← Chapters

ရှန်ဝူကျွင်း တိုက်ပွဲနေရာမှ ထွက်ပြေးခြင်း

Vol. 22 Ch. 278

ရှန်ဝူကျွင်း တိုက်ပွဲနေရာမှ ထွက်ပြေးခြင်း

Vol. 22 Ch. 278

ဖုယင်ယင်သည် ကြွေလွင့်ပုလဲကို ထိလိုက်သည်နှင့် တပြိုင်နက်တည်း ထိုအရာမှ ထွက်ပေါ်လာသော အထူးစွမ်းအားတစ်ရပ်ကြောင့် ချက်ချင်းဆိုသလိုပင် ရီဝေမိန်းမောသွားရသည်။ သူမ၏အသိစိတ်တစ်စိတ်တစ်ပိုင်းသည် ကြည်လင်နေသေးသော်လည်း ဆေးအာနိသင်ကြောင့် ဤအခြေအနေကို အခွင့်ကောင်းယူကာ ကျန်းရွှမ်ကို မြှူဆွယ်ရန် ကြံစည်လိုက်မိသည်။

အချိန်တခဏကြာအောင် သူမ၏ကိုယ်နေဟန်ထားကို ပြသပြီးနောက် သူမသည် စကားသံတစ်ခွန်းကို ကြားလိုက်ရလေ၏။

"ဒီကိုယ်နေဟန်ထားက အရမ်းဆွဲဆောင်မှု ရှိတယ်....ဆက်လုပ်ထား..."

ဒါက တပည့်တစ်ယောက်ကို လေ့ကျင့်ပေးနေသလို ဖြစ်မနေဘူးလား....

သူမ စိတ်ပျက်လက်ပျက် ဖြစ်နေစဥ်မှာပင် နောက်ထပ်အသံတစ်သံကို ထပ်မံ၍ ကြားလိုက်ရပြန်သည်။

"ဆက်လုပ်ထား... မင်းရဲ့လည်ပင်းကို ပိုဆန့်ထုတ်ပြီး တင်ပါးကို မြှင့်ထား...ဟုတ်ပြီ... အဲ့ဒီအတိုင်း ထိန်းထားတော့"

"..."

ဖုယင်ယင် ပင်ပန်းနွမ်းနယ်သွားသည်။

'မြေခွေးညို့ငင်ကံကြမ္မာကို ငါ လေ့ကျင့်ထားသမျှ အလကားဖြစ်သွားပါလား..'

ဤအတွေးဝင်လာသည်နှင့် သူမ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး ကိုယ်နေဟန်ထားကို ဆက်ထိန်းမထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဘာဖြစ်တာလဲ..."

ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။ ထိုအချိန်မှသာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပူကျစ်နေပြီး သူမ၏ နီမြန်းနေသောမျက်နှာထက်မှ ချွေးများ ယိုကျဆင်းလုမတတ် ဖြစ်နေသည်ကို သူ သတိပြုလိုက်မိသည်။

"တစ်ခုခုတော့ မှားနေပြီ"

သာမန် စိတ်အာရုံကယောင်ချောက်ချားဖြစ်ခြင်းဆိုလျှင် သူမ ဤကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။

သူ ကြွေလွင့်ပုလဲကို မော့ကြည့်လိုက်ချိန်၌ အစောပိုင်းက အနီရောင်ဖျော့ဖျော့အသီးသည် မွဲခြောက်သော မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ယခင်က ရှိခဲ့သော အသက်ဝင်မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို ကျန်းရွှမ် မြင်တွေ့လိုက်ရသည်။

"ဒီအသီးက ထိလို့မရတာများလား...အဲ့ဒါဆို ငါတို့ ဘယ်လို သိမ်းဆည်းကြမလဲ"

ဖုယင်ယင်၏ထိတွေ့မှုသည် အသီး၏စွမ်းအားကို စုပ်ယူလိုက်ကာ ချက်ချင်း ပုပ်သိုးသွားစေသည်ကို သိလိုက်ရသဖြင့် သူ မျက်မှောင်ကြုတ်လိုက်သည်။ အသီးကိုထိလိုက်သည်နှင့် ဤကဲ့သို့ ဖြစ်သွားမည်ဆိုလျှင် ရိတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။

သူ နောက်တစ်ဆင့် မည်သို့ဆက်လုပ်ရမည်ကို တွက်ချက်နေစဉ်မှာပင် ရုတ်တရက် ပွေ့ဖက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဖုယင်ယင်သည် ပြန်ထလာပြီး သူ၏ခြေထောက်ကို ဖက်တွယ်ကာ သူမ၏လက်များက ဖြည်းညှင်းစွာ အပေါ်သို့ တက်လာပေ၏။

