← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

Chapter 211: မိုင်ဟေးဟီ၏သစ္စာတရား

ဒုတိယ ကြယ် (၉) ပွင့်တာဝန်အတွက် ကောင်းကင် နဂါး (၉) ကောင်ရတနာကျောက်မျက်များ မွမ်းမံရန်မှာတော့ ရှင်းပြရန်ပင် မလိုချေ။

ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး အနည်းငယ် မှားယွင်းသည်နှင့် နတ်ဆိုးကျောက်မျက်အထိ ပျက်စီးနိုင်သည်။

တတိယတာဝန်သည် မီးနဂါးဥရှာရန်ဖြစ်ပြီး တွေ့လျှင် ပြန်အပ်ရမည့်အခြေအနေ ဖြစ်၏။

သို့သော် သူကိုယ်တိုင် အကောင်ပေါက်သည်အထိ စောင့်ရှောက်လျှင် သူ့ကိုသာ သခင်အဖြစ်မြင်၍ ဂိုဏ်းမှပေးသော ဆုလာဘ်ထက် အဖိုးတန်လေသည်။

ရှန်မို စာရင်းများကို ဆက်၍ ဖတ်ကြည့်သည်။

မကြာမီ ကြယ် (၄) ပွင့်တာဝန်၌ သူ့ပစ်မှတ်ကို တွေ့လေ၏။

ကြယ် (၄) ပွင့်တာဝန်: တစ္ဆေကျင့်ကြံသူအား ဖျင်ချန်းမြို့မှ ဖယ်ထုတ်ရန်။

ဆုလာဘ်: အဆင့်စီ အမှတ် (၂) မှတ်နှင့် ယင်ပုလဲ (၂) လုံး ရရှိမည်။

ရှန်မို ကျေနပ်သွား၏။

သူ ထင်ထားသည့်အပိုင်းပင်။

အဆင့်စီ (၂) မှတ်သည် အဆင့်ဒီ (၂၀) နှင့် လဲလှယ်၍ လိုအပ်သည်များကို ယူနိုင်သည်။

မြွေနဂါးတောင်၌ ရင်းနှီးမြှုပ်နှံ၍နေခြင်းက အနာဂတ်တွင် ပို၍ အကျိုးရှိလာပေမည်။

ရှန်မိုမှ ကျောက်စိမ်းပြားကိုထုတ်၍ ကျောက်ပြားအား ထိလိုက်ရာ တာဝန်လက်ခံပြီး ဖြစ်သွားသည်။

ထို့နောက် ကောင်တာသို့သွားသောအခါ မျက်နှာဝိုင်းဝိုင်း မိန်းကလေးမှ သူ့ကို လေးစားစွာ နှုတ်ဆက်၏။

“အကြီးအကဲ ဘာများကူညီပေးရမလဲရှင့်”

ရှန်မိုမှ တစ္ဆေကျင့်ကြံသူ၏ခေါင်းနှင့် အလောင်းပုံစံငယ်များကို ထုတ်ပြလိုက်သည်။

“တစ္ဆေကျင့်ကြံသူကို ရှင်းထုတ်ပြီးပါပြီ”

မိန်းကလေးမှာ အံ့ဩ၍ မျက်လုံးပြူးသွား၏။

တစ္ဆေကျင့်ကြံသူကို ရှင်းလင်းရေးတာဝန်မှာ အစက ကြယ် (၂) ပွင့်သာ ရှိသော်လည်း (၆) လဝန်းကျင်အထိ မအောင်မြင်ကြသောကြောင့် ကြယ် (၄) ပွင့်သို့ တက်သွားခြင်းဖြစ်သည်။

ဤသို့ဖြင့် အဆင့်မြင့်အကြီးအကဲများမှာ တစ္ဆေကျင့်ကြံသူ၏ တည်နေရာကို လိုက်ရှာကြသော်လည်း အဆက်မပြတ် ကျရှုံးကြသည်။

နောက်ဆုံး မထင်မှတ်စွာဖြင့် အကြီးအကဲငယ်လေးမှ အောင်မြင်သွား၏။

“ခဏလောက် စောင့်ပေးပါဦးနော်… အခုပဲ အကြီးအကဲ (၆) ကိုခေါ်ပြီး စစ်ဆေးပေးပါမယ်… သိပ်မကြာပါဘူး”

မိန်းကလေးမှာ ရိုကျိုးစွာပြော၍ ထွက်သွားလေသည်။

ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။

မကြာမီ မိန်းကလေး ပြန်ရောက်လာပြီး

“အကြီးအကဲ (၆) အတည်ပြုပြီးပါပြီ… တစ္ဆေကျင့်ကြံသူရဲ့ခေါင်း မှန်ပါတယ်”

“ဒီသိုလှောင်လက်စွပ်ထဲမှာ ယင်ပုလဲ (၂) လုံး ပါ,ပါတယ်”

ရှန်မိုလည်း သူ့ကျောက်စိမ်းပြားဖြင့် အတည်ပြုပြီးနောက် လှမ်းယူလိုက်သည်။

“အဆင့်စီ (၂) မှတ်လည်း ထည့်ပေးလိုက်ပါပြီနော်”

ရှန်မို ရတနာတိုက််ဆီသို့ ဆက်ထွက်လာခဲ့သည်။

သူထွက်သွားပြီးနောက် တာဝန်ခွဲဝေရေးအဆောင်သို့ အနီရောင်ဝတ်ရုံဖြင့် လူတစ်ယောက် ရောက်လာ၏။

