အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
Chapter 214: ယဲ့ယန်နှင့် ရှောင်ဖန်၏ တိုက်ပွဲ
တစ်ဖက်တွင်။
ယဲ့ယန်မှာ သွေးအိုင်ထဲတွင် မြေပုံကိုင်၍ သေချာ စဉ်းစားနေသည်။
သူ ထိုနေရာကိုဖြတ်သွားရင်း ကျင့်ကြံသူများထံမှ သတင်းကောင်းကြားသဖြင့် မြေပုံကို လုယူထားလိုက်ခြင်း ဖြစ်၏။
ထိုကဲ့သို့အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
“ရတနာတွေက ဒီလိုနေရာမှာ ရှိနိုင်တယ်လား”
ယဲ့ယန် အကြည့်များစူးရှစွာဖြင့် မြောက်ဘက်ပိုင်းသို့ ထွက်လာခဲ့သည်။
လူနှစ်ဦး တစ်လမ်းစီရှာဖွေနေကြလေသည်။
(၃) ရက်အကြာ၌ ရှေးဝိညာဉ်၏အကူအညီဖြင့် ရှောင်ဖန်မှာ ပထမဆုံး ထိုစမ်းချောင်းကို ရှာတွေ့သွားသည်။
သူ တွေဝေမနေဘဲ ချက်ချင်း ရေအောက်သို့ငုတ်၍ လိုဏ်ဂူဆီ ကူးခတ်သွား၏။
မကြာမီ ယဲ့ယန်လည်း မြေပုံဖြင့် ရှာဖွေရင်း ရောက်လာသည်။
သူလည်း ရေအောက်ထဲ ဝင်သွားပြန်သည်။
မကြာမီ သူတို့ချင်း တည်ရှိမှုကို သိသွားကြ၏။
ယဲ့ယန် အချိန်မဆွဲဘဲ ရုတ်တရက် တိုက်ခိုက်ရန် ပြင်သည်။
သူ့အတွက် လိုဏ်ဂူတွင် တွေ့ရသူမှာ သေချာပေါက် သေရပေမည်။
မီးတောက်ဖြင့် ဓားရှည်တစ်ခု ဖန်တီးကာ ပြင်းထန်စွာ ခုတ်ချလိုက်၏။
ရေအောက်၌ပင် မီးတောက်အရှိန်အဝါမှာ လျော့ကျမသွားပေ။
ဓားမှခန္ဓာကိုယ်ပေါ် မကျရောက်မီပင် ရှောင်ဖန် ပူလောင်မှုကို ခံစားလိုက်ရ၏။
“အင်အားကြီးရန်သူပဲ”
“ခန့်မှန်းထားတဲ့ရန်သူက မင်းပဲ”
ရှောင်ဖန့်စိတ်ထဲတွင် ရှေးဝိညာဉ်၏အသံ ထွက်လာသည်။
“မင်းအရင်ဘဝ မှတ်ဉာဏ်ရှိရင်တောင် သူ့ကို မနိုင်ဘူး… ဒီတိုက်ကွက်ကို ငါ ကာပေးထားမယ်… မင်းက လိုဏ်ဂူထဲဝင်ပြီး ကံကိုသာယုံလိုက်”
“ဟုတ်ကဲ့ပါ”
ရှောင်ဖန် ခေါင်းငြိမ့်ပြ၏။
ထို့နောက် ရှောင်ဖန်၏အနောက်ဘက်တွင် အလင်းရောင် လက်သွားပြီး အဘိုးအိုပုံစံဖြင့် ဝိညာဉ်ပေါ်လာသည်။
ဝိညာဉ်မှ အားကြီးသောလက်ဝါးဖြင့် ရိုက်ချလိုက်သောအခါ တိုက်ခိုက်မှု (၂) ခု ဆုံသွားသည်။
ယဲ့ယန်အေးစက်စွာ လှမ်းကြည့်နေသည်။
“အင်အားကြီးဝိညာဉ်က နောက်ခံအနေနဲ့ ရှိနေတာပဲ… ခြေတည်ဝိညာဉ်အဆင့်ပဲ ဒီလိုကျင့်ကြံနိုင်တာ”
“စိတ်ဝင်စားစရာပဲ… ဒီရက်ပိုင်း ထူးချွန်တဲ့သူတွေ များလာတယ်”
“ပထမက ရှန်မို… အခု မင်းပေါ့”
ယဲ့ယန် မဲ့ပြုံးပြုံးလျက် ဂိတ်တံခါးဆီသို့ အရှိန်မြှင့်ကာ ပြေးသွားသည်။
“ငါ ဖွင့်လိုက်မယ်”
ရှေးဝိညာဉ်မှ ဂိတ်တံခါးအား အရှိန်ပြင်းပြင်း ရိုက်ချလိုက်သောအခါ အက်ကွဲကြောင်းများ ပေါ်လာသည်။
ရှောင်ဖန် ဝမ်းသာသွားကာ အတူဝင်ရန် ပြင်လိုက်၏။
“အထဲက ရတနာတွေက ငါ့အပိုင်ပဲ… မင်း မယူရဘူး”
ယဲ့ယန် အေးစက်စွာ လှမ်းအော်သည်။
“ခြေတည်ဝိညာဉ်သိုင်း: မီးတောက်ညှို့ငင်ခြင်း”
ထို့နောက် မီးတောက်များ ပွင့်ထွက်၍ ကျောက်ဂိတ်တံခါးမျက်နှာပြင်တွင် လောင်ကျွမ်းနေသည်။
