အခန်း (၇၈၆-၇၉၀)
Vol. 53 Ch. 786-790
Chapter 786
"မင်း...စတုတ္ထအကြီးအကဲ မင်း သွေးအန်မှာမကြောက်ဘူးလား...အဲ့ဒီမြေခွေးမိန်းကလေးက မင်း ငါ့ကို အရင်က ပေးခဲ့တာ မဟုတ်ဘူးလား"
စွန်းကျီမေးသည် ဒေါသထွက်သွားကာ ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်၏။
"ငါယိုးမသား...အရင်တုန်းက အဲ့ဒီမြေခွေးကို ဖမ်းမိတဲ့အချိန်မှာ ငါရဲ့အငယ်ဆုံးတပည့်မလေးအတွက် ပဋိညာဉ်သားရဲအနေနဲ့ အသုံးပြုမလို့လေ....ဒါပေမဲ့ မင်း....မင်းက မဟာအကြီးအကဲဆိုတဲ့ အခွင့်အာဏာကိုမှီခိုပြီးတော့ အဲ့ဒီမြေခွေးကို ယူသွားခဲ့တယ်"
စတုတ္ထအကြီးအကဲက ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
"ဒီနှစ်တွေအတွင်းမှာ ဒီကိစ္စကို ငါ ထုတ်မပြောရဲခဲ့ဘူး...ဒါပေမဲ့ အခုအချိန်မှာတော့ တကယ်လို့ မင်းက ငါ့ကို နောင်တစ်ချိန်မှာ ပြန်ပြီးလက်စားချေမယ်ဆိုရင်တောင် ငါ အရှုံးပေးမှာမဟုတ်ဘူး"
အကြီးအကဲအမြောက်အများ၏ ထက်ရှသောကဲ့ရဲ့ပြစ်တင်မှုများအောက်တွင် တခြားလူများသည်လည်း စွန်းကျီမေးကိုဆန့်ကျင်၍ ဆဲဆိုကြတော့သည်။
လူအမြောက်အများသည် လွန်ခဲ့သောနှစ်များအတွင်း မဟာအကြီးအကဲ ပြုလုပ်ခဲ့သည့် ဆိုးရွားသောကိစ္စများကို စတင်၍ပြန်လည်ဖော်ထုတ်ကြတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ အသေးစိတ်အချက်အလက်များကို မည်သူက ဂရုစိုက်မည်နည်း။သာမာန်အချိန်များတွင် စွန်းကျီမေး လျစ်လျူရှုထားသော ချို့ယွင်းချက်ငယ်များကို ဤအချိန်အခိုက်အတန့်တွင် လူအများမှ ချဲ့ကား၍ပြောဆိုကြလေ၏။
"ငါ အကြံပြုချင်တာကတော့...."
"စွန်းကျီမေးကို မဟာအကြီးအကဲနေရာကနေ ရဖယ်ထုတ်ပြီးတော့ သူ့ကို ကောင်းကင်ဘုံအကျဉ်းထောင်ထဲမှာ ထည့်ထားရမယ်...ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အချိန်ကျမှ ထုံတန်းစဉ်လာအတိုင်း သူ့ကို ဖယ်ရှားလိမ့်မယ်"
"ငါ သဘောတူတယ်..."
"ငါလည်း သဘောတူတယ်..."
"သူ့ကို မဟာအကြီးအကဲနေရာကနေ ဖယ်ထုတ်ပြီး အကျဉ်းချပါ..."
"စွန်းကျီမေးကို မဟာအကြီးအကဲနေရာကနေဖယ်ထုတ်ပြီး အကျဉ်းချပါ...."
ခန်းမတစ်ခုလုံးတွင် တညီတညွတ်တည်းအော်ဟစ်လိုက်သောအသံများဖြင့် ပြည့်နှက်သွားသည်။
"မင်းတို့...မင်းတို့တွေ...."
စွန်းကျီမေးသည် ထပ်မံ၍စကားပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း ရန်သူများဘက်တွင် ပါးစပ်ပေါက်များစွာရှိနေသဖြင့် သူ တုံ့ပြန်နိုင်ခြင်းမရှိချေ။ရုတ်ချည်းဆိုသလိုပင် သူ အလွန်ဒေါသထွက်သွားသဖြင့် သူ၏ပါးစပ်မှ နောက်ထပ်သွေးတစ်လုတ် အန်ထွက်လာကာ ထိုင်ခုံပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားတော့သည်။
"ငါ့ကို ပြောကြစမ်း"
"ရှီချင်းဝူက မင်းတို့ကို ဘာတွေပေးထားတာလဲ"
"မင်းတို့ တကယ့်ကို ဒီလိုမျိုးလုပ်ရက်တယ်..."
မဟာအကြီးအကဲက မျက်မှောင်ကြုတ်ထားကာ သူ အလွန်အမင်းစိတ်မကျေမနပ်ဖြစ်နေသည်။
သူသည် ဤကိစ္စကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။မည်သည်ကြောင့် သူ၏ဘက်တော်သားဖြစ်သော အကြီးအကဲများအားလုံးသည် ရုတ်တရက်ကြီး သူ့အား ဆန့်ကျင်ခဲ့ကြသနည်း။
"ဟမ့်...."
"ငါတို့က ဂိုဏ်းချုပ်အပေါ် အမြဲတမ်းသစ္စာစောင့်သိတယ်...ဂိုဏ်းချုပ်က ငါတို့ကို ဘာမှပေးဖို့မလိုဘူး"
ဒုတိယအကြီးအကဲနှင့်တခြားလူများသည် သရော်တော်တော်အကြည့်ဖြင့် စွန်းကျီမေးကို ကြည့်လိုက်ကြ၏။သူတို့သည် အတူတကွပူးပေါင်း၍ စွန်းကျီမေးကိုအကြောပိတ်ပြီးနောက် အစောင့်များက ဆွဲခေါ်သွားတော့သည်။
"အားလုံးပဲ...မဟာအကြီးအကဲရဲ့ကိစ္စအပြင် ငါ ထုတ်ပြန်ကြော်ညာချင်တဲ့ တခြားကိစ္စတစ်ခုရှိနေတယ်"
မဟာအကြီးအကဲကို ဆွဲခေါ်သွားပြီးနောက် ဒုတိယအကြီးအကဲက သူ၏လက်ဝါးကို အောက်သို့အနည်းငယ်ဖိနှိပ်ကာ ပြောဆိုသည်။
ခန်းမအတွင်း၌ ဆူညံနေသောအသံများရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကာ လူများအားလုံးသည် ဒုတိယအကြီးအကဲကို ကြည့်လိုက်ကြ၏။
"ဒါကတော့ ဦးလေးရီဖုန်းရဲ့ကောလဟာလတွေက မှားနေတယ်ဆိုတာပဲ..."
"သူက ထန်းပဂိုဏ်းရဲ့ယှဉ်ပြိုင်ပွဲမှာ နှစ်ရက်ပဲနေခဲ့ပြီးတော့ အရင်ဆုံး ထွက်လာခဲ့တယ်...ဒါက သူ့ စံချိန်ချိုးခဲ့တာပဲ...ဦးလေးရီဖုန်း ပထမဆုံး ထွက်လာခဲ့တာက ရှုံးနိမ့်သွားလို့ မဟုတ်ဘူး...သူက ပထမနေရာကို ရခဲ့လို့ပဲ...သူက ယှဥ်ပြိုင်ပွဲရဲ့ အဆင့်တွေအားလုံးကို နှစ်ရက်အတွင်းမှာ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်...သူက ထန်းပဂိုဏ်းရဲ့သူတော်စင်တောင်နန်းတော်ယှဉ်ပြိုင်ပွဲကျင်းပခဲ့တဲ့ သမိုင်းစဉ်တလျှောက် အမြန်ဆုံးဖြတ်ကျော်ခဲ့တဲ့စံချိန်ကို ချိုးနိုင်ခဲ့တဲ့လူပဲ"
ဒုတိယအကြီးအကဲက ကျယ်လောင်စွာအော်ဟစ်၍ ထုတ်ပြန်ကြေညာလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ...
ရီဖုန်း၏ခြံဝန်းပြင်ပမှနေ၍ သူ၏သရုပ်မှန်ကို ရှာဖွေတွေ့ရှိခဲ့ချိန်မှစတင်၍ အကြီးအကဲများသည် မည်သည်ကြောင့် တုံးအနေမည်နည်း။
သူတို့သည် အနည်းငယ်စုံစမ်းမေးမြန်းပြီးနောက် ဤကိစ္စ၏အစစ်အမှန်အခြေအနေကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤသတင်းအချက်အလက်များအတွက် ရီဖုန်း၏ခွန်အားကို သိရှိထားပြီးဖြစ်သော အကြီးအကဲများသည် အံ့အားသင့်မသွားရုံသာမက ဤသို့သာဖြစ်သင့်သည်ဟု တွေးထင်ခဲ့ကြသည်။
သို့ရာတွင်...
ဤကိစ္စကို ကြိုတင်၍မသိရှိထားသော လူများအားလုံး အံ့အားသင့်သွားကြသည်။
"အိုး ဘုရားရေ...."
"အခုကြည့်ကြည့်တော့မှ သူက ပထမဖြစ်နေတာပါလား"
"ဒါဆိုရင် ငါတို့ အရင်တုန်းက ဦးလေးရီဖုန်းကို နားလည်မှုလွဲခဲ့တာပါလား"
ထိတ်လန့်တကြားပြောဆိုသောအသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီးနောက် သူတို့ထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒါကြောင့် ငါ အကြံပေးချင်တာကတော့ ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်အတောအတွင်းမှာ...ဦးလေးရီဖုန်းက ငါတို့သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ယာယီစောင့်ရှောက်ပေးဖို့ပဲ"
ဒုတိယအကြီးအကဲက အော်ဟစ်ပြောဆိုသည်။
"သဘောတူတယ်"
"ငါလည်း သဘောတူတယ်"
အချိန်တခဏကြာပြီးနောက် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးထံမှနေ၍ ထောက်ခံပြောဆိုသောအသံများ ထွက်ပေါ်လာသည်။
လူအများစုသည် ထန်းပဂိုဏ်း၏ယှဉ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးခြင်း မရှိသော်လည်း ယှဉ်ပြိုင်ပွဲအား နှစ်ရက်အတွင်း ဖြတ်ကျော်နိုင်ခဲ့သည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်သည်။
ယခုအချိန်၌ မဟာအကြီးအကဲ နိမ့်ပါးသွားကာ အကြီးအကဲများ၏ဦးဆောင်မှုအောက်တွင် တဖက်သတ်အခြေအနေ ဖြစ်ပေါ်နေသည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
"ဦးလေးရီဖုန်း...ကျေးဇူးပြုပြီးတော့ ခေါင်းဆောင်နေရာမှာ ထိုင်ပေးပါ"
ဒုတိယအကြီးအကဲက သူ၏လက်ကို ဆန့်တန်း၍ပြောဆိုသည်။
"အင်း...."
ရီဖုန်းက သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။မူလက သူ့အား ပထမအကြီးအကဲမှ ပြဿနာရှာပါက ဤအားနည်းသော ကြက်ကလေးတစ်စု၏ရှေ့တွင် သူ၏ခွန်အားတချို့ကို ပြသရန် သူ ကြံရွယ်ထားခဲ့သည်။
သို့ရာတွင် ယခုကြည့်ရသလောက် သူ ဤသို့ပြုလုပ်ရန် လိုအပ်ပုံမရချေ။ဤလူတစ်စုသည် သူ မည်မျှထိ အစွမ်းထက်သည်ကို သိရှိထားပြီးဖြစ်ပေမည်။
ထိုကြောင့် သူတို့သည် သူ့အား ရိုသေလေးစားသည်ထက် ပို၍နာခံရို့ကျိုးနေကြသည်။
ထို့ပြင် ဤသည်မှာ မူလကတည်းက အားနည်းသောဂိုဏ်းတစ်ဂိုဏ်းဖြစ်သဖြင့် သူ ဦးဆောင်ပေးရန်မှာ မည်သည့်ဖိအားမျှ မရှိချေ။
"အရှင့်ကို အရိုအသေပြုပါတယ်"
ခေါင်းဆောင်နေရာတွင် ရီဖုန်းထိုင်ပြီးသည်နှင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ဒူးထောက်၍ ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"ကောင်းပြီလေ....မင်းတို့အားလုံး ထကြတော့"
ဤသည်မှာ အားနည်းသော ကြက်ကလေးတစ်စုဖြစ်သော်လည်း ဤကဲ့သို့ ခေါင်းဆောင်နေရာအား ယူရသည့်အတွက် ရီဖုန်းအားအနည်းငယ် မာန်မာနဝင့်ကြွားစေသည်။ထိုကြောင့် သူ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
...
သန့်စင်ခြင်းတစ်ရာဂိုဏ်း....ကောင်းကင်ဘုံအကျဉ်းထောင်....
ဖယောင်းတိုင်မီးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ မှိုင်းညှို့သောအသွင်အပြင်မျိုးရှိနေသည်။
ပုပ်အဲ့အဲ့အနံ့များသည် တခြားအမျိုးအမည်မသိရသော အနံ့ဆိုးများနှင့် ရောယှက်၍ပျံ့နှံ့နေသဖြင့် လူအများအား ဖျားနာမှုကိုခံစားရစေနိုင်သည်။
ဤအကျဉ်းထောင်ကို အထူးသီးသန့်ပစ္စည်းများဖြင့် တည်ဆောက်ထားသည့်အပြင် အတွင်း၌ ဝင်္ကပါနှင့်တားမြစ်ချက်အမျိုးမျိုးကို ထည့်သွင်းထားသည်။တစ်စုံတစ်ယောက်သည် ဤနေရာ၌အကျဉ်းချခံရသည်နှင့် သူ၏ခွန်အားကို ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။
စွန်းကျီမေးသည် ဤနေရာ၌ အကျဉ်းချခံထားရသဖြင့် သူ၏မျက်နှာပေါ်တွင် စိတ်မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ့အတွက် နောက်ဆုံးမျှော်လင့်ချက်တစ်ခုသာ ကျန်ရှိတော့သည်။
ဤသည်မှာ သူ၏ရှေ့၌ရှိနေသည့် လူငယ်ပင်။
ထိုလူငယ်သည် သူ ဂုဏ်ယူဝင့်ကြွားရဆုံး လက်ရင်းတပည့်ဖြစ်သည် စွန်းကျုံးဟွမ်ပင်။
"ဒုတိယအကြီးအကဲနဲ့တခြားလူတွေ စိတ်ပြောင်းသွားပြီးတော့ ငါ့ကိုဆန့်ကျင်တာက ဒီအကြောင်းအရင်းကြောင့်ပဲဖြစ်မယ်"
စွန်းကျုံးဟွမ်ပြောဆိုသောစကားများကို စွန်းကျီမေး နားထောင်ပြီးနောက် အကြောင်းအရင်းကို သိနားလည်သွားခဲ့သည်။
"ဆရာ...အခုအချိန်မှာ ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
စွန်းကျုံးဟွမ်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"ဟမ့်...ငါက ရီဖုန်းကို လူကဲခတ်မှားသွားခဲ့တယ် ...သူ့မှာ ဒီလိုပါရမီအရည်အချင်းမျိုး ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါ့ပြင် သူ့ရဲ့ခွန်အားကလည်း တော်တော်လေးကောင်းတယ်...ရှီချင်းဝူက တကယ့်ကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားနိုင်တာပါလား..."
