← Chapters

အခန်း (၉၃-၉၄)

Vol. 7 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 7 Ch. 93-94

အပိုင်း ( 93 )

အဆင့်တူတွေ အကုန်လုံးကို တိုက်မယ် !!

“ သမီးက ဘာလို့ နောင်တရသင့်တာလဲ? “

ကျန်းလန်မှ မကျေမနပ်ဖြင့် ပြန်လည် ချေပပြောဆိုလာခဲ့သည် “ သူက ကျွန်မထပ် ပထမအဆင့် အဆင့်၅သားရဲ နည်းနည်းလောက် ပိုသတ်နိုင်တာလေးကြောင့်မလား? ကျွန်မလည်း သတ်နိုင်တယ် !! “

“ အဲ့လူရဲ့ အခုလက်ရှိ စွမ်းဆောင်ရည်က တော်တော်လေး ထူးချွန်တယ်ဆိုတာကို ကျွန်မ ဝန်ခံပါတယ် “

ကျန်းလန်သည် အံကြိတ်ကာ သူမ၏အဘိုးကို ကြည့်လာခဲ့သည် “ ဒါပင်မဲ့ အဘိုးလည်း သိသားပဲ၊ သူက သားရဲစွမ်းရည်ပိုင်ရှင်လေ “

“ သမိုင်းကြောင်းအရ၊ သားရဲ စွမ်းရည်ပိုင်ဆိုင်ထားတဲ့လူတွေက ပထမအဆင့်မှာပဲ ပိတ်မိနေပြီးတော့ ဒုတိယအဆင့်ကို ဘယ်တော့မှ မရောက်နိုင်တော့ဘူး “

သူမ၏ လှပသော မျက်လုံးလေးများထဲမှ မျက်ရည်များ ရွာသွန်းလာခဲ့သည် “ ကျွန်မတို့ ကျန်းမိသားစုက ဒုတိယအဆင့်ကိုတောင် မရောက်နိုင်တဲ့ သိုင်းပညာရှင်တစ်ယောက်ကို တကယ်ကြီး လိုအပ်နေတာလား? “

ကျန်းလန်သည် သူမ၏အဘိုးက သူမအား မည်သည့်အတွက်ကြောင့် ရှုကျိုးနှင့် နှိုင်းယှဥ်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

Dအဆင့် အဖွဲ့ဝင်အဖြစ်ပဲ ကမ်းလှမ်းခဲ့လို့လား?

သူမသည် သူမက အမှားမလုပ်ခဲ့ဘူးဟု အခိုင်အမာ ယုံကြည်နေလျက်ရှိသည်။

အခုဆိုရင် အဲ့လူက ငါထင်ထားတာထပ်တောင် အများကြီး ပိုစွမ်းနေပြီ။

ဒါပင်မဲ့ နောင်အနာဂတ်မှာဆိုရင်ရော???

သူသိုင်းပညာ တက္ကသိုလ်ကို ရောက်လာပြီးတော့၊ ပထမအဆင့် သိုင်းပညာရှင် ဖြစ်သွားတာနဲ့ သားရဲစွမ်းရည်ရဲ့ ဆိုးကျိုးတွေက တဖြည်းဖြည်း ဇာတိပြလာမှာပဲ !!

ဒုတိယအဆင့်ကိုတောင် မရောက်နိုင်တဲ့လူတစ်ယောက်ကို Aအဆင့် ထောက်ပံ့မှုနဲ့ ဘာလို့ ကမ်းလှမ်းသင့်တာလဲ?

ကျန်းလန်သည် သူမ၏အဘိုးဖြစ်သူကို ဝမ်းနည်းစိတ် တစ်ချို့ဖြင့် ကြည့်နေတော့သည်။

မြေးဖြစ်သူ၏ အကြည့်နှင့် ရင်ဆိုင်နေရသောအခါတွင် ကျန်းပေါ်ကျွမ်းသည် ရုတ်တရက် ပြုံးမိသွားခဲ့သည်။

