← Chapters

အခန်း (၁၉၀၁-၁၉၀၂)

Vol. 131 Ch. 1901-1902

အခန်း (၁၉၀၁-၁၉၀၂)

Vol. 131 Ch. 1901-1902

အဆတစ်ရာစနစ် စာစဥ်(၁၃၁)

အခန်း(၁၉၀၁)

ချင်းမင်ဓားကျမ်း၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်က တုန်လှုပ်ဖွယ်ရာ ကောင်းသော ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲကာ ကျဆင်းလာသော အချိန်တွင် လေထုထဲ၌ စိမ်းပြာရောင် မိုးကြိုးများနှင့် လျှပ်စီးများ ထွက်ပေါ်လာခဲ့သည်။

နေရောင်ခြည်ပင်လျှင် ထိုဓား၏ အရှိန်အဝါကြောင့် မှေးမှိန်သွားခဲ့၏။

“အစ်ကိုလုက ချင်းမင်ဓားကျမ်းရဲ့ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို အသုံးပြုလိုက်ပြီပဲ”

ထိုမြင်ကွင်းကို မြင်လျှင် ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်ကြသည်။

ချင်းမင်ဓားကျမ်းသည် ချင်းမင်ဓားဂိုဏ်း၏ အစွမ်းအထက်ဆုံးကျင့်စဥ် ဖြစ်ပြီး ချင်းမင်ဓားဂိုဏ်းကို တည်ထောင်သူက တီထွင်ခဲ့ခြင်း ဖြစ်သည်။

ယင်းက နတ်ဘုရင်တစ်ပိုင်းအဆင့် ကျင့်စဥ် ဖြစ်၍ စစ်မှန်သော နတ်ဘုရင်အဆင့် ကျင့်စဥ်များနှင့် နှိုင်းယှဥ်၍ မရသော်လည်း ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရား ကျင့်စဥ်များထက် များစွာ သာလွန်၏။

နတ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်စဥ်ကို ကျင့်ကြံလျှင် သာမန်လူများထက် ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာ့စွမ်းအားကို ပိုမို သိပ်သည်းစေရုံသာမက ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကိုလည်း ထုတ်ဖော်နိုင်မည် ဖြစ်သည်။

ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်သည် ပထမ‌ သိုင်းစွမ်းအားပုံရိပ်ထက် ၁၀ဆကျော် ပိုမို အားကောင်း၏။

ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည် လုချန်ချင်းက ချင်းမင်ဓားကျမ်း၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို အသုံးပြုကာ နယ်မြေနတ်ဘုရား တစ်ပါးအား အနိုင်ယူခဲ့သည်ကို မြင်တွေ့ခဲ့ဖူးသည်။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လုချန်ချင်းကို ချင်းမင်ဓားကျမ်း၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်အား အသုံးပြုရန် ဤမျှအထိ လျင်မြန်စွာ ဖိအားပေးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

“ဟားဟား ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်က မင်းတစ်ယောက်တည်း ထုတ်ဖော်နိုင်တာ မဟုတ်ဘူး”

ကျန်းချန်က လုချန်ချင်း၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

သူက ချက်ချင်းဆိုသလိုပင် ထိုက်စုအထွတ်အထိပ်နဂါးအသွင်ပြောင်းနည်းစနစ်ကို လှုံ့ဆော်လိုက်ရာ တောက်ပသော‌ ရွှေရောင်အလင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး သူ၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ကောင်းကင် နှင့် နေကိုပင် ဖုံးလွှမ်းနိုင်လောက်သော စာလိပ်တစ်ခု အဖြစ်သို့ စုစည်းသွားခဲ့သည်။

ထိုစာလိပ်ထဲတွင် ခမ်းနားသော နတ်နဂါးမြို့တော်ကို ရေးဆွဲထား၏။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ကိုပင် တုန်လှုပ်စေသော နဂါးဟိန်းသံသည် လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်က စာလိပ်ကို ထိန်းချုပ်ကာ လုချန်ချင်း၏ ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သော ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်း‌သော သိုင်းစွမ်းအားပုံရိပ် နှစ်ခုသည် ထိပ်တိုက် ဆုံတွေ့သွားကြပြီး လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

