အခန်း (၅+၆)
Vol. 1 Ch. 5+6
အခန်း ၅
~
ချောင်စန်းရွှယ်က သူမ၏ လက်ကို ဆန့်ထုတ်၍ စမ်းလိုက်သော်လည်း ရုတ်တရက် အမှီးတက်နင်းခံလိုက်ရသော ကြောင်လေးလို ကြောက်လန့်တကြား လက်ပြန်ရုတ်လိုက်သည် ။
" မာလိုက်တာ.. ဘာ..ဘာကြီးလဲ.. "
" ငါ့ လက်မောင်းလေ.. "
ချောင်စန်းရွှယ်က ထိုအခါမှ လက်ပြန်ထုတ်၍ ပြန်စမ်းကြည့်လိုက်သည် ။ သူမ အံ့သြနေ၏ ။
" တစ်လအတွင်း နင်ဘာလို့ ဒီလောက်သန်မာလာတာလဲ.. "
သူတို့နှစ်ယောက် သိကြသည်မှာ တစ်လသာ ရှိသေး၏ ။ ပထမဆုံး ဆုံတွေ့ပြီးနောက် သဘောတူညီမှု တစ်ခု လုပ်ခဲ့ပေသည် ။
ချောင်စန်းရွှယ်က သူမတို့ ချောင်မိသားစု၏ သက်ရှည်လက်သီးကို ချောင်မူအား သင်ပေးမည်ဖြစ်သလို ချောင်မူကလည်း ချောင်မိသားစုအတွက် လက်စားပြန်ချေပေးရန် ကတိပြုခဲ့လေသည် ။
ထို့နောက် ချောင်မူက သက်ရှည်လက်သီးအား တစ်လ လေ့ကျင့်ခဲ့သည် ။
ချောင်စန်းရွှယ်သည် ချောင်မူ၏ ခန္ဓာကိုယ်ကို မမြင်ရသော်လည်း များစွာ ကြီးထွားလာမှန်း သိလိုက်၏ ။
" တစ်လထဲနဲ့ ဒီလောက်သန်မာလာတာ သယ်သူမှ ယုံမှာမဟုတ်ဘူး.. "
ချောင်စန်းရွှယ်က အံ့သြစွာဖြင့်...
" သိုင်းလေ့ကျင့်တဲ့ နေရာမှာ ဖြတ်လမ်း မရှိဘူး ဖြေးဖြေးမှန်မှန် လေ့ကျင့်မှ ရတာ.. ဒါပင်မယ့် နင်က.. "
" အံ့သြနေတာ တော်တော့.. ငါ့ကို နောက်တစ်ဆင့် မြန်မြန် သင်ပေးပါဟ.. "
ချောင်မူက စကားကို ဖြတ်ပြောလိုက်သည် ။
" လောမနေစမ်းနဲ့.. သက်ရှည်လက်သီးဆုဒြာရဲ့ အတွင်းအားကျင့်စဥ် အခန်းကို ကျွန်မ ပြန်စဥ်းစားရအုံးမယ်ရှင့်.. "
" ငါတို့ မိသားစုရဲ့ သက်ရှည်လက်သီးဆုဒြာက မရှိတော့ပင်မယ့် အတွင်းအားကျင့်စဥ်အထိတော့ မှတ်မိပါသေးတယ်.. "
ချောင်စန်းရွှယ်၏ မျက်နှာလှလှလေးက နေလောင်ခံလိုက်ရသော ပန်းကလေးသဖွယ် ညိုးကျသွားသည် ။
ချောင်မူက ဆက်လက် မတိုက်တွန်းတော့ဘဲ ဘေးမှ တိတ်တဆိတ်သာ ထိုင်နေလိုက်တော့သည် ။ သူလောနေသည်မှာ သူ၏ သက်တမ်းကြောင့်ပင် ။ သူခွန်အား သန်မာလာရန် သူ၏ သက်တမ်းကို သုံးစွဲရ၏ ။ သူ့တွင် ထာဝရအသက် ရှိသော်လည်း ပေးဆပ်ရသည်လည်း ရှိပေသည် ။
