← Chapters

ကောင်းသည့် ကမ္မ ရောက်လာခြင်း

Vol. 10 Ch. 100

ကောင်းသည့် ကမ္မ ရောက်လာခြင်း

Vol. 10 Ch. 100

“ ကျွန်မရဲ့ အဖေကို ခွဲစိတ် ဆရာဝန် လုပ်ခိုင်းရမယ် ဟုတ်လား …”

ရှောင်နာ့ လွှတ်ခနဲ မေးလိုက်မိသည်။

“ ဘာလို့လဲ ဒေါက်တာချန် ….”

“ ဆေးရုံမှာ စပယ်ရှယ်လစ်တွေ ဒီလောက်များသာ ကျွန်မရဲ့ အဖေ တာဝန်ယူဖို့ မသင့်တော်ပါဘူ …”

ချန်ယွီ့က သူမ အဖေရဲ့ နာမည်ကို သိနေတာကို သူမ အံ့အားသင့်ခြင်း မဖြစ်မိ။

မည်သို့ပင်စေဆို ချန်ယွီ့က အရာအားလုံးကို သိသည်။

ချန်ယွီ့က ဘာကြောင့် အဲ့သလို စီစဉ်ခိုင်းရလဲဆိုတာကိုပဲ သူမ နားမလည်နိုင် ဖြစ်နေမိသည်။

ဆေးရုံကြီးတွင် မရေမတွက်နိုင်သည့် ခွဲစိတ်ဆရာဝန်များနှင့် စပယ်ရှယ်လစ်တို့ရှိ၏။

သူမ အဖေ၊ ဝမ်ခမ်းက ဌာန၏ လက်ထောက် ဒါရိုက်တာတစ်ဦးသာ ဖြစ်သည်။

သူ့ ဆေးပညာ အရည်အချင်းက မလုံလောက်သောကြောင့်ဟု မဆိုလိုဘဲ သူ့ထက်သာသည့် စပယ်ရှစ်လစ်တို့ များစွာ ရှိနေသည်။

“ ဘာကြောင့်ဆိုတော့ ခွဲစိတ်ဆရာဝန် ခေါင်းဆောင်က သူ ဖြစ်မှပဲ လူနာက လျင်လျင်မြန်မြန်နဲ့ ပြန်သက်သာလာနိုင်မှာမို့လေ…”

ချန်ယွီ့ရဲ့ စကားက ရှောင်နာ့ရင်ထဲရှိ ရှုပ်ထွေးမှုကို မဖြေရှင်းပေးသွားရုံမက ဆန့်ကျင်ကဘက် မေးခွန်းသင်္ကေတတို့သာ ထပ်ပြီး တိုးလာငစေသည်။

“ ကျွန်မ အဖေရဲ့ ဆေးပညာ အရည်အချင်းတွေက ဘယ်တုန်းက စပြီး ဒီလောက် အံ့ဩဖို့ကောင်းသွားခဲ့တာ …”

ရှောင်နာ့ နားဝေတိမ်တောင် ဖြစ်စွာ မေးလိုက်၏။

“မင်းအဖေ အခု ဆေးရုံမှာရှိတယ် မလား … သူ့ကို ခေါ်လိုက် ….”

“ အိုး … အိုကေ … ကျွန်မ အခုပဲ ခေါ်လိုက်မယ် …”

ချန်ယွီ့ရဲ့ ရည်ရွယ်ချက်ကို သူမ မခန့်မှန်းနိုင်သော်လည်းပဲ ချန်ယွီ့ ပြောသည့် စကားလုံးများက လီဝေ့ရဲ့ အကျိုးအမြတ်အတွက်ဆိုတာ သူမ ယုံသည်။

သူမ ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်။

မိနစ် အနည်းငယ်ကြာပြီးနောက် အဖြူရောင်ကုတ်အရှည်နှင့် ဆရာဝန်တစ်ဦး အထဲသို့ ဝင်လာသည်။

ရှောင်နာ့က အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်ပြီး ကုတင်ပေါ်ရှိ ဖုန်းသို့ ပြောလိုက်၏။

“ အဖေ … ဒေါက်တာချန်ပြောတာ အ‌ဖေ ခွဲစိတ်ဆရာဝန် ခေါင်းဆောင် လုပ်မှပြ လူကြီးမင်းလီကို အကောင်းဆုံး ကုသပေးနိုင်ပြီး အမြန်ဆုံး ပြန်သက်သာလာစေနိုင်မှာတဲ့ ….”

