အခန်း (၁+၂)
Vol. 1 Ch. 1+2
အခန်း ၁
~
ကောင်းကင်ယံတွင် တိမ်မရှိ ... တောက်ပသော မဟာနေမင်းကြီးက လောကတစ်ခွင်လုံး အလင်းဆောင်လျက်ရှိသည် ။
ရှေးဟောင်းမြို့ တစ်ခုထဲတွင် အိမ်တော်များ ဆောက်အဦးများဖြင့် ပြည့်နေပြီး ပြည်သူများက ကျောက်တုံးပြာ ခင်းထားသည့် ရှည်လျားသော လမ်းတစ်လျောက် ဟိုဟိုဒီဒီ ပြားပန်းခတ် လှုပ်ရှားအသက်ဝင်လျက်ရှိပေသည် ။
ချောင်မူက လူရှုပ်သည့် စျေးအတွင်း လူအများကြား တိုးဝှေ့လျောက်လာပြီး ဝက်သားဆိုင်ရှေ့တွင် ရပ်လိုက်သည် ။
ဝက်သားဆိုင်၏ သားသတ်သမား ကျန့် က တုတ်ခိုင်သန်မာပြီး ခေါင်းတုံးပြောင် ဆံပင်ကေ မျက်နှာတွင် ကျောက်ပေါက်မာ အပြည့်ဖြင့် သွားရှုပ်၍ ရမည့် သူမျိုးဟုတ်မည်မထင် ။
' သားသတ်သမားကျန့်... ဒီလူဆိုတာ သေချာတယ်... '
ချောင်မူက သူစုံစမ်းထားသော သတင်းကို ပြန်စဥ်းစားကြည့်လိုက်၏ ။
သားသတ်သမားကျန့် က ဝက်သတ်သမားဖြစ်သလို အပြင်မြို့အား ထိန်းချုပ်ထားသူလည်း ဖြစ်သည် ။
ဤသို့ မငြိမ်မသက်သည့် ခေတ်မျိုးတွင် လူသားများက ဝက်များထက်ပင် စျေးပေါလှသည် ။ သားသတ်သမားကျန့် က ဝတ်သတ်သည့်အပြင် မှောင်ခိုဂိုဏ်းများနှင့် ပူးပေါင်း၍ လူကုန်ကူးသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည် ။
" သူဌေး... အသားကောင်းထဲက ဆယ်ပေါင်ကို အသားလွှာပေး... အဆီတစ်စမှ မပါစေနဲ့နော်... "
ချောင်မူက မှာလိုက်၏ ။
ချောင်မူ ကို သားသတ်သမားကျန့်က တစ်ချက်လှမ်းကြည့်လိုက်သည် ။
ချောင်မူ သည် အသက် ၁၅ နှစ် ၁၆ နှစ်ခန့်ရှိပြီး အနည်းငယ် ရုပ်ရည်သန့်ပြန့်ကာ ကလေးရုပ် မပျောက်သေးပေ ။ သို့သော် လည်း သူက သန်မာ၍ အရပ်ရှည်ပြီး သားသားနားနား ဝတ်ဆင်ထားကာ ခါးတွင် ဓားတစ်ချောင်း ချိတ်ဆွဲထားသဖြင့် ပုံပြင်တွေထဲက လူငယ်သူရဲကောင်းနှင့်ပင် တူနေချေသည် ။
ထိုကဲ့သော လူငယ်လေး မြို့ပြင်စျေးတွင် ရောက်နေခြင်းက အမှောင်ထဲမှ ပိုးစုန်းကြူးသဖွယ် မျက်စိကျစရာ ကောင်းလှပေသည် ။
" အေးအေး... "
သားသတ်သမားက ရုပ်ရည်သွင်ပြင်ကို ကြည့်ကာ လျစ်လျူရှုမထားရဲဘဲ အသားကို မြန်မြန်လွှာလိုက်၏ ။
အသားက ဆယ်ပေါင်တောင် ဖြစ်သဖြင့် သားသတ်သမားကျန့်လည်း ချွေးတလုံးလုံးနှင့် နာရီဝက်ကြာအောင် လှီးလိုက်ရသည် ။
သူက လှီးထားသောအသားကို ထုတ်၍ ချောင်မူ ဆီသို့ လှမ်းပေးလိုက်ရာ ချောင်မူက လက်ယမ်းပြီး တားလိုက်သည် ။
" နေဦး ငါ့ကို အဆီများများပါတဲ့ သုံးထပ်သား ဆယ်ပေါင် ထပ်လှီးပေး... အသားများတာပါရင် မယူဘူးနော်... "
" ဟမ်..."
