အခန်း (၁၉၀၇-၁၉၀၈)
Vol. 131 Ch. 1907-1908
အခန်း(၁၉၀၇)
“မင်းက မဟာကောင်းကင်နတ်ဘုရား ဖြစ်နေတာကိုး.. ငါ့ရဲ့တိုက်ကွက်ကို ရင်ဆိုင်နိုင်တာ အံ့သြစရာ မရှိတော့ဘူး”
ကျန်းချန်က သူ၏ သေခြင်းနယ်မြေကို အလွယ်တကူ ဖျက်ဆီးလိုက်သည်အား မြင်လျှင် ယိုယင်း၏ မျက်နှာအမူအရာက လေးနက်သွားခဲ့သည်။
သူ၏အသံနေ အသံထားကလည်း အထူးပင် အေးစက်နေခဲ့၏။
ထို့အတူ ကျန်းချန်၏ ယိုယင်းကို ကြည့်နေသော အကြည့်သည်လည်း ပို၍ပင် လေးနက်လာခဲ့သည်။
ယိုယင်းသည် စန်းမင်နှင့် စွမ်းအားချင်း အဆင့်အတန်းတူသော ဖုတ်ကောင်တစ်ကောင် ဖြစ်သည်။
ဖုတ်ကောင်အဖြစ် ပြောင်းလဲပြီးနောက်တွင် အသက်ရှင်စဥ်ကထက် ခွန်အားများစွာ လျော့နည်းနေသော်လည်း မှတ်ဥာဏ်ကို အပြည့်အဝ ပိုင်ဆိုင်ထား၍ သူ၏ခွန်အားသည် သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရားများထက် ပိုမို သန်မာနေခဲ့၏။
“မင်းက မဟာကောင်းကင်နတ်ဘုရား ဖြစ်နေလည်း ငါ့အတွက် ဘာမှမထူးဘူး.. ငါ အသက်ရှင်စဥ်ကဆိုရင် မဟာကောင်းကင်နတ်ဘုရား တော်တော်များများကို သတ်ဖြတ်ခဲ့ဖူးတယ်.. မင်းဘာသာ ဘယ်သူပဲ ဖြစ်နေပါစေ ငါတို့နန်းတော်သခင်ကို ကယ်တင်ပြီး စန်းယိုနတ်ကျောင်းကို ပြန်လည် အသက်သွင်းမဲ့ကိစ္စကို ဖျက်ဆီးမယ်ဆိုရင် သေလမ်းတစ်လမ်းပဲရှိတယ်”
ယိုယင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ မကောင်းဆိုးဝါး စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် ထိုမကောင်းဆိုးဝါး စွမ်းအင်များသည် လေထုထဲတွင် နှစ်ခုအဖြစ် လျင်မြန်စွာ ကွဲထွက်သွားခဲ့ပြီး နှစ်ခုကနေ လေးခု၊လေးခုကနေ ရှစ်ခု အထိ ကွဲထွက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မကောင်းဆိုးဝါးစွမ်းအင် ရှစ်ခုသည် ယိုယင်းနှင့် ဆင်တူသော ဖုတ်ကောင်ရှစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ဝန်းရံထားလိုက်သည်။
ဖုတ်ကောင်ရှစ်ကောင်စလုံးက ကြောက်မက်ဖွယ်ရာကောင်းသော မကောင်းဆိုးဝါး အရှိန်အဝါများကို ထုတ်ဖော်ကာ တစ်ချိန်တည်းမှာပင် ကျန်းချန်ကို တိုက်ခိုက်လိုက်ကြ၏။
ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်ကာ ကြယ်ဓားစွမ်းအင်များကို အသုံးပြု၍ သူ့ကို ဝန်းရံထားသည့် ဖုတ်ကောင်များကို တိုက်ခိုက်လိုက်သည်။
သူကမူ ကောင်းကင်မီးနတ်ဓားကို အသုံးပြုကာ ယိုယင်းအစစ်ကို တိုက်ခိုက်လိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..”
နှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်ကြသောအခါ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် သူတို့နှစ်ဦးကို ဗဟိုပြုကာ ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို လွှမ်းမိုးသွားခဲ့သည်။
ကျန်းချန်သာ မိုကျင့်လဲ့၏ ပတ်ပတ်လည်တွင် စည်းတံဆိပ်ဖြင့် အကာအကွယ် မပေးထားခဲ့လျှင် မိုကျင့်လဲ့သည် ဤအချိန်တွင် အဖျက်စွမ်းအင်မုန်တိုင်း၏ သက်ရောက်မှုကို ခံရလိမ့်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ အဖျက်စွမ်းအင်မုန်တိုင်း၏ သက်ရောက်မှုအောက်တွင် ကျန်းချန်သည် ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရသည်။
ထို့နောက်တွင် သူက တစ်ဖက်မှ ယိုယင်းကို စူးစိုက်၍ ကြည့်လိုက်ပြီး နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်သည်။
ယခု အခြေအနေသည် သူတို့အတွက် အဆင်ပြေသော အခြေအနေ မဟုတ်ပေ။
ဆိုရလျှင် သူ၏ အစေအပါးဖြစ်သည့် ရွှယ်ဟန်သည် အရှင်စန်းမင်၏ ပြိုင်ဘက် မဟုတ်၍ သိပ်မကြာမီ အရေးနိမ့်သွားဖွယ် ရှိသည်။
ရွှယ်ဟန် ရှုံးနိမ့်သွားသည်နှင့် ကျန်းချန်သည် စန်းမင် နှင့် ယိုယင်း တို့ကဲ့သို့ နယ်မြေနတ်ဘုရားအဆင့် ဖုတ်ကောင်နှစ်ကောင်ကို ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါလား။
ပြောနေစရာ မလိုလောက်အောင်ပင် ထိုဖုတ်ကောင် နှစ်ကောင်သည် စန်းယိုနတ်ဘုရင်၏ လက်ရုံးများ ဖြစ်၍ အရည်အချင်း မညံ့ဖျင်းကြပေ။
အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသို့ ပို၍ များပြားသော ဖုတ်ကောင်များ ရောက်ရှိလာနိုင်၍ ကျန်းချန်သည် တိုက်ပွဲကို အလျင်အမြန် ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်၏ အပြည့်အဝ လှုံ့ဆော်မှုအောက်တွင် ရွှေရောင်ဓားပုံရိပ်၏ အလင်းရောင်သည် တောက်ပလာခဲ့၏။
ဓားကိုယ်ထည်၏ တစ်ဖက်တွင် မြက်များ၊ သစ်ပင်များ၊ တောင်များ၊ မြစ်များ ပေါ်ထွက်လာခဲ့ပြီး အခြားတစ်ဖက်တွင်မူ နေ၊ လနှင့် ကြယ်များ ပေါ်လာခဲ့သည်။
သူ၏ ရွှေရောင်ဓားပုံရိပ်သည် တဖြည်းဖြည်းနှင့် ခိုင်ခန့်သောကိုယ်ထည် အဖြစ် စုစည်းလာသည်မှာ ထင်ရှား၏၊
ဆိုရလျှင် မဟာကောင်းကင် နတ်ဘုရား အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက်တွင် သူ၏ နတ်ခန္ဓာပုံရိပ်သည် လုံးဝ အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး စွမ်းအားသည်လည်း ယခင်ကနှင့် ဘာမှ မဆိုင်တော့ပေ။
“သေစမ်း”
ကျန်းချန်က ရွှေရောင်ဓားပုံရိပ်ကို ထိန်းချုပ်လိုက်ပြီး ကောင်းကင် နှင့် မြေကြီးကို ပိုင်းဖြတ်နေသည့် ရှေးဟောင်းနတ်ဘုရား တစ်ပါး ကဲ့သို့ အရှင်ယိုယင်း၏ ခန္ဓာကိုယ်ကို ပိုင်းချလိုက်သည်။
“မကောင်းဆိုးဝါး အတားအဆီး စုစည်းစမ်း”
အရှင်ယိုယင်းက ကျန်းချန်၏ ရွှေရောင်ဓားပုံရိပ်ကို မြင်လျှင် မကောင်းဆိုးဝါး စွမ်းအင်များကို စုစည်းကာ အတားအဆီး အဖြစ် ပြောင်းလဲလိုက်၏။
“ဝုန်း..”