“ ဟယ်လို ဒေါက်တာချန် … လူနာရဲ့ အသားပိုက ဒုက္ခမပေးတဲ့ အသားပိုဆိုတာ မင်း ဘယ်လိုလုပ်ပြီး ဆန်းစစ်လိုက်တာလဲ ….”

ဝမ်ခမ်းက သူ့သမီးဖုန်းထဲရှိ ချန်ယွီ့အနားသို့ ကပ်လာပြီး သူ့အား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

သူက ချန်ယွီ့ကို နတ်ဘုရားသဖွယ် မှတ်ယူထားသည့် သူ့သမီးနှင့် မတူပေ။

ဝမ်ခမ်းတွင် သံသယတို့ ပြည့်နှက်နေခဲ့သည်။

သူက လိုက်စထွင်းများအား ကြည့်ခဲ့ပြီး … ကြည့်ဖြစ်ခဲ့လျှင်ပင် သူ့ လုပ်ဖော်ကိုင်ဖက်များ၏ လိုက်စထွင်းကိုသာ ကြည့်သည်။

သူ့သမီးရဲ့ ဇာတ်လမ်ကို နားထောင်ပြီးနောက် ဝမ်ခမ်းက ချန်ယွီ့ကို လူလိမ်ဟု ခေါ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

မည်သို့ပင်ပြောပြော … အခြေအနေက မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည်။

လီဝေ့မှာ အသည်းကင်ဆာ မရှိဘူးလို့ စခရင်ကနေ တစ်ဆင့် ဆန်းစစ်လိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

ဒီ ချန်ယွီ့ ဆိုတဲ့ လူမှာ အိပ်စ်ရေး အမြင်အာရုံ ရှိနေလို့လား …

“ ဒါပေါ့ … သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုတွေကနေပဲပေါ့ …”

“ ခင်များတို့ ဆေးရုံရဲ့ လက်ရှိ အနေအထားနဲ့ဆိုရင် ကျုပ် စောနက ပြောသွားခဲ့တာတွေကို မှားလား မှန်လား စစ်ဆေးဖို့ မခက်ပါဘူး …”

ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ CT သွေးကြောဓာတ်ပုံနဲ့ အသားပိုရဲ့ 3d ပုံစံကို ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာလိုက်ရုံပါပဲ …”

ဝမ်ခမ်းမှာ ပိုပြီး ရှုပ်ထွေးသွားခဲ့ရသည်။

သွေးကြောဓာတ်ပုံ ခွဲခြမ်းစိတ်ဖြာခြင်းက အင်္ဂါရပ်၏ ရောဂါနှင့် ပတ်ပတ်လည်တစ်သျှူးများရှိ ဆက်စပ်မှု အခြေအနေကို ပြသနိုင်သည်။

ယင်းက အသားပိုမှာ ကင်ဆာအကျိတ် ဟုတ်မဟုတ် ခွဲခြမ်းစိတ်ဖြာဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

သူ နားထောင်လေလေ၊ ပိုပြီး ရှုပ်ထွေးရလေလေဖြစ်နေမိ၏။

ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန် မဟုတ်ဘူးလား …

အသားပို ကုသမှုအကြောင်းကို ဘာကြောင့် ဒီလောက်ထိ သိနေရတာလဲ …

“ ငါ့ကို ဘာကြောင့် ခေါင်းဆောင် ခွဲစိတ်ဆရာဝန် ဖြစ်စေချင်တာ ….” ဝမ်ခမ်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ “ တကယ်လို့ ငါ့ဆရာသာ ဖြစ်မယ်ဆိုရင် ဒီ ခွဲစိတ်မှုရဲ့ အောင်မြင်နိုင်ချေက ပိုပြီးတောင် မြင့်ဦးမယ်….”

“ သူ့ရဲ့ ဆေးပညာ အရည်အချင်းက တကယ်ပဲ ခင်များထက်ပိုကောင်းတာ မှန်တယ် … ဒါပေမယ့် သူ မလုပ်နိုင်တာ တစ်ခုတော့ ရှိတယ်….”

“ သူက ခင်များလိုမျိုး လူနာကို အချိန်တိုအတွင်း သက်သာလာအောင် မကူညီပေးနိုင်ဘူး ….”

