အခန်း (၉+၁၀)
Vol. 1 Ch. 9+10
အခန်း ၉
~
မြင်းစီးစစ်သည် တစ်ရာကျော် ရုတ်တရက် ပေါ်လာသည်မှာ တိမ်မည်းကြီး ရုတ်တရက် ပြိုဆင်းလာသလိုပင် ထင်ရ၍ မြင်သူတိုင်း ထိတ်လန့်သွားကြ၏ ။
" မြို့အရှင် ရောက်လာပြီဟ.. "
" ပွဲကတော့ ကြည့်ကောင်းပြီဟေ့.. "
အနားရှိ လူများမှာ အသံမထွက်ရဲ ကြပဲ တော်တော်ဝေးဝေး အထိ နောက်ဆုတ်လိုက်ကြ၏ ။ ချောင်စန်းရွှယ်လည်း လူအုပ်အတွင်းမှ တိတ်တဆိတ်အသံနားစွင့်နေသည် ။ အခြေအနေများ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့မိ ။ ချောင်မူအား ဤကဲ့သို့ သတ္တိမျိုး မည်သူ ပေးအပ်ခဲ့ပါသနည်း ။
မြင်းသည်တော် တစ်ရာကျော်က လမ်းကို ပိတ်ဆို့ ထားလိုက်ကြသည် ။
ရှေ့ဆုံးမှ ဦးဆောင်လာသူက မြို့အရှင် ကုံးယန်ပင် ။ သူက သူ့သား အား ဖမ်းဆုပ်ထားသော ချောင်မူကို ကြည့်လိုက်၏ ။ မျက်နှာများ ဖောရောင်နေသော သူ့သားအား သူပင် ရုတ်တရက် မမှတ်မိ ဖြစ်သွားသည် ။
သူ၏ မျက်နှာ အမူအရာက လေးနက်သွားပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည် ။
" အ..အဖေ..."
သခင်လေးကုံးက မျက်လုံးကို ကြိုးစားဖွင့်ကာ အားကိုးတကြီး ခေါ်လိုက်သည် ။
" ပါးစပ်ပိတ်ထားစမ်း.. "
ကုံးယန်က မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်၍ သခင်လေးကုံး တစ်ယောက် သွေးအန်လုနီးပါး ဖြစ်သွား၏ ။ ဤသူက သူ၏ အဖေမှ ဟုတ်ပါသည်လော ။
ကုံးယန်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ချောင်မူကို အကဲခပ်လိုက်သည် ။
ချောင်မူသည် မျက်လုံးခြင်း စုံမိသည့် အခိုက်အတန့်တွင် သိုင်းသမားတစ်ယောက်၏ ဗီဇကြောင့် အားကောင်းသော ဖိအားကို ခံစားမိလိုက်၏ ။ မြို့အရှင် တစ်ယောက် တည်းကပင် စစ်သည်တစ်ရာကျော်ထက် ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေသည် ။
ချောင်မူက သူ မသေနိုင်မှန်းသိသော်လည်း အသက်ရှုရသည်မှာ တင်းကြပ်လာ၏ ။
' မြို့အရှင်က သာမန်လူ မဟုတ်ဘူးဘဲ ..သိုင်းပညာ တော်တော်လေး ထူးချွန်ရမယ်.. ဝူကျိအသင်းဝင် ဆိုတာ ကောလဟာလ ဟုတ်ပုံမရဘူး.. '
ချောင်မူ စိတ်ထိန်းလိုက်၏ ။ သူအနည်းငယ် စိတ်လှုပ်ရှား သွားမိသည် ။ အခြားသူများအတွက် သေခြင်းတရားဟူသည် အဆုံးသတ်ဖြစ်သော်လည်း သူ့အတွက်မူ သေခြင်းတရားသည် အကောင်းဆုံး အရာဖြစ်သည် ။ သူ သေမှသာ သန်မာလာနိုင်မည် ။
သားသတ်သမားကျန့် သတ်သည်ကို လေးကြိမ်ခံ ရပြီးနောက် သူ၏ ခွန်အားသည် အတွင်းအား ရလုနီးပါး အခြေအနေထိ တိုးတက်ခဲ့၏ ။ မြို့အရှင် သတ်သည်ကိုသာ ခံရပါက မည်မျှအထိ တိုးတက်လာနိုင်မည်နည်း ။
သူအသတ်ခံရသရွေ့ ပြန်လည် ရှင်သန်လာနိုင်ပြီး နောက်ဆုံးတွင် မြို့အရှင်အား အနိုင်ယူနိုင်မည်ဖြစ်သည် ။ သေမင်းက သူ့အား စပွန်စာ ပေးထား၍ သူမည်သို့ ရှုံးနိုင်ပါမည်နည်း ။
ထိုအခိုက် ကုံးယန်က ချောင်မူထံသို့ တစ်လှမ်းခြင်း လမ်းလျောက်လာသည် ။ သူအနားသို့ တိုးလာတိုင်း ချောင်မူ ခံစားရသော ဖိအားက ပိုမို ပြင်းထန်လာ၏ ။
အဝေးမှ ကြည့်နေကြသော သာမန်လူများပင် လေးလံသော လေထုဖိအားကို ခံစားမိလိုက်ကြသည် ။
ခဏအကြာတွင် ...
