← Chapters

အခန်း (၉၁-၉၂)

Vol. 7 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 7 Ch. 91-92

အပိုင်း ( 91 )

နားလည်နိုင်စွမ်းထပ် ကျော်လွန်သော၊ နိုင်ငံတော် လျှို့ဝှက်ချက် !!! ၂

သို့သော် သူသည် တုံ့ဆိုင်းမနေတော့ဘဲ ရှုကျိုးထံသို့ ဖုန်းခေါ်လိုက်တော့သည်။

ပီ …………

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။

“ ရှုကျိုး၊ မင်းက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူမှုကို ရခဲ့တာလား? “ ချောင်ရုံသည် လျင်မြန်စွာ မေးမြန်းနေတော့သည်။

“ ဟုတ်ပါတယ်၊ ပညာရှင်လျူ ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ “ ရှုကျိုးမှ ဝန်ခံပြောဆိုလာခဲ့သည်။

“ ပညာရှင်လျူလား? “ ချောင်ရုံ အံ့ဩတုန်လှုပ်သွားရတော့သည်။

သူသည် ထိုလူက သူတို့ကျောင်းကို လာခဲ့သည့် ပညာရှင်လျူချင်းယွမ် ဖြစ်သည်ဆိုသည်ကို သိနေခဲ့သည်။

သို့သော် ချောင်ရုံသည် အဆိုပါ လျူချင်းယွမ်က နူးညံ့သိမ်မွေ့ပြီး သဘောကောင်းပုံပေါက်နေသော်လည်း၊ လူတိုင်းကို အထင်သေးနေတတ်သည်ဆိုသည်ကို ကောင်းစွာ သိနေခဲ့သည်။

ကျောင်းကျိုးကပင် သူ၏အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။

အခု အဲ့လိုလူက ရှုကျိုးကို မျက်စိကျသွားပြီးတော့ အထူးခေါ်ယူခွင့်ကို သုံးလာခဲ့တာလား?

ရှုကျိုးက ဘာတွေလုပ်ခဲ့တာလဲ?

ချောင်ရုံထံတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားပြီး၊ အမြန်မေးမြန်းလာတော့လေသည် “ ရှုကျိုး၊ မင်းအခု အားလား? ကျောင်းကို လာခဲ့လေ “

“ ဟုတ်၊ အခုပဲထွက်လာခဲ့လိုက်မယ် “

ရှုကျိုးသည် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်နေတော့သည်။

သူသည် ထိုကိစ္စများကို ရှင်းပြရုံသာလျှင် မဟုတ်ဘဲ၊ သူ၏ဆရာဖြစ်သူကို နှုတ်ဆက်ရန်အတွက် လင်းဂျန် ပထမအထက်တန်းကျောင်းသို့ သေချာပေါက် သွားရောက်လည်ပတ်ရမည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ဝက်အတွင်းတွင် ချောင်ရုံသည် သူ့အား သူတတ်သမျှ အရာအားလုံးကို သင်ပြပေးခဲ့သောကြောင့် သူ၏ကျေးဇူးရှင်အဖြစ်ပင် သတ်မှတ်နေနိုင်ပြီ ဖြစ်သည်။

ရှုကျိုးသည် တစ်ခဏခန့် အထုပ်အပိုး ပြင်နေခဲ့ပြီး၊ ထို့နောက်တွင် အိမ်ထဲမှ ထွက်လာတော့လေသည်။

…

လင်းဂျန် ပထမအထက်တန်းကျောင်း

ကျောင်းအုပ်ရုံးခန်း

ရှုကျိုးသည် ချောင်ရုံနှင့် ကျောင်းအုပ်ကြီး၏ အရှေ့တွင် ထိုင်ကာ ဖြစ်ရပ်များကို အကျဥ်းချုံး၍ ရှင်းပြနေလျက်ရှိသည်။

သူ၏ စကားများ ပြီးဆုံးသွားသည့်နောက်တွင် ရုံးခန်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ကျောင်းအုပ်ကြီးနှင့် ချောင်ရုံတို့သည် ရှုကျိုးကို မည်သည့်စကားမှ မပြောဘဲ စိုက်ကြည့်ရုံသာ စိုက်ကြည့်နေကြတော့သည်။