ကျန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

သူမကို ကြည့်ရသည်မှာ မူးယစ်ရီဝေမှု အလွန်အမင်းသက်ရောက်သွားပုံပင်။

ကျန်းရွှမ်က သူမ၏နဖူးကို လက်ညှိုးဖြင့် ဖိချလိုက်သည်။ ဖုယင်ယင်၏ခန္ဓာကိုယ် တုန်ခါသွားပြီး နောက်သို့ပြန်လဲကျသွားသည်။ သူမ၏နီရဲနေသောမျက်နှာသည်လည်း တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွားပေ၏။

အချိန်တခဏအကြာတွင် ဖုယင်ယင် သတိပြန်ဝင်လာပြီး အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိကာ သူမ၏မျက်နှာတပြင်လုံး နီမြန်းသွားသည်။

ရှက်စရာကောင်းလိုက်တာ...

သူမ၏မျက်နှာအမူအယာကို လျစ်လျူရှုကာ ကျန်းရွှမ်သည် တခြားအသီးတစ်လုံးဘက်သို့ လှည့်ကြည့်ပြီး တွေဝေတုံ့ဆိုင်းနေပြီးမှ လက်လှမ်းလိုက်သည်။

ဝုန်း...

စူးရှသော ယားယံသည့် ခံစားမှုတစ်ခုက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ အရက်တစ်အိုးလုံးကို မော့သောက်လိုက်သကဲ့သို့ သူ၏ခေါင်း မူးဝေသွားပြီး အပူလှိုင်းတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်း၌ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။

"ဒါက..."

သူမ ဖြစ်ပျက်ခဲ့သည့် အခြေအနေအတိုင်း သူ့ကို မြင်လိုက်ရသဖြင့် ဖုယင်ယင်၏ မျက်လုံးများ တောက်ပသွားသည်။ ဤခံစားချက်ကို သူမ ကောင်းစွာသိရှိထားသည် ဖြစ်ရာ ဤသည်ကို အခွင့်ကောင်းယူပြီး သူမ၏ အိမ်မက်ထဲကလူ ကို ဖမ်းစားနိုင်မည်လောဟု တွေးလိုက်မိသည်။

သူမသည် ထိုအတွေးကို မထိန်းချုပ်နိုင်တော့ဘဲ ကျန်းရွှမ်၏အနားသို့ ချဥ်းကပ်သွားကာ ဆွဲဆောင်မှုရှိသော လေသံဖြင့် တီးတိုးလေး ပြောလိုက်သည်။

"ရှင် နေရတာ အဆင်မပြေဖြစ်နေရင် ကျွန်မ ကူညီပေးမယ်လေ"

သူမ၏စကားမဆုံးမီမှာပင် သူက မျက်မှောင်ကြုတ်ပြီး သူမကို ကြည့်လေသည်။

"မင်း အရမ်းအားနေလား"

ဖုယင်ယင် "..."

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"မင်း အဲ့ဒီလောက်ထိ အားနေရင် ဘာလို့ ခုဏက ပုံစံကို ပိုပြီးမလေ့ကျင့်တာလဲ.. ဒုတိယအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားကြည့်ပါလား"

"..."

ဖုယင်ယင် ငိုချင်စိတ်ပေါက်သွားသည်။

'ငါ ဒီလောက်ထိ အောက်ကျို့ခံနေတာတောင် ဘာမှ ဖြစ်မလာဘူးပဲ... ငါ့ကိုယ်ငါ ပုံအပ်နေတာတောင် သူက မလိုချင်ဘူးတဲ့လား...'

"ကောင်းပါပြီ ကျွန်မ..."

သူမ ဆက်လက်၍လေ့ကျင့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းရွှမ်၏မျက်နှာအမူအယာ ရုတ်တရက် တည်ကြည်လေးနက်သွားသည်ကို မြင်လိုက်ရသည်။ သူက တိတ်တဆိတ်နေရန် လက်ဟန်ပြလိုက်၏။

သူမသည် ဇဝေဇဝါဖြင့် နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏စိတ်ထဲသို့ သူ၏အသံ ဝင်ရောက်လာသည်။

"အနားမှာ လူတစ်ယောက် ရှိတယ်"

ဖုယင်ယင်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး ပတ်ဝန်းကျင်ကို အလျှင်အမြန် စစ်ဆေးလိုက်သော်လည်း မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရချေ။

"ငါ့နောက်ကို လိုက်ခဲ့..."

