← Chapters

အသည်းကင်ဆာဆိုတာ ရောဂါမှားပြီး ဆန်းစစ်မိတာ

Vol. 10 Ch. 98

အသည်းကင်ဆာဆိုတာ ရောဂါမှားပြီး ဆန်းစစ်မိတာ

Vol. 10 Ch. 98

ရှောင်နာ့နှင့် ကြည့်ရှုသူများမှာ နားဝေတိမ်တောင် ဖြစ်သွားခဲ့ကြသည်။

လီဝေ့၏ ကုတင်ဘေးရှိ ဆေးမှတ်တမ်းများမှတစ်ဆင့် သူ ကုသမှုခံယူနေသည့် ဆေးရုံကို သိနားလည်ဖို့ မခဲယဉ်းပေ။

ဒေသခံ ကြည့်ရှုသူများက အဆိုပါ ဆေးရုံမှာ စီရင်စုထဲရှိ ထိပ်တန်း အဆင့်အေ ဆေးရုံတစ်ခုအဖြစ် လူသိများသည်ကို သိထားကြသည်။

ထိုကဲ့သို့သော နာမည်ကြီး ဆေးရုံက လူနာတစ်ယောက်ကို အသည်းကင်ဆာ ဟုတ်မဟုတ် သေချာတောင် မပြောနိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

ပြီးတော့ လူနာက ပြင်းထန်တဲ့ ရောဂါဝေဒနာကြောင့် အသက်စွမ်းအင်တွေ ဆက်တိုက် ဆုံးရှုံးနေတဲ့ လက္ခဏာတွေလည်း ပြနေတယ်။

“ ဒေါက်တာချန် … ရှင် အခု ပြောနေတာတွေက အခြေအမြစ် မရှိဘူးဆိုတာ သိရဲ့လား ….”

ရှောင်နာ့က ချန်ယွီ့ရဲ့ ဖန်အကြီးစား တစ်ယောက်ဖြစ်ပြီး သူ့ အစွမ်းအစများကို လုံးဝဥဿုံ ယုံကြည်သည်။

ထို့ကြောင့် ငြင်းဆန်ခြင်းတော့မပြု၊ ဒီတိုင်း သူမ အလုပ်လုပ်နေသည့် ဆေးရုံက လီဝေ့ရဲ့ ရောဂါကို မှားယွင်း အကဲဖြတ်ပေးမိတယ်ဆိုတာကို မယုံကြည်နိုင် ဖြစ်နေမိခြင်းပင်။

လီဝေ့ကို ရောဂါ ဆန်းစစ်ပြီး ကုသနည်းလမ်းကို တိုင်ပင်ဆွေးနွေးခဲ့ကြသည့် စပယ်ရှယ်လစ်များ အားလုံးက ဆေးရုံခေါင်းဆောင်ကြီးများ၏ တပည့်တပန်းများ ဖြစ်ကြသည်။

စပယ်ရှယ်လစ်တစ်ယောက် ရောဂါ မှားယွင်း သုံးသပ်မိတာကို နားလည်ပေး၍ ရသည်။ သို့သော် ငါးဦးလုံးက မှားယွင်းသုံးသပ်ပေးမိတာကတော့ လုံးဝ မဖြစ်နိုင်ချေ။

သက်တောင့်သက်သာ ဖြစ်အောင် ချိန်ညှိပြီးနောက် ချန်ယွီ့ ရှင်းပြလိုက်၏။ “ ဒီလူနာရဲ့ အခြေအနေက တော်တော်လေး ထူးခြားတယ်… ပြီးတော့လည်း မျက်စိမှောက်စရာ ဖြစ်နေတယ် ….”

“ နောက်ပြီး … ငါတို့နိုင်ငံမှာက အဲ့ရောဂါနဲ့ ပတ်သက်တဲ့ ဆေးဒေတာ အချက်အလက်တွေက တကယ့် နည်းနည်းလေးပဲ ရှိတော့ မင်းတို့ ဆေးရုံက စပယ်ရှယ်လစ်တွေ အမှားလုပ်မိတာ မဆန်းဘူး …”

“ စပယ်ရှစ်လစ်တွေက သူ့မှာ အသည်းကင်ဆာ နောက်ဆုံးအဆင့် ရှိနေတယ်လို့ သံသယရှိပြီး ဆက်ပြီး စစ်ဆေးကုသမှုတွေ လုပ်ဖို့ ပြောတယ် …”

