← Chapters

အခန်း (၁၉၀၉-၁၉၁၀)

Vol. 131 Ch. 1909-1910

အခန်း (၁၉၀၉-၁၉၁၀)

Vol. 131 Ch. 1909-1910

အခန်း(၁၉၀၉)

မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များသည် ကျန်းချန်နှင့် မိုကျင့်လဲ့ တို့က ဤနေရာတွင် မည်သည့်အရာများနှင့် တွေ့ကြုံခဲ့ရသည်ကို မသိရှိခဲ့ကြပေ။

သူတို့အားလုံးသည် လေထုကနေ ရုတ်တရက် ဆင်းသက်လာသော ရွှေရောင်ကြယ်များထံကနေ ကောင်းချီးများကို ရရှိခဲ့ကြ၏။

ချက်ချင်းဆိုသလိုပင် သူတို့၏ စိတ်ထဲတွင် အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ဟု ခေါ်သော ကျင့်စဥ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုကျင့်စဥ်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အစွမ်းထက် စွမ်းအားကို ခံစားမိလျှင် သူတို့အားလုံးသည် ရူးသွပ်မတတ်ပင် စိတ်လှုပ်ရှားလာခဲ့ကြသည်။

ဤ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် နတ်ဘုရင်အဆင့် ကျင့်စဥ်ထက်ပင် အဆင့်မနိမ့်ဘဲ စွမ်းအားကြီးရုံသာမက ကျင့်ကြံသူ၏ သက်တမ်းကိုလည်း တိုးစေနိုင်သော အစွမ်း ရှိသည်။

အမြင့်ဆုံးအဆင့် အထိ ကျင့်ကြံနိုင်ခဲ့လျှင် မည်သည့်အခါမှ သေဆုံးတော့မည် မဟုတ်ပေ။

ထိုကဲ့သို့ ပြိုင်ဘက်ကင်း ကျင့်စဥ်သည် ကျင့်ကြံသူအမြောက်အများ အတွက် စိတ်ကူးအိပ်မက်ထဲမှ ရတနာတစ်ပါးဖြစ်သည်။

မဟာမြေရိုင်း နယ်မြေရှိ ပါရမီရှင် အနည်းငယ်ကသာ ကျင့်စဥ်၏ မူလဇာစ်မြစ်က အလွန်တရာ ထူးဆန်းသည်ဟု ခံစားမိခဲ့ပြီး သူတို့၏ စိတ်နှလုံးထဲတွင် သတိအနည်းငယ် ထားရှိသည်မှ လွဲ၍ ကျင့်စဥ်၏ ဆွဲဆောင်မှုတွင် လုံးဝ ကျဆုံးသွားခဲ့ကြသည်။

တချို့ဆိုလျှင် မဟာမြေရိုင်းတံဆိပ်ပြား အတွက် တိုက်ပွဲဝင်ရန်ကိုပင် စွန့်လွှတ်ကာ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံရန်အတွက် နေရာတစ်ခုကိုပင် ရှာဖွေခဲ့ကြသည်။

------------------

တောင်ကျ ရေတံခွန်တစ်ခု၏ ပတ်ဝန်းကျင် တိတ်ဆိတ်နေခဲ့ပြီး စူးရှပြင်းထန်သော သွေးအရှိန်အဝါများသည် လေထဲတွင် ပျံ့လွင့်နေကာ လေးနက်သော အဓိပ္ပါယ်ကို ဆောင်နေခဲ့၏။

ထိုနေရာတွင် လူတစ်ဦး ရှိနေခဲ့သည်။

ထိုလူက ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာအများအပြား ရရှိထားပြီး ဝတ်ဆင်ထားသည့် အဖြူရောင် အဝတ်အစားသည်ပင် အနီရောင် အဖြစ်သို့ ပြောင်းလဲနေခဲ့၏။

ထိုဝတ်စုံဖြူဝတ် ကျင့်ကြံသူမှာ တခြားသူ မဟုတ်ပေ။

ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ကုန်းလင် ဖြစ်၏။

ကုန်းလင်၏ ခြေရင်းနားတွင် ဟန်ယွဲ့နန်းတော်မှ ပိုင်ရှင်းကျန့်၏ ရုပ်အလောင်း ရှိနေခဲ့သည်။

မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို သိရှိထားသောကြောင့် ကုန်းလင်နှင့် ပိုင်ရှင်းကျန့် တို့သည် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီး မကြာမီမှာပင် အဖွဲ့ဖွဲ့ခဲ့ကြသည်။

သူတို့နှစ်ဦးက အဖွဲ့ဖွဲ့ထားသော်လည်း ပြိုင်ပွဲဝင်များထဲတွင် အလယ်အလတ် အဆင့်မျှသာ ရှိသည်။

ထို့ကြောင့်ပင် ကုန်းလင်တို့နှစ်ဦးသည် မဟာမြေရိုင်းတံဆိပ်ပြားကို လုယူရန်အတွက် အားနည်းသော ပါရမီရှင်များကိုသာ ပစ်မှတ်ထားခဲ့ကြသည်။

နှစ်ဦးစလုံးက တစ်လျှောက်လုံး အန္တရာယ်မရှိဘဲ အဆင်ပြေခဲ့ကြ၏။

သို့သော်လည်း သူတို့နှစ်ယောက်သည် မဟာမြေရိုင်းနတ်ဂိုဏ်းမှ ပါရမီရှင် တချို့နှင့် ထိပ်တိုက် ဆုံတွေ့ခဲ့ရသည်။

သူတို့က သူတို့၏ အသက်ကို လွှတ်ပေးရန် အတွက် မဟာမြေရိုင်း တံဆိပ်ပြားကို လက်လွှဲပေးလိုသော ဆန္ဒ ရှိသော်လည်း တစ်ဖက်လူက သူတို့၏ အသက်ကိုပင် ချမ်းသာပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

အဆုံးသတ်တွင် သူတို့သည် မဟာမြေရိုင်းနတ်ဂိုဏ်းမှ ပါရမီရှင်များနှင့် တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။

ထိုတိုက်ပွဲတွင် ပိုင်ရှင်းကျန့်သည် မဟာမြေရိုင်းနတ်ဂိုဏ်းမှ ပါရမီရှင် တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ကုန်းလင်သည်လည်း အခြားသော အင်အားစုများမှ ပါရမီရှင်များ ‌ရောက်ရှိလာခြင်းကြောင့်သာ အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်သည်။

ကုန်းလင်က ပိုင်ရှင်းကျန့်၏ အလောင်းကို မြေမြုပ်ရန်နှင့် သူ၏ ဒဏ်ရာများကို ကုသရန် နေရာ ရှာဖွေနေသော အချိန်မှာပင် ကောင်းကင်ကနေ ကျဆင်းလာသော ရွှေရောင်ကြယ်သည် သူ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ပြိုင်ဘက်ကင်း ကျင့်စဥ်ကို လက်ဆင့်ကမ်းပေးခဲ့သည်။

“ညီလေးပိုင် အေးချမ်းစွာ အနားယူပါ.. အခု ငါက ပြိုင်ဘက်ကင်း ကျင့်စဥ်ဖြစ်တဲ့ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ရရှိခဲ့ပြီ.. ဒီကျင့်စဥ်ကို ကျင့်ကြံလို့ အောင်မြင်တာနဲ့ မင်းအတွက် သေချာပေါက် လက်စားချေပေးမယ်”

ထို့နောက်တွင် ကုန်းလင်က ပိုင်ရှင်းကျန့်၏ ခန္ဓာကိုယ်ကို အနီးအနားတွင် မြှုပ်နှံပေးလိုက်ပြီး ထိုနေရာကနေ ထွက်ခွာလာခဲ့သည်။

ဤအချိန်တွင် မဟာမြေရိုင်းပါရမီရှင် အဆင့်စာရင်းသည် သူ့အတွက် အရေးမပါတော့ပေ။

အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံရန် လုံခြုံသော နေရာတစ်ခုအား ရှာဖွေရန်သာ စိတ်စောနေခဲ့၏။

သူက ဟန်ယွဲ့နန်းတော်သခင် အရှင်ဟောင်ယွဲ့၏ တပည့် ဖြစ်လာပြီးနောက်တွင် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ဖြစ်လာခဲ့သည်။