“ ကြည့်ရတာတော့ ရှောင်လန်က အဘိုးထင်ထားတာထပ် အများကြီး ပိုစွမ်းနေတဲ့ပုံပဲ “

ကျန်းပေါ်ကျွမ်းသည် စိတ်သက်သာရာရစွာဖြင့် ပြောလာခဲ့သည် “ တစ်ယောက်ယောက်က ပထမနေရာကို လုယူသွားပြီးတဲ့နောက်မှာ သမီးရဲ့ ယုံကြည်ချက်က အထိုးအနှက်ခံရနိုင်တယ်လို့ အဘိုးက ထင်နေခဲ့မိတာ။ ကြည့်ရတာကို မြေးကို အထင်သေးခဲ့မိတဲ့ပုံပဲ “

ကျန်းလန်သည် ငယ်စဥ်ကတည်းက အံ့အားသင့်ဖွယ်ကောင်းလောက်သည်အထိ ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ပြီး၊ အနုပညာ အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည့်အပြင် ကျင့်ကြံရေးအတွက် ထူးခြားသော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်သည်။

ငယ်စဥ်အခါမှ အရွယ်ရောက်လာသည့် အချိန်အထိ သူမသည် ရွယ်တူများကြားတွင် အမြဲတမ်း ပထမ ဖြစ်ခဲ့သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူခရီးစဥ်သည် သူမ၏ ပထမနေရာကို တစ်စုံတစ်ဦးမှ လုယူသွားသည့် ပထမဦးဆုံး အကြိမ် ဖြစ်သည်။

ထို့အပြင် လျူတျန်မုမှာလည်း သူမအား ကျောရိုးကျိုးသွားစေသည်အထိ ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့လေသည်။

ထို့ကြောင့် ကျန်းပေါ်ကျွမ်းသည် ကျန်းလန်က အလွန်စိတ်ထိခိုက်သွားပြီး၊ ပြန်မသက်သာလာတော့မည်ကို စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ကျန်းလန်သည် အဆိုပါ ကိစ္စကြောင့် အနည်းငယ် စိတ်ထိခိုက်သွားခဲ့သည်။

အကယ်၍ ကျန်းပေါ်ကျွမ်းမှ ရှုကျိုးကို အသုံးပြု၍ သူမကို အားမပေးခဲ့ဘူးဆိုပါက သူမသည် လျင်မြန်စွာ ပြန်လည်သက်သာလာလိမ့်မည် မဟုတ်ပေ။

အဘိုးဖြစ်သူ၏ ရည်ရွယ်ချက်ကို နားလည်သွားသောအခါတွင် ကျန်းလန်သည် သူမ၏နှုတ်ခမ်းလေးကို ကိုက်နေခဲ့ပြီး၊ သူမ၏ အရည်လဲ့နေသော မျက်ဝန်းလေးများသည် ရှက်စိတ်ကြောင့် တစ်ခြားတစ်နေရာရာကို ကြည့်နေတော့သည်။

ကျန်းပေါ်ကျွမ်းကား တဝါးဝါး ရယ်မောနေတော့သည် “ တစ်ခါတစ်လေမှာ ကျရှုံးသွားရတာကလည်း ကောင်းတဲ့အရာပါပဲ “

“ ရှုကျိုးက သမီးကို မယှဥ်နိုင်ဘူးဆိုတာကို အဘိုးယုံကြည်တယ်၊ ဒါပင်မဲ့ သူက ကျောင်းကျိုးက လူပဲလေ “

“ သမီးက ငယ်ငယ်လေးတည်းက ဒီကျောင်းကျိုးမှာပဲ နေနေခဲ့တာ၊ ဒီနေရာ သေးသေးလေးမှာတော့ သမီးက အတော်ဆုံးပဲ “

“ ဒါပင်မဲ့ သမီးက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို သွားရတော့မှာလေ “

ကျန်းပေါ်ကျွမ်းမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ သမီးက အဲ့ဒီမှာ တစ်နိုင်ငံလုံးက ထိပ်တန်း ပါရမီရှင်တွေကို တွေ့ရမှာ၊ ပြီးတော့ သမီးက အတော်ဆုံး မဟုတ်လောက်တော့ဘူး “

“ တစ်ချို့ ပါရမီရှင်တွေက မထင်မှတ်ထားလောက်အောင် သန်မာတယ်၊ ရှုကျိုးကတောင်မှ သူတို့ရဲ့လက်ထဲမှာ အကွက်အနည်းငယ်အတွင်း ရှုံးနိမ့်သွားမှာ “

