အခန်း (၁၀၃-၁၀၄)
Vol. 7 Ch. 103-104
အပိုင်း ( 103 )
အချုပ်အနှောင်များကို ရိုက်ချိုးခြင်း၊ မကြုံစဖူး ဖြစ်ရပ်ထူး !!! ၂
“ ဖိနှိပ်စမ်း “ ရှုကျိုးမှ ကြုံးဝါးလာခဲ့ပြီး၊ ၎င်းတို့ကို အတင်းအကြပ် ဖိနှိပ်ရန် ကြိုးပမ်းနေတော့သည်။
အကယ်၍ ချီ-သွေး စွမ်းအင်များကို မထိန်းသိမ်းနိုင်ခဲ့ပါက သူသည် အမှန်တကယ် ပေါက်ကွဲကာ သေဆုံးသွားရမည် ဖြစ်သည်။
ထိုကဲ့သို့သော အတင်းအကြပ် ဖိနှိပ်မှုအောက်မှာပင် သူ၏ချီ-သွေး စွမ်းအင်များသည် ဆက်လက်၍ မြင့်တက်လာခဲ့သည်။
ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာခဲ့ပြီး၊ အရေပြားများ နီရဲလာခဲ့သည်။
“ ဖိနှိပ်စမ်း !! “ ရှုကျိုးသည် ထပ်မံ၍ ကြုံးဝါးလိုက်ကာ ပေါက်ကွဲထွက်သွားခြင်းမှ ကာကွယ်ရန် ချီ-သွေးစွမ်းအင်များကို အသည်းအသန် ဖိနှိပ်နေတော့သည်။
ဘန်း !!
ဘန်း !!
ဘန်း !!
တုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များသည် သူ၏ ကိုယ်တွင်းအဂ်ါများအတွင်းသို့ စိမ့်ဝင်သွားပြီး၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆဲလ်တစ်ခုချင်းစီတိုင်းထံတွင် အားကောင်း ပြင်းထန်သော ချီ-သွေး စွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့သည်။
ယခုတွင် ရှုကျိုးသည် သူ၏ အတွင်းအပြင် နှစ်ခုလုံးက ကွဲအက်နေသကဲ့သို့ ခံစားနေခဲ့ရပြီး၊ ရုတ်တရက် ရောက်ရှိလာခဲ့သည့် အဆိုပါ ချီ-သွေးစွမ်းအင်များသည် သူ၏ ပထမအဆင့် သိုင်းပညာရှင်၏ ခန္ဓာကိုယ်၏ ခံနိုင်ရည်အားထပ်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“ ဟမ်? “
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ရုတ်တရက် အေးခဲတောင့်တင်းသွားခဲ့သည်။
သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
“ အဲ့တာက !?? “
“ သွေးကြောမှတ်လား? “
“ တစ်၊ နှစ်၊ သုံး ………. “
သွေးကြောမှတ် ခြောက်ခုဟ !!!
ရှုကျိုးသည် ချီ-သွေးများ ပေါက်ထွက်တော့မည်ဟု ခံစားလိုက်ရသည့် အချိန်တွင် သွေးကြောမှတ် ခြောက်ခု ရုတ်တရက် ပေါ်ပေါက်လာသည်ကို အာရုံခံမိသွားခဲ့သည်။
“ ငါက သွေးကြောမှတ်ခြောက်ခုကို တစ်ခါတည်း ရှာတွေ့ခဲ့တာလား? “ ရှုကျိုး၏ စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။
ယခင်က သူသည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မည်သည့် သွေးကြောမှတ်ကိုမှ ရှာမတွေ့ခဲ့ပေ။
ယခုတွင်ကား သွေးကြောမှတ်ခြောက်ခုသည် ၎င်းတို့၏ ဆန္ဒအလျောက် အလိုလို ပေါ်လာခဲ့ပြီ ဖြစ်သည်။
“ ကောင်းတယ် ကောင်းတယ် ကောင်းတယ် “
ရှုကျိုးသည် မနေနိုင်တော့ဘဲ မာန်ပါပါဖြင့် ဝမ်းသာအားရ အော်ပြောမိသွားခဲ့သည်၊ နာကျင်မှုများကပင် သူ၏ပျော်ရွှင်မှုများကို ဝင်ရောက်မနှောင့်ယှက်နိုင်တော့ပေ။
“ ဟိုဟို ဒီဒီ ပင်ပင်ပန်းပန်း လျှောက်နေခဲ့ရတာကွာ၊ အခုမှပဲ လွယ်လွယ်ကူကူ ရှာတွေ့သွားတော့တယ်၊ ဆိုတော့ ဒီသွေးကြောမှတ်တွေက ဒီနေရာတွေမှာ ပုန်းနေခဲ့တာကိုး “
ရှုကျိုးသည် အဆိုပါ သွေးကြောမှတ်များ၏ တည်နေရာကို အမြန် မှတ်သားနေတော့သည်။
ထိုအချိန်တွင် ချီ-သွေးစွမ်းအင်များ၏ လှုပ်ခတ်မှုသည် တဖြည်းဖြည်း ငြိမ်ကျသွားခဲ့ပြီ ဖြစ်သည်။
သူ၏ အတင်းအကြပ် ဖိနှိပ်မှုအောက်တွင် အားကောင်းသော ချီ-သွေးစွမ်းအင်များသည် အကုန်အစင် စုပ်ယူခံလိုက်ရတော့သည်။
[ ချီ-သွေး + ၁၈ ကယ်လိုရီ ]
[ အဆင့် + ၃၆% ]
စနစ်၏မျက်နှာပြင်ပေါ်တွင် အချက်ပြ စာသားတစ်ခု ပေါ်လာခဲ့သည်။
ကိုယ်ပွား၏ အဆင့်သည် အဆင့်၆သို့ ရောက်ရှိသွားခဲ့ပြီး၊ ချီ-သွေးမှာလည်း ပိုပို၍ များပြားသွားခဲ့ပြီ ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည် “ ချီ-သွေးက ၁၈ ကယ်လိုရီတောင် တိုးလာခဲ့တာလား? “
၁၈ ကယ်လိုရီ !!
