← Chapters

အခန်း (၁၉၀၅-၁၉၀၆)

Vol. 131 Ch. 1905-1906

အခန်း (၁၉၀၅-၁၉၀၆)

Vol. 131 Ch. 1905-1906

အခန်း(၁၉၀၅)

ကြောက်မက်ဖွယ် ပြင်းထန်သော အသံလှိုင်းက စည်းတံဆိပ်ခတ်ထားသော နေရာကနေ ထွက်ပေါ်လာခဲ့သည်။

ထိုအသံလှိုင်းတွင် စိတ်ဝိညာဥ်ကို ဖိအားသက်ရောက်စေအော စွမ်းအားများလည်း ပါဝင်နေခဲ့၏။

“ဝေါ့..”

မိုကျင့်လဲ့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

ကျန်းချန်ကလည်း အနည်းငယ် ညည်းညူလိုက်ရပြီး လေထုထဲတွင် ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်လိုက်ရ၏။

သူ၏ မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“သိပ်ကိုကြောက်ဖို့ ကောင်းလိုက်တဲ့ အသံလှိုင်းပါလား”

စည်းတံဆိပ်ခတ်ထားသော နေရာကို လှမ်းကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအသံလှိုင်းသည် စည်းတံဆိပ်ခတ်ခံထားရသော စန်းယိုနတ်ဘုရင် ထံမှ ဖြစ်နိုင်ဖွယ်ရှိသည်။

နတ်ဘုရားနယ်မြေတွင် နတ်ဘုရင်အဆင့်သည် ထိပ်ဆုံးတွင် ရပ်တည်နိုင်သော အဆင့် ဖြစ်သည်။

ထို့ကြောင့်ပင် အသံလှိုင်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

မဟာမြေရိုင်းနတ်ဂိုဏ်းက စီရင်ထားသည့် စည်းတံဆိပ်ကြောင့်သာ ထိုအသံလှိုင်း၏ စွမ်းအားက ထက်ဝက်ကျော်ခန့် လျော့နည်းသွားခြင်း မရှိခဲ့လျှင် သူက မသေဆုံးသည့်တိုင် ဒဏ်ရာ အပြင်းအထန်ကို ရရှိသွားလိမ့်မည် ဖြစ်သည်။

“အခြေအနေ မကောင်းတော့ဘူး.. စည်းတံဆိပ်ကို အမြန်ဆုံး အားဖြည့်မှ ဖြစ်တော့မယ်”

မိုကျင့်လဲ့က သူ၏ ခန္ဓာကိုယ်တွင် မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။

သူ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာလေးနက်လာခဲ့၏။

မဟာမြေရိုင်းနတ်ဂိုဏ်း၏ ပထမမျိုးဆက် နတ်ဘုရင်သည် စန်းယိုနတ်ဘုရင်ကို ထိန်းသိမ်းထားရန် အတွက် အထွတ်အထိပ် စည်းတံဆိပ်ကို အသုံးပြုခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စည်းတံဆိပ်၏ စွမ်းအားသည် တဖြည်းဖြည်း အားနည်းလာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့်လည်း မဟာမြေရိုင်းနတ်ဂိုဏ်းသည် နှစ်တစ်ထောင်တိုင်းတွင် စည်းတံဆိပ်ကို အားဖြည့်ရန် အတွက် လူများစေလွှတ်လေ့ ရှိသည်။

ယခု နှစ်တစ်ထောင်က ထပ်မံ ကုန်လွန်သွားခဲ့ချေပြီ။

မိုကျင့်လဲ့က စည်းတံဆိပ်ကို ထပ်မံ အားဖြည့်၍ မပြီးမြောက်မီတွင် စည်းတံဆိပ်၏ စွမ်းအားသည် နှစ်တစ်ထောင် အတွင်း အားအနည်းဆုံး အချိန်ကာလ ဆိုလည်း မမှားပေ။

ဤအချိန်တွင် စန်းယိုနတ်ဘုရင်သည် စည်းတံဆိပ်ကို ဖောက်ထွက်ရန် အကောင်းဆုံး အချိန်ကာလ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။

