အခန်း (၃+၄)
Vol. 1 Ch. 3+4
အခန်း ၃ :
~
ချောင်မူက သားသတ်သမားကျန့် ကိုင်သောဓားကို သေချာကြည့်၍ ပြောလိုက်ခြင်းဖြစ်သည် ။
' ဓားကို လက်ဗလာနဲ့ ဖမ်းတာလား.. ဘာကို ဆိုလိုတာလဲ.. '
သားသတ်သမားကျန့် စဥ်းစားရင်း တွေဝေမိသွားစဥ် ပြေးဝင်လာသော ချောင်မူကို တွေ့လိုက်ရသည် ။
' လာ..ငါ့ကိုသတ်စမ်း ..'
ချောင်မူက ယုံကြည်မှု အပြည့်နှင့် ဓားကိုင်ထားသော သားသတ်သမားကျန့်ထံ ပြေးဝင်လာ၏ ။ ညီငယ်အတွက် အသက်ရင်း၍ လက်စားချေမည့် အကိုတစ်ယောက်၏ ဟန်ပန် အပြည့်မြင်နေရပေသည် ။
သားသတ်သမားကျန့်သည် မကြောက်သည့်အပြင် ပြုံးလိုက်မိ၏ ။ ထိုယုံကြည်မှု ရှိသည့် ဟန်ပန်အား သူသတ်ခဲ့သော လူငယ်တွင်လည်း မြင်ခဲ့ဘူးပေသည် ။ သို့သော်လည်း တစ်ချက်ပင် မခံလိုက် ။ အမှန်တကယ် သေသွားခြင်းမဟုတ်လျှင် ငွေလိမ်ရန် ကြိုးစားနေသည်ဟုပင် ထင်မိပေမည် ။ ဤညီအကို နှစ်ယောက်က တူညီသည့် လှည့်ကွက်မျိုး သုံးချင်နေသည်လော ။
သားသတ်သမားကျန့်က မရှောင်ဘဲ ဓားဖြင့် ဆီးခုတ်လိုက်သည် ။
" ဒုတ်.."
သားသတ်သမားကျန့်၏ မျက်နှာ ပြောင်းလဲသွားသည် ။
" ဟားဟားဟား.. မင်းဓား ငါ့လက်ထဲ ရောက်နေပြီ..ဘာလဲ ကြောက်သွားပြီလား. . "
ချောင်မူက သားသတ်သမားကျန့်၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး အောင်နိုင်သူတစ်ယောက်လို ရယ်၍ ပြောလိုက်သည် ။
" ငါက ကြောက်ရမှာလား.. ငါ့ညီလေး ကိုယ့်လက်ကို ပြန်ကြည့်လိုက်အုံး.. "
သားသတ်သမားကျန့်က စိတ်ရှုပ်ထွေးသည့်ဟန်ဖြင့် ပြောလိုက်၏ ။ လီကျင့်ဆိုသည့် လူငယ်လေး ဓားကို လက်ဗလာဖြင့် မည်သို့ ဖမ်းမည်ဟု သူမြင်ချင်ခဲ့သော်လည်း ယခုလို ဖြစ်လာမည်ဟု ထင်မထားပေ ။
ယခု လီကျင့်က ဓားကို မရှောင်သည့်အပြင် လက်ဖြင့် တည့်တည့်ခံလိုက်၏ ။ ဓားက လီကျင့်၏ လက်ဖဝါး အလယ်တည့်တည့်တွင် ခုတ်မိသွားပြီး လက်ဖဝါး တဝက်လောက်အထိ ဝင်သွားသည် ။ ပြတ်သွားသော အရိုးများကို အတိုင်းသား မြင်နေရပြီး သွေးများ စီးကျလာသည် ။
ချောင်မူက အခုတ်ခံရသော သူ့လက်အား ကြည့်လိုက်၏ ။ ပြင်းထန်သော နာကျင်မှုနှင့် သွေးထွက်များသွားသဖြင့် သူ့မျက်နှာ တစ်ခုလုံး ဖြူစုတ်သွားသည် ။ ထို့နောက် အံကြိတ်ကာ...