၎င်းသည် မည်သည့်အရာကို ဆိုလိုသနည်း?
ပထမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ချီ-သွေးစွမ်းအင် တိုးတက်မှု အကန့်အသတ်သည် အမြင့်ဆုံးအနေဖြင့် ၀.၅ကယ်လိုရီမျှသာ ဖြစ်ခဲ့သည်။
၁၈ကယ်လိုရီသည် အံ့ဩဖွယ်ကောင်းလောက်အောင် များပြားသော ပမာဏ ဖြစ်သည်။
ပထမအဆင့် အဆင့်၄ သားရဲအူတိုင်တစ်ခုလျှင် ၀.၉ကယ်လိုရီစီ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလျက်ရှိသည်။
“ တန်တယ်ဟေ့ !! “
သူသည်းခံထားခဲ့ရသည်မှာ တကယ်ပင် ထိုက်တန်နေခဲ့သည်။
ချီ-သွေးမှာ ၁၈ ကယ်လိုရီ တိုးတက်လာခဲ့ရုံတင် မဟုတ်ဘဲ၊ ပို၍အရေးကြီးတော့ သွေးကြောမှတ် ၆ခုကိုပါ ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
“ ဒါပင်မဲ့ ငါ့ရဲ့ စွမ်းရည်က သားရဲစွမ်းရည်တစ်ခု တကယ် ဖြစ်နေလောက်တယ် “ ရှုကျိုးသည် ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။
မကြာသေးခင်ကမှ သူသည် လေ့ကျင့်နေရင်းဖြင့် အချက်တစ်ချက်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။
သူသည် ၎င်းကို မယုံကြည်ချင်သော်လည်း၊ သူ၏ စွမ်းရည်က သားရဲစွမ်းရည်နှင့် အမှန်တကယ် တူညီနေသည်ဆိုကို သူခံစားသိရှိနေခဲ့သည်။
သူ၏ဆရာဖြစ်သူက သူ့ကို လိမ်ညာနေရခြင်းမှာ ……….