စွန်းကျီမေးက သရော်တော်တော်ပြောဆိုသည်။
"တကယ်လို့ အရင်ကဆိုရင် ငါတို့ဆရာတပည့်နှစ်ယောက်က ဒီကိစ္စကို လက်ခံရုံပဲရှိလိမ့်မယ်...ဒါပေမဲ့ အခုကတော့ ဒီလိုလုပ်ဖို့ မလိုတော့ဘူး"
"ဆရာက ဘာကို ဆိုလိုချင်တာလဲ"
စွန်းကျုံးဟွမ်၏မျက်ခုံးများ မြင့်တက်သွားကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"မင်း သိထားဖို့က တကယ်တော့ ငါတို့ရဲ့ဂိုဏ်းထဲမှာ ထိပ်သီးဆရာကြီးတစ်ယောက် ပုန်းကွယ်နေတယ်"
စွန်းကျီမေးက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောဆိုသည်။
"တကယ်လား..."
စွန်းကျုံးဟွမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ဒီလိုကိစ္စတစ်ခု တကယ်ကြီး ရှိနေတာလား"
"အမှန်ပဲ....ဒီကိစ္စအကြောင်းကို သိတာဆိုလို့ လူနည်းစုပဲရှိတယ်...ဘာလို့လဲဆိုတော့ ဂိုဏ်းက အဲ့ဒီသတင်းကို ပိတ်ဆို့ထားတယ်"
စွန်းကျီမေးက ပြောဆိုသည်။
"အဲ့ဒီထိပ်သီးဆရာကြီးရဲ့နာမည်က စုပိုင်လို့ခေါ်တယ်...ဘာအကြောင်းအရင်းကြောင့်လို့ မသိရပေမယ့် သူက ငါတို့သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့ အစေခံတပည့်တစ်ယောက်ပဲ"
"ငါ သိသလောက်တော့ အဲ့ဒီဆရာကြီးက ထန်းပဂိုဏ်းမှာ သူ့ရဲ့ခွန်အားကို မတော်တဆထုတ်ဖော်ပြသခဲ့မိတယ်....ဒါကြောင့် ထန်းပဂိုဏ်းနဲ့ တခြားလက်အောက်ခံဂိုဏ်းတွေအားလုံးနီးပါးက ငါတို့သန့်စင်ခြင်းတစ်ရာဂိုဏ်းကို လက်ဆောင်တွေ လာပေးကြတာပဲ...အရင်တုန်းကဆိုရင် အဲ့ဒီဂိုဏ်းတွေရဲ့အကြီးအကဲတွေက ငါတို့ကို နည်းနည်းလေးတောင် အဖက်မလုပ်ဘူးဆိုတာ မင်း သိတယ်မဟုတ်လား"
စွန်းကျီမေးက ပြောဆိုလေ၏။
"ဆရာ ပြောနေတာက ဂိုဏ်းရဲ့တံခါးမကြီးရှေ့မှာ ဖြစ်သွားတဲ့ကိစ္စလား.. တခြားဂိုဏ်းကအကြီးအကဲတွေအများကြီး ရောက်လာတဲ့အကြောင်းအရင်းက ဒီကိစ္စကြောင့်လား"
စွန်းကျုံးဟွမ်က အံ့အားသင့်သွားသောလေသံဖြင့် တုံ့ပြန်သည်။
"အမှန်ပဲ...ဒီကိစ္စက စုပိုင်ကြောင့်ပဲ"
စွန်းကျီမေးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"တခြားလူတွေရဲ့သုံးသပ်မှုအရတော့ စုပိုင်ရဲ့ခွန်အားက အစစ်အမှန်အင်မော်တယ် ဒဿမအဆင့်မှာ ရှိနေနိုင်တယ်...ဒါပေမဲ့ ငါ့အထင်တော့ သူက အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်သုံးထက် ပိုမြင့်နေနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ"
"ဆရာက ဘာလို့ ဒီလိုပြောနိုင်ရတာလဲ"
စွန်းကျုံးဟွမ်က မေးမြန်းသည်။
"ဟမ့်...အကြောင်းကတော့ သူတို့အားလုံးက ကိစ္စတစ်ခုကို လျစ်လျှူရှုထားခဲ့ကြတယ်...ဒါကတော့ ထန်းပဂိုဏ်းကနေပေးတဲ့ လက်ဆောင်ပဲ... ထန်းပဂိုဏ်းမှာ ဘိုးဘေးနှစ်ယောက်ရှိတယ်ဆိုတာ ငါတို့အားလုံး သိထားကြတယ်...သူတို့နှစ်ယောက်လုံးက အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်သုံးမှာရှိတဲ့ ကျင့်ကြံသူတွေပဲ...အဲ့ဒီဘိုးဘေးတွေက ယှဥ်ပြိုင်ပွဲမှာ အနိုင်ယူရတဲ့လူကို လက်ဆောင်တွေပေးလေ့ရှိပေမယ့်...ဒါပေမဲ့ ခုလိုတန်ဖိုးကြီးတဲ့လက်ဆောင်တွေကို တစ်ခါမှမပေးခဲ့ဖူးဘူး....သူတို့က လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ထန်းပဂိုဏ်းရခဲ့တဲ့ အကျိုးအမြတ်တွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကိုတောင် ငါတို့ဂိုဏ်းကို ပေးခဲ့တယ်"
"ခုနစ်ဆယ်ရာခိုင်နှုန်းက ဘာကိုဆိုလိုတာလဲဆိုတာ မင်း သိလား"
"ဒါက လက်ဆောင်ပဏ္ဍာဆက်သတာပဲ"
"တခြားစကားပြောင်းပြောရမယ်ဆိုရင် အဲ့ဒီဆုပိုင်က ထန်းပဂိုဏ်းရဲ့ဘိုးဘေးနှစ်ယောက်ထက်တောင် ပိုပြီးသန်မာအားကောင်းနေတဲ့ ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ပဲ"
စွန်းကျီမေးက ချက်ကျလက်ကျရှင်းပြသည်။
စွန့်ကျုံးဟွမ်သည် ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။
"ဒါပေမဲ့ ပြဿနာတစ်ခုရှိနေတာကတော့ အဲ့ဒီစုပိုင်က ရီဖုန်းရဲ့အစေခံတပည့် ဖြစ်နေတယ်"
စွန်းကျီမေးက မျက်မှောင်ကြုတ်ပြီးနောက် ဆက်လက်၍ပြောဆိုသည်။
"ရီဖုန်းနဲ့စုပိုင်ကြားမှာ ဆက်နွယ်မှုတစ်ခုခုရှိနေမယ်လို့ ငါ မထင်ဘူး....ဘယ်လိုပဲဖြစ်ဖြစ် စုပိုင်က ငါတို့ဂိုဏ်းထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက ရှိနေတာ...ရီဖုန်း ရောက်မလာခင်အချိန်ကတည်းက သူက တခြားလူတွေဆီမှာ တာဝန်ထမ်းဆောင်ခဲ့တယ်...အခုအချိန်မှာ သူ ရီဖုန်းရဲ့အစေခံတပည့် ဖြစ်နေတာက တိုက်ဆိုင်မှုတစ်ခုပဲဖြစ်မယ်"
စွန်းကျုံးဟွမ်က ခေါင်းညိတ်လိုက်၏။
သူသည်လည်း စွန်းကျီမေး၏ကောက်ချက်ချမှုကို သဘောတူသည်။
"ဆရာ....ဒါဆိုရင် ကျွန်တော် ဘာလုပ်ရမလဲ"
စွန်းကျုံးဟွမ်က စွန်းကျီမေးကိုကြည့်ကာ မေးမြန်းသည်။
"အခု မင်းလုပ်ဖို့လိုအပ်တာက...စုပိုင်ရဲ့နားကိုချဉ်းကပ်ပြီးတော့ သူ့ရဲ့ကူညီထောက်ပံ့မှုကိုရအောင် ကြိုးစားဖို့ပဲ"
Chapter 787
စွန်းကျီမေးက တည်ကြည်လေးနက်စွာပြောဆိုသည်။
"ဒါက ငါတို့ဆရာတပည့်နှစ်ယောက် ပြန်ပြီးခေါင်းမော့လာနိုင်တဲ့ တခုတည်းသောအခွင့်အရေးပဲ....မင်းက စုပိုင်ရဲ့အထောက်အပံ့ကိုရတာနဲ့ ရှီချင်းဝူ ရီဖုန်းနဲ့ တခြားအကြီးအကဲတွေကို ဂရုစိုက်ဖို့မလိုတော့ဘူး"
"အကြောင်းကတော့ မင်းမှာ စုပိုင်ရဲ့အထောက်အပံ့ရှိလာရင်...ထန်းပဂိုဏ်းနဲ့တခြားလက်အောက်ခံဂိုဏ်းတွေရဲ့ထောက်ပံ့မှုကို ရတာနဲ့ ညီမျှတယ်"
"ဒါက ဘယ်လောက်ထိ အစွမ်းထက်တဲ့အင်အားမျိုးလဲဆိုတာ မင်း တွေးကြည့်စမ်း"
စွန်းကျုံးဟွမ်၏မျက်လုံးများ တောက်ပသွားသည်။
"မင်း ရှီချင်းဝူကို ကြိုက်တယ်မဟုတ်လား"
"အရင်တုန်းက မင်းနဲ့ရှီချင်းဝူကို လက်ထပ်ပေးဖို့ ငါတို့ စီစဉ်ခဲ့တယ်...ဒါက ရှီချင်းဝူကိုထိန်းချုပ်ပြီးတော့ သူ့ကို အခွင့်အာဏာတွေအများကြီး ရမသွားစေဖို့ပဲ"
"ဒါပေမဲ့ တကယ်လို့ မင်းက စုပိုင်ရဲ့အထောက်အပံ့ကို ရသွားပြီဆိုရင် အရင်နဲ့မတူတော့ဘူး...မင်းက ဂိုဏ်းချုပ်နေရာကို တိုက်ရိုက်တက်လှမ်းနိုင်ပြီးတော့ ရှီချင်းဝူက မင်းရဲ့အဖြည့်ခံတစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်"
ထိုစကားကိုပြောပြီးနောက် စွန်းကျီမေး၏မျက်ခုံးများ မြင့်တက်သွားကာ သူ၏စိတ်နှလုံးသားအတွင်း၌ မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။
စွန်းကျုံးဟွမ်၏မျက်လုံးများသည်လည်း တောက်ပသွားကာ စိတ်လှုပ်ရှားမှုကြောင့် သူ၏နှလုံးခုန်နှုန်း လျှင်မြန်နေသည်။
"ဒါဆိုရင် ဆရာ...အဲ့ဒီစုပိုင်ကို တခြားလူတွေအများကြီးကလည်း ချဉ်းကပ်ဖို့ ကြိုးစားကြမယ်မဟုတ်လား...ကျွန်တော်က လက်ဦးမှုရပြီးတော့ စုပိုင်ရဲ့နားကို ချဉ်းကပ်နိုင်အောင် ဘယ်လိုလုပ်ရမလဲ"
စွန်းကျုံးဟွမ်က ထပ်မံ၍မေးမြန်းသည်။
စွန်းကျီမေး၏မျက်နှာပေါ်တွင် နက်နဲသိမ်မွေ့သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဟမ့် အဲ့ဒီငတုံးငအတွေက ဘယ်လိုလုပ်ပြီးတော့ လက်ဦးမှုယူနိုင်မှာလဲ...စုပိုင်ရဲ့ခွန်အားနဲ့ဆိုရင် သူတို့ မျက်နှာသာရအောင် ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူး"
"ဆရာ ဒါဆိုရင်ကျွန်တော် ဘယ်လိုလုပ်ရမလဲ"
စွန်းကျုံးဟွမ်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"အဲ့ဒီလိုလူမျိုးရဲ့အထောက်အပံ့ကိုရဖို့ဆိုရင် သူ လိုအပ်တဲ့အရာကို ဖြည့်ဆည်းပေးနိုင်ရမယ်"
"အဲ့ဒီကိစ္စအတွက် ငါက ပြင်ဆင်ထားပြီးပြီ"
စွန်းကျီမေးက အလေးအနက်ထား၍ ပြောဆိုသည်။
"ဒီအချိန်အတောအတွင်းမှာ ငါက စုပိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေ အများကြီးကို စုံစမ်းစစ်ဆေးခဲ့တယ်...သူက မှော်သားရဲအသေကောင်တွေ အများကြီး အရေးပေါ်လိုအပ်နေတာကို ငါ သိခဲ့ရတယ်"
"မှော်သားရဲအသေကောင်တွေလား"
စွန်းကျုံးဟွမ်သည် အံ့အားသင့်သွားလေ၏။
"အမှန်ပဲ ...မှော်သားရဲအသေကောင်တွေ..."
