ဖုယီယီ
Vol. 22 Ch. 281
မြေခွေးများမှ လမ်းပြခေါ်ဆောင်ပြီးနောက် သူတို့သုံးဦးသည် ယခင်အတိုင်း သစ်သီးပင်များ ရှိသော လှိုဏ်ဂူတစ်ဂူသို့ ရောက်ရှိလာသည်။ ထိုသစ်ပင်ပေါ်တွင် သစ်သီးနှစ်လုံး တွဲလောင်းရှိနေသည်။
ဖုယင်ယင်က ကျန်းရွှမ်ကိုလှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။
"ကျွန်မ ဘာလုပ်ရမလဲ"
"ငါတို့ အရင်က လုပ်သလိုပဲ... ခူးလိုက်.."
အထွေအထူး ပြောမနေတော့ဘဲ ကျန်းရွှမ်က တိုက်ရိုက်ပြောဆိုလိုက်၏။
ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
ယခင်က သူမသည် သစ်သီးများကို တိုက်ရိုက် ခူးယူစဉ်၌ သစ်သီးအတွင်းရှိ စွမ်းအားကြောင့် ဖမ်းစားခံခဲ့ရပြီး မျက်စိရှေ့တွင် စိတ်ကူးယဉ်ပုံရိပ်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
အဓိကအချက်မှာ ကြွေလွင့်ပုလဲသည် စွမ်းအင်များ ကုန်ဆုံးသွားပြီးနောက် အသုံးမဝင်သော အရာအဖြစ် ပြောင်းလဲသွားကာ သူတို့၏ ကြိုးပမ်းမှုများ အရာမထင် ဖြစ်သွားခဲ့ရခြင်းပင်။ အကယ်၍ သူမ ထိုကဲ့သို့ ထပ်လုပ်ပါက အလဟသ ဖြစ်သွားပေလိမ့်မည်။
"မင်း ခူးလိုက်တော့... စွမ်းအားတွေကို သေသေချာချာ စုပ်ယူပြီး ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားစမ်း"
သူမ တွေဝေတုံ့ဆိုင်းနေသည်ကို သတိပြုမိသဖြင့် ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
သူမကို အဆင့်မြန်မြန် တက်စေချင်ကြောင်း နားလည်လိုက်သဖြင့် ဖုယင်ယင်သည် မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ အနီရောင်သစ်ပင်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူမ သစ်သီးတစ်လုံးကိုခူးရန် ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏နောက်မှ စူးရှသော အသံတစ်သံကို ကြားလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် မြှားတစ်စင်းသည် လေထုကို ထိုးခွင်းပြီး သူမထံသို့ တိုးဝင်လာပေ၏။
သစ်သီးခူးခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ သူမသည် ခန္ဓာကိုယ်ကိုတိမ်းစောင်းကာ မြှားကို ရှောင်တိမ်းလိုက်သည်။ ထိုအချိန်တွင် လူရိပ်တချို့ ဂူအဝင်ဝသို့ ရောက်ရှိလာသည်ကို သူမ မြင်တွေ့လိုက်ရသည်။
ထိုလူစုအား ဦးဆောင်လာသူသည် သူမနှင့် ရန်ငြိုးရှိသော ဖုချင်းချင်း ဖြစ်ပြီး နောက်တစ်ယောက်သည် သူမ၏ညီမအရင်းဖြစ်သော ဖုကျင်းကျင်းပင်။
