မြို့စောင့်မြောက်ပိုင်းဘုရင်၏ လျှို့ဝှက်စာ နှင့် ဂိုဏ်းချုပ် ဆက်ခံသူ
Vol. 12 Ch. 168
~နောက်တစ်နေ့..အစစ်အမှန်သိုင်းတောင်၌၊
အမြွှာညီအစ်မသည် မကြာသေးမီကမှ ကျော်ကြားလာခဲ့သော ဤတောင်ပေါ်သို့ ခြေချလိုက်ကြ၏..။ သူတို့၏ စိတ်ထဲတွင် အနည်းငယ် လေးစားကြောက်ရွံ့သလို ခံစားနေရသည်..။
ဤတောင်သည် မူလက နာမည်မရှိခဲ့..။ သို့သော် လူများကြောင့်ပင် ထင်ရှားကျော်ကြားလာခဲ့ခြင်း ဖြစ်သည်..။
ဓားသမားများက စိတ်လှုပ်ရှားစွာဖြင့် တောင်တက်လာကြသည်ကို သူတို့ တွေ့မြင်လိုက်ရသည်..။ နောက်ဆုံးတွင် အစစ်အမှန်သိုင်း တပည့်များ၏ လမ်းညွှန်မှုဖြင့် နေရာတစ်ခုသို့ ရောက်သွားကြ၏..။
“အဲ့ဒါက ဒဏ္ဍာရီထဲက... အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် ပဲ...”
သူမတို့၏ စိတ်ဓာတ်များ တက်ကြွလာသည်..။ အဝေးမှ တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့် အတွင်းမှ လျှံတက်နေသော ဓားစိတ်ဆန္ဒကို ခံစားမိနိုင်၏..။ သူတို့သည် လှံသမားများ ဖြစ်ကြသော်လည်း... အခြေခံသဘောတရားချင်း တူညီသည်ကိုတော့ နားလည် သဘောပေါက်နိုင်ကြပါသည်...။
သူတို့ မြင်တွေ့လိုက်ရ၏..။ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်၏ တည်နေရာတွင် မြင့်မားသော စင်မြင့်များကို တည်ဆောက်ထားသည်မှာ ကြာပြီ ဖြစ်သည်..။ ၎င်းတို့သည် ဓားကျောက်စာတိုင်ကို ဗဟိုပြုလျက် အဆင့်ဆင့် မြင့်တက်သွား၏..။
ကျောတွင် ဓားရှည်လွယ်ထားသော ပုံရိပ်အချို့ကို မသဲမကွဲ မြင်နေရသည်..။
သူတို့ထဲမှ အချို့သည် မျက်မှောင်ကြုတ်ကာ အတန်ကြာ စဉ်းစား နေကြပြီး... အချို့မှာမူ အံ့ဩမှု အရိပ်အယောင်များ ယှက်သန်း ပြီး မျက်လုံးများ ပွင့်လာကြသည်..။ ထိုသူများထဲမှ အလွန်နည်းပါးသော လူအချို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက သူတို့ညီအစ်မနှစ်ဦးကိုပင် စိုးရိမ်ထိတ်လန့်စေသည်..။
သူမတို့ ခဏမျှ ရပ်တန့် ကြည့်ရှုမိကြသည်..။
ညီအစ်မနှစ်ယောက်သည် စိတ်ထဲတွင် အတော်ပင် လေးစားသွားကြရင်း... တောင်၏ ဂိတ်တံခါးမဆီသို့ လျှောက်လှမ်းခဲ့ကြ၏..။ သူမတို့၏ အထောက်အထားကို ပြသပြီးနောက်... ဂိတ်စောင့်တပည့်များက မပေါ့ဆရဲတော့ဘဲ သူမတို့ကို တာအိုဆရာလုံရှန်း ထံသို့ တိုက်ရိုက် ပို့ဆောင်ပေးလေသည်..။
ခဏအကြာ...။ အစစ်အမှန်သိုင်း ခန်းမဆောင်...။
ညီအစ်မနှစ်ယောက်က ယဉ်ကျေးစွာ ဂါရဝပြုလိုက်ကြသည်..။
“ကျွန်မတို့ ချန်ရှင်း နဲ့ ချန်ယွဲ့ ပါ...။ တာအို စစ်မှန်သူ လုံရှန်း ကို ဂါရဝပြုပါတယ်...။ ဒီတစ်ခေါက် ကျွန်မတို့ မင်းသားကြီးရဲ့ အမိန့်အရ လျှို့ဝှက်စာ တစ်စောင် လာရောက် ပို့ဆောင်ခြင်း ဖြစ်ပါတယ်...။ တာအို စစ်မှန်သူ ကြည့်ရှုပေးပါ...”
