ဖော်ထုတ်လိုက်ပြီ
Vol. 10 Ch. 179
ညအချိန်မှာတော့ ရှောင်လင်းယွီ မှောင်မှောင်မည်းမည်းနိုးလာကာ ဓာတ်မီးတစ်လက်နှင့် မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။ သူမ စားဖို့ တစ်ခုခုလိုက်ရှာသော်လည်း မီးဖိုချောင်ထဲတွင် အသင့်စားလို့ရသည့်ဘာကိုမှ ရှာမတွေ့တာကြောင့် သူမဗိုက်ကိုဖြည့်ရန် ကိုယ့်ဘာသာပဲ ခေါက်ဆွဲတစ်ပွဲချက်လိုက်တော့သည်။
သူမ ဂက်စ်မီးဖိုခလုတ်ကိုဖွင့်ကာ ရေနွေးတည်တော့မည့်အချိန်မှာပဲ မီးဖိုခန်းမီးက ရုတ်ချည်းပွင့်လာလေသည်။
ညအိပ်ဝတ်စုံဖြင့် မေမေရှောင်သည် မီးဖိုချောင်တံခါးတွင် ရပ်နေလေသည်။ ရှောင်လင်းယွီ ဟိုချောင်းဒီချောင်းလုပ်နေသည်ကိုမြင်တာကြောင့် သူမက မီးကိုဖွင့်ကာ ခပ်တင်းတင်း မေးလိုက်ခြင်းပင်။ “ရှောင်လင်းယွီ၊ အဲ့ဒါဘာလုပ်နေတာလဲ။ ဘာလို့ မီးမဖွင့်တာလဲ။”
မေမေရှောင်၏အမေးကြောင့် ရှောင်လင်းယွီစိတ်ထဲ ချက်ချင်းဆိုသလို ကြောက်လန့်ကာ အပြစ်ရှိစိတ်တို့ တိုးဝင်လာခဲ့သည်။
“အမေ.. သ… သမီး… ဗိုက်ဆာလို့ ခေါက်ဆွဲတစ်ပွဲလောက် လုပ်စားမလို့ပါ။ အမေ ဘယ်လိုလုပ် နိုးလာတာလဲ။ အမေရော ဗိုက်ဆာလို့လား။ သမီး နောက်တစ်ပွဲ ပိုလုပ်လိုက်မယ်လေ။”
“ဗိုက်ဆာလို့ တစ်ခုခုချက်ချင်တယ်ဆိုလည်း ဘာလို့ သူခိုးလို ခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲ။”
“သ.. သမီး အမေနဲ့အဖေ အိပ်တာကို နှောက်ယှက်မိမှာစိုးလို့ပါ။”
“ဟမ့်…” မေမေရှောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်တာကြောင့် ရှောင်လင်းယွီ ကြောက်လန့်သွားကာ မကောင်းသည့်ခံစားချက်များရလာလေသည်။ ထို့နောက်မှာတော့ သူမ ထင်သလိုပဲ နောက်ထပ်မေးခွန်းတစ်ခုက ထပ်ရောက်လာပြန်တော့သည်…
“ရှောင်လင်းယွီ၊ ဒါ တစ်ခုခုစားဖို့ဆိုပြီး မီးဖိုထဲခိုးဝင်တာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူးမလား။” မေမေရှောင်က အေးစက်စက်မေးလိုက်လေသည်။
“မဟုတ်တာ… သေချာပေါက် ပထမဆုံးအကြိမ်ပေါ့။” ရှောင်လင်းယွီက ရှက်ရှက်နှင့်ပြုံးပြလိုက်ကာ၊ “ညလယ်ခေါင်ကြီး ဗိုက်ဆာလို့ မီးဖိုထဲဝင်လာကာမှ အမေနဲ့တည့်တည့်တိုးသွားတာလေ။”
