← Chapters

လောကကြီးထဲ အလုံခြုံဆုံးနေရာ

Vol. 10 Ch. 94

လောကကြီးထဲ အလုံခြုံဆုံးနေရာ

Vol. 10 Ch. 94

“ အံ့ဩစရာပဲ …. လုံးဝကို အံ့ဩလောက်စရာပါပဲ ….”

“ တကယ့်ကို အံ့ဩဖို့ကောင်းတယ် ….”

“ မင်းတို့နှစ်ယောက်က ဘာတွေပြောနေကြတာလဲ ….”

“ လူသတ်သမားကို ထောင်ထဲထည့်ပြီး ပုန်းခိုင်းထားတဲ့ သူ့အကြံက ပြောင်မြောက်လွန်းတယ်လို့ ချီးကျူးနေတာ ….”

“ တကယ့်ကို မွေးရာပါ ပါရမီရှင်ပဲ …”

“ သခင်လေးကျောက်က သားရိုင်းကောင်ကြီးပဲ … ဒါပေမယ့် သူက သားရိုင်းကောင်းကြီးတွေထဲကမှ ဦးနှောက်ရှိတဲ့ သားရိုင်းကောင် ….”

သူတို့ဦးနှောက်ကို ဖွင့်တတ်ကြသည့် ကြည့်ရှုသူများကတော့ သခင်လေးကျောက်၏ ပြောင်မြောက်သည့် လှည့်ကွက်အပေါ် ထေ့ငေါ့ လှောင်ပြောင်လာကြသည်။

သူက မကောင်းသည့် အစီအစဉ်များ စီစဉ်ရေးဆွဲရာ၌ တကယ့်ကို ထူးချွန်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ချန်ယွီ့ ပြုံးလျက်ဖြင့် စကားဆက်သည်။ “ လက်ရှိ နည်းပညာ အကူအညီတွေနဲ့ အက်စီးဒင့် ဖြစ်စေခဲ့တဲ့ ဒရိုင်ဘာကို ရဲတွေ ရှာတွေ့ဖို့က အလွယ်လေးပဲ …”

“ သူ ဘယ်မှာပဲ ပုန်းနေပါစေ ၊ လုံးဝ မလွတ်မြောက်နိုင်ဘူး …”

“ ဒါပေမယ့် ရဲတွေကို ရှောင်တိမ်းလို့ရတဲ့ နေရာတစ်ခုတော့ ရှိတယ် … အဲ့တာက အကျဉ်းထောင် ….”

ထိုနေရာ အရောက်တွင် ချန်ယွီ့ စကားကို ရပ်တန့်ထားလိုက်သည်။

မူလတုန်းက သူ ကုသိုလ်နှင့် ကံကောင်းမှု နှစ်ဆ ရရှိချင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် ယင်းက အလုပ်မဖြစ်ခဲ့။

သေသွားခဲ့ပြီးသူများအတွက် တရားမျှတမှု ရှာဖွေပေးခြင်းက သူ့အား ကံကောင်းမှုနှင့် ကုသိုလ်များ ရရှိစေသည်။

မကောင်းသည့်လူကို လမ်းကြောင်းမှန်သို့ လျှောက်လှမ်းစေရန် ဖြောင်းဖြသည်ကလည်း ကံကောင်းမှုနှင့် ကုသိုလ်တစ်ချို့ကို ရရှိစေသည်။

သို့ပါသော်လည်း … မကောင်းမှု လုပ်သူ အများအပြားမှာ ဉာဏ်များကောက်ကျစ်ကြပြီး ခေါင်းမာတတ်ကြ၏။

ဟင်း … ထားလိုက်တော့ ထားလိုက်တော့ …

ဒါက ကောင်းကင်ရဲ့ အလိုဆန္ဒဆိုမှတော့ ချန်ယွီ့လည်း သခင်လေးကျောက်ရဲ့ သေခြင်းရှင်ခြင်းနှင့် ပတ်သက်၍ ဂရုစိုက်မနေတော့ချေ။