စွန်းကျီမေးက အနိုင်ရလဒ်ကို သူ၏လက်အတွင်း၌ ဆုပ်ကိုင်ထားနိုင်သော လေသံဖြင့် ပြောဆိုသည်။
"အစကတော့ သူက ငါတို့ဂိုဏ်းရဲ့အနောက်ဖက်တောင်ထဲမှာ မှော်သားရဲတွေကို အမဲလိုက်ခဲ့တယ်....ငါတို့ဂိုဏ်းရဲ့အစောင့်အရှောက်သားရဲဖြစ်တဲ့ ကျီးကန်းနက်တောင် သူ့ရဲ့လက်ထဲကနေ မလွတ်နိုင်ခဲ့ဘူး"
"နောက်ပိုင်းမှာ သူက ဝမ်ယွဲ့ရဲ့အစ်ကိုကြီးကို ကယ်တင်ခဲ့တယ်...သူ့ရဲ့လှုပ်ရှားမှုအတွက် ဝမ်ယွဲ့ပေးလိုက်ရတဲ့ အဖိုးအခကတော့ ရောင်စုံကလေးငယ်နတ်ဆိုးသားရဲပဲ"
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက အနောက်ဖက်တောင်မှာ တိုက်ပွဲလှုပ်ခတ်မှုလှိုင်းတွေ မကြာခဏ ထွက်ပေါ်လာခဲ့တယ်...ငါ့မှာ ကိစ္စတစ်ခုရှိနေတာကြောင့် အဲ့ဒီနေရာကိုသွားပြီး မစုံစမ်းနိုင်ပေမယ့် ဒါက သူ နတ်ဆိုးသားရဲတွေကို ထပ်ပြီးအမဲလိုက်နေတာပဲဖြစ်မယ်"
"ဒါကြောင့် ငါ ကောက်ချက်ချလိုက်တာကတော့...."
စွန်းကျီမေးက တည်ကြည်လေးနက်စွာပြောဆိုသည်။
"အဲ့ဒီစုပိုင်က ဆေးလုံးတစ်လုံးကိုသန့်စင်တာ ဒါမှမဟုတ် ဆေးညွှန်းတခုကိုဖန်တီးဖို့ကြံစည်နေတာပဲဖြစ်မယ်...သူက ပါဝင်ပစ္စည်းအနေနဲ့မှော်သားရဲအသေကောင်တွေ အများကြီးလိုအပ်နေတယ်...ဒါကြောင့် သူ့အတွက် အသုံးဝင်ဆုံးက အဖိုးတန်ရှားပါးတဲ့မှော်သားရဲတွေပဲ"
စွန်းကျုံးဟွန်သည် ကြည်ညိုလေးစားသောအကြည့်ဖြင့် စွန်းကျီမေးကို ကြည့်လိုက်၏။မမျှော်လင့်ဘဲ သူ၏ဆရာသည် ဤကိစ္စကိုပင် သိရှိနေသည်။
"ဆရာ ဒီကိစ္စကိုဆောင်ရွက်ဖို့အတွက် ကျွန်တော်က ဘယ်ကနေ စလုပ်ရမှာလဲ"
စွန်းကျုံးဟွမ်သည် မေးမြန်းလိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် သူသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောဆိုလိုက်၏။
"အဲ့ဒီအဖိုးတန်ရှားပါးတဲ့ မှော်သားရဲအသေကောင်တွေကို ကျွန်တော်က ဘယ်နေရာကနေ ရနိုင်မှာလဲ"
"ငါ အဲ့ဒီအတွက် ပြင်ဆင်ထားပြီးပြီ"
စွန်းကျီမေးက သူ၏လက်ကိုဝှေ့ယမ်း၍ ပြောဆိုသည်။
"မင်းက တောင်ခြေမှာရှိတဲ့ ဖေးရှာသားရဲရဲ့အသိုက်ဆီကိုသွားပြီးတော့...ဖေးရှာသားရဲရဲ့အလောင်းကို စုပိုင်ဆီယူသွားရုံပဲ"
"ဆရာ ဖေးရှားသားရဲက ဆရာရဲ့ပဋိညာဥ်သားရဲမဟုတ်ဘူးလား"
စွန်းကျုံးဟွမ်က အံ့အားတသင့်မေးမြန်းသည်။
"ငါက ငါ့ရဲ့သားရဲကို စုပိုင်ဆီ တကယ့်ကိုမပေးချင်ဘူး....ဒါပေမဲ့ ငါ ခုလိုအခြေအနေမျိုးကို ရောက်နေတာကြောင့် ဒီလိုမျိုး စိတ်ပျက်ဖို့ကောင်းတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရတာပဲ"
စွန်းကျီမေးက နာကျင်ကြေကွဲသောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါက ဖေးရှာသားရဲကိုထုတ်ပေးဖို့ တွန့်ဆုတ်နေမယ်ဆိုရင် အခြေအနေတွေ ပိုပြီးဆိုးသွားနိုင်တယ်"
"အဲ့ဒီဖေးရှာသားရဲမှာ အဖိုးတန်ရှားပါးတဲ့သွေးမျိုးဆက်နဲ့ ထူးခြားတဲ့ပါရမီအရည်အချင်း ရှိနေတာကြောင့် အင်မော်တယ်အဆင့်ကိုရောက်နေတာ နှစ်တွေအများကြီးကြာနေပြီ"
"အင်မော်တယ်အဆင့်ကိုရောက်နေတဲ့ နတ်ဆိုးသားရဲကြောင့် စုပိုင် အရမ်းစိတ်ကျေနပ်သွားလိမ့်မယ်...ဒီသားရဲက မင်းအတွက် ခြေနင်းကျောက်တုံးတစ်တုံးပဲ"
"ငါတို့ ခုလိုလုပ်လိုက်တာကြောင့် တကယ်လို့ နောင်တချိန်မှာ ငါတို့တွေ ဒီလိုသားရဲမျိုး ဆယ်ကောင် ဒါမှမဟုတ် အကောင်တစ်ရာလောက်လိုချင်တယ်ဆိုရင်တောင် ငါတို့ရဲ့လက်ကို တစ်ချက်ဝှေ့ယမ်းရုံနဲ့ ရနိုင်လိမ့်မယ်"
"မင်း သွားတော့"
စွန်းကျီမေးသည် တည်ကြည်လေးနက်စွာ ရှင်းပြပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ...ဘာမှမစိုးရိမ်ပါနဲ့"
စွန်းကျူးဟွမ်၏မျက်လုံးအတွင်း၌ မျက်ရည်စများရှိနေကာ အလေးအနက်ထား၍ပြောဆိုသည်။
"ဆရာ...ကျွန်တော်က ဆရာကို သေချာပေါက်စိတ်မပျက်စေရဘူး...ဆရာ ကျွန်တော်ကိုပေးထားတဲ့ယုံကြည်မှုကို ကျွန်တော်က ဖြည့်ဆည်းပေးမယ်"
"တော်လိုက်တဲ့ တပည့်လေး...ဆရာက မင်းကို ယုံတယ်...မင်း သွားတော့...ဒါပေမဲ့ တကယ်လို့ တိုးတက်မှုတစ်ခုခုရှိပြီဆိုရင် မင်း ငါ့ဆီပြန်လာပြီးတော့ သတင်းပို့ဖို့ မမေ့ပါနဲ့"
စွန်းကျီမေးက ပြောဆိုသည်။
စွန်းကျုံးဟွမ်သည် တည်ကြည်လေးနက်စွာခေါင်းညိတ်ပြပြီးနောက် သူ၏မျက်လုံးအတွင်း၌ ယုံကြည်ချက်အပြည့်ရှိသောအရိပ်အယောင်များ ထင်ဟပ်လာကာ အကျဉ်းထောင်အတွင်းမှ ထွက်ခွာသွားတော့သည်။
"တော်လိုက်တဲ့ ကောင်လေး"
စွန်းကျုံးဟွမ်၏ယုံကြည်ချက်အပြည့်ရှိသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး စွန်းကျီမေး၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
ဤနှစ်များအတွင်း၌...
သူ၏တပည့်ပျိုးထောင်မှု မမှားယွင်းခဲ့ချေ။
အကယ်၍ ဤကိစ္စသာ အောင်မြင်သွားပါက သူတို့ဆရာတပည့်နှစ်ယောက်သည် အခြေအနေအားလုံးကို ပြောင်းပြန်လှန်နိုင်ပေမည်။
ကောင်းကင်ဘုံအကျဉ်းထောင်အတွင်းမှ ထွက်လာပြီးနောက် စွန်းကျုံးဟွမ်သည် ရပ်တန့်ခြင်းမရှိဘဲ ဖေးရှာသားရဲ၏အသိုက်ထံသို့ ဦးတည်၍အပြေးသွားလိုက်၏။
...
ဤအချိန်အခိုက်အတန့်တွင်...
နယ်မြေကြီးရှစ်ခုအနက်မှတစ်ခုဖြစ်သော ကန်တုံနယ်မြေအတွင်း၌...
ပုံရိပ်တချို့သည် ဆဲဆိုရင်း အလျှင်အမြန်ပျံသန်းနေကြ၏။
"စိတ်ဝိညာဉ်လေး...မင်း ငါ့ကိုမြန်မြန်ပြောစမ်း...မင်း ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်လား""
ဦးဆောင်လာသော အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့၏လက်ဖြင့် စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကိုဆုပ်ကိုင်ကာ ပြောဆိုသည်။
"ငါတို့ ကန်တုံနယ်မြေထဲကိုရောက်တာနဲ့ သူတို့က ငါ့ကို လူချောလေးလို့ ခေါ်ကြမယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား...ဒါပေမဲ့ သူတို့က ငါ့ကို ဘာလို့ ငပဲကောင်လို့ ခေါ်တာလဲ"
"အစ်ကိုကြီး ...အစ်ကိုကြီး...ငါ မင်းကို မလိမ်ပါဘူး"
စိတ်ဝိညာဉ်ဘုရင်သည် ခေါင်းမော့ကာ ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါ မင်းကို လိမ်ခဲ့တယ်ဆိုရင် ငါရဲ့မိသားစုတစ်စုလုံး သေသွားပါစေ"
"ဒါဆိုရင် မင်း ငါ့ကို ပြောစမ်း...သူတို့အားလုံးက ငါ့ကို ဘာလို့ ငပဲကောင်လို့ခေါ်တာလဲ"
လုပမ်ဝေသည် ခါးတစ်ဖက်ထောက်ကာ ဒေါသတကြီးမေးမြန်းလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး...
စိတ်ဝိညာဉ်ဘုရင်သည် အနည်းငယ်စဉ်းစားတွေးတောပြီးနောက် ပျာပျာသလဲပြောဆိုသည်။
"အစ်ကိုကြီး...ဒါက တကယ်တော့ ငါ့ရဲ့အပြစ်မဟုတ်ဘူး...ငါ့အထင်တော့ ပြဿနာရဲ့အရင်းအမြစ်က အစ်ကိုကြီးပဲ"
"အမ်...."
လုပမ်ဝေက သူ၏ခေါင်းကိုတိမ်းစောင်းကြည့်ကာ အံ့အားတသင့်ရေရွတ်လိုက်၏။
"အစ်ကိုကြီး...မင်း ဒီကိစ္စကို မမြင်နိုင်ဘူးလား...ဒါက ဘာလို့လဲဆိုရင် မင်းရဲ့စိတ်နေသဘောထားကြောင့်ပဲ"
စိတ်ဝိညာဥ်ဘုရင်သည် ရိုးသားဖြူစင်မှုအပြည့်ရှိသောမျက်နှာဖြင့် အပြစ်ကင်းစွာပြောဆိုသည်။
"အစ်ကိုကြီးရဲ့စိတ်နေသဘောထားက အရမ်းစိတ်ကူးယဥ်ဆန်ပြီးတော့ ဆွဲဆောင်နိုင်တယ်...ဒီစကြာဝဠာကြီးက အကန့်အသတ်မဲ့ကျယ်ပြန့်ပေမယ့် အစ်ကိုကြီးရဲ့ချောမောခန့်ညားမှုက နတ်ဆိုးတွေကိုတောင် ခြိမ်းခြောက်နိုင်တယ်...ဒီလောကကြီးထဲမှာ အစ်ကိုကြီးက အရပ်မြင့်ပြီးတော့ ချောမောခန့်ညားဆုံးလူပဲ....ဒါကြောင့် တောက်ပတဲ့လအလင်းရောင်ကို ပြတင်းပေါက်တစ်ပေါက်က ဖုံးကွယ်ထားလို့မရသလို...အစ်ကိုကြီးကို လူတွေအများကြီးက မနာလိုဖြစ်နေကြတယ်...အဲ့ဒီလူတွေက အစ်ကိုကြီးကို နှိမ်ထားချင်တာကြောင့် ငပဲကောင်လို့ခေါ်တာပဲ"
"အော် အဲဒီလိုလား"
လုပမ်ဝေသည် ချက်ချင်းစိတ်အားတက်ကြွသွားကာ ဖင်ကြပ်ဘောင်းဘီရှည်အတွင်းရှိ သူ၏ခြေထောက်တိုလေးများနှင့် ခွာမြင့်ဖိနပ်ကိုကြည့်လိုက်၏။ထို့နောက် သူ၏တင်ပါးနှစ်ဖက်ကို လှုပ်ရမ်းကာ ခေါင်းငုံပြီးပြောဆိုသည်။
"ဒီဆန်ကုန်မြေလေးရဲ့စိတ်နေသဘောထားက တကယ့်ကို ဆွဲဆောင်မှုရှိနေတာလား"
"အစ်ကိုကြီးက ဆွဲဆောင်နိုင်တာထက်တောင် ပိုနေပြီ...အစ်ကိုကြီးက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်သေးနေတာပဲ"
ကင်းခြေများသည်လည်း အခွင့်ကောင်းယူ၍ သံယောင်လိုက်ကာ သူ၏ဝတ်ရုံအကြားမှ ခြေချောင်းသုံးဆယ်ကျော်ကို ဆန့်တန်းပြီး လုပမ်ဝေ၏ပခုံးကို နှိပ်ပေးလိုက်သည်။ထို့နောက် သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"အစ်ကို့ကြီး ငါပြောမယ့်စကားတွေက နည်းနည်းတော့ အပြစ်ပြုရာရောက်လိမ့်မယ်...ဒါက မင်းကို မပျော်စေဘူးဆိုရင်တောင် ငါ့မှာ မဖြစ်မနေပြောရမယ့် ကိစ္စတစ်ခုရှိနေတယ်"
"အစ်ကိုကြီး မင်းက တကယ့်ကို ကိုယ့်ကိုယ်ကိုယ်အထင်သေးနေတာပဲ"
"မင်း ဘယ်လောက်ထိချောမောခန့်ညားတယ်ဆိုတာ မင်း မသိဘူးလား"
"မင်းရဲ့ဆွဲဆောင်နိုင်မှု ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာ မင်း မသိဘူးလား"
"ဒီလိုရှေးဆန်တဲ့မျက်နှာပေါက် ထူးခြားတဲ့ဝတ်စားဆင်ယင်မှုပုံစံနဲ့ ပြိုင်ဘက်ကင်းစိတ်နေသဘောထားတွေက ယောက်ျားသားတွေအများကြီးရဲ့မနာလိုမှုကို မြင့်တက်စေရုံတင်မကဘူး...မင်း ထွက်ပေါ်လာတဲ့ ဘယ်နေရာမှာမဆို မိန်းကလေးတွေကလည်း မနာလိုအားကျဖြစ်နေကြတယ်"
"ဒီလိုချောမောခန့်ညားတဲ့မျက်နှာနဲ့ မွေးဖွားလာတာကြောင့် အစ်ကိုကြီးကို ငါတောင် မနာလိုဖြစ်မိတယ်"
"အင်း....တကယ်တော့...."
