ဒရိုင်ဘာက ထောင်ထဲမှာ ပုန်းနေတာ
Vol. 10 Ch. 93
“ ချန်ယွီ့ …. မင်း ဘာလို့ ငါ့ကို နာမည်ဖျက် ချောက်ချနေလဲ ငါမသိဘူး … ဒါပေမယ့် ငါတို့ကြားမှာ တစ်ခုခု နားလည်မှု လွဲနေတာ ရှိမယ်လို့ ထင်တယ် …”
“ ငါတို့ နောက်ကျမှ သီးသန့် စကားပြောကြရင်ကော …”
သခင်လေးကျောက်၏ အမူအရာက တည်ငြိမ်နေသည်။ သို့သော် ကင်မရာ မမြင်နိုင်သည့် နေရာ၌ သူ့ပေါင်ကို နာအောင် ဆွဲဆိတ်နေခဲ့သည်။
နာကျင်မှုကတစ်ဆင့် သူ့ ဦးနှောက်ဆဲလ်များကို တည်ငြိမ်နေအောင် ပြုလုပ်နိုင်တော့၏။
ယခုလေးတင်ပဲ ချန်ယွီ့ရဲ့ အစွမ်းအစနဲ့ ပတ်သက်သည့် အမျိုးမျိုးသော ဖော်ပြမှုများက သူ့စိတ်ထဲ ထွက်ပေါ်လာသည်။ ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်လာစကားပြောသည့်လူတိုင်း သူတို့ လျှို့ဝှက်ချက်များအားလုံး တူးဆွခံလိုက်ရစမြဲပင်။ ယခင်က သခင်လေးကျောက်သည် ချန်ယွီ့ထံသို့ အမြဲတမ်း လေးစားမှုနှင့် ဝေးကွာသည့် အကွာအဝေးတစ်ခု ခြားထား၏။
သူ့ ဖန်များက ဘယ်လိုပဲ ပြောနေပါစေ ၊ ချန်ယွီ့လိုက်စထွင်းထဲသို့ တစ်လှမ်းမျှ ခြေချခြင်း မပြုခဲ့ချေ။
ယနေ့တော့ သူ တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိလေသည်။
သူ့ အပြစ်ကင်းစင်မှုကို ပြသရန်အလို့ငှာ ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်ရောက်လာ၍ သူ့ပြဿနာသူ ဖန်တီးခဲ့မိသည်။
“ ငါ မင်းနဲ့ အရင်က တစ်ခါမှ မတွေ့ဖူးတာကို ဘယ်လိုလုပ်ပြီး နားလည်မှု လွဲတာ ရှိရမှာလဲ ….”
ချန်ယွီ့ လက်ပိုက်လျက် စားပွဲပေါ်သို့ တံတောင်ဆစ်တင်လိုက်ပြီး မေးထောက်ကာ သခင်လေးကျောက်ကို ညင်သာစွာ ပြုံး၍ ကြည့်လိုက်သည်။
သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ ချန်ယွီ့ထံကနေ ထူးဆန်းသည့် အငွေ့အသက်တို့ကို ခံစားနေရ၏။
သခင်လေးကျောက်က အမြီးတက်နင်းခံလိုက်ရသည့် ကြောင်သဖွယ် ချန်ယွီ့ကို ဒေါသတကြီး တုံ့ပြန်လာသည်အား မျက်မြင်တွေ့ရပြီးနောက် ဘယ်လိုပဲ ကြည့်စေကာမူ သခင်လေးကျောက်က တစ်စုံတစ်ခုသော အချင်းအရာအပေါ် အပြစ်မကင်းစိတ် ခံစားနေရပုံပင်။
“ ဒေါက်တာချန် … ငါတို့ကို ဒွိဟဖြစ်အောင် လုပ်မနေနဲ့တော့ … ဒီလူ တစ်ခုခု မကောင်းတာ လုပ်ထားတာလား ….”
“ မေးနေစရာတောင် လိုသေးလို့လား … သူ့ပုံစံကြည့်လိုက်တာနဲ့တင် သိသာနေတာကိုပဲ ….”
