အခန်း (၂၇၇)
Vol. 22 Ch. 277
သူမ၏အံ့အားသင့်မှုကို လျစ်လျူရှုကာ ကျန်းရွှမ်သည် သူ၏လက်ချောင်းများကို ဓားပုံစံပြုလုပ်ကာ ထိုတွင်းနက်ကြီးဆီသို့ ချိန်ရွယ်လိုက်သည်။ သူ သုံးကြိမ်ဆက်တိုက် ရိုက်ခတ်လိုက်ပြီးနောက် ကျောက်တုံးများ လွင့်စင်သွားပြီး ပေဝက်အနက်ခန့်ရှိသောတွင်းသည် တစ်မီတာကျော် နက်သွားပေ၏။ သူသည် တွင်းထဲသို့ ခုန်ဆင်းလိုက်ပြီး မြေခွေးညှို့ငင်ကံကြမ္မာနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဖျော့တော့တော့အလင်းတန်းတစ်တန်းက သူ့ကို လွှမ်းခြုံသွားသည်။
"မြန်မြန် လာခဲ့တော့...."
ကျန်းရွှမ်က အော်ဟစ်လိုက်ရာ ဖုယင်ယင်က သူ့ထံသို့ အလျင်အမြန် ပြေးလာသည်။ သူမသည် သူ့ကို ဖက်တွယ်လိုက်ပြီး နောက်ထပ်အချိန်တခဏတွင် အလင်းရောင်တစ်ချက် လင်းလက်သွားကာ သူတို့နှစ်ဦးလုံး ပျောက်ကွယ်သွားကြသည်။
သူတို့နှစ်ယောက် ပြန်လည်၍ ထွက်ပေါ်လာချိန်တွင် တခြားလှိုဏ်ဂူတစ်ဂူထဲသို့ ရောက်ရှိနေသည်။ သို့ရာတွင် ဤလှိုဏ်ဂူသည် ယခင်လှိုဏ်ဂူနှင့် သိသိသာသာ ကွဲပြားခြားနားသည်။ နေရောင်ခြည်သည် လှိုဏ်ဂူအမိုးရှိ ကျောက်သားအက်ကွဲကြောင်းများမှတဆင့် ရံဖန်ရံခါ ဝင်ရောက်လာပြီး လေတစ်ချက်အဝှေ့တွင် အနည်းငယ်အေးစက်မှုကို ခံစားရသည်။
ဖုယင်ယင်က မြေခွေးညှို့ငင်ကံကြမ္မာစွမ်းရည်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ပါးလွှာသောအလွှာတစ်ခုအဖြစ် ချက်ချင်းပျံ့နှံ့သွားပြီး အဝေးသို့ မျောလွင့်သွားသည်။
"ငါ အာရုံခံမိတယ်..."
ဖုယင်ယင်၏မျက်လုံးများ တောက်ပသွားပြီး ကျန်းရွှမ်ဘက်သို့ လှည့်ကာ စကားပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ကျန်းရွှမ်၏မျက်ခုံးများ ရုတ်တရက် မြင့်တက်သွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။
"မကောင်းတော့ဘူး..."
သူသည် ကျယ်လောင်စွာအော်ဟစ်ပြီး သူမကို နံဘေးသို့ အလျင်အမြန်ဆွဲခေါ်လိုက်၏။
ကျန်းရွှမ် မည်သည့်အရာကို လုပ်ဆောင်နေသည်အား ဖုယင်ယင် နားမလည်နိုင်သေးမှာပင် သူမ၏ကျောဘက်သို့ အေးစက်စက်အရှိန်အဝါတစ်ရပ် တဟုန်ထိုးတိုးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် နှစ်မီတာကျော်ရှည်သော မြေခွေးတစ်ကောင်သည် ရုတ်တရက် ထွက်ပေါ်လာပြီး ကျန်းရွှမ်ထံဦးတည်၍ ခုန်အုပ်လိုက်သည်။
ကျန်းရွှမ်သည် နောက်မဆုတ်ဘဲ ထိုအစား လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
"ဘုန်း..."
