အခန်း (၇၆၁-၇၆၅)
Vol. 51 Ch. 761-765
Chapter 761
ဝမ်ယွဲ့သည် အကြီးအကဲတစ်ယောက်ဖြစ်သဖြင့်ယခင်ကဆိုလျှင် သာမန်အခြေအနေမျိုး၌ သူသည် အစေခံတပည့်တစ်ယောက်ကို တစ်ချက်ပင်စောင်းငဲ့ကြည့်မည်မဟုတ်ချေ။
ဤအစေခံတပည့်သည် သာမန်အစေခံတပည့်များနှင့် ကွဲပြားခြားနားသည်ဟု သူ ခံစားမိရုံသက်သက်ပင်။
ထိုအစေခံတပည့်သည် သူအား ဦးညွှတ်အရိုအသေပြုခြင်းမရှိချေ။
ထိုအစေခံတပည့်ထံ၌ တခြားလူများနှင့် ကွဲပြားခြားနားသောအကျင့်စရိုက်ရှိနေသည်မှာ သိသာထင်ရှားသည်။
ဤထူးခြားသောအကျင့်စရိုက်ကြောင့် သူသည် ထိုအစေခံတပည့်လေးကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်သည်။
ဤသည်မှာ လောကကြီးအတွင်း၌ တိုက်ဆိုင်မှုတစ်ခုရှိသည်ဟူသော စကားအလားပင်။
ဝမ်ယွဲ့သည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား နေရာမှာပင် တောင့်တင်းသွားပေ၏။
အကြောင်းအရင်းမှာ ဤအစေခံတပည့်၏မျက်နှာသည် သူနှင့်အလွန်ရင်းနှီးကျွမ်းဝင်နေသောကြောင့်ပင်။
ထို့ပြင် အစောပိုင်းကထိ ထိုမျက်နှာသည် သူ၏စိတ်နှလုံးသားအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေပေ၏။
သူ၏အစ်ကိုကြီးကို ကယ်တင်ခဲ့သော စီနီယာသည် ဤနေရာ၌ အမှန်တကယ်ထွက်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ပြင် စီနီယာသည် သူတို့၏အစေခံတပည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။
"ဝမ်ယွဲ့က စီနီယာကို အရိုအသေပြုပါတယ်"
ဝမ်ယွဲ့သည် ခြေလမ်းကျဲကြီးများဖြင့် ရှေ့သို့အလျှင်အမြန်တိုးကာ တစ်ဖက်လူအား နှုတ်ဆက်လိုက်သည်။
ဤအစေခံတပည့်လေးသည် ရီဖုန်း၏ခြံဝန်းအတွင်းမှထွက်လာသော စုပိုင်ပင်။
ဝမ်ယွဲ့သည် ရုတ်တရက် အလျင်စလိုအပြေးရောက်လာသည်ကို မြင်တွေ့ချိန်၌ စုပိုင်က သူ၏ခေါင်းကိုမော့ကာ တစ်ချက်ကြည့်လိုက်သည်။
"အော်...ဒါက မင်းလား...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ"
"အမှန်ပဲ...အရမ်းတိုက်ဆိုင်တာပဲ"
ဝမ်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် ထပ်မံပြောဆိုကာ တစ်ချိန်တည်းမှာပင် သူ၏သံသယများကို ထုတ်ဖော်မေးမြန်းလေသည်။
"ဒါပေမယ့် စီနီယာက ဘယ်လိုဖြစ်ပြီးတော့ ဒီနေရာကို ရောက်လာတာလဲ"
"ပြီးတော့...."
ထိုသို့ပြောဆိုပြီးနောက် ဝမ်ယွဲ့က စုပိုင်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"စီနီယာက ဘာလို့ ငါတို့သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့အစေခံတပည့်ဝတ်စုံကို ဝတ်ထားတာလဲ"
"ဒါက ငါဝတ်လို့မရတဲ့ ဝတ်စုံမလို့လား"
စုပိုင်က ဝမ်ယွဲ့ကိုကြည့်ကာ ပြောဆိုသည်။
"ငါက အစကတည်းက သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့အစေခံတပည့်ပဲလေ...ငါက ဘာလို့ အစေခံတပည့်ဝတ်စုံကို ဝတ်လို့မရမှာလဲ"
ဤစကားသည် ဝမ်ယွဲ့ကို အသက်ရှူမွန်းကြပ်သွားစေပေ၏။
သူသည် မျက်လုံးအပြူးသားဖြင့် စုပိုင်ကို စူးစိုက်ကြည့်လေသည်။
"အစေခံ...အစေခံတပည့်လား..."
ဝမ်ယွဲ့သည် သူ အသက်ရှင်သန်နေရသော ဘဝကိုပင် သံသယဝင်လာခဲ့သည်။
သူတို့၏သန့်စင်ခြင်းတစ်ရာဂိုဏ်းတွင် မည်သည့်အချိန်မှစ၍ ဤကဲ့သို့ အစွမ်းထက်သောအစေခွတပည့်တစ်ယောက် ရှိသွားသနည်း...
"ဒါနဲ့ မင်းက ဒီနေရာကို ဘာလို့ရောက်နေတာလဲ"
စုပိုင်က မေးမြန်းသည်။
"အမ် ငါက ဒီဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ပါ...ဒါပေမဲ့ ငါက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့တယ်"
ဝမ်ယွဲ့က အလျင်စလို တုံ့ပြန်သည်။
စုပိုင်က သာမာန်ကာလျှံကာ ခေါင်းညိတ်ပြလေ၏။
"ကောင်းပြီလေ...မင်း လုပ်စရာရှိတာသွားလုပ်တော့....ငါ တံမြက်စည်းလှဲတော့မယ်"
ထိုသို့ပြောဆိုပြီးနောက် စုပိုင်သည် တံမြက်စည်းတစ်ချောင်းကိုထုတ်ယူကာ သူ့ရှေ့ရှိ တောအုပ်ထံသို့ ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။
သခင်လေးသည် လမ်းလျှောက်ရန်အတွက် ဤနေရာသို့ ရံဖန်ရံလာလေ့ရှိသဖြင့် စုပိုင်သည်နေ့စဉ်နေ့တိုင်း ထိုနေရာကို သန့်ရှင်းရေးလုပ်ခဲ့သည်။
"စီနီယာက တကယ့်ကို...တကယ့်ကို အစေခံတပည့်တစ်ယောက်လား"
ဝမ်ယွဲ့က သူ၏မျက်လုံးများကိုပွတ်သပ်ကာ သူ့ထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"အော်...ဒါနဲ့ မင်းရဲ့ရောင်စုံကလေးငယ်က အရမ်းအရသာရှိတယ်"
စုပိုင်သည် မြေပြင်ကိုလှဲကျင်းနေရင် နောက်သို့ချာခနဲလှည့်ကာ ဝမ်ယွဲ့အား ချီးမွမ်းစကားပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက်...
သူသည် မြေပြင်ပေါ်မှအမှိုက်များကို ဆက်လက်၍ လှဲကျင်းနေတော့သည်။
ဝမ်ယွဲ့၏မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ရောင်စုံကလေးငယ်သည် တိုက်ခိုက်ခြင်းနတ်ဆိုးသားရဲတစ်ကောင် မဟုတ်သည့်အပြင် ကောင်းမွန်သောသားရဲတစ်ကောင်လည်း မဟုတ်ချေ။ထိုသားရဲကို ထိန်းချုပ်နိုင်ရန် ခက်ခဲပြီး သခင်ကိုပြန်သတ်ကာ အသက်စွမ်းအားကိုခိုးယူသည်အထိ ယုတ်မာကောက်ကျစ်သည်။
သို့ရာတွင် ထိုသားရဲထံ၌ သာမန်အစစ်အမှန်အင်မော်တယ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ထက် ပို၍အဖိုးတန်သော ပြိုင်ဘက်ကင်းစွမ်းရည်တစ်ခုရှိနေသည်။
ဤသည်မှာ ဝင်္ကပါတစ်ခု၏စွမ်းအားကို အတိုင်းအတာတစ်ခုထိ ပျက်ပြယ်စေနိုင်ခြင်းပင်။
သူ ရောင်စုံကလေးငယ်ကို မွေးထားရသောအကြောင်းအရင်းမှာ သူ၏အစ်ကိုကြီး လှောင်ပိတ်မိနေသော ဝင်္ကပါသည် မည်ကဲ့သို့ဝင်္ကပါမျိုးဖြစ်သည်ကို သူ မသိရှိသောကြောင့်ပင်။သူ၏အစ်ကိုကြီးကို ကယ်တင်နိုင်ရန်အလို့ငှာ သူသည် ရောင်စုံကလေးငယ်ကို ရရှိရန်အတွက် သူ၏ပိုင်ဆိုင်မှုအမြောက်အများကို အသုံးပြုခဲ့သည်။
သို့ရာတွင် သူ၏အစ်ကိုကြီး လှောင်ပိတ်မိနေသော ဝင်္ကပါအမျိုးအစားကို ခွန်အားသီးသန့်ဖြင့်သာ ဖျက်ဆီးနိုင်ကြောင်း သူ သိရှိခဲ့ရသည်။
ထို့ကြောင့် သူ့အတွက် ရောင်စုံကလေးငယ်သည် အသုံးမဝင်တော့ချေ။
ထိုသို့ဆိုသည့်တိုင် စီနီယာစုသည် ထိုရောင်စုံကလေးငယ်ကို ညတွင်းချင်း အမှန်တကယ်ချက်စားခဲ့သလော....
ဤသည်မှာ လွန်ကျူးသောကိစ္စတစ်ရပ် မဟုတ်လော...
အချိန်အတော်ကြာသည်အထိ သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းမရှိချေ။
အချိန်အတော်ကြာပြီးနောက် သူသည် ဂိုဏ်း၏စာရင်းအင်းဌာနထံသို့ အလျင်စလိုသွားလိုက်သည်။အကြောင်းအရင်းမှာ ထိုနေရာ၌ ဂိုဏ်းအတွင်းသို့ဝင်ရောက်ခဲ့သော တပည့်များ၏နောက်ခံများ သတင်းအချက်အလက်များနှင့်ပတ်သက်သည့် မှတ်တမ်းများကို ထားရှိသောကြောင့်ပင်။
သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို ရှာဖွေဖော်ထုတ်လိုသည်။
အစစ်အမှန်အင်မော်တယ်ဒသမအဆင့်၌ရှိသော ဆရာကြီးတစ်ယောက်သည် သူ၏ကျင့်ကြံဆင့်ကိုဖိနှိပ်ကာ ဂိုဏ်းအတွင်း၌ အစေခံတပည့်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ အကယ်၍ ဤကိစ္စသာ ထွက်ပေါ်သွားပါက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတင်းကြီးဖြစ်သွားပေမည်။
အမှန်အားဖြင့် သူသည် ဤကိစ္စကို သေသေချာချာဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်အထိ တခြားသူများအား ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်မထားချေ။
ဝမ်ယွဲ့သည် စုပိုင်၏မှတ်တမ်းများကို အလျှင်အမြန်စစ်ဆေးနေသောအချိန်တွင် ထန်းလန်တောင်တန်းအတွင်း၌....