“ ရှောင်လန်၊ သမီးရဲ့ စိတ်အခြေအနေကို ပြင်ဆင်ထားမှ ရမယ် “

ကျောင်းကျိုးအား တစ်ခြားသော အဓိက ပြည်နယ်များနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ၎င်းမှာ အနည်းငယ် နိမ့်ကျသွားမည် ဖြစ်သည်။

ရန်ပြည်ထောင်၏ ပြည်နယ်ဆယ့်နှစ်ခုသည် ပွင့်ချပ်ဆယ့်နှစ်ခုကဲ့သို့ အပြင်ဘက်တွင် ခြောက်ခုရှိကာ အတွင်းပိုင်းတွင် ခြောက်ခု ရှိနေခဲ့လေသည်။

အပြင်ဘက်မှ ပြည်နယ်ခြောက်ခုသည် အတွင်းပြည်နယ်ခြောက်ခုထပ် များစွာ နိမ့်ကျနေလျက်ရှိသည်။

ကျောင်းကျိုးကား ပြင်ပပြည်နယ် ခြောက်ခုအနက်မှ တစ်ခုဖြစ်သည်။

ပြင်ပပြည်နယ်ခြောက်ခုကြားမှာပင် ကျောင်းကျိုးသည် အောက်ဘက် အလယ်အလတ်အဆင့်တွင်သာ ရပ်တည်လျက်ရှိသည်။

အတွင်းပိုင်း ပြည်နယ်ကြီး ခြောက်ခုနှင့် ယှဥ်လိုက်မည်ဆိုပါက ကျောင်းကျိုးသည် ပါရမီရှင် အနည်းငယ်မျှသာ ရှိသည့်‌ နေရာသေးသေးလေးတစ်ခု ဖြစ်သည်။

အကယ်၍ ကျန်းမိသားစုကသာ ကျောင်းကျိုးတွင် အခြေမချဘူးဆိုပါက ၎င်း၏ အဆင့်အတန်းသည် ပို၍ပင် ဆိုးရွားနေလိမ့်မည် ဖြစ်သည်။

အဘိုးဖြစ်သူ၏ စကားများကို ကြားလိုက်ရပြီးသည့်နောက်တွင် ကျန်းလန်သည် ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ Sအဆင့် စွမ်းရည်ပိုင်ရှင်အနေနဲ့ ကျွန်မက ဘယ်သူ့ကိုမှ မကြောက်ဘူး။ တကယ်လို့ နယ်ပယ်သာ တူနေသရွေ့တော့ အကုန်လုံးကို တိုက်ပစ်မှာ !! “

ကျန်းလန်သည် အမြဲလိုလို ယုံကြည်မှုမြင့်မားလေ့ရှိသည်။

တစ်နိုင်ငံလုံးက ပါရမီရှင်တွေလား?

ဘာဖြစ်လဲ?

အကယ်၍ ထိပ်တန်းမိသားစုကြီးများဆီမှ အမွေခံများ ဖြစ်နေမည်ဆိုလျှင်တောင်မှ သူမသည် ထိုလူများကို တိုက်ခိုက်မည် ဖြစ်သည်။

သူမသည် သူမကသာလျှင် အတော်ဆုံးဆိုသည်အား လူတိုင်းကို သက်သေပြမည် ဖြစ်သည်။

ယုံကြည်ချက်ရှိနေသော မြေးမလေးကို မြင်လိုက်ရသည့် အချိန်တွင် ကျန်းပေါ်ကျွမ်းသည် ပြုံးစစဖြင့် ခေါင်းခါနေတော့သည်။

သူသည် ထိုအကြောင်းအရာ အကြောင်းကို ဆက်မပြောတော့ပေ၊ ထို့အစား အကြံပေးစကား ပြောလာခဲ့သည် “ မြေးက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ရောက်သွားရင် အစစ်အမှန် သိုင်းပညာဌာနကို မဝင်တာက အကောင်းဆုံးပဲ “

“ ဟမ်? “

ကျန်းလန်သည် သူမ၏ ခေါင်းလေးကို စောင်း၍ စိတ်ရှုပ်ထွေးသွားသော အမူအရာဖြင့် အဘိုးဖြစ်သူကို ကြည့်လိုက်သည် “ ဘာလို့လဲ? သမီးက အဲ့ကို သွားချင်တာလေ “