သူတို့သည် အလွန်တရာ ယဉ်ကျေးသိမ်မွေ့ကြသည်..။
ညီမဖြစ်သူ ချန်ရှင်းက စကားပြောရင်း... ရင်ဘတ်ထဲမှ လျှို့ဝှက်စာကို ထုတ်ယူကာ လေးလေးစားစား ကမ်းပေးလိုက်သည်..။
တာအိုဆရာလုံရှန်း၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရိပ်ခနဲ ဖြစ်ပေါ်လာသည်..။
...ညီအစ်မနှစ်ယောက်က သူမတို့၏ အရှိန်အဝါကို ဖုံးကွယ်မထားကြ..။ ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံမှုက အပြည့်အဝ ပေါ်လွင်နေသည်..။ ကောင်းကင်ဘုံလူသားနယ်ပယ် ပညာရှင်နှစ်ယောက်ကို စာတစ်စောင် ပို့ဆောင်ရန် အသုံးပြုလိုက်ခြင်းကပင် ဤစာ၏ အရေးကြီးပုံကို ဖော်ပြနေ၏..။
တာအိုဆရာလုံရှန်းက အလျင်အမြန် ဆိုလိုက်သည်..။
“မင်းတို့နှစ်ယောက် ခရီးဝေးကြီး လာရတာ ပင်ပန်းပါပြီ...။ ကျေးဇူးတင်ပါတယ်...။ မြို့စောင့်မြောက်ပိုင်းဘုရင်က တခြား ဘာများ ညွှန်ကြားလိုက်တာ ရှိပါသေးသလဲ...”
ချန်ယွဲ့က ပြုံးလျက် ဆိုသည်..။
“မင်းသားကြီးက... မင်းသားလေး လီလင် အတွက် တပည့်ဖြစ်ခွင့် လက်ဆောင်ကို ပြင်ဆင်ထားပါတယ်...။ မင်းသားကြီးက စံအိမ်တော်မှာ ရှိသမျှ တာအိုကျမ်းစာ စုစည်းမှု အားလုံးကို ပုံတူကူးပြီး ပို့ခိုင်းလိုက်ပါတယ်...။ ဒါပေမဲ့ အဲ့ဒါတွေက လမ်းမှာပဲ ရှိပါသေးတယ်...။ နောက် လဝက်လောက်ကြာရင် ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်...”
