← Chapters

အခန်း (၇၉၆-၈၀၀)

Vol. 54 Ch. 796-800

အခန်း (၇၉၆-၈၀၀)

Vol. 54 Ch. 796-800

Chapter 796

လူအုပ်ကြီး၏စိုးရိမ်ပူပန်တကြီး စောင့်ဆိုင်းနေမှုအောက်တွင်...

ရီဖုန်းသည် နောက်ဆုံး၌ နိုးလာပေ၏။

ဤအချိန်အခိုက်အတန့်တွင် ခြံဝန်းအတွင်း၌ လူများဖြင့် ပြည့်နှက်နေသည်။

"စီနီယာ....ကျေးဇူးပြုပြီးတော့ ငါတို့အတွက် အကြံတစ်ခုပေးပါအုံး"

ကျန်းရှင်းသည် လူအများကိုဦးဆောင်၍ ဦးညွှတ်အရိုအသေပြုကာ ရိုသေလေးစားစွာပြောဆိုသည်။

အိပ်ရာမှနိုးလာသဖြင့် အိပ်ချင်မူးတူးဖြစ်နေသော ရီဖုန်းသည် သူ့၏လက်အတွင်းရှိ အနီရောင်စာလွှာကိုကိုင်ကာ ကျန်းရှင်းတို့လူစု၏စကားများကို နားထောင်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ဇဝေဇဝါအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ အဓိပ္ပာယ်မရှိလှချေ။

သူ တရေးတမောအိပ်နေရာမှ ထလာစဉ်တွင် လူတစ်စု သူ့ထံသို့ ရောက်ရှိလာပြီး လောကကြီးပျက်စီးတော့မည်ဟု ပြောဆိုနေသလော...

ထို့ပြင် သူ့ထံမှအကြံဉာဏ်ကို လာရောက်တောင်းခံနေကြသလော...

သူ မည်သည့်အကြံဉာဏ်ကိုမျှ မပေးနိုင်သည့်အပြင် ထိတ်လန့်ကြောက်ရွံစပြုလာသည်။

သို့ရာတွင်

ကျန်းရှင်တို့လူစု၏အမူအယာများကို ကြည့်ခြင်းအားဖြင့် သူသည် ထိုလူများအတွက် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက် ဖြစ်နေကြောင်း သူ အမှတ်ရသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အစစ်အမှန်အင်မော်တယ်၏အထက် အဆင့်ခြောက်ဆယ်၌ ရှိနေသူပင်။

ဤကဲ့သို့ ကြက်ကလေးတစ်စုသည် သူ့ထံမှ အကြံဉာဏ်လာရောက်တောင်းခံသည့်ကိစ္စမှာ သဘာဝကျပေ၏။

"အင်း...."

"အဲ့ဒီလိုလား...."

ရီဖုန်းက သူတို့အားလုံးကို နှစ်သိမ့်စကား ပြောဆိုလိုက်သည်။

"မင်းတို့ အရမ်းကြီးစိုးရိမ်ပူပန်နေဖို့ မလိုပါဘူး... ခက်ခဲတဲ့အချိန်ကာလတွေတိုင်းမှာ သူရဲကောင်းတွေ ထွက်ပေါ်လာတယ်"

ရီဖုန်းသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ ကြီးကျယ်ခမ်းနားသောအသွင်ကို ဆောင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဆိုရိုးစကားများအရ ခက်ခဲသောအချိန်ကာလများအတွင်းတွင် သူရဲကောင်းများ ထွက်ပေါ်လာလေ့ရှိသည် မဟုတ်လော....

သူ၏အတိတ်ဘဝရှိ ရှေးဟောင်းခေတ်အချိန်ကာလများအတွင်း၌ ခက်ခဲသောအချိန်ကာလအမြောက်အများရှိခဲ့သည့်တိုင် သူရဲကောင်းများထွက်ပေါ်လာပြီး လောကကြီးကို ကယ်တင်သွားလေ့ရှိသည်။

ဤသည်မှာ ယခုကဲ့သို့ စိတ်ကူးယဉ်ဆန်သော ကျင့်ကြံခြင်းလောကနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သူ သိရှိထားသော်လည်း....

ယခုလက်ရှိချိန်၌ သူသည် ထိုလူများကို အယုံသွင်းရုံသာ တတ်နိုင်ပေမည်။

"စီနီယာ...မင်းပြောတဲ့အတိုင်းဆိုရင် လောကကြီးကိုကယ်တင်မယ့် လူတစ်ယောက်က ထွက်ပေါ်လာမှာလား"

ကျန်းရှင်းတို့လူစုသည် စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။

"အမှန်ပဲ...အဲ့ဒီလို ဖြစ်လာလိမ့်မယ်"

ရီဖုန်းက အလေးအနက်ထားသောအမူအယာဖြင့် ပြောဆိုကာ သူသည် လူများအားလုံးကို အားပေးနှစ်သိမ့်လိုက်၏။

"ဒါကြောင့် မင်းတို့ အရမ်းအတွေးလွန်နေဖို့ မလိုဘူး....မင်းတို့ဘိုးဘေးတွေရဲ့ ဆင့်ခေါ်တာကို တုံ့ပြန်တဲ့အနေနဲ့ နတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်ဖို့အတွက် မင်းတို့ရဲ့အင်အားတွေအားလုံးကိုစုစည်းပြီး အသင့်အနေအထားမှာနေသင့်တယ်"

ရီဖုန်းက ပြောဆိုသည်။

"ဟုတ်ကဲ့"

"ငါတို့ နားလည်ပါပြီ"

"လျှို့ဝှက်ချက်ကို ပြောပြပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်...ငါတို့ကို သွားခွင့်ပြုပါအုံး"

တံခါးဝ၌ရှိနေသော ရှီချင်းဝူကိုကြည့်ပြီး သူတို့အားလုံးသည် အလိုက်သိစွာဖြင့် ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြ၏။

ဆရာကြီးသည် လျှို့ဝှက်ချက်တစ်ခုကို သူတို့အား ပြောပြပြီးဖြစ်သဖြင့် ဆရာကြီးနှင့်ဂိုဏ်းချုပ်ရှီတို့ တွေ့ဆုံရမည့်ကိစ္စကို သူတို့ နှောင့်နှေးကြန့်ကြာစေ၍မဖြစ်ချေ။

ကျန်းရှင်းတို့လူစု ထွက်ခွာသွားပြီးနောက်...

ရှီချင်းဝူသည် တံခါးဝ၌မတ်တတ်ရပ်နေကာမည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

ယခုအချိန်၌ သူမသည် ရီဖုန်းကို မျက်နှာချင်းဆိုင်ဝံ့ခြင်းမရှိချေ။

သို့ရာတွင် ရီဖုန်းသည်အကြည့်တချက်ဖြင့် သူမကို တွေ့မြင်သွားပေ၏။

"အော် ..."

"ဂိုဏ်းချုပ်ရှီ...မင်း နောက်ဆုံးတော့ ထွက်လာခဲ့ပြီ"

ရီဖုန်းက အံ့အားသင့်နေသောမျက်နှာဖြင့် ပြောဆိုသည်။

"ရှီချင်းဝူက စီနီယာကို အရိုအသေပြုပါတယ်"

ရှီချင်းဝူသည် အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်သည်။ယခုအချိန်၌ သူမသည် ရီဖုန်း၏ခွန်အားကို သိရှိပြီးဖြစ်သောကြောင့် သူ့အား ယခင်အတိုင်း ဆက်ဆံဝံ့ခြင်းမရှိချေ။

"ဒီဂျူနီယာက စီနီယာရဲ့ခွန်အားကို အရင်က မသိခဲ့တာကြောင့် အမှားတွေ လုပ်ခဲ့မိပါတယ် ..စီနီယာက ခွင့်လွှတ်ပေးမယ်လို့ ငါ မျှော်လင့်မိတယ်"

"ဂိုဏ်းချုပ်ရှီက အရမ်းယဉ်ကျေးတာပဲ....ဘာစီနီယာလဲ....ငါက စီနီယာ မဟုတ်ပါဘူး"

ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ အပြုံးနှင့်ပြောဆိုသည်။

"စီနီယာကို ကျေးဇူးတင်ပါတယ်"

ရှီချင်းဝူသည် သူမ၏ခေါင်းကို အောက်သို့ငုံလိုက်သော်လည်း သူမ၏မျက်လုံးထောင့်မှနေ၍ ရီဖုန်း၏မျက်နှာကိုကြည့်ပြီး အနည်းငယ်တွေဝေမိန်းမောနေသည်။

အမှန်အားဖြင့် ဤသည်မှာ သူမ ရီဖုန်းကို စေ့စေ့ကြည့်ဖူးသည့် ပထမဆုံးအကြိမ်ပင်။

သူမ အလေးအနက်ထား၍ကြည့်လိုက်သော အချိန်အခိုက်အတန့်၌....