လူတစ်ဦး၏ အသန်မာဆုံး အရွယ်မှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ ဖြစ်သည် ။ ထိုအသက်အရွယ်တွင် တောင်များကို လက်ဝါးတစ်ချက်ဖြင့် ဖြိုခွဲနိုင်လျှင်ပင် အသက်ကြီးလာချိန်တွင် ခန္ဓာကိုယ်၏ တက်ကြွမှု ကုန်ဆုံးသွားပြီး ခွန်အားတဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်သည် ။
မွေးဖွားခြင်း ၊ အိုခြင်း ၊ နာခြင်း ၊ သေခြင်း ဟူသည့် သံသရာ၏ ဝဋ်ဆင်းရဲ ဒုက္ခများအား မည်သူရှောင်လွဲနိုင်ပါမည်နည်း ။ အသန်မာဆုံး ဆိုသည့် သိုင်းသမားတွင်ပင် ချွင်းချက်မရှိ ။
ချောင်မူ အတွက် ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်မှာ သူ့တွင် ထာဝရအသက်ရှိနေသည် ။ မသေနိုင်သော်လည်း တက်ကြွမှု ကုန်ဆုံးသွားလျှင် ချိနဲ့နဲ့ အဖိုးကြီး အဖြစ်သာ ဆက်လက် ရှင်သန်နေရပေတော့မည် ။ ထို့ကြောင့် သက်ရှည်လက်သီး၏ အတွင်းအား ကျင့်စဥ်က သူ့အတွက်မရှိမဖြစ် လိုအပ်သည် ။ ထို့ကြောင့် သူတိုက်တွန်း နေမိခြင်းပင် ။
သူ အသက်မကြီးမီ သက်ရှည်လက်သီးအား ကျွမ်းကျင်ပိုင်နိုင် နိုင်မှ တက်ကြွမှုအား အသက်ကြီးသည်အထိ ထိန်းထားနိုင်ပေမည် ။ ထိုမှသာ သူ စိတ်ချလက်ချ သေဆုံးနိုင်မည်ပင် ။
ချောင်မူက သေရန်နည်းလမ်းအား စဥ်းစားထားပြီး ဖြစ်သည် ။ သူ့အား ရန်လာစသူရှိလျှင် မှောင်မိုက်၍ လေပြင်းထန်သည့်ညတွင် ရန်သူ၏ အိမ်တံခါးဝ၌ ကိုယ့်ကိုကိုယ် သတ်သေမည် ။
ထို့နောက် အကိုတစ်ယောက်အဖြစ် ဟန်ဆောင်ကာညီဖြစ်သူအတွက် လက်စားချေရန် အာဏာပိုင်များအား သတင်းပို့ပေမည် ။
**
သူတို့နှစ်ယောက် ခေါက်ဆွဲဆိုင်ထဲမှ ထွက်ကာ ဘယ်ချိုး ညာချိုးဖြင့် တဖြည်းဖြည်း လမ်းကျဥ်းလေးများအတွင်းသို့ ရောက်လာကြ၏ ။ အတွင်းသို့ ရောက်လေ လမ်းများက ပိုကျဥ်းလေဖြစ်ပြီး ဆီးနံ့ မစင်နံ့ မြောင်းပုတ်နံ့ များကြောင့် ချောင်မူက အသက်အောင့်ကာ ခပ်သုတ်သုတ် လမ်းလျောက်လိုက်သည် ။
