← Chapters

အခန်း (၇၅၁-၇၅၅)

Vol. 51 Ch. 751-755

အခန်း (၇၅၁-၇၅၅)

Vol. 51 Ch. 751-755

Chapter 751

အချိန်တချို့ကုန်ဆုံးသွားပြီးနောက်....

အနောက်ဖက်တောင်တန်းတွင်....

တောင်တန်းအတွင်းသို့သွားနိုင်သော ရှုပ်ထွေးသည့်လမ်းကြောင်းပေါ်၌....

အင်မော်တယ်အရှိန်အဝါတစ်ရပ်ရှိသော လူအိုကြီးတစ်ယောက် ဖြည်းညှင်းစွာထွက်ပေါ်လာသည်။

အနီးပတ်ဝန်းကျင်တွင်ရှိသော နတ်ဆိုးသားရဲလေးများသည် ထိုလူအိုကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရှိန်အဝါကို ခံစားမိသဖြင့် တစ်ကောင်ပြီးတစ်ကောင် ထွက်ပြေးသွားကြသည်။

အကယ်၍ ရီဖုန်းသာ ဤနေရာတွင်ရှိနေပါက တစ်ချက်ကြည့်မိရုံဖြင့် ထိုလူအိုကြီးကို မှတ်မိသွားပေးမည်။

ဤသည်မှာ လူအများ၏အထက်တွင် ရပ်တည်နိုင်သည့် သန့်စင်ခြင်းတစ်ရာဂိုဏ်း၏မဟာအကြီးအကဲပင်။

စွန်းကျီမေး၏နံဘေးတွင် လူငယ်တပည့်တစ်ယောက်လည်း ရှိနေသည်။

ထိုလူငယ်၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပေ၏။

"ဆရာက အရမ်းတော်တာပဲ...ဒီတောင်ပေါ်မှာရှိတဲ့ နတ်ဆိုးသားရဲတွေအားလုံး ဆရာရဲ့ပုံရိပ်ကိုမြင်တာနဲ့ ကြောက်လန့်ပြီးတော့ အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်သွားကြပြီ"

စွန်းကျီမေးက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။ထို့နောက် သူ၏မုတ်ဆိတ်ကို ညင်သာစွာပွတ်သပ်ကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်၏။

"ဒါက ဘာထူးဆန်းလို့လဲ...ဒီတောတောင်ရဲ့နက်ရှိုင်းတဲ့နေရာမှာနေတဲ့ အစစ်အမှန်အင်မော်တယ်အဆင့် နတ်ဆိုးသားရဲတွေတောင် ငါ့ကိုမြင်တာနဲ့ အဝေးကို ရှောင်ကွင်းသွားလိမ့်မယ်"

"ဆရာက အရမ်းအစွမ်းထက်တာပဲ"

လူငယ်တပည့်လေးသည် သူ၏လက်မကိုထောင်ပြကာ ထပ်မံ၍ မြှောက်ပင့်လိုက်သည်။

ထိုတပည့်လေး၏ချီးမွမ်းမှုကို အချိန်တခဏကြာခန့် နားထောင်ပြီးနောက် စွန်းကျီမေးသည် စိတ်ကျေနပ်သွားပေ၏။

ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"မင်းက ဆရာရဲ့အသစ်လက်ခံလိုက်တဲ့ လက်ရင်းတပည့်ပဲ...ဒီနေ့ မင်းကို ဒီတောင်ပေါ်ခေါ်လာရတဲ့ ရည်ရွယ်ချက်က မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားကို လေ့ကျင့်ဖို့အတွက်ပဲ...နေလအင်မော်တယ်နယ်ပယ်ရဲ့အထက်မှာရှိတဲ့ နတ်ဆိုးသားရဲတွေ ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်းကိုယ်တိုင် ရင်ဆိုင်ရလိမ့်မယ်"

"ဒီနတ်ဆိုးသားရဲတွေကို မင်းကိုယ်တိုင် ရင်ဆိုင်ပြီးတဲ့အချိန်ကျမှသာ မင်းရဲ့စွမ်းအား မလုံလောက်သေးတာကို မင်း သိသွားပြီးတော့... အဲ့ဒီအချိန်ကစပြီး မင်း ပြင်းပြင်းထန်ထန်ကြိုးစားလိမ့်မယ်... နောက်အနာဂတ်မှာ မင်းက လောကကြီးထဲမှာ သွားလာလှုပ်ရှားမယ်ဆိုရင် သတိကြီးကြီးထားပြီး ဂရုစိုက်ဖို့ကိုလည်း သင်ယူရလိမ့်မယ်"

ထိုတပည့်က ရိုသေလေးစားသောအကြည့်ဖြင့် စွန်းကျီမေးကို ကြည့်လေသည်။

"ဆရာရဲ့သွန်သင်မှုတွေကို လိုက်နာပါ့မယ်"

ထို့နောက် သူက ချီးမွမ်းစကားပြောဆိုနေသည်။

"ဒီတပည့်က မဟာအကြီးအကဲဖြစ်တဲ့ ဆရာရဲ့လက်အောက်မှာ သင်ယူခွင့်ရခဲ့တာက တကယ်ကိုရှားပါးတဲ့ အခွင့်အရေးကြီးတစ်ခုဖြစ်ပြီးတော့ တပည့်ရဲ့သုံးဘဝတိုင် ကံကောင်းမှုကြီးပါ"

"ဒါက အမှန်ပဲ"

စွန်းကျီမေး၏မျက်ခုံးများ မြင့်တက်သွားကာ သူ၏ရင်ကိုကော့ပြီး မောက်မာထောင်လွှားသောအမူအယာဖြင့် ပြောဆိုသည်။

"ဒီဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ဂိုဏ်းချုပ်ကလွဲပြီးတော့ အနောက်ဘက်တောင်ပေါ်ကို တပည့်တွေခေါ်သွားရဲတာဆိုလို့ ငါတစ်ယောက်ပဲရှိတယ်"

ထိုစကားကိုပြောဆိုရင်း သူက တည်ကြည်လေးနက်သောအမူအယာဖြင့် ထပ်မံ၍ဖြည့်စွက်လိုက်သည်။

"မင်း မှတ်ထားရမှာက ငါနဲ့အတူ တောင်ပေါ်ကိုတက်တာကလွဲပြီးတော့ တခြားအချိန်တွေမှာ မင်း ဒီနေရာကို မဆင်မခြင်လာလို့မရဘူး...မင်း နားလည်ပြီလား"

ထိုတပည့်က ခေါင်းညိတ်ပြသည်။ထို့နောက် သူက သတိကြီးစွာထား၍ မေးမြန်းလိုက်၏။

"ဆရာ...အနောက်ဖက်တောင်ပေါ်မှာရှိတဲ့ နတ်ဆိုးသားရဲတွေက တကယ်ပဲကြောက်ဖို့ကောင်းတာလား"

စွန်းကျီမေးက တုံ့ပြန်အဖြေပေးသည်။

"ငါတို့ဂိုဏ်းရဲ့အနောက်ဖက်တောင်က မြေနဂါးတောင်တန်းနဲ့ ဆက်သွယ်နေတယ်"

"အဲ့ဒီတောတောင်တွေရဲ့အနက်ပိုင်းမှာ နေလအင်မော်တယ်နယ်ပယ် နတ်ဆိုးသားရဲတွေ မပြောနဲ့...အစစ်အမှန်အင်မော်တယ်နယ်ပယ် နတ်ဆိုးသားရဲတွေတောင် မရှားပါးဘူး"

"မင်းလို တပည့်တစ်ယောက်မပြောနဲ့...တကယ်လို့ဂိုဏ်းရဲ့အကြီးအကဲတွေ အဲ့ဒီတောတောင်တွေရဲ့ နက်ရှိုင်းတဲ့နေရာကို ဝင်သွားရင်တောင် သူတို့တွေ သေဆုံးသွားရပြီးတော့....မဟာနတ်ဆိုးသားရဲကြီးတွေအတွက် သားကောင်တွေ ဖြစ်သွားကြတယ်"

"နှစ်စဉ်နှစ်တိုင်း ငါတို့ဂိုဏ်းရဲ့တပည့် အယောက်ငါးဆယ်ကျော်က အနောက်ဖက်တောင်မှာ ပျောက်ကွယ်သွားခဲ့တယ်"

"အဲ့ဒီတပည့်တွေကိုရှာဖို့အတွက် အနောက်ဖက်တောင်တန်းထဲကို ဝင်သွားခဲ့တဲ့ အကြီးအကဲတချို့လည်း ပြန်မလာနိုင်တော့ဘူး"

ထိုတပည့်လေးသည် ထိုစကားများကိုကြားချိန်တွင် သူ၏မျက်နှာအမူအယာပျက်ယွင်းသွားသည်။

"ဒီလောက်ထိ ကြောက်ဖို့ကောင်းတာလား"

စွန်းကျီမေးက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။

"ဒါတင် မကဘူး"

သူ၏တပည့်မှ သူ့အားအထင်ကြီးစေရန်အလို့ငှာ သူက ထပ်မံ၍ ပြောဆိုလိုက်သည်။

"ပြောရမယ်ဆိုရင် မြေနဂါးတောင်တန်းရဲ့နက်ရှိုင်းတဲ့နေရာမှာ အစစ်အမှန်အင်မော်တယ် ပဉ္စမအဆင့်ထိကျင့်ကြံထားတဲ့ နတ်ဆိုးသားရဲကြီးတွေတောင် ရှိနေတယ်"

"ဒီလိုတည်ရှိမှုကြီးတွေနဲ့ မင်းရင်ဆိုင်ရမယ်ဆိုရင်...တကယ်လို့ ငါက မင်းနဲ့အတူရှိနေရင်တောင် မင်းကိုဂရုမစိုက်နိုင်မှာ ငါ စိုးရိမ်မိတယ်...ဒါဆိုရင်တော့ မင်းကိုယ်မင်း ကံကောင်းပါစေလို့ ဆုတောင်းရုံပဲရှိတော့မယ်"

ထိုတပည့်လေးသည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကာ စကားပင်မပြောနိုင်တော့ချေ။

တပည့်ဖြစ်သူ၏မျက်နှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားသည်ကိုကြည့်ပြီး စွန်းကျီမေးက ပေါ့ပေါ့ပါးပါးပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။

"မင်း အများကြီး စိုးရိမ်ပူပန်နေဖို့မလိုဘူး...မင်းက မြေနဂါးတောင်တန်းရဲ့နက်ရှိုင်းတဲ့နေရာကို မသွားသရွေ့အဲ့ဒီအစစ်အမှန်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ နတ်ဆိုးသားရဲအိုကြီးတွေနဲ့ တွေ့မှာမဟုတ်ဘူး"

"ဒါပေမဲ့..."