ထိုအကြောင်းကို တွေးမိလျှင် မိုကျင့်လဲ့သည် သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို လျစ်လျူရှုကာ သွားများကို အံကြိတ်၍ စည်းတံဆိပ်ကို အလျင်အမြန် အားဖြည့်နိုင်ရန် ကြိုးစားလိုက်သည်။

“စည်းတံဆိပ်ကို မိုကျင့်လဲ့ မြန်မြန်ဆန်ဆန် အားဖြည့်နိုင်မယ်လို့ မျှော်လင့်ရတာပဲ”

ကျန်းချန်က သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

နတ်ဘုရင်အဆင့်၏ စွမ်းအားသည် အမှန်တကယ်ပင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

အဆင့်မြင့် နယ်မြေနတ်ဘုရား ဖြစ်နေလျှင်ပင် နတ်ဘုရင်အဆင့်ရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားပေ။

စန်းယိုနတ်ဘုရင်သာ ထွက်ပေါ်လာခဲ့လျှင် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးအတွက် မကြုံစဖူး ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်မှာ သေချာ၏။

ကျန်းချန်က မိုကျင့်လဲ့ကို အာရုံစိုက်နေစဥ်မှာပင် သူ၏ နံဘေးမှ ရွှယ်ဟန်သည် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

ရွှယ်ဟန်က တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရသကဲ့သို့ စည်းတံဆိပ်ခတ်ထားသည့် နေရာဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။

“ရွှယ်ဟန် မင်းဘာလုပ်နေတာလဲ.. ငါ့ဆီ ပြန်လာခဲ့စမ်း”

ကျန်းချန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက တုံ့ဆိုင်းမနေဘဲ ရွှယ်ဟန်၏ ခန္ဓာကိုယ်ထဲတွင် သူ့ထည့်သွင်းထားသည့် စိတ်ဝိညာဥ်အမှတ်အသားကို အသက်သွင်းလိုက်သည်။

ထို့နောက်တွင်မူ ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရွှယ်ဟန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး အဆုံးသတ်၌ လေထဲတွင် ရပ်တန့်သွားခဲ့သည်။

ရွှယ်ဟန်၏ ရှုပ်ထွေးနေပုံရသော မျက်ဝန်း အကြည့်သည်လည်း တဖြည်းဖြည်း ပြန်လည် ရှင်းလင်းလာခဲ့သည်။

“သခင်.. ဒီအသံက အရမ်းထူးဆန်းတာပဲ.. ကျွန်တော့်ကို ချက်ချင်း သတိလက်လွတ်တောင် ဖြစ်သွားစေတယ်.. သခင်ရဲ့ အမှတ်အသားသာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ မရှိခဲ့ရင် ကျွန်တော်က ဒီအသံရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘဲ စည်းတံဆိပ်ကို ဖျက်ဆီးမိမှာ သေချာတယ်.. သခင်...ကျွန်တော်တို့ ဒီနေရာကနေ မြန်မြန်ထွက်သွားကြစို့.. ဒီအသံရဲ့ ထိန်းချုပ်မှုကို ခံရတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးလို့ ခံစားမိတယ်”

ရွှယ်ဟန်က ကျန်းချန်၏ နံဘေးသို့ လျင်မြန်စွာ နောက်ဆုတ်လာပြီးနောက်တွင် ထိတ်လန့်တကြား ပြောလိုက်သည်။

“ဒီအသံက မင်းလို ဖုတ်ကောင်တွေကို ဆင့်ခေါ်နိုင်ခြေ ရှိတယ်လို့ မင်းဆိုလိုချင်တာလား”

ရွှယ်ဟန်၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် တုန်လှုပ်သွားခဲ့၏။

အစောပိုင်းက အသံလှိုင်းသည် လျှို့ဝှက်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

ထိုအသံသာ ရွှယ်ဟန်ကဲ့သို့ ဖုတ်ကောင်များကို ထိန်းချုပ်ပြီး ဖုတ်ကောင် တပ်ဖွဲ့ကြီးကို ဆင့်ခေါ်နိုင်ခဲ့လျှင် သူတို့အနေဖြင့် အခက်တွေ့ဖွယ် ရှိသည် မဟုတ်ပါလား။