ချန်းရှင်းနှင့်ဟွမ်ကျင်းတို့သည် သက်ကယ်အိမ်နှင့်မစင်တွင်းနံဘေး၌ ပလ္လင်ခွေထိုင်နေကာ ရီဖုန်းပြန်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြဆဲပင်။
သို့ရာတွင် ရက်ပေါင်းများစွာကြာအောင် သူတို့စောင့်ဆိုင်းခဲ့သည့်တိုင် မည်သည့်သတင်းကိုမျှ မရရှိချေ။
သူတို့သည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ပေ။သို့ရာတွင် သူတို့သည် ပြင်ပစက်ဝန်း၏အက်ကွဲကြောင်းကို အချိန်အတော်ကြာ စောင့်ကြပ်ခဲ့ခြင်းကြောင့် သူတို့၏ခန္ဓာကိုယ်အတွင်း၌ စုဝေးနေသော အနက်ရောင်ချီစွမ်းအားများ ပျောက်ကွယ်သွားသည်ကို ရှာဖွေတွေ့ရှိမိသဖြင့် သူတို့နှစ်ယောက်သား အံ့အားသင့်သွားသည်။
တစ်ခုသိထားရမည်မှာ ဤအနက်ရောင်ချီစွမ်းအားများသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည်။ထိုအနက်ရောင်ချီစွမ်းအားများသည် သူတို့၏အရိုးများအတွင်း၌ လောက်ကောင်များအလား တွယ်ကပ်နေကာမည်သို့မျှဖယ်ရှားနိုင်ခြင်းမရှိဘဲ ပို၍ပို၍စုဝေးလာသည်။
အကယ်၍ ဤအနက်ရောင်ချီစွမ်းအားများစုဝေးမှုများပြားလာပါက သူတို့၏ကျင့်ကြံဆင့်ကို သက်ရောက်စေရုံသာမက သူတို့၏စိတ်ကိုပျက်ပြားစေကာ ရူးသွပ်ပြီး နတ်ဆိုးလမ်းကြောင်းအတွင်းသို့ ကျရောက်သွားပေမည်။
ပြင်ပစက်ဝန်းတွင်စောင့်ကြပ်နေသော လူအမြောက်အများ သေဆုံးသွားခဲ့ရသည်မှာ ဤအနက်ရောင်ချီစွမ်းအားများကြောင့်ပင်။
ပြောရမည်ဆိုလျှင် ဤအနက်ရောင်ချီစွမ်းအားများသည် သူတို့တစ်ယောက်ချင်းစီ၏ခေါင်းထက်၌ ရစ်ဝဲနေသော ထက်ရှသည့်ဓားတလက်အလားပင်။
တချိန်တည်းမှာပင် အကယ်၍ သူတို့သည် ဤအတိုင်း အချိန်အတော်ကြာဆက်သွားပါက သူတို့အားလုံး ထိုသို့အဆုံးသတ်ရမည်ကို သိရှိထားသော်လည်း သူတို့ထံတွင် ထိုနေရာကိုစောင့်ကြပ်ရသည့် အကြောင်းအရင်းတစ်ခုလည်း ရှိနေသည်။
ထိုအကြောင်းအရင်းမှာ အကယ်၍ အနက်ရောင်မြူခိုးများသည် အင်မော်တယ်နယ်မြေနှင့်နယ်မြေကြီးရှစ်ခုကို လွှမ်းခြုံသွားပါက လောကကြီးတစ်ခုလုံး တဖြည်းဖြည်း အသူရာကြေးချွတ်သန့်စင်ဘုံ ဖြစ်သွားပေမည်။
လူသားများအားလုံးသည်လည်း လမ်းလျှောက်နေသောဖုတ်ကောက်များနှင့် တူညီသွားပေမည်။
ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များအတွင်းမှ အနက်ရောင်ချီစွမ်းအားများ ပျောက်ကွယ်သွားသည်ကို ရှာဖွေတွေ့ရှိမိသဖြင့် သူတို့သည် အံ့အားသင့်သွားပေ၏။
အချိန်တခဏကြာပြီးနောက် သူတို့နှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ဘယ်လိုဖြစ်သွားတာလဲ"
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ဤအချိန်အခိုက်အတန့်တွင် ယခင်ကဲ့သို့ သူတို့၏စိတ်အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ချေ။
"ဖြစ်နိုင်တာတော့ ငါတို့တွေက ပြင်ပစက်ဝန်းကနေ ထွက်လာတာကြောင့် အနက်ရောင်ချီစွမ်းအားတွေရဲ့သက်ရောက်မှုကို မခံရတော့ဘဲ ပျောက်ကွယ်သွားတာများလား"
ဟွမ်ကျန်းက မှန်းဆပြောဆိုသည်။
"ဒါက ဖြစ်နိုင်ချေရှိတယ်လို့ မင်း ထင်လား"
ချန်းရှင်းက ဟွမ်ကျန်းကို မျက်စောင်းထိုး၍ ကြည့်လေသည်။
အကယ်၍ ဤကဲ့သို့ ကိစ္စမျိုးသာရှိနေပါက ပြင်ပစက်ဝိုင်းအစောင့်အရှောက်များဖြစ်သော သူတို့ပေါ်သို့ သက်ရောက်နေသည့် ဖိအားအရှိန်အဝါ ဤမျှထိ အလွန်ကြီးမားမည်မဟုတ်ချေ။
သူတို့သည် အသုတ်များခွဲ၍ အချိန်တစ်ခဏကြာတိုင်း ပြင်ပစက်ဝန်းမှ တစ်ကြိမ်ထွက်ခွာကာ သူတို့၏ခန္ဓာကိုယ်အတွင်းမှ အနက်ရောင်ချီစွမ်းအားများ ပျောက်ကွယ်သွားချိန်မှ ပြန်လာနိုင်ပေမည်။
ဤနည်းလမ်းဖြင့် သူတို့ထံ၌ မည်သည့်အသေအသေအပျောက်မျှ ရှိတော့မည်မဟုတ်ချေ။မည်သူတစ်ဦးတစ်ယောက်မျှလည်း ရူးသွပ်ပြီး နတ်ဆိုးဘဝသို့ ပြောင်းလဲသွားတော့မည်မဟုတ်ပေ။
ဟွမ်းကျန်းက သူ ပြောဆိုလိုက်သောစကားသည် အနည်းငယ်မှားယွင်းနေသည်ကို သိရှိသွားသဖြင့် ရှက်ရွံ့သွားကာ သူ၏ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
"ဖြစ်နိုင်တာတော့ ဒီနေရာပတ်ဝန်းကျင်မှာရှိတဲ့တစ်ခုခုက ငါတို့အပေါ်ကို သက်ရောက်သွားတာပဲ"
ချန်းရှင်းက တည်ကြည်လေးနက်စွာပြောဆိုကာ တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
အကြောင်းအရင်းမှာ သူတို့၏ခန္ဓာကိုယ်အတွင်းရှိ အနက်ရောင်ချီစွမ်းအားများ ပျောက်ကွယ်သွားသောအကြောင်းကြောင့် ဤနေရာတွင် ရတနာတစ်ခုရှိနေမည်ဟု သူ တွေးတောမိသောကြောင့်ပင်။အကယ်၍ ဤရတနာကိုရရှိပါက အနက်ရောင်ချီစွမ်းအားများ၏ပျံ့နှံမှုကို ခံစားနေရသော တခြားအစောင့်များသည်လည်းနောက်အနာဂတ်တွင် ထိုအရာကို အသုံးပြု၍ ဖယ်ရှားနိုင်မည်မဟုတ်လော။
"ငါတို့ ဘေးပတ်ဝန်းကျင်ကို ရှာကြည့်ရအောင်"
ချန်းရှင်းက အလျှင်အမြန်ပြောဆိုသည်။
ဟွမ်ကျန်းက သဘောတူညီပြီးနောက် သူတို့နှစ်ယောက်သား ပတ်ဝန်းကျင်၌ လှည့်ပတ်၍ရှာဖွေကြတော့သည်။
သူတို့နှစ်ယောက်၏မျက်လုံးအကြည့်များသည် သက်ကယ်တဲအိမ်ထံသို့ တပြိုင်နက်တည်း ကျရောက်သွားပေ၏။
အကြောင်းအရင်းမှာ ဤနေရာပတ်ဝန်းကျင်၌ ထိုသက်ကယ်တဲအိမ်အတွင်း၌သာ ရတနာတစ်ခုရှိနေနိုင်ချေ အနည်းငယ်မြင့်မားသောကြောင့်ပင်။
သူတို့ ထိုသို့တွေးတောလိုက်ခြင်းမှာ သက်ကယ်တဲအိမ်၏ပိုင်ရှင်ကြောင့်ဖြစ်သည်။
သူတို့သည် တစ်ဖက်လူကို ခွင့်တောင်းနိုင်ခြင်းမရှိသဖြင့် ပိုင်ရှင်ဖြစ်သူ စိတ်မကြည်မသာဖြစ်သွားခြင်းမှ ရှောင်ကြဉ်ရန်အလို့ငှာ သူတို့နှစ်ယောက်သည် သက်ကယ်တဲအိမ်အတွင်းသို့ တစ်ကြိမ်တခါမျှ ဝင်ရောက်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ယခုအချိန်၌ အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်ရန်အတွက် သူတို့သည် သက်ကယ်တဲအိမ်အတွင်းသို့ဝင်ကာ တစ်ချက်ကြည့်လိုက်ကြသည်။
"အပြစ်ပြုမိပါတယ်"
တံခါးဝသို့အရောက်တွင် ချန်းရှင်းသည် သူ၏ခေါင်းကိုငုံကာ တောင်းပန်စကားပြောဆိုလိုက်သည်။ထို့နောက် သူသည် သက်ကယ်တဲအိမ်၏တံခါးကို ညင်သာစွာတွန်းဖွင့်လိုက်၏။
ဤသက်ကယ်တဲအိမ်အတွင်း၌ လူနေထိုင်ခြင်းမရှိသည်မှာ ရက်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကာ ယခုလတ်တလောတွင် မိုးရွာသွန်းထားခြင်းကြောင့် တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ပုပ်အက်အက်အနံ့များ ထွက်ပေါ်လာသည်။
သက်ကယ်တဲအိမ်အတွင်းရှိ အရာရာတိုင်းကို သူတို့နှစ်ယောက်သား တွေ့မြင်လိုက်ရသည်။
ဤနေရာတွင် မည်သည့်အရာမျှ ရှိမနေချေ။
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ကြည့်ရသည်မှာ ဤကိစ္စသည် သက်ကယ်တဲအိမ်နှင့် အနည်းငယ်မျှသက်ဆိုင်ပုံမရချေ။
"ဒီလို လုပ်ကြစို့...ငါတို့တွေ ဒီနေရာနဲ့မိုင်တစ်ရာပတ်လည်မှာ လူခွဲပြီးတော့ ရှာကြရအောင်"
ချန်းရှင်းက ညွှန်ကြားလေသည်။
"ကောင်းပြီလေ"
ဟွမ်ကျန်းသည် ဤကိစ္စ၏အရေးပါပုံကို သူ၏စိတ်နှလုံးသားအောက်ခြေမှနေ၍ သိရှိထားပြီးဖြစ်သည်။
သူတို့နှစ်ယောက်သည် စိတ်ပိုင်းဖြတ်ပြီးနောက် လူခွဲ၍ ပျံသန်းခဲ့လေ၏။
သူတို့နှစ်ယောက်၏စွမ်းအားဖြင့် ဆယ်မိုင်ပတ်ဝန်းကျင်အတောအတွင်းရှိ အရာရာတိုင်းကို ခြင်တစ်ကောင်ပျံသန်းနေလျှင်ပင် သူတို့ ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။
သို့ရာတွင် သူတို့သည် သတိကြီးစွာထား၍ နေရာအနှံ့ ဂရုတစိုက်ရှာဖွေလိုက်ကြသည်။
"မင်း တစ်ခုခုကို ရှာတွေ့လား"
ချန်းရှင်းက မေးမြန်းသည်။
"ငါ တွေ့ခဲ့တယ်"
ဟွမ်ကျန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ငါ ရှာတွေ့ခဲ့တာက ငါတို့ရဲ့ခန္ဓာကိုယ်ထဲကအနက်ရောင်ချီစွမ်းအားတွေ ပျောက်ကွယ်သွားတာရဲ့ အဓိကသော့ချက် မဟုတ်ပေမယ့် ဒီတောင်တန်းထဲမှာ ငါတို့မသိတဲ့ တစ်စုံတစ်ခု ပုန်းကွယ်နေတယ်ဆိုတာ သက်သေပြဖို့လုံလောက်တယ်"
"ဒါကြောင့် ငါ ဘာကိုမြင်ခဲ့လဲဆိုတာ မင်း ခန့်မှန်းကြည့်စမ်း"
"မင်း ဘာကိုမြင်ခဲ့တာလဲ"
ချန်းရှင်းက သူ၏အသက်ရှူနှုန်းကိုထိန်းသိမ်းကာ ဟွမ်ကျန်းကိုစူးစိုက်ကြည့်ပြီး အလေးအနက်ထား၍ မေးမြန်းသည်။
ချန်းရှင်း၏မျှော်လင့်စောင့်စားနေသောအကြည့်ကို မြင်တွေ့ချိန်တွင် ဟွမ်ကျန်းက စကားတစ်လုံးခြင်း ပြောဆိုသည်။
"ငါ မြင်ခဲ့တာက...အစစ်အမှန်အင်မော်တယ်နယ်ပယ်မှာရှိနေတဲ့ ချေးပိုးထိုးတစ်ကောင်ပဲ"
Chapter 762
"မင်း မြင်ခဲ့တာ အမှန်ပဲလား"
ချန်းရှင်းက ခေါင်းမော့၍မေးမြန်းသည်။
အစစ်အမှန်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ရှိသော ချေးပိုးထိုးတစ်ကောင်အကြောင်းကို သူတို့ ယခင်က တစ်ကြိမ်တခါမျှ မကြားဖူးမမြင်ဖူးခဲ့ချေ။
ဤကဲ့သို့သတ္တဝါမျိုး မည်ကဲ့သို့ကျင့်ကြံခဲ့သည်ကို တွေးတောကြည့်နိုင်ရန် သူတို့အတွက် အလွန်အမင်းခက်ခဲနေသည်။
ဤသည်မှာ မစင်များအကြားတွင် ဖြစ်သလော...
"အမှန်ပဲ...ငါ မမှားဘူး"
ဟွမ်ကျန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါတင်မကဘူး...ငါက အဲ့ဒီချေးပိုးထိုးအပြင် အစစ်အမှန်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ ယုန်တွေ ပျားတွေနဲ့ လိပ်ပြာတွေကိုတောင် မြင်ခဲ့သေးတယ်"
"ဟူး..."
ချန်းရှင်းက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ၏မျက်လုံးတစ်စုံသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေပေ၏။
ဤသည်မှာ ကျင့်ကြံခြင်းခေတ်ကာလဖြစ်သဖြင့် မည်သည့်သက်ရှိမဆို ကျင့်ကြံနိုင်သော်လည်း မျိုးနွယ်အများစုအတွက် တချို့သောအကန့်အသတ်များရှိသည်။
ပျားနှင့်ယုန်ကဲ့သို့ သတ္တဝါငယ်လေးများသည် သူတို့၏ဘဝသက်တန်းမြင့်တက်စေရန် ကျင့်ကြံနိုင်လျှင်ပင် အကောင်းဆုံးဟု ယူဆနိုင်သည်။
ပြောရမည်ဆိုလျှင် ထိုသတ္တဝါများ အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေခြင်းမှာ မြုံနေသောယောက်ျားတစ်ယောက်သည် တစ်ချက်တည်းဖြင့် သားသမီးပေါင်းများစွာကိုမွေးထုတ်ပေးကာ သူ၏ယောက္ခမ အံ့အားသင့်သွားစေသည်ထက်ပို၍ ချန်းရှင်းကို တုန်လှုပ်သွားစေသည်။
"ဒါကြောင့် ဒီတောင်တန်းထဲမှာ ငါတို့မသိတဲ့ တစ်စုံတစ်ခုရှိနေတယ်ဆိုတာကို သက်သေပြဖို့ လုံလောက်တယ်"
ဟွမ်ကျန်းက ပြောဆိုသည်။
"အဲ့ဒီအရာရဲ့တည်ရှိမှုကြောင့်သာ ငါတို့ရဲ့ခန္ဓာကိုယ်တွေထဲက အနက်ရောင်ချီစွမ်းအားတွေ ပျက်ပြယ်သွားပြီးတော့ ချီပိုးထိုးလိုသတ္တဝါငယ်လေးတွေလည်း အစစ်အမှန်အင်မော်တယ်ဖြစ်လာခဲ့တာပဲ"
ချန်းရှင်းက သဘောတူသည့်အနေဖြင့် သူ၏ခေါင်းကိုညိတ်လိုက်သည်။
သူ ခက်ခက်ခဲခဲ စဉ်းစားတွေးတောနေသည်မှာ...
