← Chapters

ဝိညာဉ်ကြေးပြားတစ်ပြားပေးခြင်း

Vol. 7 Ch. 95

ဝိညာဉ်ကြေးပြားတစ်ပြားပေးခြင်း

Vol. 7 Ch. 95

ထိုနေ့ညက ဖြစ်ပျက်ခဲ့သမျှသည် ရွှီချင်းကို အကြီးအကျယ် ဒေါပွသွားစေခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်းကို သူ ပထမဆုံးရောက်သည့်နေ့တွင် သူ လူမသတ်ချင်ပါသော်လည်း ထိုအမျိုးသမီးက သူ့ကို အတင်းအကြပ် ချောက်တွန်းသွားခဲ့သည်။

ရွှီချင်း၏ ကျင့်ကြံခြင်းနှင့် ခွန်အားသာ လုံလောက်မနေခဲ့လျှင်၊ တခြားတစ်ယောက်ယောက်သာ ဖြစ်နေခဲ့လျှင် ထိုညက ချောက်တွန်းခံရမှုကြောင့် အသက်ဆုံးပါးသွားရမည်မှာ သေချာသည်။

သို့ဖြစ်၍ ယခုအချိန်၌ သူ၏တိုက်ခိုက်မှုက မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သွက်လက်နေသည်။ သူ၏အသံကို ကြားသည်နှင့် စူးစူးဝါးဝါးအော်ဟစ်နေခဲ့သော အမျိုးသမီးသည် ချက်ချင်း ငြိမ်သက်သွား၏။ အမျိုးသမီးတစ်ယောက်ဖြစ်နေခြင်း၏ အားသာချက်များကို သိထား၍ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

ယောက်ျားများအကြောင်းလည်း သူမ နားလည်ထားပြီး ထိတ်လန့်တုန်ရီနေသော အမျိုးသမီးတစ်ယောက်ကို တခြားလူများက ပို၍ သနားသွားပေလိမ့်မည်။ ထို့ကြောင့်လည်း သူမက အပြင်းအထန် ကြောက်လန့်တုန်ရီနေဟန် ပြုမူထားသည်။

ရွှီချင်းက ခံစားချက်ကင်းမဲ့နေပြီး ပါးစပ်ထဲရှိ လက်ကျန် အချိုသီးကို ဝါးစားပြီးနောက် အမျိုးသမီးထံ လျှောက်လာသည်။ တချိန်တည်းမှာပင် ထိုအမျိုးသမီးတွင် အဖော်များ ရှိနေနိုင်၍ ဘေးပတ်ဝန်းကျင်ကိုလည်း သတိထားနေသည်။ သူ လာနေစဉ်အတောအတွင်း ဘေးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများက ရှောင်ကွင်းသွားနေကြပြီဖြစ်သည်။

ထိုလူများအနက် ဆိုးဆိုးဝါးဝါးဖြစ်နေသော အမျိုးသမီးကို ကြည့်၍ ဝင်ရောက်စွက်ဖက်ချင်သည့် ကျင့်ကြံသူအနည်းငယ်ပင် ရှိသည်။ သို့သော်လည်း သာမန်မဟုတ်သော ရွှီချင်း၏ အငွေ့အသက်များကို သတိထားမိသွားပြီး ထိုအတွေးကို သူတို့ ချက်ချင်း စွန့်ပစ်လိုက်သည်။

ခြေထောက်မှနာကျင်မှုကို ရည်ရွယ်ချက်ရှိရှိလုပ်နေသော အမျိုးသမီးသည် လျှောက်လာနေသော ရွှီချင်းကို မြင်၍ ပို၍ပင် တုန်ရီလာသည်။ ရွှီချင်း၏အသံကို မှတ်မိသွားပြီဖြစ်၍ နဖူးမှ ချွေးများ စီးကျလာသည်။