မြေခွေးကြီးသည် လေထဲသို့ လွင့်ထွက်သွားပြီး ဆယ်မီတာကျော်အကွာသို့ ကျွမ်းထိုးမှောက်ခုံကျသွားကာ နံရံနှင့် ဝင်တိုက်မိသွားသည်။ ထိုမြေခွေးကြီးသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်ပြီးနောက် နောက်သို့ချာခနဲလှည့်ထွက်ကာ မှောင်မိုက်နေသော လှိုဏ်ဂူထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဖုယင်ယင်က ကျန်းရွှမ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်သည်။
အကယ်၍ အစောပိုင်းက သူသာ မရှိခဲ့လျှင် သူမ ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။
ထိုမြေခွေး၏စွမ်းအားသည် ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်အရ ဆုယွမ်ကျဲ့ထက် များစွာပို၍ သန်မာအားကောင်းသည်။ သို့ရာတွင် ကျန်းရွှမ်၏လက်သီးတစ်ချက်တည်းဖြင့် ထိုမြေခွေး လွင့်ထွက်သွားခဲ့သည်။ လီယွဲ့အန်းကို သတ်စဉ်ကထက် ကျန်းရွှမ်၏စွမ်းအားများ သိသိသာသာ တိုးတက်လာသည်မှာ သိသာထင်ရှားပေ၏။
"ကံကြမ္မာစွမ်းအားတွေကို ပေါ့ပေါ့တန်တန် မသုံးနဲ့...မဟုတ်ရင် ကြွေကျပုလဲတွေကို မတွေ့ခင် မြေခွေးတွေက ငါတို့ဆီ ရောက်လာလိမ့်မယ်"
ဖုယင်ယင်၏ ကြည်ညိုလေးစားသောအကြည့်ကို လျစ်လျူရှုပြီး ကျန်းရွှမ်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။
"သိပါပြီ..."
ဖုယင်ယင်က ဇက်ပုသွားပြီး မြေခွေး ထွက်သွားသည့်ဘက်သို့ ကြည့်လိုက်သည်။
"ကျွန်မတို့ သူ့နောက်ကို လိုက်သင့်လား... မိသားစုခေါင်းဆောင် ပြောတာတော့ မြေခွေးတွေက ကြွေလွင့်ပုလဲတွေကို စိတ်ဝင်စားတယ်တဲ့...သူက ရတနာတွေ ဝှက်ထားတဲ့ နေရာဆီကို ဦးတည်သွားတာ ဖြစ်နိုင်တယ်..."
"ဆန့်ကျင်ဘက်လမ်းက သွားကြစို့"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"ဆန့်ကျင်ဘက်လမ်းလား....
ဖုယင်ယင် နားမလည်နိုင် ဖြစ်သွားသည်။
မြေခွေး ထွက်သွားသည့် လမ်းကြောင်းသည် ရတနာများရှိနိုင်မည့်လမ်းကြောင်း ဖြစ်နေမည့်ပုံပေါက်နေသည်။ မည်သည်ကြောင့် ဆန့်ကျင်ဘက်လမ်းကြောင်းကို သွားရမည်နည်း။
သူမ စဉ်းစားလို့ မပြီးခင်မှာပင် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး ကျန်းရွှမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။
"ရှင် ဆိုလိုတာက... ဒီမြေခွေးက ကျွန်မတို့ကို ကြွေလွင့်ပုလဲနဲ့ ဝေးရာဆီကို ခေါ်ထုတ်သွားဖို့ ကြိုးစားနေတာလား"
"အဲ့ဒီလိုတော့ မဟုတ်ဘူး..."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"အဲ့ဒီမြေခွေးက တိုက်ခိုက်မှု လွဲချော်သွားတာနဲ့ ချက်ချင်း နောက်ဆုတ်သွားတယ်.. ငါ ထင်ကြေးပေးတာသာမှန်ရင် သူ ထွက်သွားတဲ့ဘက်မှာ ခြုံခိုတိုက်ခိုက်ဖို့ ဒါမှမဟုတ် ထောင်ချောက်ဆင်ထားဖို့ များတယ်...တကယ်လို့ ငါတို့သာ သူ့နောက်ကို လိုက်သွားရင် အခြေအနေ မကောင်းနိုင်ဘူး.... ဆန့်ကျင်ဘက်လမ်းကို သွားတာက ပိုကောင်းတယ်... တကယ်လို့ အဲ့ဒီမြေခွေးက ငါတို့နောက်ကို လိုက်လာရင် ငါတို့ဘက်က အခြေအနေကို ပြောင်းပြန်လှန်ပြီးတော့ အသာစီးရယူနိုင်လိမ့်မယ်"