" ဒါ လက်ဗလာနဲ့ ဓားကိုဖမ်းတာပဲ မဟုတ်ဘူးလား.. "
" အရူးတွေ ..မင်းတို့ နှစ်ယောက်လုံး သောက်ရူးတွေ.. "
သားသတ်သမားကျန့်က အချိန်ဖြုန်း၍ မရသည်ကို သတိထားမိသွားပြီး ဓားကို ပြန်ဆွဲထုတ်လိုက်သည် ။ သို့ရာတွင် ပြန်ဆွဲမရ ။ ဓားက အရိုးများကြားတွင် ညပ်နေ၏ ။ သူသာ အနည်းငယ် ဟန်ချက်ပျက်သွားသည် ။
ချက်ချင်း သားသတ်သမားကျန်း၏ အမြင်အာရုံအား လက်သီးတစ်လုံးက ဖုံးလွှမ်းသွားပြီး နှာခေါင်းအား ထိမှန်သွားသည် ။
" ခွပ်..ဂွက်.."
နှာခေါင်းရိုး ကျိုးသွားသဖြင့် သွေးများ စီးကျလာ၏ ။ ကြီးမားသည့် ခွန်အားကြောင့် သားသတ်သမားကျန့် နောက်သို့ ယိုင်သွားပြီး ဓားကို လက်လွှတ်လိုက်ရသည် ။ သူ ချောင်မူကို အံ့သြတကြီး စိုက်ကြည့်နေသည် ။
ဤ လီကျင့်က အရင်လူငယ်လေးနှင့် မတူဘဲ သိုင်းကျွမ်းကျင်ပုံ ရနေသည် ။ လက်သီးမှ ခွန်အားသည် ပုံမှန်မဟုတ်ပေ ။
' ငါ့အမှားဘဲ.. သေချာတိုက်ခိုက်မှ.. '
သားသတ်သမားကျန့် ၏ အကြည့်များက စူးရှလာပြီး ချောင်မူဆီသို့ ပြေးဝင်သွားသည် ။ သူ့မျက်နှာအား အထိုးခံလိုက်ရသော်လည်း လက်တစ်ဖက် ပြတ်လုနီးပါး ဖြစ်နေသည့် ချောင်မူထက် များစွာအခြေအနေကောင်းပေသည် ။
သူ ချောင်မူအား သတ်နိုင်ရန် အချိန်မကြာလိုက် ။
သားသတ်သမားကျန့်က ဒူးထောက်ထိုင်ရင်း အသက်အပြင်းပြင်း ရူနေရသည် ။ သူ့ခြေရင်းတွင် ချောင်မူ၏ အသက်မဲ့ခန္ဓာက လဲလျောင်းနေပေသည် ။
' ဒီကောင်က နည်းနည်း ရူးနေပင်မယ့် ညီအတွက် လက်စားချေဖို့ အသက်စွန့်ရဲတဲ့ သတ္တိကောင်းတယ့် အကိုတစ်ယောက်ပဲ.. "
သားသတ်သမားကျန့်က သူ့လက်တွင် ပေနေသော သွေးကို သုတ်ကာ ချောင်မူ၏ လက်အတွင်း စိုက်နေသော ဓားကို အတင်းဆွဲထုတ်လိုက်သည် ။
သူ လီကျင့်အား သတ်နိုင်လိုက်သော်လည်း မည်သည့်အတွက်ကြောင့် လီကျင့်သည် ဓားအား လက်ဗလာဖြင့် ဖမ်းချင်သည်ကို နားမလည်နိုင်သေး ။ သို့ရာတွင် သူလုပ်စရာ အရေးကြီးကိစ္စရှိနေသေးသည် ။
သားသတ်သမားကျန့်က လက်ခေါက်မှုတ်လိုက်၏ ။
" ရွှီး...."