“မိတ်ဆွေ.. လက်ရှိအခြေအနေက အရမ်းကို အန္တရာယ်ရှိနေပြီ ငါတစ်ယောက်တည်းနဲ့တော့ စည်းတံဆိပ်ကို ချောချောမွေ့မွေ့ အားဖြည့်နိုင်မှာမဟုတ်ဘူး.. ငါ စည်းတံဆိပ်ကို အားဖြည့်ပေးနေတဲ့ အချိန်မှာ မင်း ငါ့ကို ခဏလောက် ကာကွယ်ပေးထားလို့ရမလား”

ဤအချိန်တွင် မိုကျင့်လဲ့၏ စိုးရိမ်ပူပန်စွာဖြင့် တောင်းဆိုလိုက်သော အသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်၏။

“မိုကျင့်လဲ့.. မင်း ငါ့ကို ကူညီစေချင်တယ်ဆိုရင် အခြေအနေကို အတိအကျ ပြောပြမှဖြစ်လိမ့်မယ်.. ဒီအသံက ဘာလဲဆိုတာ မင်းသိလား”

“ငါ အသေအချာတော့ မသိဘူး.. ငါတို့ မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ မှတ်တမ်းတွေအရတော့ စန်းယိုနတ်ဘုရင်ကို ဒီနေရာမှာ ထိန်းသိမ်းထားပေမဲ့ စန်းယိုနတ်ဘုရင်က တန်ပြန်အစီအစဥ် တချို့ကို ချန်ထားရစ်ခဲ့တယ်လို့ သိရတယ်.. ငါ့အမြင်မှာတော့ စန်းယိုနတ်ဘုရင် ချန်ထားရစ်ခဲ့တဲ့ တန်ပြန် အစီအစဥ်က ဒီအသံနဲ့ ဆက်စပ်နေမယ် ထင်တယ်”

မိုကျင့်လဲ့က သူသိထားသမျှကို ခပ်သွက်သွက် ပြောပြလိုက်သည်။

“စန်းယိုနတ်ဘုရင် ချန်ထားရစ်ခဲ့တဲ့ တန်ပြန် အစီအစဥ်လား”

မိုကျင့်လဲ့၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်၏ အမူအရာသည် ချက်ချင်းဆိုသလို အလွန်တရာ လေးနက်သွားခဲ့သည်။

စန်းယိုနတ်ဘုရင် ချန်ထားရစ်ခဲ့သည့် တန်ပြန်အစီအစဥ် ဆိုသည်မှာ ရွှယ်ဟန်ကို အင်မော်တယ်ဖုတ်ကောင် ဖြစ်လာအောင် လုပ်ဆောင်ခဲ့ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်နိုင်ပါသလော။

ယေဘုယျအားဖြင့် ပြောရလျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ တစ်ဦးသည် မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေပါစေ၊ ကျဆုံးသွားခဲ့လျှင် ဤကမ္ဘာလောကကနေ လုံးဝပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

အထူး အခြေအနေများ မရှိသရွေ့ သေဆုံးပြီးနောက်တွင် သေဆုံးသွားသော ခန္ဓာကိုယ်၌ ပြန်လည် မွေးဖွားရန်မှာ မဖြစ်နိုင်ပေ။

တစ်နည်းအားဖြင့် ရွှယ်ဟန်သည် စန်းယိုနယ်မြေတွင် အင်မော်တယ် ဖုတ်ကောင်အဖြစ် ပြန်လည် မွေးဖွားလာခြင်းမှာ အလွန်ပင် ပုံမှန်မဟုတ်သော ကိစ္စ ဖြစ်သည်။

ဤကိစ္စ၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက်က ရှိနေနိုင်ခြေ အလွန်များသည်။

ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိသောသူမှာ စန်းယိုနတ်ဘုရင်သာလျှင် ဖြစ်နိုင်ဖွယ် ရှိ၏။

ဤအတိုင်းသာ အမှန်တကယ် ဆိုလျှင် စန်းယိုနတ်ကျောင်းမှ ကျဆုံးသွားသော ကျင့်ကြံသူများသည် အင်မော်တယ်ဖုတ်ကောင် ပုံစံဖြင့် ပြန်လည် မွေးဖွားလာပြီး အသံတစ်ခု၏ ဆင့်ခေါ်ခြင်းကို ခံရပေလိမ့်မည်။

