အထက် ကောင်းကင်ဘုံသို့ ခရီးနှင်ခြင်း၊ မိုးရွာသောညတွင် ဉာဏ်အလင်းပွင့်ခြင်း (၄)
Vol. 12 Ch. 167
~နင်ချီသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှိုက်ထုတ်လိုက်ပြီး... တုံ့ဆိုင်းခြင်းမရှိဘဲ အောက်ဘက်သို့ ဆက်လက်ငုပ်လျှိုးဆင်းသက်သွားခဲ့သည်။
...ဒီအောက်မှာ ဘယ်လို လျှို့ဝှက်ချက်တွေပဲ ရှိနေနေ... အခုလက်ရှိ သူ့အဆင့်နဲ့တော့ လှမ်းယူလို့ မမီသေးတာ အသေအချာပဲ...။
...ဒါကြောင့်... ဝေးဝေးနေတာကပဲ အကောင်းဆုံး ဖြစ်လိမ့်မည်။
သူသည် လာလမ်းအတိုင်း ပြန်လှည့်လာခဲ့၏။
နင်ချီသည် တောင်ထိပ်တစ်ခုပေါ်သို့ ပြန်လည် ကျရောက်လာခဲ့သည်။
သူ အနည်းငယ်တော့ နှမြောမိသွားသည်။
ဒီတစ်ခေါက် ကောင်းကင်ဘုံကို တက်လာရသည့် ခရီးစဉ်က 'ကောင်းကင်မိုးကြိုး ဓားမ'၏ လျှို့ဝှက်ချက်တွေကို အပြည့်အဝ နားလည်သွားစေဖို့ မဖြစ်နိုင်ခဲ့...။ မိုးရွာသည့် နေ့တစ်နေ့ကို သူ စောင့်ရဦးမည် ဖြစ်သည်။
သူ 'အစစ်အမှန်သိုင်းတောင်' ကို ပြန်ဖို့ပဲ စဉ်းစားလိုက်တော့၏။
သို့သော်... သူ၏ စိတ်အာရုံက တစ်စုံတစ်ခုကို ထူးခြားစွာ ခံစားမိလိုက်သည်။
နင်ချီ မော့ကြည့်လိုက်၏။ ညကောင်းကင်ထက်တွင် တိမ်တိုက်များ စုစည်းလာနေသည်ကို တွေ့လိုက်ရသည်။
စွမ်းအင်လှိုင်းများက လှိုက်ခတ်နေ၏။
“ဂျိန်း…”
“ဂျိန်း….”
ခဏအကြာတွင်တော့ မိုးခြိမ်းသံကြီးက ဟိန်းထွက်လာပြီး ကောင်းကင်ကို တုန်ခါစေလျက်... မိုးစက်မိုးပေါက်များ သဲသဲမဲမဲ ရွာချလာတော့သည်။
သူ့ရင်ထဲမှာ ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
...ဒါ... ငါ ခုနက ကောင်းကင်ဘုံထဲ ဝင်မွှေခဲ့လို့များ ဖြစ်သွားတာလား...။
...ဒါပေမဲ့... မဖြစ်နိုင်လောက်ပါဘူးလေ...။
တစ်မျိုး ပြောရလျှင်တော့... ဒါဟာ အမှောင်ထဲမှာ ငွေရောင်အနားသတ်လေး လာတွေ့ရတာနှင့် တူနေသည်။
အခြေအနေက သူ့ဘက် ပါလာသည့်အတွက် နင်ချီသည် တခြားအတွေးများကို ဘေးဖယ်ထားလိုက်၏။
တောင်ထိပ်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး... 'ကောင်းကင်မိုးကြိုး ဓားမ' ကို သူ၏ ပေါင်ပေါ်
တင်ထားလိုက်သည်။ မျက်လုံးများကို မှိတ်ထားလျက်... ဉာဏ်အလင်းရရန် လေးလေးနက်နက် စတင် ကြိုးစားတော့သည်။
...ဒီလို ကြုံတောင့်ကြုံခဲ အခွင့်အရေးမျိုးကိုတော့ လက်လွတ်ခံလို့ မဖြစ်ဘူးလေ...။
“ဂျုန်း…”