ပတ်ဝန်းကျင်မှရေများလည်း ဆူပွက်၍ အမြှုပ်တစီစီ ထနေလေ၏။
ရှောင်ဖန် ထွက်ပြေးရန် ကြိုးစားလေသည်။
“ခြေတည်ဝိညာဉ်သိုင်းလား”
သူ လန့်သွားသည်။
ထိုလူမှာ ရတနာအတွက် အရေးကြီးအခြေအနေတွင်သာ သုံးလေ့ရှိသော အင်အားကြီးစွမ်းအင်ကို ထုတ်သုံးနေသည်။
နောက်တစ်ကြိမ် အရေးကြုံလာပါက သူ့အသက်ကို ရင်းရတော့မည် ဖြစ်၏။
“ဂိတ်တစ်ဖက်ခြမ်းမှာ ရတနာတွေရှိတယ်… မင်းရဲ့စွမ်းအင်လည်း သူ့ထက်တော့ မလျော့ပါဘူး… တစ်ချက်တည်း မရရင် နှစ်ချက်ချ… တွေဝေမနေနဲ့”
ရှေးဝိညာဉ်မှ လှမ်းပြောသည်။
“နောက်ပိုင်းအင်အားကြီးလာရင် ကောင်းကင်အဆင့် ရတနာတွေနဲ့ ပြန်အားဖြည့်လို့ ရတာပဲ”
“ဟုတ်ကဲ့ပါ”
ရှောင်ဖန် လက်ခံလိုက်၏။
ယခုအချိန်တွင် အရာရာကို လောင်းကြေးထပ်ရတော့မှန်း နားလည်ပါသည်။
ထို့ကြောင့် မတွေ့ခင်တည်းက ကံကြမ္မာကို မြင်ထား၏။
“ခြေတည်ဝိညာဉ်သိုင်း: တိုက်ပွဲခန္ဓာကိုယ်”
ရှောင်ဖန် တစ်ချက်အော်၍ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလိုက်သောအခါ အရိုး၊ ကြွက်သား၊ အရေပြားများအထိ စွမ်းအင်များ စီးဆင်းလာသည်။
ခန္ဓာကိုယ်မှာလည်း ဘီလူးငယ်ကဲ့သို့ ထွားလာ၏။
ယဲ့ယန်ပင် လန့်သွားသည်။
သူတို့ချင်းတိုက်ခိုက်မှုတွင် အနိုင်ရရှိသူကို ကြိုမခန့်မှန်းနိုင်လောက်ပေ။
ဘုံး ဘုံး ဘုံး!
နှစ်ယောက်သား ပြင်းထန်စွာ စ၍ တိုက်ခိုက်ကြသည်။
ရှောင်ဖန်မှာ အဆက်မပြတ် အားအပြည့်ဖြင့် ထိုး၏။
တစ်ဖက်တွင် ယဲ့ယန်သည်လည်း ရှောင်ဖန့်တိုက်ခိုက်မှုကို ခုခံရင်း ဓားချက်များကို တိကျစွာ လှမ်းခုတ်သည်။
ဤသို့ဖြင့် ခြေတည်ဝိညာဉ်သိုင်း (၃) ချက်မျှ သုံးပြီးသောအခါ နှစ်ဦးလုံး ဆယ်စုနှစ်သက်တမ်း ကုန်သွားကြ၏။
ဝှက်ဖဲများ ကုန်၍ ပင်ပန်းနေသော်လည်း အနိုင်ရရှိသူ မပေါ်ထွက်သေးပေ။
ရှောင်ဖန် သက်ပြင်းချ၍
“ဒီအတိုင်း ဆက်တိုက်ခိုက်နေရင် ဒဏ်ရာတွေပဲ အပြင်းအထန်ရပြီး နှစ်ယောက်လုံး ဘာရတနာမှ မယူနိုင်ဘဲ ပြန်ရလိမ့်မယ်”
“တိုက်ပွဲကို ခဏရပ်ပြီး လိုဏ်ဂူထဲ အရင်ဝင်ရင် မကောင်းဘူးလား”
ယဲ့ယန်အကြည့်များ စူးရှလျက်ပင်
“ကောင်းပြီလေ… ခဏနားတာပေါ့”
နှစ်ယောက်စလုံး လက်နက်များကို လက်ခေါက်နားတွင် ဝှက်၍ အထဲ ဝင်လာကြ၏။
“ရှေးဝိညာဉ်”
ရှောင်ဖန့်အသံကြားသောအခါ ရှေးဝိညာဉ်မှ သူ့စွမ်းအင်ဖြင့် တံခါးကို ဖွင့်လိုက်၏။
ထို့နောက် အထဲသို့ ဝင်လိုက်ကြသည်။
လိုဏ်ဂူထဲတွင်မူ အလွန်ခြောက်သွေ့၍ ရေတစ်စက်မှ မရှိပေ။
ထိုအခါမှ အသက်ဝဝ ရှူနိုင်ကြတော့သည်။
မကြာမီ အမောဖြေပြီး၍ အခန်းကို လှည့်ပတ်ကြည့်သောအခါ
“ဒီနေရာက… ဘာမှမရှိပါလား”
ရှောင်ဖန်မှ ရေရွတ်၏။
ယဲ့ယန်လည်း အခန်းအလယ်မှ အရိုးစုကိုကြည့်၍ မျက်နှာပျက်နေသည်။
“အရိုးစု… လိုဏ်ဂူထဲမှာ ဒီတစ်ခုပဲ ရှိတာလား”
ရှေးဝိညာဉ်မှ
“ဘယ်ဘက်မှ လက်ချောင်း (၆) ချောင်းနဲ့ ညာဘက်မှာက လက်သန်းပျောက်နေတယ်… ဒါ သေချာပေါက် ငရဲမီးတောက်သခင်ပဲ”