ထိုအင်မော်တယ်ဖုတ်ကောင် တပ်ဖွဲ့၏ စွမ်းအားဖြင့်သာ ဆိုလျှင် စန်းယိုနတ်ဘုရင်သည် စည်းတံဆိပ်ကို ချိုးဖျက်ကာ ကမ္ဘာလောကသို့ ပြန်လာနိုင်ခြေ ရှိနေခဲ့ချေပြီ။

ကျန်းချန် အတွေးနက်နေစဥ်မှာပင် သူ၏ ကျောဘက်တွင် ထူးဆန်းသော အရှိန်အဝါကို ခံစားမိခဲ့၏။

ကျန်းချန်က မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ ရွှယ်ဟန်ကဲ့သို့ အင်မော်တယ်ဖုတ်ကောင် နှစ်ကောင်ကို သူမြင်တွေ့လိုက်ရ၏။

“ကြည့်ရတာ စန်းယိုနတ်ဘုရင်ရဲ့ တန်ပြန် အစီအစဥ်က သူ့ရဲ့နောက်လိုက်တွေကို အင်မော်တယ်ဖုတ်ကောင် အဖြစ် ပြန်လည် အသက်သွင်းတာပဲ ဖြစ်ရမယ်”

ထိုအချိန်တွင် မိုကျင့်လဲ့သည်လည်း စည်းတံဆိပ်ကို အားဖြည့်ရင်း ရုတ်တရက် ရောက်ရှိလာသော အင်မော်တယ် ဖုတ်ကောင် နှစ်ကောင်ကို ကြည့်ကာ ထိတ်လန့်သွားခဲ့သည်။

သူက ကျန်းချန်ကို အလျင်အမြန်ပင် ပြောလိုက်၏။

“မိတ်ဆွေ.. သူတို့ကို ခဏလောက် တားဆီးပေးထားပါ.. မဟုတ်ရင် စန်းယို နတ်ဘုရင်က စည်းတံဆိပ်ကို ချိုးဖျက်ပြီး ထွက်လာလိမ့်မယ်”

“မြန်မြန်လုပ်ပါ.. သူတို့တွေ အုပ်စုလိုက် ရောက်လာရင် ငါ ကြာကြာ တားထားနိုင်မှာ မဟုတ်ဘူး”

ကျန်းချန်က လေးနက်စွာ ပြောလိုက်သည်။

သူ၏ ရှေ့တွင် အင်မော်တယ်ဖုတ်ကောင် နှစ်ကောင်သာ ရှိသော်လည်း သိပ်မကြာခင် အုပ်စုလိုက် ရောက်လာဖွယ်ရှိ၏။

ထိုသို့ ရောက်လာလျှင် သူက မိုကျင့်လဲ့ အတွက် တစ်ခဏမျှသာ အချိန်ဆွဲနိုင်ဖွယ် ရှိသည်။

နတ်ဘုရင်စန်းယိုသည် မဟာမြေရိုင်းနတ်ဂိုဏ်းတွင် နှစ်သန်းတစ်ရာကျော် ထိန်းသိမ်းခံထားရ၍ မဟာမြေရိုင်းနယ်မြေရှိ လူများအပေါ်တွင် ကြီးကြီးမားမား ခံစားချက် ရှိနေမည်မှာ သေချာ၏။

ထို့ကြောင့် နတ်ဘုရင်စန်းယို ပေါ်ထွက်လာခဲ့လျှင် သူတို့၏ အသက်ရှင်သန်နိုင်ခြေသည် သုညနီးပါး ဖြစ်သည်။

ယင်းအတွက်ကြောင့်လည်း ဖုတ်ကောင်များ အုပ်လိုက်ရောက်လာလျှင် အန္တရာယ်ရှိမှန်း သိနေသည့်တိုင် မိုကျင့်လဲကို အကူအညီ ပေးရခြင်းပင်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်ဟန်နှင့် အတူ ဖုတ်ကောင်နှစ်ကောင်ကို ရင်ဆိုင်ရန် ပြင်လိုက်သည်။

