ဆက်တိုက် အရေးနိမ့်ခြင်း
Vol. 22 Ch. 282
"သေချာတာပေါ့"
ယန်ဆန်းရှစ်ဆန်းသည် သူ၏ရှေ့မှလူ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို နားမလည်သေးဘဲ သူ၏မျက်နှာတွင် မာန်မာနများ ပြည့်နှက်နေသည်။
ကျိုးယီအင်ပါယာ၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည့်အတွက် သူသည် သူ့နတ်ဘုရားမ၏ရှေ့တွင် ထူးခြားစွာစွမ်းဆောင်ပြချင်နေသည်မှာ သဘာဝကျပေ၏။
ဖုကျင်းကျင်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"ဆန်းရှစ်ဆန်း ပေါ့ပေါ့ဆဆ မလုပ်နဲ့..သူက ဆုယွမ်ကျဲ့ကို ရိုက်ချက်တစ်ချက်တည်းနဲ့ အနိုင်ယူထားတာ"
ယန်ဆန်းရှစ်ဆန်းက ခေါင်းခါယမ်းလိုက်သည်။
"စိတ်မပူပါနဲ့...ငါက အဆင့်မတက်ခင်ကတည်းက သက်တူရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းပဲ... အခု အဆင့်တက်ထားပြီးပြီဆိုတော့ ငါ့ရဲ့ကျင့်ကြံမှုက လုံးဝတည်ငြိမ်နေပြီ... သူ့လို ဓမ္မရုပ်သွင်နယ်ပယ် အဆင့်လောက်ကို မပြောနဲ့... ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့် အစောပိုင်းကျင့်ကြံသူကိုတောင် ငါက ဂရုစိုက်ဖို့ မလိုဘူး"
"ကောင်းပြီလေ..."
...
ယန်ဆန်းရှစ်ဆန်းထံ၌ ယုံကြည်ချက်အပြည့်ရှိနေသည်ကို မြင်မှသာ ဖုကျင်းကျင်း စိတ်သက်သာရာ ရသွားသည်။
"မင်းက အဲ့ဒီလို ပြောမှတော့ ငါလည်း အားနာမနေတော့ဘူး"
သူ၏အပြုအမူကို မြင်လိုက်ရသဖြင့် ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်ပြီး စကားဆက်မပြောတော့ပေ။ အလင်းတန်းတစ်ချက် လင်းလက်သွားပြီးနောက် သူသည် ရှေ့သို့ပြေးဝင်သွားကာ သူလက်ဖဝါးကိုလှန်၍ ရိုက်ချလိုက်သည်။
"ပထမတစ်ကွက်..."
အသက်ပြင်းပြင်း ရှိုက်သွင်းလိုက်ပြီး ယန်ဆန်းရှစ်ဆန်း၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ မြင့်တက်လာသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး သူ၏ရင်ဘတ်ရှေ့တွင် အလင်းဒိုင်းကာငယ်တစ်ခု ထွက်ပေါ်လာသည်။
ပြောရမည်ဆိုလျှင် ပြိုင်ဘက်မတွေ့ခဲ့သည့် အချိန်တိုအတွင်းမှာပင် သူ၏စွမ်းအားများ ပို၍တိုးတက်လာခဲ့သည်။ သူသည် ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် အစောပိုင်းတွင်သာ ရှိသေးသော်လည်း သူ၏ခုခံကာကွယ်မှုသည် သာမာန်ခံတပ်ကြီးနှစ်တပ်ထက် နိမ့်ကျခြင်းမရှိတော့ပေ။
"အင်ပါယာရဲ့ ထိပ်သီးပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကြီး..ထိုက်တန်တာပဲ....ခံစစ်စွမ်းရည်က အရမ်းကောင်းတာပဲ"
"သူ့ကို သုံးကွက်အခွင့်အရေးပေးထားပြီးတော့ လက်တစ်ဖက်တည်းနဲ့ တိုက်မယ်ဆိုတာတောင် ဒီကောင်လေးက စပြီးတိုက်ရဲသေးတယ်... တကယ့်ကို ရှက်စရာပဲ"
"ဟုတ်တယ်.. ငါသာဆိုရင် အရှုံးပေးလိုက်ပြီ"
ကျန်းရွှမ်သည် ရှက်ရွံ့ခြင်းအလျဉ်းမရှိဘဲ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်သည်ကို မြင်လိုက်ရသဖြင့် လူများအားလုံး အလွန်အမင်း အထင်သေးသွားကြသည်။
ဝုန်း...
