အခန်း (၇၉၁-၇၉၅)
Vol. 53 Ch. 791-795
Chapter 791
"မလုပ်နဲ့အုံး..."
"ငါတို့ ကြိုးစားကြည့်မယ်"
သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် ချန်းရှင်းနှင့်ဟွမ်ကျန်းတို့သည် ရေစည်ကြီးကိုသယ်ဆောင်ကာ ရှုံးထန်းထံသို့ တဟုန်ထိုးပျံသန်းသွားသည်။
ဤရေစည်အတွင်းမှမစင်ရည်များသည် သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ အနက်ရောင်ချီများကို ဖယ်ရှားပေးနိုင်သည်။ဤသည်ကို သူတို့နှစ်ယောက်ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။သူတို့သည် နတ်ဆိုးတစ်ကောင်ဖြစ်လုနီးပါး အခြေအနေသို့ ရောက်နေသည့် ရှုံးထန်းအပေါ် ဤအရာ အသုံးဝင်မဝင်ကို မသိရှိသော်လည်း ကြိုးစားကြည့်လိုကြသည်။
သူတို့နှစ်ယောက်သည် မစင်စည်ကြီးကိုသယ်ဆောင်ပြီး လေထုအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာသဖြင့် ချက်ချင်းဆိုသလိုပင် တခြားလူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
သူတို့အားလုံးသည် အမှုမဲ့အမှတ်မဲ့ဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ကြ၏။
ရှုံးထန်းနှင့်မလှမ်းမကမ်းအကွာတွင်ရှိနေသော ချန်းရှင်းနှင့်ဟွမ်ကျန်းတို့သည် သူ၏ခန္ဓာကိုယ်မှ တလိမ့်လိမ့်ထနေသော အနက်ရောင်ချီစွမ်းအားများကြောင့် ထိတ်လန့်တုန်လှုပ်နေသည်။
သူတို့နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့သည် အချိန်မဖြုန်းဝံ့ကြသဖြင့် ရေစည်ကြီးအတွင်းမှ မစင်ရည်များကို ရှုံးထန်းထံဦးတည်၍ ဖြန်းပက်လိုက်သည်။
ဗြန်း....
မစင်ရေများသည် ချက်ချင်းဆိုသလိုပင် ရှုံးထန်း၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ ကျရောက်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လူအိုကြီးကျန်း၏မျက်နှာရှုံမဲ့သွားကာ ခြေတစ်ချက်ဆောင့်ပြီး အော်ဟစ်လိုက်၏။
"သောက်ရေးမပါတာတွေ..."
သို့ရာတွင် သူ၏အသံ ကျရောက်သွားသောအချိန်မှာပင်....
နတ်ဆိုးစွမ်းအားများ ရရှိထားသော ရှုံးထန်းသည် ရေစည်ကြီးအတွင်းမှ မစင်ရည်များဖြင့် ဖြန်းပက်ခြင်းကိုခံရပြီးနောက် ရေဖြင့်လောင်းခံရကာ ချက်ချင်းငြိမ်းသေသွားသော မီးတောက်တစ်ခုအလားပင်။
သူသည် အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။
"ဘာ..."
"ဒါက..."
အနက်ရောင်ချီများ ရုတ်တရက်ပျောက်ကွယ်သွားသော ရှုံးထန်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။သူတို့သည် ရှုံးထန်းကို စူးစိုက်ကြည့်ပြီး သူတို့ရှေ့၌ ဖြစ်ပျက်သွားသောမြင်ကွင်းကို သူတို့ မယုံကြည်နိုင်တော့ချေ။
နံဘေးတစ်ဖက်တွင်ရှိနေသော လူအိုကြီးကျန်းသည် တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်ရှိ တောင်ဝှေးကို ကောက်ယူလိုက်၏။
သို့ရာတွင် မကြာမီမှာပင် သူတို့အားလုံး အသိပြန်ဝင်လာကြကာ မြေပြင်ပေါ်ရှိ ရှုံးထန်းထံသို့ အပြေးသွားလိုက်ကြသည်။
"ရှုံးထန်း...."
"အစ်ကိုရှုံးထန်း..."
"မင်း ဘယ်လိုနေသေးလဲ"
"မင်း အဆင်ပြေရဲ့လား...."
လူများအားလုံးသည် ရှုံးထန်းကို ဝိုင်းရံ၍ မေးမြန်းနေကြသော်လည်း သူတို့၏စိတ်နှလုံးသားများအတွင်း၌ သတိကြီးစွာထားနေဆဲပင်။
ရှုံးထန်း၏နတ်ဆိုးချီစွမ်းအားများ ကျန်ရှိနေမည်ကို သူတို့ စိုးရိမ်ထိတ်လန့်နေကြသော်လည်း သူတို့၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်အလင်းရောင်များရှိနေသည်။
"ငါ..."
"ငါ အဆင်ပြေပါတယ်..."
ရှုံးထန်းသည် သူတို့အားလုံးကို မော့ကြည့်ကာ အနည်းငယ်စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အနက်ရောင်ချီစွမ်းအားတွေအားလုံး ပျောက်ကွယ်သွားတဲ့ပုံပဲ"
ဤစကားသံ ကျရောက်လာသောအချိန်တွင်...
မီးရှူးမီးပန်းကိုမီးညှိပြီးနောက် ချက်ချင်းလင်းထိန်သွားသည့်အလား လက်ရှိနေရာတွင်ရှိနေသူများအားလုံးထံမှ အံ့အားတသင့်ရေရွတ်သံများ ပွင့်အံ့ထွက်လာသည်။
သူတို့သည် အလွန်စိတ်လှုပ်ရှားနေတာ သူတို့၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလာသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ချန်းရှင်းနှင့်ဟွမ်ကျန်းတို့နှစ်ယောက်ကို ကြည့်လိုက်ကြ၏။
"ရေစည်ထဲမှာရှိနေတဲ့အရာက အရမ်းအသုံးဝင်တယ်...ဒါက တကယ့်ကို အသုံးဝင်တယ်...ချန်းရှင်းတို့က ငါတို့ကို မလိမ်ခဲ့ဘူး"
တစ်စုံတစ်ယောက်က အံ့အားတသင့် အော်ဟစ်လိုက်သည်။
"ဒါကအသုံးဝင်တယ်လို့ ငါတို့ အစကတည်းကပြောခဲ့သားပဲ"
ဟွမ်ကျန်းက အော်ဟစ်လိုက်သည်။သူသည် နတ်ဆိုးဖြစ်လုနီးပါး အခြေအနေသို့ရောက်ရှိနေသည့် ရှုံးထန်းကို ကယ်တင်ခဲ့သော်လည်း ရေစည်အတွင်း၌မစင်ရည် တဝက်မပြည့်တပြည့်သာ ကျန်တော့သည်ကိုကြည့်ပြီး မျက်ရည်မထွက်ဘဲငိုချင်လာသည်။
ထိုအချိန်တုန်းက သူတို့သည် မစင်တွင်းအတွင်းမှမစင်ရည်များကို တစ်ဇွန်းခြင်းခပ်ခဲ့ကာ တစ်စက်ပင် ဖြုန်းတီးဝံ့ခဲ့ခြင်းမရှိချေ။
လမ်းတစ်လျှောက်၌ သူတို့သည် ရေစည်အတွင်းမှာမစင်ရည်များ ဖိတ်စင်သွားမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် အရှိန်မြှင့်၍ ပျံသန်းဝံ့ခဲ့ခြင်းမရှိချေ။
ဤအချိန်တွင် ရေစည်အတွင်းမှ မစင်ရေအမြောက်အများ ကုန်ဆုံးသွားသဖြင့် သူတို့၏နှလုံးသားများ နာကျင်လာသည်။
အကယ်၍ သူတို့သည် ဤကိစ္စကို ကြိုသိခဲ့ပါက မစင်ရည်များကို ဤအတိုင်း ဖြန်းပက်ပစ်မည်မဟုတ်ချေ။ထိုအစား သူတို့သည် ရှုံးထန်းကိုသာ မစင်စည်အတွင်းသို့ နှစ်ခဲ့ပေမည်။
"ချန်းရှင်း ဟွမ်ကျန်း...ငါက မင်းတို့ကို အပြစ်တင်ခဲ့မိတယ်...ငါ တောင်းပန်ပါတယ်...."
ထိုအချိန်မှာပင် လူအိုကြီးကျန်းသည် တောင်ဝှေးကိုထောက်၍ သူတို့၏အနီးသို့လျှောက်လှမ်းလာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ငါ့ကို ပြောကြပါအုံး...ဘာတွေ ဖြစ်သွားတာလဲ ....ဒီမစင်...အမ် မဟုတ်သေးဘူး...ဒီစိတ်ဝိညာဥ်ရည်တွေကို မင်းတို့ ဘယ်နေရာကနေ ရလာတာလဲ"
"ဒါကို ငါတို့ ထန်းလန်တောင်တန်းကနေ ရလာခဲ့တာပဲ"
ချန်းရှင်းသည် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်အတွင်းမှ အနက်ရောင်ချီများ ပျောက်ကွယ်သွားသဖြင့် ရှာဖွေရာမှ ဤမစင်ရည်များကိုရရှိခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။
"ဒါက ကမ္ဘာဦးအစမှာရှိခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားသားရဲတွေရဲ့မစင်တွေ ဖြစ်နိုင်တယ်"
"နတ်ဘုရားတွေက ငါတို့လူသားမျိုးနွယ်ကို ဘယ်တော့မှ မျိုးတုံးပျောက်ကွယ်သွားစေမှာမဟုတ်ဘူးဆိုတာ အမှန်ပါလား...."
"ဒီမစင်ရည်နဲ့ဆိုရင် နယ်နိမိတ်နံရံကို စောင့်ကြပ်ရတဲ့ ငါတို့ရဲ့ဖိအားတွေ အများကြီးလျော့ကျသွားလိမ့်မယ်"
ချန်းရှင်းတို့နှစ်ယောက်၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် လူအိုကြီးကျန်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။ထို့နောက် သူသည် မိုးကောင်းကင်ယံထံသို့ဦးတည်ကာသူ၏လက်နှစ်ဖက်ကိုဖြန့်ကားပြီး အော်ဟစ်လိုက်၏။သူ၏မျက်လုံးအတွင်း၌ မျက်ရည်စများဖြင့် စိုစွတ်နေသည်။
တခြားလူများသည်လည်း ဝမ်းသာပျော်ရွှင်စွာအော်ဟစ်နေကြကာ သူတို့၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်အလင်းရောင်များ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်။
ဤကိစ္စအား တွေးတောကြည့်ရန်ပင် သူတို့အတွက် အလွန်ခက်ခဲသည်။
ဤရေစည်အတွင်းရှိ စိတ်ဝိညာဥ်ရေများသည် သူတို့အတွက် မည်မျှထိ အရေးပါသောအရာဖြစ်သနည်း....
ထို့ပြင် ဤအရာများသည် အချိန်မီရောက်ရှိလာခြင်းပင်။
သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ နတ်ဆိုးချီများသည် သူတို့ မည်သို့မျှ ဖယ်ရှားနိုင်မည်မဟုတ်သည့် အိမ်မက်ဆိုးကြီးတခုပင်။ထိုနတ်ဆိုးချီများကို သူတို့၏ကျင့်ကြံဆင့်စွမ်းအားများဖြင့် ဖိအားပေး၍ ထုတ်ခဲ့သည့်အပြင် နယ်နမိတ်နံရံနှင့်အဝေးတွင် နေထိုင်ခဲ့သည့်တိုင် အမြစ်ပြတ်ဖယ်ရှားနိုင်ခဲ့ခြင်း မရှိချေ။
ဤအရိုးအတွင်း၌ တွယ်ကပ်နေသောလောက်ကောင်ကို နောက်ဆုံး၌ ဖြေရှင်းနိုင်သောနည်းလမ်းတခု ရရှိလာလေပြီ။
သို့ရာတွင် ဤစိတ်ဝိညာဉ်ရည်၏အကျိုးအာနိသင်ကို သိရှိပြီးနောက် မြေပြင်ပေါ်သို့ဖြာကျကာ ပျောက်ကွယ်သွားသော စိတ်ဝိညာဥ်ရည်များကိုကြည့်ပြီး သူတို့အားလုံး ကြေကွဲဝမ်းနည်းသွားသည်။
သို့ရာတွင် ဤသည်မှာ ရှုံးထန်း၏အသက်ကို ပြန်လည်ဆွဲခေါ်နိုင်ခဲ့သည့်အတွက် ထိုက်တန်ပေ၏။
ရုတ်ချည်းဆိုသလိုပင်...