စာလိပ်၏ ရွှေရောင်အလင်းနှင့် ကမ္ဘာဖျက်ဓား၏ စိမ်းပြာရောင် အလင်းတို့ ရောယှက်သွားခဲ့ပြီး မိုင်ထောင်ပေါင်း များစွာ နေရာလွတ်ကို ဘာမှမကျန်ရှိတော့သည် အထိ ပြောင်းလဲသွားစေခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ချင်းမင်ဓားဂိုဏ်း၏ နတ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်စဥ်သည် စစ်မှန်သော နတ်ဘုရင်အဆင့် ကျင့်စဥ်ကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

သိုင်းစွမ်းအားပုံရိပ်နှစ်ခုက လေထုအလယ်တွင် ခဏမျှ ထိပ်တိုက် ရင်ဆိုင်ပြီးနောက်တွင် စိမ်းပြာရောင် ဓားအလင်းသည် စာလိပ်၏ ဖိနှိပ်မှုအောက်တွင် အဆုံးသတ်၌ အရောင်ဖျော့သွားခဲ့သည်။

အဆုံးသတ်တွင်မူ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကနေ ထုတ်ဖော်ထားသော စာလိပ်သည် စိမ်းပြာရောင် ဓားအလင်းကို လုံးဝ ချေမှုန်းပစ်လိုက်၏။

စိမ်းပြာရောင် ဓားအလင်း ပြိုကွဲသွားပြီးနောက်တွင် စာလိပ်၏ ရွှေရောင်အလင်းသည် လုချန်ချင်း ထံသို့ သက်ရောက်လာခဲ့ပြီး လုချန်ချင်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“အား..”

လုချန်ချင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း လေထုထဲကနေ မြေပြင်ထက်သို့ တစ်ဖန် ပြုတ်ကျလာခဲ့ကာ မီတာ၁၀၀၀ နက်သော တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ လုချန်ချင်းသာ သူ့ကိုယ်သူ ကာကွယ်ရန် ကောင်းကင်နတ်ဘုရား ကမ္ဘာကို အချိန်မီ မစုစည်းနိုင်ခဲ့လျှင် နတ်ဘုရား ခန္ဓာကိုယ်ဖြင့်ပင် ပြင်းထန်သော ထိခိုက်မှုကို ခံစားရလိမ့်မည် ဖြစ်၏။

ထိုမြင်ကွင်းကိုမြင်လျှင် ချင်းမင်ဓားဂိုဏ်းမှ တပည့်အားလုံးက မှင်တက်သွားခဲ့ကြသည်။

နတ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်စဥ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို စီနီယာအစ်ကို လုချန်ချင်းက ထုတ်‌ဖော်ခဲ့သော်လည်း အနက်‌ရောင်ဝတ်စုံဝတ် လူငယ်၏ ထပ်မံ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

“ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ပါလား.. မင်းကလည်း နတ်ဘုရင် တစ်ပိုင်း အဆင့် ကျင့်စဥ်ကို ကျင့်ကြံထားတယ်လား”

လုချန်ချင်းက မီတာ၁၀၀၀ အနက်ရှိသော တွင်းနက်ကြီးထဲကနေ ပြန်တက်လာပြီးနောက်တွင် ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်၍ ရေရွတ်လိုက်သည်။

အစောပိုင်းက သူ၏ ပထမမြောက် သိုင်းစွမ်းအားပုံရိပ်ကို ကျန်းချန်က ဖိနှိပ်ခဲ့သော်လည်း သူ သိပ်ဂရုမစိုက်ခဲ့ပေ။

အကြောင်းရင်းမှာ ချင်းမင်ဓားကျမ်း၏ ပထမမြောက် သိုင်းစွမ်းအား ပုံရိပ်သည် အလွန်အမင်း အစွမ်းမထက်သောကြောင့်ပင်။