ရွှေရောင်ဓားပုံရိပ်က မကောင်းဆိုးဝါးစွမ်းအင် အတားအဆီးပေါ်သို့ ကျရောက်သွားပြီးနောက်တွင် အတားအဆီးပေါ်ရှိ အနက်ရောင် စွမ်းအင်များသည် လျင်မြန်စွာပင် ပျံ့လွင့်သွားခဲ့သည်။
ခဏအကြာတွင် မကောင်းဆိုးဝါးစွမ်းအင် အတားအဆီး တစ်ခုလုံးသည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ရွှေရောင်ဓားပုံရိပ်၏ စွမ်းအားအောက်တွင် ပေါက်ကွဲထွက်သွားခဲ့၏။
ယင်းအချိန်တွင် ကောင်းကင်နှင့်မြေကြီးက မှေးမိန်သွားခဲ့ပြီး နေနှင့်လပင် အလင်းမဲ့သွားကာ မိုင်ရာချီ အချင်းဝက်ရှိ လေထုသည်ပင် ကသောင်းကနင်း ဖြစ်သွားခဲ့သည်။
အရှင်ယိုယင်း၏ ပုံရိပ်သည်လည်း ကျန်းချန်၏ ဓားချက်အောက်တွင် မီတာ ရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင် ထွက်ပေါ်နေသော မကောင်းဆိုးဝါးစွမ်းအင် အရှိန်အဝါများသည်ပင် မှိန်ဖျော့သွားခဲ့၏။
“ချီးထဲမှပဲ.. မဟာကောင်းကင်နတ်ဘုရား တစ်ပါးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲဟ”
အရှင်ယိုယင်းက စိတ်ထဲကနေ ကြောက်လန့်သွားခဲ့သည်။
စန်းယိုနတ်ဘုရင်သည် အထူးနည်းလမ်းများကို သုံး၍ သေဆုံးပြီးသား သူ့ကို ပြန်လည် မွေးဖွားပေးခဲ့သည်။
လက်ရှိအချိန်တွင် သူက အဆင့်နိမ့် နယ်မြေနတ်ဘုရားများနှင့် နှိုင်းယှဥ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း သေဆုံးပြီးသား ခန္ဓာကိုယ် ဖြစ်၍ နယ်မြေနတ်ဘုရားများတွင် ရှိသည့် မူလကမ္ဘာစွမ်းအား မရှိသလို သူအသက်ရှင်စဥ်က ပိုင်ဆိုင်ခဲ့သည့် နတ်စွမ်းအားများကိုလည်း အသုံးပြု၍ မရပေ။
မဟာကောင်းကင် နတ်ဘုရားတစ်ပါး ပင်လျှင် လက်ရှိ အချိန်တွင် သူ့ကို အသာစီးကနေ ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့၏။
“ဒီကောင် မိုကျင့်လဲ့က စည်းတံဆိပ်ကို အားဖြည့်တာ ဘယ်လောက်ကြာဦးမလဲ မသိဘူး”
သူရှေ့မှ အရှင်ယိုယင်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများက ပိုမို လေးနက်လာခဲ့သည်။
အရှင်ယိုယင်းသည် အလွန်တရာ အစွမ်းထက်ပြီး သူအစွမ်းကုန် တိုက်ခိုက်လျှင်ပင် အချိန်တိုအတွင်း သတ်ဖြတ်နိုင်ရန် လွယ်ကူမည် မဟုတ်ပေ။
ထို့အပြင် သူ၏ အစေအပါးသည်လည်း အရှင်စန်းမင်၏ တိုက်ခိုက်မှုအောက်တွင် အောက်စည်းသို့ လုံးဝနီးပါး ရောက်နေခဲ့၏။
သိပ်မကြာခင် ဖုတ်ကောင်များ ထပ်ရောက်လာမည်မှာ ပြောနေစရာပင် မလိုအပ်ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လှုံ့ဆော်ကာ အရှင်ယိုယင်းကို အစွမ်းကုန် တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ပြင်းထန်သော စွမ်းအင်လှိုင်းများကို ခံစားမိလိုက်သည်။
သူက အံ့အားသင့်သွားခဲ့ပြီး ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ မိုကျင့်လဲ့သည် စည်းတံဆိပ်ခတ်ရန် ပြီးဆုံးတော့မည်ကို တွေ့လိုက်ရ၏။
ဤမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
“ယိုယင်း သူ့ကို အမြန်တားလိုက်”
အရှင်စန်းမင်က အရှင်ယိုယင်းကို အော်ဟစ် ပြောဆိုလိုက်ပြီး ရွှယ်ဟန်ကို လျစ်လျူရှုကာ မိုကျင့်လဲ့ ဆီသို့ ဦးတည်လိုက်သည်။
အရှင်ယိုယင်းသည်လည်း အနက်ရောင်အရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။
“မိုကျင့်လဲ့ သတိထား”
ကျန်းချန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ချက်ချင်းဆိုသလို လှုံ့ဆော်လိုက်ရာ ကြယ်ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဧရာမ ဓားတစ်လက် ဖြစ်ပေါ်လာခဲ့သည်။
သူက ထိုဧရာမဓားဖြင့် ကောင်းကင်နှင့် မြေကြီးကို ပိတ်ဆို့ကာ ဖုတ်ကောင် နှစ်ကောင်ကို မိုကျင့်လဲ့ထံ ချဥ်းကပ်ခြင်းမှ တားဆီးထားလိုက်သည်။
“သွားစမ်း”
ထိုအချိန်တွင် မိုကျင့်လဲ့သည် လေထုထဲတွင် ဝင့်ကြွားစွာ မတ်တတ်ရပ်နေခဲ့သည်။
သူက ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်ကာ ဧရာမစည်းတံဆိပ် တစ်ခုကို ထုတ်ဖော်၍ သူ၏ ရှေ့ရှိ စည်းခတ်ထားသော နေရာကို ညွှန်ပြလိုက်သည်။
ဧရာမ စည်းတံဆိပ်က လေထဲတွင် ပျံသန်းလာခဲ့ပြီး စည်းခတ်ထားသည့် နေရာနှင့် ပေါင်းစည်းတော့မည် အချိန်မှာပင် စည်းခတ်ထားသော နေရာကနေ ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။
မကြာမီမှာပင် ဆန်းကြယ်သော ရွှေရောင်အလင်းတန်း တစ်ခုသည် စည်းခတ်ထားသောနေရာကနေ အတင်းအကျပ် ဖောက်ထွက်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ လေထုထဲတွင် ပေါက်ကွဲသွားခဲ့ပြီး ရွှေရောင်ကြယ်အလင်း ထောင်ပေါင်း များစွာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ကနေ ကျဆင်းလာသော ရွှေရောင်ကြယ်အလင်း တစ်ခုသည် ကျန်းချန် ဆီသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။
ထိုမြင်ကွင်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ရွှေရောင်ကြယ်အလင်းကို တိုက်ခိုက်လိုက်၏။
သို့သော်လည်း ရွှေရောင်ကြယ်အလင်းသည် ကျန်းချန်၏ လက်ဖဝါးထဲကို အနှောင့်အယှက် မရှိ ထိုးဖောက်ကာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
အခန်း(၁၉၀၇)ပြီး၏။
အခန်း(၁၉၀၈)
ရွှေရောင်ကြယ်အလင်းက ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားပြီးနောက်တွင် အချက်အလက် များစွာသည် ကျန်းချန်၏ စိတ်ထဲသို့ ချက်ချင်းဆိုသလို စီးဝင်လာခဲ့သည်။
“ဒါ.. ဒါက အင်မော်တယ်ကျင့်စဥ်တစ်ခု ဖြစ်နေတာပဲ”
အချက်အလက်များ၏ အကြောင်းအရာကို လက်ခံရရှိသောအခါ ကျန်းချန်၏ မျက်ဝန်းများတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသော အင်မော်တယ်ကျင့်စဥ်သည် စန်းယိုနတ်ဘုရင် ကျင့်ကြံခဲ့သည့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ဖြစ်နေလိမ့်မည်ဟု ကျန်းချန် လုံးဝ မမျှော်လင့်ထားခဲ့ပေ။
