အခန်း (၁၀၅)
Vol. 7 Ch. 105
အပိုင်း ( 105 )
မင်းတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းတွေကို လျှောက်လှမ်းပါ
နွေဥတု အဆုံးနှင့်အတူ ဆောင်းဦး အစပျိုးလာခဲ့ပြီ ဖြစ်သည်။
ဧည့်ခန်းထဲတွင် အရပ်ရှည်ရှည် ကောင်မလေးတစ်ဦးသည် ခရီးဆောင်အိတ်ကို ကိုင်ကာ တံခါးဝတွင် မတ်တပ်ရပ်နေလျက်ရှိသည်။
“ ရှုကျိုး၊ နင်ပြီးပြီလား? ငါတို့က လေယာဥ် လွတ်တော့မယ်နော် “
ကောင်မလေး၏ အသံသည် ကြည်လင် အေးစက်နေခဲ့သည်။
“ ပြီးပြီ !! “ ရှုကျိုးသည် သူ၏ခရီးဆောင်အိတ်ကို ထုပ်ပိုးနေရင်းဖြင့် ပြန်ဖြေလာခဲ့သည်။
တစ်လကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး၊ လီရို့ရှီသည် ပို၍ လှသွေးကြွယ်လာခဲ့ပြီ ဖြစ်သည်။
သူမမှ သူမ၏ဦးခေါင်းလေးကို အသာလှည့်လိုက်ရာ ငန်းကဲ့သို့သော လည်တိုင်လေး၏ အောက်ဘက် တွင် ဖြူဝင်းသော ညှပ်ရိုးနှစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
အောက်ဘက်တွင် မြင့်မားသော ရင်သပ်ရှုမောဖွယ်ကောင်းသည့် အကွေ့အဝိုက်တစ်ခု ရှိနေခဲ့ပြီး၊ ကျော့ရှင်းသော ပုံစံအဖြစ် အောက်ဘက်သို့ လျင်မြန်စွာ နိမ့်ဆင်းသွားခဲ့သည်။
အနက်ရောင် ဂါဝန်အောက်တွင် ဖြူဝင်းသွယ်လျသော ခြေသလုံးလေးများ ပေါ်လွင်နေခဲ့သည်။
သူမသည် ထိုနေရာတွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ပန်းချီကားတစ်ချပ်ကဲ့သို့ ရပ်နေခဲ့ကာ နောက်ခံအရာအားလုံးကိုပင် မှေးမှိန်သွားစေခဲ့သည်။
တစ်ခဏန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အခန်းထဲမှ ထွက်လာခဲ့သည်။
“ ကျိုးလေး၊ ရှောင်ရှီ “
ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့မှာလည်း သူတို့နောက်မှ လိုက်ပါ၍ ထွက်လာကြသည်။
အဆိုပါ စုံတွဲသည် ယနေ့တွင် အလုပ်မသွားကြပေ၊ အဘယ့်ကြောင့်ဆိုသော် သူတို့၏ကလေးများက ယနေ့တွင် ထွက်သွားကြတော့မည်ဆိုသည်ကို သိနေသောကြောင့် ဖြစ်သည်။
“ လမ်းပေါ်မှာ စားဖို့ ဒါတွေကို ယူသွား “
လီယန်ဖင်းသည် အစာသွတ် ပုလင်းနှင့် ဘူးများကို ခရီးဆောင်အိတ်ထဲသို့ ထည့်ပေးလာခဲ့သည်။
ရှုကျိုးမှ မည်သည့်အရာကိုမှ မပြောသော်လည်း လီရို့ရှီသည် အနည်းငယ် တုံ့ဆိုင်းနေသော အမူအရာဖြင့် ပြောလာခဲ့သည် “ အမေ၊ တော်တော်ကြီးကို လုံလောက်နေပြီ၊ ကျွန်မတို့က အများကြီး ထုပ်ပိုးထားပြီးနေပြီ “
“ ဒါတွေအကုန်လုံးက ကျိုးလေး ကြိုက်တဲ့ဟာတွေလေ၊ လင်းဂျန်မြို့မှာပဲ ရနိုင်တာ၊ သမီးတို့က အရှေ့ပိုင်းပြည်နယ်မှာ အဲ့တာတွေကို ရှာလို့ရမှာ မဟုတ်ဘူး “ လီယန်ဖင်းမှ စိတ်ရှည်ရှည်ဖြင့် အကြံဉာဏ်တစ်ချို့ ပေးနေလျက်ရှိသည်။