အစစ်အမှန် သိုင်းပညာဌာနသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အလျှို့ဝှက်ဆုံးသော ဘာသာရပ်တစ်ခု ဖြစ်သည်။

၎င်းမှာ နိုင်ငံတစ်ဝန်းလုံးရှိ အလျှို့ဝှက်ဆုံးသော ဘာသာရပ်ဟုပင် ယူဆ၍ ရလေသည်။

ကျန်းလန်ကပင် ၎င်းက နိုင်ငံတော်၏ လျှို့ဝှက်ချက်ဖြစ်သည် ဆိုသည်မှတစ်ပါး တစ်ခြားသော အရာများကို မသိပေ။

ငါက အဲ့ကို ဝင်ဖို့ ဆုံးဖြတ်ထားပြီးသားလေ၊ ဘယ်လိုအရာကများ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်လို့ ခေါ်ဆိုရအောင် ထိုက်တန်လဲဆိုတာကို ကြည့်ဦးမှာပေါ့။

ဒါပင်မဲ့ အဲ့တာက ရှုကျိုးကြောင့် မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။

ကျန်းပေါ်ကျွမ်းသည် လေးနက်နေသော အသံမျိုးဖြင့် ပြောလာခဲ့သည် “ အဲ့တာက အကြံပြုချက်တစ်ခုပါပဲ။ အဲ့ဒီနေရာက မြေးအတွက် မသင့်တော်ဘူး “

“ ဒါပေါ့၊ တကယ်လို့ မြေးက တကယ်သွားချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်၊ ဒါပင်မဲ့ ဝင်ပြီးတာနဲ့ ပြန်ထွက်ဖို့ လွယ်မှာ မဟုတ်ဘူး “

ကျန်းလန်၏ မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွားခဲ့သည်၊ ဘိုးဘိုးက ဘာပြောချင်နေတာလဲ?

“ ဘိုးဘိုး၊ အစစ်အမှန် သိုင်းပညာဌာနထဲမှာ ဘာတွေ ရှိနေတာလဲ? “ ကျန်းလန်သည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ပဟေဠိတွေ မဖွက်ပါနဲ့ “

“ အစစ်အမှန် သိုင်းပညာဌာနက နက်ရှိုင်းတယ် “

ကျန်းပေါ်ကျွမ်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောပြလာခဲ့သည် “ အဲ့တာက အငြင်းပွားမှုတွေ၊ လျှို့ဝှက်တွေ ပါနိုင်တယ်၊ သာမန်လူတွေ ပါဝင်ပက်သတ်လို့ ကောင်းတဲ့အရာ မဟုတ်ဘူး “

“ ဒါပေါ့၊ မြေးက အဘိုးရဲ့ မြေးမလေးဆိုတော့၊ တကယ်လို့ သွားချင်စိတ်ရှိတယ်ဆိုရင် သွားပါ။ ဘာမှ မဖြစ်ဘူး “

“ အို့ “ ကျန်းလန်သည် နာခံမှုရှိရှိ ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်စကားကိုမှ ထပ်မပြောလာတော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ထိုနေရာသို့ သွားရန် ဆုံးဖြတ်ချက်ချထားခဲ့ပြီးပြီ ဖြစ်သည်။

…

လင်းဂျန်မြို့

ရှုကျိုးသည် အိမ်ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် လီရို့ရှီကို ရှာကာ ချောင်မျိုးနွယ်စု၏ စိတ်ဝိညာဥ် နည်းစနစ်ကို ပေးလိုက်သည်။

“ ဒါကဘာလဲ? “ လီရို့ရှီ၏ မျက်နှာလှလှလေးပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ငါ့ဆရာက ငါ့ကို ပေးလိုက်တဲ့ဟာ “ ရှုကျိုးမှ ပြောလာခဲ့သည် “ နင်လေ့ကျင့်ဖို့ ယူထားလိုက်၊ အဲ့တာက နင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားကို တိုးတက်သွားစေနိုင်တယ် “

လီရို့ရှီသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး၊ သူမ၏အေးစက်စက် မျက်နှာလေးပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ စိတ်ဝိညာဥ် နည်းစနစ်လား? “ လီရို့ရှီ၏ လှပသော မျက်လုံးလေးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည် “ ဒါက တန်ဖိုးကြီးလွန်းတယ်၊ နင့်ဆရာရဲ့ အမွေအနှစ်လေ ဟုတ်တယ်မလား? နင်က ငါ့ကို ပေးနေတာလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ စိတ်မပူပါနဲ့၊ ငါက ဒီအကြောင်းကို ဆရာ့ကို ပြောပြပြီးသွားပြီ၊ သူကလည်း သဘောတူထားတယ် “

ချောင်ရုံသည် လီရို့ရှီက ၎င်းကို လေ့ကျင့်ရန် ခွင့်ပြုပေးထားခဲ့ပြီးပြီ ဖြစ်သည်။

…………………………………………………………………………………………………..