“ဒါပေမဲ့… ရတနာတွေက ဘာလို့ မရှိတာလဲ”
(၃) ယောက်သား သေချာထပ်ရှာကြသည်။
အသက်နှင့်ရင်း၍ တိုက်ခိုက်ကာ ဝင်လာပြီးမှ ဘာမှ မတွေ့ရသောကြောင့် စိတ်တိုလာ၏။
“ဒီနေရာမှာ ဘာမှမရှိတာ သိပြီးသားလား… သက်သက်မဲ့ ငါ့ကိုအချိန်ကုန်အောင် လုပ်နေတာလား”
ယဲ့ယန် ဒေါသတကြီး အော်လိုက်သည်။
ရှောင်ဖန် အံကြိတ်၍
“ငါကတောင် ပြန်မေးရဦးမယ်… သက်တမ်း (၃၀) လောက် အလကား သုံးလိုက်ရတာလား”
နှစ်ဦးသာ အလွန်ဒေါသထွက်၍ တိုက်ခိုက်ချင်သော်လည်း အင်အားထပ်ကုန်မည်စိုး၏။
နောက်ဆုံးတော့ ရှောင်ဖန် မျက်နှာပျက်၍ ထွက်သွားလေသည်။
ယဲ့ယန်မှာ ခဏတွေဝေနေပြီးမှ အရိုးစုနားသွား၍ အပိုင်းပိုင်းချိုးကာ သေချာအောင် ထပ်ရှာပြန်သည်။
သို့သော် ဘာမှ မတွေ့ရချေ။
“ငါ ဒီနေရာမှာ အရှက်ကွဲခဲ့ရတယ်”
“တစ်နေ့ အဲ့လူကို သေချာပေါက် သတ်ပစ်မယ်”
Chapter 215: အကျိုးတူ ပူးပေါင်းခြင်း
ကျောက်စိမ်းဂိုဏ်း၊ အကြီးအကဲအဆောင်။
တစ်နှစ်ကြာပြီးနောက် အကြီးအကဲ (၂) ယန်ချီယဲ့တစ်ယောက် အဆောင်မှ ပြောင်းရတော့မည် ဖြစ်သည်။
သူ့အရှေ့တွင် ရှုကျီချန်းကို ဒူးတစ်ဖက်ထောက်လျက် တွေ့ရ၏။
ယန်ချီယဲ့ပေးသော ဆေးဝါးများ အကူအညီဖြင့် ခြေထောက်များ လုံးဝ သက်သာနေလေပြီ။
“အကြီးအကဲ (၂)”
ရှုကျီချန်းမှ
“ဒီနှစ်ကုန်အတွက် နယ်ပယ်အသီးသီးက စာရင်းတွေ ရောက်နေပါပြီ… ကျွန်တော့်ကို မြွေနဂါးတောင်ဆီ သွားခွင့်ပေးပါ”
“ရှန်မိုတော့ ဂိုဏ်းလိုအပ်ချက်တွေ မပြည့်နိုင်မှာ သေချာတယ်”
“သူ့ရဲ့ အရှက်ကွဲပုံကို ကိုယ်တိုင်ကြည့်ချင်လို့ပါ”
သူ့မျက်လုံးထဲ၌ နာကျည်းမုန်းတီးမှုများ ပြည့်နေ၏။
သူ့ခြေထောက်ဒဏ်ရာ၏ နာကျင်မှုကို လုံးဝ မေ့နိုင်မည် မဟုတ်ချေ။
ယန်ချီယဲ့ ခဏစဉ်းစားပြီးနောက်
“သွားလေ… ဒါပေမဲ့ တစ်ယောက်တည်းတော့ မသွားနဲ့”
“ဘာပဲဖြစ်ဖြစ် မင်းက မြုတေဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတာ… သူက ခြေတည်ဝိညာဉ်အဆင့်လေ”
“နည်းနည်း စိတ်မကြည်တာနဲ့ အန္တရာယ်ထပ်ပြုနိုင်တယ်”
ရှုကျီချန်း ထိုအခါမှ တွေးမိကာ တွန့်သွားသည်။
ထိုစဉ် ခြေသံအချို့ ကြားရ၏။
ဝတ်ရုံနီဖြင့် ယဲ့ယန်ဝင်လာပြီး မျက်နှာမှာ မှုန်ကုတ်နေသည်။
ယန်ချီယဲ့ လှမ်းကြည့်၍
“ယန်လေး ရှုကျီချန်းကို မြွေနဂါးတောင်က ပစ္စည်းတွေသွားယူဖို့ လိုက်သွားပေးလိုက်ပါ”
ယဲ့ယန် သက်ပြင်းချကာ
“ဟုတ်ကဲ့ပါ”
ယန်ချီယဲ့ မနေနိုင်တော့ဘဲ
“ဘာလို့လဲ… မင်းမပီသလိုက်တာ… ဒီလောက် စိတ်ဓာတ်ကျနေတဲ့ပုံမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး”
သူပြောနေရင်း ယဲ့ယန် နားထင်မှ ဆံပင်ဖြူများကို သတိထားမိသွားသည်။
ခြေတည်ဝိညာဉ်သိုင်း အသုံးပြုခြင်း၏ ဆိုးကျိုးဖြစ်လေသည်။
ရှုကျီချန်းလည်း ယဲ့ယန်ကို လှည့်ကြည့်ကာ အံ့ဩသွားသည်။
