← Chapters

တင်းမာမှုနှင့်ပျော့ပြောင်းမှုကို ဟန်ချက်ညီစေခြင်း

Vol. 22 Ch. 280

တင်းမာမှုနှင့်ပျော့ပြောင်းမှုကို ဟန်ချက်ညီစေခြင်း

Vol. 22 Ch. 280

"တကယ်ပဲ ဒီလိုဖြစ်နေတာကိုး"

ကျန်းရွှမ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

မြေခွေးစိမ်းများသည် သူတို့ အစောပိုင်းက စေ့စေ့စပ်စပ်စူးစမ်းထောက်လှမ်းပြီး ဖြတ်သန်းလာခဲ့သော လမ်းကြောင်းပေါ်၌ အတိအကျ ထွက်ပေါ်လာသည်။ ယခင်က အန္တရာယ်မရှိခဲ့ခြင်းသည် သူ၏ယူဆချက်ကို အတည်ပြုပေးလိုက်ခြင်းပင်။ ထိုမြေခွေးများ၏တည်ရှိမှုသည် မြေခွေးညို့ငင်ကံကြမ္မာကို အသက်သွင်းလိုက်ခြင်းနှင့် ဆက်စပ်နေပေ၏။

"ကျန်းရွှမ်... ကျွန်မတို့ ဘာလုပ်ကြမလဲ"

ဖုယင်ယင်သည် အခြေအနေကို နားလည်သဘောပေါက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော မြေခွေးစိမ်းလေးကောင်ကို မြင်လိုက်ရသဖြင့် စိုးရိမ်ထိတ်လန့်နေသော မျက်လုံးများဖြင့် ကျန်းရွှမ်ဘက်သို့ လှည့်မေးလိုက်သည်။

"မင်း ရှေ့တိုးသွားပြီးတော့ မင်းရဲ့ ညို့ငင်မှုစွမ်းရည်ကိုသုံးပြီး သူတို့ကို ဖမ်းစားဖို့ ကြိုးစားကြည့်..."

ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းရင်း ညွှန်ကြားလိုက်သည်။

"ကျွန်မ... သွားရမှာလား..."

ဖုယင်ယင်၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူမသည် ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးပြီး ဤမြေခွေးစိမ်းများသည် ကြယ်မြစ်နယ်ပယ်၌ ရှိနေသည်။ မြေခွေးစိမ်းတစ်ကောင်ဆိုလျှင် ကြယ်မြစ်နယ်ပယ် ဒုတိယအဆင့်၌ပင် ရှိနေပေ၏။ ကွာဟချက်က ကြီးမားလွန်းသဖြင့် သူမအနေဖြင့် သူတို့ကို မဖမ်းစားနိုင်မီ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲခံလိုက်ရမည်ကို စိုးရိမ်မိသည်။

"သွားပါ... မင်း ဘာမှမဖြစ်စေရဘူး...."

ကျန်းရွှမ်က သူမ စိတ်အေးသွားစေရန် နှစ်သိမ့်ပေးလိုက်သည်။

သူသည် အစီအစဉ်မရှိဘဲ သူမကို အန္တရာယ်တွင်းထဲသို့ တွန်းပို့မည့်သူ မဟုတ်ကြောင်း ယုံကြည်သဖြင့် ဖုယင်ယင်သည် ကြောက်ရွံ့နေသော်လည်း စိတ်တင်းလိုက်သည်။ သူမသည် အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

"ကောင်းပြီ...ဒါပေမဲ့ ရှင် အသင့်ပြင်ထားနော်... တစ်ခုခု လွဲချော်သွားရင် ကျွန်မကို ချက်ချင်း ကယ်ပေး"

အသက်ပြင်းပြင်းရှိုက်ပြီးနောက် သူမသည် မြေခွေးစိမ်းများရှိရာသို့ လျှောက်လှမ်းသွားလိုက်သည်။

'ဒီလူက တကယ့်ကို သူရဲဘောကြောင်တာပါလား...'