“လာလိမ်မနေနဲ့။” မေမေရှောင်က သူမကို စိုက်ကြည့်ကာ သူမအမူအရာက အလွန်လေးနက်နေလေသည်။ “ရှောင်လင်းယွီ၊ ငါ့ကို မျက်စိကန်းနေတယ်၊ ရူးနေတယ်လို့များ ထင်နေလား။ ငါမီးဖိုထဲ ပစ္စည်းဘယ်လောက်ထည့်ထားလည်း သိတယ်။ ငါ့ဂက်စ်အိုးက ပုံမှန်ထက်လည်း မြန်မြန်ကုန်နေတယ်။”
ရှောင်လင်းယွီ၏အမူအရာက အေးခဲသွားကာ မျက်နှာက အနည်းငယ် ဖြူဖျော့သွားတော့သည်။ သူမက အမြန်ရှင်းပြလာလေသည်။ “အမေ.. သမီး.. သမီး အခုတလော ညဘက် ဗိုက်ဆာလို့… တခါတလေ ကိုယ့်ဘာသာ ချက်စားမိတာပါ။”
“အခုတလော? တခါတလေ?” မေမေရှောင် လှောင်ရယ်လိုက်တော့သည်။ “ရှောင်လင်းယွီ၊ နင့်အမေကို လိမ်ချင်သေးတယ်ပေါ့။ နင် ညတိုင်း မီးဖိုခန်းထဲ ခိုးဝင်နေတာလေ၊ မဟုတ်ဘူးလား။”
ရှောင်လင်းယွီ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ “အမေ… သမီး.. သမီး…”
“နင် ကိုယ်ဝန်ရှိနေတာမဟုတ်လား။” မေမေရှောင်က အဓိကအချက်ကိုပဲ တိုက်ရိုက်မေးလိုက်တော့သည်။ “နင့်ရဲ့အစားစားချင်စိတ်က အရင်ထက် ပိုကြီးလာတယ်။ ပြီးတော့ ဒီနေ့တွေအတွင်း နင်ပုံမှန်ထက်လည်း အရမ်းသတိထားနေတယ်။ တခါတခါဆို နင့်ဗိုက်ကိုတောင် ထိနေသေးတယ်။ ငါက ကလေးနှစ်ယောက်အမေပါ။ ငါဒီလောက်တောင် မပြောနိုင်ဘူးလို့များ ထင်နေလား။ ရှောင်လင်းယွီ၊ နင် ငါ့ကို လိမ်ချင်နေသေးတုန်းလား။”
ဒီတစ်ခေါက်တော့ မေမေရှောင်သည် ပုံမှန်နှင့်မတူ အလွန်လေးနက်ကာ ခက်ထန်နေခဲ့သည်။
ရှောင်လင်းယွီ ကိုယ်ဝန်ရှိနေလေသည်။ ကလေးအဖေက ဘယ်သူမှန်းမသိရပေ။ ဒီကလေးသာ မွေးလာလျှင် သူမသမီး အနာဂါတ်မှာ လက်ထပ်နိုင်ပါဦးတော့မလား။
“အမေ.. သမီး…” ရှောင်လင်းယွီတစ်ယောက် မေမေရှောင်၏ တင်းမာသည့်အမေးစကားများကို ဘယ်လိုတုံ့ပြန်ရမှန်းမသိဖြစ်နေလေသည်။ “သမီး တမင် လိမ်တာမဟုတ်ပါဘူး။”
“ဒါဆို.. အစောက နင်ဘာလုပ်တာလဲ။” မေမေရှောင်က သူမဒေါသကို ထိန်းကာ ဆက်ပြောလိုက်သည်။ “ရှောင်လင်းယွီ၊ ငါက နင့်အမေပါ။ ငါ့ကိုတောင် နင်က ဖုံးကွယ်ထားတယ်ပေါ့။ ငါသာ ဒီတစ်ခေါက် ကွက်တိမမိသွားရင် နင်ငါ့ကို ဘယ်အချိန်အထိ ဖုံးထားဖို့ စိတ်ကူးထားလဲ။ ဒီကလေးမွေးလာတဲ့အထိ ဖုံးထားမှာလား။”