ဤနှစ်များအတွင်း ကုန်းလင်သည် ဟန်ယွဲ့နန်းတော်၏ လူငယ်မျိုးဆက်ကို စိုးမိုးခဲ့ပြီး မည်သူ့ကိုမှ သူ၏ မျက်လုံးထဲတွင် မထည့်ခဲ့ပေ။

သို့သော်လည်း ဟန်ယွဲ့နန်းတော်၏ သိုင်းပြိုင်ပွဲတွင် ကုန်းလင်သည် ကျန်းချန်၏ အပြတ်အသတ် အနိုင်ယူခြင်းကို မမျှော်လင့်ဘဲ ခံလိုက်ရ၏။

ထို့နောက်ပိုင်းတွင် သူက အပတ်တကုတ် ကြိုးစား ကျင့်ကြံခဲ့ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် တောက်ပနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက်ကိုသာ ခံစားခဲ့ရ၏။

ဤအချိန်တွင်မူ ကုန်းလင်သည် မဟာမြေရိုင်းနယ်မြေ၏ စစ်မှန်သော ပါရမီရှင်အဆင့် နှင့် မည်မျှ ဝေးကွာနေသည်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ချေပြီ။

ထိုပါရမီရှင်များ၏ ရှေ့မှောက်တွင် ဟန်ယွဲ့နန်းတော်၌ သူအောင်မြင်ခဲ့သည့် အောင်မြင်မှုများသည် ဘာမှမဟုတ်ပေ။

ပါရမီရအရဖြစ်စေ၊ ခွန်အားအရဖြစ်စေ သူ့တွင် မည်သည့်အားသာချက်မှ မရှိချေ။

ကုန်းလင်က သူ့ကိုယ်သူ စိတ်ပျက်နေသော အချိန်မှာပင် သူ၏ စိတ်ထဲတွင် ပြိုင်ဘက်ကင်းကျင့်စဥ် ဖြစ်သည့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်က ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုကျင့်စဥ်က အနည်းငယ် ထူးဆန်းနေပုံရသော်လည်း ကုန်းလင်သည် လုံးဝ ဂရုမစိုက်ခဲ့ပေ။

ယခုထက် ပိုမို သန်မာလာနိုင်သရွေ့ မည်သူ့ အဖိုးအခကို မဆို‌ ပေးဆပ်ရန်အတွက် သူက တုံ့ဆိုင်းနေမည် မဟုတ်ချေ။

စန်းယိုနတ်ဘုရင်ကို စည်းတံဆိပ်ခတ်ထားသော နေရာမှ ထွက်လာပြီး နောက်တွင် ကျန်းချန်သည် လျှို့ဝှက်နယ်မြေထဲတွင် ဆက်လက် စူးစမ်းခြင်းမပြုတော့ဘဲ ယွဲ့ဝူရွှမ်း ကျင့်ကြံနေသည့်‌ နေရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။

စင်စစ် ယွဲ့ဝူရွှမ်းသည် ဟန်ယွဲ့နန်းတော်၏ တပည့်တစ်ဦး ဖြစ်ရုံသာမက မဟာမြေရိုင်း နယ်မြေသို့ သူရောက်ရှိလာပြီးနောက်တွင် ခင်မင်ရင်းနှီးခဲ့သည့် သူ၏ မိတ်ဆွေ အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်၏။

သူ၏ မိတ်ဆွေတစ်ဦးအနေဖြင့် ယွဲ့ဝူရွှမ်းကို ကျန်းချန်သည် ဤကျင့်စဥ်အား ကျင့်ကြံစေလိုခြင်း မရှိခဲ့ပေ။

ကျန်းချန်က ယွဲ့ဝူရွှမ်းနှင့် တွေ့ပြီးနောက်တွင် ကျင့်စဥ်၏ အကြောင်းကို ရှင်းပြလိုက်သောအခါ ယွဲ့ဝူရွှမ်းသည် ကျန်းချန်ကို ပြုံးရွှင်စွာဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။

“မောင်လေးကျန်း.. အစ်မရဲ့ လနတ်ဧကရီရဲ့ခန္ဓာကိုယ်မှာ ကျင့်စဥ်ရဲ့ ချို့ယွင်းချက်ကို ရှာဖွေနိုင်တဲ့ ထူးခြားတဲ့စွမ်းရည် ရှိတယ်.. အစ်မရဲ့စိတ်ထဲမှာ ဒီကျင့်စဥ် ပေါ်လာပြီးတဲ့နောက်မှာ ကျင့်စဥ်က ချို့ယွင်းချက် ရှိနေတာကို တွေ့ရှိခဲ့တယ်”