"အော်... ကျွန်မ သဘောပေါက်ပြီ"
ဖုယင်ယင် ချက်ချင်းနားလည်သွားသည်။
သူတို့နှစ်ဦးသည် နောက်သို့ပြန်လှည့်ပြီး တခြားလမ်းကြောင်းတစ်ခုအတိုင်း လျှောက်လှမ်းသွားကြသည်။ လမ်းဆုံနှစ်ခုကို ဖြတ်ကျော်ပြီးနောက် ကျန်းရွှမ်က သူမကို ကျောက်တုံးကြီးတစ်ခု၏ အနောက်သို့ ဆွဲခေါ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်ကြ၏။
လှိုဏ်ဂူအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်။ သူမ၏နံဘေးရှိ လူငယ်လေး၏နှလုံးခုန်သံ သဲ့သဲ့နှင့် သူထံမှ ထွက်ပေါ်နေသော နွေးထွေးမှုကို ဖုယင်ယင်က ရှင်းလင်းစွာ ကြားရခံစားနေရသည်။
သူမ၏မျက်နှာ ပန်းရောင်သန်းသွားပြီး ဤအချိန်လေး ထာဝရတည်တံ့နေပါစေဟု ဆုတောင်းမိလိုက်သည်။
သို့ရာတွင် ထိုအတွေးသည် ကြာကြာမခံလိုက်ပေ။ ခြေသံများသည် သူတို့ ဖြတ်သန်းလာခဲ့သော လမ်းကြောင်းဘက်မှ ထွက်ပေါ်လာပြီး ယခင်ကထက် ခြေသံများ ပိုများနေသည်။
ဖုယင်ယင်က ကျောက်တုံးကြားမှ ချောင်းကြည့်လိုက်ရာ အံ့အားသင့်မှုကြောင့် သူမ၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်သွားသည်။
အစောပိုင်းက သူတို့ မြင်ခဲ့ရသည့် မြေခွေးသည် အမှန်တကယ်ကို သူတို့နောက်သို့ လိုက်လာခဲ့သည်။ ထို့ပြင် ပထမတစ်ကောင်ထက် ပို၍ကြီးမားသော တခြားမြေခွေးနှစ်ကောင်လည်း အနောက်မှကပ်ပါလာသည်။ ထိုနှစ်ကောင်ထံမှ ပို၍အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် စစ်ဆေးကြည့်ရန်ပင် မလိုဘဲ ပထမမြေခွေးထက် ပို၍သန်မာကြောင်း ဖုယင်ယင် သိလိုက်သည်။
ကျန်းရွှမ် ပြောခဲ့သည်မှာ အမှန်ဖြစ်ပုံပင်။ ထိုမြေခွေးနှစ်ကောင်သည် ယခင်မြေခွေး ထွက်သွားခဲ့သော လမ်းကြောင်းတစ်နေရာ၌ ပုန်းအောင်းနေခြင်း ဖြစ်ပေမည်။ အစောပိုင်းကသာ သူတို့ လိုက်သွားခဲ့လျှင် ခြုံခိုတိုက်ခိုက်ခံရနိုင်ချေ အလွန်များပေ၏။
သူမ၏နှလုံးခုန်နှုန်း လျှင်မြန်လာပြီး ကျန်းရွှမ်၏အနီးသို့ အလိုအလျောက် တိုးကပ်သွားမိကာ နတ်ဘုရားစိတ်အာရုံဖြင့် မေးမြန်းလိုက်သည်။
"ကျွန်မတို့ ဘာလုပ်ကြမလဲ..."
ပထမမြေခွေးသည် ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့်၌ ရှိနေသည်။ တခြားနှစ်ကောင်သည် ပို၍သန်မာအားကောင်းမည်မှာ သေချာပေါက်ပင်။ ကျန်းရွှမ်သည် အစွမ်းထက်သော်လည်း ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိသေးချေ။ အကယ်၍ ကြယ်စင်မြစ်နယ်ပယ် မြေခွေးသုံးကောင်မှ ဝိုင်းဝန်းတိုက်ခိုက်လျှင် သူ ခုခံနိုင်မည်လော...
သူမ စိတ်လှုပ်ရှားနေစဉ် ကျန်းရွှမ်၏ တည်ကြည်လေးနက်သော အသံက သူမ၏နားထဲသို့ ဝင်ရောက်လာသည်။
"ဒီနေရာမှာပဲ စောင့်နေ..."