ခေါင်းခါယမ်းရင်း ချန်ယွီ့ စကားဆက်သည်။ “ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တစ်ချို့နေရာတွေမှာ အိမ်ထောင်စု စီမံခန့်ခွဲမှု မှတ်ပုံတင်တာက အတော်လေး ပရမ်းပတာဆန်တယ် …”

“ မင်းက အဲ့ဒီ ဂယ်ပေါက်ကို အမိအရ ဆုပ်ဖမ်းပြီး ဒရိုင်ဘာကို အထောက်အထား တစ်ခု ပေးလိုက်တယ် …”

“ အဲ့နောက်မှာ သူ့ကို အကျိုးအမြတ်တွေ အများကြီးနဲ့ မျှားပြီး ထောင်ထဲ နှစ်နည်းနည်းလောက် ပုန်းနေဖို့ စည်းရုံးတယ် ….”

“ မင်းက အရာအားလုံးကို ဂရုစိုက်ပေးပါ့မယ်လို့ ကတိပေးခဲ့တယ် … ဒရိုင်ဘာ ထောင်ထဲရောက်နေတဲ့အချိန် ဘယ်သူကမှ သူ့ကို အနိုင်မကျင့်စေရဘူး …”

“ လူတော်တော်များများက ဒီကိစ္စကို သူ ထောင်ထဲ ခုနစ်နှစ် ၊ ရှစ်နှစ်လောက် နေပြီးတာနဲ့ မေ့သွားကြမှာပဲ …”

“ ဒေသခံရဲတွေကလည်း စစချင်းကလောက် တင်းတင်းကြပ်ကြပ် စစ်ဆေးမှာ မဟုတ်တော့ဘူး …”

“ ပြီးရင် သူက မင်း ကတိပေးထားခဲ့တဲ့အတိုင်း ယွမ် သန်း ၂၀ လည်း ရဦးမှာ ….”

“ သူ့ရဲ့ ဆယ်နှစ်တာ လွတ်လပ်မှုကို ယွမ် သန်း ၂၀နဲ့ လဲလှယ်နိုင်မယ်ဆိုတာကို ကြားတော့ ဆွဲဆောင်ခံလိုက်ရတယ် ….”

ချန်ယွီ့ ပြန်ပြောင်းပြောပြနေစဉ်အတွင်း သခင်လေးကျောက်၏ ဟန်ဆောင်ထားသည့် အလွှာများမှာ ကြက်သွန်ခွာသကဲ့သို့ တစ်လွှာချင်း ဖယ်ရှားခံနေရသည်။

အချိန်က အကောင်းမွန်ဆုံးသော မေ့ဆေးတစ်လက်ဖြစ်ပြီး အကျဉ်းထောင်ကလည်း ကမ္ဘာပေါ်တွင် အလုံခြုံဆုံး နေရာတစ်ခု ဖြစ်သည်။

အပြင် ကမ္ဘာကြီးက ထိုစဉ်အချိန်တုန်းက ဖြစ်ပျက်ခဲ့သည်များကို မေ့ပျောက်သွားမှာ ဖြစ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ကလည်း အရင်း အမြစ်တွေ ဘယ်လောက်ပဲ ကြွယ်ဝနေပါစေ ၊ လူသတ်သမားက အကျဉ်းထောင်ထဲမှာ ပုန်းအောင်းနေမှာလို့တော့ ဘယ်တော့မှ တွေးခဲ့မိမှာမဟုတ်ချေ။

“ ငွေအတွက်နဲ့ သူတို့ကိုယ်သူတို့ ထောင်ထဲသွားချင်ကြတဲ့လူတွေ တကယ်ရှိတာလားဟ …”

“ ဘာလို့ မရှိမှာ … ငါ့သူငယ်ချင်း တစ်ယောက်ဆို ကိုယ်စား ထောင်ထဲဝင်ပေးရင် ယွမ် သိန်းဂဏန်း အနည်းငယ် ရမယ်ဆိုတဲ့ ကြော်ငြာကြောင့်နဲ့ အလိမ်ခံလိုက်ရသေးတယ် …”

“ မှန်မှန်ပြောစမ်း … အဲ့ဒီ သူငယ်ချင်းတစ်ယောက်ဆိုတာ မင်းပဲမလား …”

“ ဟာညီကို … မင်းဇာတ်လမ်းလေး လုပ်ပါဦး ….”