သူ အထိုးအနှက်ခံရမည်ကို စိုးရိမ်သောကြောင့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်လေသည်။
“ တကယ်လို့ သားရဲစွမ်းရည် ဖြစ်နေတယ်ဆိုရင်ရော ဘာဖြစ်လဲ? “ ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြုံးနေတော့သည် “ ငါက အတားအဆီး အချုပ်အနှောင်တွေကိုလည်း ရိုက်ချိုးနိုင်တယ် “
သားရဲစွမ်းရည် ပိုင်ဆိုင်ထားပါက သွေးကြောမှတ်များကို ရှာဖွေရာတွင် များစွာ ခက်ခဲနေလိမ့်မည် ဖြစ်သည်။
သို့သော် ရှုကျိုးသည် သွေးကြောမှတ် ခြောက်ခုကို တစ်ပြိုင်နက် ရှာတွေ့ခဲ့လေသည်။
ထိပ်တန်း Sအဆင့် စွမ်းရည်များကပင် ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
၎င်းအား မကြုံစဖူး ဖြစ်ရပ်ထူးဟု ပြောဆိုမည်ဆိုလျှင်တောင်မှ၊ ၎င်းမှာ ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။
“ တကယ်တော့ ငါက လမ်းကြောင်းအသစ်တစ်ခုလုံးကို ရှာတွေ့ခဲ့တာပဲ၊ သားရဲအူတိုင်တွေရဲ့ စွမ်းအားကို မသုံးဘူးဆိုရင်တောင်မှ သွေးကြောမှတ်တွေကို ငါရှာနိုင်တယ် “ ရှုကျိုး၏မျက်လုံးများ တလက်လက် တောက်ပသွားတော့သည်။
ချီ-သွေး စွမ်းအင်များကို အလုံအလောက် တိုးမြှင့်နိုင်သရွေ့ ချီ-သွေးစွမ်းအင်များကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်အား အကန့်အသတ်သို့ ရောက်ရှိသွားသည်အထိ တွန်းပို့မည် ဖြစ်သည်။
ထိုအချိန်တွင် သွေးကြောမှတ်များသည် အလိုအလျောက် ပေါ်ပေါက်လာမည် ဖြစ်သည်။
၎င်းသည် သမိုင်းကြောင်းတစ်လျှောက်လုံးတွင် မည်သူကမှ မကြိုးစားခဲ့ဖူးသော နည်းလမ်းတစ်ခု ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ချီ-သွေး ၁၈ကယ်လိုရီအထိ ချက်ချင်း တိုးတက်လာအောင် မည်သည့်နည်းစနစ်မျိုးကမှ မပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။
၎င်းမှာ လုံးဝ မဖြစ်နိုင်သော အရာတစ်ခု ဖြစ်သည်။
ရှုကျိုးထံတွင် ကိုယ်ပွား ရှိနေသောကြောင့်သာလျှင် သူသည် မတူညီသော လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
…
ရှုကျိုး၏ စိတ်အခြေအနေသည် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
သူသည် သွေးကြောမှတ် ခြောက်ခုကို ရှာတွေ့ခဲ့ပြီဖြစ်သော်လည်း၊ ၎င်းသည် ရှာတွေ့ရုံသာ ရှာတွေ့ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် တစ်ဝက်ပိတ်ဆို့နေသော အခြေအနေတွင် ရှိနေကြသေးစဲဖြစ်သည်။
ပထမအဆင့် ကျင့်ကြံရေးလုပ်ငန်းသည် ချီ-သွေးစွမ်းအင်များကို အသုံးပြုကာ အဆိုပါ သွေးကြောမှတ်များကို အပြည့်အဝ ဖွင့်လှစ်ရခြင်း ဖြစ်သည်။
ကျင့်ကြံရေး နည်းစနစ် ပိုမြင့်လေလေ၊ သွေးကြောမှတ်များ၏ ဖွံ့ဖြိုးတိုးတက်မှုက ပိုမြင့်လေလေ ဖြစ်ကာ ပို၍ အားကောင်းသော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
ကျင့်ကြံရေး အချိန်မှာလည်း ပိုမိုကြာမြင့်နေလိမ့်မည် ဖြစ်သည်။
ထို့ကြောင့်ပင် သတိကပ်၍ လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောဆိုနေကြခြင်း ဖြစ်သည်။
အကယ်၍ Eအဆင့် စွမ်းရည်ပိုင်ရှင်ကသာ နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်ကို လေ့ကျင့်မည်ဆိုပါက၊ သူသည် သူ၏ဘဝတစ်လျှောက်လုံးတွင် ဒုတိယအဆင့်သို့ ရောက်ရှိသွားမည် မဟုတ်ပေ။
Sအဆင့် စွမ်းရည်ပိုင်ရှင်မှသာလျှင် ၎င်းကို အလွယ်တကူ လေ့ကျင့်နိုင်လိမ့်မည် ဖြစ်သည်။
၎င်းမှာ စွမ်းရည် ကွာဟချက်ဖြစ်သည်။
“ နောက်လ တက္ကသိုလ် မဖွင့်ခင်အချိန်အထိ သွေးကြောမှတ်တွေကို လေ့ကျင့်ရမယ် “ ရှုကျိုးသည် အစီအစဥ်တစ်ခု ပြုလုပ်နေတော့သည်။
ဤလေ့ကျင့်မှုကြောင့် သူသည် ပထမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏လမ်းကြောင်းက မည်မျှခက်ခဲနေမလဲဆိုသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်ရှိသွားမှသာလျှင် မြန်မြန်ဆန်ဆန် တိုးတက်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးအတွက် ကျင့်ကြံရေး လမ်းကြောင်းတစ်ခု ပေါ်လာမည် ဖြစ်ပြီး၊ သူသည် အတားအဆီးများကို ကျော်ဖြတ်ရန်နှင့် ဒုတိယအဆင့်၊ တတိယအဆင့်(သို့) ထို့ထပ်ပိုမြင့်သော အဆင့်များသို့ ရောက်ရှိသွားရန် ယုံကြည်မှု ပိုရှိသွားမည် ဖြစ်သည်။
ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်ကာ ခွန်ပန် နည်းစနစ်ကို အသက်သွင်း၍ သွေးကြောမှတ်များကို တိတ်တဆိတ် ထိုးဖောက်နေတော့သည်။
…
နောက်ပိုင်း ရက်များအတွင်း၌ ရှုကျိုးသည် သူ၏အိမ်မှာပင် လေ့ကျင့်နေရင်းဖြင့် အချိန်များကို ကုန်ဆုံးသွားစေခဲ့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် ………….
