← Chapters

အခန်း (၁၁၂-၁၁၃)

Vol. 8 Ch. 112-113

အခန်း (၁၁၂-၁၁၃)

Vol. 8 Ch. 112-113

အပိုင်း ( 112 )

သိုင်းပညာ တက္ကသိုလ်ပဲ၊ ကျောင်း မဟုတ်ဘူး !! ၄

…

ဗဟိုရင်ပြင်သည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိပြီး၊ အလွန်ကြီးမား ကျယ်ပြန့်နေခဲ့သည်။

ထိုနေရာတွင် မြင့်မားသော စင်မြင့်တစ်ခုမှအပ တစ်ခြားသော အရာများ ရှိမနေခဲ့ပေ။

ရှုကျိုးနှင့် လီတျယ်တို့ ရောက်ရှိသွားသည့် အချိန်၌ ရင်ပြင်တွင် လူအတော်လေး ထူထပ်နေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ ရင်ပြင်သည် ချီ-သွေး စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျောင်းသားကျောင်းသူအသစ် အများစုသည် သူတို့၏ ချီ-သွေးစွမ်းအင်များကို မထိန်းချုပ်နိုင်ကြသောကြောင့် အစွမ်းထက် စွမ်းအင်လှိုင်းများသည် ရင်ပြင်တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့သည်။

“ သူတို့ အကုန်လုံးနီးပါးက အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်မှာ ရှိနေကြတာပဲ “

ထိုလူများထဲတွင် အုတ်မြစ်တည်ဆောက်ခြင်း ပထမအဆင့် လူပမာဏမှာ အလွန်နည်းပါး နေခဲ့သောကြောင့် ရှုကျိုး တိတ်တဆိတ် အံ့ဩသွားခဲ့သည်။

အများစုသည် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်များသာ ဖြစ်နေခဲ့သည်။

နတ်ဆိုးလှိုဏ်ဂူထဲသို့ ဝင်ရောက်ခဲ့စဥ် အချိန်က အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်ဆိုသည်မှာ အလွန်ရှားပါးသော အရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော် ဤနေရာတွင်ကား ၎င်းသည် အနိမ့်ဆုံး အဆင့်မျှသာ ဖြစ်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ရင်ပြင်ထဲရှိ လူအများအစုသည် Aအဆင့် စွမ်းရည် ပိုင်ရှင်များ ဖြစ်ကြပြီး၊ Sအဆင့် စွမ်းရည်ပိုင်ရှင် ရာဂဏန်းပင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။

Bအဆင့် စွမ်းရည်ပိုင်ရှင် တစ်ဦးတစ်လေမှ မပါဝင်ခဲ့ပေ။

“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် …….. “ ရှုကျိုး၏ မျက်လုံးများသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဤအချိန်တွင် သူသည် အဆိုပါ စကားလုံးလေးလုံး၏ အလေးချိန်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

တစ်နိုင်ငံလုံးမှ ပါရမီရှင်များ စုစည်းခြင်း၊ ကြယ်ကလေးများ လင်းလက်စွာ တောက်ပခြင်း !!

ဤနေရာတွင် Sအဆင့် စွမ်းရည်ပိုင်ရှင်များပင် ရှားပါးမနေတော့ပေ။

Aအဆင့် စွမ်းရည်ပိုင်ရှင်များကပင် နိုင်ငံတစ်ဝှမ်းလုံးမှ ထိပ်တန်း Aအဆင့် စွမ်းရည်ပိုင်ရှင်များ ဖြစ်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ကျောင်းသူကျောင်းသားအသစ် စုစုပေါင်းသည် လူသုံးရာမျှသာ ဖြစ်ပြီး၊ Sအဆင့် စွမ်းရည်ပိုင်ရှင် အယောက်၁၀၀ ရှိကာ Aအဆင့် စွမ်းရည်ပိုင်ရှင် အယောက် ၂၀၀ ရှိနေသောကြောင့် ဖြစ်သည်။

တစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် Aအဆင့် စွမ်းရည်ပိုင်ရှင် မည်မျှ ပေါ်ထွန်းလာနိုင်သနည်း?