တောအုပ်အတွင်း လှည့်ပတ်ပျံသန်းနေသော စာပို့ခိုသည် သားသတ်သမားကျန့်၏ ရှေ့သို့ ဆင်းလာခဲ့သည် ။
' အခြေအနေပြောင်းသွားပြီ.. ခုနစာအတိုင်းပို့ရင် ခေါင်းဆောင်တွေ နားလည်မှု လွဲလိမ့်မယ်.. '
သူက ခို၏ ခြေထောက်တွင် ချိတ်ထားသော စာကို ဖြုတ်၍ ပြန်ဖြည့်ရေးလိုက်သည် ။
" ချောင်မိသားစုမှာ မျိုးဆက်တွေ ကျန်သေးပုံရတယ် ..လီကျင့်ဆိုတယ့် ချောင်မိသားစုဝင်တစ်ယောက် ကျုပ်ဆီ ထပ်ရောက်လာတယ်.. "
" သူရဲ့ သိုင်းပညာက ချောင်မိသားစုရဲ့ သက်ရှည်လက်သီး ဖြစ်တာ သေချာတယ် ပြီးတော့ လေ့ကျင့်ထားတာ နှစ်ပေါင်းများစွာ ကြာလောက်ပြီ .."
" ကမ္ဘာပေါ်မှာ ပုန်းနေတဲ့ ချောင်မိသားစု မျိုးဆက်တွေ ကျန်သေးပုံပဲ.. "
သားသတ်သမားကျန့်သည် သူစာရေးပြီးသည့် အချိန်တွင် နောက်မှ ခြေသံ ကြားလိုက်ရ၍ သူ့အမူအရာမှာ အေးခဲသွားသည် ။
" မင်း ငါ့ညီ လီကျင့်ကို သတ်ရဲတယ်လား.. မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်ကွ.. "
သားသတ်သမားကျန့် လှည့်ကြည့်လိုက်၏ ။
လီကျင့်နှင့် ရုပ်ချင်းဆင်ပြီး အသက်သိပ်မကွာသည့် လူငယ်တစ်ယောက်က သူ့အား ဒေါသတကြီး စိုက်ကြည့်နေပေသည် ။
သားသတ်သမားကျန့်က လူငယ်၏ ဘယ်ဘက်လက်ကို သေချာကြည့်လိုက်မိ၏ ။ လက်က ဒဏ်ရာ လုံးဝမရှိ ။ လုံးဝ အကောင်းအတိုင်းပင် ။
" အမွှာညီအကိုတွေလား.. ကောင်းတယ်.."
သားသတ်သမားကျန့်က ဓားကို ကောက်ကိုင်၍ ထရပ်လိုက်သည် ။
" လူငယ်ကို သတ်ရင် ပိုကြီးတဲ့ တစ်ယောက် ပေါ်လာတယ်.. "
" လာစမ်း ..မင်းတို့ သေချင်ရင် ကြိုက်သလောက် လာခဲ့စမ်း .. ငါသတ်ပေးမယ်.. "
" တစ်ယောက်လာရင် တစ်ယောက်သတ်မယ် နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ် လာကြစမ်းကွ .."
**
ငါးမိနှစ်ခန့်အကြာတွင်...