ဆယ်ရက်မြောက်နေ့တွင် ရှုကျိုးနှင့် လီရို့ရှီတို့နှစ်ဦးစလုံးသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ ဝင်ခွင့်များကို တရားဝင် လက်ခံရရှိခဲ့ကြသည်။
ရှုတျန်ဟိုင်နှင့် ဇနီးသည်တို့သည် လွန်စွာ ဝမ်းသာအားရ ဖြစ်သွားကြပြီး၊ မိတ်ဆွေအမြောက်အများကို ဖိတ်ခေါ်ကာ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲတစ်ခုကိုပင် ပြုလုပ်ခဲ့ကြသည်။
ရှုကျိုးသည် ပွဲတက်ခဲ့သော်လည်း၊ ကြာကြာ မနေခဲ့ဘဲ သူ၏ အိပ်ခန်းထဲသို့ ပြန်လာ၍ သွေးကြောမှတ်များ ထိုးဖောက်ခြင်း လေ့ကျင့်မှုကိုသာ ဆက်လက်လုပ်ဆောင်နေတော့သည်။
တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
……………………………………………………………………………………………………
အပိုင်း ( 104 )
အချုပ်အနှောင်များကို ရိုက်ချိုးခြင်း၊ မကြုံစဖူး ဖြစ်ရပ်ထူး !!! ၃
ရှုကျိုးသည် အိမ်တွင် တစ်နေကုန်နေထိုင်၍ ကျင့်ကြံရေးထဲတွင်သာ နစ်မြုပ်နေခဲ့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ ကုန်ဆုံးသွားခဲ့သည်။
…
တောင်ပိုင်းပြည်နယ် ရှားမိသားစု
ကြီးမားသော စံအိမ်ကြီးတစ်ခု အတွင်း၌
ဆိုဖာပေါ်တွင် ထိုင်နေသော သက်လတ်ပိုင်းလူကြီးတစ်ဦးသည် တက်ဘလက်ပေါ်ရှိ အကျဥ်းချုံး သတင်းအချက်အလက်များကို ကြည့်ရှုနေလျက်ရှိသည်။
“ ဟမ်? “ ရုတ်တရက်ဆိုသလိုပင် ထိုလူကြီး၏ မျက်ဝန်းများ စူးရှသွားခဲ့သည် “ လွန်ခဲ့တဲ့ တစ်လတုန်းက ခွန်ပန် ကျင့်ကြံရေး နည်းနစ်ကို တစ်ယောက်ယောက်က ဝင်ကြည့်ခဲ့တာလား? “
ခွန်ပန်နည်းစနစ်သည် ရှားမိသားစု၏ နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်တစ်ခုဖြစ်ပြီး၊ အဆင့်အမြင့်ဆုံး နည်းစနစ်တစ်ခုလည်း ဖြစ်သည်။
အဆိုပါ နည်းစနစ်ကို ဖတ်ရှုခဲ့သည့် မည်သူမဆို ဆာဗာ၏ မှတ်တမ်းသွင်းခြင်းကို ခံရမည် ဖြစ်သည်။
“ လွန်ခဲ့တဲ့ တစ်လလုံး၊ သူက ဒီနည်းစနစ်ကို နေ့တိုင်း ဖတ်နေခဲ့တာလား? “ လူကြီးသည် မျက်နှာပြင်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကြည့်ရတာတော့ သူက ဒါကို ဖတ်နေရုံတင်မဟုတ်ဘဲ၊ လေ့ကျင့်နေတာ ထင်တယ်။
“ မဆိုးပါဘူး၊ ရှားမိသားစုမှာ အစွမ်းထက် စစ်သည်တော်တစ်ယောက် ထပ်ရှိလာတော့မယ် “ သက်လတ်ပိုင်းလူကြီး၏ နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
နဝမအဆင့် နည်းစနစ်များကို လေ့ကျင့်သည့် လူများသည် ပါရမီရှင်များသာ ဖြစ်သည်။
ထိုလူများ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်အားကောင်းကြသည်။
သက်လတ်ပိုင်းလူကြီးသည် တက်ဘလက်ကို အကြိမ်အနည်းငယ်ခန့် ပွတ်ဆွဲနေတော့သည်၊ မကြာခင်မှာပင် အံ့အားသင့်သွားသည့် အမူအရာတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည် “ ရှုကျိုးလား? Aအဆင့် အဖွဲ့ဝင်လား? ပထမနှစ် ကျောင်းသားတစ်ယောက်လား? “
ပထမနှစ်ကျောင်းသားလေးက နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်ကို လေ့ကျင့်နေတာလား?