လူအိုကြီးကျန်းသည် မြေကွက်လပ်တစ်ခုအတွင်း၌ ယဇ်ပလ္လင်တစ်ခုတည်ဆောက်ရန် တခြားလူများအားလုံးကို အမိန့်ပေးလိုက်၏။
သူတို့အားလုံး၏ အတူပူးပေါင်းဆောင်ရွက်မှုဖြင့် ယဇ်ပလ္လင်တစ်ခုကို နေ့တစ်ဝက်မပြည့်မီမှာပင် တည်ဆောက်နိုင်ခဲ့သည်။
ထိုယဇ်ပလ္လင်ပေါ်၌ စိတ်ဝိညာဥ်ရေစည်ကြီးကို နေရာချထားလိုက်သည်။
ထို့နောက် လူအိုကြီးကျန်းဦးဆောင်ကာ ယဇ်ပလ္လင်ကိုဗဟိုပြု၍ ဝင်္ကပါတစ်ခုကို စတင်၍ခင်းကျင်းလိုက်သည်။သူတို့အနက်မှ လူတစ်ယောက်သည် စိတ်ဝိညာဉ်ရည်များ မတော်တဆ ပျက်စီးမသွားစေရန် ကာကွယ်ရမည်ဖြစ်ကာ တခြားသူများသည် အနံ့များပျံ့လွင့်မသွားစေရန် တားဆီးဟန့်တားရပေမည်။
ဤကဲ့သို့ပြုလုပ်ပြီးနောက် သုံးရက်အကြာတွင် ခြောက်ကပ်နေသော ကျတ်တီးမြေပေါ်၌ ယဇ်ပလ္လင်ကိုဗဟိုပြု၍ အသက်စွမ်းအားများ ပြန်လည်ရရှိလာသည်။
မြက်ပင်ငယ်လေးများပင် စတင်၍ပေါက်လာပေ၏။
"ဒီမြက်ပင်ငယ်လေးတွေက ငါနဲ့အတူတူပဲ...ဒုက္ခတွေပြည့်နှက်နေတဲ့နေရာမှာ မျှော်လင့်ချက်အပြည့်နဲ့ မွေးဖွားလာတယ်"
လူအိုကြီးကျန်းသည် တောင်ဝှေးကိုအားပြု၍ မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ့၏လက်ဖြင့် မြက်ပင်များကို ဂရုတစိုက်ပွတ်သပ်ပြီး အပြုံးနှင့်ပြောဆိုသည်။
"အမှန်ပဲ...."
"ဒီစိတ်ဝိညာဉ်ရည်တွေက အချိန်မီရောက်လာခဲ့တယ်"
ရှုံးထန်းသည်လည်း နံဘေး၌ ဆောင့်ကြောင့်ထိုင်ကာ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအယာတစ်ရပ်ရှိနေသည်။ထို့နောက်သူ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းကာ မလှမ်းမကမ်းရှိ မစင်စည်ကြီးကို ကြည့်လိုက်၏
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
"တကယ်လို့ ဒီစိတ်ဝိညာဥ်ရည်တွေကို စောစောသာရှာတွေ့ခဲ့ရင် ငါ့ရဲ့ဂျူနီယာညီမလေးနဲ့တခြားလူသားမျိုးနွယ်ဆရာကြီးတွေ ကြွေလွင့်သွားမှာမဟုတ်ဘူး"
"ဒီလောကကြီးက သူတို့ကို အမှတ်ရနေမှာပါ"
လူအိုကြီးကျန်းသည် မတ်တတ်ထရပ်ကာ ရှုံးထန်း၏ပခုံးကိုပုတ်ပြီး နူးညံ့ညင်သာသောလေသံဖြင့် နှစ်သိမ့်ပေးသည်။
ဘုန်း....
ထိုအချိန်မှာပင် အလွန်အမင်းကျယ်လောင်သော တုန်ခါသံကြီးတစ်သံ မြည်ဟီးသွားသည်။
ထိုအသံသည် အင်မော်တယ်နယ်မြေနှင့် နယ်မြေကြီးရှစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
မည်သည့်နေရာတွင်ရောက်ရှိနေသော မည်သူတစ်ဦးတစ်ယောက်မဆို ဤအချိန်အခိုက်အတန့်တွင် မိုးနှင့်မြေတုန်ခါသွားမှုကို ခံစားမိသည်။
"ဘာဖြစ်တာလဲ..."
"ဘာတွေ ဖြစ်နေတာလဲ..."
"ထူးဆန်းတဲ့ရတနာတစ်ခု မွေးဖွားလာတာများလား..."
"တစ်နေရာရာမှာ မြေငလျင်ကြီး လှုပ်သွားတာလား"
ဤအချိန်အခိုက်အတန့်တွင် လောကကြီးတစ်ခွင်လုံးတွေရှိနေသည့် လူများအားလုံး သံသယအမျိုးမျိုးဖြင့် ခန့်မှန်းလိုက်ကြသည်။
"အဲ့ဒါက နယ်နမိတ်နံရံပဲ..."
စွန့်ပစ်နယ်မြေတွင်ရှိနေသော အကြီးအကဲကျန်းတို့လူစုသည် အရင်ဆုံးအသိဝင်လာကြ၏။
အထူးသဖြင့် အာရုံခံနိုင်မှုအမြင့်မားဆုံးဖြစ်သည့် လူအိုကြီးကျန်းပင်။သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်နေကာ အလွန်ဆိုးရွားသောနိမိတ်တစ်ခုကို သူ အာရုံခံမိသည်။
"ဒီအသံက စိတ်ဝိညာဥ်နယ်မြေ ရှိနေတဲ့နေရာက ထွက်လာတာပဲ"
ရှုံးထန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
တချိန်တည်းမှာပင် နယ်နိမိတ်နံရံတွေရှိနေသော တစ်ခြားကျင့်ကြံသူများသည်လည်း စုဝေးလာကာ စိုးရိမ်ပူပန်တကြီးဖြင့် လူအိုကြီးကျန်းကို ကြည့်လိုက်ကြသည်။
"ဒီနေရာကိုစောင့်ကြပ်ဖို့ လူနည်းနည်းကျန်ခဲ့ရမယ်...အဲ့ဒီလူတွေက ငါ့အမိန့်မရဘဲ ဘာမှမလှုပ်ရှားကြနဲ့"
"ကျန်တဲ့သူတွေအားလုံးကတော့ ငါနဲ့အတူ စိတ်ဝိညာဉ်နယ်မြေဆီကို သွားရမယ်"
လူအိုကြီးကျန်းသည် ချက်ချင်းအမိန့်ပေးလိုက်ကာ အနည်းငယ်မျှ နှောင့်နှေးမနေဝံ့ချေ။သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ လေထုအတွင်း၌ စိတ်ဝိညာဥ်လှေပျံတစ်စင်း ထွက်ပေါ်လာသည်။
လူအိုကြီးကျန်းဦးဆောင်သော လူဆယ်ယောက်ကျော်သည် စိတ်ဝိညာဉ်လှေပျံပေါ်သို့ အလျှင်အမြန် တက်လိုက်ကြသည်။
စိတ်ဝိညာဥ်လှေပျံသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားပြီးနောက် အလင်းတန်းတစ်တန်းအဖြစ် ပျောက်ကွယ်သွားတော့သည်။
နှစ်ရက်ကြာမြင့်ပြီးနောက်....
စိတ်ဝိညာဥ်လှေပျံသည် စိတ်ဝိညာဥ်နယ်မြေသို့ ရောက်ရှိလာပေ၏။ဤလှေပျံပေါ်တွေရှိသော လူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
အကြောင်းအရင်းမှာ နယ်နိမိတ်နံရံနှင့်နီးကပ်သောနေရာတွင်ရှိသည့် မျက်စိဖြင့်မြင်နိုင်သော အကွာအဝေးအတွင်းရှိ ကျယ်ပြန့်သောလေဟာနယ်ကြီးကို အမှောင်ထုကြီးက လွှမ်းခြုံထားသည်။ထိုအမှောင်ထုကြီးသည် မိုးကောင်းကင်ယံနှင့်နေမင်းကြီးကို ပိတ်ဖုံးထားပြီး မြေပြင်ပေါ်၌ မြက်တစ်ပင်မျှ ပေါက်ရောက်ရှင်သန်ခြင်းမရှိတော့ချေ။
မြို့အမြောက်အများကို အမှောင်ထုကြီးမှ လွှမ်းခြုံသွားပြီးနောက် လူများသေဆုံးသွားသည့် မြို့ပျက်ကြီးများအဖြစ်သို့ ရောက်ရှိသွားသည်။
တချိန်တည်းမှာပင်...
အကန့်အသက်မဲ့သော အမှောင်ထုကြီးသည် တိကျသောအရှိန်တစ်ခုဖြင့် ဆက်လက်၍ပျံ့နှံ့နေဆဲပင်။
ထိုအမှောင်ထုကြီး လွမ်းခြုံတော့မည့် မည့်သည့်နေရာတွင်မဆို လူသားများ ငှက်များ သားရဲများ အော်ဟစ်ငိုယိုပြီးထွက်ပြေးနေကြကာ အသူရာကြေးချွတ်သန့်စင်ဘုံတစ်ခုအလားပင်။
သို့ရာတွင်...
ထွက်ပြေးနေသော သက်ရှိများအကြားတွင် အနက်ရောင်မြူခိုးများ၏ သက်ရောက်ခြင်းကိုခံထားရသည့် လူသားများနှင့်မှော်သားရဲများ မရေမတွက်နိုင်အောင် ရှိနေသည်။
နတ်ဆိုးဖြစ်သွားသော လူသားများနှင့်မှော်သားရဲများသည် ဖုတ်ကောင်များနှင့်တူညီကာ တခြားသက်ရှိများကို အညှာအတာမဲ့စွာတိုက်ခိုက်လိုက်ကြ၏။
လူသားများအနက် ကျင့်ကြံသူတချို့သည် အဖွဲ့များဖွဲ့၍ခုခံကြသော်လည်း နတ်ဆိုးများနှင့်ရင်ဆိုင်ရသောအချိန်တွင် အနိုင်မယူနိုင်ကြချေ။ကြွင်းကျန်သောလူသားများအားလုံး နတ်ဆိုးများ၏သတ်ဖြတ်ခြင်းကို ခံနေရသည်။
"ဒါက အဆုံးသတ်သွားပြီ"
စိတ်ဝိညာဥ်လှေပျံပေါ်တွင်ရှိနေသော လူအိုကြီးကျန်းသည် သူရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်၌ ဖင်ထိုင်ရက်သားလဲကျသွားကာ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။
"လူအိုကြီးကျန်း...."
တခြားလူများသည် သူ့အား အလျှင်အမြန် တွဲထူပေးလိုက်ကာ သူတို့၏မျက်လုံးများအတွင်း၌ မကြုံစဖူး တည်ကြည်လေးနက်မှုများ ထင်ဟပ်နေသည်။
စိတ်ဝိညာဥ်ရည်များကြောင့် အစောပိုင်းကမှ မျှော်လင့်ချက်များ ရရှိလာခဲ့သည့် သူတို့သည် ဤကဲ့သို့ ရုတ်တရက်ဆန်သည့်ကိစ္စမျိုး ဖြစ်ပွားလာမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။
ဤသည်မှာ သူတို့ခန့်မှန်းမထားခဲ့မိသော ကိစ္စတစ်ရပ်ပင်။
Chapter 792
စိတ်ဝိညာဥ်ရည်များကြောင့် သူတို့အတွက် မျှော်လင့်ချက်အလင်းရောင်ရှိလာပြီဟု တွေးထင်ခဲ့ကြသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် သူတို့ရှေ့ရှိ အသူရာကြေးချွတ်သန့်စင်ဘုံအလား ဖြစ်နေသောမြင်ကွင်းသည် သူတို့၏မျှော်လင့်ချက်အလင်းရောင်များကို မှေးမှိန်သွားစေသည်။
သူတို့ထံ၌ စိတ်ဝိညာဉ်ရေစည်သည် တစ်ဝက်မပြည့်တပြည့်သာ ကျန်ရှိသော်လည်း ကံဆိုးစွာဖြင့် နတ်ဆိုးချီများ၏ပူးကပ်ခြင်းကို ခံနေရသောလူများမှာ အကန့်အသတ်မရှိချေ။
လူအိုကြီးကျန်းသည် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
ထိုနောက် သူ့ထံမှနေ၍ တုန်ရီနေသောအသံတစ်သံ ထွက်ပေါ်လာသည်။
"ဖြစ်နိုင်တာတော့ အထက်ကောင်းကင်ဘုံမှာရှိတဲ့ နတ်ဘုရားတွေက ငါတို့အားလုံးကို သေစေချင်တာများလား"
သူ့၏နောက်ရှိလူများသည်လည်း ကြေကွဲဝမ်းနည်းခြင်းနှင့်ဒေါသထွက်ခြင်းတို့ကို ခံစားနေရလေ၏။
လူအိုကြီးကျန်းကိုတွဲထူပေးထားသော လူများအနက်မှတချို့သည် သက်ပြင်းရှိုက်လိုက်ကြကာ တချို့သည် သူတို့၏နှုတ်ခမ်းကိုကိုက်ပြီး သူတို့၏မျက်လုံးများ နီမြန်းနေသည်။သူတို့သည် ထိုမြင်ကွင်းကို မကြည့်ရက်တော့ဘဲ သူတို့ထံတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
ရှုံးထန်းသည် နတ်ဆိုးချီးများ၏ပူးကပ်ခြင်းကိုခံရသည့်တိုင် စိတ်ဝိညာဥ်ရည်များဖြင့် ဖြန်းပက်ခြင်းခံရပြီးနောက် ကြည်လင်မှုကို ပြန်လည်ရရှိသွားခဲ့သည်။ထို့ကြောင့် သူသည် တခြားလူများထက် ပို၍တည်ငြိမ်နေသည်။
သူသည် လူအိုကြီးကျန်းကိုကြည့်ပြီး ပြောဆိုလိုက်၏။
"လူအိုကြီး...ဘာမှ မစိုးရိမ်ပါနဲ့...တခြားနည်းလမ်းတခုခု ရှိနေမှာပါ"
ထိုစကားကိုကြားချိန်တွင် လူအိုကြီးကျန်းသည် စိတ်ပျက်အားငယ်စွာဖြင့် သူ၏မျက်လုံးကို စုံမှိတ်လိုက်သည်။
ထို့နောက် သူ၏ခေါင်းကိုခါယမ်းကာ ညည်းတွားလေသည်။
"မဖြစ်နိုင်ဘူး...."
"ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့နည်းလမ်း ထပ်ပြီးမရှိနိုင်တော့ဘူး"
"ငါတို့မှာ ဘာရွေးချယ်စရာမှ မကျန်တော့ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည်အလွန်အမင်းပင်ပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
"အခုအချိန်မှာ ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောရွေးချယ်ချက်က ပထမအဆင့်အင်အားစုတွေအားလုံးဆီကို အနီရောင်စာလွှာတွေပိုဖို့ပဲ"
အနီရောင်စာလွှာသည် နယ်မြေကိုးခုလုံး၏လျှို့ဝှက်စာလွှာပင်။
နယ်နမိတ်နံရံနှင့်ပြင်ပစက်ဝန်းအတွင်းရှိ အရာများနှင့်ပတ်သက်သော အတွင်းရေးကိစ္စများကို လူနည်းစုကသာ သိရှိထားသည်။
သူတို့သည် နယ်နမိတ်နံရံအတွင်းသို့ နတ်ဆိုးချီများ ကျူးကျော်၍ဝင်ရောက်မလာစေရန် ကာကွယ်ဟန့်တားကာ နယ်မြေကိုးခုကို ဘေးကပ်ဆိုးမှကယ်တင်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်။
ယခုကြည့်ရသလောက်....
သူတို့သည် သူတို့ကိုယ်သူတို့ အထင်ကြီးသွားခဲ့ပုံပင်။
ယခုအချိန်၌ တစ်ခုတည်းသောနည်းလမ်းမှာ နယ်နမိတ်နံရံနှင့်ပြင်ပစက်ဝန်းရှိကိစ္စများအကြောင်းကို တခြားလူများအား အသိပေးပြီး အခြေအနေကို ရှင်းပြရန်ပင်။
သူတို့သည် အတူတကွပူးပေါင်းကာ နယ်ခြားရန်သူများကို တွန်းလှန်တိုက်ခိုက်ရပေမည်။
ထန်းပဂိုဏ်း၌....
ကျန်းရှင်းနှင့်တခြားသူများသည် သူတော်စင်တောင်နန်းတော်၏တတိယအဆင့်၌ ရှိနေဆဲဖြစ်ကာ သန်းချောင်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ကျန်းရှင်းသည် ဤနေရာ၌ စောင့်ဆိုင်းနေသည်မှာ လဝက်ကျော်နေလေပြီ။
သို့ရာတွင် သူ အလျှင်လိုခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် သူတော်စင်တောင်နန်းတော်၏ဝင်္ကပါကြီးကို လုံးလုံးလျားလျားပိတ်ကာ သန်းချောင်ကို ဆွဲထုတ်ရမည့်ကိစ္စအား မည်သို့မျှ လုပ်နိုင်စွမ်းမရှိချေ။
ထိုကြောင့် သူ စောင့်ဆိုင်းရုံသာ တတ်နိုင်ပေမည်။
နောက်ဆုံး၌ နံဘေးတဖက်မှနေ၍ စူးရှသောအော်သံများ ထွက်ပေါ်လာသည်။
"အမ်...."
"ဘိုးဘေးရဲ့အမှတ်အသား လင်းလာပြီ"
ကျန်းရှင်းသည် သူ၏ခေါင်းကို အလျှင်အမြန်လှည့်ကြည့်လိုက်ရာ လျှိုယွမ်သည် ကြယ်မြေပုံထံသို့ လက်ညှိုးညွှန်ပြပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေသည်ကို မြင်တွေ့မိလေ၏။
ထိုကြောင့် ကျန်းရှင်းက ရှေ့သို့သွားကာ ကြယ်မြေပုံကို ကြည့်လိုက်သည်နှင့် သန်းချောင်၏အမှတ်အသားမှ အလင်းတန်းများ တောက်ပလာသည်ကို သူ မြင်တွေ့မိသည်။
သူ၏မျက်နှာပေါ်၌ ဝမ်းသာပျော်ရွှင်သောအမူအယာတစ်ရပ် ထင်ဟပ်လာကာ ကျောက်စိမ်းပြားကို အလျှင်အမြန်ထုတ်ယူလိုက်၏။
"လူအိုကြီးသန်း မင်း နိုးလာပြီလား...."
"မင်း အဆင်ပြေရဲ့လား...."
"အဲ့ဒီအထဲမှာ မင်း ဘာတွေဖြစ်နေတာတွေလဲ"
မေးခွန်းများကိုဆက်တိုက်မေးမြန်းသော်လည်း သူ ပြန်လည်ရရှိသည့် တစ်ခုတည်းသောတုံ့ပြန်မှုမှာ သန်းချောင်၏အသက်ပြင်းပြင်းရှိုက်သံပင်။
သန်းချောင်သည် အချိန်တစ်ခဏကြာခန့် အသက်ပြင်းပြင်းရှိုက်ပြီးနောက် အားပျော့သောအသံဖြင့် ပြောဆိုသည်။
"ဘာမှ မစိုးရိမ်နဲ့....ငါက ပထမအဆင့်တံခါးပေါက်ကို စောင့်ကြပ်တာလေ....ဘာဖြစ်လာနိုင်မှာမလို့လဲ..."
သူသည် သုံးကြိမ်တိုင်တိုင် သတိလစ်မေ့မျောသွားခဲ့ပေ၏။
ထန်းပဂိုဏ်း၏ဘိုးဘေးတယောက်ဖြစ်သော သူ့အနေဖြင့် မည်သည်ကြောင့် အရှက်ကွဲခံနိုင်မည်နည်း....
မည်သည့်သောက်ရေးမပါသောကိစ္စများ ဖြစ်ပွားနေခဲ့သနည်း....
သူ မေ့မျောသွားခဲ့သည့် အကြိမ်တိုင်းသူ၏ခန္ဓာကိုယ်နံဘေးမှ တစ်ခုခုဖြတ်သန်းသွားသကဲ့သို့ ခံစားရပြီးနောက် သူ လဲကျသွားခဲ့သည်။
"အော်....တကယ်လား...."
ကျောက်စိမ်းပြားမှာနေ၍ ကျန်းရှင်၏ဇဝေဇဝါဖြစ်နေသောအသံ ထွက်ပေါ်လာသည်။
"ဒါဆိုရင် မင်းရဲ့အမှတ်အသားအလင်းရောင်က ဘာလို့ သုံးကြိမ်တောင် ပျောက်သွားတာလဲ"
သန်းချောင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏အသက်ရှူနှုန်းကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်သညိ။
"ငါက ရုတ်တရက်ကြီး လေးလံထိုင်းမှိုင်းပြီးတော့ အိပ်မောကျသွားခဲ့တယ်"
"အင်း မင်းအဆင်ပြေရင် ရပါပြီ"
သန်းချောင် မည်သည့်ထိခိုက်နာကျင်မှုမျှ မရှိသည့်အကြောင်းကို ကြားချိန်တွင် ကျန်းရှင်းသည် စိတ်သက်သာရသွားပေ၏။
ဤသည်မှာ သန်းချောင် အိပ်မောကျသွားခြင်းကြောင့်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
သန်းချောင် အိပ်မောကျနေခြင်းကြောင့် အလင်းရောင်အားနည်းသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း ဖြစ်သွားခဲ့သည်မှာ အဓိပ္ပာယ်ရှိသည်။
"ကောင်းပြီလေ...မင်း ဘာမှမဖြစ်ဘူးဆိုရင် အခုချက်ချင်း ထွက်လာခဲ့တော့"
ကျန်းရှင်းက တိုက်တွန်းနှိုးဆော်သည်။
"ငါတို့အားလုံး မင်းကို တတိယအဆင့်မှာ စောင့်နေတယ်"
ထိုအသံကျရောက်လာသောအချိန်တွင် သန်းချောင်က ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် တုံ့ပြန်သည်။
"ဒါဆိုရင် ဒီနေရာကို ဘယ်သူက စောင့်ကြပ်မှာလဲ"
"ငါက အဲ့ဒီကောင်လေးရီဖုန်း ပထမအဆင့်ကို ဖြတ်ကျော်သွားတဲ့အချိန်ထိ စောင့်ရအုံးမယ်"
"မင်း သူ့ကို နည်းနည်းလောက်အလျှော့ပေးဖို့ အစီအစဉ်မရှိဘူးလား...အနည်းဆုံးတော့ သူ့ရဲ့ခွန်အားကို မင်းကိုယ်တိုင် မြင်ခဲ့တာပဲလေ"
ကျန်းရှင်းသည် ထိုစကားကိုကြားချိန်တွင် သူသည် ကျောက်စိမ်းပြားအတွင်းမှတိုးဝင်ကာ သန်းချောင်၏ပါးစပ်ကိုပိတ်ထားရန် မစောင့်ဆိုင်းနိုင်တော့ချေ။
"မင်းရဲ့ပါးစပ်ကိုပိတ်ထားဖို့ ငါ တောင်းပန်ပါတယ်"
"ကောင်လေးရီဖုန်းဆိုတာက ဘာလဲ....မင်းက ဆရာကြီးရဲ့နာမည်ကို ဒီလိုမျိုးခေါ်ရလား"
"ပြီးတော့ မင်းက ဘာလို့ဆက်စောင့်နေအုံးမှာလဲ....မင်းက ဘာလုပ်ချင်တာလဲ"
ထိုသို့ပြောဆိုပြီးနောက် ဘိုးဘေးကျန်းရှင်းကထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ဤနေရာတွင်ရှိနေသော လူများအားလုံးသည် သူ၏လူများသာဖြစ်သည်ကို မြင်တွေ့ချိန်၌ သူ စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။
"မင်း ပါးစပ်မပိတ်ဘူးဆိုရင် အဲ့ဒီဆရာကြီး ဒီစကားတွေကို ကြားသွားတာနဲ့ ငါ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး"
သန်းချောင်သည် ဤအချိန်အခိုက်အတန့်တွင် ကြက်သေသေသွားပြီးနောက် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်း ဘာကိုဆိုလိုတာလဲ...မင်း ဦးနှောက်ရောကောင်းသေးရဲ့လား"
သန်းချောင်ကမေးမြန်းသည်။
"ဘာ... တကယ်လို့ မင်း ထွက်မလာဘူးဆိုရင်လည်း ပထမအဆင့်မှာပဲဆက်နေလေ....မင်းအပြင် တခြားတစ်ယောက်ယောက်ရှိသေးလားဆိုတာ မင်း ကြည့်လိုက်အုံး"
ကျန်းရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သန်းချောင်သည် ဆွံ့အသွားလေ၏။
သူသည် နတ်ဘုရားစိတ်အာရုံဖြင့် ပထမအဆင့်ကိုကြည့်ပြီးနောက် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားသည်။
ပထမအဆင့်တစ်ဆင့်လုံးတွင် အငွေ့အသက်တစ်ခုပင် မကျန်ရှိတော့ချေ။
"ဘာတွေဖြစ်နေတာလဲ...."