တာအိုဆရာလုံရှန်း၏ မျက်လုံးများ အရောင်တောက်သွား၏..။
...အရင်က မြို့စောင့်မြောက်ပိုင်းဘုရင်က လီလင် အတွက် တပည့်လက်ဆောင် ပြင်ဆင်ထားတယ် ပြောတုန်းက... သူ ဒါကို သိပ်ပြီး အလေးအနက် မထားခဲ့မိ...။ အခုတော့... ဒါက တကယ့်ကို မထင်မှတ်ထားတဲ့ အံ့ဩစရာကြီး ဖြစ်နေပါရောလား...။
မြို့စောင့်မြောက်ပိုင်းဘုရင်၏ စံအိမ်တော်သည် တာအို၏ မြင့်မြတ်ရာနေရာ မဟုတ်သည့်တိုင်... သူတို့ စုဆောင်းထားသော တာအိုကျမ်းစာများမှာ မဖြစ်မနေ ထည့်တွက်ရလောက်အောင် များပြားပေလိမ့်မည်..။ ဤ ပုံတူကူးထားသော ကျမ်းစာအစုံသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ကျမ်းစာဆောင်ကို အကြီးအကျယ် ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဖြစ်သည်..။
ထို့ထက် ပို၍... ဤအရာသည် သူ၏ နဝမတပည့် နင်ချီ အတွက် အလွန် အကျိုးရှိလှသည်..။ တာအိုဆရာလုံရှန်း သိသည်...။ ကိုးလေးသည် တာအိုကျမ်းစာများကို ဖတ်ရှုရသည်ကို အမြဲတမ်း နှစ်သက်လေ့ ရှိ၏..။
အရင်က 'အစစ်အမှန် နက်ရှိုင်းဂိုဏ်း' က ပို့ပေးခဲ့သည့် တာအိုကျမ်းစာတွေကို ကိုးလေးက အများကြီး ချေဖျက်ပြီး သွားပြီ..။ ဒီနှစ်တွေအတွင်း အစစ်အမှန်သိုင်း တပည့်တွေက ဆက်တိုက် စုဆောင်းနေပေမဲ့... အဲ့ဒီအရှိန်က ကိုးလေး၏ စုပ်ယူနိုင်စွမ်းအရှိန်ကို မမီနိုင်ပါပေ..။
အခု မြို့စောင့်မြောက်ပိုင်းဘုရင်၏ ကျမ်းစာများ ရောက်လာမည်ဆိုလျှင်... ဒါဟာ နင်ချီ ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကျမ်းစာများထဲတွင် ပြန်လည် နစ်မြုပ်စေနိုင်ရန် လုံလောက်ပေလိမ့်မည်..။
“မြို့စောင့်မြောက်ပိုင်းဘုရင်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်...”
တာအိုဆရာလုံရှန်းက ယဉ်ကျေးစကား ပြောမနေတော့ဘဲ ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်သည်..။
ထိုအခါ …
“နောက်ထပ်... တာအို စစ်မှန်သူကို အသိပေးစရာ တစ်ခု ရှိပါသေးတယ်...။ ကျွန်မတို့နှစ်ယောက်က နောက်ပိုင်း အစစ်အမှန်သိုင်းမြို့တော်မှာပဲ မင်းသားလေးကို ကာကွယ်ဖို့ နေထိုင်သွားမှာပါ...။ တာအို စစ်မှန်သူမှာ ကိစ္စတစ်ခုခု ရှိရင်... ကျွန်မတို့ကို အသိပေးနိုင်ပါတယ်...။ မင်းသားလေးမှာ လိုအပ်တာ တစ်ခုခု ရှိရင်လည်း... သူ ကျွန်မတို့ကို ပြောနိုင်ပါတယ်...”
ဟု ချန်ရှင်းက ထပ်ဖြည့်လိုက်၏..။
တာအိုဆရာလုံရှန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်..။
...ဒါက ကောင်းတဲ့ကိစ္စပဲ...။ ချန်ရှင်း နှင့် ချန်ယွဲ့ က လီလင်ကို ကာကွယ်သည် ဆိုတာ... တစ်နည်းအားဖြင့် အစစ်အမှန်သိုင်းဂိုဏ်းကို ကာကွယ်တာနှင့် အတူတူပါပဲ...။
အစစ်အမှန်သိုင်းဂိုဏ်းသာ အခက်အခဲများ ကြုံတွေ့လာခဲ့လျှင်... သူတို့က လုံးဝ လက်ပိုက်ကြည့်နေကြမည် မဟုတ်သည်မှာ သေချာသည်..။
တာအိုဆရာလုံရှန်းသည် မတ်တပ်ရပ်လိုက်ပြီး ပြောသည်..။
“မင်းတို့ စကားပြောလို့ ရအောင် လီလင်ကို တစ်ယောက်ယောက် လွှတ်ပြီး သွားခေါ်ခိုင်းလိုက်မယ်...”