“ သူ အမှားလုပ်ထားမိလို့ ဒေါက်တာချန်ကို ကြောက်နေတာလေ …”
“ သူ ဘာတွေ လုပ်ခဲ့လဲ ငါတို့ကို ပြောလိုက်တော့လေ ဒေါက်တာချန် … ငါတို့တွေ ကောင်းကင်ကိုယ်စား ပြစ်ဒဏ်စီရင်ဖို့လိုတယ် ….”
ကြည့်ရှုသူများမှာ သခင်လေးကျောက်က တစ်ခုခု ဆိုးရွားသည့် တစ်စုံတစ်ရာကို ပြုခဲ့တာ ဖြစ်ရမည်ဟု မှန်းဆ၍ မခံမရပ်နိုင် ဖြစ်နေကြသည်။
ချန်ယွီ့ ဖော်ထုတ်လာမှာကို သူတို့ကို အားတက်သရော ဖြစ်စွာ စောင့်ဆိုင်းနေကြ၏။
ကျိုးမုန့်မုန့်မှာတော့ လုံးဝ မေ့ပျောက်ခံလိုက်ရပြီး လူတိုင်းက သူမ ရှိနေသေးသည်ကိုပင် မေ့လျော့သွားခဲ့ကြသည်။
ယခု လိုက်စထွင်း၏ အဓိက ကာရိုက်တာက ကျိုးမုန့်မုန့် ဖြစ်၏။ သခင်လေးကျောက် မဟုတ်ပေ။
သူမ၏ သိချင်စိတ်ကို ဖိနှိပ်ရင်း ကျိုးမုန့်မုန့် မေးလိုက်၏။ “ သူက ဘာလုပ်ခဲ့တာလဲ ဒေါက်တာချန် ….”
“ သူ့မိဘတွေကို သတ်ခဲ့တယ်လေ …” ချန်ယွီ့ အေးစက်စွာ ဖြေပေးလိုက်သည်။
“ စောက်ကျိုးနည်းပဲ ….”
“ မင်း နှလုံးသားမဲ့တဲ့ကောင် … ကိုယ့်မိဘကို ဘာဖြစ်လို့ ပြန်သတ်ရတာလဲ ….”
“ ပါဝါအားပြိုင်တဲ့ ဒရာမာပေါ့ ….”
“ နိုဗယ်တွေထဲမှာ အထက်တန်းလွှာတွေကြားက အာဏာပါဝါ အားပြိုင်မှုတွေကို အမြဲတမ်း လွန်လွန်ကြူးကြူး ဖော်ပြကြတယ် … ငါကတော့ စိတ်ကူးယဉ်သပ်သပ်ပါဆိုပြီး ထင်နေခဲ့တာ အခုတော့ ယုံကြည်သွားပြီ … ငါအခု ယုံကြည်သွားပြီ …”
“ တကယ်လို့ ဒါသာ ရှေးခေတ်တုန်းက ဖြစ်မယ်ဆိုရင် သခင်လေးကျောက်က အင်ပါယာတော်ဝင်မိသားစုရဲ့ မင်းဆွေမင်းမျိုး ဖြစ်နေပါစေဦး ၊ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြောင့်နဲ့ အိမ်ထောင်စုထဲက ထုတ်ခံရလောက်တယ် …”
ကြည့်ရှုသူများမှာ ရှော့ခ်ရသွားကြသည်။
ဤတစ်ကြိမ်တွင်တော့ သူတို့ တကယ့် တကယ့်ကို ရှော့ခ်ရသွားခဲ့ကြတာ ဖြစ်သည်။
ကျင်းချန် နတ်ဆိုးက ရက်စက်သလား …
ရက်စက်တယ်ဆိုရင်တောင် သူက အပြင်လူတွေကိုပဲ သတ်ခဲ့တာ … ကိုယ့် မိသားစုကိုယ် မဟုတ်သေးဘူး …
“ ငါ့မိဘတွေကို ငါ သတ်ခဲ့တာ မဟုတ်ဘူး …”
သခင်လေးကျောက်က တင်းမာစွာ ပြန်လည် ချေပလိုက်သည်။
“ ငါ့မိဘတွေက ကားအက်စီးဒင့် ဖြစ်ပြီး သေသွားခဲ့တာ … ဒီနှစ်တွေတစ်လျှောက်လုံး ဒရိုင်ဘာကို ငါ လိုက်ရှာနေခဲ့တာ …”