သန်းချောင်သည် ထပ်မံ၍တွေဝေနေခြင်းမရှိတော့ဘဲ တတိယအဆင့်ထံသို့ တိုက်ရိုက်ကူးပြောင်းသွားလိုက်သည်။
သူသည် တတိယအဆင့်သို့ရောက်ရှိသည်နှင့် ကျန်းရှင်းထံသို့ အပြေးသွားလိုက်သည်။
"ဘာတွေဖြစ်သွားတာလဲဆိုတာ ငါ့ကိုပြောအုံး"
သူ ထိတ်လန့်တကြား မေးမြန်းလိုက်သည်။
ကျန်းရှင်းသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်ကာ ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို သန်းချောင်အား တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။
သန်းချောင်သည် အစပထမ၌ ထိတ်လန့်တုန်လှုပ်နေကာ နောက်ပိုင်းတွင် ကြက်သေသေစပြုလာပြီး သူ၏ခန္ဓာကိုယ်တွင် ဇောချွေးများဖြင့် ရွှဲနစ်နေသည်။
ကျန်းရှင်း၏စကားများကို အဆုံးထိနားထောင်ပြီးနောက် သူ၏နဖူးပေါ်ရှိ ဇောချွေးများကို သုတ်လိုက်၏။ထို့နောက် သူ ထိတ်လန့်တကြားဖြင့် ရေရွတ်လိုက်သည်။
"အိုး ဘုရားရေ...ဒီလိုဆရာကြီးတစ်ယောက် တကယ်ကြီးရှိနေတာပါလား...."
ကံကောင်းထောက်မစွာဖြင့် သူတို့သည် အနိုင်ရယူလိုခဲ့ခြင်းသာဖြစ်ပြီး အလွန်အကျွံ့မလုပ်ခဲ့ချေ။
ထို့ထက်ပို၍ ကံကောင်းသွားသည်မှာ သူတို့သည် တစ်ဖက်လူကို ရန်မစခဲ့ခြင်းပင်။
အကယ်၍ ထိုဆရာကြီးကို ရန်စစော်ကားခဲ့မိပါက ထန်းပဂိုဏ်းတစ်ဂိုဏ်းလုံး ပျောက်ကွယ်သွားနိုင်သည်။
သို့ရာတွင်...
သူ သုံးကြိမ်တိုင်တိုင် သတိလစ်မေ့မျောသွားသည်ကို သူ ရုတ်တရက် အမှတ်ရမိသည်။
ဤသည်မှာ ထိုဆရာကြီး၏အပြစ်ပေးမှု ဖြစ်နေသလော....
သန်းချောင်သည် သူ့ကိုယ်သူ အလျှင်အမြန်စမ်းသပ်လိုက်သည်။ကံကောင်းထောက်မစွာဖြင့် သူသည် သတိလစ်မေ့မျောသွားရုံမှအပ သူ၏ခန္ဓာကိုယ်တွင် မည်သည့်အမှားအယွင်းမျှ ရှိမနေချေ။
သန်းချောင်သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် ညည်းတွားနေပြီးနောက် တစ်စုံတစ်ခုကို တွေးတောမိသွားသည်။
သူသည် ချက်ချင်းဆိုသလိုပင် ကျန်းရှင်း၏နားအနီးသို့ကပ်ကာ တီးတိုးပြောဆိုလိုက်သည်။
"ဒီလိုအစွမ်းထက်တဲ့ဆရာကြီးတစ်ယောက်ဆီကို ငါတို့သွားပြီးတော့ ကပ်ဖားရပ်ဖားလုပ်ကြမလား....အဲ့ဒီလိုလုပ်လိုက်ရင် ငါတို့ထန်းပဂိုဏ်းအတွက် အကျိုးကျေးဇူးတချို့ ရလာနိုင်တယ်"
ကျန်းရှင်းသည် သန်းချောင်ကိုကြည့်ပြီး သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။သူ၏မျက်လုံးအတွင်းမှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာကာ ပြောဆိုသည်။
"သူရဲကောင်းတွေမှာ တူညီတဲ့အတွေးမျိုးရှိနေတာလား....ဒါပေမဲ့ ငါတို့တွေ အရင်ဆုံး ဝင်္ကပါကြီးကိုပိတ်ပြီးတော့ အပြင်ကိုထွက်ကြစို့"
ကျန်းရှင်းက ပြောဆိုသည်။
သန်းချောင်သည် ခေါင်းညိတ်ပြလေ၏။
သူတို့နှစ်ယောက်သည် သူတော်စင်တောင်နန်းတော်၏ ထိန်းချုပ်ကျောက်စိမ်းပြားကိုထုတ်ယူကာ ပူးပေါင်းဆောင်ရွက်ပြီးနောက် သူတော်စင်တောင်နန်းတော်၏ဝင်္ကပါကြီးကို ပိတ်လိုက်တော့သည်။
ထိုအချိန်မှာပင်....
မိုးကောင်းကင်ယံအတွင်း၌ အလင်းတန်းတစ်တန်း တောက်ပသွားသည်။
သူတို့အားလုံး မော့ကြည့်လိုက်ကြရာ လေထုအတွင်း၌ အနီရောင်စာလွှာတစ်စောင် ဖြတ်သန်းသွားသည်ကို မြင်တွေ့မိသဖြင့် အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။
ထိုစာလွှာ၏အကြောင်းအရာကို မဆိုထားနှင့် မည်သည့်နေရာမှလာမှန်းကိုပင် မသိရချေ။
သို့ရာတွင် အနီရောင်စာလွှာသည် နယ်မြေကြီးကိုးခု၏လျှို့ဝှက်စာကို ညွှန်ပြသောအရာဖြစ်ပြီး နယ်မြေကိုးခုလုံးအတွင်းရှိ ထိပ်သီးကျင့်ကြံသူများအားလုံးနှင့် သက်ဆိုင်သည်။
ထိုစာ၏မူရင်းဇစ်မြစ်ကို မသိရသည့်တိုင် သူတို့နှစ်ယောက်သည် ထိုစာကိုယူကာ အလေးအနက်ထား၍ ဖွင့်ဖတ်လိုက်သည်။
ထိုစာကိုဖတ်ပြီးနောက် သူတို့နှစ်ယောက်၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"ဒါက အဆုံးသတ်သွားပြီ....ကိစ္စကြီးတစ်ခု ဖြစ်နေပြီ"
ကျန်းချောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"တကယ်လို့ စိတ်ဝိညာဥ်နယ်မြေသာ ခုလိုမျိုး တကယ်ဖြစ်နေတယ်ဆိုရင် ဒါက အဆုံးသတ်သွားပြီ"
"စိတ်ဝိညာဥ်နယ်မြေကနေ လွန်လာပြီဆိုရင် ဘာလုပ်ကြမလဲ"
ဤကိစ္စကြီးနှင့်ပတ်သက်ပြီး သူတို့ တတ်နိုင်သောအရာဟူ၍ မရှိချေ။
စိတ်ဝိညာဥ်နယ်မြေတစ်ခုလုံး နတ်ဆိုးချီစွမ်းအားများကြောင့် ပျက်စီးတော့ပေမည်။နောင်အနာဂတ်၌ နယ်မြေကြီးကိုးခုလုံးအနှံ့ ပျံ့နှံ့လာမည်ကို သူတို့ စိုးရိမ်မိသည်။အကယ်၍ သူတို့နှစ်ယောက်သည် ဤကိစ္စ၌ အကျိုးဆောင်လိုလျှင်ပင် ကျောက်တုံးကို ကြက်ဥဖြင့်ပေါက်သကဲ့သို့သာ ဖြစ်သွားပေမည်။
"ဒီလိုဆိုရင်ရော....ငါတို့တွေ ဆရာကြီးကို သွားရှာကြမလား"
သန်းချောင်က တီးတိုးပြောဆိုသည်။
"ငါတို့တွေက ခုလိုမျိုးကိစ္စကြီးတစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး...ငါတို့ သူရဲ့အမြင်ကို မေးကြည့်ကြမလား"
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ကျန်းရှင်သည် တည်ကြည်လေးနက်သောအမူအယာဖြင့် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ...ငါတို့ အခုချက်ချင်း သွားကြစို့"
"ဘိုးဘေးတို့....ကျွန်တော်တို့ရော အတူတူလိုက်ခဲ့ရမလား"
လက်အောက်ခံဂိုဏ်းများမှ ကြွင်းကျန်နေခဲ့သော လူများသည်လည်း ကြောက်ရွံ့နေကြကာ ကျန်းရှင်းတို့နှစ်ယောက်၏အနီးသို့ အလျှင်အမြန်ချဉ်းကပ်လိုက်ကြ၏။
"လူများရင် ပိုပြီးအစွမ်းထက်တယ်...ငါတို့တွေ အတူပူးပေါင်းပြီးတော့ နည်းလမ်းတစ်ခုရှာတာ ပိုကောင်းလိမ့်မယ်"
"ငါတို့ အတူသွားကြစို့"
ကျန်းရှင်းက အလျှင်အမြန် သဘောတူညီလိုက်သည်။
ဤကဲ့သို့ကိစ္စကြီးတစ်ရပ်နှင့် ရင်ဆိုင်နေရချိန်တွင် သူတို့သည် ဂိုဏ်းအမြောက်အများ၏အထက်တွင်ရှိသည့် အဆင့်မြင့်ဂိုဏ်းဖြစ်သည့်တိုင် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သူ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သည်။
Chapter 793
သူတို့သည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက်....
မည်သည့်စကားမျှမဆိုတော့ဘဲ ကျန်းရှင်းသည် စိတ်ဝိညာဥ်လှေပျံကိုထုတ်ကာ တခြားသူများကိုတင်ပြီး သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။
စိတ်ဝိညာဥ်လှေပျံပေါ်တွင်ရှိနေသည့် လူများအားလုံး အလွန်စိုးရိမ်ပူပန်နေသဖြင့် တိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုအနီရောင်စာလွှာများကို မည်သူ ပေးပို့ကြောင်း သူတို့ မသိသော်လည်း အတုအယောင်မဖြစ်နိုင်ချေ။
အကြောင်းအရင်းမှာ သူတို့သည် လမ်းတလျှောက်၌ ထန်းပဂိုဏ်းနှင့်တူညီသောအဆင့်တွင်ရှိနေသည့် တခြားဂိုဏ်းနှစ်ဂိုဏ်းသည်လည်း ထိုသတင်းကိုရရှိခဲ့ကြောင်း သိရှိခဲ့ရသောကြောင့်ပင်။
တခြားစကားပြောင်းဆိုရလျှင် ပထမအဆင့်အင်အားစုများအားလုံး ထိုသတင်းကို ရရှိပေ၏။
သူတို့သည် အလွန်စိုးရိမ်ပူပန်စွာဖြင့် ရှေ့သို့ဆက်လက်၍ ထွက်ခွာခဲ့သည်။
သန့်စင်ခြင်းတစ်ရာဂိုဏ်း၏အထက်ကောင်းကင်ယံအတွင်းသို့ သူတို့၏စိတ်ဝိညာဉ်လှေပျံရောက်ရှိသွားသောအချိန်၌ သူတို့၏အခြေအနေများ အနည်းငယ်ပို၍ ကောင်းမွန်သွားသည်။
သူတို့အတွက် သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ထိပ်သီးဆရာကြီးသည် ဤအခြေအနေကို ဖြေရှင်းပေးနိုင်မည့် တစ်ခုတည်းသော အသက်ကယ်ကောက်ရိုးမျှင်ပင်။
စိတ်ဝိညာဥ်လှေပျံ ရောက်ရှိသွားသောအချိန်တွင်....
စွန်းကျုံးဟွမ်နှင့်တခြားအကြီးအကဲများသည် သူတို့အား အလျှင်အမြန်ဆီးကြိုနှုတ်ဆက်လိုက်၏။သူတို့သည် ထန်းပဂိုဏ်းမှ ဘိုးဘေးနှစ်ယောက်ကိုယ်တိုင် ရောက်ရှိလာသည်အား မြင်တွေ့ချိန်၌ သူတို့၏ပါးစပ်များ မိုးကောင်းကင်သို့ချိတ်လုမတက် ရယ်ပြုံးနေကြသည်။
ယခုကြည့်ကြည့်တော့မှ....