အမှန်တကယ်တွင် ရွှီချင်းကို ချောက်ချခဲ့သည့်နေ့ကတည်းက ရွှီချင်း၏ စူးရှသောအကြည့်နှင့် ရက်စက်ကြမ်းတမ်းသော တိုက်ကွက်များကိုလည်း မြင်ခဲ့ရပြီး အလွန် သတိထားနေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်ကို ရန်စမိခဲ့ပြီဖြစ်ကြောင်း သူမ နားလည်သွားခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သောရက်အနည်းငယ်အထိ ပုန်းအောင်းနေခဲ့ပြီး အပြင်မထွက်ခဲ့ပေ။ ယနေ့တွင် ထိုကြောက်မက်ဖွယ်လူငယ်လေး ထွက်သွားလောက်ပြီဟု တွေးမိခဲ့ပြီး နေ့ခင်းကြောင်တောင်ကြီး ရက်စက်ကြမ်းတမ်းစွာ လုပ်ဝံ့မည်မဟုတ်ဟူ၍လည်း ထင်မှတ်ထားခဲ့သည်။

ထို့ကြောင့် အပြင်ဘက်သို့ သူမ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ထိုလူငယ်ကို တွေ့ရမည်ဟု သူမ မျှော်လင့်မထားသည်မှာ အမှန်ပင်။

ပုံမှန်အခြေအနေတွင် သူ့ကို တွေ့ရပါက လွတ်အောင်ထွက်ပြေးနိုင်မည်ဟု သူမ ယုံကြည်မှု ရှိသည်။ သူမက သာမန်လူတစ်ယောက် မဟုတ်ပါလား။ လုံခြုံရေးတာဝန်ယူထားသော ကင်းလှည့်ဌာနကြောင့် သူမ ဘေးကင်းနိုင်မည် ဖြစ်သည်။

သို့သော်လည်း ယခုအခါ ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော လူရိပ်ကိုကြည့်၍ ကင်းလှည့်ဌာနမရောက်ခင် သေသွားကောင်း သေသွားနိုင်ကြောင်း သူမ ရုတ်ခြည်း ခံစားလာရသည်။

ထို့ကြောင့် မိန်းမမာယာကို အစွမ်းကုန်ထုတ်သုံး၍ သနားစရာကောင်းအောင် ခန္ဓာကိုယ်ကို တုန်ခါနေပြီး ကြောက်ရွံ့စိတ်များကို ပြသနေသည်။ တတ်နိုင်သလောက် သူမ အချိန်ဆွဲထားချင်နေ၏။

“ ဟန်ဆောင်နေတာရပ်စမ်း ”

ရွှီချင်းက အမျိုးသမီးရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ သူမ၏ခြေထောက်မှ ဝါးတုတ်ကလေးကို ဆွဲနှုတ်လိုက်သည်။

ပြင်းထန်သော နာကျင်မှုကြောင့် ထိုအမျိုးသမီး၏ မျက်လုံးများထဲမှ ထိတ်လန့်ကြောက်ရွံ့စိတ်များက အစစ်အမှန် ဖြစ်လာသည်ကို မြင်နိုင်ပေသည်။ ထိုအချိန်တွင် တစ်ဖက်လူက လွန်စွာ နီးကပ်နေသည်ကို သူမ ကောင်းစွာ သတိထားမိလိုက်သည်။ သူမ၏ရင်ထဲတွင် အတန်ငယ် လွန်ဆွဲနေရပြီး လက်သီးဆုပ်ထားသောညာလက်ကို လှုပ်ရှားလိုက်ပါသော်လည်း လက်ထဲရှိ အဆိပ်မှုန့််များအား ပက်ရန် မဝံ့မရဲဖြစ်နေဆဲပင်။

ထိုအချိန်၌ အဝေးရှိလမ်းများထက်မှ တဝီဝီမြည်သံများကို ကြားလိုက်ရသည်။ ကင်းလှည့်ကျင့်ကြံသူများ ထိုအဖြစ်အပျက်ကို သတိထားမိသွားကြပြီး မြန်ဆန်စွာ ပြေးလာနေကြသည်။

ထိုအမျိုးသမီး၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ရှင်သန်လာ၏။

သို့သော်လည်း မကြာခင် ရွှီချင်းက လူဆိုးထိန်းဌာန၏ တံဆိပ်ပြားကို ထုတ်ပြလိုက်ရာ ကင်းလှည့်ကျင့်ကြံသူများ လှည့်ထွက်သွားကြသည်။ အမျိုးသမီးသည် စိတ်ဓာတ်ကျသွားပြီး အားပျက်နေသောလေသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