တစ်မိနစ် ကုန်ဆုံးသွားသည့်နောက်တွင် ရှုကျိုးသည် မနေတတ်တော့ဘဲ နှစ်ကြိမ်ခန့် ချောင်းဟန့်လာခဲ့သည်။

ချောင်ရုံသည် ရုတ်တရက် မတ်တပ်ရပ်လာကာ ရှုကျိုး၏ ခေါင်းကို ရိုက်ချလာခဲ့သည်။

“ မင်းကောင်စုတ်လေး၊ တတိယအဆင့် သားရဲကောင် လိုက်ဖမ်းတာကို ခံရအောင် မင်းက ဘာတွေ လုပ်ခဲ့တာလဲ? “ ချောင်ရုံသည် ဒေါသတကြီး အော်ငေါက်လာတော့လေသည်။

သူသည် အမှန်တကယ် ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။

ရှုကျိုး၏ စကားများကို ကြားခဲ့ရပြီးသည့်နောက်တွင် ချောင်ရုံသည် အဆိုပါ ဖြစ်ရပ်က မည်မျှ ရင်တုန်ကြောက်လန့်ဖွယ်ကောင်းနေမလဲဆိုသည်ကို ခံစားမိနေခဲ့ရသည်။

သူ့ဆရာဖြစ်သူ၏ အပြစ်ပေးမှုနှင့် ရင်ဆိုင်ရသောအခါတွင် ရှုကျိုးသည် ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့သည်။

သူသည် ချောင်ရုံက သူပြန်မလာနိုင်တော့မှာကို ကြောက်လန့်နေသောကြောင့် အလွန်ဒေါသထွက်သွားရသည်ဆိုသည်ကို သိနေခဲ့သည်။

ကျောင်းအုပ်ကြီးနှင့် ဆရာဖြစ်သူတို့ စိတ်တည်ငြိမ်သွားသည့် အချိန်တွင် ရှုကျိုးသည် အလေးအနက်ထား၍ စကားပြောလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ ဆရာ၊ ကျွန်တော်က ဩဂုတ်လကုန်ရင် ကွမ်ဟန်တက္ကသိုလ်ကို သတင်းသွားပို့ရတော့မယ် “

ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့ အလွန်အံ့အားသင့်သွားကြသည်။

ဤတစ်ကြိမ်တွင် ရှုကျိုးသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ အထူးခေါ်ယူခွင့်ကို ရရှိခဲ့သည်။

လူသစ်လေးတစ်ဦးကို ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ ခေါ်ယူခြင်း၊ ၎င်းမှာ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် ဖြစ်သည်။

၎င်းသည် ရန်ပြည်ထောင်တစ်ခုလုံးတွင် ပထမဦးဆုံးသော ဖြစ်ရပ်တစ်ခုဖြစ်နေလိမ့်မည် ဖြစ်သည်။

အကြောင်းပြချက်ကား ရိုးရှင်းလွန်းလှပေသည်၊ သိုင်းပညာ တက္ကသိုလ် အားလုံးသည် ချီ-သွေး ၁၅၀ ကယ်လိုရီ ကျော်လွန်သည့် လူများအတွက်သာ အထူးခေါ်ယူခွင့်ကို အသုံးပြုလေ့ရှိသောကြောင့် ဖြစ်သည်။

ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်သည့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကမူ အထူးခေါ်ယူခွင့်အတွက် လိုအပ်ချက်များကို ပို၍ တင်းကြပ်ထားလေသည်။

အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေသည့် လူများကပင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ အထူးခေါ်ယူခွင့်ကို မပိုင်ဆိုင်နိုင်ခဲ့ကြပေ။

လအနည်းငယ်မျှသာ ကျင့်ကြံရသေးသည့် လူသစ်လေးတစ်ဦးကား …..