စွန်းကျီမေးက သူ၏လေသံကို ပြောင်းလဲလိုက်သည်။

"ဒါပေမဲ့ ငါတို့ဂိုဏ်းရဲ့ နတ်ဘုရားသားရဲဖြစ်တဲ့ ကျီးကန်းနက် နေထိုင်တဲ့အသိုက်က ဒီနေရာနဲ့ သိပ်မဝေးဘူး...မင်း အဲ့ဒီနေရာကို မဆင်မခြင်ကပ်မသွားနဲ့...နတ်ဘုရားသားရဲရဲ့တည်ရှိမှုကို နှောက်ယှက်လို့မရဘူး"

"တကယ်လို့ မင်းက အဲ့ဒီနတ်ဘုရားသားရဲကို ဒေါသထွက်သွားစေမယ်ဆိုရင် ငါတောင်မှ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး....မင်း နားလည်ရဲ့လား"

"တပည့် နားလည်ပါပြီ"

ထိုတပည့်လေးက တစ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။

အမှန်အားဖြင့် သူသည် ဂိုဏ်း၏နတ်ဘုရားသားရဲဖြစ်သော ကျီးကန်းနက်နှင့်ပတ်သက်ပြီး ကောင်းစွာသိရှိထားပြီးဖြစ်သည်။

ဤသည်မှာ အစစ်အမှန်အင်မော်တယ်တစ်ယောက်ထက် ပို၍ကြောက်ရွံ့ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုပင်။

မကြာသေးမီအချိန်ကပင် ထိုနတ်ဘုရားသားရဲသည် အစာအဖြစ်စားသောက်ရန် တောနက်ကြီးအတွင်းမှ အစစ်အမှန်အင်မော်တယ်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ကိုဖမ်းဆီးခဲ့ကြောင်း သူ ကြားခဲ့သည်။

စွန်းကျီမေးက သူ၏တပည့်လေးကို တဖန်ထပ်၍ သတိပေးလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် တပည့်လေး မင်း မှတ်ထားရမှာက ဒီတောတောင်ထဲကို တစ်ယောက်တည်းမဝင်ရဘူး...မဟုတ်ရင် မင်း အသက်ရှင်နိုင်မှာမဟုတ်ဘူး"

"ဟုတ်ကဲ့"

ထိုတပည့်လေးက ခေါင်းညိတ်ပြသည်။

သို့ရာတွင်...

ဆရာတပည့်နှစ်ယောက်သည် စကားပြောဆိုရင်း အနောက်ဖက်တောင်အတွင်းသို့ ဝင်ရောက်နေစဉ်မှာပင်...

သူတို့၏ရှေ့မှာနေ၍ ပိန်ပါးပြီးဖြူရော်နေသော လူငယ်တစ်ယောက် လျှောက်လှမ်းလာသည်။

ထိုလူငယ်သည် အစေခံတပည့်တစ်ယောက်၏ဝတ်စုံကို ဝတ်ဆင်ထားလေ၏။

သူ၏အဝတ်အစားများသည် ဟောင်းနွမ်းသော်လည်း အစွန်းအထင်းကင်းမဲ့နေကာ သူတို့ကိုဖြတ်ကျော်ပြီး အလျှင်အမြန်လျှောက်လှမ်းသွားသည်။

သူ၏ကိုယ်နေဟန်ထားအရကြည့်လျှင် သူသည် တောင်ပေါ်မှ လောလောလတ်လတ်ဆင်းလာခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဆရာတပည့်နှစ်ယောက်လုံး နေရာမှာပင် ချက်ချင်းကြက်သေသေသွားတော့သည်။

"ဆရာ...အနောက်ဖက်တောင်က အရမ်းအန္တရာယ်များတယ်လို့ ဆရာပြောခဲ့တယ်မဟုတ်လား...တကယ်လို့ အကြီးအကဲတွေဝင်သွားရင်တောင် အရမ်းအန္တရာယ်များတယ်မဟုတ်လား"

ထိုတပည့်လေးသည် ကြောင်စီစီအမူအယာဖြင့် စုပိုင်ကိုလက်ညိုးညွှန်ပြကာ နားမလည်နိုင်စွာဖြင့် မေးမြန်းသည်။

"ဒါဆိုရင် ဒီအစေခံတပည့်လေးက ဘာလို့အသက်ရှင်နေတာလဲ"

Chapter 752

"ဒါက....အဟွတ်...."

စွန်းကျီမေးသည် ရှက်ရွံသွားကာ အချိန်တခဏကြာသည်အထိ မည်ကဲ့သို့ရှင်းပြရမည်ကို မသိတော့ချေ။

ဤသည်မှာ ကျိုးကြောင်းမဆီလျော်သောကိစ္စပင်။

ဤအစေခံတပည့်လေးသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။သူသည် မည်သည်‌ကြောင့် အခွင့်အာဏာမရှိဘဲ အနောက်ဖက်တောင်အတွင်းသို့ ဝင်ဝံ့သနည်း။

အကယ်၍ သူ ဝင်ရောက်သွားပြီဆိုလျှင်ပင်မည်သည်ကြောင့် ဒဏ်ရာအနာတရမရှိဘဲ ပြန်ထွက်လာနိုင်သနည်း။

ဤကိစ္စကြောင့် သူ၏မျက်နှာကို မည်သည့်နေရာ၌ သွားထားရမည်နည်း။

ထိုအကြောင်းကို ထပ်ခါတလဲလဲတွေးတောရင်း သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် တွေဝေတုံ့ဆိုင်းစွာ ပြောဆိုလိုက်သည်။

"မတော်တဆ...ဒါက မတော်တဆကိစ္စတစ်ခုပဲဖြစ်မယ်"

"အဲ့ဒီအစေခံကောင်လေးက ကံကောင်းပြီးတော့ ဘာနတ်ဆိုးသားရဲနဲ့မှ မတွေ့တာပဲဖြစ်မယ်...သူ့ရဲ့အဝတ်အစားတွေ အကောင်းပကတိ ဖြစ်နေတာကို မင်း မမြင်ဘူးလား...သူက ဘာအန္တရာယ်နဲ့မှမတွေ့ခဲ့ရဘူးဆိုတာ အသိသာကြီးလေ"

သူသည် နောက်ဆုံး၌ ဆင်ခြေတစ်ခုကို ရှာတွေ့ခဲ့သဖြင့် ပြောဆိုလိုက်သည်။ထို့နောက် သူ့ထံ၌ ဆရာတစ်ယောက်၏ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုး တဖန်ပြန်၍သိပ်သည်းသွားသည်။

သူက တင်းမာခက်ထန်သောမျက်နှာဖြင့် တပည့်ဖြစ်သူကို သတိပေးလိုက်သည်။

"မင်း ဒီတောတောင်ထဲကို ဝင်သွားတဲ့အချိန်တိုင်း ဒီလိုကံကောင်းမှုမျိုး မရနိုင်ဘူးဆိုတာ မင်း နားလည်ရဲ့လား"

ထိုတပည့်လေးသည် ကြောင်စီစီဖြင့် ခေါင်းညိတ်ပြလေ၏။

"တပည့် နားလည်ပါပြီ"

ဤတပည့်လေးသည် သူ၏စကားများကိုအပြည့်အဝ ယုံကြည်ခြင်းမရှိသည်အား စွန်းကျီမေးက တွေ့မြင်မိသည်။

ထိုကြောင့် သူသည် ဖြေရှင်းချက်ရရန်အတွက် အစောပိုင်းက ဖြတ်သန်းသွားသော အစေခံတပည့်ကို ဟန့်တားကာ အသေးစိတ်ကျကျမေးမြန်းရန်အတွက် သူ၏လက်ကိုမြှောက်လိုက်သည်။

သို့ရာတွင်...

စွန်းကျီမေးသည် သူ၏လက်ကို မြှောက်လိုက်သောအချိန်မှာပင်...

အစေခံတပည့်စုပိုင်က သူ့အား ဖြတ်ကျော်သွားလေသည်။

စုပိုင်သည် ခေါင်းအနဲငယ်ငုံ့၍

"အကြီးအကဲကို နှုတ်ဆက်ပါတယ်"ဟုနှုတ်ဆက်ပြီးနောက် အဝေးသို့ လျှောက်လှမ်းသွားတော့သည်။

"အမ်...မင်း ခဏနေအုံး"

စွန်းကျီမေး မတုံ့ပြန်နိုင်သေးမီမှာပင် စုပိုင်သည် တောင်အောက်သို့ ဆင်းသွားလေ၏။

စုပိုင်၏အမြင်အရ...

အကယ်၍ ယဉ်ကျေးမှုအရသာမဟုတ်ပါက သူသည် မဟာအကြီးအကဲအား နှုတ်ဆက်စကားပင် ပြောဆိုမည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခုလက်ရှိချိန်၌ အင်မော်တယ်တစ်ယောက် ဖြစ်နေလေပြီ။

တခြားလူများကို ဦးညွှတ်အရိုအသေပြုသည်မှာ အင်မော်တယ်တစ်ယောက်၏နာမည်ဂုဏ်သတင်းကို ဆုံးရှုံးစေသည်မဟုတ်လော။

ထို့ပြင်...

ဤနယ်မြေတွင် သိုင်းပညာအစွမ်းထက်သူများကို ရိုသေလေးစားခြင်းခံရသည်။

သူ၏ယခုလက်ရှိခွန်အားသည် အကြီးအကဲတစ်ယောက်ထက် များစွာပို၍သန်မာအားကောင်းသည်။

အကယ်၍ အမှန်တကယ် စမ်းသပ်စစ်ဆေးပါက သူ လေလည်လိုက်သည်နှင့် အကြီးအကဲတစ်ယောက်၏အသက်ကို တဝက်ခန့်နှုတ်ယူနိုင်ပေမည်။

အတိတ်ကို ပြန်လည်တွေးတောကြည့်ပါက...