သားသတ်သမား၏ မျက်လုံးက ကျဥ်းမြောင်းသွားပြီး ချောင်မူ့ကို ဂရုတစိုက်ကြည့်လိုက်၏ ။ သူ၏ အသံက ကျယ်လာပြီး...
" မင်း ပြသနာ လာရှာနေတာလား... "
သူ့ အသံ ထွက်ပေါ်လာသည်နှင့် စျေးတစ်ခုလုံး တိတ်ဆိတ်သွားသည် ။ အနီးအနားရှိ လူများက သားသတ်သမားကျန့်ကို ကြောက်ကြသည် ။ ပတ်ဝန်းကျင်ရှိ စျေးဝယ်နေကြသူများအားလုံး ထွက်ပြေးသွားကြပြီး ခဏအတွင်းပင် စျေးတစ်ခုလုံး ရှင်းလင်းသွားတော့သည် ။
" ငါ အသားလာဝယ်တာ... "
လူငယ် ချောင်မူက တည်ငြိမ်စွာ ပြောလိုက်ပြီး ဖောင်းကားနေသော ပိုက်ဆံအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည် ။
သားသတ်သမားကျန့် သည် ချောင်မူ၏ ခါးရှိ ဓားကို ကြည့်လိုက် ပိုက်ဆံအိတ်ကို ကြည့်လိုက်ဖြင့် သူ့စိတ်ထဲရှိ ဒေါသကို သံသရက ဖုံးလွှမ်းသွားသည် ။
သားသတ်သမားကျန့်တွင် ကြွက်သားအပြည့်ဖြင့် အလွန်သန်မာသော ခန္ဓာကိုယ် ရှိသည် ။ သူ၏ ကြောက်မက်ဖွယ် အကြည့်နှင့် ကျယ်လောင်သော အသံကို ပေါင်းလျှင် သာမန်လူငယ်များ သူ့ရှေ့တွင် တုန်ရီနေပေလိမ့်မည် ။ သို့သော် အလွန်ငယ်ရွယ်သော ချောင်မူက သူ့ရှေ့တွင် တည်ငြိမ်လွန်းနေသည် ။
ချောင်မူ၏ ခန္ဓာကိုယ်က သန်မာ၍ သိုင်းလေ့ကျင့်ဖူးသူ တစ်ယောက်နှင့် တူနေပြီး ဝတ်ထားသော အဝတ်အစားများက ချမ်းသာပြီး မြင့်မြတ်သော အမျိုးအနွယ်မှ ဆင်းသက်လာပုံရသည် ။ သူ့အား တစ်စက်မှ ကြောက်ပုံမရ ။
သားသတ်သမားကျန့်က ခဏကြာအောင် မျက်မှောင်ကြုပ်ပြီး စဥ်းစားကာ ရန် မလုပ်ရန် ဆုံးဖြတ်လိုက်ပြီး သုံးထပ်သားများကို စတင်လွှာတော့သည် ။
နာရီဝက်ကြာအောင် လွှာလိုက်ရပြီး သူ့ကျောပြင်တစ်ခုလုံး ချွေးများ ဖြင့် စိုရွှဲနေလေသည် ။
" ရော့ ပြီးပြီ... မင်းနောက်ထပ် အသားဆယ်ကီလိုတော့ မမှာတော့ဘူးမှတ်လား... "
သားသတ်သမားကျန့် အသားများကို ချောင်မူ့ ဆီသို့ ကမ်းပေးကာ မျက်စောင်းထိုး၍ ပြောလိုက်၏ ။
" ဘယ်ဟုတ်မလဲ... ငါမင်းကို လာနောက် နေတာမှ မဟုတ်တာ..."