သားသတ်သမားကျန့် သည် နောက်ထပ် ချောင်မူတစ်ယောက်၏ ခေါင်းကို ဖြတ်ပြီးနောက် လှဲချလိုက်ကာ အဆက်မပြတ်ငိုကြွေးနေလေသည် ။
တစ်ယောက်ပြီး တစ်ယောက် လာနေသည်က မည်သည့်အချိန်တွင် ပြီးဆုံးတော့မည်နည်း ။
သားသတ်သမားကျန့်က X ပုံသဏ္ဍာန် လဲလှောင်းနေပြီး တစ်ကိုယ်လုံး နာကျင်နေသဖြင့် ဖိုထိုးသလို အသက်ရှုနေရသည် ။
အမွှာများ တစ်ယောက်ပြီးတစ်ယောက် လာနေသည်က အရေးမကြီးသော်လည်း တစ်ယောက်ထပ် တစ်ယောက် ပိုအားကောင်းလာသဖြင့် တိုက်ခိုက်ရသည်မှာ မလွယ်တော့ပေ ။ နောက်ဆုံးတစ်ယောက်ဆိုလျှင် သူနှင့် ခွန်အား သိပ်မကွာတော့၍ ပြင်းထန်စွာတိုက်ခိုက်ပြီးမှ အနိုင်ရခဲ့ပေသည် ။ ယခု သူ့တစ်ကိုယ်လုံး ဒဏ်ရာလွတ်ကင်းသည့်နေရာ မရှိတော့ ။ လည်ပင်းတွင်ပင် ပြင်းပြင်းထန်ထန် အကိုက်ခံထားရလေသည် ။
သူ့ခန္ဓာကိုယ် တစ်ခုလုံး မဆိုထားနှင့် သူ၏ ထက်ရှလှသော သားခုတ်ဓားပင် အသွားတုန်းနေလေပြီ ။
' ခု ပြီးလောက်ပြီမှတ်လား.. '
သားသတ်သမားကျန်း ထရပ်ရန် ရုန်းကန်လိုက်သည် ။
ထိုအခိုက် သူ့နောက်မှာ အသံ ထွက်ပေါ်လာပြန်သည် ။
အသံကြားသည်နှင့် သားသတ်သမားကျန့်သည် နောက်လှည်မကြည့်ဘဲ ကို့ရို့ကားယား ထွက်ပြေးတော့၏ ။ သူကြောက်သွားလေပြီ ။
" ဟမ့် မင်း ငါ့ညီကို သတ်ပြီးမှ ထွက်ပြေးချင်သေးတာလား.. "
ချောင်မူက ခြေဆောင့်လိုက်လျှင် မျှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ပြေးထွက်လာပြီး သားသတ်သမားကျန့်ကို အလွယ်တကူ ဖမ်းဆုပ်လိုက်သည် ။
" ယီးပဲရမယ်.. "
သားသတ်သမားကျန့်သည် ကိုင်ထားသော ဓားဖြင့် အားကုန်လွဲခုတ်လိုက်သည် ။
ချောင်မူသည် ယခုတစ်ကြိမ်တွင်တော့ အလွယ်တကူ ရှောင်လိုက်ပြီး သားသတ်သမားကျန့်၏ ဓားကိုင်ထားသော လက်ကောက်ဝတ်ကို ကန်လိုက်၏ ။
" ဖောင်း...ချွမ်.."
သားသတ်သမားကျန့်သည် လက်နာသွားသဖြင့် ဓားလွတ်ကျသွားသည် ။
ချောင်မူ၏ လက်သီးများက လျှပ်ပျက်သလို မြန်ဆန်စွာဖြင့် သားသတ်သမား၏ ခေါင်းဆီသို့ တစ်ချက်ပြီးတစ်ချက် ကျရောက်လာသည် ။
အဆက်မပြတ် ထိုးနှက်မှုများကြောင့် သားသတ်သမားကျန့်၏ ခေါင်း ပေါက်ကွဲထွက် သွားပေသည် ။ သားသတ်သမားကျန့် သေလေပြီ ။
အခန်း ၄
~
' နောက်ဆုံးတော့ သေသွားရှာပြီ.. '
ချောင်မူက သူ့ခြေရင်းရှိ သားသတ်သမားကျန့်၏ အလောင်းကို ကြည့်၍ သက်ပြင်းချလိုက်သည် ။
သားသားသမားကျန့်သည် အလွန်ပင်ပန်းနေသောကြောင့်သာ ဤမျှ လွယ်ကူစွာ သေဆုံးခဲ့ခြင်းပင် ။
ချောင်မူ စတုတ္ထအကြိမ် ပြန်ပေါ်လာချိန်တွင် သားသတ်သမားကျန့်၏ အမူအရာမှာ သာမန် မဟုတ်တော့ချေ ။ သူ တစ်ခုခု သတိထားမိသွားပုံရသည် ။
ချောင်မူ မသတ်နိုင်သည့် ရန်သူမျိုးနှင့် တွေ့ပါက သူ၏ ဖြစ်တည်မှုကို သံသရ ဝင်ကုန်ကြပေမည် ။
' ငါ့ ရွှေလက်ချောင်းလေး အားကိုးလို့ရတာ တော်သေးတယ်.. '
ချောင်မူသည် သူ၏ စိတ်ထဲရှိ သက်ရှည်သော့ကို အာရုံပြုလိုက်လျှင် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခုက သူ၏ ရှေ့တွင် ထွက်ပေါ်လာသည် ။
