အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
Chapter 220: အကြီးအကဲရှန်က တစ်ဂိုဏ်းလုံးရဲ့ စံပြ ဖြစ်သင့်တယ်
ဂျိန်း!
ခန်းမတံခါးမှာ တဖြည်းဖြည်း ပွင့်သွား၏။
ရှန်မို၊ လုတုံရွှမ်၊ ယဲ့ယန်၊ ဟီထျန်းချောင်တို့ ရောက်လာသည်။
“ဝင်ကြပါ”
လီကျန်ထောင်း ပြုံး၍ နှုတ်ဆက်၏။
လုတုံရွှမ်တစ်ယောက် အံ့ဩ၍ ပါသွားလေသည်။
ရှန်မို ခန့်မှန်းထားသည့်အတိုင်းပင် သူတို့ကို အထဲသို့ ဖိတ်လေ၏။
“ဆရာ…”
ယဲ့ယန်မှစ၍ ယန်ချီယဲ့အား သတိပေးရန် ပြင်လေသည်။
သို့သော် ယန်ချီယဲ့ လက်ကာ၍ တားလိုက်သည်။ ထို့နောက် ရှန်မိုအား လှမ်းကြည့်၍
“ရှန်မို… အကြီးအကဲဝမ်ကပြောတယ်… မြွေနဂါးတောင်ရဲ့ ဒီနှစ်ထွက်နှုန်းက ဂိုဏ်းသတ်မှတ်ချက်ထက်တောင် (၁၀) ဆ ပိုတယ်ဆို”
“သက်သေလေး ပြပါဦး”
“ငါတို့ (၁၁) ယောက် တစ်ခါတည်း ကြည့်ချင်လို့”
ယဲ့ယန် စိတ်ညစ်နေသော်လည်း ဝင်မပြောနိုင်ဘဲ ငြိမ်နေရ၏။
နောက်မှ သတိမပေးလို့ အပြစ်မတင်နဲ့နော်… ကျွန်တော် ပြောမလို့ကို အခွင့်အရေး မပေးတာ။
ရှန်မိုမှ သိုလှောင်လက်စွပ် (၃) ခုထုတ်၍ အခန်းထိပ်တွင် ထိုင်နေသော သက်လတ်ပိုင်းလူကို တိုက်ရိုက်ပေးလိုက်သည်။
လီကျန်ထောင်း ရှန်မို့ကို အံ့ဩစွာကြည့်၍
“ငါတို့ ကျောက်စိမ်းဂိုဏ်းမှာ ဒီလောက်ငယ်တဲ့ အကြီးအကဲ ဘယ်တုန်းက ရောက်နေတာလဲ”
“ကျွန်တော် လွန်ခဲ့တဲ့တစ်နှစ်ကမှ စရောက်တာပါ”
လီကျန်ထောင်း ခေါင်းငြိမ့်ပြ၍
“မင်းကြည့်ရတာ အသက် (၃၀) တောင် မပြည့်သေးပုံပဲ… ဟုတ်လား”
ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။
လီကျန်ထောင်း ဝမ်းသာသွားကာ
“ကောင်းတယ် အရမ်းကောင်းတယ်… တောင်ထိပ် (၁၀) မှာ ဒီလို လူငယ်ပါရမီရှင်ရှိနေမယ်လို့ မထင်ထားဘူး… ဒီလိုဆို ငါတို့ ကျောက်စိမ်းဂိုဏ်းမှာ လူငယ် (၂) ယောက်တောင် ရှိနေပြီပဲ”
“ငါက ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး မသိခဲ့ဘူး”
သူပြောပြောဆိုဆိုနှင့် ယန်ချီယဲ့အား သူ့ကို မပြောသည့်အတွက် အပြစ်တင်သလို လှမ်းကြည့်သည်။
ယန်ချီယဲ့မှာ မသိချင်ယောင်သာ ဆက်ဆောင်နေ၏။
“ဒီသိုလှောင်လက်စွပ် (၃) ခုထဲမှာ မြွေနဂါးတောင်ရဲ့ ဒီနှစ် ထွက်ကုန် အားလုံး ပါ,ပါတယ်”
ရှန်မိုပြုံး၍ ပြောလိုက်သည်။
လီကျန်ထောင်း ခေါင်းငြိမ့်ပြကာ ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
ထို့နောက် ငြိမ်၍ မှင်တက်နေ၏။
ဘေးမှ အကြီးအကဲချုပ်လည်း သူ့အမူအရာကြောင့် အလွန်စိတ်ဝင်စားသွားသည်။
လီကျန်ထောင်းမှာ တည်ငြိမ်လွန်း၍ ထိုကဲ့သို့ အမူအရာ ပျက်သည်မှာ ရှားလွန်း၏။
“ခေါင်းဆောင်”
အကြီးအကဲချုပ် လှမ်းခေါ်လိုက်၏။
လီကျန်ထောင်း သက်ပြင်းချ၍ ရှန်မို့ကို ငေးကြည့်နေသည်။
ထို့နောက်မှ အကြီးအကဲချုပ်အား လက်စွပ်များ လှမ်းပေးလိုက်သည်။
“ကြည့်ကြည့်ပါ”
မကြာမီ အကြီးအကဲချုပ်လည်း အလွန် ထိတ်လန့်သွားလေသည်။
ယန်ချီယဲ့မှာ တစ်ခုခုမှားနေကြောင်းတော့ ခံစားမိလေပြီ။
ထို့နောက် ယဲ့ယန်အား လှမ်းကြည့်လိုက်၏။