ကောင်တာမှ မိန်းကလေးသည် ထိုလူကို လေးစားသဘောကျစွာ ကြည့်နေမိသည်။

ယဲ့ယန် ဖြစ်လေ၏။

ယဲ့ယန်တစ်ယောက် တာဝန်များရေးထားသည့် ကျောက်ပြားကိုကြည့်ရင်း ရှာမတွေ့၍ မျက်မှောင်ကြုတ်မိ၏။

“တစ္ဆေကျင့်ကြံသူကို ရှင်းလင်းတဲ့ တာဝန် ဘယ်ရောက်သွားလဲ… တစ်ယောက်ယောက် အရင်ယူသွားရင်တောင် မအောင်မြင်သေးရင် ငါလည်း လက်ခံခွင့်ရှိတယ်မလား”

မိန်းကလေးမှ အမြန်ပြန်ဖြေ၏။

“အကြီးအကဲယဲ့ ခုနကပဲ တခြားအကြီးအကဲတစ်ယောက် တာဝန်အောင်မြင်သွားပါပြီ”

“ဆုလာဘ်တွေလည်း ပေးလိုက်ပါပြီ”

ယဲ့ယန် မျက်မှောင်ပိုကြုတ်သွား၏။

တာဝန်မှာ နှစ်ဝက်ကြာအောင် မအောင်မြင်ဘဲ ရှိခဲ့၍ သူ့တပည့်များအား အချက်အလက်များ စုံစမ်းစေပြီး ယခု တာဝန်ယူရန် လာခဲ့ခြင်းဖြစ်သည်။

ယင်ပုလဲလုံးများ မရပါက အဆင့်မြင့်သရဖူ မွမ်းမံရန် အချိန်ပိုကြာတော့မည်။

“အဲ့အကြီးအကဲက ဘယ်သူလဲ… နာမည်ပြောပြပါ”

“သူ့ကိုရှာပြီး ယင်ပုလဲတွေ ပြန်ဝယ်ရမှာမို့လို့”

မိန်းကလေးမှာ စာရင်းကို အမြန်ပြန်ကြည့်ပြီးနောက်

“ခုနကအကြီးအကဲက ရှန်မိုတဲ့”

ယဲ့ယန် မှင်တက်သွားမိသည်။

“ငါ့အင်အားက ရှန်မိုနဲ့ အတူတူပဲ… ယင်ပုလဲတွေ ယူဖို့ မလွယ်ဘူး”

သူ နှာခေါင်းရှုံ့ကာ တောင်ထိပ် (၂) သို့ပြန်လာပြီး ကျင့်ကြံနေလေသည်။

မြွေနဂါးတောင်။

ရှန်မို ကျေနပ်စွာ ပြန်ရောက်လာသည်။

ဆုလာဘ်များကို ရတနာတိုက်၌ လဲလှယ်ခဲ့သည့်အပြင် သားကောင်သွေးစွမ်းအင်အတွက် ရှားပါးရတနာများပါ ယူလာသည်။

ရတနာတိုက်မှ ဝန်ထမ်းလေးမှာတော့ အကြီးအကဲငယ်လေးကို နားမလည်နိုင်စွာကြည့်ရင်း ကျန်ခဲ့သည်။

ရှန်မို ပတ်ဝန်းကျင်ကို အာရုံခံကြည့်သောအခါ ဟွမ်မြေးအဖိုးအပြင် အခြားတစ်ဦး ထပ်ရှိနေသည်ကို ခံစားရ၏။

သူ ဖြည်းဖြည်းချင်း ဆင်းသက်လာရင်း သူတော်စင်ပုံစံ အဘိုးအိုတစ်ဦးကို ဟွမ်မြေးအဖိုးနှင့်အတူ ဝက်ကင်များ စားနေသည်ကို တွေ့ရသည်။

“ခင်ဗျားလား”

ရှန်မို အံ့ဩကာ ရယ်မော၍ ဆို၏။

ထိုအဘိုးအိုမှာ မိုင်ဟေးဟီ ဖြစ်လေသည်။

သူ့ကိုတွေ့သောအခါ ချက်ချင်း မတ်တပ်ရပ်၍ မျက်ရည်များ စီးကျကာ ခုနကအရှိန်အဝါ ပျောက်ကွယ်သွားတော့သည်။

“အကြီးအကဲရှန် ကျွန်တော် အရမ်းလွမ်းနေခဲ့တာ”

ရှန်မိုလည်း ထိုအခါမှ သူ့ကို မေ့ကာ ချန်ထားခဲ့မိသည်ကို သတိရသွားသည်။

“အဆောင်သခင်ဟီကိုမေးတော့ အကြီးအကဲက မြွေနဂါးတောင် သွားပြီဆိုလို့ လိုက်လာတာ”

“ဒီမှာ လူလိုတယ်မလား… ကျွန်တော် အကြီးအကဲရှန်အတွက် ခစားရင်း နေချင်ပါတယ်”