သူမ ပြန်မပြောနိုင်မီမှာပင် သူ၏ပုံရိပ်သည် သူမ၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။
ရင်းမြစ်သားရဲသုံးကောင်ထံတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားရှိသော်လည်း ကျန်းရွှမ်သည် ဦးဆောင်တိုက်ခိုက်ရန် ကြောက်ရွံ့ခြင်း မရှိချေ။ ဖုယင်ယင်က ထိတ်လန့်တကြားဖြင့် ထိုမြင်ကွင်းကို ငေးကြည့်နေမိသည်။
ဂူအတွင်း၌ ကျန်းရွှမ်သည် ရုပ်ထုတစ်ခုအလား မတ်တတ်ရပ်နေပြီး သူ၏လက်သီးတစ်ချက်ဖြင့် ပထမမြေခွေးကို လွင့်ထွက်သွားစေကာ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ဒုတိယတစ်ကောင်ကို လှဲချလိုက်သည်။ သူ၏တတိယမြောက် လက်သီးချက်ဖြင့် နောက်ဆုံးမြေခွေးသည်လည်း လဲကျသွားပေ၏။
ဖုယင်ယင်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
သူမနှင့်ကျန်းရွှမ်ကြားရှိ ကွာခြားချက်သည် အလွန်ကြီးမားခြင်းမရှိဘဲ သူမ ကြိုးစားလျှင် လိုက်မီနိုင်မည်ဟု သူမ တွေးထင်ထားခဲ့သည်။ သို့ရာတွင် ယခုချိန်မှသာ ထိုအတွေးသည် မည်မျှထိ နုံအကြောင်း သူမ သိလိုက်ရသည်။
ဤသည်မှာ ကွာခြားချက်တစ်ခုမျှ မဟုတ်တော့ဘဲ ချောက်နက်ကြီး ဖြစ်နေလေပြီ။
ကြယ်စင်မြစ်နယ်ပယ် သားရဲသုံးကောင်ကို နှိမ်နင်းရန် သူသည် လက်သီးသုံးချက်သာ အသုံးပြုခဲ့သည်။ ဤစွမ်းအားမျိုးသည် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်ရှိ သာမာန်ကျင့်ကြံသူတစ်ယောက်မှ မယှဉ်နိုင်သော အရာပင်။
ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်ထံတွင် မြင်းကောင်ရေ ၉၉၉ခွန်အားသာ ရှိသင့်ပေ၏။ ကျန်းရွှမ်က ဤသည်ကို မည်သို့ ပြုလုပ်လိုက်သနည်း။
သူမ ကြက်သေသေနေစဥ်မှာပင်ကျန်းရွှမ်သည် ထိုအန္တရာယ်များကို ဖြေရှင်းပြီးပုံရသည်။ သူသည် သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ပြီး သူမထံသို့ လျှောက်လှမ်းလာသည်။
ဖုယင်ယင်က ပြုံးလိုက်ပြီး သူ့ကို နှုတ်ဆက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။
"သတိထား...သူတို့မှာ တိုက်ခိုက်နိုင်စွမ်း ရှိနေသေးတယ်..."
သူမ ကြည့်လိုက်ချိန်တွင် အစောပိုင်းက လက်သီးသုံးချက်ကြောင့် လွင့်စင်သွားသော မြေခွေးသုံးကောင်သည် ပြန်ထလာပြီး သူမတို့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ကျန်းရွှမ်၏လက်သီးသုံးချက်သည် သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို မဖျက်ဆီးနိုင်ခဲ့သလော....
သူမ ပေါ့ဆခဲ့မိကြောင်း နားလည်သဘောပေါက်လိုက်သည်။ အစောပိုင်းက သူမသည် ထိုမြေခွေးများကို အပြတ်ရှင်းရန် ပြေးဝင်သွားခဲ့သင့်သည်။
ဖုယင်ယင်သည် နောင်တရနေကာ မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေစဉ်မှာပင် မြေခွေးသုံးကောင်က ရုတ်တရက် ရှေ့သို့ ပြေးဝင်လာကြသည်။ သို့ရာတွင် ဤတစ်ကြိမ်တွင် ကျန်းရွှမ်သည် သူတို့ကို သတိမထားမိသည့်အလား သူမဆီသို့ ပေါ့ပေါ့ပါးပါး ဆက်လက်၍ လျှောက်လှမ်းလာသည်။
"ရှင်..."