ကျန်းရွှမ်သည် သူ အစောပိုင်းက ထိတွေ့လိုက်သော အသီးသည်လည်း မီးခိုးရောင် ပြောင်းသွားသည်ကို မြင်လိုက်ရသည်။ ထိုကြောင့် သူသည် မြေပြင်ပေါ်ရှိ ဖုယင်ယင်၏အဝတ်အစားများကို ကောက်ယူကာ သူမကို နေရာတစ်ခုသို့ တိတ်တဆိတ် ခေါ်ဆောင်သွားလိုက်သည်။ သူသည် မြေခွေးစိမ်းသုံးကောင်ကို တိတ်တဆိတ် လိုက်လာရန် လက်ဟန်ပြပြီးနောက် ရှေ့သို့ ပြေးထွက်သွားသည်။

ဖုယင်ယင်သည် မည်သည့်အရာကိုမျှ မတွေ့ရသော်လည်း သူ့ကို အကြွင်းမဲ့ယုံကြည်သဖြင့် မေးခွန်းမထုတ်ဘဲ လိုက်ပါသွားသည်။

"ဒီ ကြွေလွင့်ပုလဲက မြေခွေးညို့ငင်ကံကြမ္မာကို တကယ်ကြီး အထောက်အကူ ပြုတာပဲ... အာရုံမှောက်မှားစေမှုကို ပိုကောင်းစေပြီးတော့ ဆွဲဆောင်မှုကို အားဖြည့်ပေးတယ်"

ပြေးလွှားနေရင်း ကျန်းရွှမ်သည် သူ၏ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ဆင်ခြင်သုံးသပ်လိုက်သည်။ ကောင်းကင်ဘုံစာကြည့်တိုက်ထဲရှိ သူ့၏ မြေခွေးညို့ငင်စွမ်းအင်မြစ်သည် ပို၍ထူထပ်သိပ်သည်းလာပြီး ပို၍သန့်စင်လာသည်။ နောက်ထပ် ကြွေလွင့်ပုလဲတစ်လုံးကိုသာ ထပ်မံ၍ရရှိပါက သူသည် တတိယအဆင့်သို့ ရောက်ရှိသွားနိုင်ချေရှိသည်။

သူ သက်ပြင်းချလိုက်သည်။

'ငါထင်တာ မှန်မယ်ဆိုရင် ဖုမိသားစုရဲ့ သေခါနီး ဘိုးဘေးအိုကြီးက ဒီအဆင့်မှာ ရှိနေတာပဲ... ဒါပေမဲ့ ငါက အကဲဖြတ်ပွဲကို လာစစ်ဆေးခံရင်းနဲ့ သူ့ရဲ့အဆင့်ကို လိုက်မီတော့မယ်'

'ဒီ ကောင်းကင်ကံကြမ္မာက ကျင့်ကြံရတာ အရမ်းလွယ်လွန်းတယ်'

'ငါ ရှောင်တိမ်းလေလေ ပိုပြီး တိုးတက်လေလေ ဖြစ်နေပါလား... ဒါပေမဲ့ ကောင်းကင်ဘုံသောကကံကြမ္မာကျတော့ ဒုတိယအဆင့်မှာ တန့်နေတုန်းပဲ'

"နောက်တစ်ခါကျရင် ငါက ကြွေလွင့်ပုလဲကို မထိမိအောင် ရှောင်မှ ဖြစ်မယ်"

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။ ယောက်ျားသားတစ်ယောက်အနေနှင့် ကမ္ဘာတစ်ခု၏အရှင်သခင်တစ်ယောက် အနေနှင့် သူသည် ယောကျာ်းပီသသော မိုတောက်ကောင်းကင်ကံကြမ္မာကို ကျင့်ကြံရသည်အား သည်းခံနိုင်သည်။ သို့ရာတွင် သူ လှုပ်ရှားလိုက်တိုင်း ဆွဲဆောင်မှုများ ထွက်ပေါ်နေမည့် ကံကြမ္မာကိုမူ မလိုလားချေ။ သူ တွေးကြည့်လိုက်ရုံနှင့် ကြက်သီးထမိသည်။

'ဒုတိယအဆင့်ဆို လုံလောက်ပြီ... ငါ ဒီထက်ပိုပြီး အဆင့်မတက်သင့်တော့ဘူး'