"ငါက အစ်ကိုကြီးရဲ့နောက်ကို လိုလိုလားလားလိုက်ခဲ့တာက...မင်းရဲ့ခွန်အားကြောင့် မဟုတ်ဘူး....မင်းရဲ့ဆွဲဆောင်နိုင်မှုကြောင့်ပဲ"
"ဆွဲဆောင်နိုင်မှုဆိုတာကို မင်း သဘောပေါက်လား"
"ဒီလောက်ပဲ ငါ စကားပြောလို့ပြီးသွားပြီ...အတိုချုပ်ပြောရရင် အစ်ကိုကြီး မင်း ဘာကိုမှ ဂရုမစိုက်နဲ့...ဒီစကားတွေက နည်းနည်းနားဝင်ဆိုးပေမယ့်...ငါ့ရဲ့စိတ်ထဲကလာတဲ့ စကားတွေပဲ....မင်း ငါ့ကို ဆူချင်ရိုက်ချင်တယ်ဆိုရင် မင်း ဆန္ဒရှိသလို လုပ်နိုင်တယ်"
ထိုသို့ပြောဆိုပြီးနောက် ကင်းခြေများသည် သူ၏ခေါင်းကိုအောက်သို့ငုံကာ သူ၏အပြစ်ကို ဝန်ခံလိုက်သည်။
"ကင်းခြေများလေး မင်း ဘာတွေပြောနေတာလဲ ...ငါက မင်းကို အပြစ်မတင်ဘူး..မင်း ဒီလိုမျိုး ရဲရဲဝံ့ဝံ့ပြောတဲ့အတွက် ငါက အရမ်းစိတ်ကျေနပ်မိတယ်"
လုပမ်ဝေက ကင်းခြေများ၏ပခုံးကိုပုတ်ကာ စိတ်သက်သာရာရသွားသောလေသံဖြင့် ပြောဆိုသည်။
"မင်း ငါ့ကိုပြောတဲ့စကားတွေက နည်းနည်းရိုင်းတယ်ဆိုပေမယ့် မင်းက အမှန်ကိုပြောတက်တဲ့သူတစ်ယောက်ပဲ"
"ငါက မင်းကို အရမ်းသဘောကျတယ်"
"တကယ်တော့ ချင်...မင်းကလည်း ငါ့အကြောင်းကို ကောင်းကောင်းသိတဲ့သူပဲ"
လုပမ်ဝေ၏ချီးမွမ်းစကားကြောင့် အောင်းချင်နှင့်ကင်းခြေများတို့၏မျက်နှာများပေါ်တွင် အပြုံးများ ထင်ဟပ်လာသည်။
နံဘေးတစ်ဖက်တွင်ရှိနေသော ဝက်ဝံနက်ကြီးသည် သူ၏လက်များကိုပွတ်သပ်ကာ အချိန်တခဏကြာခန့်ရယ်မောပြီးနောက် ပြောဆိုသည်။
"အစ်ကိုကြီး ငါက စကားမပြောတတ်ဘူး...ဒါကြောင့် ငါ စကားတစ်ခွန်းပဲပြောမယ်...အစ်ကိုကြီးက အတော်ဆုံးပဲ...ဟား ဟား ဟား...."
"ဝက်ဝံလေး...မင်းက ရိုးသားတဲ့သူပဲ"
လုပမ်ဝေက ချက်ချင်းဆိုသလိုပင် ချီးမွမ်းစကားပြောဆိုသည်။
သူ၏လက်အတွင်းရှိ စိတ်ဝိညာဥ်ဘုရင်ကို တွေးတောမိသဖြင့် အောက်သို့အလျှင်အမြန်ပေးကာ ပြောဆိုလိုက်သည်။
"တကယ်တော့ စိတ်ဝိညာဥ်လေးကလည်း တော်တဲ့သူပါ"
"ဒီတစ်ကြိမ်က စိတ်ဝိညာဥ်လေးရဲ့အပြစ်မဟုတ်ဘူး...ငါ့ရဲ့အပြစ်ပဲ...ငါ ဆန်ကုန်မြေလေးက အရမ်းချောမောခန့်ညားပြီးတော့ ဆွဲဆောင်မှုရှိနေတာကြောင့် လူတွေက မနာလိုအားကျဖြစ်နေကြတာပဲ"
"ဟူး..."
"အမြင့်မှာနေရတာ အရမ်းအထီးကျန်တယ်"
"ငါတို့က အစ်ကိုကြီးရဲ့အထီးကျန်ဆန်မှုကို နားလည်ပါတယ်...ဒါကြောင့် ငါတို့က အစ်ကိုကြီးရဲ့ ညီလေးတွေ မဟုတ်လား"
ခွေး ကင်းခြေများ စိတ်ဝိညာဥ်ဘုရင်နှင့် ဝက်ဝံနက်တို့သည် ချက်ချင်းဆိုသလိုပင် လုပမ်ဝေ၏အနီးသို့ သွားလိုက်၏။
သူတို့အားလုံး၏ဝိုင်းရံမှုကြားတွင် လုပမ်ဝေသည် သူ၏ခေါင်းကိုအနည်းငယ်မော့ကာ အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏မျက်လုံးအကြည့်သည် အဝေးတစ်နေရာသို့ ကျရောက်သွားတော့သည်။
"အခုက အရှင့်ဆီပြန်ဖို့ အချိန်ကျပြီ"
Chapter 788
စွန်းကျုံးဟွမ်သည် သူ၏သိုလှောင်လက်စွပ်အတွင်းရှိ ဖေးရှာသားရဲအလောင်းကိုကြည့်ပြီး အသက်ပြင်းပြင်းတချက်ရှိုက်လိုက်သည်။
အကြောင်းအရင်းမှာ ဤသားရဲအသေကောင်သည် သူ၏ခြေနင်းကျောက်တုံး ဖြစ်နေသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် စုပိုင်သည် မည်သည်ကြောင့် မှော်သားရဲအသေကောင်များကို လိုအပ်နေသည်အား သူ မသိရှိချေ။ထို့ကြောင့် ဤသားရဲကိုသတ်ဖြတ်ပြီးနောက် စုပိုင်ထံသို့ယူမသွားမီ သားရဲ၏ခြေထောက်များကို ဆေးကြောသန့်စင်ခဲ့သည်။
သူ့ရှေ့ရှိ တောအုပ်အတွင်း၌ တံမျက်စည်းလှဲနေသော စုပိုင်ကိုကြည့်ပြီး စွန်းကျုံးဟွမ်သည် အသက်ပြင်းပြင်းတချက်ရှိုက်ကာ ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်၏။
"အရှင့်ကို အရိုအသေပြုပါတယ်...ကျွန်တော်က သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ စွန်းကျုံးဟွမ်ပါ"
စွန့်ကျုံးဟွမ်က သတ္တိမွေး၍ ပြောဆိုလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
စုပိုင်က ခေါင်းတစ်ချက်ညိတ်ပြကာ မေးမြန်းသည်။
စုပိုင်၏အလွန်တည်ငြိမ်သောလေသံကိုကြားချိန်တွင် စွန်းကျုံးဟွမ်သည် ဤကဲ့သို့လူတစ်ယောက်နှင့် မည်ကဲ့သို့ ဆက်ဆံရမည်အား သိရှိသွားသည်။သူသည် အပိုစကားများကို ထပ်မံ၍ပြောဆိုရန် မလိုအပ်ဘဲ လိုရင်းအချက်ကို တိုက်ရိုက်ပြောဆိုသည်က ပို၍ကောင်းပေမည်။
"ဒီငယ်သားက တခြားလူတွေဆီကနေ အရှင်ကမှော်သားရဲအသေကောင်တွေ လိုအပ်နေတယ်ဆိုတဲ့အကြောင်းကို သိခဲ့ရတယ်...ဒီငယ်သားဆီမှာ ကောင်းမွန်တဲ့ မှော်သားရဲအသေကောင်ရှိနေတာကြောင့် အရှင့်ဆီကို ယူလာခဲ့တာပါ"
"အော်...."
စုပိုင်သည် ထိုစကားများကိုကြားချိန်၌ ချက်ချင်းဆိုသလိုပင် စိတ်ဝင်စားစပြုလာသည်။
သူတို့ဆယ့်သုံးယောက်သည် အမဲလိုက်ကာ ရီဖုန်းအတွက် မှော်သားရဲအမြောက်အများကို ဖမ်းဆီးပေးခဲ့သော်လည်း ထိုသားရဲများတွင် ထူးခြားချက်တစ်ခုတလေမျှ ရှိမနေချေ။
ဤှသည်ကြောင့် စုပိုင်သည် သူ အသုံးမကျဟု တွေးတောကာ သူ့ကိုယ်သူ မုန်းတီးနေခဲ့သည်။သူသည် သခင်လေးပျော်ရွှင်စေရန် မည်သည့်နေရာမှနေ၍ အသားကောင်းများရရှိနိုင်သည်နှင့်ပတ်သက်ပြီး အစဉ်အမြဲ စဉ်းစားတွေးတောနေလေ၏။
ထိုကြောင့် စုပိုင်သည် ဖေးရှာသားရဲဟူသောစကားကိုကြားချိန်တွင် ပစ္စည်းကောင်းတခုဖြစ်မည်ဟု တွေးထင်မိသည်။
"အဲ့ဒါကို ထုတ်လိုက်ပါအုံး...ငါ တစ်ချက်ကြည့်ကြည့်ရအောင်"
စုပိုင်က အလောတကြီးပြောဆိုသည်။
စုပိုင်၏ပျာပျာသလဲဖြစ်နေသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး စွန်းကျုံးဟွမ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားပေ၏။
ယခုကြည့်ရသလောက် ဖေးရှာသားရဲ၏အလောင်းသည် အမှန်တကယ်ကို အသုံးဝင်ပုံပင်။
သူ၏ဆရာသခင်သည် လိမ္မာပါးနပ်သော လူတစ်ယောက်ပင်။သူ၏အစီအစဉ်များတွင် မည်သည့်ဟာကွက်မျှ ရှိမနေချေ။
စွန့်ကျုံးဟွမ်သည် သိုလှောင်လက်စွပ်အတွင်းမှ ဖေးရှာသားရဲအလောင်းကို အလျှင်အမြန်ထုတ်ပေးလိုက်၏။
စုပိုင်သည် ထိုသားရဲအသေကောင်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများ ရုတ်တရက်တောက်ပသွားသည်။
"ပစ္စည်းကောင်းလေးပဲ...ငါ ဒါကို တကယ်လိုအပ်နေတယ်"
စုပိုင်က ချက်ချင်းပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် စွန်းကျုံးဟွမ်သည် ပို၍စိတ်လှုပ်ရှားသွားပေ၏။
သို့ရာတွင် သူသည် သူ၏စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ကာ ရိုသေလေးစားစွာပြောဆိုသည်။
"အရှင်က ဒါကို ကြိုက်နှစ်သက်တယ်ဆိုရင်အဆင်ပြေပါပြီ....ဒီငယ်သားက အရှင့်အတွက် ဒါကိုဆက်သရတာ ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ....ဘာဆုလာဘ်ကိုမှ မမျှော်လင့်ပါဘူး"
စုပိုင်သည် ငယ်ရွယ်သူဖြစ်သော်လည်း သူသည် ကျိုးကြောင်းဆင်ခြင်တက်သူဖြစ်သဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းမှာ တောင်းဆိုစရာတစ်ခုခုရှိနေပြီးတော့....ငါ့ရဲ့အကူအညီကို လိုအပ်တယ်ဆိုရင် မင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်"
ဤစကားတစ်ခွန်းသည် စုပိုင်၏စိတ်နှလုံးသားကို လှုပ်ယမ်းသွားနိုင်ပေ၏။
အဓိကသော့ချက် ရောက်ရှိလာကြောင်းကို သူ ကောင်းစွာသိရှိထားသည်။
သူ မည်သည့်အရာကို ပြောဆိုရမည်နည်း။
စွန်းကျီမေးကို ကယ်တင်ပေးရန် စုပိုင်ထံမှ အကူအညီ တောင်းခံရမည်လော....
သူ့အား သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်လာအောင် ကူညီပေးရန် စုပိုင်ကို တောင်းဆိုရမည်လော....
သို့ရာတွင် ဤတောင်းဆိုချက်များသည် သင့်တော်ပုံမရချေ။သူသည် မညိကဲ့သို့ ပြောဆိုရမည်ကို မသိသော်လည်း ရုတ်တရက် အကြံတစ်ခုရရှိသွားသည်။
ထို့နောက် သူသည် မြေပြင်ပေါ်သို့ ချက်ချင်းဒူးထောက်လိုက်၏။
"အရှင်က ကျွန်တော်ကို တပည့်တစ်ယောက်အဖြစ်လက်ခံဖို့ တောင်းဆိုချင်ပါတယ်....တကယ်တော့ အရှင်က ကျွန်တော်ကိုတိုက်ရိုက်တပည့်တစ်ယောက်လို ဆက်ဆံဖို့မလိုပါဘူး...အရှင်က ကျွန်တော်ကို နာမည်ခံတပည့်တစ်ယောက် ဖြစ်ခွင့်ပေးရင်တောင် ကျွန်တော်က အရှင်ကို ရေပူရေချမ်းကမ်းလှမ်းပြီးတော့ လုပ်ကျွေးပြုစုပါ့မယ်"
စွန်းကျုံးဟွမ်သည် မြေပြင်ပေါ်၌ဒူးထောက်လိုက်ကာ သူ၏အပြုအမူတွင် အပြစ်ကင်းစင်မှုများဖြင့် ပြည့်နှက်နေသည်။
"အော် ကောင်းပြီလေ"
ရီဖုန်းသည် ဤမှော်သားရဲကို ကြိုက်နှစ်သက်မည်ဟု စုပိုင်က တွေးတောမိသဖြင့် သူသည် ဤကိစ္စကို စဉ်းစားခြင်းပင်မရှိဘဲ လက်ခံလိုက်သည်။
စွန်းကျုံးဟွမ်သည် ကြက်သေသေသွားလေ၏။ ထို့နောက် သူသည် အံ့အားသင့်နေသော်လည်း မြေပြင်ကို သူ၏နဖူးဖြင့်တိုက်ကာ ဦးတိုက်အရိုအသေပြုလိုက်သည်။
စုပိုင် လွယ်လင့်တကူသဘောတူမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
ဤကိစ္စသည် အလွန်အဆင်ပြေချောမွေ့နေပေ၏။
ဟား...ဟား...ဟား...ဟား...