ကိစ္စတွေက ပေါ်သွားပြီဆိုမှတော့ ရှောင်လင်းယွီလည်း ဝန်ခံလိုက်ရတော့သည်။ “အမေ၊ သမီးတကယ်ကို အချိန်တစ်ခုလောက်အထိ ဖုံးကွယ်ဖို့ စိတ်ကူးထားတာ။ ဒါပေမယ့် အမေလည်း အမှန်အတိုင်းသိနေပြီဆိုမှတော့ သမီးဆုံးဖြတ်ချက်ကိုပဲ ပြောလိုက်တော့မယ်။ သမီး ဒီကလေးကို မွေးမှာ။” ရှောင်လင်းယွီသည် အလွန်ပင် ခေါင်းကြောမာသူဖြစ်သည်။ သူမ စိတ်ဆုံးဖြတ်ထားသည့်ကိစ္စတစ်ခုကို ဘယ်လိုမှ ပြောင်းလဲလို့မရတတ်ပေ။
မေမေရှောင်တစ်ယောက် သူမသမီး၏စကားကိုကြားပြီး ခေါင်းတစ်ခုလုံးထုံကျဉ်လာကာ ခန္ဓာကိုယ်က ယိမ်းယိုင်သွားခဲ့သည်။
“အမေ…” ရှောင်လင်းယွီလည်း စိုးရိမ်တကြီးခေါ်လိုက်မိသည်။
“ငါ့နားမကပ်နဲ့။” မေမေရှောင်က ဆူလိုက်သည်။ “နင် ငါ့ကို အမေလို့ရော မြင်သေးရဲ့လား။ နင်ငါ့ကို ဘယ်နှခုတောင် လျှို့ဝှက်ထားသေးလဲ။”
ရှောင်လင်းယွီ၏ဖြူဖျော့နေသော မျက်နှာမှာ ပို၍တောင်မှ ဖြူဖျော့သွားတော့သည်။
သူမတစ်ခုခုပြောဖို့အတွက် ပါးစပ်ဟလိုက်ချိန်မှာပဲ…
“ဘာတွေဖြစ်နေတာလဲ။” ရုတ်တရက် ဖေဖေရှောင်၏အသံက ရောက်လာလေသည်။ “ချိုးယင်း၊ ညနက်နေပြီလေ။ သားအမိနှစ်ယောက် ဘာတွေ အချေအတင်ဖြစ်နေကြတာလဲ။”
သူ မီးဖိုခန်းထဲသို့ဝင်လိုက်သည်နှင့် ရှောင်လင်းယွီ၏ ဖြူဖျော့လွန်းနေသာ မျက်နှာကိုမြင်သွားကာ နားမလည်နိုင်ဖြစ်သွားလေသည်။ “ဘယ်အချိန်ရှိပြီလဲဆိုတာရော သိကြသေးရဲ့လား။ ဘာလို့ မင်းတို့နှစ်ယောက် စကားများနေကြတာလဲ။”
“ရှင့်သမီးရှင်မေးလိုက်။” မေမေရှောင်က ရှောင်လင်းယွီကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ သူမကတော့ တစ်ကိုယ်လုံးတုန်ရီနေသည်အထိ အလွန်ဒေါသထွက်နေလေသည်။
ဖေဖေရှောင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရှောင်လင်းယွီကိုကြည့်ကာ မေးလိုက်သည်။ “ယွီအာ၊ ဘာဖြစ်ကြတာလဲ။ ဘာလို့ သမီးအမေက ဒီလောက် ဒေါသထွက်နေတာလဲ။”
ရှောင်လင်းယွီလည်း သူမအဖေကိုကြည့်ကာ အလေးအနက်ပြောလိုက်သည်။ “အဖေ၊ သမီး ကိုယ်ဝန်ရှိနေပြီ။”
“ဘာ??” ဖေဖေရှောင် မှက်သက်သွားလေသည်။ “ယွီအာ၊ သမီးဘာပြောလိုက်တယ်။ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား။”
“ဟုတ်ပါတယ်။”
ပေါ်သွားပြီဆိုမှတော့ ဆက်ပြီးဖုံးကွယ်နေတော့ရန် ရှောင်လင်းယွီ ဆုံးဖြတ်ကာ ဆက်ပြီးပြောလိုက်လေသည်။ “သမီး ဒီကလေးကို မွေးဖို့ စိတ်ကူးထားတယ်။”
