← Chapters

အခန်း (၁၀၈-၁၀၉)

Vol. 8 Ch. 108-109

အခန်း (၁၀၈-၁၀၉)

Vol. 8 Ch. 108-109

အပိုင်း ( 108 )

ဌာန အကဲဖြတ်ခြင်း၊ သေဆုံးမှုနှုန်း ၁%လား? ၃

သို့သော် ကျောင်းကျိုးသည် သေးငယ်ပြီး အရေးမပါသော နေရာတစ်ခုမျှသာ ဖြစ်သည်။

Sအဆင့် စွမ်းရည်သည် ကျောင်းကျိုးတွင် အလွန်ရှားပါးနေခဲ့သည်၊ သို့သော် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင်မူ ၎င်းသည် ထူးခြားသောအရာ မဟုတ်တော့ပေ။

“ Sအဆင့် စွမ်းရည်ပိုင်ရှင် အယောက် ၁၀၀ကြားကနေ ထိပ်ဆုံး ၁၀ယောက်အဆင့်ဝင်ဖို့ဆိုတာက စွမ်းရည်တစ်ခုတည်းကိုပဲ ပြိုင်နေရတာ မဟုတ်တော့ဘူး၊ လူတစ်ယောက်က တိုက်ခိုက်ရေး စွမ်းရည်နဲ့ နယ်ပယ်တွေမှာ အထွတ်အထိပ်ကို ရောက်နေတဲ့အထိ ကျွမ်းကျင်နေရပြီးတော့ ကဏ္ဍပေါင်းစုံမှာ တော်နေမှ ဖြစ်မှာ “

လီတျယ်မှ သက်ပြင်းချလာခဲ့သည် “ ကံမကောင်းစွာနဲ့ ငါက ပထမအဆင့်ကို ရောက်ခါစလေးပဲ ရှိသေးတယ်၊ ထိပ်တန်းအယောက် ၁၀၀ကို မပြောနဲ့၊ အယောက်၂၀၀ကိုတောင်မှ ဝင်နိုင်မှာ မဟုတ်ဘူး “

ရှုကျိုး၏ အကြည့်များ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး၊ တစ်ဖက်လူ၏ ချီ-သွေးစွမ်းအင်များက များစွာ အားကောင်းမနေဘူးဆိုသည်ကို သတိပြုမိသွားခဲ့သည်။

“ ဒါပင်မဲ့ အဲ့တာက အဆင်ပြေပါတယ် “ လီတျယ်သည် ရုတ်တရက် ပြုံးသွားခဲ့သည် “ ကျောင်းက ငါ့ကို ဒီအခန်းမှာ ထားထားပေးတယ်ဆိုတော့ ငါက မင်းကို မှီခိုလို့ရတာပေါ့ “

“ ကျောင်းက စီစဥ်ပေးထားတာလား? “ ရှုကျိုး အံ့ဩသွားတော့သည်။

သူသည် ကောင်တာမှ ဆရာက အခန်းသော့များကို ကြုံရာကျပန်း ဆွဲထုတ်လိုက်သည်ဆိုသည်ကို ပြန်လည်အမှတ်ရသွားခဲ့သည်။

“ ဘာလဲ၊ ဒီအခန်းဖော် အစီအမံတွေက ကြုံရာကျပန်း ဖြစ်နေလိမ့်မယ်လို့ မင်းက တကယ်ကြီးထင်နေတာလား? “

“ ကျောင်းက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာလည်း သတိပြုမိသွားခဲ့သည်။

သူ၏ စိတ်ဝိညာဥ်စွမ်းအားသည် အလွန်အားကောင်းနေခဲ့ပြီး၊ အပြင်ဘက်ရှိ အခြေအနေများကို အာရုံခံကြည့်နေတော့သည်။