သူသည် သူ့ဘဝ၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိတော့ပေမည်။
ကောင်းမွန်သောနေ့ရက်များက သူ့ကို လက်ယပ်ခေါ်နေသည်။
သူသည် တိကျသောအစီအစဉ်တစ်ခုကိုပင် စဉ်းစားတွေးတောပြီးဖြစ်ကာ ပထမဆုံးအဆင့်သည် ရီဖုန်းအားမောင်းထုတ်ရန်ပင်...
ထို့နောက် သူ ရှီချင်းဝူကို လက်ထပ်ရပေမည်။
ထို့နောက် သူ ဂိုဏ်းချုပ်နေရာသို့ တက်လှမ်းရပေမည်။
ထို့နောက် လူအများမှ သူအား လက်ဆောင်ပဏ္ဍာများ ဆက်သကြပေမည်။
အမ်...
သို့ရာတွင် တစုံတစ်ခုမှားယွင်းနေသည်ကို သူ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
မည်သည်ကြောင့် သူ၏ဆရာသည် ဒူးထောက်နေသနည်း။
သူတစ်ယောက်တည်းကသာ ဒူးထောက်နေသူ ဖြစ်သင့်သည်မဟုတ်လော...
မဟုတ်သေးချေ။
စုပိုင် ဒူးထောက်၍အရိုအသေပြုနေသူမှာ...
အမ်...
ရီဖုန်း....
ဤအချိန်အခိုက်အတန့်တွင်....
စွန်းကျုံးဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
မည်သည်ကြောင့် သူ ဆရာသခင်ဟု အသိအမှတ်ပြုထားသောလူသည် ရီဖုန်း၏ရှေ့၌ ဒူးထောက်နေသနည်း....
"စုပိုင် ဘာကိစ္စရှိလို့လဲ"
ဂိုဏ်းအတွင်း၌ လှည့်လည်သွားလာနေသော ရီဖုန်းသည် စုပိုင်၏ရှေ့၌ စွန်းကျုံးဟွမ် ဒူးထောက်နေသည်ကို မြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"သခင်လေး....ဒါက ဒီလိုပါ...သူက သခင်လေးအတွက် ပစ္စည်းကောင်းလေးတစ်ခုကို ယူလာခဲ့တယ်...ကျေးဇူးပြုပြီးတော့ တစ်ချက်ကြည့်ကြည့်ပါအုံး"
စုပိုင်ကာ သိုလှောင်လက်စွပ်ကို အလျှင်အမြန်ထုတ်ပေးလိုက်သည်။
"အိုး...ဒါက တကယ့်ကို ပစ္စည်းကောင်းလေးပဲ"
ရီဖုန်းသည် သိုလှောင်လက်စွပ်ကိုဖွင့်ကာ ဖေးရှာသားရဲကိုကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင်စိတ်ကျေနပ်သွားသည်။ဤအရာကို သူ တချက်ကြည့်မိရုံဖြင့် အရသာရှိမည့်ပုံပင်။
"သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ သူက ကျွန်တော်ကို သူရဲ့ဆရာအဖြစ် အသိအမှတ်ပြုချင်တာကြောင့် ကျွန်တော် လက်ခံလိုက်တယ်"
စုပိုင်က ရိုသေလေးစားစွာ ပြောဆိုသည်။
"အော်....မင်းလိုကောင်ငယ်လေးတစ်ယောက်ကတောင် တပည့်လက်ခံနေပြီလား...ကောင်းတယ်...ကောင်းတယ်"
ရီဖုန်းက စုပိုင်၏ခေါင်းကိုပုတ်၍ ပြောဆိုသည်။
စုပိုင်က ရိုးရှင်းစွာပြုံးလိုက်ပြီးနောက် သူ၏မျက်လုံးအကြည့်သည် စွန်းကျုံးဟွမ်ထံသို့ ကျရောက်သွားကာ အော်ဟစ်လိုက်သည်။
"ငါရဲ့ကျင့်ကြံဆင့်အခြေခံကို သခင်လေးက ပေးခဲ့တာပဲ...မင်း ခုထိ သခင်လေးကို အရိုအသေမပြုသေးဘူးလား"
"ဟုတ်ကဲ့....ဟုတ်ကဲ့...ကျွန်တော်က သခင်လေးကို အရိုအသေပြုပါတယ်"
စွန်းကျုံးဟွမ်သည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။စုပိုင်၏စကားကိုကြားချိန်တွင် စွန်းကျုံးဟွမ်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ဦးတိုက်အရိုအသေပြုလိုက်၏။
"မင်းကို ကြိုဆိုပါတယ်..."
ရီဖုန်းက ညင်သာစွာပြုံးလိုက်ပြီးနောက် သူတို့နှစ်ယောက်ကို လျစ်လျူရှုကာ သူ၏လက်များကိုနောက်ပစ်၍ တောအုပ်အတွင်းသို့ဆက်လက်လျှောက်လှမ်းသွားတော့သည်။
"မတ်တတ်ထရပ်တော့...."
စုပိုင်က ပြောဆိုသည်။
စွန်းကျုံးဟွမ်သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မတ်တတ်ထရပ်လိုက်၏။
"မင်းက ငါ့ရဲ့တပည့်ဖြစ်လာပေမယ့်...ငါ့မှာ မင်းကိုပေးစရာ ဘာမှမရှိဘူး..မင်းမှာ ဆန္ဒတစ်ခုခုရှိတယ်ဆိုရင် ငါ့ကိုပြောပါ...ငါက မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့ အကောင်းဆုံးကြိုးစားပေးမယ်"
စုပိုင်က ပြောဆိုသည်။
အမ်....
စွန်းကျုံးဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံး၌ ဇောချွေးများဖြင့် ရွှဲနစ်နေသည်။
သူသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် စကားများကို ရှေ့နောက်မစဉ်းစားတော့ဘဲပြောဆိုလိုက်သည်။
"ဒီတပည့်မှာ ဘာဆန္ဒမှမရှိပါဘူး...တပည့်က အရှင်ရီဖုန်းနဲ့ ဂိုဏ်းချုပ်ရှီချင်းဝူတို့ကို အခိုင်အမာထောက်ပံ့ပေးချင်တဲ့ အတွေးတစ်ခုပဲရှိပါတယ်"
"တကယ်လို့ သူတို့ရဲ့ရန်သူဖြစ်လာမယ့် တစ်ယောက်ယောက်ရှိလာမယ်ဆိုရင် ဒီတပည့်က အရင်ဆုံးဖယ်ရှားပစ်မယ်"
စွန်းကျုံးဟွမ်က သူ၏လက်တစ်ဖက်ကိုမြှောက်ကာ ခိုင်မာပြတ်သားသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"အရမ်းကောင်းတယ်"
စုပိုင်၏မျက်နှာအမူအယာ ပျော့ပျောင်းသွားကာ ချက်ချင်းဆိုသလိုပင် ချီးမွမ်းစကားပြောဆိုလိုက်၏။
...
အချိန်များတရွေ့ရွေ့ကုန်ဆုံးလာကာ...
နောက်ထပ်ရက်အနည်းငယ်ကျော်လွန်လာပြီးနောက်...
ယခုအချိန်တွင် တောအုပ်နှင့်ရီဖုန်း၏ခြံဝန်းကို တံမျက်စည်းလှည်းသည့်အလုပ်အား စွန်းကျုံးဟွမ်မှ လုပ်ကိုင်နေသည်။
သူသည် ဤနေရာ၌ ကြမ်းတမ်းပြီးပင်ပန်းသောအလုပ်များကို လုပ်ကိုင်ရသော်လည်း ဤရက်အနည်းငယ်အတွင်းတွင် ဂိုဏ်းအတွင်း၌ သူ၏အဆင့်အတန်း မြင့်တက်လာခဲ့သည်။ဒုတိယအကြီးအကဲနှင့်တခြားအကြီးအကဲများပင်လျှင် သူ့အား ရိုရိုသေသေဆက်ဆံကြကာ သူသည် မူလက စွန်းကျီမေး၏တပည့်ဖြစ်သည်ထက် ကောင်းမွန်သောဘဝကို ရရှိခဲ့သည်။
ဤကိစ္စများဖြစ်လာခြင်းအတွက် တခြားအကြောင်းအရင်းမရှိချေ။
တစ်ခုတည်းသောအကြောင်းအရင်းမှာ သူသည် စုပိုင်၏တပည့်ဖြစ်လာပြီးနောက် ရီဖုန်း၏ခြံဝန်းအတွင်းတွင် အထွေထွေအလုပ်များ လုပ်ကိုင်နေသောကြောင့်ပင်။
စွန်းကျုံးဟွမ်သည် ဤကိစ္စကို အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသည်။
ထိုကြောင့် သူသည် ကိစ္စများကို အတိုင်းအတာထက်ကျော်လွန်အောင် တစ်ကြိမ်တခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိချေ။
ယနေ့တွင်....
အကျဉ်းထောင်တံခါး ပွင့်လာပြီးနောက်....
တောက်ပသောအလင်းတန်းတစ်တန်း ဖြာကျလာသဖြင့် မှောင်မည်းနေသော ပတ်ဝန်းကျင်နေရာတဝိုက်လုံး လင်းထိန်သွားသည်။
စွန်းကျုံးဟွမ်သည် သူ၏လက်ကိုနောက်ပစ်၍ မတ်တတ်ရပ်နေကာ သန့်စင်ခြင်းတစ်ရာဂိုဏ်းရှိ အဆင်မြင့်တပည့်အမြောက်အများကိုဦးဆောင်၍ ကောင်းကင်ဘုံအကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လာသည်။
သူသည် တားမြစ်ဝင်္ကပါများဖြင့် ကာရံထားသော အကျဉ်းခန်းများကို လှည့်ပတ်ကြည့်ရှုပြီး စစ်ဆေးနေသည်။
နောက်ဆုံး၌....
ထိုလူစုသည် စွန်းကျီမေး၏အကျဉ်းခန်းထံသို့ ရောက်ရှိလာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် ခက်ခက်ခဲခဲစောင့်ဆိုင်းခဲ့ရသော စွန်းကျီမေးသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်၏။
'တပည့်ကောင်းလေး...'
'ငါရဲ့တပည့်ကောင်းလေး....'
'ငါ အမြင်မမှားခဲ့ဘူး....'
'ဟား ဟား ဟား ဟား...'
သူ၏တပည့်ထံတွင် ဤကဲ့သို့ အဆင့်မြင့်သောအနေအထားမျိုးရှိနေသဖြင့် ကြည့်ရသည်မှာ ကိစ္စများအားလုံး အောင်မြင်ခဲ့ပုံပင်။စွန်းကျုံးဟွမ်၏နောက်တွင် လူအမြောက်အများရှိနေသဖြင့် ယခုကြည့်ရသည်မှာ သူ၏တပည့်သည် သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ထိန်းချုပ်ထားနိုင်သည့်ပုံရသည်။
သို့ရာတွင်...
စွန်းကျုံးဟွမ်သည် သူ၏အကျဉ်းခန်းရှေ့၌ အချိန်တခဏသာရပ်တန့်ကာ နောက်သို့အနည်းငယ်ဆုတ်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ပြင် သူသည် အကြင်နာမဲ့သောစကားတစ်ခွန်းကို ချန်ထားခဲ့လေ၏။
"ဒီနေရာကို လာခဲ့ကြစမ်း...အဲ့ဒီလူက ဆန္ဒရှိသလို လှုပ်ရှားနေနိုင်တယ်...သူသာ ထောင်ထဲကနေလွတ်သွားရင် အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်...ဒါကြောင့် သူ့ရဲ့အကျဉ်းခန်းမှာ တားမြစ်ကန့်သတ်ချက်တွေ ပိုပြီးထည့်လိုက်ကြစမ်း"
စွန်းကျီမေးသည် လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
သူ၏ခြေထောင်များ ဒယိမ်းဒယိုင်ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်သည် နံရံဖြင့်ဝင်ဆောင့်မိပြီး သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ ကူကယ်ရာမဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မလှမ်းမကမ်းအကွာတွင်ရှိနေသော စွန်းကျုံးဟွမ်သည် နားစွင့်ထားသော်လည်း ထိုနေရာသို့ တစ်ချက်ပင် လှည့်ကြည့်ခြင်းမရှိချေ။
'ဆရာ....'
'တပည့် သစ္စာမရှိဘူးလို့ အပြစ်မတင်ပါနဲ့'
'အခြေအနေကို နားလည်သဘောပေါက်နိုင်တဲ့လူက အနိုင်ရတဲ့သူပဲ...ဆရာက လမ်းကြောင်းမှားပြီး လျှောက်ခဲ့မိတာကြောင့် ဒီလိုအခြေအနေမျိုးကို ရောက်သွားတာပဲ'
'ကံကောင်းပြီးတော့....'
'ဒီတပည့်က ဘာအပြစ်မှ မလုပ်ခဲ့တာကြောင့်...'
'ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ခဲ့တယ်....'
Chapter 789
သန့်စင်ခြင်းတစ်ရာဂိုဏ်း၏လျှို့ဝှက်ခန်းအတွင်း၌....