“ နောက်ဆုံးအကြိမ်တုန်းကဖြစ်ခဲ့တာ ကျမအမှားပါ။ ကျမ စိတ်ကျေနပ်အောင်လုပ်ပေးပါ့မယ်ရှင်။ ရာဇဝတ်ကောင်တစ်ကောင်နဲ့ပတ်သက်ပြီး ကျမ သဲလွန်စတစ်ခု သိထားပါတယ် ”

အမျိုးသမီးသည် ရွှီချင်းနှင့် အပေးအယူ မလုပ်ပေ။ တစ်ချိန်လုံး အမှောင်ထဲ နေလာခဲ့သူတစ်ယောက်အတွက် သူမထက် ပို၍ အစွမ်းထက်ပြီး သူမကို ဇီဝိန်ခြွေနိုင်သည့် လူတစ်ယောက်နှင့် အပေးအယူမလုပ်နိုင်သည်ကို ကောင်းကောင်း နားလည်ထားသည်။ ရိုသေကျိုးနွံခြင်းသည်သာ တစ်ခုတည်းသော အသက်ရှင်နိုင်မည့်နည်းလမ်း ဖြစ်သည်။

ထို့ကြောင့် ရွှီချင်း စပြောလာမည်ကို မစောင့်တော့ဘဲ သဲလွန်စများ ချက်ချင်း ပေးလိုက်ခြင်း ဖြစ်သည်။

“ အဲဒီရာဇဝတ်ကောင်က ဝိညာဉ်တိမ်လွှာဂိုဏ်းက ချင်းယွမ်ကျစ်ပါ။ ကျမတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့ ပန်းချွမ်လမ်းက တည်းခိုခန်းမှာနေနေတာ ရက်နည်းနည်းကြာနေပါပြီ ”

“ ရာဇဝတ်ကောင်လား ”

ရွှီချင်းက ခေါင်းဆောင် ပေးခဲ့သည့် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။ သူ စစ်ဆေးကြည့်ပြီးနောက် ချင်းယွမ်ကျစ်ဆိုသည့်နာမည်ကို ရှာတွေ့သွားသည်။ သူ ဆက်လက်ကြည့်လိုက်ရာ ဆုကြေးက ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ပတ်ချာလည် ဖြစ်သည်။

“ ပြီးတော့ လူဆိုးထိန်းဌာနက ညဉ့်ငှက်အဖွဲ့အစည်းကို ရှာဖွေနေတယ်လို့လည်း သတင်းကြားတယ်။ အဲဒီညဉ့်ငှက်အဖွဲ့ရဲ့ အသိုက်ကိုလည်း ကျမ သိထားတယ် ”

သေရေးရှင်ရေးအခြေအနေကို ရောက်နေပြီဖြစ်၍ အမျိုးသမီးသည် အသက်အန္တရာယ်အတွက် သိသမျှ အိတ်သွန်ဖာမှောက်ပြောပြနေသည်။ သူမက ခပ်သွက်သွက် စကားဆက်လိုက်ပြီး ညဉ့်ငှက်အဖွဲ့တည်နေရာကို ပြောပြလိုက်သည်။

ထိုစကားကို ရွှီချင်း ကြားပြီးနောက် အမျိုးသမီးကို အဓိပ္ပာယ်ရှိသောအကြည့်ဖြင့် ကြည့်၍ ခေါင်းဆောင်၏ သတင်းပေးသမားအကြောင်း တွေးမိသွားသည်။ ထို့နောက် သူက ဝိညာဉ်ကြေးပြားတစ်ပြား ထုတ်၍ အမျိုးသမီးကို ပစ်ပေးလိုက်သည်။

“ ဒီလိုမျိုး နောက်ထပ် သဲလွန်စတွေ ရှာတွေ့ရင် ဒီမှာ ကျုပ်ကို စောင့်နေ ”

အမျိုးသမီးသည် အံ့အားသင့်သွားပြီး ချီတုံချတုံ ဖြစ်သွားသည်။ ထိုစကား၏ အဓိပ္ပာယ်ကို သူမ ကောင်းစွာ နားလည်သည်။ မကြာခင် သူမသည် အံတင်းတင်းကြိတ်၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဝိညာဉ်ကြေးပြားကို ကောက်၍ ရွှီချင်း၏အကြည့်အောက်မှနေ၍ ချက်ချင်း ထွက်ခွာသွားသည်။