မလှမ်းမကမ်းတွင် ရပ်နေသော ဖုဝေ့ဝေ့သည် သူတို့၏စကားပြောဆိုမှုကို မကြားရချေ။ သူမ မြင်လိုက်ရသည်မှာ ကျန်းရွှမ်သည် နောက်တွင် အေးဆေးတည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး သူမ၏နတ်ဘုရားမ ကို အန္တရာယ်နှင့် ရင်ဆိုင်ခိုင်းနေခြင်းပင်။ သူမ၏မျက်လုံးအတွင်းတွင် ရွံရှာစပ်ဆုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

အစောပိုင်းက အန္တရာယ် ကြုံလာချိန်တွင် ရှန်ဝူကျွင်းသည် ထွက်ပြေးသွားခဲ့သော်လည်း အနည်းဆုံးအနေဖြင့် အချိန်တခဏကြာမျှ ခုခံပေးခဲ့သေးသည်။ ဤလူသည် ဟန်ဆောင်ရန်ကိုပင် မကြိုးစားဘဲ သူမ၏နတ်ဘုရားမကို အန္တရာယ်အတွင်းသို့ တိုးဝင်ခိုင်းနေပေ၏။။

ဖုဝေ့ဝေ့က မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"အစ်မယင်ယင်....ကျွန်မ ကူညီပါရစေ"

"ထွက်သွားစမ်း"

ဖုယင်ယင်က အော်ငေါက်လေသည်။

"ကောင်း... ကောင်းပါပြီ"

ဖုဝေ့ဝေ့သည် ထိတ်လန့်တကြားဖြင့် နောက်ဆုတ်လိုက်၏။

ယခုချိန်၌ မြေခွေးစိမ်းလေးကောင်၏ရှေ့တွင် မတ်တတ်ရပ်နေသော ဖုယင်ယင်သည် သူတို့၏ရေခဲဓားသွားများကဲ့သို့ တောက်ပနေသော စူးရှသည့် အစွယ်များနှင့် ရင်ဆိုင်နေရကာ သူမကို အချိန်မရွေး ဆုတ်ဖြဲသွားတော့မည့်အလားပင်။

သူမ၏စိတ်အတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုကို ဖိနှိပ်ပြီး သူမက မြေခွေးညို့ငင်ကံကြမ္မာကို အသက်သွင်းလိုက်သည်။ သူမ၏လက်ချောင်းများဖြင့် ပါးပြင်ကို ပွတ်သပ်လိုက်ပြီးနောက် သွယ်လျသော လည်တိုင်ကို လှစ်ဟပြလိုက်၏။ ထို့နောက် သူမ၏လက်ကို အောက်သို့လျှောချလိုက်ပြီး ရင်ဘတ်ပေါ်တွင် ခပ်ဖွဖွတင်ထားလိုက်သည်။ ထိတွေ့မှုအနည်းငယ်ဖြင့် သူမ၏ဝတ်စုံကို အနည်းငယ် လျှောကျသွားသည်။

အာဝူး..

မြေခွေးစိမ်းလေးကောင်သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့၏မျက်နှာများသည် ပြင်းထန်စွာ စော်ကားခံလိုက်ရသည့်အလား ဒေါသကြောင့် ရှုံ့တွသွားသည်။ ပြင်းထန်သော ဟိန်းဟောက်သံများနှင့်အတူ သူတို့သည် ဖုယင်ယင်ထံသို့ တပြိုင်နက်တည်း တိုးဝင်လာကြသည်။

အား...

ဖုယင်ယင်၏တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး အသံကုန်အော်ဟစ်ကာ နောက်သို့ယိမ်းယိုင်သွားသည်။

"နောက်မဆုတ်နဲ့...ကံကြမ္မာဒုတိယအဆင့်က ရထားတဲ့ စွမ်းအားကိုသုံးပြီး ဆက်လုပ်စမ်း"

ကျန်းရွှမ်သည် နေရာမှမရွေ့ဘဲ အော်ဟစ်ပြောဆိုလိုက်၏။

ဖုယင်ယင်သည် ကြောက်ရွံ့နေဆဲဖြစ်သော်လည်း သူ့ကို ယုံကြည်သဖြင့် သူမ၏ အဆင့်တက်ကာစ မြေခွေးညို့ငင်ကံကြမ္မာကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။ သူမသည် သူမ၏ ဆွဲဆောင်မှုအပြည့်အဝကို မချွင်းမချန် ထုတ်လွှတ်လိုက်တော့သည်။