ချောင်မူက ဖရဲသီး နှစ်လုံးကို စားပွဲပေါ် တင်ရင်း ပြောလိုက်သည် ။
" ငါ ခုန ဝယ်လာတာ ဆိုင်ရှင်ကို ခွဲခိုင်းဖို့ မေ့သွားလို့... ဖရဲသီး ခွဲပေးလို့ရမလား... "
" ကိစ္စမရှိဘူး... ငါခွဲပေးမယ်... "
သားသတ်သမားကျန့်သည် ပိုက်ဆံတွေ့နေရပြီဖြစ်၍ အဆင်ပြေအောင် လုပ်ပေးရန် ဆုံးဖြတ်လိုက်သည် ။ အသားတစ်ခါမှ မလှီးဘူးသော ဓားတစ်ချောင်းကို ယူ၍ လှီးရန်ပြင်လိုက်စဥ် ချောင်မူပြောသည်ကို ကြားလိုက်ရ၏ ။
" ဖရဲသီးနှစ်လုံးကို အတုံးသေးသေးလေးတွေတုံးပြီး အဖြူသား လုံးဝ မပါစေနဲ့နော်... "
သားသတ်သမားကျန့်က ဒေါသဖြင့် ချောင်မူကို စိုက်ကြည့်လိုက်သည် ။
သူက စကားတစ်လုံးမှ မပြောဘဲ ဓားနှစ်ချောင်းကို ဆွဲထုတ်၍ ဖရဲသီးနှစ်လုံးကို တစ်စစီ ချေပစ်လိုက်သည် ။
" ဒုန်း..."
သားသတ်သမား၏ ခုတ်အားကြောင့် စားပွဲက ကျယ်လောင်သော အသံထွက်ပေါ်လာပြီး ဓားနှစ်ချောင်းမှာ အက်ကြောင်းများပင် ပေါ်လာသည် ။
မည်သူမှ အသံမထွက်ရဲကြ ။ သားသတ်သမားကျန့် ဒေါသထွက်လာသည်နှင့် လူတိုင်းထွက်ပြေးသွားကြသည် ။ စည်ကားနေသောစျေးက လူမရှိတော့ ။
" ဒုန်း..."
နောက်တစ်ချက် ခုတ်လိုက်လျှင် စားပွဲက အလယ်မှ ကျိုးသွား၏ ။ ဖရဲသီးအရည်များက အက်ကွဲကြောင်းမှတဆင့် မြေပြင်ပေါ်သို့ စီးကျလာသည် ။
သားသတ်သမားကျန့်က သူ့ရှေ့ရှိ ချောင်မူကို အပေါ်အောက် တစ်ချက်ကြည့်လိုက်ပြီး...
" မင်းကျေနပ်ပြီလား..."
သားသတ်သမားကျန့်က ကြမ်းတမ်းစွာအော်လိုက်သည် ။
သို့သော်လည်း ချောင်မူက ပြုံးပြီး...
" သားသတ်သမားကျန့်က တကယ်သန်မာတာပဲ... အသားတွေအကြာကြီး လှီးထားတာတောင် အားတွေအများကြီးကျန်သေးတယ်... မင်းရဲ့ ပါရမီနဲ့ဆို သားသတ်သမားလုပ်ဖို့တောင် မကောင်းဘူး..."
" မင်း..."
သားသတ်သမားကျန့် ရင်တစ်ချက်ခုန်သွားသည် ။ ချောင်မူပြောသည့် နောက်ဆုံးစကားကို ကြားလိုက်ရလျှင် သူ၏ ဒေါသများက ရပ်တန့်သွားသည် ။
" မင်းမှာ ခွန်အားတွေ ကျန်နေသေးတာပဲ... ဒီစားပွဲနှစ်ပိုင်းကို ပါးပါးလှီးပေး... ဝက်သား မပါစေနဲ့ ... "
" ငါ မင်းကိုပဲ ပါးပါးလှီးပစ်မယ်ကွ..."