ယဲ့ယန် ချက်ချင်း အမူအရာပြောင်းလိုက်၏။
ထိုသို့ အပြင်းအထန်တိုက်ခိုက်ပြီး ဘာမှမရခဲ့သည့် အကြောင်းသာ သတင်းပျံ့သွားလျှင် အလွန် ရှက်စရာကောင်းလိမ့်မည်။
“ဘာမှမဖြစ်ပါဘူး ဆရာ… ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်”
ယဲ့ယန် တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
ယန်ချီယဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး
“ကောင်းပါပြီ… မင်းရဲ့ အဲ့လိုစိတ်ဓာတ်ကြောင့် ငါ လေးစားတာ”
“ရှုံးမှာကို မကြောက်နဲ့ကွ… တန်ဖိုးကြီး သင်ခန်းစာလို့ သဘောထား”
“ကဲ အခုတော့ မြွေနဂါးတောင် သွားကြတော့… ရှန်မို ဘယ်လောက်တော်တော် ဂိုဏ်းက တောင်းဆိုတဲ့ ကုန်ပစ္စည်းတွေတော့ ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး”
“နောက်ပြီး ရှန်မိုက အဲ့နေရာမှာ (၈) ယောက်မြောက် အကြီးအကဲလေ… ဟိုးအရင် နှစ် (၃၀၀) လုံးတောင် မထူးခြားခဲ့တာ… အဲ့တောင်ကိုက ကျိန်စာသင့်နေတာပါ”
“ဒီရလဒ်တွေရရင် အကြီးအကဲ အစည်းအဝေးမှာ ပြန်တင်ပြရမယ်… ဒါမှ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲချုပ်တို့က သားကောင်ထိန်းချုပ်ရေးဌာနကို ဖယ်မှာ”
ယဲ့ယန် ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်ကဲ့ပါ”
ထို့နောက် ထွက်သွားကြလေ၏။
သူတို့သွားပြီး မကြာမီ ယန်ချီယဲ့သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေးကျောက်စိမ်းပြား တုန်ခါလာသည်။
သူ ချက်ချင်း ဂိုဏ်းထဲမှထွက်ကာ အနီးအနားမြို့ရှိ စားသောက်ဆိုင်ထဲ ဝင်လိုက်သည်။
ပြတင်းပေါက်ဘေးရှိ စားပွဲ၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်စောင့်နေ၏။
ယန်ချီယဲ့ သူ့အရှေ့တွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည် သောက်နေလိုက်သည်။
ထို့နောက် အသံခပ်တိုးတိုးဖြင့် ယန်ချီယဲ့မှ
“စစ်သူကြီးဝူ ဘာလို့ခေါ်တာလဲ”
သက်လတ်ပိုင်းလူမှ ပြုံး၍
“မြို့စားမင်းက အကြီးအကဲယန်ကို ပေးခိုင်းလိုက်တာ ရှိလို့ပါ”
သူ ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းဘူးလေး လှမ်းပေး၏။
ယန်ချီယဲ့ ဖွင့်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားလေသည်။
“ကြာစိမ်းပစ္စည်းတွေ မွမ်းမံနည်း အပြည့်အစုံလား”
ကြာစိမ်းဆိုသည့်ထဲတွင် ကြာစိမ်းသရဖူ၊ ကြာစိမ်းဝတ်ရုံ၊ ဖိနပ် စသဖြင့် သန့်စင်ခြင်းဂိုဏ်းမှ ဂုဏ်တစ်ခုဖြစ်သော စိတ်ဝိညာဉ်လက်နက် အစုံလိုက် ပါဝင်သည်။
ပစ္စည်းများ၏ ခုခံအားလည်း မြင့်ပြီး ဒဏ်ရာများကိုပင် အလျင်အမြန် သက်သာစေသည်။
ကျင့်ကြံသူများမှာ ဆယ်စုနှစ်ကျော်အောင် စိတ်ဝိညာဉ်ကျောက်တုံးများစုပြီးမှ ပစ္စည်းတစ်ခုကို ဝယ်နိုင်၏။
ကျောက်စိမ်းဂိုဏ်းမှလည်း ဆင်တူသော လက်နက်များ ထုတ်လုပ်ပါသည်။ သို့သော် ကြာစိမ်းအစစ်ကို မယှဉ်နိုင်ပေ။
