← Chapters

ဟန်ရေးပြခြင်း

Vol. 51 Ch. 759

ဟန်ရေးပြခြင်း

Vol. 51 Ch. 759

လူအုပ်ကြီး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်၌ ထည်ဝါသော ဘုရင်အဆင့် သိုင်းပညာရှင် တစ်ယောက်က အမှန်တကယ် တိုက်ခိုက်ခံနေရသည်။ ရဲ့လင်းချန်က သူ့ကို မျက်လုံးထဲပင် မထည့်မှန်း လီဆောင်းယွန်း ပြောနိုင်သည်။ သူတို့ နှစ်ယောက်ကြားမှ ပဋိပက္ခကို ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် ဟန်ဆောင် ယဉ်ကျေးနေရန် မလိုအပ်ပေ။

“ရဲ့လင်းချန် ဒီပြိုင်ပွဲမှာ ငါတို့နဲ့ မတိုးပါစေနဲ့လို့ မင်း ဆုတောင်းထားလိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် မင်းရဲ့ ခြေလက်တွေနဲ့ မျက်လုံးတွေ ဆုံးရှုံးရပြီးတော့ သေသွားရလိမ့်မယ်”

“ဟ … ကိုရီးယားနိုင်ငံက လူလေး ငါးယောက်ထဲနဲ့ ခင်ဗျားက စကားကြီး စကားကျယ် ပြောရဲတာလား၊ ကိုယ့်ကိုယ်ကိုယ် ရယ်စရာဖြစ်အောင် လုပ်မိမှာကို မကြောက်ဖူးလား”

ကျန်းတလီက အေးစက်စွာ ပြောလိုက်သည်။

“ဟေ့ … ခွေးလိမ္မာလေးက လမ်းကို မပိတ်တတ်ဘူး၊ အခု ခင်ဗျားတို့ ဘေးဖယ်နေလို့ ရပြီလား”

ကျင့်ရှန်က ကိုရီးယားနိုင်ငံမှ လူငါးယောက်ကို ကြည့်ပြီး ခနဲ့၍ ပြောလိုက်သည်။

ကင်ဂျယ်ဆော့သည် သူ့အနားမှ စိတ်ဝိညာဉ် စွမ်းအင် ချည်မျှင်များကို လှုပ်ခါလိုက်သည်။ သူ၏ မျက်လုံးများက ခက်ထန်လာပြီး သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့်နှက်လာကာ အေးစက်စွာ ပြောလိုက်သည်။

“တရုတ်နိုင်ငံက မျိုးမစစ်လေးတွေ မာန်တက်နေလိုက်စမ်း၊ ငါ မင်းတို့ကို နောင်တရအောင် လုပ်ပြမယ်”

သူ့လက်မှ ထွက်လာသော ထိုချည်မျှင်များသည် ပျံဝဲကာ အနီးအနားမှ သစ်ပင်များနှင့် ချုံပုတ်များကို ဖြတ်တိုက် သွားသည်။ မရေတွက်နိုင်သော မြက်ပင်များ ခါးလယ်မှ ပြတ်တောက်သွားပြီး သစ်ပင်များစွာသည်လည်း နက်ရှိုင်းသော ကြိုးရာများ ကျန်ခဲ့လေသည်။

ကိုရီးယားနိုင်ငံက ဂျူဒိုပညာက မာကျောနိုင်သလို ပျော့လည်း ပျော့ပျောင်းနိုင်တယ်၊ ဒီချည်မျှင်က တကယ်ကို အားကောင်းတယ်”

အနီးအနားမှ လူများအားလုံးက မျက်လုံးတွင်း၌ ကြောက်လန့်သော အရိပ်အယောင်များနှင့် တအံ့တဩ ပြောလာသည်။

“တော်ပြီ၊ သွားကြစို့”

လီဆောင်းယွန်းက အသာပြောပြီး ရဲ့လင်းချန်နှင့် အခြားသူများကို စိုက်ကြည့်လေသည်။

“တိုက်ပွဲမှာ တွေ့ကြတာပေါ့၊ မင်းတို့ အစမှာတင် မပြုတ်သွားဖို့ ငါ မျှော်လင့်ပါတယ်”

သို့သော် သူတို့ နောက်လှည့်၍ ထွက်သွားတော့မည့်အချိန်၌ ရဲ့လင်းချန်၏ ဖုန်းက တုန်ခါလာပြီး အသံမြည်လာ၏။