လူအုပ်ကြီးထဲ အမျိုးသမီး ပျောက်ကွယ်သွားပြီးနောက် ရွှီချင်းက မတ်တတ်ရပ်လိုက်သည်။ ညဉ့်ငှက်အဖွဲ့၏အသိုက်နှင့် ပတ်သက်၍ သူ မစစ်ဆေးတော့ပေ။ အထက်ကို သူ တင်ပြရန်သာ လိုအပ်ပြီး အထက်ပုဂ္ဂိုလ်တစ်ယောက်က စီစဉ်ပေလိမ့်မည်။

ထို့ကြောင့် မြို့ကို နောက်တစ်ပတ် လှည့်ပတ်ပြီးနောက် နေဝင်ရီတရောအချိန်တွင် ရွှီချင်းသည် သူ နေခဲ့သည့် တည်းခိုခန်းကို သွားလိုက်သည်။

တစ်နေ့ခင်းလုံး တည်းခိုခန်းက ဖွင့်ထားခဲ့ပါသော်လည်း လူ မဝင်လာသလောက် ရှိနေခဲ့သည်။

ရွှီချင်းသည် အဝေးမှ ကြည့်လိုက်ပြီး တည်းခိုခန်းမှ အဘိုးအိုက မည်မျှထူးဆန်းကို ပြန်လည် တွေးတောလိုက်သည်။ သို့သော်လည်း သူ အလျဉ်စလို မလှုပ်ရှားပေ။ ထိုအစား လူဆိုးထိန်းဌာနကို ပြန်ကာ သူ ရရှိခဲ့သည့် သဲလွန်စများကို တင်ပြလိုက်ပြီး ထွက်ခွာသွားသည်။

အမျိုးသမီးက အပြင်ပန်းအရသာ သဘောတူပြီး ထွက်သွားခဲ့လျှင်လည်း ရွှီချင်း ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးကို သူက အဆိပ်သုတ်ထားသည့် ဝိညာဉ်ကြေးပြား ပေးခဲ့သည့်အတွက်ကြောင့် ဖြစ်ပေသည်။

သုံးရက်ကြာလျှင် ထိုအမျိုးသမီး အဆိပ်ဖြေရန် လိုအပ်လာလိမ့်မည်။

လမ်းတစ်လျှောက်၌ အမှတ်ခြောက်အသင်းဝင်အနည်းငယ်ကို သူ တွေ့ခဲ့ရသည်။ သူတို့သည်လည်း ရွှီချင်းကို မြင်သွားကြပြီး အေးတိအေးစက်ဖြင့် ကြည့်လိုက်ကြပါသော်လည်း စကားတစ်ခွန်းမဆိုပေ။ သက်လတ်ပိုင်းအရွယ် အဖွဲ့ဝင်တစ်ယောက်သည်သာ ရယ်ရယ်မောမောဖြင့် ရွှီချင်းကို အတူသောက်ရန် ဖိတ်ကြားခဲ့သည်။

အပေါ်ယံတွင် ချီရွှဲ့ထုံဂိုဏ်းက ဂိုဏ်းသားအချင်းချင်းသတ်ဖြတ်သည်ကို တားမြစ်ထားပါသော်လည်း တစ်ယောက်နှင့် တစ်ယောက် လျှို့ဝှက်လုပ်ကြံကြသည်။ ထိုကဲ့သို့ ဖိတ်ကြားချက်က အနည်းငယ် ကတိုက်ကရိုက်ဖြစ်နေပါသော်လည်း ရွှီချင်းက ပို၍ပင် သတိထားသွားပြီး တည်ငြိမ်စွာ ငြင်းဆန်လိုက်သည်။

ယနေ့က ထူးခြားသောနေ့တစ်နေ့ဖြစ်ပြီး သူ လူမသတ်ချင်ဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်သည်။