ကျန်နှစ်ယောက်မှာမူ ထိုမိန်းကလေးနှစ်ဦး၏ နောက်လိုက်များဖြစ်သော ယန်ဆန်းရှစ်ဆန်း နှင့် ဆုယွမ်ကျဲ့တို့ပင်။
ယခုအချိန်တွင် ဖုချင်းချင်းသည် ကံကောင်းမှု တစ်ခုကို ကြုံတွေ့ခဲ့ပုံရသည်။ သူမသည် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိသွားရုံသာမက ကံကြမ္မာအပေါ် သူမ၏နားလည်သဘောပေါက်မှုသည်လည်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဖုယင်ယင်ထက် အနည်းငယ်မျှ မနိမ့်ကျပေ။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ကြည့်ရသည်မှာ ဖုမိသားစု ခေါင်းဆောင်ကြီး၏မြေးမဖြစ်သဖြင့် ဖုချင်းချင်းသည် မြေခွေးတစ်သောင်းကျင်း၏ အကြောင်းအရာများကို ကြိုတင်သိရှိခွင့်ရထားနိုင်သည်။ ထိုကြောင့် သူမသည် ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများ ပြုလုပ်ထားပုံရသည်။ ထိုသို့မဟုတ်လျှင် ဤမျှတိုတောင်းသော အချိန်အတွင်းတွင် သူမ၏ ကျင့်ကြံမှုနှင့်ထိုးထွင်းသိမြင်မှုနှစ်ခုလုံး အဆင့်တက်လာရန်မှာ မဖြစ်နိုင်ပေ။
ဖုချင်းချင်းသည် လှိုဏ်ဂူထဲသို့ ဝင်လာစဉ်၌ သူမ၏မျက်လုံးများ ဒေါသကြောင့် ပြူးကျယ်နေပြီး အေးစက်တင်းမာစွာ အော်ဟစ်ပြောဆိုလိုက်သည်။
"ဒီအသီးကို ငါတို့ အရင်တွေ့တာ...ဖုယင်ယင် နင် သေချင်နေတာလား...ဒါကို ခူးဖို့ ကြိုးစားနေတယ်ပေါ့"
"နင်တို့ အရင်တွေ့တာ...ဟုတ်လား..."
ဖုယင်ယင်က မယုံကြည်နိုင်စွာဖြင့် ခွန်းတုံ့ပြန်လိုက်၏။
"ဒါဆိုရင် နင် ပြောပါအုံး...ဘာလို့ ငါက ဒီနား ရောက်နေပြီး နင်က အဝင်ဝမှာ ရောက်နေတာလဲ"
"အပိုတွေ ပြောမနေနဲ့ ...ငါတို့ တွေ့တယ်ဆိုရင် ငါတို့ရဲ့ပစ္စည်းပဲ...နင် ဒါကို သဘောပေါက်ပြီးတော့ အခုချက်ချင်း ထွက်သွားစမ်း... ငါက နင့်အဆင့်လောက်နဲ့ ရန်ဖက်မဖြစ်ချင်ဘူး... ဒါမှမဟုတ်ရင် ဒီနေ့ နင် ဒီနေရာကနေ ထွက်သွားဖို့ စိတ်မကူးနဲ့"
ဖုချင်းချင်းက မထီမဲ့မြင်ပြုံးလိုက်သည်။
ဖုယင်ယင်က တုံ့ပြန်သည်။
"နင် ဆိုလိုတာက...နင်က ငါ့ကို သတ်ချင်တာလား..."
ဖုချင်းချင်းက သူမကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။
"နင့်ကို သတ်ရတာ မတန်ဘူး... ဒါပေမဲ့ နင့်ကို သင်ခန်းစာပေးပြီးတော့ နင့်ရဲ့အဆင့်အတန်းကို နားလည်အောင် လုပ်ပေးဖို့တော့ ဖြစ်နိုင်သေးတယ်... အမှန်တရားကို ပြောရရင် တရားမဝင်သမီးက တရားမဝင်သမီးပါပဲ... ဒီလို အဆင့်အတန်းမျိုးနဲ့ နင်က အမွေအနှစ်ကို လာရှုပ်ဖို့ စဉ်းစားနေသေးတယ်... နင်က တကယ်ပဲ မိုးနဲ့မြေ ဘယ်လောက်ထိကျယ်ပြန့်လဲဆိုတာ မသိပါလား…”