သူ သိလိုက်သည်..။ ဤညီအစ်မနှစ်ယောက်မှာ လီလင် နှင့် သီးသန့် ပြောစရာ ကိစ္စရပ်များ ရှိနေလောက်မည်..။
ခဏအကြာတွင်... လီလင် ရောက်လာ၏..။
သူသည် ပထမဦးစွာ သူ၏ဆရာကို ရိုသေစွာ နှုတ်ဆက်လိုက်သည်..။ ထို့နောက် သူ၏ မျက်လုံးများက အရောင်တောက်သွားပြီး... “အဒေါ်ရှင်း... အဒေါ်ယွဲ့...” ဟု လှမ်းခေါ်လိုက်သည်..။
တာအိုဆရာလုံရှန်းက အနည်းငယ် ပြုံးလိုက်ပြီး... လီလင် နှင့် ညီအစ်မနှစ်ယောက်အတွက် နေရာ ဖယ်ပေးလိုက်သည်..။ သူကိုယ်တိုင်ကတော့ မြို့စောင့်မြောက်ပိုင်းဘုရင်၏ လျှို့ဝှက်စာကို ယူကာ တာအိုရှာဖွေခြင်း ကျောင်းတော် ဆီသို့ ထွက်လာခဲ့သည်..။
နင်ချီသည် ကျင့်ကြံနေဆဲ ဖြစ်သည်..။ သွေးကျောက်စိမ်း ဆေးလုံး ၏ အထောက်အပံ့အောက်တွင်... ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် ကြိတ်ခဲကြီးသည်ပင် သွေးတစ်လွှာ ဖုံးလွှမ်းနေပုံ ပေါက်၏..။ ၎င်းက သူ၏ ကျင့်ကြံမှုအရှိန်ကို ထိရောက်စွာ တိုးမြှင့်ပေးနေသည်..။ ကျောက်စိမ်းအရည် ချီစွမ်းအင် အမျှင်တန်းများ ပိုမို သိပ်သည်းလာသည်နှင့်အမျှ... ကျောက်စိမ်းအရည် ပင်လယ် ထဲသို့ ပြန်လည် ပေါင်းစည်း ဝင်ရောက်သွားလေသည်..။
တာအိုဆရာလုံရှန်း ချဉ်းကပ်လာသည်ကို ခံစားမိသောအခါ... နင်ချီက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်..။ သူ့ပတ်ဝန်းကျင်မှ ဖိအားများက ရိပ်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွား၏..။
တာအိုဆရာလုံရှန်း၏ လက်ထဲမှ လျှို့ဝှက်စာကို မြင်သောအခါ... နင်ချီ၏ ရင်ထဲတွင် တစ်ချက် လှုပ်ခါသွားပြီး မနေနိုင်ဘဲ မေးလိုက်သည်..။
“ဆရာ... မြို့စောင့်မြောက်ပိုင်းဘုရင်က အကြောင်းပြန်လိုက်ပြီလား...”
တာအိုဆရာလုံရှန်းက ပြုံးလျက် ခေါင်းညိတ်ပြ၏..။
“ဟုတ်တယ်...။ ဒီတစ်ခေါက် သူ လျှို့ဝှက်စာကို ပို့ဖို့ ကောင်းကင်ဘုံလူသားနယ်ပယ် ပညာရှင်နှစ်ယောက်တောင် ထည့်လိုက်တယ်...။ ငါ ခန့်မှန်းရသလောက်တော့... သူ မင်းရဲ့ အချက်တွေကို သဘောတူလိုက်လောက်ပြီ...။ ယူ ကြည့်လိုက်...”
