ရက်စက်ကြမ်းကြုတ်သော ကံကြမ္မာနယ်မြေ
Vol. 22 Ch. 276
"မိသားစုခေါင်းဆောင်က ပြောဖူးတယ်...ကြွေလွင့်ပုလဲတွေက မြေပေါ်ကို ပြုတ်ကျသွားလို့ မရဘူး...တကယ်လို့ ပြုတ်ကျသွားရင် ပျောက်ကွယ်သွားလိမ့်မယ်တဲ့...ဒါဆို ကြွေလွင့်ပုလဲတွေအားလုံး ပျောက်ကွယ်သွားတာလား"
ဖုယင်ယင်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် မည်သို့ဆက်လုပ်ရမည်ကို မသိတော့သဖြင့် ရုတ်တရက် ပြောဆိုလိုက်သည်။
"ဒါက..."
ကျန်းရွှမ်သည် သဲလွန်စမရှိသဖြင့် အချိန်တခဏကြာမျှ ကြက်သေသေနေပြီးနောက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အလား သူ၏မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။
"အမှန်ပဲ...ဒီကြွေလွင့်ပုလဲတွေသာ မြေကြီးထဲကို ပျောက်ကွယ်သွားခဲ့ရင် ငါတို့ ဘယ်လောက်ကြာကြာရှာရှာ တွေ့နိုင်မှာ မဟုတ်တော့ဘူး"
"ရှင် ဘာကို ဆိုလိုတာလဲ"
ဖုယင်ယင်က နားမလည်နိုင်စွာဖြင့် သူ့အား ကြည့်လေသည်။
"ဒါက ရိုးရှင်းပါတယ်"
ကျန်းရွှမ်သည် မည်သည့်အရာကိုမျှ ရှင်းပြမနေဘဲ လှိုဏ်ဂူ၏ ကျောက်သားနံရံဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူသည် နံရံပေါ်သို့ သူ၏လက်ဝါးကို ခပ်ဖွဖွတင်လိုက်ပြီး အားမသုံးဘဲ ညင်သာစွာပုတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် လက်မဝက်ခန့်နက်သော လက်ဝါးရာတစ်ခုက နံရံပေါ်တွင် ထွက်ပေါ်လာပေ၏။
ဖုယင်ယင်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် လေးစားအားကျသွားသည်။
နံရံပေါ်တွင် လက်မဝက်ခန့်နက်သော လက်ဝါးရာတစ်ခု ထင်ကျန်ရစ်ခြင်းသည် ရိုးရှင်းပုံရသော်လည်း ကျန်းရွှမ်၏လက်ဝါးရာသည် အက်ကွဲရာ သို့မဟုတ် အစအနများ မကျန်ရစ်ဘဲ တိကျစွာဖြတ်တောက်ထားပြီး အရောင်တင်ထားသကဲ့သို့ လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့ခြင်းပင်။ သူ၏ စွမ်းအားထိန်းချုပ်မှုသည် သူမထက် များစွာပို၍သာလွန်နေသည်မှာ သိသာထင်ရှားသည်။
"မင်းကိုယ်တိုင် လာစမ်းကြည့်ပါလား..."
သူမ၏လေးစားအားကျမှုကို လျစ်လျူရှုပြီး ကျန်းရွှမ်က လက်ဝှေ့ယမ်းပြလိုက်သည်။
"ကျွန်မလား..."
ဖုယင်ယင်၏မျက်နှာတွင် ရှက်ရွံမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"ကျွန်မ မလုပ်နိုင်လောက်ဘူး"
သူမ၏ကျင့်ကြံဆင့်သည် သူနှင့်သိပ်မကွာလှသော်လည်း သူမတို့နှစ်ယောက်ကြားရှိ အစစ်အမှန်စွမ်းအားမှာမူ အလွန်ကွာခြားသည်။ သူမတို့သည် အဆင့်တူတွင် ရှိမနေချေ။
"မင်း စမ်းကြည့်လိုက်ပါအုံး"
ကျန်းရွှမ်က တိုက်တွန်းလိုက်သည်။
"ကောင်းပြီလေ.."
သူက အတင်းအကြပ် တိုက်တွန်းနေသဖြင့် ဖုယင်ယင် ဘာမှထပ်မပြောတော့ချေ။ သူမသည်လည်း ကျောက်သားနံရံနားသို့ ကပ်သွားကာ လက်ဝါးကို ဖွဖွလေးတင်လိုက်ပြီး အတွင်းအားကို ထုတ်ဖော်လျက် ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။
ခရက်...