ထိုစံနှုန်းနှင့် ကိုက်ညီနေမည် မဟုတ်ပေ။

“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူခွင့်ကို ရခဲ့တာက “ ချောင်ရုံသည် ရှုကျိုးကို ကြည့်ကာ အလေးအနက်ထား၍ ပြောလာခဲ့သည် “ မင်းက တကယ်ကို ထူးချွန်တယ်ဆိုတာကို ညွှန်ပြနေတယ် “

“ ဒါပင်မဲ့ သိုင်းပညာ တက္ကသိုလ်က အထက်တန်းကျောင်းနဲ့ လုံးဝမတူဘူး “

ချောင်ရုံမှ သူ၏လေသံကို ပြောင်းလဲလာခဲ့ရာ သူ၏လေသံ တိုးညှင်းလာခဲ့သည် “ မင်းက လူသစ်လေးတစ်ယောက်ပဲ ရှိသေးတယ်၊ တက္ကသိုလ်ကို စောစော ရောက်သွားတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး “

ရှုကျိုး၏ နှလုံးသားသည် အနည်းငယ် တုန်ရင်သွားခဲ့သည်။

တက္ကသိုလ်က အထက်တန်းကျောင်းနဲ့မတူဘူးလို့ ဆရာကပါ ပြောနေတာလား?

သူသည် ထိုစကားကို လျူချင်းယွမ်ဆီမှလည်း ကြားသိခဲ့ရပြီးပြီ ဖြစ်သည်။

“ ဆရာ “ ရှုကျိုးမှ မေးမြန်းလာတော့သည် “ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းက ဘယ်လို မတူတာလဲ? ပြီးတော့ အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်လို့လည်း ကြားခဲ့ရသေးတယ်၊ အဲ့မှာ ဘာတွေ ပါဝင်ပတ်သက်နေလို့လဲ? “

သူသည် သူ၏ စိတ်ရှုပ်ထွေးနေမှုများကို အပြည့်အဝ ထုတ်ဖော်ပြောကြားလာခဲ့သည်။

ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့သည် အကြည့်များ ဖလှယ်နေကြပြီး၊ တစ်စုံတစ်ရာ တွေဝေသွားကြသည့်ပုံပင်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကျောင်းအုပ်ကြီးမှ စကားပြောလာခဲ့သည် “ တက္ကသိုလ်မှာရှိတဲ့ လူ့အဖွဲ့အစည်းက အထက်တန်းကျောင်းကဟာထပ် ပိုပြီးတော့ ရက်စက်ကြမ်းတယ် “

“ ပြီး‌တော့ သိုင်းပညာ တက္ကသိုလ်တစ်ခု၊ အထူးသဖြင့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်လို နေရာမျိုးမှာဆိုရင်မင်းက တစ်ချို့အရာတွေနဲ့ ထိတွေ့ဆက်ဆံလာရနိုင်တယ် ………… တစ်ချို့အရာတွေက မင်းရဲ့ နားလည်နိုင်စွမ်းထပ် ကျော်လွန်နေတတ်တယ် “

ကျောင်းအုပ်ကြီးမှ ဖြည်းညှင်းစွာ စကားပြောလာခဲ့သည် “ အဲ့ဒီအရာတွေက သာမန်လူတွေ မပြောနဲ့၊ တစ်ချို့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကတောင် မသိကြဘူး “

ရှုကျိုး မှင်သက်သွားရတော့သည်။

နားလည်နိုင်စွမ်းထပ် ကျော်လွန်နေတဲ့ အရာတွေလား?

သာမန်လူတွေ သိခွင့်မရှိတဲ့ အရာတွေလား?

ဘာတွေမို့လို့၊ အဲ့လောက်တောင် လျှို့ဝှက်ဆန်းကြယ်နေရတာလဲ?