အခန်း(၁၉၀၅)ပြီး၏။

အခန်း(၁၉၀၆)

ထိုဖုတ်ကောင်နှစ်ကောင်၏ ခွန်အားသည် အလွန်အမင်းသန်မာခြင်းမရှိဘဲ အလွန်ဆုံး ကောင်းကင်နတ်ဘုရား အဆင့်လောက်သာ ရှိ၏။

ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်၏ ခွန်အားဖြင့် ထိုဖုတ်ကောင်နှစ်ကောင်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်ခဲ့သည်။

သို့ရာတွင် ကျန်းချန်က ထိုဖုတ်ကောင်နှစ်ကောင်ကို ရှင်းပြီးသည်နှင့် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်တွင် ပုံမှန်မဟုတ်သည့် နေရာလွတ် လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

နောက်ထပ်တစ်ခဏမှာပင် မကောင်းဆိုးဝါး အရှိန်အဝါများ ထုတ်လွှတ်နေသည့် ဖုတ်ကောင် တစ်ဒါဇင်ကျော်သည် ထွက်ပေါ်လာခဲ့ပြီး စည်းခတ်ထားသော နေရာ ဆီသို့ ချီတက်လာခဲ့သည်။

ထိုဖုတ်ကောင် တစ်ကောင်ချင်းစီ၏ အရှိန်အဝါသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူထက် အားမနည်းပေ။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် ဖုတ်ကောင်၏ အရှိန်အဝါသည် အလွန်တရာပင် ပြင်းထန်ပြီး ရွှယ်ဟန်ထက်ပင် နိမ့်ကျပုံမရ‌ပေ။

ထိုဖုတ်ကောင်၏ အကြည့်သည် လူအများကို ထူးဆန်းသည့် ခံစားမှုမျိုး ပေးစွမ်းနိုင်၏။

သံသယဖြစ်စရာ မလိုလောက်အောင်ပင် ဖုတ်ကောင်ခေါင်းဆောင်သည် ရွှယ်ဟန် ကဲ့သို့ပင် နယ်မြေနတ်ဘုရားအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ဖုတ်ကောင်တစ်ကောင် ဖြစ်သည်။

“ဒီဖုတ်ကောင်တွေကလည်း တစ်ချိန်တုန်းက စန်းယိုနတ်ကျောင်းရဲ့ အဖွဲ့ဝင်တွေပဲ ဖြစ်ရမယ်”

သူ့ရှေ့မှ အခြေအနေကိုကြည့်ကာ ကျန်းချန်သည် မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်မိသည်။

စန်းယိုနတ်ဘုရင်သည် စန်းယိုနတ်ကျောင်းမှ အဖွဲ့ဝင်များကို သေဆုံးပြီးနောက်တွင် ဖုတ်ကောင်ပုံစံဖြင့် ပြန်လည် ဖြစ်တည်လာစေခဲ့သည်။

ထိုဖုတ်ကောင်များသည် စန်းယိုနယ်မြေတွင် ပုန်းအောင်းနေကြပြီး နှစ်သန်းရာချီ ဆင့်ကဲ ပြောင်းလဲမှုအပြီးတွင် အလွန်ပင် အစွမ်းထက်လာခဲ့ကြသည်။

လက်ရှိ သူတို့၏ စွမ်းရည်သည် သူတို့ အသက်ရှင်စဥ်က စွမ်းရည်နှင့် နှိုင်းယှဥ်လျှင် အတော်လေး အလှမ်းကွာဝေးနေသော်လည်း အလွန်ပင် ကြောက်စရာကောင်းနေခဲ့ချေပြီ။

သူ့ရှေ့မှ ဖုတ်‌ကောင် အုပ်စုသည် နန်လီမျိုးနွယ်စု ကဲ့သို့ အားနည်းသည့် နယ်မြေနတ်ဘုရား အင်အားစုကို ချေမှုန်းရန်ပင် လုံလောက်သည်။

စန်းယိုနတ်ကျောင်းသည် ၎င်းတို့၏ အထွတ်အထိပ်ကာလတွင် မဟာမြေရိုင်းနတ်ဂိုဏ်းနှင့်ပင် ယှဥ်ပြိုင်နိုင်ခဲ့သော အင်အားစုကြီး ဖြစ်သည်။