ယဲ့ယန် ခပ်ဖြည်းဖြည်း ခေါင်းယမ်းပြသည်။
ယန်ချီယဲ့ ရင်တဒိတ်ဒိတ် ခုန်လာ၏။
“အားလုံးပဲ ကိုယ်တိုင် ကြည့်လိုက်ကြပါ”
“အကြီးအကဲဝမ်ပြောတာ မှန်ပါတယ်… မြွေနဂါးတောင်ရဲ့ ထုတ်ကုန်တွေက (၁၀) ဆတောင် ပိုများနေပါသေးတယ်”
လီကျန်ထောင်း အားလုံးကို ဝေ့ကြည့်၍ ပြောပြီးနောက် ကျေနပ်ကာ အားရပါးရ ရယ်မောလေသည်။
မြွေနဂါးတောင်ကို နှစ် (၃၀၀) ကြာမှ ယခုလို အောင်မြင်ဦးမည်ဟု တစ်ခါမှ မတွေးခဲ့ချေ။
အခြားအကြီးအကဲများလည်း အံ့ဩတကြီးဖြင့် ယူကြည့်ကြ၏။
အားလုံး မျက်လုံးပြူးကုန်ကြပြီး ထို့နောက် ယန်ချီယဲ့ထံလည်း ရောက်လာသည်။
သူ စိတ်ဓာတ်အလွန်ကျနေသော်လည်း အားတင်း၍ ကြည့်လိုက်၏။
များလွန်းတယ်။
အရမ်းကို များလွန်းတယ်။
စိတ်ကူးတောင် မယဉ်ဖူးဘူး။
မြွေနဂါးတောင်၏ နှစ် (၅၀) စာ ထုတ်ကုန်များကို ပေါင်းထားသကဲ့သို့ပင်။
ထို့အပြင် ထိုဒေသ အငွေ့အသက်များရနေ၍ စစ်မှန်ကြောင်းလည်း သေချာနေသည်။
ယန်ချီယဲ့တစ်ယောက် မူးလဲမလို ဖြစ်သွား၏။
“ဘယ်လို… ဘယ်လိုလုပ် စီမံလိုက်တာလဲ”
ရှန်မို ပြုံး၍ ဘာမှပြန်မဖြေပေ။
ဝမ်မူရွှမ် ရယ်မောလျက်
“ယန်ချီယဲ့ မင်းကိုယ်တိုင်လည်း သားကောင်ထိန်းချုပ်နည်း သင်ခဲ့တာပဲ… အဲ့ဒါကို လူရှေ့မှာ ထုတ်ပြောပြမှာလား”
ယန်ချီယဲ့ စွံ့အသွား၏။
သူ ခုနက စည်းကျော်သွားသည်မှာ မှန်နေသည်။
ထိုစဉ် အကြီးအကဲချုပ်မှ
“အကြီးအကဲရှန် မြွေနဂါးတောင်ကနေ ထုတ်ကုန်တွေကို နှစ်တိုင်းဒီလိုပဲ ရနိုင်လောက်လား”
“ရပါတယ်”
ရှန်မို ယုံကြည်ချက်အပြည့်ဖြင့် ဖြေလိုက်၏။
“ကောင်းပြီ”
လီကျန်ထောင်းမှလည်း ကျေနပ်စွာ ခေါင်းငြိမ့်ပြ၍
“အရမ်းတော်တယ်… ဒီအတိုင်းဆိုရင် ကျောက်စိမ်းဂိုဏ်းက သားကောင်ထိန်းချုပ်ရေးမှာ အောင်မြင်တော့မှာပဲ”
အကြီးအကဲ (၅) လည်း အလွန်ဝမ်းသာလျက်
“ဒီလိုဆို သားကောင်ထိန်းချုပ်ရေးဌာနက ကျောက်စိမ်းဂိုဏ်းရဲ့ အရေးပါတဲ့အဖွဲ့ ဖြစ်လာပြီပေါ့”
အကြီးအကဲ (၈) နှာခေါင်းရှုံ့၍
“အကြီးအကဲယန် ဒီလိုဆိုရင်တောင် သားကောင် ထိန်းချုပ်ရေးအဖွဲ့ကို စွန့်ပစ်ဦးမှာလား”
“ငါတို့ရဲ့ ဂိုဏ်းတည်ထောင်သူလည်း တစ်ချိန်က နွားကျောင်းသားဘဝကနေ သားကောင်တွေ ထိန်းချုပ်ရင်း ဒီလို တိုးတက်လာတာ မေ့သွားပြီလား”
ယန်ချီယဲ့ သက်ပြင်းချ၍ ခပ်တည်တည်ဖြင့်
“ဂိုဏ်းတည်ထောင်သူရဲ့ ကျေးဇူးကို သိပါတယ်… ဒါပေမဲ့ ခေတ်ကပြောင်းသွားပြီလေ… ဘိုးဘေးတွေရဲ့ နည်းလမ်းအတိုင်း အမြဲလိုက်လုပ်လို့မှ မရတာ”
“ဖယ်သင့်တာတွေ ဖယ်ရမှာပေါ့… ပြိုင်ပြောနေစရာတောင် မလိုဘူး”
“မြွေနဂါးတောင်ရဲ့ ထုတ်ကုန်တွေ တိုးတက်လာတာ ဝမ်းသာပါတယ်… အကြီးအကဲရှန်သာ နှစ်တိုင်း ဒီလောက်လုပ်နိုင်ရင် ပိုကောင်းတာပေါ့”
“ဒါပေမဲ့ အမြဲစိမ်းတောင်နဲ့ တိမ်ဖြူတောင်ကိုတော့ ပိတ်ပစ်ရမယ်… အဲ့ဒါ နောက်ဆုံးလျှော့ပေးတာပဲ”
ယန်ချီယဲ့အသံမှာ တစ်ခန်းလုံးသို့ ဟိန်းထွက်လာ၏။
လီကျန်ထောင်း ခဏစဉ်းစား၍