“ တကယ်လို့ သူသာ အထောက်အထားအတုနဲ့ ထောင်ထဲ သွားခဲ့မယ်ဆိုရင် ရဲတွေကလည်း ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး …”

“ ဘယ်လိုတောင် အံ့ဩဖို့ကောင်းတဲ့ကောင်လဲ ….”

“ ဒေါက်တာချန်ပြောတာ သူကတော့ နှုတ်ပိတ်ရင် ပိတ်ထားနိုင်မယ် … ဒါပေမယ့် ဒရိုင်ဘာကတော့ ဆက်ပြီး နှုတ်ပိတ်ထားနိုင်ဖို မသေချာဘူးတဲ့နော်… အဲ့တာက ဘာကို ပြောချင်နေတာ ဖြစ်လောက်လဲ ….”

အထူးကွန်းမန့်တစ်ခုက ချန်ယွီ့ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ ထောင်ကျဖူးတဲ့လူတွေပဲ အထဲမှာ နေရတဲ့ ဘဝက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းလဲဆိုတာ သိလိမ့်မယ် …”

“ စစချင်းတုန်းကတော့ ဒရိုင်ဘာက ငွေအတွက်နဲ့ သည်းခံခဲ့တယ် … ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ သူ ဘယ်လောက်ပဲ ပေးမယ်လို့ ကတိပေးပါစေ … သူ့လွတ်လပ်မှုလောက်တော့ အဖိုးမတန်ဘူးလေ …”

“ ဒရိုင်ဘာက သူ့ရဲ့ သွင်ပန်းသဏ္ဌာန်ကို ပြောင်းလဲပြီး ထောင်ထဲဝင်သွားခဲ့တယ် … ငါးနှစ် ကုန်ဆုံးသွားခဲ့ပြီးပြီ … သူ ထွက်လာဖို့ နောက် ၂ နှစ်ပဲ လိုတော့တယ် …”

“ သိပ်မကြာခင်တုန်းက ထောင်ထဲမှာ အကျဉ်းသားချင်း ရန်ဖြစ်လို့ဆိုပြီး နောက် ၂ နှစ် ထပ်တိုးခံလိုက်ရတယ် …”

ချန်ယွီ့ အရာရာတိုင်းအား လူတိုင်းထံသို့ ရှင်းလင်းစွာ ရှင်းပြလိုက်သည်။

အပိုထပ်ပေါင်း ထောင်ဒဏ် ၂ နှစ်က ကုလားအုတ်၏ ကျောကို ကျိုးသွားစေခဲ့သည့် နောက်ဆုံးသော မြက်ထုံးလေးတစ်ခုနှင့် မခြားနားပေ။

သူ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ သူ့ပြစ်ဒဏ် လျော့ပေါ့ပေးရေးအတွက် ဖြစ်ပျက်ခဲ့သမျှကို ဝန်ခံဖို့ ဆုံးဖြတ်လိုက်၏။

ဈေးကြီးသည့် ညအိပ်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် သခင်လေးကျောက်၏ ညအိပ်အင်္ကျီမှာ ရေထဲ ပြုတ်ကျထားသည့် လူတစ်ယောက်ကဲ့သို့ ချွေးအေးတို့ဖြင့် ရွှဲနစ်နေခဲ့သည်။

စားပွဲကို လက်ဖြင့် ကိုင်ထားသောကြောင့်သာ မဟုတ်ပါက ကြောက်ရွံ့မှုကြောင့် အောက်သို့ ပြုတ်ကျနေလောက်ပြီး ဖြစ်၏။

“ ဒေါက်တာချန် … ငါ ရဲကို ဖုန်းဆက်ထားပြီးပြီ … မင်း ပြီးမှ ဒါတွေအားလုံးက ဟာသလုပ်နေတာပါဆိုပြီးမှတော့ မပြောနဲ့နော်…”

“ ငါလည်း ရဲကို ဖုန်းဆက်ထားပြီးပြီ … သူတို့ပြောတာ မကြာခင် အဲ့ဒီကို ရောက်မယ်တဲ့ ….”