မကြာခင်မှာပင် ရှုကျိုးသည် လီတျယ်၏ ပြောစကားများက မှန်ကန်နေသည်ဆိုသည်ကို ရှာတွေ့သွားခဲ့သည်၊ တစ်ခန်းချင်းစီတိုင်းတွင် သန်မာသောလူနှင့် အားနည်းသော လူတစ်ဦးကို တွဲစပ်ပေးထားခဲ့သည်။

သန်မာသူနှစ်ဦး (သို့) အားနည်းသောလူနှစ်ဦး အတူတကွ ရှိနေသည့် မည်သည့်အခန်းမှ မရှိပေ။

“ ကျောင်းရဲ့ စီစဥ်မှု “ ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့တာက နောက်လာမဲ့ ဌာနအကဲဖြတ်မှုကြောင့်လား? “

“ ဟုတ်တယ် “

လီတျယ်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အစွမ်းထက် လူအချင်းချင်း အဖွဲ့ဖွဲ့သွားမှာကို ကာကွယ်ဖို့အတွက် ကျောင်းက ဒီလိုစီစဥ်ပေးထားတာပဲ။ ဌာနအကဲဖြတ်မှုအတွက် ငါတို့က အသင်းဖော်တွေ ဖြစ်လာလိမ့်မယ် “

“ ဌာန အကဲဖြတ်မှုက ဘာလဲ? “ ရှုကျိုးသည် သိလိုစိတ် ဖြစ်သွားခဲ့သည်။

သူသည် ထိုကိစ္စနှင့် ပတ်သက်၍ အလွန်သိချင်သွားခဲ့သည်။

ကြည့်ရတာတော့ ကျောင်းက ဌာနအကဲဖြတ်မှုကို တော်တော်ကြီး အလေးအနက်ထားထားတဲ့ပုံပဲ။

သို့ရာတွင် လီတျယ်မှ ခေါင်းခါပြလာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာရှိတဲ့ ဌာအကဲဖြတ်မှုတိုင်းက မတူဘူး၊ ဒါပင်မဲ့ ငါသိတာကတော့ …………. “

သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ ဒီအကဲဖြတ်မှုက သေစေနိုင်တယ် “

“ သေစေနိုင်တာလား? “ ရှုကျိုး အံ့ဩတုန်လှုပ်သွားခဲ့သည်။

လီတျယ်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဌာနအကဲဖြတ်မှုတိုင်းမှာ သေဆုံးမှုနှုန်း ၁%စီ ရှိတယ် “

ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားတော့သည်။

သေဆုံးမှုနှုန်း ၁%ကပင် အတော်လေး မြင့်မားနေခဲ့ပြီ ဖြစ်သည်။

လူသစ်ရာဂဏန်း အနည်းငယ်အတွက် အဆိုပါ ပမာဏသည် လူပေါင်းများစွာ သေဆုံးရလိမ့်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

သို့သော် ဝင်ခွင့်စာမေးပွဲအတွက် သေဆုံးမှုနှုန်း မည်မျှ ရှိနေလိမ့်မည်နည်း?

အဲ့လောက်တောင် အန္တရာယ်များဖို့ လိုအပ်လို့လားဟ?

ကျောင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ?

ရှုကျိုးသည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားခဲ့သည်။

သူသည် သူကိုယ်တိုင်အတွက် မစိုးရိမ်ပေ၊ လီရို့ရှီအတွက်သာ စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

လီရို့ရှီသည် သူမ၏ စွမ်းရည်က ပထမအဆင့် သိုင်းပညာနှင့် ယှဥ်နိုင်သည်ဟု ပြောခဲ့သော်လည်း၊ ရှုကျိုးသည် ပထမအဆင့်နှင့် အဆင့်သုညကြားရှိ သိသာသော ကွာဟချက်ကို သိနေခဲ့သည်။

