးလေးကြီးက ဝန်ထမ်းတွေကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကုမ္ပဏီတစ်ခုလုံးကို ထောင်ယွမ်ရွာ ပို့ပေးမယ်တဲ့"
ရှောင်လင်းယွီ - "......" သူမ သားဖြစ်သူကို သိသလောက်ဆိုရင် ဒါက လဲ့ကျွင်းရှန်ရဲ့အစီအစဉ်မဟုတ်ဘဲ ဒီကောင်လေး မြှောက်ပေးလိုက်တာဖြစ်မယ်။
ရှောင်လင်းယွီက သားဖြစ်သူကို မဖော်ထုတ်ဘဲ ထောက်ခံလိုက်သည်။ "ဩော်... ဒါဆိုရင် ဒီလုပ်ငန်းကြီးကိုလက်ခံဖို့ သေချာပြင်ဆင်ထားရမှာပေါ့"
ရှောင်လဲ့ထုံ ဝမ်းသာအားရ ပြုံးလိုက်သည်။ "ဟုတ်တယ်။ သေချာ ပြင်ဆင်ထားရမယ်။ ဝန်ထမ်းတွေက ဦးလေးကြီးအတွက် အလုပ်ကြိုးစားပေးခဲ့ကြတာလေ။ အခုမှ အနားယူခွင့်ရတာဆိုတော့ ပျော်အောင်ထားပေးရမယ်"
"ကောင်းပြီ" ရှောင်လင်းယွီက ချစ်ခင်စွာ ပြုံးလိုက်သည်။ "ညဉ့်နက်နေပြီ။ သားနဲ့ လင်အာ သွားအိပ်ကြတော့"
"ဟုတ်ကဲ့... ဂွတ်နိုက် မားမား" ရှောင်လဲ့ထုံ လိမ္မာစွာ အိပ်ခန်းဝင်သွားသည်။
"ဂွတ်နိုက် မားမား" ရှောင်လင်လည်း နှုတ်ဆက်ပြီး အိပ်ခန်းဝင်သွားသည်။
....
ကုန်းထျန်းဟောက် အိမ်ပြန်ရောက်သောအခါ ရှောင်လင်းယွီ အခန်းထဲတွင် ငေးငိုင်နေသည်ကို တွေ့လိုက်ရသည်။ "ပေါင်ပေ့ ဘာဖြစ်လို့လဲ။ ဒီနေ့ စူပါမားကတ်သွားတာ အဆင်မပြေလို့လား" ကုန်းထျန်းဟောက်က ပခုံးကို နှိပ်ပေးရင်း မေးလိုက်သည်။
ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ "စူပါမားကတ်ကိစ္စက ဖြေရှင်းပြီးပါပြီ။ အခု သားအကြောင်း တွေးနေတာ"
"သား ဟုတ်လား" ကုန်းထျန်းဟောက် အံ့သြသွားသည်။ "သားက ဘာဖြစ်လို့လဲ။ ဒီနေ့ လဲ့ကျွင်းရှန်ကုမ္ပဏီကို ပါသွားတာ မဟုတ်ဘူးလား။ ပြဿနာရှာလို့လား"
ရှောင်လင်းယွီ မျက်လုံးလှန်ကြည့်လိုက်သည်။ "ကုန်းထျန်းဟောက်၊ ရှင့်အမြင်မှာ သားက ပြဿနာကောင် ဖြစ်နေတာလား။ ကစားတာနဲ့ ပြဿနာရှာတာပဲ တတ်တယ်လို့ ထင်နေတာလား"
ကုန်းထျန်းဟောက် အမှားလုပ်မိမှန်း သိသွားပြီး ချက်ချင်း ချော့လိုက်သည်။ "မဟုတ်ပါဘူး မိန်းမရယ်... အဲဒီလိုသဘော မဟုတ်ပါဘူး"
"ဒါဆို ဘာသဘောလဲ" ရှောင်လင်းယွီက ဆက်မေးလိုက်သည်။ "သားက တစ်ခါတလေ ကစားတတ်ပေမယ့် အကြောင်းမဲ့ ပြဿနာမရှာပါဘူး"
ကုန်းထျန်းဟောက် ချက်ချင်း ဝန်ခံလိုက်သည်။ "မိန်းမ... ကိုယ် မှားသွားပါတယ်။ သားက လိမ္မာရေးခြား ရှိပါတယ်။ ပြဿနာမရှာပါဘူး"