ထိုသို့ပြောဆိုနေကြစဉ်မှာပင် ကျန်းရွှမ်၏လက်ဝါးသည် ယန်ဆန်းရှစ်ဆန်း၏ခံစစ် အလင်းဒိုင်းကာပေါ်သို့ ကျရောက်သွားသည်။ ဤလက်ဝါးတွင် လက်ဝါးလေလှိုင်းနှင့် သိသာထင်ရှားသော စွမ်းအားများ မပါဝင်သော်လည်း အလင်းဒိုင်းကာသည် ပူဖောင်းတစ်လုံးကို အပ်ဖြင့် ထိုးဖောက်လိုက်သည့်အလား ချက်ချင်းကြေမွှပျက်စီးသွားသည်။
ရုတ်ချည်းဆိုသလိုပင် ယန်ဆန်းရှစ်ဆန်းသည် ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ ပြန်မထနိုင်တော့ချေ။
"...."
လူများအားလုံး မှင်သက်သွားပြီး လှိုဏ်ဂူတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ကျိုးယီအင်ပါယာ၏ ထိပ်သီးပါရမီရှင်သည် သူ့ထက် ကျင့်ကြံဆင့်နိမ့်ပါးသူတစ်ယောက်ကို ကိုယ်တိုင် တိုက်ခိုက်ခြင်းဖြစ်သဖြင့် လွယ်လင့်တကူ အနိုင်ရနိုင်မည်ဟု လူများအားလုံး ထင်မှတ်ထားခဲ့ကြသည်။ ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူတို့သည် အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးကြချေ။
သူ ဒီတိုင်း ရှုံးသွားတာလား...
ဒါက ပေါ့ဆလွန်းလို့ ရှုံးသွားတာပဲ ဖြစ်မယ်...
"ဆန်းရှစ်ဆန်း..."
ဖုကျင်းကျင်းသည်လည်း ထပ်တူထပ်မျှ ကြောင်အသွားသည်။
သူမ၏အကြီးမားဆုံး အားသာချက်မှာ ဤ 'နောက်လိုက်ခွေး'ဖြစ်ပြီး ယခု၌မူ ပထမဆုံး ရိုက်ချက်မှာပင် တစ်ဖက်သူ၏ရိုက်ထုတ်ခြင်ကို ခံလိုက်ရလေပြီ။
သူမတို့သည် သာမာန်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရမည်ဟု ထင်မှတ်ခဲ့ကြပြီး သူမတို့ဘက်မှ လှုပ်ရှားလိုက်ရုံဖြင့် အလွယ်တကူ ချေမှုန်းနိုင်မည်ဟု တွက်ဆခဲ့ကြသည်။ သို့ရာတွင် သူမတို့သည် ဤကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ဟု မျှော်လင့်မထားခဲ့ကြပေ။
"သူက မာနကြီးဝံ့တာ အံ့အားသင့်စရာ မရှိတော့ဘူး...သူ့မှာ အဲ့ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းမျိုး ရှိနေတာပဲ"
ဝမ်းကွဲညီအစ်မများ အရေးနိမ့်နေသည်ကို မြင်လိုက်ရသဖြင့် ဖုယီယီက ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏လှပသော မျက်လုံးများသည် ရွှန်းစိုတောက်ပနေပေ၏။
"ရှင့်နာမည်က ကျန်းရွှမ်မလား... ကျွန်မ နောက်ကို လိုက်ချင်လား..ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားက ဖုယင်ယင်ထက် အများကြီး ပိုကောင်းတယ်လေ..."
"မင်းရဲ့နံပြားလို ပြားကပ်နေတဲ့ ရင်ဘတ်ကို ပိုပြီးကောင်းတယ်လို့ ပြောတာလား"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
သူမသည် အရပ်ပိုရှည်သော်လည်း သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းသည် ဖုယင်ယင်ကို အနည်းငယ်မျှမမီဘဲ အဆင့်ချင်း ယှဉ်၍ပင် မရချေ။
"ရှင်..."