ဖုယင်ယင်၏မျက်နှာ ဖြူဖျော့သွားသည်။ သူမသည် ပုန်းအောင်းမနေနိုင်တော့ဘဲ သူ့ကို ကာကွယ်ရန်အတွက် မြေခွေးများ၏တိုက်ခိုက်မှုကို တားဆီးရန် ပြေးထွက်လိုက်သည်။ သို့ရာတွင် သူမ သူ၏အနီးသို့ ရောက်ရှိသွားချိန်၌ တစ်ချိန်က ရက်စက်ကြမ်းတမ်းသော မြေခွေးများသည် ယခုအချိန်၌ကြောင်ပေါက်လေးများသဖွယ် ယဉ်ပါးနေပြီး အမြီးကြီးများကို နှံ့ကာ ချစ်စဖွယ် ဖြစ်နေသည်ကို မြင့်တွေ့လိုက်ရသည်။
ဤမြေခွေးများ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း.....
"ဒါက... ဘာဖြစ်နေတာလဲ"
ဖုယင်ယင် နားမလည်နိုင် ဖြစ်သွားသည်။
ဤမြေခွေးများသည် လွန်ခဲ့တဲ့ အချိန်တခဏအတွင်းတွင် သူမတို့ကိုသတ်ရန် ကြိုးစားနေခဲ့ကြကာ ယခု၌မူ အိမ်မွေးတိရစ္ဆာန်လေးများကဲ့သို့ ပြုမူနေကြ၏။ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း။
"သွားစမ်း... ကြွေလွင့်ပုလဲရှိတဲ့နေရာဆီ ငါတို့ကို လမ်းပြပေးစမ်း"
သူမ၏အံ့အားသင့်နေမှုကို လျစ်လျူရှုပြီး ကျန်းရွှမ်က မြေခွေးသုံးကောင်ကို အမိန့်ပေးလိုက်သည်။
မြေခွေးသုံးကောင်သည် ခေါင်းညိတ်ပြပြီး နောက်သို့လှည့်ထွက်ကာ အဝေးသို့ ပြေးထွက်သွားကြ၏။
"သွားကြစို့... ငါတို့ကိုယ်တိုင် လိုက်ရှာဖို့ မလိုတော့ဘူး..."
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဒါက..."
ဖုယင်ယင်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အစောပိုင်းက မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို အပြည့်အဝ နားမလည်သေးချေ။
သူသည် ထိုမြေခွေးများကို ယဉ်ပါးအောင် လုပ်လိုက်သလော....ဤကိစ္စသည် အမှန်တကယ်ကို ဤမျှထိ လွယ်ကူသလော....
သူ၏မြေခွေးညှို့ငင်ကံကြမ္မာစွမ်းရည်သည် လူများအပေါ်သာမက သားရဲများအပေါ်တွင်လည်း သက်ရောက်နေသလော....
သူမ၏အတွေးများကို သတိမထားမိဘဲ ကျန်းရွှမ်သည် မြေခွေးသုံးကောင်နောက်သို့ လိုက်သွားကာ လမ်းကြောင်းအမြောက်အများကို ဖြတ်ကျော်ပြီးနောက် ယခင်ထက် အနည်းငယ် ပို၍ကျယ်ဝန်းသော လှိုဏ်ဂူတစ်ခုထံသို့ ရောက်ရှိလာခဲ့သည်။
ထိုလှိုဏ်ဂူထဲတွင် မြက်ခြောက်များ ပြည့်နှက်နေပြီး ထောင့်တစ်နေရာတွင် အနီရောင်သစ်ပင်ငယ်တစ်ပင် ရှိနေသည်။ ထိုသစ်ပင်တွင် ပင်ပေါင်ဘောလုံးအရွယ် အသီးနှစ်လုံး တွဲလောင်းကျနေပေ၏။ အသီးများသည် အဖြူရောင်ဖြစ်ပြီး မျက်နှာပြင်၌ အနီရောင်သမ်းနေကာ အဝေးမှပင်လျှင် ချိုမြိန်သောရနံ့ကိုရရှိစေပြီး ဘိန်းအလား သူတို့ကို ယစ်မူးစေသည်။
"ဒီအသီးတွေထဲမှာ စိတ်အာရုံကို ထိုင်းမှိုင်းစေတဲ့ အရာတစ်ခု ပါဝင်နေတယ်..."
