အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
Chapter 217: အကြီးအကဲရှန် အပိုတွေ ပြောနေတာလား
ထိုအချိန်တွင် အဆောက်အဦအလယ် မြေကွက်လပ်၌။
မိုင်ဟေးဟီ၊ ဟွမ်ပါရီနှင့် ဟွမ်ခွမ်ရင်တို့ မျက်နှာချင်းဆိုင်ထိုင်ရင်း ပျော်ရွှင်စိတ်လှုပ်ရှားနေကြ၏။
နီးကပ်လာသော ခြေသံကို ကြားရ၍ (၃) ယောက်သား မတ်တပ်ထရပ်၍ လှည့်ကြည့်လေသည်။
သို့သော် ရှန်မိုတစ်ယောက်တည်း မဟုတ်ဘဲ အခြားသူများကိုပါ တွေ့ရ၏။
အထူးသဖြင့် ယဲ့ယန်၏ အေးစက်စက် အမူအရာမှာ ဟွမ်ခွမ်ရင်အတွက် ကြောက်စရာ ဖြစ်နေသည်။
သူ ချက်ချင်း ရှန်မို့အနောက် ဝင်ပုန်း၏။
“အကြီးအကဲ… သူ… သူတို့က ဘယ်သူတွေလဲ”
ဟွမ်ခွမ်ရင်မှ ဆိုသည်။
ရှန်မို ပြုံးလျက်
“သူတို့က ဂိုဏ်းရဲ့နှစ်ကုန် ထွက်ကုန်ပစ္စည်းတွေ လာယူတာပါကွယ်”
မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့ အချင်းချင်း လှည့်ကြည့််မိကာ စိတ်ထဲလေးလံသွား၏။
ပုံမှန်အားဖြင့် ထိုသို့ပစ္စည်းလာကောက်သူမှာ မြုတေဖွဲ့စည်းခြင်းအဆင့်သာ ဖြစ်သည်။
ယခုမှ ခြေတည်ဝိညာဉ် အကြီးအကဲ (၂) ဦး ထပ်ပါလာ၏။
ရှန်မို စမပြောမီ ယဲ့ယန်မှ
“မြွေနဂါးတောင်က ဒီနှစ် ထုတ်ကုန်တွေ အကုန်ယူခဲ့”
“ဂိုဏ်းစည်းမျဉ်းအရ ကျရှုံးရင် နောက်နှစ် နှစ်စဉ်ကြေးထဲက ဖြတ်မယ်”
“နောက်ပြီး ပြင်ပကပစ္စည်းတွေ ဝယ်တာကိုလည်း တားမြစ်ထားတယ်”
ယဲ့ယန်၏ စကားအခွန်းတိုင်းမှာ မာကြောပြင်းထန်၏။
မိုင်ဟေးဟီနှင့် ဟွမ်ပါရီမှာ ကြောက်လန့်လွန်း၍ တုန်ရီနေကြသည်။
ထိုအချိန်တွင် အလင်းရောင်တစ်ခု ထပ်ကျရောက်လာ၏။
အဆောင်သခင် ဟီထျန်းချောင် ဖြစ်လေသည်။
တင်းမာသောအခြေအနေကိုကြည့်၍ အပြင်ဘက်တွင် ရပ်စောင့်ရင်း ကျောက်စိမ်းပြား ပြန်မတောင်းရဲ ဖြစ်နေသည်။
လုတုံရွှမ်ရော၊ ယဲ့ယန်ရောမှာ သူယှဉ်နိုင်သူများ မဟုတ်ချေ။
ရှန်မို တည်ငြိမ်စွာဖြင့်
“မိုင်ဟေးဟီ၊ ဟွမ်ပါရီ ဒီနှစ် ထုတ်ကုန်တွေ ဘယ်မှာလဲ”
မိုင်ဟေးဟီမှ အဆင့်နိမ့် သိုလှောင်လက်စွပ် (၃) ခုကို လှမ်းပေးလိုက်သည်။
ထို့နောက် အားလုံးကြားရစေရန် အသံကျယ်ကျယ်ဖြင့်
“အကြီးအကဲတို့ကို တင်ပြပါတယ်… ဒီသိုလှောင်လက်စွပ် (၃) ခုထဲမှာ လိုဏ်ဂူတွေ၊ ကွင်းပြင်တွေ၊ ရေကန်တွေက ရသမျှ ထုတ်ကုန် အကုန် ပါ,ပါတယ်”
“တိမ်ပိုးကောင်ပျံပိုးချည် ပေါင် (၁၅၀၀)၊ ကျွဲရိုင်း သည်းခြေကျောက် ပေါင် (၈၀၀)၊ စပါးအုံးမြွေအရေခွံ ပေါင် (၁၁၀၀) တို့ ရှိပါတယ်…”
သူ အသေးစိတ်ကိုပါ ဆက်၍ ရှင်းပြနေလေသည်။
သူ့စကားဆုံးသောအခါ ရှန်မိုမှလွဲ၍ အားလုံး မှင်တက်နေကြ၏။
ရှုကျီချန်းမှ
“မဖြစ်နိုင်တာ… လုံးဝ မဖြစ်နိုင်ဘူး”
“မြွေနဂါးတောင်က ဘာမှမဖြစ်ထွန်းတာ ကြာလှပြီလေ… ဒီနှစ်မှ ဘယ်လိုလုပ် အောင်မြင်မှာလဲ”
သူ ရှန်မို့ကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့်
“အကြီးအကဲရှန် ဒီလိုမျိုးလိမ်လည်ရင် ဘယ်လို ခံစားရမလဲ သိရဲ့လား”