ဖုယီယီသည် သူမကို ရင်ဘတ်ပြားသည်ဟု ပြောခြင်းအား အမုန်းဆုံးပင်။ ယခုချိန်၌ လူသူအများရှေ့တွင် ဤကဲ့သို့ ပြောလာသောကြောင့် သူမ စိတ်မထိန်းနိုင်တော့ချေ။ သူမသည် မလှမ်းမကမ်းတွင်ရှိနေသော သူမ၏မျက်နှာသာ ပေးခြင်း မခံရသည့် မင်းသားရှန်ဝူကျွင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ရှန်ဝူကျွင်း သူ့ကို နိုင်အောင်တိုက်ပြီးတော့ ကြွေလွင့်ပုလဲကို ယူပေးပါ... ဒါဆိုရင် ကျွန်မ ရှင့်ကို ယုံပေးမယ်..."
"ကောင်းပြီလေ"
ရှန်ဝူကျွင်း၏မျက်လုံးများ တောက်ပသွားပြီး လူအုပ်အကြားမှထွက်ကာ ကျန်းရွှမ်ထံသို့ လျှောက်လှမ်းသွားလိုက်၏။
"ကောင်လေး... မင်းက ယန်ဆန်းရှစ်ဆန်းကို လွယ်လွယ်ကူကူ နိုင်လိုက်တာဆိုတော့ မင်းမှာ အရည်အချင်းတော့ ရှိသားပဲ... ဒါပေမဲ့ ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် တိုက်ခိုက်ရေးအရှင်တစ်ယောက်နဲ့ ယှဉ်ရင်တော့ မင်းက လိုပါသေးတယ်"
"မြေခွေးတွေနဲ့တွေ့တော့ ဖုဝေ့ဝေ့ကို စွန့်ပစ်ပြီး ထွက်ပြေးသွားတာက... မင်း ပြောတဲ့ စွမ်းအားရှိတယ် ဆိုတာလား"
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
"မင်းက သေချင်နေတာပဲ"
ရှန်ဝူကျွင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အော်ဟစ်သံတစ်သံနှင့်အတူ ကျန်းရွှမ်ထံဦးတည်၍ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တိုက်ခိုက်လေသည်။
သူသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်တွင် ရှိနေပြီး သူ၏ခွန်အားသက်သက်ကပင်လျှင် မြင်းကောင်ရေသုံးထောင်ခန့် ရှိနေသဖြင့် အစစ်အမှန်တိုက်ခိုက်ရေးအရှင်တစ်ယောက် ဖြစ်ကြောင်း သက်သေပြနေသည်။ သူ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်နှင့် သူ၏လက်ဝါးနှင့် မထိမီမှာပင် ပတ်ဝန်းကျင်ရှိလေထုသည် ဖိနှိပ်ခြင်းခံလိုက်ရပြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ လေထုကို ထိုးခွင်းသွားသည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူ့ရှေ့မှလူ၏စွမ်းအားသည် သူ တွေးထင်ထားသည်ထက်ပင် ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။ အရိုင်းဆန်သောခွန်အားသက်သက်ဖြင့်သာ ယှဉ်ပြိုင်ရမည် ဆိုပါက သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် အနိုင်ရရန် ဖြစ်နိုင်ချေ မရှိပေ။ သူသည် သိုင်းပညာနည်းစနစ်များကို သုံးလျှင်ပင် အနိုင်ရနိုင်ခြေ သိပ်မရှိလှချေ။
သို့ရာတွင် သူ့ထံ၌ ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။
သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများအားလုံး လှုပ်ရှားသွားပြီး အရှိန်အဟုန်စွမ်းအင်မြစ်မှ တစိတ်တပိုင်းသည် ချက်ချင်းလှုပ်ရှားလာကာ သေးငယ်သောဓားချီတစ်လှိုင်းအဖြစ် ပြောင်းလဲသွားပြီး ရှန်ဝူကျွင်း၏ ဦးခေါင်းထံသို့ တိုးဝင်သွားသည်။
ရှန်ဝူကျွင်းသည် သူ၏လက်ဝါး ကျရောက်သွားတော့မည့်အချိန်တွင် သူ့ရှေ့၌ တောင်ကြီးတစ်လုံး ပြိုကျလာသည့်အလား ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
ပြင်းထန်သောကြောက်ရွံ့မှုသည် သူ၏စိတ်ကို လွှမ်းမိုးသွားပြီး သူ၏အမြင်အကြားအာရုံများမှ လုပ်ဆောင်ချက်များကို အချိန်တခဏကြာ ရပ်တန့်သွားစေသည်။ သူ ထုတ်လွှတ်ထားသော စွမ်းအားများလည်း ရပ်တန့်သွားပေ၏။
မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာ စွမ်းအားများ၏ပံ့ပိုးမှုဖြင့် သူ၏ အရှိန်အဟုန်ကံကြမ္မာသည် စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ ဤသည်မှာ ကြယ်မြစ်နယ်ပယ် သတ္တမအဆင့်နှင့်အထက် ကျင့်ကြံဆင့်နှင့် ညီမျှသည်။ ရှန်ဝူကျွင်း မည်မျှထိ သန်မာအားကောင်းစေကာမူ ထိုအရာကို မည်သို့ ခုခံနိုင်မည်နည်း။
အကယ်၍ ရှန်ဝူကျွင်းသည် ကြိုတင်ပြင်ဆင်ထားပြီး အာရုံငါးပါးကို ဖြတ်တောက်ကာ ခွန်အားသက်သက်ဖြင့် ဖိနှိပ်ခဲ့မည်ဆိုပါက ကျန်းရွှမ် အနေဖြင့် သူ့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
သို့ရာတွင် မည်သည့် ကြိုတင်ကာကွယ်မှုမျှမရှိသော ရှန်ဝူကျွင်းသည် တိုက်ခိုက်မှု၏လွှမ်းမိုးခြင်းကို ခံလိုက်ရပြီးနောက် ကျန်းရွှမ်၏လက်သီးချက်က ကျရောက်လာပေ၏။
ဝုန်း...
ပွင့်အံ့ထွက်လာသော စွမ်းအားများသည် တုန်ခါသံများ မြည်ဟီးနေကာ ရှေ့သို့ မရပ်မနားတိုးဝင်သွားသည်။ ရှန်ဝူကျွင်း သတိမဝင်ခင်မှာပင် ယန်ဆန်းရှစ်ဆန်းကဲ့သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။
"ဒါက..."
"သူက ဓမ္မရုပ်သွင်နယ်ပယ်အဆင့်နဲ့ ကြယ်မြစ်မြစ်နယ်ပယ် တတိယအဆင့်က အစွမ်းထက်တဲ့ တိုက်ခိုက်ရေးအရှင်တစ်ယောက်ကို အနိုင်ယူလိုက်တာလား"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဖုကျင်းကျင်း ဖုချင်းချင်း နှင့် တခြားသူများသည် နေရာမှာပင် မတ်တတ်ရပ်နေပြီး ကြက်သေသေနေကြသည်။ သူတို့အားလုံးသည် မယုံကြည်နိုင်မှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်နေပြီး ရူးသွပ်သွားတော့လုမတတ် ခံစားနေကြရသည်။
အထူးသဖြင့် ဆုယွမ်ကျဲ့၏ခန္ဓာကိုယ် တုန်ရီနေပြီး စကားပင် မပြောနိုင်တော့ချေ။