ရှောင်လင်းယွီ ကျေနပ်သွားသည်။ "အင်း... ဒါမှ ဟုတ်မှာပေါ့"
ကုန်းထျန်းဟောက် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "ဒါဆို သားက ဘာလုပ်လိုက်လို့လဲ"
ရှောင်လင်းယွီ ရယ်မောကာ ပြောလိုက်သည်။ "သားက အစ်ကိုကြီးကုမ္ပဏီကို ရောက်သွားပြီး ဘာလုပ်လိုက်လဲ သိလား"
"ဘာလုပ်လိုက်လဲ"
"အစ်ကိုကြီးကို ကုမ္ပဏီဝန်ထမ်းအားလုံး ထောင်ယွမ်ရွာကိုအလည်ပို့ဖို့ စည်းရုံးလိုက်တယ်လေ"
"ဟမ်..." ကုန်းထျန်းဟောက် အံ့သြသွားသည်။ "လဲ့ကျွင်းရှန်က အလုပ်ရူးလေ။ သူတင်မကဘူး ဝန်ထမ်းတွေပါ အလုပ်ရူးဖြစ်ကုန်ပြီ။ ပြီးတော့ သူ့ကုမ္ပဏီက နည်းပညာကုမ္ပဏီဆိုတော့ တစ်နှစ်ပတ်လုံး မနားရဘူး။ သားက ဘယ်လိုစည်းရုံးလိုက်တာလဲ"
ထို့နောက် ခန့်မှန်းလိုက်သည်။ "သားကို ချစ်လို့ လိုက်လျောလိုက်တာများလား" ဒါပေမဲ့ ဒါက လဲ့ကျွင်းရှန်ရဲ့ စတိုင် မဟုတ်ပါဘူး။
ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ "အဲဒါတော့ မသိဘူး"
ကုန်းထျန်းဟောက် စဉ်းစားပြီး ပြောလိုက်သည်။ "ဖုန်းဆက်မေးကြည့်လိုက်မယ်။ ဒါက ကိစ္စကြီးလေ။ ကလေးကစားသလို လုပ်လို့မရဘူး"
ပြောပြီးသည်နှင့် လဲ့ကျွင်းရှန်ထံ ဖုန်းဆက်လိုက်သည်။
"ကျွင်းရှန်၊ ထုံထုံ ပြောတာတော့ မင်းက ဝန်ထမ်းအားလုံးကို ထောင်ယွမ်ရွာ ပို့မယ်ဆို။ ဟုတ်လား"
"ဘာလို့ ရုတ်တရက် ဒီလိုဆုံးဖြတ်လိုက်တာလဲ"
"ဩော်... အဲဒီလိုကိုး"
……
ဖုန်းချပြီးနောက် ရှောင်လင်းယွီက မေးလိုက်သည်။ "ထျန်းဟောက်၊ အစ်ကိုကြီး ဘာပြောလဲ"
ကုန်းထျန်းဟောက် ပြုံးလျက် ပြောလိုက်သည်။ "ယွီအာ၊ မင်းက သားလိမ္မာလေး မွေးပေးထားတာပဲ"
ရှောင်လင်းယွီ နားမလည်နိုင် ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ"
ကုန်းထျန်းဟောက် ရယ်မောကာ ပြောလိုက်သည်။ "လဲ့ကျွင်းရှန်က အလုပ်ရူးမှန်း မင်း သိတယ်မလား။ အလုပ်အတွက်ဆိုရင် ညမအိပ်ဘဲ လုပ်တာတွေ ရှိတယ်။ သူ့ကို အလုပ်နားပြီး ခရီးထွက်ခိုင်းဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ဒါပေမဲ့ သားက လုပ်နိုင်ခဲ့တယ်"
"သားက ဘာပြောလိုက်လို့လဲ"