လီရို့ရှီကသာ အဆင့်မတက်ဘူးဆိုပါက အန္တရာယ် အလွန်မြင့်မားနေလိမ့်မည် ဖြစ်သည်။

ဘေးနားရှိ လီတျယ်သည် ဆက်၍ ပြောပြလာခဲ့သည် “ အရင်တုန်းက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ ဌာနအကဲဖြတ်မှုက တော်တော်ကြီးကို ကြောက်ဖို့ကောင်းတယ်လို့ ငါကြားဖူးတယ် “

“ ဥပမာအနေနဲ့ ရှေ့နှစ်နှစ်တုန်းကဆိုရင် သားရဲထိန်းချုပ် ဌာနက ဌာနမှူးက လူသစ်တွေ အကုန်လုံးကို ပထမအဆင့် အဆင့်၉ သားရဲတွေ စုပြုံနေတဲ့ နေရာထဲကို တိုက်ရိုက်ပစ်ချလိုက်ပြီးတော့ သုံးရက်တောင့်ခံခိုင်းခဲ့တယ်တဲ့ “

“ အရင်နှစ်ကဆိုရင်တော့ ပိုပြီးတော့တောင် ကြမ်းသေးတယ်၊ ဒုတိယအဆင့် ဗီဇပြောင်းသားရဲတွေ ရှိတဲ့နေရာထဲကို တိုက်ရိုက် ပစ်ချလိုက်တယ်တဲ့ “

လီတျယ်သည် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ခေါင်းတခါခါ ဖြစ်သွားခဲ့သည် “ အရင်နှစ်တွေက ပုံစံအရဆိုရင်တော့ ဒီတစ်ခါက ပိုကြမ်းနေလိမ့်မယ်လို့ ငါထင်တယ် “

ရှုကျိုးမှာလည်း စိတ်ကျဥ်းကြပ်သွားခဲ့သည်။

တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင် လာမဲ့ အကဲဖြတ်မှုမှာ လူတော်တော် သေကြမှာပေါ့?

ရုတ်တရက်ဆိုသလိုပင် လီတျယ်သည် သူ၏ခြေထောက်ကို ဆွဲကာ တောင်းပန်လာခဲ့သည် “ ညီအစ်ကိုရေ၊ ငါ့ရဲ့ ဘဝလေးက မင်းအပေါ်မှာ မူတည်နေတယ်နော်။ ငွေနဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စကိုမဆို ဆွေးနွေးလို့ရပါတယ်၊ ဒါပင်မဲ့ ငါ့ကိုတော့ ဆွဲထုတ်ပေးရမယ်နော် “

ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် ပြန်ပြောလာခဲ့သည် “ ငါတို့က အခန်းဖော်တွေ ဖြစ်နေတာကြောင့် ငါမင်းကို ကူညီမှာပါ “

သူသည် စိုးရိမ်ပူပန်နေသော မျက်လုံးများဖြင့် သူ၏အိပ်ရာပေါ်တွင် ထိုင်ချလိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက လီတျယ်၏ ပြောစကားများသည် ရှုကျိုးကို မရေရာ မသေချာ ဖြစ်သွားစေခဲ့သည်။

အကဲဖြတ်မှုမှာ ဘာတွေ ပါမလဲဆိုတာကို သိရရင် သိပ်ကောင်းမှာပဲကွာ။

လျှို့ဝှက်ထားကြပြီးတော့ သေဆုံးမှုနှုန်း ၁%တောင် ရှိနေသေးတယ်။

ဤအချိန်တွင် ရှုကျိုးသည် အတော်လေး စိတ်တင်းကြပ်နေလျက်ရှိသည်၊ ပတ်ဝန်းကျင် အသစ်သို့ ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် စိတ်လှုပ်ရှားမှုများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

အထဲရှိ အထင်ကြီးဖွယ်ကောင်းသည့် အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါတွင် သူ၏ယုံကြည်မှုများသည် ထပ်မံ၍ မိုးထိထောင်တက်လာခဲ့ပြန်သည်။

…………………………………………………………………………………………………………..