“ကျုပ် … လီဆောင်းယွန်းက အပြစ်တွေ လုပ်ခဲ့ပြီးတော့ အရှက်မရှိတဲ့ လူယုတ်မာ ဖြစ်ပါတယ်၊ ကျုပ် ဒီကနေပြီး ဆေးစံအိမ်ကို တောင်းပန်ပါတယ်၊ ကျုပ် တောင်းပန်ပါတယ်”

“ကျုပ် … လီဆောင်းယွန်းက အပြစ်တွေ လုပ်ခဲ့ပြီးတော့ အရှက်မရှိတဲ့ လူယုတ်မာ ဖြစ်ပါတယ်၊ ကျုပ် ဒီကနေပြီး ဆေးစံအိမ်ကို တောင်းပန်ပါတယ်၊ ကျုပ် တောင်းပန်ပါတယ်”

ဖုန်းသံက အတော်ကျယ်ပြီး လူတိုင်း ကြားလိုက်ရသဖြင့် အခြေအနေက ချက်ချင်း ထူးဆန်းသွားစေသည်။ လူတိုင်း၏ အကြည့်က ရဲ့လင်းချန်အပေါ် ပြိုင်တူ ကျရောက်လာ၏။

“စိတ်မရှိပါနဲ့”

ရဲ့လင်းချန်က ဖုန်းကို ထုတ်လိုက်သဖြင့် ဖုန်းသံက ပို၍ ကျယ်လောင်သွားသည်။

“ဒီဖုန်းသံက ဘယ်တုန်းက ဒီလို ဖြစ်သွားတာလဲ”

ရဲ့လင်းချန်က တောင်းပန်ဟန်နှင့် ခလုတ်ကို နှိပ်သဖြင့် တစ်လောကလုံး တိတ်ဆိတ်သွားသည်။

သို့သော် တစ်ခဏအတွင်းမှာပင် ဖုန်းသံက ပြန်မြည်လာ၏။

“ကျုပ် … လီဆောင်းယွန်းက အပြစ်တွေ လုပ်ခဲ့ပြီးတော့ အရှက်မရှိတဲ့ လူယုတ်မာ ဖြစ်ပါတယ်၊ ကျုပ် ဒီကနေပြီး ဆေးစံအိမ်ကို တောင်းပန်ပါတယ်၊ ကျုပ် တောင်းပန်ပါတယ်”

“ကျုပ် … လီဆောင်းယွန်းက အပြစ်တွေ လုပ်ခဲ့ပြီးတော့ အရှက်မရှိတဲ့ လူယုတ်မာ ဖြစ်ပါတယ်၊ ကျုပ် ဒီကနေပြီး ဆေးစံအိမ်ကို တောင်းပန်ပါတယ်၊ ကျုပ် တောင်းပန်ပါတယ်”

…

လူတိုင်း၏ အမူအရာက ထူးဆန်းလာသည်။ တစ်ခါတရံတွင် သူတို့က ရဲ့လင်းချန်ကို ကြည့်လိုက်၊ မီးသွေးသဖွယ် မည်းနေသော မျက်နှာ ဖြစ်နေသည့် လီဆောင်းယွန်းကို တစ်လှည့် ကြည့်နေကြသည်။

ကျင့်ရှန်က ရဲ့လင်းချန်ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး မရယ်မိအောင် ကြိုးစားနေရသည်။

*ဒီလူက အရမ်း အစွမ်းပြလွန်းတာပဲ၊ သူက ဒီစကားကို ဖုန်းမြည်သံအဖြစ် တကယ်ကြီး ထားတာလိုက်သေးတယ်၊ ဒီလုပ်ပုံက တကယ်ကို မျက်စိကျိန်းစရာပဲ”

ချန်ရှောင်ရှောင်က ခစ်ခနဲ ရယ်မိပြီး ချက်ချင်း ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။ သူမက အလွန်အမင်း တည်ငြိမ်နေသေးသည့် ရဲ့လင်းချန်ကို သိချင်စိတ်ဖြင့် ကြည့်နေသည်။

“ဒါ ဘယ်သူလဲ၊ အနှောင့်အယှက် ပေးတဲ့ ဖုန်းခေါ်ဆိုမှုတွေက ပြီးကို မပြီးတော့ဘူး”

ရဲ့လင်းချန်က ညင်သာစွာ သက်ပြင်းချလိုက်ပြီးနောက် ဖုန်းကို နောက်တစ်ကြိမ် ထပ်နှိပ်လိုက်သည်။ သူ၏ မျက်နှာ အမူအရာက အလွန် အပြစ်ကင်းစင်နေသည်။