ယခုအခါ ကြာစိမ်းအစစ်ပြုလုပ်နည်းမှာ သူ့လက်ထဲ အလွယ်တကူ ရောက်လာလေပြီ။
ယန်ချီယဲ့မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားရသည်။
“ဒါပေမဲ့ အရမ်း စိတ်လှုပ်ရှားမနေနဲ့ဦး အကြီးအကဲယန်… ဒါက နည်းအဟောင်း… သန့်စင်ခြင်းဂိုဏ်းမှာ အဆင့်မြင့်နည်းတွေ ထပ်ရှိတယ်”
“မြို့စားမင်းကတော့ ကျောက်စိမ်းဂိုဏိးဘက်က ဒီနည်းလောက်ကိုယူပြီး သန့်စင်ခြင်းဂိုဏ်းကို ယှဉ်နိုင်စေချင်တယ်”
ယန်ချီယဲ့ ခေါင်းငြိမ့်ပြ၏။
သူ မြို့စားမင်း၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပါသည်။
ယုကျောက်ဒေသ၏ မြို့စားမင်းအနေဖြင့် အင်အားကြီး ဂိုဏ်း (၃) ခု၏ အခြေအနေကို ညီမျှအောင် ထိန်းထားချင်ပါသည်။
ယန်ချီယဲ့ လေးနက်စွာဖြင့်
“စစ်သူကြီးဝူ ကျွန်တော်က ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါနော်… ဂိုဏ်းနဲ့ ရုံးတော်ကြား ပွတ်တိုက်မှုတွေ ရှိခဲ့ပေမဲ့ တကယ် ကျေးဇူးတင်ပါတယ်လို့”
“မလိုပါဘူး အကြီးအကဲယန်ရယ်… ပြဿနာတွေရှိပေမဲ့ ခင်ဗျားတို့လို ဂိုဏ်းအပေါ် ဂရုစိုက်တဲ့သူတွေကို လေးစားပါတယ်”
“ဒါပေမဲ့ မြို့စားမင်းက ဒါကို အလကားပေးတာတော့ မဟုတ်ဘူးနော်”
ယန်ချီယဲ့ ခဏစဉ်းစား၍
“သားကောင်ထိန်းချုပ်ရေးဌာနကို လိုချင်တာလား”
စစ်သူကြီးဝူ ပြုံးလျက်
“သေချာတာပေါ့… မင်းတို့ဂိုဏ်းရဲ့ သားကောင် ထိန်းချုပ်ရေးဌာနကို စွန့်လွှတ်ရမယ်”
“သိတဲ့အတိုင်းပဲ… မြွေနဂါးတောင်မှာ ပြဿနာတွေဖြစ်တော့ ကျောက်စိမ်းဂိုဏ်းရဲ့ သားကောင် ထိန်းချုပ်ရေးဌာန အဆင်မပြေတာ… စိတ်ဝိညာဉ်သားကောင် ပျိုးထောင်ရတာ အကုန်အကျလည်း များတယ်… လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀) အတွင်း အစိုးရကနေ သားကောင် ၈၀% တောင် သုံးပေးရတယ်”
“အဲ့ဒါကြောင့် အစိုးရကိုပဲ အပ်လိုက်တာ မကောင်းဘူးလား”
“အကြီးအကဲယန်ကို လေးစားတဲ့အနေနဲ့ ဈေးညှိပေးမှာပါ”
ထိုစကားကြား၍ ယန်ချီယဲ့ မျက်လုံးအရောင်လက်သွား၏။
ထို့နောက် စိတ်တည်ငြိမ်အောင် ပြန်ထိန်းကာ
“အဲ့ဒါက မြို့စားမင်း မပြောရင်တောင် ကျွန်တော်လည်း စီစဉ်နေတာပါ”
“ကျွန်တော်တို့ဂိုဏ်းအတွက် အဲ့ဌာနက အပိုကြီးဖြစ်နေတာ ကြာပြီ… ဘာမှ အကျိုးအမြတ် မရှိဘဲ နှစ်တိုင်း အရှုံးပဲပေါ်နေတယ်”
“ပြောရရင် ကျွန်တော်တို့ ဂိုဏ်းအကြီးအကဲ အစည်းအဝေး မကြာခင် လာတော့မယ်… အဲ့မှာ ခေါင်းဆောင်ကို သေချာတင်ပြပေးလိုက်ပါမယ်”
“မြို့စားမင်းပေးတဲ့ လက်ဆောင်ကြောင့် ကျွန်တော်လည်း အမြတ်အများကြီး ရပါတယ်”
စစ်သူကြီးဝူ ရယ်မော၍
“ငါ ကြားတာတော့ တောင်ထိပ် (၁၀) က လူသစ်ကို မြွေနဂါးတောင်ဆီ ပို့လိုက်တယ်ဆို”
“ဟုတ်ပါတယ်… အကြီးအကဲ (၁၀) က ဌာန စွန့်လွှတ်ဖို့ အရမ်းခေါင်းမာတာလေ… အဲ့ဒါကြောင့် သူ့လူကို လွှတ်လိုက်တာ”