ထိုအကြီးအကဲများထံတွင် သူတို့၏ကိုယ်ပိုင်မာန်မာနများရှိသည်။

သူတို့ကဲ့သို့ အစေခံတပည့်များ၏ရှေ့တွင် ထိုအကြီးအကဲများသည် မာန်မာနများကို ထုတ်ဖော်ပြသလေ့ရှိသည်။

စုပိုင်သည် ထိုအကြီးအကဲများမှ မုန်ညင်းတစ်ပင်အလား သူ့အား ကြည့်ခဲ့သော မျက်လုံးအကြည့်များအတွင်းမှ တည်ငြိမ်မှု အေးစက်မှု ခံစားချက်ကင်းမဲ့မှုတို့ကို မည်သို့မျှ မေ့လျော့မည်မဟုတ်ချေ။

သူ၏ညီမငယ်လေး အပြင်းအထန်နာမကျန်းဖြစ်ခဲ့စဉ်က သူသည် ထိုအကြီးအကဲများကို တောင်းပန်ခဲ့သည့်တိုင် ဆေးလုံးတစ်လုံးပင် သူအားပေးခဲ့ခြင်းမရှိချေ။

စုပိုင်၏ယခုလက်ရှိခွန်အားဖြင့်....

အတိတ်မှဖြစ်ရပ်များအတွက် ပြန်ပြီးကလဲ့စားမချေသည်ကပင် သူ၏သဘောထားကြီးမှုကို ပြသရာရောက်နေလေပြီ။

စုပိုင် လုံးလုံးလျားလျား ပျောက်ကွယ်သွားသောအချိန်မှသာ စွန်းကျီမေးက အသိပြန်ဝင်လာခဲ့သည်။

ထို့နောက် သူက ဒေါသတကြီးအော်ဟစ်လိုက်၏။

"မင်း ခုဏကဖြတ်သွားတဲ့ အစေခံတပည့်ရဲ့ပုံပန်းသွင်ပြင်ကို မှတ်မိလား"

"တပည့် မှတ်မိပါတယ်"

တပည့်လေးက အလျင်စလိုပြောဆိုသည်။

"သွားကြစို့...."

"ငါတို့တွေ ဂိုဏ်းထဲကို ပြန်ရောက်တာနဲ့...တကယ်လို့ ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဗြောင်းဆန်အောင် မွှေနှောက်ရမယ်ဆိုရင်တောင် မင်းက အဲ့ဒီအ​စေခံတပည့်ကို ငါ့ဆီခေါ်လာခဲ့ရမယ်"

"သာလွန်ခြင်းနဲ့နိမ့်ကျခြင်းရဲ့ကြားက အဓိပ္ပာယ်ကို သူသိအောင် ပြရမယ်...ခွန်အားရဲ့သာလွန်မှုက ဘာလဲဆိုတာကိုလည်း သူ သိစေရမယ်"

"တပည့် မှတ်ထားလိုက်ပါ့မယ်...ဆရာ ဘာမှမစိုးရိမ်ပါနဲ့...တပည့်က အဲ့ဒီအရိုအသေမဲ့တဲ့ကောင်လေးကို အလွတ်မပေးပါဘူး"

လူငယ်တပည့်လေးက ထပ်ခါတလဲလဲ ကတိပေးသည်။

စွန်းကျီမေးက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"သွားကြစို့...ငါက မင်းကို အတွေ့အကြုံရဖို့အတွက် အရင်ဆုံး တောင်ပေါ်ကိုခေါ်သွားမယ်...မဟာနတ်ဆိုးသားရဲကြီးတွေ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာကို မင်း ကြုံတွေ့ရလိမ့်မယ်"

"မင်း ဒီတောတောင်တွေရဲ့ နက်ရှိုင်းတဲ့နေရာကို ဝင်သွားတဲ့အချိန်ကျရင် ငါက ဘာလို့ အဲ့ဒီအစေခံတပည့် ကံကောင်းတယ်လို့ ပြောတယ်ဆိုတာ မင်း သိသွားလိမ့်မယ်"

"ဒီတောတောင်ရဲ့နက်ရှိုင်းတဲ့နေရာမှာ မင်း စိတ်ကူးတောင်ယဉ်ကြည့်ဖူးမှာမဟုတ်တဲ့ ကြောက်ဖို့ကောင်းတဲ့အရာတွေ ရှိနေတယ်"

ထိုစကားများကိုကြားချိန်၌ တပည့်လေးသည် တဖန်ပြန်၍ စိတ်လှုပ်ရှားစပြုလာသည်။ ထို့နောက် သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"ဆရာ ကျွန်တော်တို့တွေက ဘာလို့ဒီတောတောင်ထဲကို နောက်ရက်ကျမှမဝင်တာလဲ"

"ငါကိုယ်တိုင် ဒီနေရာမှာရှိနေမှတော့ မင်းက ဘာကိုကြောက်နေရမှာလဲ"

စွန်းကျီမေးသည် စိတ်မကျေမနပ်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း တပည့်ဖြစ်သူအား နှစ်သိမ့်ပေးလေသည်။

"ဘာမှ မစိုးရိမ်နဲ့....ငါတို့က အနက်ရှိုင်းဆုံး နေရာထိ မဝင်သွားသရွေ့ အစစ်အမှန်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ နတ်ဆိုးသားရဲတွေအများကြီးနဲ့ တွေ့မှာမဟုတ်ဘူး...ငါက မင်းကို ကာကွယ်ပေးမယ်"

စွန်းကျီမေးသည် သူ၏စကားအဆုံးသတ်သည်နှ င့် ထိုတပည့်လေးကို အတင်းအကြပ်ဆွဲခေါ်ကာ အရှိန်မြှင့်၍ တောင်တန်း၏နက်ရှိုင်းသောနေရာသို့ ဦးတည်သွားလိုက်သည်။

မကြာမီမှာပင် စွန်းကျီမေးက ထပ်မံ၍သတိပေးသည်။

"အခု ငါတို့က တောင်တန်းရဲ့နက်ရှိုင်းတဲ့နေရာနားကို ရောက်နေပြီ...ဒီနေရာမှာ ငါတို့က နေလအင်မော်တယ်နယ်ပယ်မှာရှိတဲ့ နတ်ဆိုးသားရဲတွေနဲ့ အချိန်မရွေးတွေ့နိုင်တယ်...အစစ်အမှန်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ နတ်ဆိုးသားရဲတချို့ကိုလည်း တစ်ခါတလေကြုံရနိုင်တယ်...မင်းက ငါ့ရဲ့နောက်ကနေ ကပ်လိုက်ခဲ့စမ်း"

ထိုစကားများကိုကြားချိန်၌ တပည့်လေးသည် စွန်းကျီမေး၏အင်္ကျီစကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။

သူသည် ဖြူရော်နေသောမျက်နှာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ မဟာနတ်ဆိုးသားရဲကြီးများ၏တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့နေခဲ့သည်။

သို့ရာတွင်....

ဆရာတပည့်နှစ်ယောက်သည်တောင်တန်း၏နက်ရှိုင်းသောနေရာသို့ ခရီးတော်တော်ပေါက်ခဲ့သည့်တိုင် မည်သည့်နတ်ဆိုးသားရဲကိုမျှ ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိချေ။

အစစ်အမှန်အင်မော်တယ် နတ်ဆိုးသားရဲများနေနေသာသာ နေလအင်မော်တယ် နတ်ဆိုးသားရဲတစ်ကောင်တစ်လေကိုပင် မြင်တွေ့ရခြင်းမရှိချေ။

"ဒါက မဟုတ်သေးဘူး"

စွန်းကျီမေးက ရပ်တန့်ကာ မျက်မှောင်ကြုတ်၍ စဉ်းစား​တွေးတောလိုက်၏။

သာမန်အားဖြင့် သူ၏တပည့်များကို လေ့ကျင့်ရန်အတွက် တောတောင်၏နက်ရှိုင်းသောနေရာသို့ ခေါ်ဆောင်သွားသည့်အချိန်တိုင်း ဝေးလံသောနေရာသို့မရောက်မီမှာပင် အနည်းဆုံး အစစ်အမှန်အင်မော်တယ် နတ်ဆိုးသားရဲသုံးကောင် သို့မဟုတ် ငါးကောင်နှင့် ဆုံတွေ့ရသည်။

သို့ရာတွင် ယခုအချိန်၌ သူတို့သည် ယခင်ထက်ပို၍ နက်ရှိုင်းသောနေရာသို့ သွားခဲ့သည့်တိုင် မည်သည်ကြောင့် ထိုနတ်ဆိုးသားရဲများ၏အရိပ်အယောင်ကိုပင် မတွေ့ရသနည်း။

မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....

Chapter 753

စွန်းကျီမေးသည် သံသယအပြည့်ဖြစ်နေသော်လည်း သူ့၏တပည့်လေးကမူ ဤအချိန်အခိုက်အတန့်၌ လုံးလုံးလျားလျား စိတ်အေးလက်အေးဖြစ်နေသည်။

သူသည် မလှမ်းမကမ်းအကွာတွင်ရှိသော ကြွက်တစ်ကောင်ကို လက်ညှိုးညွှန်ပြကာ ရယ်မော၍ပြောဆိုသည်။

"ဆရာ...အဲ့ဒါက ဆရာပြောနေတဲ့ မဟာနတ်ဆိုးသားရဲကြီးဆိုတာလား...ဒါကိုကြည့်ရတာ နည်းနည်းတော့အန္တရာယ်များပုံပဲ...ဒါက ကျွန်တော်တို့ဂိုဏ်းမှာရှိတဲ့ ကြွက်တွေထက် တော်တော်လေးပိုကြီးတယ်"

"သောက်ချေးပဲ"

စွန်းကျီမေးက ထိုတပည့်၏နောက်စေ့ကို တစ်ချက်ဖြတ်ရိုက်လိုက်သည်။ထို့နောက် သူက ဆဲဆိုရင်း ပြောဆိုလေသည်။

"ဒါက မင်းမှာလည်း သောက်ရေးမပါတဲ့ကံကောင်းမှုကြီးရှိနေတယ်လို့ ဆိုလိုတာပဲ...ငါက ဒီနေ့ မင်းကို မဟာနတ်ဆိုးသားရဲကြီးဆိုတာ ဘယ်လိုကောင်လဲဆိုတာ မင်း သိအောင်ပြရလိမ့်မယ်"

သူသည် ဆွံ့စွာဖြင့် ထိုတပည့်လေးကိုဆုပ်ကိုင်ကာ အရှိန်ကုန်မြှင့်၍ တောတောင်၏နက်ရှိုင်းသောနေရာသို့ ဦးတည်၍ ပျံသန်းသွားလိုက်သည်။

အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင်...