ယင်းက ထိပ်တန်း နယ်မြေနတ်ဘုရားအဆင့် ကျင့်စဥ်များ၏ သိုင်းစွမ်းအားပုံရိပ် စွမ်းအားနှင့် အတူတူ နီးပါးလောက်ပင် ဖြစ်၏။

သို့သော်လည်း ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကမူ မတူတော့ပေ။

ချင်းမင်ဓားကျမ်း၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်သည် ပထမမြောက် သိုင်းစွမ်းအားပုံရိပ်ထက် ၁၀ဆ ပိုမို အစွမ်းထက်၏။

သို့ရာတွင် သူက ချင်းမင်ဓားကျမ်း၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်ပြီးသောအခါ ကျန်းချန်သည်လည်း ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်‌ဖော်ကာ သူ့ကို ထပ်မံ ဖိနှိပ်ခဲ့သည်။

သိထားရမည့်အချက်မှာ နယ်မြေနတ်ဘုရား အဆင့် ကျင့်စဥ်များသည် သိုင်းစွမ်းအားပုံရိပ် တစ်ခုသာလျှင် ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

ယင်းမှာ သူ့ရှေ့မှ ကောင်လေးသည် သူကဲ့သို့ပင် နတ်ဘုရင်တစ်ပိုင်းအဆင့် ကျင့်စဥ်ကို ကျင့်ကြံထားသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။

နတ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်စဥ်များကို မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှာပင် အင်အားစု လက်တစ်ဆုပ်မျှသာ ပိုင်ဆိုင်ထားကြသည်။

သူသိထားသလောက် ဆိုလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းမှ လွဲလျှင် နတ်ဘုရင်တစ်ပိုင်းအဆင့် ကျင့်စဥ် ရှိသော အင်အားစုမှာ သူတို့ ချင်းမင်ဓားဂိုဏ်းနှင့် တာအိုပုစ္ဆာဂိုဏ်းတို့သာ ရှိသည်။

ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ ဟန်ယွဲ့ဂိုဏ်းမှ ကောင်လေး ကျင့်ကြံထားသော ကျင့်စဥ်သည် နတ်ဘုရင်တစ်ပိုင်းအဆင့် ကျင့်စဥ် ဖြစ်နေသည်သာမက သူ၏ ချင်းမင်ဓားကျမ်းထက်ပင် ပိုမို အားကောင်းသည့် ကျင့်စဥ် ဖြစ်နေခြင်းကြောင့်ပင်။

“လုချန်ချင်း.. မင်းရဲ့ နတ်ဘုရင်တစ်ပိုင်းအဆင့် ကျင့်စဥ်လောက်နဲ့ ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ဖို့ အရည်အချင်း မရှိဘူးလို့ ငါအရင်ကတည်းက ပြောခဲ့သားပဲ”

စကားသံဆုံးသည်နှင့် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ကောင်းကင်ယံတွင် ခုနစ်စဥ်ကြယ်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ မျက်နှာက ခံစားချက် ကင်းမဲ့နေခဲ့ပြီး သူ၏ လက်ထဲမှ ကောင်းကင်မီးနတ်ဓားကို လျင်မြန်စွာ လှုပ်ရှားလိုက်ကာ ခုနစ်စဥ်ကြယ်၏ ကြယ်စွမ်းအားကို လှုံ့ဆော်လိုက်သည်။

“စစ်မှန်တဲ့ နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ်ပါလား”

သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း လုချန်ချင်း၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

အစောပိုင်းက လုချန်ချင်းသည် ကျန်းချန်၏ ခုနစ်စဥ်ကြယ် ဓားသိုင်းနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကျန်းချန်သည် ကြယ်စွမ်းအားများကို အပြည့်အဝ မလှုံ့ဆော်ခဲ့ပေ။

ယခု ကျန်းချန်က ကြယ်ခုနစ်ပွင့်၏ စွမ်းအားကို အပြည့်အဝ အသုံးပြုလိုက်သည်အား မြင်လျှင် လုချန်ချင်း၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။