သားသတ်သမားကျန့် ဒေါသ ထိန်းမရတော့ ။ သူက ခြေနှစ်လှမ်း သုံးလှမ်း လှမ်းပြီး စားပွဲခုံကို ကျော်ဖြတ်ကာ ချောင်မူကို ဓားဖြင့် လှမ်းခုတ်လိုက်သည် ။
" ကောင်းတယ်..."
ချောင်မူက အကြောက်အလန့်ကင်းစွာဖြင့် နေရာတွင်ရပ်၍ သက်ရှည် လက်သီးသိုင်းဖြင့် ခုခံလိုက်သည် ။
ချောင်မူသည် ချက်ချင်းပင် ဓားဆယ်ချက်ကျော် အခုတ်ခံလိုက်ရပြီး သွေးအိုင်ထဲတွင် လဲကျသွားသည် ။
" ဒါ... "
သားသတ်သမားကျန့် အံ့အားသင့်သွား၏ ။ သူသတိမထားမိခင်မှာပင် ပြသနာလာရှာသော လူငယ်လေး လဲကျသွားချေပြီ ။
သူသတိထားပြီး ချောင်မူကို ငုံ့ကြည့်လိုက်၏ ။ မလှုပ်မယှက်သေနေသော ချောင်မူ၏ နှုတ်ခမ်းထောင့်များ ကျေနပ်နေဟန်ဖြင့် တွန့်ကွေးနေသည်ကို သူမြင်လိုက်ရသည် ။
သေသည်အထိ ဓားဖြင့်ခုတ်ခံရသော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ မမြင်ရဘဲ ကျေနပ်နေဟန်ကို အတိုင်းသားမြင်နေရသည် ။
ချောင်မူ၏ မျက်လုံးများက မှိတ်ထားပြီး ကျောက်ပြာခင်းထားသော လမ်းပေါ်တွင် သွေးအိုင်ထဲလှဲရင်း ကျေနပ်စွာပြုံးနေသည်က အေးချမ်းစွာ သေဆုံးသွားသလိုပင် ။
ထိုအပြုံးကြောင့် သားသတ်သမားကျန့်လည်း တုန်လှုပ်သွားကာ ချောင်မူကို သေမသေ စမ်းသပ်ကြည့်လိုက်၏ ။
သူ အသက်မရှုတော့ ။
ချောင်မူ တကယ်သေသွားခြင်းဖြစ်သည် ။
သူ အသက် ၁၅ နှစ်အထိ အသက်ရှင်သန်ခဲ့သည် ။
အခန်း ၂
~
" လူတစ်ယောက် အသတ်ခံလိုက်ရပြီ... လူတစ်ယောက် အသတ်ခံလိုက်ရပြီ... လူတစ်ယောက် အသတ်ခံလိုက်ရပြီ... "
ဘေးနားရှိ လူများက ကြောက်လန့်တကြား အော်ဟစ်လိုက်သော်လည်း သားသတ်သမားကျန့်က စိုက်ကြည့်လိုက်သဖြင့် ပါးစပ်ပိတ်၍ အသက်လုပြေးကြတော့သည် ။
သိပ်မကြာခင်ပင် စျေးတစ်ခုလုံး ပြောင်ရှင်းသွားသည် ။
သားသတ်သမားကျန့် က ထွက်မပြေးသေး ။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူငယ်လေးကို ကြည့်ကာ သူ့အတွေးများ ရှုပ်ထွေးနေသည် ။ သူ့စိတ်ထဲတွင် အဖြေရှာမရသေးပေ ။
' ဘာဖြစ်သွားတာလဲ...'