" ရပ်လိုက် ရှေ့ဆက်မတိုးနဲ့နော်.. "
ချောင်မူက သခင်လေးကုံးကို ကုပ်မှ ဆွဲမြှောက်ပြီး ခြိမ်းခြောက်လိုက်သည် ။
မြို့အရှင် ကုံးယန် ထိတ်လန့်သွားပြီး ရှေ့ဆက်မတိုးရဲတော့ချေ ။
ဖိနှိပ်နေသော ဖိအားက ရုတ်တရက် သက်သာသွားသည် ။
ကုံးယန်က ချောင်မူသည် အတွင်းအား မရှိသေးသော သိုင်းသမားသာ ဖြစ်သည်ကို သတိထားမိ၍ ဖိအားဖြင့် အနိုင်ယူရန် ဆုံးဖြတ်ခဲ့သော်လည်း ချောင်မူက တည်ငြိမ်နေမည်ဟု သူ မမျှော်လင့်မိခဲ့ ။ သာမန်သိုင်းသမားများသည် သူ၏ ဖိအားအောက်တွင် စကားပင် ပြောနိုင်မည် မဟုတ်ချေ ။ သူ့ကိုပင် ပြန်၍ ခြိမ်းခြောက်ရဲနေသည် ။ ဤကလေး၏ သတ္တိက မဆိုး ။
ကုံးယန်က အတွေးများ ရှုပ်ထွေးနေသော်လည်း တည်ငြိမ်သော မျက်နှာဖြင့်သာ အေးအေးဆေးဆေး ပြောလိုက်သည် ။
" ရောင်းရင်းလေး မလောပါနဲ့.. ငါတို့ စကားနဲ့ပဲ ဖြေရှင်းရအောင်.. "
" အဖြစ်အပျက်ကို ငါကြားထားပြီးပြီ.. ငါ့သား မှားတာကို ငါသိပါတယ်.. သူ့ကို အပြစ်ပေးသင့်တယ်.. "
" ငါ့သားကို ဆုံးမမှု လျော့နည်းခဲ့တာအတွက် ငါတောင်းပန်ပါတယ်.. နောက်ကို သူ့ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပြီး သေချာ စောင့်ကြည့်မယ် .."