သောင်းနှင့် ချီ၍ ရှိနေမည်မှာ သေချာလှပေသည်။

ထိုသောင်းဂဏန်းထဲမှ လူနှစ်ရာမျှသာလျှင် ဤကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာကြခြင်း ဖြစ်သည်၊ ၎င်းသည် ထိုလူများက မည်မျှ အဖိုးတန်လဲဆိုသည်ကို ပြသနေခဲ့သည်။

“ အကုန်လုံးက ကျွမ်းကျင်ပညာရှင်တွေချည်းပဲ “ ရှုကျိုးသည် တိတ်တဆိတ် ခေါင်းငြိမ့်နေတော့သည်။

ဤအချိန်တွင် သူသည် သူ၏ယခင်အမြင်က အတော်လေး ကျဥ်းမြောင်းခဲ့သည်ဟု ခံစားသွားခဲ့ရသည်။

သို့ရာတွင် ရှုကျိုးသည် ချီ-သွေးစွမ်းအင်များကို မဆင်မခြင် ထုတ်လွှင့်ထားသော လူများက သာမန်ဆန်သော အစွမ်းများကိုသာ ပိုင်ဆိုင်ထားသည်ဆိုသည်ကိုလည်း သတိပြုမိနေခဲ့သည်။

တကယ့်ပညာရှင်များသည် မည်သည့်အငွေ့အသက်ကိုမှ မထုတ်လွှတ်ဘဲ ထင်ရှူးပင်များကဲ့သို့ တည်ငြိမ်စွာ ရပ်နေလျက်ရှိသည်။

အထူးသဖြင့် ယုံကြည်ချက် ရှိနေသည့် မျက်ဝန်းများဖြင့် လူများဖြစ်ပြီး၊ ထိုကဲ့သို့သော စိတ်သဘောထားနှင့် အမူအရာမျိုးသည် စစ်မှန်သည့် ပညာရှင်များသာ ပိုင်ဆိုင်ထားသော အရာဖြစ်သည်။

ရှုကျိုးသည် အားလုံး၏ အစွမ်းများကို စူးစမ်းလေ့လာနေခဲ့သည်‌။

ထိုစဥ် လီတျယ်သည် မိန်းကလေးများဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဒီနှစ်မှာ အလှလေးတွေ အများကြီးပဲဟ “

“ … “

ရှုကျိုးသည် သူ့ကို ကြည့်ကာ ဆွံ့အသွားတော့သည်။

အကဲဖြတ်မှု စာမေးပွဲက စတော့မှာလေ၊ ကောင်မလေးတွေကို ကြည့်ဖို့ အချိန်ရနေသေးတာလားဟ?

လီတျယ်သည် သူ၏ အတွေးကို အာရုံခံမိသွားသည့် ပုံပေါ်ပြီး၊ နောက်ပြန်လှည့်ကြည့်ကာ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ညီအစ်ကိုရေ၊ အထင်မလွဲပါနဲ့ကွာ။ အလှလေးတွေကို ကြည့်မယ်ဆိုရင် ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်လို့ ရှေးလူကြီးတွေက ပြောထားလို့ပါကွာ “

“ အထူးသဖြင့် ငါတို့လို သိုင်းပညာရှင်တွေပဲ၊ အလှလေးတွေကို ကြည့်တာက ချီ-သွေးစွမ်းအင် တိုးတက်လာဖို့ ကူညီပေးနိုင်တယ် “

“ … “

ရှုကျိုးသည် ပြန်လည်ချေပ ပြောဆိုမိလုနီးပါး ဖြစ်သွားခဲ့သည်။

အဲ့စကားကို ဘယ်ကောင်ပြောခဲ့တာလဲ?

တကယ်လို့ ကြည့်ချင်တယ်ဆိုရင်လည်း ကြည့်လိုက်လေ၊ ချီ-သွေးစွမ်းအင်အကြောင်းကို ဆင်ခြေပေးဖို့ လိုလို့လားဟ?

သို့ရာတွင် အကယ်၍ နှလုံးခုန်နှုန်း ပြင်းထန်လာခဲ့မည်ဆိုပါက ၎င်းသည် ချီ-သွေးစွမ်းအင်ကို အနည်းငယ်မျှ မြှင့်တင် …….