လက်မဝက်ခန့်နက်သော လက်ဝါးရာတစ်ခုက ကျောက်နံရံပေါ်တွင် ထွက်ပေါ်လာပြီး ကျန်းရွှမ်၏လက်ဝါးရာနှင့် တထပ်တည်းကျနေကာ ဓားဖြင့်လှီးဖြတ်ထားသည့်အလားပင်။
"ဒါက..."
ဖုယင်ယင် ကြက်သေသေသွားသည်။
သူမ၏စွမ်းအားကို သူမ ကောင်းစွာသိရှိထားပြီး ဤကဲ့သို့ ပြုလုပ်နိုင်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။ သို့ရာတွင် ယခုချိန်တွင်မူ သူမသည် ဤကိစ္စကို လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့ပေ၏။
သူမ၏ကြက်သေသေနေသော အမူအယာကို လျစ်လျူရှုပြီး ကျန်းရွှမ်က သူတို့၏အောက်ရှိ မြေပြင်ကို အာရုံစိုက်လိုက်သည်။ ထို့နောက် သူ ရုတ်တရက် ခြေဆောင့်နင်းလိုက်ရာ ခြေရာတစ်ခု ထွက်ပေါ်လာသည်။ ထိုခြေရာသည် သိပ်မနက်ဘဲ လက်မဝက်ခန့်သာ နက်ပေ၏။။
"ဒီလှိုဏ်ဂူက ထူးဆန်းနေတယ်..."
ဤအခြေအနေတွင် ဉာဏ်သိပ်မကောင်းသော ဖုယင်ယင်ပင်လျှင် တစ်စုံတစ်ခုကို စတင်၍ ရိပ်စားမိလာသည်။
တစ်စုံတစ်ယောက်၏ လက်နှင့်ခြေထောက်မှ စွမ်းအားသည် ကွဲပြားရမည်ဖြစ်ပြီး နံရံနှင့် မြေကြီးသည်လည်း ကွဲပြားရပေမည်။ သို့ရာတွင် သူတို့နှစ်ဦးလုံးသည် တူညီသော အနက်ရှိသည့် အရာများကို ဖန်တီးနိုင်ခဲ့ကြသည်။ ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာ ရှိတော့သည်။
အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဖုယင်ယင်က ပြောဆိုလိုက်သည်။
"ငါတို့က ခုထိ ဝင်္ကပါထဲမှာပဲ ရှိနေပြီးတော့ အပြင်မရောက်သေးတာများလား"
"ဝင်္ကပါတွေက ဒီလောက်ထိ လက်တွေ့မကျသင့်ဘူး..."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
ကောင်းကင်ဘုံစာကြည့်တိုက်ကြောင့် ဝင်္ကပါများနှင့် ကံကြမ္မာဥပဒေသများအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် အစွမ်းထက်ပညာရှင်တစ်ဦးကဲ့သို့ အားကောင်းသည်။ သူ ဤမျှထိ ကြာမြင့်စွာ လှည့်စားခံနေရခြင်းသည် ရိုးရှင်းသော ဝင်္ကပါတစ်ခုကြောင့် မဖြစ်နိုင်ချေ။
အကယ်၍ ဤဝင်္ကပါသာ ထိုမျှထိ အစွမ်းထက်နေပါက ဖုမိသားစုသည် ဤကျိုးယီမြို့တွင်သာ ပိတ်မိနေမည် မဟုတ်ဘဲ ပို၍ကြီးမားကျယ်ပြန့်သော လောကကြီးထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီးဖြစ်ပေမည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်က ဖုယင်ယင်ကို လှည့်ကြည့်လိုက်၏။
"မင်းတို့ ဖုမိသားစုမှာ ပုံရိပ်ယောင်နယ်မြေတစ်ခုကို ဖန်တီးနိုင်တဲ့ ရတနာမျိုး ရှိလား"
"ပုံရိပ်ယောင်နယ်မြေ... ရတနာလား..."