စန်းယိုနတ်ကျောင်းမှ အင်အားကြီးမားသော ကျင့်ကြံသူအားလုံးကိုသာ စန်းယိုနတ်ဘုရင်က ဤကဲ့သို့ ဖုတ်ကောင်များအဖြစ် ပြောင်းလဲခဲ့မည် ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ ကျန်းချန်သည် စိတ်ပင် မကူးနိုင်ခဲ့ပေ။

ကျန်းချန်က ဖုတ်ကောင်များကို ကြည့်နေစဥ်မှာပင် ဖုတ်ကောင် ခေါင်းဆောင်သည် ဖုတ်ကောင်များကို ဦးဆောင်ကာ သူတို့နှင့် မနီးမဝေးသို့ ရောက်လာခဲ့သည်။

ယင်းနောက်တွင် ဖုတ်ကောင်ခေါင်းဆောင်သည် ရွှယ်ဟန်ကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။

ဖုတ်ကောင်ခေါင်းဆောင်၏ သြရှရှအသံသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။

“ရွှယ်ဟန်.. မင်းဒီလိုပုံစံနဲ့ အသက်ရှင်နိုင်တာက နန်းတော်သခင် မင်းကို ပေးအပ်ထားတဲ့ ဘဝသစ်ပဲ.. မင်းဘာလို့ မဟာမြေရိုင်းနယ်မြေက လူတွေနဲ့ အတူရှိနေရတာလဲ”

ဖုတ်ကောင်ခေါင်းဆောင်၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာသည်။

သိထားရမည့်အချက်မှာ ရွှယ်ဟန်သည် စည်းခတ်ထားသော နေရာမှ ဆန်းကြယ်သော အသံကြောင့် ထိခိုက်ခဲ့ရသော်လည်း သူ၏ ရှေ့မှ ဖုတ်ကောင်ခေါင်းဆောင်ကမူ လုံးဝ နိုးကြားနေခဲ့သည်။

ထို့အပြင် ဖုတ်ကောင်ခေါင်းဆောင်၏ လေသံကို နားထောင်ခြင်းဖြင့် ဖုတ်ကောင်ခေါင်းဆောင်၏ မှတ်ဥာဏ်အားလုံးသည် လုံးဝ ပြန်လည် နိုးထလာပုံရ၏။

ထိုအချက်ကို ထောက်လျှင် ဖုတ်ကောင်ခေါင်းဆောင်၏ ခွန်အားသည် ရွှယ်ဟန်အောက်တွင် လုံးဝမရှိသည်မှာ သေချာသလောက်ပင်။

“မင်းဘယ်သူလဲ ဘယ်လိုလုပ်ပြီး ငါ့နာမည်ကို သိနေတာလဲ”

ရွှယ်ဟန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အေးစက်စက်မေးခွန်းထုတ်လိုက်သည်။

“ငါ့ဘာသာ ဘယ်သူနဲ့ပဲနေနေ မင်းနဲ့ဘာမှမဆိုင်ဘူး”

သူ၏အရှေ့မှ ဖုတ်ကောင်က သူနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိနေမှန်း ရွှယ်ဟန် ခံစားမိခဲ့သည်။

သို့သော်လည်း သူက ယခုအခါတွင် ကျန်းချန်ထံ အညံ့ခံခဲ့ပြီးပြီ ဖြစ်ရာ သူ၏ သေခြင်းရှင်ခြင်းသည် ကျန်းချန်၏ လက်ထဲတွင်သာ ရှိနေခဲ့သည်။

သူ အသက်ရှင်စဥ်က မည်သူနှင့် ဆက်ဆံခဲ့ပါစေ၊ ရွှယ်ဟန် ဂရုမစိုက်ပေ။

လက်ရှိအချိန်တွင် သူအသက်ရှင်ချင်လျှင် ကျန်းချန်၏ အမိန့်ကို နာခံရုံသာ ရှိသည် မဟုတ်ပါလော။