ဖေဖေရှောင် ပိုလို့တောင် အံ့ဩသွားတော့သည်။ “သမီး ဒီကလေးကို မွေးမှာလား။”
“ငါသဘောမတူဘူး။” ရှောင်လင်းယွီ ထင်ထားသည့်အတိုင်းပင် မေမေရှောင်၏တုံ့ပြန်ချက်က အလွန်ခက်ထန်နေသည်။ သူမသည်လည်း အလားတူ ခေါင်းမာသည့်စရိုက်ရှိလေသည်။ “ဒီကလေးကို မွေးလို့မဖြစ်ဘူး။ နင်နောက်ကျ ဘယ်လိုအိမ်ထောင်ပြုတော့မလဲ။ ပြီးတော့ ဒီကလေးမှာ အဖေတောင်ရှိလို့လား။ ဒီကလေးက လူတွေရဲ့နှိမ့်ချခံရပြီး မိမစစ်ဖမစစ်အယုတ်တမာလေးဆိုပြီး အခေါ်ခံရလိမ့်မယ်။ နင်က အဲ့လိုဖြစ်စေချင်တာလား။”
“မဟုတ်ဘူး၊ အမေ။ ဒီကလေးက မိမစစ်ဖမစစ်မဟုတ်ဘူး။” ရှောင်လင်းယွီက ချက်ချင်းငြင်းဆိုလိုက်သည်။ “ဒါ သမီးကလေးပဲ။”
“နင် ဒီကလေးကိုမွေးဖို့ စဉ်းတောင်မစဉ်းစားနဲ့။” မေမေရှောင်သည်လည်း ရှောင်လင်းယွီကဲ့သို့ခေါင်းမာကာ ရှောင်လင်းယွီ၏ ခေါင်းမာမှုသည် သူမမိခင်ထံမှ အမွေရလာခြင်းဖြစ်သည်။
“မရဘူး၊ သမီး သဘောမတူဘူး။” ရှောင်လင်းယွီကလည်း လက်မခံပေ။
“နင်…” မေမေရှောင်တစ်ယောက် ရှောင်လင်းယွီကို လက်ညှိုးထိုးကာ ဒေါသတကြီးအော်ဟစ်တော့သည်။ “ရှောင်လင်းယွီ၊ နင်ငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာလား။” ထို့နောက် သူမက မီးဖိုရှေ့က ထင်းတစ်ချောင်းကိုကောက်ကာ တင်းတင်းဆုပ်ပြီး ရှောင်လင်းယွီဘက်သို့ ယမ်းလိုက်လေသည်။
ဖေဖေရှောင် ထိတ်လန့်လို့သွားကာ ရှောင်လင်းယွီကို မရိုက်မိခင် ထိုထင်းချောင်းကို ဆွဲလုလိုက်သည်။ ထို့နောက် သူ့ဇနီးကိုလဲဆွဲထားကာ ဖျောင်းဖျလိုက်သည်။ “မိန်းမ၊ စိတ်အေးအေးထားပါ။ ငါတို့ ကောင်းကောင်းပြောလဲရတယ်လေ။ ဒီလိုအကြမ်းနည်းမသုံးသင့်ဘူး။ ယွီအာက ကိုယ်ဝန်ရှိနေတာ။ မင်း သူ့ကို ဒီလိုရိုက်လိုက်ရင် သူသေသွားလိမ့်မယ်။”
“အဲ့တော့ဘာဖြစ်လဲ။ ဒီမနာခံတဲ့သမီးမိုက်ကို သေအောင်ရိုက်သတ်ပစ်ချင်တာလေ။” မေမေရှောင် အလွန်ဒေါသထွက်လို့နေသည်။
ဖေဖေရှောင်လည်း ထင်းချောင်းကို ခပ်ဝေးဝေးသို့ပစ်ထုတ်ကာ မေမေရှောင်ကို ဆက်ပြီး ဖျောင်းဖျတော့သည်။ “မင်းတွေးတာမဟုတ်သေးဘူး။ ယွီအာသေသွားရင် ဘယ်သူအဝမ်းနည်းဆုံးဖြစ်မှာလဲ။ မင်းပဲလေ။” ထို့နောက် သူက ရှောင်လင်းယွီဘက်သို့ မဲမှောင်နေသည့်အမူအရာဖြင့် လှည့်ကြည့်လိုက်ကာ၊ “ရှောင်လင်းယွီ၊ မင်းအမေကို မြန်မြန်လာတောင်းပန်စမ်း။ မင်း သူ့ကို ဘယ်လောက်တောင်ဒေါသထွက်အောင် လုပ်မိလဲ မမြင်ဘူးလား။” မေမေရှောင်က သူ့သမီးက သတ်ဖို့အထိတောင် ခြိမ်းခြောက်နေပြီဖြစ်တာကြောင့် သေချာပေါက် သူမအလွန်ဒေါသထွက်နေပေပြီ။