ဉာဏ်ကောင်းသည့် ကြည့်ရှုသူများက တစ်စုံတစ်ရာကို ချက်ချင်း အမှတ်ရသွားခဲ့ကြသည်။
သခင်လေးကျောက်က ချန်ယွီ့ကို ပါးစိတ်ပိတ်ထားဖို့ အမိန့်ပေးသည်။ သို့သော် ချန်ယွီ့ကတော့ အမူအရာ မပြောင်းလဲဘဲ သူကတော့ နှုတ်ပိတ်ထားနိုင်သည်။ သို့သော် ဒရိုင်ဘာကတော့ နှုတ်ပိတ်မထားနိုင်တော့ ဟူ၍ပင်။
မဟုတ်မှလွဲရော … ချန်ယွီ့ ပြောခဲ့တဲ့ ဒရိုင်ဘာက လူသတ်သမားများလား …
သခင်လေးကျောက်ကတော့ သူ့ကိုယ်သူ ဆက်ပြီး ခုခံကာကွယ်နေသည်။
သူ့ မိဘများ သေသွားခဲ့ပြီးနောက်တွင် သခင်လေးကျောက်က ပိုက်ဆံပမာဏ များစွာကို ဆုကြေးထုတ်ခဲ့သည်။
နှစ်တိုင်းနှစ် ရဲစခန်းသို့သွား၍ အမှုတိုးတက်မှု အခြေအနေအကြောင်းကု မေးမြန်းလေ့ရှိသည်။
သို့သော် ဒရိုင်ဘာက ဉာဏ်များလွန်းပြီး များပြားလှသည့် သူ၏ အတွေ့အကြုံများကြောင့် သူ့ထံသို့ ဦးတည်နေသည့် သဲလွန်စများအားလုံးကို ဖျောက်ဖျက်နိုင်ခဲ့လေသည်။ ထို့ကြောင့် ရဲအရာရှိများမှာ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ဒရိုင်ဘာအား ရှာမတွေ့နိုင်ဘဲ ဖြစ်နေခဲ့သည်။
လူတစ်ချို့ကတော့ သခင်လေးကျောက်ရဲ့ ရှင်းပြချက်ကို ယုံသည်။ ထိုလူများကတော့ သခင်လေးကျောက်၏ သိုက်တူးဖန်များပင်။
“ သခင်လေးကျောက် …. တို့နင့်ကို ယုံတယ် ….”
“ ငါ့ချစ်ချစ်က အဲ့လို အလုပ်မျိုးတွေ မလုပ်ဘူး …”
“ ချန်ယွီ့က တို့ဟန်နီကို မနာလိုဖြစ်နေတာ သိသာတယ် …”
“ မွေးမြူရေးဝက်ကများ သခင်လေးကျောက်ရဲ့ ဂုဏ်သတင်းကို ညစ်ပတ်တဲ့ရေတွေနဲ့ ပတ်ချင်နေတယ် … ရွံစရာပဲ….”
“ ချန်ယွီ့ … နင် ဒီလိုနည်းလမ်းတွေ သုံးပြီး ကြည့်ရှုသူရှာနေတာ ကိုယ့်ကိုယ်ကို မရှက်ဘူးလား ….”
“ လူသတ်ပါတယ်ဆိုပြီး နာမည်ဆိုးတွင်သွားရင် သခင်လေးကျောက်ရဲ့ ဂုဏ်သတင်း ဘယ်လိုဖြစ်သွားနိုင်လဲ နင်သိလား …”
“ ညီအစ်မတို့ … ငါနဲ့အတူ လိုက်ပြီး ချန်ယွီ့ရဲ့ လိုက်စထွင်းကို ရီပို့ထုရအောင် …”
“ ချန်ယွီ့က နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုပြီး ထင်နေခဲ့တာ … ဒါပေမယ့် သူလည်း အပြောပဲ ရှိတဲ့ ကီးဘုတ်ဖိုက်တာပါလားနော်….”