စန်းယိုနတ်ဘုရင်သည် ဤကျင့်စဥ်ကို ကျင့်ကြံပြီး အင်မော်တယ် နတ်ခန္ဓာကိုယ်ကို ရရှိခဲ့သည်။
ထို့ကြောင့်လည်း မဟာမြေရိုင်းနတ်ဘုရင်သည် စန်းယိုနတ်ဘုရင်ကို သတ်ဖြတ်၍ မရဖြစ်ကာ ဤနေရာတွင် စည်းတံဆိပ်ခတ်ရသည် အထိ ဖြစ်စေခဲ့သည်။
ရလဒ်အနေဖြင့် စန်းယိုနတ်ဘုရင်သည် နတ်ဘုရင်အဆင့်သက်တမ်း၏ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ယခုအချိန်အထိ အသက်ရှင်လျက် ရှိနေခဲ့သည်။
ယခုအခါတွင် စန်းယိုနတ်ဘုရင် ကျင့်ကြံခဲ့သော အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ချေပြီ။
ထိုအကြောင်းကို တွေးမိပြီးနောက်တွင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
စန်းယိုနတ်ဘုရင် ကျင့်ကြံခဲ့သော အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်သည် ဤလောကတွင် ကောင်းကင်ကို ဆန့်ကျင်နေသော ကျင့်စဥ်များထဲမှ တစ်ခု ဖြစ်သည်မှာ သေချာ၏။
သိထားရမည့်အချက်မှာ အစောပိုင်းက ရွှေရောင်ကြယ်အလင်းသည် လေထုထဲတွင် ရွှေရောင်ကြယ်အလင်း ထောင်ပေါင်းများစွာ အဖြစ် ပေါက်ကွဲထွက်သွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခြင်းပင်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုရွှေရောင်ကြယ်အလင်းတိုင်းတွင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ပါဝင်နိုင်ခြေများ၏။
ဆိုရလျှင် လျှို့ဝှက်နယ်မြေထဲရှိ ပြိုင်ပွဲဝင် အားလုံးသည် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို လက်ခံရရှိခဲ့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်ဖွယ် ရှိသည်။
လူအများကို မသေနိုင်အောင် ပြုလုပ်ပေးနိုင်သည့် ဤကျင့်စဥ်သည် မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင် အများအပြားကို ရူးသွပ်မတတ် ဆွဲဆောင်မည်မှာ သေချာသလောက်ပင်။
စန်းယိုနတ်ဘုရင်သည် သူ၏ ကျင့်စဥ်ကို မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များ ကျင့်ကြံစေလိုသည်မှာ ထင်ရှား၏။
စန်းယိုနတ်ဘုရင်၏ ရည်ရွယ်ချက်ကို ကျန်းချန် မသိသော်လည်း ထိုသို့ ဖြန့်ဝေရာတွင် ကြီးမားသော အကြံအစည်တစ်ခု ရှိနေမည်မှာ သေချာသလောက်ပင်။
ကျင့်ကြံသူများအနေဖြင့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံလိုက်သည်နှင့် အကျိုးဆက်များသည် စိတ်ကူးပင် မယဥ်နိုင်လောက်အောင် ဖြစ်သွားနိုင်ခြေ ရှိသည်။
ကျန်းချန်က ရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်နေချိန်မှာပင် အရှင်စန်းမင်၏ စကားသံက ထွက်ပေါ်လာခဲ့သည်။