“ငါက စန်းယိုနတ်ဘုရင်ရဲ့ လက်ဝဲရံဖြစ်တဲ့ အရှင်စန်းမင်ပဲ.. ဒီနေ့တော့ ငါက နန်းတော်သခင် ကိုယ်စား မင်းကို ဖျက်ဆီးပစ်မယ်”

အရှင်စန်းမင်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ယင်းနောက်တွင် အရှင်စန်းမင်က သူ၏ နောက်လိုက် ဖြစ်သည့် ဖုတ်ကောင်များကို ကျန်းချန်အား သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။

သူကိုယ်တိုင်ကမူ ကြောက်မက်ဖွယ် မကောင်းဆိုးဝါး စွမ်းအင်များကို ထုတ်လွှတ်ကာ အရှင်ရွှယ်ဟန်ကို တိုက်ခိုက်လိုက်သည်။

အရှင်ရွှယ်ဟန်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါးစွမ်းအင်များကို အလျင်အမြန် လှုံ့ဆော်ကာ အရှင်စန်းမင်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ရွှယ်ဟန်က အရှင်စန်းမင်နှင့် တိုက်ခိုက်နေသည်ကို မြင်လျှင် ကျန်းချန်သည်လည်း တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်မီးနတ်ဓားကို ကိုင်ဆွဲကာ သိုးအုပ်ထဲကို ကျားတစ်ကောင် ဝင်ရောက်သွားသည့်နှယ် ဖုတ်ကောင် တစ်ဒါဇင်ကျော်ကို တိုက်ခိုက်လိုက်သည်။

အခြေအနေ သိပ်မဟန်မှန်း သိ၍ ကျန်းချန်သည် သူ၏ စွမ်းအားများကို ထိန်ချန်မထားခဲ့ပေ။

သူ၏ ကောင်းကင်မီးနတ်ဓားတွင် သက်တန့်‌ရောင် ဓားအလင်းများ လင်းလက်လာခဲ့ပြီး သူဓားချက် တစ်ချက် ခုတ်လိုက်တိုင်းတွင် ဖုတ်ကောင်တစ်ကောင်သည် ချက်ချင်းဆိုသလိုပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်နှင့် နှိုင်းယှဥ်နိုင်သော ဖုတ်ကောင် တစ်ဒါဇင်ကျော် အားလုံးသည် ကျန်းချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

“လခွမ်း.. ဒီကောင်လေးက ဒီလောက်တောင် အစွမ်းထက်လှချည်လား”

ဖုတ်ကောင် တစ်ဒါဇင်ကျော်ကို ကျန်းချန်က အလွန် လျင်မြန်စွာ ရှင်းပစ်လိုက်သည်အား မြင်လျှင် အရှင်စန်းမင်သည် ထိတ်လန့်သွားခဲ့သည်။

‌ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ဖုတ်ကောင်တစ်ဒါဇင်ကျော်ဖြင့် ဆိုလျှင် ထိုကောင်လေးကို ရင်မဆိုင်နိုင်လျှင်ပင် အချိန်ဆွဲနိုင်လိမ့်မည်ဟု မူလက သူထင်ထားခဲ့သည်။

သူက အရှင်ရွှယ်ဟန်ကို အဆင်ပြေပြေ ရှင်းလင်းနိုင်သရွေ့ ထိုကောင်လေးသည် လွတ်မြောက်ရန် ခက်ခဲမည်မှာ သေချာသလောက်ပင်။

သို့သော်လည်း အရှင်စန်းမင်သည် ကျန်းချန်၏ ခွန်အားက ထိုမျှ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော ဖုတ်ကောင် တစ်ဒါဇင်ကျော်သည် ထိုကောင်လေး၏ လက်ထဲတွင် ဟင်းသီးဟင်းရွက်များကဲ့သို့ အလွယ်တကူ ခုတ်ဖြတ်ခံလိုက်ရသည် မဟုတ်ပါလား။

“စန်းမင်.. ငါ့ရဲ့သခင်က ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တဲ့ မဟာကောင်းကင် နတ်ဘုရားပဲ.. ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်နဲ့ နှိုင်းယှဥ်နိုင်လောက်တဲ့ ဖုတ်ကောင်တစ်ဒါဇင်က ငါ့ရဲ့သခင်ကို ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး”