မျက်စိကျိန်းမတတ် လင်းလက်သော မိုးကြိုးတစ်ချက်က ညကောင်းကင်ကို ဖြတ်သန်းသွားပြီး တောင်ထိပ်ကို တည့်တည့် ပစ်ခတ်လိုက်ရာ... ကျောက်တုံးများ ကြေမွသွားပြီး တောင်ကြီးတစ်ခုလုံး တုန်ခါသွား၏။
ထို့နောက်... အလားတူ လင်းလက်သော နောက်ထပ် မိုးကြိုးတစ်ချက်က... နင်ချီ၏ ခန္ဓာကိုယ်ကို တည့်တည့် ပစ်ခွင်းသည်။
...သို့သော်... သူ ကောင်းကင်ဘုံအထက်မှာ ခံခဲ့ရသည့် မိုးကြိုးတွေနှင့် ယှဉ်လိုက်လျှင်... ယခုဟာက "နူးညံ့" နေသေးသည် ဆိုရမည်...။
နင်ချီ၏ အရေပြားပေါ်တွင် စိမ်းပြာရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး... ထိုမိုးကြိုးကို လွယ်လွယ်ကူကူပင် တားဆီးထားလိုက်သည်။ လျှပ်စီးတန်း အမျှင်တန်းလေးများသာ သူ၏ ကိုယ်ပေါ်တွင် ဆက်လက် ဖြတ်ပြေး လက်ကစားနေ၏။
သူ့ပေါင်ပေါ်က 'ကောင်းကင်မိုးကြိုး ဓားမ' ကတော့ တုန်ခါနေပြီး... ထူးခြားသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေလေသည်။
မိုးကြိုးတန်းများက သူ့ထံသို့ ဆွဲငင်ခံနေရ၏။ နင်ချီက ထိုအရာများကို တမင်တကာ လမ်းကြောင်းပေးနေခြင်း မရှိဘဲ... သူ့ကို ဝင်ပစ်စေရန် လွှတ်ထားလိုက်သည်။ ဒီလောက်အဆင့်လောက်ကတော့ သူ အပြည့်အဝ ခံနိုင်ရည်ရှိသည်။
...ဒါက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရတာ ကြိုက်လို့တော့ မဟုတ်ဘူး...။ 'ကောင်းကင်မိုးကြိုး ဓားမ' ရဲ့ ပြောင်းလဲမှုတွေကို ပိုပြီး တိုက်ရိုက်ကျကျ ခံစားသိရှိနိုင်ဖို့သက်သက်သာ ဖြစ်တယ်...။
နင်ချီ၏ စိတ်ထဲသို့ ဉာဏ်အလင်းရောင်ခြည်များက ရေတံခွန် တစ်ခုအလား ဒလဟော စီးဝင်လာပြီး... အတွေးသစ်များ အဆက်မပြတ် ပေါ်ထွက်လာသည်။
"စိမ်းပြာ နက်နဲ ချပ်ဝတ်ရဲ့ ကာကွယ်ရေးစွမ်းရည်က သူ့ရဲ့ သီးသန့်ပစ္စည်းကြောင့်ပဲ။ ဒီအတိုင်းပဲ... 'ကောင်းကင်မိုးကြိုး ဓားမ' က မိုးကြိုးတွေကို ဆွဲငင်နိုင်တာလည်း သူ့ရဲ့ ပစ္စည်းကြောင့်ပဲ။ မိုးခြိမ်းတဲ့ ရာသီဥတုမှာဆို ဒါက ပိုပြီး သိသာထင်ရှားလာတယ်..."
"...'ကောင်းကင်မိုးကြိုး ဓားမ' ရဲ့ ပစ္စည်းက မိုးကြိုးနဲ့တွေ့တဲ့အခါ 'ယူနစ်' အသေးစားလေးတွေအဖြစ် ပြောင်းလဲသွားတယ်။ ဒါကို 'ချီမင် အခင်းအကျင်း' လို့ သတ်မှတ်လို့ရပြီး... အချင်းချင်း ဆက်စပ်နေကြတယ်။ ဒါကပဲ သူ့ရဲ့ မိုးကြိုးဆွဲငင်နိုင်စွမ်းရဲ့ အနှစ်သာရပဲ..."