လျှို့ဝှက်ခန်းတစ်ခန်းလုံးအတွင်းတွင် ခပ်ဖျော့ဖျော့အလင်းရောင်များ တောက်ပနေကာ ထိုတောက်ပမှု၏အလယ်မှနေ၍ အားလှိုင်းအရှိန်အဝါတစ်ရပ် ပျံ့နှံ့သွားသည်။
ထိုအလင်းတန်းများ ရစ်ပတ်နေသောအလယ်ဗဟိုတွင် လှပချောမောသောအမျိုးသမီးနှစ်ယောက် ရှိနေသည်။
သူမတို့နှစ်ယောက်ထံတွင် ဆံပင်ရှည်များရှိပြီး ခြုံစောင်များခြုံထားကာ သူမတို့၏နဖူးများမှနေ၍ ချွေးများယိုစီးကျနေသည်။သူမတို့၏ဖြူဖျော့နေသောမျက်နှာများကို ကြည့်ခြင်းအားဖြင့် ဆိုးရွားသောအခြေအနေတစ်ခု၌ရှိနေကြောင်း သိရှိနိုင်သည်။
ဖူး.....
ထို့အချိန်မှာပင် ရှေ့တွင်ထိုင်နေသော ရှီချင်းဝူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။
ရှီချင်းဝူ၏နောက်တွင်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အလျှင်အမြန်မတ်တတ်ထရပ်ပြီး သူမကို ကူညီထောက်ပံ့ပေးလေ၏။
"ဂိုဏ်းချူပ်...ဘယ်လိုနေသေးလဲ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပျာပျာသလဲမေးမြန်းသည်။
"ငါ အဆင်ပြေပါတယ်"
ရှီချင်းဝူသည် သူမ၏လက်ကိုဝှေ့ယမ်းပြီး နှစ်သိမ့်ပေးကာ ပြောဆိုလိုက်၏။
"ဒါပေမဲ့ ငါ အရင်က ခေါင်းမာပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ ဒဏ်ရာကို မဖြေရှင်းခဲ့တာကြောင့် အခုလိုတန်ပြန်ဒဏ်မျိုး ဖြစ်လာခဲ့တာပဲ"
"ဂိုဏ်းချုပ်က အလုပ်အရမ်းကြိုးစားခဲ့လို့ပါ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက သူမ၏ခေါင်းကိုငုံကာ ပြောဆိုသည်။
"ဒါပေမဲ့ ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်အတောအတွင်းမှာ ဒဏ်ရာတွေရဲ့ ဆယ်ပုံပုံရင် ရှစ်ပုံကိုးပုံလောက် ကုသပြီးသွားပြီ...အခုက ရက်အနည်းငယ်လောက် အနားယူပြီးတော့ ဂိုဏ်းချုပ်ရဲ့ဒဏ်ရာတွေအားလုံးကို အမြစ်ပြတ်ပျောက်ကင်းသွားအောင် လုပ်ရမယ့်အချိန်ပဲ"
ရှီချင်းဝူက ခေါင်းညိတ်လိုက်သည်။
သို့ရာတွင် သူမ၏မျက်နှာပေါ်၌ စိတ်မသက်မသာဖြစ်နေသော အမူအယာတစ်ရပ်ရှိနေသည်။
ဤဒဏ်ရာများကို ရက်အနည်းငယ်အတောအတွေး၌ ကုသနိုင်သော်လည်း ပြင်ပလောကရှိအရေးကိစ္စများကို မည်သို့ပြုလုပ်ရမည်နည်း...
ရီဖုန်းသည် ပြင်ပ၌ရှိနေဆဲပင်။
"အခု ဘယ်နှရက်လောက် ကြာသွားပြီလဲ"
ရှီချင်းဝူက မေးမြန်းသည်။
"ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံမှု စဝင်ကတည်းကဆိုရင် အခုက လဝက်ကျော်နေပြီ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက တုံ့ပြန်အဖြေပေးသည်။
ထိုသို့ပြောဆိုပြီးနောက် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။ဤလဝက်အချိန်သည် ကျင့်ကြံသူဖြစ်သော သူမတို့နှစ်ယောက်အတွက် သူမတို့၏မျက်လုံးများကို အဖွင့်အပိတ်လုပ်လိုက်ရုံ ကိစ္စတစ်ရပ်ပင်။
သို့ရာတွင် ပြင်ပလောက၌ ကိစ္စအမြောက်အများ ဖြစ်ပွားသွားစေရန် လုံလောက်သောအချိန်ကာလဖြစ်သည်။
"ဒါက လဝက်တောင် ကျော်သွားပြီလား"
ရှီချင်းဝူက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါ အချိန်ကိုခန့်မှန်းတာမှန်မယ်ဆိုရင်....ထန်းပဂိုဏ်းရဲ့ယှဉ်ပြိုင်ပွဲနဲ့ ငါတို့ဂိုဏ်းရဲ့နှစ်ပတ်လည်အစည်းအဝေးပွဲ ကျင်းပတဲ့အချိန်တွေက ဒီလဝက်အတွင်းမှာ ဖြစ်လိမ့်မယ်"
"အမှန်ပါပဲ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သော်လည်း လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ထန်းပဂိုဏ်း၏ယှဉ်ပြိုင်ပွဲ...
သန့်စင်ခြင်းတစ်ရာဂိုဏ်း၏နှစ်ပတ်လည်အစည်းအဝေး....
မဟာအကြီးအကဲ စွန်းကျီမေးသည် ဤကိစ္စများကိုအသုံးပြု၍ တစ်စုံတစ်ခုပြုလုပ်မည်ဟု သူမတို့ ခန့်မှန်းမိလေ၏။
သို့ရာတွင် ရီဖုန်းသည် ဤကိစ္စများကို တစ်ယောက်တည်း ရင်ဆိုင်ရပေမည်။
"သူ ဘာတွေဖြစ်နေလဲဆိုတာ ငါ မသိဘူး"
ရှီချင်းဝူက သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် မေးမြန်းသည်။
"နင် ပြောကြည့်စမ်း...ငါက သူ့ကို ဂိုဏ်းဆီခေါ်လာပြီးတော့ ငါ တံခါးပိတ်ကျင့်ကြံနေခဲ့တယ်...သူ့ကိုတော့ အပြင်မှာ တစ်ယောက်တည်းထားခဲ့တယ်...အခုအချိန်မှာ ရီဖုန်းက ငါ့ကိုအရမ်းမုန်းနေလောက်တယ် မဟုတ်လား"
"ဂိုဏ်းချုပ်က အတွေးလွန်နေပြီ...သူ အဆင်ပြေမှာပါ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက နူးညံ့ညင်သာသောလေသံဖြင့် နှစ်သိမ့်ပေးသည်။
"ဘယ်လိုလုပ်ပြီး ငါ စိတ်အေးနိုင်မှာလဲ"
ရှီချင်းဝူက ခါးသည်းစွာပြုံးလိုက်၏။
"နင်က မဟာအကြီးအကဲနဲ့တခြားအကြီးအကဲတွေရဲ့ နည်းလမ်းတွေကို မသိတာလည်းမဟုတ်ဘူး...ငါတို့တောင် သူတို့ကိုရင်ဆိုင်ရရင် အခက်တွေ့လိမ့်မယ်"
"ငါတောင်မှ သူတို့နဲ့ရင်ဆိုင်တဲ့အချိန်မှာ တစ်ခါတလေ အစွမ်းအစမဲ့သလို ခံစားရတယ်...ရီဖုန်းတစ်ယောက်တည်း ရင်ဆိုင်ဖို့ကတော့ သူ့မှာ ဘယ်လိုလုပ်ပြီး အရည်အချင်းရှိမှာလဲ"
ရှီချင်းဝူသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ ပြင်ပရှိအခြေအနေများ ကောင်းမွန်မည်မဟုတ်ဟု စဉ်းစားတွေးတောနေသည်။
"ဂိုဏ်းချုပ်....ဘယ်သူက သိနိုင်မှာလဲ...ငါတို့က ရီဖုန်းနဲ့ အများကြီးမဆက်ဆံခဲ့ဘူးဆိုပေမယ့် သူက ဥာဏ်ကောင်းပြီးတော့ လိမ္မာပါးနပ်တယ်... သူ အဲ့ဒီကိစ္စတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်မှာပါ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက အလျှင်အမြန် နှစ်သိမ့်ပေးသည်။ရှီချင်းဝူသည် ဤကဲ့သို့ အခြေအနေမျိုး၌ရှိနေပါကသူမ၏ပြန်လည်ကောင်းမွန်လာရေးအတွက် ထိခိုက်မှုတစ်ခု ဖြစ်လာပေမည်။
"သူက ဘယ်လိုလုပ်ပြီး ဖြေရှင်းနိုင်မှာလဲ"
ရှီချင်းဝူက ထပ်မံ၍ ခါးသည်းစွာပြုံးလိုက်သည်။
"မဟာအကြီးအကဲအပြင် တခြားအကြီးအကဲတွေလည်း ရှိနေတယ်....ငါတို့က နောက်ဆုံးမှီခိုအားထားရာအဖြစ် ရီဖုန်းကို ဟန်ဆောင်ခိုင်းခဲ့တယ်...သူ ဘယ်လောက်ပဲ လိမ္မာပါးနပ်နေပါစေ....ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ လူတွေအများကြီးကို ရင်ဆိုင်နိုင်မှာလဲ"
"အခုအချိန်မှာ သူ ဘေးကင်းလုံခြုံနေရင် ဒါက ကောင်းချီးတစ်ခု ဖြစ်နေလိမ့်မယ်"
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါက သူ့ကိုဒုက္ခရောက်အောင်လုပ်သလို ဖြစ်သွားပြီ"
ထိုသို့ပြောဆိုပြီးနောက် ရှီချင်းဝူ၏မျက်နှာအမူအယာ သုန်မှုန်သွားကာ သူမ၏မျက်လုံးအတွင်း၌ ဝမ်းနည်းကြေကွဲမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ရှီချင်းဝူ၏ကြေကွဲဝမ်းနည်းမှုကို သတိပြုမိသဖြင့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက အလျှင်စလိုပြောဆိုသည်။
"ဂိုဏ်းချုပ် အရမ်းကြီး စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး...အဲ့ဒီကောင်လေးက အခြေအနေကို မထိန်းချုပ်နိုင်ရင် ငါတို့နှစ်ယောက်အကြောင်းကို ဖော်ထုတ်လိုက်ရုံပဲမဟုတ်လား"
"သူ ငါတို့အကြောင်းကို ဖော်ထုတ်လိုက်ပါစေလို့ ငါ ဆုတောင်းမိတယ်"
ရှီချင်းဝူက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဒီတစ်ကြိမ် တံခါးပိတ်ကျင့်ကြံမှု ဝင်လိုက်တာကြောင့် ငါ့ရဲ့အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီးပြီ....ငါမှာ ဂိုဏ်းချုပ်နေရာကို ထိန်းသိမ်းဖို့အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး"
"ငါ ဘာကိုမှ မျှော်လင့်မထားတာကြောင့် သူ့ရဲ့အသက်ရှင်သန်ရေးအတွက် ငါတို့ကို ဖော်ထုတ်လိုက်တာက သူ့အတွက် ပိုကောင်းလိမ့်မယ်"
ထိုစကားကိုကြားချိန်တွင်....
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် စိတ်လှုပ်ရှားသွားပေ၏။
ရှီချင်းဝူ၏အတွေးများအတိုင်း အမှန်တကယ်ဖြစ်နေမည်ကို သူမ စိုးရိမ်မိသည်။
"ဂိုဏ်းချုပ် အရမ်းကြီးမစဉ်းစားပါနဲ့...ဆက်ပြီးကုသကြရအောင်....အပြင်မှာ ဘာတွေပဲဖြစ်နေနေ ဒီဒဏ်ရာကိုအရင်ပျောက်အောင် ကုရမယ်"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးကပြောဆိုသည်။
ရှီချင်းဝူ၏မျက်လုံးများ မှေးမှိန်သွားကာ သူမ၏မျက်လုံးကို စုံမှိတ်လိုက်၏။
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏လက်အတွင်း၌ အင်မော်တယ်ချီစွမ်းအားများ တလိမ့်လိမ့်ထနေသည်။ထိုစွမ်းအားများသည် ရှီချင်းဝူထံသို့ ထပ်မံ၍ပျံ့လွင့်သွားကာ သူမ၏ဒဏ်ရာများကို ကုသနိုင်ရန် ဆက်လက်၍ကူညီထောက်ပံ့ပေးလေ၏။
သို့ရာတွင်....
ရှီချင်းဝူတို့နှစ်ယောက် စိုးရိမ်ပူပန်တကြီးဖြင့် စောင့်ဆိုင်းနေသောအချိန်တွင် သန့်စင်ခြင်းတစ်ရာဂိုဏ်းအတွင်း၌ ကြီးကျယ်ခမ်းနားသော ကပွဲတစ်ခုကို ကျင်းပနေသည်။
"အရမ်းကောင်းတယ်"
တိုက်ခိုက်ရေးကွင်းပြင်အတွင်းတွင် စွန်းကျုံးဟွမ်သည် သူ၏ခန္ဓာကိုယ်ကိုတွန့်လိမ်၍ကပြီး အော်ဟစ်လိုက်၏။
"ငါနဲ့အတူ အော်ကြစမ်း....အရှင်ရီဖုန်း သက်တော်ရာကျော်ရှည်ပါစေ"
"သက်တော်ရာကျော်ရှည်ပါစေ...."
တညီတညွတ်တည်း အော်ဟစ်လိုက်သောအသံများက တိုက်ခိုက်ရေးကွင်းပြင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
"လာကြစမ်း....ဆက်ပြီးအော်ကြရအောင်...ငါက အရှင်ရီဖုန်းအတွက် ဓားတောင်ကိုဖြတ်ပြီး မီးပင်လယ်ထဲကိုဆင်းဖို့ ဆန္ဒရှိပါတယ်"
စွန်းကျုံးဟွမ်က ထပ်မံ၍အော်ဟစ်လိုက်သည်။
"ငါတို့က ဓားတောင်ကိုဖြတ်ပြီး မီးပင်လယ်ထဲကိုဆင်းဖို့ ဆန္ဒရှိပါတယ်"
"ငါတို့က ဓားတောင်ကိုဖြတ်ပြီး မီးပင်လယ်ထဲကိုဆင်းဖို့ ဆန္ဒရှိပါတယ်"
နောက်ထပ်တညီတညွတ်တည်းအော်ဟစ်လိုက်သော အသံလှိုင်းတလိုင်းက တိုက်ခိုက်ရေးကွင်းပြင်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပေ၏။
"ငါတို့သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့ အကြီးအကဲတွေက အရှင်ရီဖုန်းအတွက် အစားအစာတွေကို လက်ဆောင်ပေးလိမ့်မယ်"
စွန်းကျုံးဟွမ်က အော်ဟစ်လိုက်သည်။
သူ၏အသံ ကျရောက်သွားချိန်၌ အကြီးအကဲနှင့်အစေခံများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။
"အရှင်....ဒါက ဝက်ပေါင်ခြောက်ပါ...ဒါက အရသာ အရမ်းကောင်းတယ်...အဆီများပေမယ့် မအီဘူး...."