နောက်ဆုံးသော ပစ္စည်းကို ထိုးထည့်ပြီးသွားခဲ့သည့်နောက်တွင် သူမ ပြောလိုသည့် အရာအားလုံးကို ပြောပြီးလုနီးပါး ဖြစနေခဲ့ပြီ ဖြစ်သည်။
လီယန်ဖင်းသည် တစ်ခဏခန့် ရပ်တန့်သွားပြီး၊ ရှုကျိုးနှင့် လီရို့ရှီတို့ကို စိတ်ခံစားချက်များဖြင့် ကြည့်လာခဲ့သည်။
“ လမ်းမှာ ဂရုစိုက်ကြနော်။ ရှောင်ရှီ၊ မောင်လေးကို ဂရုစိုက်ဖို့ သတိရနော် “ လီယန်ဖင်းသည် အနည်းငယ် နီရဲနေသော မျက်လုံးများဖြင့် ထပ်ဖြည့်ပြောလာခဲ့သည်။
“ ဟုတ် ဟုတ် “ လီရို့ရှီသည် သူမ၏ နှုတ်ခမ်းလေးများကို အသာအယာ ကိုက်လိုက်သည်။
သူမတို့ဘေးနားရှိ ရှုတျန်ဟိုင်မှ အကြံပေးစကား ပြောလာခဲ့သည် “ တက္ကသိုလ်ကို ရောက်သွားတဲ့အချိန်ကျရင်၊ အခန်းဖော်တွေနဲ့ အဆင်ပြေအောင်နေကြနော်၊ ပဋိပက္ခ မဖြစ်စေနဲ့၊ ဟုတ်ပြီလား? “
“ နားလည်ပါပြီ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
“ ကောင်းပြီလေ၊ သွားကြတော့ “ ရှုတျန်ဟိုင်သည် သူ၏လက်ကို ဝေ့ရမ်း၍ ပြုံးပြလာခဲ့သည် “ အခုဆိုရင် မင်းတို့လေးတွေက တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဖြစ်သွားကြပြီ၊ ကြီးပျင်းလာကြပြီ၊ ငါတို့က ထပ်ပြီးတော့ စိုးရိမ်ပူပန်နေဖို့ မလိုတော့ဘူး “
ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ ဟုတ်တယ်၊ အခုဆိုရင် ငါတို့က တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဖြစ်သွားကြပြီလေ။
သူ၏ယခင်ကဘဝသည် အသက် ၁၈နှစ်အရွယ်တွင် ရပ်တန့်သွားခဲ့သောကြောင့် တက္ကသိုလ် မတက်ခဲ့ရပေ။
ဤတစ်ကြိမ်တွင် သူသည် တက္ကသိုလ်ကျောင်းသားဆိုသည့် ဘဝကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံတွေ့ခံစားရတော့မည် ဖြစ်သည်။
တက္ကသိုလ်က ဘာနဲ့ တူနေလောက်မလဲ?
ရှုကျိုးသည် သူ့ဆရာပြောခဲ့သည့် စကားများကို ပြန်၍ အမှတ်ရသွားခဲ့သည်။
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၊ အစစ်အမှန် သိုင်းပညာဌာန၊ သိုင်းပညာရှင်၊ တာဝန်ဝတ္တရား ……
“ သိုင်းပညာ တက္ကသိုလ် “ ထိုအချိန်တွင် ရှုကျိုးသည် တောင့်တမှု၊ စိတ်အားထက်သန်မှုနှင့် မျှော်လင့်နေမှုများကို ခံစားနေခဲ့ရသည်။
မိဘများကို နှုတ်ဆက်လိုက်ပြီးသည့်နောက်တွင် ရှုကျိုးနှင့် လီရို့ရှီတို့သည် ခြံဝန်းထဲမှ ထွက်လာခဲ့ကြပြီး၊ အိမ်နှင့်ဝေးရာ လမ်းကြောင်းပေါ်သို့ စတင်၍ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရေ၊ ငါလာနေပြီဟေ့ !!