"သားက လဲ့ကျွင်းရှန်ကို ပြောလိုက်တယ်။ လူ့ဘဝမှာ ပိုက်ဆံဆိုတာ ရှာလို့မကုန်ပါဘူး။ ပိုက်ဆံဆိုတာ မွေးတုန်းကလည်း ပါမလာဘူး။ သေသွားရင်လည်း ယူသွားလို့မရဘူး။ လုံလောက်ရုံဆို ပြီးတာပဲ။ ပိုက်ဆံအတွက်နဲ့ ကျန်းမာရေး ထိခိုက်ခံစရာ မလိုဘူး။ မဟုတ်ရင် ငယ်ရွယ်စဉ်မှာ ကျန်းမာရေးနဲ့ရင်းပြီး ပိုက်ဆံရှာတယ်။ အသက်ကြီးလာရင် ပိုက်ဆံနဲ့ရင်းပြီး ကျန်းမာရေးကို ပြန်ကုရလိမ့်မယ်တဲ့"
ကုန်းထျန်းဟောက် အံ့သြတကြီး ပြောလိုက်သည်။ "ယွီအာ၊ သားက တကယ် ဉာဏ်ကောင်းပြီး စကားပြောတတ်တာပဲ။ အရေးကြီးဆုံးက ငယ်ငယ်လေးနဲ့ ဒီလောက် ဒဿနဆန်တဲ့ စကားတွေ ပြောတတ်တာပဲ။ ပါရမီရှင်လေးလို့ခေါ်တာ မမှားပါဘူး"
ရှောင်လင်းယွီ ရယ်မောကာ ပြောလိုက်သည်။ "ဟားဟား... ဒါနဲ့ပဲ အစ်ကိုကြီးကို စည်းရုံးလိုက်တာလား"
"ဟုတ်တယ်" ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။
ရှောင်လင်းယွီ ပြောလိုက်သည်။ "အစ်ကိုကြီးက စည်းရုံးရလွယ်လိုက်တာ"
ကုန်းထျန်းဟောက်က ရှောင်လင်းယွီပခုံးကို ဖက်လိုက်ပြီး ပြောလိုက်သည်။ "ယွီအာ၊ မင်း မသိလို့ပါ။ လဲ့ကျွင်းရှန်ရဲ့ကျန်းမာရေးကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။ ဒါကြောင့် သားက ဒီလိုပြောလိုက်တာကို သူက ဂရုစိုက်ခံရတယ်လို့ ခံစားလိုက်ရတာ။ ဒါကြောင့် သားအတွက်နဲ့ သူ သဘောတူလိုက်တာ"
ရှောင်လင်းယွီ ခဏတိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်သည်။ "အစ်ကိုကြီးလို သူဌေးကြီးက ဂရုစိုက်ခံချင်နေတဲ့ ကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
ကုန်းထျန်းဟောက် ပြုံးလျက် ပြောလိုက်သည်။ "အခုတော့ စိတ်ပူစရာ မလိုတော့ပါဘူး။ သူက ကိုယ်တို့မိသားစုဝင် ဖြစ်သွားပြီဆိုတော့ ဂရုစိုက်ပေးမယ့်သူတွေ အများကြီး ရှိလာပြီ။ ပြီးတော့ သူ့ကုမ္ပဏီက ခရီးဝေးထွက်တာ ရှားတယ်။ အခု ခရီးထွက်တာက ဝန်ထမ်းတွေအတွက်လည်း ကောင်းတယ်။ ဖေဖေမေမေနဲ့လည်း အတူနေခွင့်ရမယ်။ သားကိုလည်း အလိုလိုက်ရာ ရောက်တယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ"
ရှောင်လင်းယွီ ရယ်မောလိုက်သည်။ "တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့လား။ ရှင်ကလည်း အကွက်တွေချပြီး တွေးနေပြန်ပြီ"
ကုန်းထျန်းဟောက် ချော့လိုက်သည်။ "မဟုတ်ပါဘူး။ သားက တော်တယ်လို့ ပြောချင်တာပါ"
ထို့နောက် ကုန်းထျန်းဟောက် သတိရသွားသည်။ "ဒါနဲ့ မင်း စူပါမားကတ်သွားတုန်းက ပြဿနာတက်တယ်ဆို။ ဘာဖြစ်လို့လဲ"
