← Chapters

အခန်း (၇၆၆-၇၇၀)

Vol. 52 Ch. 766-770

အခန်း (၇၆၆-၇၇၀)

Vol. 52 Ch. 766-770

Chapter 766

သူတို့နှစ်ယောက်သည် မျက်စိပျက်မျက်နှာပျက်ဖြင့် ရီဖုန်းထံသို့ ပြန်သွားခဲ့ကြသည်။

တခြားလူများသည် လှေကားထစ်များကို အလျှင်အမြန်တက်နေကြသော်လည်း နောက်တွင်ကျန်ခဲ့သော လူအမြောက်အများရှိနေဆဲပင်။အကယ်၍ သူတို့ သန့်စင်ခြင်းတစ်ရာဂိုဏ်းမှနေ၍ အကဲဖြတ်စစ်ဆေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စေလွှတ်လိုက်သောလူသည် ပင်မတောင်လှေကားကိုပင် တက်နိုင်စွမ်းမရှိသည့်ကိစ္စကို တခြားဂိုဏ်းမှလူများ တွေ့မြင်သွားပါက မည်မျှထိ ရှက်ရွံဖွယ်ကောင်းမည်နည်း။

ရီဖုန်းသည် ထိုအရှက်ရမှုကို သည်းခံနိုင်စွမ်းရှိလျှင်ပင် သူတို့နှစ်ယောက် လက်သင့်မခံနိုင်ချေ။

သူတို့နှစ်ယောက်သည် လှေကားတလျှောက်ပြန်ဆင်းကာ ရီဖုန်းကိုရှာဖွေရန် ကြိုးပမ်းလိုက်ကြသည်။

သို့ရာတွင်...

သူတို့သည် လှေကားထစ်လေးထောင်မြောက်သို့ ဆင်းပြီးသည့်တိုင် ရီဖုန်းကို တွေ့မြင်မိခြင်းမရှိချေ။

သူတို့ အောက်သို့ဆက်ဆင်းလိုက်ကြ၏။

လှေကားထစ်သုံးထောင်...

ရီဖုန်းကို မမြင်တွေ့ရဆဲပင်...

လှေကားထစ်နှစ်ထောင်...

လှေကားထစ်တစ်ထောင်....

ရီဖုန်း၏ဆံပင်တချောင်းကိုပင် မမြင်တွေ့ရ​ချေ။

သူတို့နှစ်ယောက်၏မျက်နှာအမူအယာများ သုန်မှုန်သွားသည်။

သောက်ချေးပဲ...ရီဖုန်းသည် လှေကားထစ်တစ်ထောင်ကိုပင် မတက်နိုင်လေရာ မည်မျှထိ အသုံးမကျသောအမှိုက်ကောင် ဖြစ်သနည်း...

သူတို့နှစ်ယောက်သည် မှုန်တေတေမျက်နှာဖြင့် အောက်သို့ဆက်ဆင်းလိုက်ကြ၏။

သူတို့သည် အောက်သို့ဆက်၍ ဆင်းလေလေ သူတို့၏စိတ်နှလုံးသားများ ပို၍အေးစက်လာလေလေပင်။

လှေကားထစ်ရှစ်ရာ....လှေကားထစ်ခြောက်ရာ... လှေကားထစ်လေးရာ....လှေကားထစ်သုံးရာ....ရီဖုန်း၏အရိပ်အယောင်ကို ရှာမတွေ့ချေ။

သူတို့သည် အောက်သို့ဆက်ဆင်းခဲ့ရာ နောက်ဆုံး၌ ရီဖုန်း၏အရိပ်အယောင်ကို လှေကားထစ်နှစ်ရာကျော်အရောက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် လှေကားထစ်ပေါ်၌ထိုင်ကာ အသက်ပြင်းပြင်းရှုရှိုက်နေသည်။

တခြားတစ်ဖက်တွင် စုပိုင်သည် ရီဖုန်းကို ယပ်ခတ်ပေးနေလေ၏။

"ပိုင်....မင်းတို့လူငယ်လေးတွေပဲ ကောင်းတယ်"

စုပိုင်၏ယပ်တောင်မှ လေပြေလေညှင်းကြောင် ရီဖုန်းသည် များစွာပို၍ သက်သောင့်သက်သာရှိသွားသကဲ့သို့ ခံစားလိုက်ရကာ ချီးမွမ်းစကားပြောဆိုလိုက်သည်။

"သခင်လေးကတော့ ငါ့ကို ရယ်စရာပြောနေပြန်ပြီ"

စုပိုင်သည် သူ၏နဖူးကိုကုတ်ကာ အပြုံးနှင့်တုံ့ပြန်သည်။သူသည် တခြားမည်သည့်အရာကိုမျှ စဉ်းစားတွေးတောခြင်းမပြုဘဲ ရီဖုန်းကို ဆက်၍ယပ်ခတ်ပေးလိုက်၏။

"ကြည့်လိုက်အုံး...မင်း အဲ့ဒီငှက်ကိုမြင်လား"

လှေကားထစ်များကိုမှီ၍ လဲလျောင်းရင်း ရီဖုန်းသည် အဝေးတစ်နေရာရှိ တိမ်တိုက်များအကြား၌ ပျံသန်းနေသောငှက်တစ်ကောင်ကို ညွှန်ပြကာအော်ဟစ်လိုက်သည်။

"အဲ့ဒီတောင်ပေါ်မှာ တောရိုင်းသားရဲတွေ အများကြီးရှိလောက်တယ်...အဲ့ဒီမှာနေတဲ့လူတွေက အကောင်းဆုံးအရသာတွေကို ခံစားရမှာပဲ"

"သခင်လေး ဘာဖြစ်လို့လဲ....အဲ့ဒီငှက်ကို စားချင်လို့လား"

စုပိုင်က ထိုငှက်ကိုကြည့်ကာ မေးမြန်းသည်။

"ငါတို့တွေ ဒီစစ်ဆေးမှုကိုပြီးအောင် အရင်လုပ်ကြစို့"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီငှက်ကိုဖမ်းဖို့က မင်းအတွက် လွယ်မှာမဟုတ်ဘူး"

စုပိုင်သည် ထိုငှက်ကို တစ်ချက်ကြည့်လိုက်၏။

ဤငှက်အားဖမ်းဆီးရန် သူ့အတွက် အမှန်တကယ်ကို မလွယ်ကူချေ။

ထိုငှက်ကိုကြည့်ရသည်မှာ ထန်းပဂိုဏ်း၏နတ်ဘုရားသားရဲတစ်ကောင်ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။သို့ရာတွင် ဤနတ်ဘုရားသားရဲ၏ခွန်အားသည် သူတို့၏သန့်စင်ခြင်းတစ်ရာဂိုဏ်းမှ နတ်ဘုရားသားရဲများနှင့် တူညီမည်မဟုတ်ချေ။

ထိုငှက်၏ခွန်အားကို မှန်းဆနိုင်ရန် အလွန်ခက်ခဲသည်။

"တကယ်တော့ မင်း စိုးရိမ်ဖို့မလိုပါဘူး...မင်း အဲ့ဒီငှက်ကို တကယ်ဖမ်းချင်တယ်ဆိုရင် ငါက မင်းကို နည်းလမ်းတချို့ သင်ပေးနိုင်တယ်"

ရီဖုန်းက ရယ်မောရင်းပြောဆိုလိုက်၏။ဤငှက်သည် မိုးကောင်းကင်ယံအတွင်းတွင် မြင့်မားသောနေရာ၌ ပျံသန်းနေသည့်တိုင် သူသည် လေးနှင့်မြှားကိုအသုံးပြု၍ ပစ်ချနိုင်သည်မဟုတ်လော။

စုပိုင်သည် ထိုစကားကိုကြားချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။

သခင်လေးသည် မည်ကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နည်းစနစ်တစ်ခုကို သူ့အား သင်ကြားပေးမည်အား သူ မသိရှိချေ။

သို့ရာတွင်....

သူတို့နှစ်ယောက်သည် စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုနေစဉ်မှာပင် သူတို့နှစ်ယောက်၏ခေါင်းများအထက်မှနေ၍ မျက်လုံးလေးလုံးမှ သူတို့အား စူးစိုက်ကြည့်နေသည်ကို ရှာဖွေတွေ့ရှိမိသည်။

"အမ်...မင်းတို့နှစ်ယောက်က ဘာလို့ အောက်ကိုပြန်ဆင်းလာတာလဲ"

ရီဖုန်းက ကျန်းကျိုးတို့နှစ်ယောက်ကိုကြည့်ပြီး မေးမြန်းသည်။

"ငါတို့ ဆင်းမလာလို့ ရမလား"

ကျန်းကျိုး၏မျက်နှာသုန်မှုန်သွားကာ အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

"ငါ မင်းကို မေးပါရစေ...ဘာလို့ မင်းက လှေကားထစ်နှစ်ရာကျော်မှာ ရပ်နေတာလဲ"

"ဟေး ဟေး ဟေး...မင်း ဘာကို ဆိုလိုချင်တာလဲ"

ကျန်းကျိုး၏တင်းမာသောလေသံကို ရီဖုန်းက ခံစားမိသဖြင့် သူ၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားကာ တုံ့ပြန်သည်။

"ဘာကို လှေကားထစ်နှစ်ရာကျော်လဲ...ဒီလှေကားထစ်နှစ်ရာကျော်က ဘယ်လောက်ထိမြင့်တယ်ဆိုတာ မင်း သိလား"

"ဒီနေရာက ဘယ်လောက်ထိ မြင့်တယ်ဆိုတာတောင် မင်း စဉ်းစားမိရဲ့လား"

"လှေကားတစ်ဆယ်ထစ်က အထပ်တစ်ထပ်ပဲ"

"ငါက လှေကားထစ်နှစ်ရာကျော်တက်ပြီးပြီ...ဒါက အထပ်နှစ်ဆယ်တက်တာနဲ့ညီမျှတယ်"

"ဒါက မလုံလောက်သေးဘူးလား"

ရီဖုန်းက တုံ့ပြန်မေးမြန်းသည်။

"မင်း မင်း မင်း....."

ကျန်းကျိုး၏မျက်နှာ နီမြန်းသွားကာ သူသည် ရီဖုန်းကို မရိုက်ဘဲမနေနိုင်တော့ချေ။

သို့ရာတွင် မည်သည့်ကိစ္စမျိုး ရှိနေပါစေ ရီဖုန်းသည် ရှီချင်းဝူ၏ခင်ပွန်းလောင်းဖြစ်သဖြင့် သူ့ထက်ပို၍မြင့်မာသော အဆင့်အတန်းရှိသည်။ထိုကြောင့် သူသည် နောက်ဆက်တွဲပြစ်မှုများ ကျရောက်လာမည်ကို စိုးရိမ်သဖြင့် ရီဖုန်းကိုရိုက်ဝံ့ခြင်းမရှိချေ။

သို့သော် သူ အမှန်တကယ်ကို ဒေါသထွက်နေပေ၏။

လူတချို့သည် အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် လှေကား၏ထိပ်ဆုံးသို့တက်နိုင်သည်။ရီဖုန်းသည် အချိန်နာရီဝက်ခန့်ကြာမြင့်သည့်တိုင် လှေကားထစ်နှစ်ရာကျော်တွင်သာ ရှိနေပေ၏။ဤသည်ကို သူ ရှက်ရွံ့ခြင်းမရှိရုံသာမက သူ့ကိုယ်သူဂုဏ်ဖော်၍ပင် ပြောဆိုနေသည်။

ရီဖုန်းထံတွင် မည်သည့်စိုးရိမ်သောကမျှ မရှိသည့်အပြင် အစေခံတပည့်လေးတစ်ယောက်ဖြင့် ငှက်များအကြောင်းကို ပြောဆိုနေသည်။

ဤဝင်္ကပါအတွင်း၌ တောင်တန်းများပေါ်တွင်မြူခိုးများဖြင့်လွှမ်းခြုံနေကာ သူသည် မည်သည့်အရာတစ်ခုတစ်လေကိုမျှ မမြင်ရချေ။ထိုငှက်သည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

"ကောင်းပြီလေ...ဒါဆိုရင် မင်း ဆက်ပြီးတက်လို့ရပြီမလား"

ကျန်းကျိုးက သူ၏စိတ်နှလုံးသားအ​တွင်းရှိ ဒေါသများကိုချိုးနှိမ်ကာ မေးမြန်းလိုက်သည်။

"မင်း ဘယ်လိုစကားကို ပြောလိုက်တာလဲ...ငါက မင်းတို့ဂိုဏ်းချုပ်ရဲ့ ခင်ပွန်းလောင်း...ကျေးဇူးပြုပြီးတော့ ငါ့ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံပါ"

ရီဖုန်းက ကျန်းကျိုးကို မျက်စောင်းထိုးကြည့်ကာ ပြောဆိုသည်။

"မင်းက လမ်းတလျှောက်လုံး မျက်နှာထားတင်းတင်းနဲ့ ငါ့ကို ပြောဆိုနေခဲ့တယ်...မင်းက အရမ်းစိတ်အနှောင့်အယှက်ပေးတာပဲ...မင်း သိထားရမှာက တကယ်လို့ မင်း ဒီလိုဆက်ပြီးလုပ်နေမယ်ဆိုရင် နောင်တစ်ချိန်မှာ ငါက မင်းကို အပြစ်ပေးရလိမ့်မယ်"

ကျန်းကျိုး၏မျက်နှာ ရှုံမဲ့သွားသည်။

သူသည် ဤကိစ္စ၏အလှည့်အပြောင်းကို မသိရှိသည့်အပြင် ရီဖုန်းသည် ရှီချင်းဝူကို​ကြောင့် ဟန်ဆောင်နေရခြင်း ဖြစ်ကြောင်းကိုလည်း ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။

ထိုကြောင့် ရီဖုန်း၏စကားများကိုကြားချိန်၌ သူ အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံ့သွားသည်။

မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် ရှီချင်းဝူ၏ခင်ပွန်းလောင်းပင်။

လက်အောက်ငယ်သား တစ်ယောက်အနေဖြင့် သူ၏အပြုအမူများသည် အမှန်တကယ်ကို မသင့်လျော်ချေ။

"ဒါဆိုရင် ဦးလေးရီကို ငါ မေးပါရစေ...မင်း လှေကားထစ်တွေကို ဆက်ပြီးတက်လို့ရပြီလား"

ကျန်းကျိူးသည် သူကိုယ်သူဖိအားပေးကာ သူ၏ခေါင်းကို အောက်သို့ငုံ၍ မေးမြန်းလိုက်၏။

သို့ရာတွင် သူ ဒေါသထွက်နေဆဲပင်။

မည်သည်ကြောင့် ဖြစ်သနည်း....

ဂိုဏ်းချုပ်သည် အစွမ်းထက်သော အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် မည်သည်ကြောင့် ဤကဲ့သို့ ခင်ပွန်းလောင်းတစ်ယောက်ကို ရှာဖွေခဲ့သနည်း။

"အင်း ငါ ဆက်တက်မယ်...အခု ငါ ခဏလောက်အနားယူလိုက်တာကြောင့် အဆင်ပြေသွားပြီ"

ရီဖုန်းသည် ​ဖြည်းညှင်းစွာမတ်တတ်ထရပ်ကာ လှေကားပေါ်သို့ ဆက်၍တက်လိုက်သည်။

ဤတစ်ကြိမ်တွင် ကျန်းကျိုးနှင့်ကျန်းယိုတို့သည် ရှေ့မှကြိုသွားဝံ့ခြင်းမရှိဘဲ ရီဖုန်း၏နောက်မှ လိုက်ခဲ့ကြသည်။ရီဖုန်းသည် လှေကားထစ်တစ်ရာကျော်ခန့် ထပ်၍တက်ပြီးနောက် ရပ်တန့်သွားမည်ကို သူတို့နှစ်ယောက်သား စိုးရိပ်ထိတ်လန့်နေကြသည်။

အမှန်တကယ်ကိုပင်....