[ သေဆုံးမှုအကဲဖြတ်ချက် - D ( ရဲရင့်စွာ သေဆုံးခြင်း)
သက်တမ်းသုံးစွဲမှု - ၀.၅ နှစ်
ယခုအပတ်အတွက် အသက်လက်ကျန် - ၀/၅
လက်ရှိအသက် - ၂၀
ကျွမ်းကျင်မှု - သက်ရှည်လက်သီး ( ကျွမ်းကျင် )
' စျေးမှာ သေတာနဲ့ ဓားကို ဖမ်းပြီးသေတာ နဲ့ နှစ်ခါ ပဲ C အဆင့်ရတယ်.. နောက်ပိုင်း တဖြည်းဖြည်းလျော့လာတာပဲ.. '
' ငါးခါသေပြီး အသက်ငါးနှစ်ကြီးလာတယ်.. သက်ရှည်လက်သီးကို ငါးနှစ်တောင် လေ့ကျင့်ထားပြီးပြီ..'
ချောင်မူက တွေးရင်း လက်သီး တင်းတင်းဆုပ်လိုက်၏ ။ သက်ရှည်လက်သီး ကျွမ်းကျင်မှုက အစပြုသူအဆင့်မှ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားလေပြီ ။
သားသတ်သမားကျန့်၏ လက်ထဲ ပထမဆုံး နှစ်ကြိမ်သေဆုံးမှုက C အဆင့် အကဲဖြတ်ချက် ရခဲ့၏ ။ သားသတ်သမားကျန့်သည် လူကောင်းမဟုတ်ပေ ။ သေချာပေါက် လူဆိုး တစ်ယောက်ဖြစ်သည် ။
' အဆင့် B တို့ A တို့ ရရင် ဘယ်လိုနေမလဲမသိဘူး.. ထူးခြားတာ တစ်ခုခုများ ပေါ်လာမှာလား.. '
ချောင်မူသည် တွေးရင် တစ်ခုခု လွဲနေသည်ကို ခံစားမိလိုက်၏ ။ သူ ၏ ရွှေလက်ချောင်းက သူ့အား နည်းမျိုးစုံဖြင့် သေစေချင်ပုံ ရနေသည် ။ အများအကျိုးကို ဆောင်၍ ဆွဲဆောင်မှု ရှိသော ၊ ဆန်းသစ်သော ပုံစံမျိုးစုံဖြင့် ကျွမ်းကျင်စွာ သေတက်ရန် လေ့ကျင့်ရတော့ပေမည် ။
ချောင်မူက ငုံ့၍ သားသတ်သမားကျန့်၏ ခန္ဓာကိုယ်အား ရှာဖွေလိုက်သည် ။ သားသတ်သမားကျန့်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော ကြေမွစုတ်ပြဲ၍ သွေးများစွန်းထင်းနေသည့် စာရွက်ကို ချက်ချင်းတွေ့လိုက်ရပေသည် ။
သားသတ်သမားကျန့် က စာပို့ခိုနှင့် ပို့ရန် ပြင်ဆင်နေသော်လည်း ချောင်မူ တစ်ယောက်ပြီး တစ်ယောက်ပေါ်လာ၍ ပို့ချိန် မရလိုက်ပေ ။
ချောင်မူက စာရွက်ကို ကြည့်ပြီး နားလည်သွားသည် ။ သားသတ်သမားကျန့် သည် သူ၏ သက်ရှည်လက်သီးကို သိသည့်အပြင် လျို့ဝှက်အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ချေမည် ။ လူသတ်ပြီး ထွက်ပြေးရမည်ထက် တောအုပ်ထဲရှိ ဘုရားကျောင်းပျက်သို့လာ၍ သူ့အကြောင်းကို အထက်သို့ သတင်းပို့နိုင်ရန် ပြင်ဆင်နေသည် ။
' သူ့ နောက်ကွယ်မှာရှိတဲ့ အဖွဲ့အစည်းက ဟဲရန်မြို့က ချောင်မိသားစုရဲ့ ရန်သူ သေချာပေါက်ပဲ.. '
ချောင်မူသည် ဤစာအပြင် သားသတ်သမားကျန့်၏ ကိုယ်ပေါ်တွင် လျို့ဝှက် စာတစ်စောင်ကိုပါ တွေ့လိုက်ရသည် ။ သို့သော်လည်း ဖားလောင်းလေးများနှင့်တူသည့် လျို့ဝှက်ကုတ်ဖြင့် ရေးသားထား၍ သူနားမလည် ။
' လျို့ဝှက်ကုတ်နဲ့ ပို့တဲ့စာ ဆိုတော့ ပေါ့သေးသေးဖြစ်ပုံမရဘူး.. '
ချောင်မူ တွေးသည် ။ သူသည် စာနှစ်စောင်ကို သေချာသိမ်းပြီး ဘုရားကျောင်းအတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားလိုက်သည် ။
**
ယန်မြို့၏ အပြင်မြို့...
