← Chapters

သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေရှေ့မှာ အိမ်တွင်း အကြမ်းဖက်ခြင်း

Vol. 10 Ch. 92

သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေရှေ့မှာ အိမ်တွင်း အကြမ်းဖက်ခြင်း

Vol. 10 Ch. 92

ဒါပေမယ့် …

သခင်လေးကျောက် မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မှာလဲ …

ဘာပဲဆိုဆို ကျိုးမုန့်မုန့်ကို အဲ့ဒီ လက်ကောက် ပေးခဲ့တဲ့လူက သူပဲလေ ...

ထိုအချိန်၌ သခင်လေးကျောက်သည်ပင် ဖြစ်ပျက်နေသည့် အရာများကြောင့် ကြက်သေသေနေမိတော့သည်။

“ ဒေါက်တာချန် … အခုက ဘာတွေ ဖြစ်နေတာလဲ …” ကျိုးမုန့်မုန့် မေးမြန်းလိုက်သည်။

“ နင်ပြောတာ ငါ့ကို ထိခိုက်အောင် လုပ်ချင်တဲ့လူက သူ မဟုတ်ဘူးလို့ ပြောတယ်နော်… ဒါဆိုရင် ဘယ်သူလဲ …”

“ လူသားအရိုးလက်ကောက်ကို ဆင်စွယ်လက်ကောက် ပုံစံအတိုင်းပဲ ဖန်တီးပြုလုပ်ထားတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ လက်ထည်က ဆင်စွယ်နဲ့ အတော်လေးတူတော့ နည်းနည်းလောက်လေး မွမ်းမံလိုက်ရုံနဲ့ အတုအစစ် ခွဲလို့ မရတော့ဘူး …”

“ ဆိုတော့ … လက်ကောက် ပိုင်ရှင်ဆီကနေ ဘယ်လိုလူက ပစ္စည်းခိုးနိုင်မယ်လို့ ထင်လဲ …”

“ ငါသိတယ် … အဲ့အပျက်မ …”

သခင်လေးကျောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“ ငါ့ အိမ်ထဲ ဝင်လို့ရတာဆိုလို့ သူ တစ်ယောက်တည်းရှိတာ … သူ လုပ်တာပဲ ဖြစ်ရမယ် …”

“ စောက်ခွေးမ … ငါ မင်းကို ဆင်ပေး ကျွေးပေးထားခဲ့တာကို ဒီလိုတွေ လုပ်ပြီး ငါ့ကျေးဇူး ပြန်ဆပ်တယ်ပေါ့လေ …”

သခင်လေးကျောက်မှာ ဒေါသတကြီးဖြစ်သွားခဲ့ပြီး ဖုန်းကောက်ကိုင်၍ ဖုန်းခေါ်ဆိုမှု ပြုလုပ်လိုက်သည်။

ကြည့်ရှုသူများမှာ ဇဝေဇဝါ ဖြစ်နေခဲ့ကြ၏။ သို့သော် သူတို့အားလုံး စိတ်ဝင်တစားနှင့် စောင့်ကြည့်နေခဲ့ကြသည်။

ဒီနေ့ ဇာတ်လမ်းက တကယ်ကို အချိုးအကွေ့တွေ ရှိနေတာပဲ …

ပြီးတော့ တစ်ချိန်တည်း လူနှစ်ယောက် ဆက်တိုက် ဝင်လာခဲ့တာကလည်း မထမဆုံးပဲ ...