“ကျင့်စဥ်က ချို့ယွင်းချက်ရှိနေတယ်.. ဟုတ်လား”

ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

“အမှန်ပဲ.. ဒါက တကယ်တော့ အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ် အစစ် မဟုတ်ဘူး.. အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်နဲ့ ဆင်တူတဲ့ ကျင့်စဥ်တစ်မျိုးပဲ ဒါပေမဲ့ ဒီကျင့်စဥ်ရဲ့ စွမ်းအားက နတ်ဘုရင်အဆင့် ကျင့်စဥ်ရဲ့စွမ်းအားနဲ့ အရမ်းကို နီးစပ်တယ်”

ယွဲ့ဝူရွှမ်းက ကျန်းချန်ကို ရှင်းပြလိုက်သည်။

“ဒါ့အပြင် ဒီကျင့်စဥ်ကို ကျင့်ကြံတဲ့သူတွေ အားလုံးက စန်းယိုနတ်ဘုရင်ရဲ့ ရုပ်သေးရုပ်တွေ ဖြစ်လာဖို့ အလားအလာ အများဆုံးပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ‌ လေးနက်သွားခဲ့၏။

ဤအတိုင်းသာဆိုလျှင် စန်းယိုနတ်ဘုရင်သည် ကြီးမားသော ကစားပွဲတစ်ပွဲကို ဆင်နွှဲရန် အတွက် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို အသုံးချနေသည်မှာ ထင်ရှား၏။

ယွဲ့ဝူရွှမ်းနှင့် စကားခဏမျှ ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် စန်းယိုနယ်မြေ၌ ဆက်လက် စူးစမ်းရန် ရည်ရွယ်ချက် မရှိတော့ပေ။

သူက ယွဲ့ဝူရွှမ်း၏ အနားတွင် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေခဲ့ပြီး ပထမအဆင့် ပြီးဆုံးသည့် အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ထွက်ပေါ်လာသောကြောင့် မိုကျင့်လဲ့သည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်ကို အမြန်ဆုံး ပြီးဆုံးစေရန်နှင့် ထိုသတင်းကို မဟာမြေရိုင်းနတ်ဂိုဏ်းဆီ အသိပေးနိုင်ရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်မည်မှန်း ကျန်းချန် ကောင်းစွာ သိရှိထားခဲ့သည်။

ထို့ကြောင့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်သည် သိပ်မကြာမီ ပြီးဆုံးတော့မည် ဖြစ်သည်။

ဤကဲ့သို့သော စောင့်ဆိုင်းမှုအောက်တွင် နေ့တစ်ဝက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့တစ်ဝက် အတွင်း လျှို့ဝှက်နယ်မြေတွင် အထွတ်အထိပ်နတ်အလင်းတန်း စုစည်းမှုနှစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ထိုနှစ်ဦးသည် လုချန်ချင်းနှင့် ကျူစစ်ကျွင်းတို့ ဖြစ်နိုင်ဖွယ်ရှိသည်။

မှန်ပါသည်။ မဟာမြေရိုင်းနယ်မြေရှိ ပါရမီရှင်များထဲတွင် လုချန်ချင်း တို့ထက် အထွတ်အထိပ် နတ်အလင်းတန်းကို ပိုမိုမြန်ဆန်စွာ စုစည်းနိုင်သည့် သူကဲ့သို့ ဖျက်မြင်းတစ်ဦးလည်း ရှိကောင်း ရှိနေနိုင်သည်။

သို့သော်လည်း ကျန်းချန်က သိပ်ဂရုမစိုက်ခဲ့ပေ။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် အထွတ်အထိပ်နတ်အလင်းတန်းကို မည်သူက စုစည်းနေပါစေ၊ အနည်းငယ်မျှပင် ကြောက်ရွံ့နေမည် မဟုတ်ချေ။

အထွတ်အထိပ် နတ်အလင်းတန်း နှစ်ခု စုစည်းပြီးနောက်တွင် နောက်ထပ် ၂နာရီ ကြာမြင့်သွားခဲ့သည်။