“အဲ့ကောင်လေးက တော်တော့တော်ပေမဲ့ မြွေနဂါးတောင် ပြန်ဖွံ့ဖြိုးတဲ့အထိတော့ မလုပ်နိုင်ပါဘူး”
“နှစ်ကုန် အကဲဖြတ်တဲ့အခါ အဆုံးအရှုံးများရင် ကျွန်တော် တင်ပြတာကို ခေါင်းဆောင်တို့လည်း သဘောတူမှာပါ”
စစ်သူကြီးဝူမှ
“ကဲ ဒါဆိုရင် အကြီးအကဲယန် အောင်မြင်ဖို့ မျှော်လင့်ပါတယ်”
ယန်ချီယဲ့ ဦးညွှတ် နှုတ်ဆက်လိုက်၏။
“အခုတော့ ပြန်ကြတာပေါ့… ကျွန်တော်တို့ တစ်ခါမှ မတွေ့ခဲ့ဘူးနော်”
“ဒါပေါ့ ငါ့ဟာငါ တစ်ယောက်တည်း လက်ဖက်ရည် သောက်နေတာ”
ထို့နောက် နှစ်ယောက်သား လမ်းခွဲခဲ့ကြလေသည်။
နှစ်ဖက်စလုံးမှာ ကိုယ့်အကျိုးအမြတ်ကိုသာ အာရုံစိုက်ထားကြ၏။
Chapter 216: ညီအစ်ကိုဆွေဆိုတာ ဒီလိုပဲပေါ့
ချီယွန်းတောင်မှ ထွက်သွားပြီးနောက် ရှန်မို မြွေနဂါးတောင်သို့ ချက်ချင်း ပြန်လာခဲ့သည်။
သို့သော် သူ မရောက်ခင် ကျောက်စိမ်းပင်လယ်မြို့နားတွင် လုတုံရွှမ်၊ ဟီထျန်းချောင်တို့နှင့် တွေ့ရလေသည်။
အတိအကျဆိုရသော် လုတုံရွှမ်မှ ဟီထျန်းချောင်ကို လမ်းပိတ်၍ အတင်းခေါ်လာခြင်း ဖြစ်၏။
ဟီထျန်းချောင် နေရခက်စွာဖြင့် ထွက်ပြေးချင်သော်လည်း အခွင့်အရေးမရှိဘဲ ဖြစ်နေသည်။
သူ ရှန်မို့ကိုတွေ့သောအခါ ဦးညွှတ်၍သာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ အကြီးအကဲရှန်”
ရှန်မို ခေါင်းငြိမ့်ပြ၍ ရီဝေဝေမူးနေသော လုတုံရွှမ်အား လှမ်းကြည့်ကာ ရယ်မိသည်။
“စီနီယာလု တစ်နှစ်တောင်ရှိပြီနော်… ဘာလို့ အခုမှ ပြန်လာတာလဲ”
လုတုံရွှမ် မကျေမနပ်ဖြင့်
“ငါ သောက်နဂါးဥလိုက်ရှာနေရလို့ တစ်နှစ်လုံး အချိန်ကုန်သွားတာလေ… အခုထိလည်း ရှာမတွေ့သေးဘူး… စိတ်ရှုပ်တယ်”
“ပြန်လာတာနဲ့ ကြားရတာက ဟိုကောင် ယန်ချီယဲ့က မင်းကို မြွေနဂါးတောင် ပို့လိုက်တယ်တဲ့”
“တကယ်ပဲ ငါ့ဒေါသကို ပေါက်ကွဲအောင် လုပ်နေကြတာ”
သူ ဟီထျန်းချောင်နှာခေါင်းကို တွန်း၍
“ပြောစမ်း သူ အဲ့လိုလုပ်တာ ဒေါသထွက်စရာမကောင်းဘူးလား”
ဟီထျန်းချောင် ခေါင်းငြိမ့်ပြ၍
“ဟုတ်ကဲ့ ကောင်းပါတယ်”
“အကြီးအကဲ (၂) က လွန်တော့လွန်တယ်”
လုတုံရွှမ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်သွားပြီး
“အဆောင်သခင်ဟီ ခင်ဗျားကို ကျွန်တော့် သွေးသောက် ညီအစ်ကိုလို သဘောထားခဲ့တာ… အခက်အခဲတွေကို အတူ ဖြေရှင်းရမှာပေါ့”
ဟီထျန်းချောင် နားမလည်နိုင် ဖြစ်နေ၏။
ဘယ်တုန်းက အဲ့လို သဘောထားသွားရတာလဲ။
“ဒီတစ်ခါ ရှန်မို ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး… စည်းမျဉ်းအရ အမှတ်လျော့လိမ့်မယ်”
“ငါ့အကြောင်း မင်းသိပါတယ်… ငါ့အမှတ်တွေက အမြဲကောင်းတော့ ပြန်ချေးပေးရမှာပေါ့”
လုတုံရွှမ် ဟီထျန်းချောင်အား ပုခုံးဖက်၍ ရယ်မောကာ ပြော၏။
ဟီထျန်းချောင် မှင်တက်နေလေသည်။
ငါ့အမှတ်တွေပါ လိုချင်နေတာလား။
သူ အားတင်း၍ ပြုံးလျက်