သူသည် တွေးတောနေရင်း ကျောက်ဆောင်တစ်ခုနောက်သို့ ဝင်လိုက်ကာ ရပ်တန့်လိုက်သည်။ ဖုယင်ယင်သည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိလေ၏။ ရှေ့ရှိလှိုဏ်ဂူထဲမှ လေပြင်းများနှင့် ပြင်းထန်သော ကံကြမ္မာစွမ်းအင် အတက်အကျများက တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း ပြသနေသည်။

ကျောက်တုံးနောက်မှ ချောင်းကြည့်လိုက်ချိန်၌ မြေခွေးစိမ်းငါးကောင်က ပြင်းထန်စွာ ဟိန်းဟောက်နေသည်ကို တွေ့လိုက်ရသည်။ လူနှစ်ဦးသည် ထောင့်တစ်နေရာတွင် ပိတ်မိနေပေ၏။ ဤသည်မှာ သွေးများထွက်ကာ မျက်နှာဖြူရော်နေသော မိန်းကလေးတစ်ဦးနှင့် ဆံပင်များ ဖရိုဖရဲဖြစ်ကာ ဓားကိုင်ထားပြီး သွေးများပေကျံနေသော လူငယ်တစ်ဦးပင်။

"အဲ့ဒါက ဖုဝေ့ဝေ့ပဲ"

ဖုယင်ယင်က တီးတိုးပြောဆိုလိုက်၏။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ ဖုဝေ့ဝေ့နှင့် သတ္တမမင်းသား ရှန်ဝူကျွင်းတို့ ဖြစ်ကြသည်။ ထိုနှစ်ဦးသည် မြေခွေးစိမ်းငါးကောင်နှင့် ပက်ပင်းတိုးခဲ့ကြခြင်း ဖြစ်ပေ၏။ ရှန်ဝူကျွင်းသည် ကြယ်စင်မြစ် နယ်ပယ် တတိယအဆင့်တွင် ရှိသော်လည်း သူတို့နှစ်ဦး အခြေအနေမှာ မရှုမလှဖြစ်လုနီးပါးပင်။

"ကျွန်မတို့ သူတို့ကို ကူညီကြမလား"

ဖုယင်ယင် မေးမြန်းလိုက်သည်။

သူမ၏စွမ်းအား မလုံလောက်ကြောင်းကို သူမ သိသော်လည်း ကျန်းရွှမ်သည် မြေခွေးစိမ်းသုံးကောင်ကို လွယ်လင့်တကူ အနိုင်ယူထားသူပင်။ ထိုကြောင့် မြေခွေးစိမ်းငါးကောင်ကိုလည်း သူ ကိုင်တွယ်နိုင်လောက်သည်။

"မင်းနဲ့သူရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ"

ကျန်းရွှမ်က တုံ့ပြန်အဖြေမပေးဘဲ မေးခွန်းထုတ်လိုက်၏။

"သူက ငါ့ရဲ့ တတိယအဘွားလေးဘက်က ဝမ်းကွဲတော်တယ်... ဖုချင်းချင်းနဲ့ဖြစ်သလိုမျိုး ရန်ငြိုးတော့ ငါတို့ကြားမှာ မရှိဘူး... ဒါပေမဲ့ ရင်းနှီးတာမျိုးလည်း မဟုတ်ဘူး"

ဖုယင်ယင်က တုံ့ပြန်အဖြေပေးလိုက်သည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ ထိုသို့ဆိုပါက သူမကို မဖြစ်မနေကယ်တင်ရန် မလိုအပ်ချေ။

သူတို့ စကားပြောနေစဉ် မြေခွေးစိမ်းနှစ်ကောင်သည် အယောင်ပြတိုက်ခိုက်လိုက်ပြီးနောက်တတိယတစ်ကောင်သည် ရှန်ဝူကျွင်း၏လက်မောင်းကို ကုတ်ခြစ်ပြီး ဖုဝေ့ဝေ့ ထံသို့ တိုးဝင်သွားသည်။

"သတ္တမမင်းသား....ကျွန်မကို ကယ်ပါဦး"

ဖုဝေ့ဝေ့က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရှန်ဝူကျွင်းသည် မြေခွေးနှစ်ကောင်ကို ပုတ်ထုတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှိုက်ကာ အံကြိတ်ထားသည်။ သူသည် သူမထက် သူ့၏အသက်ကို ပို၍တန်ဖိုးထားကြောင်း သိသာထင်ရှားနေပေ၏။

"ငါသာဆိုရင် နင့်ကို ကာကွယ်ဖို့အတွက် အသေခံမိမှာပဲ"