ရှောင်လင်းယွီ ပြုံးလျက် ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး။ မန်နေဂျာက ဝန်ထမ်းမလေးနဲ့ ဖောက်ပြန်နေတာကို မိသွားလို့ပါ။ နှစ်ယောက်စလုံးကို အလုပ်ထုတ်လိုက်ပါပြီ"
ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်လိုက်သည်။ "ကိုယ် မှတ်မိသလောက်ဆိုရင် မန်နေဂျာကို လီယွမ်ဟန်က မိတ်ဆက်ပေးလိုက်တာ မဟုတ်လား။ လီယွမ်ဟန် ဘယ်လိုလုပ်လိုက်တာလဲ။ စိတ်မချရတဲ့လူကို မိတ်ဆက်ပေးရသလား။ သူ့ဘောနပ်စ် ဖြတ်ပစ်ရမယ်"
လီယွမ်ဟန်ကို အပြစ်တင်ချင်နေပြီ။
ရှောင်လင်းယွီ ကာကွယ်ပေးလိုက်သည်။ "လီယွမ်ဟန်နဲ့ ဘာဆိုင်လို့လဲ။ လူတိုင်း အမှားလုပ်မိတတ်တာပဲလေ။ အဲဒီတုန်းက လီယွမ်ဟန်က ကျွန်မဆီ ခေါ်လာတုန်းက ကျွန်မကိုယ်တိုင် စစ်ဆေးခဲ့တာပဲ။ ကျွန်မ အကဲခတ်မှားတာပါ"
ကုန်းထျန်းဟောက် ပြန်ပြောလိုက်သည်။ "မင်းက သူ့ကို ရင်းနှီးတာမှ မဟုတ်တာ။ မင်း စစ်ဆေးတယ်ဆိုတာ အပေါ်ယံပဲလေ။ လီယွမ်ဟန်က မတူဘူး။ သူ မိတ်ဆက်ပေးတယ်ဆိုရင် သူနဲ့ ရင်းနှီးလို့ဖြစ်မှာ။ စိတ်ထားကောင်းတယ်ထင်လို့ မိတ်ဆက်ပေးတာ နေမှာပေါ့။ အခုကျတော့ စိတ်ထားမကောင်းဘူးဖြစ်နေတယ်။ ဒါ သူ့အမှားပဲ။ သူ့ကို အပြစ်ပေးရမယ်"
ရှောင်လင်းယွီက တွန်းထုတ်လိုက်သည်။ "ရှင် လူ့စိတ်ကို နားမလည်ဘူးလား။ ရင်းနှီးပေမယ့် အကုန်သိနိုင်တာ မဟုတ်ဘူး။ ပြီးတော့ လူ့စိတ်ဆိုတာ ပြောင်းလဲတတ်တယ်။ အရင်က ကောင်းပေမယ့် အမြဲကောင်းနေမယ်လို့ အာမမခံနိုင်ဘူး"
ကုန်းထျန်းဟောက် မကျေမနပ် ပြောလိုက်သည်။ "ဒါပေမဲ့ ပြောင်းလဲတာ မြန်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် လီယွမ်ဟန်ရဲ့အမှားပဲ။ သူ လူရွေးမှားတာ"
"တော်ပြီ... ကိစ္စပြီးသွားပြီ။ လီယွမ်ဟန်ကို အပြစ်မတင်နဲ့တော့။ နောက်ဆို ဒီကိစ္စ ထပ်မပြောနဲ့တော့" ရှောင်လင်းယွီ အမိန့်ပေးလိုက်သည်။
ကုန်းထျန်းဟောက် လက်လျော့လိုက်သည်။ "ကောင်းပါပြီ... မပြောတော့ပါဘူး"
အချိန်ကြည့်လိုက်ပြီး ရှောင်လင်းယွီနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ပေါင်ပေ့... ညဉ့်နက်နေပြီ။ အိပ်ကြတော့မလား"
ရှောင်လင်းယွီ နားရွက်လေးများ ရဲသွားပြီး ခေါင်းညိတ်လိုက်သည်။
***
၈၄၈ ။ သားလိမ္မာလေး (အပိုင်း ၂)