သူတို့၏အရှင်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တည်ရှိမှုကြီးဖြစ်သောကြောင့် ထန်းပဂိုဏ်း၏ဘိုးဘေးနှစ်ယောက်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျလာရောက်တွေ့ဆုံရသည်။
"ငါတို့ အတင့်ရဲပြီး မေးပါရစေ...အရှင်ရီဖုန်း ဘယ်မှာလဲ"
ကျန်းရှင်းတို့လူစုသည် အချိန်မဆွဲဝံ့ကြသဖြင့် အလျှင်အမြန် မေးမြန်းလိုက်သည်။
"ဘိုးဘေးတို့ ကျေးဇူးပြုပြီးတော့ကျွန်တော်ရဲ့နောက်ကို လိုက်ခဲ့ပါ"
စွန်းကျုံးဟွမ်သည် ရှေ့မှဦးဆောင်၍လမ်းပြပြီးနောက် သူ၏နောက်တွင် ကျန်းရှင်းနှင့်သန်းချောင်တို့ ရှိနေသည်။ထို့နောက်မှနေ၍ သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ ဒုတိယအကြီးအကဲတို့လူစုလိုက်ပါသွားကာ နောက်ဆုံးတွင် ကျန်းရှင်းတို့နှင့်အတူပါလာသည့် လက်အောက်ခံဂိုဏ်းများမှ အကြီးအကဲများနှင့်ဂိုဏ်းချုပ်များ ရှိနေသည်။
လူအမြောက်အများ အတူတကွလျှောက်လှမ်းနေသဖြင့် လူတန်းရှည်ကြီးဖြစ်နေသည်။
"အရှင်က အဲ့ဒီနေရာမှာ ရှိပါတယ်"
ခြံဝန်းငယ်လေးတစ်ခု၏ ပြင်ပသို့အရောက်တွင် စွန်းကျုံးဟွမ်က ပြောဆိုသည်။
ကျန်းရှင်းသည် အချိန်အကြာကြီး မစောင့်ဆိုင်းနိုင်သဖြင့် အိမ်အတွင်းသို့ဝင်ရန်အတွက် ရှေ့သို့တိုးလိုက်သည်။သို့ရာတွင် တံခါးကိုဖွင့်၍ ဝင်ရောက်ပြီးနောက် အစေခံနှစ်ယောက်၏ဟန့်တားခြင်းကို ခံရလေ၏။
"ငါတို့ရဲ့သခင်လေး အနားယူနေတယ်..မင်းတို့မှာ ဘာကိစ္စရှိလို့လဲ"
အစေခံနှစ်ယောက်က တည်ငြိမ်အေးဆေးသောလေသံဖြင့် မေးမြန်းသည်။
"မိတ်ဆွေလေးတို့...ငါတို့မှာ အရှင်ရီဖုန်းနဲ့ တိုင်ပင်ဆွေးနွေးချင်တဲ့ အရေးကြီးကိစ္စတချို့ရှိနေတယ်....ကျေးဇူးပြုပြီးတော့ ငါတို့ကို အထဲဝင်ခွင့်ပြုပါ"
ဤကိစ္စ၏အရေးကြီးပုံကို သိရှိထားသောကြောင့် ကျန်းရှင်းတို့နှစ်ယောက်သား ခြံဝန်းအတွင်းသို့ ဝင်လိုက်သည်။
ဤသည်ကြောင့် အစေခံနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်လိုက်ကြ၏။
သူတို့၏မျက်လုံးများအတွင်း၌ ရီဖုန်းသာရှိပြီး တခြားမည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။
"ငါ ပြောပြီးပြီ...အရှင် အနားယူနေတယ်...ဘယ်သူ့ကိုမှ နှောက်ယှက်ခွင့်မပြုဘူး"
အစေခံတပည့်လေးက ပြင်းထန်သောလေသံဖြင့် ပြောဆိုသည်။
ထိုစကားကို ပြောဆိုပြီးနောက်...
သူသည် ခြေတစ်လှမ်းရှေ့တက်ကာ ကျန်းရှင်းတို့နှစ်ယောက်ကို ဟန့်တားပြီးနောက် တစ်ချိန်တည်းမှာပင် လက်ဝါးတစ်ချက်ဖြင့် တွန်းထုတ်လိုက်သည်။
ဤသည်ကြောင့် ကျန်းရှင်းတို့နှစ်ယောက်သည် နောက်သို့လွင့်ထွက်သွားလေ၏။
သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ ခြေမချမိအချိန်တွင် ကျင်းနက်ကြီးတစ်ခုဖြစ်သွားကာ အနည်းငယ်လှုပ်ယမ်းသွားပြီးမှ သူတို့၏ခန္ဓာကိုယ်များကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခဲ့သည်။
သူတို့သည် အစေခံတပည့်နှစ်ယောက်ကိုကြည့်ပြီး သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
မည်သည်ကြောင့် အစေခံတပည့်နှစ်ယောက်သည် ဤမျှထိ အစွမ်းထက်နေသနည်း....
သူတို့သည် ထိုအစေခံတပည့်များအား စကားပြောဆိုရန် မစောင့်ဆိုင်းနိုင်တော့ချေ။
သို့ရာတွင် နောက်ထပ်အစေခံတပည့်ဆယ်ယောက်ကျော် ထပ်မံ၍ထွက်ပေါ်လာကာ တည်ကြည်လေးနက်သော မျက်နှာအမူအယာများဖြင့် တံခါး၏ရှေ့တွင် အတန်းလိုက်မတ်တတ်ရပ်လိုက်ကြသည်။
သူတို့အားလုံး ထွက်ပေါ်လာသောအချိန်တွင် လက်ရှိနေရာ၌ရှိနေသော လူများအားလုံးပေါ်သို့ ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်လာသည်။
ကျန်းရှင်းတို့နှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
အကြောင်းအရင်းမှာ သူတို့ရှေ့၌ရပ်နေသော အစေခံတပည့်ဆယ်ယောက်ကျော်သည် ယခင်နှစ်ယောက်ထက် အားနည်းခြင်းမရှိကြောင်း သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံမိသောကြောင့်ပင်။
အစောပိုင်းက သူတို့အားတွန်းထုတ်သည့် လူနှစ်ယောက်၏ခွန်အားကို အကဲဖြတ်ကြည့်ပါက သူတို့နှစ်ယောက်၏ခွန်အားထက် နိမ့်ပါးခြင်းမရှိပေ။
ဤသည်ကြောင့်...
"ဟူး...."
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အသက်ပြင်းပြင်းရှိုက်လိုက်ကြ၏။
သူတို့သည် စုပိုင်ကို ပထမဆုံးမြင်တွေ့စဉ်၌ သူ့အပြင် တခြားထိပ်သီးကျင့်ကြံသူအမြောက်အများမရှိနိုင်ဟု တွေးထင်ခဲ့ကြသည်။
"ကြည့်ရတာတော့ ငါတို့တွေ ဆရာကြီးကို လျှော့တွက်နေမိတုန်းပဲ"
သူတို့နှစ်ယောက်သား အချင်းချင်းအသံပေးပို့ကာ ပြောဆိုလိုက်သည်။
သို့ရာတွင် သူတို့သည် ထိတ်လန့်တုန်လှုပ်နေသည့်အပြင် ဝမ်းသာပျော်ရွှင်မှုကိုလည်း ခံစားရသည်။
အကြောင်းအရင်းမှာ ဤတစ်ကြိမ်တွင် ထိုအစေခံတပည့်များ ထွက်ပေါ်လာခြင်းမှာအချိန်မှန်ဖြစ်နေသောကြောင့်ပင်။
အမှန်အားဖြင့် သူတို့သည် ခြံဝန်းအတွင်းသို့ ထပ်မံ၍ မဆင်မခြင်မဝင်ဝံ့တော့ချေ။ထိုအစေခံတပည့်များထံမှ သူတို့ပေါ်သို့ ကျရောက်နေသော ဖိအားအရှိန်အဝါသည် အလွန်ကြီးမားပေ၏။
ထိုကြောင့် ကျန်းရှင်းနှင့်သန်းချောင်တို့နှစ်ယောက်သား မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ စောင့်ဆိုင်းလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး တခြားလူများသည်လည်း ဆောင့်ကြောင့်ထိုင်ကာ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းလိုက်ကြသည်။
စုပိုင်သည် ထိုမြင်ကွင်းကို မြင်တွေ့မိလေ၏။
သို့ရာတွင် သူ ဂရုတစိုက်စဉ်းစားတွေးတောမိချိန်၌ မည်သို့ပင်ဆိုစေကာမူ ကျန်းရှင်းနှင့်သန်းချောင်တို့၏ အဆင့်အတန်းသည် သာမာန်မဟုတ်ချေ။
ထို့ကြောင့် သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် အိမ်အတွင်းမှနေ၍ ခုံတန်းရှည်တစ်လုံးကို ထုတ်ပေးလိုက်သည်။
"ထိုင်ကြပါအုံး..."
စုပိုင်က ပြောဆိုသည်။
"အမ် ဟုတ်ကဲ့ပါ...."
ကျန်းရှင်းတို့နှစ်ယောက်သည် ခုံတန်းရှည်ကိုယူလိုက်သော်လည်း မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိကြချေ။
ဤကဲ့သို့ ယိုင်နဲ့နေသောခုံတန်းရှည်ပေါ်တွင် သူတို့ ထိုင်ရမည်လော....
သူတို့ မထိုင်ဘဲလည်း မနေဝံ့ချေ။စုပိုင်၏ခွန်အားသည် သူတို့ထက် အားနည်းခြင်းမရှိသည့်အပြင်သူသည် ရီဖုန်း၏လူဖြစ်နေသဖြင့် သူ့အား သူတို့ မျက်နှာသာပေးရပေမည်။
"ငါတို့မှာ နှစ်ထောင်နဲ့ချီပြီးအသုံးမပြုတဲ့ ဥတွေ ရှိနေတယ် မဟုတ်လား...အဲ့ဒီအကြောင်း ပြောကြစို့"
ကျန်းရှင်းက ပြောဆိုသည်။
သန်းချောင်ကလည်း ခေါင်းညိတ်လိုက်၏။
သူတို့နှစ်ယောက်သည် ခုံရှည်ပေါ်၌ထိုင်ကာ စကားစမြည်ပြောဆိုလိုက်ကြသည်။
လက်အောက်ခံဂိုဏ်းများမှလူများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် မည်ကဲ့သို့ပြုလုပ် မည်ကို မသိတော့ချေ။
သူတို့အားလုံးသည်လည်း ဆောင့်ကြောင့်ထိုင်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးနှစ်ယောက်ပင်လျှင် ထိုင်ပြီးစောင့်ဆိုင်းနေသဖြင့် သူတို့ ဆောင့်ကြောင့်ထိုင်စောင့်ရန်မှာလည်း ပြဿနာတစ်ရပ်မဟုတ်ချေ။
ထို့ပြင့် ယခုလက်ရှိအချိန်၌ အခြေအနေအားလုံး တည်ငြိမ်ခြင်းမရှိသေးပေ။
ထိုကြောင့် လူအမြောက်အများသည် ခြံဝန်းရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်ကြကာ တချို့လူများကမူ မတ်တတ်ရပ်နေကြသည်။
သူတို့ စောင့်ဆိုင်းနေသည်မှာ....
တစ်နာရီခန့် ကြာမြင့်သွားသည့်တိုင်...
ရီဖုန်းသည် နှစ်ခြိုက်စွာအိပ်မောကျနေဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ မသိရှိချေ။
သန့်စင်ခြင်းတစ်ရာဂိုဏ်း၏လျှို့ဝှက်ခန်း၌...
အလင်းရောင်များ တောက်ပနေကာ...