သူတို့နှစ်ယောက်၏စိုးရိမ်သောကများသည် ကျိုးကြောင်းမဆီလျော်ခြင်း မဟုတ်ချေ။သူတို့သည် လှေကားထစ်တစ်ရာကိုပင် မရောက်သေးဘဲ လှေကားထစ်ရှစ်ဆယ်တက်ပြီးနောက် ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

"ဟူး...ငါ မတက်နိုင်တော့ဘူး...ငါ ဆက်ပြီးမတက်နိုင်တော့ဘူး...ငါ ခဏနားမှရမယ်"

ရီဖုန်းသည် လှေကားပေါ်သို့ လက်တစ်ဖက်ထောက်၍ အသက်ပြင်းပြင်းရှိုက်ကာ ပြောဆိုသည်။

ဤအချိန်တွင် လှေကားပေါ်တက်နေသော တခြားဂိုဏ်းများမှာလူများသည်လည်း သူတို့အား အာရုံစူးစိုက်လိုက်ကြသည်။

ဤအကြည့်များကို ​မြင်တွေ့ချိန်တွင်...

ကျန်းကျိုး၏ဦးရေပြား ထုံကျင်သွားသည်။

ဤသည်မှာ ရှက်ရွံ့ဖွယ်ရာပင်...

မည်မျှထိ ရှက်ရွံဖွယ်ကောင်းသော ကိစ္စဖြစ်သနည်း...

ကံကောင်းထောက်မစွာဖြင့် ထိုဂိုဏ်းများသည် သူတို့၏သန့်စင်ခြင်းတစ်ရာဂိုဏ်းနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိပေ။ထို့ကြောင့် သူတို့သည် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ ရီဖုန်း၏လက်နှစ်ဖက်ကို လက်ဝဲလက်ယာမှကိုင်ကာ လှေကားပေါ်သို့တက်လိုက်ကြ၏။

အကယ်၍ ရီဖုန်းကို ဤအတိုင်းသာ ဆက်တက်ခွင့်ပြုထားပါက သူ လှေကားထိပ်သို့အရောက်တွင် အကဲဖြတ်စစ်ဆေးပွဲ ပြီးဆုံးနေမည်ကို သူတို့ စိုးရိမ်မိသည်။

လမ်းတလျှောက်၌...

သူတို့သည် အနည်းငယ်မျှ ရပ်တန့်ဝံ့ခြင်းမရှိဘဲ လှေကားထိပ်သို့ အမြန်ဆုံးရောက်လိုကြသည်။

မကြာမီမှာပင် သူတို့လေးယောက်သည် နောက်ဆုံး၌ တောင်ပေါ်သို့ ရောက်ရှိလာကြ၏။

"အရမ်းမောတယ်...ငါ အမောဆို့နေပြီ..ငါ ဒီနေရာကို မလာသင့်ဘူးဆိုတာ ငါ သိတယ်"

ရီဖုန်းသည် သစ်ပင်တစ်ပင်ကိုမှီ၍လဲလျောင်းရင်း အသက်ကိုအမောတကောရှိုက်လိုက်သည်။

ရီဖုန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူတို့နှစ်ယောက်သား အလွန်အမင်းဆွံ့အသွားသည်။

ဤသည်မှာ အကဲဖြတ်စစ်ဆေးပွဲပင် မဟုတ်သေးချေ။

သို့ရာတွင် စုပိုင်သည် အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် သူတို့၏နှစ်ယောက်၏နောက်မှ ထပ်ချပ်မကွာလိုက်လာနိုင်သည်ကို မြင်တွေ့မိသဖြင့် သူတို့ အံ့အားသင့်သွားသည်။

ဤသည်မှာ အနည်းငယ်ထူးဆန်းသောကိစ္စပင်။

"ဒီအစေခံတပည့်လေးက တစ်ခုခုပဲ...သူ့မှာ ပါရမီကောင်းရှိတာ ဖြစ်နိုင်တယ်"

ကျန်းယိုက ပြောဆိုသည်။

"သူက ဒီတောင်ပေါ်ကို အေးအေးဆေးဆေး တက်လာနိုင်မှာတော့ ဂိုဏ်းရဲ့အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာသင့်တယ်"

"သူ့ရဲ့အသက်ကလည်း ငယ်သေးတယ်...သူက တကယ့်ကို မျိုးစေ့ကောင်းလေးတစ်ခုပဲ"

ကျန်းကျိုးသည်လည်း ထိုသို့တွေးတောမိလေ၏။

ဤကိစ္စကို စဉ်းစား​တွေးတောပြီးနောက် ကျန်းကျိုးက စုပိုင်ထံသို့ လျှောက်လှမ်းသွားလေသည်။

"ငါ မှတ်မိသလောက်တော့ မင်းရဲ့နာမည်က စုပိုင်ပဲ... ဟုတ်တယ်မလား"

ကျန်းကျိုးက မေးမြန်းသည်။

"အင်း...."

စုပိုင်က ခေါင်းညိတ်ပြသည်။

"မင်းက အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာ ငါတို့ရဲ့နောက်ကနေ တောင်ပေါ်ကိုတက်လာနိုင်တယ်...မင်းက တကယ့်ကို အရည်အချင်းရှိတဲ့လူပဲ...သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ပြန်ရောက်တဲ့အချိန်ကျရင် မင်း ငါနဲ့အတူ အလုပ်လုပ်ဖို့စိတ်ဝင်စားလား"

ကျန်းကျိုးက အပြုံးနှင့် ကမ်းလှမ်းစကားပြောဆိုသည်။

"တကယ်လို့ မင်း ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်မယ်ဆိုရင် နောင်တစ်ချိန်ကျရင် ငါ့ရဲ့တပည့်အဖြစ် မင်းကို လက်ခံပေးမယ်"

စုပိုင်သည် ကြက်သေသေသွားလေ၏။

ထို့နောက် သူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ကာ သူသည် သူတို့နှင့် စကားပြောဆိုခြင်းမပြုတော့ချေ။

ထိုအစား သူသည် ရီဖုန်း၏ရှေ့သို့ အပြေးသွားကာ ဂရုတစိုက်ယပ်ခတ်ပေးလေသည်။

ကျန်းကျိုးနှင့်ကျန်းယိုတို့ ကြက်သေသေသွားသည်။

အစောပိုင်းက ထိုအ​စေခံတပည့်လေးသည် မည်ကဲ့သို့ မျက်လုံးအကြည့်ဖြင့် သူတို့အား ကြည့်လိုက်သနည်း။

ဤသည်မှာ သူတို့ကို အထင်အမြင်သေးနေခြင်းမဟုတ်လော....

Chapter 767

သူတို့နှစ်ယောက်၏မျက်နှာ သုန်မှုန်သွားသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့သည် အစေခံတပည့်လေးနှင့်ပတ်သက်သည့် ကိစ္စများကို ဂရုစိုက်ရန် အချိန်မရှိတော့ချေ။ထို့ကြောင့် သူတို့သည် ရီဖုန်းကိုကြည့်ကာ ပြောဆိုလိုက်၏။

"ဦးလေးရီ နောက်လာမယ့်အဆင့်က ငါတို့ ကူပေးလို့ရမှာမဟုတ်ဘူး...ဆက်လုပ်...."

"ငါ သေချာပေါက် ဆက်လုပ်မှာပေါ့"

ရီဖုန်းက စဉ်းစားတွေးတောခြင်းပင်မပြုဘဲ ပြောဆိုသည်။

ဤသည်မှာ ယခုကိစ္စကို သူ လုပ်ဆောင်လိုခြင်းကြောင့်မဟုတ်ချေ။ဂိုဏ်းမှအကြီးအကဲများသည် သူ အကဲဖြတ်စာမေးပွဲတွင် မယှဥ်ပြိုင်နိုင်ရန် မျှော်လင့်နေကြကာ သူ့အား ကဲ့ရဲ့ပြစ်တင်ရန် စောင့်ဆိုင်းနေကြသည်။

သူသည် မည်သည်ကြောင့် ထိုလူများ ဖြစ်စေလိုသည့်အတိုင်း ဖြစ်ခွင့်ပြုနိုင်မည်နည်း။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်သလင်းကျောက်ငါးသိန်းသာရရှိပါက သူသည် ဒေသခံလူချမ်းသာတစ်ယောက် ဖြစ်သွားပေမည်။

သူ့ထံ၌ ဤအကဲဖြတ်စစ်ဆေးပွဲတွင် အနိုင်ယူရန် ခွန်အားတချို့ရှိနေဆဲပင်။

အချိန်တခဏကြာခန့်အနားယူပြီးနောက် သူတို့သည် ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားကာ သူတို့အတွက် ထန်းပဂိုဏ်းမှ စီစဉ်ပေးထားသောနေရာသို့ သွားခဲ့သည်။

ထန်းပဂိုဏ်းမှနေ၍ သူတို့ကဲ့သို့ အဆင်နိမ့်ဂိုဏ်းများအတွက် စီစဉ်ပေးထားသောနေရာများမှာ အလွန်ပေါ့လျော့သည်။

ထန်းပဂိုဏ်း၏ အလွန်အမင်းကျယ်ဝန်းသော ခန်းမတစ်ခုအတွင်း၌ အခန်းများကန့်ကာ လူများအားလုံးနေထိုင်ရန် စီစဉ်ပေးထားသည်။

လူနှစ်ယောက်လျှင် အလွန်သာမန်ကျသော အခန်းတစ်ခန်းသာ ရရှိပေ၏။

ရံဖန်ရံခါတွင် အရေးကိစ္စများကိုထုတ်ပြန်ကြေညာရန် အပြင်စည်းအကြီးအကဲတစ်ယောက်နှင့် စည်းမျဉ်းထုတ်ပြန်သူတစ်ယောက် ရောက်ရှိလာသည်မှလွဲ၍ တခြားမည်သူ​မျှ ရောက်မလာချေ။

"ထန်းပဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ...အရမ်းကပ်စေးနှဲတာပဲ"

အခန်းတံခါးကိုတွန်းဖွင့်ပြီးနောက် ရီဖုန်းသည် သူ၏လက်ဖြင့် ဖုန်များကိုခါထုတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။

"ဒီဂိုဏ်းကလူတွေကိုကြည့်ရတာ သိပ်ပြီးသန်မာအားကောင်းပုံလည်းမရဘူး...သူတို့ကိုကြည့်ရတာ သန့်စင်ခြင်းတစ်ရာဂိုဏ်းကလူတွေနဲ့ အတူတူပဲမဟုတ်လား"

"ဦးလေးရီ...အဲ့ဒီစကားတွေကို မပြောနဲ့တော့"

ထိုစကားကိုကြားချိန်တွင် ကျန်းကျိုးသည် တခြားလူများကြားမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် ကမန်းကတန်းအော်ဟစ်လိုက်၏။

"ကောင်းပြီလေ မပြောတော့ဘူး"

ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ နံဘေးတစ်ဖက်ရှိ ခွေးခြေခုံတစ်လုံးပေါ်၌ ထိုင်လိုက်သည်။

သူထံတွင် အကယ်၍ ထိုင်စရာတစ်စုံတစ်ခုရှိနေပါက သူသည် လုံးဝမတ်တပ်ရပ်နေမည်မဟုတ်ချေ။

သူသည် လဲလျောင်းခြင်းမပြုနိုင်လျှင်ပင် ထိုင်နေရပေမည်။

"အကြီးအကဲဝမ်ယီယွင် ရောက်လာပြီ"

ထိုအချိန်မှာပင် ပြင်ပမှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကျရောက်လာပြီးနောက် အခန်းများအတွင်းတွင်ရှိနေသော အဆင့်နိမ့်ဂိုဏ်းများမှလူများအားလုံး ရှေ့သို့ထွက်လာကာ ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။

"ထန်းပဂိုဏ်းကအကြီးအကဲ ဒီနေရာကိုရောက်လာပြီ...သွားကြစို့...ငါတို့ မြန်မြန်သွားကြရအောင်"

ကျန်းကျိုးနှင့်ကျန်းယိုက အလျှင်အမြန်ပြောဆိုသည်။

ရီဖုန်းသည် လှုပ်ရှားရန်အတွက် အလွန်ပျင်းရိနေသည်။သို့ရာတွင် သူသည် ထိုအကြီးအကဲ၏နာမည်ကို ကြားချိန်၌ မိန်းကလေးတယောက်ဖြစ်ပုံရသည်ကို တွေးတောမိသဖြင့် စိတ်ဝင်စားသွားသည်။

ထန်းပဂိုဏ်းမှအကြီးအကဲတစ်ယောက်၏ခွန်အား မည်မျှထိရှိသည်ကို သူ သိရှိလိုသည်။

လူအုပ်ကြီး၏ဆီးကြိုနှုတ်ဆက်မှုအောက်တွင် အပြင်စည်းအကြီးအကဲအမြောက်အများခြံရံ၍ အမျိုးသမီးတယောက်က ခန်းမအတွင်းသို့ လျှောက်လှမ်းလာသည်။

ဤအမျိုးသမီးအကြီးအကဲသည် ပုံတုံးတုံးဖြစ်မည်ဟု သူ မူလက တွေးထင်ခဲ့သည်။

သို့ရာတွင် သူမ၏ပုံပန်းသွင်ပြင်သည် သူ၏မျှော်လင့်ချက်ထက် များစွာပို၍ ကျော်လွန်နေပေ၏။

ဤအမျိုးသမီးသည် အသက်ကြီးခြင်းမရှိသေးရုံသာမက အလွန်လှပချောမောသည်။သူမသည် အရပ်မြင့်ကာ အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခါးနေရာ၌ကြိုးချည်ထားသည်။ သူမ၏ခါးသိမ်သိမ်လေးကို ကြည့်ရသည်မှာ ရေမြွေတစ်ကောင်နှင့် တူညီနေပေ၏။ထိုဝတ်ရုံရှည်၏အောက်မှ သူမ၏ခြေတံရှည်များသည် ပို၍ပင်ဆွဲဆောင်နိုင်စွမ်းရှိကာ လူအများ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။

သူမ၏တင့်တယ်လှပသောပုံပန်းသွင်ပြင်နှင့် အကြီးအကဲအဆင့်အတန်းတို့ ပေါင်းစပ်လိုက်ချိန်တွင် လူအများအား သူတို့လက်လှမ်းမမီနိုင်သောပန်းတစ်ပွင့်ကဲ့သို့ ခံစားချက်မျိုး ရရှိစေသည်။

ထို့ပြင် သူမ စကားပြောဆိုလိုက်စဉ်တွင် သူမ၏ပုံပန်းသွင်ပြင်နှင့် လုံးလုံးလျားလျားလိုက်ဖက်ညီသည်။

"နင်တို့ အရိုအသေပြုဖို့မလိုဘူး...ငါ ဒီနေရာကိုလာတာက နင်တို့ကို ဘယ်လိုနေရာချထားတယ်ဆိုတာ လာကြည့်ရုံသက်သက်ပဲ"

သူမ၏အသံသည် နူးညံ့ပြီးဂရုတစိုက်ရှိကာ လူအများအား စိတ်သက်တောင့်သက်သာရှိမှုကို ခံစားရစေသည်။

"ထန်းပဂိုဏ်းရဲ့တစ်ဦးတည်းသော အမျိုးသမီးအကြီးအကဲဖြစ်တဲ့ ဝမ်ယီယွင်က တကယ့်ကိုပဲ နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်"