သခင်လေးကျောက်က လက်ကောက်ကို ဘယ်သူ လာလဲသွားလဲဆိုတာ သိသွားပြီး ယခု ဖုန်းခေါ်နေသည်။ ကြည့်ရှုသူများအတွက် ပွဲကတော့ ကြည့်လို့ လှနေပြီ ဖြစ်၏။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် အရပ်ရှည်ရှည်နှင့် လှပသည့် မိန်းကလေး တစ်ဦးက ကင်မရာရှေ့တွင် ထွက်ပေါ်လာသည်။

“ အချစ်လေး .. နင်ငါ့ကို အလောတကြီးနဲ့ ခေါ်လိုက်တယ်ဆိုတော့ ဘာလဲ … နင် ဟိုဟာ ….. “

“ ဖြန်း …”

အမျိုးသမီး စကားပြောမဆုံးသေးခင်မှာပဲ သခင်လေးကျောက်က ပါးဖြတ်ရိုက်လိုက်သည်။

လက်က လျှပ်တစ်ပြက် လှုပ်ရှားသွားခဲ့ပြီး အမျိုးသမီးကို ခုခံနိုင်စွမ်း ကင်းမဲ့သွားစေကာ ကြမ်းပြင်သို့ လဲကျသွားစေခဲ့လေသည်။

ကျိုးမုန့်မုန့် ၊ သခင်လေးကျောက်နှင့် ချန်ယွီ့တို့ တစ်ဦးချင်းစီတိုင်းတွင် ဧရာမ ဖန်ဘေ့စ်များ ရှိ၏။

သုံးယောက်အတူ လိုက်စထွင်း တစ်ခုတည်းတွင် အတူတူရှိနေသည်ဖြစ်ရာ တိုက်ရိုက် ကြည့်ရှုနေသူ အရေအတွက်က လေးသန်းကျော်သည်။

ထိုအချိန်၌ … လူတိုင်းမှာ သခင်လေးကျောက်၏ လုပ်ရပ်ကြောင့် ကြက်သေသေသွားခဲ့ကြသည်။

ဤသို့ ဖြစ်မည်ကို မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

သခင်လေးကျောက်က သူ၏ ကြွယ်ဝမှုကို ကြွားဝါရတာ နှစ်သက်ရုံမျှမက စရိုက်ကလည်း ကြမ်းသည်။ သို့ပါသော်လည်း အမျိုးသမီးတစ်ယောက်ကို ထိုအတိုင်းပဲ လက်လွတ်စပယ် ရိုက်နှက်လိုက်လိမ့်မည်လို့တော့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

အမျိုးသမီးက သူမပါးကို လက်ဝါးဖြင့် အုပ်ထားလျက် အံ့အားသင့်မှုနှင့် ဒေါသတရားတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်နေသည်။

“ ဟန်နီ … နင် ငါ့ကို ဘာလို့ ရိုက်တာလဲ ….”

“ စောက်အပျက်မ … မင်း ငါ ဝယ်လာခဲ့တဲ့ ဆင်စွယ်လက်ကောက်ကို လူသားအရိုး လက်ကောက်နဲ့ လဲခဲ့တာမလား …”

“ နင် သိသွားပြီပေါ့ …”

အမျိုးသမီးမှာ လွှတ်ခနဲ ပြောမိသွား၍ သူမ နှုတ်ခမ်းကို ညာလက်ဖြင့် အလျင်အမြန် ပြန်ပိတ်လိုက်သည်။

“ တကယ်ပဲ မင်းဖြစ်နေတာကိုး … စောက်ခွေးမ ယီးပဲ ….”

သခင်လေးကျောက်က ခါးကိုင်း၍ အမျိုးသမီး၏ ဆံပင်ကို အားပါးပါးနှင့် ဆောင့်ဆွဲလိုက်သည်။

“ ဒီနှစ်တွေ တစ်လျှောက်လုံး မင်းလိုချင်တာ မှန်သမျှ ငါပေးခဲ့တယ် …”

“ မင်း မိသားစု ဒေဝါလီ ခံသွားခဲ့တာတောင် ငါ မင်းကို မစွန့်ပစ်ခဲ့ဘူး …”

“ ဟူယွီ ပလတ်ဖောင်းပေါ်က အမျိုးသမီးတွေ အကုန် ငါ့ကို လျစ်လျူရှုသွားခဲ့တာလည်း မင်းလက်ချက်ကြောင့်ပဲ ဟုတ်တယ်မလား ….”