ချောင်မူ လန့်သွား၏ ။ မြို့အရှင်က ဤမျှ နှိမ့်ချစွာ စကားပြောလာမည်ဟု သူ မထင်ထားမိ ။ သူ မခြိမ်းခြောက်ရသေးမီ အရင်တောင်းပန်နေသည်လော ။ မြို့အရှင် တစ်ယောက်အနေဖြင့် ဤမျှ နှိမ့်ချတက်နေသည်လော ။
မြို့အရှင် သည် လေးစားထိုက်သူ တစ်ယောက်ဖြစ်နေလျှင် ချောင်မူ၏ သေဆုံးမှု အကဲဖြတ်ချက်က လျော့နည်းသွားပေတော့မည် ။
' ပြသနာ တစ်ခု.. ပြသနာကြီးတစ်ခု ရှိနေရမယ်.. သူ့သားကို လွှတ်စေချင်လို့ ငါ့ကို အယုံသွင်းနေတာ သေချာတယ်.. '
ချောင်မူက မျက်နှာ အမူအရာမပြောင်းလဲဘဲ ပြောလိုက်၏ ။
" ခင်ဗျား တောင်းပန်ရမှာ ကျုပ်ကို မဟုတ်ဘူး.. ခင်ဗျား လူမှားနေပြီ.. "
" ခင်ဗျားတောင်းပန်ရမှာက ဟိုလင်မယားနှစ်ယောက်ကို ..ကျုပ်က သာမန် ဖြတ်သွားဖြတ်လာ တစ်ယောက်ပဲ ကျုပ်ကို တောင်းပန်ရမှာ မဟုတ်ဘူး.. "
" ဒါမှ မဟုတ် အရှင်တောင်းပန်တာက အရှင့်သား အပြစ်လုပ်လို့ မဟုတ်ဘဲ အဖမ်းခံထားရလို့ တောင်းပန်နေတာများလား.. "
ဤစကားသံ ထွက်လာလျှင် လူတိုင်း တိတ်ဆိတ်သွားကြ၏ ။ လူတိုင်း စကားမပြောရဲကြသော်လည်း အမူအရာများ တစ်မျိုး ဖြစ်ကုန်ကြသည် ။
သိက္ခာအပြည့်ဖြင့် တည်ကြည်စွာ နေလေ့ရှိသော မြို့အရှင် ကုံးယန်ပင် မျက်လုံးထောင့် အနည်းငယ် တုန်ရီသွားသည် ။
ကမ္ဘာကြီးက ဤသို့သာ ဖြစ်၏ ။ ဤအရာကို လူတိုင်းနားလည်ကြသော်လည်း ထုတ်ပြောသင့်သော စကားမဟုတ်ပေ ။ လမ်းမ၏ အလယ်တွင် ဤသို့သော စကားမျိုးကို အော်ကြီးဟစ်ကျယ် ပြောနေသည်လော ။ ကုံးယန် အနည်းငယ် ရှက်ရွံ့မိ သွားသည် ။
သို့သော်လည်း ညဏ်များသူ ဖြစ်သဖြင့် လေးနက်ဟန်ဖြင့်သာ ခေါင်းညိတ်လိုက်သည် ။
" ညီငယ်လေး ပြောတာ မှန်ပါတယ်.. ငါ့သားကို စိုးရိမ်နေမိလို့ လောသွားတာပဲ.. "
ကုံးယန်က အစိမ်းရောင်ဝတ် ဓားသမားကို လှည့်ကြည့်လိုက်၏ ။
" ခလွမ်.."
အစိမ်းရောင်ဝတ် ဓားသမားသည် ကြီးမားသော ဖိအားကို ခံစားမိလိုက်၍ တုန်ရီသွားကာ ဓားလွတ်ကျ သွားပြီး မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည် ။ သူ့တွင် ဒဏ်ရာရရှိ ထား၍ မြို့အရှင်၏ ဖိအားအောက်တွင် ဓားပင် မကိုင်နိုင်တော့ချေ ။
' ရန်မြို့ အရှင်က ငါထင်ထားတာထက် သန်မာတာပဲ.. ဒါပင်မယ့် ဒီလူငယ်လေးက ဘယ်ကလာတာလဲ ..ဒီဖိအားကို သူ မခံစားမိဘူးလား.. သူ မကြောက်တက်ဘူးလား.. "
အစိမ်းရောင်ဝတ်ဓားသမား အံ့သြသွားမိ၏ ။ မြို့အရှင်၏ ဖိအားကို ခံစားဖူးသူမှသာ သိနိုင်ပေလိမ့်မည် ။ သူ့အတွက်တော့ ရပ်တည်ရန်ပင် ခက်ခဲလှချေသည် ။
" သူရဲကောင်းလေး.. "
ကုံးယန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ လေးနက်ဟန်ဖြင့်...