ဖုယင်ယင်က အချိန်တခဏကြာခန့် စဉ်းစားတွေးတောလိုက်သည်။
"ကျွန်မက အဲ့ဒါမျိုးကို တစ်ခါမှ မကြားဖူးဘူး... ဒါပေမဲ့ တကယ်လို့ ဒီလှိုဏ်ဂူက အစစ်မဟုတ်ဘဲ အတုအယောင်ဆိုရင်... ဒါက ဝင်္ကပါတစ်ခု မဟုတ်ဘဲနဲ့ ကံကြမ္မာနတ်ဘုရားနယ်မြေ ဖြစ်နေမလား...."
"ကံကြမ္မာနတ်ဘုရားနယ်မြေလား...."
ကျန်းရွှမ် လန့်သွားသည်။
အဖြူရောင်ကျောက်တုံးမြို့တွင် ရှိစဉ်က ထိုအကြောင်းကို သူ
ကြားဖူးခဲ့သည်။ ဤသည်မှာ ကံကြမ္မာကျင့်ကြံသူတစ်ဦး သေဆုံးသွားပြီးနောက် ဖြစ်ပေါ်လာသည့်အရာပင်။ ထိုနယ်မြေတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး အတွင်း၌ ပိတ်မိသွားပါက လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ခုန်းရှီပင်လျှင် ကံကြမ္မာနတ်ဘုရားနယ်မြေ တစ်ခုအတွင်းသို့ ရောက်သွားခဲ့ပြီး ယခုချိန်ထိ ပြန်မထွက်လာနိုင်သေးချေ။
အမှန်အားဖြင့် သူသည် ကောလာဟလများကိုသာ ကြားဖူးပြီး ထိုနယ်မြေတွင် အမှန်အားဖြင့် မည်သည့်အရာများ ရှိနေသည်ကို သူ မသိရှိချေ။ ဖုယင်ယင်၏စကားကို ကြားလိုက်ရချိန်၌ သူ အနည်းငယ် အံ့အားသင့်သွားမိသည်။
ဖုယင်ယင်က အချိန်တခဏကြုမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။
"အင်း... ကျွန်မ ငယ်ငယ်က မိသားစုရဲ့ဒဏ္ဍာရီတစ်ခုကို ကြားဖူးခဲ့တာ မှတ်မိနေလိုပဲ... ဘိုးဘေး ချင်းချိုးတောင်ကနေ ထွက်လာခဲ့ရတာက သူ့အမေရဲ့အရိုးတွေကို တစ်ယောက်ယောက်က ခိုးချင်နေလို့ပဲ....သူရဲ့အမေက ကံကြမ္မာပညာရပ်ရဲ့ မျိုးခွဲရှစ်ခုထဲက တစ်ခုဖြစ်တဲ့ မြေခွေးညှို့ဓာတ်ကံကြမ္မာရဲ့ မျိုးဆက်တစ်ယောက်ပဲ...နောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်လဲဆိုတာတော့ ကျွန်မ မသိဘူး..ဘိုးဘေးက အဲ့ဒီအရိုးတွေကို ကျိုးယီမြို့ဆီ ယူလာပြီးတော့ မြေအောက်မှာ မြှုပ်နှံလိုက်လို့ ကံကြမ္မာနတ်ဘုရားနယ်မြေ ဖြစ်သွားတာများလား"
"ကံကြမ္မာနတ်ဘုရားနယ်မြေကို ဖန်တီးလို့ရလား"
ကျန်းရွှမ် အံ့အားသင့်သွားသည်။
"ရှင် မသိဘူးလား"
ဖုယင်ယင်က မေးမြန်းလိုက်ပြီးနောက် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
"ရှင်က ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ထားတော့ ဒီလိုမျိုး အသေးစိတ်ကျတဲ့ ကိစ္စတွေကို သတိမထားမိတာ နေမှာပါ"
သူမက ဆက်လက်၍ ရှင်းပြသည်။
"သာမန်အနေနဲ့ ဆိုရင်တော့ အဲ့ဒီလိုလုပ်လို့ မရဘူး...ဒါက မဖြစ်နိုင်ဘူး...ဒါပေမဲ့ တချို့