“ ဥပမာတစ်ခုနဲ့ ပြောပြမယ် “ ကျောင်းအုပ်ကြီးမှ ပြုံးပြလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲက ပတ်ဝန်းကျင်ကို မင်းဘယ်လိုထင်လဲ? “

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ….. “ ရှုကျိုးသည် အလေးအနက်ထား၍ ပြောလာခဲ့သည် “ တော်တော်ကြီးကို ကြမ်းတမ်းတယ်၊ အထူးသဖြင့် ညအချိန်မှာပဲ၊ အသက်ဆုံးရှုံးသွားရနိုင်တဲ့ အန္တရာယ်တွေ အမြဲရှိတယ် “

ကျောင်းအုပ်မှ ပြောပြလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက အရမ်းအန္တရာယ်များတဲ့ဟာကို စစ်တပ်က သူ့ဘာသာ မဝင်ဘဲ၊ ပြင်ပသိုင်းပညာရှင်တွေနဲ့ ကျောင်းသားကျောင်းသူတွေကို ဘာလို့ ဝင်ခိုင်းနေရတာလဲဆိုတာကို မင်းတွေးကြည့်ဖူးလား? “

“ တားမြစ်နယ်မြေဖွင့်တဲ့ အချိန်တိုင်းမှာ လူအများကြီး သေကြတယ် “

“ နိုင်ငံတော်က အဲ့တာကို ဂရုမစိုက်လို့များလား? မင်းတို့ကျောင်းသူကျောင်းသားတွေကို တမင်သက်သက် သွားသေခိုင်းတာလား? “

ကျောင်းအုပ်ကြီးသည် ရှုကျိုးကို ကြည့်နေခဲ့သည်။

ရှုကျိုးသည် မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ ကျွန်တော်တို့က အတွေ့အကြုံတွေ ရသွားဖို့အတွက်လား? “

“ ဟုတ်တယ် ပြီးတော့ မဟုတ်ဘူး “ ကျောင်းအုပ်ကြီးမှ ခေါင်းခါပြလာခဲ့သည်။

“ တကယ်တော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူပဲ မဟုတ်ဘူး၊ ရန်ပြည်ထောင်မှာရှိတဲ့ တားမြစ်နယ်မြေတွေ အကုန်လုံးက အတူတူပဲ “

“ တားမြစ်နယ်မြေသာ မကျိုးပျက်သွားဘူးဆိုရင် စစ်တပ်က တားမြစ်နယ်မြေထဲမှာရှိတဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး? “

ကျောင်းအုပ်ကြီးမှ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည် “ ဒါဆိုရင် ရန်ပြည်ထောင်မှာရှိတဲ့ သန်းနဲ့ချီတဲ့ စစ်သားတွေက ဘယ်ကို ရောက်သွားတာလဲ? “

ရှုကျိုးမှာလည်း ၎င်းကို တွေးမိသွားခဲ့သည်၊ ဟုတ်တယ်၊ စစ်တပ်က ဘယ်ရောက်သွားတာလဲ?

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် သူသည် ပြန့်ကျဲနေသည့် စစ်သားအနည်းငယ်မျှကိုသာ မြင်တွေ့ခဲ့ရသည်။

စစ်တပ်က အဲ့မှာ မရှိတာလား?

ကျောင်းအုပ်ကြီးမှ အပြုံးဖြင့် ပြောပြလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ နားလည်နိုင်စွမ်းထပ် ကျော်လွန်နေတဲ့ အရာတွေ ရှိတယ်။ မင်းက တက္ကသိုလ်ကို ရောက်သွားရင် အဲ့ကိစ္စတွေကို သိသွားလိမ့်မယ် “

“ အဲ့ဒီအချိန်ကျရင် မင်းက အဲ့တာတွေကို ကိုင်တွယ်နိုင်သည်ဖြစ်စေ၊ မကိုင်တွယ်နိုင်သည်ဖြစ်စေ၊ မင်းက အံကြိတ်ပြီးတော့ မျိုသိပ်ထားရမှာပဲ “

“ တက္ကသိုလ် ကျောင်းသားတစ်ယောက် ဖြစ်ရခြင်းက နာမည်ခံ တစ်ခုတည်း မဟုတ်ဘူး၊ တာဝန်တစ်ခုပဲ “