" နင်ဘာလို့ ဒီလိုနေရာမျိုး ရွေးနေတာလဲ.. "
ချောင်မူက လက်တစ်ဖက်ဖြင့် နှာခေါင်းပိတ်ရင်း မေးလိုက်၏ ။
" ငါ့ အထောက်အထားကို ဖုံးကွယ်ရမယ်လေ.. ဒုက္ခသည်တွေကြားမှာ နေတာထက် လူမရှိတဲ့အိမ်တစ်လုံး ရှာတာက ပိုမကောင်းဘူးလား.. "
ချောင်စန်းရွှယ်က ပြန်ဖြေလိုက်သည် ။ ယန်မြို့တွင် လွန်ခဲ့သော တစ်လခန့်က အငတ်ဘေး ကျရောက်ခဲ့သဖြင့် ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်ဆယ်လုံးတွင် လေးငါးလုံးလောက် လွတ်နေပေသည် ။ သူမ ဆန္ဒရှိပါက တစ်ရက်အိမ်တစ်လုံး ပြောင်းအိပ်နိုင်၏ ။
ဝင်္ကပါလို လမ်းကျဥ်းများအား ဖြတ်သန်းပြီနောက် သစ်သားအိမ်တစ်လုံးဆီသို့ ရောက်လာကြသည် ။
ထိုအခါမှ ချေင်စန်းရွှယ်က သက်ရှည်လက်သီးဆုဒြာကို ရွတ်ဆိုပြလိုက်သည် ။
" ......... မြင်ရသောအရာကို အသုံးချ၍ မမြင်ရသောအရာကို အထောက်အကူပြုစေလိုက်သောအခါ အရာဝတ္ထုတစ်ခုသာ အစစ်အမှန်ဖြစ်လာပြီး ကျန်အရာအားလုံး ပုံရိပ်ယောင်အဖြစ် ပြောင်းသွားကြသည် .. ကဲ သက်ရှည်လက်သီးဆုဒြာရဲ့ အတွင်းအား ကျင့်စဥ်ကို ဒီဆရာမ သင်ပေးပြီးပြီနော်.. "
" နင် ချီကို ခံစားမိပြီး အတွင်းအားပိုင်ဆိုင်တာနဲ့ အဆင့်မြင့် သိုင်းသမား ဖြစ်လာပြီလို့ ပြောလို့ရပြီ.. "
ချောင်မူက ဘာမှ ပြန်မပြော ။ ဘေးတွင် တပျဥ်ခွေထိုင်၍ အသက်ရှုခြင်းကို ချိန်ညှိကာ တရားထိုင်နေသည် ။ တစ်ခဏကြာပြီးနောက် ခေါင်းယမ်းလိုက်ကာ...
" ဘာ ချီမှ မခံစားမိဘူး.. "
ချောင်စန်းရွှယ်က ထိုစကားကို ကြားလျှင် တခွိခွိ ရယ်တော့သည် ။
" နင့်ကို အရမ်းကြီး မျှော်လင့် မနေနဲ့လို့ ပြောသားပဲ.. နင်လေ့ကျင့်တာ ခုမှ တစ်လပဲ ရှိသေးတာ .. ခန္ဓာကိုယ် အကန့်အသတ်ထိရောက်အောင် အရင်လေ့ကျင့်စမ်းပါအုံး.. "
" ဝူကျိအသင်းဝင်လို့ ယူဆရတဲ့ သားသတ်သမားကျန့်တောင် သိုင်းပညာကို လေ့ကျင့်တာ နှစ်တော်တော်ကြာနေလောက်ပြီ.. သူ့မှာ အတွင်းအား မရှိသေးပင်မယ့် သူ့လက်မောင်းကြံ့ခိုင်မှုက ကီလို ရာဂဏန်း ရှိလောက်တယ်.."