သူသေချင်နေတာလား?
ပထမအဆင့် သိုင်းပညာရှင် ဖြစ်လာခဲ့ပြီးသည့်နောက်မှသာလျှင် နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်များကို လေ့ကျင့်နိုင်မည် ဖြစ်သည်၊ အကယ်၍ အဆင့်သုညဖြင့် ၎င်းကို အလောတကြီး လေ့ကျင့်မည်ဆိုပါက ပြင်းထန်သော ဒဏ်ရာများ ခံစားရခြင်း(သို့) သေပင်သေဆုံးသွားနိုင်လေသည်။
ထိုလူကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် မကြာခင်မှာပင် သူ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ သတ်ဖြတ်ခြင်းစာရင်းမှာ နံပတ်၁ချိတ်ပြီးတော့ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူခွင့်ကို ရသွားတာလား? “ သူ၏ စိတ်နှလုံးသား အနည်းငယ် တုန်ခါသွားခဲ့သည်။
ပထမနှစ်မှာပဲ အဲ့လိုအောင်မြင်မှုမျိုး ရနေပြီပေါ့၊ အဲ့လိုကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုက ရှားမိသားစုမှာ ဘယ်အချိန်တည်းက တည်ရှိနေတာလဲ?
ဘုတ်၊ ဘုတ်၊ ဘုတ်
အပေါ်ထပ်မှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။
လူငယ်လေးတစ်ဦးနှင့် မိန်းမပျိုလေးတစ်ဦးတို့သည် လှေကားမှ ဆင်းလာကြသည်။
“ အဖေ၊ ကျွန်မတို့က အရှေ့ပိုင်းပြည်နယ်ကို သွားတော့မယ် “ မိန်းမပျိုလေး၏ အသံသည် ချိုသာစွာ ပျံ့လွင့်လာခဲ့သည်။
သူမသည် အလွန် ချစ်စဖွယ်ကောင်းပြီး၊ အလွန်တက်တက်ကြွကြွရှိကာ၊ မိတ်ကပ်မတင်ထားသည့် အသားအရည်သည် အခွံခွာထားသော ကြက်ဥကဲ့သို့ နူးညံ့နေလျက်ရှိသည်၊ အပြာနုရောင် ဂါဝန်ရှည်၊ ခြေအိတ်အဖြူနှင့် အဖြူရောင် ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည့် ချစ်စဖွယ် ပုံရိပ်လေးသည် လှေကားပေါ်မှ ဖျတ်ခနဲ ပြေးဆင်းလာခဲ့သည်။
သူမ၏နောက်ဘက်ရှိ ချောမောသော လူငယ်လေးမှာလည်း လှေကားပေါ်မှ ဆင်းလာခဲ့ပြီး၊ သက်လတ်ပိုင်းလူကြီးကို နှုတ်ဆက်လာခဲ့သည် “ အဖေ၊ ကျွန်တော်တို့က ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကို သွားတော့မယ် “
“ အင်း “ သက်လတ်ပိုင်းလူကြီးသည် တက်ဘလက်ကို ချထားလိုက်သည် “ လမ်းခရီးမှာ ဘေးကင်းပါစေ “
“ ဒါနဲ့၊ ဟောက်ချန်းရေ “ ထိုလူကြီးမှ ရုတ်တရက် ပြောလာခဲ့သည် “ ဒီတစ်ခါ ကွမ်ဟန်တက္ကသိုလ်ကို ရောက်လာခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ ကြားထဲမှာ၊ သားလိုမျိုး ခွန်ပန်နည်းစနစ်ကို လေ့ကျင့်နေတဲ့ တစ်စုံတစ်ယောက် ရှိတယ်၊ သူ့ကို စောင့်ကြည့်ထားလိုက်ဦး “
ရှားဟောက်ချန်း အံ့အားသင့်သွားတော့သည် “ ကျွန်တော်တို့ ရှားမိသားစုက တစ်ယောက်ယောက်လား? “
“ Aအဆင့် အဖွဲ့ဝင် တစ်ယောက် “ သတ်လတ်ပိုင်း လူကြီးမှ ခေါင်းငြိမ့်ပြလိုက်သည် “ သူ့နာမည်က ရှုကျိုး “
“ တကယ်လို့ သူနဲ့တွေ့တယ်ဆိုရင်၊ မိတ်ဖွဲ့လိုက်ပါ၊ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက သားထပ် မနိမ့်လောက်ဘူး “
ရှားဟောက်ချန်းမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။
အနားရှိ ချစ်စဖွယ်ကောင်မလေး ရှားရှီယောက်သည် အနည်းငယ် အံ့ဩသွားခဲ့သည် “ Aအဆင့် အဖွဲ့ဝင်တစ်ယောက်က အစ်ကိုနဲ့ ယှဥ်နိုင်လို့လား? “
သက်လတ်ပိုင်းလူကြီးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ သူက ကျောင်းကျိုးရဲ့ နံပတ်၁ပဲ၊ တော်တော်လေး ထူးခြားတယ် “
“ ကျောင်းကျိုးလား? “
ရှားရှီယောက်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်၊ ကျောင်းကျိုးလို နေရာသေးသေးလေးက နံပတ်တစ်က အစ်ကို့ကို ယှဥ်နိုင်မှာမို့လို့လား?