ရှုကျိုးသည် လေထု၏ အလေးချိန်ကို ခံစားနေခဲ့ရသောကြောင့် စကားမပြောနိုင်တော့ပေ။

ကျောင်းအုပ်ကြီးနှင့် သူ၏ဆရာဖြစ်သူသည် အမြဲလိုလို ‌လေးနက်လေ့ရှိသည်၊ သို့သော် ဤတစ်ကြိမ် လေးနက်မှုထဲတွင် ကူရာကယ်ရာမဲ့နေသည့် အရိပ်အယောင်များ ရှိနေသည်ဟု သူခံစားနေခဲ့ရသည်။

ကျောင်းအုပ်ကြီးမှ ဆက်လက်၍ ပြောပြလာခဲ့သည် “ မင်းပြောခဲ့တဲ့ အစစ်အမှန် သိုင်းပညာ ဌာနကတော့ တကယ်ကိုပဲ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်တယ်။ ငါက အဲ့တာကို တကယ်ပြောပြလို့ မရဘူး၊ စာရင်းသွင်းလိုက်တာနဲ့ အဲ့အကြောင်းကို မင်းသိလာပါလိမ့်မယ် “

………………………………………………………………………………………………………….

အပိုင်း ( 92 )

နားလည်နိုင်စွမ်းထပ် ကျော်လွန်သော၊ နိုင်ငံတော် လျှို့ဝှက်ချက် !!! ၃

ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ ကောင်းပြီလေ၊ မင်းက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို သွားတော့မှာဆိုတော့ ငါတို့က မင်းရဲ့ စိတ်ဓာတ်ကို အရမ်းကျသွားအောင် မလုပ်သင့်ဘူး “

ဘေးနားရှိ ချောင်ရုံမှ အပြုံးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ စွမ်းရည်က တော်တော်ကြီးကို ထူးခြားတယ်။ ပထမအဆင့်ကို ရောက်သွားရင် မင်းရဲ့ကျင့်ကြံ‌ရေးက တော်တော်ကြီးကို ခက်ခဲသွားနိုင်တယ်။ ငါတို့က မင်းကို အများကြီး မကူညီပေးနိုင်တော့ဘူး၊ ဒါပင်မဲ့ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကတော့ သေချာပေါက် ကူညီပေးနိုင်တယ် “

“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူခွင့်ကို ရခဲ့တာက တကယ့်ကိစ္စကောင်း တစ်ခုပဲ “

“ အဲ့လိုနေရာမျိုးမှာပဲ မင်းက ပိုပြီးတော့ တိုးတက်လာဖို့ အခွင့်အရေး ရနိုင်တယ် “

“ မင်းက စွမ်းအားရှင်ကြီး ဖြစ်လာမဲ့နေ့ရက်ကို ငါတကယ် မျှော်လင့်နေမိပြီ “

သူ့ဘေးနားရှိ ကျောင်းအုပ်ကြီးထံတွင် အလွန်လေးနက်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။

ရှုကျိုးထံတွင် သားရဲစွမ်းရည် ရှိနေခဲ့သည်။

သမိုင်းကြောင်းအရ ပထမအဆင့်သည် သားရဲစွမ်းရည်၏ အကန့်အသတ်ဖြစ်သည်။

ရှုကျိုးမှ အဆိုပါ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည်လား?

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထံတွင် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် စွမ်းရည်မျိုး ရှိနေခဲ့သည်။

ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားတော့သည်၊ သူသည် ပထမအဆင့်သို့ပင် မရောက်သေးချေ။

ကိုယ်ပွားသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် တိတ်တဆိတ် တိုးတက်နေလျက်ရှိပြီး၊ တက္ကသိုလ်သို့ ရောက်သွားသောအချိန်တွင် မူလကိုယ်ထံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။

ထိုအချိန်တွင် သူ၏ကျင့်ကြံရေး အမြန်နှုန်းသည် အဆင့်သစ်တစ်ခုအထိ မြင့်တက်သွားမည် ဖြစ်သည်။