"...ငါသာ ဒီ 'ယူနစ်' တွေကို 'ချီစွမ်းအင်'နဲ့ တုပပြီး ဖန်တီးနိုင်ခဲ့ရင်... အတူတူ အကျိုးသက်ရောက်မှု ရနိုင်ရမယ်။ ဒါ့ထက်တောင် ပိုပြီး... မိုးကြိုးကို ဆွဲငင်၊ ချဲ့ထွင်၊ ထိန်းချုပ်နိုင်လိမ့်မယ်...။ ဒီစွမ်းအားကို သိုင်းပညာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ အခင်းအကျင်း၊လက်နက်သွန်းလုပ်ခြင်း၊ ဆေးဖော်ခြင်း... နေရာတိုင်းမှာ သုံးလို့ရနိုင်တယ်..."
နင်ချီသည် 'ကောင်းကင်မိုးကြိုး ဓားမ' နှင့် ဝင်ရောက်လာသော မိုးကြိုးများ၏ ပြောင်းလဲမှုများကို အဆက်မပြတ် ခံစားနားလည်နေ၏။
တစ်ချိန်တည်းမှာပင်...
သူ၏ 'ကျောက်စိမ်းအရည် ပင်လယ်' က တုန်ခါသွားသည်။ 'ချီစွမ်းအင်' စီးကြောင်းများ လှည့်ပတ် စုစည်းလာ၏။ နင်ချီသည် သူ၏ ခန္ဓာကိုယ်ကို စမ်းသပ်ကွင်းအဖြစ် အသုံးပြုလျက်... 'ကောင်းကင်မိုးကြိုး ဓားမ' ၏ ထူးခြားသော အရည်အသွေးများကို ပုံတူကူးချရန် ကြိုးစားနေသည်။
သူ အလိုလို သိနေသည်။ ဒီတစ်ခါတော့ အကြီးအကျယ် အမြတ်ထွက်တော့မည်။ ဒီလျှို့ဝှက်သိုင်းနည်းစနစ်သာ အောင်မြင်သွားလျှင် ကဏ္ဍများစွာကို အကျိုးပြုနိုင်လိမ့်မည်။
အချိန်မည်မျှ ကြာသွားသည်မသိ...
“ဂျိမ်း..”
နောက်ထပ် မိုးကြိုးတစ်ချက် ပစ်ခတ်လာသည်။
နင်ချီ မျက်လုံးဖွင့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။
သူသည် 'ကောင်းကင်မိုးကြိုး ဓားမ' ၏ အစွမ်းကို 'ချီစွမ်းအင်' ဖြင့် အတင်း ဖိနှိပ်ထားလိုက်၏။ ဆိုလိုသည်မှာ... ယခုလေးတင် ပစ်ခတ်သွားသော မိုးကြိုးသည် သူ၏ 'ချီစွမ်းအင်' တုပမှုက ဆွဲငင်လိုက်ခြင်း ဖြစ်သည်။
အောင်မြင်သွားပြီ..။
ကျန်တာကတော့ ပိုကောင်းအောင် ပိုမို ပြုပြင်မွမ်းမံဖို့ပဲ ဖြစ်သည်။
"ဒီသိုင်းနည်းစနစ်က ကောင်းကင်က မိုးကြိုးကို ဆွဲငင်နိုင်စွမ်း ရှိတယ်... သူ့ကို 'ကောင်းကင်မိုးကြိုး သိုင်းနည်းစနစ်' လို့ နာမည်ပေးရမယ်။"
'ကောင်းကင်မိုးကြိုး သိုင်းနည်းစနစ်' ကို နေရာများစွာတွင် အသုံးချနိုင်၏။
နင်ချီ စမ်းကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။
သူသည် လေဟာနယ်ထဲတွင် မားမားမတ်မတ် ရပ်လိုက်၏။
'ချီစွမ်းအင်' များ လည်ပတ်သွားသည်။
သူ 'ကောင်းကင်မိုးကြိုး ဓားမ' ကို ဆုပ်ကိုင်ထားသည်။
'ချီစွမ်းအင်' နှင့် ဓားမတို့ တစ်ပြိုင်နက်တည်း တုန်ခါသွားသည်။
ထူးခြားသော ကြိမ်နှုန်း တစ်ခု ဖြစ်ပေါ်လာ၏။
ကောင်းကင်မှ မိုးကြိုးလှိုင်းလုံးကြီး တစ်ခုကို ဆွဲငင်လိုက်သည်။
အရင်ကထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဒီတစ်ခါတော့ နင်ချီက တမင်တကာ ထိန်းချုပ်ထား၏။
မိုးကြိုးက သူ့ကို ဝင်မတိုက်တော့။
ထိုအစား... လေထဲမှာပင် ထိန်းချုပ်နိုင်သော မိုးကြိုးစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
နင်ချီ ဓားမကို လွှဲယမ်းလိုက်၏။
မိုးကြိုးနဂါး ဓားချီက ကြောက်မက်ဖွယ် ဟိန်းဟောက် ထွက်ပေါ်လာသည်။
မိုးကြိုးစွမ်းအင်နှင့် ဓားချီတို့ ပေါင်းစပ်သွားသောအခါ...