ရှောင်လင်းယွီသည်လည်း ခေါင်းမာလေသည်။ “အဖေ၊ သမီး ဘာမှမမှားဘူး။ သမီးမှာ ကလေးရှိနေပြီ။ အမေ၊ အမေ သမီးကို ဒီကလေးဖျက်ချဖို့ အတင်းလုပ်ခိုင်းရင် သမီး ဒီမိသားစုက ထွက်သွားမယ်။”
ဒီအချိန်မှာတော့ ဖေဖေရှောင်တောင်မှ ဒေါသထွက်လာတော့သည်။ သူ့မျက်နှာက မဲမှောင်သွားကာ အော်ဟစ်လိုက်တော့သည်။ “ရှောင်လင်းယွီ၊ ဘာစကားတွေပြောနေတာလဲ။ မင်းက မင်းဗိုက်ထဲက ကလေးတစ်ယောက်ကြောင့်နဲ့ ကိုယ့်မိဘတွေကိုတောင် စွန့်ပစ်တော့မယ်ပေါ့။”
ရှောင်လင်းယွီ၏မျက်နှာက ဖြူဖျော့ပြီးရင်းဖြူဖျော့လျက်… သူမက အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားသော်လည်း သူမမျက်လုံးများကတော့ ထူးထူးခြားခြားစိတ်ပိုင်းဖြတ်ထားသည့် အလင်းများ ထွက်ပေါ်နေသည်။ သူမက ခေါင်းကိုခါလိုက်ကာ၊ “အဖေ၊ အမေ၊ သမီးက အဖေတို့ကို စွန့်ပစ်ချင်တာမဟုတ်ဘူး။ ဒါပေမယ့် သမီးဗိုက်ထဲက ဒီကလေးအပေါ် သမီး အကြွေးတွေအများကြီး တင်နေပြီးပြီ။”
ဖေဖေရှောင် မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်ပြန်သည်။ “ဘယ်လိုလုပ် ဒီကလေးအပေါ် အကြွေးတင်ရမှာလဲ။” ကလေးကဖြင့် မွေးတောင် မမွေးသေးဘူးလေ။ မေမေရှောင်သည်လည်း ရှောင်လင်းယွီကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လာခဲ့သည်။
ရှောင်လင်းယွီကတော့ သက်ပြင်းခပ်ဖွဖွချလိုက်ကာ၊ “အဖေ၊ အမေ၊ သမီး ဒီကလေးအပေါ် အများကြီးစိတ်ပျက်အောင် လုပ်ခဲ့မိတယ်။ ဒီတစ်ခေါက်တော့ သူ့ကို ကောင်းကောင်းဆက်ဆံချင်တယ်။ ဒီကလေးအတွက် အမေကောင်းတစ်ယောက်အဖြစ်နဲ့ သူ့ကို ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တယ်။”
ဖေဖေရှောင်ရော မေမေရှောင်ပါ ထိတ်လန့်သွားကြလေသည်။ သူတို့နှလုံးသာ တုန်လှုပ်သွားကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပြီး အတွေးများက ထပ်တူကျလို့နေသည်။ ‘သူဘာလို့ ဒီလိုပြောတာလဲ။ သူ့စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုများမှားနေတာလား။’ ထို့နောက် သူတို့ ပိုပြီးတောင် ထိတ်လန့်လာလေသည်။