အပိုင်း ( 94 )

အဆင့်တူတွေ အကုန်လုံးကို တိုက်မယ် !! ၂

၎င်းအား လီရို့ရှီအတွက်သာလျှင် ချွင်းချက်ထားပေးခဲ့ခြင်း ဖြစ်သည်။

ရှုကျိုးနှင့် လီရို့ရှီတို့ထံတွင် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိသည်၊ ထို့ကြောင့်သာလျှင် သူသည် ၎င်းကို သူမဆီသို့ ပေးလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘဲ ပေါက်ကြားသွားမည်ဆိုပါက ထိုကဲ့သို့သော အရာမျိုးသည် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်သွားစေမည် ဖြစ်သည်။

လီရို့ရှီသည် ရှုကျိုးကို နက်နက်ရှိုင်းရှိုင်းကြည့်ကာ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျေးဇူးပဲ “

သူမသည် စိတ်ခံစားချက် အမူအရာများကို ဖော်ပြရာတွင် ညံ့လွန်းနေခဲ့သည်၊ သူမ၏ တလေးတနက် ဖြစ်နေသော မျက်လုံးများမှတစ်ဆင့် ကျေးဇူးတရားကို ပြသနေခဲ့လေသည်။

ရှုကျိုးသည် ၎င်းကို စိတ်ထဲမထားဘဲ၊ သူ၏အခန်းဆီသို့ လှည့်ထွက်သွားတော့သည်။

အိပမ်ခန်းအတွင်း၌

ရှုကျိုးသည် ဗလာဖြစ်နေသည့် အခန်းကို ကြည့်နေရင်းဖြင့် ရုတ်တရက် ဟာတာတာ ဖြစ်သွားခဲ့သည်။

“ အခုကစပြီးတော့ ကိုယ်ပွားနဲ့ မူလကိုယ်က ခဏလောက် ခွဲနေနေရမယ် “ ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်နေတော့သည်။

ယခုလက်ရှိ အချိန်တွင် သူသည် ရွှေတောင်ပံ T-Rexကြီးနှင့် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးကွာနေခဲ့ပြီ ဖြစ်သည်။

သို့ရာဤ အကယ်၍ ရှုကျိုးကသာ အလိုရှိမည်ဆိုပါက ၎င်းအား ကိုယ်ပိုင် ဟင်းလင်းပြင်နေရာလွတ်ကို အသုံးပြု၍ အချိန်မရွေး ဆင့်ခေါ်နိုင်မည် ဖြစ်သည်။

ဟင်းလင်းပြင် နေရာလွတ်သည် မူလကိုယ်နှင့် ချိတ်ဆက်ထားခြင်းဖြစ်သောကြောင့် ရွှေတောင်ပံ T-Rexကြီးက မည်သည့်နေရာသို့ ရောက်ရှိနေခဲ့ပါစေ၊ မူလကိုယ်၏ အနီးအနားတွင်သာ ပေါ်လာမည် ဖြစ်သည်။

သို့သော် ၎င်းကို ဆင့်ခေါ်လိုက်မည်ဆိုပါက ၎င်းသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ပြန်ဝင်နိုင်တော့မည် မဟုတ်ပေ။

“ သေခြင်းရှင်ခြင်း အကြပ်အတည်းနဲ့ မတွေ့ရမချင်းတော့ “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတော စဥ်းစားနေတော့သည် “ ကိုယ်ပွားကို မခေါ်သေးဘူး “