သူမသည် သူမ၏အစ်ကိုဖြစ်သူကို ကြည့်လိုက်သည် “ အစ်ကို၊ နင်က ပထမအဆင့်ကို ဘယ်အချိန်တုန်းက ရောက်သွားတာလဲ? “
“ လွန်ခဲ့တဲ့ သုံးလလောက်တုန်းက “ ရှားဟောက်ချန်းမှ ပြန်ဖြေလာခဲ့သည်။
“ ကျွန်မရဲ့ အစ်ကိုက ပထမအဆင့်ကို လွန်ခဲ့တဲ့ သုံးလလောက်တည်းက ရောက်နေခဲ့ပြီ “ ရှားရှီယောက်မှ ဆန္ဒပြလာတော့လေသည် “ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင်၊ ကျောင်းကျိုးက နံပတ်၁ဆိုတဲ့ လူက သိုင်းပညာ တက္ကသိုလ်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှ ပထမအဆင့်ကို ချိုးဖျက်နိုင်ခဲ့တာပါနော်၊ သူတို့က ကျွန်မရဲ့အစ်ကိုကို ဘယ်လိုလုပ်ပြီးတော့ ယှဥ်နိုင်မှာလဲ? “
“ ရှီယောက်၊ တစ်တောင်ထပ်မြင့်တဲ့ နောက်ထပ်တောင်တစ်ခု အမြဲရှိတယ်ဆိုတာကို မမေ့နဲ့ “
ရှားဟောက်ချန်းသည် ညီမဖြစ်သူကို ကြည့်လိုက်ကာ အပြုံးဖြင့် သူ၏ဦးခေါင်းကို ခါယမ်းနေတော့သည် “ ကျောင်းကျိုးရဲ့ ဒီတစ်ကြိမ် နံပတ်၁က ကွဲပြားနေတာများလား? “
အနားရှိ သက်လတ်ပိုင်းလူကြီးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းပြလိုက်သည် “ မင်းရဲ့ ညီမလေးက မင်းကို မျက်စိစုံမှိတ် ယုံကြည်နေတာပဲ “
ရှားရှီယောက်သည် နှုတ်ခမ်းလေးစူ၍ ချိုသာစွာ ပြောလာခဲ့သည် “ ဘယ်မှာ မျက်စိစုံမှိတ် ယုံနေလို့လဲ၊ အစ်ကိုက အံ့ဩဖို့ကောင်းနေပြီးသားပါနော် “
ရှားဟောက်ချန်းသည် ပြုံးစိစိဖြစ်သွားတော့သည် “ ကောင်းပြီလေ၊ သွားကြတာပေါ့ “
“ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာက ပါရမီရှင်တွေနဲ့ ပြည့်နေတယ်လို့ ကြားထားတယ်၊ အဲ့က ပါရမီရှင်တွေက ဘယ်လောက်တောင် စွမ်းနေမလဲဆိုတာကို ကျွန်တော် မြင်ချင်နေပြီ “
ရှားဟောက်ချန်းသည် ယုံကြည်ချက်များနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။
သူသည် ထိပ်တန်းပါရမီရှင်များကြားတွင် ထင်ပေါ်ရန်အတွက် ခွန်အားနှင့် ယုံကြည်မှု ရှိနေခဲ့လေသည်။
ပို၍အားကောင်းသော လူတစ်ဦးရှိသည်ဟု အမြဲပြောနေတတ်သော်လည်း၊ သူ၏စိတ်ထဲတွင်မူ အကယ်၍ ကျောင်းကျိုး၏နံပတ်၁က အမှန်တကယ် အံ့ဩဖွယ်ကောင်းနေမည်ဆိုလျှင်တောင်မှ သူ၏ပြိုင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ဘူးဟုသာ ယုံကြည်လက်ခံနေလျက်ရှိသည်။
အနားရှိ ရှားရှီယောက်သည် သူမ၏ အစ်ကို ကြည့်နေပြီး၊ သူမ၏မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤသည်မှာ ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းသော၊ အစွမ်းထက် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရချိန်မှာပင် အနိုင်ယူနိုင်သော သူမ၏ အစ်ကိုဖြစ်သည်။
သူမတို့ဘေးနားရှိ သက်လတ်ပိုင်းလူကြီးမှ စကားပြောလာခဲ့သည် “ ရှီယောက်၊ သမီးရဲ့အစ်ကိုကို အားကိုးမနေနဲ့၊ သမီးကလည်း သမီးရဲ့ ကိုယ်ပိုင်ခွန်အားကို အားကိုးဖို့ လိုအပ်တယ် “