ကျန်းရွှမ်က နားလည်သဘောပေါက်သွားသည်။
ဖုမိသားစုခေါင်းဆောင်က ကြွေလွင့်ပုလဲသည် မြေခွေးညှို့ငင်ကံကြမ္မာကို ကျင့်ကြံရန် အသုံးဝင်သည်ဟု ပြောခဲ့ခြင်းမှာ ထူးဆန်းခြင်း မရှိတော့ပေ။ ထိုအသီးများတွင် သွေးလေချောက်ချားစေသော အရာပါဝင်ပြီး ထိုအရာကို စားသုံးပါက ညှို့ငင်နိုင်စွမ်းကို များစွာတိုးတက်စေနိုင်ကြောင်း သိသာရှင်းလင်းသွားလေပြီ။
"မင်း....သွားခူးလိုက်ပါ"
ကျန်းရွှမ်က ဖုယင်ယင်ကိုလှည့်ကြည့်ပြီး ပြောဆိုလိုက်၏။
ဤသည်မှာ သူမ၏စမ်းသပ်မှုဖြစ်ပြီး အမွေဆက်ခံလိုပါက သူမကိုယ်တိုင် လုပ်ဆောင်ရပေမည်။
"ကောင်းပါပြီ..."
ဖုယင်ယင်သည် အလျင်အမြန်ပြေးသွားပြီး အသီးတစ်လုံးထံသို့ လက်လှမ်းလိုက်သည်။ မြေခွေးများသည် ဒေါသမထွက်ပုံရသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမသည် စိတ်သက်သာရာရသွားကာ ထိုအသီးပေါ်သို့ လက်တင်လိုက်၏။
"အမ်"
သူမ၏မျက်နှာ နီမြန်းသွားပြီး သူမသည် အရက်မူးလွန်နေသူတစ်ယောက်အလား ဒယိမ်းဒယိုင်ဖြစ်သွားသည်။
"ဒါက... ဘာလဲ....ငါ ဆေးမိသွားတာလား"
အသီးကို ထိလိုက်ရုံနှင့် ဤကဲ့သို့ အာနိသင်ရှိမည်ဟု သူမ တွေးထင်မထားခဲ့ပေ။ ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သော ဖုယင်ယင်ပင်လျှင် မိန်းမောတွေဝေနေသည်။ ကျန်းရွှမ်သည် သူမအားကူညီရန်အတွက် ရှေ့သို့တိုးလိုက်စဉ်မှာပင် သူမ၏အကြည့်သည် သူ့ထံသို့ လှည့်လာပြီး သူမ၏မျက်နှာ နီမြန်းနေသည်ကို တွေ့လိုက်ရသည်။
နောက်ထပ်အချိန်တခဏတွင် သူမ၏ ပါးလွှာသောဝတ်ရုံသည် မြေပြင်ပေါ်သို့ လျောကျသွားပြီး လှပတင့်တယ်ကာ ဆွဲဆောင်မှုရှိသော သူမ၏ခန္ဓာကိုယ်ကို ပေါ်လွင်သွားစေသည်။
"ကျန်းရွှမ်..."
သူမသည် သူမ၏နီမြန်းသောနှုတ်ခမ်းကို ကိုက်ထားပြီး သူမ၏မျက်လုံးများတွင် ချိုမြိန်မှုများဖြင့် ပြည့်နှက်နေသည်။
ဖုယင်ယင်သည် အလွန်လှပချောမောသူဖြစ်သဖြင့် ယခုကဲ့သို့ အမူအယာမျိုးရှိနေချိန်တွင် သူမ၏သွယ်လျလျခန္ဓာကိုယ်နှင့် နူးညံ့ညင်သာသော စကားသံများက သူမ၏ဆွဲဆောင်မှုကို ပို၍တိုးပွားစေသည်။
ကျန်းရွှမ်သည် သူမ၏ကိုယ်နေဟန်ထားကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ သူ၏အမြင်အာရုံအပေါ် ကြီးမားသောသက်ရောက်မှုရှိသည်။ သူမ၏အရာအားလုံးသည် အချိုးအစား ကျနနေပြီး အပိုအလိုမရှိချေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူး...ဒီကိုယ်နေဟန်ထားက အရမ်းဆွဲဆောင်မှုရှိတယ်...အရင်ကထက် အများကြီး ပိုကောင်းသွားပြီ... မင်း ဒီအတိုင်း ဆက်လုပ်တော့"
"...."
ဖုယင်ယင် ကြက်သေသေသွားသည်။