ချောင်မူသည် ကောက်ရိုးအုပ်ထုတ်ကြီးကို ဆောင်းပြီး အပြာရောင်ကျောက်ပြား ခင်းထားသော လမ်းမကြီးမှ လျောက်လာခဲ့သည် ။
လမ်းမကြီး ဖြစ်သော်လည်း လမ်းသွားလမ်းလား သိပ်မရှိသည့်အပြင် သွားလာနေကြသူများ၏ မျက်နှာထက်တွင် စိုးရိမ်စိတ်အပြည့်နှင့် ခေါင်းငုံ့ကာ ခပ်သွက်သွက် လျောက်နေကြသည် ။
သားသတ်သမားကျန့် နေထိုင်ရာ နေမြစ်မြို့နှင့် ယှဥ်လျှင် လူသူကင်းမဲ့လှပေသည် ။
ချောင်မူသည် လမ်းဘေးတွင် ရှိသော ခေါက်ဆွဲဆိုင် တစ်ဆိုင်သို့ ဝင်လိုက်ကာ ထောင့်တစ်နေရာတွင် ထိုင်လိုက်ပြီး သက်ရှည်ခေါက်ဆွဲနှစ်ပွဲ မှာလိုက်၏ ။
ခဏအကြာတွင် သူ့နောက်မှ တုတ်ခေါက်သံထွက်ပေါ်လာသည် ။
" တက်..တက်..တက်..တက်.."
မျက်မမြင် မိန်းမပျိုလေးတစ်ယောက် ခေါက်ဆွဲဆိုင်ထဲသို့ ဝင်လာခြင်းပင် ။
ဖူးပွင့်စ ပန်းကလေးသဖွယ် လှပ ပျိုမြစ်နေသော မျက်နှာနုနု လေးနှင့် ရေတံခွန်သဖွယ် ဖြာဆင်းနေသော အနက်ရောင်ဆံနွယ်ရှည် များ ပိုင်ဆိုင်ထားသော အနှီမိန်းမပျိုလေးက အသက်နှစ်ဆယ်လောက်သာ ရှိပေအုံးမည် ။ သူမသည် ချည်ကြမ်းအထည်များသာ ဝတ်ဆင်ထားသော်လည်း သူမ၏ အလှကို မထိခိုက်သည့်အပြင် မှော်ဆန်သည့် ပန်းချီကားထဲမှ နတ်သမီးလေးဟုပင် ထင်ရပေသည် ။
ခေါက်ဆွဲ ဆိုင်ထဲမှ လူအားလုံး၏ အကြည့်က သူမထံသို့ ရောက်ရှိသွားသည် ။ ဤမျှ ချောမောလှပသူလေးအား မကြည့်ဘဲ နေနိုင်မည့် ပုရိသဟူ၍ ရှိအံ့မထင် ။
သူမ၏ မြင်ဟန်မတူသော မျက်လုံးလှလှလေးနှင့် ကိုင်ထားသော လမ်းလျောက်တုတ်ကို မြင်လိုက်ရလျှင် လူတိုင်း စုတ်သပ်လိုက်မိကြ၏ ။ သနားသစရာကောင်းလှသော မိန်းမလှလေးပါတကား ။
မိန်းမပျိုလေးက သူမကို ကြည့်နေကြသည့် အကြည့်များအား သတိထားမိပုံမပေါ်ဘဲ ထောင့်ရှိ စားပွဲသို့လာ၍ ချောင်မူထိုင်နေသော ခုံတန်းရှည်တွင် ဝင်ထိုင်လိုက်သည် ။ သူမက စားပွဲပေါ်တွင် အသင့်မှာပေးထားသော သက်ရှည်ခေါက်ဆွဲကို တလုတ်စားလိုက်ပြီး...