ရုတ်တရက် လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ထူးဆန်းသော နေရာလွတ်လှိုင်းလုံး တစ်ခု ထွက်ပေါ်လာခဲ့ပြီး မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင် အားလုံးသည် လျှို့ဝှက်နယ်မြေ တစ်ခုလုံးက တုန်ခါနေသည်ကို ခံစားမိလိုက်၏။

ထိုခဏမှာပင် ပါရမီရှင် အားလုံးသည် ထူးဆန်းသောအလင်းရောင်ဖြင့် ရစ်ပတ်ခံလိုက်ရပြီး လျှို့ဝှက်နယ်မြေက‌နေ ပျောက်ကွယ်သွားခဲ့ကြသည်။

အခန်း(၁၉၀၉)ပြီး၏။

အခန်း(၁၉၁၀)

မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် လေထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ကြပြီး ဝင်ပေါက်ကို စူးစိုက်ကြည့်နေကြသည်။

အချင်းချင်း ရင်းနှီးသော ကျင့်ကြံသူ တချို့ကမူ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ ပထမအဆင့်နှင့် ပတ်သက်၍ တီးတိုးဆွေးနွေးနေခဲ့ကြ၏။

“ရက်အနည်းငယ်တောင် ကြာသွားပြီ ဆိုတော့ ပထမအဆင့်က ပြီးခါနီးပြီ ထင်တယ်.. ဒီနှစ်မှာ အထွတ်အထိပ် နတ်အလင်းကို လူဘယ်နှစ်ယောက် စုစည်းနိုင်မလဲမသိဘူး”

“မတော်တဆကိစ္စတွေသာ မရှိဘူးဆိုရင်တော့ မိုကျင့်လဲ့၊ လုချန်ချင်းနဲ့ ကျူစစ်ကျွင်းတို့ သုံးယောက်က အထွတ်အထိပ်နတ်အလင်းတန်းကို စုစည်းဖို့ သေချာသလောက်ပဲ.. ဒီသုံးဦးစလုံးက မဟာ ကောင်းကင် နတ်ဘုရား အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ်.. ကျန်တဲ့သူတွေကတော့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်"

"ငါ့အတွက်ကတော့ အထွတ်အထိပ် နတ်အလင်းတန်းကို ဘယ်သူ စုစည်းနိုင်လဲဆိုတာ အရေးမကြီးဘူး.. ငါတို့ဂိုဏ်းက အဖွဲ့ဝင် တစ်ယောက်ယောက်က ပထမအဆင့်ကို အောင်မြင်ဖို့ပဲ မျှော်လင့်တယ်.. အဲဒါဆို ငါကျေနပ်ပြီ”

“..............”

ကျင့်ကြံသူများ ‌ဆွေးနွေးပြောဆိုနေကြချိန်မှာပင် အောက်ဘက်ရှိ ဝင်ပေါက်တွင် ရုတ်တရက် ပြင်းထန်သော နေရာလွတ်လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

ကျင့်ကြံသူများ ကြည့်ရှုနေစဥ်မှာပင် လူတစ်စုသည် ဝင်ပေါက်ကနေ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

ထိုလူများမှာ လျှို့ဝှက်နယ်မြေကနေ ပြန်ရောက်လာခဲ့ကြသော မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များ ဖြစ်ကြ၏။

သို့သော် ယခင်အကြိမ်များနှင့် နှိုင်းယှဥ်နိုင်လျှင် လျှို့ဝှက်နယ်မြေကနေ ပြန်လည် ထွက်လာနိုင်သူ အရေအတွက်မှာ သိသိသာသာပင် လျော့နည်းသွားခဲ့သည်။

ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် ပါရမီရှင်များစွာ ကျဆုံးသွားခဲ့သည်မှာ ထင်ရှားနေခဲ့၏။

ကျင့်ကြံသူများ၏ အကြည့်များသည် မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များ ပေါ်သို့ ကျရောက်သွားခဲ့ကြသည်။

အထူးသဖြင့် မျက်စိကျိန်းလောက်စရာ အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသော လူလေးဦး ဆီသို့ ဖြစ်၏။