တံခါးပိတ်ကျင့်ကြံနေသော ရှီချင်းဝူက ရုတ်တရက် သူမ၏မျက်လုံးများကို ဖွင့်လိုက်သည်။
"နောက်ဆုံးတော့ ငါ့ရဲ့အခြေအနေ တည်ငြိမ်သွားပြီ...ငါ အပြင်ကို ထွက်လို့ရပြီ"
သူမက စိုးရိမ်ပူပန်တကြီးပြောဆိုပြီးနောက် အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။
"ဂိုဏ်းချုပ်...နင့်ရဲ့အရှိန်အဝါတွေကို ခဏလောက်အချိန်ပေးပြီးတော့ အရင်ဆုံးထိန်းညှိလိုက်ပါလား...ဒါက နင့်ရဲ့ကျင့်ကြံဆင့်ကို တည်ငြိမ်မှုရောက်အောင် ကူညီပေးနိုင်လိမ့်မယ်"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြောဆိုသည်။
"အဲ့ဒီလိုလုပ်ဖို့ မလိုတော့ဘူး"
ရှီချင်းဝူက တည်ကြည်လေးနက်စွာပြောဆိုလေ၏။
"ငါ တံခါးပိတ်ကျင့်ကြံနေတာ အချိန်အတော်ကြာနေပြီ...အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ မသိသေးဘူး"
"ရီဖုန်းက အပြင်မှာ တစ်ယောက်တည်း ကျန်ခဲ့တာ...သူ ဘာဖြစ်နေလဲဆိုတာ ငါ မသိရဘူး...အခုအချိန်ထိ သူ အသက်ရှင်နိုင်ဖို့ ငါ မျှော်လင့်မိတယ်"
ထိုစကားကိုပြောဆိုပြီးနောက် ရှီချင်းဝူသည် လျှို့ဝှက်ခန်းအတွင်းမှ အလျှင်အမြန်ထွက်ခွာသွားတော့သည်။
Chapter 794
ရှီချင်းဝူသည် လျှို့ဝှက်ခန်း၏ပြင်ပသို့ ထွက်လာပြီးနောက် သူမ လမ်းလျှောက်နေရင်း အလွန်အမင်းစိုးရိမ်ပူပန်နေသည်။
သူမသည် ရီဖုန်းတစ်ယောက်တည်း ပြင်ပ၌ထားခဲ့ကာ သူ့အား သန့်စင်ခြင်းတစ်ရာဂိုဏ်း၏အကြီးအကဲများနှင့် ရင်ဆိုင်စေခဲ့သည်။
အထူးသဖြင့် ကျင့်ကြံဆင့်အခြေခံမြင့်မားပြီး အခွင့်အာဏာကြီးမားသော စွန်းကျီမေးပင်။စွန်းကျီမေး၏နည်းလမ်းများသည် ရုန့်ရင်းကြမ်းကြမ်းသဖြင့် သူ့အားရင်ဆိုင်ရန် မလွယ်ကူချေ။
သူမသည် စွန်းကျီမေးကို ကောင်းစွာသိရှိပေ၏။ သူသည် လူတစ်ယောက်ကိုရင်ဆိုင်ရာ၌ နာမည်ပျက်မည်ကိုဂရုမစိုက်ဘဲ အသက်ရှင်သန်နေရသည်က သေရသည်ထက် ပို၍ကောင်းသည်ဟု ယူဆထားသောလူစားမျိုးပင်။
ထိုအကြောင်းကိုတွေးတောရင်း ရှီချင်းဝူသည် စိတ်မသက်မသာခံစားမိလေ၏။
အကယ်၍ သူမ စိုးရိမ်ပူပန်သည့်အတိုင်းသာဖြစ်လာပါက သူမ စွန်းကျီမေးကို သတ်ရပေမည်။
သူမသည် ကူကယ်ရာမဲ့စွာဖြင့် ခြေလှမ်းများကို အလျှင်အမြန်လျှောက်လှမ်းလိုက်၏။
သူမ တံခါးပိတ်ကျင့်ကြံနေသော လျှို့ဝှက်ခန်းမှ ရီဖုန်းနေထိုင်သော ခြံဝန်းထံသို့ သွားသောလမ်းတွင် ကောင်းကင်ဘုံအကျဉ်းထောင်ကို ဖြတ်သန်းသွားရသည်။
ထိုနေရာအရောက်တွင် သူမသည် ရပ်တန့်ကာ အကျဉ်းထောင်အတွင်းသို့ဝင်၍ တချက်ကြည့်လိုက်၏။
စွန်းကျီမေး၏နည်းလမ်းများအရ ယခုလက်ရှိအချိန်တွင် ရီဖုန်း ထောင်အတွင်း၌ရှိနေရန်မှာ မဖြစ်နိုင်သောကိစ္စ မဟုတ်ချေ။
ထို့ကြောင့် သူမ လမ်းကြုံနေသဖြင့် ဝင်ကြည့်သည်က ပို၍ကောင်းမွန်ပေမည်။
အကယ်၍ ရီဖုန်းသာ အကျဉ်းထောင်အတွင်း၌ အမှန်တကယ်ရှိနေပါက သူမ ထိုနေရာသို့ စောစီးစွာရောက်ရှိသွားသည်နှင့် သူ၏နာကျင်မှုများ သက်သာသွားပေမည်။
ရှီချင်းဝူသည် သေဒဏ်ကျအကျဉ်းသားများကို ထားရှိသောနေရာသို့ အရောက်မှာပင် အလွန်အမင်းကျယ်လောင်သော အော်ဟစ်သံကြီးကို ကြားလိုက်ရသည်။
"ငါ့ကို အပြင်ကိုထုတ်ပေးကြစမ်း...ငါ မင်းတို့ကိုသတ်မယ်"
ရင်းနှီးကျမ်းဝင်သောအသံကြောင့် ရှီချင်းဝူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
ဤသည်မှာ မဟာအကြီးအကဲစွန်းကျီမေး၏အသံ မဟုတ်လော....
မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း....
တစ်ခုသိထားရသည်မှာ သန့်စင်ခြင်းတစ်ရာဂိုဏ်း၏မဟာအကြီးအကဲဖြစ်သော စွန်းကျီမေးသည် ဂိုဏ်းအတွင်း၌ အလွန်မြင့်မားသောအခွင့်အာဏာရှိသူပင်။
ထိုကဲ့သို့လူတစ်ယောက်သည် မည်သည်ကြောင့် သေဒဏ်ကျခံရမည်နည်း....
ရှီချင်းဝူသည် ဝေခွဲရခက်စွာဖြင့် ရှေ့သို့ဆက်၍လျှောက်လှမ်းကာ ထိုအသံကို ရှင်းရှင်းလင်းလင်းကြားလိုသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လေးလံသောတူတလက်ဖြင့် ထုနှက်လိုက်သောအသံနှင့်အတူ ပူဆွေးဝမ်းနည်းစွာငိုကြေးလိုက်သောအသံ ထွက်ပေါ်လာသည်။
ရှီချင်းဝူက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။သူမ နားကြားမှားခြင်းဖြစ်ပေမည်။
သေဒဏ်ကျခံရသော အကျဉ်းခန်းအတွင်း၌ တစ်စုံတစ်ယောက် ငိုယိုနေသည်မှာ ဖြစ်နိုင်သော်လည်း မည်သည့်နည်းနှင့်မျှ စွန်းကျီမေး မဖြစ်နိုင်ချေ။
သူမ နားကြားမှားသာဖြစ်ပေမည်။
ရှီချင်းဝူသည် ရှေ့သို့ဆက်လက်၍လျှောက်လှမ်းကာ ရီဖုန်း၏အရိပ်အယောင်ကို ရှာဖွေလိုက်သည်။
သို့ရာတွင် သူမ သေဒဏ်ကျအကျဉ်းသားနေရာအတွင်းသို့ ဝင်ရောက်ပြီးနောက် ခြေနှစ်လှမ်းခန့်လျှောက်လှမ်းပြီးသော အချိန်မှာပင် စင်္ကြန်လမ်း၏အဆုံးသတ်မှ ထွက်လာသော လူနှစ်ယောက်ကို တွေ့မြင်မိသည်။
သူမ အနီးကပ်ကြည့်လိုက်ချိန်တွင် ဤသည်မှာ စတုတ္ထအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့ဖြစ်နေကြောင်း တွေ့မြင်မိသည်။
ရှီချင်းဝူက မျက်မှောင်ကြုတ်ကာ သူမ၏မျက်နှာ သုန်မှုန်သွားသည်။
ဤစတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့သည် မဟာအကြီးအကဲ၏ဘက်တော်သားများဖြစ်ကြောင်း သူမ သိရှိထားသည်။
သူမသည် ထိုအကြီးအကဲများနှင့် ရင်ဆိုင်ရသောအချိန်တိုင်း သူတို့ထံမှ ကဲရဲ့ပြစ်တင်မှုအမြောက်အများကို ခံစားခဲ့ရသည်။
ယခုအချိန်၌ သူမကို ဤအကျဉ်းထောင်အတွင်း၌တွေ့ရသဖြင့် သူတို့သည် သူမအား ပြဿနာရှာမည်မှာ သေချာပေါက်ပင်။
သူမသည် ထိုလူနှစ်ယောက်နှင့် ပြဿနာမတက်လိုသဖြင့် နောက်သို့ချက်ချင်းပြန်လှည့်ကာ ထွက်ခွာသွားရန်ဟန်ပြင်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိအချိန်၌ သူမ၏ဦးစားပေးကိစ္စသည် ရီဖုန်းအားရှာဖွေရန်ဖြစ်သဖြင့် ထိုလူများနှင့် အချေအတင်ငြင်းခုန်လိုခြင်း မရှိချေ။
သို့ရာတွင် ထောင့်တစ်နေရာမှဖြာထွက်နေသော အလင်းတန်းတစ်တန်းကြောင့် စတုတ္ထအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့သည် သူမကို တွေ့မြင်သွားလေ၏။
ရှီချင်းဝူသည် သူမ၏စွမ်းအားကိုအသုံးပြု၍ နေရာမှအလျှင်အမြန်ထွက်သွားရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် စတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့သည် ဝှစ်ခနဲအသံတစ်သံနှင့်အတူ ရှီချင်းဝူ၏ရှေ့သို့ ရောက်ရှိလာကာ....
ဘုန်းကနဲမြည်သံနှင့်အတူ သူတို့နှစ်ယောက်သား ဒူးထောက်လိုက်ကြသည်။
"ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"
ကျယ်လောင်သောအသံကြောင့် အကျဉ်းထောင်၏အမိုး တုန်ခါသွားသည်။
ဤရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ရှီချင်းဝူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
ထို့နောက် သူမသည် ဒူးထောက်နေသောလူနှစ်ယောက်ကို ကြောင်စီစီဖြင့်ကြည့်ကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
"ဂိုဏ်းချုပ် မင်း အဆင်ပြေရဲ့လား"
"မင်းရဲ့ခန္ဓာကိုယ်အခြေအနေရော ဘယ်လိုနေလဲ....တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ မင်း ပြဿနာတစ်ခုခုနဲ့ ကြုံရသေးလား"
"ဂိုဏ်းချုပ်မှာ နီမြန်းတဲ့အသားအရည်ရှိနေတယ် ...သူ တံခါးပိတ်ကျင့်ကြံတာက ရေစီးဆင်းသလို ချောမွေ့နေမှာပဲ....ငါတို့ကတော့ ဂိုဏ်းချုပ်ရဲ့အောင်မြင်မှုတွေကို စောင့်ကြည့်ရုံပဲတတ်နိုင်တယ်"
"ဒါက အမှန်ပဲ....ဂိုဏ်းချုပ်မှာ ပြိုင်ဘက်ကင်းစိတ်နေသဘောထားမျိုး ရှိနေတယ်....အခုတံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမှတော့ ဂိုဏ်းချုပ်က ပိုပြီးတော့ထူးချွန်လာလိမ့်မယ်"
"ဂိုဏ်းချုပ် ရှိနေတာကြောင့်....ငါတို့ရဲ့သန့်စင်ခြင်းတစ်ရာဂိုဏ်းက တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် အထက်ကိုးကောင်းကင်ဘုံရဲ့အထွတ်အထိပ်မှာ သေချာပေါက်ရပ်တည်နိုင်လိမ့်မယ်"
ဤရူးသွပ်ဖွယ်ကောင်းသော ဖားယားမှုကြောင့် ရှီချင်းဝူသည် ကြက်သေသေသွားလေ၏။
သူမသည် မေးခွန်းထုတ်လိုသော အမူအယာဖြင့် ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။
ဤလူနှစ်ယောက်သည် မဟာအကြီးအကဲ၏အဖွဲ့သားများ မဟုတ်လော....
သာမန်နေ့ရက်များတွင် သူမအား သူတို့ကြည့်သည့်အချိန်၌ပင် ကောင်းမွန်သောအမူအယာမျိုး မရှိချေ။
ယနေ့တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
သူတို့ ဦးနှောက်ချောင်သွားကြသလော....
ရှီချင်းဝူသည် သူတို့နှစ်ယောက်၏ထူးဆန်းနေမှုကို မေးမြန်းရန်ဟန်ပြင်လိုက်သော်လည်း ပြန်လည်ရုတ်သိမ်းလိုက်၏။ထို့နောက် သူမက တခြားကိစ္စတစ်ခုကို မေးမြန်းလိုက်သည်။
"ရီဖုန်း ဘယ်နေရာမှာရှိလဲဆိုတာ နင်တို့သိလား"
စတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့သည် ရှီချင်းဝူမှနေ၍ ရီဖုန်း၏အကြောင်းကို မေးမြန်းသည်ကိုကြားချိန်၌ သူတို့၏မျက်လုံးများ တောက်ပသွားသည်။
"ငါတို့ သိတာပေါ့"
သူတို့နှစ်ယောက်၏ တပြိုင်နက်တည်းအော်ဟစ်လိုက်သောအသံကြောင့် သူတို့၏နံဘေးရှိ ရေမြောင်းအဖုံး ကွဲထွက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ဆရာကြီးရီ၏ခြံဝန်းအတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြင့် ပြည့်နှက်နေကာ သန့်စင်ခြင်းတစ်ရာဂိုဏ်းမှ အဆင့်နိမ့်သောလူများ ချဥ်းကပ်၍မရချေ။
ထန်းပဂိုဏ်းမှ အကြီးအကဲများပင်လျှင် ခြံဝန်းအတွင်းသို့ ခြေချနိုင်ခြင်းမရှိဘဲ မောင်းထုတ်ခြင်းခံရကာ ပြင်ပ၌စောင့်ဆိုင်းနေရသည်။
သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ စတုတ္ထအဆင့်နှင့်ပဉ္စမအဆင့်သာရှိသော သူတို့ကဲ့သို့ အကြီးအကဲငယ်လေးများမှာမူ ခြံဝန်းအနီးသို့ချဉ်းကပ်ရန်ပင် အရည်အချင်းမပြည့်မီချေ။
သူတို့သည် စွန်းကျီမေးအပေါ် သူတို့၏ဒေါသများပုံချရန် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ စွန်းကျီမေးသည် ရီဖုန်းနှင့်ဆန့်ကျင်ဘက်၌ ရပ်တည်ရန် ထိပ်ဆုံးမှဦးဆောင်ခဲ့သူပင်။
ရှီချင်းဝူသည် တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီးနောက် ဤနေရာသို့ ရောက်ရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"ဂိုဏ်းချုပ်...ငါတို့နောက်ကို လိုက်ခဲ့ပါ"
စတုတ္ထအကြီးအကဲသည် သူ၏သွားများပေါ်သည်အထိ ရယ်ပြုံးပြီး အလွန်ရိုသေလေးစားသောအမူအယာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။
ဤသည်မှာ သူတို့နှစ်ယောက်အတွက် ကံကြမ္မာကောင်းကြီးတစ်ခုပင်။
ရှီချင်းဝူသည် ကြောင်စီစီဖြင့် သူတို့နှစ်ယောက်၏နောက်သို့ လိုက်သွားလေ၏။
ဤလူနှစ်ယောက်၏ထူးဆန်းသောအပြုအမူများကြောင့် သူမ အမှန်တကယ်ကို ကြက်သေသေနေသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
သူမ တံခါးပိတ်ကျင့်ကြံနေသော အချိန်အတောအတွင်းတွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားသွားခဲ့သလော......