ထိုအရာသည် မည်သည့်အရာ ဖြစ်သနည်း....
မည်သည့်နေရာ၌ ပုန်းကွယ်နေသနည်း...
သူတို့နှစ်ယောက်သား သူတို့၏မေးစေ့များကိုပွတ်သပ်ကာ ပြင်းပြင်းထန်ထန်စဉ်းစားတွေးတောလိုက်ကြ၏။
"ငါ သိပြီ"
ထိုအချိန်မှာပင် စဥ်းစားတွေးသောနေသော ဟွမ်ကျန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ခုန်ပေါက်ထကာလက်ခုပ်လက်ဝါးတီးပြီး အံ့အားတသင့်ပြောဆိုသည်။
"အဲ့ဒါက ဘာလဲ"
ချန်းရှင်းက အလျှင်အမြန်မေးမြန်းသည်။
"ဒါက မစင်တွင်းပဲဖြစ်မယ်"
ဟွမ်ကျန်းက အံ့အားတသင့် အော်ဟစ်လိုက်သည်။
"မင်း မှတ်မိလား...ငါ ဒီနေရာကို ပထမဆုံးရောက်တဲ့အချိန်တုန်းက အဲ့ဒီမစင်တွင်းက နည်းနည်းထူးခြားနေတယ်လို့ ငါ ပြောခဲ့တယ်...အဲ့ဒီအနံက လူတွေကို စိတ်လမ်းဆန်းပြီးပျော်ရွှင်မှုရရှိစေနိုင်တယ်"
ချန်းရှင်းက ခေါင်းညိတ်လိုက်၏။
ဟွမ်ကျန်းသည် အစပထမကတည်းက ထိုသို့ပြောဆိုခဲ့သည်။
ထို့ပြင် ဟွမ်ကျန်းသည် ထိုကိစ္စကို သွားရောက်၍ပင် စစ်ဆေးခဲ့သည်။
ထိုအချိန်တုန်းက သူသည် 'အဲ့ဒီမစင်တွင်းကနေ အခွင့်အရေးတစ်ခုရမယ်လို့ မင်း တကယ်ကြီးထင်နေတာလား'ဟူသော စကားတစ်ခွန်းဖြင့် ဟွမ်ကျန်းအား ဟန့်တားခဲ့သည်။ထို့ကြောင့် ဟွမ်ကျန်းသည် ဤမစင်တွင်းအကြောင်းကို သူ၏စိတ်အတွင်း၌ ထပ်မံ၍မထားတော့ချေ။
ယခုလက်ရှိချိန်၌....
ဤမစင်တွင်းအပြင် သူတို့သည် ပတ်ဝန်းကျင်၌ လှည့်ပတ်၍ရှာဖွေသည့်တိုင် မည်သည့်အရာတစ်ခုကိုမျှ ရှာမတွေ့ချေ။
ဖြစ်နိုင်သည်မှာ ဤမစင်တွင်းအတွင်း၌ တစ်စုံတစ်ခု အမှန်တကယ်ကိုပင် ကိန်းအောင်းနေသလော...
"ငါတို့ သွားကြည့်ကြရအောင်"
ဟွမ်ကျန်းက ပြောဆိုသည်။
"ကောင်းပြီလေ"
ချန်းရှင်းက သဘောတူညီလိုက်၏။
သူတို့နှစ်ယောက်သည် မလှမ်းမကမ်းအကွာရှိ မစင်တွင်းထံသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းသွားခဲ့တော့သည်။
မစင်တွင်းအနီးသို့အရောက်တွင် အနံ့များပို၍ပြင်းထန်စပြုလာသည်။
သို့ရာတွင် ဤအနံ့ကြောင့် သူတို့နှစ်ယောက်၏စိတ်များ တက်ကြွလန်းဆန်းလာပေ၏။
ဤကဲ့သို့ခံစားချက်မျိုးမှာ အမျိုးသမီးတစ်ယောက်သည် ရာသီလာခါနီးအချိန်၌ သကြားညိုရည်တစ်ခွက်ကိုသောက်ရသည့်အလား ပင်ပန်းနွမ်းနယ်နေသော လူတစ်ယောက်သည်ကော်ဖီပူတစ်ခွက်ကိုသောက်လိုက်ရသည့်အလားပင်။ဤအနံ့သည် သူတို့နှစ်ယောက်၏စိတ်နှလုံးသားအတွင်းမှ မလိုလားအပ်သောအတွေးများအားလုံးကို ဖယ်ရှားပေးနိုင်စွမ်းရှိသည်။
"ဟား ဟား ဟား...ငါ ဒါကို အရင်ကတည်းက ပြောခဲ့ပါတယ်...အဲ့ဒီအနံ့ကလူတွေကို စိတ်လန်းဆန်းပြီး ပျော်ရွှင်စေတယ်...အခု မင်းယုံပြီးမဟုတ်လား"
ဟွမ်ကျန်းက ဝမ်းသာပျော်ရွှင်စွာ ပြောဆိုသည်။
"ငါတို့ရဲ့ခန္ဓာကိုယ်ထဲက အနက်ရောင်ချီစွမ်းအားတွေ ပျောက်ကွယ်သွားတဲ့ကိစ္စက အရမ်းအရေးကြီးပုံရပေမယ့် တကယ်တမ်းတော့ ဒီမစင်တွင်းကနေထွက်လာတဲ့ အနံ့ကြောင့်ပဲ"
ချန်းရှင်းက ခေါင်းညိတ်လိုက်သည်။
ယခုအချိန်တွင် သူသည် ဟွမ်ကျန်းပြောဆိုသောစကားများကို ယုံကြည်သွားလေပြီ။အကြောင်းအရင်းမှာ ဤတစ်ကြိမ်တွင် သူသည်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး၏အခြေအနေ ကောင်းမွန်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားမိသောကြောင့်ပင်။
သို့ရာတွင် ယခင်က ထိုသို့တွေးတောခဲ့သည်မှာ သူ၏အပြစ် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သာမန်လူတစ်ယောက်၏အတွေးဖြင့် မစင်တွင်းအတွင်း၌ ရတနာတစ်ခုပုန်းကွယ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
သူတို့နှစ်ယောက်သည် အောက်သို့ငုံကြည့်လိုက်ကြ၏။
ဤသည်မှာ မစင်တွင်းတစ်တွင်းဖြစ်သော်လည်း အလွန်ကြီးမားခြင်းမရှိချေ။ထိုမစင်တွင်းကို သစ်ကိုင်းများသစ်ရွက်များဖြင့် ဖုံးအုပ်ထားသဖြင့် ထိုအရာ၏အစစ်အမှန်အခြေအနေကို တွေ့မြင်နိုင်ရန် လွန်စွာခက်ခဲသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အောက်သို့ငုံ၍ မစင်တွင်းပေါ်တွင် ဖုံးအုပ်ထားသော သစ်ကိုင်းများသစ်ရွက်များကို ဖယ်ရှားလိုက်ကြသည်။
ထိုသစ်ကိုင်းများသစ်ရွက်များကို ဖယ်ရှားလိုက်သော အချိန်အခိုက်အတန့်တွင် အနံ့တထောင်းထောင်းထလာကာ သူတို့၏နှာခေါင်းဝများသို့ လာရောက်ရိုက်ခတ်သည်။
ဤအနံ့ကြောင့် သူတို့နှစ်ယောက်သည် အသက်ရှူမွန်းကြပ်သွားကာ နေရာမှာပင် သတိလစ်မေ့မျောလုနီးပါး ဖြစ်သွားလေ၏။
သို့ရာတွင် သူတို့နှစ်ယောက်သည် ထွက်ပြေးခြင်းမပြုဘဲ ထိုအစား အနံ့များကိုလောဘတစ်ကြီး ရှူရှိုက်လိုက်ကြသည်။
ဟူး...ဟူး...ဟူး...
သူတို့သည် အသက်ကို အလျင်စလိုရှုရှိုက်နေကာ အနံ့အနည်းငယ် လွတ်ထွက်သွားမည်ကိုစိုးရွံ့နေကြသည်အလားပင်။
ဤကဲ့သို့ဖြစ်ရသောအကြောင်းအရင်းမှာ ဤမစင်တွင်းမှအနံ့ကို ရှူရှိုက်လိုက်သော အချိန်အခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ အနက်ရောင်ချီစွမ်းအားများ သာမာန်မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားသည်ကို သူတို့ ရှာဖွေတွေ့ရှိမိသောကြောင့်ပင်။
ဤအချိန်အခိုက်အတန့်တွင် အနက်ရောင်ချီစွမ်းအားများ ပျောက်ကွယ်သွားရသောအကြောင်းအရင်းသည် မစင်တွင်းမှအနံ့ကြောင့်ဖြစ်ကြောင်း သူတို့၏စိတ်နှလုံးသားများအတွင်းမှ အတည်ပြုနိုင်ခဲ့လေပြီ။
ထိုကြောင့်...
ကျင့်ကြံစိတ်အခြေခံကိုပျက်ပြားစေကာ လူအများအားရူးသွပ်သွားစေနိုင်သော အနက်ရောင်ချီစွမ်းအားများ၏ သက်ရောက်ခြင်းကို ခံထားရသော သူတို့နှစ်ယောက်အတွက် ဤအနံ့သည် လောကကြီးအတွင်း၌ အကောင်းဆုံးဆေးတစ်ခွက်ပင်။
သူတို့နှစ်ယောက်၏လောဘတကြီး ရှူရှိုက်မှုကြောင့်လော သို့မဟုတ် လေပြင်းများတိုက်ခတ်ခြင်းကြောင့်လောဟု မသိရှိနိုင်သော်လည်းအနံ့သည် တဖြည်းဖြည်းပျောက်ကွယ်စပြုလာသည်။
ထို့ကြောင့် သူတို့နှစ်ယောက်သည် မစင်တွင်းအတွင်းသို့ သူတို့၏ခေါင်းများကိုစိုက်၍ ကြည့်လိုက်ကြ၏။
သို့ရာတွင် သူတို့သည် ထိုသို့ပြုလုပ်ခဲ့ခြင်းမရှိပါက အဆင်ပြေနိုင်သည်။သူတို့ပြုလုပ်လိုက်မိသောအချိန်တွင် မစင်တွင်းအတွင်းမှနေ၍ အစစ်အမှန်အင်မော်တယ်အယောက်တစ်ရာကျော်၏အရှိန်အဝါများ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
ထိုမစင်တွင်းအတွင်းရှိ နေရာအနံ့အပြား၌ အစစ်အမှန်အင်မော်တယ်နယ်ပယ်တွင်ရှိသော ယင်ကောင်များနှင့်ချေးပိုးထိုးအမြောက်အများ ရှိနေပေ၏။
သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စူးစိုက်၍ကြည့်လိုက်ကြသည်။
သူတို့၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့၏စိတ်နှလုံးသားများသည် လှိုင်းထန်သောပင်လယ်ပြင်ကြီးနှင့် တူညီနေကာ အချိန်အတော်ကြာသည်အထိ တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။
အကြောင်းအရင်းမှာ ဤတောင်တန်းအတွင်း၌ မည်သည်ကြောင့်အစစ်အမှန်အင်မတန် ချေးပိုးထိုးတစ်ကောင်ရှိနေသည် ဟူသောအဖြေကို သူတို့၏ကိုယ်ပိုင်မျက်လုံးနှင့် မြင်တွေ့လိုက်ရသောကြောင့်ပင်။
ဤမစင်တွင်းသည် မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့်အရာမျိုး ဖြစ်သနည်း။မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မစင်တွင်းမျိုးသည် ဤမျှထိများပြားသော အစစ်အမှန်အင်မော်တယ်များကို မွေးထုတ်ပေးနိုင်သနည်း။ဤသည်မှာ အဆင်နိမ့်သတ္တဝါများအား နဂါးတံခါးကို ခုန်ကျော်သည်အလား ဖြစ်သွားစေသည်။
သို့ရာတွင် ထိုသတ္တဝါများအနက်မှတချို့သည် ရီဖုန်း၏အကြောင်းကို မသိရှိကြချေ။
ဤနေရာသည် မစင်တွင်းတစ်တွင်းဖြစ်သောကြောင့် ချေးပိုးထိုးများ ယင်ကောင်များအပြင် မစင်များအကြားမှ လောက်ကောင်များလည်း ပေါက်ဖွားလာသည်။
လောက်ကောင်အမြောက်အများသည် ဤနေရာတွင် ပုရွက်ဆိတ်အင်ပါယာတစ်ခုအလားဟကမ္ဘာငယ်လေးတစ်ခုကို ဖွဲ့စည်းထားသည်။
လွန်ခဲ့သောရက်အနည်းငယ်အကြာက ကမ္ဘာလောကတစ်ခုမှနေ၍ လူငယ်တစ်ယောက် ကူးပြောင်းလာသည်။ထိုလူငယ်သည် ဘုရင်အား ဆေးတိုက်ရန်နောက်ကျခြင်းကြောင့်သတ်ဖြတ်ခံရကာ လောက်တကောင်အဖြစ် ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်။
ထို့ပြင် သူနှင့်အတူ လောက်ကောင်နတ်ဘုရားဆင့်ကဲတိုးတက်ခြင်းစနစ်သည်လည်း နိုးထလာခဲ့သည်။
ဤကမ္ဘာငယ်လေး၌ သူသည် မစင်များအကြား၌ လူးလွန့်ရင်း တစ်ဆင့်ပြီးတစ်ဆင့်အဆင့်မြှင့်တင်နိုင်ခဲ့သည်။
နောင်အနာဂတ်မှာ ဤနေရာတွင် အစပြုခဲ့သော သူသည် လောက်ကောင်ဘဝမှနေ၍တီကောင် ထိုမှတစ်ဆင့် မြွေ စပါးကြီးမြွေ မြေနဂါး အစစ်အမှန်နဂါးစသဖြင့် ဆင့်ကဲတိုးတက်သွားသော ဒဏ္ဍာရီလောက်ဇာတ်လမ်းတစ်ခုကို ဖန်တီးနိုင်ပေမည်။
အမှန်အားဖြင့် ဤသည်မှာ ရီဖုန်း အနည်းငယ်မျှ မသိရှိသည့် သေးငယ်သော မတော်တဆကိစ္စတစ်ရပ်ပင်။
Chapter 763
"ဒါက ဘယ်လိုမစင်မျိုးလဲ"
ချန်းရှင်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"အဲ့ဒီမစင်တွေက ဘာလဲဆိုတာ ငါလည်းမသိဘူး"
ဟွမ်ကျန်းသည် မစင်တွင်းအတွင်းသို့ စူးစမ်းလေ့လာပြီးနောက် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။သူသည် အမှန်တရားကို ထွင်းဖောက်မမြင်နိုင်သည်မှာ သိသာထင်ရှားလှ၏။
အကြောင်းအရင်းမှာ ယခုလတ်တလောအချိန်တွင် ဤတောင်တန်းအတွင်း၌ မိုးမကြာခဏရွာသွန်းသောကြောင့် မစင်တွင်းအတွင်း၌ ပြည့်နေသောကြောင့်ပင်။
"ဒါက ဘယ်လိုပဲဖြစ်ဖြစ် လူတွေချန်ခဲ့တဲ့မစင်တွေ မဖြစ်နိုင်ဘူး"
ဟွမ်ကျန်းက ဖြည့်စွက်၍ပြောဆိုသည်။
ချန်းရှင်းကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်၏မစင်သည် ဤမျှထိ အကျိုးသက်ရောက်မှုရှိနေပါက ထိုလူသည် မည်မျှထိ အားကောင်းနေမည်နည်း....