ထိုလူလေးဦးမှာ အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းထားသော ကျန်းချန် အပါအဝင် လေးဦး ဖြစ်သည်။

အထွတ်အထိပ် နတ်အလင်းတန်းသည် ပထမအဆင့်ပြီးဆုံးသွားသော်လည်း ပျောက်ကွယ်မသွားသေးပေ။

မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် အထွတ်အထိပ် နတ်အလင်းတန်းများ ထွက်ပေါ်နေသော ကျန်းချန်တို့ လေးဦးကို ကြည့်ကာ အံ့အားသင့်သွားကြသည်။

“ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ အထွတ်အထိပ် နတ်အလင်းတန်း စုစည်းနိုင်တဲ့သူ လေးဦးတောင် ပေါ်ထွက်လာမယ်လို့ မထင်ထားခဲ့ဘူး.. ငါတို့ မှန်းထားတဲ့အတိုင်း မိုကျင့်လဲ့၊ လုချန်ချင်း၊ ကျူစစ်ကျွင်း တို့က အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်တာတော့ ထားပါတော့.. ဟိုအနက်‌ရောင်ဝတ်စုံနဲ့ ကောင်လေးက ဘယ်သူလဲ.. သူကလည်း အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့တယ်လား.. ကြည့်ရတာ ဒီတစ်ခါ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ကြီးကျယ်တဲ့ ဖျက်မြင်းတစ်ကောင် ထွက်ပေါ်လာတော့မယ် ထင်တယ်”

“..........”

မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် သူတို့၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မအံ့သြဘဲ မနေနိုင်ခဲ့ကြပေ။

ဤအခိုက်အတန့်တွင် အရှင်ဟောင်ယွဲ့၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန်သည်‌ ကောင်းကင်နတ်ဘုရား အဆင့်၏ အကန့်အသတ်ကို ချိုးဖျက်ခဲ့သော မဟာကောင်းကင်နတ်ဘုရားတစ်ဦး ဖြစ်ပြီး မဟာမြေရိုင်းနယ်မြေရှိ ထိပ်တန်းပါရမီရှင်များနှင့် ခွန်အား တန်းတူ ဖြစ်မှန်း သူသိနှင့်နေခဲ့သော်လည်း ရလဒ်မထွက်မီတွင် အရှင်ဟောင်ယွဲ့သည် အမြဲတစေ စိုးရိမ်ပူပန်နေခဲ့သည်။

ယခု ကျန်းချန်က ပထမအဆင့်မှာပင် အထွတ်အထိပ် နတ်အလင်းတန်းကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီ ဖြစ်ရာ အရှင်ဟောင်ယွဲ့၏ တင်းကျပ်နေသော စိတ်နှလုံးသည် အဆုံးသတ်တွင် ပြေလျော့သွားခဲ့၏။

ကျန်းချန်၏ တည်ရှိမှုကြောင့် သူ၏ ဟန်ယွဲ့နန်းတော်သည် ဤတစ်ကြိမ်တွင် တောက်ပလာတော့မည် ဖြစ်သည်။

အရှင် ဟောင်ယွဲ့နှင့် မလှမ်းမကမ်းတွင် ရှိသည့် တစ္ဆေဂိုဏ်းမှအရှင် ဝိညာဥ်နက်၏ အမူအရာကမူ အလွန်တရာပင် မကြည်မလင် ဖြစ်နေခဲ့သည်။

ပထမအဆင့်သို့ မဝင်ရောက်မီတွင် အရှင်ဝိညာဥ်နက်သည် ယိုစစ်မင် နှင့် တစ္ဆေဂိုဏ်းမှ တပည့်များကို ဟန်ယွဲ့နန်းတော်မှ လူများအား ပစ်မှတ်ထားရန် အမိန့်ပေးခဲ့သည်။

သို့သော်လည်း ဟန်ယွဲ့နန်းတော်မှ ကျန်းချန်သည် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်သူ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အရှင်ဝိညာဥ်နက်ကို ပို၍ပင် ဒေါသထွက်စေသည်မှာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် ပါရမီရှင် ငါးဦးအနက် နှစ်ဦးသာလျှင် ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ခြင်းဖြစ်သည်။