"အရှင် ဒါက အစိမ်းရောင်ဝါးပြောက်ကြံပါ...ဒါကို လတ်လတ်ဆတ်ဆတ် ချိုးလာခဲ့တာ..ဒီကြံက အရမ်းအရသာရှိတယ်...ကျေးဇူးပြုပြီးတော့ အရှင် မြည်းကြည့်ပါအုံး"
"အရှင် ဒါက ကောင်းကင်ဝိညာဉ်ရေဖားပါ...."
အကြီးအကဲများသည် ရက်ရောစွာဖြင့် စားကောင်းသောက်ဖွယ်အမြောက်အများကို လက်ဆောင်ပေးနေကြ၏။
ရီဖုန်းသည် စင်မြင့်ပေါ်၌ထိုင်နေကာ ထိုအရာများကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်နေသည်။
ဂိုဏ်းတစ်ဂိုဏ်းလုံး၌ သဟဇာတဖြစ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သဘောထားကွဲလွဲမှု...
မရှိချေ။
အကွက်ချကြံစည်မှု...
ထိုအရာသည်လည်း မတည်ရှိချေ။
ရီဖုန်းသည် ဗိုက်ပြည့်အောင်စားသောက်ပြီးနောက် သူ၏ခြံဝန်းငယ်လေးထံသို့ တက်တက်ကြွကြွပြန်လာခဲ့သည်။
သူ ခြံဝန်းတံခါးထံသို့ ရောက်ရှိသည်နှင့် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိသွားပေ၏။
သူ၏အိမ်တွင် မည်သည်ကြောင့် သူခိုးတစ်ယောက် ရှိနေသနည်း....
သူသည် သတိကြီးစွာထား၍ တံခါးကိုတွန်းဖွင့်ကာ သူခိုးကိုရှာရန်အတွက် သူ၏အခန်းထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
ပုံရိပ်ယောင်ကဲ့သို့ တစ်စုံတစ်ခုကသူ၏ခေါင်းအုံးအောက်သို့ စမ်းတဝါးဝါးလုပ် နေသည်။
တော်လိုက်တဲ့ကောင်....
ဤသည်မှာ ကျွမ်းကျင်သော သူခိုးတစ်ယောက်ပင်။
ဤသူခိုးသည် ခေါင်းအုံးအောက်၌ ပစ္စည်းများထားရသည့်အား သူ ကြိုက်နှစ်သက်ကြောင်း သိရှိထားပုံရသည်။
ဒေါသထွက်သွားသော ရီဖုန်းသည် စကားတစ်ခွန်းမျှမဆိုဘဲ ထိုသူခိုးအား ကန်လိုက်သည်။
ဘုန်း....
အနက်ရောင်ဝတ်ရုံအောက်မှနေ၍ ခေါင်းတစ်လုံးပြုတ်ကျသွားကာ ဦးခေါင်းခွံသည် ထောင့်တစ်နေရာသို့ လိမ့်သွားလေ၏။
ထို့ဦးခေါင်းခွံ၏ မျက်လုံးဟောင်းလောင်းပေါက်ကြီးအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ မေးရိုးများတဂတ်ဂတ်ရိုက်နေသည်။
"အဘား...အဘား...အဘား..."
"အမ်....အခုကြည့်ကြည့်တော့မှ ဒီခွေးကောင်ဖြစ်နေတာပါလား"
ဦးခေါင်းခွံကိုကြည့်ပြီး ရီဖုန်းသည် ချက်ချင်းဆိုသလိုပင်မှတ်မိသွားကာ အော်ဟစ်လိုက်၏။
"အဘား...အဘား..."
"မင်း အစ်မကိုပဲ သွားအဘားလိုက်...ငါက မင်းကို မမြင်ရတာ အချိန်အတော်ကြာနေပြီ...မင်းက ပြန်ရောက်လာတာနဲ့ ငါ့ရဲ့ငွေတွေကိုခိုးဖို့ ကြံစည်နေတယ်...ငါ မင်းကို ဘယ်လိုဆုံးမမလဲဆိုတာ မင်း ကြည့်နေစမ်း"
ရီဖုန်းသည် ဒေါသတကြီးဖြင့် နံဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်၍ကြည့်လိုက်ရာ ဝိုင်အရက်အိုးတစ်လုံးကို တွေ့မြင်မိသည်။
သူသည် ရှည်ရှည်ဝေးဝေးတွေးတောမနေဘဲ ဦးခေါင်းခွံကို ထိုဝိုင်အရက်အိုးအတွင်းသို့ ထည့်လိုက်သည်။
ကြွင်းကျန်သောအရိုးစုကိုယ်ထည်ကြီးကို သူကန်ကျောက်ကာ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချိုးလိုက်၏။
ဝိုင်အရက်အိုးကိုအဖုံးပိတ်ပြီးနောက် ရီဖုန်း၏ဒေါသများ အနည်းငယ်ပြေလျော့သွားသည်။
သူ တံခါး၏ပြင်ပသို့ ထွက်လိုက်ချိန်၌...
တံစက်မြိတ်၏အောက်တွင် တုန်တုန်ရီရီဖြင့် အမြှီးကုပ်နေသောခွေးကို တွေ့မြင်မိသည်။
ဤတိရစ္ဆာန်များပြန်လာသည့်အတွက် ရီဖုန်းက အံ့အားသင့်သွားခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ လုပမ်ဝေသည် စနစ်မှထွက်လာသောအရာပင်။စနစ်သည် သူ့ထံတွင်ရှိနေသောကြောင့် လုပမ်ဝေသည် သူ၏နောက်သို့ လိုက်ရသည်မှာ အံ့အားသင့်ဖွယ်ကိစ္စတစ်ရပ်မဟုတ်ချေ။
လုပမ်ဝေနှင့် တစ်ချိန်လုံးအတူနေနေသော ခွေး ပြန်ရောက်လာသည်မှာလည်း အဓိပ္ပါယ်ရှိပေ၏။
ရီဖုန်းက ခွေးကိုဖမ်းဆုပ်ပြီး တစ်ချက်ရိုက်လိုက်သည်။ထို့နောက် သူ၏ခေါင်းကိုမော့ကာ နေပူဆာလှုံရင်း နောက်မှီကုလားထိုင်ပေါ်၌ အိပ်စက်လိုက်တော့သည်။
Chapter 790
အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်း၌....
လူနှစ်ယောက်သည် ကြီးမားသောရေစည်ကြီးတစ်စည်ကို သယ်ဆောင်ပြီး နယ်စပ်ရှိပြင်ပစက်ဝိုင်းနေရာသို့ တဟုန်ထိုးပျံသန်းနေသည်။
ဤသည်မှာ ထန်းလန်တောင်တန်းမှပြန်လာသော ဟွမ်ကျန်းနှင့်ချန်းရှင်းတို့ပင်။
အမှန်အားဖြင့် သူတို့နှစ်ယောက်၏စွမ်းအားများကြောင့် သူတို့၏အရှိန်သည် အလွန်နှေးကွေးမနေသင့်ချေ။သို့ရာတွင် သူတို့၏လက်အတွင်းရှိရေစည်ကြီးကို မဖိတ်မစင်အောင် သတိကြီးစွာထား၍ ဂရုစိုက်နေရသဖြင့် သူတို့၏အရှိန်နှုန်း အနည်းငယ်နှေးကွေးနေသည်။
"အကြီးအကဲကျန်း...ငါတို့ ပြန်လာပြီ"
မြေပြင်ပေါ်သို့ မဆင်းသက်မီ ဟွမ်ကျန်းက နယ်စပ်နံရံအနီးရှိ လူများကိုကြည့်ပြီး အော်ဟစ်လိုက်သည်။
"အမ်...."
နယ်စပ်နံရံတွင်ရှိနေသော အကြီးအကဲကျန်းတို့လူစုသည် မိုးကောင်းကင်ယံထံသို့ဦးတည်၍ သူတို့၏ခေါင်းများကို မော့ကြည့်လိုက်ကြ၏။
အကြီးအကဲကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
ထိုလူနှစ်ယောက်သည် အထီးကျန်နယ်မြေနှင့်ဝင်္ကပါနယ်မြေအကြားရှိ ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းပေးရန် ပြန်သွားကြသည်မဟုတ်လော....
မည်သည်ကြောင့် သူတို့သည် ရေစည်ကြီးတစ်စည်ကိုသယ်ဆောင်၍ ပြန်ရောက်လာသနည်း...
"မင်းတို့ ပြန်လာကြပြီလား"
သူတို့နှစ်ယောက် မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် လူအိုကြီးကျန်းက အရင်ဆုံးမေးမြန်းလိုက်သည်။
"အခြေအနေ ဘယ်လိုရှိလဲ"
"လူအိုကြီးကျန်း ငါတို့ပြန်ရောက်သွားတဲ့အချိန်မှာ နယ်မြေနှစ်ခုကြားမှာရှိတဲ့ ပဋိပက္ခက ဖြေရှင်းပြီးသွားပြီ"
ဟွမ်ကျန်းက ပြောဆိုသည်။
"အဲ့ဒီကိစ္စက ဖြေရှင်းပြီးသွားပြီလား.. မင်းတို့ ငါ့ကို လိမ်နေတာလား"
လူအိုကြီးကျန်းက အလျှင်အမြန်မေးမြန်းသည်။
"လူအိုကြီးကျန်း ဒါက ဖြေရှင်းနိုင်တာထက်တောင်ပိုတယ်....နယ်မြေနှစ်ခုကြားမှာ အခုလက်ရှိဆက်ဆံရေးက အရမ်းကောင်းတယ်...ဝင်္ကပါနယ်မြေထဲမှာရှိတဲ့ မင်းရဲ့မျိုးဆက်တွေကတောင် ငါတို့အထီးကျန်နယ်မြေကလူတွေနဲ့ လက်ထပ်နေကြပြီ"
ဟွမ်ကျန်းက ပြောဆိုသည်။
"ဘာ...."
"ငါ့ရဲ့မျိုးဆက်တွေက အဲ့ဒီလိုလုပ်ခဲ့တာလား"
ဤအချိန်အခိုက်အတန့်တွင် လူအိုကြီးကျန်းသည် မယုံကြည်နိုင်တော့ချေ။
နယ်မြေနှစ်ခုကြားရှိပဋိပက္ခများသည် အလွန်နက်ရှိုင်းကာ လွယ်လင့်တကူဖြေရှင်းရန် မည်သို့မျှမဖြစ်နိုင်ချေ။သူသည် ဟွမ်ကျန်းနှင့်ချန်းရှင်တို့ကို ပြန်လွှတ်လိုက်သော်လည်း ဤနယ်မြေနှစ်ခုကြားရှိ ပဋိပက္ခကို ပြီးပြည့်စုံစွာဖြေရှင်းနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ယခုအချိန်တွင် နယ်မြေနှစ်ခုကြားရှိဆက်ဆံရေးသည် အလွန်ကောင်းမွန်ကာ သူ၏မျိုးဆက်များပင်လျှင် တစ်ဖက်နယ်မြေမှလူများဖြင့်လက်ထပ်ထိမ်းမြားနေသည်ဟု ပြောဆိုခဲ့သလော....
"ဘာတွေ ဖြစ်သွားတာလဲ...ငါ့ကို အတိအကျပြောစမ်း"
လူအိုကြီးကျန်းက ပျာပျာသလဲမေးမြန်းသည်။
"လူအိုကြီးကျန်း...အဲ့ဒီကိစ္စကို ဖြေရှင်းခဲ့တဲ့လူက ထန်းလန်တောင်တန်းထဲမှာ နေထိုင်တဲ့ ဆရာကြီးတစ်ယောက်ပဲ"
ချန်းရှင်းက အလျင်စလိုရှင်းပြကာ သူ ရှာဖွေရရှိခဲ့သော သတင်းအချက်အလက်များကို ပြောဆိုလိုက်သည်။
"အင်း...ထန်းလန်တောင်တန်းထဲမှာ အဲ့ဒီလိုဆရာကြီးတစ်ယောက် တကယ်ကြီးရှိနေတာလား ...ကြည့်ရတာတော့ အင်မော်တယ်နယ်မြေနှင့်နယ်မြေကြီးရှစ်ခုမှာ ငါတို့မသိသေးတဲ့ ဆရာကြီးတချို့ ရှိနေတဲ့ပုံပဲ"
လူအိုကြီးကျန်းသည် အံ့အားသင့်သွားကာ သူ၏မျက်နှာပေါ်တွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
"အဲ့ဒီလူရဲ့နည်းလမ်းတွေက အရမ်းကောင်းတယ်....အင်း အထီးကျန်နယ်မြေနဲ့ဝင်္ကပါနယ်မြေကြားက ပဋိပက္ခတွေကို ခုလိုမျိုး အလွယ်တကူ ဖြေရှင်းနိုင်ခဲ့တာ တကယ့်ကို အံ့အားသင့်စရာပဲ"
"ဒါနဲ့ မင်းတို့ပြောတဲ့ သူ့ရဲ့အရှိန်နှုန်းအရ အကဲဖြတ်ကြည့်မယ်ဆိုရင် သူ့ရဲ့ခွန်အားက အရမ်းသန်မာအားကောင်းလိမ့်မယ်...မင်းတို့နှစ်ယောက်က ဘာလို့ သူ့ကို မဖိတ်ခေါ်ခဲ့တာလဲ"
လူအိုကြီးကျန်းက ထပ်မံ၍မေးမြန်းသည်။
"လူအိုကြီးကျန်း....ငါတို့က ထန်းလန်တောင်တန်းကို အမြန်ဆုံးသွားခဲ့တယ်...ဒါပေမဲ့ ငါတို့ရောက်သွားတဲ့အချိန်မှာ သူက အဲ့ဒီနေရာကနေ ထွက်သွားပြီ"
ချန်းရှင်းက လုံးစေ့ပတ်စေ့ပြောဆိုသည်။
"ငါတို့က အဲ့ဒီနေရာမှာ အချိန်အကြာကြီးစောင့်ခဲ့ပေမယ့် သူက ပြန်မလာတော့ဘူး"
"ဟူး...."