ကြယ်တစ်ပွင့်၏ စွမ်းအားဖြင့် လှုံ့ဆော်ထားသော ကြယ်ဓားအလင်း၏ စွမ်းအားသည်ပင် ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားကျင့်စဥ်၏ စွမ်းအားထက် အားနည်းခြင်း မရှိပေ။

ယခု ကြယ်ခုနစ်ပွင့်၏ စွမ်းအားများကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ပြီ ဖြစ်ရာ ကြယ်ဓားအလင်း၏ စွမ်းအားက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ စဥ်းစားနေစရာပင် မလိုအပ်ပေ။

“ဒါက စစ်မှန်တဲ့ နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ်ပဲ”

ယင်းမှာ နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်ကိုပင် ကျော်လွန်နေသည့် နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ် ဖြစ်သည်မှာ သေချာနေခဲ့၏။

ကျန်းချန်က နတ်ဘုရင်တစ်ပိုင်း အဆင့် ကျင့်စဥ်ကို ကျင့်ကြံထားသည့် အပြင် နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ်ကိုပါ တတ်မြောက်ထားလိမ့်မည်ဟု သူ မတွေးမိခဲ့ချေ။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် သူ စိတ်ကူးထားသည်ထက်ပင် လုံးဝကို ကျော်လွန်နေခဲ့၏။

ထိုကောင်လေး၏ ကျင့်စဥ်သည် သူ၏ ချင်းမင်ဓားကျမ်းထက်ပင် ပိုမို အားကောင်းပြီး ကိုယ်ခံပညာရပ်တွင်လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့် နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ်ကို တတ်ကျွမ်းထားခဲ့သည်။

ဆိုရလျှင် ထိုကောင်လေးသည် သူ၏ ဘဝတွင် အကြီးမားဆုံး ပြိုင်ဘက်ဟု သတ်မှတ်ထားသည့် မဟာမြေရိုင်းနတ်ဂိုဏ်းမှ မိုကျင့်လဲ့ထက် လုံးဝ အားမနည်းပေ။

လုချန်ချင်း၏ မျက်ဝန်းများက အနည်းငယ် တလက်လက် တောက်ပသွားခဲ့သည်။

သူက နောက်ဆုတ်ရန်အတွက် စိတ်ကူးနေခဲ့ပြီ ဖြစ်၏။

ဤကောင်လေး၏ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်း၍ သူ၏ ဝှက်ဖဲများကို ထုတ်ဖော်လျှင်ပင် ရှုံးနိမ့်နိုင်ခြေက ပိုများပြီး အနိုင်ရရှိနိုင်ခြေက နည်းပါးနိုင်ဖွယ် ရှိသည်။

“ကျန်းချန် မင်း ငါ့ကို စောင့်နေပါ.. ဒီနေ့ကိစ္စအတွက် ငါတို့ ချင်းမင်ဓားဂိုဏ်းက မင်းနဲ့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး”

လုချန်ချင်းက ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ရေရွတ်လိုက်သည်။

ဤအချိန်တွင် သူက ကျန်းချန်နှင့် တိုက်ခိုက်ရန် အစီအစဥ်မရှိတော့သည်မှာ ထင်ရှား၏။

ယင်းနောက်တွင် လုချန်ချင်းသည် စိမ်းပြာ‌ရောင် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ပျံသန်း၍ ထွက်ခွာသွားခဲ့သည်။

အခန်း(၁၉၀၁)ပြီး၏။

အခန်း(၁၉၀၂)

“စီနီယာအစ်ကိုလု ရှုံးသွားပြီ.. မြန်မြန်ထွက်ပြေးကြတော့”

ကောင်းကင်ယံသို့ ပျံသန်းကာ ထွက်ခွာသွားသော လုချန်ချင်းကို မြင်လျှင် ချင်းမင်ဓားဂိုဏ်းမှ တပည့်အချို့၏ မျက်နှာအမူအရာများက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူတို့ အားလုံးက ထိတ်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ ကြောက်လန့်တကြားဖြင့် အဝေးသို့ ထွက်ပြေးသွားကြ၏။

“သခင် သူတို့ကို ဖမ်းပြီး သတ်ပစ်လိုက်ရမလား”