တစ္ဆေဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်ဖြစ်သော ယိုစစ်မင်အပါအဝင် သုံးဦးသည် ပထမအဆင့်မှာပင် ကျဆုံးသွားခဲ့ကြ၏။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အရှင်ဝိညာဥ်နက်သည် သူ၏ စိတ်နှလုံးထဲကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

သူ၏ တစ္ဆေဂိုဏ်းမှ နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် ယိုစစ်မင်သည် မဟာမြေရိုင်း ပါရမီရှင် စာရင်းတွင် အဆင့် ၂၀ နေရာ၌ ရှိနှင့်ပြီးသား ဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ယိုစစ်မင်ကို ခြိမ်းခြောက်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရသည်။

ဆိုရလျှင် ယိုစစ်မင်၏ ခွန်အားဖြင့် ပထမအဆင့်မှာပင် မည်ကဲ့သို့ ကျဆုံးနိုင်ပါမည်နည်း။

အရှင်ဝိညာဥ်နက်က အထွတ်အထိပ် နတ်အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။

ထိုကောင်လေးသည် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့၍ မိုကျင့်လဲ့ တို့ကဲ့သို့ ထူးခြားသော ပါရမီရှင်များဖြစ်သည်မှာ သေချာသလောက်ပင်။

ဤတစ်ကြိမ်တွင် အရှင်ဝိညာဥ်နက်သည် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို သူ အဘယ်ကြောင့် မမြင်နိုင်မှန်း နားလည်သွားခဲ့သည်။

ယင်းမှာ ကျန်းချန် ထံတွင် အရှိန်အဝါကို ဖုံးကွယ်နိုင်သည့် မှော်ရတနာ ရှိ၍ မဟုတ်ဘဲ ကျန်းချန်သည် မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိနေခြင်းကြောင့် ဖြစ်နိုင်ခြေများ၏။

ထိုအတိုင်းသာဆိုလျှင် ယိုစစ်မင်တို့ လူစုသည် ကျန်းချန်ကို ဒုက္ခပေးရန် ကြိုးစားရင်း အဆုံးသတ်တွင် ကျန်းချန်၏ လက်ထဲ၌ သေဆုံးသွားခြင်း ဖြစ်နိုင်ဖွယ် ရှိ၏။

“ဟာကွာ”

အရှင်ဝိညာဥ်နက်က စိတ်ထဲကနေ မချိတင်ကဲ ရေရွတ်လိုက်သည်။

သူ၏ မျက်နှာအမူအရာက အလွန်တရာပင် သုန်မှုန်သွားခဲ့၏။

ကျန်းချန်သာ မဟာ ကောင်းကင် နတ်ဘုရားမှန်း ကြိုသိခဲ့လျှင် သူက ယိုစစ်မင်တို့ လူစုကို ကျန်းချန်အား ဒုက္ခသွားရှာခိုင်းမည် မဟုတ်ပေ။

မူလက တစ္ဆေဂိုဏ်းတွင် ယိုစစ်မင် ရှိနေသောကြောင့် တစ္ဆေဂိုဏ်းသည် ထိပ်ဆုံးဆယ်ဦး စာရင်းထဲတွင် ပါဝင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးကို မွေးထုတ်ပေးနိုင်ဖွယ် ရှိသည်။

ယခုအခါတွင်မူ တစ္ဆေဂိုဏ်းမှ ကျန်ရှိသော တပည့်နှစ်ဦးသည် မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် ဝင်ရောက်နိုင်မလားဆိုသည်ကိုပင် မသေချာတော့ပေ။

ဤတစ်ကြိမ်တွင် သူက ကြက်ခိုးရင်း ဆန်ပါ ဆုံးရှုံးခဲ့ရချေပြီ။

“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ပထမအဆင့် ပြီးဆုံးသွားပြီ ဆိုတော့ အခု ငါတို့က မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ဒုတိယအဆင့် ဖြစ်တဲ့ အထွတ်အထိပ် ပလ္လင် တိုက်ပွဲကို စတင်တော့မယ်”

မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများက ကျန်းချန်ကြောင့် ထိတ်လန့် တုန်လှုပ်နေချိန်မှာပင် မဟာမြေရိုင်း နတ်ဂိုဏ်းမှ ပထမ အကြီးအကဲ ဖြစ်သည့် အရှင်ထျန်းယန်၏ အသံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