“ သေသင့်တဲ့ မျိုးမစစ် …”

“ ဒီမျိုးမစစ်ကို ဘက်လိုက်ပြီး ပြောပေးနေကြတဲ့ အပျက်မတွေ ဘယ်ရောက်သွားလဲ … ထွက်လာကြလေ … ဘာကိစ္စ ထွက်မလာကြတော့တာ …”

“ စောက်ဦးနှောက်မရှိတဲ့ စောက်ရူး သိုက်တူးမတွေ …”

“ သူများ ပိုက်ဆံချမ်းသာတာကို ကြည့်ပြီး သူ့ကို လူကောင်းများ ထင်နေလား … စောက်ရူးတွေပဲ ….”

“ ဦးနှောက်ထဲ ရေတွေပြည့်မနေဘဲ သခင်လေးကျောက်ကို ကာကွယ်ပြောဆိုပေးဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ …”

“ တင်းတောင် တင်းတောင် တင်းတောင် ….”

သခင်လေးကျောက် ဘက်ခြမ်းက တံခါး ဘဲလ်နှိပ်သံ ထွက်ပေါ်လာသည်။

သခင်လေးကျောက်မှာ ကင်မရာမြင်ကွင်းထဲကနေ ဒယီးဒယိုင် ထွက်သွားခဲ့သည်။

“ ခလွမ်း …”

နောက်ခဏ၌ သူ့ လိုက်စထွင်းထဲတွင် ဖန်စကွဲသံများ ထွက်ပေါ်လာသည်။

“ ငါ ရာဇဝတ်မှု မကျူးလွန်ထားဘူး … မင်းတို့ ငါ့ကို လွှတ်စမ်း …”

“ ငါ့ကို သက်သေ မရှိဘဲ ဖမ်းတဲ့ မင်းတို့ကောင်တွေ အကုန်လုံးကို တရားစွဲပစ်မယ် ….”

“ မဟုတ်ဘူး … ငါ ထွက်ပြေးမလို့ လုပ်နေတာ မဟုတ်ဘူး … ဒီတိုင်း ခရီးထွက်ဖို့ အထုပ်ပြင်နေတာ ….”

သခင်လေးကျောက် ဘာတွေလုပ်နေလဲ မည်သူမျှ မမြင်တွေ့ရချေ။ သို့သော် သူ ဘာတွေ ပြောနေလဲဆိုတာကိုတော့ လူတိုင်း နားလည်နိုင်သည်။

သခင်လေးကျောက်က သူ့ အထုပ်အပိုးများ ပြင်၍ ထွက်ပြေးဖို့ လုပ်နေခြင်းပင်။ သို့သော် ရဲများက ပြတင်းပေါက်ကို ဖျက်စီးပြီး သူ့ကို လက်ပူးလက်ကြပ် မိသွားခဲ့၏။

မကြာမီ အသက်ကြီးကြီးနှင့် ရဲအရာရှိတစ်ဦးက ကင်မရာရှေ့သို့ ရောက်လာခဲ့သည်။

သူ အလေးပြုလိုက်၏။

“ ဒေါက်တာချန် … အဲ့လူက ဘယ် အကျဉ်းထောင်မှာ ရှိနေတာလဲ …”

ရဲအရာရှိက ချန်ယွီ့ရဲ့ လိုက်စထွင်းများကို တစ်ခါမျှ မကြည့်ရှုဖူးသော်လည်း သူ့ ငယ်သား လူငယ်လေးများ ပြောသည်ကိုတော့ မကြာခဏ ကြားဖူးသည်။

“ နံပါတ်ခြောက် အကျဉ်းထောင်မှာ … သူ့ရဲ့ လက်ရှိ နာမည်က လီရှောင်ဖ ….”