…
လေဆိပ်သို့သွားရာ ဘက်စ်ကားပေါ်၌
ရုတ်တရက် ဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး၊ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်နေတော့သည်။
ပြတင်းပေါက် အပြင်ဘက်၌ အထက်တန်းကျောင်း ဂိတ်ဝတစ်ခုသည် နောက်ဘက်တွင် အရှိန်လွန်ကျန်ရစ်နေခဲ့သည်။
“ လင်းဂျန် ပထမအထက်တန်းကျောင်း “ ရှုကျိုးမှ ရေရွတ်ပြောဆိုလာခဲ့သည်။
သူသည် လင်းဂျန် ပထမ အထက်တန်းကျောင်းတွင် တစ်နှစ်မျှသာ နေခဲ့ရသည်၊ တိတိကျကျ ပြောရမည်ဆိုပါက လဝက်မျှသာ နေခဲ့ရခြင်း ဖြစ်သည်၊ ထို့ကြောင့် ခံစားချက်များစွာ ရှိမနေခဲ့ပေ။
သို့သော် ဤအချိန်တွင် ရှုကျိုးသည် စိတ်ခံစားချက် အနည်းငယ်ကို ခံစားလာခဲ့ရသည်။
သူသည် သူ၏အတန်းဖော်များကို နှုတ်ဆက်စကားပင် မပြောနိုင်ခဲ့ဘဲ၊ ဤကဲ့သို့ပင် ထွက်ခွာလာခဲ့ရသည်။
အတန်းရှစ်မှ လူများကို ပြန်လည် အမှတ်ရသွားသည့် အချိန်တွင် ရှုကျိုးသည် အနည်းငယ် တွေဝေမိန်းမောသွားခဲ့သည်။
အစပိုင်းတွင် အဆိုပါ အတန်းဖော်များသည် သူ့အား ယုံကြည်မှု၏ အမှတ်အသားတစ်ခုအဖြစ် ဆက်ဆံခဲ့ကြပြီး၊ အတန်းရှစ်တစ်ခုလုံးသည် အလွန်စည်းလုံးနေခဲ့သည်။
၎င်းမှာ သာမန်အတန်းလေးတစ်ခု ဖြစ်သော်လည်း၊ သူတို့၏ စွမ်းရည်အများစုသည် အထက်တန်းစား အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“ အတန်းရှစ် ……. “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည်။
သူသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်တော့သည်။
နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌
“ ရှုကျိုး၊ ငါတို့က လေဆိပ်ကို ရောက်ပြီ “ လီရို့ရှီသည် အေးစက်စက် အသံ ထွက်ပေါ်လာခဲ့သည် “ ဆင်းကြမယ် “
“ ရောက်လာပြီလား? “ ရှုကျိုးသည် သူ၏မျက်လုံးများကို ဖွင့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
လူနှစ်ဦးသည် ထိုင်ခုံမှ ထ၍ ခရီးဆောင်အိတ်များကို ဆွဲကာ ဘက်စ်ကားပေါ်မှ ဆင်းလာကြပြီး၊ လေဆိပ်ဝင်ပေါက်သို့ လမ်းလျှောက်သွားကြတော့သည်။
ထိုအချိန်တွင် ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ အဲ့တာက …….. “
လေဆိပ်ဝင်ပေါက်ဝတွင် လူအုပ်ကြီးတစ်အုပ် မတ်တပ်ရပ်နေလျက်ရှိသည်။
“ ဆရာလား? “ ရှုကျိုးသည် အံ့ဩတကြီးဖြင့် အော်မိသွားခဲ့သည်။
သူသည် ချောင်ရုံ၊ ကျောင်းအုပ်ကြီးနှင့် ရင်းနှီးနေသော မျက်နှာများကို မြင်တွေ့သွားခဲ့သည်။
အတန်းရှစ်မှ လူတိုင်း ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
“ ရှုကျိုး !! “ တစ်စုံတစ်ဦးမှ အော်ပြောလာခဲ့သည်။
ဝမ်ယွဲ့ဟွေသည် အလောတကြီး ပြေးလာခဲ့ပြီး၊ ရှုကျိုး၏ရင်ဘတ်ကို ထိုးကာ မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြောလာခဲ့သည် “ မင်းက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အထူး ခေါ်ယူခွင့်ကို ရခဲ့တယ်ဆို၊ ငါ့ကိုတောင် မပြောပြဘူး၊ ငါတို့က သူငယ်ချင်းတွေရော ဟုတ်ရဲ့လား? “