“ အဲ့ဒီအလှလေးကို တွေ့လား? “ လီတျယ်သည် ကောင်မလေးတစ်ဦးကို ရုတ်တရက် လက်ညှိုးထိုးပြလာခဲ့သည် “ အဲ့တာက ရှားဟောက်ချန်းရဲ့ ညီမ ရှားရှီယောက်ပဲ “

“ သူမကို မဆန့်ကျင်မိစေနဲ့၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရှားဟောက်ချန်းက မင်းကို သေတဲ့အထိ လိုက်တိုက်နေလိမ့်မယ် “

လီတျယ်မှ အတင်းပြောလာတော့လေသည် “ ငါကြားတာကတော့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက လျူမိသားစုက တစ်ယောက်ယောက်က ရှားရှီယောက်ကို ရိသဲ့သဲ့ လာလုပ်တော့၊ ရှားဟောက်ချန်းက အရှေ့ပိုင်းပြည်နယ်အထိ ညတွင်းချင်း ပြေးလာခဲ့ပြီးတော့ အဲ့လူကို စိန်ခေါ်ခဲ့တယ်တဲ့ “

“ အဆုံးမှာတော့ သူက အဲ့လူရဲ့ အောက်ပိုင်း ခန္ဓာကိုယ်ကို ခြေမွဖျက်စီးခဲ့တယ်တဲ့ “

၎င်းကို ပြောခဲ့ပြီးသည့်နောက်တွင် လီတျယ်သည် ကြောက်လန့်နေသော အမူအရာဖြင့် တံတွေးမျိုချနေတော့သည်။

ရှုကျိုး၏ မျက်လုံးများပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ အဲ့ဒီရှားဟောက်ချန်းက နူးညံ့ သဘောကောင်းမဲ့ပုံပေါ်ပါတယ်။

ဒါပင်မဲ့ တိုက်ခိုက်တဲ့အချိန်ကျတော့ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား?

ဒါပင်မဲ့ ……

လျူမိသားစုပဲ ထပ်ဖြစ်နေပြန်ပြီ၊ အဲ့မိသားစုက လူတွေထဲမှာ အကျင့်ကောင်းတဲ့လူရော ရှိသေးရဲ့လားဟ?

“ လျူမိသားစုက ပြန်မလှုပ်ရှားခဲ့ဘူးလား? “ ရှုကျိုးသည် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ သူတို့က လူငယ်မျိုးဆက်တွေကြားက ပြဿနာတွေထဲကို ဝင်ပါမှာ မဟုတ်ဘူး “ လီတျယ်မှ ခေါင်းခါပြလာခဲ့သည် “ ပြီးတော့ ရှားဟောက်ချန်းကိုယ်တိုင်ကိုက ရှားမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ပါရမီရှင်တစ်ယောက်လေ၊ သူ့ကို ဘယ်သူကမှ စိန်မခေါ်ရဲဘူး “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ နောက်ခံတောင့်တာက တကယ်ကို ကောင်းတဲ့ကိစ္စတစ်ခုပဲ။

ငါက ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင် တစ်ယောက် ဖြစ်နေပြီလေ၊ ငါကလည်း နောက်ခံတောင့်တယ် မဟုတ်ဘူးလား?

…

သူတို့နှစ်ဦး စကားပြောနေကြသည့် အချိန်တွင် ရင်ပြင်ထဲသို့ ကျောင်းသူကျောင်းသားများ ပိုမို ရောက်ရှိလာခဲ့သည်။

၉နာရီတိတိတွင် ကျောင်းသားကျောင်းသူ အသစ်အားလုံး ရင်ပြင်ထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် အလင်းတန်းများစွာ ပေါ်ထွက်လာခဲ့ပြီး၊ များပြားသော ပုံရိပ်များသည် ရင်ပြင်ထဲရှိ စင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ လှုပ်ရှားသွားခဲ့သည်၊ ထိုလူများထဲတွင် ယခင်က သူတွေ့ခဲ့ဖူးသည့် ပညာရှင် လျူချင်းယွမ်ပါ ပါဝင်နေခဲ့သည်။