" ငါ့သား ကိုယ်စား ငါတောင်းပန်ပါတယ်.. "
" ဒီအဖြစ်အပျက်က ငါ့သားရဲ့ အမှားပဲ.. "
ကုံးယန်က ဓားသမားကို တစ်ချက်ကြည်လိုက်ပြီး ...
" ငါထင်တာ မမှားရင် သူရဲကောင်းလေးက တောက်ပသောလ ဂိုဏ်းက ထင်တယ်.. "
" သူရဲကောင်းလေးတို့ ဂိုဏ်းရဲ့ မြင့်မြတ်တဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အတော်လေး ရင်းနှီးပါတယ်.. ငါ့သားက ဒီလိုမျိုး အမှားလုပ်မိတာကို ငါ အတော်လေး ရှက်မိတယ် ..နောက်တချိန် အခွင့်သာတဲ့အခါ ဂိုဏ်းတံခါးဝဆီ ကိုယ်တိုင်လာပြီး တောင်းပန်စကား လာပြောပါအုံးမယ်.. "
အစိမ်းဝတ် ဓားသမားက အနည်းငယ် တုန်လှုပ်သွား၏ ။ မြို့အရှင်က သူ၏ နောက်ခံကို သိနေသည်လော ။ မြို့အရှင် ပြောသော စကားက အနည်းငယ် ခြိမ်းခြောက်နေသည်ဟု သူခံစားမိသည် ။
" သူရဲကောင်းလေး.. ငါ တောင်းပန်တာကို မင်းလက်ခံပေးနိုင်မလား.. "
ကုံးယန်၏ မျက်လုံးများက မီးရှူးမီးပန်းများ သဖွယ် လင်းလက်နေလေသည် ။
အခန်း ၁၀
~
အစိမ်းရောင်ဝတ် ဓားသမားက ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိ ။
ကုံးယန်က စကားထပ်မပြောဘဲ လက်ဝှေ့ယမ်းလိုက်ရာ စစ်သည်များ လမ်းဖယ်လိုက်ကြပြီး ဓားသမား၏ ဇနီးကို ရှေ့သို့ ခေါ်ဆောင်လာကြသည် ။
" ကျန်းလန်..."
အမျိုးသမီးက ခပ်တိုးတိုးပြောလိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်၏ ။ သူမ မျက်နှာချင်းမဆိုင်ရဲပေ ။ အခြေအနေများ ဤမျှအထိ ဆိုးရွားလာမည်ဟု သူမ မထင်မိခဲ့ ။ သူမ လွတ်အောင်မပြေးနိုင်လိုက်ဘဲ စစ်သည်များ၏ ရှာဖွေခေါ်ဆောင်ခြင်းကို ခံလိုက်ရသည် ။
ယန်မြို့ တစ်ခုလုံးအား မြို့အရှင်ပိုင်၍ အတောင်ပေါက်နေမှသာ ထွက်ပြေးလွတ်နိုင်လိမ့်မည် ။
" ဒါတွေအားလုံးက နားလည်မှု လွဲနေကြတာပဲ.."
ကုံးယန်က လေးနက်ဟန်ဖြင့်...