“ အဲ့တာက …… “ ရှုကျိုးသည် ရှက်ရွံ့နေသော အမူအရာဖြင့် သူ၏နှာခေါင်းကို ထိကြည့်နေတော့သည်။
ငါကလည်း မင်းတို့ကို စိတ်မသက်မသာဖြစ်အောင် မလုပ်ချင်ပါဘူး။
အတန်းရှစ်မှ အတန်းဖော်များသည် ရှေ့သို့ ပြေးတက်လာကြသည်။
“ ရှုကျိုး၊ မင်းက အံ့ဩဖို့ကောင်းတာပဲ၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူမှုကိုတောင် ရခဲ့တယ် “
“ ငါကြားတာတော့ အဲ့နေရာမှာ နိုင်ငံရဲ့ ထိပ်တန်းပါရမီရှင်တွေနဲ့ ပြည့်နေတယ်ဆို “
“ ရှုကျိုး၊ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
လူအများစုသည် သူ့အား လေးစားအားကျနေသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်၊ သူတို့အားလုံးသည် ထိုအကြောင်းကို ကြားသိလိုက်ရသည့်အချိန်တွင် အလွန်အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ ပထမနှစ် အထက်တန်းကျောင်းသားလေးတစ်ဦးကို အထူးခေါ်ယူခွင့် ပေးခဲ့ခြင်းမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသော ကိစ္စတစ်ခု ဖြစ်သည်။
ဝမ်ယွဲ့ဟွေသည် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ အကောင်းဆုံးလုပ်ပါ၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ဆိုရင်တောင်မှ အဲ့ဒီပါရမီရှင်ဆိုတဲ့ကောင်တွေကို အနိုင်ယူပစ်လိုက်၊ မင်းလုပ်နိုင်တယ်ဆိုတာကို ငါယုံတယ် “
ရှုကျိုးသည် အပြုံးဖြင့် ခေါင်းခါနေတော့သည်၊ ဒီကောင်က ငါ့ကို တကယ်ကြီး ယုံကြည်နေတာပဲ။
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သည် ရန်ပြည်ထောင် တစ်ခုလုံးမှ ပါရမီရှင်များစွာ စုဝေးသော နေရာဖြစ်ပြီး၊ ထိုလူများကို အနိုင်ယူရန်မှာ လွယ်ကူသော အရာ မဟုတ်ပေ။
သို့သော် ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်စဲသာ ဖြစ်သည် “ ငါလုပ်မယ် “
ထို့နောက်တွင် အတန်းဖော်များသည် တွန့်ဆုတ်နေသော အမူအရာများကို ထုတ်ဖော်ပြသလာကြသည်၊ ရှုကျိုးမှ တစ်ဦးချင်းစီတိုင်းကို တုံ့ပြန်စကားပြောပေးနေခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌
ကျောင်းအုပ်ကြီးသည် လေဆိပ် ဝင်ပေါက်ဝမှ အော်ပြောလာခဲ့သည် “ ကျောင်းသားတို့၊ တော်ကြတော့၊ ရှုကျိုးတို့က လေယာဥ်ချိန် မှီအောင် သွားရဦးမယ် “
လူတိုင်း ခေါင်းငြိမ့်ပြလာကြပြီး၊ ရှုကျိုးအား ထပ်မံ၍ မဆွဲထားကြတော့ပေ။
“ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ် “ ရှုကျိုးသည် သူ၏အတန်းဖော်များကို ကြည့်နေတော့သည်၊ ထိုလူများကို သူ့ကို လိုက်ပို့ပေးရန်အတွက် လေဆိပ်အထိပင် ရောက်လာခဲ့ကြသည်၊ ၎င်းမှာ အမှန်ပင် ရင်ထဲထိလှပေသည်။
“ မင်းတို့တွေကလည်း မင်းတို့ သွားချင်ကြတဲ့ တက္ကသိုလ်တွေဆီကို ရောက်ကြပါစေလို့ ငါဆုတောင်းပေးပါတယ် “
“ ဒါပေါ့ သေချာတာပေါ့ “
အားလုံး၏ အကြည့်များအောက်မှာပင် ရှုကျိုးနှင့် လီရို့ရှီတို့သည် လေဆိပ်ဝင်ပေါက်သို့ ဦးတည်သွားကြတော့သည်။