လူအိုကြီးကျန်းသည် ထိုစကားများကိုကြားချိန်တွင် သက်ပြင်းတချက်ရှိုက်လိုက်ကာ သူ၏မျက်နှာပေါ်တွင် နောင်တအရိပ်အယောင်များဖြင့် ပြည့်နှက်သွားလေ၏။
"အခုအချိန်မှာ အက်ကွဲကြောင်းတွေက တဖြည်းဖြည်းပိုကြီးလာပြီးတော့ ငါတို့ပေါ်ကို သက်ရောက်နေတဲ့ ဖိအားကလည်း ပိုပြီးများလာတယ်...ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှာ ထွက်ပေါ်လာခဲ့တဲ့ အရိုးစုဆိုတဲ့ ဆရာကြီးကလည်း အချိန်တခဏအတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ် ...တကယ်လို့ ငါတို့က ထန်းလန်တောင်တန်းမှာနေခဲ့တဲ့ ဆရာကြီးကို အကူအညီပေးဖို့ ဆွဲခေါ်နိုင်မယ်ဆိုရင် ငါတို့ရဲ့ဖိအားတွေ အများကြီးလျော့သွားလိမ့်မယ်"
"လူအိုကြီးကျန်း....အရမ်းစိတ်ပျက်မသွားပါနဲ့....ငါတို့က အဲ့ဒီဆရာကြီးနဲ့ မတွေ့ခဲ့ရပေမယ့် ပိုပြီးအရေးကြီးတဲ့ အရာတစ်ခုကို သယ်လာခဲ့တယ်"
ဟွမ်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ပိုပြီးအရေးကြီးတဲ့ အရာတစ်ခု ရှိသေးတာလား"
လူအိုကြီးကျန်း၏မျက်ခုံးများ မြင့်တက်သွားသည်။
တခြားလူများသည်လည်း စောင့်ကြည့်လိုက်ကြ၏။
ယခုလက်ရှိအချိန်တွင်....
အကူအညီရရန်အတွက် ဆရာကြီးတစ်ယောက်ကို ဤနေရာသို့ ခေါ်ဆောင်လာသည်ထက် ပို၍အရေးကြီးသောအရာ ရှိနေသလော....
"အဲ့ဒီရေစည်လား...."
လူအိုကြီးကျန်းက သူတို့နှစ်ယောက်၏နံဘေးတွင် ထောင်ထားသော ရေစည်ကိုကြည့်ကာ မေးမြန်းလိုက်သည်။
"အမှန်ပဲ....ဒီရေစည်က ငါတို့ရဲ့အရေးပေါ်လိုအပ်ချက်တွေကို သေချာပေါက်ဖြေရှင်းပေးနိုင်တယ်"
ဟွမ်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
ဟွမ်ကျန်း၏စကားကိုကြားချိန်တွင် လက်ရှိနေရာ၌ရှိနေသူများအားလုံး သိချင်စိတ်ပြင်းပြသွားသည်။
ဤရေစည်အတွင်းတွင် အမှန်တကယ်ကိုပင် ကောင်းမွန်သောအရာတစ်ခု ရှိနေသလော....
လူများအားလုံးသည် ရေစည်၏နံဘေးပတ်လည်၌ စုဝေးလာကြ၏။
သူတို့အားလုံး စောင့်ကြည့်နေသောအချိန်တွင် ဟွမ်ကျန်းသည် သူ၏လက်ကိုဝှေ့ယမ်း၍ ရေစည်အဖုံးကို ဖွင့်လိုက်သည်။
စူးရှသောအနံ့တစ်ခု ထွက်ပေါ်လာပြီးနောက်....
ခေါင်းငုံ့၍ကြည့်နေကြသောလူများ အသက်ရှူမွန်းကြပ်သွားသည်။
အထူးသဖြင့် လူအိုကြီးကျန်းပင်။ထို့အနံ့ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူ၏မျက်နှာအမူအယာ ကြိမ်ဖန်များစွာပြောင်းလဲသွားကာ သူသည် နေရာတွင် လဲကျသွားလုနီးပါးပင်။
"ဟွမ်ကျန်း ချန်းရှင်း...မင်းတို့ကောင်တွေ...."
"မင်းတို့က အရမ်းရဲတင်းနေတာပါလား...ငါတို့ကိုတောင်ကျီစားရဲတယ်"
လူများအားလုံးသည် ရေစည်အနီးမှ နောက်သို့ဆုတ်လိုက်ကြကာ သူတို့၏အသက်ရှူနှုန်းကို မှန်ကန်အောင်ထိန်းသိမ်းပြီးနောက် ချန်းရှင်းကိုစူးစိုက်ကြည့်ပြီး ဆဲဆိုလိုက်ကြသည်။
"မဟုတ်ဘူး....ငါတို့က ဘာလို့ မင်းတို့ကို ကျီစားရမှာလဲ....ဒါကို မစင်တွေလို့ မင်းတို့ မထင်ကြနဲ့....ဒါက ရတနာတစ်ခုပဲ"
ဟွမ်ကျန်းက အလျှင်အမြန်ရှင်းပြသည်။
"ဒီမစင်တွေမှာ အရမ်းအစွမ်းထက်တဲ့ အကျိုးအာနိသင်ရှိတယ်....ဒါက ငါတို့ရဲ့ခန္ဓာကိုယ်တွေထဲမှာရှိတဲ့ အနက်ရောင်ချီအခိုးအငွေ့တွေကို ဖယ်ရှားပေးနိုင်တယ်....တကယ်လို့ မင်းတို့ ငါ့ကိုမယုံဘူးဆိုရင် မင်းတို့ ဒီအနံ့ကို တစ်ချက်လောက်ပြင်းပြင်းရှိုက်ကြည့်လိုက်စမ်း...မင်းတို့တွေ စိတ်ပေါ့ပါးလန်းဆန်းသွားတာကို ခံစားမိလိမ့်မယ်"
အကယ်၍ ဟွမ်ကျန်း ရှင်းပြခြင်းမပြုပါက အဆင်ပြေသွားပေမည်။
ထိုရှင်းပြချက်ကိုကြားပြီးနောက် လူအများထံမှဒေါသတကြီးအကြည့်များ ဟွမ်ကျန်းထံသို့ ကျရောက်လာသည်။
မစင်များကို ရတနာတစ်ပါးအဖြစ် ယူဆောင်လာခဲ့ကာ သူတို့၏စိတ်လန်းဆန်းသွားအောင် အနံ့ခံခိုင်းနေသည့်အတွက် သူတို့အားလုံး ဟွမ်ကျန်းကို ရိုက်သတ်လိုပေ၏။
ဤသည်မှာ အလွန်ဆိုးရွားသောကိစ္စပင်။
"တော်ကြတော့....နောက်တစ်ကြိမ်ကျရင် ဒီလိုမျိုး အရေးမပါတဲ့ ကျီစယ်မှုတွေကို မလုပ်ကြနဲ့"
လူအိုကြီးယောင်သည် အစဉ်အမြဲ ကောင်းမွန်သောစိတ်သဘောထားရှိသူ ဖြစ်သည့်တိုင် ဤအချိန်အခိုက်အတန့်တွင် သုန်မှုန်နေသောမျက်နှာဖြင့် အော်ငေါက်လေသည်။
ထိုသို့ပြောဆိုပြီးနောက် ...
သူသည် တခြားလူများနှင့်အတူ နယ်စပ်နံရံထံသို့ လျှောက်လှမ်းသွားကာ ဟွမ်ကျန်းနှင့်ချန်းရှင်းတို့နှစ်ယောက်ကို ချန်ထားခဲ့လေ၏။
"ဒါက တကယ့်ကို ရတနာတစ်ခုပါ"
ချန်းရှင်းက အော်ဟစ်လိုက်သည်။
မည်သည်ကြောင့် သူ့အား ယုံကြည်သူတစ်ယောက်မျှ မရှိသနည်း...
သို့ရာတွင် သူတို့နှစ်ယောက် မည်မျှထိ အော်ဟစ်နေပါစေ သူတို့အား မည်သူကမျှ အာရုံမစိုက်ကြချေ။
"အား...."
ထိုအချိန်မှာပင်.....
နယ်စပ်နံရံ၏နံဘေးတွင် ပလ္လင်ခွေထိုင်နေသော လူအုပ်အကြားမှ လူကြီးတစ်ယောက်သည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်ချီအခိုးအငွေ့များ မြင့်တက်လာသည်။
"ရှုံးထန်း...."
ထိုမြင်ကွင်းကိုကြည့်ပြီး လူအိုကြီးကျန်း၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားကာ သူ၏မျက်လုံးများ နီမြန်းသွားသည်။
တခြားသူများသည်လည်း ထိတ်လန့်တကြားဖြစ်သွားကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိကြတော့ချေ။
ရှုံ့ထန်းပင်လျှင် နတ်ဆိုးချီများ၏သက်ရောက်မှုကို ခံရမည်ဟု သူ တွေးထင်ထားမိခြင်းမရှိချေ။
ရှုံထန်းသည် နယ်စပ်အစောင့်များအကြား၌ ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ သူ၏စွမ်းအားသည် အစစ်အမှန်အင်မော်တယ်အဆင့်သုံးဆယ်နှင့် နီးကပ်နေလေပြီ။
ဤကဲ့သို့လူတစ်ယောက်ကို နတ်ဆိုးချီစွမ်းအားများ သက်ရောက်နေသဖြင့် အခြေအနေ မည်မျှထိပြင်းထန်သည်ကို တွေးတောကြည့်၍ရနိုင်သည်။
"အား...."
"အား...."
မိုးကောင်းကင်ယံအတွင်းတွင် ရှုံးထန်းသည် အဆက်မပြတ်အော်ဟစ်နေလေ၏။
လေထုအတွင်း၌ရှိနေသော သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ချီစွမ်းအားများက ရစ်သိုင်းလွှမ်းခြုံထားသည်။သူ၏ဆံပင်များ ထောင်မတ်နေကာ သူ၏အဝတ်အစားများ စုတ်ပြဲသွားပြီး ပိန်လှီနေသော သူ၏ကြွက်သားများ ပေါ်လွင်လာသည်။
တချိန်တည်းမှာပင် သူ၏နီမြန်းပြီးဆိုးညစ်မှုများ ပြည့်နှက်နေသောမျက်လုံးတစ်စုံသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ ကြည်လင်သွားသည်။
"ငါ့ကို သတ်လိုက်တော့....ငါ့ကို မြန်မြန်သတ်လိုက်တော့"
"ငါ ထပ်ပြီးမထိန်းချုပ်နိုင်တော့ဘူး...အား ...တကယ်လို့ မင်းတို့ ငါ့ကိုမသတ်ဘူးဆိုရင် ငါ လုံးဝရူးသွပ်သွားတာနဲ့ ဆုံးရှုံးမှုတွေ အရမ်းကြီးမားသွားလိမ့်မယ်"
သူ၏မျက်လုံးများကို ကြည်လင်အောင်ထိန်းသိမ်းနိုင်သည့်အချိန်သည် တစတစ ပို၍လျော့နည်းလာပေ၏။
"လူအိုကြီးကျန်း...နည်းလမ်းတစ်ခုလောက် စဉ်းစားပါအုံး....နည်းလမ်းတခုလောက် ရှာပါအုံး"
"အမှန်ပဲ...ငါတို့က အစ်ကိုရှုံးထန်းကို ကယ်ရမယ်...တကယ်လို့ သူသာ....."
"ကျေးဇူးပြုပြီးတော့ မင်း သူ့ကို ရအောင်ကယ်ပေးပါ""
ကြွင်းကျန်သောလူများသည်လည်း ဤအချိန်အခိုက်အတန့်တွင် ထိတ်လန့်တကြားဖြစ်သွားကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို စဉ်းစားတွေးတော၍မရတော့ချေ။
တောင်ဝှေးတစ်ချောင်းကိုကိုင်ထားသော လူအိုကြီးကျန်း၏လက်များ အဆက်မပြတ်တုန်ရီနေကာ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလာသည်။သူသည် မှုန်ဝါးနေသောမျက်လုံးတစ်စုံဖြင့် ရှုံးထန်းကို စူးစိုက်၍ကြည့်နေလေ၏။
အချိန်သည် သူတို့အား များစွာတွေးတောခွင့်မပြုချေ။
သူ၏မျက်လုံးအကြည့် ရွေ့လျားသွားကာ နောက်ဆုံး၌ သူ ဆုံးဖြတ်ချက်ချလိုက်၏။
"သွားကြတော့...သူ့ကို ဖိနှိပ်ကြစမ်း"
ထိုသို့ပြောဆိုပြီးနောက် လူအိုကြီးကျန်းသည် သူ၏မျက်လုံးကို စုံမှိတ်လိုက်သည်။သူ၏လက်အတွင်းရှိ တောင်ဝှေးသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားကာ သူ့ကိုကြည့်ရသည်မှာ ပို၍အိုမင်းသွားသည့်အလားပင်။
"ဘာ...."
"ဒါက..."
ဤနေရာတဝိုက်၌ ကြေကွဲဆို့နင့်စွာ ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာပြီးနောက် သူတို့သည် နီမြန်းနေသောမျက်လုံးများဖြင့် တိုက်ခိုက်မှုကိုစတင်ရန် ဟန်ပြင်လိုက်ကြတော့သည်။
အကြောင်းအရင်းမှာ သူတို့ ထိုသို့သာပြုလုပ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သိရှိထားသောကြောင့်ပင်။
အကယ်၍ ရှုံးထန်းသည် လုံးလုံးလျားလျားနတ်ဆိုးဖြစ်သွားကာ သူ၏အသိစိတ်လွတ်ကင်းသွားပါက သူ၏မူလစွမ်းအားအခြေခံတွင် နတ်ဆိုးစွမ်းအား ပေါင်းစပ်လာမှုကြောင့် လက်ရှိနေရာတွင်ရှိနေသူများအနက်မှ အနည်းစုသာ သူ့အား ဟန့်တားနိုင်ပေမည်။
ထိုအချိန်ကျပါက....
ဤသည်မှာ ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်သွားပေမည်။