၎င်းအား နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် နေခိုင်း၍ အစွမ်းဆုံး ဖြစ်လာသည်အထိ တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ခိုင်းခြင်းကသာလျှင် အကောင်းဆုံးဖြစ်နေလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် ဆုံးဖြတ်ချက် ချလိုက်ပြီးသည့်နောက်တွင် အိပ်ရာဝင်သွားတော့သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှ ပြန်ရောက်လာသည့် အချိန်မှစ၍ သူသည် မည်သို့မျှ မနားရသေးသောကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေခဲ့ရပြီ ဖြစ်သည်။

“ ဒါနဲ့ ကိုယ်ပွားက စားဖို့ လိုအပ်တယ်မလား? “ ရှုကျိုးသည် မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့သည်။

သူသည် အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်ပြီး၊ အကယ်၍ ကိုယ်ပွားကသာ ဆက်စားနေဦးမည်ဆိုပါက အဆိုပါ အာဟာရများသည် မူလကိုယ်အား ပထမအဆင့်သို့ ရောက်ရှိသွားစေရန် တွန်းအားပေးလာမည် ဖြစ်သည်။

ငါ အဆင့်တက်လိုက်သင့်လား?

ပထမအဆင့်ကို ရောက်သွားရင် သာမန်လူတွေနဲ့ လုံးဝ မတူတော့ဘူးလို့တော့ ပြောကြတာပဲ။

“ မနက်ဖြန်မှပဲ စဥ်းစားတော့မယ်ကွာ “ ရှုကျိုးသည် မျက်လုံးများ မဖွင့်ချင်လောက်တော့သည်အထိ ပင်ပန်းနေခဲ့ပြီ ဖြစ်သောကြောင့် လှဲလျောင်းအိပ်စက်နေတော့လေသည်။

…

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ

ကုန်းမြင့်ဒေသ အနီးတစ်ဝိုက်

တတိယအဆင့် ဗီဇပြောင်းသားရဲများ၏ ကြီးမားသော အလောင်းကြီးနှစ်လောင်းကြီးသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေလျက်ရှိသည်။

၈မီတာ ရှည်လျားပြီး၊ ၃.၅မီတာ မြင့်သော ရွှေတောင်ပံ T-Rexကြီးသည် ဤနေရာကို ကာကွယ်စောင့်ကြပ်နေလျက်ရှိသည်။

“ ဝေါင်းးး ~~ “

သွေးကဲ့သို့ ဖြစ်နေသည့် နေဝင်ချိန်တွင် အဝေးမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ ညနေတောင် စောင်းတော့မယ် “ ရွှေတောင်ပံ T-Rexကြီးသည် တစ်ကိုယ်တော် စဥ်းစားခန်း ဖွင့်နေတော့သည် “ ဒုတိယအဆင့် သားရဲတွေက ဒီမှာ ပေါ်လာတော့မှာလား? “

အရိုးသားဆုံး ပြောရမည်ဆိုပါက ၎င်းသည် အနည်းငယ် ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။

မူလကိုယ် မရှိသောကြောင့် ၎င်းသည် စိတ်မသက်မသာ ဖြစ်နေလျက်ရှိသည်။

ထို့ကြောင့် ၎င်းသည် ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ပုန်းနေနိုင်တော့မည် မဟုတ်ပေ။

ရွှေတောင်ပံ T-Rexကြီးသည် ပတ်ဝန်းကျင်ကို သတိတကြီးဖြင့် စောင့်ကြည့်နေခဲ့ပြီး၊ သွေးနီရောင် နေလုံးကြီးနှင့် အေးမြသော လေပြေတို့ကြောင့် ကြက်သီးများပင် ထသွားခဲ့သည်။

“ တတိယအဆင့် သားရဲကောင်တွေရဲ့ ဧရာမအလောင်းကြီးတွေက ဒုတိယအဆင့် သားရဲတစ်ချို့ရဲ့ အာရုံကို ဆွဲဆောင်သွားနိုင်တယ် “

“ တတိယအဆင့် ကောင်တွေကိုတောင် ဆွဲဆောင်သွားနိုင်တယ် “

“ ငါဒီမှာနေလို့ မဖြစ်တော့ဘူး၊ လုံခြုံတဲ့ နေရာကို ပြောင်းမှ ဖြစ်မယ် “

ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့ပြီး၊ မကြာခင်မှာပင် ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်ဆိုသည်ကို နားလည်သွားခဲ့သည်။