သူ့အား ဝေဖန် အပြစ်တင်နေကြသည့် ကွန်းမန့်များကို မြင်သော်လည်းပဲ ချန်ယွီ့၏ အမူအရာက မပြောင်းမလဲဘဲ ရှိနေသည်။
“ မင်း ငယ်ငယ်လေးတုန်းက မင်းမိဘတွေရဲ့ မျက်လုံးထဲမှာ မင်းက စကားနားထောင်တဲ့ ကလေး …. ဉာဏ်ကောင်းတယ် ၊ တော်တယ် ၊ လိမ္မာတယ် ၊ စကားချိုချိုလေးတွေ ပြောတတ်တယ် ….”
“ ဒါပေမယ့် အဲ့လောက် ငယ်တဲ့ အရွယ်ကတည်းကစပြီး မင်းကလောက ဓမ္မတာကို နားလည်နေပြီဆိုတာ ဘယ်သူက ထင်ထားခဲ့မှာ …”
“ မင် ပိုပြီး နာခံပြလေလေ ၊ မင်းရတဲ့ မုန့်ဖိုးတွေက ပိုပြီး များလေလေ ၊ ပြီးတော့ မင်းအပေါ် ယုံကြည်မှုကို ပိုပြီး ရလေလေပဲ …”
“ သူများတွေရဲ့ အမြင်မှာ မင်းက စကားနားထောင်တတ်တဲ့ ကလေး ၊ ဒါပေမယ့် တကယ့်တကယ်ကတော့ မင်းက ငွေမက်ပြီး စိတ်မြန်လက်မြန် စရိုက်ခက်ထန်တဲ့ ကလေးတစ်ယောက်ပဲ …”
“ ပြီးတော့ … မင်းက မင်းဘေးမှာ ရှိတဲ့ အရာရာတိုင်းကို ထိန်းချုပ်လိုစိတ် ပြင်းပြတယ် ….”
“ မင်း ဆယ်ကျော်သက် အရွယ်လောက်ရောက်တော့ မင်းမိသားစုရဲ့ စီးပွားရေးက ပြဿနာတက်ပြီး ဒေဝါလီခံရလုနီးပါး ဖြစ်သွားတယ် …”
“ ကံကောင်းချင်တော့ မင်းမိဘတွေက အဆက်အသွယ်ကောင်းတွေ ရှိတယ် … ကုမ္ပဏီ တစ်ခုကနေ ပိုက်ဆံတွေ အများကြီး ချေးပြီး စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ခဲ့တယ် …”
“ သူတို့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ဆိုပြီး မင်း မိဘတွေက အဲ့ဒီ မိသားစုရဲ့ တစ်ဦးတည်းသော သမီးလေးနဲ့ မင်းကို လက်ထပ်ဖို့ စီစဉ်ပေးတယ် …”
“ မင်းတို့နှစ်ယောက် လက်ထပ်ပြီး မွေးလာတဲ့ ပထမဆုံး ကလေးကိုလည်း မိန်းကလေး ဖြစ်သူရဲ့ မျိုးရိုးနာမည် ပေးမယ်လို့ ကတိခံတယ် …”
“ ဒါကို သိသွားတော့ မင်း ဒေါသထောင်းခနဲ ဖြစ်သွားခဲ့တာပေါ့ … ဒါပေမယ့် မင်းတိတ်တိတ်လေး မသိမသာ ပြန်ပြီး ဖိနှိပ်ထားလိုက်တယ် ….”