သူ ဦးညွှတ်ကာ တလေးတစား ပြောလေသည်။

ဟွမ်ခွမ်ရင်သည် လက်သေးသေးလေးဖြင့် ဝက်ခြေထောက်ကိုက်ရင်း

“အကြီးအကဲ အဘိုးမိုင်က လူကောင်းပါ… ဒီတောဝက်ကို သူဖမ်းပေးတာ… အရမ်း အရသာရှိတာပဲ”

“ခေါ်ထားလိုက်ပါနော်”

ဟွမ်ပါရီမှလည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြ၏။

ရှန်မို တည်ငြိမ်စွာဖြင့်

“မိုင်ဟေးဟီ… ကျွန်တော် အခုတော့ တရားဝင်ရာထူး မပေးနိုင်သေးဘူး… လစဉ်ကြေးတွေ၊ အကျိုးအမြတ်တွေလည်း ရမှာမဟုတ်ဘူး… ဒီနှစ်ကုန်အထိ မြွေနဂါးတောင်ရဲ့ အပြင်အလုပ်သမားအဖြစ် နေရမှာ… အဆင်ပြေရဲ့လား”

မိုင်ဟေးဟီ အလွန်ဝမ်းသာသွား၏။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ရပါတယ်”

သူ ကျောက်စိမ်းဂိုဏ်း၌ ရှန်မို့အနား နေရသည်ကိုပင် ကျေနပ်ပါသည်။

“ဒီနေ့ကစပြီး မြွေနဂါးတောင်ရဲ့ အလုပ်တွေကို စထမ်းဆောင်ပါ… ပြီးတော့ ကျောက်စိမ်းခန်းမဆီ သွားလာတဲ့အခါလည်း ခင်ဗျားပဲ လုပ်ပေးရမှာ… ဟွမ်ပါရီက အရမ်းအသက်ကြီးပြီ… ခွမ်ရင်ကျတော့လည်း ကလေးပဲ ရှိသေးတယ်”

“ဟုတ်ကဲ့ပါ… အားလုံး လုပ်ပေးပါမယ်”

သူ စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

“ကဲ… ဒီစာရင်းယူပြီး ကျောက်စိမ်းခန်းမကိုသွား .. ရေးထားတဲ့ဆေးရွက်တွေအကုန် ဝယ်ခဲ့နော်”

“ကုန်ကျငွေကိုတော့ စိုက်လာခဲ့ပေါ့… ပြန်လာရင် ရှင်းပေးပါမယ်”

ရှန်မို စာရွက်လှမ်းပေး၍ ပြော၏။

“ဟုတ်ကဲ့ပါ”

ဤသည်မှာ သူ့ဆရာပေးသော ပထမဆုံးအလုပ် ဖြစ်သည်။ ပြဿနာမရှိဘဲ အောင်မြင်ရန် ဆုံးဖြတ်ထားလေသည်။

Chapter 212: ရှန်မို ချီယွန်းတောင်သို့ သွားခြင်း

ဆောင်းရာသီ ကုန်ဆုံး၍ နွေဦးသို့ ရောက်ရှိလာ၏။

မျက်စိတစ်မှိတ်အတွင်း ရှန်မိုတစ်ယောက် မြွေနဂါးတောင်၌ တစ်နှစ်ပြည့်သွားသည်။

ထိုအချိန်အတွင်း ဂိုဏ်းအလုပ်သမားတစ်ဦးမှ ရှန်မိုအတွက် နှစ်စဉ်ကြေး လာပေးလေသည်။

ထိုတန်ကြေးမှာ လုတုံရွှမ်ပြောထားသည့်အတိုင်း ဖြစ်ပြီး ရတနာများနှင့် လက်နက်များလည်း ပါဝင်သည်။

မြေအဆင့်ကျောက်မျက်လက်နက်အတွက် ရှန်မိုမှ ကျောက်စိမ်းခါးပတ်ဟု ခေါ်သော ဆက်သွယ်ရေးကျောက်စိမ်းပြားကို ရွေးလိုက်သည်။ ထိုပစ္စည်းမှာ ခုခံရေးစွမ်းရည်ကို (၂) ရက်အကြာအထိ သိမ်းဆည်းထားနိုင်ပြီး အန္တရာယ်အတွက် အရေးပေါ် အသုံးပြုနိုင်သည်။

မြှုပ်ထားသည့် နတ်ဆိုးကျောက်မျက်မှာ အဆင့် (၄) ဖြစ်၍လည်း ခံနိုင်ရည် ပိုရှိ၏။ မဟုတ်လျှင် တစ်ရက်သာ ကြာရှည်ခံလိမ့်မည်။

အတော်အသုံးဝင်သော ရတနာဖြစ်၏။

ရှန်မို ဟွမ်ခွမ်ရင်အား မျဉ်းပြာ (၈) ခုကို ရေကန်ထဲ ချထားရန် မှာလိုက်သည်။

ကျန် (၂) ခုကိုတော့ အငွေ့ပျံ၍သုံးရန် သိမ်းထားလိုက်၏။

အသွင်ပြောင်းဆေးများမှာတော့ နောင်အခါ သုံးနိုင်၍ သိုလှောင်လက်စွပ်ထဲ ထည့်ထားသည်။

သဲကြယ်မှုန့် (၅) ဘူးကိုလည်း ချက်ချင်း သုံးစရာ မလိုသေးပေ။ သိမ်းထားရန်သာ တွေးလိုက်သည်။