“အကြီးအကဲလုလည်း ကျွန်တော့်အကြောင်း သိပါတယ်… ကျွန်တော့်မှာ အမှတ်မှ သိပ်မကျန်တာ… အသွင်ပြောင်းဆေးတွေအတွက် အများကြီး သုံးလိုက်…”
သူ့စကားမဆုံးမီပင် ခါးတွင်ချိတ်ထားသော ကျောက်စိမ်းပြားအား ဆွဲလု၍ ရှန်မို့ထံ ပစ်ပေးလိုက်သည်။
“ဂျူနီယာရှန် အဆောင်သခင်ဟီက အရမ်း သဘောကောင်းတာ… အပြင်ပန်းကတော့ ကူညီရမှာ ရှက်သလိုလိုနဲ့ ကျောက်စိမ်းပြားကို ငါယူလို့ရအောင် ညာဘက်မှာ တမင်ထားတာလေ”
“အဲ့ဒါ ဘာအဓိပ္ပာယ် ဖြစ်မလဲ”
“ညီအစ်ကိုတွေဆိုတဲ့ သဘောပေါ့”
“ကဲ အခု မြွေနဂါးတောင် သွားကြမယ်”
လုတုံရွှမ် ရှန်မို့ပုခုံးကို လာဖက်လေ၏။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား ပျောက်ကွယ်သွားကြသည်။
ဟီထျန်းချောင် တစ်ယောက်တည်း မှင်တက်၍ ကျန်ခဲ့၏။
ငါ့ကျောက်စိမ်းပြားရော။
“ပြန်လာခဲ့ အခုပြန်လာခဲ့”
“အဲ့ထဲမှာ စီအဆင့်အမှတ် (၉) မှတ် ရှိတယ်”
“ငါ (၁၀) နှစ်လုံး မသုံးဘဲ သိမ်းထားခဲ့တာတွေလို့”
ရှန်မို လမ်းတွင် ရယ်မောလျက်
“စီနီယာ အဲ့ဒါက အရမ်း အနိုင်ကျင့်သလို မဖြစ်ဘူးလား”
“ဟီထျန်းချောင်က အကြီးအကဲ (၃) လက်အောက်ကလေ… သူက ကြားနေလိုလိုဆိုပေမဲ့ နိုင်မယ့်ဘက် ပြောင်းမှာ”
“အဲ့ဒါကြောင့် တမင်ဆွဲထည့်လိုက်တာ”
သူပြောနေရင်း အသံလေးကာ ရီဝေဝေပုံ ဖြစ်လာ၍ ရှန်မို ရယ်မောမိလေသည်။
“ဒါပေမဲ့ ဟိုမျိုးမစစ်ကောင် ယန်ချီယဲ့က မင်းကို မြွေနဂါးတောင်ပို့တာကို… တခြားအကြီးအကဲတွေ ဘာမှ မပြောကြဘူးနော်… တကယ်ကိုပဲ”
လုတုံရွှမ် သက်ပြင်းချမိသည်။
ရှန်မိုမှ
“အဲ့တော့ အကြီးအကဲ (၁၀) ယောက်အောက်မှာ ဌာန ဘယ်နှစ်ခု ရှိတာလဲ”
လုတုံရွှမ် ခဏစဉ်းစားလိုက်ပြီး
“အကြီးအကဲချုပ်က ခေါင်းဆောင်နဲ့ဆိုတော့ ဘယ်ဌာနမှ မပါဘူး”
“အကြီးအကဲ (၂) က အကြီးအကဲ (၄)၊ (၇)၊ (၉) ကို ဦးဆောင်တယ်… သူတို့လက်နက် ထုတ်လုပ်ရေးမှာပဲ အာရုံစိုက်နိုင်အောင် တခြားဌာနတွေကို ဖြုတ်ချင်နေတာလေ”
“အကြီးအကဲ (၃) နဲ့ (၆) က ကြားနေတွေ”
“အကြီးအကဲ (၅) နဲ့ (၈) က ငါတို့ဆရာနဲ့ ဆက်ဆံရေး ပြေလည်ပေမဲ့ ဂိုဏ်းကိစ္စနဲ့ ပတ်သက်ရင်တော့ ဂိုဏ်းတိုးတက်ရေးကိုပဲ အဓိက ကြည့်တယ်”
“ငါတို့ဆရာ အကြီးအကဲ (၁၀) က အင်း… ဘယ်ဌာနမှ မဖြုတ်ချင်တဲ့ဘက်က… ဒါပေမဲ့ အခုချိန် သောက်စားပြီး မိန်းမလှတွေနဲ့ ပျော်နေလောက်တယ်”
မှန်ပါသည်။
ရှန်မို ကျောက်စိမ်းဂိုဏ်းသို့ ရောက်နေသည်မှာ တစ်နှစ်ရှိသော်လည်း အကြီးအကဲ (၁၀) ကို တစ်ခါမှ မတွေ့ရသေးချေ။
“မြွေနဂါးတောင်က ထူးဆန်းတဲ့နေရာပဲ… နှစ်ပေါင်း (၃၀၀) ကျော်အတွင်း အကြီးအကဲ (၇) ယောက် ပြောင်းတာတောင် ဘယ်သူမှ တစ်ခါမှ ဂိုဏ်းက လိုအပ်တဲ့စာရင်းကို မထုတ်လုပ်နိုင်ဘူး”
“ဒီနှစ်လည်း အဆင်မပြေပေမဲ့ ငါရှိနေတာပဲ… မြွေနဂါးတောင်က ပြန်ထွက်နိုင်အောင် ကူညီပေးမယ်”
လုတုံရွှမ်အသံမှာ ခိုင်မာလွန်း၏။
ရှန်မို ရင်ထဲ နွေးထွေးသွားမိသည်။