“ငါတို့ကို အရူးထင်နေလား”
ဘေးမှ ဟီထျန်းချောင် ချောင်းဟန့်၍
“အကြီးအကဲရှန် ဒီနံပါတ်တွေက… မှားရေတွက်မိတာများလား… သုညတွေ အပိုထပ်ထည့်ထားတာလား”
လုတုံရွှမ်လည်း မနေနိုင်တော့ဘဲ ဝင်၍
“ဂျူနီယာလေး… ဒါက… ငါ…”
သူ ရယ်မလို ငိုမလိုဖြစ်နေ၏။
လိမ်မယ်ဆိုရင်တောင် ယုတ္တိရှိအောင် လုပ်မှပေါ့။
အခုလိုကြီး အပိုတွေလုပ်တော့ ပြဿနာတက်တော့မယ်။
ယဲ့ယန် နှာခေါင်းရှုံ့၍
“ရှန်မို ဒီကိစ္စ အကြီးအကဲ (၂) ကို အမှန်အတိုင်း ပြောလိုက်ပါမယ်… အဲ့ဒါဆို စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က သေချာပေါက် လာစစ်ဆေးမှာပဲ”
စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့အကြောင်း ကြား၍ အားလုံး ကြက်သီးထသွား၏။
ထိုအဖွဲ့ကို အကြီးအကဲချုပ်မှ ကိုင်တွယ်ပါသည်။
ကျောက်စိမ်းဂိုဏ်းအတွင်းမှ စစ်ဆေးအပြစ်ပေးမှုများ အားလုံး ထိုအဖွဲ့မှ ပြုလုပ်၏။
ရှန်မိုမှာ ပြုံးလျက်
“ဪ အားလုံးက အတုလို့ ထင်နေတာလား”
ယဲ့ယန် မဲ့ပြုံးပြုံး၍
“အတုလား အစစ်လားကတော့ မကြာခင် ပေါ်လာမှာပေါ့”
“ကွက်တိပဲပေါ့… ခြေတည်ဝိညာဉ်အဆင့် (၃) ယောက်ရှိပြီး ကျွန်တော့်ဆီမှာလည်း သိုလှောင်လက်စွပ်က (၃) ခုဆိုတော့”
“စီနီယာလုရယ်၊ အဆောင်သခင်ဟီရယ်၊ ခင်ဗျားရယ်ကို တစ်ခုစီ စစ်ဆေးခိုင်းပါမယ်”
ရှန်မို ခပ်အေးအေးပြော၍ လက်ဖျောက်တီးလိုက်သောအခါ လက်စွပ်များ သူတို့ထံ ရောက်သွား၏။
ယဲ့ယန်မှ သက်သေဖျက်ဆီးခြင်း မရှိရန်လည်း ကာကွယ်ပြီးသား ဖြစ်သွားသည်။
ဟီထျန်းချောင် သက်ပြင်းချ၍
“အကြီးအကဲရှန် ဂဏန်းလိမ်တာက မကောင်း…”
သူ့စကားမဆုံးမီပင် မျက်လုံးပြူး၍ စွံ့အနေသည်။
ဟီထျန်းချောင် အမူအရာကြောင့် လုတုံရွှမ်လည်း ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
“ဘုရားရေ”
ယဲ့ယန်ပါ စိတ်ထဲလေးသွားပြီး အမြန်ကြည့်လိုက်ပြီး ပုံမှန် အေးစက်နေသော အမူအရာသည် မှင်တက်နေတော့၏။
သိုလှောင်လက်စွပ်ထဲ၌ မှော်သားကောင်များ၏ ပစ္စည်းများစွာ ပြည့်နှက်နေသည်။
ထို့အပြင် ခုနက မိုင်ဟေးဟီ ပြောခဲ့သော အရေအတွက်များအတိုင်း ထုတ်ကုန််များလည်း ရှိ၏။
ပိုအံ့ဩစရာကောင်းသည်မှာ သားကောင်များ၏ စိတ်ဝိညာဉ်စွမ်းအင်သည် မြွေနဂါးတောင်မှ စွမ်းအင်အတိုင်း ပြည့်ဝနေသည်။
ထို့ကြောင့် အခြားနေရာမှ ရှာဖွေလာခြင်း မဟုတ်ဘဲ မြွေနဂါးတောင်မှသာရကြောင်း ထင်ရှား၏။
ရှုကျီချန်းမှာ မသိသေး၍ လက်စွပ်ထဲ ဘာမှမရှိသောကြောင့် စွံ့အနေကြသည်ဟု ထင်လေသည်။
“အကြီးအကဲယဲ့ သိုလှောင်လက်စွပ်ထဲမှာ အလွတ်ကြီးပဲလား”
“ကျွန်တော် မပြောခဲ့ဘူးလား… အရင်ကတောင် ဘာမှ မထူးခြားခဲ့တာ… အခုမှ အောင်မြင်နိုင်မလား”
“အကြီးအကဲယဲ့ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ကို မြန်မြန် သွားရအောင်… ရှန်မို့ကို အပြစ်…”
ဖြန်း!