ထိုအချိန်တွင် ဆုယွမ်ကျဲ့ က ဖုချင်းချင်း၏အင်္ကျီလက်ကို ဆွဲလိုက်သည်။
"မိန်းကလေးချင်းချင်း...ကြည့်ပါအုံး"
သူ ညွှန်ပြသည့်နေရာသို့ လိုက်ကြည့်လိုက်ချိန်တွင် ဖုချင်းချင်းသည် မလှမ်းမကမ်းတွင် ရပ်နေသော ဖုဝေ့ဝေ့ကို မြင်လိုက်ရပြီး သူမ၏ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ဝေ့ဝေ့...နင်က ဘာလို့ သူနဲ့အတူ ရှိနေတာလဲ.. ပြီးတော့ သတ္တမမင်းသားရော ဘယ်မှာလဲ ...သူက ဘာလို့ ဒီနေရာမှာ မရှိတာလဲ"
ဖုဝေ့ဝေ့သည် အရေးမပါသော ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သာဖြစ်သဖြင့် သူမ ဂရုစိုက်ရန်မလိုချေ။ သို့ရာတွင် ဖုဝေ့ဝေ့ ညှို့ငင်ဖမ်းစားထားသော ရှန်ဝူကျွင်း သည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်တွင်ရှိသော အစွမ်းထက်ကျင့်ကြံသူဖြစ်သဖြင့် လျှော့တွက်၍ မရပေ။
အကယ်၍ ဖုဝေ့ဝေ့တို့သာ ဖုယင်ယင်တို့နှင့်ပူးပေါင်းလိုက်ပါက သူမတို့၏အင်အားသည် မဆိုးသော်လည်း ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။
"ရှန်ဝူကျွင်းက အရေးကြီးတဲ့အချိန်မှာ ထွက်ပြေးသွားခဲ့တယ်....."
ဖုချင်းချင်း၏မေးခွန်းကို ကြားလိုက်ရချိန်တွင် ဖုဝေ့ဝေ့၏မျက်နှာ သုန်မှုန်သွားသည်။ သူသည် တဖက်လူ လုပ်ခဲ့သည်များကို ဖွင့်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ခြေသံများ ထပ်မံ၍ကြားလိုက်ရပြီးနောက် ဖျော့တော့တော့ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီမှာ လာပြီး မဟုတ်မမှန်တွေ ပြောမနေနဲ့.... ဝေ့ဝေ့ မင်းကသာ ငါ့ကို စွန့်ပစ်ပြီး ကျန်းရွှမ်နဲ့ လိုက်သွားတာ... ငါနဲ့ ဘာမှမဆိုင်ဘူး"
ကျန်းရွှမ်နှင့်တခြားလူများ လှမ်းကြည့်လိုက်ချိန်တွင် အစောပိုင်းက ထွက်ပြေးသွားသော ရှန်ဝူကျွင်းကို မြင်တွေ့လိုက်ရသည်။ သူသည် တခြားလူနှစ်ဦး၏နောက်မှ လိုက်ပါလာပြီး စကားပြောပြီးသည်နှင့် သူ၏နံဘေးမှ မိန်းကလေးကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။ သူ၏မျက်လုံးများတွင် မြှောက်ပင့်ဖားယားမှုများဖြင့် ပြည့်နှက်နေပေ၏။
"ယီယီ ကိုယ့်ကို ယုံပါ...ကိုယ် မင်းကို ဘယ်တော့မှ မလိမ်ရဲပါဘူး"
"ရှင်..."