“ အသက် နှစ်ဆယ်ရောက်တော့ မင်းက ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို စပြီး ကိုင်တွယ်နေရပြီ … အဲ့မှာ မင်း ကုမ္ပဏီ ဝန်ထမ်းတွေ အများကြီးကို ဝယ်ခဲ့တယ် …”
“ အဲ့လိုမှပဲ မင်း မိဘတွေ မရှိတော့တဲ့ အချိန်ရောက်ရင်တောင် ကုမ္ပဏီနဲ့ မိသားစု အမွေတွေကို ချောချောမွေ့မွေ့နဲ့ လက်လွှဲယူနိုင်မယ်လေ …”
“ မင်းက ထရပ်ကားဒရိုင်ဘာ တစ်ဦးကို ငွေပုံပေးပြီး မင်းမိဘတွေရဲ့ ကားကို ဝင်တိုက်ခိုင်းတယ် … တစ်ခါတည်း နေရာမှာတင် ပွဲချင်းပြီး သေသွားအောင်ပေါ့ … “
“ ပြီးတဲ့နောက်မှာ မင်းက ဒရိုင်ဘာကို အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးနိုင်အောင်လို့ လမ်းကြောင်း စီစဉ်ပေးတယ် …”
“ နောက်တော့ မင်းမိဘတွေ ချန်ထားရစ်ခဲ့တဲ့ အရာအားလုံးကို လိပ်ပြာလုံလုံနဲ့ လက်ခံခဲ့တယ် …” ချန်ယွီ့ရဲ့ စကားလုံးတိုင်းက သခင်လေးကျောက်ရဲ့ ရင်ဘက်ကို ထိုးနှက်နေတဲ့ ထက်မြိသည့် ဓားတစ်စင်းသဖွယ်၊ သေမတတ် မျက်နှာဖြူလျော်သွားခဲ့သည်။ သို့သော် သူ သေမှာကို ထိုင်စောင့်နေ၍ မဖြစ်။ ယခုအချိန် လိုက်စထွင်းထဲက ပိတ်ပြီး ထွက်သွားမည်ဆိုပါကလည်း အနည်းငယ်သော လူအရေအတွက်ကသာလျှင် သူ ဒေါသတကြီးနှင့် ထွက်သွားခဲ့တာဟု ထင်ကြလိမ့်မည်။ အများစုကတော့ သူ့ အပြစ်ရှိစိတ်ကြောင့်ဟု ယူဆကြမှာဖြစ်၏။
“ မင်းရဲ့ အခြေအနေက ဒုက္ခပေးနိုင်တဲ့ ရောဂါတွေ အများကြီး စုပေါင်းထားတဲ့ အထူးကေ့စ်တစ်ခုပဲ …”
“ ငါ ရောဂါ အလကား စစ်ဆေးပေးပြီး ကုသမှုကိုလည်း အလကားလုပ်ပေးလိုက်မယ် …”
“ မင်းကိုယ်မင်း လက်မြှောက်အရှုံးပေးပြီး တရားဥပဒေရဲ့ အပြစ်ပေးမှုကို ခံယူလိုက်…” ချန်ယွီ့ ပြောလိုက်သည်။ “ အဲ့လိုသာဆိုရင် မင်းမှာ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိလိမ့်ဦးမယ် …”
“ မင်းရဲ့ လုပ်ရပ်အမှားကြီးတွေကို အလျှော့မပေးဘဲ ခေါင်းမာနေမယ်ဆိုလို့ကတော့ မင်းရဲ့ ရောဂါ ထဖောက်လာတာနဲ့ ထာဝရငရဲကို ကျရောက်သွားလိမ့်မယ်…”
မိမိ၏ မိဘရင်းကို သတ်သည့်ပြစ်မှုက မည်သည့်နေရာမှာပဲ ဖြစ်ဖြစ် သည်းခံခွင့်လွှတ်ပေး၍ မရသည့် ပြစ်မှုကြီး ဖြစ်သည်။
အကယ်၍ သခင်လေးကျောက်က သူ့အပြစ်ကို စိတ်ရင်းအမှန်နဲ့ ပေးဆပ်မည်ဆိုပါက တစ်နေ့ ပြန်လည် မွေးဖွားခွင့် ရှိရင် ရှိလိမ့်မည်။