ရှုကျီချန်း စကားမဆုံးမီပင် ယဲ့ယန်မှ ခပ်ပြင်းပြင်း ရိုက်ချလိုက်၍ မီတာပေါင်းများစွာ လွင့်ထွက်သွား၏။
“တိတ်စမ်း”
ယဲ့ယန်မျက်နှာမှာ သွေးမရှိတော့ဟု ထင်ရလောက်အောင် ဖြူဖျော့နေသည်။
လုံတုံရွှမ် စိတ်ရှုပ်ထွေးနေရင်း
“ဂျူနီယာလေး မင်း… မင်း ဒီလို ကြမ်းတမ်းတဲ့မြေကို စီမံပြီး သားကောင်တွေကိုလည်း သွေးသန့်စင်အောင် လုပ်နိုင်ခဲ့တယ်နော်… တကယ့်ကို ပါရမီရှင်ပဲ”
သူ စိတ်လှုပ်ရှားလွန်း၍ ရှန်မိုအား ပြေးဖက်မိလေသည်။
ရှန်မိုကတော့ ရယ်မော၍သာ နေ၏။
ဟီထျန်းချောင်လည်း ရှန်မို့အား ထူးဆန်းသလို ငေးကြည့်နေသည်။
သူ့ဆရာ အကြီးအကဲ (၃) မှာ ကြားနေအတိုင်းနေရန်နှင့် ရှန်မို့အား စောင့်ကြည့်ရန် မှာထား၏။
သူ တစ်နှစ်တာ တွေ့ရသလောက် ရှန်မိုမှာ ကျင့်ကြံမှု မိတ်ဆွေဖြစ်ရန် သင့်တော်ပြီး အလွန်ထူးချွန်လေသည်။
ဂိုဏ်းထဲမှ အကြီးအကဲအချို့ထက်ပင် သာ၏။
“ဒီနေ့ကိစ္စကို ငါ့ဆရာဆီ ချက်ချင်း ပြောပြရမယ်… ဂိုဏ်းအစီအစဉ်မှာ ပြောင်းလဲစရာ ရှိလာတော့မယ် ထင်တယ်”
ဟီထျန်းချောင် စိတ်ထဲမှ တွေးနေ၏။
“ယဲ့ယန် ဂိုဏ်းစည်းမျဉ်းအရ သတ်မှတ်ချက်ထက် ကျော်တဲ့ပစ္စည်း ပေးနိုင်ရင် ဘာဆုလာဘ် ရမှာလဲ”
ရှန်မို တည်ငြိမ်စွာ မေးလိုက်သည်။
ယဲ့ယန် သက်ပြင်းချ၍
“ဆုလာဘ်က အဆင့်ပေါ် မူတည်တာပေါ့”
“(၂) ဆကျော်ရင် အမှတ် (၂) ဆရမယ်… (၃) ဆကျော်ရင် အမှတ် (၃) ဆရမယ်…”
ယဲ့ယန် တစ်ခုပြီးတစ်ခု ဆက်၍ ပြောပြသည်။ မြွေနဂါးတောင်၌ ထိုကဲ့သို့ ရွတ်ပြရခြင်းမျိုး မရှိသည်မှာ ကြာလွန်းခဲ့ပြီ။
Chapter 218: ဌာန (၃) ခုအတွက် ဆုံးဖြတ်ခြင်း
ရှန်မို တည်ငြိမ်စွာဖြင့်
“ဒီသိုလှောင်လက်စွပ်တွေထဲ ပါဝင်တဲ့ ပစ္စည်းတွေက ဂိုဏ်းရဲ့ သတ်မှတ်ချက်ထက် အနည်းဆုံး (၁၀) ဆ ပိုပါတယ်”
ယဲ့ယန် ရုတ်တရက်ဝင်၍
“ဒါ အရေးကြီးတဲ့ကိစ္စပါ… ဒီလိုဆုလာဘ်မျိုးကို ငါတို့ပဲ လွယ်လွယ်ပေးလိုက်လို့ မရဘူး… အကြီးအကဲအဖွဲ့ကို တင်ပြရဦးမယ်”
ထို့နောက် သိုလှောင်လက်စွပ်များယူကာ ပြန်ရန် ပြင်လိုက်သည်။
ဟီထျန်းချောင်မှ
“မြွေနဂါးတောင်ဆိုတာ တစ်ချိန်က အလားအလာ အရမ်းကောင်းတဲ့နေရာ ဖြစ်ခဲ့ပေမဲ့ အကြီးအကဲ (၇) ဆက်လုံး မအောင်မြင်ခဲ့တာ ကြာပြီလေ… အခု အကြီးအကဲရှန်က ဒီလို လုပ်ပြနိုင်သွားတာဆိုတော့ အကြီးအကဲအဖွဲ့ကို တင်ပြရမယ့်အစား အထူးအဖွဲ့မှာ တစ်ခါတည်း ပြောသင့်တာမလား”
“ဒီပွဲက ကျောက်စိမ်းဂိုဏ်းရဲ့ အနာဂတ်အစီအစဉ်တွေ အတွက်လည်း အရေးပါတယ်လေ”
လုတုံရွှမ် အားရပါးရ ရယ်မောကာ
“ဟုတ်တယ်… အဆောင်သခင်ဟီပြောတာ သိပ်မှန်တယ်”
အထူးအဖွဲ့မှာ အကြီးအကဲအဖွဲ့ထက် အဆင့်ပိုမြင့်ပြီး ဂိုဏ်း၏ အရေးကြီး၊ အရေးပေါ်ကိစ္စများကို ကိုင်တွယ်ပေးသည်။
ထို့အပြင် အထူးအဖွဲ့၌ ခေါင်းဆောင်နှင့် အကြီးအကဲ (၁၀) ဦးတို့ ဆုံးဖြတ်ရပြီး အကြီးအကဲအဖွဲ့တွင် အကြီးအကဲများမှသာ စီစဉ်ကြသည်။