သို့သော် လျူချင်းယွမ်သည် အလယ်ဗဟိုတွင် ရပ်မနေခဲ့ပေ။

အလယ်ဗဟိုတွင် ရပ်နေသည့် လူသည် ဆံပင်ဖြူ အဘိုးအိုတစ်ဦး ဖြစ်ပြီး၊ သူသည် အသံနက်ကြီးဖြင့် ပြောလာခဲ့သည် “ တိတ်ကြ !! “

ဆူညံသံအားလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

ဆံပင်ဖြူ အဘိုးအိုမှ အေးအေးဆေးဆေး စကားပြောလာခဲ့သည် “ ဆရာက သားရဲထိန်းချုပ် ဌာနရဲ့ ဌာနမှူး၊ ကျိုးရှုယွင်ပါ၊ ခါတိုင်းလိုပဲ ဒီတစ်ကြိမ် ဌာနအကဲဖြတ်မှုကို ဆရာကပဲ ဦးစီးမှာပါ “

ထိုလူကြီး၏ အသံသည် ကျယ်လောင်မနေခဲ့ပေ၊ သို့သော် ၎င်းသည် ရင်ပြင်တစ်ခုလုံးဆီသို့ ပျံ့နှံ့ရောက်ရှိနေခဲ့သည်။

“ ပထမဦးဆုံးအနေနဲ့၊ ဝင်ခွင့်အကဲဖြတ်မှုက မင်းတို့ကို သေစေနိုင်တယ်ဆိုတာကို ဆရာက တာဝန်သိသိနဲ့ သတိပေးရမယ် “

ကျိုးရှုယွင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် စကားပြောနေခဲ့သည် “ နှစ်စဥ်နှစ်တိုင်းမှာ သေဆုံးမှုနှုန်း ၁% ရှိတယ်၊ သေသွားရမဲ့လူတွေက အားနည်းတဲ့လူတွေ ဖြစ်နေဖို့ မလိုအပ်ဘူး၊ အားကောင်းတဲ့ လူတွေတောင် ဖြစ်နေနိုင်တယ် “

“ အခု ဆရာက ဒီအကဲဖြတ်မှုကို ကန့်ကွက်ဖို့အတွက် မင်းတို့အားလုံးကို အခွင့်အရေး ပေးမယ်၊ မင်းတို့က ဝင်မပါဖို့အတွက် ရွေးချယ်လို့ ရတယ် “

“ တကယ်လို့ မင်းတို့က အဲ့လိုလုပ်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင်တော့ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်က မင်းတို့နဲ့ မသင့်တော်တာကြောင့် မင်းတို့ကို ကျောင်းကနေ ချက်ချင်း ထုတ်ပယ်ရလိမ့်မယ် “

ကျိုးရှုယွင်၏ စကားများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျောင်းသူကျောင်းသားများ၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

လူအများစုသည် ဌာနဆိုင်ရာ အကဲဖြတ်မှု ရှိနေမည်ဆိုသည်ကို သိရှိထားကြသည်။

သို့သော် လူတစ်ချို့သည် ၎င်းက သေစေနိုင်သည်အထိ ဖြစ်နိုင်သည်ဆိုသည်ကိုတော့ သတိမပြုမိကြပေ။

သူတို့သည် သန်းဆယ်နှင့်ချီသော ဖြေဆိုသူများနှင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်၍ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ဆီသို့ ရောက်လာကြခြင်း ဖြစ်သည်။

ငါတို့တွေက ဒီအကဲဖြတ်မှု သေးသေးလေးကတောင် ငါတို့ကို သေသွားစေနိုင်တယ်ဆိုတဲ့ စကားကို ကြားရဖို့အတွက် ရောက်လာကြတာလားဟ?

ထိုအကြောင်းကို သိထားကြသည့် လူတစ်ချို့၏ မျက်ဝန်းများကပင် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်၊ သူတို့သည် ဤအကဲဖြတ်မှုက သူတို့ထင်ထားသလောက် ရိုးရှင်းမနေဘူးဆိုသည်ကို နားလည်သွားကြသည်။

…………………………………………………………………………………………………………..