သူ့အတွက် စိတ်ဝင်စားစရာကောင်းနေသည်မှာ သွေးနီလက်မှတ်ဖြစ်၏။

တိုကင်မျက်နှာပြင်တွင် နွယ်ပင်ပုံများထွင်းထားသည်။

“သွေးနွယ်တိုကင်လား… အကြီးအကဲရှန် ကျွန်တော် ကြားဖူးတာတော့ အရမ်းအဖိုးတန်တယ်နော်”

မိုင်ဟေးဟီ သူ့ဘေးတွင်ရပ်ကာ တိုကင်ကို မျက်လုံးအရောင်လက်၍ ကြည့်နေ၏။

သွေးနီနွယ်ချောက်မှာ ကျောက်စိမ်းဂိုဏ်း ထိန်းချုပ်ထားသော တားမြစ်နယ်မြေ (၃) ခုထဲ ပါဝင်သည်။

ပထမနှင့် ဒုတိယအကြီးအကဲများသာ ဝင်ခွင့်ရှိသည်။ ချောက်ထဲတွင် ရှားပါးအဖိုးတန်သော သွေးဝိညာဉ်မြက်များ ပေါက်ရောက်၍ ဆန်ဖြင့် ချက်ပြုတ်လျှင် အသွင်ပြောင်းဆေးရည်နှင့် သက်ရောက်မှု တူပါသည်။ ထို့အပြင် စိတ်ကိုပါ တည်ငြိမ်စေသောကြောင့် မကျင့်ကြံမီ သောက်သုံးပါက လျင်မြန်စွာ အဆင့်တက်နိုင်၏။

သို့သော် ပေါက်ရောက်မှုအလွန်နှေးကာ နတ်ဆိုးသားကောင်များ နေထိုင်သောကြောင့် ရှာရခက်သည်။

ဤသို့ဖြင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန် တားမြစ်နယ်မြေအဖြစ် သတ်မှတ်၍ အကြီးအကဲများကို တစ်နှစ်တစ်ခါသာ ဝင်ခွင့်ပေးပြီး တစ်ခေါက်ဝင်လျှင် (၅) ရက်သာ နေထိုင်ခွင့်ရှိသည်။

“လောစရာတော့ မလိုပါဘူး… နောက်လည်း အခွင့်အရေးတွေ အများကြီး ရဦးမှာပေါ့”

ရှန်မို ထိုတိုကင်ကိုလည်း သိမ်းထားလိုက်သည်။

သွေးနီချောက်သွားရောက်ခြင်းမှာ အခွင့်အရေးများစွာ ရနိုင်သည်။

သို့သော် သေချာသော အခြေအနေမတွေ့သေးလျှင် အထဲဝင်ကာ အချိန်ဖြုန်းနေရန် မလိုပေ။

“ကျွန်တော် အပြင်ခဏ သွားလိုက်ဦးမယ်… မြွေနဂါးတောင်ကို စောင့်ရှောက်ပေးပါဦး”

“ကျွန်တော်ပြန်လာရင် တိမ်ပိုးကောင်ပျံ ပိုးချည် ကျင် (၁၅၀) ရနေဖို့ မျှော်လင့်ပါတယ်”

သူ မိုင်ဟေးဟီအား မှာကြားကာ ထွက်လာခဲ့သည်။

ရှန်မို သွေးစွမ်းအင် အားကောင်းစေရန် ပြောင်းလဲပြီးနောက် တိမ်ပိုးကောင်ပျံများ၏ ချည်ပိုးထွက်နှုန်း တမဟုတ်ချင်း တိုးတက်လာ၏။

ထို့အပြင် အစာအာဟာရပြည့်ဝနေ၍ နဂါးဥမှာလည်း နတ်ဆိုးသားကောင်များ၏ သွေးစွမ်းအင်ကို သွားမစုပ်ယူတော့ပေ။

“ဟုတ်ကဲ့ စိတ်ချပါ အကြီးအကဲ”

မိုင်ဟေးဟီ တက်ကြွစွာ ပြန်ဖြေလိုက်သည်။

သူကိုယ်တိုင် သွေးစွမ်းအင် သန့်စင်ခြင်း၌ ပါဝင်ခဲ့၍ အားလုံး နားလည်နေပါသည်။

ထိုလုပ်ငန်းကို အောင်မြင်လျှင် ဂိုဏ်း၏ တရားဝင်အဖွဲ့ဝင် ဖြစ်လာတော့မည် ဖြစ်၏။

အလွတ်တန်းကျင့်ကြံသူတစ်ဦးအတွက် ကျောက်စိမ်းဂိုဏ်းထဲ ဝင်ရောက်နိုင်ခြင်းမှာ အလွန် ဂုဏ်ယူစရာကောင်းပါသည်။

ဟွမ်မြေးအဖိုးလည်း စိတ်လှုပ်ရှားနေ၏။

မြွေနဂါးတောင် ဤသို့မတိုးတက်သည်မှာ ဆယ်စုနှစ် ချီနေလေပြီ။

…

ပိုင်ယွီဒေသ၊ ချီယွန်းတောင်တန်း။

ထိုနေရာမှာ ရှန်ချင်းဂိုဏ်း၊ ကျောက်စိမ်းဂိုဏ်းနှင့် ဆေးမြစ်ဂိုဏ်းကဲ့သို့ အင်အားကြီး (၃) ခု နယ်နိမိတ်ဖြစ်၏။