စွန်းကျီမေးသည် တောင်တောင်၏အလွန်ဗဟိုချက်ကျသောနေရာသို့ ရောက်ရှိသွားခဲ့သည်။

ဤနေရာတွင်...

သာမာန်အစစ်အမှန်အင်မော်တယ်သားရဲများအပြင် အစစ်အမှန်အင်မော်တယ် ပဉ္စမအဆင့်သားရဲများလည်း ရှားပါးခြင်းမရှိချေ။

သာမန်အချိန်မျိုး၌ စွန်းကျီမေးကိုယ်တိုင်ပင်လျှင် ဤနေရာသို့ လာဝံ့ခြင်းမရှိချေ။

သို့ရာတွင်....

ယနေ့တွင်မူ အရာအားလုံး အလွန်ထူးဆန်းနေသည်။

လမ်းတလျှောက်လုံး၌ တောင်တန်းပရဝုဏ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။

ဤသည်မှာ မြေနဂါးတောင်တန်းတစ်ခုလုံးမှ နတ်ဆိုးသားရဲများအားလုံးသည် အားလပ်ရက်အပန်းဖြေခရီးထွက်နေကြသည်နှင့်တူညီနေကာ သူတို့၏အမွေးတစ်ပင်ကိုပင် မမြင်တွေ့ရချေ။

"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

စွန်းကျီမေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူ၏ဆရာဟူသော အရှိန်အဝါကို ယခင်က ဤကဲ့သို့ ရိုက်ခတ်မှုမျိုး မရှိခဲ့ဟု ​သူ ခံစားမိသည်။

သူသည် ဤတောတောင်အတွင်းသို့မဝင်မီ သူ၏တပည့်အား ထပ်ခါတလဲလဲ သတိပေးခဲ့သည်။

သို့ရာတွင် ဤတောတောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် သုဿန်တစ်စပြင်အလား တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်နတ်ဆိုးသားရဲကိုမျှ မမြင်တွေ့ရချေ။

ယခင်က ဤတောတောင်အတွင်း၌ နတ်ဆိုးသားရဲအမြောက်အများ ကျင်လည်ကျက်စားနေကြသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သို့ဖြစ်ပျက်သွားသနည်း။

ယခုလက်ရှိအချိန်တွင်မူ ဗဟိုချက်နေရာသို့ ရောက်လုဆဲဆဲဖြစ်သည့်တိုင်....

မဟာနတ်ဆိုးသားရဲကြီးများ၏လေလည်သံကိုပင် မကြားရချေ။

ဤသည်မှာ သူ့တပည့်၏စိတ်နှလုံးသားအတွင်း၌ သူသည် ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်သွားနိုင်သည်မဟုတ်လော....

စွန်းကျီမေး၏အကြပ်ရိုက်နေမှုကို သိရှိပုံရသော တပည့်လေးက အသက်မပါစွာ ရယ်မောလိုက်သည်။

ထို့နောက် သူက မြောက်ပင့်စကားပြောဆိုသည်။

"ဆရာ ကျွန်တော်တို့ အရင်ဆုံးပြန်သွားကြမလား...ဒီတောတောင်ထဲမှာရှိတဲ့ နတ်ဆိုးသားရဲတွေက ဆရာရဲ့ခွန်အားကို ကြောက်တာကြောင့် ထွက်မလာရဲဘဲ ပုန်းအောင်းနေတာပဲဖြစ်မယ်"

"အမ်...."

စွန်းကျီမေးက မျက်မှောင်ကြုတ်လိုက်သည်။

ထိုနတ်ဆိုးသားရဲများသည် မည်သည်ကြောင့် သူအား ကြောက်ရွံ့မည်နည်း။

ဤမြောက်ပင့်မှုသည် အနာပေါ်တုတ်ကျသကဲ့သို့ဖြစ်သွားသဖြင့် တပည့်လေးသည် ချက်ချင်းဆိုသလို စိုးရိမ်ပူပန်သွားသည်။

ထိုကြောင့် သူက အလျင်စလိုရှင်းပြလိုက်၏။

"ဆရာ တပည့်ဆိုလိုတာက ဆရာပြောတဲ့စကားတွေကအမှန်ပဲ...ဒီတောတောင်ထဲမှာရှိတဲ့ နတ်ဆိုးသားရဲကြီးတွေက တကယ့်ကိုကြောက်ဖို့ကောင်းတယ်...တပည့်က ဒီလိုကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးသားရဲမျိုးကို အရင်က တစ်ခါမှမမြင်ဖူးဘူး"

ထိုစကားကိုပြောဆိုနေစဉ်မှာပင် နောက်ထပ်ကြွက်ကြီးတကောင်က သူတို့၏ရှေ့မှ တိတ်တဆိတ်ဖြတ်ပြေးသွားသည်။

ထိုတပည့်လေးက ကြွက်ကို သာမာန်ကာလျှံကာ အဝေးသို့ကန်ထုတ်လိုက်သည်။

သူ ထိုစကားများကို မပြောဆိုခဲ့ပါက ပို၍ကောင်းမွန်ပေမည်။

စွန်းကျီမေးသည် ထိုစကားများကိုကြားချိန်၌ ပို၍ပင်ခက်ထန်တင်းမာလာသည်။

ဤသည်မှာ မည်သည့်အရာအား ဆိုလိုခြင်း ဖြစ်သနည်း။

သူသည် တမင်သက်သက်ခြောက်လှန့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ထိုတပည့်လေး တွေးတောနေသလော...

ရုတ်ချည်းဆိုသလိုပင်....

စွန်းကျီမေးသည် တပည့်လေးကို ထပ်မံ၍ဆုပ်ကိုင်ကာ နေရာတစ်နေရာထံသို့ဦးတည်၍ ပျံသန်းသွားလိုက်သည်။

ဤနေရာနှင့် မလှမ်းမကမ်းအကွာတွင်ရှိသော လှိုဏ်ဂူတစ်ဂူအတွင်းတွင် မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံကောင်နေထိုင်ကြောင်း သူ သိရှိထားသည်။ထိုနတ်ဆိုးသားရဲ၏ကျင့်ကြံဆင့်သည် အစစ်အမှန်အင်မော်တယ် စတုတ္ထအဆင့်၌ရှိနေပေ၏။

အကယ်၍ သာမန်အရဆိုပါက...

သူသည် ထိုနေရာသို့ မဆင်မခြင်ချဥ်းကပ်ဝံ့မည်မဟုတ်ချေ။

သူ၏ခွန်အားသည်လည်း အစစ်အမှန်အင်မော်တယ် စတုတ္ထအဆင့်၌ရှိနေသည့်တိုင် ထိုမျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံနှင့် ရင်ဆိုင်ရပါက သူ အရေးသာမည်မဟုတ်ချေ။

သို့ရာတွင် ယနေ့၌...

တပည့်တစ်ယောက်ကို သင်ကြားပေးရန်အပြင် ဆရာတစ်ယောက်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူ တိုက်ခိုက်ရပေမည်။

မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံသည်လည်း ပျောက်ကွယ်သွားခြင်း မဖြစ်နိုင်ချေ။

"တကယ်လို့ မင်းက မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံကို ခဏလောက်မြင်တွေ့ရမယ်ဆိုရင် မင်း သေးထွက်ကျတဲ့အထိ ကြောက်သွားလိမ့်မယ်...အဲ့ဒီအချိန်ကျမှ မင်းက ငါ့ရှေ့မှာ ဒူးထောက်ပြီး ဆရာလို့ မတနဲ့"

သူသည် ထိုတပည့်လေးကိုဆုပ်ကိုင်ကာ လှိုဏ်ဂူအတွင်းသို့ သတိကြီးစွာထား၍ ဝင်လိုက်သည်။

သို့ရာတွင်...

သူ၏မျက်လုံးအကြည့်သည် လှိုဏ်ဂူအတွင်းသို့ အခိုင်အမာကျရောက်သွားချိန်၌ သူ အံ့အားသင့်တုန်လှုပ်သွားသည်။

အကြောင်းအရင်းမှာ လှိုဏ်ဂူအတွင်း၌ ဗလာဟင်းလင်း ဖြစ်နေသောကြောင့်ပင်။

မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံ၏အရိပ်အယောင်များသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း...

စွန်းကျီမေးက မျက်မှောင်ကြုတ်ကာ သူ၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးသောအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

ဤလှိုဏ်ဂူအတွင်း၌ နှစ်ထောင်သောင်းချီ၍နေထိုင်ကာ တံခါးပိတ်ကျင့်ကြံနေခဲ့သော မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံသည် မည်သည်ကြောင့် ပျောက်ကွယ်သွားခဲ့သနည်း....

ယနေ့တွင် နေရာအနှံ့အပြားမှ သူ့အားပစ်မှတ်ထား၍ တိုက်ခိုက်နေသကဲ့သို့ သူ ခံစားနေရသည်။

ဤသည်မှာ နတ်ဘုရားတစ်ပါးသည် သူ့အား ကိစ္စများကိုခက်ခဲအောင် တမင်သက်သက်လုပ်ဆောင်နေသည့်အလားပင်။

သူသည် ဤတပည့်လေးအာ သူ့အပေါ် ဆရာအဖြစ် လုံးလုံးလျားလျားရိုသေလေးစားခြင်းကို လိုချင်ခဲ့ရုံသာ မဟုတ်လော....