. " ကံကောင်းတာက သူရဲကောင်းလေးတို့ ဇနီးမောင်နှံ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရမသွားတာ တော်သေးတယ်.. "
" တောင်းပန်တဲ့ အနေနဲ့ ငွေသားတစ်ရာ လျော်ကြေးပေးပါမယ်.. သူရဲကောင်းလေးတို့ ကျုပ်သားကို ခွင့်လွှတ်ပေးနိုင်မလား.. "
ကုံးယန်က ရိုးသားပွင့်လင်းဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည် ။
ဓားသမားနှင့် အမျိုးသမီးတို့ တစ်ယောက်ကို တစ်ယောက် အကူအညီမဲ့စွာ ကြည့်လိုက်မိကြ၏ ။
ကုံးယန်က သူ့သားဖြစ်သူနှင့် မတူ ။ စကားကို ကောင်းမွန်စွာ ပြောဆိုတက်သလို အဆက်အသွယ်များကိုလည်း ချိတ်ဆက်တက်၏ ။
ဤကဲ့သို့ မြို့အရှင် ကိုယ်တိုင် တောင်းပန်နေခြင်းကပင် အကောင်းဆုံး အခြေအနေဟု ဓားသမားတို့ ဇနီးမောင်နှံ တွေးလိုက်မိကြသည် ။ ထို့ကြောင့် ခေါင်းညိတ်ရုံသာ ရှိတော့၏ ။
" ကျေးဇူးတင်ပါတယ် အရှင်ကုံး.. မြို့ကို ရောက် ရောက်ခြင်း ကျုပ်တို့လဲ စိတ်မြန်လွန်းသွားတယ်.. "
ဓားသမားက ပြောလိုက်၏ ။
ပွဲကြည့် ပုရိတ်သတ်အားလုံး သက်ပြင်းချလိုက်မိကြသည် ။ နှစ်ဦးနှစ်ဖက် တောင်းပန်၍ ကျေအေးသည်က အကောင်းဆုံးပင် ။
" ဒီလို အခြေအနေမျိုး ကြုံလာရင် ဒီလို ပြီးသွားတာက အကောင်းဆုံးပဲ အနည်းဆုံးတော့ မသေရတော့ဘူးပေါ့.. "
" နှစ်ယောက်လုံး သေမယ်ထင်ထားတာ.. ရလဒ်က ငါထင်ထားတာနဲ့ တခြားဆီပဲ.. "
တင်းမာသော လေထုက တဖြည်းဖြည်း ပြေလျော့ လာ၏ ။ လေးနက်ဟန်ဖြင့် စကားပြောနေသော ကုံးယန်၏ မျက်နှာပင် တည်ငြိမ်သွားသည် ။ သူက ခေါင်းလှည့်၍ ချောင်မူကို ချက်ချင်းကြည့်လိုက်၏ ။
သူ မြို့အရှင် ဖြစ်ခဲ့သည့် သက်တန်းတလျောက် ချောင်မူကဲ့သို့ စိတ်မြန်သည့် လူငယ်မျိုး များစွာတွေ့ဖူးပေသည် ။ ထိုသူတို့အား တိုက်ရိုက် ထိပ်တိုက် မတွေ့ဘဲ အနည်းငယ် အလျော့ပေးကာ တောင်းပန်လိုက်သည်က မှန်ကန်သော ဖြေရှင်းနည်းပင် ။ ပြီးနောက် အာရုံံကို ဓားသမားထံသို့ ချက်ချင်းပြောင်းလိုက်၏ ။ ယခု သူ၏ အကြည့်က အဓိပ္ပါယ် အပြည့်ပါဝင်နေသည် ။ အဓိက ခံစားခဲ့ရသူများပင် ကျေအေးပေးနေလျှင် ဘာမှမဆိုင်သည့် ဘေးလူက ရပ်သင့်ပြီ မဟုတ်လော ။ ဓားစားခံအား ဖမ်းမထားသင့်တော့ချေ ။
" မြို့အရှင် ကျုပ်မေးစရာ တစ်ခုပဲ ရှိတယ်.. "
ချောင်မူက တချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး ယခုမှ ခပ်တိုးတိုး ပြောလိုက်၏ ။
" ကျုပ်မေးချင်တာက.. ကွဲနေတဲ့ မှန်တစ်ချပ်ကို အက်ရာမပါဘဲ ပြန်ဆက်လို့ ရလို့လား.. "
ဤစကားက လူတိုင်း၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားသည် ။ ရှည်လျားသော လမ်းမတစ်လျောက်လုံး ပဲ့တင်ထပ်သွား၏ ။
အားလျော့ထားသော ဓားသမား၏ အမူအရာမှာ စိတ်ရှုပ်ထွေးဟန် ဖြစ်သွားပြီး သူ၏ ဘေးတွင် ရှိသော လှပသော အမျိုးသမီးကို လှည့်ကြည့်လိုက်မိ၏ ။ အမျိုးသမီးက ခေါင်းကို အောက်သို့သာ ငုံ့ထားသည် ။
ဓားသမား၏ စိတ်ထဲတွင် သူ၏ ဇနီး ထွက်ခွာသွားသော မြင်ကွင်းကိုသာ မြင်ယောင်မိနေသည် ။ အက်ကွဲနေသော မှန်တစ်ချပ်ကို အက်ရာမရှိဘဲ ပြန်၍ဆက်နိုင်သည်လော ။ သူ မသိ ။
ဤမေးခွန်း ထွက်လာပြီးနောက် မြို့အရှင် ဖွေရှာထားသော ငြိမ်းချမ်းရေးက ချက်ချင်း ပျက်သုဥ်းသွား၏ ။ အားနည်းသူအတွက် အကောင်းဆုံး ရလဒ်ဖြစ်သော်လည်း ချောင်မူက အပေါ်ယံ အလွှာ မျက်နှာဖုံးကို ဆုတ်ဖြဲပြစ်လိုက်သည် ။
ငြိမ်းချမ်းဟန်ဆောင်၍ အရှက်တရားကို နှလုံးသား ထဲတွင် မြိုသိပ်ထားချင်သည်လော ။ ချောင်မူက ရပ်ကြည့်နေမည့်သူ မဟုတ်ပေ ။
" ကုံးယန်......"