ရီဖုန်း၏စိတ်နေသဘောထားသည် တခြားသူများနှင့်ကွဲလွဲကာ သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်း လောကကြီးနှင့်မသက်ဆိုင်သော အငွေ့အသံမျိုးရှိနေသည်အား သူမ ရှာဖွေတွေ့ရှိမိသည်။

ဤသည်မှာ တုပပြုလုပ်ရန်ခက်ခဲသော အရာများပင်။

အထူးသဖြင့် ရီဖုန်းသည် သူ၏ခွန်အားကို ထုတ်ဖော်ပြသပြီးနောက် ဤအချိန်အခိုက်အတန့်တွင် သူ၏လွတ်လပ်ပေါ့ပါးပြီး ချဥ်းကပ်ရခက်ခဲသော ပုံပန်းသွင်ပြင်သည် ပို၍ပီပြင်ထင်ရှားလာပေ၏။

သူမသည် ဤသဲလွန်စကို ယခင်ကတည်းက တွေ့ရှိသင့်သည်ဟု တွေးတောကာ သူမကိုယ်သူမ မုန်းတီးနေမိသည်။

မည်သို့ပင်ဆိုစေကာမူ ရီဖုန်းကဲ့သို့လူတစ်ယောက်ထံတွင် ထူးခြားချက်များရှိနေကြောင်း သူမ ရှာဖွေတွေ့ရှိခဲ့သင့်သည်။

တစ်ချိန်တည်းမှာပင် သူမသည် ရီဖုန်းကို အလွန်ကျေးဇူးတင်နေပေ၏။

ဤအချိန်ကာလများအတွင်း၌ သူမ အမှန်တကယ်ကို ပင်ပန်းနွမ်းနယ်နေလေပြီ။

ဂိုဏ်းအတွင်းရှိ သဘောထားကွဲလွဲမှုများကြောင့် သူမ အလွန်စိတ်ပင်ပန်းနေခဲ့သည်။

အကြောင်းအရင်းမှာ မည်သို့ပင်ဆိုစေကာမူ သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။မဟာအကြီးကဲ့သို့လူစားမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် ဂျူနီယာတစ်ယောက်အဆင့်တွင်သာ ရှိနေသည်။သူမသည် သူမ၏ခွန်အားနှင့်လုပ်ဆောင်ချက်များကြောင့် ဂိုဏ်းချုပ်ဖြစ်လာသော်လည်း ဂိုဏ်းအတွင်းရှိလူများ၏ ယုံကြည်မှုကို မရရှိခဲ့ချေ။

အကယ်၍ ရီဖုန်းကြောင့်သာမဟုတ်ပါက သူမသည် ဂိုဏ်းချုပ်နေရာအတွက် တိုက်ပွဲ၏အလယ်တွင်ရှိနေဆဲ ဖြစ်ပေမည်။သူမသည် အကွဲကွဲအပြားပြားဖြစ်နေသောဂိုဏ်းကို မည်ကဲ့သို့ စီမံအုပ်ချုပ်ရမည်နည်း။

ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲကဲ့သို့ ရှေးရိုးစွဲသူများ သူမအား ရိုသေလေးစားရန်မှာ ယခင်က မဖြစ်နိုင်သလောက်နီးပါး ကိစ္စတစ်ရပ်ပင်။

"စီနီယာက ဂျူနီယာကိုကူညီပြီးတော့ ဂိုဏ်းထဲက သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ထိုအကြောင်းကိုတွေးတောမိသဖြင့် ရှီချင်းဝူက ထပ်မံ၍ ကျေးဇူးတင်စကားပြောဆိုလိုက်သည်။

"ပြဿနာ မရှိပါဘူး...မင်း ကျေးဇူးတင်ဖို့မလိုဘူး"

ရီဖုန်းက အလျှင်အမြန်ပြောဆိုသည်။

အမှုမဲ့အမှတ်မဲ့ဖြင့်...

အခြေအနေသည် ကိုးရိုးကားယားဆန်စ ပြုလာပေ၏။

ရှီချင်းဝူက သူမ၏မျက်လုံး​ထောင့်ဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။သူမသည် ကျေးဇူးတင်စကားပြောဆိုပြီးနောက် ရီဖုန်းကို မည်သည့်စကား ဆက်ပြောရမည့်အား မသိတော့ချေ။ အကယ်၍ သူမ ကျေးဇူးတင်စကားအမြောက်အများပြောဆိုပါက ဤဆရာကြီး မ​ပျော်မရွှင်ဖြစ်သွားနိုင်သည်။

တခြားလူများသည် သူမတို့နှစ်ယောက်ကို လက်မထပ်ရသေးသော စုံတွဲတစ်တွဲအဖြစ် သိရှိထားသော်လည်း သူမတို့နှစ်ယောက်ကြားတွင် မည်သည့်ဆက်နွယ်ပတ်သက်မှုမျှ မရှိကြောင်း သူမ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သည်။

ရီဖုန်းက သူ၏မျက်လုံးကိုလှန်ကြည့်လိုက်ရာ ရံဖန်ရံခါ ရှီချင်းဝူမှနေ၍ သူ့အားကြည့်နေသည်ကို သူ မြင်တွေ့မိသည်။

ဤအမျိုးသမီးသည် ယခုအချိန်ထိ သူ့အား ငွေမပေးသေးသလော....

သူ ဤကိစ္စကိုမေးမြန်းလိုသော်လည်း မကောင်းချေ။

ထိုကြောင့် သူမ စကားပြောဆိုလာသည့်အချိန်ထိ သူ စောင့်ဆိုင်းရပေမည်။

ဤကဲ့သို့ ကိုးရိုးကားယားဆန်သောအခြေအနေတွင် ရှီချင်းဝူသည် အပ်မွေ့ယာပေါ်၌ ထိုင်နေရသည့်အလား ဖင်တကြွကြွဖြစ်နေသည်။

သို့ရာတွင် ရီဖုန်း၏မျက်လုံးအကြည့်သည် သူမထံသို့ ရံဖန်ရံခါရောက်ရှိလာသည်ကို သူမ သတိပြုမိလေ၏။ထိုကြောင့် သူမ၏လှပသောမျက်နှာလေး ကူကယ်ရာမဲ့စွာဖြင့် နီမြန်းသွားကာ သူမ၏ခေါင်းကို အောက်သို့ပို၍ငုံလိုက်၏။

ဖြစ်နိုင်သည်မှာ...

သူသည် သူမကို သဘောကျနှစ်ခြိုက်နေသလော. .

ထိုသို့မဟုတ်ပါက ဤကဲ့သို့ဆရာကြီးတစ်ယောက်သည် အပျော်ရှာရန်သက်သက်ဖြင့် သူမ၏နောက်သို့ လိုက်လာမည်လော....

ဤအကြောင်းကိုတွေးတောရင်း ရှီချင်းဝူသည် အနည်းငယ်စိတ်လှုပ်ရှားလာသကဲ့သို့ ခံစားမိသည်။

တခြားလူများ၏ရှေ့တွင် သူမသည် မာနကြီးပြီးအေးစက်သော အမျိုးသမီးဂိုဏ်းချုပ်ပင်။ သို့ရာတွင် ရီဖုန်းကဲ့သို့ ဆရာကြီးတစ်ယောက်၏ရှေ့သို့ ရောက်ရှိနေသော အချိန်အခိုက်အတန့်တွင် သူမသည် ရှက်ရွံ့တက်သောမိန်းမပျိုလေးတယောက် ဖြစ်သွားပေ၏။

ဤကိစ္စသာ အမှန်ဖြစ်ပါက....

သူမ မည်သို့ပြုလုပ်ရမည်နည်း....

သူမ မည်သည့်အရာအား ရွေးချယ်ရမည်နည်း...

ရှီချင်းဝူသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့သဖြင့် ရီဖုန်းအား ထပ်မံ၍ တစ်ချက်ကြည့်လိုက်သည်။

အလွန်သက်သောင့်သက်သာရှိခြင်း ..

အလွန်ကောင်းမွန်ခြင်း...

အကယ်၍ သူ သူမအားဖွင့်ပြောလာပါက သူမအတွက် ကောင်းချီးတစ်ခုဖြစ်ပေမည်။

ထိုကြောင့် သူမသည် သူပြောမည့်စကားကို စောင့်ဆိုင်းရပေမည်။

ရှီချင်းဝူသည် သူမ၏ခေါင်းကို အောက်သို့ငုံကာ တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေပြီး ရီဖုန်းစကားပြောဆိုမည်ကို စောင့်ဆိုင်းနေခဲ့သည်။

"အမ် ..."

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဤအမျိုးသမီးအား အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သည့်တိုင် မည်သည့်ကြောင့် သူမသည် ငွေကြေးအကြောင်း မပြောဆိုသနည်း....

အဆုံးသတ်၌....