“ ဟုတ်တယ် ငါပဲ … ဘာဖြစ်လဲ …"

အမျိုးသမီးက မတူညီသည့် လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး သခင်လေးကျောက်ကို မုန်းတီးမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေလျက်ရှိကာ မျက်နှာတစ်ပြင်လုံးလည်း အာဃာတ တရားတို့ ပြည့်နှက်နေလျက် ရှိသည်။

“ ငါ့ မိသားစု ဒေဝါလီ ခံလိုက်ရတယ် … ပြီးတော့ ဒီနှစ်တွေ တစ်လျှောက်လုံး နင်ငါ့အပေါ် ပိုက်ဆံတွေ အများကြီး သုံးခဲ့တယ် … ဒါပေမယ့် ငါက ထိုက်တန်တယ် …”

“ တကယ်လို့ အရင်တုန်းက ငါ့မိသားစုကသာ နင်တို့ကို မကူညီပေးခဲ့ရင် နင်ရော အခုလို အနေအထားမျိုး နေနိုင်မယ်ထင်လည်း … လမ်းဘေးမှာ သွားအိပ်နေရမယ့် ကောင်ကများ …”

“ ဒီနေ့လို ဇိမ်ခံအဝတ်အစားတွေနဲ့ အစားအသောက်တွေ စားရဖို့ မျှော်လင့်မနေနဲ့ …”

“ ငါတို့ အသက် ၁၈ နှစ်ကတည်းက စေ့စပ်ခဲ့ကြပြီး နင့်ရဲ့ တရားဝင် အိမ်ထောင်ရှင်မ ဖြစ်လာခဲ့တယ် … ငါ့ကိုယ်ငါ နင့်အပေါ်မှာပဲ မြုပ်နှံထားတယ် … ဒါပေမယ့် နင်ကရော ….”

“ နင့် မိဘတွေ မရှိတော့ကတည်းက ဘယ်သူကမှလည်း နင့်ကို မသွန်သင် မဆုံးမတော့ဘူး… အဲ့ကတည်းက နင် ပျက်စီးသွားပြီ ..”

“ အပြင်က အပျက်မတွေက နင့်အနား ကပ်ပြီး ကျောက်ကတော် ဖြစ်ချင်နေကြတာကို နင့်ရဲ့ တရားဝင် ဇနီးမယားတစ်ယောက်အနေနဲ့ ငါက ငါ့နေရာကိုယ် ကာကွယ်လို့ မရဘူးလား …”

အမျိုးသမီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ ဒီတော့ မင်းက နတ်ဆိုးနည်းလမ်းတွေနဲ့ သူတို့ကို ဖြေရှင်းခဲ့တယ်ပေါ့ …”

သခင်လေးကျောက်က အေးစက်စွာ မေးမြန်းလိုက်၏။

“ နင်က သူများတွေကို လက်ဆောင်ပေးရတာ တအားကြိုက်တဲ့လူဆိုတော့ ငါက ဒီတိုင်းနင့်လက်ဆောင်ထဲ အပို နည်းနည်းပါးပါး ထည့်လိုက်ရုံပါပဲ ….”

“ ငွေရော ၊ နင် ချစ်ရတဲ့သူတွေရော ဆုံးရှုံးလိုက်ရတဲ့ အရသာက ဘာလဲဆိုတာ နင့်ကို မြည်းစမ်းကြည့်စေချင်လို့ …”

ဤသည်ကို ကြားတော့ သခင်လေးကျောက်မှာ ထောင်းခနဲ ဒေါသထွက်လာခဲ့ပြီး သူမကို ထပ်မံ ရိုက်နှက်တော့သည်။

ချန်ယွီ့အသံက စခရင်မှ တစ်ဆင့် ရုတ်ချည်းထွက်ပေါ်လာသည်။

“ သူများကို ရိုက်တာက ဥပဒေနဲ့ မညီညွှတ်ဘူးနော်… သူက မှားယွင်းတဲ့ ကိစ္စကို ပြုခဲ့မိတယ်ဆိုရင်တောင် မင်းမှာ သူ့ကို ရိုက်နှက်ပိုင်ခွင့် မရှိဘူး ….”