ထို့ပြင် ဆေးဆိုင်ကိုလည်း သူ သွားရန် စီစဉ်ထား၏။

အဖြူရောင်ဆေးလုံးများ ဖော်စပ်ရန် ဆေးပင်အနည်းငယ် သူ ဝယ်ချင်သည်။ အဖြူရောင်ဆေးလုံးများကို ဖော်စပ်ပြီးနောက် သူ အခကြေးငွေဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။ ယင်းအပြင် သူ့မှာ အဆိပ်ဆေးများနှင့် အနက်ရောင်ဆေးလုံးများလည်း များများစားစား မကျန်တော့ပေရာ ပြန်လည်ဖြည့်တင်းရမည်ဖြစ်သည်။ သူ၏ခေါင်းထဲ၌လည်း သူ ဖော်စပ်ချင်သည့်အဆိပ်နှင့်ပတ်သက်၍ အကြံဉာဏ်များ ရှိနေသည်။

သူ၏ခေါင်းထဲတွင် မှတ်သားထားသော မြေပုံအညွှန်းအတိုင်း ဆေးဆိုင်တစ်ဆိုင်ကို ရွှီချင်း မကြာခင် ရှာတွေ့သွားသည်။

ထိုဆေးဆိုင်က လွန်စွာ ကြီးမားပြီး လူများစွာ ဝင်ထွက်နေကြသည်။ သူတို့အားလုံး မီးခိုးရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။

သူတို့က ဆေးလုံးများကဲ့သို့ ပစ္စည်းများကို လိုအပ်သော တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများ ဖြစ်ကြသည်။

ရွှီချင်း ဝင်လာသည်နှင့် သူ၏ချောမောသော ရုပ်ရည်ကြောင့် လူအနည်းငယ်၏အာရုံစိုက်ခြင်း ခံလိုက်ရသည်။ သို့သော်လည်း လူအများစုက သူ့ကို တစ်ချက်သာကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေကြသည်။

ရွှီချင်းက တည်ငြိမ်စွာ ဆိုင်ထဲရှိ လူအုပ်ကြီးကို ဝေ့ကြည့်၍ ကောင်တာကို တိတ်တဆိတ် လျှောက်လာသည်။

ကောင်တာ၌ ဆိုင်ရှင်အဘိုးအိုအပြင် ဖက်တီးလေးတစ်ယောက်လည်း ရှိနေသည်။

ထိုဖက်တီးလေးက ပုံမှန်ပုံပန်းသွင်ပြင်ရှိသည်။ သူ၏မီးခိုးရောင်တာအိုဝတ်ရုံက သူနှင့် လွန်စွာ ကြပ်ထုတ်နေ၏။ သူ၏ချောမွတ်ပြီး ဖောင်းကားနေသော မျက်နှာတွင် အဆီပိုလေးများ ရှိနေသည်။ သူ့ကိုကြည့်ရသည်မှာ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် ပတ်ချာလည်ခန့်ရှိဟန်တူသည်။ သူသည်လည်း ဈေးဝယ်သူတစ်ယောက်ဖြစ်သည်။

ထိုအချိန်၌ သူသည် တဝါးဝါး သမ်းဝေရင်း ကောင်တာပေါ်ရှိ ဆေးပင်များကို သူနှင့်အတူပါလာသော အိတ်ကြီးများထဲ ထည့်နေသည်။

သူက ပြွတ်သိပ်ထည့်နေပြီး အပြင်လူများအနေဖြင့် မသိနိုင်ပါသော်လည်း ရွှီချင်းကတော့ တစ်ချက်ကြည့်ရုံဖြင့် ထိုဖက်တီးလေးက ဆေးပင်များအကြောင်းကို နားမလည်ကြောင်း ပြောနိုင်သည်။

ထိုဖက်တီးလေးက အတူ မထည့်သင့်သည့် ဆေးပင်များကိုလည်း ရောနှောထည့်နေပေ၏။

“ ဆိုင်ရှင်ကြီး၊ ဒီတစ်ခေါက် ဆေးပင်တွေက နည်းလွန်းနေပါလားဗျ။ ဒီလောက်ပဲလား ”

ရွှီချင်း အနီးရောက်သောအခါ ဖက်တီးလေး၏ မကျေမနပ်ဖြစ်နေသောအသံကို ကြားလိုက်ရသည်။

“ မင်းက ဒီကို နေ့တိုင်း လာဝယ်နေကြပဲ။ မနက်ဖန်ကျရင်တော့ လောပန်ဆီကနေ ကုန်ပစ္စည်းတွေ ရောက်မှာကွ ”