“ ကျေးဇူးတင်ပါတယ် …”

ကျေးဇူတင်စကား ပြောဆိုပြီးနောက် အဆိုပါ ရဲအရာရှိက သခင်လေးကျောက်ရဲ့ ကွန်ပျူတာကို ပိတ်လိုက်သည်။

လိုက်စထွင်းတစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့၏။

ဒီနေ့ … သူတို့တွေ ဂိုချန်ပီယံကို မြင်တွေ့နိုင်ရုံတင် မကဘူး ၊ ဒေါက်တာချန် အွန်လိုင်းပေါ်ကနေ နောက်ထပ် အမှုတစ်ခု ဖြေရှင်းလိုက်တာကို မျက်မြင်ကြုံတွေ့လိုက်ရတယ် …

နှစ်ဆတိုး ပျော်ရွှင်မှုပဲ … ပြီးတော့ ပျော်ရွှင်စရာတွေက မပြီးသေးဘူး … နောက်မှာ ထပ်ရှိသေးတယ် …

ကိုယ့်အပေါ် ကောင်းပေးသည့် ကိုယ့်မိဘအရင်းကို ပြန်သတ်သည့် သူတောင်းစားမျိုးမစစ် အဖမ်းခံလိုက်ရသည့်အတွက် သူတို့အားလုံး ပျော်ရွှင်နေခဲ့ကြသည်။

ကျိုးမုန့်မုန့်မှာလည်း သူမရဲ့ ဝင်ရောက်ဆက်သွယ်လာမှုက ယခုလို အတက်အကျ ၊ အနိမ့်အမြင့်များဖြင့် ပြည့်နှက်နေလိမ့်မည်လို့ စိတ်ကူးပင် မယဉ်ခဲ့မိချေ။

“ လူတွေအတွက် မကောင်းတဲ့လူကို ဖယ်ရှားပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ပြီးတော့ ငါ့အသက်ကို ကယ်တင်ပေးလို့လည်း ကျေးဇူးပါပဲ….”

ကျိုးမုန့်မုန့်က ချန်ယွီ့ကို စိတ်ရင်းအပြည့်နှင့် ကျေးဇူးတင်လိုက်သည်။

“ ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး … ဒါက ငါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ … ဒီတော့ … မင်း ဆုံးဖြတ်ပြီးပြီလား …”

“ အွန်း … ဆုံးဖြတ်ပြီးပြီ …”

ကျိုးမုန့်မုန့်က တည့်တိုးပြောဆိုလာပြီး “ ပို့ပေးရမယ့် လိပ်စာကို ပို့လာခဲ့ပေးလိုက် … ဒီလီနဲ့ နင့်ဆီ ပို့ပေးလိုက်မယ် ….”

“ ကောင်းပြီ … မင်းလည်း နောက်လာမယ့် ပွဲတွေမှာ ပွဲတိုင်း အနိုင်ရပြီး နိုင်ငံရဲ့ ဂုဏ်ကို မြင့်တင်ပေးနိုင်ဖို့ ဆုတောင်းပေးနေမယ် …”

ချန်ယွီ့ ပြုံးလျက် ကျိုးမုန့်မုန့်ကို ကံကောင်းပါစေဟု ဆုတောင်းပေးလိုက်သည်။

အချိန်ကို တစ်ချက်ကြည့်ရင်း ကျိုးမုန့်မုန့် ဒီမျှနှင့် ရပ်နားပြီး လိုက်စထွင်းထဲကနေ ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။

သူမ ခေါ်ဆိုမှုကို အဆုံးသတ်မည့် ခလုတ်ကို ကလစ် နှိပ်ခါနီးမှာပဲ ကျိုးမုန့်မုန့်ခေါင်းထဲ အတွေးတစ်ခု ရောက်လာသည်။