အကယ်၍ သူသာ ခေါင်းမာမာနှင့် အလျှော့ပေးဖို့ ငြင်းဆန်နေမည်ဆိုပါက ဝိဉာဏ်ကြေးချွတ်သန့်စင်ရာဘုံတွင် ထာဝရနေရစ်၍ အပြစ်ကြွေးကို ဆပ်ရလိမ့်မည်။
အကယ်၍ သူတစ်ဖန်ပြန်ပြီး မွေးဖွားခြင်း စက်ဝန်းထဲ ဝင်နိုင်ခဲ့လျှင်ပင် လူသားတစ်ဦး ဖြစ်နိုင်လိမ့်မှာ မဟုတ်။
ကြက်၊ ဘဲ ၊ ငန်း ၊ ဝက် ၊တီကောင် … စသည့် လူသားကလွဲပြီး အခြားတိရစ္ဆာန်ပေါင်းစုံ ဖြစ်လိမ့်မည်။
“ ချန်ယွီ့ ….” သခင်လေးကျောက်က အံကြိတ်၍ “ မင်းက ပုံပြင် ဇာတ်လမ်းတွေ ဖန်တီးတဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တာပဲ…”
“ ငါမင်းကို နည်းနည်းလောက်လေးပဲ ဝေဖန်ခဲ့မိတာပါ … ဒါပေမယ့် မင်းကတော့ ဒီလို ရက်စက်တဲ့ မဟုတ်တမ်းလျားတွေနဲ့ ပြန်ပြီး ချေပလာမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး ….”
“ မင်း ငါ့ရဲ့ ဂုဏ်သိက္ခာကို လုံးလုံးလျားလျား ဖျက်စီးပစ်မှပဲ ကျေနပ်နိုင်မှာလား ဟုတ်လား ….”
သူပြောရင်းဖြင့် သခင်လေးကျောက်က ခေါင်းငုံ့ပြီး သူ့ဖုန်းကို အပေါ်အောက် ပွတ်ဆွဲလိုက်သည်။
သူ၏ အခြား နောက်အကောင့်တစ်ခုကို သုံးပြီး ချန်ယွီ့ လိုက်စထွင်းထဲသို့ဝင်ကာ တိုက်ရိုက်မက်ဆေ့ချ်များ ဆက်တိုက် ပို့ပေးလိုက်၏။
သူ့ကို လွှတ်ပေးသရွေ့ ချန်ယွီ့ ကြိုက်ဈေးပြောနိုင်သည်။
“ ဒေါက်တာချန် … ဒရိုင်ဘာက အခု ဘယ်ရောက်နေတာလဲ …”
ကျိုးမုန့်မုန့်က ရုတ်ချည်း မေးလာခဲ့၏။
“ ထောင်ထဲမှာ ….” ချန်ယွီ့ ပြောလိုက်သည်။
“ ??? “
ကျိုးမုန့်မုန့် ကြက်သေသေသွားခဲ့၏။
သူမက တိုက်ပြီးပြေးသွားတဲ့ ဒရိုင်ဘာ ပုန်းနေတဲ့ နေရာကို မေးနေတာလေ …
ချန်ယွီ့ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ “ ထောင်ထဲမှာ ပုန်းနေတာ …”
ကြည့်ရှုသူများ၏ ဦးခေါင်းထက်တွင် မေးခွန်းသင်္ကေတများ ထွက်ပေါ်လာသည်။
သခင်လေးကျောက်က တိုက်ပြီး ပြေးသွားသည့် ဒရိုင်ဘာကို ဘယ်တော့မှ ဖမ်းမမိနိုင်မှန်း သိကြသည်။
ယွမ်ဆယ်သန်း ဆုချမည်ဟု ဆုကြေးထုတ်စေကာမူ မည်သူကမျှ အက်စီးဒင့် ဖြစ်စေသည့် ဒရိုင်ဘာကို ရှာမတွေ့နိုင်ခဲ့ကြချေ။
ဆိုတော့ … အဲ့လူက ဘယ်လိုဖြစ်ပြီး ထောင်ထဲ ရောက်နေတာလဲ …