ထိပ်တိုက်တွေ့ခြင်း
Vol. 51 Ch. 758
စွန်းဟုန်ထောင်က ဆက်ပြောသည်။
“ဒီက ပတ်ဝန်းကျင်ကို ရှင်းလင်းရင်း မလုပ်ရသေးဘူး၊ ငါတို့ ဒါတွေကို ဘာလို့ ကြီးထွားခွင့် ပေးထားလဲ မင်းတို့ သိလား”
“ဘာလို့လဲဆိုတော့ ဟင်းလင်းပြင်နယ်မြေထဲက ပတ်ဝန်းကျင်ကို ပုံဖော်ရမှာမို့လို့”
ရဲ့လင်းချန်က ဖြေလိုက်သည်။
“ဟုတ်တယ်”
စွန်းဟုန်ထောင်က ခေါင်းညိတ်၍ ထောက်ခံသည်။
“ဟင်းလင်းပြင်နယ်မြေထဲက အပင်တွေက ပိုပြီး မာကျောလာလိမ့်မယ်၊ တကယ်တမ်းကျတော့ ဒါတွေထဲက တစ်ချို့က ပုံမှန်လို့ ထင်ရပင်မယ့် သူတို့ရဲ့ မာကျောမှုက ကောင်းလွန်းလို့ ငါတောင် တားလို့မရဘူး၊ မင်းတို့ သတိမထားရင် မင်းတို့ ကြီးကြီးမားမား ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်၊ မင်းတို့လဲ အဲ့နွယ်ပင်ကို တွေ့တယ်မလား၊ ဟင်းလင်းပြင်နယ်မြေမှာ ဆင်တူတဲ့ အပင်တွေ အများကြီး ရှိတယ်၊ တချို့အပင်တွေဆိုရင် အဆိပ်တောင် ပါတယ်၊ မင်းတို့ သတိမထားရင် မင်းတို့ အသက် ပါသွားလိမ့်မယ်”
လူတိုင်း ပင့်သက်ရှိုက်မိသွားသည်။ ဟင်းလင်းပြင်နယ်မြေသည် တကယ်ကို အန္တရာယ်များနှင့် ပြည့်နေ၏။ အကယ်၍ သူတို့သာ ဟင်းလင်းပြင်နယ်မြေကို ကမ္ဘာကို မြင်သည့်အတိုင်း ထင်မြင်ပါက သူတို့ ဘယ်လို သေသွားမှန်းတောင် သူတို့ သိလိုက်ရမည် မဟုတ်ပေ။
“နိုင်ငံ တော်တော်များများ ရောက်နေပြီနဲ့ တူတယ်၊ အချိန်ဆွဲမနေနဲ့၊ ငါ့နောက်က လိုက်ခဲ့”
စွန်းဟုန်ထောင်က ပြောပြီး အဖွဲ့အား လမ်းတစ်လျှောက် ဦးဆောင်လမ်းပြသွားသည်။
နာရီဝက်အကြာ၌ ဘေးပတ်ဝန်းကျင်က တဖြည်းဖြည်း ပို၍ အသက်ဝင်လာ၏။ သူတို့ ရှေ့ဆက် လျှောက်လာသည်နှင့် ခြုံနွယ်များကြားမှ အဆောက်အဦးတစ်ချို့ကို မြင်နေရသည်။
သူတို့သည် လူစုဝေးရာနေရာနှင့် မဝေးတော့ချေ။
“အာ … ညီလေးရဲ့၊ ဒီလူတွေက ကိုရီးယားနိုင်ငံကနဲ့ တူတယ်”
သူတို့ အဖွဲ့သည် ရှေ့ဆက်လျှောက်ရင်း ဘေးပတ်ဝန်းကျင်မှ မတူညီသော ရှုခင်းများကို ကြည့်နေကြသည်။ ကျင့်ရှန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိပြီး ခပ်တိုးတိုး ပြောလိုက်သည်။
ရဲ့လင်းချန်သည် အသံလာရာသို့ ကြည့်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းမှ လူတစ်စုကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုအဖွဲ့၏ ခေါင်းဆောင်းမှာ လီဆောင်းယွန်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကျင့်ရှန်က အသာ ရယ်မောလေသည်။