“ယိုယင်း.. နန်းတော်သခင်ရဲ့ အမိန့်ရှိတယ်...ငါတို့ သွားကြစို့”
အရှင်စန်းမင်က အရှင်ယိုယင်းကို အလေးအနက် ပြောလိုက်သည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ကျန်းချန် နှင့် မိုကျင့်လဲ့ တို့ကို လျစ်လျူရှုကာ အနက်ရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နေရာကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဖုတ်ကောင်နှစ်ကောင် ထွက်ခွာသွားပြီးနောက်တွင် မိုကျင့်လဲ့သည် ဆန်းကြယ်သော လက်ဟန်များကို ဆက်လက် ပြုလုပ်ကာ သူ၏ရှေ့မှ မတည်မငြိမ် ဖြစ်နေသော စည်းခတ်ထားသည့်နေရာကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။
“နောက်ဆုံးတော့ အန္တရာယ်မရှိတော့ဘူး.. စည်းတံဆိပ်ကို အားဖြည့်တာ အောင်မြင်သွားခဲ့ပြီ”
မိုကျင့်လဲ့က စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
သို့သော် သူ၏စိတ်ထဲတွင် အစောပိုင်းက ပေါ်ပေါက်လာခဲ့သော အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို တွေးမိလိုက်လျှင် မိုကျင့်လဲ့၏ မျက်နှာသည် လေးနက်သွားခဲ့သည်။
သူက ရုတ်တရက် ကျန်းချန်ကို ကြည့်ကာ စူးစမ်းသော အမူအရာဖြင့် မေးလိုက်၏။
“မိတ်ဆွေ...မင်းခုနက ဘယ်လိုအချက်အလက်ကို လက်ခံရရှိသလဲဆိုတာ သိလို့ရမလား”
“ငါ စန်းယိုနတ်ဘုရင် ကျင့်ကြံခဲ့တဲ့ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို လက်ခံရရှိခဲ့တယ်”
ကျန်းချန်က ခေါင်းညိတ်၍ အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။
“ငါခန့်မှန်းတာ မမှားရင် ဒီလျှို့ဝှက်နယ်မြေထဲမှာ ရှိတဲ့ ပါရမီရှင်တွေ အားလုံးက.. ဒီကျင့်စဥ်တွေကို လက်ခံရရှိမယ်ထင်တယ်”
ကျန်းချန်ထံမှ ထိုစကားကို ကြားလျှင် မိုကျင့်လဲ့၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုနှစ်က မဟာမြေရိုင်းနတ်ဂိုဏ်းသည် စန်းယိုနတ်ကျောင်းကို အနိုင်ယူခဲ့ပြီး စန်းယိုနယ်မြေကို မဟာမြေရိုင်းနယ်မြေကနေ ပျောက်ကွယ်သွားစေခဲ့သည်။
သို့ဖြစ်ရာ စန်းယိုနတ်ဘုရင်သည် မဟာမြေရိုင်းနယ်မြေမှ လူများအပေါ်တွင် ကောင်းမွန်သော စိတ်ထားရှိမည် မဟုတ်လောက်ပေ။
အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် သတ်၍ပင် မသေနိုင်သည့် ကမ္ဘာပေါ်တွင် ရှားပါးသော ကျင့်စဥ်တစ်ခု ဖြစ်သည်။
ထိုကဲ့သို့ ကျင့်စဥ်မျိုးကို ရရှိထားသူသည် အလွယ်တကူ ဖြန့်ဝေမည် မဟုတ်လောက်ပေ။
သို့သော်လည်း ယခုအခါတွင်မူ စန်းယိုနတ်ဘုရင်သည် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖြန့်ဝေခဲ့ရုံသာမက ဤနေရာသို့ ဝင်ရောက်လာသော မဟာမြေရိုင်းပါရမီရှင် အားလုံးထံ ပေးပို့ခဲ့သည်။
ဤလုပ်ရပ်တွင် မရိုးသားသော အကြံအစည် ရှိနိုင်သည်ဟု မိုကျင့်လဲ့ တွေးမိခဲ့၏။