“မင်း သေချင်နေတာပဲ”

လီဆောင်းယွန်း၏ မျက်နှာက နီမြန်းလာပြီး သူ၏အရှိန်အဝါသည် အမြင့်ဆုံးသို့ ရောက်ရှိသွားလေသည်။ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဓားကဲ့သို့ သိပ်သည်းသော လူသတ်ချင်စိတ်သည် နှင်းပြိုသကဲ့သို့ ရဲ့လင်းချန်နှင့် ကျန်လူငါးဦးအပေါ် ဖိအားပေးလာသည်။

“ရွှစ် ရွှစ် ရွှစ်”

သူ့ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင် ချည်မျှင်များသည် ပင့်ကူမျှင်ကဲ့သို့ ရဲ့လင်းချန်နှင့် ကျန်လူငါးဦးကို ဝန်းရံထားသည်။

“ဟမ့်”

ရဲလင်ချင်းနှင့် ကျန်ငါးဦးလည်း သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို အမြင့်ဆုံးသို့ ထုတ်လွှတ်လိုက်ကြသည်။ သို့သော်လည်း သူတို့သည် လီဆောင်းယွန်း၏ ဖိအားကြောင့် တစ်လှမ်းချင်းစီ နောက်သို့ ဆုတ်ခွာနေရဆဲ ဖြစ်သည်။ အထူးသဖြင့် ရဲလင်ချင်းသည် ဤဖိအားကို တောင်ကြီးတစ်လုံးကဲ့သို့ ခံစားနေရပြီး ဒူးထောက်ကျသွားလုနီးပါး ဖြစ်နေသည်။

“ဒေါက် ဒေါက် ဒေါက်”

လီဆောင်းယွန်းက တစ်လှမ်းချင်းစီ ဖိအားပေးလာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ပို၍ပို၍ အားကောင်း လာသည်။ သူ ရဲ့လင်းချန်နှင့် ငါးမီတာအကွာအဝေးကို မရောက်မီ စွန်းဟုန်ထောင်က သာသာယာယာနှင့် ခြေလှမ်း တစ်လှမ်း ရှေ့တိုးလိုက်ပြီး ညင်သာစွာ ပြုံးကာ ပြောလိုက်သည်

“ဟဲဟဲ၊ လီဆောင်းယွန်း၊ မင်းရဲ့ ဂုဏ်သိက္ခာကို သတိထားဦး။ ကိုရီးယားနိုင်ငံကလူတွေက အားနည်းသူကို အနိုင်ကျင့်ဖို့ပဲ သိကြတာလား”

ရဲ့လင်းချန်နှင့် ကျန်သူများအပေါ်ရှိ ဖိအားသည် ချက်ချင်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

သူတို့ ငါးယောက်လုံးသည် ဒေါသထွက်နေသော လီဆောင်းယွန်းကို ကြည့်ပြီး စိတ်ထဲတွင် ကြောက်ရွံ့မှု ခံစားနေရသည်။ ဘုရင်အဆင့်နှင့် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကြားတွင် အဆင့်နှစ်ဆင့်သာ ကွာခြားပုံရသော်လည်း ၎င်းတို့ကြားက ကွာဟချက်မှာ ချောက်ကြီးကဲ့သို့ ဖြစ်သည်။ ဘုရင်အဆင့်သို့ ဝင်ရောက်နိုင်မှသာ အရေးပါသော ကျွမ်းကျင်သူဟု သတ်မှတ်နိုင်သည်။ သူက အလွန် သန်မာနေ၏။

“ဘုရင်အဆင့်ကို အရှက်ခွဲလို့ မရဘူးကွ၊ ကောင်စုတ်လေးတစ်ယောက်က ငါ့ကို ဘယ်လိုတောင် အရှက်ခွဲရဲတာလဲ၊ ငါ သူ့ကို သတ်မယ်”

လီဆောင်းယွန်း၏ အရှိန်အဝါသည် တစ်ဖန် ပြန်လည် မြင့်တက်လာသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင် ချည်မျှင်များက ဓားများကဲ့သို့ လေထဲတွင် ကခုန်နေပြီး စွန်းဟုန်ထောင်ကို တစ်ခဏအတွင်း တိုက်ခိုက်တော့မည့် အလား ဖြစ်နေသည်။