တတိယအဆင့် သားရဲကြီးများ၏ အလောင်းများသည် အလွန်လေးလံလွန်းလှပြီး၊ အနည်းဆုံးအနေဖြင့် တန်ချိန် ထောင်နှင့်ချီ၍ ရှိနိုင်သောကြောင့် ၎င်းသည် ထိုအရာများကို ရွှေ့ပြောင်းနိုင်မည် မဟုတ်ပေ။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် ရှေ့တက်သွားပြီး၊ ၎င်း၏ ကြီးမားသော ပါးစပ်ကြီးကိုဖွင့်ကာ ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ အသားကို ကိုက်ဖြတ်နေတော့သည်။

“ ဇွစ် !! “

ကြီးမားသော အသားတုံးကြီးတစ်တုံး ပြုတ်ထွက်လာခဲ့သည်။

ရွှေတောင်ပံ T-Rexကြီးသည် ၎င်းကို မစားလိုက်ပေ၊ ထို့အစား ၎င်း၏ နောက်ကျောပေါ်သို့ ပစ်တင်လိုက်သည်။

ထို့နောက်တွင် ၎င်းသည် တူညီသော နည်းလမ်းကို အသုံးပြုကာ အရသာရှိသော အသားတုံးများကို ၎င်း၏ ကိုယ်ပေါ်သို့ ရွှေ့ပြောင်းနေတော့သည်။

၁၀၀၀ကီလိုဂရမ်အထိ ရောက်ရှိသွားသည့်နောက်တွင် ရွှေတောင်ပံ T-Rexကြီးသည် အဆိုပါ အသားတုံးများကို သယ်ဆောင်ကာ သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ထဲသို့ ပျံသန်းသွားတော့သည်။

နောက်ပိုင်းမှ ၎င်းတို့ကို သယ်ယူရွှေ့ပြောင်းရန်အတွက် ပြန်လာမည် ဖြစ်သည်။

တတိယအဆင့် သားရဲများ၏ အလောင်းများသည် အလွန်အဖိုးတန်လှပြီး၊ ၎င်းအား ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်အထိ အာဟာရဖြည့်ပေးနိုင်သောကြောင့် အလဟာသ အဖြစ်ခံမည် မဟုတ်ပေ။

…

ရှုကျိုး၏ မူလကိုယ် အနားယူနေသည့်အချိန်တွင် ကိုယ်ပွားသည် အပြေးအလွှား ရွှေ့ပြောင်းသွားလာနေလျက်ရှိသည်။

ထိုစဥ် ကျောင်းကျိုးနှင့် မိုင်ထောင်နှင့်ချီ၍ ကွာဝေးသော အရှေ့ပိုင်းပြည်နယ်၌

အသေးစား မုန်တိုင်းလေးတစ်ခု တိတ်တဆိတ် ပေါက်ဖွားလာခဲ့သည်။

အရှေ့ပိုင်းပြည်နယ်သည် ရန်ပြည်ထောင်၏ အဓိက ထိပ်တန်းပြည်နယ်သုံးခုအနက်မှ တစ်ခုဖြစ်ပြီး၊ အလွန်ချမ်းသာကြွယ်ဝလွန်းလှသည်။

အရှေ့ပိုင်းပြည်နယ်၏ အတွင်းမြို့တော်သည် ကျောင်းကျိုးတွင် မမြင်တွေ့ရသည့် မျောလွင့်နေသော အဆောက်အအုံများ၊ ဝေဟင်ဥယျာဥ်များနှင့် လူအစစ်နှင့်ပင် မခြားသော စက်ရုပ်များကို လမ်းတိုင်းတွင် တွေ့ရသည်အထိ အလွန်ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။

လျူမိသားစုသည် အံ့ဩဖွယ်ကောင်းလောက်အောင် ကြွယ်ဝချမ်းသာသည့် ဤနယ်မြေတွင် တည်ရှိနေခဲ့သည်။

ထိုအချိန် လျူမိသားစု၏ စံအိမ်အသေးများထဲမှ တစ်ခုတွင်

“ မင်းဘာပြောလိုက်တယ်? “

သက်လတ်ပိုင်း အမျိုးသားသည် ရုတ်တရက် ထရပ်လာခဲ့ပြီး သူ့အရှေ့ရှိ သူ၏လက်ထောက်ဖြစ်သူကို စိုက်ကြည့်လိုက်သည် “ ရှောင်ဟီ သေသွားတာလား? “