သူ အရင်က ပြသနာရှာနေသော လူငယ်လေးကို သိုင်းပညာချစ်မြတ်နိုးသော သိုင်းသူရဲကောင်းလေးဟု ထင်နေခဲ့သည် ။
သူ သည်းခံနိုင်သမျှ သည်းခံခဲ့သော်လည်း သည်းမခံနိုင်သည့်အဆုံး ပြတ်ပြတ်သားသား တိုက်ခိုက်ခဲ့၏ ။
ဤမျှ လွယ်လွယ်ကူကူ သေဆုံးသွားမည်ဟု သူ မမျှော်လင့်ထားချေ ။
လူငယ်လေး နောက်ဆုံးသုံးသွားသော လက်သီးသိုင်းကို သတိရလိုက်လျှင် သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်သွားသည် ။
တကယ်တော့ ထိုသည်က အရေးမကြီး ။ အရေးကြီးသည်က သူလူတစ်ယောက်ကို သတ်လိုက်မိခြင်းပင် ။
လမ်းမပေါ် လူအများရှေ့တွင် သူ လူသတ်လိုက်မိသဖြင့် ပြေးရပေတော့မည် ။
' ပြေးမှ....'
သူပိုင်ဆိုင်သမျှကို ထုတ်ပိုးကာ မြို့ထဲမှ ထွက်ပြေးတော့သည် ။
သားသတ်သမားကျန့်က တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း အလွန်လျင်မြန်စွာပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်းပင် ပျောက်ကွယ်သွားသည် ။
တစ်ခဏအကြာတွင်...
စျေးရှိ လမ်းကြားတစ်ခုတွင် ထပ်တူနီးပါး တူညီသော ချောင်မူ နောက်တစ်ယောက် ထွက်ပေါ်လာ၏ ။
လမ်းပေါ်တွင် လဲနေသော သူ့အရင် ခန္ဓာကိုယ်ကို ကြည့်ရင်း ကြွက်သားများကို ဆန့်ထုတ်လိုက်သည် ။
" အရင် ခန္ဓာကိုယ်က အသက်၁၅ နှစ်ပဲရှိသေးတာဆိုတော့ အရွယ်မရောက်သေးဘူး..."
" ဒီခန္ဓာကိုယ်က ပိုကောင်းတယ်... "
လမ်းမပေါ်တွင် လဲနေသော ၁၅နှစ်အရွယ် လူငယ်လေး၏ ခန္ဓာကိုယ်နှင့်ယှဥ်လျှင် ယခု ခန္ဓာကိုယ်က ပိုမိုမြင့်မားကြံ့ခိုင်ပြီး အချိုးအစားကျနသော အသွင်အပြင် ရှိပေသည် ။
သူ့မျက်လုံးကို မှိတ်ထားလိုက်သည် ။
သူ၏ စိတ်ထဲတွင် ကျောက်စိမ်းလိုလို ကျောက်တုံးလိုလို ထင်ရသော သက်ရှည်သော့ တစ်ခု မျောလွှင့်နေသည် ။
ဤအရာက ချောင်မူ ကူးပြောင်းခဲ့ချိန်တွင် တစ်ပါတည်း ပါလာသော အရာတစ်ခုပင် ။ သော့၏ ထိပ်တွင် အမြီးကို မျိုထားသော မြွေတစ်ကောင်၏ ခေါင်းရှိပြီး ခန္ဓာကိုယ်ဖြင့် သော့ကို စက်ဝိုင်းပုံံ ပတ်ထားသည် ။
မြွေ၏ ကိုယ်ပေါ်တွင် စာလုံးများ ရေးထိုးထား၏ ။
အသက်ရှည်ခြင်း နှင့် ထာဝရအသက်ရှင်ခြင်း
ဤစာလုံး နှစ်လုံးက အဓိပ္ပါယ် မတူပေ ။
အသက်ရှည်ခြင်း ဆိုသည်က ချောင်မူ ဘယ်တော့မှ အသက်ကြီးလာမည် မဟုတ်ချေ ။
ထာဝရအသက်ရှင်ခြင်း ဆိုသည်က သူသေပြီးလျှင် ပြန်လည် ရှင်သန်လာမည် ဖြစ်သည် ။
ပြန်လည် ရှင်သန်ခြင်း၏ ကုန်ကျစရိတ်က သတ်တမ်းပင် ။
ချောင်မူ ပြန်လည် ရှင်သန်လာတိုင်း ပမာဏ တစ်ခုအထိ အသက်ကြီး လာမည်ဖြစ်ပြီး သူ ပိုမို သန်မာလာမည်ဖြစ်သည် ။ သက်တမ်း ၁၀ နှစ် ဆုံးရှုံးလျှင် ခွန်အား ၁၀ နှစ်စာ ရရှိမည်ဖြစ်သည် ။