"အမှန်ပဲ...သူက ထူးချွန်ပြီးတော့ နူးညံ့သိမ်မွေ့တယ်...သူ့ကို လက်ထပ်နိုင်တဲ့ ဘယ်သူမဆို ဘဝမှာ အောင်မြင်တဲ့ယောက်ျား ဖြစ်လာမှာပဲ"

"မင်းရဲ့ပါးစပ်ကို ပိတ်ထားစမ်း...ဒီအမျိုးသမီးအကြီးအကဲနဲ့ ထိုက်တန်တဲ့လူဆိုလို့ လောကကြီးထဲမှာ ယောက်ျားဘယ်လောက်များများ ရှိနိုင်မှာလဲ"

"ဒါက အမှန်ပဲ.....ဝမ်ယီယွင်ရဲ့နူးညံ့သိမ်မွေ့တဲ့စကားလုံးတွေကိုပဲ ကြည့်မနေကြနဲ့...သူ့ရဲ့ခွန်အားကို လျှော့ထွက်လို့မရဘူး"

"ကောလာဟာလတွေအရတော့ သူက ဂီတတာအိုကို လေ့လာလိုက်စားပြီးတော့ အဓိကဂီတတူရိယာတွေအားလုံးကို ကျွမ်းကျင်တယ်...ရန်သူနဲ့ရင်ဆိုင်တဲ့အချိန်မှာ သူ့ရဲ့‌မှော်ဆန်တဲ့အသံကိုကြားတာနဲ့ ရန်သူတွေ စိတ်ဓာတ်ကျပြီးတော့ စိတ်မသက်မသာ ခံစားရစေတယ်....အဆိုးဆုံးအခြေအနေမှာဆိုရင် သူတို့တွေက နတ်ဆိုးလမ်းကြောင်းထဲကို ကျရောက်သွားကြတယ်"

ဤအချိန်အခိုက်အတန့်တွင် လူများအားလုံးသည် ထိုအမျိုးသမီးအကြီးအကဲအကြောင်းကို ပြောဆိုနေကြ၏။

ထိုအချိန်မှာပင် ဝမ်ယီယွင်က ထပ်မံ၍ပြောဆိုသည်။

"မနက်ဖြန်ကျရင် ယှဉ်ပြိုင်ပွဲ စတော့မယ်...ဒီနှစ်ယှဥ်ပြိုင်ပွဲကို ငါ ဦးဆောင်ပြီးကျင်းပမယ်"

"ရိုးရိုးသားသားပြောရရင် ငါက အခုလက်ရှိနေရာမှာရှိတဲ့ ယှဥ်ပြိုင်သူတွေထဲက လူတော်တော်များများရဲ့အချက်အလက်တွေကို ဖတ်ပြီးပြီ....ဒီနေရာမှာ တကယ့်ကို ထူးချွန်တဲ့တပည့်တွေ ရှိနေတာပါလား"

"ဥပမာအနေနဲ့ပြောမယ်ဆိုရင် ဟွားမန်ဂိုဏ်းရဲ့တပည့်ခေါင်းဆောင် ကောင်းရန်ဖုန်း...."

"ကျန်းထန်ဂိုဏ်းရဲ့ ညီအစ်ကိုနှစ်ယောက်..."

"ဒါကြောင့် ငါက ဒီနှစ်ယှဉ်ပြိုင်ပွဲကို သေချာစောင့်ကြည့်နေမယ်"

ဝမ်ယီယွင်၏စကားလုံးများ ကျရောက်သွားသောအချိန်တွင်....

လက်ရှိနေရာတွင်ရှိနေသော ယှဉ်ပြိုင်သူများအလွန်စိတ်လှုပ်ရှားသွားကာ မသိမသာဖြင့် သူတို့၏ရင်ဘတ်များကို ကော့လိုက်ကြသည်။

ဝမ်ယီယွင်၏နာမည်ခေါ်ခြင်းကို ခံရသော လူများသည် ပို၍ပင်မယုံကြည်နိုင် ဖြစ်နေကြ၏။

ဤကဲ့သို့ ထန်းပဂိုဏ်း၏ လှပချောမောသောအမျိုးသမီးအကြီးအကဲမှ သတိပြုမိခြင်းကို ခံရသည်မှာ သူတို့အတွက် အကြွင်းမဲ့ဂုဏ်ယူဖွယ်ရာတစ်ရပ်ပင်။

"ဒါနဲ့ သန့်စင်ခြင်းတစ်ရာဂိုဏ်းက ဘယ်နေရာမှာလဲ"

ထိုအချိန်မှာပင် ဝမ်ယီယွင်က ထပ်မံ၍ပြောဆိုသည်။

"မင်းတို့ဂိုဏ်းရဲ့ မြင့်မြတ်တဲ့ဂိုဏ်းချုပ်ရှီချင်းဝူနဲ့ငါ့ကြားမှာ တစ်ချိန်တုန်းက အဆက်အသွယ်တချို့ရှိတယ်...ဒီတစ်နှစ် သန့်စင်ခြင်းတစ်ရာဂိုဏ်းကနေ အကဲဖြတ်စစ်ဆေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့သူက ရှီချင်းဝူရဲ့ခင်ပွန်းလောင်းလို့ ငါ ကြားထားတယ်...ဒါကြောင့် ငါ တစ်ချက်ကြည့်လို့ရအောင် ရှေ့ကိုထွက်လာခဲ့ပေးပါအုံး"

ဝမ်ယီယွင်၏စကားလုံးများ ကျရောက်သွားသောအချိန်တွင်...

လူအုပ်အကြား၌ တိုင်ပင်ဆွေးနွေးမှုအမြောက်အများ ထွက်ပေါ်လာသည်။

သူတို့သည် သန့်စင်ခြင်းတစ်ရာဂိုဏ်းမှလူများရှိနေသောနေရာသို့ ကြည့်လိုက်ကြ၏။

သန့်စင်ခြင်းတစ်ရာဂိုဏ်းမှ ထိုလူကို အကြီးအကဲဝမ်ယီယွင်မှ ထုတ်ဖော်ပြောဆိုလိုက်သဖြင့် သူတို့အားလုံး မနာလိုအားကျဖြစ်နေကြသည်။

သို့ရာတွင်....

ကျန်းကျိုးနှင့်ကျန်းယိုတို့သည် သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားမိလေ၏။

ဤကဲ့သို့ လူအများ၏အာရုံစိုက်ခြင်းဖြင့် ရင်ဆိုင်ရချိန်တွင် အကယ်၍ သူတို့ထံ၌ ယုံကြည်ချက်အခိုင်အမာရှိနေပါက အဆင်ပြေ​ပေမည်။

သို့ရာတွင် ယခုလက်ရှိအခြေအနေအရ ဤသည်မှာ ကိစ္စကောင်းတရပ် မဟုတ်နိုင်​ချေ။

သူတို့နှစ်ယောက်သည် သူတို့၏ပါးစပ်များကို တင်းတင်းကျပ်ကျပ်ပိတ်ကာ ထောင့်တနေရာသို့ ကျုံဝင်လိုက်ကြ၏။

အကယ်၍ တခြားလူများသည် သူတို့အားရှာမတွေ့ပါက မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုနိုင်တော့မည် မဟုတ်ချေ။

ဝမ်ယီယွင်သည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်ပြီးနောက် မည်သူမျှ တုံ့ပြန်အဖြေပေးခြင်းမပြုသည်ကို မြင်တွေ့မိသည်။ထို့ကြောင့် ထိုလူသည် ဤနေရာ၌ ရှိမနေခြင်းဖြစ်မည်ဟု သူမ တွေးထင်မိသည်။သူမသည် တခြားတစ်စုံတစ်ခုကို ပြောဆိုသွားမည့်အချိန်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

"အိုး ငါ ဒီနေရာရောက်လာတာကို တစ်ယောက်ယောက်က သိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ငါက သန့်စင်ခြင်းတစ်ရာဂိုဏ်းက ဂိုဏ်းချုပ်ရှီချင်းဝူရဲ့ ခင်ပွန်းလောင်းရီဖုန်းပါ"

"အကြီးအကဲဝမ်ကို နှုတ်ဆက်ပါတယ်"

"တခြားမိတ်ဆွေတွေအားလုံးလည်း မင်္ဂလာပါ"

ရီဖုန်းသည် အပြုံးနှင့်ရှေ့သို့လျှောက်လှမ်းထွက်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပတ်ဝန်းကျင်ရှိလူများကို နှုတ်ဆက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင်...

ဝမ်ယီယွင် အပါအဝင် တခြားလူများအားလုံး ရီဖုန်းကို အာရုံစူးစိုက်လိုက်ကြသည်။

သို့ရာတွင်...

ဘေးကပ်ဆိုးကြီးမှ လွတ်မြောက်သွားပြီဟု လောလောလတ်လတ်တွေးတောနေသော ကျန်းကျိုးနှင့်ကျန်းယိုတို့သည် အသက်ရှုရပ်တန့်သွားတော့လုမတတ်ပင်။

ဦးလေးရီ....

မင်း ဘာလုပ်လိုက်တာလဲ...

မင်းမှာ ဘာခွန်အားမှမရှိဘဲနဲ့ ရှေ့ကိုထွက်တာက ကိစ္စကောင်းတစ်ခုလို့ မင်း ထင်နေတာလား...

သူတို့နှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှ ညည်းတွားလိုက်သည်။

အကယ်၍ သူတို့သည် သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသခြင်းမရှိပါက လူနည်းစုကသာ သူတို့ကို သိရှိပေမည်။ထိုသို့ဖြစ်လာပါက အကယ်၍ ယှဥ်ပြိုင်ပွဲကြီးတွင် အောက်ဆုံးအဆင့်ကိုရရှိသည့်တိုင်သူတို့သည် အရှက်တကွဲမဖြစ်ဘဲ ထွက်ခွာသွားနိုင်ပေမည်။

ယခုလက်ရှိချိန်တွင်မူ....

ရီဖုန်းသည် အလွန်ထူးချွန်သူဖြစ်သဖြင့် တခြားလူများမှ သူ့အားမသိရှိမည်ကို စိုးရိမ်နေသည့်အလားပင်။

အကယ်၍ ယှဉ်ပြိုင်ပွဲအချိန်သို့ ကျရောက်လာပါက သူတို့၏ဂိုဏ်းသည် တခြားလူများ၏ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်လာမည်ကို သူတို့ စိုးရိမ်မိသည်။

သူတို့နှစ်ယောက်သည် မြေပြင်ကိုခြေသားဖြင့်ကုတ်ထားကာ မြေသားများကို တူးထုတ်မိတော့လုမတတ်ပင်။

သူတို့သည် ကျင်းတစ်ကျင်းတူး၍ ပုန်းအောင့်နေရာအတွက် မစောင့်ဆိုင်းနိုင်တော့ချေ။

ဝမ်ယီယွင်က ရီဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

ရီဖုန်း၏အသေးစိတ်အချက်အလက်များကို သူ မ မြင်တွေ့နိုင်ခြင်းမရှိချေ။

သို့ရာတွင် ဤကိစ္စသည် များစွာအရေးပါခြင်းမရှိပေ။

နယ်မြေကြီးရှစ်ခုတွင် ကျင့်ကြံသူများ၏အသေးစိတ်အချက်အလက်များကို ဖုံးကွယ်နိုင်သော နည်းစနစ်အမြောက်အများရှိနေသည်။

"ကောင်းပြီလေ...ငါက နင့်ရဲ့လုပ်ဆောင်ချက်ကို စောင့်ကြည့်နေမယ်...ငါက နင့်ကို မှတ်ထားလိုက်ပြီ"

ဝမ်ယီယွင်က ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။

တချိန်တည်းမှာပင် သူမသည် တခြားလူများအားလုံးကို ဝေ့ဝိုက်ကြည့်ကာ ပြောဆိုလိုက်၏။

"ကျန်တဲ့လူတွေအားလုံးလည်း အတူတူပဲ...နင်တို့အားလုံး အခြေအနေကို ကောင်းကောင်းအသုံးချပြီးတော့ ရလဒ်ကောင်းတွေရဖို့ ငါ မျှော်လင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် ဝမ်ယီယွင်သည် နောက်သို့ပြန်လှည့်ကာ သူမ၏လူများနှင့်အတူ ထွက်ခွာသွားတော့သည်။

ယခုလက်ရှိနေရာတွင်ရှိနေသော တခြားလူများအားလုံး၏ မျက်လုံးအကြည့်များ ရီဖုန်းပေါ်သို့ စူးစိုက်၍ကျရောက်နေသည်။

သူတို့၏မျက်လုံးအကြည့်များသည် မုန်းတီးခြင်း မနာလိုခြင်း အားကျခြင်း အထင်အမြင်သေးခြင်းစသဖြင့် ခံစားချက်များစုံလင်သည်။

တစ်ချို့လူများသည် ရှေ့သို့တိုးလာကာ ရီဖုန်းနှင့် မိတ်ဖွဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးရလဒ်သည် သေးငယ်သော တည်ရှိမှုတစ်ခုဖြစ်သည့် ရီဖုန်းသည် လူအများ၏အာရုံစူးစိုက်ခံရသောလူ ဖြစ်လာပေ၏။

Chapter 768

လူအများမှနေ၍ သူအားစူးစိုက်၍ကြည့်နေသော်လည်း ရီဖုန်းသည် ဂရုစိုက်ခြင်းမရှိချေ။

သူ့အား လာရောက်နှုတ်ဆက်သောလူတချို့ကိုမူ ရီဖုန်းက ခင်မင်ရင်းနှီးစွာ တုံ့ပြန်နှုတ်ဆက်သည်။

"ဒီတကြိမ်တော့ အစ်ကိုရီက ငါတို့ကို ဂရုစိုက်ပေးရလိမ့်မယ်"

လူငယ်တချို့က သူတို့၏လက်များကို ပူးဆုပ်၍ပြောဆိုသည်။

ထိုလူငယ်များ၏အဆင့်အတန်းများသည် နိမ့်ပါးခြင်းမရှိဘဲ သူတို့အားလုံးသည် တပည့်ခေါင်းဆောင်များပင်။

ထိုသို့ဆိုသည့်တိုင် သူတို့သည် ယှဉ်ပြိုင်ပွဲနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ အတိအကျပြောဆိုနိုင်ခြင်းမရှိပေ။

သူတို့၏အမြင်အရ အကယ်၍ သူတို့သည် ရီဖုန်း၏အသေးစိတ်အချက်အလက်များကို ထွင်းဖောက်မမြင်နိုင်လျှင်ပင် ဝမ်ယီယွင်၏ထုတ်ဖော်ပြောဆိုခြင်းကိုခံရသော လူတစ်ယောက်သည် သာမာန်မဟုတ်နိုင်​ဟု တွေးထင်ထားကြသည်။

"ကောင်းပြီလေ...အချိန်ကျလာရင် ငါက မင်းတို့ကို ဂရုစိုက်ပေးမယ်။

ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။

ထိုစကားလုံးများ ကျရောက်လာသောအချိန်တွင် ကျန်းကျိုးနှင့်ကျန်းယိုတို့သည် သူတို့၏ခြေချောင်းများဖြင့် မြေပြင်ကို ထပ်မံ၍တူးလိုက်ကြ၏။

အိုး ဘုရားရေ....