ရှီချင်းဝူထံ၌ သံသယများဖြင့်ပြည့်နေကာ ထိုလူနှစ်ယောက်၏နောက်မှ လျှောက်လှမ်းခဲ့တော့သည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူမစဉ်းစားတွေးတောနိုင်ခြင်း မရှိသေးမီမှာပင် သူမသည် ရီဖုန်း၏ခြံဝန်းရှေ့ကို ရောက်ရှိနေလေပြီ။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏ခြံဝန်းရှေ့၌ လူအမြောက်အများ မတ်တတ်ရပ်နေကြသည်။
ရှီချင်းဝူသည် သူမရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး နေရာမှာပင် တောင့်တင်းသွားလေ၏။
အကြောင်းအရင်းမှာ....
ထိုလူများအကြားတွင် သူမတို့၏သန့်စင်ခြင်းတစ်ရာဂိုဏ်းနှင့် အင်အားခြင်းတူညီသော ထန်ရှန်းဂိုဏ်း လော့ရီဘုရားကျောင်း ထန်စန်းဂိုဏ်း ပိုင်ရှင်းဂိုဏ်းတို့မှ အကြီးအကဲများသာမက ထန်းပဂိုဏ်းမှအကြီးအကဲများလည်း ရှိနေသောကြောင့်ပင်။
ဤသည်မှာ မည်ကဲ့သို့အခြေအနေမျိုး ဖြစ်သနည်း....
ရှီချင်းဝူသည် လုံးလုံးလျားလျား ကြက်သေသေနေကာ အလွန်ထိတ်လန့်ကြောက်ရွံ့နေပြီး ဤနေရာသို့ သူမ မလာသင့်ဟု ခံစားနေရသည်။
ဖြစ်နိုင်သည်မှာ သူမ တံခါးပိတ်ကျင့်ကြံနေစဉ်အတောအတွင်းတွင် သန့်စင်ခြင်းတစ်ရာဂိုဏ်းသည် ဤဂိုဏ်းများကို ရန်စစော်ကားထားခဲ့သလော....
ရှီချင်းဝူ၏ခန္ဓာကိုယ် တုန်ရီနေကာ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေသည်။
သူမသည် တစ်စုံတစ်ခုပြောဆိုရန်အတွက် ပါးစပ်ဟလိုက်သောအချိန်မှာပင် စတုတ္ထအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့သည် သူမ၏ရှေ့၌ မတ်တတ်ရပ်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
"မင်းတို့က ဘာကြည့်နေကြတာလဲ"
"ငါတို့ရဲ့ဂိုဏ်းချုပ် ရောက်လာပြီ...မင်းတို့တွေ လမ်းဖယ်မပေးကြသေးဘူးလား"
ထိုစကားလုံးများကျရောက်လာချိန်တွင် ရှီချင်းဝူသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူမသည် သူမ၏ရှေ့တွင်ရှိနေသည့် စတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့ကို အော်ငေါက်ရန်ဟန်ပြင်လိုက်သည်။
ဤခွေးမသားနှစ်ကောင်သည် သန့်စင်ခြင်းတရားကိုင်း၏အကြီးအကဲများသည် သူတို့သည်မည်သည်ကြောင့်ဤလူတစ်စု၏အဆင့်အတန်းများကိုမသိရှိသနည်း။
ဤသည်မှာ သူမကို သေတွင်းသို့ တွန်းပို့နေခြင်းဖြစ်သလော...
သို့ရာတွင် ရှီချင်းဝူ၏ပါးစပ် ဖွင့်ဟလိုက်သောအချိန်မှာပင် ခြံဝန်းရှေ့ရှိလူများသည် နံဘေးသို့ချက်ချင်းကပ်ကာ သူမအတွက် လမ်းဖယ်ပေးကြသည်။
"ဂိုဏ်းချုပ်ရှီချင်းဝူကို အရိုအသေပြုပါတယ်"
ထိုလူများသည် သူမအတွက် လမ်းဖယ်ပေးရုံသာမက သူမအား ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုကြ၏။
ရှီချင်းဝူက သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။သူမ အမြင်မှားနေခြင်း ဖြစ်သလော။
တစ်ချိန်တည်းမှာပင် ခြံဝန်းအနီးမှလူများအားလုံး လှုပ်ရှားမှုကိုသတိပြုမိသွားသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ထိုလူများကို ဦးဆောင်လာသည်မှာ ထန်းပဂိုဏ်း၏ဘိုးဘေးနှစ်ယောက်ပင်။
ရှီချင်းဝူသည် သူမ၏မျက်လုံးကို ပွတ်သပ်နေခြင်းအားရပ်တန့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သူမ၏ကျောရိုးတလျှောက် တောင့်တင်းသွားသည်။
'ဘုရားရေ ဘာလို့ ဒီဘိုးဘေးအိုကြီး နှစ်ယောက်က ရောက်လာတာလဲ'
ရှီချင်းဝူသည် အရိုအသေပြုရန်ဟန်ပြင်လိုက်သော်လည်း သူမထံ၌ အချိန်မရရှိခဲ့ချေ။
နောက်ထပ်အချိန်အခိုက်အတန့်တွင်....
ထန်းပဂိုဏ်း၏ဘိုးဘေးနှစ်ယောက်သည် သူမ၏ရှေ့၌ မတ်တတ်ရပ်နေလေ၏။
သူမ ကြက်သေသေနေစဉ်မှာပင် သူတို့နှစ်ယောက်သည် သူတို့၏ခါးများကို ကွေးညွှတ်ပြီး အရိုအသေပြုလေသည်။
"ငါတို့က ဂိုဏ်းချုပ်ရှီချင်းဝူကို အရိုအသေပြုပါတယ်"
Chapter 795
"ဘိုးဘေးတို့နှစ်ယောက်...ဒါ ဒါ ဒါ ဒါက...."
ရှီချင်းဝူသည် လျှာစေးမိနေသကဲ့သို့ ခံစားမိလေ၏။
သူမ အမှန်တကယ်ကို ကြက်သေသေနေမိသည်။
ဤနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
"ဘိုးဘေးတို့နှစ်ယောက်..ရှင်တို့ ဒါက ဘာလုပ်တာလဲ....ဘာသဘောလဲ...."
ရှီချင်းဝူက ထိတ်လန့်တကြား မေးမြန်းသည်။
"အိုက်ရို...ငါတို့ အရမ်းစိတ်မြန်သွားတယ်"
ကျန်းရှင်းက အပြုံးနှင့်ရှင်းပြသည်။
"ငါတို့ ဒီနေရာကို ရောက်နေရတဲ့ အကြောင်းအရင်းက ငါတို့မှာ အရေးကြီးကိစ္စတစ်ခု ရှိနေတာကြောင့် မင်းရဲ့ခင်ပွန်းလောင်း အရှင်ရီဖုန်းကို စောင့်နေတာပဲ"
ဘိုးဘေးနှစ်ယောက်သည် စကားပြောဆိုရင်း ယခင်က သူတို့ထိုင်ခဲ့သည့် ခုံတန်းရှည်လေးပေါ်၌ ပြန်ထိုင်လိုက်သည်။
ရှီချင်းဝူသည် ပို၍ပင် ကြက်သေသေသွားလေ၏။
"ကျွန်မရဲ့ခင်ပွန်းလောင်းရီဖုန်း...အရှင်ရီ ...ဟုတ်လား..."
သူမ နားကြားမှားခဲ့သလော...
"အမှန်ပဲ....ငါတို့အားလုံးက အရှင်ရီကို စောင့်နေတာပါ...ဂိုဏ်းချုပ်ရှီ ကျေးဇူးပြုပြီးတော့ ထိုင်ပါအုံး"
သန်းချောင်က ခေါင်းညိတ်ပြပြီးနောက် ခုံတန်းရှည်မှ သူ၏နေရာကို ရှီချင်းဝူအား ပေးလိုက်သည်။
ထိုနေရာကို သူ၏အင်္ကျီလက်များဖြင့်သုတ်ပေးခဲ့ရန်လည်း မမေ့လျော့ခဲ့ချေ။
"အမ် မလုပ်ပါနဲ့...."
ရှီချင်းဝူသည် နောက်ဆုံး၌ အသိဝင်လာကာ တုန်လှုပ်ချောက်ချားစွာဖြင့် ငြင်းဆန်လိုက်၏။
"ဘိုးဘေးက အဲ့ဒီနေရာမှာ ထိုင်လိုက်ပါ"
ထို့နောက် သူမသည် တုန်ရီနေသောလက်များဖြင့် သူမ၏နံဘေးရှိ စတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့ကို ဆုပ်ကိုင်ကာ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ထိုစကားများကိုကြားချိန်တွင် စတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့က ပြုံးရယ်လိုက်သည်။
"ဂိုဏ်းချုပ်....ဟန်ဆောင်နေတာကို ရပ်လိုက်ပါတော့...ငါတို့အားလုံး ဒီကိစ္စကို သိပြီးပြီ"
"နင်တို့က ဘာကို သိထားတာလဲ"
ရှီချင်းဝူက ဇဝေဇဝါဖြင့် ထပ်မံမေးမြန်းသည်။
"ဂိုဏ်းချုပ် ကြည့်လိုက်အုံး...သူတို့အားလုံးလည်း အဲ့ဒီကိစ္စကို သိသွားကြပြီလေ"
စတုတ္ထအကြီးအကဲသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ ကြည့်ပြီးနောက် တခြားဂိုဏ်းများမှဂိုဏ်းချုပ်များကို လက်ညှိုးညွှန်ပြလိုက်သည်။
ထို့နောက် သူသည် နောက်သို့ပြန်လှည့်ကာ သူ့၏လက်နှစ်ဖက်ကိုဖြန့်ကားပြီး ရှီချင်းဝူကို ပြောဆိုသည်။
"ဂိုဏ်းချုပ်ရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်လို့ ငါ ဝန်ခံတယ်....ဒါပေမဲ့ အခုအချိန်မှာ ဂိုဏ်းချုပ်က ငါတို့ကို လှည့်စားနိုင်တော့မှာမဟုတ်ဘူး"
"အရှင်ရီက ဆရာကြီးတစ်ယောက်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရာရာတိုင်းကို ငါတို့ သိထားပြီးပြီ"
"ဒါက အမှန်ပဲ....မင်းရဲ့ခင်ပွန်းလောင်းက အရမ်းအစွမ်းထက်တယ်...မင်းက ဘာလို့ ငါတို့ကို ဖုံးကွယ်ထားချင်တာလဲ"
နံဘေးတွင်ရှိနေသော တခြားဂိုဏ်းမှဂိုဏ်းချုပ်တစ်ယောက်သည်လည်း ထောက်ခံလိုက်သည်။
"မင်းတို့နှစ်ယောက်က တကယ့်ကို ဖုံးကွယ်ထားနိုင်တာပါလား...."
"တကယ်လို့ အရှင်ရီက ထန်းပဂိုဏ်းရဲ့သူတော်စင်တောင်နန်းတော်က မဟာဝင်္ကပါကြီးကို လျစ်လျူရှုခဲ့ပြီးတော့...ဝင်္ကပါထဲမှာ သူ့ရဲ့လက်နဲ့ အစစ်အမှန်အင်မော်တယ်သားရဲတွေကို ဖမ်းဆီးခဲ့တာကြောင့်သာ မဟုတ်ရင် သူ ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ ငါတို့အားလုံး သိရမှာမဟုတ်ဘူး"
ဤစကားများကိုကြားချိန်တွင် ရှီချင်းဝူ၏ဦးနှောက်များ ပေါက်ကွဲတော့လုမတတ်ပင်။
မည်သည့်ကြောင့် အဓိပ္ပါယ်မရှိသည့်စကားများကို ပြောဆိုလိုက်သနည်း....