သေလေ အသက်ကြီးလာလေ ၊ အသက်ကြီးလာလေ သန်မာလာလေ ပင် ။
' ဒီအင်မော်တယ်စနစ်က ဘယ်ကလာတာလဲဟ... '
သူ့စိတ်အတွင်း ရှိ သက်ရှည်သော့ကို ငေးကြည့်ရင်း အချက်အလက်များထွက်ပေါ်လာသည် ။
သေဆုံးမှု အကဲဖြတ်ချက်: C ( သူရဲကောင်းဆန်စွာ သေဆုံးခြင်း , အားနည်း၍ လျင်မြန်စွာ သေဆုံးခြင်း ၊ တခြားသူအား ပြစ်ဒဏ်မှ ကြောက်ရွံ့ထွက်ပြေးစေရန် မိမိအသက်ကို စတေးခြင်း )
သက်တမ်းသုံးစွဲမှု: ၃ နှစ်
ယခုအပတ်အတွက် အသက်လက်ကျန်: ၄ / ၅
လက်ရှိအသက်: ၁၈ နှစ်
သိုင်း: သက်ရှည်လက်သီး ( အစပြုသူ)
မသေခင် ချောင်မူသည် အသက်၁၅ နှစ်ရှိပြီး သိုင်းစတင်လေ့ကျင့်ကာစ ဖြစ်သည် ။
သူ တစ်ကြိမ်သေဆုံးပြီးနောက် အသက်သုံးနှစ်ပိုကြီးလာခဲ့၏ ။
ပြန်လည် ရှင်သန်လာပြီးနောက် သူ့အသက်က ၁၈ နှစ်ဖြစ်သွားပြီး သိုင်းပညာကို သုံးနှစ် လေ့ကျင့်ထားပြီး ဖြစ်သည် ။
ယခုအချိန်တွင် ချောင်မူက လက်သီးကို တင်းတင်းဆုပ်ထားပြီး သက်ရှည်လက်သီးကို သုံးနှစ်တာလေ့ကျင့်ခဲ့သော မှတ်ညဏ်များကို ပေါင်းစည်းနေသည် ။ အချိန်သုံးနှစ်က မျက်တောင် တခတ်အတွင်း ကုန်ဆုံးသွားသလိုပင် ။
သက်ရှည်လက်သီးအား သုံးနှစ်တာ ပြင်းပြင်းထန်ထန်လေ့ကျင့်ထားသည့် ကြွက်သားမှတ်ညဏ်များက တဖြည်းဖြည်း ပေါင်းစည်းပြီးသွားသည် ။
' ဒီလို အဆင့်မျိုးရောက်အောင် အပြင်မှာ လေ့ကျင့်ရရင် သုံးနှစ်ထက်တောင် ပိုကြာလောက်မယ်.. '
ချောင်မူ တွေးသည် ။ တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီရှိပြီး ရေမိုးချိုး ၊ အိမ်သာတက် ၊ ထမင်းစား ၊ တရေးတမောအိပ်သည့် အချိန်များ နုတ်လိုက်လျှင် အချိန်ပြည့် လေ့ကျင့်နေနိုင်မည်မဟုတ်ချေ ။
ယခု သုံးနှစ်တာလုံး နေ့ရောညပါ လေ့ကျင့်ခဲ့သောကြောင့် တိုးတက်နှုန်းက ၁၀၀ % ဟု ပြောရမည်ပင် ။
' ငါ့အသက် ၃ နှစ် တိုးလာတာ တန်သားပဲ.. '
ချောင်မူက ကြွက်သားများကို ဆန့်ထုတ်ကြည့်လိုက်၏ ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြံ့ခိုင်သန်မာနေသည်ကို ခံစားမိပေသည် ။ သူ ပထမဆုံး C အဆင့် အကဲဖြတ်ချက်ကို ရရှိခဲ့ခြင်းဖြစ်သည် ။
ချောင်မူက သားသတ်သမားကျန့် ထွက်ပြေးသွားသော တောလမ်းကို လှမ်းမျှော်ကြည့်လိုက်သည် ။
' C အဆင့်ရတယ်ဆိုတော့ သားသတ်သမားကျန့်က သာမန်လူ ဟုတ်ပုံမရဘူး.. ငါ လက်လွှတ်ခံလို့ မဖြစ်ဘူး ..ငါ သူ့လက်ထဲမှာ အကြိမ်များများ သေနိုင်မှရမယ်.. "
ချောင်မူက နောက်မှ ပြေးလိုက်သွားသည် ။ သူ့ကိုယ်သူ သတ်သေလျှင် ခွန်အား တိုးမလာသဖြင့် အဆင့်အတန်းမြင့်မြင့် သတ်ပေးနိုင်မည့်သူအား လက်လွှတ်မခံနိုင်ချေ ။
**
မြို့လေး၏ အပြင်ဘက် တောအုပ်အတွင်း...