သူသည် သူမကို တိုက်ရိုက်တောင်းဆိုရမည်လော....

ဤသည်မှာ အင်မော်တယ်သလင်း​ကျောက်သုံးသိန်းဖြစ်ပြီး အလွန်များပြားသောပမာဏပင်။

သို့ရာတွင်....

မြင့်မြတ်သောဂိုဏ်းချုပ်တစ်ယောက်ထံတွင် ငွေကြေးပြတ်လပ်မနေသင့်ချေ။တစ်စုံတစ်ယောက်သည် တံခါးပိတ်ကျင့်ကြံရာမှထွက်လာချိန်၌ ထိုကိစ္စများအား မေ့လျော့တတ်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ရပ်ပင်။

သူတို့နှစ်ယောက်ထံတွင် ကွဲပြားခြားနားသော အတွေးများရှိနေကာ...

ဤအတိုင်း....

တစ်ယောက်ကိုတစ်ယောက် စောင့်ဆိုင်းနေကြ၏။

အချိန်အတော်ကြာစောင့်ဆိုင်းပြီးသည့်တိုင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။

သို့ရာတွင် မျှော်လင့်စောင့်ဆိုင်းနေသော ရှီချင်းဝူ၏မျက်လုံးလေးများ မှေးမှိန်သွားသည်။

သူမ အတွေးလွန်နေမည်ကို သူမ စိုးရိမ်မိပေ၏။

ထိုသို့မဟုတ်ပါက မည်သည်ကြောင့် သူ စကားပြောဆိုခြင်း မပြုသနည်း....

ထို့ပြင် သူ၏မျက်လုံးအတွင်း၌ သူမသည် ဂိုဏ်းငယ်လေးတစ်ဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်သာ ဖြစ်ပေ၏။ဤလက်ထက်ပွဲစာချုပ်သည်လည်း အပေးအယူသက်သက်ဖြစ်ရာ မည်သည်ကြောင့် သူ အလေးအနက်ထားမည်နည်း။

ရှီချင်းဝူ၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ရပ် ထင်ဟပ်လာသည်။

သူ စကားပြောဆိုခြင်းမပြုသည်မှာ သူမအား စိတ်ဝင်စားခြင်းမရှိဟူသော သဘောမျိုး သက်ရောက်မည်ကို သူမ စိုးရိမ်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ သူမ အတွေးလွန်ခဲ့မိသည်။

ထိုအကြောင်းကိုတွေးတောရင်း ရှီချင်းဝူ၏နားရွက်များ နီမြန်းသွားကာ ကျင်းတစ်ကျင်းတူး၍ဝင်နေရန် မစောင့်ဆိုင်းနိုင်တော့ချေ။

"ဒါဆိုရင် စီနီယာ....ငါ သွားတော့မယ်"

ရှီချင်းဝူသည် ရီဖုန်း၏ရှေ့မှ အမြန်ဆုံး ထွက်ပြေးသွားလိုသည်။

ထိုကြောင့် သူမ၏စကား အဆုံးသတ်သည်နှင့် သူမသည် အခန်း၏ပြင်ပသို့ထွက်ပြီး သူမ၏ခေါင်းကိုအောက်သို့ငုံကာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးခဲ့တော့သည်။

သို့ရာတွင် သူမ တံခါး၏ပြင်ပသို့ ရောက်ရှိသွားသောအချိန်မှာပင် ရီဖုန်း၏အသံကို ကြားလိုက်ရသည်။

"ဂိုဏ်းချုပ်ရှီ ...ခဏနေပါအုံး"

"စီနီယာ ဘာကိစ္စရှိလို့လဲ"

"အမ်...."

ရီဖုန်းသည် သူ၏နဖူးကိုပွတ်သပ်ကာ ဤတစ်ကြိမ်တွင် သူ ငွေများမရရှိခဲ့သည်အား အလွန်စိတ်ပျက်နေမိသည်။ထို့ကြောင့် သူသည် ရှီချင်းဝူကို သွယ်ဝိုက်သောနည်းလမ်းဖြင့် သတိပေးလိုက်၏။

"ငါ ပြောချင်တာက...ဂိုဏ်းချုပ်ရှီက ငါ့ဆီကို ဘယ်အချိန်ကျရင် နောက်တစ်ခေါက် ထပ်လာအုံးမှာလဲ"

"နင့်ကို လာရှာရမှာလား"

ရှီချင်းဝူသည် ဇဝေဇဝါဖြစ်သွားကာ တစ်ချိန်တည်းမှာပင် သူမ အံ့အားသင့်သွားပေ၏။

သူမ၏စိတ်နှလုံးသားအတွင်း၌ ခန့်မှန်းမိသည်မှာ ...

သူ မည်သည့်အရာအား ဆိုလိုခြင်းဖြစ်သနည်း...

"အမ် ဟား ဟား ဟား...ငါ ဆိုလိုတာက ဂိုဏ်းချုပ်ရှီက တာဝန်တွေအများကြီးကို ယူထားရတယ်....တကယ်လို့ မင်း အလုပ်ရှုပ်နေတယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး....ဒါပေမယ့် မင်း မမေ့လိုက်နဲ့...ငါက ဒီခြံဝန်းထဲမှာ ရှိနေတုန်းပဲ...ငါ ဘယ်မှထွက်မသွားဘူး...တကယ်လို့ မင်းမှာအချိန်ရရင် ငါ့ဆီကို မကြာခဏလာခဲ့ပါအုံး"

ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်သပ်ကာ အဓိပ္ပါယ်အ​ပြည့်ပါသောလေသံဖြင့် သတိပေးလေသည်။

Chapter 797

ထိုအမျိုးသမီးသည် ငွေကြေးအကြောင်း စကားတစ်ခွန်းမျှ မပြောဆိုဘဲ ထွက်ခွာသွားခဲ့သည်။

ထို့ကြောင့် ရီဖုန်းသည် သူမအား ဤအတိုင်းသတိပေးရုံသာ တတ်နိုင်ပေ၏။

သို့ရာတွင် ထိုစကားများသည် ရှီချင်းဝူ၏နားအတွင်းသို့ ဝင်ရောက်သွားချိန်၌ အဓိပ္ပာယ်ပြောင်းလဲသွားခဲ့သည်။

'သူ ဘာပြောတာလဲ....'

'ဒါက....'

'ဒါက ငါ သူ့ကို လွမ်းဆွတ်ပြီးတော့ သတိရနေစေချင်တာလား'

'ငါ့ကို သူ့ဆီ ထပ်ပြီးလာစေချင်တာလား'

ယခင်ကတည်းက ရှက်ရွံ့နေသော ရှီချင်းဝူသည် သူမ၏နားရွက်အောက်ခြေထိ ထပ်မံ၍နီမြန်းသွားသည်။ထိုကြောင့် သူမသည် ရင်ထိတ်သွားကာ သူမ၏လက်များကို မည်သည့်နေရာ၌ ထားရမည်ကို မသိတော့ချေ။

"အင်း...ကောင်းပြီလေ...."

အချိန်တစ်ခဏကြာခန့် စဥ်းစားတွေးတောနေပြီးနောက် သူမသည် ရှက်ကိုးရှက်ကန်းဖြင့်သူမ၏ခေါင်းကိုငုံ့ကာ ညုတုတုလေသံဖြင့် တီးတိုးပြောဆိုပြီး အဝေးသို့ အလျှင်အမြန်ပြေးထွက်သွားတော့သည်။

"ဒါက ဘယ်လိုအမူအယာလဲ"

ရီဖုန်းသည် အလျှင်အမြန်ထွက်ပြေးသွားသော ရှီချင်းဝူကိုကြည့်ပြီး သူ၏ခေါင်းကိုကုတ်ကာ သူ၏နောက်မှီကုလားထိုင်ပေါ်၌ ပြန်လည်၍လဲလျောင်းလိုက်၏။

ထို့နောက် သူသည် အနီရောင်စာလွှာကို ထပ်မံ၍ထုတ်ယူလိုက်သည်။

ဤသည်မှာ သာမန်စာတစ်စောင် မဟုတ်ချေ။

ထိုစာကိုဖွင့်လိုက်ချိန်တွင် အခြေအနေကိုပြောပြထားသော စာကြောင်းများသာမက လောကကြီး၏အဆုံးသတ်သို့ရောက်ရှိနေသည့်အလား စိတ်ဝိညာဥ်နယ်မြေ၏ ကောင်းကင်နှင့်နေမင်းကြီးကို ပိတ်ဖုံးထားသော နတ်ဆိုးချီများ၏ပုံရိပ်လည်း ပါဝင်သည်။

ပြင်ပစက်ဝန်း....နယ်နမိတ်နံရံ....

