← Chapters

အခန်း (၁၀၆-၁၀၇)

Vol. 8 Ch. 106-107

အခန်း (၁၀၆-၁၀၇)

Vol. 8 Ch. 106-107

အပိုင်း ( 106 )

ဌာန အကဲဖြတ်ခြင်း၊ သေဆုံးမှုနှုန်း ၁%လား?

အရှေ့ပိုင်းပြည်နယ်သည် ရန်ပြည်ထောင်ရှိ ထိပ်တန်းပြည်နယ် သုံးခုအနက်မှ တစ်ခု ဖြစ်သည်။

တစ်ခြားသော အဓိကပြည်နယ်များကဲ့သို့ပင် အရှေ့ပိုင်းပြည်နယ်ကိုလည်း အတွင်းမြို့တော်နှင့် ပြင်ပခရိုင်ဟူ၍ နှစ်ပိုင်းခွဲခြားထားခဲ့သည်။

ဟွမ်ဟန်သိုင်းပညာ တက္ကသိုလ်သည် အတွင်းမြို့တော်(သို့) ပြင်ပခရိုင်နှစ်ခုလုံးထဲတွင် မရှိပေ။ ၎င်းသည် အဆိုပါ နယ်မြေနှစ်ခုတွေ့ဆုံရာ ကြားနယ်မြေတွင် တည်ရှိနေခဲ့သည်။

“ကွမ်ဟန်မြို့ “ ရှုကျိုးသည် လေဆိပ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီး၊ ဆိုင်းဘုတ်ပေါ်ရှိ မြို့အမည်ကို ကြည့်နေလျက်ရှိသည်။

ဤမြို့သည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်အတွက် အထူးတလည် တည်ဆောက်ခဲ့သည်ဟူ၍ ပြော‌လေ့ရှိကြသည်။ ရှုကျိုးနှင့် လီရို့ရှီတို့သည် မြေအောက်ရထားဖြင့် နှစ်နာရီ၊ ဘက်စ်ကားဖြင့် တစ်နာရီ စုစုပေါင်း အချိန်သုံးနာရီမျှ သုံးစွဲခဲ့ပြီးမှသာလျှင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ တည်နေရာသို့ ရောက်ရှိလာခဲ့သည်။

…

“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် “ ရှုကျိုးသည် သူ၏ခရီးဆောင်အိတ်ကို ကိုင်၍ အရှေ့ဘက်သို့ ကြည့်ကာ တုန်လှုပ်သွားခဲ့သည်။

လခြမ်းပုံသဏ္ဍာန်ရှိသည့် ကြီးမားသော ဧရာမတံခါးကြီးတစ်ခုသည် သူတို့၏အရှေ့တွင် ချိတ်ဆွဲထားသော အနေအထားမျိုးဖြင့် ရှိနေခဲ့သည်။

၎င်းသည် မီတာ ၂၀၀ကျော် ကျယ်ဝန်းပြီး၊ အမြင့် မီတာ၅၀ရှိကာ ကောင်းကင်ပေါ်တွင် မျောလွင့်နေသည့် လကဲ့သို့ ဖြစ်နေခဲ့သည်။

၎င်း၏အပေါ်တွင် ကြီးမားသောစာလုံးကြီး ခြောက်လုံး ရေးထိုးထားခဲ့သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် !!!

“ နောက်ဆုံးတော့ ငါတို့က ရောက်လာခဲ့ပြီပဲ “ လီရို့ရှီ၏အေးစက်စက် မျက်နှာလေးပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ရှုကျိုးမှာလည်း အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ သူသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ ခမ်းနားသော တံခါးဝကြောင့် အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။

သူသည် မီတာ ၂၀၀ကျော် ရှည်လျားသည့် ချိတ်ဆွဲထားသော တံခါးဝကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

၎င်းသည် သူ၏ စူးစမ်းလိုစိတ်ကို ပို၍ နိုးထသွားစေခဲ့သည်။

နိုင်ငံရဲ့ ထိပ်တန်းနှစ်ခုထဲက တစ်ခု ဖြစ်နေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ ဝင်ပေါက်ကတင် တော်တော်ကြီးကို မှော်ဆန်နေပြီ။

အတွင်းပိုင်း ကမ္ဘာကတော့ ပိုကျယ်ပြီးတော့ ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းနေမှာပဲ။

“ ဝုန်းးးးးးးးး !! “

ထိုအချိန်တွင် လေထုကို ဖြိုခွင်းသည့် အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ပေါ်၌ မိမိုက်လှသော လေယာဥ်တစ်စီးသည် သူတို့ထံသို့ ပျံသန်းလာကာ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ ဝင်ပေါက်ဧရိယာသည် မီတာ ၅၀၀ကျော်အထိ အလွန်ကျယ်ကျယ်ဝန်းဝန်း ရှိနေခဲ့သောကြောင့် လေယာဥ်ဆိုက်ကပ်ရန် နေရာအလုံအလောက် တည်ရှိနေခဲ့သည်။

ဗြွီ !!