ထိုမြင်ကွင်းကိုမြင်လျှင် ရွှယ်ဟန်က ကျန်းချန်ကို မေးလိုက်သည်။

သူ၏ အသံထဲတွင် လေးစားသော အရိပ်အ‌ငွေ့များ ပါဝင်နေခဲ့၏။

လုချန်ချင်း အမည်ရှိ မဟာကောင်းကင်နတ်ဘုရားသည် အလွန်တရာ အစွမ်းထက်သည်။

အထူးသဖြင့် လုချန်ချင်း အသုံးပြုခဲ့သော နတ်ဘုရင်တစ်ပိုင်းအဆင့် ကျင့်စဥ်၏ သိုင်းစွမ်းအားပုံရိပ်သည် သူ့ကို အလွယ်တကူပင် အမှုန့်ဖြစ်အောင် သတ်ပစ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း လုချန်ချင်း၏ ခွန်အားဖြင့်ပင် ကျန်းချန်၏ ဖိနှိပ်မှုကို အလွယ်တကူ ခံခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူက ကျန်းချန်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် မရွေးချယ်မိခဲ့ပေ။

သို့မဟုတ်လျှင် မည်သို့မည်ပုံ သေသွားမှန်းပင် သိလိုက်မည်မဟုတ်ချေ။

“ထားလိုက်ပါ.. ဒီလောက်အထိ မလိုပါဘူး”

ကျန်းချန်က အလျင်အမြန် ထွက်ခွာသွားသော လုချန်ချင်းတို့လူစု၏ နောက်သို့ လိုက်ရန် စိတ်ကူးမရှိပေ။

မည်သို့ပင်ဆိုစေကာမူ လုချန်ချင်းသည် မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည့်အပြင် ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်ဖြစ်၍ အကြီးအကဲများ ပေးအပ်ထားသော ဝှက်ဖဲတချို့ ရှိနိုင်၏။

သူ့အနေဖြင့် လုချန်ချင်းကို အနိုင်ယူခဲ့သော်လည်း သတ်ဖြတ်ရန်မှာမူ မလွယ်ကူလောက်ချေ။

“သွားစို့ ငါတို့ရှေ့က တောင်တန်းတွေကို သွားစူးစမ်းရအောင်”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် အ‌ရှေ့ဘက်ရှိ ‌တောင်တန်းများ ဆီသို့ အလျင်အမြန်ပင် ပျံသန်းသွားခဲ့သည်။

----------------

ကျန်းချန် နှင့် လုချန်ချင်းတို့ တိုက်ခိုက်နေသော အချိန်တွင် ရှေးကာလ၏ အငွေ့အသက်များ ထွက်ပေါ်နေသော တောင်တန်း တစ်ခုထဲမှ မိုကျင့်လဲ့သည် သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ကောင်းကင်ယံရှိ အထွတ်အထိပ်နတ်အလင်းရောင်ကို လှမ်းကြည့်လိုက်သည်။

“စိတ်ဝင်စားစရာပဲ”

အထွတ်အထိပ် နတ်အလင်းရောင်ကို ပထမဆုံး စုစည်းနိုင်ခဲ့သည့် မိုကျင့်လဲ့သည် အထွတ်အထိပ် နတ်အလင်းရောင်ကို စုဖွဲ့ထားသည့် အခြားသူတစ်ဦးက တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်ကို သတိပြုမိခဲ့၏။

ထိုအခိုက်အတန့်တွင် မိုကျင့်လဲ့၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သိထားရမည့်အချက်မှာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ ပထမအဆင့်တွင် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်သူသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။

ယေဘုယျအားဖြင့် ပြောရလျှင် အထွတ်အထိပ်နတ်အလင်းတန်း စုစည်းထားသူကို ဤပထမအဆင့်တွင် လူအများစုသည် ရှောင်ဖယ်ကြလေ့ ရှိပြီး မည်သို့မှ ရင်ဆိုင်လိုခြင်းမရှိပေ။