ချန်ယွီ့က သူ့မေးခွန်းကို တုံ့ပြန် ဖြေဆိုလိုက်သည်။

“ ဘာကြောင့်ဖြစ်မလဲ …”

ချန်ယွီ့က သူ့ကို တုံ့ပြန် မေးခွန်းထုတ်လိုက်သည်။

ဤသည်ကို ကြားတော့ ဝမ်ခမ်း ခေါင်းခြောက်သွားခဲ့တော့သည်။

ကြည့်ရှုသူများလည်း တစ်လုံးမှ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

“ ဥပမာပရရင် တကယ်လို့ လူတစ်ယောက် နာမကျန်းဖြစ်ပြီး ဆေးရုံတင်လိုက်ရမယ် … ပြီးတော့ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်ကလည်း သူ့ဆွေမျိုးသားချင်းပဲ ဖြစ်မယ်ဆိုရင် တကယ်လို့ အောင်မြင်သွားခဲ့ရင် ကျိန်းသေပေါက် စိတ်အခြေအနေကောင်းနေမှာ သေချာတယ် ဟုတ်တယ်ဟုတ် …” ချန်ယွီ့က အပြုံးဖြင့် မေးလိုက်၏။

“ သူတို့ ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်နဲ့ အတူတူ နေနိုင်ဖို့ လူနာကလည်း ခွဲစိတ်မှုပြီးတဲ့နောက်မှာ ပြန်လည် ပျိုးထောင်ရေး ကုသမှုတွေကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးမှာ သေချာတယ် …”

“ အဲ့တာ အမှန်ပဲ … ဒါပေမယ့် … ဟမ် ….”

နောက်တစ်စက္ကန့်၌ ဝမ်ခမ်း၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။

စကားပြောခန်းထဲရှိ ကြည့်ရှုသူများလည်း တစ်ချိန်တည်း တိတ်ဆိတ်သွားခဲ့ကြ၏။

“ ကျွန်မရဲ့ အဖေက လူကြီးမင်းလီရဲ့ ပျောက်ဆုံးနေတဲ့ ညီလေးလား ….” ရှောင်နာ့က အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ DNA စစ်ကြည့်လိုက်ရင် အဖြေထွက်နေပြီပဲမလား …. “ ချန်ယွီ့ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

ရှောင်နာ့ လုံးဝ မယုံကြည်နိုင် ဖြစ်နေမိ၏။

သူမ တစ်ချိန်လုံး ပြုစုစောင့်ရှောက်ပေးနေခဲ့တဲ့ လူနာက သူမရဲ့ ဦးလေး ဖြစ်နေတယ်တဲ့လား …

ဒရာမာ ဆန်လိုက်တာ …

သူနာပြုကျောင်းကနေ ဘွဲ့ရပြီးနောက်မှာ ရှောင်နာ့က သူမ ကျောင်းတွင် ဘယ်လောက်ပဲ အမှတ်ကောင်း ရခဲ့ပါစေ၊ ဆေးရုံသို့ ရောက်လာပြီးနောက် ယုံကြည်ချက် သိပ်မရှိခဲ့ချေ။

သူမ အင်တာဗျူးကို တစ်ကြိမ်တည်းနှင့် အောင်မြင်သွားခဲ့ပြီးနောက် ပထမဦးဆုံး စောင့်ရှောက်ပေးရသည့် လူနာက လီဝေ့ဖြစ်ပြီး သူမ၏ အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် ဦးလေးပင်။

“ မင်းက ငါ့ညီလေးလား …”

လီဝေ့၏ မျက်နှာထက်တွင် ရှော့ခ်ရမှုနှင့် အံ့အားသင့်မှုတို့ ပြည့်နှက်နေသည်။

သူလည်း ရှောင်နာ့ကဲ့သို့ တွေးနေမိသည်။

လောကကြီးတဲ့ ဒီလောက် တိုက်ဆိုင်တာမျိုး ရှိနိုင်မှာလား …

ဝမ်ခမ်း၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။ သူ့ ကလေးဘဝတုန်းက အကြောင်းအရာများနှင့် ပတ်သက်၍ ဘာတစ်ခုမျှ မမှတ်မိသောကြောင့်ပင်။

သူ့မိဘများ ပြောသည်ကတော့ သူ့အသက် ငါးနှစ် ၊ ခြောက်နှစ်တုန်းက တိရစ္ဆာန်ရုံသို့ ခေါ်သွားပေးသည်။

သူက ငယ်သေးပြီး ခပ်ဆိုးဆိုးနိုင်သောကြောင့် ခြင်္သေ့ကို ဒေါသထွက်အောင် လုပ်မိပြီး ခြင်္သေ့ဟိန်းသံကြောင့် သတိလစ်သွားခဲ့ပြီးနောက်တွင် မှတ်ဉာဏ်များ ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

လူနာခန်းထဲရှိ လူသုံးယောက်မှာ အချိန်ရပ်တန့်သွားသည့်နှယ် တစ်ယောက်ကိုယ်တစ်ယောက် အချိန်အကြာကြီး ငေးကြည့်နေကြသည်။

“ ဒေါက်တာ ဝမ်ခမ်း …” ချန်ယွီ့ ပြောလိုက်သည်။

“ ငါ ရှိတယ် ….”