“ဒီကိစ္စကို နောက်မှ ဆက်ဆွေးနွေးတာပေါ့… အခုက တခြားပြောစရာ ရှိသေးတယ်… အကြီးအကဲရှန်က ဂိုဏ်းထဲဝင်ပြီး တစ်နှစ်အတွင်း ဒီလောက်တောင် စွမ်းဆောင်ပြနိုင်တာ တစ်ဂိုဏ်းလုံးရဲ့ စံပြအဖြစ် ဆုချီးမြှင့်ရမယ်”
“ဂိုဏ်းသတ်မှတ်ချက်ထက် (၁၀) ဆ များတယ်ဆိုတာလည်း တစ်ခါမှ မကြားဖူးဘူး”
“ခင်ဗျားတို့ရော ဘယ်လိုတွေးကြလဲ”
အကြီးအကဲများ အချင်းချင်း ဆွေးနွေးကြလေ၏။
အချို့မှာ ရှန်မိုအတွက် ထိပ်တန်းအမှတ်ပေးရန် ပြောကြသည်။
အချို့မှာလည်း ဒုတိယအဆင့်အမှတ်မျှသာ ပေးသင့်ကြောင်း ဆိုသည်။
အချို့လည်း တတိယအဆင့်အကြီးအကဲအဖြစ် ထောက်ခံ၏။
ဟီထျန်းချောင်မှာ နားထောင်ရင်း အားကျနေမိလေသည်။
ငါရော ဘယ်တော့မှ ဒီလို ဆက်ဆံခံရမှာလဲ။
တစ်ဖက်တွင် ယဲ့ယန်မှာ အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေ၏။
ငါ့မှာတော့ ဆယ်စုနှစ်လောက် တိုက်ပွဲတိုင်း ကြိုးစားခဲ့ရတာ… တစ်ခါမှ ဒီလိုအသိအမှတ်ပြု မခံရဖူးဘူး။
ထို့နောက် သူ သည်းမခံနိုင်တော့ဘဲ ခန်းမထဲမှ ထွက်သွားလေသည်။
လုတုံရွှမ်မှာတော့ အလွန် ဝမ်းသာပျော်ရွှင်နေ၏။
သူ သွေးနွယ်ချောက်တွင် အောင်မြင်ခဲ့စဉ်က အကြီးအကဲများ သူ့အမှတ်အတွက် ဆွေးနွေးခဲ့ကြသည်အား ပြန်သတိရမိသည်။
ထို့ကြောင့် ရှန်မို့အတွက်လည်း ဝမ်းသာပါသည်။
ဝမ်မူရွှမ် ချောင်းဟန့်၍
“အားလုံးပဲ ရှန်မို့ကို လုတုံရွှမ် ခန့်ခဲ့တာကိုလည်း မမေ့နဲ့ဦးနော်… သူလည်း ဆုရသင့်တယ် မဟုတ်ဘူးလား”
အကြီးအကဲချုပ် ခေါင်းငြိမ့်ပြ၍
“သူပြောတာ မှန်တာပဲ”
“အဟမ်း အဟမ်း… ရှန်မိုက တောင်ထိပ် (၁၀) က အကြီးအကဲလေ… တောင်ထိပ် (၁၀) ရဲ့ တာဝန်ရှိသူအနေနဲ့ ငါလည်း…”
“ဪ ဟုတ်လား… ခင်ဗျားက တစ်နှစ်လုံး ဆောင်ကြာမြိုင်မှာပဲ အချိန်ကုန်ခဲ့တာလေ… သတိမထားမိလိုက်ဘူး”
အကြီးအကဲချုပ် နှာခေါင်းရှုံ့ကာ ပြော၍ ဝမ်မူရွှမ် နေရခက်စွာ ရယ်မောပြီး ငြိမ်သွား၏။
ရှန်မိုနှင့် လုတုံရွှမ်လည်း အားနာစွာ ပြုံးမိသည်။
Chapter 221: ဒီနေ့စကစပြီး အရက်သွားခိုးမယ်
မကြာမီ ဂိုဏ်းမှ ရှန်မို့အတွက် ဆုလာဘ်များ ဆုံးဖြတ်ပြီးလေပြီ။
အဆင့်ဘီ တစ်မှတ်။
ဒုတိယအဆင့်အကြီးအကဲ ရာထူး။
အထူးအသွင်ပြောင်းဆေးရည် (၂) ပုလင်း။
သွေးစိတ်ဝိညာဉ်စေ့ (၁၀) အိတ်။
ယင်ပုလဲ (၃) လုံး။
ဤမျှဆုလာဘ်များမှာ ခြေတည်ဝိညာဉ် အကြီးအကဲတိုင်းအတွက် အားကျမနာလိုစရာ ဖြစ်နေ၏။
အဆောင်သခင်အဖြစ် (၁၀) နှစ်တာ တာဝန်ယူခဲ့သော ဟီထျန်းချောင်ပင် အဆင့်စီ (၁၀) မှတ်သာ ရှိ၏။
ဥပမာ ပထမအဆင့်မှ ဒုတိယအဆင့် အကြီးအကဲ ဖြစ်ရန်ပင် အဆင့်စီ တစ်မှတ် လိုပါသည်။
သို့သော် ရှန်မို့အတွက် အခြားဆုလာဘ်များပါ ပါသေး၏။
ဟီထျန်းချောင် တွက်ချက်ရင်း ငိုချင်လာသည်။
သူ ထိုအမှတ်အားလုံးရရှိရန် နှစ်ပေါင်း (၂၀) ခန့် အနည်းဆုံး ကြာခဲ့၏။
သို့သော် ရှန်မိုသည် တစ်နှစ်အတွင်း အားလုံး ပိုင်ဆိုင်သွားသည်။
စိတ်ဓာတ်ကျစရာပဲ။
ထိုသတင်းပျံ့သွားလျှင် တပည့်များ၊ အလုပ်သမားများအားလုံး ရှန်မို့ကို အတော် လေးစားသွားကြမည်။
“အခုတော့ အားလုံး ပြန်လိုက်ကြပါတော့… ကျွန်တော်တို့ အရေးကြီးကိစ္စတွေ ဆွေးနွေးရဦးမယ်”