သူက အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်၏ မူလဇာစ်မြစ်ကို သိထားသောကြောင့် ထိုကျင့်စဥ်ကို ကျင့်ကြံ၍ မရနိုင်ကြောင်း ကောင်းစွာ နားလည်ထားခဲ့သည်။
သို့သော်လည်း မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များသည် ထိုအချက်ကို မသိကြပေ။
မည်သူမဆို ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ကျင့်စဥ်မျိုးကို ရုတ်တရက် လက်ခံရရှိသောအခါတွင် ထိုကျင့်စဥ်၏ သွေးဆောင်မှုကို တွန်းလှန်နိုင်ရန်မှာ မလွယ်ကူချေ။
မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင် ရာပေါင်းများစွာသာ စန်းယိုနတ်ဘုရင်၏ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံကြပြီး အဆုံးသတ်တွင် ၎င်းတို့အားလုံးကို စန်းယိုနတ်ဘုရင်က ထိန်းချုပ်ထားမည် ဆိုလျှင် မဟာမြေရိုင်းနယ်မြေတွင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို တတ်မြောက်ထားသည့် ရန်သူ ရာပေါင်းများစွာ ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။
ထိုသို့ တွေးမိရုံဖြင့်ပင် မိုကျင့်လဲ့သည် ခေါင်းကျိန်းသွားသလို ခံစားလိုက်ရ၏။
ဤမတိုင်မီက မိုကျင့်လဲ့သည် စန်းယိုနတ်ကျောင်းမှ အစွမ်းထက် ကျင့်ကြံသူများကို ဖုတ်ကောင်ပုံစံဖြင့် ပြန်လည်မွေးဖွားခြင်းမှာ စန်းယိုနတ်ဘုရင်၏ အဓိက အကြံအစည် ဖြစ်သည်ဟု ယူဆခဲ့သည်။
သို့သော်လည်း တကယ့် အဓိကအကြံအစည်မှာ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖြန့်ဝေခြင်း ဖြစ်နိုင်ဖွယ် အလွန်များ၏။
“မဖြစ်ဘူး.. ဒီအကြောင်းကို အထက်က အကြီးအကဲတွေဆီ အမြန်ဆုံး သတင်းပို့မှ ဖြစ်မယ်”
မိုကျင့်လဲ့၏ မျက်ဝန်းများက တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။
စန်းယိုနတ်ဘုရင်၏ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ထွက်ပေါ်လာခြင်းသည် အလွန်တရာပင် အရေးကြီးသောကိစ္စ ဖြစ်သည်။
အနည်းငယ် ဂရုမပြုမိသည်နှင့် မဟာမြေရိုင်းနတ်ဂိုဏ်း၏ ဘေးကင်းရေးကိုပင် ထိခိုက်စေနိုင်ဖွယ် ရှိ၏။
ထို့ကြောင့် သူ့အနေဖြင့် မဟာမြေရိုင်းနတ်ဂိုဏ်းမှ အကြီးအကဲများ သိရှိနိုင်စေရန် အတွက် ထိုသတင်းကို အမြန်ဆုံး ပေးပို့ရမည် မဟုတ်ပါလော။
“မိတ်ဆွေ.. ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်.. ငါအရေးတကြီး လုပ်စရာကိစ္စ ရှိနေသေးတဲ့ အတွက် သွားခွင့်ပြုပါဦး.. မင်းရဲ့ ကျေးဇူးတရားကို ငါမှတ်ထားပါမယ်”
မိုကျင့်လဲ့က ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီး အလင်းစီးကြောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
“ဒီစန်းယိုနတ်ဘုရင်ရဲ့ ကျင့်စဥ်က တကယ်ကို အစွမ်းထက်တဲ့ကျင့်စဥ်ပဲ”