“ ဒါပေမယ့် ဆက်လုပ်ဖို့ကို လူနာက ငြင်းပယ်လိုက်တယ် …”

ရှောင်နာ့က လီဝေ့ကို ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။

ဘာကြောင့်ဆိုတော့ သူ့နှလုံးခုန်နှုန်းက အင်မတန် မြန်ဆန်နေပြီး ယာယီစကားမပြောနိုင်ဘဲ ဖြစ်နေသောကြောင့်ပင်။

ရှောင်နာ့က စခရင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။

“ ဒေါက်တာချန် … လူကြီးမင်းလီက အချိန်တစ်ခုလောက်အထိ စကားပြောနိုင်ဦးမှာတော့ မဟုတ်ဘူး … ကျွန်မတို့ ဆက်ကြဦးမလား …”

“ ဒါပေါ့ …”

စပယ်ရှယ်လစ်များက လီဝေ့ရဲ့ အသည်းကင်ဆာ နောက်ဆုံးအဆင့် ရောဂါကို မည်သို့ ကုသလဲဆိုတာ ရှင်းပြပေးသည်။

သူ့ကို ဆက်ပြီး စစ်ဆေးကုသမှုတွေ လုပ်တော့မယ့် အချိန်မှာပဲ လီဝေ့က ငြင်းလိုက်၏။

အသည်းကင်ဆာရဲ့ အောင်မြင်စွာ ကုသနိုင်ခြေ ရာခိုင်နှုန်းက အင်မတန် နည်းပါးလွန်းနေသောကြောင့်ပင်။

အမျိုးမျိုးသော ကုသမှုများကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုဝေဒနာကို ခံစားရရုံမျှ မက၊ ငွေပမာဏ အမြောက်အများကိုလည်း သုံးစွဲရသည်။

ပမာဏက သန်းဂဏန်း အနည်းငယ်အောက် လုံးဝ လျော့မှာ မဟုတ်ပေ။

သန်းအနည်းငယ်က စီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ဦးအတွက် ဘာမှမဟုတ်သော်လည်း ထိုငွေတွေက မသန်စွမ်းများအတွက်တော့ များစွာ အထောက်အကူ ဖြစ်စေနိုင်သည်။

ထိုအရာက လီဝေ့ အမြင်ဖြစ်၏။

“ သူက … သူ့လို သေခါနီးတစ်ယောက်အပေါ် ဒီလောက် ပိုက်ဆံတွေ အများကြီး သုံးစွဲဖို့ မလိုဘူးလို့ ထင်တယ် …”

“ သူ့ရဲ့ ထပ်ခါတလဲလဲ ခေါင်းမာမှုအောက်မှာ ဆေးရုံကလည်း နောက်ထပ် စစ်ဆေးကုသတာတွေ မလုပ်တော့ဘဲ ဝေဒနာသက်သာရုံ ကုသဖို့ပဲ ရွေးချယ်လိုက်ရတော့တာပဲ ….”

ရှောင်နာ့မှာ ရုတ်ချည်း နားလည်သဘောပေါက်သွားခဲ့သည်။ သူမက လီဝေ့ ဆေးရုံတက်စဉ်ကတည်းက အနီးကပ် စောင့်ရှောက်ပေးခဲ့တာ ဖြစ်၏။

လီဝေ့အပေါ် အသုံးပြုသည့် ဆေးဝါးနှင့်ကုသမှုများက တကယ်ပင် ခံစားရ‌သော ဝေဒနာများ သက်သာရုံ ကုသပေးနေခြင်းသာ ဖြစ်သည်။

“ ငါ့ရဲ့ ဒုတိယအချက်ကတော့ …”

ချန်ယွီ့ မျက်မှောင်ကြုတ်လိုက်ပြီး “ အဲ့တာက ဘာကြောင့်ဆိုတော့ သူ့ကိုယ်သူ အပြစ်တင်တာပဲ ….”

ထိုသို့ပြောပြီးနောက် ချန်ယွီ့စကားကို ခေတ္တ ရပ်တန့်လိုက်သည်။ ကွန်းမန့်အမြောက်အများ ထွက်ပေါ်လာသည်။

“ ရောက်လာပြီ ရောက်လာပြီ … ဒေါက်တာချန်ရဲ့ အကြီးစား ဖော်ထုတ်မှုကြီး စတော့မယ် ….”

“ ဒေါက်တာချန် … မင်းအခုတလော စိတ်ပညာစာအုပ်တွေများ ဖတ်ထားသေးလား … ဘာလို့ အမြဲတမ်းပဲ စကားကို ဝေ့ဝိုက်ပြီး ပြောနေရတာလဲ …..”