" နင် ခန္ဓာကိုယ် အကန့်အသတ်ထိ လေ့ကျင့်ပြီးရင် ကီလို ငါးရာလောက် သန်မာလာလိမ့်မယ်.. အဲ့ကျ အဲ့လူကို သတ်နိုင်ပြီ.. "
" နောင်တချိန်ကို စောင့်စရာမလိုဘူး.. ငါသတ်လာပြီးပြီ.. "
ချောင်မူက ပြောလိုက်သည် ။
" သူ့ကိုသတ်ပြီး ခန္ဓာကိုယ်ပေါ်က လျို့ဝှက်စာတစ်စောင် တွေ့ခဲ့တယ်.. နင်ပြောသလို သူ ဝူကျိအသင်းဝင်ဆိုတာ သေချာသွားပြီ.. "
ချောင်မူက သူကြုံ့လာခဲ့ရသည်များကို အသေးစိတ်ထုတ်ပြော၍ လျို့ဝှက်စာအကြောင်း အလေးပေးပြောပြလိုက်သည် ။ သူမည်သို့ သေခဲ့ပုံများကိုတော့ ထိန်ချန်ထားခဲ့ပေသည် ။
ချောင်စန်းရွှယ်က အစပိုင်းတွင် မယုံသော်လည်း လျို့ဝှက်စာအကြောင်းကို ကြားမှ သူမ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည် ။
" ဖားလောင်းလေးတွေလို စာလား ..အဲ့တာဆို ဝူကျိအသင်းဝင် တစ်ယောက်ကို နင်သတ်လိုက်တာပေါ့.. "
ချောင်စန်းရွှယ်က သူမ၏ ပစ္စည်းများကို လှန်လှောရှာဖွေပြီး စာလုံးသေးသေးလေးများ ပြွတ်သိပ်အောင်ရေးထားသော မှတ်စုစာအုပ်အသေးလေး တစ်အုပ်ကို ထုတ်ယူလိုက်သည် ။
" တက်ပိုး ( Tadpole = ဖားလောင်း) ကုဒ်က ဝူကျိအသင်း က သုံးတဲ့ လျို့ဝှက်ဘာသာ စကားတစ်ခုလေ.. ဘာသာပြန်ဖို့ အရမ်းခက်တယ်..ရော့ ဒီစာအုပ်ထဲမှာ ကုဒ်ဖတ်နည်း ပါတယ်.. "
" နင်နားလည်တယ်လား.. "
ချောင်မူက မေးလိုက်သော်လည်း ချောင်စန်းရွှယ်က ဘာမှ ပြန်မဖြေလျှင် ဆက်မမေးတော့ချေ ။
ဟဲရန်မြို့ရှိ ချောင်မိသားစုသည် ထင်ရှားကျော်ကြားသော မိသားစုကြီး တစ်ခုဖြစ်၍ နောက်ဆုံးကျန်ခဲ့သော မျိုးဆက်အနေဖြင့် ချောင်စန်းရွှယ်သည် ခြောက်လလုံးလုံး အလကား ပျင်းရိမနေခဲ့ပေ ။ သူမ တက်နိုင်သလောက်ကြိုးစားခဲ့၏ ။ သူမ အတက်နိုင်ဆုံး လက်စားချေနိုင်ရန် ကြိုးပမ်းနေမည်ဖြစ်သည် ။
ချောင်မူက မှတ်စုစာအုပ်နှင့် စာရွက်ကို တိုက်ကြည့်ရင်း တဖြည်းဖြည်း သူ၏ အမူအရာမှာ အံသြဝမ်းသာ လာခဲ့သည် ။
" ဒီစာအရဆို မဟာယန်ဧကရာဇ်က မကြာခင် မြို့တော်က ထွက်လာတော့မယ်တဲ့ ..ဝူကျိအသင်းက ဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားနေတာပဲ.. "
ချောင်မူ၏ နှလုံးသား တစ်ခုလုံး မြင်းအကောင်တစ်ထောင်လောက် ကစုန်ပေါက် သွားသလို ပြင်းပြင်းထန်ထန် ခုန်လာခဲ့သည် ။
မဟာယန်ဧကရာဇ်ကို လုပ်ကြံရမည်လော ။ လုပ်ကြံမှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ လုပ်ကြံသူက သေချာပေါက် သေရမည်ဖြစ်သည် ။
ဤသည်က သူ့အတွက် အခွင့်အရေးပင် ။ လုပ်ကြံသူအဖြစ် သမိုင်းမှတ်တမ်း တွင် အတင်ခံရပါက သူ၏ သေဆုံးမှု အကဲဖြတ်ချက်က အစများစွာ မြင့်တက်လာပေမည် ။
အခန်း ၆
~
" ဧကရာဇ်ကို လုပ်ကြံမှာလား.."