...တောင်တစ်လုံးလုံး မြူမှုန်အဖြစ် ကြေမွသွားတော့သည်။
ညကောင်းကင် မိုးကြိုးများအောက်တွင်ပင် ထိုမြင်ကွင်းက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။
နင်ချီ အလွန်အမင်း ကျေနပ်သွားသည်။
ဒါက 'ကောင်းကင်မိုးကြိုး သိုင်းနည်းစနစ်' ၏ သိုင်းပညာ အသုံးချမှု တစ်ခုမျှသာ ရှိသေးသည်။
သူ၏ ကြိုးစားအားထုတ်မှုတွေ အလဟဿ မဖြစ်ခဲ့ပါချေ။
နင်ချီသည် 'ကောင်းကင်မိုးကြိုး ဓားမ' ကို သိမ်းဆည်းလိုက်သည်။ သူ၏ စိတ်အာရုံက တစ်စုံတစ်ခုကို ခံစားမိလိုက်၏။
အဝေး တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
မျက်ခုံးတစ်ချက် ပင့်သွားပြီးနောက်... နင်ချီ..ထိုနေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။
ခဏအကြာ...
အရိပ်နှစ်ခုက လေထဲမှ ပျံသန်းလာပြီး နင်ချီ ရပ်နေခဲ့ဖူးသော တောင်ထိပ်ပေါ်သို့ ဆင်းသက်လာသည်။ သေချာကြည့်လိုက်လျှင်... ထိုသူတို့မှာ လှံရှည်ကိုယ်စီကိုင်ဆောင်ထားသော အမြွှာညီအစ်မ နှစ်ယောက် ဖြစ်နေသည်ကို အံ့ဩဖွယ် တွေ့ရ၏။
နှစ်ဦးစလုံးမှာ မျက်နှာဝိုင်းဝိုင်း၊ နူးညံ့သော ရုပ်ရည်နှင့် အလွန် ငယ်ရွယ်ပုံပေါက်သည်။ သို့သော်... သူတို့၏ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျင့်ကြံမှု အဆင့်က သူတို့၏ တကယ့်အသက်မှာ ထင်သလောက် မငယ်တော့ကြောင်း ဖော်ပြနေလေသည်။
ထိုအချိန်တွင်...
သူတို့ ညီအစ်မ နှစ်ယောက်လုံး၏ မျက်နှာများတွင် အံ့အားသင့်မှုများ အပြည့်ဖြစ်နေ၏။ မြူမှုန်အဖြစ် ကြေမွသွားသော တောင်ကုန်းကို ကြည့်ရင်း... အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားကြသည်။
"ငါသာ 'မိုးကြိုးတုန်ဟီး ဓားမအရှင်' က ဒီနေရာကို ရောက်မလာနိုင်ဘူးဆိုတာ မသိထားရင်... ဒါ သူ့လက်ချက်လို့ တကယ် ထင်မိမှာပဲ..."