သူ့အတွက် ဤကိစ္စသည် ဤမျှထိ အလွန်ဆိုးရွားနေမည်ဟု ယုံကြည်နိုင်ခြင်းမရှိချေ။

သူ လှိုဏ်ဂူအတွင်းသို့ ဂရုတစိုက်စူးစမ်းကာ သေသေချာချာလှည့်ပတ်ကြည့်ပြီးနောက် သူ၏မျက်နှာအမူအယာ ရုတ်တရက် သိသိသာသာပျက်ယွင်းသွားသည်။

လှိုဏ်ဂူ၏နက်ရှိုင်းသောနေရာ၌ မျက်လုံးသုံးသုံးလုံးနတ်ဆိုးဝက်ဝံ၏ အမွှေးများဖြင့် ပြည့်နေကြောင်း သူ မြင်တွေ့မိသည်။

နှစ်ထောင်သောင်းချီ၍ သက်တမ်းရှိသော နတ်ဆိုးသားရဲအိုကြီးတစ်ကောင်သည် မည်သည်ကြောင့် အမွှေးများ ဆုံးရှုံးသွားသနည်း...

အထူးသဖြင့် မြေပြင်ပေါ်၌ ကြွင်းကျန်ရစ်သည့် နက်ရှိုင်းသောကုတ်ခြစ်ရာနှစ်ခုသည် မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံ၏လက်သည်းများကြောင့် ကျန်ရစ်ခဲ့သောအရာများ ဖြစ်ပုံပင်။

ထိုလက်သည်းကုတ်ခြစ်ရာအရ ကြည့်ပါကမျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံသည် အစွမ်းထက်သောသက်ရှိတစ်ကောင်၏ တရွတ်တိုက်ဆွဲခေါ်သွားခြင်းကို ခံရပုံပင်။

'မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံကို မြေနဂါးတောင်တန်းတစ်ခုလုံးမှာ ထိပ်သီးတည်ရှိမှုကြီးလို့ ယူဆနိုင်တယ်...အဲ့ဒီလိုသားရဲတစ်ကောင်က တရွတ်တိုက်ဆွဲခေါ်သွားတာကို ခံလိုက်ရတာလား'

စွန်းကျီမေး ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် သူ၏တပည့်လေးသည် လိုဏ်ဂူအတွင်းရှိ ကြီးမားသောအစွယ်တစ်ချောင်းကိုလက်ညှိုးညွှန်ပြပြီး ထိတ်လန့်တကြားပြောဆိုသည်။

"ဆရာ...အဲ့ဒါက ဘာကြီးလဲ"

စွန်းကျီမေးသည် ထိုနေရာသို့ကြည့်လိုက်ရာ မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံ၏အစွယ်ဖြစ်ကြောင်း သူ သိရှိလိုက်ရကာ ထိုအရာပေါ်တွင် သွေးစသွေးနများ စွန်းထင်းနေဆဲပင်။

"မျက်လုံးသုံးလုံးဝက်ဝံက တကယ်ကြီး ဆွဲခေါ်သွားခံရတာလား"

စွန်းကျီမေးသည် လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံလိုက်ရသည့်အလား နေရာမှာပင် တောင့်တင်းသွားပေ၏။

သူ ကြုံတွေ့နေရသော အဖြစ်မှန်များကို သူ ယုံကြည်လက်ခံနိုင်ရန် အလွန်အမင်းခက်ခဲနေသည်။

ထိုအချိန်ကျမှသာ တပည့်လေးသည် သူ၏ဆရာသခင်မှ သူ့အားလိမ်ပြောခဲ့ခြင်းမရှိကြောင်း နားလည်သဘောပေါက်သွားသည်။

ဤတောနက်ကြီးအတွင်းရှိ မဟာနတ်ဆိုးသားရဲကြီးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

ထိုအစွယ်မှခပ်ဖျော့ဖျော့ထွက်ပေါ်နေသည့် ဖိနှိပ်ချုပ်ကိုင်နိုင်မှုစွမ်းအားသက်သက်ဖြင့်ပင် သူ့အား တုန်ရီနေစေသည်။

အကယ်၍ သူသည် မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံ၏ခန္ဓာကိုယ်တစ်ခုလုံးကို မြင်တွေ့ရပါက သေးထွက်ကျသည်အထိ အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံ့သွားနိုင်သည်။

သို့ရာတွင် သူ့အား ပို၍ထိတ်လန့်ကြောက်ရွံစေသောကိစ္စမှာ မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံကို အနိုင်ယူ၍ ဆွဲခေါ်သွားခဲ့သော အစွမ်းထက်သည့်တည်ရှိမှုကြီးပင်။

ဤကဲ့သို့တည်ရှိမှုကြီးတစ်ခု၏အောက်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်နှင့် တူညီနေမည်ကို သူ အမှန်တကယ်စိုးရိမ်နေမိသည်။

ထိုအချိန်မှာပင် စွန်းကျီမေးကရုတ်တရက်လက်ခုပ်လက်ဝါးတီး၍ အော်ဟစ်လိုက်သည်။

"ငါ နားလည်ပြီ"

Chapter 754

သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ လျှို့ဝှက်ခန်းအတွင်း၌....

ဤနေရာတွင် အလင်းတန်းများ စီးဆင်းနေကာ အရှိန်အဝါများ တလိမ့်လိမ့်မြင့်တက်နေသည်။

ရှီချင်းဝူသည် ဖြူရော်နေသောမျက်နှာဖြင့် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေကာ သူမ၏မျက်လုံးကို စုံမှိတ်ထားပြီး သူမ၏ခန္ဓာကိုယ်တွင် စွမ်းအားများဖြင့် ပြည့်နေသည်။သူမ၏မျက်နှာသည် ဖြူရော်နေသော်လည်း သူမ၏လှပသောမျက်နှာလေးကို အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိဘဲ သူမကိုကြည့်ရသည်မှာ ပို၍ပင်လှပချောမောနေသည်။

သူမ၏နောက်တွင် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက် ပလ္လင်ခွေထိုင်နေသည်။

ထိုလူသည် သူ၏လက်ဝါးနှစ်ဖက်ကို ရှီချင်းဝူ၏နောက်ကျော၌ ကပ်ထားကာ တည်ငြိမ်သောစွမ်းအားလှိုင်းတစ်ခုကို ထောက်ပံပေးနေသည်။

ဤအချိန်အခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံဝတ်လူသည် မျက်နှာဖုံးချွတ်ထားကာ သူ၏ဆံပင်ရှည်များ ပြေလျော့ကျနေသည်။ထိုဆံပင်ရှည်များအောက်ရှိ မျက်နှာလေးသည် အလွန်ညှို့အားပြင်းပြီး ရှီချင်းဝူထက် နိမ့်ကျခြင်းမရှိချေ။

သူမတို့နှစ်ယောက်၏ခန္ဓာကိုယ်များအတွင်းရှိ မရီးဒါန်းများမှ စွမ်းအားများကို တစ်ပတ်တိုင်တိုင် လှည့်ပတ်ပြီးနောက် သူမတို့၏မျက်လုံးများကို တပြိုင်နက်တည်းဖွင့်လိုက်ကြ၏။

"ဘယ်နှစ်ရက်ကြာသွားပြီလဲ"

ရှီချင်းဝူက မေးမြန်းသည်။

"ဒါက ခုနစ်ရက်လောက်ကြာသွားပြီ"

အရိပ်က တုံ့ပြန်သည်။

"အပြင်ကနေ ဘာသတင်းရသေးလဲ"

ရှီချင်းဝူက ထပ်မံ၍မေးမြန်းလေ၏။

အရိပ်က သူမ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။

"ငါကလည်း နင်နဲ့အတူ ခုနစ်ရက်လုံးရှိနေခဲ့တာလေ...ဘယ်ကိုမှ ထွက်မသွားခဲ့ဘူး"

"ကျေးဇူးတင်ပါတယ်"

ရှီချင်းဝူ၏လှပသောမျက်လုံးလေး ရွေ့လျားသွားကာ သူမထံ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ကူကယ်ရာမဲ့စွာဖြင့်ပြောဆိုသည်။

"အပြင်မှာ ဘာတွေဖြစ်နေပြီးတော့ ရီဖုန်း ဘယ်လိုအခြေအနေရှိလဲဆိုတာ ငါ မသိဘူး"

အရိပ်က သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း စကားမပြောချေ။

"ရီဖုန်း ဘာမှမဖြစ်ဖို့ ငါ မျှော်လင့်မိတယ်"

ထိုသို့ပြောဆိုပြီးနောက် ရှီချင်းဝူက လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဂိုဏ်းချုပ်....အဲ့ဒီကောင်လေးရီဖုန်းက တော်တော်လေး လိမ္မာပါးနပ်တယ်...အခုချိန်မှာ သူက ကိစ္စတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ"

အရိပ်က နှစ်သိမ့်ပေးသည်။

"နင်ရဲ့အခုလက်ရှိအခြေအနေနဲ့ နင်ရဲ့အတွင်းဒဏ်ရာတွေကို ယာယီဖိနှိပ်ထားနိုင်ရုံပဲရှိတယ်...နင် မတ်တတ်ထရပ်ပြီးတော့ လှုပ်ရှားလို့မရသေးဘူး....မဟုတ်ရင် နင် အရင်က အင်အားစိုက်ထုတ်ထားမှုတွေအားလုံး အချည်းနှီးဖြစ်သွားလိမ့်မယ်"

"ဒါကြောင့် ဆက်ပြီးကုသကြစို့"

"တကယ်လို့ ငါတို့တွေက တံခါးပိတ်ကျင့်ကြံရာကနေ တစ်ရက်စောထွက်နိုင်မယ်ဆိုရင်...ငါတို့မှာ ယုံကြည်မှုတွေ ပိုရှိလာလိမ့်မယ်...အဲ့ဒီကောင်လေးကိုလည်း အပြင်မှာ တစ်ယောက်တည်းထားဖို့ မလိုတော့ဘူး"

"အင်း...."