“ကောင်းပြီလေ… ဒီမှာ သိုလှောင်လက်စွပ်တွေ ပြန်ယူထားလိုက်… ငါ အရင်ပြန်တော့မယ်”
ထို့နောက် ယဲ့ယန်ချက်ချင်းပြန်ကာ ယန်ချီယဲ့အား သွားတင်ပြလေ၏။
ရှန်မိုသည် မိုင်ဟေးဟီတို့ကိုကြည့်၍
“မြွေနဂါးတောင်မှာနေပြီး ပစ္စည်းတွေကို သေချာ စောင့်ရှောက်နော်… ဘယ်သူမှ လာပြီး ဖျက်ဆီးတာမျိုး မရှိစေနဲ့”
သူ့စကားမှာ တာဝန်အလွန်ကြီး၏။
မိုင်ဟေးဟီ ကိုယ်ကိုမတ်၍ တက်တက်ကြွကြွဖြင့်
“စိတ်ချပါ အကြီးအကဲရှန်… ကျွန်တော် နားလည်ပါတယ်”
ထို့နောက် ရှန်မို၊ လုတုံရွှမ်နှင့် ဟီထျန်းချောင်တို့ အလင်းတန်းအဖြစ် ပျောက်ကွယ်သွားကြ၏။
ရှုကျီချန်း ကောင်းကင်ကိုငေးကြည့်ရင်း မျက်နှာငယ်ဖြင့်
“ဘာလို့ ချက်ချင်း ပြန်သွားကြတာလဲ… ကျွန်တော့်လည်း ခေါ်သွားဦးလေ”
သူကိုယ်တိုင် စိတ်ဝိညာဉ်စွမ်းအင်သုံး၍ ပျံသန်းနိုင်သော်လည်း ခြေတည်ဝိညာဉ်များ၏ အရှိန်ကိုတော့ မယှဉ်နိုင်ချေ။
အနောက်မှသာ ဖုန်များရှူရင်း လိုက်ရ၏။
ကျောက်စိမ်းဂိုဏ်း၊ တောင်ထိပ်ကြီး။
တောင်ထိပ်မရောက်မီ တစ်ဝက်နားတွင် ခမ်းနားသော အဆောင်တစ်ခုရှိသည်။
ဤသည်မှာ ကျောက်စိမ်းဂိုဏ်းမှ အထူးအဖွဲ့အဆောင် ဖြစ်သည်။
“အထူးအဖွဲ့ အစည်းအဝေး စတော့မယ်နော်… (၅) နှစ်တစ်ကြိမ် လုပ်နေကျမလား”
“ဒီတစ်ခါ ဘယ်သူတာဝန်ယူမှာလဲ… ပုံမှန်တော့ အကြီးအကဲအဖွဲ့က တာဝန်ရှိတဲ့သူပဲ ဆက်လုပ်လိုက်တယ်မလား”
“အဲ့ဒါဆို အကြီးအကဲ (၂) ပေါ့”
“ကျစ် သူက အဂ္ဂိရက်နဲ့ သားကောင်ထိန်းချုပ်ရေးဌာနတွေကို ဖြုတ်ချင်နေတာ… ဒီတစ်ခါအစည်းအဝေးက အကြိတ်အနယ် ဖြစ်တော့မှာပဲ”
“ဟုတ်တယ်… ငါတို့တော့ နားပဲထောင်ကြတာပေါ့”
တပည့်များအချင်းချင်း ဆွေးနွေးနေကြ၏။
အစည်းအဝေးခန်းထဲတွင်တော့ ခေါင်းဆောင်နှင့် အကြီးအကဲ (၁၀) ဦးသာ ဝင်ခွင့်ရှိပါသည်။
အခြားခြေတည်အဆင့် အကြီးအကဲများပင် ပေးမဝင်ချေ။
အခန်းဝင်ပေါက်၌ ယန်ချီယဲ့ တည်ငြိမ်စွာရပ်၍ ရောက်လာသူများကို ကြည့်နေ၏။
ပထမဆုံးရောက်လာသူမှာ သက်လတ်ပိုင်းအရွယ် ခရမ်းရောင်ဝတ်ရုံဖြင့် ကြည့်ကောင်းသူ ဖြစ်သည်။
ယန်ချီယဲ့ ဦးညွှတ်၍ ရိုသေစွာဖြင့်
“မင်္ဂလာပါ ခေါင်းဆောင်”
ဂိုဏ်းခေါင်းဆောင် လီကျန်ထောင်း ပြုံး၍
“အကြီးအကဲ (၂) အစည်းအဝေး အစီအစဉ်က ဘယ်လိုလဲ”
ယန်ချီယဲ့ ရယ်မော၍
“အားလုံးရောက်ရင် သိရပါလိမ့်မယ်”
လီကျန်ထောင်း ဆက်မပြောတော့ဘဲ ပြုံး၍ ဝင်သွားလိုက်သည်။
ထို့နောက် အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ၏။
နောက်ဆုံးမှ ယိုင်တိယိုင်တိုင်ဖြင့် အဘိုးအိုတစ်ဦး ကောင်းကင်မှ ပျံသန်းလာပြီး ယန်ချီယဲ့ထံ ပြုတ်ကျမလို ဆင်းလာသည်။
ယန်ချီယဲ့ သူ့ကို ထိန်းပေးလိုက်ပြီး ရယ်မော၍
“အကြီးအကဲဝမ် ဘယ်လိုဖြစ်လာတာလဲ… အာ… ခင်ဗျားဆီက မိတ်ကပ်နံ့တွေ ရနေတာပဲ”