တံခါးဝတွင် ကျောင်းအုပ်ကြီးနှင့် ချောင်ရုံတို့သည် သူတို့ဆီသို့ ရောက်လာခဲ့ကြသည်။
“ လီရို့ရှီ “ ကျောင်းအုပ်ကြီးသည် လေးစားမှုများဖြင့် လီရို့ရှီကို ကြည့်လာခဲ့သည် “ မဆိုးပါဘူး၊ မောင်လေးနဲ့အတူ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူမှုကို ရခဲ့ကြတယ်၊ မင်းတို့နှစ်ယောက်စလုံးက လင်းဂျန် ပထမအထက်တန်းကျောင်းရဲ့ ဂုဏ်ယူစရာပါပဲ “
“ ကျောင်းအုပ်ကြီး ရှင်က အရမ်းကြင်နာလွန်းနေပါပြီ “ လီရို့ရှီမှ ခေါင်းခါပြလာခဲ့သည်။
ထိုနှစ်ဦးသည် တစ်ခဏခန့် စကားပြောဆိုနေကြတော့သည်။
ဘေးတစ်ဖက်ရှိ ချောင်ရုံသည် ရှုကျိုးကို စိုးရိမ်တကြီးဖြင့် ကြည့်လာခဲ့သည် “ သွေးကြောမှတ် ဘယ်နှခု ဖွင့်ပြီးသွားပြီလဲ? “
၎င်းကို ကြားလိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးမှာလည်း သူတို့ကို လှည့်ကြည့်လာခဲ့သည်။
ဤရက်များအတွင်းတွင် သူတို့သည် ရှုကျိုးအခြေအနေကို မသိသကဲ့သို့ ရှုကျိုးနှင့်လည်း စကားမပြောဖြစ်ခဲ့ကြပေ။
သို့သော် ချောင်ရုံသည် ရှုကျိုးက သွေးကြောမှတ်များကို သေချာပေါက် ဖွင့်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
သူက ကံကောင်းနေပြီးတော့ နှစ်ခု၊ သုံးခုလောက် ဖွင့်နိုင်မလားပဲ?
“ ဆယ်ခုပါ “ ရှုကျိုးမှ အမှန်တိုင်း ဝန်ခံပြောဆိုလာခဲ့သည်။
ဤတစ်လအတွင်းတွင် သူသည် ယခင်က ရှာတွေ့ခဲ့သော သွေးကြောမှတ်ခြောက်ခုကို ဖွင့်လှစ်ခဲ့ပြီးပြီ ဖြစ်သည်။
လွန်ခဲ့သောရက်ပိုင်းခန့်က ချီ-သွေးများကို ပေါက်ကွဲစေသည့် တူညီသော နည်းလမ်းဖြင့် သူသည် နောက်ထပ် သွေးကြောမှတ်လေးခုကို ထပ်မံ၍ ရှာတွေ့ခဲ့သည်။
ရှုကျိုးသည် အသစ်ရှာဖွေတွေ့ရှိထားသည့် အဆိုပါ သွေးကြောမှတ်များကို မည်သို့မျှ မထိရသေးပေ။
ယခုတွင် လွန်ခဲ့သော တစ်လခန့်က အချိန်နှင့် ယှဥ်လိုက်မည်ဆိုပါက ရှုကျိုး၏ အစွမ်းသည် သိသိသာသာ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
“ ဘာ !! “
အဆိုပါ စကားကိုကြားလိုက်ရသောအခါတွင် ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
“ ဆယ်ခုလား? “ ချောင်ရုံ၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ၎င်းမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
မကြာခင်မှာပင် သူသည် အပြုံးတစ်ခုကို ထုတ်ဖော်၍ စကားပြောလာခဲ့သည် “ ငါ မပြောခဲ့ဘူးလား? မင်းရဲ့ စွမ်းရည်က အဲ့ဒီသားရဲစွမ်းရည်နဲ့ မတူပါဘူးဆိုနေ “
“ ဟုတ် “ ရှုကျိုးသည် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ဆရာဖြစ်သူ၏ အလိမ်ကို မဖော်ခဲ့ပေ။
အမှန်တိုင်းပြောရမည်ဆိုပါက ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့ နှစ်ဦးစလုံး နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားခဲ့ကြလေသည်။
သားရဲစွမ်းရည်ဖြင့် သွေးကြောမှတ် ဆယ်ခုဖွင့်လှစ်ခြင်း !!