ဖုယင်ယင်က ရေရွတ်လိုက်သည်။

"ကြည့်ရတာတော့ ဝေ့ဝေ့က သူ့ကို အပြည့်အဝ မညို့ယူနိုင်သေးဘူးပဲ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ အစောပိုင်းက မြေခွေးတစ်သောင်းကျင်းထဲသို့ ဝင်ရန် ရှန်ဝူကျွင်း တွန့်ဆုတ်နေပုံကို မြင်ကတည်းက ဤကိစ္စကို သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။

ဖုဝေ့ဝေ့၏ မြေခွေးညို့ငင်ကံကြမ္မာ ပထမအဆင့်စွမ်းအားသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ရှိသော တော်ဝင်မျိုးဆက်တစ်ဦးကို ယှဉ်နိုင်စွမ်းမရှိချေ။

"အား... ကယ်ပါဦး"

ဖုဝေ့ဝေ့၏ဝတ်စုံ စုတ်ပြဲသွားပြီး မြေခွေးတစ်ကောင်က သူမ၏ပေါင်ကို ကုတ်ခြစ်လိုက်သဖြင့် အော်ဟစ်လိုက်သည်။

"ငါ အခု မလှုပ်ရှားနိုင်ဘူး... ငါ မင်းကို ကူညီရင် သူတို့က ငါ့ကို သတ်လိမ့်မယ်"

ရှန်ဝူကျွင်းက ရှင်းပြပြီး သူ၏မျက်နှာအမူအယာ ပျက်ယွင်းနေပေ၏။

ဖုဝေ့ဝေ့၏မျက်နှာ ဖြူဖျော့သွားသည်။ သူမသည် သူ၏အခြေအနေကို နားလည်သော်လည်း ထိတ်လန့်ကြောက်ရွံ့မှုက သူမကို လွှမ်းမိုးနေသည်။

"မင်းပဲ ဒီနေရာကိုလာဖို့ ခေါင်းမာနေတာမဟုတ်လား... မင်းသေသွားရင်တောင် မင်းအပြစ်ပဲ"

ရှန်ဝူကျွင်းက နာကြည်းသောအသံဖြင့် အော်ဟစ်လိုက်သည်။

"ရှင်ပဲ ကျွန်မကို ချစ်တယ်ဆို... ကျွန်မကို ကယ်ပါအုံး"

ဖုဝေ့ဝေ့က တောင်းပန်လိုက်၏။

"ကောင်းပြီလေ....ငါ မင်းကို ကယ်မယ်"

ရှန်ဝူကျွင်းက သူမထံသို့ တိုးဝင်သွားသည်။

သူမသည် အနည်းငယ် စိတ်သက်သာရာရသွားပေ၏။ သို့ရာတွင် ရှန်ဝူကျွင်းသည် နောက်သို့ပြန်လှည့်သွားပြီး မြေခွေးများ၏ဝိုင်းရံထားမှုမှ လွတ်မြောက်ကာ မီတာပေါင်းများစွာ အကွာသို့ ထွက်ပြေးသွားတော့သည်။

"ခဏလေး တောင့်ထားအုံး... ငါ လူသွားခေါ်လိုက်အုံးမယ်"

သူသည် အော်ဟစ်ပြောဆိုပြီး နံဘေးရှိလမ်းကြားတစ်ခုထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

မြေခွေးများသည် အချိန်တခဏကြာ တွန့်ဆုတ်သွားပြီးနောက် ဖုဝေ့ဝေ့အပေါ်သို့ ပြန်လည်၍ အာရုံစိုက်လိုက်ကြသည်။

"ရှင်..."

သူမ စွန့်ပစ်ခံလိုက်ရပြီကို သိလိုက်ရသဖြင့် ဖုဝေ့ဝေ့ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဘိုးဘေးရဲ့အကြံအစည်တွေက တကယ့်ကို ပြောင်မြောက်တာပဲ"

ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

လူ့သဘောသဘာဝဆိုသည်မှာ ခွဲခြားသိမြင်နိရန် ခက်ခဲသည်။ အန္တရာယ်ကြုံတွေ့မှသာလျှင် အစစ်အမှန်ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသတတ်ကြစမြဲပင်။

"သွားကြစို့"

ကျန်းရွှမ်က ပုန်းအောင်းနေရာမှ ထွက်လိုက်ရင်း ပြောဆိုသည်။

မြေခွေးများသည် ဖုဝေ့ဝေ့ကို ချက်ချင်း သတ်ပစ်မည် မဟုတ်သောကြောင့် ဤသည်မှာ ဖုယင်ယင်အတွက် လှုပ်ရှားရန် အကောင်းဆုံး အခွင့်အရေးပင်။

All Chapters