“ ကိုယ့်ကိုယ်ကို အပြစ်တင်တာက သူ့ရောဂါနဲ့ ဘာပတ်သက်နေလို့ ….”

“ ငါလည်း မသိဘူး … ဉာဏ်ကောင်းတဲ့ တစ်ယောက်ယောက် ရှင်းပြပေးပါလား ….”

“ ဒေါက်တာချန် ပြောတာ ဥက္ကဌလီမှာ လူကုန်ကူးသမားတွေ ပြန်ပေးဆွဲတာ ခံလိုက်ရတဲ့ ညီလေး တစ်ယောက်ရှိတယ်လို့နော်… သူ့ကိုယ်သူ အပြစ်တင်တာက အဲ့ကိစ္စနဲ့များ ပတ်သက်နေမလား …”

“ အပေါ်ကလူ ပြောတာ ယုတ္တိရှိတယ် … ဆက်လုပ် … ဆက်ပြီး ဝေဖန်ဆန်းစစ်ကြည့်စမ်းပါ …”

ကြည့်ရှုသူများမှာ ကျွမ်းကျင်သည့် လေ့လာဆန်းစစ်ရေးသမားများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ချန်ယွီ့ စကားလုံးများနောက်ကွယ်ရှိ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များကို စူးစမ်းရှာဖွေနေကြတော့သည်။

“ အဟွတ် အဟွတ် အဟွတ် …..”

လီဝေ့ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။ သူ့ အောက်ဆီဂျင်မာ့စ်ကို ဖြုတ်၍ ပြင်းထန်စွာ ချောင်းဟွတ်လိုက်၏။

“ လူကြီးမင်းလီ …” ရှောင်နာ့က အကြံပေးသည်။ “ ရှင့် စိတ်ခံစားချက်တွေက မတည်ငြိမ်ဘူး … တကယ်လို့ ပြောစရာရှိတယ်ဆို ကျွန်မ ကူပြောပေးမယ် ..”

“ အားလုံးပဲ … ခန့်မှန်းနေဖို့ မလိုပါဘူး … ဒေါက်တာချန် ပြောတာ မှန်ပါတယ် ….” လီဝေ့က တည်ငြိမ်စွာ ဆိုလိုက်သည်။

“ ဆက်ပြီး စစ်ဆေးကုသဖို့ကို ငြင်းဆန်ခဲ့တာ ငါပဲ …. တစ်ဖက်မှာက သေခါနီး ဖြစ်နေတဲ့ ငါ့လိုလူအပေါ် ပိုက်ဆံ မသုံးချင်တာကြောင့်ရယ် … တခြားတစ်ဖက်မှာကျ ငါ အောက်ကို ဆင်းသွားပြီး ငါ့မိဘတွေနဲ့ မြန်နိုင်သမျှ မြန်မြန် တွေ့ဆုံချင်လို့ပဲ …”

ခေတ္တနားပြီးနောက် လီဝေ့က ခွန်အားတစ်ချို့ ပြန်ရလာသည်။

သူက ကုသနည်းလမ်းဟောင်းများကို ရွေးချယ်ပြီး သူ့နေရာ ဆက်ခံနိုင်မည့်လူကို ရွေးချယ်ဖို့ အချိန်နည်းနည်းလောက် ဝယ်ယူလိုခြင်းပင်။

အကယ်၍ သူသာ တစ်ယောက်လောက် ရှာတွေ့နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်၏။

စကားပြောဖို့ တွန့်ဆုတ်နေသည့် ရှောင်နာ့ကို ကြည့်ရင်း လီဝေ့ပြောလိုက်သည်။ “ ငါ့ညီ ပြန်ပေးဆွဲသွားခံလိုက်ရတဲ့ ကိစ္စက ငါနဲ့ ဆက်စပ်နေလားလို့ မေးချင်နေတာ ဟုတ်တယ်မလား …”

ရှောင်နာ့က ကိုးရို့ကားယားနိုင်စွာ ခေါင်းညိတ်လိုက်သည်။

“ ခန့်မှန်းနေဖို့ မလိုဘူး … ငါအခုချက်ချင်း ပြောပြမယ် ….”