ဂိုဏ်းများမှ တပည့်ခေါင်းဆောင်များကို တောင်ပေါ်သို့ပင် မတက်နိုင်သော ရီဖုန်းမှနေ၍ သူ ဂရုစိုက်ပေးနိုင်မည်ဟု အမှန်တကယ်ကို တွေးထင်လိုက်သလော။

ရီဖုန်း၏အစစ်အမှန်ခွန်အားကို သိရှိပြီးနောက် သူတို့ရှေ့ရှိ တပည့်ခေါင်းဆောင်များအားလုံး သူတို့အပေါ် အလွန်အမင်းဒေါသထွက်မည်ကို တွေးတောကြည့်၍ရနိုင်သည်။

သူတို့နှစ်ယောက်သား ရီဖုန်းကိုဆွဲခေါ်ရန် ဟန်ပြင်လိုက်ကြ၏။

ရီဖုန်းသည် စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုနေတာ သူတို့အား အနည်းငယ်မျှဂရုမစိုက်ချေ။

သူတို့နှစ်ယောက်သည် စိုးရိမ်ပူပန်နေသော်လည်းဘတခြားလူများ၏ရှေ့၌ ထိုကိစ္စကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆို၍မရပေ။ထို့ကြောင့် သူတို့သည် အံ့တင်းတင်းကြိတ်ကာ ရီဖုန်းကိုလျစ်လျှူရှုပြီး အခန်းအတွင်းသို့ ပြန်လာခဲ့ကြတော့သည်။

"အခုချိန်ကစပြီး ငါ တံခါးပိတ်ကျင့်ကြံတော့မယ်...ငါက အကဲဖြတ်စစ်ဆေးပွဲကြီး ပြီးဆုံးတဲ့အချိန်ထိ တံခါးပိတ်ကျင့်ကြံမယ်"

အခန်းတံခါးကိုပိတ်ပြီးနောက် ကျန်းကျိုးသည် အိပ်ယာပေါ်၌ပလ္လင်ခွေထိုင်ကာ သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။

"အမှန်ပဲ....ငါလည်း ယှဉ်ပြိုင်ပွဲကြီးပြီးတဲ့အထိ တံခါးပိတ်ကျင့်ကြံတော့မယ်....အဆုံးသတ်ကျရင် သူ့ကိုခေါ်ပြီးတော့ ဘာကိုမှမစဉ်းစားဘဲ ထွက်ပြေးရမယ်"

ကျန်းယိုကလည်း ပြောဆိုသည်။

သူတို့သည် ရီဖုန်း၏နောက်သို့ တလျှောက်လုံးလိုက်ပြီး သူတို့၏မျက်နှာပျက်ရခြင်းကြောင့် အရှက်ရခြင်းကို မခံစားလိုချေ။

ရီဖုန်းသည် သူ့အား မျက်နှာချိုသွေးနေသော လူငယ်တစ်စုနှင့် စကားစမြည်ပြောဆိုပြီးနောက် စုပိုင်ကိုခေါ်ကာ အရံခန်းမအတွင်းသို့ ဝင်ခဲ့လေ၏။

အမှန်အားဖြင့် ရီဖုန်းသည် သူ့ထံ၌ပြဿနာတစ်ရပ်ရှိနေသည်ကို မစဥ်းစားမိခြင်းမဟုတ်ချေ။

သူ့ထံတွင် အစစ်အမှန်အင်မော်တယ်၏အထက် အဆင့်ခြောက်ဆယ် ရှိနေသည့်တိုင် သူ မည်သည်ကြောင့် အလွန်လျှင်မြန်စွာသွားလာနိုင်ခြင်းမရှိသနည်း။

သူသည် တခြားလူများကဲ့သို့ နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံခဲ့ခြင်းမရှိဘဲ ထိုကျင့်ကြံဆင့်နယ်ပယ်ကို ညတွင်းချင်းရရှိလာခဲ့ခြင်းဖြစ်သည်။သူ လှေကားထစ်များကိုတက်သည်ကပင် မောပန်းနွမ်းနယ်မှုကို ခံစားရသည်။

ရီဖုန်းသည် သူ၏ကိုယ်ပိုင်ခွန်အားအပေါ် အနည်းငယ်သံသယဝင်နေပေ၏။

ဤသည်မှာ ဆိုးရွားသောခံစားချက်တစ်ခုပင်။

ဤကဲ့သို့ အခြေအနေတစ်ရပ်ဖြင့် ကြုံတွေ့နေရသဖြင့် သူသည် လက်တွေ့စမ်းသပ်ရန်အတွက် စုပိုင်ကို ရှာဖွေလိုက်သည်။

သူတို့နှစ်ယောက်သည် အရံခန်းမ၏စင်္ကြန်လမ်းမှနေ၍ အနောက်ဖက်တောင်သို့ဦးတည်၍ လျှောက်လှမ်းခဲ့သည်။

နောက်ဆုံး၌ သူတို့သည် မြေကွက်လပ်တစ်ခုသို့အရောက်တွင် ရပ်တန့်လိုက်၏။

"ပိုင်...ငါ့ကို တိုက်ခိုက်စမ်း"

ရီဖုန်းက နံဘေးတစ်ဖက်၌ မတ်တတ်ရပ်ကာ စုပိုင်ကိုပြောဆိုသည်။

"သခင်လေး ဘာလို့လဲ"

စုပိုင်သည် ဇဝေဇဝါဖြစ်သွားလေ၏။

"ဘာမှ မစိုးရိမ်နဲ့...မင်းက ငါ့ကို တိုက်ခိုက်ရုံပဲ...မင်း မှတ်ထားရမှာက အရင်ဆုံး မင်းရဲ့ခွန်အားတစ်ဝက်ကို အသုံးပြုပါ"

ရီဖုန်းက စုပိုင်ကို ရှင်းပြသည်။ရိုးရိုးသားသားဝန်ခံရလျှင် စနစ်မှနေ၍ သူ့အားလှည့်စားထားပါက အကယ်၍ စုပိုင် သူအားတိုက်ခိုက်လျှင် သူ ထိခိုက်ဒဏ်ရာရရှိသွားမည်ကို အမှန်တကယ်စိုးရိမ်နေမိသည်။

"အော်...ဟုတ်ကဲ့ပါ သခင်လေး"

စုပိုင်က ခေါင်းညိတ်ပြသည်။သူသည် ရီဖုန်းအား ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်မိမည်ကို အနည်းငယ်မျှစိုးရိမ်ခြင်းမရှိဘဲ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်သည် ရီဖုန်း၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားပေ၏။

"ဒါပဲလား...."

ရီဖုန်းက မေးခွန်းထုတ်လိုသော အမူအယာဖြင့် စုပိုင်ကို ကြည့်လိုက်သည်။ဤကောင်လေးသည် အလွန်အမင်း အားနည်းနေသည် မဟုတ်လော။

စုပိုင်၏လက်ဝါးရိုက်ချက် ကျရောက်လာချိန်တွင် သူသည် ခြင်တစ်ကောင်ကိုက်သွားသလောက်ပင် ခံစားရခြင်းမရှိချေ။

"မင်းရဲ့စွမ်းအားကုန်သုံးပြီးတော့ တစ်ချက်ထပ်ရိုက်စမ်း"

ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ စုပိုင်ကိုပြောဆိုသည်။

ထိုအချိန်တွင်...

ခန်းမအတွင်းမှထွက်ခွာသွားသော ဝမ်ယီယွင်နှင့်တခြားအကြီးအကဲများသည် မလှမ်းမကမ်းအကွာ၌ အကဲဖြတ်စစ်ဆေးပွဲနှင့်ပတ်သက်သည်ကိစ္စတချို့ကို တိုင်ပင်ဆွေးနွေးနေကြသည်။

ရုတ်ချည်းဆိုသလိုပင် ဝမ်ယီယွင်၏မျက်ခုံးများ မြင့်တက်သွားသည်။

"အဲ့ဒီနေရာကနေ အင်မော်တယ်စွမ်းအားလှုပ်ခတ်မှုတွေ ထွက်နေတာပါလား"

"ကြည့်ရတာတော့ တစ်ယောက်ယောက် တိုက်ခိုက်နေတဲ့ပုံပဲ"

ဝမ်ယီယွင်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"အဲ့ဒီနေရာမှာ တကယ့်ကိုပဲ အင်မော်တယ်စွမ်းအားလှုပ်ခတ်မှုတွေ ရှိနေတယ်"

လျှိုယွမ်ဟု အမည်ရသော တခြားအကြီးအကဲတစ်ယောက်ကလည်း ခေါင်းညိတ်ပြကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဒါ့ပြင် အဲ့ဒီအရှိန်အဝါအရဆိုရင် အရမ်းအစွမ်းထက်တဲ့ပုံပဲ"

"သွားကြစို့...ငါတို့ မြန်မြန်သွားပြီး တစ်ချက်ကြည့်ကြရအောင်"

ဝမ်ယီယွင်က အော်ဟစ်လိုက်သည်။

ထိုစကားလုံးများ ကျရောက်သွားပြီးနောက် သူတို့နှစ်ယောက်သည် အလင်းတန်းနှစ်တန်းအသွင်ပြောင်းလဲကာ အင်မော်တယ်စွမ်းအားလှုပ်ခတ်မှုများ ထွက်ပေါ်နေသောနေရာသို့ဦးတည်၍ တရကြမ်းအပြေးသွားလိုက်သည်။

ထိုနေရာသို့အရောက်တွင် သူတို့သည် ရီဖုန်းနှင့်စုပိုင်တို့ တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်ကာ တစ်စုံတစ်ခုအား ပြောဆိုနေသည်ကို မြင်တွေ့မိသည်။

"အဲ့ဒါက ရီဖုန်း မဟုတ်လား"

ဝမ်ယီယွင်သည် ရီဖုန်းကိုမြင်တွေ့ချိန်တွင် ဤသည်မှာ အစောပိုင်းက ခန်းမအတွင်း၌ သူမ မြင်တွေ့ခဲ့ရသောလူဖြစ်ကြောင်း အမှတ်ရသည်။

"သူ ဒီနေရာမှာ ဘာလုပ်နေတာလဲ"

ဝမ်ယီယွင်က တီးတိုးရေရွတ်လိုက်သည်။

"မင်း သူ့ကိုသိတာလား"

လျှိုယွမ်က မေးမြန်းသည်။

"သူက သန့်စင်ခြင်းတစ်ရာဂိုဏ်းကနေ အကဲဖြတ်စစ်ဆေးပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် စေလွှတ်လိုက်တဲ့လူပဲ"

ဝမ်ယီယွင်က တုံ့ပြန်သည်။

"လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်းရဲ့ တပည့်လား"

လျှိုယွမ်၏မျက်ခုံး မြင့်တက်သွားကာ ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ ခုဏကထွက်ပေါ်လာတဲ့ အင်မော်တယ်စွမ်းအားလှုပ်ခတ်မှုက ဒီအဆင့်နိမ့်ဂိုဏ်းရဲ့တပည့်ဆီကနေ လာတာလား"

ဝမ်ယီယွင်သည် တိတ်ဆိတ်ငြိမ်သက်နေလေ၏။

သူမသည်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး အံ့အားသင့်နေသည်။

အစောပိုင်းက ထွက်ပေါ်လာသော အင်မော်တယ်စွမ်းအားလှုပ်ခတ်မှုသည် ဤနေရာမှဖြစ်သည်မှာ သိသာထင်ရှားသည်။

သို့ရာတွင် ဤနေရာ၌ ရီဖုန်းနှင့်သူခေါ်ဆောင်လာသော အ​စေခံတပည့်သာ ရှိနေသည်။

ဖြစ်နိုင်သည်မှာ အစောပိုင်းက ထွက်ပေါ်လာသော အစွမ်းထက်သည့် စွမ်းအားလှုပ်ခတ်မှုသည် ဤလူနှစ်ယောက်ထံမှ ဖြစ်သလော...

သို့ရာတွင် သူတို့နှစ်ယောက် ဇဝေဇဝါဖြစ်နေစဉ်မှာပင် ရီဖုန်းမှနေ၍ စုပိုင်အား အော်ဟစ်လိုက်တွေကို သူတို့ကြားမိသည်။

"လာစမ်းပါ...မင်းရဲ့ခွန်အားကုန်သုံးပြီး ငါ့ကိုရိုက်စမ်း"

ထိုစကားများကိုကြားချိန်တွင် စုပိုင်သည် စကားတစ်ခွန်းမျှမဆိုဘဲ လှုပ်ရှားလိုက်၏။

သူ၏ကျင့်ကြံဆင့်စွမ်းအားအကုန်အစင်ကို အသုံးပြုကာ သူ၏လက်ဝါးဖြင့် ရီဖုန်း၏ရင်ဘတ်ကို ရိုက်လိုက်သည်။

ထိုလက်ဝါးရိုက်ချက် ထွက်ပေါ်လာချိန်တွင်...

ဝမ်ယီယွင်နှင့်လျှိုယွမ်တို့၏မျက်လုံးများ တပြိုင်နက်တည်း ပြူးကျယ်သွားသည်

သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။

ဤကဲ့သို့အရှိန်အဝါကို အနည်းဆုံးအနေဖြင့် အစစ်အမှန်အင်မော်တယ် ဒဿမအဆင့်ကျင့်ကြံသူတစ်ယောက်ထံတွင်သာ တွေ့ရှိနိုင်သည်။

ထို့ပြင်...

မည်သည်ကြောင့် ရီဖုန်းသည် ထိုအစေခံတပည့်အား တိုက်ခိုက်ရန် တောင်းဆိုခဲ့သနည်း...

သူတို့အား ပို၍ထိတ်လန့်စေသောအချက်မှာ ရီဖုန်းသည် သူ၏ရင်ကိုဖွင့်၍ ထိုရိုက်ချက်ကို ခံယူလိုက်သောကိစ္စပင်။

သူသည် သေဆုံးရမည်ကို မကြောက်လန့်သလော...

သူတို့၏စိတ်နှလုံးသားများအတွင်း၌ မေးခွန်းထုတ်လိုမှုများနှင့် ပြည့်နှက်သွားကာ ဤအချိန်အခိုက်အတန့်တွင် မည်သည့်အရာကို​မျှ စဉ်းစားတွေးတောနိုင်ခြင်း မရှိတော့ချေ။

ထိုအချိန်မှာပင်....

စုပိုင်၏ပြင်းထန်သောလက်သီးချက်သည် ရီဖုန်း၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားပေ၏။

ခပ်အုပ်အုပ်အသံတစ်သံသာ ထွက်ပေါ်လာကာ ဝါဂွမ်းကိုရိုက်ခတ်မိသည့်အလားပင်။

ထိုလက်ဝါးရိုက်ချက်မှစွမ်းအားသည် ချက်ချင်းပျက်ပြယ်သွားပေ၏။

နားဝေတိမ်တောင်ဖြစ်နေသော ဝမ်ယီယွင်နှင့်လျှိုယွမ်တို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူတို့၏ပါးစပ်များသည် ကြက်ဥတစ်လုံးဝင်စာပမာဏထိ ပွင့်ဟနေကာ နေရာမှာပင် ကြက်သေသေသွားကြ၏။

သူတို့ မည်သည့်အရာကို မြင်တွေ့လိုက်ရခြင်းဖြစ်သနည်း....

ဤရီဖုန်းသည် မည်သည့်ခုခံကာကွယ်မှုကိုမျှ မပြုလုပ်ဘဲ အစစ်အမှန်အင်မော်တယ် ဒဿမအဆင့် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားပြည့်ရိုက်ချက်ကို ပျက်ပြယ်သွားစေခဲ့သလော။ထို့ပြင် ရီဖုန်းသည် အနည်းငယ်​မျှ ထိခိုက်နာကျင်သွားခြင်းမရှိချေ။

"အကြီးအကဲဝမ် ဒီတစ်ယောက်က အကဲဖြတ်စစ်ဆေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် သန့်စင်ခြင်းတစ်ရာဂိုဏ်းကနေ လွှတ်လိုက်တဲ့လူဆိုတာ သေချာလား"

နောက်ဆုံး၌ လျှိုယွမ်၏ခန္ဓာကိုယ် တုန်ရီသွားကာ မယုံကြည်နိုင်သောအမူအယာဖြင့်မေးမြန်းသည်။

ဝမ်ယီယွင်၏နှုတ်ခမ်း ရှုံ့မဲ့သွားကာ ကြောင်စီစီဖြင့် တုံ့ပြန်သည်။

"ဒါက အမှန်ပဲလေ...."