ထိုလူသည် ကောင်းကင်အင်မော်တယ် အဆင့်ကိုးဆယ့်ကိုး၌ ရှိနေနိုင်သည်မဟုတ်လော...
"ဒီမစင်တွေက ရှေးဟောင်းခေတ်က ကျန်ခဲ့တာဖြစ်မယ်လို့ ငါ ခန့်မှန်းမိတယ်...ဒါက ရှေးဟောင်းနဂါးမျိုးနွယ် ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားတွေရဲ့ မစင်တွင်းပဲဖြစ်မယ်"
ဟွမ်ကျန်းက ဖြည့်စွက်၍ပြောဆိုသည်။
"အင်း အဲဒီလိုဖြစ်နိုင်ချေများတယ်"
ချန်းရှင်းက ခေါင်းညိတ်ပြလိုက်၏။
ရှေးဟောင်းခေတ်ကာလအတွင်း၌ မဟာထိပ်သီးတည်ရှိမှုကြီးရှစ်ယောက် ရှိနေစဉ်တွင် ဤသည်မှာ အင်မော်တယ်နယ်မြေ၏ စတင်ပေါက်ဖွားသောကာလဖြစ်သည့်တိုင် ပန်းပေါင်းတစ်ရာပွင့်လန်းကာ အစွမ်းထက်သောသက်ရှိမျိုးနွယ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ဤယူဆချက်တစ်ခုတည်းကသာ မည်သည့်ကြောင့် မစင်များသည် ဤမျှထိအကျိုးသက်ရောက်မှုရှိသည်ကို ဖြေရှင်းနိုင်ပေမည်။
"ဒါကြောင့် ဒီနေရာမှာ အရင်ကနေထိုင်ခဲ့တဲ့ ဆရာကြီးက ဒီမစင်တွေရှိနေတာကို သိနေလိမ့်မယ်...သူ ဒီနေရာကိုရောက်လာတာက ဒီမစင်တွင်းကို အခွင့်ကောင်းယူပြီးတော့ တံခါးပိတ်ကျင့်ကြံဖို့ပဲဖြစ်မယ်"
ဟွမ်ကျန်းက ထပ်မံ၍ပြောဆိုသည်။
"သူက ဒီနေရာမှာနေရင်းနဲ့...အထီးကျန်နယ်မြေနဲ့ဝင်္ကပါနယ်မြေကြားက ပဋိပက္ခကို သိသွားပြီးတော့ ဖြေရှင်းပေးသွားတာပဲဖြစ်မယ်"
"ဒီလိုမျိုး ဖြစ်နိုင်ချေများတယ်"
ချန်းရှင်းက ခေါင်းညိတ်ပြပြီးနောက် ပြောဆိုသည်။
"ဒါပေမဲ့ တကယ်လို့ ဒီကိစ္စသာ အမှန်ဖြစ်နေမယ်ဆိုရင် အခုအချိန်မှာ သူက ထွက်သွားခဲ့တာကြောင့် သူ ပြန်လာမှာမဟုတ်တော့ဘူး"
"ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ"
ဟွမ်ကျန်းက မေးမြန်းသည်။
"ငါက ဒီရှေးဟောင်းမစင်တွင်းကို ဘယ်လိုသယ်သွားရမလဲဆိုတာ စဉ်းစားနေတာပဲ"
ချန်းရှင်းက သတ္တိမွေး၍ပြောဆိုသည်။
ဟွမ်ကျန်းသည် ထိတ်လန်တုန်လှုပ်သွားပေ၏။
"မင်း ဆိုလိုတာက...."
"အမှန်ပဲ"
ချန်းရှင်းက ပြောဆိုသည်။
"အခုချိန်မှာ ငါတို့က ဒီမစင်တွင်းနားမှာ အချိန်ခဏပဲ မတ်တတ်ရပ်ခဲ့တယ်...ဒါပေမဲ့ ငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာ အနက်ရောင်ချီစွမ်းအားတွေ အများကြီးမကျန်တော့ဘူး...ဒါ့ပြင် ငါတို့ရဲ့ အရင်ကအထွတ်အထိပ်အခြေအနေကို ပြန်ရောက်သွားခဲ့ပြီ...ဒါက လူတိုင်းအတွက် အကူအညီအများကြီးဖြစ်စေမယ် မဟုတ်လား"
ထိုစကားများကိုကြားချိန်တွင် ဟွမ်ကျန်းသည်လည်း အလွန်စိတ်လှုပ်ရှားသွားကာ ပျာပျာသလဲပြောဆိုလိုက်၏။
"ဒီမစင်တွေနဲ့ဆိုရင် ငါတို့တွေက အစောင့်တွေအားလုံးရဲ့ခန္ဓာကိုယ်ထဲက အနက်ရောင်ချီစွမ်းအားတွေကို ဖယ်ရှားနိုင်လောက်တယ်"
"ဒီနည်းလမ်းနဲ့ဆိုရင် ဘယ်သူမှ အနက်ရောင်ချီစွမ်းအားတွေကြောင့် ထပ်ပြီးရူးသွပ်သွားတော့မှာမဟုတ်ဘူး"
"မြန်မြန်...မြန်မြန်လေး လှုပ်ရှားကြစို့"
သူတို့နှစ်ယောက်သည် ထိုသို့လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်ပြီးနောက် မစောင့်ဆိုင်းနိုင်ကြတော့ချေ။
ထို့ပြင် ချန်းရှင်းတွင် ထိပ်တန်းအဆင့် အင်မော်တယ်မှော်ရတနာတစ်ခု ရှိနေသည်။
ဤသည်မှာ ကြီးမားသော ရေစည်တစ်ခုပင်။သူသည် ထိုရေစည်ကို များသောအားဖြင့် ဝင်္ကပါမျက်လုံးကို ထိန်းချုပ်ရာ၌ အသုံးပြုသည်။ဝင်္ကပါမျက်လုံးထံသို့ ရေစည်ကိုဖိနှိပ်ထားသောအချိန်တွင် ဝင်္ကပါ၏အကျိုးသက်ရောက်မှုကို အလွန်အမင်းတိုးတက်စေပေ၏။
ထိုရေစည်သည် ဤနေရာ၌ အသုံးဝင်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ထိုရေစည်သည် နံဘေးတစ်နေရာသို့ပြင်းပြင်းထန်ထန် ကျရောက်လာသည်။
သူတို့နှစ်ယောက်သည် အင်္ကျီလက်များကိုမတင်ကာ ခွက်များကိုကိုင်ပြီး မစင်တွင်းအတွင်းရှိ မစင်များကို ရေစည်အတွင်းသို့ ထည့်လိုက်ကြသည်။
ဤအချိန်အတောအတွင်း၌ သူတို့နှစ်ယောက်လုံး၏ခန္ဓာကိုယ်များမှ ချွေးများတဒီးဒီးစီးကျနေသည်။
ဟွမ်ကျန်း၏ ပျာယာခတ်နေသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ချန်းရှင်းက ဆူပူကြိမ်းမောင်းလိုက်၏။
"ဂရုစိုက် ဂရုစိုက်စမ်း...မင်း ပိုပြီးတော့ ဂရုတစိုက်လုပ်ရမယ်...မင်းက မစင်ရည်တွေအများကြီးကို ထွက်ကျသွားစေပြီ"
"ငါ ဂရုစိုက်မယ်...ငါ ပိုပြီးတော့ ဂရုစိုက်လိုက်မယ်"
ဟွမ်ကျန်းသည် အလွန်အမင်းစိတ်လှုပ်ရှားနေသောကြောင့် မတော်တဆကိစ္စတစ်ခု ဖြစ်ပွားသွားခဲ့သည်။မြေပြင်ပေါ်သို့ဖိတ်ကျသွားကာ မြေသားများမှစုပ်ယူသွားပြီး ပျောက်ကွယ်သွားသည့် မစင်ရည်များကိုကြည့်၍ သူ နာကျင်ကြေကွဲမှုကို ခံစားလိုက်ရသည်။
မည်မျှထိ အလေအလွင့် ဖြစ်သွားခဲ့သနည်း....
ဤသို့ဖြင့်....
နေ့ဝက်ခန့်ကြာပြီးနောက် မစင်တွင်းသည်အောက်ခြေသို့ ထိလုနီးပါးဖြစ်သွားကာ ရေစီးသည်လည်း ပြည့်လုနီးပါးပင်။
"တော်သင့်ပြီ...ငါတို့ ရပ်ကြစို့"
ချန်းရှင်းက သူ၏နဖူးပေါ်ရှိ ချွေးများကိုသုတ်ကာ ပြောဆိုသည်။
"အမ် မစင်တွင်းထဲမှာ အများကြီးကျန်သေးတယ်လေ....မင်း မလိုချင်တော့ဘူးလား"
ဟွမ်ကျန်းက နားမလည်နိုင်စွာဖြင့် မေးမြန်းသည်။
"မင်း ဘာသိလို့လဲ"
ချန်းရှင်းက ဟွမ်ကျန်းကို မျက်စောင်းထိုးကြည့်ကာ ပြောဆိုလိုက်၏။
"ရှေးဟောင်းအချိန်ကာလကတည်းက အင်မော်တယ်နယ်မြေမှာ စောင့်ထိန်းရမယ့် အောက်ခြေစည်းမျဉ်းတစ်ခုရှိတယ်...အခုလိုမျိုး နတ်ဘုရားဆန်တဲ့အရာတွေကို အမြစ်ပြတ်သွားခွင့် ပြုလို့မရဘူး...တကယ်လို့ ငါတို့က အမြစ်ပြတ်အောင်လုပ်ပြီးတော့ တခြားသက်ရှိတွေအတွက် ဘာမှချန်မထားခဲ့ဘူးဆိုရင် ငါတို့က ကောင်းကင်ဘုံရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်"
"ဒါကြောင့် ငါတို့က နည်းနည်းတော့ချန်ထားခဲ့ရလိမ့်မယ်...ဒါဆိုရင် ဒီနေရာက အမြစ်ပြတ်သွားမှာမဟုတ်တော့ဘူး...နောင်တစ်ချိန်မှာ အနာဂတ်မျိုးဆက်တွေအတွက် အကျိုးကျေးဇူးရနိုင်လိမ့်မယ်"
"ငါ သိပြီ"
ဟွမ်ကျန်းက နားလည်သဘောပေါက်သွားသည်။
"ငါတို့တွေ ဒီနေရာကိုလာတာ ဆရာကြီးကိုမတွေ့ခဲ့ရပေမယ့် ဘာကိုမှမဆုံးရှုံးတဲ့အပြင် ကောင်းချီးပေးမှုတစ်ခုကို ရခဲ့တယ်"
ချန်းရှင်းက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
"ဒီရေစည်နဲ့ဆိုရင် ပြင်ပစက်ဝန်းမှာရှိတဲ့ အစောင့်တွေရဲ့ခန္ဓာကိုယ်တွေထဲက အနက်ရောင်ချီစွမ်းအားတွေကို ဖယ်ရှားနိုင်တာထက်ပိုတယ်....ဒါက ဆရာကြီးနှစ်ယောက်ကို ဖိတ်ခေါ်နိုင်တာနဲ့တောင် နှိုင်းယှဉ်နိုင်တဲ့အရာပဲ"
"အမှန်ပဲ...တကယ်လို့ လူအိုကြီးကျန်းတို့လူစုသာ ဒီကိစ္စကိုသိသွားမယ်ဆိုရင် သူတို့ စိတ်လှုပ်ရှားသွားမှာ သေချာတယ်"
ဟွမ်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ငါတို့ အရမ်းနောက်ကျနေလို့မဖြစ်ဘူး....အခုချက်ချင်း ပြန်ကြစို့"
ချန်းရှင်းက ပြောဆိုလေ၏။
"ကောင်းပြီလေ"
ဟွမ်ကျန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်သည် မည်သည့်စကားတစ်ခွန်းမျှမဆိုပဲ ပလ္လင်ခွေထိုင်လိုက်ကြသည်။ချန်းရှင်းသည် ရေစည်ကိုမပြီးနောက် သူတို့နှစ်ယောက်သည် အဝေးသို့ပျံသန်းသွားပြီး အလင်းတန်းနှစ်တန်းအဖြစ် ပျောက်ကွယ်သွားတော့သည်။
...
သန့်စင်ခြင်းတစ်ရာဂိုဏ်း....
စုပိုင်၏အကြောင်းကို စုံစမ်းစစ်ဆေးပြီးနောက်...