အပိုင်း ( 109 )

သိုင်းပညာ တက္ကသိုလ်ပဲ၊ ကျောင်း မဟုတ်ဘူး !!

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၂၂၂.၅ ကယ်လိုရီ

စိတ်ဝိညာဥ်စွမ်းအား : 40 Hz

ကိုယ်ပွား : ရွှေတောင်ပံ T-Rex

အဆင့် : ပထမအဆင့် အဆင့်၆ ( ၆၆% )

အသားတင် အလေးချိန် : ၂၅၆၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၃၀ကီလိုဂရမ် ရရှိခြင်း( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း( ac )၊ ခုန်ဆင်းခြင်း ( pas )

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ

…

လွန်ခဲ့သောတစ်လအတွင်းတွင် ရှုကျိုး၏ ချီ-သွေးသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ကိုယ်ပွားက အဆင့်၆သို့ ရောက်ရှိသွားခြင်းနှင့်အတူ ချီ-သွေးစွမ်းအင် အများအပြားကို ယူဆောင်ပေးလာခဲ့သည်။

ယခုလက်ရှိအချိန်၌ ၃၀ ကီလိုဂရမ် တိုးမြင့်လာခဲ့သည့် အချိန်တိုင်းတွင် အဆင့်မှာလည်း ၁%စီ လိုက်ပါ၍ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

မူလကိုယ်၏ ချီ-သွေးမှာလည်း ၀.၅ ကယ်လိုရီဖြင့် ပုံမှန်တိုးတက်လျက်ရှိသည်။

“ တစ်လအတွင်းမှာပဲ ချီ-သွေး ၁၅ ကယ်လိုရီအထိ တိုးလာခဲ့တယ် “

ရှုကျိုးသည် အိပ်ရာပေါ်တွင် ထိုင်ကာ တွေးတော စဥ်းစားနေခဲ့သည် “ အဲ့ဒီ ချီ-သွေး ၁၅ကယ်လိုရီက သွေးကြောမှတ် ၄ခု ရှာတွေ့ဖို့အတွက် ငါ့ကို ကူညီပေးခဲ့တယ် “

ပုံမှန်အားဖြင့် ချီ-သွေး ၃ကယ်လိုရီ တိုးလာသည့် အချိန်တိုင်းတွင် သွေးကြောမှတ် ၁ခု ရှာတွေ့မည် ဖြစ်သည်။

သို့သော် ပထမအဆင့် သိုင်းပညာရှင်ဆိုသည်မှာ သွေးကြောမှတ်များကို ရှာဖွေတွေ့ရှိရုံမျှသာလျှင် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ သွေးကြောမှတ်များကို ရှာတွေ့ခဲ့ပြီးသည့်နောက်တွင် ချီ-သွေး စွမ်းအင်များကို အသုံးပြု၍ ၎င်းတို့ကို အပြည့်အဝ ဖွင့်လှစ်ရမည် ဖြစ်သည်။

အဆိုပါ ဖြစ်စဥ်သည် လူတစ်ဦး၏ စွမ်းအားကို မြင့်တက်သွားစေမည် ဖြစ်သည်။

ကျင့်ကြံရေး နည်းစနစ်၏ အဆင့်က မြင့်မားလေလေ စွမ်းအားတိုးတက်မှုက ပိုကြီးလေလေ ဖြစ်သည်။

ဥပမအားဖြင့် ရှုကျိုး၏ ခွန်ပန်ကျင့်ကြံရေး နည်းစနစ်သည် သူ၏ချီ-သွေးကို တစ်ကြိမ်လျှင် ၃ကယ်လိုရီ တိုးတက်စေကာ သွေးကြောမှတ် ၁ခုကို ရှာတွေ့စေခဲ့သည်။