ရှီချင်းဝူက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေသည်။

သူမသည် ယခုချက်ချင်း ပြင်ပသို့ ထွက်သွားလိုသော်လည်း လက်တွေ့ဖြစ်ရပ်မှန်သည် သူမ မည်သို့မျှမတတ်နိုင်ဟု ပြောဆိုနေသည်။

ထို့ကြောင့် သူမသည် အရိပ်၏စကားကိုလိုက်နာ၍ သူမ၏အတွင်းဒဏ်ရာများကို အမြန်ဆုံးတည်ငြိမ်အောင်ပြုလုပ်ကာ တံခါးပိတ်ကျင့်ကြံရာမှ အမြန်ဆုံးထွက်သွားနိုင်ရန် ဆုံးဖြတ်လိုက်၏။

...

ထိုအချိန်မှာပင်....

ဂိုဏ်းအတွင်းရှိ လမ်းငယ်လေးတစ်လမ်းအတွင်း၌...

အနောက်ဖက်တောင်တန်းအတွင်း၌ နတ်ဆိုးသားရဲများကို အမဲလိုက်၍ပြန်လာသော စုပိုင်သည် တောတောင်အတွင်းမှ ထွက်လာစဉ်၌ ကင်းလှည့်သောအဖွဲ့၏ဟန့်တားခြင်းကို ခံရလေ၏။

"ရပ်လိုက်စမ်း...မင်းက ဘယ်ကိုသွားပြီး ဘာလုပ်မလို့လဲ"

ထိုအဖွဲ့ခေါင်းဆောင်က စုပိုင်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ခက်ထန်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

"ငါက သခင်လေးအတွက် အသားသွားပို့မလို့ပဲ"

စုပိုင်က သူ၏နောက်ရှိအထုပ်ကို မြှောက်ပြကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"သွားတော့"

အဖွဲ့ခေါင်းဆောင်က စိတ်မရှည်သောအမူအယာဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြကာ ပြောဆိုသည်။

"အခု လတ်တလောမှာ ဂရုစိုက်ပါ...တကယ်လို့ မင်းမှာ ကိစ္စအထွေအထူးမရှိဘူးဆိုရင် ဂိုဏ်းထဲကနေထွက်မသွားနဲ့...မင်းရဲ့အသက်ကို မဆုံးရှုံးချင်ဘူးဆိုရင် မင်း ငြိမ်ငြိမ်နေပါ"

"ဟုတ်ကဲ့"

စုပိုင်က ခေါင်းညိတ်ပြပြီးနောက် တည်ငြိမ်သောမျက်နှာဖြင့် ထွက်ခွာသွားတော့သည်။

"အစ်ကိုကြီး...အခုလတ်တလောအချိန်မှာ လူတွေအားလုံးနီးပါး ကြောက်လန့်နေကြတယ်...ဒီအစေခံတပည့်လေးကို ကြည့်ရတာတော့ နည်းနည်းလေးတောင် စိတ်လှုပ်ရှားပုံမရဘူး"

အဝေးသို့ထွက်ခွာသွားသော စုပိုင်၏နောက်ကျောပြင်ကိုကြည့်ပြီး ကင်းလှည့်အဖွဲ့ဝင်တယောက်က ရယ်မောရင်းပြောဆိုသည်။

"မင်း ဘာသိလို့လဲ"

အဖွဲ့ခေါင်းဆောင်က သရော်တော်တော် ပြောဆိုလိုက်၏။

"အဲ့ဒီလိုနိမ့်ကျတဲ့ကောင်မျိုးတွေက လမ်းလျှောက်နေရင်တောင် လဲကျနေတဲ့ကောင်တွေ....သူတို့အတွက် သေတာနဲ့ရှင်တာကြားမှာ ဘာကွာခြားချက်မှမရှိဘူး...ဒါကြောင့် သူတို့က အကြောက်အလန့်မရှိတာ သဘာဝပဲလေ"

ထိုသို့ပြောဆိုနေစဉ်မှာပင်...

"အမလေး..."

သူသည် ရုတ်တရက် စူးရှကျယ်လောင်စွာဖြင့် ထိတ်လန့်တကြားအော်ဟစ်ကာ မြေပြင်ပေါ်သို့လဲကျသွားလေ၏။

"အစ်ကိုကြီး...မင်း ဘာလို့ လဲသွားတာလဲ"

ကင်းလှည့်အဖွဲ့ဝင်တစ်ယောက်က မေးမြန်းသည်။

အဖွဲ့ခေါင်းဆောင်သည် ရှက်ကိုးရှက်ကန်းဖြင့် မတ်တတ်ထရပ်ကာ ပြောဆိုလိုက်၏။

"ဒီနေရာက နည်းနည်း​ထူးဆန်းနေတယ်...သွားကြစို့"

မလှမ်းမကမ်းတစ်နေရာတွင်...

စုပိုင်သည် သူ၏လက်ချောင်းများကို ပြန်ရုတ်သိမ်းကာ ရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးသွားသောလူတစ်စုကို အေစက်တင်းမာစွာ စောင့်ကြည့်လိုက်သည်။

ထို့နောက် သူ၏ခေါင်းကို ရုတ်တရက် အနည်းငယ်ခါယမ်းကာ ​ရေရွတ်သည်။

"ငါ့ကို ဒီအမှိုက်ကောင်တွေက ဘာလို့လာရှုပ်နေတာလဲ...သခင်လေးက အသားစားဖို့ စောင့်နေပြီ"

မိုးနှင့်မြေ မည်မျှထိ ကြီးမားကျယ်ပြန့်နေပါစေ သူ့အတွက် သခင်လေးသည်သာ အရေးအကြီးဆုံးပင်။

ထိုအကြောင်းကိုတွေးတောရင်း စုပိုင်သည် ခြေတစ်လှမ်းရှေ့တိုးကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ခြံဝန်းအတွင်း၌....

ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌ စိတ်အေးလက်အေး လဲလျောင်းနေသည်။

စုပိုင် ရောက်လာသည်ကို မြင်တွေ့ချိန်၌ သူက ပျင်းရိငြီးငွေ့စွာ ပြောဆိုလိုက်၏။

"ပြန်လာပြီလား...ဒီနေ့ မင်း ဘယ်လိုအရသာရှိတဲ့အသားမျိုး ယူလာလဲ"

စုပိုင်ထံတွင် အစောပိုင်းက အေးစက်စက်အမူအယာမျိုး မရှိတော့ဘဲ ရိုသေလေးစားစွာပြောဆိုသည်။

"သခင်လေး ငါက ဒီနေ့ မင်းအတွက် ဒေါင်းတစ်ကောင်ဖမ်းလာခဲ့တယ်...မင်း ဒါကို သဘောကျမှာပါ"

အမှန်အားဖြင့်...

ဤသည်မှာ အစစ်အမှန်အင်မော်တယ် ပဉ္စမအဆင့်တွင်ရှိသည့် ဒေါင်းဘုရင်ပင်။

သို့ရာတွင် စုပိုင်သည် ထိုဒေါင်းဘုရင်၏ကျင့်ကြံဆင့်ကို တမင်မပြောခဲ့ချေ။

အကြောင်းအရင်းမှာ သခင်လေး၏ရှေ့တွင် သာမန်သားရဲတစ်ကောင်နှင့် အစစ်အမှန်အင်မော်တယ်ဒဿမအဆင့် နတ်ဆိုးသားရဲအိုကြီးများအကြား၌ မည်သည့်ကွာခြားချက်မျှ မရှိနိုင်သောကြောင့်ပင်။

ထိုဒေါင်းကိုအမွှေးနှုတ်ပြီးနောက် ချက်ပြုတ်ရန်အတွက် လှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

ရီဖုန်းသည် ထိုဒေါင်းသားကို ပျော်ရွှင်စွာစားသောက်ရင်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အမှန်ပဲ....ဒီနေ့ဟင်းလျာက အရမ်းကောင်းတာပဲ....အရင်ရက်တွေကထက် အများကြီးပိုကောင်းတယ်"

"သခင်လေး စိတ်ကျေနပ်တယ်ဆိုရင် အဆင်ပြေပါပြီ"

စုပိုင်က ရိုသေလေးစားစွာ ပြောဆိုပြီးနောက် စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်၏။

ရီဖုန်းသည် စုပိုင်၏ထူးဆန်းနေမှုကို သတိပြုမိသဖြင့် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ရှောင်ပိုင်...မင်းရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲ"

စုပိုင်သည် ထိုစကားကိုကြားချိန်၌ အစပထမ၌ သူ့၏ခေါင်းကို ခါယမ်းပြပြီးနောက် တဖန်ပြန်၍ ခေါင်းညိတ်လိုက်သည်။

"တကယ်လို့ မင်းမှာ ပြောစရာတစ်ခုခုရှိနေတယ်ဆိုရင် ဖွင့်ပြောလိုက်ပါ"

ရီဖုန်းသည် ဒေါင်းပေါင်တစ်ချောင်းကိုကောက်ယူကာ ကိုက်ဝါးရင်းမေးမြန်းသည်။

စုပိုင်က သူ၏ခေါင်းကို အောက်သို့ငုံကာ ပြောဆိုလိုက်သည်။

"သခင်လေး....ငါက မနက်ဖြန် ခွင့်တရက်လောက်လိုချင်တယ်"

"အမ်...မင်း ဘယ်ကိုသွားမလို့လဲ"

ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။

စုပိုင်က အံ့တင်းတင်းကြိတ်၍ တုံ့ပြန်အဖြေပေးသည်။

"ငါရဲ့ ရည်းစားဟောင်းမင်္ဂလာဆောင်ကို သွားမလို့ပါ"

"ဖူး...."