ဝမ်ယွဲ့သည် အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်းမရှိချေ။
"တကယ့်ကို တကယ်ကိုပဲ...အစေခံတပည့်တစ်ယောက် ဖြစ်နေတာပါလား"
ဝမ်ယွဲ့သည် လုံးလုံးလျားလျားရူးသွပ်သွားတော့မည့်အလား ခံစားနေရသည်။
စုပိုင်သည် ဖုံးကွယ်ထားသော မွန်းစတာအိုကြီးတကောင်ဖြစ်မည်ဟု သူ မူလက တွေးထင်ခဲ့သည်။စုပိုင်သည် အကြောင်းအရင်းတချို့ကြောင့် သို့မဟုတ် အင်မော်တယ်ကျင့်ကြံခြင်းလောကကို ငြီးငွေ့နေခြင်းကြောင့် သူတို့၏ဂိုဏ်းအတွင်း၌ အစေခံတပည့်အဖြစ် ဟန်ဆောင်နေခြင်းဖြစ်မည်ဟု သူ တွေးတောခဲ့ပေ၏။
သို့ရာတွင် အချက်အလက်များမှတဆင့် ဤကိစ္စသည် ထိုသို့မဟုတ်ကြောင်း သူ့အား ညွှန်ပြနေသည်။
စုပိုင်သည် မည်သို့မျှ မွန်းစတားအိုကြီးတစ်ယောက် မဖြစ်နိုင်ချေ။သူ၏အစစ်အမှန်အသက်အရွယ်သည် ဆယ့်လေးနှစ်သာရှိပေ၏။
ဤကိစ္စကို သူ သိရှိရသောအကြောင်းအရင်းမှာဂိုဏ်းမှနေ၍ ဂိုဏ်းအတွင်းသို့ဝင်ရောက်လာသော တပည့်များအားလုံးကို စုံစမ်းစစ်ဆေးသောကြောင့်ပင်။ထို့ကြောင့် စုပိုင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များအားလုံးကိုလည်း မှတ်တမ်းတင်ထားသည်။
ထို့ပြင် ဝမ်ယွဲ့သည် ဂိုဏ်းမှထွက်ခွာ၍ ထိုအချက်အလက်များကို စုံစမ်းစစ်ဆေးခဲ့သည်။
စုပိုင်၏မွေးဖွားခြင်းအကြောင်းအရာများ ငယ်ရွယ်စဥ်ကလေးဘဝမှကြီးပြင်းလာချိန်အထိ ဖြစ်စဥ်တစ်ခုလုံးသည် ဂိုဏ်းအတွင်းရှိကျောက်စိမ်းပြား၌ မှတ်တမ်းတင်ထားသောအရာများနှင့် တစ်ထပ်တည်းကျသည်။
ဤကိစ္စများသည် အတုအယောင်များမဟုတ်ပေ။
တခြားစကားပြောင်းဆိုရလျှင် စုပိုင်သည် အမှန်တကယ်ကိုပင် အသက်ဆယ့်လေးနှစ်အရွယ်သာရှိပြီး ယခင်က သူ့ထံတွင် ဤကဲ့သို့စွမ်းအားမျိုးမရှိချေ။
သို့ရာတွင် သူသည် အစေခံတပည့်တစ်ယောက်ဘဝမှနေ၍ ဝင်္ကပါကြီးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ချိုးဖျက်နိုင်သော ဆရာကြီးတစ်ယောက်အဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
"ဒီကိစ္စထဲမှာ ဘာတွေပုန်းကွယ်နေတာလဲ"
Chapter 764
ဝမ်ယွဲ့သည် ဇဝေဇဝါဖြစ်သွားလေ၏။
သို့ရာတွင် ဤသည်မှာတဆင့် စုပိုင်သည် ကံကြမ္မာကောင်းတစ်ခုကို ရရှိခဲ့ကြောင်း အတည်ပြုရန်လုံလောက်သည်။
ထိုကံကြမ္မာကောင်းသည် မည်သည့်အရာဖြစ်သည်ကိုမူ ဝမ်ယွဲ့ မှန်းဆနိုင်ခြင်းမရှိချေ။
သို့ရာတွင်....
သူသည် ကိစ္စတစ်ခုကို သတိပြုမိသွားပေ၏။
ဤသည်မှာ စုပိုင်သည် ဂိုဏ်းချုပ်၏ငယ်ချစ်ဦးဖြစ်သော သခင်လေးရီဖုန်းထံတွင် အစေခံတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်နေသောကိစ္စပင်။
ဝမ်ယွဲ့သည် ဤကိစ္စနှင့်ပတ်သက်ပြီး စဥ်းစားတွေးတောလိုက်သည်။
စုပိုင်၏ခွန်အား မြင့်တက်လာမှုသည် ဤသခင်လေးရီနှင့် သက်ဆိုင်နေသလော...
သခင်လေးရီသည်လည်း ဖုံးကွယ်ထားသော ဆရာကြီးတစ်ယောက် ဖြစ်နေသလော...
သို့ရာတွင် သူ ထိုအတွေးကို အလျှင်အမြန်ပယ်ဖျက်လိုက်သည်။
ဤသခင်လေးရီသည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ ရက်အနည်းငယ်သာ ကြာမြင်သေးသည်။သူသည် မည်သည်ကြောင့်အချိန်တိုကာလအတွင်းတွင် အစေခံတပည့်တစ်ယောက်ကို အလွန်အစွမ်းထက်သော ဆရာကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲပေးနိုင်မည်နည်း။
အကယ်၍ သခင်လေးရီသည် အစစ်အမှန်အင်မော်တယ် ကိုးဆယ့်ကိုးဆင့်၌ရှိနေလျှင်ပင် ထိုသို့ပြုလုပ်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
စုပိုင်တွင် ဤကဲ့သို့ခွန်အားမျိုးရှိနေသည့်တိုင် မည်သည်ကြောင့် ရီဖုန်းထံတွင် အစေခံတပည့်တစ်ယောက်အဖြစ် အလုပ်လုပ်ပေးရန် ဆန္ဒရှိသည်ဟူသောကိစ္စကို သူ စဉ်းစားမိသည်။စုပိုင်သည် အချိန်အတိုင်းအတာတစ်ခုထိ သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြသလိုခြင်း မရှိသောကြောင့်သာ ဖြစ်နိုင်သည်။မည်သို့ပင်ဆိုစေကာမူ စုပိုင်သည် သန့်စင်ခြင်းတစ်ရာဂိုဏ်းမှ ထွက်ခွာသွားမည်မဟုတ်ချေ။
ဤသံသယများအားလုံးကို လက်ကိုင်ထားပြီး ဝမ်ယွဲ့သည် လျှို့ဝှက်စည်းဝေးခန်းမအတွင်းသို့ ဝင်ခဲ့တော့သည်။
ခန်းမအတွင်း၌...
စွန်းကျီမေးဦးဆောင်သော အကြီးအကဲတချို့ရှိနေသည်။
ဝမ်ယွဲ့ ရောက်ရှိလာပြီးနောက် တခြားအကြီးအကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပေ၏။
နောက်ဆုံး၌ အကြီးအကဲဆယ်ယောက်ကျော်သည် သူတို့၏ထိုင်ခုံနေရာများ၌ အသီးသီးနေရာယူလိုက်ကြသည်။
လောကီအရေးကိစ္စများအားလုံးကိုလျစ်လျူရှုထားသော ဂိုဏ်းအတွင်းရှိ အကြီးအကဲအနည်းစုမှလွဲ၍ တခြားအကြီးအကဲများအားလုံးနီးပါး ဤနေရာတွင် ရှိနေသည်။
အကြောင်းအရင်းမှာ သူတို့သည် မဟာအကြီးအကဲစွန်းကျီမေး၏ လက်ကိုင်တုတ်များ ဖြစ်နေသောကြောင့်ပင်။
အမှန်အားဖြင့် ထိုအကြီးအကဲများသည် ရှေးရိုးဆန်လွန်းသူများဟုပြောဆိုနိုင်ပြီး ရှီချင်းဝူကိုဖြုတ်ချရန်အတွက် ယာယီဖွဲ့စည်းထားခြင်းဖြစ်သည်။
ရှီချင်းဝူသည် အလွန်အစွမ်းထက်ကာ သူမ၏လုပ်ဆောင်မှုများသည် ထူးချွန်သော်လည်း သူတို့၏အမြင်အရ သူမသည် အလွန်အမင်းအသက်ငယ်ရွယ်သော မိန်းကလေးတစ်ယောက်ပင်။
သူတို့ထံတွင် ရှေးရိုးစွဲအတွေးအမြင်များရှိနေခြင်းကြောင့် နှစ်ပေါင်းများစွာကြာအောင် သန့်စင်ခြင်းတစ်ရာဂိုဏ်းတွင် နေထိုင်ခဲ့ကြသော သူတို့အတွက် ဂျူနီယာမိန်းကလေးတစ်ယောက်၏အမိန့်များကို နားထောင်ရသည်မှာ သူတို့အတွက် စိတ်မပျော်မရွှင်ဖြစ်စေသည်။ထို့ကြောင့် သူတို့သည် ရှီချင်းဝူကို ဂိုဏ်းချုပ်နေရာမှဆွဲချရန် စိတ်အားထက်သန်နေကြ၏။
အမှန်အားဖြင့် ဝမ်ယွဲ့၏အတွေးသည် ထိုလူများ၏အတွေးနှင့် ကွဲပြားခြားနားသည်။
သူသည် ရှီချင်းဝူအပေါ် မည်သည့်ထင်မြင်ချက်မျှ မရှိချေ။
သူသည် ရှီချင်းဝူကို အကြိမ်ရေအနည်းငယ်ခန့်သာ မြင်တွေ့ဖူးပြီး သူ၏အတွေးများအားလုံးသည် သူ၏အစ်ကိုကြီးကို ကယ်တင်ရန်အတွက်သာ အာရုံစူးစိုက်နေသည်။
သူ ဤနေရာ၌ ထိုင်နေရသော အကြောင်းအရင်းမှာ စွန်းကျီမေးသည် သူ့အားဆွဲခေါ်ပြီး ကိစ္စများအားလုံးပြီးစီးသွားပါက သူ၏အကိုကြီးကို ကူညီ၍ကယ်တင်ပေးမည်ဟု ကတိပေးထားသောကြောင့်ပင်။
ယခုချိန်၌ သူ၏အကိုကြီးကို ကယ်တင်ပြီးဖြစ်သော်လည်း သူ၏စကားကို ပြန်ရုတ်သိမ်းရန်မှာ မကောင်းတော့ချေ။
"ငါတို့အားလုံး တိုင်ပင်ဆွေးနွေးကြရအောင်...ငါတို့တွေ ရီဖုန်းကို ဘယ်လိုရင်ဆိုင်ကြမလဲ"
စွန်းကျီမေးက ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။
"သူ့ကို သတ်ဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး"
အကြီးအကဲများအနက်မှတစ်ယောက်က အဆိုပြုချက်တစ်ခုကို တင်ပြသည်။
"တကယ်လို့ ရီဖုန်းကိုသတ်လိုက်မယ်ဆိုရင် ရှီချင်းဝူက သူနဲ့လင်မယားအရာမြောက်ပြီးပြီလို့ ပြောလိမ့်မယ်....ဒါဆိုရင် သူက ဘိုးဘေးတွေချမှတ်ခဲ့တဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ပြီးတော့ လက်မထပ်ဘူးဆိုရင်တောင် ငါတို့ ဘာမှပြောလို့ရမှာ မဟုတ်တော့ဘူး...ဒါ့ပြင် ငါတို့က ရီဖုန်းကိုသတ်လိုက်မယ်ဆိုရင် ရှီချင်းဝူကို အရှက်ရအောင်လုပ်သလို ဖြစ်သွားလိမ့်မယ်"
"အမှန်ပဲ"
မဟာအကြီးအကဲက ထောက်ခံလိုက်သည်။
တခြားလူများအားလုံးသည်လည်း ခေါင်းညိတ်လိုက်ကြ၏။
သူတို့အားလုံးသည် ရှီချင်းဝူ ဂိုဏ်းချုပ်ဖြစ်လာသည်ကို သဘောမတူသော်လည်း သူမနှင့် အငြင်းပွားလိုခြင်းမရှိချေ။
သန့်စင်ခြင်းတစ်ရာဂိုဏ်းအပေါ် ရှီချင်းဝူ၏အကျိုးဆောင်ခဲ့မှုများသည် အလွန်အမင်းကြီးမားပေ၏။
သူတို့သည် အကွက်ချကြံစည်ခြင်းကို ပြုလုပ်နိုင်သော်လည်း ရှီချင်းဝူကို ပြောင်ပြောင်တင်းတင်း အရှက်ရအောင်ပြုလုပ်ရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ချေ။
"ဒါဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်"
စွန်းကျီမေးက ဆက်လက်၍ပြောဆိုသည်။
"ဒါက ရီဖုန်းရဲ့ပါးစပ်ဟလာဖို့ နည်းလမ်းတစ်ခုရှာဖို့ပဲ...ရှီချင်းဝူက အယောင်ဆောင်ခိုင်းတာပါလို့ သူကိုယ်တိုင် ဝန်ခံလောက်အောင်လုပ်ရမယ်"
"အဲ့ဒီစကားလုံးတွေ ထွက်လာတာနဲ့ ရှီချင်းဝူကို ဖြုတ်ချနိုင်လိမ့်မယ်"
ထိုစကားများကို ကြားချိန်တွင်...
လက်ရှိနေရာတွေရှိနေသော လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
"ဒါက တကယ်တော့ အရမ်းရိုးရှင်းပါတယ်"
စွန်းကျီမေးက အပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"ရီဖုန်းကိုယ်တိုင် ဖွင့်ပြောလာဖို့အတွက် အခွင့်အရေးတစ်ခုရှိတယ်"
"အော်..."