လက်ထောက်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သတင်းပို့လာခဲ့သည် “ သခင်လေးလျူဟီက သေတဲ့အထိ အရိုက်အနှက်ခံလိုက်ရပါတယ်၊ ပြီးတော့ ကျွန်တော်ကြားခဲ့ရတာကတော့ သူသေသွားတဲ့အချိန်မှာလည်း သူက လူတစ်ယောက်ကြောင့် အတင်းဒူးထောက်ခဲ့ရပြီးတော့ အရှက် ………. “

ဝုန်းးးးးးး ~~~

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

လက်ထောက်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

သက်လတ်ပိုင်းလူသည် အလွန်ဒေါသထွက်နေသော အမူအရာဖြင့် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ခဲနေတော့သည် “ ဘယ်ကောင်က ငါ၊ လျူဟိုင်ဖုန်းရဲ့ ကလေးကို အဲ့လိုမျိုး အရှက်ခွဲရဲတာလဲ? “

“ ကျွန်တော်၊ ကျွန်တော်ကြားတာကတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အထက်တန်းကျောင်း သတ်ဖြတ်ခြင်း စာရင်းပေါ်က နံပတ်၁ ရှုကျိုးပါတဲ့ “

“ ရှုကျိုးလား? “ လျူဟိုင်ဖုန်းသည် နီရဲနေသာ မျက်လုံးများဖြင့် အော်ငေါက်လာတော့သည် “ သူက ငါ့သားကို ဘယ်လိုလုပ်ပြီးတော့ အဲ့လို အရှက်ခွဲရဲနေရတာလဲ၊ သူက ဘယ်သူလဲ၊ အရှေ့ပိုင်း ရှုမိသားစုကလူလား? “

“ ရှုမိသားစုက မဟုတ်ပါဘူး၊ ကျောင်းကျိုးက ဒေသခံတစ်ယောက်ပါ “

လက်ထောက်သည် လေသံတိုးတိုးဖြင့် ပြောလာခဲ့သည် “ ဒါပင်မဲ့ သူဘယ်သူလဲဆိုတာကိုတော့ စုံစမ်းလို့မရခဲ့ပါဘူး၊ အာဏာပိုင်တွေက အဲ့တာကို လျှို့ဝှက်ထားပါတယ် “

“ ဟူးးးးးးး …… “

လျူဟိုင်ဖုန်း၏ရင်ဘတ်သည် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့သည်၊ သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် ဖြည်းဖြည်းချင်း သက်ပြင်းချလာခဲ့သည်။

“ မေ့လိုက်တော့၊ တားမြစ်နယ်မြေထဲမှာ သေတာက တစ်ခြားလူတွေလောက် မကျွမ်းကျင်တာပဲ၊ ငါတို့က သူများကို အပြစ်လိုက်တင်နေလို့ မရဘူး “

“ ဒါပင်မဲ့ “ သူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည် “ ငါ့သားကို ဒူးထောက်ပြီး သေအောင် လုပ်တာက ငါ့မျက်နှာနဲ့ လျူမိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။ လျူမိသားစုက ဒါကို ဒီတိုင်းလွှတ်ပေးထားမယ်လို့ ငါမယုံဘူး “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် ဒေါကြီးမောကြီးဖြင့် ထွက်သွားတော့လေသည်။

…

အလွန်တန်ဖိုးကြီးသော ကမ်းရိုးတန်းဒေသ ဇိမ်ခံအိမ်အတွင်း၌

လျူတျန်မုသည် မျက်လုံးများ မှိတ်ကာ ကုလားထိုင်ပေါ်တွင် တရားထိုင်နေလျက်ရှိသည်။

တီ !!

တီ !!

တီ တီ တီ !!

ရုတ်တရက်ဆိုသလိုပင် ဖုန်းသံများ အဆက်မပြတ် အော်မြည်လာခဲ့သည်။

လျူတျန်မုသည် သူ၏မျက်လုံးများကို ဖွင့်လာခဲ့ကာ၊ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ထို့နောက်တွင် သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ဖုန်း၏ မျက်နှာပြင်သည် လေထဲသို့ မြောက်တက်လာခဲ့သည်။

……………………………………………………………………………………………………………………

All Chapters