ဟူ၍ အစ်မဖြစ်သူက တိုးတိုးလေး ရေရွတ်လိုက်၏။
ညီမဖြစ်သူက ခေါင်းခါသည်။
အစ်မဖြစ်သူက "မဟုတ်ဘူး... ဒီ နာမည်မသိတဲ့ ပုဂ္ဂိုလ်ကြီးက 'မိုးကြိုးတုန်ဟီး ဓားမအရှင်' ထက်တောင် ပိုပြီး အစွမ်းထက်တယ်..."ဟု
တအံ့တဩလေး ချီးကျူးလိုက်သည်။
"ဒါပေမဲ့... 'ကောင်းကင်ဘုံလူသား အဆင့်စာရင်း' မှာ မိုးကြိုးနဲ့ ဓားမလမ်းကြောင်းကို ကျွမ်းကျင်တဲ့ ဒုတိယမြောက် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ ပေါ်မလာပါဘူး..."
"လောကကြီးက ကျယ်ပြန့်လွန်းတယ်။ ပုန်းကွယ်နေတဲ့ ပညာရှင်တွေက ရေတွက်လို့တောင် မရဘူး။ မထင်မှတ်ဘဲ... ငါတို့ညီအစ်မက တစ်ယောက်နဲ့ လာတိုးနေပြီ...။ ဒါကို ကံကောင်းတယ် ပြောရမလား၊ ကံဆိုးတယ် ပြောရမလားတောင် မသိတော့ဘူး..."
ညီမဖြစ်သူက ဆက်ပြောသည်။
"တော်သေးတာပေါ့... အဲ့ဒီပုဂ္ဂိုလ်ကြီးက ထွက်သွားနှင့်လို့...။ မဟုတ်လို့ ငါတို့သာ သူ့ကို သွားစော်ကားမိရင်... ကိစ္စမလွယ်ဘူး။ ငါတို့ အစတည်းက ဒီကို မလာခဲ့သင့်ဘူး။ အစ်မရဲ့ စပ်စုတတ်တဲ့စိတ်က သိပ်များနေလို့ ဖြစ်တာ...။ ကိုယ့်တာဝန်ကို မမေ့နဲ့ နော်..."
အစ်မဖြစ်သူက လျှာထုတ်ပြလိုက်သည်။
"ငါက သာမန် မိုးကြိုး ပစ်တယ်ပဲ ထင်တာကိုး... ဘယ်သူက ဒီမှာ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဓားကျင့်နေမှန်း သိမှာလဲ..."
"သွားစို့... စပ်စုလို့လည်း ဝသွားပြီပဲ။ 'အစစ်အမှန်သိုင်းတောင်' ကို အမြန်သွားရအောင်။ မင်းသားက 'အစစ်အမှန်သိုင်းတောင်' ကို အတော် အလေးထားနေတာ။ ငါတို့ကိုတောင် အမြင့်ဆုံးအဆင့် လျှို့ဝှက်စာကို အထူးတလည် လာပို့ခိုင်းတယ်။ ...အထဲမှာ ဘာတွေ ပါလဲ မသိဘူး... တော်တော်တော့ ထူပုံပဲ နော်..."
ထိုအခါ ညီမဖြစ်သူက ချက်ချင်းပင် လေသံမာမာဖြင့် ဆူငေါက်လိုက်သည်။
"တော်စမ်း.. ...နင့်ရဲ့ အတွေးက အရမ်း အန္တရာယ်များတယ်.."
အစ်မဖြစ်သူက အမြန်တုန်တုန်ယင်ယင် ပြန်ပြောရသည်။
"ငါက... ငါက ဒီအတိုင်း စပ်စုမိတာပါ...။ မင်းသားရဲ့ ကျေးဇူးက တောင်လိုပုံနေတာ... ငါက ဘယ်လိုလုပ် မဆင်မခြင် လုပ်ရဲမှာလဲဟယ်..."
ညီမဖြစ်သူ၏ မျက်နှာထားက အနည်းငယ် ပြေလျော့သွား၏။
သူမ ဘာစကားမှ ထပ်မပြောတော့ပေ...။
ထို့နောက်တွင် သူမတို့ နှစ်ဦးသား လေဟာနယ်ကို ဖြတ်သန်းကာ 'အစစ်အမှန်သိုင်းတောင်' ရှိရာသို့ ဦးတည် ထွက်ခွာသွားကြတော့သည်။