“ရန်သူတွေအတွက် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား”
ရဲ့လင်းချန်က မျက်ခုံးပင့်၍ တစ်ဖက်အဖွဲ့အား ဂရုမစိုက်ဟန်ဖြင့် ကြည့်နေသည်။ လီဆောင်းယွန်းက ပြိုင်ပွဲဝင် ငါးယောက်အဖွဲ့ကို ဦးဆောင်လာ၏။
“ကျွန်းနိုင်ငံလေး တစ်ခုပဲကို၊ ဘာတွေ ကြောက်စရာ လိုလို့လဲ၊ သူတို့ တကယ် ပြဿနာ ရှာရဲရင် ငါ ဓားချက် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မယ်”
ကျန်းတလီက လှောင်ပြောင်လေသည်။
“ခစ်ခစ်”
ချန်ရှောင်ရှောင်က မနေနိုင်ဘဲ ခပ်ကျယ်ကျယ် ရယ်မောလေသည်။
“ငါ လီဆောင်းယွန်းကို မြင်တော့ သူ တောင်းပန်နေတဲ့ ဗွီဒီယိုကို ပြန်တွေးမိသွားတယ်၊ ဟားဟားဟား … အရမ်း ရယ်ရတာပဲ”
လီဆောင်းယွန်း၏ မျက်နှာအမူအရာက အနည်းငယ် ကြည့်ရဆိုးနေသည်။ သူ၏ သိမ်းငှက်ကဲ့သို့သော မျက်လုံးများက မျက်တွင်းထဲ ချိုင့်ဝင်နေပြီး ရက်စက် ခက်ထန်မှုတို့နှင့် ပြည့်နှက်နေသည်။ သူ့ဘေးနားမှ လူများတွင်လည်း ကြည့်ရဆိုးသော အမူအရာများ ရှိနေ၏။ သူတို့ စိတ်မကြည်မှန်း သိသာလေသည်။
ရဲ့လင်းချန်ကြောင့် ယခုတစ်ခေါက်တွင် လီဆောင်းယွန်း တကယ်ကို နာမည်ကြီးနေ၏။ ပါဝင်သော နိုင်ငံအားလုံးက သူ့ကို ရယ်မောကြပေမည်။ သူ မျက်နှာ ပျက်ရလေပြီ။
ထိုသို့သောအချိန်၌ လီဆောင်းယွန်းသည် မရေရာသော အကြည့်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအကြည့် နောက်သို့ ပြန်ကြည့်သောအခါ အနည်းငယ် အံ့ဩသွားရလေသည်။ သူ့မျက်နှာက ရုတ်တရက် ခက်ထန်လာ၏။
*သူကိုး*
*တကယ်ကို အဲ့ဒီ မျိုးမစစ် ရဲ့လင်းချန် ဖြစ်နေတာပဲ*
ယနေ့ ဤသို့ အရှက်ကွဲအောင် လုပ်ခဲ့သူက ရဲ့လင်းချန် ဖြစ်သည်ကို စဉ်းစားမိပြီးနောက် လီဆောင်းယွန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိပြီး သူ့မျက်လုံးတွင်း၌ သတ်ဖြတ်လိုသော အရိပ်အယောင် တိုးလာသည်။
ဤရက်များတွင် သူ ရဲ့လင်းချန်ကို ဘယ်လောက်တောင် သတ်ချင်နေသလဲ ဆိုသည်ကို ဘုရားသာ သိပေလိမ့်မည်။
လီဆောင်းယွန်းသည် သူ့ဘဝတွင် မကျော်ဖြတ်နိုင်ခဲ့သော အခက်အခဲဟူ၍ တစ်ခါမှ မရှိခဲ့ဖူးပေ။