၎င်းသည် ရန်ပြည်ထောင်၏ သမိုင်းကြောင်းတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးသော ကိစ္စတစ်ခု ဖြစ်သည်။
ချောင်ရုံသည် ရှုကျိုးကို ကျေနပ်အားရစွာဖြင့် ကြည့်လာခဲ့သည် “ ရှုကျိုး၊ ကောင်းကောင်း ကြိုးစား။ မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေထပ် ကျော်လွန်နေလိမ့်မယ်လို့ ငါယုံကြည်တယ် “
“ ဟုတ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြကာ အလေးအနက်ထား၍ ပြောလာခဲ့သည် “ ကြိုးစားပါ့မယ် “
ထိုအချိန်တွင် ကျောင်းအုပ်ကြီးမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ ရှုကျိုး၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ရောက်သွားပြီးတဲ့နောက်မှာ အစစ်အမှန် သိုင်းပညာဌာနကို တိုက်ရိုက် မရွေးချယ်လိုက်တာက အကောင်းဆုံးပဲ “
ရှုကျိုး အံ့ဩသွားတော့သည် “ ကျောင်းအုပ်ကြီးက ကျွန်တော့်ကို အစစ်အမှန် သိုင်းဌာနကို မဝင်စေချင်ဘူးလား? “
သူသည် လျူချင်းယွမ်က ကျောင်းအုပ်ကြီး၏ ကျောင်းသားဆိုသည်နှင့် သူတို့နှစ်ဦးကြားတွင် ဆက်ဆံရေးကောင်းတစ်ခု ရှိနေပြီးသားဆိုသည်ကို သိခဲ့ပြီးသား ဖြစ်သည်။
လျူချင်းယွမ် ကိုယ်တိုင်ကပင် အစစ်အမှန်သိုင်းပညာဌာနမှ ဆရာတစ်ဦး ဖြစ်သည်။
ကျောင်းအုပ်ကြီးက အစစ်အမှန် သိုင်းပညာဌာနကို မဝင်ဖို့ ငါ့ကို တကယ်ကြီး အကြံပေးနေတာလားဟ?
“ ငါက မင်းကို မဝင်စေချင်တာ မဟုတ်ပါဘူး “ ကျောင်းအုပ်ကြီးသည် တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလာခဲ့သည် “ ငါက အဲ့လိုလုပ်တာကို မထောက်ခံရုံလေးပါပဲ “
“ မထောက်ခံဘူးလား? “
ရှုကျိုးသည် ပို၍ပင် စိတ်ရှုပ်ထွေးသွားကာ မေးမြန်းလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံတော် လျှို့ဝှက်ချက် မဟုတ်ဘူးလား? အဲ့ကို သွားဖို့ ဘာလို့ မထောက်ခံရတာလဲ? “
“ တိတိကျကျ ပြောရမယ်ဆိုရင်တော့ အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံတော် လျှို့ဝှက်ချက်ဖြစ်နေလို့၊ မင်းက အဲ့ဒီကိုသွားမှာကို ငါမထောက်ခံရတာပဲ “
ကျောင်းအုပ်ကြီးမှ ဖြည်းညှင်းစွာ ရှင်းပြလာခဲ့သည် “ အဲ့ထဲမှာ ရှိနေတဲ့ အရာတစ်ချို့ကြောင့် မင်းက ပါဝင်ပတ်သက်ပြီးသွားတာနဲ့ ကိုယ့်ကိုကိုယ် ပြန်ဆွဲထုတ်ဖို့ လွယ်နေတော့မှာ မဟုတ်ဘူး “
ပါဝင်ပတ်သက်လိုက်တာနဲ့ ပြန်ထွက်ဖို့ မလွယ်တော့ဘူးလား?
ဘယ်လိုအရာမျိုးမို့လို့ အဲ့လောက်တောင် ဆန်းကြယ်နေရတာလဲ?
အစစ်အမှန် သိုင်းပညာဌာနထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ?
ထိုအချိန်တွင် ရှုကျိုးသည် အလွန်အမင်း သိချင်သွားခဲ့သည်။
သူ၏သိလိုစိတ်ကို မြင်တွေ့လိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးမှ ဆက်လက်၍ ပြောပြလာခဲ့သည် “ အဲ့ထဲမှာက လျှို့ဝှက်ချက် တစ်ချို့ရှိတယ်၊ တကယ်လို့ မင်းက အဲ့တာတွေကို မသိဘူးဆိုရင်တော့ အဆင်ပြေတယ်၊ ဒါပင်မဲ့ အဲ့ကိစ္စတွေထဲ ပါဝင်ပတ်သက်မိပြီဆိုတာနဲ့ နောက်ပြန်လှည့်ဖို့ လွယ်မှာ မဟုတ်ဘူး “
လျှို့ဝှက်ချက်တွေလား?