ဆိုင်ရှင်ကြီးက ထိုဖက်တီးလေးနှင့် လွန်စွာ ရင်းနှီးနေသည်မှာ ထင်ရှားသည်။ သူသည် ဖက်တီးလေး ဝယ်သွားခဲ့သည့် ဆေးပင်များ၏ကျသင့်ငွေကို တွက်ချက်ပေးပြီးနောက် လျှောက်လာနေသော ရွှီချင်းကို ကြည့်လိုက်သည်။

“ ညီလေး၊ ဘာဆေးတွေ လိုချင်လဲ ”

“ ဆယ်နှစ်သက်တမ်းရှိတဲ့ လိပ်ပြာအရိုးပန်းပွင့်၊ ရွှေတောင်ပံအရွက်သုံးဆယ်၊ ကိုင်းနုဆယ်ကိုင်း၊ ခုနစ်ရွက်မြက်ပင်ဆယ်ပင်၊ ရွှေကြယ်သီးမြက်ပင်ဆယ်ပင် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဝိညာဉ်စုစည်းအရွက်နဲ့ အမြစ်ပါတဲ့ ကြံ့မီးတောက်ပန်းပင်လည်း လိုချင်တယ်။ ပြီးတော့ အဖြူရောင်အမြစ်ပင်ဆယ်ပင်ကောပဲ ”

“ ပြီးတော့ တိမ်ပါးမြေသားနဲ့ နှင်းဆီနက်လည်း လိုချင်တယ် ”

အနည်းငယ် တွေးတောပြီးနောက် ရွှီချင်းက မြွေဆိပ်အနည်းငယ်နှင့် အဆိပ်ပင်များလည်း ထပ်ပြောလိုက်သည်။ စကားဆုံးသောအခါ ဆိုင်ရှင်ကို သူ ကြည့်လိုက်သည်။

ဆိုင်ရှင်၏မျက်လုံးများ မှေးသွားပြီး ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ များသောအားဖြင့် သူ တွေ့နေကြ ဂိုဏ်းသားများက ဆေးလုံးများကို ဝယ်လေ့ရှိကြသည်။ ရံဖန်ရံခါ ဆေးပင်များကို ဝယ်သည့်ဂိုဏ်းသားအနည်းအကျဉ်းရှိသော်လည်း အများစုက ဒုတိယမြောက်တောင်ထိပ်မှ ဖြစ်ပေသည်။ ဖက်တီးလေးကဲ့သို့ ဆေးပင်များအကြောင်း နကန်းတစ်လုံးမှ မသိထားသည့်ဂိုဏ်းသားများလည်း ရှိသည်။

သူ၏ရှေ့တွင် ရှိနေသော လူငယ်လေးသည် ဆေးပင်များကို တိတိကျကျပြောနေပြီး သူ့ကိုကြည့်ရသည်မှာလည်း သူစိမ်းတစ်ယောက်ဖြစ်ဟန်တူသည်။ ဒုတိယမြောက်တောင်ထိပ်မှ မဟုတ်သည့် ဂိုဏ်းသားတစ်ယောက်က ဆေးပင်များ ဝယ်သည်မှာ ကြုံတောင့်ကြုံခဲပင်။

အထူးသဖြင့် ထိုလူငယ်လေး ပြောသည့်ဆေးပင်များက အဖြူရောင်ဆေးလုံးဖော်စပ်ရာတွင် အဓိကသုံးသည့် ဆေးပင်များ ဖြစ်ကြသည်။ ထို့ကြောင့် ဆိုင်ရှင် အတွေးနက်သွားရပြီး ရွှီချင်းကို လေးလေးနက်နက်ကြည့်၍ ခေါင်းယမ်းလိုက်သည်။

“ တခြားပစ္စည်းတွေအားလုံးရှိတယ်။ စုစုပေါင်း ဝိညာဉ်ကြေးပြား သုံးရာ့ရှစ်ဆယ်တော့ ကျမယ်။ ဒါပေမဲ့ ဝိညာဉ်စုစည်းအရွက်ကတော့ သူ လက်ကျန်အပင်တစ်ရာလောက်ကို သူ ဝယ်သွားပြီ။ ဒီတော့ မနက်ဖန်မှ လာယူလို့ရမှာ ”