သူ၏အပြုအမူကို မြင်လိုက်ရသဖြင့် ဖုဝေ့ဝေ့သည် ဒေါသများပေါက်ကွဲလုမတတ်ပင်။
သူမ၏အဖော်သည် အန္တရာယ်နှင့်ကြုံရချိန်တွင် ထွက်ပြေးသွားပြီး အရှက်မရှိ အပြစ်လွှဲချရုံသာမက ယခုချိန်၌ တခြားလူကို မျက်နှာလုပ်နေသည်အား သူမ သည်းမခံနိုင်တော့ပေ။
ကျန်းရွှမ်နှင့်ဖုယင်ယင်တို့ နှစ်ဦးလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။
ယခုဝင်လာသော မိန်းကလေးသည် ဖုယီယီ ဖြစ်ပြီး သူမ၏မြေခွေးညို့ငင်ကံကြမ္မာသည်လည်း ဒုတိယအဆင့်သို့ ရောက်ရှိနေလေပြီ။ သူမနောက်မှလိုက်ပါလာသော အမျိုးသားသည် ကောင်းကင်ကံကြမ္မာခန်းမသခင် ရှစ်ယွမ်ကျင်း ၏သား ရှစ်ရွှယ်ချင်းပင်။ သူ၏ကျင့်ကြံမှုသည် ရှန်ဝူကျွင်းလောက် မမြင့်မားသော်လည်း ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိထားသူဖြစ်ရာ ညံ့ဖျင်းသူတစ်ယောက်မဟုတ်ပေ။
ခန်းမသခင်၏သားကို ညှို့ငင်ဖမ်းစားထားပြီး ယခုချိန်၌ ရှန်ဝူကျွင်းကိုလည်း တန်းတန်းစွဲဖြစ်အောင် လုပ်ထားနိုင်သည်အားကြည့်လျှင် မြေခွေးညှို့ငင်ကံကြမ္မာအပေါ် သူမ၏ထိန်းချုပ်နိုင်စွမ်းသည် ဒုတိယအဆင့်အတွင်းမှာပင် အလွန်အားကောင်းနေနိုင်သည်။
"ရှင် ကျွန်မကို ယုံစေချင်ရင် ရိုးရိုးလေးပါပဲ... ဖုယင်ယင်ကို မောင်းထုတ်ပြီး ကြွေလွင့်ပုလဲကို ယူပေး... ပြီးရင် ရှင့်ကို ကျွန်မဘေးမှာ နေခွင့်ပေးပြီးတော့ ကျွန်မကို ချစ်ခွင့်ပြုမယ်"
ဖုယီယီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ခေါင်းမော့ထားကာ ငန်းတစ်ကောင်ကဲ့သို့ လှပကျော့ရှင်းသော သူမ၏လည်တိုင်ကို လှစ်ဟပြသထားသည်။
သူမသည် အရပ်တော်တော်မြင့်ပြီး ၁.၇၅ မီတာကျော်ကာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သည်။ သူမ၏လှုပ်ရှားမှုတိုင်းသည် သဘာဝအတိုင်း ဆွဲဆောင်မှု ရှိနေပြီး ယန်ဆန်းရှစ်ဆန်း နှင့်ဆုယွမ်ကျဲ့တို့ပင် မသိမသာ ခိုးကြည့်နေကြသည်။
"ကောင်းပြီလေ...ကိုယ် အခုချက်ချင်း လုပ်လိုက်မယ်"
ရှန်ဝူကျွင်းသည် ခေါင်းညိတ်ပြပြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းသွားသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဖုချင်းချင်းက သူ့ကို ဟန့်တားလိုက်သည်။
"ယီယီ...နင်က ငါ့ရဲ့ပစ္စည်းကို လုချင်နေတာလား"
"ချင်းချင်း.... နင် ဘယ်လိုတွေ တွေးနေတာလဲ... ငါက ပစ္စည်းကို အရင်ယူလိုက်ချင်ရုံပဲ... ဒါက ဘယ်သူ့ပစ္စည်း ဖြစ်သင့်လဲ ဆိုတာ ငါတို့ နောက်မှ ဆွေးနွေးလို့ရတယ် မဟုတ်လား"
ဖုယီယီက မျက်မှောင်အနည်းငယ်ကြုတ်ပြီးနောက် ချိုသာစွာ ရယ်မောလိုက်သည်။
တဖက်လူသည် ဖုမိသားစုခေါင်းဆောင်ကြီး၏ မြေးမ ဖြစ်ပြီး သူမ၏ညီမသည် ဖုကျင်းကျင်း ဖြစ်နေပေ၏။ သူမသည် အနည်းငယ် ပို၍သန်မာအားကောင်းလျှင်ပင် တခြားသူများနှင့် ပူးပေါင်းထားသူတစ်ဦးကို အရေးကြီးသော အချိန်တွင် လေးစားမှု အနည်းငယ်ပြသရပေမည်။
"ဒါဆိုရင်တော့ ငါ လက်ခံနိုင်တယ်"
ဖုချင်းချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဖုယင်ယင်ထံသို့ ပြန်ကြည့်လေသည်။
"အဲ့ဒီကျန်းရွှမ်ဆိုတဲ့ကောင်သာ ကိုယ့်ပါးကိုယ်ရိုက်ပြီး ဒူးထောက်တောင်းပန်ရင် အတိတ်က ကိစ္စတွေကို ငါ မေ့ပေးလို့ရတယ်... မဟုတ်ရင်တော့ နင်တို့နှစ်ယောက်လုံး ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး"
"ငါက ဒူးထောက်ပြီး တောင်းပန်ရမယ်... ဟုတ်လား..."