ရှုကျိုးသည် ပိုပို၍ စိတ်ရှုပ်ထွေးသွားတော့သည်။
သို့သော် ကျောင်းအုပ်ကြီးသည် အသေးစိတ် အချက်အလက်များကို ပြောပြချင်သည့် ပုံမပေါ်ပေ။
ရှုကျိုးမှ မျက်မှောင်ကြုတ်သွားကာ ပြောလာခဲ့သည် “ ဒါပင်မဲ့ ကျွန်တော်က ပညာရှင်လျူရဲ့ အထူးခေါ်ယူခွင့်ကို ရခဲ့တာလေ၊အဲ့တာဆိုရင် ကျွန်တော်က အစစ်အမှန် သိုင်းပညာဌာနထဲကို ရောက်နေခဲ့ပြီးသား မဟုတ်ဘူးလား? “
“ သေချာပေါက်ကို မဟုတ်ဘူးပေါ့ “ ကျောင်းအုပ်ကြီးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာက ဌာနတွေ အများကြီး ရှိတယ်။ တစ်ချို့ဌာနတွေက ဝင်ဖို့ မလွယ်ဘူး၊ ဌာနဆိုင်ရာ စာမေးပွဲတွေ ဖြေရတတ်တယ် “
“ စာမေးပွဲကို အောင်ပြီးတဲ့နောက်မှ ဘယ်ဌာနကို ဝင်မလဲဆိုတာကို ရွေးချယ်ရတာ၊ အစစ်အမှန် သိုင်းပညာဌာန ဖြစ်နေစရာ မလိုဘူး “
“ တကယ်လို့ မင်းက အစစ်အမှန် သိုင်းပညာဌာနအကြောင်းကို တော်တော်ကြီး သိချင်နေလို့ အဲ့ဌာနကို ဝင်သွားမယ်ဆိုရင်လည်း အဆင်ပြေပါတယ် “
ကျောင်းအုပ်ကြီးသည် လေသံကို ရုတ်တရက် ပြောင်းလဲ၍ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဒါပင်မဲ့ မင်းက ဆုံးဖြတ်ပြီးသွားတာနဲ့ နောက်ပြန်လှည့်လို့ မရတော့ဘူးနော်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ လူအများကြီးကို အန္တရာယ် ဖြစ်သွားစေနိုင်တယ်ဆိုတာကို သတိရပါ “
ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားတော့သည်။
ဘေးနားရှိ လီရို့ရှီ၏ လှပ အေးစက်သော မျက်နှာလေးပေါ်တွင်လည်း လေးနက်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ရေရွတ်ပြောဆိုနေတော့သည် “ အစစ်အမှန် သိုင်းပညာဌာန ………… “
ဘယ်လို လျှို့ဝှက်ချက်မျိုးမို့လို့ လူ့အသက်တွေပါ ပါဝင်ပတ်သက်နေရတာလဲ?