တံခါးပွင့်လာခဲ့ပြီး၊ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ချီ-သွေး စွမ်းအင်လှိုင်းများ ထုတ်လွှင့်၍ လမ်းလျှောက်ထွက်လာခဲ့သည်။

အဆိုပါ လူငယ်လေးသည် ရှုကျိုးနှင့် လီရို့ရှီတို့ကို မောက်မာသော အမူအရာဖြင့် ကြည့်လာခဲ့ပြီး၊ မည်သည့်စကားမှ မပြောလာခဲ့ပေ။

သူသည် ရှုကျိုးနှင့် လီရို့ရှိတို့ကို လုံးဝလျစ်လျူရှုထားခဲ့ပြီး၊ လှံရှည်ကိုကိုင်၍ ခုန်ဆင်းလာခဲ့ပြီး၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထဲသို့ ယုံကြည်မှုအပြည့်ဖြင့် အေးအေးဆေးဆေး လမ်းလျှောက်ဝင်သွားတော့သည်။

“ ဝူးးးးး ~~~ “

နောက်ထပ် ကိုယ်ပိုင် လေယာဥ်တစ်စီး ပျံသန်းလာခဲ့ပြီး၊ တက္ကသိုလ် ဝင်ပေါက်ဝသို့ တိုက်ရိုက် ထိုးဆင်းလာခဲ့သည်။

ရှားဟောက်ချန်းနှင့် ရှားရှီယောက်တို့သည် လေယာဥ်ထဲမှ ထွက်လာခဲ့ကြသည်။

“ ဟမ်? “ ရှားဟောက်ချန်းသည် ဝင်ပေါက်ဝတွင် ရှိနေသည့် ရှုကျိုးနှင့် လီရို့ရှီတို့ကို လှည့်ကြည့်လာခဲ့သည်။

သူသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီး ရှုကျိုးကို စေ့စေ့စပ်စပ် အကဲခတ်လာခဲ့သည်။

“ အစ်ကို “ ရှားရှီယောက်မှ စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလာခဲ့သည် “ ဘာဖြစ်လို့လဲ? “

“ ဘာမှ မဟုတ်ပါဘူး “ ရှားဟောက်ချန်းသည် သူ၏ဦးခေါင်းကို ခါရမ်း၍ ပြောလာခဲ့သည် “ အဲ့လူကို တော်တော်လေး ရင်းနှီးနေတယ်လို့ ခံစားနေရလို့ပါ “

“ ရင်းနှီးတာလား? “ ရှားရှီယောက်သည် ရှုကျိုးကို လှမ်းကြည့်ကာ အံ့ဩသွားခဲ့သည် “ အဲ့လူက တော်တော်လေးကို စွမ်းတဲ့ပုံပဲ “

“ တကယ်လား? “ ရှားဟောက်ချန်းသည် အသာအယာ ပြုံးပြလာခဲ့သည် “ အစ်ကိုလည်း အဲ့လိုပဲထင်တယ် “

ရှားရှီယောက်သည် သူမ၏ခေါင်းလေးကို ပြန်လှည့်လာခဲ့ပြီး၊ ရွှတ်နောက်နောက်ဖြင့် ပြန်ပြောလာခဲ့သည် “ အစ်ကို့ကိုတော့ မယှဥ်နိုင်ပါဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှားဟောက်ချန်းသည် သူမ၏ဦးခေါင်းလေးကို ပွတ်ကာ ပြုံးနေတော့သည် “ သူ မကြားသွားစေနဲ့နော် “

“ သွားကြစို့ “

ရှားဟောက်ချန်းသည် ဖျော့တော့သော အပြုံးတစ်ခုဖြင့် ညီမဖြစ်သူကို ဦးဆောင်၍ ကွမ်ဟန်တက္ကသိုလ်ဆီသို့ ဦးတည်သွားတော့သည်။