ဖုတ်ကောင်တစ်ဒါဇင်ကျော်က ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားသည်အား မြင်လျှင် အရှင်စန်းမင်၏ အသာစီးယူခြင်းကို ခံနေရသည့် ရွှယ်ဟန်သည် ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူက ကျန်းချန်ကို အလျင်အမြန်ပင် အော်ဟစ်ပြောဆိုလိုက်၏။

“သခင် အချိန်မဖြုန်းဘဲ ကျွန်တော်နဲ့ အတူ လက်တွဲပြီး ဒီကောင့်ကို ရှင်းလိုက်ရအောင်”

အရှင်စန်းမင်သည် အလွန်တရာ သန်မာပြီး သူ့ကို စတင်တိုက်ခိုက်ချန်မှစ၍ သေလုနီးပါး ဖိနှိပ်နိုင်ခဲ့သည်။

ကျန်းချန်၏ အကူအညီသာ မရလျှင် သူအမှန်တကယ် ခံနိုင်ရည်ရှိမည် မဟုတ်တော့ပေ။

ကျန်းချန်က ရွှယ်ဟန်နှင့် ပူးပေါင်းကာ အရှင်စန်းမင်ကို အတူတကွ သတ်ဖြတ်ရန်အတွက် ရှေ့သို့ တက်လှမ်းတော့မည့်အချိန်မှာပင် သူ၏ ကျောဘက်ကနေ လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မကောင်းဆိုးဝါး စွမ်းအင် အရှိန်အဝါသည် ထိုနေရာကနေ ထွက်ပေါ်လာခဲ့သည်။

‌နောက်ထပ် အင်အားကြီးမားသော ဖုတ်ကောင် တစ်ကောင်က ရောက်ရှိလာခဲ့ချေပြီ။

“ယိုယင်း.. မင်းရောက်လာတာနဲ့ အတော်ပဲ.. အဲဒီကောင်ကို အမြန်သတ်လိုက်.. ပြီးရင် ငါနဲ့အတူ နန်းတော်သခင်ကို ပိတ်ထားတဲ့ စည်းတံဆိပ်ကို ဖျက်ဆီးကြစို့”

အရှင်စန်းမင်က နောက်ထပ် ရောက်ရှိလာသူ၏ အရှိန်အဝါကို ခံစားမိလျှင် ချက်ချင်းဆိုသလို ဝမ်းသာသွားခဲ့ပြီး အလျင်အမြန် အော်ဟစ် ပြောဆိုလိုက်သည်။

“ကောင်းပြီ”

နောက်ထပ် ရောက်ရှိလာသော ဖုတ်ကောင်က အေးစက်စက် ပြန်ဖြေလိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန် ရှိနေသည့် နေရာကို ပေထောင်ပေါင်းများစွာ အကျယ်ရှိသည့် သေခြင်းနယ်မြေ အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲပစ်လိုက်သည်။

“ပျက်စီးစမ်း..”

ကျန်းချန်က ထိုမျှလောက်ကို အ‌ရေးမစိုက်သော အမူအရာဖြင့် သူ၏လက်ထဲမှ ကောင်းကင်မီးနတ်ဓားကို ဝှေ့ယမ်းလိုက်ရာ ဆန်းကြယ်သော မီးလျှံတစ်ခုသည် ချက်ချင်းဆိုသလိုပေါက်ကွဲထွက်လာခဲ့ပြီး လျင်မြန်စွာပင် မီးလျှံဓားထောင်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

မကောင်းဆိုးဝါးစွမ်းအင်များဖြင့် စုစည်းထားသော သေခြင်း နယ်မြေသည် မီးလျှံဓား ထောင်ပေါင်းများစွာ၏ အောက်တွင် ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။

အဆုံးသတ်တွင် လေထုထဲတွင် ပျံ့နှံ့နေသော မကောင်းဆိုးဝါး စွမ်းအင်များပင် မီးလျှံဓားပေါ်ရှိ အပူစွမ်းအင်ဖြင့် လောင်ကျွမ်း သန့်စင်ခံလိုက်ရ၏။

အခန်း(၁၉၀၆)ပြီး၏။

All Chapters