ချောင်စန်းရွှယ်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး အလောတကြီး မေးလိုက်၏ ။
" ဝူကျိအသင်းက ဧကရာဇ်ကို လုပ်ကြံဖို့ ဘယ်နေရာမှာတဲ့လဲ.. အချိန်ရော ပါလား.. အသေးစိတ်အချက်အလက်တွေရော ပါလား.. "
ချောင်မူက ကုဒ်ကို ဆက်လက် ဖတ်ကြည့်သော်လည်း ခေါင်းသာယမ်းလိုက်မိသည် ။
" နင်ပေးတဲ့ စာအုပ်က အဓိပ္ပါယ်အပြည့်အစုံ ကုဒ်ဖြည်လို့မရဘူး.. ဒီလောက်ပဲ နားလည်တယ်.. "
ချောင်စန်းရွှယ်က သက်ပြင်းချလိုက်ပြီး...
" ဝူကျိအသင်းက ရဲရင့်တာပဲ.. သူတို့လုပ်မယ်ဆိုရင် မဖြစ်နိုင်မယ့် ကိစ္စတော့ မဟုတ်ဘူး.. "
" ဝူကျိအသင်းက အဲ့လောက်တောင် အစွမ်းထက်တာလား.. ငါ့ကို အသေးစိတ်ရှင်းပြလေ.. "
ချောင်စန်းရွှယ်က...
" ဝူကျိအသင်း နာမည်ကြီး လာတာ မကြာသေးဘူး.. သူတို့ ရည်ရွယ်ချက် သိုင်းဂိုဏ်းတွေရဲ့ သိုင်းကျမ်းတွေကို ပေါင်းစည်းပြီး အတွေအကြုံဖလှယ်ဖို့နဲ့.. သိုင်းပညာရပ်ရဲ့ အဆုံးသတ်ကို ကျော်လွန်နိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တစ်ခုပဲ.. "
ချောင်မူက...
" အော်.. အဲ့တာကြောင့် နင်တို့ ချောင်မိသားစုရဲ့ တံခါး အချိုးခံလိုက်ရတာကို.. "
ချောင်စန်းရွှယ်... "...... "
" ဝူကျိ အသင်းက စုဆောင်းနေတဲ့ သိုင်းကျမ်းတော်တော်များများက လုထားတာ များတယ် ..ငါတို့ ချောင်မိသားစုရဲ့ သက်ရှည်လက်သီး ဆုဒြာ အပါအဝင်ပေါ့.. "
သူမက ဆက်ပြောသည် ။
" ငါတို့ ချောင်မိသားစုရဲ့ သက်ရှည်လက်သီးက နောက်ခံသမိုင်း ရှိတယ်လေ.. ချောင်မိသားစုကို ပထမဆုံး တည်ထောင်ခဲ့တဲ့သူက သက်ရှည်လက်သီးဆုဒြာကို အင်မော်တယ် တစ်ယောက်စီက သင်ခဲ့တာလို့ ပြောတာပဲ .. ပြီးတော့ သားသတ်သမားကျန့်က နင်သုံးတဲ့ သက်ရှည်လက်သီးသိုင်းကို မြင်ရုံနဲ့ မှတ်မိတယ်ဆိုတော့ ဝူကျိအသင်းမှာတောင် သက်ရှည်လက်သီးဆုဒြာက နာမည်ကြီးနေမယ်ထင်တယ်.. "
ချောင်မူ စိတ်အတွင်းမှ ကျိတ်၍ ရယ်လိုက်မိ၏ ။ အင်မော်တယ်များမှ ချီးမြှင့်ထားသည်လော ။ ရှေးခေတ်တွင် အင်မော်တယ် ဘွဲ့ခံချင်ကြသော ဆရာကြီးများ အလွန်ပေါပေသည် ။ အသိညဏ် မတိုးတက်ကြသေးသော ခေတ်ဖြစ်၍ ပါးစပ်ပုံပြင်များအား အမှန်တကယ်ဟု မှတ်ယူနေကြ၏ ။ သို့ရာတွင် သက်ရှည်လက်သီးဆုဒြာအား သူ တကယ်စိတ်ဝင်စားနေခြင်းဖြစ်သည် ။ သက်ရှည်လက်သီးဆုဒြာကို ကျွမ်းကျင်ပါမှ အသက်ကြီးချိန်အထိ တက်ကြွနေနိုင်မည်ဖြစ်သည် ။
" ဝူကျိအသင်း ခေါင်းဆောင်က ကမ္ဘာ့အဆင့် ၂ သိုင်းသမား သိုင်းသူတော်စင်လို့ ခေါ်တယ် .."