သူသည် တစ်စုံတစ်ခုကို မပြောပြဘဲ ထိန်ချန်ထားခဲ့လေသည်။

သူသည် ထိုလူ့ထံမှ အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားမိနေခဲ့သည်။

ရှားမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ခံစားချက်မျိုးကို ခံစားခဲ့ရသည်မှာ အတော်လေး ရှားပါးလွန်းနေခဲ့သည်။

သို့ရာတွင် ရှားဟောက်ချန်းသည် စိုးရိမ်ပူပန်စိတ် မဝင်သွားခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သူမျှော်မှန်းထားခဲ့သည့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် ဖြစ်နေသောကြောင့် ဖြစ်သည်။

တစ်နိုင်ငံလုံးမှ အတောက်ပဆုံးသော ပါရမီရှင်များက ဤနေရာတွင် စုစည်းနေကြခြင်း ဖြစ်သည်။

ကြုံရာကျပန်း လူတစ်ဦးကပင် သူ့အား အန္တရာယ် အငွေ့အသက်ကို ခံစားသွားစေခဲ့ရသည်၊ သို့သော် အဆိုပါ အန္တရာယ်မှာ လုံလောက်ခြင်း မရှိသေးပေ။

သူသည် အမှန်တကယ် တိုက်ခိုက်ရမည်ဆိုပါက ရှုကျိုးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

…

“ အကုန်လုံးက အတွင်းမြို့တော်က အဓိက မိသားစုကြီးတွေရဲ့ မျိုးဆက်တွေချည်းပဲ “ ရှုကျိုးသည် ဂိတ်ပေါက်ဝတွင် ရပ်နေရင်းဖြင့် စိတ်ခံစားချက်များ အနည်းငယ် ဖြစ်ပေါ်နေခဲ့သည်။

သူသည် ကိုယ်ပိုင် လေယာဥ်များဖြင့် ရောက်လာကြသည့် လူများက အတွင်းမြို့တော်မှ အဓိက မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်နေလိမ့်မည်ဟု သေချာနေခဲ့သည်။

အဆိုပါ တိုက်ရိုက်မျိုးဆက်များကသာလျှင် ထိုမျှလောက် ကြွယ်ဝချမ်းသာနေမည် ဖြစ်သည်။

သူတို့အားလုံးသည် အလွန်ပင် မာနကြီးနေခဲ့ကြသည်။ ရွယ်တူအားလုံးကို ချေမှုန်းနိုင်သည့် ယုံကြည်မှုမျိုး ရှိနေသည့် ထိုကဲ့သို့သော အသွင်အပြင်များသည် အတုအယောင် မဟုတ်ပေ။

၎င်းသည် သူတို့ကို ယုံကြည်ချက်များ ပေးနေသည့် စွမ်းအားတစ်မျိုးဖြစ်သည်။

ရှုကျိုးသည် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်လေးနှင့် နောက်မှရောက်လာသည့် မောင်နှမနှစ်ဦးက အလွန်အားကောင်းသည်ဆိုသည်ကို မြင်နေနိုင်ခဲ့သည်။

လီရို့ရှီသည် တည်တည်ငြိမ်ငြိမ်သာ ရှိနေသေးစဲဖြစ်ပြီး၊ အေးစက်စွာ ပြောလာခဲ့သည် “ ဝင်ကြစို့ “

“ အိုကေ “

သူတို့နှစ်ဦးသည် ဘေးချင်းကပ် ယှဥ်လျှောက်၍ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထဲသို့ ဝင်သွားတော့သည်။

ဂိတ်တံခါးဝမှ ဝင်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးနှင့် လီရို့ရှီတို့သည် တစ်စုံတစ်ဦးကို ရှာဖွေ၍ လမ်းများ မေးမြန်းခဲ့ပြီး၊ ဧည့်ကြိုနယ်မြေထဲသို့ ရောက်ရှိလာကြသည်။

ဧည့်ကြိုနယ်မြေ

ဝန်ဆောင်မှု ခန်းမအတွင်း၌

လီရို့ရှီသည် သူမတို့၏ ဝင်ခွင့်စာလွှာများကို ထုတ်ယူ၍ ဝန်ဆောင်မှု ကောင်တာနောက်တွင် ရှိနေသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို ပြောလိုက်သည် “ ဆရာ၊ ဒါက ကျွန်မတို့ရဲ့ ဝင်ခွင့်စာလွှာတွေပါ၊ အဆောင်တွေကို ဘယ်လိုစီစဥ်ပေးထားလဲရှင့်? “