ထိုအခါမှပဲ သခင်လေးကျောက်မှာ သူ လိုက်စထွင်းလွှင့်နေဆဲ ဖြစ်ကြောင်းကို ပြန်အမှတ်ရသွားခဲ့တော့သည်။

“ သွားစမ်း … ခုချက်ချင်း ဒီက ထွက်သွားစမ်း …”

“ မင်းနဲ့ နောက်မှ စာရင်းရှင်းမယ် …”

သခင်လေးကျောက်က ကျိုးကြောင်းဆင်ခြင်ဉာဏ် ရှိသည့်လူပင်။

အကယ်၍ သူသာ လိုက်လွှင့်ပြီး မိန်းကလေး တစ်ယောက်ကို ဆက်လက်ရိုက်နှက်နေမည်ဆိုပါက နေရာတကာ ဝင်ပါတတ်သည့် ကြည့်ရှုသူတစ်ချို့က အမှန်တကယ် ရဲစခန်း ဖုန်းဆက်ကြလောက်သည်။

အမျိုးသမီးက ဒယီးဒယိုင်နှင့် ကြမ်းပြင်ပေါ်က ထလာခဲ့ပြီး သခင်လေးကျောက်ကို အဆိပ်ပြင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက် ကင်မရာမြင်ကွင်းက ပျောက်ကွယ်သွားခဲ့၏။

“ တောင်းပန်ပါတယ် ငါ့ရဲ့ ချစ်သူငယ်ချင်းတို့ … ငါစောနက တအား ဒေါသထွက်သွားလို့ စိတ်လွတ်လက်လွတ် ဖြစ်သွားခဲ့တယ် ….”

“ ဒါပေမယ့် တကယ်လို့ မင်းတို့လည်း ငါ့နေရာမှာသာဆိုရင် ဒီလိုမျိုး ဖြစ်မိမှာ ကျိန်းသေတယ် ….”

သခင်လေးကျောက်က ရှင်းပြလိုက်၏။

“ ပုံမှန်ဆို ငါက တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်း တစ်ယောက်ပါ … ဘယ်တော့မှ သူများတွေကို မရိုက်ဘူး … ဥပဒေနဲ့ မညီညွှတ်တာတွေဆိုလို့ကတော့ ဝေလာဝေးပေါ့ …”

“ တကယ့်ကို မျက်စိပွင့် နားပွင့်ပဲ … သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေရဲ့ ရှေ့မှာ မိန်းကလေး တစ်ယောက်ကို ကျွဲရိုက် ၊ နွားရိုက် ရိုက်ပြီး ကိုယ့်ကိုယ့်ကို နိုင်ငံကြီးသားပါလို့ ပြောတဲ့ ကောင်နဲ့ လာတိုးနေတယ် … ဒီကောင့် မျက်နှာပြောင်ချက်ကတော့ နိုင်ငံရေးသမား လုပ်စားဖို့တောင် သင့်တယ် …”

“ ငါတော့ … တကယ်လို့ ငါ့မှာလည်း အဲ့လို ကောင်မလေးမျိုးသာ ရှိလို့ကတော့ သူ့လိုပဲ ရိုက်နှက်မိလောက်တယ် …”

“ မမှန်ကန်ဘူးဆိုတာ သိနေပေမယ့် အဲ့မိန်းကလေးကို မသနားဘဲ မနေနိုင်ဘူး ….”

“ အထက်တန်းလွှာ အသိုင်းအဝိုင်းက ဆက်ဆံရေးတွေက တအား ရှုပ်ထွေးလွန်းတယ် … သာမန်ဘဝလေးပဲ ကောင်းတယ် ….”