ဖေဖေရှောင်က အရင်စကားပြန်စလာခဲ့ကာ သူက မှတ်ချက်တစ်ခုပေးလိုက်သည်။ “ယွီအာ၊ အဖေ့ကို မခြောက်စမ်းပါနဲ့။ ဒီမွေးတောင် မွေးမလာသေးတဲ့ကလေးအပေါ် သမီးက ဘယ်လိုလုပ်ပြီး အကြွေးတင်နေမှာလဲ။ အဖေက အခုမှ ခွဲစိတ်ထားရလို့ ပြန်သက်သာနေတုန်းရှိသေးတယ်။ အရမ်းထိတ်လန့်စရာကောင်းတာတွေ အဖေမခံစားနိုင်ဘူး။”
ရှောင်လင်းယွီ ခါးသက်သက်ပြုံးလိုက်မိသည်။ သူမသာ သူမမိဘတွေကို ဖြေရှင်းချက်ကောင်းကောင်းမပေးလျှင် သူမအမေ၏ဒေါသနှင့်ဆိုလျှင် သေချာပေါက် ကလေးကို ဖျက်ချခိုင်းမည်မှန်း သိနေလေသည်။ ကလေးကို ကာကွယ်နိုင်ဖို့အတွက် သူမ ဒီအိမ်ကနေ တကယ်ကို ထွက်ပြေးသွားလိုက်ချင်မိသည်။
ဒါပေမယ့် သူမဘယ်ကိုသွားရမှာလဲ။
ရှောင်လင်းယွီက၊ “အဖေ၊ အမေ၊ သမီးနဲ့လိုက်ခဲ့ပါ။” သူမ လျှို့ဝှက်ချက်ကို ဒီလောက်စောစောကြီး ဖွင့်ဟဖို့ မရည်ရွယ်ထားခဲ့သော်လည်း သူမတွင် ရွေးချယ်စရာမရှိတော့ပေ။
“အမ်?” ဖေဖေရှောင်က အပြင်ဘက်သို့ကြည့်လိုက်မိသည်။ “ညသန်းခေါင်ကြီး ဘယ်သွားကြမလို့လဲ။”
ရှောင်လင်းယွီက ပြန်မဖြေဘဲ သူမမိဘနှစ်ပါး၏လက်ကို သွားကိုင်လိုက်သည်။ “ဝင်မယ်။”
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖေဖေရှောင်နှင့် မေမေရှောင်တို့သည် တခြားနေရာတစ်ခုသို့ရောက်လာကြောင်း သိလိုက်ရလေသည်။
လင်မယားနှစ်ယောက် အလွန်ကိုမှ ထိတ်လန့်သွားကာ မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့ နေကိုမမြင်တွေ့ရသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက နေ့အချိန်လို လင်းရှင်းနေခဲ့သည်။
သူတို့ လယ်မြေကြီးတစ်ခု၊ မြစ်ငယ်လေးတစ်စင်းနှင့် ရေကန်တစ်ခုကိုပါ တွေ့မြင်ရသလို ထိုမြေပေါ်တွင် ဟင်းသီးဟင်းရွက်များစွာ ပေါက်ရောက်ကြီးထွားနေကြောင်းကိုပါ မြင်တွေ့လိုက်ရလေသည်။ ထိုဟင်းသီးဟင်းရွက်များမှာ အလွန်ကိုမှ ချစ်စရာကောင်းလှသည်။
သို့ပေမယ့် အရေးအကြီးဆုံးအချက်ကတော့ ထိုအသီးအရွက်များကိုကြည့်ရတာ အလွန်ကိုမှ ရင်းနှီးသလိုရှိနေခြင်းပင်။ သူတို့သမီးပြောခဲ့တာက… သူ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက သူငယ်ချင်းတစ်ယောက်ဆီကနေ အသီးအရွက်တွေ ရလာတယ်ဆိုပြီးမဟုတ်လား…