" သူ့ကိုယ်သူ သိုင်းသူတော်စင်လို့ နာမည်တပ်ထားတာလား.. မောက်မာလိုက်တာ.. "
ချောင်မူက အထင်သေးဟန်ဖြင့် ဝင်ပြောလိုက်သည် ။
" သိုင်းသူတော်စင်က မဟာဟန်အင်ပါယာရဲ့ တရားရုံး အဆင့်မြင့်အရာရှိ ဖြစ်ဖူးတယ်လေ.. သဘာဝလွန်သတ္တဝါတွေနဲ့ တိုက်ပွဲမှာ အကြီးအကျယ် ရှုံးပြီးတော့မှ ရာထူးက နှုတ်ထွက်သွားပြီး သိုင်းလောကထဲ လျောက်သွားနေတာ.. နောက်ပိုင်းမှ သိုင်းသူတော်စင် နာမည်ခံလိုက်ပြီး အရမ်းသန်မာလာတာရော.. "
" ပြီးတော့ သိုင်းလောက ဂိုဏ်းတွေနဲ့ မိသားစုတွေကို ဖျက်ဆီးဖို့ ဝူကျိအသင်းကို ထူထောင်ပြီး သိုင်းပညာရပ်တွေကို လုယူတော့တာပဲ.. ခုကျ ဧကရာဇ်ကို လုပ်ကြံတော့မယ်တဲ့..ဟင်း.. တကယ်လည်း လုပ်ကြံနိုင်တဲ့ ခွန်အား ရှိတာပါပဲလေ.. "
ချောင်စန်းရွှယ်၏ အသံက တဖြည်းဖြည်း အေးစက်လာသည် ။ သူမတို့၏ ချောင်မိသားစုမှာ နှစ်တစ်ရာကျော် သက်တမ်းရှိ သြဇာအာဏာ ရှိသော မိသားစုကြီး တစ်ခုဖြစ်၏ ။ သိုင်းသူတော်စင်ကိုယ်တိုင် တိုက်ခိုက်ခဲ့၍သာ ကျရှုံးခဲ့ရခြင်းဖြစ်သည် ။ မဟာယန်တရားရုံး ကိုယ်တိုင်က လက်မြှောက်ထားရသော သိုင်းလောက အဆင့် ၂ ဖြစ်သူ သိုင်းသူတော်စင်အား သူမတို့ မည်သို့ ခုခံနိုင်မည်နည်း ။ ယခု သူမ တစ်ယောက်သာ အသက်ရှင်ကျန်ရစ် ခဲ့တော့သည် ။
သူမသည် ချောင်မူကို သိုင်းသင်ပေးနေခြင်းမှာ သိုင်းသူတော်စင်အား ရင်ဆိုင်ခိုင်းရန်မဟုတ် ။ အစွယ်အပွှားလေးများအား သတ်နိုင်လျှင်ပင် သူမ ကျေနပ်နေလေပြီ ။
ချောင်မူသည် အချိန်အတော်ကြာအောင် စဥ်းစားပြီး စကားစပြောလိုက်သည် ။
" ငါ့မှာ အကြံတစ်ခုရှိတယ်.. "
" ငါ ဝူကျိအသင်းထဲ ဝင်နိုင်မယ့် အခွင့်အရေး တစ်ခုရှာလိုက်မယ်.. "
ချောင်မူက ဝူကျိအသင်းအား အလွန်စိတ်ဝင်စားနေ၏ ။ သိုင်းပညာရပ်များ များစွာ ပိုင်ဆိုင်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်၍ ထိုသည်က သူ၏ အိမ်မက် ထဲမှ နိဗ္ဗာန် ဘုံပင် ။ ထိုသိုင်းပညာရပ်များသာ သူရနိုင်လျှင် ပျော်ပျော်ကြီး သေနိုင်လေပြီ ။
" နင်က ဝူကျိအသင်းထဲ ဝင်မလို့လား .."