ထို့ကြောင့် ဂိုဏ်း (၃) ခုမှ တပည့်များ၊ အလွတ်တန်း ကျင့်ကြံသူများ သွားလာရင်း ပြဿနာများစွာ ရှိတတ်သည်။

ထိုအချိန်တွင် အရှေ့တောင်ဘက်မှ လူတစ်ဦးရောက်လာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်၏။

ထိုလူမှာ မီးတောက်ပုံမျက်နှာဖုံး တပ်ဆင်ထားပြီး အစိမ်းရောင်ဝတ်ရုံ ဝတ်ကာ အရပ်မြင့်မြင့်၊ အရှိန်အဝါကြီးကြီး ရှိသည်။

“ကံကြမ္မာစနစ်ရဲ့အချိန်အရတော့ ယဲ့ယန်နဲ့ ရှောင်ဖန်တို့ ဒီနေရာကို ရောက်လာဖို့ လဝက်လောက် လိုသေးတယ်”

“စောစောရောက်နေတော့ ထိပ်တိုက်မတွေ့အောင် ရှောင်ပြီး လိုဏ်ဂူထဲက ရတနာတွေကိုလည်း အရင်သိမ်းနိုင်တာပေါ့”

ထိုလူမှာ ရှန််မိုပင် ဖြစ်၏။

လိုဏ်ဂူထဲ၌ ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်သော နတ်မိုးကြိုးနှိမ်နင်းရေးကျင့်စဉ်နှင့် နတ်ဆိုးချပ်ဝတ်တို့ ရှိသည်။ ထိုပစ္စည်းများကို မယူလျှင် မိုက်ရာကျပေမည်။

“ဒါပေမဲ့ ယဲ့ယန်က အလွတ်တန်းကျင့်ကြံသူတွေနဲ့ စရှာနေတုန်း”

“ငါ့မှာ ကံကြမ္မာမရှိတော့ ဖြည်းဖြည်းချင်းပဲ စောင့်ပြီး ရှာရမယ်”

ထိုသို့တွေးနေရင်း ရုတ်တရက် အကူအညီတောင်းသည့် အော်ဟစ်သံကို ကြားရ၏။

သူ ခဏစဉ်းစားပြီးနောက် အသံရှိရာသို့ ချက်ချင်း ပြေးသွားလိုက်သည်။

မကြာမီ တောအုပ်ထဲမှ မြေကွက်လပ်တစ်ခုဆီ ရောက်သွားသည်။

မြေကွက်လပ်အလယ်တွင် ခြေတည်အဆင့် အလွတ်တန်းကျင့်ကြံသူ (၃) ဦးမှာ အဘိုးအိုနှင့် ကောင်လေးတစ်ဦးကို ဝိုင်းထားကြ၏။

“ဆရာတို့ရယ်… ကျွန်တော်တို့က အိမ်ပြောင်းလာတဲ့ သာမာန်လူတွေပါ… ဖြတ်ခွင့် ပေးပါနော်”

အဘိုးအိုမှ တောင်းပန်၏။

ကျင့်ကြံသူများမှာ သူ့အနောက်မှ ကောင်လေးကိုသာ အာရုံစိုက်နေကြသည်။

ဗလတောင့်တောင့်လူမှ ရယ်မော၍

“ဟားဟား အဘိုးကြီး ခင်ဗျားမြေးက ငယ်သေးတယ်နော်… ငါတို့ဆရာ အကြိုက်ပဲ”

“ကဲ ခင်ဗျားမြေးကိုပေးပြီး သွားတော့… အသက်ချမ်းသာပေးမယ်”

အဘိုးအိုမျက်နှာ ဖြူဖျော့သွား၏။

ကောင်လေးမှာ သူ့ကိုယ်သူ အန္တရာယ်ရှိနေမှန်း မသိနိုင်အောင်ပင် ငယ်သေးလေသည်။

“ငါ… ငါ လုံးဝ အဲ့လို အဖြစ်မခံနိုင်ဘူး”

အဘိုးအို အံကြိတ်၍ မကျေမနပ်ပြောသည်။

ကျင့်ကြံသူ (၃) ဦးသည် နှာခေါင်းရှုံ့လျက်

“နောက်ဆုံးအထိ ခေါင်းမာနေမယ်ပေါ့လေ ဟမ်… အဲ့ဒါဆိုလည်း သေပေတော့”

ခေါင်းဆောင်သူမှ ခါးရှိဓားရှည်ကို ဆွဲထုတ်ကာ ခုတ်ချလိုက်သည်။

အဘိုးအိုသည် မျက်လုံးစုံမှိတ်လျက် သေမည့်အချိန်ကို စောင့်နေ၏။

သို့သော် ထိုအခြေအနေမှာ ဖြစ်မလာပေ။

မျက်လုံးပြန်ဖွင့်ချိန်၌ သူ့ခေါင်းမှာ အကောင်းအတိုင်း ရှိနေသေးသည်။

ဘာဖြစ်တာလဲ။

အရှေ့ကို ကြည့်လိုက်သောအခါ ကျင့်ကြံသူ (၃) ဦး၏ အော်ဟစ်သံများနှင့်အတူ လည်ပင်းတွင် သွေးရာများ ပေါ်လာပြီး ခေါင်းများ ပြုတ်ကျသွား၏။