အပိုင်း ( 113 )

သိုင်းပညာ တက္ကသိုလ်ပဲ၊ ကျောင်း မဟုတ်ဘူး !! ၅

အဆုံးတွင် လူငယ်လေးတစ်ဦးသည် အောင့်မထားနိုင်တော့ဘဲ အော်ပြောလာခဲ့သည် “ ဌာနမှူးခင်ဗျ၊ ဒီအကဲဖြတ်မှုကို ပုံရိပ်ယောင်ကမ္ဘာထဲမှာ ဘာလို့မလုပ်ရတာလဲဗျ? “

၎င်းကို သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအများစုသည် သဘောတူညီစွာဖြင့် ခေါင်းငြိမ့်လာကြသည်။

ရှုကျိုးကိုယ်တိုင်ကပင် ၎င်းကို အနည်းငယ် သဘောတူလက်ခံမိနေခဲ့သည်။

အမှန်ပဲ၊ ပုံရိပ်ယောင် ကမ္ဘာထဲမှာ ဘာလို့ မလုပ်ရတာလဲ?

အကယ်၍ စွမ်းအားစမ်းသပ်ခြင်းသာဖြစ်နေမည်ဆိုပါက ပုံရိပ်ယောင် ကမ္ဘာသည် လိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီနေမည် ဖြစ်သည်။

သို့ရာ၌ လူငယ်လေး၏ စကားကို ကြားလိုက်ရသောအခါတွင် ကျိုးရှုယွင်သည် ထိုလူငယ်လေးကို ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ရန်သူက မင်းကို ပုံရိပ်ယောင် ကမ္ဘာထဲမှာ တိုက်ခိုက်မှာလား? “

၎င်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အဆိုပါ လူငယ်လေးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ကျိုးရှုယွင်သည် အောက်ဘက်ရှိ လူအုပ်ကြီးကို ပြန်ကြည့်လာကာ အခိုင်အမာ ပြောဆိုလာခဲ့သည် “ မင်းတို့တွေရဲံ အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေက ကောလိပ်စာမေးပွဲ မတိုင်ခင်မှာ ဒါကို ပြောပြထားခဲ့ပြီးပြီလို့ ငါထင်တယ် “

“ သိုင်းပညာ တက္ကသိုလ်က ကျောင်းမဟုတ်ဘူး “

“ တကယ်လို့ မင်းတို့တွေက သာမန်တက္ကသိုလ်တစ်ခုမှာ သာမန် တက္ကသိုလ် ကျောင်းသူကျောင်းသားတစ်ယောက်လို နေချင်တယ်ဆိုရင်တော့၊ အခုချက်ချင်း ထွက်သွားလို့ရတယ် “

“ တစ်ချို့လူတွေက ဒီစကားတွေကို နားမလည်ဘဲ ရက်စက်လွန်းတယ်လို့ ထင်နေကြတာကို ဆရာနားလည်ပါတယ် “

“ ဒါပင်မဲ့ သိုင်းပညာ တက္ကသိုလ်ဆိုတာက တကယ်ကို အရမ်းရက်စက်ပါတယ်၊ ‌နောင်အနာဂတ်မှာ မင်းတို့ရင်ဆိုင်ရမဲ့ဟာတွေက ဒီထပ်ပိုပြီးတော့တောင် ရက်စက်ကြမ်းတမ်းတယ်။ တကယ်လို့ အဲ့တာကို တောင့်မခံနိုင်ဘူးဆိုရင် အခုချက်ချင်း ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကနေ ထွက်သွားလို့ရတယ် “

သူ၏စကားများ ပြီးဆုံးသွားသည်နှင့်အတူ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

မည်သူကမှ မထွက်သွားခဲ့ပေ။

ကျိုးရှုယွင်၏ မျက်လုံးများသည် လူတိုင်းအပေါ်သို့ ကျရောက်နေခဲ့ပြီး၊ လေးနက်စွာ ပြောဆိုလာခဲ့သည် “ ငါက မင်းတို့ကို ကြောက်အောင် ခြောက်နေတာ မဟုတ်ဘူး။ သိုင်းပညာ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ရင်ဆိုင်ရမဲ့ဟာတွေက မင်းတို့တွေးထားတာတွေထပ် အများကြီး ပိုဆိုးတယ် “