"ဒါဆိုရင် အင်မော်တယ်နယ်မြေရဲ့ဘေးမှာ တခြားကမ္ဘာလောကတွေ ရှိနေသေးတာလား"

ရီဖုန်းသည် အတွေးများအတွင်း နစ်မျောသွားပေ၏။

ဤသည်မှာ အလွန်အန္တရာယ်များသောကိစ္စတစ်ရပ်ပင်။

တချိန်တည်းမှာပင် သူ၏ကိုယ်ပိုင်ခွန်အားအကြောင်းကို စဉ်းစားတွေးတောမိသဖြင့် အင်မော်တယ်ကျင့်ကြံဆင့်နယ်ပယ်များနှင့် ပတ်သက်ပြီး ရှင်းပြထားသည့်စာအုပ်ကိုရှာရန် စုပိုင်အား ခိုင်းစေလိုက်သည်။

ထိုစာအုပ်ရရှိလာချိန်၌ သူသည် တံတွေးမြိုချကာ စာမျက်နှာများကိုလှန်လိုက်သည်။

ထို့နောက် ကျင့်ကြံဆင့်နယ်ပယ်များအရ ရီဖုန်းက သူ၏လက်ချောင်းများကိုချိုး၍ ရေတွက်လိုက်သည်။

အစစ်အမှန်အနှစ်သာရအင်မော်တယ်...အစောပိုင်းအဆင့်...အလယ်အလတ်အဆင့်...နှောင်းပိုင်းအဆင့်...ပြီးပြည့်စုံခြင်းအဆင့်....

ကြယ်အင်မော်တယ်...အစောပိုင်းအဆင့်...အလယ်အလတ်အဆင့်...နှောင်းပိုင်းအဆင့်...ပြီးပြည့်စုံခြင်းအဆင့်....

.....

နေလအင်မော်တယ်...အစောပိုင်းအဆင့်...အလယ်အလတ်အဆင့်...နှောင်းပိုင်းအဆင့်...ပြီးပြည့်စုံခြင်းအဆင့်....

ထို့နောက် အစစ်အမှန်အင်မော်တယ်နယ်ပယ် ရှိနေသည်။

သူသည် တစ်ဆင့်ပြီးတစ်ဆင့် ရေတွက်ကြည့်ပြီးနောက် သူ၏ကျင့်ကြံဆင့်သည် အစစ်အမှန်အင်မော်တယ် အဆင့်သုံးဆယ့်တစ်တဝိုက်၌ရှိနေသင့်သည်။

ဤကျင့်ကြံဆင့်နယ်ပယ်နှင့် သက်ဆိုင်သော အညွှန်းကို ရီဖုန်းက စာအုပ်အတွင်း၌ ရှာဖွေလိုက်သည်။

အစစ်အမှန်အင်မော်တယ် အဆင့်သုံးဆယ်သည် အကြွင်းမဲ့ဆရာကြီးတစ်ယောက်ပင်။အင်မော်တယ်နယ်မြေနှင့်တခြားနယ်မြေကြီးရှစ်ခုအတွင်း၌ပင် ထိုအဆင့်ကျင့်ကြံသူမျိုး အလွန်ရှားပါးကာ နယ်မြေကြီးတစ်ခုကိုတည်ထောင်အုပ်ချုပ်နိုင်သော အဆင့်၌ရှိနေသည်။

အိုး...အိုး...အိုး....

ရီဖုန်းသည် အော်ဟစ်မိတော့လုမတတ် အံ့အားသင့်သွားသဖြင့် သူ၏ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်သည်။

သူသည် အမှန်တကယ်ကို ဤမျှထိ သန်မာအားကောင်းသလော.....

သူသည် ရှားပါးသောတည်ရှိမှုကြီးတစ်ခု ဖြစ်နေသလော....

အံ့အားသင့်ဖွယ် မရှိတော့ချေ။သူသည် နေရာအနှံ့အပြား၌ တပည့်သစ်တစ်ယောက်ရရှိရန် ရှာဖွေခဲ့သည့်တိုင် ပါရမီအရည်အချင်းမြင့်မားသူဟူ၍ တစ်ယောက်​မျှမတွေ့ရှိခဲ့သည်မှာအံ့အားသင့်ဖွယ်မရှိတော့ချေ။

ကြည့်ရသည်မှာ အင်မော်တယ်နယ်မြေအတွင်း၌ သူသည် ထိပ်သီးတည်ရှိမှုကြီးတစ်ခုဖြစ်နေပုံပင်။

ဤကဲ့သို့ကိစ္စမျိုး ရှိနေသဖြင့်...

အကယ်၍ လောကကြီး၏အဆုံးသတ်ရောက်ရှိလာကာ အနက်ရောင်ချီများ ပျံ့နှံလာလျှင်ပင် သူ့ကိုယ်သူကာကွယ်နိုင်သည့် စွမ်းအားမျိုး ရှိနေပေမည်။

ထိုအကြောင်းကို တွေးတောရင်း...

ရီဖုန်းသည် စိတ်သက်သာရသွားကာ နောက်မှီကုလားထိုင်ပေါ်၌ ပြန်လည်၍ လဲလျောင်းလိုက်တော့သည်။

နောက်ထပ်ရက်အနည်းငယ်အတွင်းတွင်....

ရီဖုန်းသည် လူသေတစ်ယောက်အလား လဲလျောင်းနေခဲ့သည်။

သို့ရာတွင် ဤရက်များအတွင်းတွင် ရှီချင်းဝူသည် သူ့ထံသို့ ငွေကြေးများ လာမပေးသည်ကို တွေးတောမိချိန်၌ သူသည် ကူကယ်ရာမဲ့စွာဖြင့် ထိုကိစ္စကို စုံစမ်းလိုက်တော့သည်။သူမသည် ယခုလတ်တလောအချိန်၌ အလွန်အလုပ်ရှုပ်နေကြောင်း သူ သိရှိရသောအချိန်မှသာ စိတ်သက်သာရာရသွားခဲ့သည်။

ပင်မခန်းမ၌....

ရှီချင်းဝူသည် စားပွဲခုံတစ်လုံးရှေ့၌ထိုင်ကာ ဂိုဏ်း၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသည်။

အကြောင်းအရင်းမှာ ရီဖုန်းထွက်ပေါ်လာသဖြင့် သန့်စင်ခြင်းတစ်ရာဂိုဏ်းသည် တစ်စုတစည်းတည်းဖြစ်သွားသည့်တိုင် သူမ ရင်ဆိုင်ဖြေရှင်းရန်လိုအပ်သော ကိစ္စအမြောက်အများ ကျန်ရှိနေသောကြောင့်ပင်။

ရှီချင်းဝူက သူမ၏လက်အတွင်းရှိ ကျောက်စိမ်းပြားကို အောက်သို့ချပြီး အကြောဆန့်လိုက်သည်။

သူမ၏ဆန့်ထားသောခါးကို ကြည့်ရသည်မှာ အလွန်အမင်းစွဲမက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသည်။

ထို့နောက် သူမသည် ဆက်လက်၍အလုပ်လုပ်ရန် ဟန်ပြင်လိုက်၏။

သို့ရာတွင် သူမ၏စိတ်အတွင်း၌ အမြဲတစေ ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။

ကြင်နာခြင်း....

လွတ်လပ်ပေါ့ပါးခြင်း....

ဤအချိန်၌ သူမ၏အတွေးများ အဝေးသို့မျောလွင့်သွားကာ....

"ဘာတွေ တွေးနေတာလဲ"

သူမ၏နောက်သို့ ရုတ်တရက် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး ရောက်ရှိလာသည်။

"အမ်...."

ရှီချင်းဝူသည် သူမ၏အတွေးများကို ပြန်လည်ရုတ်သိမ်းကာ သာမန်ကာလျှံကာတုံ့ပြန်လိုက်၏။

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် သူမ၏ရယ်ပြုံးနေသောပါးစပ်ကို ဖုံးအုပ်လိုက်ကာ ရှီချင်းဝူ၏နားအနီးသို့ ချဉ်းကပ်သွားပြီး ပြောဆိုသည်။

"ဂိုဏ်းချုပ်ရဲ့စိတ်က ဒီနေရာမှာရှိမနေမှာကို ငါ စိုးရိမ်မိတယ်...ဟုတ်တယ်မလား..."

"နင် ဘာပြောတာလဲ"

ရှီချင်းဝူက မျက်စောင်းထိုး၍ကြည့်လေသည်။

"ဟီး ဟီး ဟီး...."