နောက်တစ်နေ့ မနက်စာစားချိန်တွင် ရှောင်လဲ့ထုံသည် ဖခင်ဖြစ်သူ၏မျက်နှာကို စိုက်ကြည့်နေသည်။ မျက်လုံးများ ကစားနေသည်။
ကုန်းထျန်းဟောက်သည် သားဖြစ်သူ၏အကြည့်ကို လျစ်လျူရှု၍ မရသဖြင့် မေးလိုက်သည်။ "သား... ပြောစရာရှိရင် ပြောလေ"
ရှောင်လဲ့ထုံ ပြုံးရွှင်စွာ ပြောလိုက်သည်။ "ပါပါး... ဦးလေးကြီးက ကုမ္ပဏီဝန်ထမ်းအားလုံးကို ထောင်ယွမ်ရွာ အလည်ပို့တော့မယ်။ ပါပါးကုမ္ပဏီက ဦးလေးကြီးကုမ္ပဏီထက် ကြီးတယ်၊ ပိုက်ဆံလည်း ပိုရှိတယ်။ သူတို့တောင် သွားနိုင်ရင် ပါပါးကုမ္ပဏီက နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူးလေ။ ဟုတ်တယ်မလား"
ကုန်းထျန်းဟောက် သားဖြစ်သူ၏ဆိုလိုရင်းကို နားမလည်ရင် ဖခင်မပီသရာ ရောက်နေပြီ။
ဒါပေမဲ့ ကုန်းထျန်းဟောက်က ချက်ချင်း လက်မခံပေ။ "ပါပါးကုမ္ပဏီက နှစ်တိုင်း ဝန်ထမ်းတွေကို နိုင်ငံခြားခရီးစဉ် ပို့ပေးတယ်လေ"
"......" ရှောင်လဲ့ထုံ နှုတ်ခမ်းမဲ့လိုက်သည်။ "နိုင်ငံခြားပဲ သွားနေတယ်။ ထောင်ယွမ်ရွာကို မသွားဘူး။ ပါပါးက သားနဲ့ မားမားလုပ်ငန်းကို အားမပေးဘူး"
"......" ကုန်းထျန်းဟောက် စဉ်းစားပြီး ပြောလိုက်သည်။ "ကောင်းပြီ... ဒီနှစ် နိုင်ငံခြားမသွားတော့ဘူး။ ထောင်ယွမ်ရွာကိုပဲ သွားကြမယ်"
ရှောင်လဲ့ထုံ ဝမ်းသာအားရ ပြောလိုက်သည်။ "ဒါမှ ဟုတ်မှာပေါ့။ ကိုယ့်လယ်ကရေ ကိုယ့်လယ်ပဲ ပြန်တင်ရမှာပေါ့။ နိုင်ငံခြားသားတွေကို ပိုက်ဆံပေးမယ့်အစား ကိုယ့်မိသားစုကို ပိုက်ဆံပေးတာ ပိုကောင်းတာပေါ့။ ဟုတ်တယ်မလား မားမား"
ရှောင်လင်းယွီ - "......" သားရေ... ဆိုရိုးစကားရဲ့အဓိပ္ပာယ်ကို နားလည်ရဲ့လား။
ကိုယ့်မိသားစုဆီက ပိုက်ဆံပြန်ယူတယ်ဆိုတာ နားထောင်လို့ မကောင်းပါဘူး။
"အဟွတ်..." ရှောင်လင်းယွီ ပါးစပ်အုပ်ပြီး ရယ်မောလိုက်သည်။ "ဟုတ်တယ်... ကိုယ့်လယ်ကရေ ကိုယ့်လယ်ပဲ ပြန်တင်ရမယ်"
ရှောင်လဲ့ထုံ မျက်လုံးများ လခြမ်းကွေးလေးများ ဖြစ်သွားသည်။ "ပါပါး... တွေ့လား။ မားမားတောင် ထောက်ခံတယ်"
ကုန်းထျန်းဟောက် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "ကောင်းပါပြီ... မင်းတို့သဘောအတိုင်းပါပဲ"