“ မင်းတို့တွေထဲက လူတစ်ချို့က ပထမအဆင့် သိုင်းပညာရှင်တွေတောင် ဖြစ်နေကြပြီ၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ် “

“ ဒါက မင်းတို့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ။ တကယ်လို့ ဒီမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်၊ နောင်အနာဂတ်မှာ လုံးဝ နောက်ပြန်လှည့်လို့ရမှာ မဟုတ်ဘူး “

“ နောက်ဆုံးအနေနဲ့ မေးမယ်၊ ထွက်သွားချင်တဲ့လူ ရှိလား? “

သို့တိုင် မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။

ဤနေရာတွင် ရှိနေကြသည့် လူအားလုံးသည် ကိုယ်ပိုင်မာနများဖြင့် ပါရမီရှင်များဖြစ်ကြသည်။

နောက်ဆုတ်ရန် ရွေးချယ်လိုက်မည်ဆိုပါက အားလုံး၏ ရယ်မောခြင်းကို ဖိတ်ခေါ်မိသွားမည် ဖြစ်သည်။

…

ကျိုးရှုယွင်သည် ဤမြင်ကွင်းကို စူးစမ်းနေခဲ့ပြီး၊ တိတ်တဆိတ် ခေါင်းငြိမ့်ကာ ဆက်ပြောလာခဲ့သည် “ အရမ်းကောင်းတယ်၊ တစ်ယောက်မှ မထွက်သွားတာကြောင့် မင်းတို့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပြီးပြီလို့ ယူဆတယ် “

“ လုပ်ထုံးလုပ်နည်းတွေ အကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဒီအဘိုးကြီးက အများကြီး ပြောမနေတော့ဘူး။ အကဲဖြတ်မှုကို အောင်မြင်သွားရင် လူသစ်တွေကို သက်ဆိုင်ရာ ဌာနတွေဆီ ပို့ပေးမယ် “

“ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာ ဌာနပေါင်း ၃၃ခုရှိတယ်၊ အဓိက ဘာသာရပ်ကတော့ လေးခုရှိတယ် “

“ နတ်သိုင်းဌာန၊ အစစ်အမှန် သိုင်းပညာဌာန၊ သားရဲထိန်းချုပ်ဌာနနဲ့ အထူးပြုဌာနတွေပဲ “

ပြောနေရင်းဖြင့် ကျိုးရှုယွင်၏ အသံသည် ပို၍ ကျယ်လောင်လာခဲ့သည် “ သားရဲထိန်းချုပ်ဌာနက သားရဲထိန်းချုပ်မှုနဲ့ သက်ဆိုင်တဲ့ စွမ်းရည်ပိုင်ရှင်တွေကိုပဲ ခေါ်တယ်။ အထူးပြုဌာနကတော့ ရှားပါးပြီး ထူးခြားတဲ့ စွမ်းရည်ပိုင်ရှင်တွေကို ခေါ်တယ် “

နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနတွေကတော့ ………… “

ကျိုးရှုယွင်သည် သူ့ဘေးနားရှိ လူများကို လှည့်ကြည့်လိုက်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဖြူဖတ်ဖြူရော် မျက်နှာဖြင့် လူကြီးတစ်ဦးသည် ရှေ့သို့ထွက်လာခဲ့သည်။

“ ဆရာက နတ်သိုင်းဌာနရဲ့ ဒုဌာနမှူး၊ ကျောင်းခုန်းစုန့်ပါ “

“ နတ်သိုင်းဌာနက ရန်ပြည်ထောင်မှာ အကြီးဆုံးနှင့် တစ်ခုတည်းရှိတဲ့ ရှေးရိုးစွဲ တိုက်ခိုက်ရေးဌာနပါ။ အားလုံးကို ကြိုဆိုပါတယ် “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏မူလနေရာသို့ ပြန်သွားခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် လျူချင်းယွမ် ရှေ့ထွက်လာခဲ့ပြီး၊ ကျယ်လောင်စွာ ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာန၊ လျူချင်းယွမ် “