“လီဆောင်းယွန်း ကျွန်တော့်ကို စွပ်စွဲမနေပါနဲ့။ ကျွန်တော် ခင်ဗျားကို ဘယ်တုန်းက အရှက်ခွဲခဲ့လို့လဲ၊ ဒီမြည်သံက ပိုကောင်းတယ်လို့ပဲ ကျွန်တော် ထင်တာပါ။ အဲဒါ မှားလို့လား၊ ဒီစကားကို ခင်ဗျားက ပြောခဲ့တာများလား”

ရဲ့လင်းချန်က အလွန် အံ့အားသင့်ဟန်ဆောင်လိုက်သည်။

“ဪ၊ ဒါကို ကျွန်တော် တကယ် မသိဘူး။ ဒီအသံကို ကျွန်တော် ဒီအတိုင်း ပြောင်းထားလိုက်တာပါ”

စွန်းဟုန်ထောင်၏ အနက်ရောင် ဝတ်ရုံရှည်က လေထဲတွင် တလူလူ လွင့်နေ၏။ သူက အသာပြုံး၍ ပြောလိုက်သည်။

“လီဆောင်းယွန်း၊ မင်း တိုက်ချင်တယ်ဆိုရင် ငါ မင်းကို အဖော် လုပ်ပေးဖို့ ဝန်မလေးဘူး”

“သွားကြစို့”

လီဆောင်းယွန်း၏ အကြည့်က ဓားတစ်လက်အလား စူးရှနေ၏။ သူသည် ရဲ့လင်းချန်ကို အေးစက်စွာ စိုက်ကြည့်နေပြီးမှ လှည့်ထွက်သွားသည်။

“ဒီတစ်ခေါက် နည်းနည်း ထင်ထင်ပေါ်ပေါ် ဖြစ်သွားပြီ”

ထျဲကျွင်းက မျက်မှောင်ကြုတ်၍ ခပ်တိုးတိုး အသံဖြင့် ပြောလိုက်သည်။

“ကိစ္စ မရှိဘူး၊ မင်း ခွန်အား နည်းနည်းလောက်ပဲ ပြရင်တောင်မှ မင်းကို ငပျော့ကောင်လို ဆက်ဆံမှာ မဟုတ်ဘူး”

စွန်းဟုန်ထောင်က ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။

“နောက်ဆုံးတော့ မင်းရဲ့ ခွန်အားပေါ်မှာပဲ မူတည်နေတာပဲ”

လူခုနစ်ယောက်ပါသော အဖွဲ့သည် ရှေ့သို့ ဆက်လျှောက်လာနေပြီး လူအများ အာရုံစိုက်စရာ ဖြစ်လာသည်။ နိုင်ငံပေါင်းစုံမှ ပြိုင်ပွဲဝင်များအားလုံးက လှမ်းကြည့်လာပြီး သေသေချာချာ လေ့လာသော အကြည့်ဖြင့် ကြည့်နေကြသည်။

ယခုတစ်ခေါက်၌ တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့သည် လူမြင်ကွင်းထဲသို့ ပထမဆုံး ဝင်ရောက်လာကြသည်။

သို့သော် လူတိုင်းက သူတို့ကို ကြည့်နေချိန်တွင် ရဲ့လင်းချန်ကလည်း သူတို့ကို လေ့လာနေ၏။ သူသည် သူတို့ တစ်ယောက်ချင်းစီအား အရှိန်အဝါ ဟောကိန်းဖြင့် လိုက်ကြည့်နေပြီး ရွှေအိုရောင်ဆံပင်နှင့် အပြာရောင် မျက်လုံး လူတစ်ချို့တို့ထံ၌ ရပ်တန့်သွားသည်။

ထိုလူများ၏ အနီးအနားမှ ချီစွမ်းအင်သည် သိုင်းပညာရှင်များနှင့် လုံးဝ ကွဲပြား ခြားနားသည်။ သူတို့ထဲက နှစ်ယောက်တွင် အနီရောင် ချီစွမ်းအင် ရှိပြီး တစ်ယောက်က ရွှေအိုရောင် ၊ တစ်ယောက်က မိုးပြာရောင်နှင့် ကျန်တစ်ယောက်က အစိမ်းရောင် ရှိသည်။

*သူတို့က နိုးထသူတွေများလား*

ထိုချီစွမ်းအင်၏ အရောင်သည် သူတို့ နိုးထလာသော စွမ်းရည်များကို ကိုယ်စားပြုသည်။ ၎င်းအား ကျင့်ကြံခြင်းနှင့် ယှဉ်လျှင် ဘယ်အရာက သန်မာပြီး ဘယ်အရာက အားနည်းသလဲ မသိနိုင်ပေ။