ဂိုဏ်းအတွင်း၌ အတွင်းရေးပဋိပက္ခများမရှိတော့သောကြောင့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏အကျင့်စရိုက်အမှန် ပေါ်လွင်လာကာ သူမ၏ပါးစပ်ကိုဖုံးအုပ်၍ ရယ်မောလိုက်သည်။

"နင်က တခြားလူတွေကို အရူးလုပ်လို့ရပေမယ့်...ငါ့ကို အရူးလုပ်မရဘူး"

"ဒါပေမဲ့ ဒါက ရှက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ဘူး....ဘယ်လိုပဲဖြစ်ဖြစ် စီနီယာရီဖုန်းက အရည်အချင်းရှိတဲ့လူတစ်ယောက်လေ...သူ့ရဲ့ခွန်အားက အရမ်းကြီးမားတယ်...အဓိကအချက်ကတော့ သူက သာမန်ယောက်ျားတစ်ယောက် မဟုတ်ဘူး"

"နင့်လိုကောင်မလေးတစ်ယောက်က ပေါက်ကရတွေ ပြောရဲတာလား....နင် သတိထားနေစမ်း...ငါ နင့်ကို ထောင်ထဲထည့်လိုက်ရမလား"

ရှီချင်းဝူက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ဟူး တချို့လူတွေက အမှန်ကိုဝန်မခံချင်မှတော့ ငါက အရှင်ရီဖုန်းနဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေ သူ့ကို ပြောပြဖို့မလိုတော့ဘူး"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက သူမ၏လက်ကိုမြှောက်ကာ ပြောဆိုသည်။

"ဘာသတင်းလဲ..."

ရှီချင်းဝူက အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏လက်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

"ကြည့်လိုက်အုံး ..နင်က ဒါတောင် ခုထိဝန်မခံချင်သေးဘူးလား"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ရယ်မောလိုက်သည်။

"မြန်မြန်ပြောစမ်းပါ"

ရှီချင်းဝူသည် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ဒေါသတကြီးပြောဆိုသည်။

"ကောင်းပြီ...ကောင်းပြီလေ..."

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် မျက်ဖြူလန်သွားပြီးနောက် ရှီချင်းဝူ၏နံဘေးသို့ကပ်ပြီး တီးတိုးပြောဆိုလိုက်၏

"ငါ သတင်းတွေရထားတယ်...အရှင်ရီဖုန်းက အခုလတ်တလောအချိန်တွေမှာ နင် ဘာလုပ်နေလဲဆိုတာ စုံစမ်းနေတယ်"

"တကယ်လား..."

ရှီချင်းဝူ၏လှပသောမျက်လုံးလေးများ တောက်ပသွားသည်။

"တကယ်ပေါ့....ဒါပေမယ့် နှမြောဖို့ကောင်းတာတစ်ခုကတော့ နင်က ဒီနေရာမှာ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပဲ"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက မကျေမနပ်ပြောဆိုသည်။

"ပေါက်ကရစကားတွေ မပြောစမ်းနဲ့...ငါ တကယ်ကို အလုပ်ရှုပ်နေတာ"

ရှီချင်းဝူက ပြောဆိုသည်။

"ဒါပေမဲ့ နင် အလုပ်ရှုပ်နေတယ်ဆိုရင်တောင်...အဲ့ဒီအလုပ်တွေက ဘယ်အကြီးအကဲကိုမဆို ပစ်ပေးပြီးတော့ လုပ်ခိုင်းလို့ရတယ် မဟုတ်လား...နင်ကိုယ်တိုင်လုပ်စရာ လိုလို့လား"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြောဆိုသည်။

"ငါ...ငါ...မဟုတ်ဘူး..."

ရှီချင်းဝူက သူမ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။

"အော်....ကောင်းပြီ...ကောင်းပြီလေ...နင်က ခုထိသေချာမသိသေးပုံပဲ"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြောဆိုသည်။

"စီနီယာရီဖုန်း နားလည်မှုလွဲမှာကို စိုးရိမ်ပြီးတော့ နင်က ရှက်နေမှာကို ငါ စိုးရိမ်မိတယ်"

"အခုအချိန်မှာ စီနီယာရီဖုန်းကလည်း နင့်ရဲ့အကြောင်းကို စုံစမ်းနေတယ်...နင့်ရဲ့စိုးရိမ်မှုတွေကို မြန်မြန်ဖြေဖျောက်ပြီးတော့ သူ့ဆီကိုမြန်မြန်သွားတွေ့သင့်တယ်"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက အကြံပေးသည်။

ရှီချင်းဝူက သူမ၏ခေါင်းကိုငုံကာ ဇဝေဇဝါဖြစ်နေသောလေသံဖြင့် ပြောဆိုသည်။

"ဒါဆိုရင်...ငါ...ငါ..."

"နင် မြန်မြန်သွားတော့လေ"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ရှီချင်းဝူကို တံခါး၏ပြင်ပသို့ တွန်းထုတ်လိုက်၏။

တံခါး၏ပြင်ပသို့ အရောက်တွင်...

ရှီချင်းဝူ၏စိတ်အတွင်း၌ အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏စကားများ ပဲ့တင်ထပ်နေကာ သူမ၏မျက်နှာလေး နီမြန်းစပြုလာသည်။

သူ....

သူသည် သူမ မည်သည့်အရာများ လုပ်ဆောင်နေသည်ကို အမှန်တကယ် မေးမြန်းစုံစမ်းခဲ့သလော...

သူ၏ခွန်အားဖြင့် သူ ထိုသို့ပြုလုပ်ရန် အမှန်တကယ်ကို မလိုအပ်ချေ။အကယ်၍ သူမကို တိုက်ရိုက်ပြောဆိုခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ကို ပြုလုပ်ခဲ့လျှင်ပင် သူမ ငြင်းဆန်နိုင်သည်မဟုတ်ချေ။

သူ ထိုသို့ပြုလုပ်မည်ဟု မမျှော်လင့်ထားမိသဖြင့်....

သူမသည် အဆောင်သို့ပြန်ကာ အဝတ်အစားလဲလိုက်သည်။

သူမ၏အဆောင်အတွင်းမှ ထွက်လာစဉ်တွင် သူမကိုကြည့်ရသည်မှာ မတူကွဲပြားသော လူတစ်ယောက်အလားပင်။

အတိတ်တွင် သူမသည် အနက်ရောင်ဝတ်စုံများကိုသာဝတ်ဆင်ကာ ရေခဲတမျှအေးစက်ပြီး ကြီးကျယ်ခမ်းနားသော ပုံပန်းသွင်ပြင်ကို အစဉ်အမြဲထိန်းသိမ်းထားသည်။

သူမ၏ပုံပန်းသွင်ပြင်ကို ပြင်ဆင်နိုင်ရန် အလွန်ခက်ခဲသော်လည်း ဤတစ်ကြိမ်တွင် သူမ ပြောင်းလဲခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူမသည် နှင်းကဲ့သို့ဖြူဆွတ်သောဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏သေးသွယ်သောခါးကို မြင်နေရသည်။ သူမ၏ဝတ်စုံသည် ဒူးဖုံးရုံမျှသာရှိသဖြင့် သူမ၏ခြေတံရှည်များ ပေါ်လွင်နေသည်။

တိုင်းပြည်ပျက်လုမတတ် လှပသောမျက်နှာလေးပေါ်တွင် ရှက်သွေးဖြာနေသဖြင့် သူမကိုကြည့်ရသည်မှာ သလင်းကျောက်ကဲ့သို့ကြည်လင်တောက်ပပြီး အလွန်လှပချောမောသည်။

သူမသည် ရီဖုန်းရှိနေသော ခြံဝန်းငယ်လေးထံသို့သွားရာလမ်းတလျှောက်၌ အလွန်စိတ်လှုပ်ရှားနေပေ၏။

သူမထံတွင် ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်ပုံစံမျိုး အနည်းငယ်မျှမရှိတော့ဘဲ ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်အလားပင်။

"ငါက စီနီယာရီဖုန်းကို အရိုအသေပြုပါတယ်"

ခြံဝန်းငယ်လေးထံသို့အရောက်တွင် ရှီချင်းဝူသည် သူမ၏ဝတ်စုံကိုမကာ ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဂိုဏ်းချုပ်ရှီ...မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

ရှီချင်းဝူကို မြင်တွေ့ချိန်၌ ရီဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းမတ်တတ်ထရပ်ကာ သူမအား ခြံဝန်းအတွင်းသို့ဝင်ရန် ဆီးကြိုလိုက်သည်။

ရီဖုန်း၏မျက်လုံးအတွင်းရှိ စိတ်လှုပ်ရှားမှုများကို မြင်တွေ့ချိန်တွင် ရှီချင်းဝူက သူမ၏ခေါင်းကို အောက်သို့ငုံထားသည်။

"ဂိုဏ်းချုပ်ရှီက ဒီနေ့ အရမ်းလှနေတယ်"

ရှီချင်းဝူ၏ယခင်နှင့်မတူသော ပုံပန်းသင်ပြင်းကိုကြည့်ပြီး ရီဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သဘောကျနှစ်ခြိုက်မှုကို ခံစားမိသည်။

"စီနီယာက ချီးမွန်းလွန်းနေပြီ"

ရှီချင်းဝူသည် ယဥ်ကျေးမှုအရ တုံ့ပြန်လိုက်သော်လည်း သူမ၏နှလုံးခုန်နှုန်းမြန်နေသည်။ကြည့်ရသည်မှာ ရီဖုန်းသည် သူမ ယခုကဲ့သို့ ပြင်ဆင်ထားသည်ကို သဘောကျပုံပင်။

"ငါ မင်းလာမှာကို နေ့တိုင်းမျှော်နေတယ်ဆိုတာ မင်း သိရဲ့လား"

ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

"အမ်..."