အကြီးအကဲ (၁၀) ဝမ်မူရွှမ် မျက်နှာရဲလျက် ရယ်မောကာ
“ဒုတိယခေါင်းလောင်းကြားတော့ ကောင်မလေးတွေနဲ့ အတူရှိနေတုန်းလေ… အဲ့တော့မှ အမြန် ပြေးလာရတာ”
ယန်ချီယဲ့ အားရပါးရ ရယ်မော၍
“ခင်ဗျား နောက်ဆုံး ရောက်တာပဲ… ကဲ လာ အထဲလိုက်ပို့မယ်”
နှစ်ယောက်သား အထဲရောက်သည်နှင့် တံခါးကြီးလည်း ပိတ်သွားတော့၏။
ခဏအကြာတွင် လူတစ်ယောက် အခန်းရှေ့သို့ သက်ဆင်းလာသည်။
ယဲ့ယန် ဖြစ်၏။
သူ အခန်းတံခါးကိုကြည့်ကာ မျက်နှာပျက်သွားသည်။
“ငါ နည်းနည်း နောက်ကျသွားတာပဲ… အစည်းအဝေးတောင် စနေပြီ”
“ဆရာက မြွေနဂါးတောင်ရဲ့ ကျရှုံးမှုကို ထောက်ပြပြီး ဌာနတွေ ဖြုတ်ဖို့လုပ်နေတာ… ပြဿနာ တက်တော့မှာပဲ”
ကျောက်စိမ်းဂိုဏ်းတွင် ဌာနများစွာရှိသော်လည်း လက်နက်ထုတ်လုပ်ခြင်း၌ သန့်စင်ခြင်းဂိုဏ်း၊ အဂ္ဂိရက်၌ ဆေးမြစ်ဂိုဏ်း၊ သားကောင်ထိန်းချုပ်ရေး၌ ကျောက်မူနန်းတော်ဂိုဏ်းတို့ကို မယှဉ်နိုင်ပေ။
ကျောက်စိမ်းဂိုဏ်း၌ သားကောင်ထိန်းချုပ်ရေး လုပ်ဆောင်ရန် မြွေနဂါးတောင်၊ အမြဲစိမ်းတောင်နှင့် တိမ်ဖြူတောင်တို့သာ ရှိပြီး အားလုံး အကျိုးအမြတ် မရှိကြသည်မှာ နှစ်ပေါင်းများစွာ ရှိလေပြီ။
ထို့ကြောင့် ဌာန (၃) ခုတွင် တစ်ခုခုကို စွန့်လွှတ်ရတော့မည်။ သို့သော် မည်သည့်ဌာနဖြစ်မည်ကို မဆုံးဖြတ်ရသေး။
ရှန်မို့သတင်းသာကြားလျှင် ဂိုဏ်းအတွက် အာရုံစိုက်စရာအသစ်ပင် ဖြစ်လိမ့်မည်။
ယန်ချီယဲ့အစီအစဉ်လည်း ပျက်စီးသွားလိမ့်မည်။
မကြာမီ ရှန်မိုတို့လည်း ရောက်လာ၏။
လုတုံရွှမ် မျက်မှောင်ကြုတ်၍
“ငါ ဆရာ့ကို သတင်းပို့ထားလိုက်မယ်”
ရှန်မိုခေါင်းယမ်းကာ တားလိုက်၏။
“အကြီးအကဲ (၁၀) လည်း သိပြီးပါပြီ”
လုတုံရွှမ် မှင်တက်လျက်
“သိတယ် ဟုတ်လား… သူက တစ်ချိန်လုံး အနီရောင်ဒေသတွေမှာ ပျော်ပါးနေတာ ဘာသိမှာလဲ”
ရှန်မို ဆက်မပြောဘဲ ပြုံးနေ၏။
သူ မြွေနဂါးတောင်သို့ စရောက်တည်းက ဟွမ်ပါရီ၏ ကံကြမ္မာကိုကြည့်ရင်း အကြီးအကဲ (၁၀) အတွက် သတင်းပေး လုပ်နေသည်ကို တွေ့ထားပါသည်။
အကြီးအကဲ (၁၀) မှာ ဆောင်ကြာမြိုင်၌သာ ပျော်ပါးနေသည်ဟု ထင်ရသော်လည်း ဂိုဏ်းအတွင်းရေးများအားလုံး သိ၏။
ရှန်မို ထိုအကြောင်းများ သိထားသော်လည်း ထုတ်မပြောရန်သာ တွေးထားလိုက်သည်။
“ဒီအတိုင်း စောင့်ကြည့်တာပေါ့… ခဏနေ အထဲကို ဖိတ်ခံရပါလိမ့်မယ်”
ရှန်မို တည်ငြိမ်စွာ ပြုံးပြ၏။
လုတုံရွှမ် နားမလည်နိုင်သော်လည်း ဆက်မပြောတော့ပေ။
အစည်းအဝေးခန်းထဲတွင်။
ယန်ချီယဲ့မှ
“ခေါင်းဆောင်နဲ့ အကြီးအကဲတို့ ဒီနေ့ အစီအစဉ်ကတော့ ဌာန (၃) ခုအပေါ် ဘယ်လိုဆုံးဖြတ်မလဲဆိုတာပါ”