နံဘေးမှ ကြည့်နေသော ဖုဝေ့ဝေ့သည် အလွန်အမင်း သဘောကျသွားပေ၏။ သူမ၏ မျက်လုံးများအတွင်းတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်ကာ မျက်ရည်များပင် ဝဲလာသည်။

သို့ရာတွင် မြေခွေးစိမ်းများ ပို၍ပို၍ဒေါသထွက်လာကြသည်။ သူတို့၏ ဒေါသတကြီးဟိန်းဟောက်သံများသည် မရပ်မနား ပဲ့တင်ထပ်နေပြီး သူတို့၏ရန်လိုမှုများ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ အစောပိုင်းက သူတို့သည် သတိထားနေရုံသာ ရှိခဲ့သော်လည်း ယခုအချိန်၌ သူတို့သည် သူမကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်ရန် အဆင်သင့်ရှိနေပုံပင်။

"မင်း ရင်းမြစ်သားရဲတွေကို ညို့ငင်တတ်ရဲ့လား"

ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် ကျန်းရွှမ်က အော်ဟစ်မေးမြန်းလိုက်သည်။

လူသားများနှင့်မတူဘဲ သားရဲများသည် ညှို့ငင်မှုကို တစ်မျိုးတစ်ဖုံ တုံ့ပြန်တတ်ကြသည်။ လူများကို စိတ်ရှုပ်ထွေးစေနိုင်သော သို့မဟုတ် စိတ်လှုပ်ရှားစေနိုင်သော အပြုအမူများသည် သားရဲများကိုမူ ဒေါသထွက်စေနိုင်သည်။

'သူတို့က မင်းကို စားတော့မလို့ လုပ်နေတာလေ....မင်းက အဝတ်အစားတွေ ချွတ်ပြနေတယ်... ဘာလဲ အဝတ်တွေနဲ့ သူတို့ လည်ပင်းနင်သွားမယ်လို့ မင်း ထင်လို့လား'

ဤသည်မှာ ဟင်းသီးဟင်းရွက်များသည် အိုးထဲသို့ မရောက်မီ အလိုအလျောက် အဆင်သင့် ပြင်ပေးနေသည့်အလားဖြစ်ကာ စားမည့်သူအတွက် ထူးဆန်းပြီး စော်ကားရာ ရောက်သော အပြုအမူမျိုးပင်။

"ကျွန်မ နည်းနည်းတော့ သင်ထားဖူးတယ်... ကြိုးစားကြည့်လိုက်မယ်"

ဖုယင်ယင်က သူမ၏ချဉ်းကပ်ပုံကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

ယခင်က နူးညံ့ပြီးဆွဲဆောင်မှုရှိသော သူမ၏ကိုယ်နေဟန်ထားသည် ရုတ်တရက် တည့်မတ်သွားပြီး ရဲရင့်ကာ အာဏာဆန်သော ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်သူမသည် ခေါင်းမော့ပြီး ပြင်းထန်စွာ အော်ဟစ်လိုက်၏။

"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း"

လွန်ခဲ့သော အချိန်တခဏက နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအချိန်၌ သူမသည် မိုးကြိုးနတ်ဘုရား၏ အရှိန်အဝါကို ထုတ်လွှတ်နေသည့်အလား ဒေါသထွက်နေသော ပုံရိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။

ရလဒ်သည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပေ၏။

ရှေ့သို့ပြေးဝင်လာသော မြေခွေးစိမ်းလေးကောင်သည် ရပ်တန့်သွားပြီး ဇဝေဇဝါအကြည့်များဖြင့် အချင်းချင်းကြည့်ကာ ရွံတွန့်တွန့်ခြေလှမ်းများဖြင့် နောက်သို့ဆုတ်လိုက်ကြသည်။

"မဆိုးဘူး...ဆက်လုပ်ထား..."

ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး အားပေးလိုက်သည်။

သားရဲများသည် တိရစ္ဆာန်များကဲ့သို့ပင် အင်အားကို လေးစားကြသည်။ အလွန်အမင်း ယဉ်ကျေးနေခြင်း သို့မဟုတ် ကြောက်ရွံ့နေခြင်းသည် တိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေသည်။

"နားလည်ပါပြီ"

သူမ၏ယုံကြည်မှုများ မြင့်တက်လာပြီး ဖုယင်ယင်က ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ သူမ၏မျက်နှာတွင် ဒေါသများ ထင်ဟပ်နေကာ သူမကို ဆန့်ကျင်သော မည်သူ့ကိုမဆို ရိုက်နှက်ပစ်မည့် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။

မြေခွေးစိမ်းများသည် နောက်သို့ပို၍ဆုတ်ခွာသွားပြီး နောက်တစ်ဆင့် ဘာဆက်လုပ်ရမည်ကို တိုင်ပင်နေသည့်အလား အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

"အဲ့ဒီကောင်တွေကိုခွဲထုတ်ပြီး တစ်ကောင်ချင်းစီကို ညို့ငင်လိုက်..."

ကျန်းရွှမ်က အသံပေးပို့ခြင်းမှတဆင့် ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

ဖုယင်ယင်သည် မြေခွေးတစ်ကောင်အပေါ် အာရုံစိုက်လိုက်ပြီး သူမ၏မျက်နှာအမူအယာကို နူးညံ့သောအပြုံးအဖြစ်သို့ လျှော့ချလိုက်သည်။

" ဒီကိုလာ...ငါက မင်းနဲ့ ကစားပေးမယ်..."

သူမ၏အသံသည် ချိုသာနေပြီး ကျက်သရေရှိသောလှုပ်ရှားမှုများနှင့် ပေါင်းစပ်လိုက်ချိန်၌ မြေခွေးကို တွေဝေမိန်းမောသွားစေသည်။ ယခင်က သူ၏ရန်လိုမှုများသည် ပျောက်ကွယ်သွားပြီး တွေဝေမိန်းမောနေသော အမူအယာတစ်ရပ် ထင်ဟပ်လာပေ၏။

အလုပ်ဖြစ်တယ်...

ဖုယင်ယင်သည် အားတက်သွားပြီး ပို၍နီးကပ်စွာ ချဥ်းကပ်သွားကာ မြေခွေး၏ခေါင်းကို ပွတ်သပ်ရန် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။ တခြားမြေခွေးများက အနီးသို့ကပ်ရန် ကြိုးစားသော်လည်း သူမက ခက်ထန်တင်းမာစွာဖြင့် မောင်းထုတ်လိုက်၏။

ဤမြေခွေးတစ်ကောင်တည်းအတွက် သီးသန့် ဆက်ဆံမှုသည် ခြားနားချက်ကို ဖြစ်ပေါ်စေခဲ့သည်။ မြေခွေး၏တွေဝေမိန်းမောနေသော မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာသည်။ အချိန်တခဏအကြာတွင် ထိုမြေခွေးသည် သစ္စာရှိသော ခွေးတစ်ကောင်အလား အမြီးနှံ့ကာ သူမ၏ရှေ့တွင် ဝပ်တွားလိုက်သည်။ ဤမြေခွေးသည် အောင်မြင်စွာ ညို့ငင်ခြင်းခံလိုက်ရလေပြီ။

"ငါ သဘောပေါက်ပြီ"

ဖုယင်ယင်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထင်ဟပ်လာကာ မြေခွေးညို့ငင်ကံကြမ္မာအပေါ် သူမ၏နားလည်သဘောပေါက်မှုများ ပို၍နက်ရှိုင်းလာသည်။

ညို့ငင်ဖမ်းစားခြင်း ဆိုသည်မှာ အမြဲတစေ နူးညံ့သိမ်မွေ့နေရုံသက်သက် မဟုတ်ပေ။ တင်းမာမှုနှင့်ပျော့ပြောင်းမှုကို ဟန်ချက်ညီအောင်သုံးစွဲကာ တစ်ခါတစ်ရံ၌ ခြိမ်းခြောက်မှုနှင့် ဆုလာဘ်ကို ရောနှောအသုံးပြုခြင်းက အကောင်းဆုံး ရလဒ်များကို ရရှိစေနိုင်သည်။