နောက်ဆုံးတစ်ခေါက်တွင်သာ ရဲ့လင်းချန်၏ လက်ထဲ၌ သူ ထိုသို့ အကြီးအကျယ် ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီး ရှက်စိတ်နှင့် ဒေါသစိတ်ကြောင့် သူ သေချင်လုနီးပါး ဖြစ်ခဲ့ရသည်။
သူ … ရဲ့လင်းချန်ကို သေစေချင်၏။
“အဲ့ဒါ တရုတ်အဖွဲ့ပဲ”
လီဆောင်းယွန်း၏ ကျန်အဖွဲ့သားများသည်လည်း ထိုနေရာကို သတိထားမိသွားသည်။ သူတို့၏ မျက်လုံးများက ချက်ချင်း ရဲ့လင်းချန်ပေါ် ကျရောက်လာပြီး မျက်နှာအမူအရာက အလွန်အမင်း ရန်လိုနေသည်။
လီဆောင်းယွန်း၏ အရှက်ကွဲမှုက ကိုရီးယား တစ်နိုင်ငံလုံးကို လူရယ်စရာ ဖြစ်စေခဲ့သည်။ ထို့အပြင် ရဲ့လင်းချန်သည် ယခင်က ကိုရီးယားနိုင်ငံသို့ ဆေးတင်ပို့ ရောင်းချမှု ပိတ်ပင်ခဲ့သောကြောင့် သူတို့၌ သူ့အပေါ် အငြိုးအတေး ရှိနေကြသည်။
“ငါ သိတယ်”
လီဆောင်းယွန်း၏ ပိန်ပါးပါး မျက်နှာက အနည်းငယ် ပုံပျက်နေသည်။ ဘေးနှစ်ဖက်တွင် ချထားသော လက်သီးများအား အနည်းငယ် တင်းနေအောင် ဆုပ်ထားပြီး တင်းလွန်း၍ အနည်းငယ်ပင် တုန်ခါနေ၏။
“ဟေ့ မျိုးမစစ်ကောင်”
လီဆောင်းယွန်း၏ အဖွဲ့ထဲမှ မာနကြီးသော မျက်နှာနှင့် လူငယ်တစ်ဦးက စိတ်မထိန်းနိုင်ဘဲ ပထမဆုံး ထွက်လာသည်။ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရဲ့လင်းချန်၏ လမ်းကို ပိတ်လိုက်သည်။
ရဲ့လင်းချန်က မျက်မှောင်အနည်းငယ် ကြုတ်ကာ သူ့ကို စိတ်မဝင်စားစွာ ကြည့်လိုက်သည်။
“မျိုးမစစ်ကောင်၊ မင်း ဘယ်သူ့ကို ဆဲနေတာလဲ”
“မျိုးမစစ်ကောင်က မင်းကို ဆဲနေတာပေါ့”
ထိုလူသည် မစဉ်းစားဘဲ ပြန်ဖြေလိုက်ပြီး သူ၏ မျက်နှာအမူအရာက အေးစက်ပြီး တင်းမာနေသည်။
“မှန်တယ်၊ ကောင်စုတ်လေးက ငါ့ကို ဆဲနေတာ”
ရဲ့လင်းချန်က ရယ်သည်။
*ကစားချင်တယ်ပေါ့လေ၊ တရုတ်စကားလုံး ကစားနည်းက မင်းကို သတ်နိုင်တယ်ကွ*
“ဟားဟားဟား၊ ကိုရီးယားနိုင်ငံက လူတွေက သူတို့ရဲ့ ကန့်သတ်ချက်ကို တကယ် သိကြတာပဲ။ သူတို့က မျိုးမစစ်ကောင် ဖြစ်ကြောင်း ဆန္ဒအလျောက် ဝန်ခံတယ်။ ချီးကျူးပါတယ်၊ ချီးကျူးပါတယ်”
ကျင့်ရှန်နှင့် တခြားသူများ အားလုံး ကျယ်လောင်စွာ ရယ်မောကြသည်။ ကျန်းတလီတောင်မှ မရယ်ဘဲ မနေနိုင်ပေ။
“ခွေးမသား၊ မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့လေ”
ထိုလူ၏ မျက်နှာ အေးခဲသွားသည်။ သူ့ကိုယ်သူ ရုတ်တရက် ရှေ့တိုးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ချည်မျှင်များက ဝန်းရံလာပြီး ရဲလင်ချင်းဆီသို့ အလျင်အမြန် ပြေးဝင်လာ၏။