ထို့နောက်တွင် ရှုကျိုးသည် သူ၏ဆရာဖြစ်သူနှင့် တစ်ခဏခန့် စကားဆက်ပြောနေခဲ့သည်။

စကားပြောပြီးသွားသည့်နောက်တွင် ရှုကျိုးသည် မတ်တပ်ထရပ်လာခဲ့ပြီး ချောင်ရုံကို တလေးတစားဖြင့် ဦးညွတ်၍ အရိုအသေပေးလာခဲ့သည်။

“ ဆရာ၊ ဒီကာလအတွင်းမှာ ကျွန်တော့်ကို သင်ပြပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် “ ရှုကျိုးမှ စိတ်ရင်းအမှန်ဖြင့် ပြောလာခဲ့သည် “ အဲ့တာတွေကို ကျွန်တော်ရဲ့ စိတ်ထဲမှာ မှတ်သားထားမှာပါ “

ချောင်ရုံသင်ပေးခဲ့သည့် တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့်သည် အမျိုးမျိုးသော ပြဿနာနှင့် အကြပ်အတည်းများကို ဖြေရှင်းရာတွင် သူ့အား များစွာ အထောက်အကူပြုခဲ့သည်။

ရှုကျိုးသည် ၎င်းအတွက် များစွာ ကျေးဇူးတင်နေခဲ့သည်။

ချောင်ရုံသည် တဝါးဝါး ရယ်မောကာ ပြောလာခဲ့သည် “ အလောတကြီး နှုတ်ဆက်ဖို့ မလိုသေးပါဘူး၊ ငါနဲ့အရင် လိုက်ခဲ့၊ ငါမင်းကို ပေးချင်တာ တစ်ခုရှိသေးတယ် “

“ အာ? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားတော့သည်။

ဘေးနားရှိ ကျောင်းအုပ်ကြီးမှာလည်း တဝါးဝါး ရယ်မော၍ ပြောလာခဲ့သည် “ သွား သွား၊ မင်းရဲ့ ဆရာက မင်းကို သူ့ရဲ့ တကယ့်အမွေအနှစ်ကို လက်ဆင့်ကမ်းပေးတော့မှာ “

တကယ့် အမွေအနှစ်လား?

ရှုကျိုး အံ့အားသင့်သွား‌တော့သည်။

ချောင်ရုံက လှည့်ထွက်သွားပြီဆိုသည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ကျောင်းအုပ်ကြီးကို နှုတ်ဆက်ကာ ဆရာဖြစ်သူနောက်သို့ အမြန်ပြေးလိုက်သွားတော့၏။

တစ်ခဏခန့် ကြာပြီးသည့်နောက်

ချောင်ရုံ၏ ရုံးခန်း

“ ဒါက နှစ်ပေါင်းများစွာ အတွင်းမှာ ငါသိမြင် ရရှိခဲ့တဲ့ ငါ့ရဲ့ အကြီးမားဆုံးသော အတွေးအမြင်တွေပဲ “ ချောင်ရုံသည် လေးနက်နေသော အမူအရာဖြင့် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူ၍ ရှုကျိုးထံသို့ လွှဲပြောင်းပေးလာခဲ့သည်။

ရှုကျိုးသည် ၎င်းကို တလေးတစားဖြင့် လက်ခံလိုက်သည်။

“ ချောင်မျိုးနွယ်စုရဲ့ စိတ်ဝိညာဥ် နည်းစနစ်လား? “ ရှုကျိုး မှင်သက်သွားတော့သည်။

ချောင်ရုံသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အဲ့တာကို လေ့ကျင့်လိုက်၊ အဲ့တာနဲ့ဆိုရင် မင်းက မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားကို တိုးမြှင့်နိုင်လိမ့်မယ် “

“ ဘယ်လိုလဲ၊ မိုက်တယ်မလား? “

ရှုကျိုး၏ အမူအရာသည် တစ်မျိုးတစ်ဖုံ ထူးဆန်းသွားခဲ့သည်၊ စိတ်စွမ်းအားကို တိုးမြှင့်နိုင်တာလား?