အရှင်ထျန်းယန်၏ အသံ ပဲ့တင်ထပ်လာသည်နှင့် အမျှ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားခဲ့၏။

လူတိုင်း၏ အကြည့်သည် အရှင်ထျန်းယန် ဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

မဟာမြေရိုင်းနယ်မြေ၏ ပထမအဆင့်တွင် ယခုနှစ် အတွက် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်သတ်မှတ်ခံရသည့် ၃၆ယောက်ကို ရွေးချယ်ခဲ့သည်။

ဒုတိယအဆင့် ဖြစ်သည့် အထွတ်အထိပ်ပလ္လင် တိုက်ပွဲသည် မဟာမြေရိုင်း ပါရမီရှင်စာရင်း၏ အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ကြသည့် တိုက်ပွဲ ဆိုလည်းမမှားပေ။

လူတိုင်းက ဒုတိယအဆင့်ကို စတင်ရန် စောင့်ဆိုင်းနေစဥ်မှာပင် အရှင်ထျန်းယန်သည် ရုတ်တရက် အံ့အားသင့်ဖွယ်စကားကို ပြောဆိုလိုက်သည်။

“အားလုံးပဲ.. အကြောင်းကိစ္စ တချို့ကြောင့် ဒီတစ်ကြိမ် မဟာမြေရိုင်း ပါရမီရှင်သိုင်းပြိုင်ပွဲရဲ့ ဒုတိယအဆင့် ပြီးတာနဲ့ နတ်ဘုရင် စားသောက်ပွဲကို ဒီနေရာမှာပဲ တစ်ခါတည်း ကျင်းပသွားမှာ ဖြစ်တယ်”

အရှင်ထျန်းယန်၏ စကားကိုကြားလျှင် ကျင့်ကြံသူ အားလုံးသည် ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားခဲ့ကြသည်။

ပုံမှန်အားဖြင့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ဒုတိယအဆင့် ပြီးစီးလျှင် မဟာမြေရိုင်းနတ်ဘုရင်သည် မဟာမြေရိုင်းစာရင်းထဲတွင် ပါဝင်သည့် ပါရမီရှင် ၃၆ဦးကို နတ်ဘုရင် စားသောက်ပွဲတွင် ပါဝင်ရန် သီးသန့် ဖိတ်ကြားလေ့ရှိသည်။

ယခုအခါ အရှင် ထျန်းယန်က ဒုတိယအဆင့် ပြိုင်ပွဲ ပြီးသည်နှင့် နတ်ဘုရင်စားသောက်ပွဲကို နေရာမှာပင် တစ်ခါတည်း ကျင်းပမည်ဟု ဆိုခဲ့၏။

ယင်းက မဟာမြေရိုင်း နတ်ဘုရင် ကိုယ်တိုင် ဤနေရာကို လာရောက်မည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။

လူတိုင်းက အံ့သြတုန်လှုပ်နေစဥ်မှာပင် ရုတ်တရက် ရွှေရောင်အလင်းတန်း တစ်ခုသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။

ထိုရွှေရောင်အလင်းတန်း ကြားတွင် ကြီးကျယ်ခမ်းနားသော ရွှေရောင်ပုံရိပ် တစ်ခုသည် ဝင့်ကြွားစွာ ရပ်နေခဲ့၏။

ထိုလူက လေထုထဲတွင် အေးဆေး တည်ငြိမ်စွာ ရပ်နေခဲ့ပြီး လောကရှိ အရာအားလုံးကို ဖိနှိပ်နိုင်သည့် အမြင့်မြတ်ဆုံးသော အရှိန်အဝါ တစ်ခုသည် ထိုလူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေခဲ့သည်။

ယင်းအချိန်တွင် ပတ်ဝန်းကျင်ရှိ နယ်မြေနတ်ဘုရား များစွာသည် ထိုလူ၏ ကြောက်မက်ဖွယ် အရှိန်အဝါအောက်တွင် သူတို့၏ စိတ်ဝိညာဥ်များ တုန်လှုပ်ချောက်ချားသွားသည့် ခံစားချက်မျိုးကို ရရှိခဲ့ကြသည်။

အခန်း(၁၉၁၀)ပြီး၏။

All Chapters