သို့ရာတွင် ကျောင်းအုပ်ကြီးသည် သူတို့နှစ်ဦးစလုံးက မည်ကဲ့သို့ တွေးနေလဲဆိုသည်ကို ဂရုမစိုက်ခဲ့ပေ။
သူသည် အပြုံးဖြင့် ဆက်ပြောလာခဲ့သည် “ တကယ်တော့ မင်းရဲ့ဆရာချောင် ပြောသလိုပါပဲ၊ သိုင်းပညာရှင်တွေက တိုက်ရဲခိုက်ရဲရမယ်၊ ရှေ့ဆက်သွားဖို့အတွက် အကြောက်အလန့်ကင်းတဲ့ စိတ်ဓာတ်မျိုး ရှိနေရမယ် “
“ အစစ်အမှန် သိုင်းပညာဌာနကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ ဘာမှ အရေးမကြီးဘူး၊ နောက်ပြန်မလှည့်ကြည့်နဲ့။ ရှေ့ကိုပဲ ဆက်သွား၊ မင်းတို့ရဲ့ ကိုယ်ပိုင်လမ်းကို ဖောက်လိုက် “
“ ဟုတ် “ ရှုကျိုးနှင့် လီရို့ရှီတို့သည် တလေးတစား ခေါင်းငြိမ့်ပြလာကြသည်။
“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း ငါဆက်ပြောမနေတော့ပါဘူး “ ကျောင်းအုပ်ကြီးမှ ပြုံးပြလာခဲ့သည် “ အချိန်ကုန်နေပြီ မင်းတို့ သွားသင့်ပြီ “
ချောင်ရုံမှာလည်း ပြုံးပြလာခဲ့သည် “ ရှုကျိုး၊ နှုတ်ဆက်ပါတယ် “
“ နှုတ်ဆက်ပါတယ် “
ရှုကျိုးနှင့် လီရို့ရှီတို့သည် သူတို့၏ ခရီးဆောင်အိတ်များကို ဆွဲ၍ လေဆိပ်ထဲသို့ ဝင်သွားတော့သည်။
ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့သည် လက်မှတ်ရောင်းသည့် ခန်းမထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည့် ပုံရိပ်နှစ်ခုကို လေဆိပ်အဝင်ဝမှ လက်ဝေ့ရမ်းပြ၍ စောင့်ကြည့်နေခဲ့ကြသည်။
“ အဘိုးကြီးချောင် “ ကျောင်းအုပ်ကြီးမှ ရေရွတ်ပြောဆိုလာခဲ့သည် “ အဲ့ကောင်လေးက ကွမ်ဟန် တက္ကသိုလ်မှာရော အဲ့လိုမုန်တိုင်းတွေ ထန်အောင် ထပ်လုပ်နိုင်ဦးမယ်လို့ မင်းထင်လား? “
“ ဘယ်သူက ဂရုစိုက်မှာလဲ? “ ချောင်ရုံမှ ပြုံးပြလာခဲ့သည် “ သူက အဲ့မှာ ကျော်ကြားသည်ဖြစ်စေ၊ မကျော်ကြားသည်ဖြစ်စေ၊ အနည်းဆုံးအနေနဲ့ သူ့ရဲ့ အခုလက်ရှိ အောင်မြင်မှုတွေကိုကပဲ လင်းဂျန်မြို့ရဲ့ သမိုင်းကြောင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ “
“ အမှန်ပဲ “
ကျောင်းအုပ်ကြီးသည် အပြုံးဖြင့် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည် “ လင်းဂျန်မြို့မှာ တကယ့် ပါရမီရှင်တစ်ယောက်ကို တွေ့ခဲ့ရတာက တော်တော်ကြာနေခဲ့ပြီ၊ ရှုကျိုးပေါ်လာတာက မျှော်လင့်ထားတာတွေထပ် ကျော်လွန်နေတယ် “
“ လင်းဂျန်မြို့မှာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာကပဲ တော်တော်လေးကို အထင်ကြီးဖို့ကောင်းနေပြီ။ ကွမ်ဟန် တက္ကသိုလ်လို ပါရမီရှင်တွေနဲ့ ပြည့်နေတဲ့ နေရာမှာရော၊ ကျောင်းကျိုးလို နေရာသေးသေးလေးက ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် မွှေပြနိုင်ဦးမှာလဲ? “
ကျောင်းအုပ်ကြီးမှ သက်ပြင်းချလာခဲ့သည်။
သို့သော် ချောင်ရုံသည် သူ၏ဦးခေါင်းကို ခါယမ်းပြလိုက်သည် “ အရမ်းကြီး အဆိုး မြင်မနေပါနဲ့၊ အဲ့ကလေးက အံ့ဩစရာတွေ ထပ်ပြီးတော့ ဖန်တီးပြနိုင်ဦးမလားဆိုတာကို ဘယ်သူကသိမှာလဲ? “
ဝှီးးးးး !!!
လေယာဥ်သည် လေဆိပ်မှ ထွက်ခွာ၍ အရှေ့ပိုင်းပြည်နယ်ဆီသို့ ဦးတည်ပျံသန်းနေတော့သည်။
ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့သည် မတူညီသော အမူအရာများဖြင့် အဆိုပါလေယာဥ်ကို ကြည့်နေခဲ့ကြသည်၊ သို့သော် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်နေသည့် အရိပ်အငွေ့လေးများ တည်ရှိနေခဲ့သည်။
…………………………………………………………………………………………………….