ထန်းပဂိုဏ်း၏သူတော်စင်တောင်နန်းတော်မှ မ ဟာဝင်္ကပါကြီးကို လျစ်လျူရှုခဲ့သည့်အပြင်...
သူ၏လက်ဗလာဖြင့် အစစ်အမှန်အင်မော်တယ်မှော်သားရဲအမြောက်အများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသလော.....
တစ်ခုသိထားရမည်မှာ သူတော်စင်တောင်နန်းတော်သည် ထန်းပဂိုဏ်း၏အစောင့်အရှောက်မဟာဝင်္ကပါကြီးပင်။
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ဝင်္ကပါနယ်မြေအတွင်းရှိ နယ်မြေကြီးကိုးခုမှ ခေါင်းဆောင်များသည် အတူတကွပူးပေါင်းပြီး ပြင်းပြင်းထန်ထန်အင်အားစိုက်ထုတ်ကာ ထန်းပဂိုဏ်း၏အစောင့်အရှောက်ဝင်္ကပါကြီးကို ခင်းကျင်းခဲ့ကြသည်။
ထိုဝင်္ကပါကြီးကို အသက်သွင်းထားစဉ်တွင် အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်ငါး၏အောက် ကျင့်ကြံသူများ ဝင်ရောက်နိုင်မည်မဟုတ်ချေ။
ဒုတိယအဆင့်၌ အစစ်အမှန်အင်မော်တယ်နယ်ပယ် မှော်သားရဲများရှိနေသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
ရှီချင်းဝူသည် ထန်းပဂိုဏ်း၏လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်းဖြစ်သော သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သဖြင့် ထိုဝင်္ကပါကြီး မည်မျှထိအစွမ်းထက်သည်ကို သိရှိထားသည်။
သို့ရာတွင် သူတို့ပြောဆိုသည့်အတိုင်း ဖြစ်နေပါက....
ယခုကြည့်ကြည့်တော့မှ ရီဖုန်းသည်....
သူမ အလွန်အံ့အားသင့်နေသဖြင့် သူမ၏ပါးစပ်သည် ပန်းသီးတစ်လုံးဝင်စာပမာဏမျှ ပွင့်ဟနေသည်။
သို့ရာတွင် သူမ၏နံဘေးပတ်လည်ရှိလူများသည် သူမ၏တုံ့ပြန်မှုကို လျစ်လျူရှုထားကြသည်မှာ သိသာထင်ရှားလှ၏။
သူတို့၏အမြင်အရ သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ဂိုဏ်းချုပ်သည် ယခုအချိန်ထိ ဟန်ဆောင်နေခြင်းပင်။
တချိန်တည်းမှာပင် ခုံတန်းရှည်ပေါ်၌ထိုင်နေသည့် ထန်းပဂိုဏ်း၏ဘိုးဘေးကျန်းရှင်က အလျှင်အမြန် ဖြည့်စွက်ပြောဆိုသည်။
"ဂိုဏ်းရဲ့အစောင့်အရှောက်နတ်ဘုရားသားရဲ ငါးကောင်အကြောင်းကို ထည့်ပြောဖို့ မင်းတို့ မေ့သွားကြတာလား"
ဤနတ်ဘုရားသားရဲများသည် သူတို့၏ဂိုဏ်းအတွက် အရေးအပါဆုံးအရာများပင်။
ထိုကြောင့် ဤအရေးကြီးသောကိစ္စကို သူတို့ မဖြစ်မနေပြောဆိုရပေမည်။
အရှင်ရီသည် နတ်ဘုရားသားရဲများ၏အသက်ကို နှုတ်ယူမိလုနီးပါး ဖြစ်သွားသည့်ကိစ္စကို သူ၏ဇနီးလောင်းအား အသိပေးရပေမည်။
ခေါင်းအုံးချင်းပူး၍ အိပ်နေသောလူမှ ပြောဆိုသော စကားများ၏စွမ်းအားသည် သူတို့၏ပါးစပ်မှပြောသည်ထက် ပို၍ကောင်းမွန်ပေမည်။
ဤသည်ကြောင့် အရှင်ရီဖုန်းသည် အားနာမှုကိုခံစားရပါက စိတ်ဝိညာဥ်နယ်မြေကိစ္စအတွက် သူတို့အား အကြံဉာဏ်တစ်ခု ပေးလာနိုင်သည်။
သန်းချောင်သည်လည်း ချက်ချင်းဆိုသလိုပင် ဤကိစ္စကို နားလည်သဘောပေါက်သွားသည်။
"ဒီကိစ္စက ဒီလိုပါ..."
သန်းချောင်က သူ၏လေသံကိုမြှင့်ကာ ပုံကြီးချဲ့၍ ပြောဆိုသည်။
"ငါတို့ရဲ့ဂိုဏ်းရဲ့ အကာအကွယ်နတ်ဘုရားသားရဲတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ချန်ထားခဲ့တာ....အဲ့ဒီသားရဲတွေအားလုံးက ငါတို့ရဲ့ဘိုးဘေးတွေ အင်အားစိုက်ထုတ်ပြီးတော့ ဖမ်းဆီးခဲ့တာပဲ"
"ငါ မမျှော်လင့်ခဲ့မိတာကတော့...အဲ့ဒီသားရဲတွေအားလုံးနီးပါးက အရှေ့ရီရဲ့ဟင်းအိုထဲကို ရောက်လုနီးပါး ဖြစ်သွားခဲ့တာပဲ...."
"အဲ့ဒီသားရဲတွေက ကံကောင်းလို့ အသက်ရှင်လာခဲ့ကြပေမယ့် သူတို့မှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေ ကျန်နေတယ်... သူတို့က တုန်လှုပ်ချောက်ချားပြီးတော့ သူတို့ရဲ့အသိုက်တွေထဲမှာပဲ အမြဲတမ်းနေကြတော့တယ်"
"အဆိုးရွားဆုံးတစ်ကောင်ကတော့ သူ့ကိုယ်သူ သေကြောင်းကြံဖို့ ကြိုးစားခဲ့တာပဲ..."
"တကယ်တော့ ငါတို့က အဲ့ဒီကိစ္စတွေအတွက် အရှင်ရီကို အပြစ်မတင်ပါဘူး"
ကျန်းရှင်းက အလျှင်အမြန် ပြောဆိုသည်။
"အရှင်ရီက သူတို့ကို စားချင်တယ်ဆိုတာကတင် သူတို့ရဲ့ကံကောင်းမှုကြီး ဖြစ်နေပြီ"
"အမှန်ပဲ..."
သန်းချောင်ကလည်း သံယောင်လိုက်သည်။
"ငါတို့ အဓိကပြောချင်တာတော့ အရှင်ရီက အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက်ဆိုတာပဲ....တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး...ဂိုဏ်းချုပ်ရှီ အတွေးမလွန်ပါနဲ့"
နံဘေးပတ်ဝန်းကျင်ရှိလူများအားလုံးသည် ရီဖုန်း မည်မျှထိအစွမ်းထက်သည်ကို စတင်၍ပြောဆိုကြတော့သည်။
စကားတစ်ခွန်း ရှီချင်းဝူ၏နားအတွင်းသို့ ဝင်ရောက်သွားသည့်အချိန်တိုင်း....
ငရုတ်ကောင်းနံ့ကို ရှူရှိုက်လိုက်ရသည့်အလား သူမ၏အာရုံကြောများ မွှန်ထူသွားသည်။
ဂိုဏ်းထံသို့ သူမ ခေါ်ဆောင်လာခဲ့သောလူသည် အမှန်အားဖြင့်....
ထိပ်သီးဆရာကြီးတစ်ယောက် ဖြစ်နေသလော...
သူမ တံခါးပိတ်ကျင့်ကြံနေစဉ်အချိန်အတောအတွင်းတွေ သူသည် သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ပြန်လည်ပေါင်းစည်းခဲ့နိုင်ရုံသာမက သူမတို့၏ဂိုဏ်းနှင့် အဆင့်တူတွင်ရှိနေသည့် တခြားဂိုဏ်းအမြောက်အများကို ဦးညွှတ်အရိုအသေပြုလာအောင်လည်း ပြုလုပ်နိုင်ခဲ့သည်။
ထို့ပြင်.....
နယ်မြေကြီးကိုးခုအတွင်းတွင် ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ထန်းပဂိုဏ်းမှလူများမှပင်လျှင် သူ့အားတွေ့ဆုံရန် ရောက်ရှိလာပေ၏။
"အရှင်ရီက အရမ်းအစွမ်းထက်တယ်...အနည်းဆုံးတော့ သူက အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်ကျင့်ကြံသူ ဖြစ်နိုင်တယ်"
ဂိုဏ်းချုပ်တယောက်သည် သူ၏လက်ယာဘက်လက်ကို ဆန့်တန်းပြီး လက်ချောင်းနှစ်ချောင်းထောင်ကာ ပြောဆိုလိုက်၏။
"အဆင့်နှစ်ဆယ်က မဖြစ်နိုင်ဘူး....ငါ့အထင်တော့ အရှင်ရီက အစစ်အမှန်အင်မော်တယ် အဆင့်သုံးဆယ်ကျင့်ကြံသူ ဖြစ်နိုင်တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် အရှင်ရီ အစွမ်းထက်တာက အမှန်ပဲ.. သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်အတိအကျကိုတော့ ဘယ်သူက သိနိုင်မှာလဲ"
"နတ်ဘုရားတွေတောင် ဒီကိစ္စကိုမသိမှာ ငါ စိုးရိမ်မိတယ်"
"ငါကတော့ အရှင်ရီကို အရမ်းလေးစားတယ်"
"..."
ရှီချင်းဝူသည် သူမ၏မျက်လုံးကိုစုံမှိတ်ကာ အချိန်အတော်ကြာသည့်အထိ ထိတ်လန့်တုန်လှုပ်နေကာ အသိပြန်ဝင်လာခြင်းမရှိချေ။
သူမသည် အချိန်အတော်ကြာသည့်အထိ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီးနောက် သူမ၏စိတ် တဖြည်းဖြည်း ပြန်လည်၍တည်ငြိမ်သွားသည်။
သူမ တည်ငြိမ်သွားပြီးနောက်.....
ရီဖုန်းသည် အလွန်အစွမ်းထက်သူဖြစ်သော်လည်း သူမသည် တစ်ချိန်လုံး သူ့အား စိုးရိမ်ပူပန်နေခဲ့ရသည်။
သူမ လျှို့ဝှက်ခန်းအတွင်း၌ သူမ၏ဒဏ်ရာများကို ကုသနေစဉ်အချိန်ကလည်း သူ့အား စိုးရိမ်ပူပန်နေခဲ့သည်။
လျှို့ဝှက်ခန်းအတွင်းမှ သူမ ထွက်လာပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်ကိစ္စမှာ ရီဖုန်းအား ရှာဖွေခြင်းပင်။
သူ ထိခိုက်ဒဏ်ရာရရှိသွားမည်ကို သူမ စိုးရိမ်ခဲ့မိသည်။
ထိုအချိန်အခိုက်အတန့်များကို ပြန်လည်၍တွေးတောမိချိန်တွင် ရှီချင်းဝူက သူမ၏စိုးရိမ်ပူပန်မှုများသည် အလွန်ရယ်ရွှင်ဖွယ်ကောင်းနေကြောင်း တွေးတောမိလေ၏။
သူမသည် ခုန်ပေါက်၍ကပြနေသော လူပြက်တစ်ယောက်အလားပင်။
ရီဖုန်းသည် အလွန်အစွမ်းထက်သူတစ်ယောက်ဖြစ်ကာ သူမအား နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားခဲ့သည်။
ထိုအကြောင်းကိုတွေးတောရင်း ရှီချင်းဝူသည် သူမကိုယ်သူမ လူပြက်တစ်ယောက်ဟု ခံစားမိလေ၏။
ရှီချင်းဝူသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီးနောက် သူမကိုယ်သူမ သိမ်ငယ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူမသည် သူ့အတွက် ဤကိစ္စများကို ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း သူ့အားပြောပြရန် မလိုအပ်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းကဲ့သို့ အလွန်အစွမ်းထွက်သော တည်ရှိမှုကြီးတစ်ယောက်အတွက် သူမသည် ကျောက်စရစ်ခဲတစ်လုံးနှင့် တူညီနေကာ အရေးပါမည်မဟုတ်ချေ။
သူမတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိချေ။
လက်ထက်ခြင်းသည်လည်း အပေးအယူတစ်ခုသက်သက်ပင်။
ဤအပေးအယူကိစ္စသည်ပင် ရီဖုန်းသည် မည်သည့်ကိစ္စမျှ လုပ်ဆောင်ရန်မရှိသဖြင့် အပျော်ရှာခြင်းဖြစ်နေမည်ကို သူမ စိုးရိမ်မိသည်။
Thank For Reading.