“ သမီးသိပါတယ်နော် “ ရှားရှီယောက်မှ ချစ်စဖွယ် ပြန်ပြောလာခဲ့သည် “ သမီးကလည်း လွန်ခဲ့တဲ့ တစ်လတည်းက ပထမအဆင့်ကို ရောက်နေတာပါနော်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကွမ်ဟန်တက္ကသိုလ်က သမီးကို ဘယ်လိုလုပ် လက်ခံမှာလဲ? “
“ ကောင်းပြီ၊ အဖေ၊ ကျွန်တော်တို့ သွားပြီနော် “
မောင်နှမနှစ်ဦးစလုံး အိမ်အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကိုယ်ပိုင်ဂျက်လေယာဥ် တစ်စီးသည် တောင်ပိုင်းပြည်နယ်မှ ထွက်ခွာ၍ အရှေ့ပိုင်းပြည်နယ်သို့ ဦးတည်သွားတော့သည်။
…
ကျောင်းကျိုး၊ ကျန်းမိသားစု
ကျန်းလန်သည် အနီဖျော့ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ စံအိမ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်၊ သူမ၏ ပုံရိပ်သည် ကြော့ရှင်းသန့်စင်၍ ဆွဲဆောင်မှုအား ကောင်းနေခဲ့ပြီး၊ ကျောက်စိမ်းကဲ့သို့သော ခြေဖဝါးလေးများသည် မြေပြင်ကို ထိတွေ့နေလျက်ရှိသည်။
ထိုအချိန်တွင် ကျန်းလန်သည် နှစ်လိုဖွယ်ကောင်းသည့် သူမ၏ မျက်နှာလေးကို မော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ လွန်ခဲ့တဲ့ ဆယ်ရက်တည်းက ငါက ပထမအဆင့် သိုင်းပညာရှင် ဖြစ်သွားခဲ့ပြီ၊ ဒီဆယ်ရက်အတွင်းမှာ ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကလည်း တော်တော်ကြီးကို တိုးတက်လာခဲ့တယ် “
ကျန်းလန်၏ မျက်လုံးလေးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် ……….. တစ်နိုင်ငံလုံးက အတောက်ပဆုံး ပါရမီရှင်တွေက အဲ့မှာ စုနေတယ်လို့ အဘိုးက ပြောခဲ့ဖူးတယ်။ သူတို့တွေက ဘယ်လောက်တောင် စွမ်းနေမလဲဆိုတာကို ငါမြင်ချင်မိတယ် “
သူမ၏နှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေးပေါ်တွင် ယုံကြည်မှုရှိနေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုလူများက မည်မျှပင် သန်မာ အားကောင်းနေခဲ့ပါစေ၊ သူမသည် ထိုလူများကို ကြောက်နေလိမ့်မည် မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သူမထံ၌ ထိုလူများကြားထဲတွင် ပေါ်လွင်နေမည့် လုံလောက်သော အစွမ်းအစ ရှိနေသောကြောင့် ဖြစ်သည်။
အမှန်အတိုင်း ပြောရမည်ဆိုပါက ဒဏ်ရာများ ကုသရန်အတွက် အချိန်ကို လဝက်မျှ မသုံးစွဲခဲ့ရဘူးဆိုပါက သူမသည် ယခုထပ် ပို၍ အားကောင်းသန်မာနေလိမ့်မည် ဖြစ်သည်။
ပထမအဆင့် သိုင်းပညာရှင်အကြောင်းကို ပြောနေရင်းဖြင့် ကျန်းလန်သည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားတော့သည်။
“ ရှုကျိုး “ ကျန်းလန်မှ ရေရွတ်ပြောဆိုလာခဲ့သည် “ အခုချိန်လောက်ဆိုရင် အဲ့လူကလည်း ပထမအဆင့်ကို ရောက်သွားလောက်ပြီမလား? သားရဲစွမ်းရည်နဲ့ သူက ဘယ်လမ်းကြောင်းကို လျှောက်မှာလဲ? “
ဤတစ်လအတွင်း၌ ကျန်းလန်ထံတွင် ရှိနေခဲ့သည့် အတိတ်က မကျေနပ်မှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် လမ်းဆုံးနေပြီဖြစ်သော လူတစ်ယောက်နှင့် ယှဥ်ပြိုင်နေရန် မလိုဘူးဟု နားလည်သွားခဲ့သည်။