ကျန်းချန်က ထွက်ခွာသွားသော မိုကျင့်လဲ့၏ ကျောပြင်ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် လောကတွင် ရှားပါးသော ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ကျင့်စဥ်ဖြစ်ပြီး အမြင့်ဆုံးအဆင့် အထိ ကျင့်ကြံနိုင်လျှင် မသေနိုင်သောသူပင် ဖြစ်နိုင်၏။
ထိုသို့သော ကျင့်စဥ်သည် မည်သည့် ကျင့်ကြံသူအတွက် မဆို သေမတတ် ဆွဲဆောင်မှုရှိ၏။
ယခုအခါတွင် မဟာမြေရိုင်းနယ်မြေမှ အင်အားစုများစွာ၏ ထိပ်တန်း ပါရမီရှင်အားလုံးသည် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ရရှိထားကြသည်။
ဆိုရလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းပင် ထိုကျင့်စဥ်ကို မကျင့်ကြံရန် အတွက် လူတိုင်းကို တားမြစ်ရန် မဖြစ်နိုင်လောက်ပေ။
တစ်စုံတစ်ဦးသာ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လျှင် မဟာမြေရိုင်းနယ်မြေ အတွက် ကြီးမားသော ဘေးအန္တရာယ်ကို သယ်ဆောင်လာမည်မှာ သေချာသလောက်ပင်။
“သခင်.. တကယ်တော့ သခင်တစ်ယောက်တည်း ဒီကျင့်စဥ်ကို ရထားတာမဟုတ်ဘူး.. စန်းယိုနယ်မြေမှာ ပြန်လည် မွေးဖွားလာတဲ့ ကျွန်တော်တို့လို ဖုတ်ကောင်တွေ အားလုံးလည်း အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ရရှိထားတယ်”
ထိုအချိန်တွင် ရွှယ်ဟန်သည် ကျန်းချန်၏ နံဘေးသို့ လျှောက်လာပြီး ကျန်းချန် အံ့အားသင့်စေမည့် စကားကို ပြောလိုက်သည်။
“ဘာ”
ကျန်းချန်၏ စိတ်နှလုံးက ရုတ်တရက် တုန်လှုပ်သွားခဲ့၏။
သူက မယုံကြည်နိုင်သော အမူအရာဖြင့် ရွှယ်ဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီအင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို မင်းတို့လို ဖုတ်ကောင်တွေလည်းကျင့်ကြံလို့ ရတယ်လား”
“သခင်.. ဒီအင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်က အတော်လေး ထူးခြားတယ်.. ဒီကျင့်စဥ်ကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လိုသက်ရှိမဆို ကျင့်ကြံနိုင်မယ်ထင်တယ်”
ရွှယ်ဟန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
“ရွှယ်ဟန်.. ငါပြောတာကို မင်းသေချာနားထောင်ပါ.. ဒီအင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို လုံးဝ ကျင့်ကြံလို့မဖြစ်ဘူး.. မင်းသာ အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ကျင့်ကြံခဲ့ရင် ငါမင်းကို တစ်ခါတည်း သတ်ပစ်မယ်”
ကျန်းချန်က ရွှယ်ဟန်ကို တစ်ခါတည်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ဤအတိုင်းသာဆိုလျှင် စည်းတံဆိပ်ခတ် ခံထားရသော စန်းယိုနတ်ဘုရင်သည် သူ၏ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို အသုံးပြု၍ ကြီးကျယ်သော ကစားပွဲတစ်ပွဲကို ဖန်တီးရန် စီစဥ်နေသည်မှာ သေချာသလောက်ပင်။
အခန်း(၁၉၀၈)ပြီး၏။