သူသည် လျှို့ဝှက်စာကို လှမ်းပေးလိုက်သည်..။
အစအဆုံး... သူကိုယ်တိုင် ဖွင့်ဖောက်ကြည့်ဖို့ စိတ်ကူး တစ်ချက်တောင် မဝင်ခဲ့..။ ...ဒါက မြို့စောင့်မြောက်ပိုင်းဘုရင် နှင့် သူ့တပည့်ကြားက အရောင်းအဝယ် ကိစ္စတစ်ခုပဲလေ...။ သူ သိချင်စိတ် ရှိသော်ငြားလည်း... ဝင်ရောက် စပ်စုရန် အစီအစဉ် မရှိခဲ့ပါ...။
နင်ချီသည် အသက်ပြင်းပြင်း ရှူလိုက်သည်..။ သူ လျှို့ဝှက်စာကို ဖွင့်လိုက်၏..။ အပေါ်ဆုံးတွင် ရွှေရောင် ပေလွှာတစ်ချပ် ရှိနေသည်..။
နင်ချီက ၎င်းကို စူးစိုက်ကြည့်လိုက်ရာ... သူ၏ မျက်ဝန်းများက အလိုလို ကျုံ့သွားသည်..။
တာအိုဆရာလုံရှန်းက စိတ်ဝင်တစား ဖြစ်သွား၏..။ ...သူ့တပည့် မျက်နှာပေါ်မှာ ဒီလို အမူအရာမျိုး တွေ့ရတာ ရှားပါးလှသည်...။
...အချိန်တိုင်းလိုလို...ကိုးလေးက ကောင်းကင်ကြီး ပြိုကျလာသည့်တိုင် မျက်နှာတစ်ချက် မပျက်လောက်အောင် အလွန်အမင်း တည်ငြိမ်နေသူ မဟုတ်ပါလား...။
တာအိုဆရာ လုံရှန်း သိလိုစိတ် ပြင်းပြနေစဉ်မှာပင်...။
နင်ချီက ထို ရွှေရောင် ပေလွှာကို သူ့လက်ထံ လှမ်းပေးလိုက်သည်..။
တာအိုဆရာလုံရှန်းလည်း မနေနိုင်ဘဲ ကြည့်လိုက်မိသည်..။
နောက်တစ်ခဏတွင်... သူ ကျောက်ဆစ်ရုပ် တစ်ရုပ်ပမာ တောင့်တင်းသွားပြီး... နေရာမှာပင် အေးခဲသွားတော့သည်..။ သူ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွား၏..။
မှတ်တမ်းတင်ထားသော အချက်အလက်က များများစားစား မဟုတ်..။
တိုတောင်းသော ဝါကျ တစ်ကြောင်းတည်းသာ...။
“ဒီလောကကြီးမှာ... သိုင်းသူတော်စင် သိုင်းနည်းစနစ် ဆိုတာ မရှိတော့ဘူး...။ သိုင်းသူတော်စင် အဆင့်ကို ရောက်ချင်ရင်... လမ်းသစ်တစ်ခုကို ကိုယ်တိုင် ထွင်းဖောက်ရလိမ့်မယ်...”
ကြောင်ငေးနေစဉ်မှာပင်..၊
တာအိုဆရာလုံရှန်း၏ လက်ထဲမှ ရွှေရောင် ပေလွှာသည် လေမတိုက်ဘဲ မီးလောင်ကျွမ်းလာသည်..။
မျက်စိတစ်မှိတ်အတွင်း... ၎င်းသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ်ထဲတွင် လွင့်ပြယ် ပျောက်ကွယ်သွားတော့သည်..။
ဆရာတပည့်နှစ်ယောက် မျက်နှာချင်းဆိုင် ကြည့်မိကြသည်..။ သူတို့၏ ရင်ထဲတွင် အမျိုးမျိုးသော တွေးခေါ်မှုများဖြင့် ပြည့်နှက်သွား၏..။
ဤ ရိုးရှင်းသော ဝါကျလေးက ကြီးမားသော သတင်းအချက်အလက်ကို သယ်ဆောင်ထားသည်..။ ပြီးတော့... မြို့စောင့်မြောက်ပိုင်းဘုရင်က ဒီလို ကိုယ်တိုင် မီးလောင် ပျက်စီးသွားသည့် ရွှေပေလွှာကို သုံးရလောက်အောင် သတိထားနေပုံ ထောက်လျှင်... ဒီသတင်းက လုံးဝ လျှို့ဝှက်ပြီး မပြန့်နှံ့စေရဘူးဆိုတာ ထင်ရှားသည်..။
စောစောက... နင်ချီက ချီစွမ်းအင် သုံးပြီး ရွှေပေလွှာ မီးလောင်တာကို ရပ်တန့်ဖို့ ကြိုးစားခဲ့သေးသော်လည်း... မအောင်မြင်ခဲ့ပါချေ..။