လူများအားလုံးသည် စွန်းကျီမေးကိုကြည့်ပြီး အာရုံစူးစိုက်လိုက်ကြ၏။
"အကြောင်းကတော့ အခုချိန်မှာ ကြီးမားတဲ့အခွင့်အရေးတစ်ခု ရှိနေလို့ပဲ"
စွန်းကျီမေးက စိတ်အေးလက်အေး ပြောဆိုသည်။
"မဟာအကြီးအကဲ မင်း ဆိုလိုတာက အဆင့်မြင့်ဂိုဏ်းရဲ့အကဲဖြတ်စစ်ဆေးပွဲလား"
နံဘေးတစ်ဖက်တွင်ရှိနေသော ဒုတိယအကြီးအကဲက မေးမြန်းသည်။
"အမှန်ပဲ...ဒါက အဆင့်မြင့်ဂိုဏ်းအကဲဖြတ်စစ်ဆေးပွဲပဲ"
မဟာအကြီးအကဲက ပြောဆိုသည်။
"တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အဆင့်မြင့်ဂိုဏ်းရဲ့အကဲဖြတ်စစ်ဆေးပွဲက မကြာခင်မှာ ရောက်လာတော့မယ်"
"အဲ့ဒီအဆင့်မြင့်ဂိုဏ်းအကဲဖြတ်စစ်ဆေးပွဲလို့ ခေါ်တဲ့အရာက ယှဉ်ပြိုင်ပွဲအတွင်းမှာ ငါတို့အဆင့်နိမ့်ဂိုဏ်းတွေက တပည့်တွေကို အဆင့်မြင့်ဂိုဏ်းကတပည့်တွေနဲ့ ယှဉ်ပြိုင်ခိုင်းတာပဲ"
"ဒါပေမဲ့ အရင်နှစ်တွေရဲ့အတွေ့အကြုံအရဆိုရင် ဒါက အဆင့်မြင့်ဂိုဏ်းကနေ ငါတို့အဆင့်နိမ့်ဂိုဏ်းတွေကို ဖိနှိပ်ဖို့လုပ်တဲ့ ပွဲတစ်ပွဲဆိုတာထက် မပိုဘူးဆိုတာ မင်းတို့အားလုံး သတိပြုမိမှာပါ...ငါတို့တွေက အကဲဖြတ်စစ်ဆေးပွဲကိုသွားတဲ့အချိန်တိုင်း အဆင့်မြင့်ဂိုဏ်းကတပည့်တွေရဲ့စော်ကားတာကို ခံရတယ်"
"ဒါဆိုရင် ငါဆိုလိုချင်တာက ငါတို့တွေ တစ်ယောက်ယောက်ကို မဖြစ်မနေလွှတ်ရမယ်ဆိုမှတော့ ဘာလို့ ရီဖုန်းကို မလွှတ်ဘဲနေကြမှာလဲ"
ထိုစကားကိုပြောဆိုရင်း စွန်းကျီမေးက ရယ်မောလိုက်သည်။
"ဒီအကဲဖြတ်စစ်ဆေးပွဲအတွင်းမှာ ကြီးမားတဲ့အန္တရာယ်တွေ ရှိနေတယ်ဆိုတာ မင်းတို့လည်းသိတာပဲ...အနည်းဆုံးတော့ ဒီစစ်ဆေးပွဲအတွင်းမှာ ဘယ်သူမှ သက်သောင့်သက်သာမနေနိုင်ဘူး... ရီဖုန်းလိုကောင်မျိုးတစ်ယောက်အတွက်ဆိုရင် အသက်အန္တရာယ်တောင်ရှိနိုင်တယ်...အဲ့ဒီလိုမျိုး ကြီးမားတဲ့ဖိအားအရှိန်အဝါအောက်မှာ ရီဖုန်းဆိုတဲ့ကောင်က တောင့်ခံနိုင်မယ်လို့ မင်းတို့ထင်ကြလား"
ဤသည်မှာအမှန်တရားများဖြစ်ကြောင်း သူတို့အားလုံး ကောင်းစွာသိရှိထားသဖြင့် ခေါင်းညိတ်လိုက်ကြ၏။
အမှန်အားဖြင့် အဆင်မြင့်ဂိုဏ်း၏အကဲဖြတ်စစ်ဆေးပွဲကျင်းပသည့်အချိန်တိုင်း သူတို့သည်အနိုင်ကျင့်စော်ကားခံရရန်အတွက် တပည့်များကို စေလွှတ်နေရခြင်းသာဖြစ်သည်။
ယခင်အကြိမ်များတွင် သူတို့သည် လက်ရွေးစင်တပည့်များကို စေလွှတ်ခဲ့သည့်တိုင် ဖိအားအမြောက်အများ၏အောက်တွင် ထိုတပည့်များ၏စိတ်ပိုင်းဆိုင်ရာများ ပြိုလဲတော့လုမတတ်ပင်။ထို့ကြောင့် အကယ်၍ ဂိုဏ်းကြီးများတွင် မွေးဖွားလာခြင်းမဟုတ်သည့်အပြင် အသိပညာဗဟုသုတနှင့်ခွန်အားနည်းပါးသော ရီဖုန်းကို စေလွှတ်လိုက်ပါက သူသည် အကဲဖြတ်စစ်ဆေးပွဲသို့ ဝင်ရောက်လိုက်သောအချိန်၌ အလွန်ထိတ်လန့်ကြောက်ရွံ့နေပေမည်။
ဤကဲ့သို့ဖိအားအရှိန်အဝါအောက်တွင် ရီဖုန်းသည် တောင့်ခံနိုင်မည်မဟုတ်သဖြင့် သူ့အားသိမ်းသွင်းခြင်း သို့မဟုတ် ထွက်ပြေးအောင်ပြုလုပ်ခြင်းတို့မှာ မဖြစ်နိုင်သောကိစ္စတစ်ရပ် မဟုတ်တော့ချေ။
အတိုချုပ်ပြောဆိုရလျှင် ဤအကြံအစည်၏အဓိကအချက်သည် ရီဖုန်းအပေါ်သို့ ဖိအားအမြောက်အများ ကျရောက်သွားစေရန်ပင်။
ရှီချင်းဝူသည် ရီဖုန်းအား အကျိုးအမြတ်အမြောက်အများပေးမည်ဟု ကတိပေးထားနိုင်ကြောင်း သူ နားလည်သဘောပေါက်သည်။
သို့ရာတွင် ရီဖုန်းအတွက် ဟန်ဆောင်ရသည်မှာ လွယ်ကူသောကိစ္စတရပ် မဖြစ်နိုင်ချေ။
အဆင့်မြင့်ဂိုဏ်းအကဲဖြတ်စစ်ဆေးပွဲသို့သွားသော မည်သည့်တပည့်မဆို အရှက်ခွဲခြင်းခံရသည်။
ထို့ပြင် အကယ်၍ အမှန်တကယ်အရှက်ရစရာဖြစ်လာပါက ရီဖုန်းကို သူမ၏ခင်ပွန်းလောင်းဟု ထုတ်ပြန်ကြော်ညာထားသော ရှီချင်းဝူအတွက် မျက်နှာပျက်စရာကိစ္စ ဖြစ်လာပေမည်။
ဤနည်းလမ်းဖြင့် ယခုအချိန်ထိ ဂိုဏ်းတစ်ဂိုဏ်းလုံး၏စိတ်နှလုံးသားကို သိမ်းပိုက်နိုင်ခြင်းမရှိသေးသော ရှီချင်းဝူသည် သူမ၏အခွင့်အာဏာများကို ပို၍လက်လွတ်ဆုံးရှုံးရပေမည်။
"ဒါက တကယ့်ကို အကြံကောင်းတစ်ခုပဲ...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရီဖုန်းက အပေါ်ယံမှာတော့ ရှီချင်းဝူရဲ့ခင်ပွန်းလောင်းဖြစ်နေတယ်...သူ့ကိုလွှတ်တာက သင့်တော်ပါ့မလား"
တစ်စုံတစ်ယောက်က မေးမြန်းသည်။
"ဘာမှမသင့်တော်စရာ အကြောင်းမရှိဘူး...ဆန့်ကျင်ဘက်အနေနဲ့ သူက တခြားလူတွေအားလုံးထက် ပိုပြီးသင့်လျော်တယ်"
စွန်းကျီမေးက ပြောဆိုသည်။
"ပထမဆုံးအနေနဲ့ သူက တခြားတပည့်တွေနဲ့ သက်တူရွယ်တူပဲ...ဒုတိယတချက်အနေနဲ့ ဂိုဏ်းချုပ်ရဲ့ခင်ပွန်းလောင်းက ဂိုဏ်းကိုကိုယ်စားပြုပြီးတော့ အကဲဖြတ်စာမေးပွဲမှာ ဝင်ပြီးယှဉ်ပြိုင်တယ်...ဒါက ကျိုးကြောင်းဆီလျော်တဲ့ကိစ္စ မဟုတ်လား"
တခြားလူများအားလုံး ခေါင်းညိတ်လိုက်ကြ၏။
ထိုနောက် သူတို့သည် ဤဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ကြတော့သည်။
နောက်တစ်နေ့တွင်....
နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသော ရီဖုန်းသည် မဟာအကြီးအကဲထံမှ ပေးပို့လိုက်သော စာတစ်စောင်ကို လက်ခံရရှိပေ၏။
ဤသည်မှာ သူသည် ရှီချင်းဝူ၏ခင်ပွန်းလောင်းဖြစ်သဖြင့် သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ကိုယ်စားပြုကာ အဆင့်မြင့်ဂိုဏ်းအကဲဖြတ်စစ်ဆေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ရေးသားထားသောစာပင်။
"သောက်ခွေး..."
"အဆင့်မြင့်ဂိုဏ်း အကဲဖြတ်စစ်ဆေးပွဲလား..."
ရီဖုန်းသည် ကြက်သေသေသွားလေ၏။
"အမှန်ပဲ သခင်လေး...ဒါက မဟာအကြီးအကဲကနေ ပေးပို့လိုက်တဲ့စာပဲ"
နံဘေးတစ်ဖက်တွင်ရှိနေသော စုပိုင်က ပြောဆိုသည်။
"သူ ရှင်းပြလိုက်တဲ့ စကားတွေအရဆိုရင် သခင်လေးက ဂိုဏ်းချုပ်ရဲ့ခင်ပွန်းလောင်းဖြစ်နေတယ်....ဒါကြောင့် သခင်လေးက ဒီတာဝန်ကို ငြင်းဆန်လို့မရဘူး...ဒါမှသာ သခင်လေးက ဂိုဏ်းချုပ်အတွက် မသင့်တော်တဲ့လူမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်မယ်လို့ သူ ပြောခဲ့တယ်"
"အင်း....."
ရီဖုန်းက သူ၏မေးကို သူ့လက်ဖြင့်ထောက်ကာ စဥ်းစားတွေးတောလိုက်သည်။
ဤမဟာအကြီးအကဲဆိုသူ၏ အတွေးများကို သူ ကောင်းစွာနားလည်သဘောပေါက်ပေ၏။
ထိုလူသည် သူ့အား စိတ်မသက်မသာခံစားရစေကာ ကြီးမားသောဖိအားအရှိန်အဝါအောက်သို့ ကျရောက်စေလိုခြင်းပင်။
သို့ရာတွင် အင်မော်တယ်ကျောက်တုံး ငါးသိန်းအနက်....
သူ ရှီချင်းဝူထံမှရရှိရန် သုံးသိန်းကျန်ရှိနေသည်။
ထိုအကြောင်းအရင်းရှိနေသဖြင့် ရီဖုန်းသည် မည်သည်ကြောင့် လွယ်လင့်တကူ အရှုံးပေးနိုင်မည်နည်း...
"အဲ့ဒီဂိုဏ်းက အရမ်းသန်မာအားကောင်းလား"
ရီဖုန်းက မေးမြန်းသည်။
"ဒါက...."
စုပိုင်က အလေးအနက်ထား၍ စဉ်းစားတွေးတောလိုက်သည်။
ဤဂိုဏ်းသည် အမှန်တကယ်ကို သန်မာအားကောင်းပေ၏။ထိုသို့မဟုတ်ပါက မည်သည့်ကြောင့် အဆင့်မြင့်ဂိုဏ်းဟု ခေါ်ဆိုခံရမည်နည်း။
သို့ရာတွင် သခင်လေး၏ရှေ့၌....
ထိုအကြောင်းကိုတွေးတောရင်း စုပိုင်က မျက်တောင်မခတ်ဘဲ အခိုင်အမာပြောဆိုသည်။
"အရမ်းအားနည်းတယ်"
"အော်"
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
စုပိုင်မှနေ၍ ထိုဂိုဏ်းသည် အားနည်းသည်ဟုဆိုလာသဖြင့် အမှန်တကယ်ကို အားနည်းခြင်းဖြစ်ပေမည်။
ထို့ပြင် သန့်စင်ခြင်းတစ်ရာဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ကျင့်ကြံဆင့်အခြေခံအနည်းငယ်ရှိသူဟူ၍ လက်တစ်ဆုပ်စာကိုသာ သူ မြင်တွေ့မိသည်။ဤကဲ့သို့ အားနည်းသော ဂိုဏ်းတစ်ဂိုဏ်း၏အထက်တွင်ရှိသော အဆင့်မြင့်ဂိုဏ်းသည်လည်း များစွာသန်မာအားကောင်းနေမည်မဟုတ်ချေ။
အကယ်၍ ဤကဲ့သို့ကိစ္စမျိုးရှိလာပါက သူပါဝင်ယှဉ်ပြိုင်ရန်မှာ ကိစ္စကြီးတစ်ရပ်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ကျင့်ကြံဆင့်အဆင့်ခြောက်ဆယ် မြှင့်တင်ထားသော ဆရာကြီးတစ်ယောက်ဖြစ်သည်။
ထို့ပြင် သူသည် ဤကျင့်ကြံဆင့်နယ်ပယ်သို့ရောက်ရှိပြီးနောက် အဝတ်အစားကောင်းများကိုသာ အစဉ်အမြဲဝတ်ဆင်နေရပြီး သက်တောင့်သက်သာနေရကာ အင်အားသုံး၍တိုက်ခိုက်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုမရခဲ့ချေ။
ထို့ကြောင့် ဤအဆင့်မြင့်ဂိုဏ်းအကဲဖြတ်စစ်ဆေးပွဲတွင် သူ၏အစွမ်းကိုပြသကာ ရှီချင်းဝူအား ကူညီ၍အယောင်ဆောင်ပေးရာ ရောက်သည့်အပြင် သူ့အတွက်လည်း ကောင်းကျိုးများရရှိနိုင်သည်။
"သွားတာပေါ့"
ရီဖုန်းက သူ၏ပေါင်ကိုရိုက်ပုတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
အမှန်အားဖြင့် သူသည် ပြင်ဆင်မှုတချို့ကိုလည်း ပြုလုပ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် မတော်တဆထိခိုက်ထိခိုက်ဒဏ်ရာ ရရှိသွားမည်ကိုလည်း သူ စိုးရိမ်ထိတ်လန့်နေဆဲပင်။
နောက်တစ်နေ့၌....