*ဂျူဒိုလား*
ရဲ့လင်းချန်၏ မျက်လုံးအိမ်များ အနည်းငယ် ကျုံ့သွားသည်။ ဤနည်းစနစ်က လီဆောင်းယွန်း၏ နည်းစနစ်နှင့် တစ်ထပ်တည်းပင်။
“မင်းက တိုက်ခိုက်ချင်တာလား”
ရဲ့လင်းချန် မလှုပ်ရှားခင်မှာပင် ကျန်းတလီက ရှေ့သို့ တိုးလာပြီး သူ့လက်ထဲမှ ဓားကြီးဖြင့် ပြေးဝင်လာသော ချည်မျှင်များကို တန်းတန်းမတ်မတ် ခုတ်ပိုင်းချလိုက်သည်။
“ဒေါင်”
ထိုချည်မျှင်များသည် အားနည်းပြီး ပျော့ပျောင်းပုံရသော်လည်း သတ္တုချင်း တိုက်ခိုက်သံ ထွက်ပေါ်လာခဲ့သည်။ ဓားဖြင့် ခုတ်ထုတ်ခံရပြီးနောက် ၎င်းတို့သည် နောက်တစ်ကြိမ် ထပ်မံ၍ သူ့အား ရစ်ပတ်လာပြန်သည်။
ကျန်းတလီ၏ ဓားကြီးကို ချည်မျှင်များက ရစ်ပတ်ထားသော်လည်း သူ လုံးဝ ထိတ်လန့်သွားခြင်း မရှိပေ။ ဓားကိုယ်ထည်သည် လျင်မြန်စွာ လည်ပတ်သွားပြီး ဓားချီစွမ်းအင်က နေရာအနှံ့ ရွေ့လျားကာ ဓားပတ်လည်တွင် စိတ်ဝိညာဉ် စွမ်းအင် မုန်တိုင်းကို ဖြစ်ပေါ်စေသည်။ ပတ်ဝန်းကျင်ရှိ လေထုသည် ဓားသွားကဲ့သို့ ထက်ရှနေသည်။
ဓားရိပ်များသည် တစ်ခုနှင့်တစ်ခု ဇယ်ဆက်သကဲ့သို့ ထွက်ပေါ်နေပြီး ချည်မျှင်များကို အပိုင်းပိုင်း ဖြတ်တောက် နေသည်။ သို့သော် ထိုချည်မျှင်များသည် အဆုံးမရှိဘဲ ဓားစွမ်းအင်နှင့် အဆက်မပြတ် တိုက်ခိုက်နေသည်။
ပတ်ဝန်းကျင်တွင် နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင်များက ဤနေရာမှ လှုပ်ရှားမှုကို သတိပြုမိနေကြပြီး သူတို့အားလုံး မော့ကြည့်လာကြသည်။
“တရုတ်နိုင်ငံ အသင်းနဲ့ ကိုရီးယားနိုင်ငံ အသင်းလား”
“သူတို့ရဲ့ ခွန်အားက မဆိုးပေမဲ့ နှစ်ဖက်လုံးက စမ်းသပ်နေရုံပဲမို့ သူတို့ရဲ့ စစ်မှန်တဲ့ ခွန်အားကို မသိနိုင်ဘူး”
“ဟိုကောင်လေးက လီဆောင်းယွန်းရဲ့ နောက်ဆုံးတပည့် ကင်ဂျယ်ဆော့မလား၊ သူ့ရဲ့ ဂျူဒိုအဆင့်က တကယ် မဆိုးဘူး”
“ဟိုတရုတ်ကောင်လေးကလဲ မဆိုးဘူး။ သူ ဓားသိုင်း လေ့ကျင့်တာကိုး၊ စိတ်ဝင်စားစရာပဲ။”
“ဟိုကောင်လေးက ရဲ့လင်းချန်လား၊ သူ့ရဲ့ ဆေးပညာ အရည်အချင်းက ထူးချွန်တဲ့အပြင် သိုင်းပညာကိုပါ သိနေတာက မယုံနိုင်စရာပဲ”
“ဪ … သူက လီဆောင်းယွန်းကို လူသိရှင်ကြား တောင်းပန်ခိုင်းခဲ့တဲ့သူလား၊ တကယ် အစွမ်းထက်တဲ့ ကောင်လေးပဲ။ သူ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိချင်မိတယ်”
...