“ယွီအာ၊ ဘာ… ဘာတွေဖြစ်သွားတာလဲ။” ဖေဖေရှောင် တုန်လှုပ်နေခဲ့သည်။ ဤသည်မှာ သိပ္ပံခေတ်သို့ရောက်နေပြီဖြစ်ကာ သဘာဝလွန်ဖြစ်ရပ်များကို ယုံကြည်သည့်လူဟူ၍ သိပ်မရှိတော့သော်လည်း အခုတော့ သူတို့က ထူးဆန်းသည့်နေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရလေသည်။
“အဖေ၊ အမေ၊ သမီးငယ်ငယ်တုန်းက မြစ်အောက်ခြေကနေ ကျောက်စိမ်းဆွဲပြားတစ်ခုရှာတွေခဲ့တာကို မှတ်မိကြသေးလား။”
“ကျောက်စိမ်းဆွဲပြား? ဟို ဖီးနစ်ငှက်ပုံစံကျောက်စိမ်းဆွဲပြားလား?” ဖေဖေရှောင် အလွန် စိတ်ရှုပ်နေလေသည်။ “ဒါပေမယ့် အခုကိစ္စက အဲ့ဒီကျောက်စိမ်းဆွဲပြားနဲ့ ဘာဆိုင်လို့လဲ။”
“သမီးတို့အခု အဲ့ဒီကျောက်စိမ်းဆွဲပြားထဲရောက်နေကြတာ။”
“ဘာ?!” ဖေဖေရှောင် ထိတ်လန့်လွန်းကာ မြေကြီးပေါ်သို့ ဖင်ထိုင်လျက်ပင် လဲကျသွားလေသည်။ သူက မယုံကြည်နိုင်သည့်အမူအရာဖြင့် မေးလိုက်သည်။ “အဖေတို့ ကျောက်စိမ်းဆွဲပြားထဲရောက်နေတယ်? ဘယ်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယွီအာ၊ တကယ် ဘာတွေဖြစ်နေတာလဲ။”
ရှောင်လင်းယွီကတော့ ခေါင်းသာခါပြလာခဲ့သည်။ “သမီးလည်း မသိဘူး။ ကျောက်ဟွေ့ချင် သမီးကိုသတ်ဖို့လုပ်တုန်းက သမီးကို ယန်စစ်မင်ကယ်ခဲ့တယ်။ ဒါပေမယ့် သစ်သီးလှီးဓားက သမီးရင်ဘက်ကို ဖြတ်မိသွားတယ်။ အဲ့ဒီမှာ သွေးတွေက ကျောက်စိမ်းဆွဲပြားကို စွန်းသွားခဲ့တာ။ ပြီးတော့ သမီးလည်း ဒီနေရာလွတ်ကို မတော်တဆတွေ့သွားခဲ့တယ်။ ဒီနေရာရဲ့စမ်းရေက တကယ်ကို ဆန်းကြယ်တယ်။”
မေမေရှောင်က ချက်ချင်းပင် ပြန်တုံ့ပြန်နိုင်သွားကာ မြစ်ငယ်လေးကို လက်ညှိုးထိုးပြပြီး၊ “ဒါဆို သမီးသုံးနေတဲ့ မြေဩဇာက သူငယ်ချင်းဆီကနေရတဲ့ လျှို့ဝှက်ဖော်မြူလာမဟုတ်ဘဲ ဒီစမ်းရေပေါ့။”
“ဟုတ်တယ်။”
မေမေရှောင်က စိုးရိမ်သွားလေသည်။ “ယွီအာ၊ ဒီပစ္စည်းက သမီးအတွက် အန္တရာယ်ဖြစ်နိုင်လား။ အဲ့လိုဆိုရင် မြန်မြန်လွှင့်ပစ်လိုက်တော့။” မိဘဆိုသည်မှာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို အရင်ဆုံးကာကွယ်ပေးတတ်သူများဖြစ်ပေသည်။ ဖေဖေရှောင်ကလည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ယွီအာ၊ ဒီပစ္စည်းက အရမ်းအန္တရာယ်များတယ်။ အဖေတို့ ဆက်မထားသင့်ဘူး။”
