← Chapters

ရဲတွေသတိမထားမိနိုင်ဘူး

Vol. 55 Ch. 901

ရဲတွေသတိမထားမိနိုင်ဘူး

Vol. 55 Ch. 901

ကုန်းထျန်းဟောက်၏ သတိပေးစကားကြောင့် သတင်းထောက်များသည် စွမ်းဆောင်ရည် ပြသချင်ကြသော်လည်း၊ နာမည်ကြီးချင်ကြသော်လည်း ကုမ္ပဏီ၏ပံ့ပိုးမှုမရှိပါက အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ရဲစခန်းမှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘဲနှင့် Green Freshအုပ်စု၏ တရားဝင် ကိုယ်စားလှယ် ရှောင်လင်းယွီ ရဲစခန်းသို့ ခေါ်ဆောင်ခံရသည့်ကိစ္စကို မည်သည့်သတင်းမီဒီယာကမျှ မရေးသားရဲကြပေ။

သတင်းစာတိုက် အသေးစားလေးများနှင့် အတင်းအဖျင်းကုမ္ပဏီအနည်းငယ်သာ အန္တရာယ်ကို စိန်ခေါ်၍ ရေးသားကြသော်လည်း သတင်းတင်လိုက်သည်နှင့် ချက်ချင်းပိတ်ပင်ခံလိုက်ရသည်။

ထိုကုမ္ပဏီပိုင်ရှင်များနှင့် မန်နေဂျာများသည် ဒေါသထွက်လွန်း၍ ခြေဆောင့်နေကြသည်။

"သောက်ကျိုးနည်း၊ ကုန်းထျန်းဟောက်က ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်နိုင်တယ်လို့ ထင်နေတာလား"

မှန်ပါသည်... သူတို့ မည်မျှပင် ဒေါသထွက်ပါစေ သူတို့ အားနည်းသည်ဆိုသောအချက်ကို ပြောင်းလဲ၍ မရနိုင်ပေ။

သူတို့ အလွန်အားနည်းလွန်းသဖြင့် ခေါင်းမငုံ့လျှင် ပျောက်ကွယ်သွားရပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့ လိမ္မာရမည်၊ သည်းခံရမည်။

ကုန်းထျန်းဟောက်က သတင်းမီဒီယာလောကကို ဝင်ရောက် စွက်ဖက်လိုက်သဖြင့် ပြင်ပကမ္ဘာသည် ယာယီအားဖြင့် ငြိမ်သက်သွားသည်။

မီဒီယာ အနည်းငယ်သာ မကျေနပ်သဖြင့် အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် ဖိုရမ်များတွင် ပို့စ်တင်ခြင်းများ ပြုလုပ်ကြသည်။ သို့သော် သိသာထင်ရှားစွာပင် ဂယက်မထပေ။

ဟွမ်လင်းအုပ်စု...

ဝေါလ်တာသည် မျက်နှာတွင် အပျော်များကို ဖုံးကွယ်မထားနိုင်ဘဲ ပီတာကို ပြောလိုက်သည်။

"ဘော့စ် ကျွန်တော်တို့ သတင်းပေးပြောတာတော့ ရှောင်လင်းယွီကို ရဲတွေခေါ်သွားပြီတဲ့"

ဤနေရာသို့ ရောက်သောအခါ ဝေါလ်တာသည် လက်မထောင်ပြကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဘော့စ်၊ ဘော့စ်က တကယ် တော်တာပဲ"

သို့သော် ပီတာသည် ဝေါလ်တာကဲ့သို့ မပျော်ရွှင်နိုင်ပေ။ သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"Green Freshအုပ်စု ပိုင်ရှင် ရှောင်လင်းယွီ အဖမ်းခံရတာ သတင်းလောကအတွက် သတင်းကြီး တစ်ပုဒ် မဟုတ်ဘူးလား။ ပုံမှန်ဆိုရင် သတင်းခေါင်းစဉ်ဖြစ်ရမှာလေ။ ဒါပေမဲ့ အခု အင်တာနက်မှာရော သတင်းစာတွေမှာပါ သက်ဆိုင်ရာသတင်းတွေ မတွေ့ရပါလား"