အဘိုးအိုမှာ မယုံနိုင်လွန်း၍ မျက်လုံးပြူးကာ ထိတ်လန့်နေသည်။

ရှပ် ရှပ်…

ဝတ်ရုံစိမ်းဖြင့်လူတစ်ဦး ရောက်လာ၏။

“အဘိုးတို့ အဆင်ပြေရဲ့လား”

ရှန်မိုမှ မေးလိုက်သည်။

အဘိုးအို ချက်ချင်း ဒူးထောက်၍

“ကျေးဇူးတင်ပါတယ်… ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”

ရှန်မို သူ့ကို ထူပေးလိုက်၏။

ထို့နောက် ဟိုဟိုဒီဒီ မေးမြန်းသောအခါ သူတို့မိသားစုသည် ချီယွန်းတောင်တန်း မြောက်ဘက်ရှိ ရွာငယ်လေးတွင် ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ယခုတစ်လော နတ်ဆိုးသားကောင်များ သောင်းကျန်းလာ၍ ရွာသားများမှာ မတတ်သာဘဲ ရွှေ့ပြောင်းကြရသည်။

အဘိုးအို၏ သားနှင့်ချွေးမတို့မှာ သားကောင်များလက်ချက်ဖြင့် ဆုံးပါးသွားပြီးဖြစ်ကာ သူလည်း မြေးကိုခေါ်၍ မဖြစ်မနေ ပြောင်းလာရခြင်း ဖြစ်လေ၏။

Chapter 213: ငရဲမီးတောက်သခင်

ရှန်မို စိတ်မကောင်းဖြစ်သွားသည်။

“အဘိုး… နတ်ဆိုးသားကောင်တွေ ရုတ်တရက် ဘာလို့ သောင်းကျန်းလာလဲ သိလား”

အဘိုးအိုမှ ခပ်တိုးတိုးဖြင့်

“ဆရာရယ် ကျွန်တော်ကြားတာတော့ ရှိတယ်… အမှန်

ဟုတ်မဟုတ်တော့ မသိပါဘူး”

“ပြောပါဗျ”

“ကျွန်တော့်အဘေးလက်ထက်လောက်က ချီယွန်းတောင်ကို ခဏခဏရောက်ဖူးတဲ့ ချီစုစည်းခြင်း ကျင့်ကြံသူ ဖြစ်ခဲ့တယ်”

“အဘေးက သံသယရှိတာတော့ မြောက်ပိုင်းလိုဏ်ဂူတွေမှာ အင်အားကြီးအကောင်တွေ ပုန်းနေမယ်ပေါ့လေ”

“ရွာသားတွေလည်း အဲ့လိုပဲ တွေးကြတာပဲ”

“ဒါပေမဲ့ တောင်ပေါ်တက် အရွက်ခူးရင်းလည်း ဘာလိုဏ်ဂူမှ မတွေ့တော့ အချိန်ကြာလာတာနဲ့အမျှ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်”

“တချို့ကျင့်ကြံသူတွေကတော့ မြေပုံနဲ့ လိုက်ရှာတုန်းပဲ”

ရှန်မို ထိုစကားကြားသောအခါ မျက်လုံးအရောင် တောက်သွားသည်။

နောက်ဆုံးတော့ သု့အတွက် အခွင့်အရေး ရောက်လာလေပြီ။

“အဘိုးတို့ ဘယ်ကို ပြောင်းကြမှာလဲ”

“ကျောက်စိမ်းဂိုဏ်းနားက တောင်ဘက်ပိုင်းကိုပါ… စိတ်ထားကောင်းတဲ့ခေါင်းဆောင်က ကာကွယ်ပေးမယ်ဆိုလို့လေ”

“ကောင်းပါပြီ… ကျွန်တော် လိုက်ပို့ပေးပါမယ်”

ရှန်မို သူတို့ကို မ ချီ၍ ပျံသန်းကာ အလွယ်တကူ ပို့ပေးလိုက်သည်။

အဘိုးအိုမှာ ကျေးဇူးတင်လွန်း၍ ဒူးထပ်ထောက်ရန် ပြင်ပြန်သည်။

သူတို့ ဒီအတိုင်း လမ်းဆက်လျှောက်ပါက အန္တာယ်များစွာ ထပ်တွေ့နိုင်၏။

ယခုလို ကယ်တင်၍သာ အဆင်ပြေခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး… ကောင်းကောင်း နေကြပါ”

ရှန်မိုပြုံး၍ နှုတ်ဆက်ကာ ချီယွန်းတောင်မြောက်ပိုင်းသို့ ပြန်လာခဲ့သည်။

သူ လှည့်ပတ်ကြည့်ရှုရင်း စွန့်ပစ်ရွာငယ်လေးကို တွေ့ရသည်။

ရွာထဲတွင် လူတစ်ဦးမှ မကျန်တော့ချေ။

သို့သော် နတ်ဆိုးသားကောင်များကိုတော့ တွေ့ရတတ်၏။

သူ သားကောင်အချို့ဖမ်းကာ စစ်ဆေးပြီးနောက် တစ်ခုခုကို စရှာလေသည်။

နတ်ဆိုးသားကောင်များ၏ ဦးနှောက်မှာ နဂိုတည်းက အလွန် သေးငယ်၍ ယခုအခါ နှမ်းစေ့မျှသာ ကျန်တော့သည်။