ယခင်က တဖက်လူ၏အနိုင်ယူခြင်း ခံခဲ့ရစဥ်တွင် သူ သတိမထားမိလိုက်၍ ဖြစ်သည်ဟု အစဥ်အမြဲ တွေးထင်ခဲ့သည်။ အကယ်၍ သူ အလေးအနက်ထား၍ ကြိုးစားခဲ့လျှင် အသာစီးပြန်ရနိုင်မည်ဟု တွေးထင်ခဲ့လေ၏။ သို့ရာတွင် ယခုလက်ရှိ အခြေအနေအရ ထိုသို့မဟုတ်ကြောင်း သိသာထင်ရှားနေသည်။
သူသည် သူ့ကိုယ်သူ အာမခံပြီး ရှေ့မထွက်မိသည်မှာ ကံကောင်းပေ၏။ ထိုသို့မဟုတ်လျှင် သူ့အတွက် ပို၍အရှက်ကွဲစရာ ကိစ္စတစ်ရပ် ဖြစ်လာပေလိမ့်မည်။
လူအများ ထိတ်လန့်တုန်လှုပ်သွားရုံသာမက ဖုယင်ယင်ပင်လျှင် မျက်လုံးအပြူးသား ဖြစ်နေသည်။
ကျန်းရွှမ်၏ပါရမီသည် မညံ့ဖျင်းကြောင်းနှင့် စွမ်းအားအသင့်အတင့် ရှိကြောင်း သူမ သိထားသော်လည်း ဤမျှထိ သန်မာအားကောင်းမည်ဟု တွေးထင်မထားခဲ့ဖူးချေ။
သေချာသည်မှာ သူမ၏ "နတ်ဘုရား"သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ပြိုင်ဘက်ကင်းမြဲပင်။ သူ လုပ်ဆောင်သည့်အရာတိုင်း ဖြစ်သင့်ဖြစ်ထိုက်ပေ၏။
ဖုဝေ့ဝေ့သည်လည်း ဆွံ့အသွားသည်။ သူမ၏နတ်ဘုရားမသည် မည်သည်ကြောင့် ဤကဲ့သို့ အဖော်တစ်ယောက်ကို ခေါ်ထားရသနည်းဟု သူမ တွေးနေခဲ့မိသည်။ အမှန်အားဖြင့် သူသည် ဤမျှထိ အထင်ကြီးဖွယ်ကောင်းနေခြင်းပင်။
'နတ်ဘုရားမက တကယ့် နတ်ဘုရားမပါပဲ...သူရဲ့ ဆုံးဖြတ်ချက်က ငါ့ထက် အများကြီး သာလွန်တယ်...ငါ့ရဲ့ ကြည်ညိုလေးစားမှုက တကယ့်ကို မှားမနေဘူး'
"ရှန်ဝူကျွင်းတောင် အရှုံးပေးလိုက်ရတယ်ဆိုတော့ ကျန်းရွှမ်က ငါ ထင်ထားတာထက်တောင် ပိုပြီးစွမ်းအားကြီးနေတာလား"
ဖုယီယီသည် ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်သတိဝင်လာပြီးနောက် ချိုမြိန်သော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်သည်။
"အစ်ကိုကျန်းရွှမ်...ကျွန်မ ခုဏက မဆင်မခြင်လုပ်ခဲ့မိတယ်... ကျွန်မရဲ့စကားတွေက နားထောင်ရဆိုးပြီးတော့ ရှင့်ကို မလေးစားသလို ဖြစ်ခဲ့တယ်... ကျွန်မကို ခွင့်လွှတ်ပေးနိုင်မလားဟင်"
ထိုသို့ပြောဆိုပြီးနောက် သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ဝမ်းနည်းပက်လက်တောင်းပန်သော အကြည့်မျိုး ကြည့်လိုက်ရာ တခြားလူများ၏စိတ်ထဲတွင် ကာကွယ်ပေးလိုစိတ်များ အလိုအလျောက် ပေါက်ဖွားစေသည်။
သူမသည် မြေခွေးညို့ငင်ကံကြမ္မာကို အသက်သွင်းလိုက်ခြင်းပင်။
ယခင်က သူ၏ကျင့်ကြံမှုနိမ့်ပါးသည်ဟု သူမ တွေးထင်ခဲ့ကာ သူ့အပေါ် အထင်သေးခဲ့သည်။ သို့ရာတွင် ယခုချိန်၌ သူသည် ကျင့်ကြံဆင့်နိမ့်ပါးသော်လည်း တိုက်ခိုက်နိုင်စွမ်း အလွန် အားကောင်းကာ သူ၏အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ် မရှိနိုင်ကြောင်း သူမ သိလိုက်ရသည်။ ဤကဲ့သို့သော လူမျိုးကို သူမ၏နံဘေးတွင် သစ္စာရှိနောက်လိုက်အဖြစ် ညှို့ငင်ဖမ်းစားထားရန် လိုအပ်သည်မှာ သဘာဝကျပေ၏။