ဤသည်မှာ တစ်စုံတစ်ယောက်၏နောက်သို့ အမြဲတစေ ကောက်ကောက်ပါအောင်လိုက်နေသော ပိုးပန်းသူများ ဆက်ဆံခံရသည့်အလားပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် တစ်ချိန်လုံး ကြင်နာမှုများ ပေးနေပါက သူတို့သည် တန်ဖိုးထားရမှန်း မသိတော့ပေ။ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားပြီး သေးငယ်သောဆုလာဘ်များ ပေးခြင်းက သူတို့၏ တောင့်တမှုနှင့်လေးစားမှုကို ပို၍တိုးပွားစေသည်။ ဤသည်မှာ ညှို့ငင်မှု၏အနှစ်သာရပင်။

သူမ၏နားလည်သဘောပေါက်မှု နက်ရှိုင်းလာသည်နှင့်အမျှ ကျန်းရွှမ်သည် သူ၏မြေခွေးညို့ငင်ကံကြမ္မာ ထပ်မံ၍အဆင့်တက်သွားသည်ကို ခံစားလိုက်ရသဖြင့် စိတ်ပျက်သွားသည်။

"အချိန်ဆွဲမနေနဲ့... ကျန်တာတွေကို မြန်မြန်ညို့ငင်လိုက်... ငါတို့ မြန်မြန်လုပ်မှ ရမယ်... ဖုကျင်းကျင်းတို့တွေက ဒါကို နားလည်သဘောပေါက်သွားရင် ငါတို့ကို မီလာလိမ့်မယ်"

ကျန်းရွှမ်သည် သူမ၏စိတ်လှုပ်ရှားမှုကို ဖြတ်တောက်ပြီး ခက်ထန်တင်းမာသောလေသံဖြင့် သတိပေးလိုက်သည်။

ကျန်းရွှမ်သည် သူ့ကိုယ်သူဉာဏ်ကောင်းသည်ဟု ယူဆသော်လည်း ဖုကျင်းကျင်းတို့သည်လည်း ငတုံးငအများ မဟုတ်ကြချေ။ အကယ်၍ သူမတို့သာ ဤကိစ္စကို နားလည်သဘောပေါက်သွားပါက ကြွေလွင့်ပုလဲများ အပြိုင်အဆိုင်စုဆောင်းကြမည့် ပြိုင်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

"ဟုတ်ကဲ့..."

သူ၏စိတ်ထဲတွင် မည်သည့်အတွေးမျိုးရှိသည်ကို သေချာမသိသော်လည်း ဖုယင်ယင်သည် သူမ၏နတ်ဘုရား ကို အာခံရဲခြင်း မရှိပေ။ သူမသည် ကျန်ရှိနေသော မြေခွေးစိမ်းသုံးကောင်ကို ညို့ငင်ရန် နောက်သို့ချက်ချင်းလှည့်လိုက်သည်။

ပထမမြေခွေးတစ်ကောင်ကို ညို့ငင်ခဲ့သော အတွေ့အကြုံကြောင့် နောက်ထပ်သုံးကောင်သည် သူမ၏လက်အောက်သို့ လျင်မြန်စွာ ကျရောက်သွားကြသည်။ သူမက နူးညံ့စွာပြုံးပြီး ထိုမြေခွေးအုပ်စုကို မေးမြန်းလိုက်၏။

"ငါတို့ကို ကြွေလွင့်ပုလဲတွေ ရှိတဲ့နေရာဆီ လမ်းပြပေးနိုင်မလား"

အာဝူး...

မြေခွေးလေးကောင်လုံး စိတ်အားထက်သန်စွာ ခေါင်းညိတ်ကြပြီး အမြီးနှံ့ကာ လမ်းပြရန် အလုအယက် ရှေ့သို့ထွက်သွားကြသည်။ မည်သည့်တစ်ကောင်မျှ နောက်ကျကျန်လိုခြင်းမရှိဘဲ သူတို့၏နတ်ဘုရားမအသစ်မှ အထင်ကြီးမှုကို ခံရမည့် အခွင့်အရေး လက်လွတ်မခံချင်ကြပေ။

"သူတို့နောက်ကို လိုက်ကြစို့"

ကျန်းရွှမ်က အမိန့်ပေးလိုက်ပြီး စိတ်အားထက်သန်နေသော မြေခွေးများနောက်သို့ လိုက်ပါသွားသည်။

All Chapters