သူမတို့အချင်းချင်း ပဋိပက္ခဖြစ်နေချိန်တွင် သူ့ကို အကြောင်းမဲ့သက်သက် တောင်းဆိုလာသဖြင့် ကျန်းရွှမ် မယုံကြည်နိုင် ဖြစ်သွားသည်။
"အမှန်ပဲ...ကြယ်မြစ်နယ်ပယ်ကိုတောင် မရောက်သေးတဲ့ အမှိုက်ကောင်က ဆုယွမ်ကျဲ့ကို နာကျင်အောင် လုပ်ရဲတယ်... နင့်ကို ဒူးထောက်တောင်းပန်ခိုင်းတာက ငါက သဘောထားကြီးပေးနေတာပဲ"
ဖုချင်းချင်းက သူမ၏လက်နှစ်ဖက်ကို နောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။
"စိတ်မကောင်းပါဘူး....ဘယ်သူ့ဆီကမှ ခွင့်လွှတ်ပေးတာမျိုးကို ငါ မလိုအပ်ဘူး"
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်၏။
"နင်က သေချင်နေတာပဲ"
ဖုချင်းချင်း၏မျက်နှာ ဖြူဖျော့သွားပြီး နံဘေးရှိ ဖုကျင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျင်းကျင်း...."
"အင်း..."
ဖုကျင်းကျင်းက ခေါင်းညိတ်လိုက်သည်။
"ဆန်းရှစ်ဆန်း ဒါက နင့်ရဲ့တာဝန်ပဲ... သူ့ကို မသတ်နဲ့...သူ ဒူးထောက်တဲ့အထိ သင်ခန်းစာပေးလိုက်စမ်း"
"ဟုတ်ကဲ့..."
ယန်ဆန်းရှစ်ဆန်းက ခေါင်းညိတ်ပြပြီး ခေါင်းမော့ရင်ကော့ကာ မာနကြီးသောမျက်နှာထားဖြင့် ကျန်းရွှမ်ထံသို့ လျှောက်လှမ်းသွားလေသည်။ သူသည် လက်ဝဲဘက်လက်ကို နောက်ပစ်ကာ ကျန်းရွှမ်ကိုကြည့်ပြီး ခက်ထန်တင်းမာစွာ ပြောဆိုလိုက်၏။
"ငါတို့ အရင်က သိခဲ့ဖူးတာကို ထောက်ပြီးတော့.. မင်းကို ငါက လက်တစ်ဖက်တည်းနဲ့ သုံးကွက်တိတိ တိုက်ခိုက်မယ့် အခွင့်အရေး ပေးမယ်"
ရင်းမြစ်ခန်းမသခင်သည် အလုံးစုံသိမြင်ဂိုဏ်း နှင့်ပတ်သက်သော သူ၏အမှတ်တရများကို ဖျက်ဆီးလိုက်သော်လည်း ကောင်းကင်ကံကြမ္မာ ခန်းမနှင့်ပတ်သက်သော အမှတ်တရတချို့ သူ့ထံတွင် ကျန်ရှိနေဆဲပင်။ သူ၏ရှေ့မှလူသည် ခုန်းရှီယောင်၏ ဆရာဖြစ်ကြောင်း သူ သိသဖြင့် မျက်နှာပျက်ရမည့် အခြေအနေမျိုးကို သူ မလိုလားပေ။
"မင်းက ငါ့ကို သုံးကွက် အခွင့်အရေးပေးပြီး လက်တစ်ဖက်တည်းနဲ့ တိုက်မယ် ဟုတ်လား... သေချာရဲ့လား…”
ကျန်းရွှမ်သည် သူ ကြားလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်သွားပြီး ရုတ်တရက် မှတ်ဉာဏ်များ ဖျက်ဆီးခံလိုက်ရခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်နိုင်ဟု ခံစားလိုက်ရသည်။