လူလေးယောက်သည် သေးငယ်သောသင်္ဘောပျံတစ်စီးပေါ်သို့တက်၍ သန့်စင်ခြင်းတစ်ရာဂိုဏ်းမှနေ၍ အဆင့်မြင့်ဂိုဏ်းဖြစ်သော ထန်းပဂိုဏ်းထံသို့ ထွက်ခွာခဲ့တော့သည်။
စုပိုင်နှင့်ရီဖုန်းအပြင် အစောင့်အရှောက်အဖြစ်လူနှစ်ယောက်လည်း အတူလိုက်ပါလာသည်။သူတို့နှစ်ယောက်လုံးသည် အကြီးအကဲများဖြစ်ပြီး ဤခရီးစဉ်သို့ လိုက်ပါလိုခြင်းမရှိကြချေ။
ဤအကြီးအကဲနှစ်ယောက်သည် ညီအစ်ကိုများဖြစ်ကာ တစ်ယောက်သည် ကျန်းကျိုးဖြစ်ပြီး တခြားတစ်ယောက်၏နာမည်သည် ကျန်းယိုပင်။
"ငါတို့လေးယောက်ထဲလား..."
ရီဖုန်းက ထိုလူနှစ်ယောက်ကိုကြည့်ကာ မေးမြန်းသည်။
သူသည် အဆင့်မြင့်ဂိုဏ်း၏အကဲဖြတ်စစ်ဆေးပွဲသို့သွားရချိန်တွင် အလွန်ကြီးကျယ်ခမ်းနားမည်ဟု တွေးထင်ခဲ့သော်လည်း မည်သည်ကြောင့် ဤကဲ့သို့ရလဒ်မျိုး ရှိလာသနည်း။
"ငါတို့ပဲ သွားရမှာ"
ကျန်ကျိုးသည် ရီဖုန်းကို တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် သင်္ဘောပျံပေါ်၌ ပလ္လင်ခွေထိုင်ကာ သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
ဤခရီးသည် အရှက်ခွဲခံရရန်အတွက် သွားရခြင်းဖြစ်ကြောင်း လူများအားလုံး နားလည်သဘောပေါက်သည်။
ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုနေရာသို့ မသွားလိုချေ။သို့ရာတွင် သူတို့ညီအစ်ကိုနှစ်ယောက်သည် ခွန်အားအရာ၌ကောင်းမွန်သော်လည်း သူတို့ထံ၌ နောက်ခံအင်အားမရှိချေ။ဂိုဏ်းအတွင်း၌ ကျောထောက်နောက်ခံမရှိသဖြင့် မည်သူကမျှ သူတို့အတွက် ပြောဆိုပေးခြင်း မရှိသောကြောင့် ဤဘေးကပ်ဆိုးသည် သူတို့၏ခေါင်းထက်သို့ ကျရောက်လာပေ၏။
"ဟား ဟား ဟား....ဦးလေးရီ ဘာမှမစိုးရိမ်ပါနဲ့ စိတ်အေးအေးထားပါ"
ကျန်းယိုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သော်လည်း ရီဖုန်းကို နှစ်သိမ့်ပေးလေသည်။
ဤသည်မှာ ဂိုဏ်း၏အထက်ပိုင်းအဖွဲ့ဝင်များကြားမှ ပဋိပက္ခများကြောင့် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သူတို့သိရှိထားကာ သူတို့ကဲ့သို့အောက်ခြေမှလူများသည် မဆီမဆိုင် ပါဝင်ပတ်သက်လာရခြင်းဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် သူတို့၏အဓိကတာဝန်သည် ရီဖုန်းအား အဖော်ပြုပေးရန်သာဖြစ်သည်။
ရီဖုန်း ကောင်းမွန်စွာမလုပ်ဆောင်နိုင်မည်ကို သူတို့ စိုးရိမ်နေမိသည်။
ထို့ပြင် ရီဖုန်းရင်ဆိုင်ရမည့် ကိစ္စများအကြောင်းကို စဉ်းစားတွေးတောမိချိန်တွင် ကျန်းယိုသည် သူ့အပေါ် အနည်းငယ်စာနာသနားမိလေ၏။
Chapter 765
"ဟား ဟား ဟား...ငါက စိတ်မလှုပ်ရှားပေမယ့် ခုလိုခရီးထွက်ရတာကြောင့် အရမ်းပျော်နေတယ်"
ရီဖုန်းက စိတ်အေးလက်အေးရှိသော အပြုံးနှင့်ပြောဆိုသည်။သူသည် သင်္ဘောပျံပေါ်၌ မတ်တတ်ရပ်ကာ အဝေးရှိရှုခင်းများကိုကြည့်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
ရီဖုန်း၏စကားလုံးများကြောင့် တည်ငြိမ်စွာထိုင်နေသော ကျန်းကျိူးက မျက်စောင်းတချက်ထိုးလိုက်သည်။
ခရီးတခုထွက်လာသည်ဟု ဆိုသလော...
ဤသည်မှာ တုံးအခြင်း သို့မဟုတ် ရူးသွပ်မိုက်မဲခြင်း ဖြစ်သလော...
ထန်းပဂိုဏ်း....
ဤသည်မှာ သိုင်းပညာနယ်မြေအတွင်းရှိ နာမည်အတော်အသင့်ကျော်ကြားသော မြင့်မြတ်နေရာများအနက်မှတစ်ခုပင်။
ထန်းပဂိုဏ်း၏ဦးဆောင်မှုအောက်တွင် သန့်စင်ခြင်းတရားဂိုဏ်းနှင့် အရွယ်အစားခြင်းတူညီသော ဂိုဏ်းပေါင်းတစ်ရာကျော်ခန့် ရှိနေသည်။
ပြောရမည်ဆိုလျှင် အကဲဖြတ်စစ်ဆေးပွဲကျင်းပသည့် အချိန်တိုင်းတွင် ဂိုဏ်းအမြောက်အများ၏မောက်မာထောင်လွှားမူများကို မြင်တွေ့နိုင်သည်။
သူတို့သည် ထန်းပဂိုဏ်းမှတပည့်များ၏ပြိုင်ဘက် မဖြစ်နိုင်သည်ကို သိရှိထားသော်လည်း တစ်ဖက်နှင့်တစ်ဖက် ဆက်လက်၍တိုက်ခိုက်နေကြဆဲပင်။
ထို့ကြောင့် ဤယှဥ်ပြိုင်ပွဲသည် အလွန်အမင်းပြင်းထန်ပေ၏။
အကယ်၍ ရီဖုန်းကဲ့သို့ ခွန်အားနည်းပါးသူတစ်ယောက်သည် ထိုလူများနှင့် ယှဉ်ပြိုင်ရပါကနောက်ဆုံးရလဒ် မည်ကဲ့သို့ထွက်ပေါ်လာမည်ကို တွေးတောကြည့်၍ရနိုင်သည်။
သူ့၏ခန္ဓာကိုယ်သည် အမဲဖျက်သကဲ့သို့တိုက်ခိုက်ခံရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"မင်းမှာ အဲ့ဒီလိုအတွေးမျိုးမရှိရင် ပိုကောင်းလိမ့်မယ်"
ကျန်းကျိုးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဘာလို့လဲ....ထန်းပဂိုဏ်းရဲ့ရှုခင်းတွေက မကောင်းလို့လား"
ရီဖုန်းက နားမလည်သောအမူအယာဖြင့် မေးမြန်းသည်။
ကျန်းကျိုး၏မျက်နှာ ရှုံမဲ့သွားသည်။
သူ ရီဖုန်းကို စကားပြောဆိုလိုက်သောအချိန်တိုင်း သူသည် ကျွဲတစ်ကောင်ရှေ့၌ စောင်းတီးပြနေသည့်အလား သူ၏တံတွေးများကိုဖြုန်းတီးရာရောက်သည်အား သူ ရှာဖွေတွေ့ရှိသွားတော့သည်။
ထိုကြောင့် သူ၏ပါးစပ်ကိုပိတ်ကာ ရီဖုန်းအား စကားတစ်ခွန်းမျှ ထပ်မပြောတော့ချေ။
နံဘေးတစ်ဖက်တွင်ရှိနေသော ကျန်းယိုသည်လည်း ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်၏။သူသည် ထပ်မံ၍စကားပြောဆိုခြင်းမပြုတော့ဘဲ ပလ္လင်ခွေထိုင်ကာ ကျင့်ကြံလိုက်တော့သည်။
သင်္ဘောပျံ ပျံသန်းခဲ့ရာ လမ်းတလျှောက်၌....
ရီဖုန်းသည် စုပိုင်နှင့်အတူ ရှုခင်းများကို ကြည့်နေခဲ့ကာ သုံးရက်ကြာပြီးနောက် သူတို့အားလုံး ထမ်းပဂိုဏ်း၏အောက်ခြေသို့ ရောက်ရှိခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ထန်းပဂိုဏ်း၏အထက်ရှိ လေထုအတွင်း၌ ရာနှင့်ချီသော သင်္ဘောပျံများမျောလွင့်နေသည်။ထိုသင်္ဘောပျံများပေါ်မှနေ၍ အကြီးအကဲများနှင့်လူငယ်ပါရမီရှင်များ ခုန်ဆင်းလာကြသည်။
သင်္ဘောပျံများပေါ်မှ ဆင်းလာပြီးနောက် လူအများသည် တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်လိုက်ကြ၏။
သို့ရာတွင် ထိုလူများအနက်မှတချို့သည် သူတို့အားရန်စပါက တုံ့ပြန်ရန်အဆင်သင့်ဖြစ်နေကာ သူတို့၏လက်များကို လှုပ်ရှားလုနီးပါး ပြင်ဆင်ထားကြသည်။
သူတို့အားလုံးသည် ထန်းပဂိုဏ်း၏လက်အောက်ခံဂိုဏ်းများမှ ရောက်ရှိလာခြင်းပင်။ထန်းပဂိုဏ်းသည် လက်အောက်ခံဂိုဏ်းများအကြားရှိ ရန်ငြိုးရန်စများနှင့်ပတ်သက်ပြီး အနည်းငယ်မျှဂရုစိုက်ခြင်းမရှိချေ။အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းသည် တခြားဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးလိုက်လျှင်ပင် ထန်းပဂိုဏ်းမှနေ၍ မည်သည့်တစ်စုံတစ်ခုကိုမျှ ပြောဆိုမည်မဟုတ်ပေ။
သူတို့သည် ဤလုပ်ရပ်များကို တိတ်တဆိတ်ပင် ထောက်ခံအားပေးနေပေ၏။
ရိုးရိုးသားသား ပြောဆိုရလျှင်...