“ ငါ ဒီည ငါ့ကောင်လေးကို အိပ်ရာထဲ အဝင်မခံဘူး … ဒီရဲ့ လိုက်စထွင်းကို လက်လွှတ်လိုက်ရမယ်ဆိုလို့ကတော့ အနည်းဆုံး တစ်နှစ်လောက် နောင်တရမိနေမှာ သေချာတယ် ….”

ပေါက်ကရများ လျှောက်မန့်နေကြသည့် ကြည့်ရှုသူ တစ်ချို့ကလွဲ၍ အများစုမှာ စောနက သခင်လေးကျောက်၏ လုပ်ရပ်ကို ပြစ်တင် ရှုတ်ချနေကြသည်။

အားလုံးကလည်း သခင်လေးကျောက်နဲ့ အမျိုးသမီးတို့ နှစ်ဦးကြား မည်သူက ပိုပြီး အပြစ်ရှိကြောင်းကို ဆွေးနွေးနေကြ၏။

“ မမလေးကျိုး … မင်းကို ကြောက်လန့်အောင် လုပ်မိခဲ့တယ်ဆိုရင် တောင်းပန်ပါတယ် …”

သခင်လေးကျောက်က တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်၏။

“ အဲ့ကောင်မ ဒီလိုလူစားမျိုး ဖြစ်မယ်မှန်း သိရင် သူ့ကို ငါ့ဘေးနား မထားဘူး …”

“ ငါပေးတဲ့ လက်ဆောင်က လဲခံလိုက်ရပြီး မင်းကို ဒီလို ထူးဆန်းတဲ့ ပစ္စည်းကြီး လက်ဆောင်ပေးမိလိမ့်မယ်လို့ တကယ်ကို ထင်မထားတာ …”

ကျောက်မုန့်မုန့်က ချန်ယွီ့ကို ကြည့်လိုက်သည်။

သခင်လေးကျောက်၏ စောနတုန်းက ပုံစံက ကျိုးမုန့်မုန့်ကို အတော်လေး ကြောက်လန့်သွားခဲ့စေသည်။

ကံကောင်းစွာဖြင့် သူမ ကြိုတင်ပြီး ငြင်းဆန်ခဲ့မိ၍ပင်။

အကယ်၍ သူမသာ သခင်လေးကျောက်နှင့် ဒိတ်ဖို့ သဘောတူခဲ့မိမည်ဆိုပါက တစ်နေ့ ထိုအမျိုးသမီးကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် မကြုံတွေ့နိုင်ဟု မပြောနိုင်ပေ။

“ ဒီရဲ့ လူနာ …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ မင်းရဲ့ အခြေအနေက အခု သေရေးရှင်ရေး အခိုက်အတန့်ကို ရောက်နေပြီ …”

“ မင်း ဒီထဲ ဝင်လာခဲ့တာကလည်း ငါတို့နှစ်ယောက်ကြားမှာ ရေစက်ပါတယ်လို့ ဆိုလိုတာပဲ … ငါမင်းကို ကုသပေးရမလား …”

“ ဟမ့် … မင်း ဘာပြောချင်နေလဲ ငါသိတယ်… ငါ့မှာ ဘာ ကြမ်းတမ်းတဲ့ စရိုက်လက္ခဏာမှ မရှိဘူး …”

သခင်လေးကျောက် အေးစက်စက်မျက်နှာ အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

“ မင်းရဲ့ နည်းလမ်းတွေကို ငါ့ပေါ်လာမသုံးနဲ့ … ငါ့မှာ ရောဂါ မရှိဘူး … ပြီးတော့ မင်း ကုသပေးမှာကိုလည်း မလိုဘူး …”

“ မဟုတ်ဘူး … မင်းမှာ ရောဂါ ရှိတယ် … ပြီးတော့ ဘာဆေးနဲ့မှ ကယ်မရတဲ့ အခြေအနေကို ရောက်နေပြီ …” ချန်ယွီ့ အလျှော့မပေးဘဲ ပြောလာခဲ့၏။