ကံကြမ္မာကျင့်ကြံသူတွေက သူတို့ရဲ့မျိုးဆက်တွေ အရည်အချင်းမမီလို့ သူတို့ရဲ့ စွမ်းအားတွေကို မဆက်ခံနိုင်တဲ့အချိန်မှာ သူတို့ရဲ့ အသက်ကို လိုလိုလားလား စွန့်လွှတ်ပြီးတော့ နှောင်းပိုင်းမျိုးဆက်တွေနဲ့ပူးပေါင်းပြီး လက်ကျန်စွမ်းအားတွေကို ချိပ်ပိတ်လိုက်ကြတယ်... အဲ့ဒီကနေ ထိန်းချုပ်လို့ရတဲ့ ကံကြမ္မာနတ်ဘုရားနယ်မြေ ဖြစ်လာတာပဲ...အဲ့ဒီလို ဖန်တီးယူထားတဲ့ နယ်မြေတွေရဲ့စွမ်းအားက အားနည်းပေမယ့် နှောင်းပိုင်းမျိုးဆက်တွေ နားမလည်နိုင်တဲ့ စွမ်းအားတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားပေးနိုင်တယ်... ဒါပေမဲ့ ဒီနယ်မြေက မပြည့်စုံတဲ့အတွက် အသုံးပြုနိုင်တဲ့ အကြိမ်အရေအတွက်က အကန့်အသတ်ရှိတယ်... အများဆုံးအနေနဲ့ ဒီနယ်မြေတွေကို သုံး လေးကြိမ်လောက်ပဲ အသုံးပြုနိုင်တယ်...အဲ့ဒါပြီးသွားရင်တော့ စွမ်းအားတွေအားလုံး ကုန်ခမ်းသွားလိမ့်မယ်...ဒီနယ်မြေကို အသုံးပြုချိန်တိုင်းမှာ စွမ်းအင်တွေအများကြီး ကုန်ဆုံးတာမို့ သာမန် အစွမ်းထက်ပညာရှင်တွေက တောင့်မခံနိုင်ကြဘူး...ဒါကြောင့် သူတို့က သေခါနီးဆဲဆဲ အချိန်ကျမှပဲ အသုံးပြုကြတယ်..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ကံကြမ္မာနတ်ဘုရားနယ်မြေ ဆိုသည်မှာ အစွမ်းထက်ကျင့်ကြံသူတစ်ဦး သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် အရာဖြစ်ကာ ထိန်းချုပ်၍ မရနိုင်ဟု သူ အစဥ်အမြဲ တွေးထင်ထားခဲ့သည်။ ယခုကဲ့သို့ ထိန်းချုပ်သော နယ်မြေတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ တွေးထင်မထားမိပေ။
"အသက်ကို စွန့်လွှတ်တယ်ဆိုတာ ငါနားလည်တယ်...ဒါပေမဲ့ မျိုးဆက်တွေနဲ့ ပူးပေါင်းတယ် ဆိုတာက ဘာသဘောလဲ"
ကျန်းရွှမ်က မေးမြန်းလိုက်၏။
ဖုယင်ယင်က ရှင်းပြသည်။
"ဆိုလိုတာကတော့ အဲ့ဒီအစွမ်းထက်ကျင့်ကြံသူကက သူ့ရဲ့မျိုးဆက်တွေကို သူ့ကိုသတ်ခွင့် လိုလိုလားလား ပေးလိုက်တာပဲ...သူ မသေခင်မှာ စွမ်းအားကို ထိန်းချုပ်ထားမှသာ နတ်ဘုရားနယ်မြေကို ပြိုလဲမသွားစေဘဲနဲ့ ဖွဲ့စည်းနိုင်လိမ့်မယ်.... မဟုတ်ရင် စွမ်းအားတွေ ပြန့်ကျဲသွားပြီး ဘယ်သူမှ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး"
"မျိုးဆက်တွေကို သူ့ကိုသတ်ခွင့် လိုလိုလားလား ပေးလိုက်တယ်....ဟုတ်လား"
ကျန်းရွှမ်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
လူများအားလုံးသည် ထိပ်သီးမိသားစုကြီးများ၏အမွေဆက်ခံမှုကို လေးစားအားကျကြသော်လည်း ယခုကြည့်ရသလောက် အမွေဆက်ခံခြင်းသည် လူအများ တွေးထင်ထားသလောက် ရိုးရှင်းပုံမရချေ။