သက်လတ်ပိုင်း လူကြီးသည် ဝင်ခွင့်စာလွှာများကို ကြည့်ရှုစစ်ဆေးနေတော့သည်၊ ထို့နောက်တွင် ပျင်းရိပျင်းတွဲဖြစ်နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ထွက်ပေါက်က ထွက်သွားပြီးရင် ဘယ်ဘက်ကိုကွေ့၊ တစ်ကီလိုမီတာလောက် လမ်းလျှောက်သွားရင် အဆောင်တွေကို တွေ့ရလိမ့်မယ် “

“ အခုအတွက်ကတော့ အကုန်ရောထားတယ်။ ဌာနတွေ အကဲဖြတ်ပြီးတော့မှ အဆောင်တွေကို ပြန်ခွဲပေးလိမ့်မယ် “

“ ယောကျာ်းလေးတွေက အဆောက်အဆုံ A၊ မိန်းကလေးတွေက အဆောက်အအုံ B “

ထိုစကားနှင့်အတူ သက်လတ်ပိုင်း လူကြီးသည် အခန်းကဒ်နှစ်ခုကို ပေးလာခဲ့သည်။

“ ကျေးဇူးတင်ပါတယ်၊ ဆရာ “ ရှုကျိုးသည် အခန်းကဒ်များကို ယူကာ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလိုက်သည် “ ဆရာ၊ ဌာနအကဲဖြတ်တာက ဘယ်လိုလုပ်မှာလဲဗျ? “

သက်လတ်ပိုင်း လူကြီးသည် သူ့ကို ကြည့်ကာ ပြတ်ပြတ်သားသား ပြောလာခဲ့သည် “ လျှို့ဝှက်ချက်ပဲ !! “

ဒါဆိုရင်လည်း ကောင်းပြီလေ၊ ရှုကျိုးသည် ကူရာကယ်ရာမဲ့သွားတော့သည်။

သို့သော် ထိုလူကြီးသည် ကြင်နာစွာ သတိပေးလာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထဲကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ အေးအေးဆေးဆေး အနားယူနိုင်လိမ့်မယ်လို့ မထင်နဲ့။ တကယ်လို့ မင်းက အကဲဖြတ်မှုကို ကျရှုံးတယ်ဆိုရင်၊ အကျိုးပြုအမှတ် ၅၀ အနှုတ်ခံရလိမ့်မယ် “

“ အကျိုးပြုအမှတ်လား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

သက်လတ်ပိုင်းလူကြီးသည် တည်ငြိမ်စွာ ပြောပြလာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာက ငွေကြေးအဖြစ် အကျိုးပြုအမှတ်တွေကို အသုံးပြုတယ်၊ အကျိုးပြုအမှတ် ၁မှတ်က အလယ်အလတ်အဆင့် ကျင့်ကြံရေး ဆေးပုလင်းတစ်လုံးနဲ့ ညီမျှတယ် “

အလယ်အလတ်အဆင့် ကျင့်ကြံရေး ဆေးပုလင်းတစ်လုံးသည် ယွမ် ၁သောင်းတန်ကြေးရှိသည်။

တစ်နည်းဆိုရသော် အကျိုးပြုအမှတ် ၁မှတ်သည် ယွမ်၁သောင်းတန်နေမည် ဖြစ်သည်။

အကျိုးပြု အမှတ် ၅၀ဆိုသည်မှာ ယွမ်၅သိန်းကို ကိုယ်စားပြုသည်။

ရှုကျိုးသည် စိုးရိမ်စိတ်ဝင်သွားတော့သည်။

တကယ်လို့ အကဲဖြတ်မှု ကျရှုံးရင် ငါက အကြွေးငါးသိန်းတင်သွားမှာလား?