ထိုအချိန်တွင် စုပိုင်၏ရိုက်ချက်ကို ခံရပြီးနောက် မည်သည့်အရာကိုမျှ မခံစားရသော ရီဖုန်းသည် ကူကယ်ရာမဲ့ဖြစ်သွားကာ မေးမြန်းလိုက်သည်။

"ပိုင် မင်းရဲ့ကျင့်ကြံဆင့်အခြေခံက ဘယ်အဆင့်မှာလဲ"

"အမ်...သခင်လေး ကျေးဇူးပြုပြီးတော့ ငါ့ကိုခွင့်လွှတ်ပေးပါ...ငါ့ရဲ့ကျင့်ကြံဆင့်အခြေခံက ဘယ်အဆင့်မှာလဲဆိုတာ ငါ မသိဘူး"

စုပိုင်က သူ၏ခေါင်းကိုကုတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် တုံ့ပြန်သည်။

အကြောင်းအရင်းမှာ သူ၏ကျင့်ကြံဆင့်အခြေခံကို သူ အမှန်တကယ် မသိရှိသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်ကဂိုဏ်း၏အ​စေခံတပည့်လေးတစ်ယောက်သာ ဖြစ်သဖြင့် သူ၏ခွန်အားသည် အစစ်အမှန်အင်မော်တယ် မည်သည့်အဆင့်၌ရှိနေသည်ကို သူ မသိရှိချေ။

"မင်းက မင်းရဲ့ကျင့်ကြံဆင့်အခြေခံကိုတောင် မသိဘူးလား"

ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။ဤအ​စေခံတပည့်လေးထံတွင် ဆိုးရွားသောဘဝ ရှိခဲ့ပုံပင်။

သို့ရာတွင် ဤသည်မှာ သူ့အတွက် ပြဿနာမရှိချေ။စုပိုင်၏ခွန်အား မည်မျှထိနိမ့်ပါးနေပါစေအနည်းဆုံးအနေဖြင့် သူထံတွင် ကျင့်ကြံဆင့်အခြေခံရှိနေသည်။သူသည်ကျင့်ကြံဆင့်အခြေခံရှိသော တစ်စုံတစ်ယောက်ထံမှရိုက်ချက်တစ်ချက်ကို တောင့်ခံနိုင်ခဲ့သဖြင့် စနစ်သည် သူ့အားလှည့်စားခြင်းမရှိဟု ဆိုလိုပေ၏။

သူ့ထံတွင်လည်း ကျင့်ကြံဆင့်အခြေခံ ရှိနေပေမည်။

ရီဖုန်းသည် ဤရလဒ်ကြောင့် အလွန်ပျော်ရွှင်သွားသည်။

သူ့ထံတွင် ကျင့်ကြံဆင့်အခြေခံရှိနေသဖြင့် ထန်းပဂိုဏ်းမှလူများ ခွန်အားအလွန်နည်းပါးသည်ကို သူ မြင်တွေ့နေရသည်မှာလည်း အမှန်ဖြစ်ပေမည်။

ဤကဲ့သို့ကိစ္စမျိုး ရှိနေသောကြောင့်..

သူသည် ယှဥ်ပြိုင်ပွဲနှင့်ပတ်သက်ပြီး အနည်းငယ်မျှ စိုးရိမ်ပူပန်ရန် မလိုတော့ချေ။

ဤအမှိုက်ကောင်တစ်သိုက်ဖြင့် ယှဉ်ပြိုင်ပြီးနောက် အင်မော်တယ်သလင်းကျောက်ငါးသိန်းကို ရှီချင်းဝူထံမှယူပြီးသည်နှင့် သူ့၏တပည့်သစ်ကို ဆက်လက်၍ရှာဖွေရပေမည်။

ရီဖုန်းသည် အလွန်အမင်းစိတ်ကျေနပ်သွားကာ စုပိုင်ကိုခေါ်၍ နေရာမှထွက်ခွာသွားတော့သည်။

အမှောင်ထုအတွင်း၌ရှိနေသော ဝမ်ယီယွင်နှင့်လျှိုယွမ်တို့သည် အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်း မရှိသေးချေ။

"ငါတို့ ဘာဆက်လုပ်ကြမလဲ"

လျှိုယွမ်က မေးမြန်းသည်။

"နင် ဘာကိုဆိုလိုတာလဲ"

ဝမ်ယီယွင်က လျှိုယွမ်ကို ကြည့်လိုက်၏။

"ငါ ဆိုလိုတာက မနက်ဖြန်ယှဉ်ပြိုင်ပွဲမှာ သူ တကယ်ကြီး ပါဝင်ယှဉ်ပြိုင်မှာလား"

လျှိုယွမ်က မေးမြန်းသည်။

"အင်း...သူက ဒီယှဉ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရောက်လာတဲ့သူပဲလေ...ဘာဖြစ်လို့လဲ"

ဝမ်ယီယွင်က ဇဝေဇဝါဖြင့်တုံ့ပြန်သည်။

"ငါ ဆိုလိုတာက တကယ်လို့ သူ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် အဲ့ဒီယှဉ်ပြိုင်ပွဲကြီးက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"

လျှိုယွမ်က ပြောဆိုသည်။

"ဒါက...."

ဝမ်ယီယွင်သည် ဆွံ့အသွားပေ၏။

Chapter 769

ဝမ်ယီယွင်သည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်တက်သွားပြီးနောက် ပြောဆိုသည်။

"ယှဉ်ပြိုင်ပွဲနဲ့စာရင် ပိုပြီးအရေးကြီးတဲ့ ကိစ္စတစ်ခုကို ငါ တွေးမိတယ်"

"မင်း ဆိုလိုတာက သန့်စင်ခြင်းတစ်ရာဂိုဏ်းလား"

လျှိုယွမ်က မေးမြန်းသည်။

"အမှန်ပဲ"

ဝမ်ယီယွင်က ပြောဆိုသည်။

"အဲ့ဒီရီဖုန်းက သန့်စင်ခြင်းတစ်ရာဂိုဏ်းကနေ အသစ်ခန့်အပ်ထားတဲ့ ဂိုဏ်းချုပ်ရှီချင်းဝူရဲ့ခင်ပွန်းလောင်းပဲ"

"ငါ မေးပါ့ရစေ...ဒီလူနှစ်ယောက်ရှိနေတဲ့ သန့်စင်ခြင်းတစ်ရာဂိုဏ်းက နောင်အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်လဲ"

ထိုစကားကိုကြားချိန်တွင် လျှိုယွမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ ဝမ်ယီယွင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

"အဲ့ဒီလူနှစ်ယောက်သာရှိနေရင် တကယ်လို့ သန့်စင်ခြင်းတစ်ရာဂိုဏ်းကနေ ငါတို့ထန်းပဂိုဏ်းကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်မယ်ဆိုရင်တောင် ငါတို့ဂိုဏ်းက မျက်နှာပျက်ရပြီးတော့ အဆုံးအစမဲ့တဲ့ရုန်းကန်မှုတွေ ကျရောက်လာနိုင်တယ်...ထန်းပဂိုဏ်းက ကူကယ်ရာမဲ့ဖြစ်ပြီးတော့ သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ယှဉ်ပြိုင်နိုင်တော့မှာမဟုတ်ဘူး"

"အမှန်ပဲ ဒါကြောင့် ငါ ဒီကိစ္စကို အလေးအနက်ထားရလိမ့်မယ်"

ဝမ်ယီယွင်က ပြောဆိုသည်။

အကယ်၍ ဤကိစ္စကို ကောင်းမွန်စွာမကိုင်တွယ်နိုင်ပါက ကြီးမားသောပြဿနာများ ဖြစ်ပွားလာနိုင်သည်။

"ဒီလိုဆိုမှတော့ ငါတို့က အရင်ဆုံး သန့်စင်ခြင်းတစ်ရာဂိုဏ်းကလူတွေကို ပြန်ပြီးနေရာချထားရလိမ့်မယ်"

ဝမ်ယီယွင်က ပြောဆိုသည်။

"ငါက ဘိုးဘေးနှစ်ယောက်ကိုလည်း သတင်းပို့လိုက်မယ်"

ဝမ်ယီယွင်သည် ထိုစကားကိုပြောဆိုပြီးနောက် သူတို့နှစ်ယောက်သား လမ်းခွဲ၍ထွက်ခွာခဲ့တော့သည်။

အရံခန်းမအတွင်း၌ လက်အောက်ခံဂိုဏ်းအမြောက်အများကို နေရာချထားသည်။ အကြီးအကဲလျှိုယွမ် ရောက်ရှိလာပြီးနောက် ခန်းမကိုစီမံအုပ်ချုပ်သော အပြင်စည်းအကြီးအကဲ၏လမ်းညွှန်မှုအောက်တွင် သူသည်သန့်စင်ခြင်းတစ်ရာဂိုဏ်း၏အခန်းထံသို့ ရောက်ရှိသွားသည်။

ထို့နောက် သူ အခန်းတံခါးကိုခေါက်လိုက်သည်။

အခန်းတံခါးကိုဖွင့်ပြီးနောက် ကျန်းကျိုးနှင့်ကျမ်းယိုတို့သည် ဇဝေဇဝါဖြင့်ထွက်လာကြ၏။

"အကြီးအကဲလျှိုယွမ် ရောက်လာတာကို မင်းတို့မမြင်....."

ခန်းမကိုအုပ်ချုပ်သော အပြင်စည်းအကြီးအကဲသည် သူ၏ပါးစပ်ကိုဖွင့်ဟကာ အော်ဟစ်ရန်ဟန်ပြင်လိုက်သည်။သို့ရာတွင် လျှိုယွမ်သည် သူ့၏လက်ကိုဝှေ့ယန်း၍ ထိုအပြင်စည်းအကြီးအကဲအား ကြားဖြတ်ဟန့်တားလေသည်။

"ထန်းပဂိုဏ်းရဲ့အကြီးအကဲဖြစ်တဲ့ လျှိုယွင်က သန့်စင်ခြင်းတစ်ရာဂိုဏ်းက အင်မော်တယ်မိတ်ဆွေနှစ်ယောက်ကို လာရောက်တွေ့ဆုံပါတယ်"

လျှိုယွင်က အလွန်အမင်းယဉ်ကျေးသောလေသံဖြင့် ပြောဆိုသည်။

"ဘာ...."

"ထန်းပဂိုဏ်းရဲ့အကြီးအကဲလား..."

ဤသည်မှာ ကျန်းကျိုးနှင့်ကျန်းယိုတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။လျှိုယွမ်သည် သူတို့အား အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသဖြင့် သူတို့သည် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိကြတော့ချေ။

"ကျန်းကျိုးနဲ့ကျန်းယိုတို့က အကြီးအကဲကို အရိုအသေပြုပါတယ်"

သူတို့နှစ်ယောက်သား အလျှင်အမြန်နှုတ်ဆက်လိုက်ကြကာ ရိုသေလေးစားသောအမူအယာဖြင့် သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။

"မင်းတို့နှစ်ယောက်က အရမ်းယဉ်ကျေးတာပဲ...ငါ့ကို အရိုအသေပြုဖို့ မလိုပါဘူး"

လျှိုယွမ်က သူတို့အား အလျှင်အမြန်တွဲထူကာ နံဘေးတစ်ဖက်တွင်ရှိနေသော အပြင်စည်းအကြီးအကဲကို ဆူပူကြိမ်းမောင်းလိုက်သည်။

"မင်းက သန့်စင်ခြင်းတစ်ရာဂိုဏ်းကလာတဲ့ အင်မော်တယ်မိတ်ဆွေတွေကို ဘာလို့ ဒီလိုနေရာမျိုးမှာ နေရာချထားတာလဲ...ဒါက ဘယ်လိုတောင် ယဉ်ကျေးမှုမရှိတဲ့ အပြုအမူမျိုးလဲ"

"မင်း အထူးဧည့်သည်တော်အခန်းတစ်ခန်းကိုပြင်ဆင်ပြီးတော့ သန့်စင်ခြင်းတစ်ရာဂိုဏ်းကလာတဲ့မိတ်ဆွေတွေကို နေရာချထားလိုက်စမ်း"

"ဟုတ်ကဲ့"

အပြင်စည်းအကြီးအကဲသည် မည်သည်ကြောင့်ဟု မမေးဝံ့သဖြင့် အမိန့်အတိုင်းလိုက်နာဆောင်ရွက်ရန် အလျှင်အမြန်ထွက်ခွာသွားတော့သည်။

အပြင်စည်းအကြီးအကဲ ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် လျှိုယွမ်က တောင်းပန်စကားပြောဆိုသည်။

"ဒီအပြင်စည်းအကြီးအကဲက စည်းမျဉ်းတွေကိုနားမလည်ဘူး...ဒါကြောင့် သူက သန့်စင်ခြင်းတစ်ရာဂိုဏ်းက အင်မော်တယ်မိတ်ဆွေတွေကို ပေါ့ပေါ့ဆဆဆက်ဆံခဲ့တယ်...ငါနဲ့အတူ အထူးဧည့်သည်တော်အခန်းကို မြန်မြန်လေးလိုက်ခဲ့ပါ...ငါတို့ အဲ့ဒီနေရာကိုရောက်သွားတဲ့အချိန်ကျရင် သူတို့ သန့်ရှင်းရေးလုပ်ပြီးလောက်ပြီ"

ထိုသို့ပြောဆိုပြီးနောက်...

လျှိုယွမ်သည် အပြုံးနှင့်ရှေ့မှဦးဆောင်ကာ လမ်းပြလိုက်တော့သည်။

ကျန်းကျိုးနှင့်ကျန်းယိုတို့သည် နေရာမှာပင် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။

သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်နေသည်။

သူတို့ရှေ့၌ ဖြစ်ပျက်ခဲ့သောအရာများကို သူတို့ မယုံကြည်နိုင်ကြချေ။

ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်နေသနည်း...

သာမာန်အားဖြင့် ထန်းပဂိုဏ်းမှ အပြင်စည်းအကြီးအကဲများနှင့်အစောင့်အရှောက်များသည် သူတို့ကဲ့သို့ လက်အောက်ခံဂိုဏ်းများမှလူများအပေါ် အထင်အမြင်သေးစွာ ဆက်ဆံ​ကြသဖြင့် အဆင့်မြင့်အကြီးအကဲများဆိုလျှင် ထည့်ပြောရန်ပင်မလိုချေ။ဝမ်ယီယွင်မှလွဲ၍ တခြားအဆင့်မြင့်အကြီးအကဲများသည် သူတို့ကဲ့သို့ လက်အောက်ခံဂိုဏ်းများအား လှည့်ကြည့်ခြင်းပင်မပြုမည်ကို သူတို့ စိုးရိမ်မိသည်။

သူတို့သည် လက်အောက်ခံဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများမဟုတ်ဘဲ အစောင့်အရှောက်များသာဖြစ်သည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင်မလိုချေ။

ထို့ပြင် သူတို့၏သန့်စင်ခြင်းတစ်ရာဂိုဏ်းသည် လက်အောက်ခံဂိုဏ်းများအနက် အားအကောင်းဆုံးမဟုတ်ပေ။

သို့ရာတွင် ယခုအချိန်၌ ထန်းပဂိုဏ်း၏အကြီးအကဲတစ်ယောက်သည် သူတို့အား အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေပေ၏။

သူသည် သူတို့အား အထူးဧည့်သည်တော်ခန်းမတွင် နေရာချထားရန် ပြင်ဆင်နေသလော...