ဝမ်ခမ်း မသိစိတ်အလျောက် တုံ့ပြန် ဖြေဆိုလိုက်၏။

“ ခင်များ ငယ်ငယ်လေးတုန်းက မှတ်ဉာဏ်တွေကို မမှတ်မိတာက ဘာလို့ဆိုတော့ ခင်များကို လူကုန်ကူးသမားတွေ ပြန်ပေးဆွဲပြီးနောက်ပိုင်းမှာ ခင်များက ဆက်တိုက်ငိုယိုသောင်းကျန်းနေလို့ ရိုက်နှက်ခံခဲ့ရတာကြောင့်ပဲ ….”

“ သိပ်မကြာခင် လူကုန်ကူးသမားတွေက ခင်များကို လက်ရှိ ခင်များရဲ့ မိဘတွေဆီ ရောင်းစားလိုက်တယ် …”

( အရင် တရုတ်မှာက တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေကြောင့် ဒီလိုလုပ်ငန်းတွေ တော်တော်တွင်ကျယ်ခဲ့တယ်။ ဆေးရုံမှာ ကလေးချင်းလဲတာတို့။ ကလေးခိုးတာ‌တို့ပေါ့။ အဲ့ဒီ ဥပဒေရဲ့ အကျိုးဆက်က ယောက်ျား မိန်းမ ဦးရေ မညီမျှမှုကို ဖြစ်စေပြီး အာရှ အိမ်နီးချင်းနိုင်ငံတော်တော်များများက မိန်းကလေးတွေပါ တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့အထိ ဥပါဒ်သင့်စေလာတဲ့အထိပါပဲ။ အခုတော့ အဲ့ဥပဒေကို ဖျက်သိမ်းသွားပါပြီ။ ဤကား - စကားချပ်)

“ ခင်များ ပတ်ဝန်းကျင်အသစ်ကို ရောက်လာတဲ့အချိန်မှာ ခင်များရဲ့ မွေးစားမိဘတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတော့ နာကျင်တဲ့ မှတ်ဉာဏ်တွေကို မသိစိတ်က အလိုအလျောက် ကာကွယ်ပေးထားပြီး အားလုံး မေ့ပျောက်သွားခဲ့တာပဲ…”

“ ဒါ တကယ်ပဲလား …”

ဝမ်ခမ်းက ရှော့ခ်ရစွာ မေးလိုက်သည်။

“ ခင်များရဲ့ မိဘတွေက ခင်များကို အဖြေမှန် ပြောနိုင်တယ် ….”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က လီဝေ့ကို ကြည့်လိုက်သည်။

“ ဒီရဲ့ လူနာကတော့ … ခင်များ .. ခင်များရဲ့ ကုမ္ပဏီကိစ္စ စိတ်ပူဖို့ မလိုဘူး ….”

“ ခင်များ စိတ်အေးအေးချမ်းချမ်းနဲ့ ခွဲစိတ်မှုခံယူပြီး ဆေးရုံရဲ့ ကုသမှုနဲ့ ပြန်လည်သက်သာလာမယ့် အစီအစဉ်တွေကို ပူးပေါင်းဆောင်ရွက်ပေးသရွေ့ ခင်များရဲ့ ခန္ဓာကိုယ် ပြန်ကျန်းမာလာဖို့ဆိုတာ မကြာဘူး …”

“ အချိန်ကျလာရင် ခင်များရဲ့ ကုမ္ပဏီက အခွင့်အလမ်းအသစ်တွေ ရလာပြီး သက်ဆိုင်ရာ ဌာနတွေကလည်း ခင်များကို ကြီးကြီးမားမား ကူညီပေးကြဦးမယ် …”

ကောင်းမှုပြုသူများက ချက်ချင်း လက်ငင်း အကျိုးခံစားခွင့်တော့ မရှိ။ သို့သော် ကောင်းသည့် ကမ္မ ရောက်လာသည်နှင့် အရာအားလုံးက အစစအရာရာ အဆင်ပြောချောမွေ့သွားလိမ့်မည်။

ဤကိစ္စပြီးနောက်တွင် လီဝေ့ထံသို့ ကျရောက်လာနိုင်သည့် ကံဆိုးမှုများအားလုံး ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

လီဝေ့၏ ကံကောင်းမှုက သူ့ ကျန်သည့် သက်တမ်းတစ်ဝက်လုံး ကောင်းချီးပေးနေမှာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ၊ ယခုက သူ့ဘဝကို ပျော်ရွှင်နှစ်သက် ကြည့်နူးရမည့် အချိန်ပင်။