သို့သော် ရှုကျိုးသည် ၎င်းက ဖြစ်နိုင်ခြေ မရှိဘူးဟုသာ ထင်နေခဲ့သည်။

………………………………………………………………………………………………………………

အပိုင်း ( 107 )

ဌာန အကဲဖြတ်ခြင်း၊ သေဆုံးမှုနှုန်း ၁%လား? ၂

သူသည် စာမေးပွဲကို အောင်မြင်ရန် အစွမ်းနှင့် ယုံကြည်မှုတို့ ရှိနေခဲ့သည်။

“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ “ ရှုကျိုးသည် ကျေးဇူးတင်စကား ပြောကြားကာ လီရို့ရှီနှင့်အတူ ထွက်သွားတော့သည်။

…

အဆောင်သည် ခြောက်ထပ်အဆောင် တစ်ခုဖြစ်သည်။

အဆောင်၏ အောက်ခြေတွင် ရှုကျိုးသည် စိတ်ပူနေသော မျက်လုံးများဖြင့် လီရို့ရှီကို ကြည့်လိုက်သည် “ အစ်မ၊ တကယ်လို့ နင်က ပထမအဆင့်ကို မြန်မြန် မတက်ဘူးဆိုရင်၊ ဒီစာမေးပွဲက ……….. “

အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသည့် အချိန်မှစ၍ လီရို့ရှီသည် သူမ၏ ချီ-သွေးစွမ်အင်များကိုသာ အားဖြည့်နေခဲ့ပြီး အဆင့်မတက်ခဲ့ပေ။

ယခုတွင် နှစ်လကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် သူမက စာမေးပွဲ ကျရှုံးသွားမည်ကို မစိုးရိမ်ပေ၊ သို့သော် အကယ်၍ သူမကသာ အဆင့်မတက်ဘူးဆိုပါက၊ သူမသည် အစွမ်းထက် ဌာနတစ်ခုကို ရွေးချယ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ငါက ခဏလောက်တော့ ဆက်အားဖြည့်နေရဦးမှာ “ လီရို့ရှီသည် သူမ၏ခေါင်းလေးကို ညင်သာစွာ ခါရမ်းပြလာခဲ့သည်။

အားဖြည့်ချိန် ပိုကြာလေလေ၊ အလားအလာ ပိုကောင်းလေလေ ဖြစ်သည်။

သူမမှ ထိုကဲ့သို့ ပြုလုပ်နေရသည့် အကြောင်းအရင်းကား ရှုကျိုးကို အမှီလိုက်ရန်အတွက် ဖြစ်သည်။

“ စိတ်မပူပါနဲ့ “ လီရို့ရှီ၏ မျက်နှာလေးပေါ်တွင် ရင်သပ်ရှုမောဖွယ်ကောင်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ဒီကာလအတွင်းမှာ ငါက တစ်ခြား တိုက်ခိုက်ရေးနည်းစနစ်ကိုလည်း လေ့ကျင့်ထားတယ်၊ တိုက်ခိုက်ရေး စွမ်းအားချင်း ယှဥ်မယ်ဆိုရင်တော့၊ ပထမအဆင့် Sအဆင့် စွမ်းရည်ပိုင်ရှင်ကိုတောင်မှ ငါမကြောက်ဘူး “

“ နောက်တစ်ခုကို လေ့ကျင့်ထားတာလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် လီရို့ရှီက တိုက်ခိုက်ရေး နည်းစနစ်သုံးခုကို ပြီးပြည့်စုံသည်အထိ လေ့ကျင့်ထားခဲ့ပြီးပြီဆိုသည်ကို သိနေခဲ့သည်။

အခုတော့ နောက်တစ်ခုကို ထပ်ကျင့်ထားပြန်ပြီလား?

တိုက်ခိုက်ရေး စွမ်းအားသည် သိသိသာသာ တိုးတက်လာမည် မဟုတ်ပေ၊ သို့သော် နည်းစနစ်များများ ကျွမ်းကျင်ထားခြင်းသည် သူမ၏ ဟာကွက်များကို လျော့နည်းသွားစေကာ အစစ်အမှန်တိုက်ပွဲများတွင် သူမကို ပို၍ အလေးသာသွားစေလိမ့်မည် ဖြစ်သည်။

“ အဲ့တာက ငါ့ရဲ့စိတ်ကို သက်သာသွားစေတယ် “ ရှုကျိုးသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချကာ ပြောလာခဲ့သည် “ အစ်မက အမြဲလိုလို အစွမ်းထက်နေတာပဲ “

လီရို့ရှီ၏ နီရဲရဲ နှုတ်ခမ်းလေးများသည် အနည်းငယ် တွန့်ကွေးသွားခဲ့သည် “ ကောင်းပြီလေ၊ နင်သွားတော့ “