ချောင်းစန်းရွှယ်က မျက်နာကို ချောင်မူဘက်သို့ လှည့်၍ အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသည် ။ သူမ ၏ နှလုံးသား အတွင်းမှ သက်ပြင်း တိတ်တခိုး ချမိလိုက်သည် ။
" အင်းလေ.."
ချောင်မူ ခေါင်းညိတ်လိုက်ပြီး ...
" ငါ ဝူကျိအသင်းထဲဝင်ပြီး ဧကရာဇ်ကို လုပ်ကြံလိုက်ရင် မဟာယန် တရားရုံး နဲ့ ဝူကျိအသင်းက အမြဲတန်း ရန်သူတွေ ဖြစ်သွားလိမ့်မယ်.. "
" ငါ ဝူကျိအသင်းထဲ မဝင်နိုင်ရင်တောင် ဝူကျိအသင်းကလို အယောင်ဆောင်ပြီး ဧကရာဇ်ကို လုပ်ကြံပစ်မယ်.. ဟမ့် အဲ့တာမှ ဝူကျိအသင်းကို မဟာယန်တရားရုံးက မြေလှန်ရှာတော့မှာ.. "
" မဟာယန်တရားရုံး ကိုယ်တိုင် အလေးအနက်ထားပြီး ကိုင်တွယ်ရင် သိုင်းသူတော်စင်ကို သတ်ချင် သတ်နိုင်မှာ.. "
ချောင်မူ၏ စကားကို နားထောင်ပြီးနောက် ချောင်စန်းရွှယ်တစ်ယောက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ...
" နင်အဲ့လို လုပ်ရင် နင်သေချာပေါက် သေမှာပေါ့.. "
ချောင်မူက...
" ဒါအကောင်းဆုံး နည်းလမ်းပဲလေ.. ငါတို့ နှစ်ယောက်ပေါင်းပြီး သိုင်းသူတော်စင်ကို သတ်မှ မသတ်နိုင်တာ.. ဒီအကြံသာ အောင်မြင်ရင် ဝူကျိအသင်း တော်တော်လေး ခံစားရလိမ့်မယ်.. "
ချောင်မူက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည် ။
" ဒါပင်မယ့် နင် ..နင်သေမှာလေ.."
ချောင်စန်းရွှယ်က ခပ်တိုးတိုး ပြောလိုက်သည် ။
" သေရမှာကို ဘာကြောက်စရာရှိမှာလဲ.."
ချောင်မူက ရယ်ချင်စိတ်ကို မျိုသိပ်၍ ပြောလိုက်သည် ။ သို့ရာတွင် ချောင်စန်းရွှယ်၏ ဝမ်းနည်း နေသောမျက်နှာလေးကို မြင်လိုက်ရလျှင် ဆင်ခြေပေးလိုက်၏ ။
" ငါ့ကို ကျေးဇူးကြွေးတင်ရင် နှစ်ဆ ပြန်ဆပ်တက်တယ်.. "
" နင်က ငါ့ကို သက်ရှည်လက်သီး ဆုဒြာ သင်ပေးမှတော့ နင့်အတွက် ငါသေရဲပါတယ် .."