ယခုအခါတွင် တစ်စုံတစ်ယောက်သည် အထွတ်အထိပ်နတ်အလင်းတန်း စုစည်းထားသူကိုပင် စိန်ခေါ်ဝံ့သောသတ္တိ ရှိနေခဲ့၏။

“နှမြောစရာကောင်းလိုက်တာ.. ငါ့မှာသာ တာဝန်မရှိရင် ဒီတိုက်ပွဲကို သွားကြည့်မိမှာအမှန်ပဲ”

မိုကျင့်လဲ့က ခေါင်းခါရမ်းကာ လျစ်လျူရှုလိုက်ပြီး ချက်ချင်းဆိုသလိုပင် တောင်တန်း၏ အတွင်းပိုင်း ဆီသို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။

မကြာခင်မှာပင် မိုကျင့်လဲ့၏ ပုံရိပ်သည် ဧရာမတောင်တစ်လုံး၏ ‌ရှေ့တွင် ပေါ်လာခဲ့၏။

ဤနေရာက တိတ်ဆိတ်နေပြီး အသေးငယ်ဆုံးသော သက်ရှိပင် မရှိဘဲ သေခြင်းနယ်မြေအဖြစ် ပြောင်းလဲနေသကဲ့သို့ပင်။

မိုကျင့်လဲ့၏ အကြည့်က တောင်ထိပ်၏ အထက်သို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် အဆုံးမဲ့ နေရာလွတ် မုန်တိုင်းများဖြင့် စည်းတံဆိပ်ခတ်ထားသည့် မီးခိုးရောင်ကမ္ဘာတစ်ခု တည်ရှိနေ၏။

သာမန် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် ထိုနေရာသို့ ဝင်ရောက်သွားလျှင် ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်ဖွယ် ရှိသည်။

မိုကျင့်လဲ့၏ မျက်ဝန်းထဲရှိ မိုးကြိုးအလင်းရောင်များက တောက်ပလာခဲ့ပြီး စည်းတံဆိပ်ကို ထိုးဖောက်ကာ အတွင်းရှိ ကြီးမားသော ကမ္ဘာကြီးကို မြင်လိုက်ရသည်။

ထိုကမ္ဘာထဲတွင် ခမ်းနားထည်ဝါသော နန်းတော်များနှင့် ခန်းမများစွာ ရှိသည်။

ယင်း နန်းတော်များနှင့် ခန်းမများသည် နှစ်ပေါင်းများစွာ ကြာအောင် စည်းတံဆိပ်ခတ် ခံထားရသော်လည်း မပျက်မစီး တည်ရှိနေသေးပြီး ရှေးဟောင်း အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့၏။

“ဒါက စန်းယိုနတ်ကျောင်းရဲ့ တည်နေရာပဲ ဖြစ်ရမယ်”

မိုကျင့်လဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မဟာမြေရိုင်းနတ်ဂိုဏ်း၏ ပါရမီရှင် တပည့်တစ်ဦးအနေဖြင့် မိုကျင့်လဲ့သည် သူတို့ ပြိုင်ပွဲဝင်နေသည့် လျှို့ဝှက်နယ်မြေက မဟာမြေရိုင်း နယ်မြေတွင် တစ်ချိန်က နာမည်ကျော်ကြားခဲ့သော စန်းယိုနယ်မြေ ဖြစ်မှန်း ကောင်းစွာ သိရှိထားခဲ့သည်။

ယခု သူတွေ့နေရသော နေရာသည် စန်းယိုနယ်မြေ၏ အဓိကအင်အားစု ဖြစ်သည့် စန်းယိုနတ်ကျောင်း၏ တည်နေရာ ဖြစ်နိုင်၏။

လွန်ခဲ့သော နှစ်ပေါင်း သန်းတစ်ရာကျော်က မဟာမြေရိုင်းနယ်မြေ၏ စန်းယိုနယ်မြေတွင် စန်းယိုနတ်ကျောင်း ဟူသော နတ်ဘုရင်အဆင့် အင်အားစုတစ်စု ပေါ်ပေါက်လာခဲ့သည်။