သားသတ်သမားကျန့်က တောလမ်းအတိုင်း အလျင်စလို ပြေးလာပြီး လမ်းအဆုံးရှိ ပျက်ဆီးနေသောဘုရားကျောင်းထဲ သို့ ဝင်သွားသည် ။
ဘုရားကျောင်းတစ်ခုလုံး ရှုပ်ပွနေပြီး ဘုရားဆင်းတုတော်က အက်ကွဲနေကာ သစ်ရွက်များ အမှိုက်သရိုက်များဖြင့် ဖုံးလွှမ်းနေ၏ ။
ဘုရားကျောင်းတစ်ခုလုံးတွင် သက်ရှိဟူရှိ ခေါင်မိုးပေါ်တွင် အမွှေးသနေသော အဖြူရောင်ခို တစ်ကောင်သာ ရှိသည် ။
' တော်သေးတယ် ဘယ်သူမှ မရှိဘူး.. '
သားသတ်သမားကျန်းက လူရှိ မရှိ စစ်ဆေးလိုက်ပြီး စာရွက်ထုတ်ကာ ယနေ့ တွေ့ကြုံခဲ့ရသည်များကို ရေးလိုက်သည် ။
သူ အမြန်ထွက်ပြေးရမည်ကို သိသော်လည်း ယနေ့ ကြုံတွေ့ခဲ့ရသည်က ထူးဆန်းလွန်းနေ၍ အထက်သို့ သတင်းပို့ရန် ပြင်ဆင်နေခြင်းပင် ။
" အဲ့ကောင်လေးက မာနကြီးပြီး မောက်မာနေတော့ ခွန်အား မနည်းလောက်ဘူးထင်ပြီး ကျုပ်အားကုန် ထုတ်သုံးမိလိုက်တယ်.. "
သားသတ်သမားကျန့်က ရေးနေသည် ။
" ဒါပင်မယ့် ထူးခြားတာက သူ့သိုင်းကွက်..."