မည်သည်ကြောင့် ဤသို့ ဖြစ်လာရသနည်း...

လမ်းတလျှောက်၌ သူတို့နှစ်ယောက်သည် ယိုင်တိုင်တိုင်ဖြစ်နေသောခြေလှမ်းများဖြင့် လျှောက်လှမ်းခဲ့ကြသည်။

သူတို့သည် တောင့်မခံနိုင်တော့သဖြင့် သတ္တိမွေးကာ လျှိုယွမ်ကို မေးမြန်းလိုက်ကြသည်။သို့ရာတွင် လျှိုယွမ်သည် ရယ်မောရုံမှအပ တခြားမည်သည့်စကားကိုမျှ မပြောဆိုချေ။

ဤသည်မှာ သူတို့နှစ်ယောက်ကို ပို၍ထိတ်လန့်တုန်လှုပ်သွားစေသည်။

သို့ရာတွင် သူတို့ ပို၍ထိတ်လန့်သွားသောကိစ္စမှာ အထူးဧည့်သည်တော်ခန်းမကို ရောက်ရှိပြီးနောက် သူတို့မျှော်လင့်ထားသည်ထက် များစွာပို၍သာလွန်နေသည်ကို သိရှိလိုက်ရသောကြောင့်ပင်။

ဤခန်းမအတွင်းတွင် စားကောင်းသောက်ဖွယ်များ အလျှံပယ်ရှိနေရုံသာမက ကျင့်ကြံဆင့်အရှိန်နှုန်းကို မြှင့်တင်ပေးနိုင်သော ဝင်္ကပါဖွဲ့စည်းပုံတစ်ခုလည်း ရှိနေသည်။

အဆိုးရွာဆုံးကိစ္စမှာ မလုံမလဲဝတ်ဆင်ထားသော အ​စေခံမလေးဆယ့်ရှစ်ယောက်ကို စီစဉ်ပေးထားခြင်းပင်။

သူတို့နှစ်ယောက်သည် ထိုင်ခုံပေါ်၌ပလ္လင်ခွေထိုင်ကာ သူတို့ရှေ့ရှိ စားကောင်းသောက်ဖွယ်များနှင့် ချောမောလှပသောအ​စေခံမလေးများကို ကြည့်လိုက်ကြသည်။

တခြားတစ်ဖက်တွင်..

ခန်းမတစ်ခုအတွင်းရှိ ထိပ်ဆုံးနေရာ၌ လူနှစ်ယောက် ပလ္လင်ခွေထိုင်နေသည်။

လူတစ်ယောက်သည် အနက်ရောင်ဝတ်ဆင်ထားကာ တခြားတစ်ယောက်သည် အဖြူရောင်ကိုဝတ်ဆင်ထားသည်။ဤသည်မှာ ထန်းပဂိုဏ်း၏ ထိပ်သီးတည်ရှိမှုကြီးများဖြစ်ပြီး ယခုလက်ရှိချိန်တွင် ဂိုဏ်းကိုစီမံအုပ်ချုပ်နေသူများပင်။

အဖြူရောင်ဝတ်စုံဝတ်လူ၏အမည်မှာ သန်းချောင်ဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်လူ၏အမည်မှာ ကျန်းရှင်းပင်။

သူတို့နှစ်ယောက်သည် နံဘေးတွင်ရှိနေသော ဝမ်ယီယွင်ထံမှသတင်းပို့မှုကို နားထောင်ပြီးနောက် အံ့အားသင့်သွားကာ သူတို့၏မျက်လုံးများကို တပြိုင်နက်တည်းဖွင့်လိုက်ကြသည်။

"ဘာအမှားမှမရှိတာ သေချာလား"

သန်းချောင်က ပြောဆိုသည်

"ဘိုးဘေးတို့ကို သတင်းပို့ဖို့ပါတယ်...ဘာအမှားမှ မရှိဘူးဆိုတာကို ကျွန်မ အတည်ပြုပြီးပါပြီ"

ဝမ်ယီယွင်က ဦးညွှတ်အရိုအသေပြုကာ ရိုသေလေးစားစွာပြောဆိုသည်။

"တကယ်တော့ ဒီငယ်သားရဲ့စွမ်းအားက အရမ်းနိမ့်နေတယ်...ဒါကြောင့် ကျွန်မက စုပိုင်ရဲ့ခွန်အားကို အကြမ်းဖျဥ်းပဲ မြင်တွေ့နိုင်တယ်...ရီဖုန်းရဲ့ခွန်အားအတိအကျကို မခန့်မှန်းနိုင်ဘူး"

"ဒါပေမဲ့ စုပိုင်ရဲ့ခွန်အားက အစစ်အမှန်အင်မော်တယ် သတ္တမအဆင့်မှာရှိနေတယ်လို့ မင်းက ပြောနေမှတော့...ရီဖုန်းက အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်မှာ ရှိနေနိုင်တယ်"

ကျန်းရှင်းက ထိုသို့ပြောဆိုပြီးနောက် သန်းချောင်ကို ကြည့်လိုက်သည်။

"မင်း ဘယ်လိုထင်လဲ"

"အမှန်ပဲ...စုပိုင်ရဲ့ခွန်အားက မင်း ပြောတာအမှန်ဆိုရင်...ရီဖုန်းရဲ့ခွန်အားက အဲ့ဒီအဆင့်မှာ ရှိနေနိုင်တယ်"

သန်းချောင်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလေ၏။

"သူက အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်မှာပဲ ရှိတာလား"

ဝမ်ယီယွင်က အံ့အားတသင့်ပြောဆိုသည်။

"သူက စုပိုင်ရဲ့လက်ဝါးရိုက်ချက်ကို ခုခံနိုင်ပြီးတော့ ဘာထိခိုက်ဒဏ်ရာမှ မရခဲ့ဘူးလေ"

"ဟား ဟား ဟား...သူက အဲ့ဒီအဆင့်မှာပဲရှိနေနိုင်တယ်"

ကျန်းရှင်းက ပြောဆိုသည်။

"အကြီးအကဲဝမ်....မင်းလည်း အစစ်အမှန်အင်မော်တယ်တစ်ယောက်ပဲလေ...အစစ်အမှန် အင်မော်တယ်ကျင့်ကြံဆင့်နယ်ပယ်မှာ တစ်ဆင့်နဲ့တစ်ဆင့်​ကြား ကွာဟချက် ဘယ်လောက်ထိကြီးမားတယ်ဆိုတာ မင်း သိသင့်တယ်"

"အစစ်အမှန်အင်မော်တယ်ရဲ့မျက်လုံးရှေ့မှာ နေလအင်မော်တယ်တွေရဲ့ခွန်အားက ကလေးတစ်ယောက်နဲ့အတူတူပဲ"

"အစစ်အမှန်အင်မော်တယ်နယ်ပယ်ကိုရောက်လာတဲ့အချိန်ကျရင် အဆင့်တစ်ဆင့်နဲ့တစ်ဆင့်​ကြား ကွာဟချက်အရမ်းကြီးမားသွားပြီ...အထူးသဖြင့် ဒဿမအဆင့်ရဲ့အထက်မှာပဲ"

"ဒါကြောင့် အစစ်အမှန်အင်မော်တယ် ဒဿမအဆင့်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်လူတစ်ယောက်က ဘာထိခိုက်ဒဏ်ရာမှမရဘဲ ခုခံနိုင်တယ်ဆိုတာ မထူးဆန်းဘူး...အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်မှာရှိတဲ့လူတိုင်း ဒါကိုလုပ်နိုင်တယ်"

ကျန်းရှင်းက ဝမ်ယီယွင်ကို ရှင်းပြသည်။

ဝမ်ယီယွင်က ခေါင်းညိတ်ပြလိုက်သော်လည်း သူမထံ၌ သံသယများရှိနေဆဲပင်။

"ကျွန်မက အတင့်ရဲပြီးတော့ ဘိုးဘေးနှစ်ယောက်ကို မေးပါရစေ...သူက ဘာလို့အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်ရဲ့အထက်မှာ ရှိမနေနိုင်တာလဲ"

သူမက မေးမြန်းသည်။

"အကြောင်းကတော့ လောကကြီးက အရမ်းကြီးမားကျယ်ပြန့်လို့ပဲ"

ကျန်းရှင်းက စိတ်ခံစားချက်အပြည့်ဖြင့် တုံ့ပြန်အဖြေပေးသည်။

"ငါတို့အင်မော်တယ်နယ်မြေကို ဥပမာယူပြီးကြည့်လေ...

ငါတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားတွေက တခြားနယ်မြေတွေထက် အများကြီးပိုမြင့်မားပေမယ့် အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်ငါးအထက်မှာရှိတဲ့ ကျင့်ကြံသူတွေအားလုံး ပြင်ပစက်ဝန်းနံရံကြီးကို စောင့်ကြပ်နေကြတယ်"

"ဒါကြောင့် တကယ်လို့ သူက အစစ်အမှန်အင်မော်တယ်အဆင့်ဆယ့်ငါးမှာရှိနေတယ်ဆိုရင် ဒီနေရာမှာ ထွက်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဒါ့ပြင် အစစ်အမှန်အင်မော်တယ်အဆင့်ဆယ့်ငါးရဲ့အောက်မှာရှိတဲ့ အဆင့်ဆယ့်သုံးနဲ့အဆင့်ဆယ့်လေး ကျင့်ကြံသူတွေက လက်တစ်ဖက်နဲ့ချိုးပြီးတော့ ရေလို့တဲ့အထိ အရမ်းနည်းတယ်...

အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်ရဲ့အောက်မှာရှိတဲ့ ကျင့်ကြံသူတချို့ကပဲ ဒီလောကကြီးထဲမှာ သူတို့ကိုယ်သူတို့ ဖုံးကွယ်ပြီးတော့နေကြတယ်"

"ဒါကြောင့် အဲ့ဒီလူရဲ့ခွန်အားကို ဖော်ထုတ်နိုင်တာပဲ"

"ကျွန်မ သိပြီ"

ထိုအချိန်ကျမှသာ ဝမ်ယီယွင်သည် နားလည်သဘောပေါက်သွားပေ၏။ကြည့်ရသည်မှာ ရီဖုန်းသည် အမှန်တကယ်ကို အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်တစ်ယောက်ဖြစ်ပုံပင်။

သို့ရာတွင် ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်ရှိသူတစ်ယောက်ကို သိုင်းပညာနယ်မြေအတွင်း၌ အထွတ်အထိပ်တည်ရှိမှုကြီးတစ်ခုဟု သတ်မှတ်နိုင်သည်။

သူမတို့၏ထန်းပဂိုဏ်းကို ဥပမာယူ၍ကြည့်လိုက်လျှင် ရီဖုန်းထက်သာလွန်သူဟူ၍ အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်သုံးဖြစ်သော ကျန်းရှင်းနှင့်သန်း​ချောင်တို့နှစ်ယောက်သာရှိသည်။

"ဒါဆိုရင် ကျွန်မ ဘာဆက်လုပ်ရမလဲ"

ဝမ်ယီယွင်က မေးမြန်းသည်။

"မင်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှစိုးရိမ်ပူပန်မို့ မလိုဘူး...မနက်ဖြန်ကျရင် ယှဉ်ပြိုင်ပွဲကြီးစတော့မယ်...မင်းက ယှဉ်ပြိုင်ပွဲကြီးကိုဖွင့်လှစ်တဲ့နေရာမှာ သာမန်အတိုင်း တာဝန်ယူရမယ်...ကျန်တဲ့ကိစ္စတွေကိုတော့ ငါတို့ ကိုင်တွယ်ဖြေရှင်းလိုက်မယ်"

သန်းချောင်က သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"ဟုတ်ကဲ့...ဒီငယ်သားက သဘောပေါက်ပါပြီ"

ယခုအချိန်တွင် ဘိုးဘေးနှစ်ယောက်သည် ထိုကိစ္စကို သိရှိသွားပြီဖြစ်သောကြောင့် သူမ စီမံအုပ်ချုပ်ရန် မလိုတော့ကြောင်း ဝမ်ယီယွင်က နားလည်သဘောပေါက်သွားသည်။ထို့ကြောင့် သူမက ဦးညွှတ်အရိုအသေပြုကာ ခန်းမအတွင်းမှထွက်ခွာလိုက်၏။

ဝမ်ယီယွင် ထွက်ခွာသွားပြီးနောက် သန်းချောင်က အပြုံးနှင့် ကျန်းရှင်းကို ကြည့်လေသည်။

"ဒီယှဥ်ပြိုင်ပွဲမှာ အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"အမှန်ပဲ...သူက နိမ့်ကျတဲ့ သန့်စင်ခြင်းတစ်ရာဂိုဏ်းမှာ ပုန်းကွယ်နေတယ်"

ကျန်းရှင်းက အပြုံးနှင့်တုံ့ပြန်သည်။

"သူက သန့်စင်ခြင်းတစ်ရာဂိုဏ်းမှာ ပုန်းကွယ်နေတာမဟုတ်ဘူး....သူက အလှခံတပ်ကို မကျော်လွှားနိုင်တာပဲဖြစ်မယ်"

သန်းချောင်က အပြုံးနှင့် ပြောဆိုလေ၏။

"သန့်စင်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်တဲ့ ရှီချင်းဝူက မိန်းမလှလေးတစ်ယောက်လို့ ငါ ကြားထားတယ်...သူ့ရဲ့ထူးချွန်တဲ့ပါရမီ ပြတ်သားတဲ့နည်းလမ်းတွေနဲ့ ပေါင်းစပ်လိုက်ရင် ခုလိုကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ရှေ့မှာ ကျရှုံးသွားတာ သာမာန်ပါပဲ"

"အတိုချုပ်ပြောရရင် ဒီကျောထောက်နောက်ခံရှိနေတာကြောင့် သန့်စင်ခြင်းတရားဂိုဏ်းက အောင်မြင်မှုတွေရလာမှာ မလွဲမသွေပဲ"

"မင်းပြောတာ မှန်တယ်.. ဒါကြောင့် သူ ဒီတကြိမ် ဒီနေရာကို ရောက်လာတာက ယှဉ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်တယ်ဆိုတာလောက် မရိုးရှင်းမှာကို ငါ စိုးရိမ်မိတယ်"

ကျန်းရှင်းက ပြောဆိုသည်။

"နောင်အနာဂတ်မှာ သန့်စင်ခြင်းတစ်ရာဂိုဏ်းက ငါတို့ရဲ့လက်အောက်ခံဂိုဏ်းငယ်လေးတစ်ဂိုဏ်း မဟုတ်တော့ဘူးဆိုတာကို သူ ငါတို့ဆီ လာပြောတယ်ဆိုတာ သိသာတယ်"

"စိတ်ဝင်စားစရာပဲ"

သန်းချောင်က ပြုံးလိုက်သည်။

"သူ ရှိနေမှတော့ သန့်စင်ခြင်းတစ်ရာဂိုဏ်းကလည်း နိမ့်ကျတဲ့ဂိုဏ်းတစ်ဂိုဏ်း မဟုတ်တော့မှာသေချာပေါက်ပဲ...ဒါပေမယ့် ဘယ်အဆင့်အထိ သွားနိုင်မလဲဆိုတာကို ငါ သေချာမပြောနိုင်ဘူး"

"မနက်ဖြန်ယှဉ်ပြိုင်ပွဲကို သူတော်စင်တောင်နန်းတော်မှာ ကျင်းပမယ်...မင်း ငါနဲ့အတူသွားမှာလား"

ကျန်းရှင်းက သူ၏ခေါင်းကိုတိမ်းစောင်းကြည့်ကာ မေးမြန်းသည်။

"ငါ သွားမယ်....ငါလည်း သူ့ကို တွေ့ချင်တယ်"

သန်းချောင်က ပြောဆိုသည်။

"သူ့ရဲ့ခွန်အား ဘယ်လောက်ထိရှိလဲဆိုတာ ငါ သိချင်တယ်...တကယ်လို့ သူ့ရဲ့ခွန်အားက ငါ့ကိုအထင်ကြီးစေမယ်ဆိုရင် သူ့ရဲ့သန့်စင်ခြင်းတစ်ရာဂိုဏ်းက ငါတို့ထန်းပဂိုဏ်းရဲ့ဂိုဏ်းခွဲတစ်ခုဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး"

Chapter 770

နောက်တစ်နေ့တွင်...