ဆိုင်ရှင်က ဆေးပင်များ ထုတ်ပိုးနေသော ဖက်တီးလေးကို ညွှန်ပြ၍ ပြောလိုက်သည်။

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ ဝိညာဉ်စုစည်းအရွက်များက အရေးကြီးပါသော်လည်း တစ်ရက်လောက်စောင့်လိုက်ရသည်က ကိစ္စမရှိပေ။ ဆေးပင်များ၏ ဈေးနှုန်းသည်လည်း သင့်တင့်မျှတသည်။ သူသာ ပြောထားသည့်အတိုင်း ဆေးပင်များ ရပါက အဖြူရောင်ဆေးလုံးတစ်ရာခန့်နှင့် အဆိပ်ဆေးမှုန့်အနည်းငယ် ဖော်စပ်နိုင်မည်ဖြစ်သည်။

ဆေးပင်များကို သူ ဝယ်ယူရန် ပြင်လိုက်စဉ် ဘေးတွင်ရှိနေသာ ဖက်တီးလေးက ခေါင်းမော့ကာ ရွှီချင်းကို စေ့စေ့စပ်စပ်အကဲခတ်၍ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“ ဝိညာဉ်စုစည်းရွက်လား၊ အစ်ကိုလည်း အဲဒါ လိုနေတာလား။ အဲဒါက ဘာအသုံးဝင်တုံး။ ကျနော် ဆိုင်ရှင်ကို ခဏခဏ မေးတာ၊ သူက တစ်ခွန်းမှ ကျနော့်ကို မပြောပြဘူး ”

“ မင်းက ငါ့ကို မေးခွန်းတွေ အများကြီး မေးတာကိုးကွ။ မင်းမေးသမျှ မေးခွန်းတိုင်းသာ ဖြေပေးနေရရင် တခြားလူတွေကို ဈေးရောင်းပေးရတော့မှာတောင် မဟုတ်ဘူး ”

ဆိုင်ရှင်က ကူကယ်ရာမဲ့နေဟန်ဖြင့် ဆိုလိုက်သည်။

ရွှီချင်းက ဖက်တီးလေးကို တစ်ချက်ကြည့်၍ သူသည်လည်း အသိပညာအတွက် အရူးအမူးဖြစ်ခဲ့ဖူးသည်ကို တွေးမိကာ ပြောပြလိုက်သည်။

“ ဝိညာဉ်စုစည်းအရွက်တွေကို အဓိကအသုံးပြုတဲ့နည်းလမ်းနှစ်မျိုးရှိတယ်။ တစ်မျိုးက တခြားအပင်တွေနဲ့ ပေါင်းစပ်ပြီးတော့ အဲဒီအပင်တွေရဲ့အစွမ်းကို ပြောင်းလဲသွားစေတာ။ နောက်တစ်နည်းကတော့ အသားအရေကို အားဖြည့်ပေးတာ ”

ထိုစကားကို ကြားသောအခါ ဖက်တီးလေးသည် နားလည်သဘောပေါက်သွားပြီး ဝိညာဉ်စုစည်းအရွက်တစ်ဆုပ်စာ ထုတ်လိုက်သည်။ ၎င်းတွင် ခုနစ်ပင်၊ ရှစ်ပင်ခန့် ရှိနေပြီး ရွှီချင်း၏ရှေ့တွင် ရက်ရောစွာ တင်ထားလိုက်သည်။

“ ကျေးဇူးတင်ပါတယ်အစ်ကို။ ဒါတွေက အစ်ကို့အတွက်ပါ ”

ထိုစကားပြောပြီးနောက် ဖက်တီးလေးက အိတ်ကို သယ်ကာ ပျော်ရွှင်စွာ ထွက်ခွာသွားသည်။ သူ့အတွက် တခြားလူများကို ဆေးပင်အနည်းအကျဉ်းပေးလိုက်ရခြင်းသည် အသေးအဖွဲကိစ္စသာ ဖြစ်သည်။