ဤသည်က လီဝေ့ရဲ့ နှလုံးသားထဲ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖိနှိပ်လာခဲ့သည့် အရာပင်။

ယင်းက ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်၏။

ချန်ယွီ့ကလည်း သူ့လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်နေလေရာ လီဝေ့ကလည်း အရာအားလုံးကို ဖွင့်ဟပြောဆိုဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ ငါက ကျေးလက်ကနေ လာခဲ့ရုံတင် မကဘူး … ငါ့မိဘနှစ်ပါးကလည်း ဒုက္ခိတတွေ ….”

“ သူတို့ရဲ့ ဒုက္ခိတ အင်္ဂါရပ်ကြောာင့် အင်မတန် ငယ်ငယ်လေးကတည်းက အလုပ်လုပ်နိုင်ခြင်း မရှိဘူး …”

“ မိသားစုရဲ့ ဝင်ငွေတွေ အကုန်လုံးကို ငါ့အဘိုးတစ်ဦးတည်းက ထောက်ပံ့ပေးခဲ့တာ ….”

“ ငါ့မိဘတွေက သူတို့လက်ထပ်ပြီး မကြာခင်မှာ ငါ့ကို မွေးတယ် … တခြားကလေးတွေ သူတို့ မိဘရင်ခွင်ထဲ ပျော်ပါးနေချိန်မှာ ငါကတော့ အဘိုးနဲ့ အလုပ်တွေ လုပ်ရတယ် …”

“ ငါ အသက်ခြောက်နှစ်ရောက်တော့ ငါ့အမေက ထပ်ပြီး ကိုယ်ဝန်ဆောင်တယ် … ပြီးတော့ ကျန်းမာသန်စွမ်းတဲ့ ငါ့ညီလေးကို မွေးခဲ့တယ် ….”

“ ငါ့ညီလေး ရောက်လာတာကို တစ်မိသားစုလုံးက ပျော်ကြတယ် … ဒါပေမယ့် အဲ့ထဲ ငါ မပါဘူး …”

ငယ်ရွယ်တဲ့ လီဝေ့လေးက ဘဝကြီးက ခက်ခဲကြမ်းတမ်းတာကို သိသည်။

မိသားစုထဲ နောက်ထပ် ပါးစပ်ပေါက် တစ်ခု တိုးလာရာ သူနှင့် သူ့အဘိုးအပေါ် ဖိအားတွေအများကြီး တိုးလာတော့မယ်မှန်း သူ သိနေသည်။

သူ့ မိဘတွေက အလုပ်မလုပ်နိုင်။ သူ့ အဘိုးကလည်း တစ်နေ့ထက်တစ်နေ့ အိုမင်းလာနေသည်။

သူ့တွင် အစားစားဖို့ လိုအပ်သည့် ညီငယ်လေး တစ်ယောက် ရှိလာတော့ ငယ်ရွယ်တဲ့ လီဝေ့လေးမှာ အင်မတန် အခက်ကြုံရသည်။

သို့သော် သူ ဘယ်လောက်ပဲ အခက်ကြုံရပါစေ၊ သူ့ညီက သူ့ရဲ့ မိသားစုဝင် ဖြစ်နေတုန်းပဲ ဖြစ်၏။

သူ့မိဘတွေက သူ့ညီလေးကို မစောင့်ရှောက်နိုင်။ သူ့ အဘိုးကလည်း အလားတူပင်။

အစ်ကိုကြီး ဖြစ်တဲ့ လီဝေ့ကပဲ သူ့ညီလေးကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီး မိဘသဖွယ် ဖြစ်ခဲ့ရသည်။

သူ့ညီလေးကို နေ့တိုင်းနေ့ ကျောပိုးပြီး သူ့အဘိုးနှင့် ထုံးစံအတိုင်း အလုပ်သို့သွားသည်။

ဒီလိုနဲ့ လေးနှစ်တာက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်လာသည်။

သူ့ အဘိုးကလည်း အလုပ် အလွန်အကျွံ လုပ်တာကြောင့် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲသည်။

သူ့အဖေ၊ သူ့အမေနှင့် သူ့ညီလေးကို ဂရုစိုက်ပေးရမယ့် တာဝန်က လီဝေ့တစ်ဦးတည်း၏ ပခုံးပေါ်သို့ ရောက်လာသည်။

ထိုနေရာ အရောက်၌ လီဝေ့က ပိုပြီး ခါးသီးသည့် မျက်နှာအမူအရာကို လှစ်ဟာပြလာခဲ့သည်။

“ ငါ့ညီက ငယ်ငယ်လေးကတည်းကရင် ဉာဏ်ကောင်းတယ် … အသက်လေးနှစ်ရောက်တော့ စာဖတ်တတ်နေပြီ ….”