“ အင်း “

လမ်းခွဲခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် သူ၏ ခရီးဆောင်အိတ်ကို သယ်ကာ အဆောက်အုံ Aဆီသို့ လမ်းလျှောက်သွားနေတော့သည်။

…

အခန်းနံပတ် ၄၂၈

ရှုကျိုးမှ တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အထဲရှိ အိပ်ရာပေါ်တွင် လှဲလျောင်းနေသည့် အညိုရောင် အသားအရည်ဖြင့် ချောမောသော လူငယ်လေးတစ်ဦးကို မြင်တွေ့သွားခဲ့သည်။

ရှုကျိုး ဝင်လာသည်ကို သတိပြုမိသွားသောအခါတွင် အညိုရောင် အသားအရည်ဖြင့် ချောမောသော လူငယ်လေးသည် ချက်ချင်း မတ်တပ်ထရပ်လာခဲ့သည်။

“ ဟယ်လို၊ ငါက အရှေ့ပိုင်းပြည်နယ် လီမိသားစုက လီတျယ်ပါ “

လူငယ်လေးသည် တောက်ပနေသော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။

“ အတန်းဖော်၊ မင်းကရော ဘယ်သူလဲ? “

“ ရှုကျိုးပါ “ ရှုကျိုး၏ အဖြေသည် အလွန်သာမန်ဆန်နေခဲ့သည်။

လီတျယ်၏ မျက်လုံးများ တောက်ပလာခဲ့သည် “ မင်းက အရှေ့ပိုင်းပြည်နယ် ရှုမိသားစုကလား? “

“ ငါက အတွင်းမြို့တော်က မဟုတ်ဘူး “

“ အတွင်းမြို့တော်က မဟုတ်ဘူးလား? “ လီတျယ်၏ မျက်လုံးများသည် ပို၍ပင် တောက်ပလာခဲ့သည်။

သူသည် ပြုံးပြ၍ ပြောလာခဲ့သည် “ ပြင်ပခရိုင်ကနေ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ဝင်လာနိုင်တယ်ဆိုတာက ပိုပြီးတော့တောင် အထင်ကြီးဖို့ ကောင်းသေးတယ် မင်းက စာမေးပွဲမှာ ဘယ်နှမှတ်ရခဲ့လဲ? “

“ ငါက အထူးခေါ်ယူခွင့်ကို ရခဲ့တာပါ “

“ အထူးခေါ်ယူခွင့်လား? “ လီတျယ်သည် ထပ်မံ၍ အံ့ဩသွားခဲ့ပြန်သည် “ ညီအစ်ကို၊ မင်းက အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား? ဘယ်နည်းပြဆရာ၊ ဆရာမက မင်းကို အထူးခေါ်ယူခွင့်ပေးခဲ့တာလဲ၊ ငါ့ကို ပြောပြပါလား? “

ရှုကျိုး ဆွံ့အသွားရတော့သည်။

ဒီလူက တော်တော်ကြီးကို စကားများတာပဲဟ။

သို့သော် သူသည် ပြန်ဖြေလိုက်စဲ ဖြစ်သည် “ ပညာရှင် လျူချင်းယွမ်ပါ “

လီတျယ် မှင်သက်သွားတော့သည်၊ သူသည် ဤတစ်ကြိမ်တွင် အမှန်တကယ် မှင်သက်သွားခဲ့လေသည်။

သူသည် တစ်စုံတစ်ခုကို အသေအချာ သိနေခဲ့ပြီး၊ ရေရွတ်ပြောဆိုလာခဲ့သည် “ ပညာရှင် လျူချင်းယွမ်၊ အစစ်အမှန် သိုင်းပညာဌာနက တစ်ယောက်လား? အံ့ဩစရာပဲ၊ မင်းက အစစ်အမှန် သိုင်းပညာဌာနက ပညာရှင်တစ်ယောက်ရဲ့ အာရုံစူးစိုက်မှုကို တကယ်ကြီး ဆွဲဆောင်ထားတာပဲ “

ယခုတွင် ရှုကျိုးသည် သိလိုစိတ် အနည်းငယ်ဖြစ်ပေါ်လာခဲ့သည်။

ဒီလူက အစစ်အမှန် သိုင်းပညာဌာနအကြောင်းကို သိနေတာလား?