ချောင်မူက သခင်လေးကုံးကို ကုပ်မှ ဆွဲမြှောက်၍ ကျယ်လောင်စွာ အော်လိုက်၏ ။
" လျော်ကြေးပေးပြီး တောင်းပန်ရုံနဲ့ ဒီကိစ္စက ပြေလည်သွားမယ်လို့ ခင်ဗျား ထင်နေတာလား.. ဒါ ခင်ဗျားရဲ့ အတင်းအကြပ် ငြိမ်းချမ်းရေးလား.. "
အစိမ်းရောင်းဝတ် ဓားသမားက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိ၏ ။ ကာယကံရှင် ဖြစ်သူ သူကိုယ်တိုင်ပင် ခေါင်းငုံ့နေရသည့် အချိန်တွင် သူ့ထက် အားနည်းသော လူငယ်လေးက သူ့အတွက် အမှန်တရားကို ရှာဖွေ ပေးနေသည်လော ။ သူ့ ရင်ထဲ မြိုသိပ်ထားရသော စကားလုံးများကို သတ္တိရှိရှိ ထုတ်ပြော၍ မြို့အရှင်အရှင်အား ကျိန်ဆဲရဲနေသည်လော ။ မည်မျှ သတ္တိကောင်းလိုက်ပါသနည်း ။
ချောင်မူက ဆက်ပြော၏ ။
" ခင်ဗျားသားက လမ်းပေါ်ထွက်တိုင်း လူတွေကို အနိုင်ကျင့်လို့ နာမည်ပျက်နေတာ ကြာပြီ .."
ချောင်မူက လမ်းမ တစ်လျောက်ရှိ သွေားကွက်များကို ညွှန်ပြလိုက်သည် ။
သခင်လေး လမ်းပေါ်ထွက်တိုင်း အစောင့်များက ကြာပွတ်ဖြင့် ရိုက်၍ လမ်းရှင်းတက်၏ ။ အသက်အရွယ်မရွေး ၊ ကျားမ မရွေးဘဲ မြင်မြင်သမျှကို ရိုက်ပစ်ခြင်းဖြစ်သည် ။ သွေးကွက်များက ခြောက်ပင် မခြောက်သေး လတ်လတ်ဆတ်ဆတ်သာ ရှိသေး၏ ။
သိုင်းသမားများ၏ ကြာပွတ်ဒဏ်က ပွန်းပဲ့ရုံဖြင့် ပြီးမသွားချေ ။ အရိုးများကို ချိုးပစ်နိုင်သော အားပါရှိပြီး အားနည်းသူဆိုလျှင် အသက်ထွက်သွားနိုင်၏ ။ အရိုက်ခံရသူတိုင်း လေပေါ် လွင့်ပျံ သွားမည်ဖြစ်သည် ။
" အဲ့မှာ မြင်လား .. အဲ့ သွေးကွက်တွေကို ကြည့်.. ခင်ဗျားသားကြောင့် ထိခိုက်သူက အဲ့ ဇနီး မောင်နှံတင် မဟုတ်ဘူး တစ်မြို့လုံးက လူတော်တော် များများကိုပဲ.. ဒီကိစ္စကို ခင်ဗျား ဘယ်လို လုပ်ပေးမှာလဲ.. ခင်ဗျား သားက မြို့ခံ လူထုကို စိတ်ဒုက္ခရော ကိုယ်ဒုက္ခရော ပေးနေတာ ကြာပြီ.. "