ရှန်မို စိတ်လှုပ်ရှားစွာဖြင့် ဆက်လျှောက်လာသည်။

အနီးအနား၌ပင် သေချာပေါက် ရှိရမည်။ ထိုလိုဏ်ဂူကြောင့် သားကောင်များ ပြောင်းလဲသွားခြင်း ဖြစ်နိုင်၏။

“ဒီစမ်းချောင်းက တိမ်တယ်လို့ ထင်ရပေမဲ့ ပုံရိပ်ယောင် ဖြစ်နေနိုင်တယ်”

ရှန်မို ရုတ်တရက် အတွေးဝင်လာ၍ လက်ဖျောက်တီးကာ စိတ်ဝိညာဉ်စွမ်းအင် ပစ်လိုက်သည်။

“ထင်တဲ့အတိုင်းပဲ”

ရှန်မို အသက်အောင့်ရတနာထုတ်၍ စမ်းချောင်းထဲ ခုန်ဝင်လိုက်၏။

ထို့နောက် အောက်ခြေအထိရောက်အောင် ဆက်သွားရင်း အေးစက်မှောင်မိုက်သောနေရာအထိ ရောက်လာသည်။

အမှောင်ထဲမှ တစ်ခုခုက သူ့ကိုကြည့်နေသည်ဟုပင် ခံစားရသည်။

ချက်ချင်း အကာအကွယ်ထုတ်၍ သူ့တစ်ကိုယ်လုံး ပြင်ဆင်ပြီးမှ ဆက်ကူးလာသည်။

ထူးဆန်းစွာဖြင့် အောက်ခြေအဆုံးရောက်သည်အထိ အန္တရာယ် မတွေ့ရပေ။

ကျောက်နံရံကြီးတစ်ခုရှေ့ ရောက်လာပြီး ကြီးမားသော ဂိတ်တံခါးဖြင့် ကာထားသည်။

ထိုပုံစံကို မြင်ဖူးသလို ဖြစ်လာ၏။

ထိုစဉ် ဂိတ်တံခါးမှာ တစ်ခုခုကို ခံစားမိသလိုဖြင့် ရှန်မိုပင် မကြိုးစားလိုက်ရဘဲ ပွင့်သွားသည်။

သူ အံ့ဩနေရင်း အထဲ ဝင်လိုက်၏။

ဘုံး!

တံခါးကြီးမှာ အသံကျယ်လောင်စွာဖြင့် ပြန်ပိတ်သွားသည်။

နံရံတစ်ဖက်တွင် အရိုးစုထိုင်နေပြီး လေထဲ၌ အလင်းထွက်နေသော ပစ္စည်း (၂) ခု ဝဲပျံနေသည်။

တစ်ခုမှာ စာအုပ်ဖြစ်၍ နောက်တစ်ခုမှာ ခရမ်းရင့်ရောင် ဦးထုပ်ဖြစ်သည်။

ရှန်မို စာအုပ်ကို ယူကြည့်လိုက်သည်။

နတ်မိုးကြိုး နှိမ်နင်းရေးကျင့်စဉ်။

စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ပထမစာမျက်နှာတွင် စာသားအချို့ တွေ့ရသည်။

“ငရဲမီးတောက်ဆိုတဲ့ငါက နတ်ဆိုးပင်လယ်မှာ နတ်ဆိုးကြီးကြောင့် ထိခိုက်ခဲ့ရတယ်… ခက်ခက်ခဲခဲ ထွက်ပြေးပြီး ကျင်းမြို့တော်ကို ပြန်ရောက်လာပေမဲ့ သေမလို ဖြစ်နေတုန်းပဲ… ငါ့ရဲ့နောက်ဆုံးအချိန်မှာ နတ်မိုးကြိုးနှိမ်နင်းရေး ကျင့်စဉ်ကိုဖန်တီးဖို့ အာရုံစိုက်ထားလိုက်ပြီ… နောင်လာနောက်သား ကျင့်ကြံသူတွေအနေနဲ့ ငါ့ကိုယ်စား နတ်ဆိုးတွေကို ဖယ်ရှားပေးပါ… နတ်ဆိုးနာမည်က အန်ချန်”

ရှန်မို အံ့ဩသွားမိ၏။

ယခုလိုဏ်ဂူကို ရင်းနှီးနေမိသည်မှာ မဆန်းပေ။

ငရဲမီးတောက်သခင် ချန်ခဲ့သော လိုဏ်ဂူဖြစ်၏။

“ငရဲမီးတောက်သခင်က ဒီလိုမျိုး ထွက်သွားရတာ စိတ်မကောင်းစရာပဲ”

“ဒါနဲ့ နတ်ဆိုးပင်လယ်ဆိုတာ ဘာလဲ… အဲ့နေရာကို မကြားဖူးသေးဘူး”

လောကကြီးမှာ ထင်ထားသည်ထက် ပိုကျယ်ဝန်း၏။

နတ်ဆိုးပင်လယ်မှာ အရှေ့ပင်လယ်အလွန်တွင် ရှိနိုင်သည်။

ငရဲမီးတောက်သခင် အရိုးစုအား ရှန်မို ဦးညွှတ်၍ အရိုအသေ ပေးလိုက်၏။

သူ အရင်က ငရဲမီးတောက် ဖျက်ဆီးရေးကျင့်စဉ်ကိုလည်း ရယူဖူးပါသည်။ ထိုကျင့်စဉ်ကြောင့် သူ များစွာ တိုးတက်ခဲ့ခြင်း ဖြစ်၏။