မဟာမြေရိုင်းနတ်ဂိုဏ်းက ၎င်းတို့၏ အာဏာကို တည်ငြိမ်မှု ရှိစေရန် အတွက် စန်းယိုနတ်ကျောင်းနှင့် ကြီးမားသော တိုက်ပွဲကြီး ဆင်နွှဲခဲ့သည်။

နောက်ပိုင်းတွင် စန်းယိုနတ်ကျောင်းသည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီး မဟာမြေရိုင်း နတ်ဂိုဏ်းသည် စန်းယိုနယ်မြေကို ထိန်းချုပ်ကာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ ကျင်းပရန် အတွက် အသုံးပြုသည့် လျှို့ဝှက်နယ်မြေ အဖြစ် ဖန်တီးခဲ့၏။

ပြင်ပကမ္ဘာမှ လူများကမူ စန်းယိုနတ်ကျောင်းသည် ထိုတိုက်ပွဲအပြီးတွင် လုံးဝ ပျောက်ကွယ်သွားပြီဟု ထင်ခဲ့ကြသည်။

မဟာမြေရိုင်းနတ်ဂိုဏ်းမှ အဓိက ပုဂ္ဂိုလ်များသာလျှင် စန်းယိုနတ်ကျောင်းက လုံးဝ ပျောက်ကွယ်မသွားသေးကြောင်း သိရှိခဲ့ကြ၏။

အထူးသဖြင့် စန်းယိုနတ်ကျောင်း၏ စန်းယိုနတ်ဘုရင်သည် မသေဆုံးခဲ့ပေ။

နတ်ဘုရင်အဆင့် သက်တမ်းသည် အလွန်တရာ ရှည်လျားပြီး ယေဘုယျအားဖြင့် နှစ်ပေါင်း သန်းတစ်ရာ မကျော်လွန်ပေ။

စန်းယိုနတ်ဘုရင်သာ အသက်ရှင်နေမည် ဆိုလျှင် ယခုအချိန်အထိ အသက်ရှင်နေရန် မဖြစ်နိုင်ချေ။

သို့သော်လည်း စန်းယိုနတ်ဘုရင်သည် အလွန်ထူးခြားသော ကျင့်စဥ်ကို ကျင့်ကြံထားခဲ့သည်။

ယင်းမှာ နတ်ဘုရင်အဆင့် ကျင့်စဥ် ဖြစ်သည့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ဖြစ်သည်။

ဤကျင့်စဥ်၏ ကြောက်မက်ဖွယ် အကောင်းဆုံးသော ထူးခြားချက်မှာ မသေနိုင်ခြင်းပင် ဖြစ်သည်။

စန်းယိုနတ်ဘုရင်က အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံထားသဖြင့် နတ်ဘုရင်အဆင့်၏ ယေဘုယျ သက်တမ်းထက် များစွာ ပိုရှည်ရုံသာမက သတ်၍လည်း မသေနိုင်ပေ။

ထိုတိုက်ပွဲတွင် မဟာမြေရိုင်းနတ်ဂိုဏ်း၏ တည်ထောင်သူ ဖြစ်သည့် ပထမမျိုးဆက် မဟာမြေရိုင်း နတ်ဘုရင်သည် စန်းယိုနတ်ဘုရင်ကို အနိုင်ယူနိုင်ခဲ့သော်လည်း လုံးဝ သတ်၍ မရခဲ့ပေ။

သူက နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့သော်လည်း စန်းယိုနတ်ဘုရင်ကို သတ်ဖြတ်ရန် မအောင်မြင်ခဲ့ချေ။

ကုန်ကုန်ပြောရလျှင် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်တစစီ ဖြစ်အောင် လုပ်ဆောင်ခဲ့သည့်တိုင် စန်းယိုနတ်ဘုရင်သည် ၎င်း၏ အင်မော်တယ် စွမ်းအားများဖြင့် အချိန်တိုအတွင်း ခန္ဓာကိုယ်ကို ပြန်လည် တည်‌ဆောက်နိုင်ခဲ့သည်။