“ အလုပ်ပဲ လုပ်တတ်တဲ့ ငါနဲ့ မတူဘူး ….”

“ ငါ ခြောက်နှစ်ရောက်တော့ သူက ရွာသားတွေရဲ့ အကူအညီနဲ့ မြို့က မူလတန်းကျောင်းမှာ ကျောင်းတက်နိုင်နေပြီ ….”

“ ငါသူ့ကို မနက်တိုင်း ကျောင်းလိုက်ပို့ပြီး ညနေခင်းတိုင်းမှာ သွားကြိုပေးတယ် …”

ထိုအခိုက်အတန့်၌ လီဝေ့၏ ခံစားချက်တို့ ရောထွေးနေပြီး မျက်ရည်စက်များက ကုတင်အိပ်ရာပေါ်သို့ ကျဆင်းသွားသည်။

ရှောင်နာ့က တစ်သျှူးတစ်ရွက်ဖြင့် မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။

“ သူ ကျောင်းတက်ခွင့် ရကတည်းက သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်ဆိုတာ ငါ သေချာကြီး သိတယ် …” လီဝေ့ နီစွေးသည့် မျက်ဝန်းတို့ဖြင့် ပြောလိုက်သည်။

“ တောင်ပေါ်ကနေ ဆင်းတဲ့အခါကျရင် အသက်ရှင်ဖို့ ငါ့လို ပင်ပင်ပန်းပန်း လုပ်ဖို့ လိုမှာ မဟုတ်ဘူး ….”

“ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ငါ့ရဲ့ သတိကင်းမဲ့မှုကြောင့် ငါ့ညီလေးက ငါနဲ့ငါ့မိဘတွေက ထာဝရ ခွဲခွာသွားခဲ့တယ် ….”

လီဝေ့ လက်မြှောက်ပြီး သူ့ပါးသူ ပြင်းထန်စွာ ရိုက်နှက်လာခဲ့သည်။

ရှောင်နာ့က သူ့လက်မောင်းကို ကမန်းကတမ်း လှမ်းဆွဲပြီး တားမြစ်လိုက်ရ၏။

“ လူကြီးမင်းလီ … ရှင်က အစ်ကိုကောင်းတစ်ယောက်ဆိုတာ ကျွန်မတို့ ပြောနိုင်ပါတယ် …”

“ ရှင့် ညီလေးကို လူကုန်ကူးသမားတွေက ပြန်ပေးဆွဲသွားခဲ့တာ … အဲ့တာ ရှင့်အပြစ် မဟုတ်ဘူး ….”

“ ဟုတ်တယ် … လူကုန်ကူးသမားတွေရဲ့ အမှားပဲ …. ဒါပေမယ့် ငါ့ရဲ့ ဂရုမဲ့မှုကြောင့်သာ မဟုတ်ရင် သူတို့တွေလည်း အောင်မြင်သွားခဲ့မှာ မဟုတ်ဘူး …” လီဝေ့က နာကျင်နေသည့် အမူအရာဖြင့် ထပ်ဖြည့်ပြောလာခဲ့သည်။

လီဝေ့က မနက်ခင်းတိုင်း ကျောင်းသို့ လိုက်ပို့ပြီး ညနေခင်းတိုင်းတွင် သူ့ညီကို ကျောင်းကနေ ကြိုသည်။

နေ့ခင်းပိုင်းတွင် သူက လယ်ထဲယာထဲ အလုပ်လုပ်ပြီး အိမ်ပြန်၍ သူ့မိဘများကိုလည်း ပြုစုစောင့်ရှောက်ရသေးသည်။

လီဝေ့မှာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခဲ့၏။

ထိုနေ့တွင် ၊ နေရောင်ခြည်က အင်မတန် နွေးထွေးပြီး …

မွန်းလွဲညနေပိုင်းတွင် လီဝေ့ ငိုက်မြည်းလာ၍ ခေတ္တ အနားယူဖို့ ဆုံးဖြတ်လိုက်သည်။

သူ အရိပ်ကောင်းကောင်းရသည့် တစ်နေရာတွင် ခေတ္တ လဲလျောင်း မျက်လုံးလေး မှေးလိုက်ရာ မထင်မှတ်ဘဲ ညနေခင်းသို့ရောက်သည့်တိုင် အိပ်မောကျသွားခဲ့သည်။

မူလတန်း ကျောင်းဆင်းပြီးသည့်အချိန်က သုံးနာရီကျော်ခဲ့ပြီး ဖြစ်၏။

All Chapters