ချက်ချင်းပဲ ကျိုးမုန့်မုန့် ချန်ယွီ့ကို တွန့်ဆုတ်သည့် အမူအရာဖြင့် ကြည့်လာခဲ့သည်။

“ မင်းလိုချင်တာ ရလိမ့်မယ် ….” ချန်ယွီ့က ချိုသာသည့် အမူအရာဖြင့် ပြောလိုက်၏။

ဤသည်ကို ကြားတော့ ကျိုးမုန့်မုန့် အင်မတန် ပျော်ရွှင်သွားခဲ့ပြီး ချန်ယွီ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်လာသည်။

ချန်ယွီ့၏ အစွမ်းအစများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီးသည့်နောက် ကျိုးမုန့်မုန့်မှာ သူ့ကို နတ်ဘုရားသဖွယ် သဘောထားလာသည်။

ထို့ကြောင့် သူမ မေးမြန်းချင်နေသည့် မေးခွန်းကို သိနေသည်က မထူးဆန်းချေ။

ချန်ယွီ့ဆီက အဖြေကိုကြားပြီးနောက် ကျိုးမုန့်မုန့်၏ နောက်ဆုံးသော စိတ်ဖိစီးမှုသေးသေးလေးကလည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်၌ ဒုတိယလူတစ်ယောက်က ချန်ယွီ့၏ လိုက်စထွင်းထဲကို ရောက်လာသည်။

သူ့ အွန်လိုင်းနာမည်က [ပျော်ရွှင်တဲ့ ဘဝ] ဟူ၍ပင်။

သူက သာမန် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။

“ ဟယ်လို ဒေါက်တာချိန် … ငါ အရင် ရှင်းအောင် ပြောထားမယ် … ငါ ဒီကို ရောက်လာတာက ရောဂါ ကုသဖို့ မဟုတ်သလို ငါ့ကိစ္စအတွက်လည်း မဟုတ်ဘူး ….”

ပျော်ရွှင်တဲ့ ဘဝက လိုရင်းကို တန်းသွားလိုက်သည်။

“ ငါ ငယ်ငယ်တုန်းက ရယ်စရာကောင်းတဲ့ သေးသေးမွှားမွှားလေး တစ်ချို့ လုပ်ခဲ့တယ်ဆိုပေမယ့် အကုန်လုံးက ဘယ်သူ့ကိုမှလည်း မထိခိုက်စေတာချည်းပါပဲ …”

“ ဒီခု ငါ ဆက်သွယ်လာတာက ငါ့သားနဲ့ ငါ့သမီးက ဒီနှစ်ထဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေရတော့မှာ …”

“ သူတို့တွေ တက္ကသိုလ် တက်နိုင်ပြီး ငါတို့ မိသားစုရဲ့ ဂုဏ်ကို မြင့်တင်ပေးနိုင်မယ်မလားဟင် …”

ဤသည်ကိုကြားတော့ ထူးဆန်းသည့် အပြုံးတစ်ခုက ချန်ယွီ့၏ နှုတ်ခမ်းထက်တွင် တွဲလဲခိုလာခဲ့သည်။

သူ့ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလာခဲ့၏။

ကြည့်ရှုသူများမှာ ချန်ယွီ့ရဲ့ ထူးဆန်းတဲ့ အပြုံးကို မြင်တော့ အတွေးတစ်ခုကို တစ်ညီတစ်ညွှတ်တည်း တွေးမိလိုက်ကြသည်။

ဒေါက်တာချန်ကတော့ နောက်ထပ် ဗုံးအကြီးစား ပစ်ချလာတော့မယ် …

ဒီလို အပြုံးမမည်တဲ့ အပြုံးမျိုး သူ့မျက်နှာမှာ ပေါ်လာတိုင်း လူနာက ကံတွေ ဆက်တိုက်ဆိုးတော့တာပဲ …

မဟုတ်မှလွဲရော ဒီလူရဲ့ ကလေးနှစ်ယောက်လုံး ဝင်ခွင့်စာမေးပွဲကို ကျမှာမို့လို့များလား ….

ဒီနေ့ခေတ်ကြီးမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျအောင်ဖြေတဲ့လူတွေ ရှိသေးတာလားဟ …

All Chapters