" ဒီနေ့ ဘာလို့ သက်ရှည်ခေါက်ဆွဲမှာထားတာလဲဟင်.. "
ချောင်မူက...
" ဒီနေ့ ငါ့အသက် ၂၀ ပြည့် မွေးနေ့လေ.. "
မိန်းမပျိုလေးက တူကိုချကာ...
" ဟမ်.. နင်ဘယ်တုန်းက အသက် ၂၀ ပြည့်သွားတာလဲ.. ငါ့ထက်ငယ်တယ် မဟုတ်ဘူးလား.. ဘာပဲဖြစ်ဖြစ် ငါ့အသက် က ၂၁ ဆိုတော့ ငါပိုကြီးတယ်.. "
ချောင်မူ အသာအယာ ပြုံးလိုက်မိသည် ။ သူ့အတွက် အသက်ရွယ်ဆိုသည်က အချိန်အတိုင်းအတာ တစ်ခါသာဖြစ်ချေသည် ။ ယနေ့ အသက် ၂၀ ပြည့်မွေးနေ့ ဖြစ်သော်လည်း တစ်ရက်အတွင်း အသက် ၃၀ သို့ ရောက်သွားနိုင်၏ ။ သူ ထောင်နှင့်ချီ၍ အသေခံလိုက်လျှင် ဤကလေးမ၏ အဖိုးပင် ဖြစ်သွားနိုင်ပေသည် ။
ချောင်မူ အတွေးထဲ နစ်မြောသွားသည့် အချိန်တွင် ထိုမိန်းမပျိုက...
" နင့်အသံ ..နင့်အသံက ချောင်မူ မဟုတ်ဘူး.. "
ချောင်မူ အနည်းငယ် ထိတ်လန့်သွား၏ ။ သူ၏ အသက်က ချက်ချင်း ငါးနှစ်ကြီးသွားသည်ဖြစ်ရာ အသံက အရွယ်ရောက်ပြီးသူ၏ အသံအဖြစ် ပြောင်းလဲသွားချေပြီ ။
မိန်းမပျိုလေးက ခေါင်းလေးကို အနည်းငယ်စောင်းလိုက်ပြီး ချောင်မူ၏ ရင်ဘက်ကို တရှုံ့ရှုံ့ နမ်းကြည့်၏ ။ ပြီးမှ သူမ၏ သတိထားနေသော အမူအရာ ပြေလျော့သွားသည် ။
" နင် ချောင်မူ သေချာပါတယ်.. ဘာလို့ အသံပြောင်းသွားတာလဲ.. "
ချောင်စန်းရွှယ်သည် မျက်စိမမြင်ရသော်လည်း သူမ၏ အနံခံအာရုံမှာ သာမန်လူများထက် များစွာပိုကောင်းသည် ။
" အရွယ်ရောက်လာတယ့် ယောကျ်ားတိုင်း အသံပြောင်းတက်တာ နင်မသိဘူးလား ငတုံးမလေး.. "
ချောင်မူက လျောချလိုက်သည် ။
" ဒီနေ့ နင်ဘာလို့ နောက်ကြနေပြန်ရတာလဲ.. နင် သားသတ်သမားကျန့်ရဲ့ သတင်းကို စုံစမ်းနေပြန်ပြီလား.. "
ချောင်စန်းရွှယ်၏ မျက်နှာက လေးနက်သွားပြီး...