“ကျွန်တော့်အမြင်တော့ လက်နက်ထုတ်လုပ်ခြင်းဆိုတာ ဂိုဏ်းရဲ့အင်အားပါပဲ… တစ်ဖက်မှာ အဂ္ဂိရက်နဲ့ သားကောင်ထိန်းချုပ်ရေးက အားနည်းချက် ဖြစ်နေပါတယ်… အဲ့ဒါကြောင့် ဒီဌာနတွေကို ဖြုတ်ပြီး လက်နက်ထုတ်လုပ်ရေးမှာ အာရုံစိုက်လိုက်ရင် သန့်စင်ခြင်းဂိုဏ်းကို ယှဉ်လာနိုင်ပါတယ်”
သူ့စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြ၏။
အကြီးအကဲ (၅) မှ
“ဒါဆို ကျွန်တော် မေးပါရစေ အကြီးအကဲ (၂)… ဂိုဏ်းမှာ ဆေးနဲ့ သားကောင်တွေ အများကြီးလိုရင် ဘယ်ကနေ ယူကြမလဲ”
ယန်ချီယဲ့ တည်ငြိမ်စွာဖြင့်
“ဆေးအတွက် ဆေးမြစ်ကဝယ်ပြီး သားကောင်အတွက် ကျောက်မူနန်းတော်ဂိုဏ်းက ဝယ်လို့ရပါတယ်”
“ဆေးမြစ်ဂိုဏ်းနဲ့လည်း ညှိနှိုင်းပြီးပါပြီ… နောက် (၂၀) အထိ အသွင်ပြောင်းဆေးရည် (၅၀၀)၊ အထူး အသွင်ပြောင်းဆေး (၅၀)၊ စိတ်ဝိညာဉ်အားဖြည့်ဆေး (၁၀) ပုလင်းတို့ကို နှစ်စဉ် ပေးသွားမှာပါ”
“ဒီနှစ် (၂၀) အတွင်း ဈေးအပြောင်းအလဲ မလုပ်ပါဘူးတဲ့… မဟုတ်ရင် (၂) ဆ ပြန်လျော်ပေးမှာပါ”
အကြီးအကဲ (၈) မျက်မှောင်ကြုတ်လျက်
“ကျောက်မူနန်းတော်ကရော သားကောင်တွေ၊ သားကောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပေးမယ်လို့ သေချာလား… ရုံးတော်ရဲ့ ရပ်တည်မှုကို မေ့သွားပြီလား”
Chapter 219: ဒီနှစ် အရှုံးပေါ်တယ်လို့ ဘယ်သူပြောလဲ
အကြီးအကဲ (၈) ၏စကားဆုံးသည်နှင့် တစ်ခန်းလုံး ငြိမ်သက်သွားကြပြန်သည်။
ယခုနှစ်ပိုင်းများတွင် အားလုံး အတွက်အချက် ပိုတော်လာကြ၏။
ကျင်းဧကရာဇ်သစ် နန်းတက်ပြီးတည်းက ရုံးတော်မှာ အရင်အဖွဲ့များကို စွန့်ပစ်ကာ ဂိုဏ်းကြီး (၉) ခုအား အခြေစိုက် ပြန်တည်ထားသည်။
ကျင်းဧကရာဇ်သစ်သည် ဒေသ (၉) ခုမှ (၇) ကို ထိန်းချုပ်ထားပြီး ဖြစ်ကာ ယုဒေသနှင့် ဝူဒေသကိုသာ ချန်ထား၏။
ယုဒေသကိုတော့ ရုံးတော်လက်အောက်သို့ သွတ်သွင်းရန် ကြံစည်ထားမှန်း သိသာလေသည်။
ယုဒေသနှင့် ဝူဒေသကိုသာ ရလျှင် ဒေသ (၉) ခုလုံး၏ အင်အားကို စုစည်းနိုင်လေပြီ။
ကျောက်စိမ်းဂိုဏ်းအတွက် ရုံးတော်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်မှာလည်း လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် ရုံးတော်နှင့် သားကောင်များ ရောင်းဝယ်ရေးကို ရေရှည် တည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု အာမခံချက် မရှိပေ။
ယန်ချီယဲ့ပြုံး၍ စာရွက်ဝါများ ထုတ်ကာ
“ဒါ ဘာတွေလဲ သိကြလားဗျ”
“ပြောမှာသာ ပြောပါ”
အကြီးအကဲဝူနှင့် အကြီးအကဲချီတို့ ပြန်ပြော၏။
“ဒါက ကြာစိမ်းလက်နက်တွေထုတ်ဖို့ နည်းလမ်းအပြည့်အစုံပဲ”
ယန်ချီယဲ့ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
“ဘာ”
အားလုံး အံ့ဩသွားကြ၏။
လီကျန်ထောင်းပင် လန့်ဖျပ်သွားပြီး
“အကြီးအကဲယန် ဒါကို ဘယ်က ရလာတာလဲ”
ယန်ချီယဲ့ပြုံးလျက်
“ယုဒေသက မြို့စားမင်းက ပေးတာပါ… ဒါပေမဲ့ တစ်ဝက်ပဲ ရှိသေးတယ်… ကျန်တဲ့တစ်ဝက်က သဘောတူညီချက်ရပြီးမှ ပေးလိမ့်မယ်”