ရှီချင်းဝူသည် ကြက်သေသေသွားလေ၏။

ဤသည်မှာ...

အလွန်တဲ့တိုးဆန်နေသည် မဟုတ်လော....

သူမ ယခုအချိန်ထိ အဆင်သင့်မဖြစ်သေးချေ။

သို့ရာတွင် ဤသည်မှာ သူမအား ပျော်ရွှင်သွားစေသည်။

Chapter 798

ဤအတိုင်း...

သူတို့နှစ်ယောက်သည် ခြံဝန်းအတွင်း၌ထိုင်ကာ....

စကားအမြောက်အများ ပြောဆိုခဲ့ကြသည်။

စကားများပြောဆိုရင်း ရှီချင်းဝူသည် ထူးဆန်းသောအခြေအနေအတွင်းသို့ တဖန်ထပ်၍ ကျရောက်သွားသည်။

မည်သည်ကြောင့်နည်း....

သူသည် ယခင်က သူမအား ပရောပရည်စကားများ ပြောခဲ့သော်လည်း သူမ ပြန်ရောက်လာချိန်တွင် မည်သည်ကြောင့် အေးစက်စက်ဖြစ်သွားသနည်း။

သူမထံတွင် ဆွဲဆောင်မှုမရှိ၍ ဖြစ်သလော....

ရီဖုန်း၏မျက်လုံးသူငယ်အိမ်များလည်း ရွေ့လျားသွားသည်။

ဤအမျိုးသမီးသည်....

သူ့ထံသို့ ငွေလာပေးခြင်း မဟုတ်လော....

အကယ်၍ ထိုကိစ္စမျိုးရှိနေပါက သူမသည် သူ၏ငွေများကို အလျှင်အမြန်ထုတ်ပေးသင့်သည်။

သူတို့နှစ်ယောက်ထံတွင် မတူကွဲပြားသောအတွေးများရှိနေသည်။

အချိန်အတော်ကြာထိုင်ပြီးနောက် ရှီချင်းဝူ ငွေထုတ်မပေးသေးသည်ကို မြင်တွေ့သော ရီဖုန်းသည် ထိုင်စောင့်မနေနိုင်တော့ချေ။ထို့ကြောင့် သူသည် အကြွေးပြန်တောင်းရန် နည်းလမ်းတစ်ခုကို စဥ်းစားလိုက်၏။

သို့ရာတွင် သူသည် သူမအား တိုက်ရိုက်တောင်းဆိုပါက မကောင်းလှချေ။

ထို့ကြောင့် သူသည် ပို၍ပရိယာယ်ပါသောနည်းလမ်းကို တွေးတောရပေမည်။

သူသည် စုပိုင်ကို မသိမသာကြည့်ပြီး သူ၏နှုတ်ခမ်းကို အနည်းငယ်လှုပ်လိုက်သည်။

စုပိုင်သည် ရှိဖုန်း၏ဗိုက်အတွင်းမှ သန်ကောင်တစ်ကောင်နှင့်တူညီနေသဖြင့် ရီဖုန်း၏နှုတ်ခမ်းလှုပ်လိုက်သည်ကိုကြည့်ပြီး မည်သို့ပြုလုပ်ရမည်အား ချက်ချင်းသိရှိသွားသည်။

မကြာမီမှာပင်...

စုပိုင်သည် ရှုမျှော်ခင်းပန်းချီကားတချပ်ကို ရှာဖွေလိုက်၏။

"ဂိုဏ်းချုပ်ရှီ...ငါ့မှာ ဘာမှလုပ်စရာမရှိတာကြောင့် အခုလက်တလောအချိန်မှာ ငါ ပန်းချီကားတစ်ချပ်ကို ရေးဆွဲထားတယ်...ငါက ဒီပန်းချီကားကို အရမ်းစိတ်ကျေနပ်နေတယ်...မင်း အဲ့ဒီပန်းချီကားကို ငါနဲ့အတူ တစ်ချက်လောက်ကြည့်ချင်လား"

ရီဖုန်းက အပြုံးနှင့်မေးမြန်းသည်။

"ကောင်းပြီလေ"

အချိန်အတော်ကြာလှုပ်ရှားခြင်းမရှိသော ရီဖုန်းသည် ပန်းချီကားကြည့်ရန် သူမအား ဖိတ်ကြားခဲ့သဖြင့် ရှီချင်းဝူသည် အပျော်လွန်သွားကာ ချက်ချင်းခေါင်းညိတ်လိုက်၏။

ရှုမျှော်ခင်းပန်းချီကားကို...

စားပွဲပေါ်၌တင်ထားကာ...

သူတို့နှစ်ယောက် ဂရုတစိုက် ကြည့်လိုက်ကြသည်။

သို့ရာတွင် ရီဖုန်းသည် ရှုမျှော်ခင်းပန်းချီကားကို အမှန်တကယ်ကြည့်ရှုရန် ရည်ရွယ်မထားချေ။ဤသည်မှာ သူ၏မျက်လုံးအတွင်း၌ ဆိုးရွားသောပန်းချီကားတချပ်သာဖြစ်သည်။သို့ရာတွင် သူ တစ်စုံတစ်ခုပြုလုပ်ရန်အတွက် ဤပန်းချီကားချပ်ကို အသုံးပြုရပေမည်။

"ဂိုဏ်းချုပ်ရှီ...ဒီရေတံခွန်ကရေတွေကို ကြည့်လိုက်ပါအုံး....ဒါက ဒီပန်းချီကားကို အသက်ဝင်သလိုဖြစ်သွားစေတယ် မဟုတ်လား..."

ရီဖုန်းက နူးညံ့ညင်သာစွာ ပြောဆိုသည်။

ရှီချင်းဝူက ပန်းချီကားကို အနီးကပ်ကြည့်ပြီး ချီးမွမ်းစကားပြောဆိုလိုက်သည်။

"ဒီရေတံခွန်က တကယ့်ကို ကောင်းကောင်းရေးဆွဲထားတာပဲ...နင်ပြောသလိုပဲ ဒါက အရမ်းအသက်ဝင်ပြီးတော့ ပန်းချီကားထဲမှာ ရေတွေစီးဆင်းနေတဲ့အတိုင်းပဲ"

ရှီချင်းဝူ၏စကားများကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။သူ၏မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်သွားပေ၏။

ဤကဲ့သို့ အမှိုက်ပန်းချီကားတချပ်ကို အသက်ဝင်နေသည်ဟု ချီးမွမ်းပြောဆိုခဲ့သလော...

သူ သူမအား ကြည့်စေလိုသည်မှာ ရေများကိုမဟုတ်လော....

ရေတံခွန်အတွင်း၌ စုပိုင် ဖြည့်စွက်ရေးသားထားသော 'အကြွေးပေး'ဟူသောစာလုံးသည် အလွန်ကြီးမားသော်လည်း သူမသည် ထိုအရာကို အမှန်တကယ် မမြင်တွေ့သလော....

ရှီချင်းဝူသည် စိတ်ကြည်နူးစွာဖြင့် ဤပန်းချီကားအတွင်း၌ နစ်မြောနေလေရာ ထိုစာလုံးများကို အနည်းငယ်မျှမမြင်မိချေ။

ရီဖုန်း၏မျက်ခုံးများ မြင့်တက်သွားသည်။

"စီနီယာကြီးရီဖုန်း...ဘာမှားနေလို့လဲ"

ရှီချင်းဝူက ပျာပျာသလဲမေးမြန်းသည်။

"ဘာမှမဟုတ်ပါဘူး"

ရီဖုန်း၏မျက်နှာပေါ်တွင် နူးညံသောအပြုံးတစ်ခု ထပ်မံ၍ ထင်ဟပ်လာသော်လည်း သူ မည်သို့ပြုလုပ်ရမည်ကို စဉ်းစားပြီးဖြစ်သည်။

သူသည် အမူမဲ့အမှတ်မဲ့ဖြင့် အဝေးတစ်နေရာသို့ တစ်ချက်ကြည့်ကာ သူ၏စိတ်အတွင်း၌ တခြားအစီအစဉ်တစ်ခု ရှိထားပြီးလေပြီ။

"ဂိုဏ်းချုပ်ရှီ...ငါနဲ့အတူ ရှုခင်းတွေကိုကြည့်ဖို့ မင်း စိတ်ဝင်စားလား"

ရီဖုန်းက အပြုံးနှင့်မေးမြန်းသည်။

"ဒါက အဆင်ပြေပါတယ်"