တစ်စုံတစ်ယောက်သည် သူ၏မိဘ သို့မဟုတ် ရင်းနှီးသော အကြီးအကဲများကို သတ်ရမည်ဆိုသည်မှာ... ဤသည်က လူတိုင်း လုပ်ဆောင်နိုင်သော ကိစ္စတစ်ရပ် မဟုတ်ချေ။
သူသည် ခေါင်းခါလိုက်ပြီး ထိုကိစ္စကို ဆက်မတွေးတော့ချေ။ ထို့နောက် ကျန်းရွှမ်က နံဘေးပတ်ဝန်းကျင်ကို တဖန်ပြန်၍ ကြည့်လိုက်၏။
"မင်းရဲ့ထင်ကြေးသာ မှန်နေခဲ့ရင် ဒါက ကံကြမ္မာနတ်ဘုရားနယ်မြေ ဖြစ်ဖို့များတယ်.... ငါတို့ရဲ့ ကံကြမ္မာစွမ်းအားတွေကိုသုံးရင် လမ်းကြောင်းရှာတွေ့သင့်တယ် ဆိုပေမဲ့ တစ္ဆေခြောက်ခံနေရသလိုမျိုး တစ်နေရာတည်းမှာပဲ လည်နေတာ မဆန်းတော့ဘူး... ဘာလို့လဲဆိုတော့ ငါတို့က လမ်းတွေအကုန်လုံးကို လျှောက်လှမ်းကြည့်ရင်တောင် ကြွေကျပုလဲတွေကို ရှာတွေ့မှာ မဟုတ်လို့ပဲ....မြေခွေးစိမ်းတွေကိုလည်း ငါတို့ တွေ့နိုင်မှာ မဟုတ်ဘူး"
"မတွေ့နိုင်ဘူးလား...."
ဖုယင်ယင်က နားမလည်နိုင်စွာဖြင့် ကျန်းရွှမ်ကို ကြည့်နေသည်။
"အမှန်ပဲ.."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဘာလို့လဲဆိုတော့ ကြွေလွင့်ပုလဲတွေက လှိုဏ်ဂူထဲမှာ ရှိမနေဘဲနဲ့ မြေကြီးအောက်ထဲမှာ ရှိနေလို့ပဲ"
ထိုသို့ပြောဆိုပြီးနောက် ကျန်းရွှမ်က သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ မြေခွေးညှို့ငင်ကံကြမ္မာတွင် ပါဝင်သော ကံကြမ္မာစွမ်းအင်များသည် စမ်းချောင်းသဖွယ် စီးဆင်းသွားပြီး လမ်းခွဲတစ်ခုဆီသို့ ညွှန်ပြနေသည်။ ထိုနေရာသို့ ချဉ်းကပ်သွားပြီး ကျန်းရွှမ်သည် ကံကြမ္မာစွမ်းအင်များကို ထပ်မံ၍ထုတ်လွှတ်ကာ ထပ်ခါတလဲလဲ စမ်းသပ်လိုက်သည်။ နောက်ဆုံးတွင် ထိုကံကြမ္မာစွမ်းအင်သည် နေရာတစ်ခု၌ ရပ်တန့်သွားပြီး ညင်သာစွာ ပျံဝဲနေပေ၏။
သူတို့သည် ဤနေရာသို့ ရောက်ဖူးသော်လည်း မည်သည့်အရာကိုမျှ သတိမထားမိသဖြင့် ပြန်ထွက်သွားခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင်မူ ကျန်းရွှမ်သည် ရှေ့ဆက်မသွားဘဲ ရုတ်တရက် ခြေဆောင့်နင်းလိုက်သည်။
ဘုန်း....
မြေပြင်အက်ကွဲသွားပြီး ပေဝက်ခန့်နက်သော တွင်းတစ်တွင်း ထွက်ပေါ်လာသည်။
ဖုယင်ယင်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပေ၏။
အစောပိုင်းက သူမတို့သည် မည်မျှထိ အားစိုက်ထုတ်သည်ဖြစ်စေ လက်မဝက်ခန့်သာနက်သော သပ်ရပ်သည့် အပေါက်ကိုသာ ဖန်တီးနိုင်ခဲ့သည်။ သို့ရာတွင် ယခု၌မူ ကျန်းရွှမ်သည် ခြေတစ်ချက်ဆောင့်နင်းလိုက်ရုံနှင့် ပေဝက်ခန့်နက်သော တွင်းတစ်တွင်းကို ဖန်တီးနိုင်ခဲ့သည်။ ဤနေရာရှိ မြေပြင်သည် သူမတို့ ယခင်က ရှိနေခဲ့သောနေရာနှင့် လုံးလုံးလျားလျား မတူကွဲပြားနေသည်မှာ သိသာထင်ရှားလှ၏။