ရွှီချင်း အံ့အားသင့်သွားရသည်။ သူ ချီတုံချတုံဖြစ်နေပြီး ငြင်းဆန်ရန်ပြင်လိုက်ပါသော်လည်း ဖက်တီးလေးက တံခါးအပြင်ဘက်ကို ရောက်နေပြီဖြစ်သည်။ သူက ကျောက်စိမ်းပေလွှာတစ်ခုကိုပင် ထုတ်၍ အသံပို့လွှတ်နေဟန်တူသည်။

ဆိုင်ရှင်က ပြုံး၍ ပြောလိုက်သည်။

“ အဲဒီဖက်တီးလေးက ဟွမ်ရန်တဲ့။ သူက သတ္တမမြောက်တောင်ထိပ်က ဂိုဏ်းသားတစ်ယောက်ပဲ။ ပြီးတော့ သူက အချစ်ရူး ရူးနေတာ။ ဘယ်ဂိုဏ်းသူလေးတစ်ယောက်ကို သဘောကျနေမှန်း ငါ မသိပါဘူး။ ဒါပေမဲ့ ငါ့ဆီကိုလာပြီး ဆေးပင်တွေဝယ်နေတာ နှစ်တွေအများကြီး ကြာနေပြီ။ ဒီလိုမျိုးသာ ဆက်ဝယ်နေရင် သူဝယ်ခဲ့တဲ့ငွေတွေနဲ့ သူက ငါ့သူဌေးတောင် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီကလေးကလည်း သိပ်မရိုးရှင်းဘူးကွ။ သူက အင်မတန်မြင့်မားတဲ့ပုံရိပ်မရှိပေမဲ့ အခုထိ အသက်ရှင်နေတုံးပဲ ”

ရွှီချင်းက ဖက်တီးလေးထွက်ခွာသွားသည့်ဘက်ကို လေးလေးနက်နက်ကြည့်လိုက်ပါသော်လည်း စကားတစ်ခွန်းမဆိုပေ။ သူက ဆေးဆိုင်ထဲမှ ကျန်ရှိနေသောဆေးပင်များကို ဝယ်ယူပြီးနောက် ထွက်ခွာလာခဲ့သည်။

သူ၏နေရာကို သူ ပြန်ရောက်လာပြီး ပုံမှန်အတိုင်း မူမမှန်သောအရာတစ်ခုမျှ မရှိကြောင်း စစ်ဆေးကြည့်လိုက်သည်။ ပြီးသည်နှင့် မှော်လှေကလေးထဲ ဝင်ကာ အကာအကွယ်အလွှာကို အသက်သွင်းလိုက်သည်။ အကာအကွယ်အလွှာ လွှမ်းခြုံသွားသောအခါမှသာ သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။

အပြင်ဘက်လောကနှင့်ယှဉ်လျှင် မှော်လှေကလေးက ရွှီချင်းကို ဘေးကင်းလုံခြုံသောခံစားချက် ပေးသည်။ ထိုအချိန်၌ သူက လှေကလေးထဲဝင်၍ ထိုင်နေပြီဖြစ်သည်။ ထို့နောက် သူ ဝယ်လာခဲ့သော ဆေးပင်များကို ထုတ်၍ အမျိုးအစားများခွဲ၍ အချိုးအဆမှန်ကန်စွာ ထားလိုက်သည်။ ထို့နောက် အဖြူရောင်ဆေးလုံး ဖော်စပ်နည်းက သူ့ခေါင်းထဲ ပေါ်လာသည်။

ယခင်က အဖြူရောင်ဆေးလုံးများ ဖော်စပ်ရန်အတွက် လိုအပ်သောဆေးပင်များအားလုံး သူ မရှာဖွေနိုင်ခဲ့ပါသော်လည်း ဆေးလုံးများ ဖော်စပ်ခြင်းကို လက်မလျော့ခဲ့ပေ။ ထို့ကြောင့် ဆေးဖော်စပ်ရန် ဆေးပင်များအားလုံး စုံလင်သောအခါတွင် သူသည် အတန်ငယ် စဉ်းစားတွေးတောလိုက်ပြီး စတင်ဖော်စပ်လိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး ညသန်းခေါင်ယံအချိန်ကို ရောက်လာသည်။

All Chapters