သူတို့ချင်း သိကြသည်မှာ မကြာသေးသော်လည်း သူ့အတွက် အတော်တွေးပေး၏။
အေးစက်ကြမ်းတမ်းသော ကျင့်ကြံမှုလောကတွင် ယခုလို ညီအစ်ကိုကဲ့သို့ နွေးထွေးကြင်နာခြင်းသည် ရှားပါးလွန်း၏။
“စီနီယာ မြွေနဂါးတောင်က နေရာကောင်းပါ… ပြီးတော့ ဒါ ဒီနှစ်စာရင်းပါ… ကျွန်တော် အောင်မြင်သွားပါပြီ”
လုတုံရွှမ် မှင်တက်နေ၏။
“မင်း လာနောက်နေတာပဲ”
“ကျိန်စာသင့်နေတဲ့ အဲ့နေရာမှာ ဘာမှ မဖြစ်ထွန်းတာ နှစ်ပေါင်း (၃၀၀) ကျော်နေပြီ… မနေ့တစ်နေ့က စဖြစ်တဲ့ ကိစ္စမှ မဟုတ်တာ”
“သားကောင်ထိန်းချုပ်ရေးပညာ ကျွမ်းကျင်တဲ့ အကြီးအကဲ (၇) ယောက်လည်း ဘယ်သူမှ မအောင်မြင်ခဲ့ဘူး”
“မင်းက…”
“မင်း တိုက်ခိုက်ရေးမှာ တော်တာသိပါတယ်… ဒါပေမဲ့ သားကောင် ထိန်းချုပ်တာက တိုက်ခိုက်ရေးနဲ့ လုံးဝကွာတယ်”
သူ ရှန်မို့ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။
ရှန်မို ရယ်မော၍
“မစိုးရိမ်ပါနဲ့ စီနီယာကြီး… ကျွန်တော် ယုံကြည်ချက် မရှိဘဲ မပြောပါဘူး”
“စောင့်သာကြည့်လိုက်”
“ကောင်းပြီလေ… မင်းလိမ်နေတယ်လို့တော့ မထင်ပါဘူး”
“သွားမယ် သွားမယ်… ငါ ပိုတောင် စိတ်ဝင်စားသွားပြီ… မြွေနဂါးတောင် ပြန်တိုးတက်လာတော့မှာလား”
…
မြွေနဂါးတောင်။
ရှန်မိုနှင့် လုတုံရွှမ်တို့ တောင်ပေါ်တွင် ဆင်းသက်လိုက်ကြ၏။
မကြာမီ နောက်ထပ်လူ (၂) ယောက် ရောက်လာလေသည်။
ဦးဆောင်သူမှာ အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး အေးစက်စက်အမူအရာ ရှိ၏။ အခြားတစ်ဦးမှာ တစ်ခုခုကို ရှာဖွေရင်း မတည်မငြိမ် ဖြစ်နေသည်။
ယဲ့ယန်နှင့် ရှုကျီချန်းတို့ ဖြစ်၏။
ယဲ့ယန်မှ
“ယဲ့ယန်နဲ့ ရှုကျီချန်း အကြီးအကဲ (၂) ရဲ့အမိန့်နဲ့ မြွေနဂါးတောင် နှစ်ကုန်စာရင်းယူဖို့ လာပါတယ်”
“အကြီးအကဲရှန် ရသမျှ အကုန်အပ်ပါ”
လုတုံရွှမ် မျက်မှောင်ကြုတ်လျက်
“စည်းမျဉ်းအရ ဝန်ထမ်းတစ်ယောက်ပဲ လာသိမ်းရတာလေ… မင်းက ဘာလို့ လိုက်လာတာလဲ”
သူ ယဲ့ယန်၏ ဂုဏ်သတင်းကို ကောင်းကောင်း သိပါသည်။
ငယ်ရွယ်၍ အင်အားကြီးကာ ရက်စက်တတ်သည်။
ယန်ချီယဲ့မှ ထိုသို့ အတူတွဲ၍ လွှတ်လိုက်ခြင်းမှာ ပထမဆုံး ဖြစ်၏။
ယဲ့ယန် တည်ငြိမ်စွာဖြင့်
“အကြီးအကဲလု ကျွန်တော် လိုက်လာလာ မလာလာ ခင်ဗျားနဲ့ မဆိုင်ပါဘူး”
လုတုံရွှမ် ချက်ချင်း လက်အစကို ခေါက်တင်၍
“ဒီဂိုဏ်းမှာ ငါ့ကို ဒီလိုပြန်ပြောရဲတာ သိပ်မရှိဘူး… မင်းက သတ္တိရှိသားပဲ”
ယဲ့ယန် အမူအရာပျက်မသွားဘဲ
“အင်း… အခုတော့ တစ်ယောက် ထပ်တိုးလာတာပေါ့”
ရှန်မို လုတုံရွှမ်လက်ကို လှမ်းဆွဲ၍ ပြုံးကာ
“မြွေနဂါးတောင်ရဲ့ ဒီနှစ်ထုတ်ကုန်စာရင်း အသင့်ပါပဲ… လိုက်ခဲ့ကြပါ”
ထို့နောက် သူ ယုံကြည်ချက်အပြည့်ဖြင့် အဆောက်အဦများဘက် လျှောက်လာခဲ့သည်။
ယဲ့ယန်တို့လည်း သူ့အမူအရာကြောင့် ပိုစိတ်ဝင်စားကာ ချက်ချင်း လိုက်သွားကြလေ၏။