လီကျန်ထောင်းမှ ရှန်မို့ကို လှမ်းကြည့်၍
“အကြီးအကဲရှန်ရဲ့ ဆုလာဘ်တွေကို မကြာခင် ပို့ပေးပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
ရှန်မို ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွား၏။
ဝမ်မူရွှမ် ရယ်မောကာ
“ရှန်မိုရေ အကြီးအကဲအစည်းအဝေး ပြီးမှပဲ အေးဆေး စကားပြောကြတာပေါ့”
“ဟုတ်ကဲ့ပါ… မြွေနဂါးတောင်မှာ ညစာစားပွဲ ပြင်ထားလိုက်ပါမယ်”
ရှန်မို ပြုံး၍ ပြန်ပြောလိုက်၏။
ထို့နောက် ရှန်မိုတို့ ထွက်သွားပြီး တံခါးကြီးလည်း ပြန်ပိတ်သွားလေသည်။
ခန်းမပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်၍ လေအတော် ပြင်းနေသည်။
အထဲတွင် အကြီးအကဲများနှင့် ခေါင်းဆောင်တို့ အကြိတ်အနယ် ဆွေးနွေးနေပုံ ရ၏။
နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများ၏ အနည်းငယ် လှုပ်ရှားမှုဖြင့်ပင် လောကကြီးကို ပြောင်းလဲစေနိုင်လောက်သည်။
“သွားကြမယ်… တောင်ထိပ် (၁၀) ကို သွားကြမယ်… ဟားဟား… တောင်ထိပ် (၁၀) မှာ ပါရမီရှင် ထွက်လာတာ စီနီယာ့ကို ပြရဦးမယ်”
လုတုံရွှမ် ဂုဏ်ယူဝင့်ကြွားစွာ ပြော၏။
ရှန်မိုလည်း ရယ်မောလျက်
“ဟုတ်ပါပြီ သွားကြတာပေါ့ဗျာ”
သူတို့ တောင်ထိပ် (၁၀) ကိုရောက်သည်နှင့် ကျယ်လောင်သော စိတ်မရှည်သံတစ်ခု ကြားရသည်။
“မင်းရဲ့ဝတ်ရုံ ငါ့ဆီမှာ ရှုံးသွားပြီလေ… အဲ့ဒါတောင် ထပ်လောင်းချင်သေးတာလား… သွားစမ်းပါ… ငါကတော့ မင်းလို မွဲတေနေတဲ့အရှုံးသမားတဲ့ မလောင်းဘူး”
“အီးဟီးဟီး… ကျွန်တော့်ကို တစ်ခါလောက်ပဲ ထပ်လောင်းခွင့်ပေးပါ… တစ်ခါတည်းပါ… နောက်နှစ် လခတွေပါ အကုန်ပေးပါ့မယ်”
“မရဘူး… မင်းမှာ နောက်နှစ်လခတောင် ကျန်သေးရဲ့လား မသေချာတာကို… ထွက်သွားစမ်း… မင်းမသွားရင် ငါကိုယ်တိုင် ကန်ထုတ်မှာနော်”
“အဟင့် အဟင့်”
“နောက်တစ်ယောက်… အရင်လိုပဲ အဆင့်ဘီအမှတ်နဲ့ လောင်းပေးမယ်… ငါ ကျောက်ယောင်လုက ကတိတည်တယ်”
ရှန်မိုနှင့် လုတုံရွှမ်တို့ ဝင်လာသောအခါ တောင်ထိပ်တွင် လူတစ်အုပ်ကို တွေ့ရ၏။
မိန်းကလေးငယ်မှာ ကျောက်စားပွဲအလယ်တွင် ရပ်၍ ဝါးဘူးကို ခပ်ပြင်းပြင်း လှုပ်နေသည်။
ရှန်မို ရှုံ့မဲ့သွား၏။
အချိန်တစ်နှစ် ကြာသွားသော်လည်း စီနီယာကျောက်၏ အကျင့်မှာ မပျောက်သေးပေ။
“စီနီယာ ကျွန်တော်တို့ ပြန်ရောက်ပြီ”
လုတုံရွှမ်မှာ အစေခံတစ်ဦးကဲ့သို့ တတ်နိုင်သမျှ ခါးကိုညွှတ်၍ နှုတ်ဆက်၏။
“ဪ မြည်းလေး ပြန်လာပြီကိုး… ဘာလို့ နောက်ကျနေတာလဲ”
“ခဏနေဦး… ဒီပွဲရှင်းပေးပြီးရင် စကားပြောကြမယ်”
ကျောက်ယောင်လုမှာ အန်စာတုံး (၂) ခုပါသော ဝါးဘူးအား အားရပါးရ လှုပ်ခါနေသည်။
လုတုံရွှမ် အသံတစ်ချက်မထွက်ဘဲ ဘေးတွင် ရပ်နေလိုက်၏။
မကြာမီ ကံဆိုးသော အကြီးအကဲများ ပါသမျှကုန်၍ ပြန်သွားကြရလေသည်။
ထိုအခါမှ ကျောက်ယောင်လု ရှန်မိုတို့ကို လှည့်ကြည့်ကာ
“အာ ဂျူနီယာလေးရော ပြန်လာတာလား… အစ်မက အရမ်းလွမ်းနေတာ”
ကျောက်ယောင်လု ရယ်မော၍ ပြော၏။