ရီဖုန်းသည် သီးသွားသဖြင့် သူ၏ပါးစပ်မှအသားများကို ထွေးထုတ်လိုက်ရသည်။

သူသည် ချောင်းနှစ်ကြိမ်ခန့်ဆိုးပြီးနောက် အပြုံးဖြင့်ပြောဆိုလိုက်သည်။

"မင်းရဲ့ဝါသနာက နည်းနည်းတော့ထူးဆန်းတယ်"

"သခင်လေးကို ရယ်စရာဖြစ်စေမိပြီ"

စုပိုင်ကရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြသည်။

"ငါ့ရဲ့ရည်းစားဟောင်းနဲ့ငါက ငယ်ကျွမ်းဆွေတွေပဲ....သူက ငါ့ရဲ့မပြည့်စုံမှုတွေကို စိတ်မကျေမနပ်ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ငါ့ကိုစွန့်ပစ်ခဲ့တယ်...သူက မြို့ထဲက မိသားစုကြီးတစ်စုရဲ့သားတစ်ယောက်နဲ့ ချစ်ကြိုက်သွားကြတယ်"

"သူတို့ရဲ့မင်္ဂလာပွဲနေ့က နီးလာပြီ...လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါ့ဆီကို လူတစ်ယောက်ကလာပြီးတော့ ဖိတ်စာပို့ခဲ့တယ်...ဒါက သူတို့ရဲ့မင်္ဂလာပွဲကို တက်ဖို့အတွက် ငါ့ကိုဖိတ်ကြားတာပဲ"

"အစကတော့ ငါက နိမ့်ကျတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဲ့ဒီမင်္ဂလာပွဲကို မသွားချင်ခဲ့ဘူး...တကယ်လို့ ငါသွားရင်တောင် ငါ အရှက်ခွဲခံရမှာ သေချာပေါက်ပဲ"

ထိုစကားကိုပြောဆိုရင်း စုပိုင်၏အသံ ပြောင်းလဲသွားသည်။

"ဒါပေမဲ့ ကံကြမ္မာကောင်းတစ်ခုကြောင့် ငါက သခင်လေးနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်...သခင်လေးက ငါ့ကို ကျင့်ကြံဆင့်အခြေခံတွေပေးတာကြောင့် ငါက အဲ့ဒီနေရာကို သွားသင့်တယ်လို့ စဉ်းစားလိုက်တယ်"

ရီဖုန်းက အရိုးတစ်ချောင်းဖြင့် စုပိုင်ကို ညွှန်ပြလိုက်သည်။ထို့နောက် သူက အပြုံးနှင့်ပြောဆိုသည်။

"မင်းက အရင်အတိုင်းပဲလို့ ဟန်ဆောင်ချင်တာလား"

စုပိုင်က သူ၏ခေါင်းကိုငုံ့ကာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားကာ တီးတိုးပြောဆိုသည်။

"ငါက အဲ့ဒီလိုလုပ်ရင် ကောင်းမလားလို့ သခင်လေးကို မေးမလို့ပါ"

Chapter 755

"နောက်ဆုံးတော့ ငါ နားလည်သွားပြီ"

စွန်းကျီမေးက အော်ဟစ်လိုက်သည်။

ဤရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့်...

သူ၏နံဘေးတွင်ရှိနေသော တပည့်လေးသည် ကြက်သေသေသွားကာ အလျှင်အမြန်မေးမြန်းလိုက်၏။

"ဆရာ...ဆရာက ဘာကိုနားလည်သွားတာလဲ"

"မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံက ရုတ်တရက်ကြီး ဘာလို့ပျောက်သွားတယ်ဆိုတာ ငါ နားလည်သွားပြီ"

စွန်းကျီမေးက အခိုင်အမာယုံကြည်ချက်ရှိစွာဖြင့် ပြုံးလိုက်သည်။

"ဆရာ...ကျွန်တော်ကို မြန်မြန်လေးပြောပြပါ... အဲ့ဒီမျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံကို ဘယ်သူက ဖမ်းသွားတာလဲ"

တပည့်လေးက စိတ်အားထက်သန်စွာဖြင့် မေးမြန်းသည်။

စွန်းကျီမေးက သူ၏လက်နှစ်ဖက်ကိုနောက်​ပစ်၍ မတ်တတ်ထရပ်ကာ အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုသည်။

"တခြားဘယ်သူ ဖြစ်နိုင်မှာလဲ...ဒီမိုင်ထောင်သောင်းချီတဲ့ ပရဝုဏ်အတွင်းမှာ ခုလိုခွန်အားမျိုးရှိနိုင်တာက ငါတို့ဂိုဏ်းရဲ့ နတ်ဘုရားသားရဲဖြစ်တဲ့ ကျီးကန်းနက်ပဲ"

"ဘာ...."

တပည့်လေးက ထိတ်လန့်တကြား တုံ့ပြန်နေသည်။

"ကျီးကန်းနက်က မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံကို ဖမ်းသွားတယ်လို့ ဆရာက ဆိုလိုချင်တာလား"

"ဒါက အမှန်ပဲ"

စွန်းကျီမေးက အပြုံးနှင့်ပြောဆိုသည်။

"ကျီးကန်းနက်ရဲ့ စရိုက်သဘာဝက ကြမ်းတမ်းတယ်...သူက တစ်ခါတစ်လေကျရင် ငါတို့ဂိုဏ်းရဲ့တပည့်တွေကိုတောင် စားလေ့ရှိတယ်...အခု သူက အရသာပြောင်းလဲဖို့အတွက် တခြားမဟာနတ်ဆိုးသားရဲကြီးတွေကို ဖမ်းပြီးစားသောက်တယ်ဆိုရင် ဒါက ချဲ့ကားပြောတဲ့စကား မဟုတ်ဘူး"

ထိုကိစ္စကို သူ ပို၍စဉ်းစားတွေးတောကြည့်လေလေ ဤသည်မှာ ပို၍ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိလေလေပင်။

သူက ရယ်မောကာ ဆက်လက်၍ပြောဆိုလိုက်သည်။

"ကျီးကန်းနက်မှာပဲ မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံကို ဖမ်းဆီးနိုင်တဲ့ နတ်ဘုရားစွမ်းအားမျိုးရှိနိုင်တယ်...ဒါက အမှန်ပဲဖြစ်လိမ့်မယ်"

"ဒါပေမဲ့...."

တပည့်လေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ ဒီတောတောင်ပရဝုဏ်ထဲမှာရှိတဲ့ တခြားနတ်ဆိုးသားရဲတွေကရော ဘယ်လိုဖြစ်သွားတာလဲ...အဲ့ဒီကောင်တွေက ဘယ်ကိုရောက်သွားတာလဲ...ဖြစ်နိုင်တာတော့ ကျီးကန်းနက်ရဲ့အာသီသက အရမ်းကြီးမားတာကြောင့် ဒီမြေနဂါးတောင်တန်းတခုလုံးမှာရှိတဲ့ နတ်ဆိုးသားရဲတွေအားလုံးကို စားပစ်တာများလား"

"ဒါက...."

ထိုစကားကိုကြားချိန်တွင် စွန်းကျီမေးသည် ချက်ချင်းဆိုသလိုပင် ရှက်ကိုးရှက်ကန်းဖြစ်သွားလေ၏။

ဤတပည့်လေးပြောဆိုသည့် စကားများမှာ အမှန်ပင်။

မျက်လုံးသုံးလုံးနတ်ဆိုးဝက်ဝံ ပျောက်သွားသည့်ကိစ္စကို သူ နားလည်နိုင်စွမ်းရှိသည်။

သို့ရာတွင် ယခုအချိန်၌ တောင်တန်းတစ်ခုလုံးအတွင်းရှိ မဟာနတ်ဆိုးသားရဲကြီးများအားလုံး ပျောက်ကွယ်နေသဖြင့် ဤသည်မှာ အဓိပ္ပါယ်မရှိလှချေ။

ကျီးကန်းနက်သည် ထိုနတ်ဆိုသားရဲများကို မည်မျှထိ ဖမ်းဆီးစားသောက်သည်ဖြစ်စေ တစ်ကြိမ်လည်းဖြင့် နတ်ဆိုးသားရဲအမြောက်အများကို စားသောက်ရန်မှာ မဖြစ်နိုင်ချေ။

"အဲ့ဒီအကြောင်းကို မစဉ်းစားတော့ဘူး...ငါက ကျီးကန်းနက်ဆီကို သွားမေးမယ်"

ထိုအကြောင်းကိုတွေးတောရင်း သူသည် တပည့်လေးကို ပြောဆိုကာ မူလလမ်းကြောင်းထံသို့ ပြန်လှည့်ခဲ့တော့သည်။

"တပည့်လေး...မင်း ဒီနေ့ တော်တော်လေးကံကောင်းတယ်...ငါက ငါတို့ဂိုဏ်းရဲ့နတ်ဘုရားသားရဲ ဘယ်လောက်ထိချောမောခန့်ညားလဲဆိုတာ မင်းကိုပြမယ်"

အကယ်၍ သာမန်အချိန်မျိုးဆိုပါက....

သူသည် ဂိုဏ်း၏မဟာအကြီးအကဲဖြစ်သည့်တိုင် ကျီးကန်းနက်ကို လွယ်လင့်တကူ အနှောက်အယှက်ပေးဝံ့ခြင်းမရှိချေ။

သို့ရာတွင် ယနေ့၌ အခြေအနေသည်ထူးခြားနေကာ မြေနဂါးတောင်တန်းတစ်ခုလုံး အလွန်အမင်းထူးဆန်းနေသည်။

အကယ်၍ သူ ဤကိစ္စကို နားလည်နိုင်ခြင်းမရှိပါက သူ စားဝင်အိပ်ပျော်တော့မည်မဟုတ်ချေ။

ယခုအချိန်၌...

အကောင်းဆုံးနည်းလမ်းမှာ...

သူကိုယ်တိုင် ကျီးကန်းနက်ထံသို့သွား၍ မေးမြန်းရန်ပင်။

ကျီးကန်းနက်သည် အနက်ရောင်တောင်ပေါ်ရှိ အသိုက်အတွင်း၌ နေထိုင်သဖြင့် ထိုနတ်ဆိုးသားရဲများ ပျောက်ကွယ်သွားခြင်း၏အကြောင်းအရင်းကို သိရှိနိုင်သည်။

ဆရာတပည့်နှစ်ယောက်သည် သံသယအပြည့်ဖြင့် လျှောက်လှမ်းလာရင်း မကြာမီမှာပင် ကျီးကန်းနက်၏အသိုက်ထံသို့ ရောက်ရှိလာခဲ့သည်။

ထိုအသိုက်သည် အလွန်ကြီးမားပြီး မြင့်မားသောရှေးဟောင်းသစ်ပင်ကြီးနှစ်ပင်၏ကြား၌ နစ်မြုပ်နေသည်။

အဝေးမှကြည့်ပါက...