“ ဒေါက်တာချန် .. တကယ်လို့ ဒါတွေ အားလုံးက အမှန်ဖြစ်မယ်ဆိုရင် ငါ မင်းကို ကျေးဇူးပြန်ဆပ်ဖို့ အရာအားလုံး လုပ်ပေးလိုပါတယ် …”

လီဝေ့က ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ကျပြီး ပြောသည်။

“ ကျွန်တော်က ဆရာဝန် … ခင်များက ကျွန်တော့်ဆီလာတဲ့ လူနာ … လူနာရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့က ဆရာဝန်တွေရဲ့ တာဝန်ပါပဲ … ခင်များ တရားလွန် ကျေးဇူးတင်နေဖို့ မလိုပါဘူး ….”

“ ခင်များမှာ အခု လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေမှာပဲ … ဒီတော့ ဒီလောက်ပဲပေါ့ …”

ချန်ယွီ့က သူ့ခေါ်ဆိုမှုကို ရပ်တန့်ရန် ဟန်ပြင်လိုက်သည်။

“ ဒေါက်တာချန် … ငါမင်းကို ဆေးဖိုး မပေးရသေးဘူးလေ …”

လီဝေ့က အလျင်စလို ပြောလာသည်။

“ ဒီကုသမှုက အခမဲ့ …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က ခေါ်ဆိုမှုကို ဖြတ်တောက်လိုက်သည်။

“ ဒေါက်တာချန် .. ဒါက ကံကောင်းတာလား ….”

“ ဒီလို ကောင်းမွန်တဲ့ နေ့လေးတစ်နေ့မှာ နောက်ထပ် တစ်ချီလောက် ထပ်သွားလိုက်ကြရအောင်လား ဒေါက်တာချန် ….”

“ ငါ သဘောတူတယ် ….”

“ ဒေါက်တာချန် … လုပ်စမ်းပါ … မင်းက ရက်တွေ ကြာကြာနေလို့ တစ်ကြိမ်လောက်ပဲ လိုက်လွှင့်ဖြစ်တာကိုများ ….”

ကြည့်ရှုသူများမှာ မကျေနပ်ကြသေးဘဲ ပိုက်ဆံများ မုန့်ဖိုးပေးပြီး ချန်ယွီ့ နောက်ထပ် လူနာတစ်ယောက်ကို လက်ခံဖို့ရာ မျှော်လင့်နေကြသည်။

သို့မှပဲ သူတို့စိတ်ကျေနပ်နိုင်ကြမှာ ဖြစ်၏။

“ ဆောရီး … စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ … ငါ မပြောင်းနိုင်ဘူး …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့ သူ့လိုက်စထွင်းကို ပိတ်ချလိုက်သည်။

သူ ရေ‌နွေးကြမ်းနှစ်ခွက် လောင်းထည့်ပြီး စားပွဲပေါ်တင်ထားလိုက်၏။

တင်းကြပ်စွာ ပိတ်စို့ထားသည့် ဆေးခန်းတံခါးကို တစ်ချက်ကြည့်ရင်း ချန်ယွီ့ သာမန်လျှံကာ လက်ဝှေ့ယမ်းလိုက်သည်။

“ ဝင်ခဲ့ … ညသန်းခေါင်ကြီး လမ်းလယ်မှာ မတ်တပ်ရပ်မနေနဲ့ … တော်နေကြာ ရဲ‌တွေ ရောက်လာနေဦးမယ် …”

သူ့စကားဆုံးသည်နှင့် တံခါးက တွန်းပွင့်လာခဲ့သည်။

လီချန်ကျွင်းမှာ ရှုပ်ထွေးသည့် မျက်နှာအမူအရာဖြင့် အထဲသို့ ဝင်လာခဲ့ပြီး သူ့နောက်တွင် နီကြန့်ကြန့်နှင့် လူအိုကြီး တစ်ယောက်ပါလာသည်။

လူအိုကြီးက သူတော်စင်တို့လို ဟန်ပန်အမူအရာနှင့် ဆံပင်က ဆွတ်ဆွတ်ဖြူနေပြီး ငယ်ရွယ်သည့် မျက်နှာအသားအရေရှိသည်။

သူ့မျက်လုံးတို့က ကြင်နာတတ်သည့် သူ့မျက်နှာနှင့် ဆန့်ကျင့်ဘက်ဖြစ်စွာ ချန်ယွီ့ကို အထင်တသေး ကြည့်နေလျက်ရှိသည်။

စာစဉ် (၁၀) ပြီး၏။

All Chapters