“မဆိုးပါဘူး… တစ်နှစ်အတွင်း ပိုချောလာတာပဲ… ကျင့်ကြံမှုရော ဘယ်လိုလဲ… အင်အားရော… ဟိုကောင် ယန်ချီယဲ့ ပြဿနာထပ်ရှာသေးလား”
ကျောက်ယောင်လု ရှန်မို့ကို သေချာကြည့်၍ မေးနေ၏။
လုတုံရွှမ်မှာ ဘေးမှ ပွစိပွစိဖြင့် မကျေမနပ် ဖြစ်နေသည်။
“ကျွန်တော်ကရော စီနီယာ… ကျွန်တော့်ကိုတော့ မမေးဘူးလား”
ကျောက်ယောင်လု နှာခေါင်းရှုံ့၍
“ရုပ်ဆိုးတဲ့သူတွေနဲ့ စကားမပြောဘူး”
“…”
လုတုံရွှမ် စွံ့အသွား၏။
အမှန်တော့ လုတုံရွှမ်မှာ ရုပ်မဆိုးလှပါ။ လွတ်လပ် ကြမ်းတမ်းသောအသွင်အပြင်ဖြစ်ပြီး အချို့အမျိုးသမီးများပင် ကြိုက်တတ်သေးသည်။
“ပြောပါဦး ဘာကိစ္စလဲ… ဘာလို့ ငါ့ဆီ ရုတ်တရက် ရောက်လာကြတာလဲ”
သူ့ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြဿနာတက်ပြီလားဟု စိုးရိမ်စွာ မေး၏။
“ငါ့အမှတ်တွေ ထပ်လာတောင်းတာတော့ မဟုတ်ပါဘူးနော်”
လုတုံရွှမ် ခေါင်းယမ်းကာ
“မဟုတ်တာဗျာ… ကျွန်တော်က အဲ့လိုလူလား”
“ဒီတစ်ခါ ဂျူနီယာရှန်က မြွေနဂါးတောင်မှာ အောင်မြင်အောင် လုပ်ပြနိုင်သွားတယ်လေ”
“စီနီယာ ယုံမှာတောင် မဟုတ်ဘူး… အစည်းအဝေးမှာ အကြီးအကဲတွေလည်း အကုန်လုံး လန့်ဖျပ်ကုန်တာ”
လုတုံရွှမ် အဆက်မပြတ် အားရပါးရ ရှင်းပြနေသည်။
အားလုံး ရှင်းပြပြီးသောအခါ ကျောက်ယောင်လု ကျေနပ်စွာဖြင့်
“ကောင်းတယ် ကောင်းတယ် အခုချိန်ကစပြီး မင်း ငါနဲ့လောင်းဖို့ အဆင့်မှီသွားပြီ”
ရှန်မို ရယ်မောရန်သာ တတ်နိုင်လေသည်။
“အဟမ်း… အမှန်အတိုင်းပြောရရင် စီနီယာရယ်… ကျွန်တော့်မှာ အမှတ်ကောင်းကောင်း သိပ်မကျန်တော့ဘူး… စီနီယာများ နည်းနည်းချေးနိုင်မလားလို့… အများကြီး မဟုတ်ပါဘူး… အဆင့်စီ (၂) မှတ်လောက်…”
လုတုံရွှမ် ချောင်းဟန့်၍ ဝင်ပြော၏။
သူ့စကားမဆုံးမီပင် ကျောက်ယောင်လု မြှားပုံစံချိန်၍ လုပ်ပြကာ
“အခုမှ သတိရတယ် လူတစ်ယောက် အရင်လောင်းကစားကြွေးတွေ မပေးရသေးဘူး… အဲ့ဒါ သွားကောက်လိုက်ဦးမယ်… ဂျူနီယာရှန် နောက်မှ တွေ့မယ်နော်”
လုတုံရွှမ် တောက်ခေါက်လိုက်မိပြီးမှ ရှန်မို့ကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ရှန်မို အမြန်စဉ်းစား၍ သူ့အနောက်ဘက်ကို လက်ညှိုးထိုးကာ
“ယန်ချီယဲ့ ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ”
လုတုံရွှမ် ဒေါသထွက်သွားကာ
“ဘာ ယန်ချီယဲ့က ရာရာစစ တောင်ထိပ် (၁၀) ကို လာတယ်လား”
သို့သော် သူ လှည့်ကြည့်လိုက်သောအခါ မည်သူမျှ မတွေ့ရချေ။
တစ်ဖက်သို့ ပြန်အလှည့်တွင်မူ ရှန်မို ကောင်းကင်ပေါ် ပျံတက်သွားလေပြီ။
“စီနီယာ နောက်တစ်ခါမှ တွေ့တာပေါ့… အမှတ်တွေကြောင့်မဟုတ်ရင် ကျွန်တော်တို့က ညီအစ်ကိုတွေလေ”
လုတုံရွှမ် စွံ့အ၍ ကျန်ခဲ့၏။
“အရက်ဝယ်ဖို့ ဘာအမှတ်မှလည်း မကျန်တော့ဘူး”
“ငါကိုယ်တိုင် ကြိုးစားရတော့မှာပဲ”
“ဆုံးဖြတ်လိုက်ပြီ… ဒီနေ့ကစပြီး ရှန်ချင်းဂိုဏ်းမှာ နေ့တိုင်း စုပိုင်ဖုန်ရဲ့အရက်တွေ သွားခိုးရမယ်”
ထိုနေ့တွင် ထိတ်လန့်စရာသတင်းကြီး (၂) ခု ပေါ်ထွက်ခဲ့လေသည်။