ပုရိတ်သတ်များ အားလုံး စိတ်နှလုံး တုန်လှုပ်သွားကြ၏ ။ ချောင်မူအား စိုက်ကြည့် မိလိုက်ကြသည် ။သူတို့အထဲရှိ လူတော်တော်များများ တွင် သခင်လေးကုံး၏ အစောင့်များ ရိုက်နှက်သော ကြာပွတ်အမာရွတ်များ ရှိနေလေသည် ။ သူတို့ မပြောရဲ သည့်စကားကို အားလုံးကိုယ်စား ထုတ်ပြောပေးနေသည်လော ။ အားလုံး တုန်လှုပ်သွားမိကြသည် ။ သူတို့ကဲ့သို့ အင်အားနည်းပါးစွာ မွေးဖွားလာသော ပြည်သူများအတွက် နှိပ်စက်မှု ဒဏ်ကို အံကြိတ်ခံရုံသာ တက်နိုင်ကြသည် ။ မည်သူမှ မတွန်းလှန်ရဲကြ ။
မြို့အရှင် ကုံးယန် အကြာကြီး တိတ်ဆိတ်သွားသည် ။ သူ့သား အပြစ်ပြုမိသူ အားလုံး ကို တောင်းပန်ရမည်လော ။ ဤသည်က မဖြစ်နိုင် ။ သူ့သား အပြစ်ပြုမိသူ မည်မျှ ရှိသည်ကို သူ ခန့်ပင် မခန့်မှန်းရဲချေ ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးမှ ကုံးယန်က စကားစလိုက်၏ ။
" ညီငယ်လေး.. မင်း တောင်းပန်ဆိုလို့ ငါတောင်းပန် ပြီးပြီး.. ငါ့သားကို လွှတ်ပေးအောင် ငါဘာလုပ်ပေးရမလဲ.. "
ချောင်မူက ဤစကားကို ကြားလျှင် စိတ်လှုပ်ရှားသွား၏ ။ သူစောင့်မျှော်နေသော အချိန်အခါကို ကျရောက်လာလေပြီ ။ ဤကဲ့သို့ စောစောမေးလျှင် ဤမျှ စကားရှည်နေမည် မဟုတ်ချေ ။
" ခင်ဗျား သူ့ကို လွှတ်စေချင်ရင် မခက်ပါဘူး.. "
ချောင်မူက သူရဲကောင်းတစ်ယောက်၏ ဟန်ပန်အပြည့်ဖြင့်...
" ကျုပ်သေမှပဲ ရမယ်.. "
သူတောင်းဆို ချင်သည်က သေခြင်းတရားသာ ဖြစ်သည် ။ မသေနိုင်သော စွမ်းအားကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ရန် သတ္တိရှိ၏ ။ လုပ်ခဲ့သမျှ အတွက် အကြောင်းအကျိုး အကောင်းအဆိုးကို ထည့်တွက်ရန် မလိုဘဲ သေဆုံးရန်သာ လိုအပ်သည် ။ မြို့အရှင် ကုံးယန်ကဲ့သို့ ကြောင်သူတော်မျိုးကို စကားလုံးဖြင့် ဆုံးမ၍ ရမည်မဟုတ်ဘဲ ခွန်အားဖြင့်သာ ဆုံးမရပေမည် ။ ထို့ကြောင့် ဆုံးမနိုင်သည့် ခွန်အား ရရှိရန် သူ သူရဲကောင်းဆန်စွာ သေရန် လိုအပ်ချေသည် ။
မြို့အရှင် ကုံးယန်သာ လူအများ ရှေ့တွင် သူ့ကိုသတ်လျှင် လက်စားချေရန် ကိုယ့်အားကိုယ် ကိုးနိုင်ပေလိမ့်မည် ။