ချောင်စန်းရွှယ်က တိတ်တဆိတ် နားထောင်နေပြီး ဝေခွဲမရသော အမူအရာအား မျက်နှာထက်တွင် မြင်နေရပေသည် ။
သူမသည် အမြင်အာရုံ မရှိသော်လည်း တခြားအာရုံများက သာမန်လူများထက် များစွာ သာလွန်နေပေသည် ။ သူမ အသက်ရှင်နိုင်ရန် ထိုအာရုံများကိုသာ အားကိုးခဲ့ရသည် ။
' လိမ်ပြောတာ မဟုတ်တဲ့အပြင် စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုတွေ အရမ်းများနေတာလား.. '
သူမ ၏ နှာခေါင်းပေါက်လေးများက ရှုံ့ပွရှုံ့ပွ ဖြစ်လာပြီး နှလုံးသားအတွင်းမှ အလွန်ထိမိ သွားသည် ။ သူမ အတွက် အသက်ကိုပင် ပေးဆပ်ရဲသည်လော ။
သူမ နှင့် ချောင်မူ တို့ သဘောတူထားသည်မှာ သူမက သက်ရှည်လက်သီးဆုဒြာ သင်ပေးမည်ဖြစ်ပြီး ချောင်မူက ဝူကျိအသင်းကို ကလဲ့စားချေရန် သူမကိုယ်စား စုံစမ်းပေးမည်ဖြစ်သည် ။
သက်ရှည်လက်သီး ဆုဒြာက အဖိုးတန်သော်လည်း ဝူကျိအသင်းတွင် သက်ရှည်လက်သီးဆုဒြာထက် မနိမ့်ကျသည့် သိုင်းပညာရပ် များစွာ ရှိပေသည် ။
ထို့အပြင် သက်ရှည်လက်သီး ဆုဒြာက အပြည့်အစုံ မဟုတ်၍ အသက်၏ တန်ဖိုးနှင့် ယှဥ်လျှင် နည်းနည်းမှ မနီးစပ်ပေ ။
' သူက လိမ်နေတာလဲ မဟုတ်ဘူး အတည်ပြောနေတာပဲ သူဘာလို့လဲ.. '
ချောင်းစန်းရွှယ်သည် အတွေးထဲတွင် နစ်မြောသွား၏ ။ ချောင်မူက ကျေးဇူးကြွေးကို နှစ်ဆပြန်ဆပ်ချင်နေသည်လော ။ ချောင်မူက အသက်ကိုရင်း၍ ပေးဆပ်မည်ဆိုလျှင် သူမ ကိုယ်တိုင်က မည်သို့ ပြန်ပေးဆပ်ရမည်နည်း ။
' သူပြောသလိုဆို ငါလည်း ပြန်ပြီး ကျေးဇူးဆပ်မှ ရမယ်.. '
ချောင်စန်းရွှယ်က ဤသည်ကို တွေးပြီး တင်းကြပ်စွာ ပိတ်ထားသည့် သူမ၏ မျက်လုံးကိုပင် ဖွင့်မိမလို ဖြစ်သွားသည် ။
" သူ ငါ့ကိုများ ကြိုက်နေတာလား.. "
" ငုတ်တုပ်ကြီး အိမ်မက် မက်နေတာလား.. "
ချောင်မူက ချောင်းစန်းရွှယ်၏ နှဖူးကို ခပ်ဖွဖွ ပုတ်လိုက်၏ ။ မည်သည့်အတွက်ကြောင့် သူမ ငိုင်နေပါသနည်း ။
" ငါတို့အနီးအနားမှာ ဝူကျိအသင်းဝင် တစ်ယောက်ယောက်များ ရှိလား.. "
သူ ဝူကျိအသင်းဝင်လိုလျှင် ဝူကျိအသင်းဝင်များကို ဆက်သွယ်ရပေမည် ။
" ရှိတယ်.. "
ချောင်စန်းရွှယ်က သူမ၏ အတွေးများကို ရှင်းထုတ်လိုက်ပြီး ခပ်ဖြည်းဖြည်း ပြောလိုက်၏ ။
" ယန်မြို့ အရှင် ကုံးယန်က ဝူကျိအသင်းဝင် လို့ ထင်တာပဲ.. "