ကမ္ဘာတစ်ဝန်းမှ ပြိုင်ပွဲဝင်များက ဆွေးနွေးနေချိန်တွင် နှစ်ဖက်စလုံး၏ ခွန်အားကိုလည်း အနီးကပ် စောင့်ကြည့် နေကြသည်။
ကျန်းတလီနှင့် ကင်ဂျယ်ဆော့တို့သည်လည်း အခြေအနေကို စိုးရိမ်လာကြသည်။ ခဏတာ ခွန်အားချင်း ဖလှယ်ပြီးနောက် ဆုတ်ခွာလိုက်ကြသည်။ နှစ်ဦးစလုံး အချင်းချင်း ဘာမှ မလုပ်နိုင်ခဲ့ပေ။
“တရုတ်သိုင်းပညာလား၊ ဒီလောက်ပဲလား”
ကင်ဂျယ်ဆော့က မထီမဲ့မြင် သရော်လေသည်။
ကျန်းတလီကလည်း လှောင်ပြောင်သည်။
“မင်း လီဆောင်းယွန်းရဲ့ အစစ်အမှန် သွန်သင်ချက်အားလုံးကို ရခဲ့တယ်လို့ ကြားတယ်။ ကြည့်ရတာ မင်းက မင်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေရုံပဲ ထင်တယ်”
“မင်း သေချင်နေတာလား”
“တော်လောက်ပြီ”
လီဆောင်းယွန်း၏ မျက်နှာအမူအရာက သုန်မှုန်နေပြီး အသာအယာ ပြောလာသည်။ သူက ရဲ့လင်းချန်နှင့် အဖွဲ့ကို ခက်ထန်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
သူ ရှေ့သို့တိုးပြီး ဖြည်းဖြည်းချင်း လျှောက်လာသည်။
လေတစ်ချက် တိုက်ခတ်လာ၏။ လီဆောင်းယွန်း၏ အကြည့်က အေးစက်သွားပြီး သူ့ပတ်ဝန်းကျင်ရှိ အရှိန်အဝါသည်လည်း ပြောင်းလဲသွားပုံရသည်။
သူ၏ အသံက သွားကြားထဲမှ ထွက်လာသကဲ့သို့ တီးတိုး ထွက်လာသည်။
“ရဲ့လင်းချန်”
ရဲ့လင်းချန်က မျက်လုံးကို မှေးစင်း၍ ပြုံးကာ ပြောလိုက်သည်။
“လီဆောင်းယွန်း၊ ခင်ဗျား ကျုပ်ကို ကျေးဇူးတင်ချင်လို့ ကျုပ်တို့လမ်းကို ပိတ်ထားတာလား”
“ငါက မင်းကို ကျေးဇူးတင်ရမယ် ဟုတ်လား”
လီဆောင်းယွန်းက အေးစက်စွာ ခနဲ့လိုက်သည်။
“ခင်ဗျား မှတ်ဉာဏ် မကောင်းဘူးနဲ့ တူတယ်၊ ကျုပ် မကြာသေးခင်က ခင်ဗျားတို့ ကိုရီးယားနိုင်ငံကို ဆေးတွေ ပံ့ပိုးပေးခဲ့ပြီးတော့ ခင်ဗျားတို့ လူပေါင်းများစွာကို ကယ်ခဲ့တယ်လေ၊ ခင်ဗျား ကျုပ်ကို ကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား”
ရဲ့လင်းချန်က ပြန်မေးလိုက်သည်။
“ဟုတ်တယ်၊ ငါ မင်းကို တကယ် ကျေးဇူးတင်သင့်တယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်”
လီဆောင်းယွန်း၏ အသံတွင် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
“ကောင်းတယ်၊ ခင်ဗျား ကျုပ်ကို ကျေးဇူးတောင် မတင်ချင်ဘူးဆိုရင် ကျုပ် စိတ်မပျော်လို့ကတော့ ခင်ဗျားရဲ့ နိုင်ငံကို ဆေးလုံးတွေ ထပ်ပြီး ပိတ်ပစ်လိုက်နိုင်တယ်၊ အဲ့လိုဖြစ်လာခဲ့ရင်တော့ ကျုပ် တကယ် စိတ်မကောင်းပါဘူး”
ရဲ့လင်းချန်က ပခုံးတွန့်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လီဆောင်းယွန်း ဒေါသထွက်လွန်း၍ စကားတောင် မပြောနိုင်တော့ချေ။
သူ့မျက်လုံးများတွင် သွေးရောင် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ လက်ရှိတွင် သူသည် သူ၏ လူသတ် ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရဲ့လင်းချန်ကို ချက်ချင်း သတ်ပစ်ချင်နေသည်။