သူက ချောင်မူ၏ သိုင်းကွက်ကို ပြန်စဥ်းစားရင်း စာရေးနေသည်ကို ခဏရပ်လိုက်၏ ။
" သူသုံးတဲ့ သိုင်းကွက်က ချောင်မိသားစုပိုင်တဲ့ သက်ရှည်လက်သီး နဲ့တူနေတယ်.. "
သားသတ်သမားကျန့်က စာကို အဆုံးသတ်ပြီးသည်နှင့် သေချာခေါက်ကာ စာပို့ခို၏ ခြေထောက်တွင် ချီနေရင်း သူ၏ မျက်လုံးထဲတွင် စိုးရိမ်မှုများ ပေါ်လာ၏ ။
ချောင်မိသားစု၏ သက်ရှည်လက်သီးဆုဒြာသည် တာအိုကျောင်းတစ်ခုမှ ဆင်းသက်လာသည်ဟူသော သတင်းကို သူကြားဖူးသည် ။ ထိုလက်သီး သိုင်းကို လေ့ကျင့်ပါက အသက်ရှည်၍ ကျန်းမာရေးကို အထောက်အကူပြုပေသည် ။
လွန်ခဲ့သော နှစ်တစ်ရာကျော်က ချောင်မိသားစုမှ အသက်တစ်ရာကျော်နေသော်လည်း နုပျိုသော ရုပ်ရည်ရှိသည့် သိုင်းဆရာကြီးတစ်ဦး ပေါ်ထွန်းခဲ့သဖြင့် သိုင်းလောကတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည် ။
ထိုသတင်းသည် မဟာရန်အင်ပါယာ၏ ရုံးတော်ဆီသို့ ရောက်သွားသဖြင့် မင်းမျိုးမင်းနွယ်များအား သင်ကြားပေးရန်ပင် ဆင့်ခေါ်ခြင်း ခံခဲ့ရလေသည် ။ ဤသည်က အတိတ်တုန်းက ကိစ္စများဖြစ်သည် ။
'' ဒါပင်မယ့် ချောင်မိသားစု တစ်ခုလုံး အရှင်းခံလိုက်ရပြီ မဟုတ်ဘူးလား.. အသက်ရှင်တဲ့သူ ရှိသေးတာလား.. '
သားသတ်သမားကျန့် တီးတိုးရေရွတ်လိုက်မိ၏ ။
" ချောင်မျိုးဆက်တွေ ကျန်နေသေးရင် ဒုက္ခပဲ.."
သားသတ်သမားကျန့်သည် ကျူပင်ခုတ်ကျူငုတ်မကျန်စေနဲ့ ဟူသော ဆိုရိုးစကားကို နားလည်သည် ။ ချောင်းမိသားစုတစ်ခုလုံး မျိုးဆက်ပြတ်သွားသည်ကသာ အကောင်းဆုံး ဖြစ်ပေမည် ။
သူ ရုတ်တရက် နောက်လှည့်ကြည့်လိုက်သည် ။
သေသွားသော ချောင်မူနှင့် တူသည့် တစ်စုံတစ်ယောက်က ဘုရားကျောင်း အပေါက်ဝတွင် ရောက်နေလေ၏ ။
" ဒါ.. "
သားသတ်သမားကျန့်သည် သူသတ်လိုက်သော လူငယ်လေး၏ မျက်နှာပေါ်မှ အပြုံးကို သတိရသွားပြီး ကြောက်လန့်သွားမိသည် ။
သူ စကားပြောရန် ပြင်လိုက်သော်လည်း ချောင်မူက အရင်အော်ဟစ်လိုက်၏ ။
" မင်း ငါ့ညီလေးကို သတ်တဲ့ကောင်.. မင်းအသက်ပြန်ပေးစမ်း..."
ချောင်မူက ကြွေးကြော်ပြီး ပြေးဝင်လာ၏ ။
ထိုစကားများကို သားသတ်သမားကျန့် ကြားလျှင် သူ့အထင် မှန်ကန်နေကြောင်း သိလိုက်သည် ။ ဤလူငယ်က သူသတ်လိုက်သော လူငယ်နှင့် ရုပ်ချင်းတူသော်လည်း အနည်းငယ် အသက်ပိုကြီးပေသည် ။
" မင်းက မင်းရဲ့ညီအတွက် လက်စားချေချင်လို့လား..."
သားသတ်သမားကျန့်က သူ၏ ခါးတွင်ချိတ်ထားသော သားခုတ်ဓားကို ဆွဲထုတ်ရင်း မေးလိုက်သည် ။
" လူငယ်လေး... မင်းမျိုးရိုးက ချောင်လား.. "
ချောင်မူက...
" ကျုပ် မျိုးရိုးက လီ နာမည်က ကျင့်.. ဓားကို လက်ဗလာနဲ့ ဖမ်းနိုင်လို့ နာမည်ကြီးတဲ့ လီကျင့် ဆိုတာ ကျုပ်ပဲ.. "