“ အစစ်အမှန် သိုင်းပညာဌာနက ထိပ်တန်း အဆင့် ပါရမီရှင်တွေကိုပဲ ခေါ်ပါတယ်။ တကယ်လို့ လာမဲ့ အကဲဖြတ်မှုမှာ မင်းတို့ရဲ့ စွမ်းဆောင်မှုတွေက ကျေနပ်စရာ မကောင်းဘူးဆိုရင်၊ အစစ်အမှန် သိုင်းပညာဌာနက မင်းတို့ကို လက်ခံမှာ မဟုတ်ဘူး “

ထို့နောက်တွင် သူသည်လည်း သူ၏မူလနေရာဆီသို့ ပြန်သွားတော့သည်။

သူသည်၏ မိတ်ဆက်မှုသည် နတ်သိုင်းဌာနမှ ဒုဌာနမှူးထပ် ပိုတိုနေခဲ့ပြီး၊ အစစ်အမှန် သိုင်းပညာဌာနအကြောင်းကို လုံးဝ မိတ်မဆက်ပေးလုနီးပါး ဖြစ်နေခဲ့သည်။

အောက်ဘက်ရှိ ကျောင်းသားကျောင်းသူအားလုံး အနည်းငယ် တုန်လှုပ်သွားကြသည်။

“ ရန်ပြည်ထောင်ရဲ့ အလျှို့ဝှက်ဆုံး အစစ်အမှန် သိုင်းပညာဌာန၊ အထဲမှာ စိတ်ကူးလို့တောင်မရတဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတယ်လို့ ပြောကြတယ် “

“ ငါက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကို လျှောက်ခဲ့တာက အစစ်အမှန် သိုင်းပညာဌာနကြောင့်ပဲလေ “

“ ငါက အစစ်အမှန် သိုင်းပညာဌာနထဲကို ရောက်ကိုရောက်ရမယ် “

လူသစ် အများအပြား၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အများစုသည် အတွင်းမြို့တော်မှ မိသားစုကြီး၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြပြီး၊ အစစ်အမှန် သိုင်းပညာဌာနနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက် တစ်ချို့ကို ကြားဖူးထားကြသည်။

ထို့ကြောင့်သာလျှင် သူတို့သည် ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လွန်းလှသော နေရာထဲသို့ ဝင်ကြရန် အလွန်စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။

လူတစ်ချို့သည် အဆိုပါဌာနကြောင့်ပင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာကြခြင်း ဖြစ်သည်။

လူအုပ်ထဲရှိ ရှုကျိုးမှာလည်း စိတ်ဆုံးဖြတ်ထားခဲ့ပြီ ဖြစ်သည်။

“ အစစ်အမှန် သိုင်းပညာဌာန ………. “ ဟုသူ၏စိတ်ထဲတွင် ရေရွတ်နေခဲ့သည်။

ထိုနေရာသို့ သွားချင်သည်ဟု သူဆုံးဖြတ်ထားသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။

…

စင်ပေါ်ရှိ ကျိုးရှုယွင်သည် ဆွေးနွေးပြောဆိုနေကြသည့် လူငယ်လေးများကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။

ရင်ပြင်တစ်ခုလုံး ထပ်မံ၍ ငြိမ်သက်သွားသည့်အချိန်တွင် ကျိုးရှုယွင်မှ ဆက်လက်၍ ပြောဆိုလာခဲ့သည် “ လိုအပ်တဲ့ အရာအကုန်လုံးကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီးပြီ ဖြစ်တယ် “

“ မင်းတို့တွေက ဘယ်ဌာနကိုပဲ သွားချင်နေပါစေ၊ အဲ့တာက အကဲဖြတ်မှုရလဒ်တွေ အပေါ်မှာ မူတည်နေတယ် “

“ အကဲဖြတ်မှု မတိုင်ခင်မှာ မင်းတို့အားလုံးကို သတိပေးရမယ်၊ အခန်းတစ်ခန်းချင်းစီတိုင်းမှာ ရှိနေတဲ့ လူနှစ်ယောက်က တူညီတဲ့ အသင်းတစ်ခုရဲ့ အဖွဲ့သားတွေပဲ “

“ မင်းတို့ အသင်းဖော်ရဲ့ စွမ်းအားက ဘယ်လိုပဲ ရှိနေပါစေ၊ လာမဲ့ အကဲဖြတ်မှု စာမေးပွဲမှာ၊ သူတို့က မင်းတို့ရဲ့ သေခြင်းရှင်ခြင်း ရဲဘော်ရဲဘက်တွေ ဖြစ်လာလိမ့်မယ် “

“ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မင်းတို့က မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ် “

သူ၏စကားလုံးများ ကျဆင်းလာခဲ့သည်နှင့်တစ်ပြိုင်နက် လူအများစုသည် တိတ်တဆိတ် မျက်မှောင်ကြုတ်သွားကြသည်။

၎င်းမှာ လူအများစုက မှန်းဆထားခဲ့ပြီးသော အရာတစ်ခုဖြစ်သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထဲသို့ ရောက်လာကြသည့် လူများထဲတွင် ဉာဏ်တိမ်သည့်လူ မပါသောကြောင့် သူတို့သည် ကျောင်း၏ ရည်ရွယ်ချက်ကို မြင်နေနိုင်ခဲ့သည်။

သို့သော် သေခြင်းရှင်ခြင်း ရဲဘော်ရဲဘက်ဆိုသည်ကား ………

လူအများအပြားသည် ၎င်းကို နားမလည်နိုင် ဖြစ်နေကြသည်။

သို့သော် ကျိုးရှုယွင်သည် မည်သို့မျှ မရှင်းပြလာခဲ့ဘဲ လက်ဝေ့ယမ်းပြ၍ ပြောလာခဲ့သည် “ အကဲဖြတ်မှုကို စကြစို့ “

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်

ဝုန်းးးးး !!!!

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ကာ မြေပြင်တစ်ခုလုံး လှုပ်ရမ်းသွားခဲ့ပြီး၊ ကြီးမားသော နံရံကြီးများသည် ဘက်ပေါင်းစုံမှ တစ်ခုပြီးတစ်ခု မြင့်တက်လာခဲ့သည်။

မြင့်မားသော သံမဏိ နံရံများသည် ရင်ပြင်ကို မီတာထောင်နှင့်ချီ၍ အချင်းရှိသည့် အလုံပိတ် အခန်းတစ်ခုအဖြစ် ဝိုင်းရံလာခဲ့သည်။

ရှုကျိုးအပါအဝင် လူသစ်အားလုံးသည် အဆိုပါ မြင်ကွင်းကို အံ့ဩတကြီးဖြင့် ကြည့်နေခဲ့ကြသည်။

ထိုစဥ် သူတို့သည် ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။

ဌာနဆိုင်ရာ အကဲဖြတ်မှုဆိုတာက ဘာကြီးလဲဟ?

“ ဝှစ် ဝှစ် ဝှစ် !!! “

ထိုအချိန်၌ ရင်ပြင်ထဲတွင် ပုံရိပ် အများအပြား ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုးသည် ၎င်းတို့ကို အာရုံစိုက် ကြည့်ရှုနေခဲ့သည်၊ အဲ့ဟာတွေက ……

ဇီဝစက်ရုပ်တွေနဲ့ နည်းနည်း တူနေသလိုပဲ။

“ ဒီအကဲဖြတ်မှုအတွက် ငါတို့က ဇီဝစက်ရုပ် ၆၀၀ကို ပြင်ဆင်ပေးထားတယ် “

ကျိုးရှုယွင်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ အဲ့ဒီစက်ရုပ်တွေရဲ့ တိုက်ခိုက်ရေး စွမ်းအားက Sအဆင့် စွမ်းရည်ရှိတဲ့ အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင်တွေနဲ့ ညီမျှတယ် “

“ မင်းတို့က သူတို့ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို တစ်နာရီကြာ တောင့်ခံနိုင်သရွေ့တော့ အကဲဖြတ်မှုကို အောင်မြင်လိမ့်မယ် “

လူအများစု၏ အမူအရာများ ပြောင်းလဲသွားတော့သည်။

Sအဆင့် စွမ်းရည်ရှိတဲ့ အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင်လား?

ပြီးတော့ အယောက် ၆၀၀တောင်ပေါ့ !!!

ငါတို့အားလုံးပေါင်းမှ လူသုံးရာပဲ ရှိတာလေ။

………………………………………………………………………………………………………………………..

All Chapters