ဝေါလ်တာ ကြားလိုက်ရသောအခါ စဉ်းစားပြီး ပြောလိုက်သည်။

"မစ္စတာ ပီတာ၊ ဖိနှိပ်ခံလိုက်ရတာဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ရှောင်လင်းယွီရဲ့ယောက်ျားက ကုန်းထျန်းဟောက်လေ။ သူ့အရှိန်အဝါက စီးပွားရေးလောကမှာ ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်နိုင်တယ်လို့ ပြောလို့ရတယ်"

ပီတာ မျက်မှောင်ကြုတ်လျက် လက်တစ်ဖက်က စားပွဲကို ခေါက်နေပြီး ကျန်လက်တစ်ဖက်က ဘောပင်ကို လှည့်နေသည်။

"ကုန်းထျန်းဟောက်က ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်နိုင်တယ် ဟုတ်လား။ သူ ဘယ်လောက်ကြာကြာ ဖုံးအုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ဝေါလ်တာက ပြုံးလိုက်ပြီး၊

"ဘော့စ် Green Freshအုပ်စု ကုန်ပစ္စည်းတွေက အဆိပ်သင့်ပြီး လူသေတယ်ဆိုတဲ့သတင်း ထွက်လာကတည်းက သူတို့ ဂုဏ်သိက္ခာထိုးကျသွားပြီး နေရာအနှံ့က စူပါမားကတ်တွေလည်း ပိတ်ထားရပြီ။ သူတို့ ပြန်ထလာဖို့ ခက်သွားပြီ။ ဘော့စ်၊ ကျွန်တော် ဘော့စ်ကို တကယ် လေးစားတယ်။ မလုပ်ရင်နေမယ်၊ လုပ်လိုက်ရင် တစ်ဖက်လူကို အသေကောင်ဖြစ်အောင် လုပ်ပစ်လိုက်တာပဲ"

ဤစကားကိုပြောရင်း သူ ပီတာကို ထပ်မံ လက်မထောင်ပြလိုက်သည်။ မျက်နှာတွင်လည်း လေးစားသော အမူအရာများ ပေါ်နေသည်။

သူက ဆက်ပြောသည်။

"သူတို့ ပစ္စည်းတွေထဲကို ကျွန်တော်တို့က အဆိပ်တိုက်ရိုက်ထိုးထည့်လိုက်တယ်ဆိုတာ သူတို့ ဘယ်လိုမှ ထင်ထားမှာ မဟုတ်ဘူး။ သူတို့ ပစ္စည်းတွေ ဘာလို့အဆိပ်သင့်ပြီး လူသေရတာလဲ ဆိုပြီး အရင်းအမြစ်ကို လိုက်ရှာနေလောက်ပြီ"

ပီတာ မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထား"

ထို့နောက် သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။

"ဝေါလ်တာ... နံရံမှာ နားရှိတယ်၊ သတိထား"

ဝေါလ်တာ ပါးစပ်ကို ချက်ချင်း အုပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"အင်း... ကျွန်တော် မပြောတော့ဘူး၊ မပြောတော့ဘူး"

ပီတာ ထပ်မေးလိုက်သည်။

"အဆိပ်ခတ်တဲ့ လူတွေအားလုံး စီစဉ်ပြီးပြီလား။ မှတ်ထား... ကိစ္စမပြီးခင် အဲဒီလူတွေ လုံးဝ မပေါ်လာစေနဲ့။ ရဲတွေ သတိထားမိစေမယ့် သဲလွန်စ လုံးဝမကျန်စေနဲ့"

ဝေါလ်တာ အလေးအနက်ထား ခေါင်းညိတ်လိုက်သည်။

"စိတ်ချပါ ဘော့စ် အဲဒီလူတွေကို ကျွန်တော် အကုန်စီစဉ်ပြီးပါပြီ။ သူတို့ကို နိုင်ငံခြားပို့လိုက်ပြီး ကျွန်တော်တို့ လူတွေနဲ့ စောင့်ကြည့်ခိုင်းထားပါတယ်။ ဟွာရှ ရဲတွေ ဘယ်လိုမှ စဉ်းစားမိမှာ မဟုတ်သလို ရှာတွေ့မှာလည်း မဟုတ်ပါဘူး"

ပီတာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အင်း... လုပ်တာ ကောင်းတယ်"

သူ့စကားဆုံးသည်နှင့် စားပွဲပေါ် တင်ထားသော ခွက်သည် ရုတ်တရက် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ချက်ချင်းပင် နှစ်ယောက်သား လန့်ဖျပ်သွားကြသည်။

***

All Chapters