ကြည့်ရတာတော့ သိပ်မခက်ဘူးထင်တယ်။

သို့ရာတွင် စိတ်စွမ်းအားမြှင့်တင်ခြင်း ဆိုသည်မှာ သာမန်လူများအတွက် အလွန်တရာ ခက်ခဲလွန်းလှပေသည်။

ချောင်ရုံမှ ပြောပြလာခဲ့သည် “ ဘေဘူယျအနေနဲ့ ပြောရရင်တော့ မင်းက တတိယအဆင့်ကို ရောက်သွားမှ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားကို လေ့ကျင့်နိုင်မှာ “

“ ဒါပင်မဲ့ ဒီပညာရပ်ကို လေ့ကျင့်လိုက်မယ်ဆိုရင်တော့ မင်းက ပထမအဆင့်ကို မရောက်သေးဘူးဆိုရင်တောင်မှ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားကို တိုးတက်လာအောင် လုပ်နိုင်လိမ့်မယ် “

ရှုကျိုး၏ စိတ်များပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ ဒါဆိုရင် ဒီစာအုပ်လေးက တော်တော်ကြီးကို တန်ဖိုးကြီးတာပဲ။

၎င်းမှာ သူ့အတွက် များစွာ အသုံးမတည့်သော်လည်း၊ တစ်ခြားလူတစ်ဦးဦးကသာ ဤအရာကို မြင်တွေ့သွားပါက ရူးသွပ်သွားကြမည် ဖြစ်သည်။

၎င်းသည် ငွေကြေးဖြင့်ပင် မတိုင်းတာနိုင်လောက်သည်အထိ အဖိုးတန်သော အရာတစ်ခုဖြစ်သည်။

ရှုကျိုးသည် ၎င်းကို ဘေးဖယ်ထားကာ လေးလေးနက်နက် ကျေးဇူးတင်နေတော့သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာ “

ချောင်ရုံမှ သူ၏လက်ကို ဝေ့ယမ်းပြလာခဲ့သည်။

သူသည် “ ဒါနဲ့ လျူဟီနဲ့ ဟွမ်ယွင်ရွှယ်က မင်းကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ ပြဿနာလာမရှာကြဘူးလား? “ ဟု ရုတ်တရက် မေးမြန်းလာခဲ့သည်။

ရှုကျိုးသည် ခေါင်းခါပြကာ ပြန်ဖြေလိုက်သည် “ ကျွန်တော် သူတို့ကို ဖြေရှင်းပြီးသွားပြီ “

“ ဘာ? ဖြေရှင်းပြီးသွားတာလား? “ ချောင်ရုံ အံ့အားသင့်သွားခဲ့သည်။

သို့သော် သူသည် မကြာခင်မှာပင် စိတ်သက်သာရာရသွားခဲ့သည်။

ရှုကျိုးသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထံမှ အထူးခေါ်ယူခွင့်ကိုပင် ရရှိထားခဲ့သောကြောင့် သူ၏ခွန်အားက လျူဟီကို သတ်နိုင်ရန် အမှန်တကယ် လုံလောက်နေမည် ဖြစ်သည်။

“ တကယ်ကို မထင်ထားခဲ့မိဘူး “ ချောင်ရုံသည် ရှုကျိုးကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ အတိတ်တုန်းက ဘယ်သူမှ အသိအမှတ်မပြုခဲ့တဲ့ သားရဲစွမ်းရည်က အခုတော့ ဒီလိုအဆင့်မျိုးထိ ကြီးထွားတိုးတက်လာခဲ့ပြီ “

ရှုကျိုးကမူ ချောင်ရုံ၏ အတွေးများကို မသိပေ၊ ထိုအချိန်တွင် သူစိတ်ခံစားချက်မှာ အတက်အကျ ဖြစ်နေလျက်ရှိသည်။

သူသည် လျူဟီကို ကိုင်တွယ်ခဲ့ပြီးပြီ ဖြစ်သော်လည်း၊ ပို၍ အစွမ်းထက်သော ရန်သူတစ်ဦးကို ရရှိထားခဲ့ပြီးပြီ ဖြစ်သည်။

အရှေ့ပိုင်းပြည်နယ် လျူမိသားစု၏ တိုက်ရိုက်မျိုးဆက် လျူတျန်မု !!