“အဖေ၊ အမေ၊ စိတ်မပူပါနဲ့။ ဒီပစ္စည်းက သမီးကို မထိခိုက်စေပါဘူး။ ဒါ့အပြင် ဒီနေရာလွတ်ထဲမှ ကြီးထွားတဲ့ အသီးအရွက်တွေက အဖေတို့ခန္ဓာကိုယ်အတွက်တောင် ပိုကောင်းသေးတယ်။”
“အဲ့လိုဆိုရင်တောင် ဒီပစ္စည်းက အရမ်းမျက်စိကျစရာကောင်းလွန်းတယ်။ တစ်ယောက်ယောက်သာ ဒီအကြောင်းသိသွားရင် အရမ်းအန္တရာယ်များတယ်။” ဖေဖေရှောင်က စိုးရိမ်နေတုန်းပင်။ “ယွီအာ၊ အဖေကတော့ သမီး ဒီပစ္စည်းကို လွှင့်ပစ်သင့်တယ်လို့ ထင်နေတုန်းပဲ။”
လူများသည် အလွန်တစ်ကိုယ်ကောင်းဆန်တတ်သူများဖြစ်သည်။ ဒီလိုဆန်းကြယ်သည့်ဆွဲပြားအကြောင်းသာ သိသွားကြလျှင် ရှောင်မိသားစုအတွက် အလွန်အန္တရာယ်များလှပေသည်။
ရှောင်လင်းယွီက ခေါင်းခါလိုက်သည်။ “အဖေ၊ အသုံးမဝင်ဘူး။ သမီး ဒါကို လွှင့်ပစ်လို့မရဘူး။” သူမ အရင်က ကြိုးစားကြည့်ဖူးပြီးဖြစ်လေသည်။ “ဒီဆွဲပြားက သမီးနဲ့ ဆက်နွယ်နေတယ်။ အမေ၊ အဖေ၊ သမီးအစက အဖေတို့ကိုပါ မငြိစေချင်တာကြောင့် ဒီအကြောင်း ဘာမှမပြောခဲ့တာ။”
“မိုက်မဲလိုက်တဲ့ကလေး၊ ဘာလို့ အဲ့လိုတွေးရတာလဲ။” မေမေရှောင်က ငိုကြွေးလေတော့သည်။ “ငါတို့က မင်းရဲ့မိဘတွေလေ။ တစ်မိသားစုတည်းပဲကို။ ကောင်းချီးပဲဖြစ်ပါစေ ဘေးအန္တရာယ်ပဲဖြစ်ပါစေ အတူတူကွ ရင်ဆိုင်ကျော်ဖြတ်ရမှာပေါ့။”
ဖေဖေရှောင်ကတော့ တိတ်ဆိတ်နေသော်လည်း မေမေရှောင်ပြောသွားသည့်စကားများကို ထောက်ခံသည့်အမူအရာပြနေခဲ့သည်။ “ယွီအာ၊ တကယ်ပဲ ဘာတွေဖြစ်သွားတာလဲဆိုတာ အဖေတို့ကို ပြောပါဦး။”
ရှောင်လင်းယွီ ခဏမျှတွေဝေသွားပြီးနောက်မှာတော့ ဖြည်းဖြည်းချင်းပြောပြလာခဲ့သည်။ “အမေ၊ အဖေ၊ သမီးလည်း ဒီကျောက်စိမ်းဆွဲပြားက ဘာလဲဆိုတာ မရှင်းပြနိုင်ဘူး၊ ဒါပေမယ့် ဒါကိုရလာကတည်းက သမီးကို ရှေ့ဖြစ်ဟောအိပ်မက်တစ်ခုပေးခဲ့တယ်။ အိပ်မက်ထဲမှာက…”
ရှောင်လင်းယွီသည် သူမအရင်ဘဝက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သူမမိဘများအား ဖုံးကွယ်မထားခဲ့ပေ။
ဒါ့အပြင် သူမအရင်ဘဝတုန်းကဖြစ်ခဲ့သည့်ဖြစ်ရပ်များက ဒီဘဝမှာရော တစ်ဖန်ပြန်လည် ဖြစ်ပျက်လာဦးမလားဆိုသည်ကို သူမ သေချာမပြောနိုင်ပေ။
***