ထန်းပဂိုဏ်း၏ သူတော်စင်တောင်နန်းတော်၌....

ဤနေရာ၌ လက်အောက်ခံဂိုဏ်းများမှလူများအားလုံး စုဝေးနေသည်။

ဝမ်ယီယွင်နှင့်လျှိုယွင်တို့သည် စင်မြင့်ပေါ်၌ မတ်တတ်ရပ်နေကာ သူတို့၏နံဘေး၌ တူညီဝတ်စုံဝတ်ဆင်ထားသော လူငယ်အမြောက်အများရှိနေသည်။

ထိုလူငယ်များအနက်မှတစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားသော အမူအယာတစ်ရပ်ရှိနေကာ ယနေ့ယှဉ်ပြိုင်ပွဲကြီးအပေါ် သူတို့ထံတွင် အလွန်အမင်းခိုင်မာသော ယုံကြည်ချက်များရှိသည်။

အကြောင်းအရင်းမှာ ဤယှဥ်ပြိုင်ပွဲကြီးသည်ယခင်ကတည်းက သူတို့အတွက်ရည်ရွယ်၍ ကျင်းပထားသောကြောင့်ပင်။

လက်အောက်ခံဂိုဏ်းများမှ တပည့်များအတွက်မူ သူတို့အား ထိုဂိုဏ်းများတွင် ပါရမီရှင်များဟုခေါ်ဆိုသော်လည်း ထန်းပဂိုဏ်းအတွင်း၌ အရေးမပါလှချေ။

လက်အောက်ခံဂိုဏ်းများမှအကြီးအကဲများသည် သူတို့၏တပည့်များကို အားပေးစကားများ ပြောဆိုနေကြ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့၏တပည့်များသည် ထန်းပဂိုဏ်းမှတပည့်များ၏ ပြိုင်ဘက်များမဖြစ်နိုင်သည်ကို သူတို့ သိရှိပြီးဖြစ်သည်။အတိုချုပ်ပြောဆိုရလျှင် သူတို့၏တပည့်များ အောင်မြင်မှုရယူနိုင်ရန်မှာ လက်အောက်ခံဂိုဏ်းများအကြား၌ မည်မျှထိအဆင့်ကောင်းကောင်းရမည်ဟူသော အချက်နှင့် ဆုံးဖြတ်ရပေမည်။

"ယှဉ်ပြိုင်ပွဲအတွက် စည်းမျဉ်းတွေကို ထုတ်ပြန်ကြော်ညာမယ်"

ထိုအချိန်မှာပင် ဝမ်ယီယွင်၏ချိုသာသောအသံ ထွက်ပေါ်လာသည်။

"ယှဉ်ပြိုင်ပွဲကြီး စတင်တဲ့အချိန်မှာ နင်တို့ကို သူတော်စင်တောင်နန်းတော်ဆီ ပို့ဆောင်ပေးမယ်....ယှဉ်ပြိုင်ပွဲအားလုံးကို သူတော်စင်တောင်နန်းတော်မှာ ကျင်းပမယ်"

"သူတော်စင်တောင်နန်းတော်က ငါတို့ရဲ့ဂိုဏ်းကစီနီယာတွေ တည်ဆောက်ထားခဲ့တဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ...အဲ့ဒီနေရာမှာ ဝင်္ကပါဖွဲ့စည်းပုံအမျိုးမျိုးကို ခင်းကျင်းထားတယ်"

"ယှဉ်ပြိုင်ပွဲကြီးရဲ့ပထမအဆင့်က သူတော်စင်တောင်နန်းတော်ရဲ့ပင်မလမ်းကြောင်းကို ဖြတ်သွားဖို့ပဲ...အဲ့ဒီပင်မလမ်းကြောင်းက မိုင်တစ်ရာကျော် ရှည်လျားတယ်...လမ်းကြောင်းတလျှောက်မှာ ရိုးရှင်းတဲ့ စက်ယန္တရားဝင်္ကပါတွေအပြင် အကွေ့အကောက်ဝင်္ကပါတွေ သတ်ဖြတ်ခြင်းဝင်္ကပါတွေနဲ့ ပုံရိပ်ယောင်ဝင်္ကပါတွေရှိတယ်....ဒါ့ပြင် ယှဉ်ပြိုင်သူတွေကို အာရုံထွေပြားသွားစေနိုင်တဲ့ ကူပြောင်ရေးဝင်္ကပါတွေလည်းရှိတယ်...ဥပမာအနေနဲ့ဆိုရင် နင်တို့ကအဆုံးသတ်ကို ရောက်ခါနီးအချိန်မှာ မတော်တဆ ကူးပြောင်းရေးဝင်္ကပါထဲကိုဝင်မိပြီးတော့ စမှတ်ကိုပြန်ရောက်သွားနိုင်တယ်.. ဒါ့ပြင် လမ်းကြောင်းရဲ့အဆုံးသတ်မှာ ငါတို့ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ကစောင့်ကြပ်နေလိမ့်မယ်...အဲ့ဒီအစောင့်အကြပ်က သူ့ရဲ့ခွန်အားကိုဖိနှိပ်ထားပြီးတော့ နင်တို့ကိုတိုက်ခိုက်လိမ့်မယ်....နင်တို့ရဲ့ခွန်အားရှစ်ဆယ်ရာခိုင်နှုန်းကိုအသုံးပြုပြီးတော့ သူ့ကိုအနိုင်ယူနိုင်မယ်ဆိုရင် ပထမအဆင့်ကို ဖြတ်ကျော်နိုင်ပြီ"

"ပထမအဆင့်ကို အောင်မြင်သွားပြီဆိုတာနဲ့ နင်တို့က ဒုတိယအဆင့်ကို ချက်ချင်းဝင်ရလိမ့်မယ်...ဒုတိယအဆင့်က သူတော်စင်တောင်နန်းတော်ရဲ့အစစ်အမှန်နယ်မြေဖြစ်ပြီးတော့ အဲ့ဒီနေရာမှာ ငါတို့ဂိုဏ်းနဲ့စာချုပ်ချုပ်ဆိုထားတဲ့ မှော်သားရဲတွေရှိနေတယ်...အဲ့ဒီမှော်သားရဲတွေက အရမ်းသန်မာအားကောင်းတယ်...တကယ်လို့ နင်တို့က အဲ့ဒီမှော်သားရဲတွေကို မယှဥ်ပြိုင်နိုင်ဘူးဆိုရင် အချိန်မရွေး ပြန်ထွက်လာလို့ရတယ်...ဒါကြောင့် ယှဉ်ပြိုင်ပွဲကြီးမစတင်ခင်မှာ ငါက နင်တို့တစ်ယောက်ချင်းစီကို ကူးပြောင်းရေးကျောက်စိမ်းပြားတစ်ခုစီ ပေးမယ်...တကယ်တော့ အဲ့ဒီကျောက်စိမ်းပြားကို အသုံးပြုပြီး ထွက်လာမယ်ဆိုရင် နင်တို့က ယှဥ်ပြိုင်ပွဲကို အရှုံးပေးလိုက်တာနဲ့ အတူတူပဲ...ဒါကြောင့် ဒုတိယအဆင့်က နင်တို့ရဲ့ခွန်အားကိုစမ်းသပ်ရုံတင်မကဘူး ကံကြမ္မာကိုလည်းစမ်းသပ်တာပဲ...နင်တို့က လမ်းတစ်လျှောက်မှာ အင်အားနိမ့်ပါးတဲ့ မှော်သားရဲတွေနဲ့ တွေ့နိုင်သလို နင်တို့ မယှဉ်ပြိုင်နိုင်တဲ့ မှော်သားရဲတွေနဲ့လည်း တွေ့နိုင်တယ်...အဲ့ဒီအချိန်ကျရင် နင်တို့က ပြတ်ပြတ်သားသားရှောင်တိမ်းပြီးတော့ အပြင်ကိုထွက်လာရလိမ့်မယ်"

"ပထမအဆင့်နှစ်ဆင့်ကို ဖြတ်ကျော်နိုင်တဲ့လူတွေအတွက်ကတော့ နင်တို့အသုံးပြုခဲ့တဲ့အချိန်အရ အမှတ်ပေးမယ်...တစ်ချိန်တည်းမှာပဲ နင်တို့တွေက တတိယအဆင့်ဖြစ်တဲ့ တိုက်ခိုက်ခြင်းကွင်းပြင်ထဲကို ဝင်နိုင်လိမ့်မယ်...ဒီတိုက်ခိုက်ခြင်းကွင်းပြင်မှာတော့ မဲနှိုက်ပြီးတော့ ယှဉ်ပြိုင်ရလိမ့်မယ်....ရလဒ်ပေါ်မူတည်ပြီးတော့ နင်တို့ရဲ့ရမှတ်တွေကို ပေါင်းတာ ဒါမှမဟုတ် နှုတ်တာမျိုး လုပ်ရလိမ့်မယ်"

"အဆုံးသတ်မှာတော့ အဆင့်သတ်မှတ်ချက်က စုစုပေါင်းရမှတ်ပေါ် မူတည်တယ်"

"နောက်ဆုံးအနေနဲ့ ငါ နင်တို့ကို သတိပေးချင်တာက....ငါတို့က တတိယအဆင့်ရဲ့တိုက်ခိုက်ရေးကွင်းပြင်မှာ နင်တို့ကို စောင့်ဆိုင်းနေမယ်...ပထမအဆင့်နှစ်ဆင့်မှာ နင်တို့က အစောင့်အကြပ်တွေကလွဲပြီးတော့ တခြားလူတစ်ယောက်ကို တွေ့ရမှာမဟုတ်ဘူး...ဒါကြောင့် တကယ်လို့ နင်တို့ မဖြေရှင်းနိုင်တဲ့အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့မယ်ဆိုရင် ကျောက်စိမ်းပြားကို​ ချိုးပြီးတော့ အချိန်မီထွက်လာခဲ့ပါ...နင်တို့ရဲ့အသက်ကို ဆုံးရှုံးခံတာထက် ယှဥ်ပြိုင်ပွဲကိုလက်လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်"

ဝမ်ယီယွင်၏ အင်မော်တယ်စွမ်းအားများ ရောယှက်နေသောအသံက လူအုပ်အကြား၌ ပျံ့နှံ့သွားကာ ယှဥ်ပြိုင်ပွဲကြီး၏စည်းမျဉ်းများကို လူတိုင်းအား ရှင်းပြလိုက်၏။

ထိုအချိန်မှာပင် လျှိုယွမ်က သူမ၏နံဘေးသို့ လျှောက်လှမ်းသွားကာ တီးတိုးပြောဆိုသည်။

"အကြီးအကဲဝမ်...ငါ မင်းကို သတင်းပို့ရမယ့် ကိစ္စတစ်ခုရှိနေတယ်"

"ဘာကိစ္စလဲ"

ဝမ်ယီယွင်က ရပ်တန့်ကာ မေးမြန်းလိုက်သည်။

"ပထမအဆင့်ရဲ့အစောင့်အကြပ်က ငါ မဟုတ်တော့ဘူး...အဲ့ဒီနေရာကို ဘိုးဘေးသန်းချောင်ကိုယ်တိုင် စောင့်ကြပ်လိမ့်မယ်"

လျှိုယွမ်က ပြောဆိုသည်။

"ဘာ....ဘိုးဘေးသန်းချောင်ကိုယ်တိုင် အဲ့ဒီထွက်ပေါက်ကို စောင့်ကြပ်မှာလား"

ဝမ်ယီယွင်သည် အနည်းငယ်အံ့အားသင့်သွားပေ၏။

သို့ရာတွင် ဘိုးဘေးသန်းချောင်မှနေ၍ ထိုနေရာကို ကိုယ်တိုင်ကိုယ်ကျစောင့်ကြပ်ခြင်းမှာ ရီဖုန်းကြောင့်ဖြစ်ကြောင်း သူမ၏စိတ်နှလုံးသားအတွင်းမှ သိရှိထားသည်။

ထိုကြောင့် သူမ၏အံအားသင့်မှုကို ထိန်းသိမ်းကာ မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့သည့်အလား ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး ကျောက်စိမ်းပြားတွေကို လာယူပြီးတော့ ယှဉ်ပြိုင်ပွဲထဲကို ဝင်ကြတော့"

ဝမ်ယီယွင်က ​ကျယ်လောင်သောအသံဖြင့် ထုတ်ပြန်ကြော်ညာသည်။

သူမ၏ထုတ်ပြန်ကြော်ညာမှုအောက်တွင် လက်အောက်ခံဂိုဏ်းများမှ တပည့်များသည် သူတို့၏အကြီးအကဲများထံမှ အားပေးနှစ်သိမ့်မှုကိုခံယူပြီးနောက် သူတော်စင်တောင်နန်းတော်အတွင်းသို့ ကူးပြောင်းသွားတော့သည်။

"အင်း...ငါ တစ်ခုလောက် မေးပါရစေ..ငါတို့က ပင်မလမ်းကြောင်းကို ဖြတ်ကျော်တဲ့နေရာမှာ မှော်သားရဲတွေ ဒါမှမဟုတ် ပျံသန်းနိုင်တဲ့မှော်ရတနာတွေကို အသုံးပြုလို့ရလား"

ရီဖုန်းသည် သူ့၏လက်အတွင်း၌ ကျောက်စိမ်းပြားကိုကိုင်ပြီး ဝမ်ယီယွင်ကို မေးမြန်းသည်။

"ဒီအဆင့်မှာ ဘာကိုမှ ကန့်သတ်မထားဘူး"

ဝမ်ယီယွင်က ရီဖုန်းကိုကြည့်ကာ နူးညံညင်သာစွာပြောဆိုသည်။

"အင်း ဒါက အရမ်းကောင်းတယ်"

ရီဖုန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။အကယ်၍ ဤလမ်းကြောင်းတလျှောက် ပြေးလွှား၍သွားရမည်ဆိုပါက သူ၏ခြေထောက်များ ကျိုးသွားနိုင်သည်မဟုတ်လော။

ထို့နောက် သူသည် ကျောက်စိမ်းပြားကိုကိုင်ကာ သူတော်စင်တောင်နန်းတော်အတွင်းသို့ ကူးပြောင်းဝင်ရောက်သွားတော့သည်။

"ဝင်သွားပြီ...အထဲကို ဝင်သွားပြီ"

လူအုပ်အကြား၌ ကျန်းကျိုးနှင့်ကျမ်းယိုတို့သည် ထောင့်တစ်နေရာ၌ပုန်းအောင်းကာ ရီဖုန်း အတွင်းသို့ဝင်ရောက်သွားသည်ကို စောင့်ကြည့်နေကြ၏။

"ဟူး သူ နောက်ဆုံးတော့ ဝင်သွားပြီ"

ကျန်းကျိုးက စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်သည်။ဤသည်မှာ သူတို့သည် ရီဖုန်းကို လိုက်လံ၍ပို့ဆောင်မပေးလိုခြင်းကြောင့်မဟုတ်ချေ။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ ရီဖုန်းသည် ကျောက်စိမ်းပြားကိုချိုး၍ ပြန်ထွက်လာပါက သူတို့အတွက်အရှက်ရစရာဖြစ်မည်ကို သူတို့ တွေးတောမိသောကြောင့်ပင်။

ယခုအချိန်တွင် ရီဖုန်း အတွင်းသို့ဝင်ရောက်သွားသဖြင့် အဆင်ပြေသွားလေပြီ။

ဤနေရာမှနေ၍ ရီဖုန်းပြန်ထွက်လာမည့်အချိန်ကို သူတို့ စောင့်ဆိုင်းရပေမည်။ရီဖုန်း ပြန်ထွက်လာသည်နှင့် သူတို့သည် သူ့အားခေါ်ဆောင်ကာ သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ ချက်ချင်းပြန်ရပေမည်။

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် သူတော်စင်တောင်နန်းတော်၏ ပင်မလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီးလေပြီ။ပတ်ဝန်းကျင်ကိုဝေဝိုက်ကြည့်ပါက သူသည် ထူထပ်သိပ်သည်းသော မြူခိုးများအကြား၌ရှိနေသည့်အလား အရာအားလုံးဝေဝါးနေသည်။

ဤပင်မလမ်းကြောင်း မည်မျှထိကျယ်ပြန့်သည်ကို သူ မသိရှိချေ။ပြောရမည်ဆိုလျှင် ရီဖုန်းသည် ဤနေရာသို့ ဝင်ရောက်ပြီးနောက် တခြားမည်သည့်ယှဉ်ပြိုင်သူကို​မျှ မမြင်တွေ့ရတော့ပေ။

ရံဖန်ရံခါတွင် သူ၏နောက်သို့ ကူးပြောင်းဝင်ရောက်လာသော တပည့်တချို့ ရောက်ရှိလာသော်လည်း ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးပြီးနောက် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။သူတို့ မည်သည့်နေရာအား ရောက်ရှိသွားသည်ကို သူ မသိရှိချေ။

"ဝင်္ကပါလား..."