တစ်ခုမှာ နှစ်ပေါင်း (၃၀၀) အထိ ကျိန်စာသင့်ခဲ့သော မြွေနဂါးတောင်အား ရှန်မိုမှ ပြောင်းလဲပေးလိုက်ခြင်း ဖြစ်ပြီး ဒုတိယတစ်ခုမှာ ကျောက်စိမ်းဂိုဏ်းသည် မြွေနဂါးတောင်မှလွဲ၍ အခြား (၂) နေရာအား သားကောင်ထိန်းချုပ်ရေးဌာနမှ စွန့်ပစ်လိုက်၏။
Chapter 222: အစောင့်အရှောက်ဆီ သွားလည်ပါ
မြွေနဂါးတောင်၏ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့မှုကို ကျောက်စိမ်းဂိုဏ်းတစ်ခုလုံး သိထားပါသည်။
အရှေ့မှ အကြီးအကဲ (၇) ယောက်လုံး ကျရှုံးခဲ့သည့် နယ်မြေကို မထင်မှတ်စွာဖြင့် အကြီးအကဲငယ် အသစ်လေးမှ အောင်မြင်အောင် စွမ်းဆောင်ပြနိုင်ခဲ့သည်။
ကြားရရုံဖြင့် ကြက်သီးထစရာပင်။
အမြဲစိမ်းတောင်နှင့် တိမ်ဖြူတောင်တို့ ပိတ်သည့်ကိစ္စမှာတော့ တပည့်များ၊ အလုပ်သမားများကြား ပြောစရာဖြစ်နေ၏။
ထိုဆုံးဖြတ်ချက်မှာ အတော်များများအတွက် အလုပ်အကိုင်ရာထူး ဆုံးရှုံးစေသည်။
တစ်ဖက်တွင်မူ လက်နက်ထုတ်လုပ်ရေး၌ အခွင့်အလမ်း ပေါလာ၏။
သို့သော် နောက်ခံအင်အား၊ ကံကြမ္မာများနှင့်လည်း ဆိုင်သေးသည်။
ဖျင်မြို့၏ မထင်မရှားစားသောက်ဆိုင်လေးတွင် အရပ်ရှည်ရှည် အသက်ကြီးကြီးလူတစ်ဦး ပြတင်းပေါက်ဘေးခုံတွင် တစ်ယောက်တည်း ထိုင်၍ ငြိမ်သက်စွာ အရက်သောက်နေသည်။
ထိုစဉ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သူ့အရှေ့တွင် လာထိုင်၏။
“ဝူရန်ယင် ဒီမှာ ဘာလုပ်နေတာလဲ”
အသက်ကြီးကြီးလူမှ မျက်မှောင်ကြုတ်၍
“အရင်က ပြောဖူးတယ်လေ… ငါတို့ ဆက်တွေ့လို့ အဆင်မပြေဘူးလို့”
သက်လတ်ပိုင်းလူမှာ အားရပါးရ ရယ်မော၍
“အကြီးအကဲယန်က သားကောင်ထိန်းချုပ်ရေးဌာနတွေ ပိတ်ဖို့ ဦးဆောင်ခဲ့တာ… အခုတော့ အမြဲစိမ်းတောင်နဲ့ တိမ်ဖြူတောင်တွေကို ပိတ်လိုက်ရပြီလေ… အဲ့ဒါ ကျေးဇူးတင်စကား လာပြောတာပါ”
ယန်ချီယဲ့ နှာခေါင်းရှုံ့၍
“အဲ့ဒါ ဘာကျေးဇူးတင်စရာရှိလို့လဲ… နောက်ပြီး မြွေနဂါးတောင် ကျန်နေသေးတာကို… သားကောင်ထိန်းချုပ်ရေးဌာနက အင်အားကြီးနေတုန်းပဲ”
ဝူရန်ယင် ပြုံးကာ
“ကိစ္စမရှိပါဘူး… ဟိုကောင်ရှန်မိုက အလကားပါ… အကြီးအကဲယန်သာ တကယ် ကိုင်တွယ်ရင် လွယ်လွယ်ရှင်းပစ်လို့ ရပါတယ်”
“ဒီနေ့လာတာက အကြီးအကဲယန်အတွက် ပေးစရာရှိလို့”
သူ ပြောရင်း ကျောက်စိမ်းဘူးလေး ထုတ်ပေး၏။
ယန်ချီယဲ့မှာ စိတ်ဓာတ်ကျစွာဖြင့်ပင်
“အထဲမှာ ဘာလဲ”
ဝူရန်ယင် ခပ်တည်တည်ဖြင့်
“အထူးစိတ်ဝိညာဉ်မွမ်းမံဆေး”
ယန်ချီယဲ့ စိတ်လှုပ်ရှားသွားပြီး ဘူးကို အမြန် ဖွင့်ကြည့်၏။
ထိုကဲ့သို့ ဆေးတစ်ဘူးမှာ သာမာန် စိတ်ဝိညာဉ် မွမ်းမံဆေး (၁၀) ပုလင်းနှင့် ညီမျှလေသည်။
ယုကျောက်မှ ဆေးမြစ်ဂိုဏ်းမှသာ ထုတ်လုပ်နိုင်၏။
အစိုးရရုံးတော်တွင် မည်သို့ ရနိုင်မည်နည်း။
ဝူရန်ယင် ပြုံးကာ မြောက်ဘက်သို့ အနည်းငယ် ဦးညွှတ်၍
“ပြောရရင် ဧကရာဇ်ကျင်းရဲ့ လက်ဆောင်ပါ… ရုံးတော်ကတောင် မသုံးဘဲ အကြီးအကဲယန်ဆီ ပို့ပေးတာ”
“အကြီးအကဲယန်လည်း ဒီဘက်ကစိတ်ရင်းကို နားလည်တယ်မလား”