အကြီးအကဲများ သေချာစဉ်းစားကုန်၏။
အကြီးအကဲ (၅) မှ
“ယန်ချီယဲ့… မင်းက ရုံးတော်နဲ့ လျှို့ဝှက် ဆက်သွယ်နေတာလား… ဘာသဘောလဲ”
အကြီးအကဲ (၄) မှ ချက်ချင်း အပြစ်တင်လေသည်။
“မဟုတ်တာတွေ စွပ်စွဲမနေနဲ့… အကြီးအကဲယန်ပြောတာ မကြားဘူးလား… ယုဒေသက မြို့စားမင်းက လာပေးတာပါဆို”
လီကျန်ထောင်းမှ စားပွဲကို ခပ်ပြင်းပြင်းထုလိုက်၏။
“အားလုံးပဲ… အကြီးအကဲယန် ဂိုဏ်းအပေါ် သစ္စာရှိတာကို ငါယုံတယ်… သူ့ကို စကားဆုံးအောင် ပေးပြောလိုက်ပါ”
ယန်ချီယဲ့ ပြုံးကာ
“ရုံးတော်ကနေ ကျောက်စိမ်းဂိုဏ်းအတွက် စိတ်ဝိညာဉ်သားကောင်တွေ ထောက်ပံ့ပေးပြီး ကျွန်တော်တို့ဘက်က စိတ်ဝိညာဉ််ကျောက်တုံးနဲ့ လက်နက်တွေ ပြန်ပေးရမှာပါ”
အကြီးအကဲ (၈) မှ
“ရုံးတော်မှာ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ လက်နက်တွေ မရှိဘူးလား… ယန်ချီယဲ့ ဒီလောက်လေးနဲ့ ဆွဲဆောင်ခံရလား”
ယန်ချီယဲ့ ခေါင်းယမ်းပြကာ
“မင်းမသိသေးတာတွေ ရှိသေးတယ်… လွန်ခဲ့တဲ့ လဝက်လောက်တုန်းက နတ်ဆိုးတစ်သောင်းနယ်မြေက ဝူဒေသကို ကျူးကျော်ပြီး (၅) ရက်အတွင်း မြို့ (၉) မြို့ကို သိမ်းလိုက်တယ်တဲ့”
အကြီးအကဲများအားလုံး မှင်တက်ကုန်သည်။
နဆ်ဆိုးတစ်သောင်းနယ်မြေနှင့် ကျင်းနိုင်ငံတို့ ဆက်ဆံရေးမကောင်းသည်မှာ အားလုံးသိကြပါသည်။
“ကျင်းဧကရာဇ်က စိတ်ဆိုးပြီး ယုဒေသကို ဝူဒေသဆီ ကူညီဖို့ လွှတ်လိုက်တယ်… အဲ့လိုနဲ့ ယုဒေသမှာ ဖိအား ဖြစ်လာတာပေါ့”
“အခု သူတို့ ဝူဒေသကို ကူညီရင်း စိတ်ဝိညာဉ်ကျောက်တုံးနဲ့ လက်နက်တွေ ရှားပါးလာပြီ”
“အခုအခြေအနေမှာ တခြားဂိုဏ်းတွေနဲ့လည်း ညီမျှအောင် ကျောက်စိမ်းဂိုဏ်းနဲ့ တင်းမာမှုတွေ လျော့ချချင်တယ်”
“သူတို့ ကျွန်တော်တို့ကို အသုံးချနေမှန်း သိပါတယ်… ဒါပေမဲ့ ကျွန်တော်တို့လည်း ပြန်အသုံးချလို့ မရဘူးလား”
“အားလုံးပဲ… ဒါ ရှားပါးအခွင့်အရေးနော်”
“ဝူဒေသက စစ်ပွဲကြီးပြီးလို့ အစိုးရဘက်က ကျောက်စိမ်းဂိုဏ်းကို အာရုံပြန်စိုက်လာရင် လုံးဝ အင်အားကြီးနေပြီ”
သူ့စကားကို အကြီးအကဲ (၄)၊ (၇)၊ (၉) တို့မှ ထောက်ခံအားပေးကြသည်။
အကြီးအကဲ (၃) နှင့် (၆) လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။
အကြီးအကဲ (၅) နှင့် (၈) တို့ပင် အပြစ်ရှာမရ ဖြစ်နေကြသည်။
အားလုံး အကြီးအကဲ (၁၀) ဝမ်မူရွှမ်၊ လီကျီထောင်းနှင့် အကြီးအကဲချုပ်တို့ကို လှမ်းကြည့်မိကြသည်။
ဝမ်မူရွှမ် ချောင်းဟန့်၍ မတ်တပ်ထရပ်လိုက်သော်လည်း အားလုံး သူ့လည်ပင်းကိုသာ အာရုံစိုက်နေမိသည်။
လီကျီထောင်း တစ်ချက်ရှုံ့သွားပြီး
“အကြီးအကဲဝမ် ဟို… လည်ပင်းမှာ နှုတ်ခမ်းနီအရာ”
ဝမ်မူရွှမ် ခပ်အေးအေးဖြင့် သုတ်လိုက်ပြီး
“အကြီးအကဲယန်ရဲ့ တင်ပြချက်က အရမ်းကောင်းပါတယ်”