…

“ လျူတျန်မုလား? “

ကျောင်းကျိုး၊ ကျောင်းမြို့တော်၊ ကျန်းမိသားစု ရုံးချုပ်

ရှေးဟောင်းခြံဝင်းတစ်ခုအတွင်း၌

ကျန်းလန်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေလျက်ရှိပြီး၊ ဆံပင်များ ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးသည် သူမ၏ ကုတင်ဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။

“ အဲ့ခွေးသူတောင်းစား လျူတျန်မုက ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ရဲနေတယ်ပေါ့ “ အဘိုးအိုသည် အေးစက်စွာ ပြောလာခဲ့သည် “ ရှောင်လန်၊ ကောင်းကောင်းနားနေနော်၊ အဘိုးက သူ့အဘိုးကြီးဆီကနေ ဖြေရှင်းချက် သေချာပေါက် တောင်းပေးမယ် “

ကျန်းလန်သည် မည်သည့်စကားကိုမှ မပြောလာခဲ့ပေ၊ သူမ၏မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ် ဖြစ်နေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။

ကျန်းပေါ်ကျွမ်းသည် သူမကို ကြည့်နေခဲ့ပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် အရာတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့သည် “ ဘာလဲ၊ ပထမနေရာမရလို့ မပျော်မရွှင်ဖြစ်နေတာလား? “

ကျန်းလန်ကား တိတ်ဆိတ် ငြိမ်သက်နေစဲဖြစ်သည်။

“ အဘိုးကြားတာကတော့ သမီးရဲ့ အထက်မှာရှိနေတာက ရှုကျိုးလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဆို၊ ဟုတ်သားပဲ “

ကျန်းပေါ်ကျွမ်းမှ အပြုံးဖြင့် ပြောလာခဲ့သည် “ အဘိုး အရင်တုန်းက ပြောခဲ့ဖူးပါတယ်၊ အဲ့ကောင်လေးက Aအဆင့် ထောက်ပံ့မှုနဲ့ သေချာပေါက် ထိုက်တန်တယ်လို့၊ သူက Sအဆင့် အလားအလာတွေတောင် ရှိနေမလားပဲ? အရင်တုန်းက မြေးက မယုံခဲ့ပင်မဲ့ အခုတော့ ယုံသွားပြီမလား? “

“ ဘိုးဘိုး !! “

ကျန်းလန်သည် မကျေမနပ်ဖြင့် ပြောလာခဲ့သည် “ သမီး ဒေါသထွက်အောင် တမင်လုပ်နေတာလား? “

သူမသည် ပထမနေရာကို မရရှိခဲ့သည့်အတွက် စိတ်ခံစားချက်များ ဆိုးရွားနေခဲ့ပြီ ဖြစ်သည်၊ ထို့အပြင် ကုတင်ပေါ်တွင် လှဲလျောင်းနေရသောကြောင့် ပို၍ စိတ်ဓာတ်ကျနေလျက်ရှိသည်။

ယခုတွင်ကား သူမ၏အဘိုးဖြစ်သူကပင် သူမကို ရန်စလာခဲ့လေသည်။

ကျန်းလန်သည် ကျန်းပေါ်ကျွမ်းအား ဒေါသတကြီး စိုက်ကြည့်နေတော့၏။

ကျန်းပေါ်ကျွမ်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ ဘာလဲ၊ သမီးရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရသေးဘူးလား? တကယ်လို့ အဲ့ဒီအချိန်တုန်းကသာ သူ့ကို Aအဆင့် ထောက်ပံ့မှုနဲ့ ကမ်းလှမ်းခဲ့မယ်ဆိုရင် ရှုကျိုးက အဘိုးတို့ ကျန်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်နေပြီးလောက်ပြီ “

………………………………………………………………………………………………………………

All Chapters