ဤသည်မှာ လက်အောက်ခံဂိုဏ်းများအား တွန်းအားပေးသည့်လုပ်ရပ်ပင်။
အနိုင်ရသူသည် ဘုရင်ဖြစ်ပြီး အားနည်းသူသည်အမြစ်ပြတ်သုတ်သင်ခြင်း ခံရပေမည်။ဤနည်းလမ်းဖြင့်သာ လက်အောက်ခံဂိုဏ်းများသည် ရှေ့သို့ဆက်၍ ကြီးထွားလာရန် တွန်းအားတစ်ခုရရှိပေမည်။
ဤကဲ့သို့ ဖရိုဖရဲအခြေအနေမျိုးကြားတွင် ကျန်းကျိုးနှင့်ကျန်းယိုတို့သည် ရီဖုန်းကို မထင်မရှားထောင့်တနေရာသို့ ဆွဲခေါ်သွားသည်။သူတို့သည် သိဟောင်းကျွမ်းဟောင်းများနှင့်နှုတ်ဆက်ရမည်ကို စိုးရိမ်ထိတ်လန့်နေသည့်အလား ရီဖုန်းကို ကွယ်ဝှက်ထားကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ရောက်ရှိလာသူများသည် ဂိုဏ်းများမှ တပည့်ခေါင်းဆောင်များပင်။
သူတို့ဂိုဏ်းတစ်ဂိုဏ်းသာ ဆိုးရွားသောအခြေအနေအတွင်း၌ ကျရောက်နေခြင်းဖြစ်သည်။
အကယ်၍ သူတို့သည် ရန်လိုသောဂိုဏ်းတစ်ဂိုဏ်းနှင့် အမှန်တကယ်ဆုံတွေ့ရပါက သူတို့သည် မလွဲမရှောင်သာ ပြက်ရယ်ပြုသရော်ခံရကာ အနိုင်ကျင့်ခံရပေမည်။
သို့ရာတွင် ဤကိစ္စများသည် သူ၏နေကာမျက်မှန်အောက်မှ ပတ်ဝန်းကျင်ရှိရှုခင်းများကိုကြည့်နေကာ သူ၏လက်အတွင်းရှိယပ်တောင်ကို တဖျတ်ဖျတ်ခတ်နေသော ရီဖုန်းနှင့် သက်ဆိုင်ခြင်းမရှိသည့်အလားပင်။
"တိတ်တိတ်နေကြစမ်း"
ထိုအချိန်မှာပင် ထန်းပဂိုဏ်း၏အစောင့်အရှောက်တစ်ယောက်သည် မိုးကောင်းကင်ယံမှ ဆင်းသက်လာကာ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
သူ၏အသံ ကျရောက်လာသောအချိန်တွင် မူလက ဆူညံနေသော မြေကွက်လပ်အတွင်း၌ ရုတ်တရက် ငြိမ်အတိကျသွားသည်။
အဆင့်မြင့်ဂိုဏ်း၏အစောင့်အရှောက်တစ်ယောက်သည် လက်အောက်ခံဂိုဏ်းများ၏အကြီးအကဲများမှ ရိုသေလေးစားစွာဆက်ဆံမှုကို ခံယူရရန် လုံလောက်သည်။
ထိုအစောင့်အရှောက်သည် မောက်မာထောင်လွှားသော မျက်နှာအမူအယာဖြင့် အောက်တွင်ရှိနေသော လူများအားလုံးကိုကြည့်ကာ ပြောဆိုသည်။
"မင်းတို့အားလုံးရဲ့သင်္ဘောပျံတွေကို သိမ်းဆည်းလိုက်ကြတော့....ဂိုဏ်းထဲမှာ ပျံသန်းတာကို ခွင့်မပြုဘူး...မင်းတို့အားလုံး လှေကားကနေတဆင့် တက်ရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် အစောင့်အရှောက်သည်သူ၏အင်္ကျီလက်များကိုခါယမ်းကာ အဝေးသို့ပျံသန်းသွားတော့သည်။
"ဟုတ်ကဲ့ပါ အစောင့်အရှောက်"
မြေပြင်ပေါ်တွင်ရှိနေသောလူများသည် တုံ့ပြန်လိုက်ကြကာ တစ်ယောက်ပြီးတစ်ယောက် လှေကားများပေါ်သို့ စတင်၍တက်လိုက်ကြတော့သည်။
ထန်းပဂိုဏ်း၏ ပင်မတောင်လှေကားတွင် လှေကားထစ်ပေါင်း ကိုးထောင်ကိုးရာကိုးဆယ့်ကိုးထစ်ရှိသည်။ဤသည်မှာ အလွန်မြင့်မားသော လှေကားတစ်စင်းဖြစ်သည့်အပြင် လှေကားထစ်တချို့ပေါ်တွင် ရိုးရှင်းသောဝင်္ကပါများကို ခင်းကျင်းထားပေ၏။
ထိုအကြောင်းအရင်းကြောင့် သာမန်အင်မော်တယ်ကျင့်ကြံသူများသည် ဤလှေကားပေါ်သို့ တက်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ထန်းပဂိုဏ်းမှ လစဥ်တပည့်သစ်ခေါ်ယူရာတွင် အကဲဖြတ်စစ်ဆေးမှုမှာ အလွန်ရိုးရှင်းသည်။တစ်စုံတစ်ယောက်ထံတွင် သတ်မှတ်ထားသောအသက်အရွယ်ရှိကာ သူသည် သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအတွင်း၌ လှေကားကို အဆုံးထိတက်နိုင်သည်နှင့် ဂိုဏ်းအတွင်းသို့ဝင်ရောက်နိုင်ကာ တပည့်တစ်ယောက်ဖြစ်လာပေမည်။
အမှန်အားဖြင့် ဤစမ်းသပ်မှုကို အောင်မြင်သူသည် ထန်းပဂိုဏ်း၏အပြင်စည်းတစ်ပည့်အဆင့်ကိုသာ ရရှိနိုင်သည်။
သို့ရာတွင် ဤလှေကားထစ်ကိုးထောင်ကိုးရာကိုးဆယ့်ကိုးထစ်သည် လက်အောက်ခံဂိုဏ်းများမှ လက်ရွေးစင်တပည့်များကို ဟန့်တားနိုင်မည်မဟုတ်ချေ။
မည်သို့ပဲဆိုစေကာမူ ဤနေရာသို့ ရောက်ရှိလာသူများသည် သာမန်လူများမဟုတ်ဘဲ လက်အောက်ခံဂိုဏ်းများ၏ လက်ရွေးစင်တပည့်များဖြစ်သည်။
"ငါတို့လည်း လှေကားပေါ်ကို တတ်ကြစို့"
ကျန်းယိုက ပြောဆိုသည်။
"အင်း...."
ကျန်းကျိုးက ခေါင်းညိတ်ပြပြီးနောက် သူတို့နှစ်ယောက်သည် လှေကားပေါ်သို့တက်လိုက်ကြသော်လည်း ရီဖုန်းသည် နောက်မှလိုက်ပါလာခြင်းမရှိသည်ကို သတိပြုမိသည်။
ထို့ကြောင့် သူတို့နှစ်ယောက်သည် နောက်သို့ပြန်လှည့်ပြီး ရီဖုန်းကိုကြည့်ကာ မေးမြန်းလိုက်ကြ၏။
"မင်း ဘာလို့ အဲ့ဒီနေရာမှာ ဆက်ပြီးမတ်တတ်ရပ်နေတာလဲ"
"ဒီလှေကားထစ်တွေအများကြီးကို ငါ ဘယ်လိုတက်ရမှာလဲ"
ရီဖုန်းသည် လှေကားထစ်များကို လက်ညှိုးညွှန်ပြကာ ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် မေးမြန်းသည်။
"မင်း ခုဏက အစောင့်အရှောက်ပြောသွားတဲ့စကားကို မကြားဘူးလား"
ကျန်းကျိုးက ဒေါသတကြီးပြောဆိုသည်။သို့ရာတွင် သူသည် ရုတ်တရက် တစ်စုံတစ်ခုကိုအမှတ်ရသွားသဖြင့် ထိတ်လန့်တကြား မေးမြန်းလေသည်။
"မင်း ဒီလှေကားကို မတက်နိုင်ဘူးလား...တကယ်လား"
"ငါ ဘယ်လိုမှ တက်နိုင်မှာမဟုတ်ဘူး"
ရီဖုန်းက အနည်းငယ်မျှ စဉ်းစားတွေးတောခြင်းမပြုဘဲ တုံ့ပြန်သည်။
"ဒီသောက်ရေးမပါတဲ့လှေကားကို တစ်ချက်ကြည့်ရုံနဲ့ လှေကားထစ်ပေါင်း ထောင်နဲ့ချီပြီး ရှိတယ်ဆိုတာ သိနိုင်တယ်...တကယ်လို့ ငါက ဒီလှေကားပေါ်ကို တက်ရမယ်ဆိုရင် အရမ်းပင်ပန်းသွားမှာမဟုတ်လား"
ထိုစကားကိုကြားချိန်တွင်....
ကျန်းကျိုးနှင့်ကျန်းယိုတို့၏မျက်နှာအမူအယာများ အလွန်အမင်းပျက်ယွင်းသွားတော့သည်။
ဒီခွေးမသား.....
သူသည် ပင်မတောင်မှလှေကားများကိုပင် တက်နိုင်ခြင်းမရှိဘဲ မည်သည်ကြောင့် ယှဉ်ပြိုင်ပွဲအတွင်းသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိလာသနည်း....
ဤသည်မှာ တခြားလူများနှင့်နှိုင်းယှဉ်ကြည့်ပါက မည်မျှထိ ရှက်ရွံဖွယ်ကောင်းသောကိစ္စ ဖြစ်သနည်း....
ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်ထံ၌ ချက်ချင်းထွက်ပြေးလိုသည့်အတွေးမျိုး ရရှိလာလုနီးပါးပင်။သို့ရာတွင် သူတို့သည် သန့်စင်ခြင်းတစ်ရာဂိုဏ်းမှလွဲ၍ တခြားနေရာသို့သွားရန် မြေမရှိကြောင်းကို အမှတ်ရမိသဖြင့် ဤကိစ္စကို အတင်းအကြပ် သည်းခံလိုက်ရသည်။
"ငါတို့ အရင်ဆုံးတက်နှင့်မယ်...မင်း ဒီလှေကားကို တက်နိုင်သလောက်တက်ပါ...တကယ်လို့ မင်း မလုပ်နိုင်တော့ဘူးဆိုရင် ငါတို့ညီအစ်ကိုနှစ်ယောက်က မင်းကို ကူညီပေးမယ်"
ကျန်းကျိုးက ပျက်ယွင်းနေသောမျက်နှာအမူအရာဖြစ်ပြောဆိုသည့်
ထိုသို့ပြောဆိုပြီးနောက် ကျန်းကျိုးနှင့်ကျန်းယိုတို့သည် ရှေ့မှဦးးဆောင်ကာ လှေကားပေါ်သို့ တက်သွားတော့သည်။
"သောက်ချေးပဲ...တကယ်လို့ ဒီကိစ္စမျိုး ရှိလာမယ်ဆိုတာသာ ငါ ကြိုသိခဲ့ရင် ငါ ဒီနေရာကို မလာခဲ့ဘူး"
ကျန်းကျိုးနှင့်ကျန်းယိုတို့သည် လှေကားများပေါ်သို့ စတင်၍တက်သွားသည်ကိုကြည့်ပြီး ရီဖုန်း၏မျက်နှာစူပုတ်သွားကာ မကျေမချမ်းလေသံဖြင့်ပြောဆိုသည်။ထို့နောက် သူသည် ဝန်လေးစွာဖြင့် လှေကားများပေါ်သို့ တက်လိုက်၏။
စုပိုင်သည် နာခံရိုကျိုးစွာဖြင့် ရီဖုန်း၏နောက်မှ လိုက်ပါသွားသည်။
"မင်း မှတ်ထားရမှာက အရင်ဆုံး မင်းကိုယ်တိုင်ကြိုးစားကြည့်အုံး....တကယ်လို့မင်း မတက်နိုင်တော့ဘူးဆိုရင် ငါတို့ကို လှမ်းခေါ်လို့ရတယ်"
ကျန်းကျိုးက ရီဖုန်းကို ထပ်မံ၍ရှင်းပြသည်။
"သွား...သွား...သွားတော့...."
"ငါ့ကို ဘာစကားမှလာမပြောနဲ့...ငါက ဒီလှေကားကို တက်နေတဲ့အချိန်မှာ ဘာစကားမှမပြောချင်ဘူး"
လှေကားထစ်အနည်းငယ်တက်ပြီးနောက် ရီဖုန်းက သူ၏ခြေထောက်များကိုငုံကြည့်ကာ စိတ်မရှည်စွာဖြင့်ပြောဆိုသည်။
ကျန်းကျိုးက ခေါင်းညိတ်လိုက်၏။သူသည် ရီဖုန်း လှေကားထစ်မည်မျှထိများများ တက်နိုင်မည်ကို ကြည့်လိုသည်။ဤသို့ပြုလုပ်မှသာသူသည် ရီဖုန်း၏အစစ်အမှန်ခွန်အားအပေါ် နားလည်သဘောပေါက်မှုတချို့ ရရှိနိုင်ပေမည်။
ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လေတိုက်ခတ်သည့်အလား လှေကားထစ်များပေါ်သို့ တက်ခဲ့တော့သည်။
သူတို့နှစ်ယောက်သည် အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် လှေကားထစ်အဆင့်ငါးထောင်မြောက်သို့ ရောက်ရှိလာပေ၏။သူတို့ရပ်တန့်လိုက်သောအချိန်တွင် သူတို့၏မျက်နှာများသည် နီမြန်းနေခြင်းမရှိသည့်အပြင် သူတို့၏နှလုံးခုန်နှုန်းများလည်း လျှင်မြန်ခြင်းမရှိပေ။
သူတို့သည် သန့်စင်ခြင်းတစ်ရာဂိုဏ်း၏အကြီးအကဲများဖြစ်သဖြင့် သူတို့ထံတွင် အစစ်အမှန်အင်မော်တယ်နယ်ပယ်နှင့် နီးကပ်နေပြီဖြစ်သော နေလအင်မော်တယ်နယ်ပယ်ခွန်အားရှိသည်။
ဤလှေကားထစ်များသည် သူတို့အပေါ် မည်သည့်ဖိအားမျှ မပေးနိုင်ချေ။
"ဘယ်လောက်ပဲ အရည်အချင်းဆိုးရွားတဲ့လူ ဖြစ်နေပါစေ..လှေကားထစ်ငါးထောင်ကိုတော့ အမြဲတမ်းတက်နိုင်ကြတယ်"
ကျန်းကျိုးက ပြောဆိုသည်။
သူတို့နှစ်ယောက်သည် အောက်သို့ပြန်ငုံ့ကြည့်လိုက်ရာ ရီဖုန်း၏အရိပ်အယောင်ကို အနည်းငယ်မျှ မမြင်တွေ့မိချေ။
အကြောင်းအရင်းမှာ ဤလှေကားထစ်များပေါ်တွင် ဝင်္ကပါတစ်ခုကို ခင်းကျင်းထားသောကြောင့်ပင်။ထိုဝင်္ကပါသည် တစ်စုံတစ်ယောက်၏အာရုံငါးပါးကို ပိတ်ဆို့ထားသဖြင့် သူတို့သည် သာမန်မျက်လုံးဖြင့် သူတို့ရောက်ရှိနေသောနေရာမှ ပေတစ်ရာအကွာကိုသာ မြင်တွေ့နိုင်သည်။
"အင်း ငါတို့ ခဏလောက် ထိုင်စောင့်ကြစို့"
ကျန်းယိုက ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် ညီအစ်ကိုနှစ်ယောက်သည် နေရာမှာပင်ထိုင်ချကာ ချီများကိုစုပ်ယူပြီး ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားတော့သည်။
သို့ရာတွင်....
သူတို့၏ခန္ဓာကိုယ်ရှိ မရီးဒါန်းများအတွင်းမှ အင်မတန်ချီစွမ်းအားများကို အကြိမ်ပေါင်းများစွာလှည့်ပတ်ပြီးကာ အချိန်နာရီဝက်ခန့်ကြာမြင့်သည့်တိုင် ရီဖုန်း ရောက်ရှိလာခြင်းမရှိသေးချေ။
သူတို့သည် အောက်ရှိလှေကားထစ်များကို ငုံကြည့်သော်လည်း ရီဖုန်းကို မမြင်တွေ့ရဆဲပင်။
သူတို့ညီအစ်ကိုနှစ်ယောက်လုံး ကြက်သေသေသွားသည်။
ဤကောင်လေးသည် အလွန်အမင်းအသုံးမကျသဖြင့် လှေကားထစ်ငါးထောင်ကိုပင် အမှန်တကယ် တက်နိုင်စွမ်းမရှိသလော...
Thank For Reading.