စီစဉ်ထားသော တည်းခိုရန် အိမ်ခန်းသည်လည်း ခမ်းနားသည်ဟု မသတ်မှတ်နိုင်ပါ။ ၎င်းသည် ဟိုတယ် အသေးစား ပုံစံနှင့် ဆင်တူသည်။ အပြင်ပိုင်းအား သစ်သားဖြင့် ပြုလုပ်ထားသည်။

ညအချိန်၌ အားလုံး ညစာ အတူတူ စားကြသည်။

စွန်းဟုန်ထောင်က လေးနက်သော အသံဖြင့် ပြောလာသည်။

“မနက်ဖြန်က ပြိုင်ပွဲ ဖွင့်ပွဲနေ့ပဲ၊ ဘာသိုင်းပညာ ပြိုင်ပွဲမှ ရှိမှာ မဟုတ်ဘူး၊ အဲ့အချိန်မှာ နိုင်ငံတိုင်းက သိုင်းစံအိမ်တွေမှာ တိုက်ရိုက် ထုတ်လွှင့်မှု ရှိလိမ့်မယ်၊ ပြိုင်ပွဲဝင်တွေကို မဲနှိုက်ပြီး ရွေးချယ်မှာ”

“ပထမပွဲမှာ ငါတို့ ရှေးဟောင်း ဂရိလူမျိုး၊ အိန္ဒိယနဲ့ အမေရိကန်တို့က လူတွေနဲ့ မတွေ့ရင် အကောင်းဆုံးပဲ”

“နိုင်ငံတိုင်းမှာ ပညာရှင်တွေ အများကြီး ရှိပင်မယ့် မင်းတို့က အဲ့ဒီ သုံးနိုင်ငံက တိုက်ခိုက်မှုပုံစံနဲ့ မရင်းနှီးဘူး၊ အစပိုင်းမှာတင် အားနည်းချက် ရှိဖို့ လွယ်သွားလိမ့်မယ်၊ ပြင်ဆင်ထားတာ အကောင်းဆုံးပဲ”

“တကယ်လို့ အဲ့သုံးနိုင်ငံက လူတွေနဲ့ ပထမပွဲမှာတင် ကြုံခဲ့ရင် အတတ်နိုင်ဆုံး သတိထားပါ၊ အဓိကက ပြိုင်ဘက်နဲ့ အသားကျဖို့ပဲ၊ တကယ်လို့ အလုပ်မဖြစ်ရင် မင်းတို့ ဗျူဟာအရ အရှုံးပေးလို့ ရတယ်”

ပြိုင်ပွဲက တစ်ပွဲထိုး ရှုံးထွက်စနစ် မဟုတ်ပေ။ ရှုံးသွားလျှင်တောင်မှ ရှုံးနိမ့်သွားသည့် အသင်းနှင့် တိုက်ခိုက်နိုင်သည်။ အနိုင်ရသူက ထပ်ပြိုင်နိုင်ခွင့် ရပေမည်။

လူတိုင်း ထိုသို့ မတွေးကြသည်မှာ သိသာလှသည်။

သူတို့ ပြိုင်ပွဲတွင် ပါဝင်ရန် ရောက်လာကတည်းက သူတို့၏ ကိုယ်ပိုင် ခွန်အားအပေါ်မှာ အလွန်ယုံကြည်မှု ရှိကြသည်။ လူတိုင်းက ပါရမီရှင်များ ဖြစ်ကြပြီး သူတို့၏ ယုံကြည်မှုက ဘယ်သူ့ထက်မှ မနိမ့်ပေ။ စစချင်းမှာတင် အရှုံးပေးခြင်းက သူတို့ပုံစံ မဟုတ်ချေ။

စွန်းဟုန်ထောင်သည် လူတိုင်း၏ ခံစားချက်ကို သိသဖြင့် သူ များများစားစား မပြောတော့ချေ။ သူ ပြုံး၍ ပြောလိုက်သည်။

“သိုင်းစံအိမ်ကလဲ ဒီပြိုင်ပွဲအတွက် မင်းတို့ကို ပစ္စည်း ထောက်ပံ့ပေးဖို့ စီစဉ်ထားတယ်၊ ငါ အခု မင်းတို့ကို ဝေပေးမယ်”

All Chapters