ရှီချင်းဝူက အလျှင်အမြန် သဘောတူညီလိုက်၏။

သူမ၏နှလုံးခုန်နှုန်းများ လျှင်မြန်နေသည်။ရီဖုန်းသည် သူမအား ပန်းချီကားကိုကြည့်စေပြီးနောက် ရှုခင်းများကြည့်ရန် ထပ်မံ၍ခေါ်ဆောင်သွားမည်ဟု သူမ မျှော်လင့်မထားမိချေ။

သူတို့နှစ်ယောက်သည် ခြံဝန်းအတွင်းမှထွက်လာကာ တောအုပ်ကိုဖြတ်သန်းပြီး သန့်စင်ခြင်းတစ်ရာဂိုဏ်း၏​ချောက်ကမ်းပါးအစွန်းသို့ ရောက်ရှိသွားသည်။

ချောက်ကမ်းပါးအစွန်းမှကြည့်ပါက တောင်ထိပ်များတွင် မြူများရစ်သိုင်းလွမ်းခြုံနေသည်။

ချောက်ကမ်းပါး၏နံဘေးတွင် ငှက်များ တေးသီဆိုနေကာ ရနံ့မွေးသောပန်းပွင့်များ ပွင့်လန်းနေသည်။

ဤနေရာတွင် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရုံဖြင့် လတ်ဆတ်သောလေကောင်းလေသန့်ကို ရှူရှိုက်နိုင်ပေမည်။

"ဂိုဏ်းချုပ်ရှီ..."

"အင်း..."

"အဲ့ဒီတောင်နှစ်လုံးကို ကြည့်လိုက်အုံး"

ရှီချင်းဝူက ထိုနေရာကိုကြည့်လိုက်ပြီးနောက် သူမထံတွင် ဝေခွဲရခက်မှုများနှင့် ပြည့်နှက်နေကာ ရီဖုန်းကို ပြန်လှည့်ကြည့်လေသည်။

"အဲ့ဒီတောင်နှစ်လုံးကို မင်း ဘယ်လိုသဘောရလဲ...တကယ်လို့ အဲ့ဒီတောင်နှစ်လုံးကို ပူးကပ်လိုက်မယ်ဆိုရင် ဘာနဲ့တူလဲ"

ရီဖုန်းက အပြုံးနှင့်မေးမြန်းသည်။

"အဲ့ဒီတောင်တွေလား...."

ရှီချင်းဝူသည် တောင်နှစ်လုံးကိုထပ်မံ၍ကြည့်ပြီးနောက် သူမ၏မျက်လုံးအတွင်း၌ တဖြည်းဖြည်း ဝေဝါးစပြုလာသည်။

အချိန်အတော်ကြာသည့်တိုင်....

သူမသည် စူးစိုက်၍ကြည့်နေဆဲပင်။

ဤတောင်နှစ်လုံးကို အတူတကွပူးကပ်လိုက်ပါကာ အသဲပုံရှိနေသည်မဟုတ်လော....

သူမသည် ချက်ချင်းဆိုသလိုပင် သူမ၏နီမြန်းသောနှုတ်ခမ်းများကို ဖုံးအုပ်ကာ သူမ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲစွာဖြင့် တုန်ရီနေပေ၏။

ယခုကြည့်ကြည့်တော့မှ ရီဖုန်းသည် သူ၏ခံစားချက်ကို သူမအား ဤကဲ့သို့ပုံစံဖြင့် ဖော်ပြနေခြင်းပင်။

သူမ၏မျက်လုံးအတွင်းမှ အလင်းရောင်​များ ဖြာထွက်လာသည်။

ဤချောက်ကမ်းပါးစွန်း....

သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော သူမအနေဖြင့် ဤနေရာသို့ အကြိမ်ပေါင်းမည်မျှထိများများ လာရောက်ခဲ့ကြောင်း မမှတ်မိတော့ချေ။

သို့ရာတွင် ယနေ့၌ သူမသည် ဤရှုမျှော်ခင်း၏အစစ်အမှန်အလှတရားကို ရှာဖွေတွေ့ရှိခဲ့လေပြီ။

ရှီချင်းဝူ၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအယာတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာသည်ကိုကြည့်ပြီး ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

ထို့နောက် သူက မေးမြန်းလိုက်သည်။

"ဒါဆိုရင် ဂိုဏ်းချုပ်ရှီ...ဒါက ဘာနဲ့တူတယ်လို့ မင်းထင်လဲ"

"ဒါက နင့်ရဲ့ခံစားချက်ကို ပြတာလား"

ရှီချင်းဝူသည် သူမ၏ခေါင်းကို အောက်သို့ငုံကာ ရီဖုန်းနှင့်ခြေတစ်လှမ်းစာအကွာထိ ချဥ်းကပ်သွားပြီး ရှက်ကိုးရှက်ကန်းလေသံဖြင့် ပြောဆိုသည်။

ရှီချင်းဝူ၏စကားများကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။

'ခံစားချက်လား...'

'ငါ့ရဲ့ခံစားချက်လား...'

'မင်း ဘယ်လိုတောင် တွေးလိုက်တာလဲ....'

'ဒါက ငါ အကြွေးတောင်းနေတာလေ...'

'အင်မော်တယ်သလင်းကျောက်....'

'အင်မော်တယ်သလင်းကျောက်ကွ...'

ဤတောင်နှစ်လုံးကိုပေါင်းစပ်လိုက်ချိန်တွေ အင်မော်တယ်သလင်းကျောက်တစ်လုံး၏ပုံစံ ထွက်ပေါ်လာသည်။မည်သည်ကြောင့် ရှီချင်းဝူသည် အင်မော်တယ်သလင်းကျောက်၏ပုံသဏ္ဍာန်ကို မသိသနည်း။

ရီဖုန်းသည် ထွက်ပြေးမိတော့လုမတတ်ပင်။

ဤအမျိုးသမီးသည် သူ့အား အကြွေးမဆပ်လိုကြောင်း သူ မြင်တွေ့မိသည်။

ထို့ကြောင့် သူ၏မျက်နှာထားကို တင်းတင်းထားကာ နောက်သို့ချာခနဲလှည့်ပြီး ရှီချင်းဝူကို ကြည့်လိုက်သည်။

သူ၏မျက်နှာအမူအယာသည် အလေးအနက်ထားသောပုံစံပေါက်နေမည်မှာ တိကျသေချာပေ၏။

"ဂိုဏ်းချုပ်ရှီ...အခုအချိန်ထိ ငါနဲ့မင်းကြားမှာ ရှုပ်ထွေးစေတဲ့ ကိစ္စတချို့ရှိနေတယ်"

ရီဖုန်းက စကားတစ်လုံးခြင်း ပြောဆိုသည်။

ရီဖုန်း ဤကဲ့သို့ တည်ကြည်လေးနက်နေသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသော ရှီချင်းဝူ၏နှလုံးခုန်နှုန်း အလွန်လျင်မြန်သွားသည်။

သူ...

သူသည် သူမနှင့်ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေသည်ဟု ဆိုသလော....

နောက်ဆုံး၌...

ရှီချင်းဝူ၏မျက်လုံးအတွင်း၌ မျက်ရည်စများစိုစွတ်လာကာ သူမ၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နက်နေသည်။သူမထံတွင် မျှော်လင့်တောင့်တခြင်းများဖြင့်ဟပြည့်နက်နေချိန်မှာပင် ရီဖုန်းက သူ့၏လက်ဝါးကို သူမထံသို့ ဆန့်တန်းလေသည်။

"ငါ့ကို အကြွေးပေးတော့...."

"အင်မော်တယ်သလင်းကျောက်သုံးသိန်း...."

"ငါ အခုချက်ချင်း လိုချင်တယ်"

"ဘာ...."

ထိုစကားများကိုကြားချိန်တွင် မျှော်လင့်စောင့်စားနေသော ရှီချင်းဝူသည် နေရာမှာပင် ရေခဲပန်းပုရုပ်တစ်ခုအလား ကြက်သေသေသွားသည်။

သူမ၏စိတ်အတွင်း၌ သူမအား လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလားပင်။

သူမသည် ကျင်းတစ်ကျင်းရှာ၍ ပုန်းအောင်းနေရန် မစောင့်ဆိုင်းနိုင်သည်အထိ ရှက်ရွံနေသည်။သူမသည် သူမ၏နှုတ်ခမ်းမှသွေးစို့လာသည်အထိ အံ့တင်းတင်းကြိတ်လိုက်၏

သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ကူကယ်ရာမဲ့စွာဖြင့် တုန်ရီနေသည်။

"ငါ...."