"ဟင်း... သဘောတူရမှာပေါ့" ရှောင်လဲ့ထုံက ဆက်ပြောသည်။ "သားတို့မှာ ထောင်ယွမ်ရွာ အပန်းဖြေစခန်းတင် မကဘူး။ ဖီးနစ်အပန်းဖြေစခန်း၊ မက်မွန်ရိပ်အပန်းဖြေစခန်းတွေလည်း ရှိသေးတယ်။ အပန်းဖြေစခန်းတွေ အများကြီးပဲ။ ပါပါး... ဝန်ထမ်းတွေကို အကုန်လိုက်ပို့ပေးသင့်တယ်"
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီ - "......" ဒီကလေး ဈေးကွက်ရှာတာ စွဲလမ်းနေပြီ။ အဖေရင်းကိုတောင် မလွှတ်ဘူး။
ထောင်ယွမ်ရွာ အပန်းဖြေစခန်းက ဧည့်သည်မလိုပါဘူး။
ကုန်းထျန်းဟောက်က သားဖြစ်သူ၏ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပါပြီ... အပန်းဖြေစခန်းတိုင်းကို ဝန်ထမ်းတွေ လိုက်ပို့ပေးပါ့မယ်။ ရပြီလား"
ရှောင်လဲ့ထုံ ခေါင်းညိတ်လိုက်သည်။ "အင်း... ဒါမှ မိန်းမချစ်တဲ့ ယောကျ်ားပီသမှာ"
ရှောင်လင်းယွီ ရယ်မောကာ ပြောလိုက်သည်။ "သားက ကိုယ့်မိသားစုကို ပြန်ဂျီကျနေတာလား။ ဦးလေးကြီးကို ဂျီကျပြီး အခု ပါပါးကို ဂျီကျနေပြန်ပြီ"
ရှောင်လဲ့ထုံ ချက်ချင်း ငြင်းလိုက်သည်။ "မားမား... သား ဂျီကျတာ မဟုတ်ပါဘူး။ ဦးလေးကြီးကုမ္ပဏီဆိုရင် ဦးလေးကြီးကော၊ ဝန်ထမ်းတွေကော အလုပ်ရူးတွေ ဖြစ်နေကြပြီ။ အလုပ်ချိန်လည်း အလုပ်၊ နားချိန်လည်း အလုပ်ဆိုတော့ ကောင်းကောင်း အနားမယူရဘူး။ သားက ထောင်ယွမ်ရွာကို လာဖို့ အကြံပေးတာက သူတို့အတွက်ကောင်းလို့ပါ။ ထောင်ယွမ်ရွာက ရေမြေတောတောင် သဘာဝအလှတွေရှိတယ်။ အစားအသောက်တွေ ကောင်းတယ်။ မျက်စိပသာဒဖြစ်တယ်၊ ကျန်းမာရေးကောင်းတယ်၊ စိတ်ကြည်လင်တယ်။ အနားယူပြီး ပြန်သွားရင် အလုပ်ပိုတွင်မှာပေါ့။ ပြီးတော့ ပါပါးကုမ္ပဏီက နှစ်တိုင်း ခရီးထွက်နေကျပဲ။ အခု ထောင်ယွမ်ရွာက တကယ့် နိဗ္ဗာန်ဘုံလေး ဖြစ်နေပြီ။ ဝန်ထမ်းတွေကို ခံစားခွင့်ပေးတာ ဘာမှားလို့လဲ"
ရှောင်လဲ့ထုံက အကြောင်းပြချက် ခိုင်လုံစွာ ရှင်းပြလိုက်သည်။
ရှောင်လင်းယွီ ရယ်မောကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်... သား ပြောတာ မှန်ပါတယ်။ ငွေမက်တဲ့ ကောင်လေးရယ်"
ငွေမက်တယ်ဆိုတော့ ရှောင်လဲ့ထုံ မျက်လုံးများ အရောင်လက်သွားသည်။ "မားမား... သားက မားမားအတွက် ဖောက်သည်ကြီးနှစ်ဦး ရှာပေးလိုက်တာနော်။ ကော်မရှင်ရမလား။ ဩော်... ပြီးတော့ ဆုကြေးရော..."
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက် - "......" ဒီငွေမက်လေးက ပိုက်ဆံလိုချင်လို့ကိုး။
***