သွေးကြောမှတ် ဖွင့်လှစ်ခြင်းမှ ရရှိလာမည့် ချီ-သွေးများသည် သွေးကြောမှတ် အသစ်များကို ဖွင့်နိုင်လိမ့်မည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် သွေးကြောမှတ်များ ဖွင့်လှစ်ခြင်းသည် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ အင်အားကို သန်မာအားကောင်းစေပြီး၊ အကန့်အသတ်ကို ချိုးဖျက်ရန် မလွယ်ကူသောကြောင့် ဖြစ်သည်။

ပုံမှန်အားဖြင့် လူသားတို့သည် ရှာတွေ့ထားပြီးသား သွေးကြောမှတ်ကို အပြည့်အဝ ဖွင့်လှစ်ပြီးမှသာလျှင် သွေးကြောမှတ် အသစ်များကို ရှာဖွေနိုင်မည် ဖြစ်သည်။

“ လက်ရှိအချိန်မှာ ငါက သွေးကြောမှတ် ၁၀ခု ရှာတွေ့ထားပြီးတော့ ၆ခုကို ဖွင့်ပြီးသွားပြီ “

ရှုကျိုးသည် ဂရုတစိုက် တွက်ချက်နေတော့သည် “ ပွင့်သွားတဲ့ အဲ့သွေးကြောမှတ် ၆ခုက ချီ-သွေး ၁၈ ကယ်လိုရီ မြှင့်တင်ပေးခဲ့တယ် “

“ ဒီလမှာ ငါ့ရဲ့ ချီ-သွေးက ၃၃ကယ်လိုရီအထိ တိုးတက်လာခဲ့တယ် “

ယခုတွင် သူ၏ ချီ-သွေးသည် ၂၀၀ကယ်လိုရီဆိုသည့် မှတ်တိုင်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် သူ၏ ချီ-သွေးစွမ်းအင်က သူ၏နယ်ပယ်တူများကြားတွင် အမြင့်ဆုံး ဖြစ်နေလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။

အကြောင်းပြချက်မှာ ရိုးရှင်းလွန်းလှပေသည်။

ကြီးမားသောချီ-သွေးစွမ်းအင် ပမာဏကို အသုံးပြု၍ အကန့်အသတ်များကို ထပ်ခါတလဲလဲ ချိုးဖျက်ခဲ့ခြင်းသည် သူ၏ချီ-သွေးကို တစ်ခြားလူများထပ် သာလွန်သွားစေခဲ့သည်။

ထို့အပြင် ချီ-သွေး၏ အတားအဆီး ချိုးဖျက်မှုတစ်ခုချင်းစီတိုင်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင် သန်စွမ်းမှုကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

“ အုတ်မြစ်တည်ဆောက်ခြင်းကို တတိယတစ်ခေါက်ထိ လုပ်ခဲ့ပြီးတဲ့နောက်မှာ ချီ-သွေး ၁ကယ်လိုရီ မြင့်တက်လာခဲ့တဲ့ အချိန်တိုင်းမှာ လက်သီးထိုးချက်အားကလည်း ၅၀ ကီလိုဂရမ်စီ လိုက်တိုးလာခဲ့တယ် “

ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ အခုဆိုရင် ငါ့ရဲ့လက်သီးထိုးချက်အားက ၄၀၀၀ ကီလိုဂရမ်ကို ကျော်သွားလောက်ပြီ “

ရှုကျိုးသည် ၎င်းကို ယခင်က အတိအကျ တိုင်းတာခဲ့ဖူးလေသည်။

ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း မပြုလုပ်ရသေးခင် အချိန်တွင် ချီ-သွေး ၁ကယ်လိုရီ တိုးတက်မှုသည် လက်သီးအားကို ၁၄ ကီလိုဂရမ်အထိ မြှင့်တင်ပေးခဲ့သည်။

ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ချီ-သွေး ၁ကယ်လိုရီ တိုးတက်မှုသည် လက်သီးအားကို ၃၀ ကီလိုဂရမ်အထိ မြှင့်တင်ပေးခဲ့သည်။

တတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ချီ-သွေး ၁ကယ်လိုရီ တိုးတက်မှုသည် လက်သီးအားကို ၅၀ ကီလိုဂရမ်အထိ မြှင့်တင်ပေးခဲ့သည်။

တွက်ချက်ကြည့်လိုက်မည်ဆိုပါက သူ၏လက်သီးထိုးချက်အားသည် ၄၆၄၅ ကီလိုဂရမ်အထိ ရှိနေသင့်ပြီ ဖြစ်သည်။

၎င်းမှာ တိကျသာ ပမာဏတစ်ခု မဟုတ်ပေ။

ထို့အပြင် ရှုကျိုး၏ စွမ်းအားကို လက်သီးအားတစ်ခုတည်းဖြင့် တိုင်းတာဆုံးဖြတ်နိုင်တော့မည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် သူ၏ အစွမ်းသည် ဆေဘာနည်းစနစ် ဖြစ်နေသောကြောင့် ဖြစ်သည်။

“ ရှားမိသားစုရဲ့ ထိပ်တန်း တိုက်ခိုက်ရေး နည်းစနစ် ……….. ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ် “

ရှုကျိုးမှ တွေးတော စဥ်းစားနေခဲ့သည် “ ဒီဆေဘာနည်းစနစ်ကို နယ်ပယ် ကိုးခု ခွဲထားတယ်၊ တတိယအဆင့် အထက်အထိ သုံးဖို့ လုံလောက်တယ်။ အခုလက်ရှိ အချိန်မှာတော့ ငါက ပထမအဆင့် အထွတ်အထိပ်အထိ လေ့ကျင့်ထားခဲ့ပြီးပြီ “

၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြစ်သည်။

၎င်းသည် ခက်ခဲမှု အဆင့်မြင့်မားသော အစွမ်းထက် တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်သည်။

တစ်လအတွင်း၌ ပထမအဆင့် ပထမအဆင့် အထွတ်အထိပ်အထိ လေ့ကျင့်နိုင်ခဲ့ခြင်းသည် ရှားမိသားစုမှ လူတော်တော်များများကိုပင် အံ့ဩသွားစေမည် ဖြစ်သည်။

“ ငါ့ရဲ့ အစွမ်းကတော့ လုံလောက်နေပါပြီ “ ရှုကျိုးသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အတိတ်က မိုက်တိုင်ဆန်ကိုပင် အမှောက်သိပ်နိုင်သည့် လက်သီးအား ၄၀၀၀ ကီလိုဂရမ်ကပင် လုံလောက်နေပြီ ဖြစ်သောကြောင့် သူ၏ဝှက်ဖဲဖြစ်သည့် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းဆိုပါက ………..

“ ကိုယ်ပွားကို အစာကျွေးရမယ် “ ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ၏ချီ-သွေးက အကန့်အသတ်သို့ ရောက်ရှိသွားတော့မည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။

ကိုယ်ပွားကို အစာကျွေးပြီးသည်နှင့် တစ်ပြိုင်နက် ယနေ့တွင် နောက်ထပ် သွေးကြောမှတ်တစ်ခုကို ဖွင့်လှစ်နိုင်မည်ဟု မှန်းဆမိနေခဲ့သည်။

…

ထိုစဥ် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ

သွေးတောင်ပံ ကျားပျံပိုင်နက်

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ ကြီးမားသော မျက်လုံးကြီးများကို ဖွင့်ကာ ဖြည်းညှင်းစွာ ထရပ်လာခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်သည် ၉မီတာ ရှည်လျားပြီး၊ ၄မီတာမြင့်ကာ ထူထဲခိုင်ခံ့သည့် ရွှေနက်ရောင် သတ္တုကဲ့သို့သော အမွှေးများဖြင့် ဖုံးလွှမ်းနေလျက်ရှိသောကြောင့် ခမ်းနားကြီးကျယ်သည့် သတ္တုT-Rexကြီးနှင့် တူညီနေခဲ့သည်။ ၎င်း၏ အလေးချိန်မှာလည်း ၂၅၀၀ ကီလိုဂရမ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