" နင် ဒီလို မလုပ်ပါနဲ့လို့ ငါပြောနေတာကို.. "
သူမ၏ မျက်နှာက လွှမ်းဆွတ်မှုများကြောင့် မှိုင်ကျသွားသည် ။
" လွန်ခဲ့တဲ့ နှစ်ဝက် ချောင်မိသားစု အသတ်ခံရတုန်းက ငါ့မျက်စိတွေ လှုပ်ရှားလာတယ်.. ကြည့်ရတာ ကောင်းကင်မျက်လုံး ဖွင့်တော့မယ် ထင်တယ်.. သိုင်းသူတော်စင်က ငါ့တစ်ယောက်ထဲကို မသတ်ဘဲ ချန်သွားတာ ငါ့မှာ ထူးခြားမှု တစ်ခုခု ရှိလို့ဆိုတာ ငါသိသားပဲ.. "
" ငါတို့ ဘာမှ လုပ်နေစရာမလိုဘူး.. ငါ့ကောင်းကင်မျက်လုံး ပွင့်လာမှ အဲ့ သိုင်းသူတော်စင် ဆိုတာရော ရန်သူတွေပါ အကြည့်တစ်ချက်နဲ့ ပြာချပစ်မယ်.. "
ချောင်စန်းရွှယ်က သူမ၏ ရင်ဘက်ကို ပုတ်၍ ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည် ။
ချောင်မူက သူမ၏ စကားကို ဂရုမစိုက်ဘဲ မေးလိုက်၏ ။
" နင်တို့ ချောင်မိသားစုရဲ့ သက်ရှည်လက်သီး အတွင်းအားလေ့ကျင့်နည်း တွေကို ဘယ်အချိန်မှ ပြောပြမှာလဲ.. "
ချောင်မူသည် ဟဲရန်မြို့မှ ချောင်မိသားစုနှင့် မပက်သက်ပေ ။ သူ၏ အရင်ဘဝမှ နာမည်ဖြစ်သည် ။
" အရမ်းကြီး မျှော်လင့်မနေနဲ့.. "
ချောင်စန်းရွှယ်က လေးနက်ဟန်ဖြင့်...
" အတွင်းအား ရဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ ခွန်အား အကန့်အသတ်ထိရောက်အောင် အရင်လေ့ကျင့်ရမှာ.. "
" ဟမ့် နင်က လွယ်တယ်ထင်နေလို့လား .. ကျွမ်းကျင်ဆရာကြီး တစ်ယောက်ရဲ့ လက်အောက်မှာ လေ့ကျင့်ရင်တောင် အနည်းဆုံး ငါးနှစ် ခြောက်နှစ်လောက် ကြာအုံးမယ်.. ဒါတောင် ဆေးဝါးအကူအညီနဲ့ အပြင်းအထန် လေ့ကျင့်မှနော်.. "
ချောင်စန်းရွှယ်သည် မျက်စိမမြင်ရသော်လည်း သိုင်းလောက၏ နာမည်ကြီး မိသားစုဖြစ်သော ချောင်မိသားစုဝင် ဖြစ်သဖြင့် ဗဟုသုတ ပြည့်စုံ၏ ။
" ငါတော့ အကန့်အသတ်ကို ရောက်နေပြီထင်တာပဲ.. "
ချောင်မူက ပြောရင်း လက်မောင်းကို ဆန့်တန်း၍ ကြွက်သားများကို ညှစ်ထုတ်ကြည့်လိုက်သည် ။
" နင်ကြွားပြောနေတာ.. "
ချောင်စန်းရွှယ်က မယုံဘဲ...
" လာလာ.. နင့်လက်ကို ပေး နင့်အရိုးတွေ ဘယ်လောက်သန်မာလာလဲ ငါစမ်းကြည့်မယ် .."
ချောင်းစန်းရွှယ်က ချောင်မူ၏ လက်ကို လှမ်းကိုင်လိုက်သည် ။