ရှုကျိုးကြောင့် ဖြစ်ပေါ်ခဲ့သော မကျေနပ်ချက်များသည် လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ ထွက်သွားရမဲ့ အချိန်ရောက်ပြီ “
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် လေယာဥ်ငယ်လေး တစ်စီးသည် ကျန်းမိသားစု၏ ကိုယ်ပိုင်လေယာဥ်ကွင်းမှ ထွက်ခွာ၍ အရှေ့ပိုင်းပြည်နယ်သို့ ဦးတည်သွားတော့သည်။
…
အရှေ့ပိုင်းပြည်နယ်၊ လျူမိသားစု
ကတ္တရာလမ်းပေါ်၌ အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် သူ၏ကိုယ်ပိုင် ဂျက်လေယာဥ်ထံသို့ လမ်းလျှောက်သွားနေလျက်ရှိသည်။
သူ၏နောက်တွင် သက်တူရွယ်တူ လူငယ်တစ်စု ရှိနေခဲ့သည်။
“ အစ်ကိုယောင်တုန်၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာ မိန်းမလှလေးတွေ ပေါတယ်လို့ ကျွန်တော် ကြားထားတယ်၊ ကျွန်တော်တို့အတွက် တစ်ချို့တစ်လေကို ပြန်ခေါ်ခဲ့ဖို့ မမေ့နဲ့နော် “ ဟု လူငယ်တစ်ဦးမှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများကလည်း အော်ရယ်လာကြတော့သည်။
“ ငါတို့တွေထဲမှာ အစ်ကိုယောင်တုန်က နာမည်အကြီးဆုံးပဲ၊ သူက ကွမ်ဟန် တက္ကသိုလ်မှာ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်မှာ သေချာတယ် “
“ အမှန်ပဲ၊ ကွမ်ဟန်တက္ကသိုလ်က မိန်းမလှလေးတွေနဲ့ ပြည့်နေတာ၊ အစ်ကိုယောင်တုန်က ကျွန်တော်တော့ ခင်ဗျားကို အားကျနေပြီနော် “
လျူယောင်တုန်သည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်း၍ ပြောလာခဲ့သည် “ မင်းတို့ကောင်တွေ၊ ငါ့ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေနဲ့၊ အလှလေးနည်းနည်းလောက် ပြန်ခေါ်လာခဲ့ပါဆိုတော့၊ ငါက အဲ့လောက်တောင် ညံ့နေတာလား? “
“ ဟားဟားဟားဟား “ လူတစ်စုသည် ကျယ်လောင်စွာ အော်ရယ်နေတော့သည်။
ထိုအချိန်တွင် လူငယ်လေးတစ်ဦးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဒါနဲ့ အစ်ကိုယောင်တုန်ရေ၊ လျူဟီကို သတ်ခဲ့တဲ့ ရှုကျိုးကလည်း ကွမ်ဟန် တက္ကသိုလ်ရဲ့ ဒီနှစ်ကျောင်းသားအသစ်တဲ့။ သူ့ကို ဆုံးမပေးသင့်တယ်နော် “
“ စိတ်မပူစမ်းပါနဲ့ကွာ၊ အဲ့တာက ရိုးရှင်းတဲ့ အလုပ်လေးတစ်ခုပါပဲ “ လျူယောင်တုန်သည် အသာအယာ ပြုံး၍ ပြောလာခဲ့သည်။
လျူယောင်တုန်ဘေးနားတွင် ဝိုင်းရံနေကြသည့် လူအုပ်ကြီးသည် ကိုယ်ပိုင် ဂျက်လေယာဥ်ဆီသို့ လမ်းလျှောက်သွားနေကြတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် အဆိုပါ ကိုယ်ပိုင် ဂျက်လေယာဥ်သည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် တည်ရှိရာဘက်သို့ ဦးတည်သွားတော့သည်။
…
ထိုနေ့တွင် တစ်နိုင်ငံလုံးမှ လေယာဥ်ပေါင်းများစွာသည် အရှေ့ပိုင်း ပြည်နယ်ရှိ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ဆီသို့ ဦးတည်မောင်းနှင်လာကြသည်။
ထောင်များများစွာသော စမ်းချောင်းများသည် ပင်လယ်ထဲသို့ စီးဝင်လာကြပြီး၊ သူရဲကောင်းများ စုဆုံကြလေပြီ။
………………………………………………………………………………………………………..