"ဒီနေရာမှာ ဝင်္ကပါတွေ အများကြီးရှိနေတယ်.. ငါက ဝင်္ကပါဖွဲ့စည်းပုံအကြောင်းကို ဘာမှမသိဘူး"

ရီဖုန်းသည် ပတ်ဝန်းကျင်ရှိမြူခိုးများကို တစ်ချက်ကြည့်ပြီးနောက် သူ၏ခေါင်းကို အနည်းငယ်ကုတ်လိုက်သည်။ဤရှုထောင့်မှကြည့်ပါက သူသည် လမ်းကြောင်းကို အင်အားသုံး၍ဖြတ်သန်းရုံသာ တတ်နိုင်ပေမည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အစစ်အမှန်အင်မော်တယ်၏အထက် အဆင့်ခြောက်ဆယ်၌ ရှိနေသော ဆရာကြီးတစ်ယောက်ပင်။

ဤသည်မှာ အမှားအယွင်းမရှိနိုင်ချေ။

ထိုသို့တွေးတောမိသဖြင့် သူသည် မန်မန်ကို ခေါ်ထုတ်လိုက်၏။

ထို့နောက် သူသည် မန်မန်၏ခေါင်းကိုတို့ထိပြီး တိုးညှင်းစွာပြောဆိုလိုက်သည်။

"မန်မန်...မင်း ငါ့ကို ထွက်ပေါက်ဆီ ခေါ်သွားပေးပါ...မင်း တတ်နိုင်သမျှ အမြန်ဆုံးသွားရမယ်...ငါ ပြောတာ ကြားလား"

မန်မန်သည် သူ၏မျက်လုံးနှစ်လုံးကိုလှန်ကာ ရီဖုန်းကိုကြည့်ပြီးနောက် ထုံထိုင်းစွာဖြင့် ခေါင်းညိတ်ပြလေ၏။

ရီဖုန်းသည် သူ၏လက်ဝဲဘက်လက်အတွင်း၌ ဓားတလက်ကိုင်ပြီး လက်ယာဘက်လက်အတွင်း၌ ကျောက်စိမ်းပြားကိုကိုင်ထားကာ မန်မန်၏ကျောပေါ်၌ ထိုင်လိုက်သည်။

"သွားကြစို့...."

ရီဖုန်းက မန်မန်ကို သူ၏ခြေထောက်ဖြင့်တို့ကာ အမိန့်ပေးသည်။

မန်မန်သည် ချက်ချင်းဆိုသလိုပင် ရှေ့သို့တဟုန်ထိုးအပြေးသွားတော့သည်။

တစ်ချိန်တည်းမှာပင်....

ပင်မလမ်းကြောင်း၏အဆုံးသတ်ရှိထွက်ပေါက်၌ သန်းချောင်က ပလ္လင်ခွေထိုင်နေသည်။သူသည် စမှတ်နေရာကိုကြည့်ပြီး သူ၏နှုတ်ခမ်းတောင့် မြင့်တက်သွားသည်။

"အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်ကျင့်ကြံသူ"

"ငါက မင်းရဲ့ခွန်အားကို ကောင်းကောင်းမသိသေးဘူး...ဒါပေမဲ့ မင်း ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ ငါ မျှော်လင့်မိတယ်"

သန်းချောင်က တိုးညှင်းသောလေသံဖြင့် ရေရွတ်လိုက်သည်။

ရုတ်တရက်...

သန်းချောင်၏နားနံဘေးမှနေ၍ လေပြင်းတစ်ရပ် ဖြတ်သန်းတိုက်ခတ်သွားသည်။

သန်းချောင်သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏လည်ပင်းကို အုပ်ကိုင်လိုက်၏။

"ဘာကြီးလဲ...."

"ဒါက အရမ်းထူးဆန်းတယ်...ဒီနေရာမှာ ဘယ်လိုလုပ်ပြီး လေပြင်းတိုက်ခတ်လာတာလဲ"

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သော်လည်း သူ၏ထက်ရှသောမျက်လုံးအကြည့်အောက်၌ မည်သည့်အရာကို​မျှ မမြင်တွေ့ရချေ။

ထို့ကြောင့် သူသည် ထိုကိစ္စကို ထပ်မံ၍ဂရုမစိုက်တော့ဘဲ ဤနေရာမှနေ၍ ရီဖုန်းကို ဆက်လက်၍စောင့်ဆိုင်းလိုက်သည်။

သို့ရာတွင်..

ဤအချိန်အခိုက်အတန့်၌ ရီဖုန်းကိုကြည့်ရသည်မှာ ကြက်သေသေနေပုံရသည်။

အကြောင်းအရင်းမှာ သူသည် ဒုတိယအဆင့်၏ဝင်ပေါက်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် ရှာဖွေတွေ့မိသောကြောင့်ပင်။

"ဒါက....ဒါက ဘာလဲ..."

သူသည် မန်မန်၏အရှိန်နှုန်းကို ကောင်းစွာသိရှိထားပေ၏။မန်မန်သည် မိုင်တစ်ရာအကွာအဝေးသို့ ချက်ချင်းရောက်ရှိသွားနိုင်သည်။အဓိကသော့ချက်မှာ ဤနေရာတွင် ဝင်္ကပါအမျိုးမျိုးရှိနေသည်မဟုတ်လော။

"ကြည့်ရတာတော့ အရမ်းမြန်တဲ့အရှိန်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာ အရာအားလုံး ပျက်ပြယ်သွားပုံရတယ်"

ရီဖုန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် ပထမအဆင့်ကို ချက်ချင်းဖြတ်ကျော်နိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။

သူတော်စင်တောင်နန်းတော်၏ ပြင်ပ၌...

တပည့်များအားလုံး ဝင်ရောက်သွားသည်ကိုကြည့်ပြီးနောက် ဝမ်ယီယွင်နှင့်လျှိုယွင်တို့သည် စားပွဲတစ်လုံး၏ရှေ့၌ မတ်တတ်ရပ်လိုက်ကြ၏။

ထိုစားပွဲပေါ်၌ ကြီးမားသော ကြယ်မြေပုံကြီးတစ်ခုရှိနေသည်။

ထိုကြယ်မြေပုံပေါ်၌ အလင်းစက်ငယ်လေးများ အမြောက်အများရှိနေသော်လည်း ယခုလက်ရှိအချိန်၌ ထိုအလင်းစက်လေးများသည် အစွန်အဖျားနေရာများ၌သာ ရှိနေသည်။

ရိုးရိုးသားသားပြောဆိုရလျှင်...

ဤကြယ်မြေပုံသည် သူတော်စင်တောင်နန်းတော်၏ စံသတ်မှတ်ချက်မြေပုံဖြစ်ပြီး အလင်းစက်တစ်ခုသည် ယှဉ်ပြိုင်ပွဲ၌ပါဝင်ယှဉ်ပြိုင်နေသော တပည့်တစ်ယောက်ကို ကိုယ်စားပြုသည်။

ဤကြယ်မြေပုံမှနေ၍ ယှဉ်ပြိုင်သူတစ်ယောက်စီ၏လုပ်ဆောင်ချက်များကို အချိန်မရွေး ကြည့်နိုင်သည်။

ထိုယှဉ်ပြိုင်သူများအပြင် ဤကြယ်မြေပုံပေါ်၌ အထူးအမှတ်အသားတချို့လည်း ရှိနေပေ၏။

ဥပမာအနေဖြင့် ပထမအဆင့်မှပင်မလမ်းကြောင်း၏အဆုံးသတ်၌ တံခါးစောင့်ကိုညွှန်ပြသော အနီရောင်အမှတ်အသားတစ်ခုရှိနေသည်။ဤသည်မှာ ထိုနေရာတွင်ရှိနေသော ဘိုးဘေးသန်းချောင်ကို ကိုယ်စားပြုပေ၏

ဒုတိယအဆင့်တွင်လည်း အမှတ်အသားကြီးကြီးငယ်ငယ် အမြောက်အများ ရှိနေသည်။

ထိုအမှတ်အသားများသည် ငှက်များနှင့်တခြားသတ္တဝါများ၏ပုံသဏ္ဍာန်များရှိသည်။ဤသည်မှာ ဒုတိယအဆင့်၌စောင့်ကြပ်သော မှော်သားရဲများကိုကိုယ်စားပြုသည်မှာ သိသာထင်ရှားလှ၏။

"နင် ပြောကြည့်စမ်း...ရီဖုန်း ပထမအဆင့်ကို ဖြတ်ကျော်နိုင်ဖို့အတွက် အချိန်ဘယ်လောက်ကြာနိုင်လဲ"

ဝမ်ယီယွင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"သူက ပထမအဆင့်ကို ဖြတ်ကျော်တဲ့နေရာမှာ ပထမရသွားနိုင်လား"

"ဒါက ပြောလို့မရဘူး"

လျှိုယွမ်က အပြုံးနှင့်တုံ့ပြန်သည်။

"ပြန်တွေးကြည့်မယ်ဆိုရင် အတိတ်မှာတုန်းက ဒီသူတော်စင်တောင်နန်းတော်ကို တည်ထောင်နိုင်ဖို့အတွက် ဘိုးဘေးတွေက လောကကြီးထဲမှာရှိတဲ့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတွေဆီကနေ အကူအညီတောင်းခံခဲ့တယ်...အကြောင်းကတော့ နောင်အနာဂတ်မှာ ထန်းပဂိုဏ်းက အမြစ်ပြတ်သုတ်သင်ခံရမယ့် ဘေးကပ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ဒီနေရာမှာ ပုန်းအောင်းပြီးတော့ ပြန်လည်ထူထောင်နိုင်ဖို့အတွက်ပဲ"

"ဒါကြောင့် သူတော်စင်တောင်နန်းတော်ကိုယ်တိုင်ကလည်း ဝင်္ကပါကြီးတစ်ခုဖြစ်တယ်...အဲ့ဒီနေရာမှာရှိတဲ့ ဝင်္ကပါတွေအားလုံးကို အသက်သွင်းလိုက်မယ်ဆိုရင် အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်ငါးရဲ့အောက်မှာရှိတဲ့ လူတစ်ယောက်က ချိုးဖျက်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"အခုချိန်က ယှဉ်ပြိုင်ပွဲအချိန်ကာလဖြစ်တာကြောင့် သူတော်စင်တောင်နန်းတော်ရဲ့ ဝင်္ကပါတွေအားလုံးကို အပြည့်အဝအသက်သွင်းမထားဘူး....ဒါက ဒီနေရာကို တပည့်တွေ ဖြတ်ကျော်သွားနိုင်ချေကို မြင့်တက်သွားစေပေမယ့် အခက်အခဲတွေကတော့ ရှိနေအုံးမှာပဲ"

"သူ့ရဲ့ကျင့်ကြံဆင့်အခြေခံက မြင့်မားပေမယ့် ဝင်္ကပါတွေကို အသက်သွင်းဖို့ လိုအပ်တဲ့အရင်းအမြစ်တွေကို ချွေတာဖို့အတွက် ငါတို့သူတော်စင်တောင်နန်းတော်ကနေ လုပ်ဆောင်ထားတဲ့ အရေးကြီးတဲ့အချက်ကို မမေ့နဲ့"

"အဲ့ဒီအချက်က အားကောင်းတဲ့သူက အင်အားကောင်းတဲ့ ဝင်္ကပါတွေကို ဖြတ်ကျော်ရမှာဖြစ်ပြီးတော့...အားနည်းတဲ့လူ ရင်ဆိုင်ရမှာတွေက အားပျော့လိမ့်မယ်"

"ဒါကြောင့် တကယ်လို့ သူ့ရဲ့ကျင့်ကြံဆင့်အခြေခံက မြင့်မားတယ်ဆိုရင်တောင် ခက်ခဲမှုအဆင့်က တခြားတပည့်တွေနဲ့အတူတူပဲ...အများဆုံးအနေနဲ့ သူ့ရဲ့ကျင့်ကြံဆင့်အခြေခံနဲ့အတွေ့အကြုံတွေကြောင့် ဝင်္ကပါတွေကိုရင်ဆိုင်တဲ့နေရာမှာ တခြားတပည့်တွေထက် ပိုပြီးလွယ်ကူမှာပဲရှိတယ်"

"ဒါကြောင့် ကံကြမ္မာကောင်းရှိတဲ့ တပည့်တချို့ရှိနေပြီးတော့ ဝင်္ကပါတွေအများကြီးကို မထိတွေ့မိဘူးဆိုရင် ဒီပထမအဆင့်မှာ သူ့ထက်အရင် ထွက်လာနိုင်လိမ့်မယ်"

လျှိုယွမ်က ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။

"အမှန်ပဲ"

ဝမ်ယီယွင်ကလည်း အပြုံးနှင့်ခေါင်းညိတ်ပြပြီးနောက် လျှိုယွမ်၏ရှင်းပြချက်များကိုသဘောတူညီလိုက်သည်။

သို့ရာတွင်...

နောက်ထပ်အချိန်အခိုက်အတန့်၌....

မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ် ဖြစ်ပွားလာခဲ့သည်။

သူတော်စင်တောင်နန်းတော်၏ကြယ်မြေပုံပေါ်တွင် သာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် အလေးစက်တစ်စက်သည် ဒုတိယအဆင့်၏ဝင်ပေါက်သို့ တိုက်ရိုက်ရောက်ရှိသွားကြောင်း သူတို့ မြင်တွေ့မိသည်။

ထိုအရာသည် ထွက်ပေါက်နေရာကိုစောင့်ကြပ်သော အနီရောင်အလင်းစက်ကိုပင် တိုက်ရိုက်ဖြတ်ကျော်သွားပေ၏။

All Chapters