ဤသည်မှာ ငှက်တစ်ကောင်၏အသိုက်နှင့်မတူညီဘဲ နန်းတော်ကြီးတစ်ခုအလားပင်။

စွန်းကျီမေးသည် ကျီးကန်းနက်၏အသိုက် ပရဝုဏ်အတွင်းသို့ ရောက်ရှိလာပြီးနောက် သူ၏တပည့်လေးကို တိတ်ဆိတ်ငြိမ်သက်စွာစောင့်ဆိုင်းနေရန် သတိပေးလိုက်၏။

ထိုနောက် သူသည် ရှေ့သို့ဖြည်းညှင်းစွာလျှောက်လှမ်းသွားကာ အသိုက်၏ဝင်ပေါက်ကိုဦးတည်ပြီး ဦးညွှတ်အရိုအသေပြုကာ ရိုသေလေးစားစွာ ပြောဆိုသည်။

"သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့မဟာအကြီးအကဲ စွန်းကျီမေးက တပည့်ဖန်းကျင်းနဲ့အတူ နတ်ဘုရားသားရဲကို လာပြီးအရိုအသေပြုတာပါ"

အချိန်တစ်ခဏကြာ စောင့်ဆိုင်းပြီးသည့်တိုင်...

အသိုက်အတွင်းမှနေ၍ မည်သည့်တုံ့ပြန်သံ​ကိုမျှ မကြားရ​ချေ။

"ဖြစ်နိုင်တာတော့ နတ်ဘုရားငှက်က တရေးအိပ်နေတာများလား"

ထို့ကြောင့် သူ၏အသံကိုမြှင့်ကာ ထပ်မံ၍အော်​ဟစ်လိုက်သည်။

ဤတစ်ကြိမ်တွင်လည်း မည်သည့်တုံ့ပြန်သံကိုမျှ မကြားရဆဲပင်။

စွန်းကျီမေးသည် မျက်မှောင်ကြုတ်ကာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားနေရစဉ်မှာပင် သူ့၏နောက်ရှိ တပည့်လေးက သူ့ကို ခပ်ဖွဖွတို့ကာ တိုးညှင်းစွာပြောဆိုသည်။

"ဆရာ နတ်ဘုရားငှက်က အသက်အိုနေတာကြောင့် နားနည်းနည်းလေးနေတာများ ဖြစ်နေမလား...တကယ်လို့ ဆရာက ဒီထက်ပိုပြီး ကျယ်ကျယ်လေးအော်မယ်ဆိုရင် သူ ကြားမှာသေချာပေါက်ပဲ"

စွန်းကျီမေးက သူ၏တပည့်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

အလွန်အမင်းအစွမ်းထက်သော နတ်ဘုရားငှက်သည် မည်သည်ကြောင့် နားလေးနေမည်နည်း...

"တကယ်လို့ မင်း ပေါက်ကရစကားတွေကို ထပ်ပြီးပြောနေအုံးမယ်ဆိုရင် နတ်ဘုရားငှက် ကြားသွားတာနဲ့ မင်းကို တစ်လုတ်ထဲနဲ့ ဝါးစားပစ်မှာကို မင်း ဂရုစိုက်အုံး...ဒါဆိုရင် ငါလည်း မင်းကို ကယ်နိုင်မှာမဟုတ်ဘူး"

ထိုစကားကိုကြားချိန်တွင် ဖန်းကျင်း၏ခေါင်း ပုဝင်သွားသည်။

ထို့နောက် စွန်းကျီမေးက ထပ်မံ၍အော်ဟစ်လိုက်သည်။ဤတစ်ကြိမ်တွင် သူ၏အသံကို အလွန်အမင်းမြှင့်ထားပေ၏။

သို့ရာတွင်...

မည်သည့်တုံ့ပြန်မှုမျှ ရှိမနေဆဲပင်။

"ဒါက ထူးဆန်းတယ်"

စွန်းကျီမေးက မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ ကျီးကန်းနက်သည် အိပ်မောကျနေသည်ဆိုလျှင်ပင် ဤကဲ့သို့ ကျယ်လောင်သောအသံတစ်သံကို ကြားသင့်သည်။

ထို့နောက် သူ ရုတ်တရက် တွေးတောမိသည်မှာ....

ဤရက်များအတွင်းတွင် ကျီးကန်းနက်၏အသံကို သူ ကြားခဲ့ရပုံမပေါ်ချေ။

"ဒီရက်တွေအတွင်းမှာ ငါ ဘာလို့ အရမ်းကြီးတိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားနေရတာလဲလို့ ငါ စဉ်းစားမိတာ...အခုကြည့်ကြည့်တော့မှ ကျီးကန်းနက်ရဲ့အော်သံ ​ပျောက်နေလို့ပါလား"

ထိုအကြောင်းကို တွေးတောရင်း...

စွန်းကျီမေးက အသိုက်ထံသို့ အလျှင်အမြန်လျှောက်လှမ်းသွားလိုက်သည်။

အသိုက်အတွင်းသို့ သူ ဝင်လိုက်သည့်အချိန်အခိုက်အတန့်၌....

ရုတ်ချည်းဆိုသလိုပင် သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူ ချက်ချင်းကြက်သေသေသွားသည်။

ကြီးမားကျယ်ပြန့်သော အသိုက်အတွင်းတွင် ကျီးကန်းနက်ရှိမနေကြောင်း သူ မြင်တွေ့လိုက်ရသည်။

သို့ရာတွင် နေရာအနှံ့အပြား၌ အနက်ရောင်ငှက်မွှေးများဖြင့်ရှုပ်ထွေးနေသည်။

ထို့အပြင် အသိုက်၏အလယ်၌ သွေးအိုင်ကြီးတစ်အိုင်ရှိနေသည်။

အသိုက်၏နံရံများပေါ်တွင်လည်း ကုတ်ခြစ်ရာအမြောက်အများ ရှိနေပေ၏။

ဤနေရာ၌ ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်မှာ သိသာထင်ရှားသည်။

ထိုအရာများကိုမြင်တွေ့ပြီးနောက် စွန်းကျီမေး၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။

"ဆရာ ဘာဖြစ်တာလဲ"

ထိုအချိန်မှာပင် ဖန်းကျင်းက လျှောက်လှမ်းလာကာ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအယာဖြင့် မေးမြန်းသည်။

စွန်းကျီမေးက တောင့်တင်းသောမျက်နှာအမူအယာဖြင့် တုံ့ပြန်အဖြေပေးသည်။

"ငါတို့သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့ နတ်ဘုရားငှက် သေသွားပြီ"

...

မကြာမီမှာပင်...

ကျီးကန်းနက် ပျောက်ဆုံးသွားသောသတင်းသည် လေပြင်းတစ်ခုတိုက်ခတ်သည့်အလား ဂိုဏ်းတဂိုဏ်းလုံးအနှံ့ ပျံ့နှံ့သွားသည်။

အချိန်တိုအတွင်းမှာပင် ထိုသတင်းသည် အကြီးအကဲများနှင့် တပည့်များအားလုံးထံသို့ ရောက်ရှိသွားပေ၏။

မဟာအကြီးအကဲသည် ဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်များအားလုံးကို ဆင့်ခေါ်ကာ အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပလိုက်သည်။

အမှန်အားဖြင့် ဤစည်းဝေးပွဲတွင် ဂိုဏ်းချုပ်ရှီချင်းဝူနှင့်ရီဖုန်းတို့ ပါဝင်ခြင်းမရှိချေ။

ရှီချင်းဝူ မပါဝင်ရသော အကြောင်းအရင်းမှာ တံခါးပိတ်ကျင့်ကြံနေသောကြောင့်ပင်။

ရီဖုန်းကိုမူ ထိုအကြီးအကဲများအားလုံးက လျစ်လျူရှုထားကြသည်။

သူတို့သည် ရီဖုန်းကို အနည်းငယ်​မျှ အလေးအနက်မထားကြချေ။

စည်းဝေးပွဲအဆုံးသတ်သွားချိန်တွင်...

စွန်းကျီမေးနှင့် တခြားအဆင့်မြင့်အကြီးအကဲများအားလုံး အတူပူးပေါင်း၍ ကောက်ချက်ချလိုက်သည်မှာ ဂိုဏ်း၏အနီး၌ ထိပ်သီးဆရာကြီးတစ်ယောက် အမဲလိုက်နေခြင်းဖြစ်မည်ဟုပင်။

ထိုဆရာကြီး၏ကျင့်ကြံဆင့်နယ်ပယ်သည် အနိမ့်ဆုံးအနေဖြင့် အစစ်အမှန်အင်မော်တယ် ဒဿမအဆင့်၌ ရှိနေပေမည်။

ထို့ပြင် မြေနဂါးတောင်တန်းအတွင်းရှိ မဟာနတ်ဆိုးသားရဲကြီးများကိုလည်း ထိုထိပ်သီးဆရာကြီးမှ ဖမ်းဆီးသွားခြင်းဖြစ်ပေမည်။

ယခုအချိန်၌...

ထိုထိပ်သီးအစွမ်းထက်ဆရာကြီးသည် ရန်သူ သို့မဟုတ် မိတ်ဆွေဖြစ်သည်ကို သူတို့ မသိရှိချေ။

အကယ်၍ ထိုထိပ်သီးအစွမ်းထက်ဆရာကြီးသည် သူတို့၏သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ရန်မူလိုပါက မည်သို့ပြုလုပ်ရမည်နည်း။

ထို့ကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံးသည် ပထမအဆင့်သတိပေးချက်ကို အသက်သွင်းကာ ထိုကိစ္စကို ဂရုတစိုက် စုံစမ်းစစ်ဆေးလိုက်တော့သည်။

ဤအချိန်အခိုက်အတန့်တွင်....

ဂိုဏ်းအတွင်းရှိလူများအားလုံး ထိတ်လန့်တကြားဖြစ်နေပေ၏။

All Chapters