“ အူးးဝူးးးး ~~~ “

ရွှေတောင်ပံ T-Rexကြီးသည် ကျားပျံမျိုးနွယ် ခေါင်းဆောင်းကြီး၏ အလောင်းနားသို့ ချဥ်းကပ်သွားကာ အသားတုံးတစ်တုံးကို ကောက်၍ စတင်၍ စားသောက်နေတော့သည်။

“ ဟမ်? “

ထိုအချိန်၌ ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဆွစ်ရှ် !!!

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏တောင်ပံများကို ဖြန့်၍ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး၊ ၁၃မီတာ ရှည်လျားသည့် ၎င်း၏ တောင်ပံများသည် လေထုထဲတွင် လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် တစ်ကီလိုမီတာ အဝေးရှိ နေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။

“ ဝေါင်းးးး “

မြေပြင်ပေါ်၌ နွားခေါင်းဗီဇပြောင်းသားရဲသည် လန့်ဖျတ်သွားသည့် ပုံပေါ်ကာ အဝေးသို့ လှည့်ပြေးသွားခဲ့သည်။

သို့သော် ပြေးဝင်လာသည့်ကောင်က သွေးတောင်ပံ ကျားပျံ မဟုတ်ဘူးဆိုသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ၎င်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

နွားခေါင်းသားရဲသည် ပြန်လှည့်လာခဲ့ပြီး၊ ချဥ်းကပ်လာသည့် ရွှေတောင်ပံ T-Rexကြီးကို မထီမဲ့မြင်ပြုနေသော အကြည့်ဖြင့် ကြည့်လာခဲ့သည်။

၎င်းသည် အခြေအနေကို သိချင်သောကြောင့် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ထဲသို့ စိတ်အားထက်သန်စွာဖြင့် ကျူးကျော်ဝင်ရောက်လာခဲ့ပြီး၊ ဤနေရာတွင် တစ်ခြားမျိုးစိတ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။

သွေးတောင်ပံ ကျားပျံမှ မဟုတ်တာ၊ ဘာကိုကြောက်နေရမှာလဲ?

“ မူးးးးးး “

နွားခေါင်းဗီဇပြောင်း သားရဲသည် နှိုးဆွလှောင်ပြောင်လာခဲ့သည်။

ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများ အေးစက်သွားခဲ့ပြီး၊ လေပေါ်မှ လျင်မြန်စွာ ထိုးဆင်းလာခဲ့သည်။

ဝှစ် !!

အစွမ်းထက် တောင်ပံများသည် နွားခေါင်းသားရဲကြီး၏ ဦးခေါင်းဆီသို့ ဦးတည်လာခဲ့သည်။

“ မူးးးးးး “ နွားခေါင်းသားရဲကြီးမှ ဟိန်းဟောက်လာခဲ့ပြီး၊ ခုခံသည့်အနေဖြင့် ၎င်း၏ချိုကို မြှောက်လာခဲ့သည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ………

ဘမ်းဟူသောအသံနှင့်အတူ ဦးချိုတစ်ချောင်း ကျိုးပဲ့ ကွဲအက်သွားခဲ့သည်။

ရွှေတောင်ပံ T-Rexကြီး၏ တောင်ပံများသည် ပြင်းထန်စွာ ထိမှန်သွားခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် နွားခေါင်းဗီဇပြောင်း သားရဲ၏ဦးခေါင်း ကွဲအက်သွားကာ သွေးများ ဒလဟော ပန်းထွက်လာခဲ့သည်။

……………………………………………………………………………………………….

All Chapters