ယန်ချီယဲ့ တည်ငြိမ်စွာပင်
“အထူးစိတ်ဝိညာဉ်မွမ်းမံဆေးဆိုတာ တန်ဖိုးကြီး ရတနာပဲ… ရုံးတော်က ကျွန်တော့်ဆီက ဘာပြန်ပြီး လိုချင်တာလဲ”
ဝူရန်ယင် ပြုံးကာ
“အကြီးအပဲယန်က တကယ် ဉာဏ်ကောင်းတာပဲ… ဒါဆိုရင် ကျွန်တော်လည်း ကွေ့ပတ်မနေတော့ပါဘူး”
“ခင်ဗျားတို့ဂိုဏ်းမှာ စိတ်ဝိညာဉ်သားကောင် အစောင့်အရှောက်ရှိတယ်လို့ ကြားတယ်… ဒါပေမဲ့ ရိုင်းတယ်ဆို… နောက်ပြီး ကောင်းကင်အဆင့်၊ မြေအဆင့် ရတနာတွေလည်း နေ့တိုင်း အများကြီး သုံးနေရတော့ ဂိုဏ်းရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးတာပေါ့”
ယန်ချီယဲ့ မျက်မှောင်ကြုတ်ကာ
“ဘာကို ဆိုလိုချင်တာလဲ”
နဂါးကြီးမှာ ကျောက်စိမ်းဂိုဏ်း တည်ထောင်သူ၏ အချစ်ဆုံးဖြစ်၍ ရိုင်းစိုင်းကာ တစ်နေကုန် စားလိုက်၊ အိပ်လိုက်၊ စိတ်မကြည်လျှင် အော်ဟစ်၍ ကျင့်ကြံမှုကို နှောင့်ယှက်လိုက်ဖြင့် နေသော်လည်း မည်သူမျှ မကျေနပ်ကြောင်း မပြောရဲချေ။
ဂိုဏ်းတည်ထောင်သူ ဘိုးဘေးအပေါ် လေးစားသမှု ထားရ၍ ဖြစ်သည်။
ဝူရန်ယင်မှ
“လူသားမဟုတ်တဲ့ သတ္တဝါတွေဆိုတာ ကျွန်တော်တို့နဲ့ မတူဘူးလေ… ယဉ်အောင်မွေးထားတဲ့ သားကောင်တွေတောင် ပုန်ကန်နိုင်တဲ့ အန္တရာယ် ရှိတတ်တယ်”
“ရုံးတော်က သတင်းရထားတာ ရှိတယ်… နတ်ဆိုးတစ်သောင်းနယ်မြေက ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်သားကောင် အစောင့်အရှောက်ကို တော်တော် စိတ်ဝင်စားနေတယ်တဲ့”
“သားကောင်ကို မရရင် အသက်ကို ခြိမ်းခြောက်တာမျိုး ရှိလိမ့်မယ်”
“အကြီးအကဲယန် ခင်ဗျားကတော့ ဘာလုပ််သင့်တယ်ဆိုတာကို အသိဆုံး ဖြစ်မှာပါ”
ယန်ချီယဲ့ နှာခေါင်းရှုံ့၍
“ဒီနဂါးက ဘိုးဘေးရဲ့ အချစ်ဆုံးသတ္တဝါပဲ… ဂိုဏ်းကိုလည်း တကယ် စောင့်ရှောက်ခဲ့ဖူးတယ်”
ဝူရန်ယင်ပြုံးကာ နောက်ထပ် ကျောက်စိမ်းဘူးတစ်ဘူး တွန်းပေးလိုက်သည်။
ယန်ချီယဲ့ ရင်တဒိတ်ဒိတ် ခုန်လာပြန်၏။
သူ ချက်ချင်း ဖွင့်ကြည့်လိုက်ရာ အထူး စိတ်ဝိညာဉ် မွမ်းမံဆေးပင် ဖြစ်၍ ယူသိမ်းထားလိုက်သည်။
“အဲ့လိုဆိုရင်တောင် မီးနဂါးကြီးက ကျွန်တော်တို့ဂိုဏ်းအတွက် တော်တော်အရေးပါတဲ့ အဆင့်မျိုးပဲ”
“နောက်ပြီး နတ်ဆိုးတစ်သောင်းနယ်မြေက ကျွန်တော်တို့ဘက် လှည့်လာလို့လည်း မဖြစ်ဘူး… ဝူကျောက် ကျသွားရင် ယုကျောက်လည်း မကြာခင် သူတို့နဲ့ ရင်ဆိုင်ရလိမ့်မယ်”
“ဒီကိစ္စက တော်တော် အရေးကြီးတာပဲ”
“ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းဂိုဏ်းအတွက် အကောင်းဆုံးကို တွေးရမှာပေါ့”
“ဒီနေ့ ကျွန်တော်တို့ လုံးဝ မတွေ့ခဲ့ဘူး… ကျွန်တော် ဒီမှာ တစ်ယောက်တည်း သောက်နေခဲ့တာနော်”
ထိုသို့ပြော၍ မတ်တပ်ထရပ်ကာ ပြန်ရန် ပြင်လိုက်သည်။
နှစ်ရက်အကြာတွင် မြွေနဂါးတောင်ခြေ၌။
ရှန်မိုမှာ အရင်အတိုင်း မီးနဂါးဥအတွက် ဆေးရည်အသစ် လာထည့်ပေးလေသည်။ မီးနဂါးဥသည် အတော်လေး အင်အားကောင်းလာပြီ ဖြစ်၏။
ရှန်မို တွက်ထားသလောက် ယခုအတိုင်း ဆက်သွားလျှင် (၃) နှစ်အတွင်း အကောင်ပေါက်လာလိမ့်မည်။