“ငါးစာက အဆိပ်လည်းမပါရင် သေချာပေါက် ယူရမယ်”
“ဒါပေမဲ့ သားကောင်ထိန်းချုပ်ရေးဌာနကိုလည်း စွန့်ပစ်စရာတော့ မလိုပါဘူး”
“အခုချိန် အဲ့ဌာနမရှိရင် နောက်ပိုင်း ရုံးတော်က အာရုံပြောင်းသွားတော့ ဘယ်လိုလုပ်မလဲ”
“ဂိုဏ်းထဲက တပည့်တွေ လေ့ကျင့်ဖို့ရော”
ယန်ချီယဲ့ တည်ငြိမ်စွာဖြင့်
“ဒါပေမဲ့ သားကောင်ထိန်းချုပ်ရေးနယ်မြေ (၃) ခုလုံး အရှုံးပေါ်နေတာ နှစ်ပေါင်းများစွာ ရှိပြီလေ… မြွေနဂါးတောင်က ဒီနှစ်နဲ့ဆို နှစ် (၃၀၀) ပြည့်ပြီ”
“ဒီကိစ္စကြောင့် တစ်ခါတစ်လေ ကျွန်တော့်ထဲက စိုက်ရတာတွေတောင် ရှိပါတယ်”
“အကြီးအကဲဝမ်က ဒီအတွက် ကုန်ကျစရိတ်ခံပေးမှာလား”
“နောက်ထပ် (၁၀) နှစ် ဆုံးရှုံးနေချိန် လက်နက်ထုတ်လုပ်ရေးမှာ သုံးလို့ရတယ်လေ… မဟုတ်ရင် တခြားဂိုဏ်းတွေကို ဘယ်လိုယှဉ်မလဲ”
“မြွေနဂါးတောင်က ဒီနှစ်လည်း ရှုံးတယ်လို့ ဘယ်သူပြောလဲ”
အကြီးအကဲများအားလုံး လန့်သွား၏။
မြွေနဂါးတောင်မှာ ကျိန်စာသင့်သကဲ့သို့သာ သိထားကြသည်။
ရုတ်တရက် အောင်မြင်လာရန် မဖြစ်နိုင်ပေ။
သို့သော် ဝမ်မူရွှမ်ကိုယ်တိုင်ပြောနေ၍ ယုံရတော့မည်။
သတင်းကောင်းဖြစ်သော်လည်း တစ်နှစ်တည်း အောင်မြင်၍ မပြီးသေး။ နှစ်စဉ် ပုံမှန်ထွက်မှ ဖြစ်လိမ့်မည်။
ယန်ချီယဲ့မှာ ယုံကြည်ချက် ရှိလျက်ပင်
“ဪ ဟုတ်လား… ဒါဆို အကြီးအကဲဝမ် ပြောပါဦး… ဒီနှစ် ဘယ်လောက်တောင် ထုတ်နိုင်လို့လဲ”
အားလုံး ဝမ်မူရွှမ်အား လှမ်းကြည့်၏။
“ဒီနှစ်ရဲ့ ကုန်ထွက်နှုန်းက ဂိုဏ်းသတ်မှတ်ချက်ထက် (၁၀) ဆ ပိုပါတယ်”
“ဪ (၁၀) ဆ… ဟင် နေပါဦး… ဘာပြောလိုက်တယ်… (၁၀) ဆလား”
ယန်ချီယဲ့ မျက်လုံးပြူးသွား၏။
အကြီးအကဲ (၄) မှ
“ဝမ်မူရွှမ်… ခင်ဗျားတို့ သားကောင်ထိန်းချုပ်ရေး ဌာနကို ကာကွယ်ချင်တာနဲ့ပဲ လာလိမ်နေတာလား… အကြီးအကဲချုပ် ဒီအရူးကို ဆွဲထုတ်ပြီး အပြစ်ပေးရပါမယ်”
တစ်ချိန်လုံး ငြိမ်နေခဲ့သော အကြီးအကဲချုပ်မှာ နောက်ဆုံးတော့ စပြော၏။
“စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ငါ့အပိုင် မဟုတ်ဘူး… ကျောက်စိမ်းဂိုဏ်းက ဆုံးဖြတ်ရမှာ”
အကြီးအကဲ (၇) နှင့် (၉) မှလည်း
“ဝမ်မူရွှမ် မဟုတ်တာတွေ ပြောမနေနဲ့… ဒီမှာ မြွေနဂါးတောင်အကြောင်း မသိတဲ့သူ မရှိဘူး”
အကြီးအကဲချုပ်မှ ဝင်၍
“မြွေနဂါးတောင်ကို တာဝန်ယူထားတဲ့ အကြီးအကဲက ဘယ်သူလဲ… ချန်ဖန်ယုံးလား”
“မဟုတ်ပါဘူး… တောင်ထိပ် (၁၀) က အကြီးအကဲအသစ် ရှန်မိုပါ”
အကြီးအကဲ (၄) မှ ဝင်ပြော၏။
လီကျန်ထောင်း မျက်မှောင်ကြုတ်ကာ ချောင်းဟန့်၍
“အကြီးအကဲဝမ် စကားပြောတာ ဆင်ခြင်ပါဦး”
ဝမ်မူရွှမ် ရယ်မော၍
“သူတို့ အပြင်မှာတောင် ရောက်နေပြီ… ကိုယ်တိုင် ကြည့်ရအောင် ခေါ်လိုက်ပါလား”
“ကောင်းပြီလေ ဝင်ခိုင်းလိုက်ပါ”
လီကျန်ထောင်း ခေါင်းငြိမ့်ပြလေ၏။