ယခုတော့ ကျင့်စဉ်အသစ်ကို ထပ်ရပြန်ရာ ကျေးဇူးသိရပေမည်။

“နတ်ဆိုးကြီးဆိုတာ တော်တော် အင်အားကြီးမယ့်ပုံပဲ… အခုတော့ မနိုင်သေးပေမဲ့ တစ်နေ့နေ့ နတ်ဆိုးပင်လယ် သွားပြီး အန်ချန်ဆိုတဲ့နတ်ဆိုးကို ရှင်းပစ်မယ်”

ရှန်မို အရိုအသေထပ်ပေးလိုက်ပြီး ပြန်လေသည်။

သူ ချီယွန်းတောင်မှ ထွက်လာပြီး (၆) ရက်အကြာ၌ တောင်ဘက်မှ လူတစ်ယောက်နှင့် မြောက်ဘက်မှ လူတစ်ယောက် ရောက်လာကြသည်။

ယဲ့ယန်နှင့် ရှောင်ဖန်တို့ ဖြစ်၏။

ယဲ့ယန်မှာ မီးနဂါးနှင့်မျိုးပွါးရန် ရှားပါးသားကောင် လာရှာခြင်းဖြစ်လေသည်။

ရှောင်ဖန် မြောက်ပိုင်းတောင်စောင်းများတွင် ရှာဖွေရင်း ရေရွတ်လိုက်သည်။

“ရှေးလူ ခင်ဗျားပြောတာ ဒီနေရာ သေချာရဲ့လား”

သူ့စိတ်ထဲမှ အသံတစ်ခုကို ပြန်ကြားရသည်။

“လုံးဝ ဒီနေရာပဲ သေချာတယ်”

“ငရဲမီးတောက်သခင် ဒဏ်ရာရလာပြီး ဒီဘက်ကို ပျံသွားတာ ငါကိုယ်တိုင် မြင်ခဲ့တယ်”

“ဒါပေမဲ့ ငါရှာနေတာ ကြာပြီ… မတွေ့သေးဘူး”

“မင်းကတော့ မတူဘူးလေ… ကံကောင်းတဲ့သူဆိုတော့ တွေ့မှာပါ”

ရှောင်ဖန် တက်ကြွသွားပြီး

“ကောင်းပြီလေ”

ရှန်မို ယောက်ယွန်းလောင်အား နိုင်သွားသည့်သတင်း ကြားပြီး သူ ဝူယန်ချန်းနှင့်အတူ ထွက်ပြေးခဲ့သည်။

ကံကောင်းစွာဖြင့် ရှေးလက်စွပ်တစ်ခု ကောက်ရပြီး အထဲတွင် ရှေးဝိညာဉ်ရှိနေသည်။

ထိုလူမှာ လွန်ခဲ့သော နှစ် (၅) ထောင်က ဆေး (၉) သွယ်ဂိုဏ်းမှ အကြီးအကဲ ဖြစ်ခဲ့ပြီး ဂိုဏ်းတည်ထောင်နိုင်မည့်သူ လိုက်ရှာနေခဲ့သည်။ နောက်ဆုံးတော့ ရှောင်ဖန်အား ရွေးလိုက်လေ၏။

သူ့ကျေးဇူးဖြင့် ရှောင်ဖန်လည်း ကြာပွင့် (၇) လွှာဖြင့် ခြေတည်ဝိညာဉ်အဆင့် ရောက်နေလေပြီ။

သူ ပြုံးပျော်နေရာမှ တစ်ခုခုတွေးမိပြီး မျက်နှာပျက်သွား၏။

“ငါက ကံကောင်းတာရော ဟုတ်ရဲ့လား… ရွှမ်ကျန်းဒေသမှာတုန်းက အမြဲခံနေရတာပဲ”

“အခွင့်အရေးတွေလည်း အလုခံရတယ်”

“တစ်ခါတစ်လေ သူက ငါ့ကံကြမ္မာခိုးသူလို့တောင် ထင်တယ်”

ရှေးဝိညာဉ် မျက်မှောင်ကြုတ်လျက်

“မဟုတ်တာ… ငါတွက်ချက်ပြီးပြီ မင်းက ချောမွေ့တဲ့ကံနဲ့ အောင်မြင်မယ်လို့ တွေ့တယ်”

“လူသားတွေကြားက နဂါးပဲ… ဘဝမှာ ပြိုင်ဘက်တစ်ယောက်ပဲ ရှိမှာ… သူက ရွှမ်ကျန်းဒေသမှာလည်း မရှိဘူး”

“အဲ့တော့ ဒီမှာ တွေ့ရမယ့်သဘောပဲ”

ရှောင်ဖန် စိတ်ညစ်သွားပြီး

“ရှန်မို့ကို ဒီမှာ ထပ်တွေ့ရဦးမှာလား”

“မဟုတ်ဘူး မဟုတ်ဘူး… မင်းတို့ပြိုင်ဆိုင်ပြီး တစ်ခုစီ ရမှာ အဲ့လို တွေ့တာပဲ”

ရှောင်ဖန် ထိုအခါမှ စိတ်အေးသွားလေသည်။

All Chapters