“ မင်းက အစစ်အမှန် သိုင်းပညာဌာနကို သိတာလား? “ ရှုကျိုးသည် သူ့ကို ကြည့်လိုက်သည်။

“ ဒါပေါ့ “ လီတျယ်မှ အလိုအလျောက် ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက သိုင်းပညာ တက္ကသိုလ်တွေထဲမှာ အလျှို့ဝှက်ဆုံးနဲ့ အစွမ်းအထက်ဆုံး ဌာနလေ။ လူတော်တော်များများက အဲ့ကို သွားချင်ကြပင်မဲ့ အရည်အချင်း မပြည့်မှီကြဘူး “

သူက တကယ်ကြီး သိနေတာလား?

ရှုကျိုး စိတ်ဝင်စားသွားတော့သည် “ ဒါဆိုရင် အစစ်အမှန် သိုင်းပညာဌာနနဲ့ တစ်ခြားဌာနတွေကြားက ကွာခြားချက်ကို မင်းသိလား? “

“ အဲ့တာက ငါမသိဘူး “ လီတျယ်သည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ တကယ်လို့ ငါသိခဲ့တယ်ဆိုရင်တောင် မင်းကို ပြောပြလို့ မရဘူး။ အဲ့တာက လျှို့ဝှက်ချက်ပဲ “

ရှုကျိုး ဆွံ့အသွားတော့သည်၊ ရှင်းရှင်းလင်းလင်းကို မသိရသေးဘူးပဲ။

“ ဒါပင်မဲ့ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ တစ်ခြားဌာနတွေအကြောင်းကို ငါသိတယ် “

လီတျယ်မှ ပြောပြလာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာက ဌာနတွေ အများကြီးရှိတယ်၊ ငါသိသလောက်အရဆိုရင်တော့ အနည်းဆုံး အခု၃၀ကျော်လောက် ရှိတယ် “

အခု၃၀ကျော်လား?

ရှုကျိုး အံ့အားသင့်သွားခဲ့သည်။

“ ဘာလို့ အများကြီး ရှိနေရတာလဲဆိုတာကတော့ ငါတို့ နိုးထလာခဲ့တဲ့ စွမ်းရည်တွေနဲ့ ဆိုင်နေလို့ပဲ “

လီတျယ်မှ ရယ်ရယ်မောမောဖြင့် ပြောပြလာခဲ့သည် “ ငါတို့ နိုးထခဲ့တဲ့ စွမ်းရည်တွေကို တိုက်ခိုက်ရေး စွမ်းရည်၊ သားရဲထိန်းချုပ် စွမ်းရည်နဲ့ ရှားပါးတဲ့ အထူးစွမ်းရည်တွေဆိုပြီး ခွဲခြားထားတယ် “

“ အများဆုံးရှိတဲ့ အမျိုးအစားကတော့ တိုက်ခိုက်ရေးစွမ်းရည်ပဲ၊ တစ်ချို့တွေက ဓားပညာအတွက် ပိုပြီးသင့်တော်ကြတယ်၊ တစ်ချို့ကတော့ ဓားနည်းစနစ်အတွက် ပိုသင့်တော်တယ်၊ တစ်ချို့တွေကတော မီး ဒါမှမဟုတ် ရေနဲ့တောင် ကစားနိုင်ကြတယ် အများကြီးပဲ “

( ဓားနည်းနစ်ဆိုတာက ခုတ်၊ ပိုင်း၊ ဖြတ် စသည်ဖြင့် တစ်ကွက်ချင်းစီ လေ့ကျင့်ရတာပါ၊ ဓားပညာကတော့ အစောက ပြောခဲ့တဲ့ အကွက်တွေ စုပေါင်းပြီးပါဝင်တဲ့ ပညာရပ်ပါ )

“ ဓားဌာန၊ ဓားပညာဌာန၊ သားရဲထိန်းချုပ်ဌာန အများကြီးပဲကွာ “

လီတျယ်မှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့ဒီတိုက်ခိုက်ရေး စွမ်းရည်ဌာနတွေ အားလုံးကို ပေါင်းပြီးတော့ အဓိကဌာနကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားတယ် “

ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး မေးမြန်းလာခဲ့သည် “ ဘာဌာနလဲ? “

“ နတ်သိုင်းဌာန “ လီတျယ်သည် လေးနက်သော လေသံဖြင့် ပြောလာခဲ့သည်။

နတ်သိုင်းဌာနလား?

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာန ………..

“ နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနကြားက ဆက်ဆံရေးကိုရော မင်းသိချင်လား? “ လီတျယ်မှ ပြုံးပြလာခဲ့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

လီတျယ်သည် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ထုတ်ဖော်လာခဲ့သည် “ တကယ်တော့ အစစ်အမှန် သိုင်းပညာဌာနကလည်း တိုက်ခိုက်ရေး စွမ်းရည်ရဲ့ အဓိကဌာနတစ်ခုပါပဲ၊ ဒါပင်မဲ့ တစ်ခုကတော့ ရှေးရိုးဆန်တယ်၊ နောက်တစ်ခုကတော့ ရှေးရိုးဆန်တယ်လို့ သတ်မှတ်လို့ မရတော့ဘူး “

“ ရှေးရိုးဆန်တာလား? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဆိုတော့ အစစ်အမှန် သိုင်းပညာဌာနက ရှေးရိုးဆန်တာလား၊ မဆန်တာလား?

သို့သော် လီတျယ်သည် မည်သည့်အရာကိုမှ ထပ်‌မပြောလာတော့ပေ။

သူသည် ယခင်က အကြောင်းအရာ အကြောင်းကိုသာ ပြန်ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက ပညာရှင်တစ်ယောက်က မင်းကို သတိထားမိသွားတယ်ဆိုတာက မင်းက တော်တော်ကြီးကို စွမ်းနေတယ်လို့ ဆိုလိုနေတာပဲ။ ငါတော့ မင်းက ဒီနှစ်လူသစ်တွေကြားမှာ ထိပ်ဆုံး၁၀ယောက်ထဲကိုတောင် ဝင်နိုင်လိမ့်မယ်လို့ ငါခန့်မှန်းမိတယ် “

ထိပ်ဆုံး၁၀ယောက်လား?

ရှုကျိုးသည် ပြုံးပြ၍ မည်သည့်အရာကိုမှ ထပ်မပြောလိုက်ပေ။

သူသည် ပါရမီရှင်များနှင့် ပြည့်နှက်နေသည့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာခဲ့သော်လည်း ပထမနေရာကို သိမ်းယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသေးစဲဖြစ်သည်။

“ ထိပ်တန်း ၁၀ယောက်ကို အထင်မသေးနဲ့ “ လီတျယ်မှ ပြောပြလာခဲ့သည် “ ငါကြားတာတော့ ဒီနှစ် လူသစ်တွေကြားမှာ Sအဆင့် စွမ်းရည်ပိုင်ရှင်တွေက အနည်းဆုံး လူ၁၀၀လောက်ပါတယ်တဲ့၊ အမြင့်ဆုံး စံချိန် ဖြစ်လုနီးပါးပဲ “

“ Sအဆင့် စွမ်းရည်ပိုင်ရှင် အယောက်၁၀၀လား? “ ရှုကျိုး အံ့ဩသွားတော့သည်၊ Sအဆင့် စွမ်းရည်ပိုင်ရှင်တွေက ဒီလောက်တောင် ပေါနေပြီလားဟ?

လီတျယ်သည် သူ၏ မယုံမကြည်ဖြစ်နေမှုကို သတိပြုမိသွားသည့် ပုံပေါ်ပြီး၊ ပြုံးပြ၍ ပြောလာခဲ့သည် “ Sအဆင့် စွမ်းရည်တွေက တကယ်ကြီးကို ရှားပါတယ်၊ ဒါပင်မဲ့ အရှေ့ပိုင်းပြည်နယ်က နှစ်စဥ် စာမေးပွဲဖြေဆိုသူတွေကြားမှာ Sအဆင့် စွမ်းရည်ပိုင်ရှင်က အယောက်၄၀ကနေ ၅၀အထိ နှစ်တိုင်းပါတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ၂၀၀ကနေ ၃၀၀ကြားရှိတယ် “

“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်က ထိပ်တန်းပါရမီရှင်တွေ စုဆုံနေတဲ့နေရာလေ၊ အဲ့တော့ Sအဆင့် စွမ်းရည်ပိုင်ရှင် အများကြီး ရှိနေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး “

ရှုကျိုး၏ စိတ်ထဲတွင် အနည်းငယ် တင်းကြပ်သွားခဲ့သည်။

ကျောင်းကျိုးတစ်ခုလုံး၌ တစ်နှစ်လျှင် Sအဆင့် စွမ်းရည်ပိုင်ရှင် ၁၀ယောက်ကိုပင် မမြင်တွေ့ခဲ့ရပေ။

……………………………………………………………………………………………………………………

All Chapters