“ မင်းရဲ့ နှလုံးသားထဲမှာ ပြင်းထန်တဲ့ အကြမ်းဖက် ဗီဇလက္ခဏာရှိတယ် …”

“ တခြားလူတွေ မင်းရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးတာ ၊ မင်းမကြိုက်တဲ့ အရာတွေကို စီစဉ်ပေးတာ မင်းလုံးဝ ခွင့်မပြုဘူး …”

“ တကယ်လို့ ကျန်းမာတဲ့ လူသာဆိုရင် သူတို့က နေရာမှာတင် ငြင်းဆန်တာမျိုး … ဒါမှမဟုတ် ဆန့်ကျင်တာမျိုး လုပ်လိမ့်မယ် …”

“ ဒါပေမယ့် မင်းကတော့ မတူဘူး …”

“ မင်းက ဘာမှတော့ မဆိုဘူး… ဒါပေမယ့် စိတ်ထဲမှာတော့ … မင်းက အဲ့လူတွေကို မင်းရဲ့ ရန်သူတွေအဖြစ် သဘောထားနေပြီ …”

“ မင်းရဲ့ စိတ်ရောဂါက ဖိနှိပ်ဖို့ ခဲယဉ်းတဲ့ အနေအထားအထိကို ရောက်နေပြီ ….”

“ ချန်ယွီ့ …” သခင်လေးကျောက်က ဒေါသသံဖြင့် မာန်ပါပါ ဖိနှိပ် ပြောဆိုလိုက်ပြီး “ မင်း ငါ့အကြောင်း မဟုတ်တမ်းလျားတွေ ထပ်ပြောရဲ ပြောကြည့်စမ်း … ငါ့ ရှေ့နေ အသင်းကို စုစည်းပြီး မင်းကို ထောင်ထဲ ထည့်ပစ်လိုက်မယ် …”

“ တစ်ယောက်ယောက်ကတော့ ထောင်ထဲ သွားရတော့မယ် … ဒါပေမယ့် ငါတော့ မဟုတ်ဘူး … မင်းပဲ ….”

ချန်ယွီ့၏ အကြည့်က ရုတ်ချည်း ထက်မြိသွားခဲ့ပြီး “ မင်းရဲ့ စိတ္တဇဆန်တဲ့ အခြေအနေက လူတွေကို မုန်းတီးတဲ့ အကျင့်စရိုက်နဲ့ သွေးအေး ဆိုက်ကိုပါ့ အခြေအနေကြားထဲမှာ ရှိတယ် ….”

“ မင်း မကြိုက်တဲ့ အရာကိစ္စတွေ အတင်းလုပ်ခိုင်းတဲ့ လူတွေကို မင်းမုန်းတယ် …”

“ မင်းက သူတို့ရဲ့ ဂုဏ်သတင်းကို ဖျက်စီးပစ်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ မျက်နှာတွေကို လောကကြီးထဲကနေ ပျောက်ကွယ်သွားအောင် လုပ်လိမ့်မယ် ….”

“ မင်းရဲ့ နှလုံးသားထဲ ရွံရှာစက်ဆုပ်ဆုံး …. ၊ ဒါမှမဟုတ် အမုန်းဆုံးလို့ ပြောရမယ့်အရာက အဲ့ဒီ အမျိုးသမီးနဲ့ စေ့စပ်ရတာကိုပဲ ….”

“ တော်တော့ … ပိတ်ထား … မင်းရဲ့စောက်ပါးစပ်ကို ပိတ်ထား …”

သခင်လေးကျောက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ ငါကတော့ ဘာမှ မဖော်ထုတ်ပါဘူး … ဒါပေမယ့် အဲ့ဒီ ဒရိုင်ဘာကတော့ နှုတ်ပိတ်ချင်မှ ပိတ်နေတော့မှာနော်….”

ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။

All Chapters