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်မှာ စန်းယိုနတ်ဘုရင်သည် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပြီးသည့် အခါတိုင်းတွင် ခွန်အားက နောက်တစ်ဆင့်သို့ တက်ရောက်သွားခြင်းပင်။

ဤသို့ဖြင့် မဟာမြေရိုင်းနတ်ဘုရင်သည် စန်းယိုနတ်ကျောင်း၏ တည်နေရာတွင် စန်းယိုနတ်ဘုရင်ကို အထွတ်အထိပ် စည်းတံဆိပ်ခတ်ရုံသာ တတ်နိုင်ခဲ့သည်။

နှစ်ပေါင်း တစ်ထောင်တိုင်းတွင် မဟာမြေရိုင်းနတ်ဂိုဏ်းသည် စည်းတံဆိပ်ကို အားဖြည့်ရန်အတွက် ကျင့်ကြံသူများကို စေလွှတ်လေ့ ရှိသည်။

စန်းယိုနယ်မြေသည် နယ်မြေနှလုံးသား မူလအစကို လုယက်ခံထားရသော သေခြင်းနယ်မြေ ဖြစ်သောကြောင့် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများ ဝင်ရောက်ရန် လက်ခံနိုင်ခြင်းမရှိပေ။

ထို့အပြင် စည်းတံဆိပ် အားဖြည့်သည့် ကိစ္စကို သာမန်ကောင်းကင်နတ်ဘုရားများသည် မည်သို့မျှ မလုပ်ဆောင်နိုင်ချေ။

ထို့ကြောင့်ပင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ ဖွင့်လှစ်သည့် အခါတိုင်းတွင် မဟာမြေရိုင်းနတ်ဂိုဏ်းသည် ဤနေရာမှ စည်းတံဆိပ်ကို အားဖြည့်ရန်အတွက် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော မဟာကောင်းကင် နတ်ဘုရားများကိုသာ စေလွှတ်လေ့ ရှိခဲ့သည်။

ထို့ကြောင့်လည်း မဟာမြေရိုင်းနတ်ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သူ မိုကျင့်လဲ့သည် စည်းတံဆိပ်ကို အားဖြည့်ရန်အတွက် အကောင်းဆုံး ကိုယ်စားလှယ် ဖြစ်သည်မှာ သဘာဝကျပေသည်။

မှန်ပါသည်။ စည်းတံဆိပ်ကို အားဖြည့်ရန်အတွက်သာ ဆိုလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းသည် လျှို့ဝှက်နယ်မြေကို မဟာမြေရိုင်းနယ်မြေရှိ အင်အားစု အားလုံးနှင့် မျှဝေမည် မဟုတ်ပေ။

မဟာမြေရိုင်းနတ်ဂိုဏ်းသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို ဤနေရာတွင် ကျင်းပရသည့် အဓိက အကြောင်းရင်းမှာ စန်းယိုနတ်ကျောင်းကို ကိုင်တွယ်ဖြေရှင်းရန် အတွက်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စန်းယိုနတ်ဘုရင်သည် အစီအစဥ် တချို့ကို စန်းယိုနယ်မြေတွင် ချန်ထားခဲ့သောကြောင့်ပင်။

မဟာမြေရိုင်းနတ်ဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေရှိ ပါရမီရှင်အားလုံးကို လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့ပြီး ထိုပါရမီရှင်များကို အသုံးပြု၍ စန်းယိုနတ်ဘုရင် ချန်ထားခဲ့သော အစီအစဥ်အား ဖျက်ဆီးပစ်ရန် အလိုရှိခဲ့သည်။

“စန်းယိုနတ်ဘုရင်က ဘယ်လို အစီအစဥ်တွေ ချန်ထားခဲ့လဲမသိဘူး.. ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက ဒီနေရာမှာရှိတဲ့ စည်းတံဆိပ်ကို အားဖြည့်ဖို့ပဲ”

မိုကျင့်လဲက သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို လေထဲသို့ ခုန်တက်သွားခဲ့သည်။

ထို့နောက်တွင် သူက ကောင်းကင်ယံတွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်၏။

အခန်း(၁၉၀၂)ပြီး၏။

All Chapters