ထိုစဉ် ရှန်မို တစ်ခုခု ခံစားမိ၍ အပေါ်ဘက်ကို မော့ကြည့်လိုက်သည်။
အင်အားကြီးတစ်ဦးဦး မြွေနဂါးတောင်သို့ ရောက်လာလေပြီ။
သူ တောင်ပေါ် တက်ကြည့်လိုက်သောအခါ အကြီးအကဲ (၁၀) ဝမ်မူရွှမ်ကို တွေ့ရ၏။
သူ့ဘေးတွင်မူ မိုင်ဟေးဟီ၊ ဟွမ်ပါရီနှင့် ဟွမ်ခွမ်ရင်တို့ တလေးတစား ရပ်နေကြ၏။
ရှန်မိုလည်း ဦးညွှတ်နှုတ်ဆက်လိုက်ပြီး
“မင်္ဂလာပါ အကြီးအကဲ (၁၀)”
ဝမ်မူရွှမ် ရယ်မောလျက်
“ရှန်မို မင်းအတွက် ယူလာတာရှိတယ်”
“ခေါင်းဆောင်ပေးလိုက်တဲ့ ဆုလာဘ်တွေ အကုန်ပါလာပြီ”
သူ သိုလှောင်လက်စွပ်တစ်ကွင်း လှမ်းပေး၏။
ရှန်မို ချက်ချင်း လှမ်းယူလိုက်သည်။
“မင်းရဲ့ ကျောက်စိမ်းပြား ထုတ်ပါဦး”
ထို့နောက် သူ့ကျောက်စိမ်းပြားနှင့် ထိကပ်လိုက်သောအခါ အဆင့်ဘီအမှတ်တစ်မှတ် ရောက်လာ၏။
“မင်းတို့ လုပ်စရာရှိတာ လုပ်ကြတော့လေ… ငါ ရှန်မိုနဲ့ စကားပြောလိုက်ဦးမယ်”
“ဟုတ်ကဲ့”
ဟွမ်ပါရီမှာ ခွမ်ရင်ကိုခေါ်၍ ထွက်သွား၏။
မိုင်ဟေးဟီ တွေဝေစွာရပ်၍ ရှန်မိုကို လှမ်းကြည့်နေသည်။
ရှန်မို ခေါင်းငြိမ့်ပြမှ ထွက်သွားလေ၏။
မိုင်ဟေးဟီ အပြုအမူကြောင့် ဝမ်မူရွှမ်ပြုံးကာ
“သူ့ကို မင်းအတွက် ရာထူးပေးလိုက်ပြီ… ဒီနေ့ကစပြီး ခြေတည်အဆင့် အလုပ်သမားအနေနဲ့ လုပ်လိမ့်မယ်”
“ရှန်မို မင်းတော့ တကယ့်နောက်လိုက်ကောင်း ရထားတာပဲ”
ရှန်မို ပြုံး၍သာ ငြိမ်နေသည်။
“နောက်ထပ် ပြောစရာရှိသေးတယ်… ဟွမ်ပါရီက ငါ့လူလေ… မြွေနဂါးတောင်အကြောင်းလည်း အမြဲ တင်ပြနေကျ”
“အဲ့ဒါကို မင်းဆီ ဖုံးမထားချင်လို့ပါ… တော်ကြာ နောက်မှ အထင်လွဲနေမှာစိုးလို့”
ရှန်မို ထိုအကြောင်းကို သိထားသော်လည်း ဝမ်မူရွှမ်ကိုယ်တိုင် ဖွင့်ပြောလာမည်ဟုတော့ မထင်ချေ။
ထိုကဲ့သို့ အပြုအမူအသေးစိတ်မှာ သူ့အကျင့်စရိုက်ကို ခန့်မှန်းနိုင်လေသည်။
“အကြီးအကဲ (၁၀) ကြည့်ရတာ ပြောစရာတွေ အများကြီး ရှိနေသေးပုံပဲ”
ဝမ်မူရွှမ် လက်ယမ်းပြ၍
“အကြီးအကဲ (၁၀) တွေ ဘာတွေ ခေါ်မနေပါနဲ့… ဒီအတိုင်း ယောင်လုတို့ ခေါ်သလို အဘိုးပဲခေါ်ပါ”
“မင်းကိုလည်း ဘာမှ သင်ပေးနိုင်တော့မှာ မဟုန်ဘူးလေ”
“ကောင်းပါပြီဗျာ”
“ဒါနဲ့ မင်းပြောတာ ဟုတ်တယ်… ငါ အရေးကြီးကိစ္စ ပြောစရာရှိသေးတယ်… ကျောက်စိမ်းဂိုဏ်းရဲ့ ကံကြမ္မာနဲ့လည်း ဆိုင်တယ်”
“ပြောပါဗျ”
“ဂိုဏ်းအစောင့်အရှောက်ကိစ္စလေ”
ရှန်မို ဂရုတစိုက် နားထောင်၏။
“ဂိုဏ်းအစောင့်အရှောက်က နှစ်ပေါင်း (၃၀၀၀) ကျော် သက်တမ်းရှိနေပြီ… သားကောင်တွေရဲ့ ပုံမှန်သက်တမ်းက လူသားထက် ရှည်ကြတာပဲ”
“သူ့ကျင့်ကြံမှုကလည်း အဆင့် (၆) ထိပ်ဆုံးရောက်တာ ကြာလှပြီ… လူလိုဆို ခြေတည်ဝိညာဉ်အဆင့်ပေါ့”
“ဒါပေမဲ့ မျိုးမပွါးနိုင်တဲ့ ပြဿနာနဲ့ စိတ်ဓာတ်ကျပြီး ဒီထက် အဆင့်မတက်နိုင်တော့ဘူး ဖြစ်နေတယ်”
“သားကောင်ထိန်းချုပ်တဲ့ကိစ္စမှာ မင်းက ဂိုဏ်းထဲ အတော်ဆုံးလေ”
“ခေါင်းဆောင်က မင်းကို အစောင့်အရှောက်ဆီ အလည်သွားစေချင်နေတယ်… ဘယ်အရာက မျိုးပွါးဖို့ ခက်နေလဲဆိုတာ ကြည့်ပေးဖို့ပေါ့”