ရှီချင်းဝူ၏နှုတ်ခမ်းများ တုန်ရီနေကာ သူမ၏စိတ်ခံစားချက်များကို ဖိအားပေး၍ ထိန်းချုပ်လိုက်သည်။ထို့နောက် သိုလှောင်လက်စွပ်တစ်ကွင်းကို ရီဖုန်းထံသို့ လက်ကမ်းပေးလိုက်၏။

"ဒါက နင်လိုချင်တဲ့ အင်မော်တယ်သလင်းကျောက်တွေပဲ"

"ငါ....ငါ့မှာ လုပ်စရာကိစ္စတစ်ခုရှိသေးတယ်...ငါ သွားတော့မယ်"

သူမသည် ထိုစကားကိုပြောဆိုပြီးနောက် မည်သည့်ကိစ္စမျှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။သူမသည် ဟန်ဆောင်ပန်ဆောင်ရယ်မောလိုသော်လည်း ပြုံးရယ်နိုင်ခြင်းမရှိသောသဖြင့် ရီဖုန်း၏မြင်ကွင်းအောက်မှ အလျှင်အမြန် ပျောက်ကွယ်သွားတော့သည်။

ရှီချင်းဝူသည် သူမ၏လှိုဏ်ဂူသို့ပြန်ရာလမ်းတလျှောက်၌ သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေကာ ခါးသည်းသောအပြုံးတစ်ခု ရှိနေသည်။

အမှန်ကိုပင်...

သူ၏မျက်လုံးအတွင်း၌ သူမသည်...

သူ ဆန္ဒရှိသကဲ့သို့ ဆော့ကစား၍ရသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ပင်။

စွမ်းအားမြင့်မားခြင်းမရှိ အဆင့်အတန်းမြင့်မားခြင်းမရှိသော သူမကို သူ မည်သည်ကြောင့် သဘောကျမည်နည်း....

သူမတို့နှစ်ယောက်သည် အဆင့်တူတွင် ရှိမနေချေ။

"ဒါက...."

"သူ ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ"

"ငါက အကြွေးတောင်းရုံပဲ မဟုတ်လား"

ဆိုးရွားသောအမူအယာဖြင့် ထွက်ပြေးသွားသော ရှီချင်းဝူကိုကြည့်ပြီး ရီဖုန်း၏မျက်နှာပေါ်တွင် ဝေခွဲရခက်သောအရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။သို့ရာတွင် မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း သူ့၏လက်အတွင်း၌ ငွေအိတ်ကိုကိုင်ထားရသည်မှာ စိတ်သက်သောင့်သက်သာမဖြစ်သကဲ့သို့ သူ ခံစားရသည်။

ရီဖုန်းသည် ခြံဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် တခြားမည်သည့်ကိစ္စကိုမျှ မပြုလုပ်လိုတော့ချေ။

ညအချိန်တွင် ကောင်းကောင်းမွန်မွန်အိပ်စက်ပြီးနောက်...

နောက်တစ်နေ့မနက် သူ နိုးလာချိန်တွင်...

သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီးနောက်သူ၏ပစ္စည်းများကို စတင်၍ထုတ်ပိုးလိုက်သည်။

ဤနေရာ၌နေထိုင်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကာ သူ၏ငွေကြေးများလည်း ရပြီဖြစ်သောကြောင့် ယခုထွက်ခွာရန် အချိန်ကျလေပြီ။အ​စေခံတပည့်လေးဆယ့်သုံးယောက်၏မျက်နှာများပေါ်တွင် မျက်ရည်စများရှိနေသည်ကိုကြည့်ပြီး ရီဖုန်းက သူတို့အား နှစ်သိမ့်လိုက်သည်။

အချိန်တခဏကြာလျှင် သူတို့အား လာရောက်ခေါ်ဆောင်မည်ဟု သတိပေးပြီးနောက် ရီဖုန်းသည် သူ၏ဝိုင်အရက်အိုးကိုကောက်ယူကာ ထွက်ခွာခဲ့တော့သည်။

သူ ထွက်ခွာလာသည်ကို အစေခံတပည့်များမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကို​မျှ ပြောဆိုခဲ့ခြင်းမရှိချေ။

သူ ဤနေရာမှထွက်ခွာသွားသည်ကို မည်သူမျှမသိသရွေ့ သူ၏အစစ်အမှန်အင်မော်တယ်အထက် အဆင့်ခြောက်ဆယ်ကျင့်ကြံသူဟူသော အဟန့်အတားကြောင့် ရှီချင်းဝူအတွက် အခက်အခဲများ လျော့ပါးသွားစေနိုင်သည်။

မိုးဖွဲဖွဲအောက်တွင်...

သူသည် သန့်စင်ခြင်းတစ်ရာဂိုဏ်း၏တံခါးမကြီးမှ ထွက်လာခဲ့တော့သည်။

အဝေးတစ်နေရာရှိ တောင်ထိပ်တစ်ခုပေါ်တွင်...

ထီးဆောင်းထားသော အမျိုးသမီးနှစ်ယောက် မတ်တတ်ရပ်နေသည်။

သူမတို့သည် ထွက်ခွာသွားသော ရီဖုန်း၏နောက်ကျောပြင်ကို အဝေးမှကြည့်နေကြ၏။

"ငါက နင့်ကိုလိုက်မှီအောင် ကြိုးစားမယ်"

ခေါင်းဆောင်အမျိုးသမီးသည် တီးတိုးရေရွတ်ကာ သူမ၏မျက်လုံးအတွင်း၌ ဆုံးဖြတ်ချက်ချထားသော အရိပ်အယောင်များဟထင်ဟပ်နေသည်။ထို့နောက် သူမသည် နောက်သို့ပြန်လှည့်ကာ အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးကို ကြည့်လိုက်၏။

"သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့ရှေးဟောင်နတ်ဘုရားအမွေအနှစ်ကို ဆက်ခံနိုင်ဖို့ ငါ့ကိုကူညီပြီးစီစဉ်ပေးပါ"

"အမ်...ဂိုဏ်းချုပ် ဒါက ... နင်က ရှေးဟောင်းနတ်ဘုရားတွေရဲ့အမွေအနှစ်ကို တကယ်ကြီးဆက်ခံချင်တာလား"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

"ဒီအမွေအနှစ်အတွက် သေရေးရှင်ရေးက..."

ရှီချင်းဝူသည် စကားတုံ့ပြန်ပြောဆိုခြင်းမရှိဘဲ ခိုင်မာပြတ်သားသောအမူအယာဖြင့် ဂိုဏ်းထံသို့ ဦးတည်၍လျှောက်လှမ်းသွားတော့သည်။

Chapter 799

ဤရက်များအတွင်းတွင် ရီဖုန်းသည် ရှီချင်းဝူထံမှအကြွေးတောင်းရန် အကောင်းဆုံးကြိုးစားခဲ့ရသည်။

ဤအချိန်အခိုက်အတန့်တွင် နယ်မြေကြီးကိုးခုလုံး၌ အပြောင်းအလဲများစွာ ဖြစ်ပွားခဲ့ပေ၏။

လူများအားလုံးသည် အနက်ရောင်မြူခိုးများ၏စွမ်းအားကို လျှော့တွက်ခဲ့မိသည်။ရက်အနည်းငယ်အတောအတွင်းတွင် ထိုအနက်ရောင်မြူခိုးများသည် စိတ်ဝိညာဥ်နယ်မြေ၏တစ်ဝက်ကျော်ကို ဝါးမြိုသွားပေ၏။

သို့ရာတွင် ဤသည်မှာ အရေးအကြီးဆုံးကိစ္စ မဟုတ်သေးချေ။

အရေအကြီးဆုံးကိစ္စမှာ စိတ်ဝိညာဉ်နယ်မြေ၏နံရံများ ပွင့်သွားခြင်းကြောင့် အထီးကျန်နယ်မြေ ရှေးဟောင်းနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့၏ ပင်လယ်နက်အတွင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခြင်းပင်။

ပြောရမည်ဆိုလျှင် ဤသည်မှာ နယ်မြေနှစ်ခုထက်ပို၍ စိတ်ဝိညာဥ်နယ်မြေ၏ခြေရာအတိုင်းလိုက်ရန် နီးကပ်နေကာ အင်မော်တယ်နယ်မြေသည်လည်း အန္တရာယ်အတွင်းသို့ ကျရောက်နေသည်နှင့် ညီမျှသည်။

ကြီးမားသောအက်ကွဲကြောင်းကြီးလေးကြောင်းမှတဆင့် ပြင်ပလောကမှ နတ်ဆိုးသားရဲအမြောက်အများသည် အချိန်တိုင်းလိုလို ပြေးဝင်လာကြ၏။

ဤနတ်ဆိုးသားရဲများအနက် အများစုသည် နယ်မြေကြီးသုံးခုနှင့် ပင်လယ်နက်အတွင်း၌သာရှိသော်လည်း အစွမ်းထက်သောနတ်ဆိုးသားရဲအနည်းစုသည် ပြင်ပသို့ထွက်လာကာ အင်မော်တယ်နယ်မြေနှင့်တခြားနယ်မြေတချို့၌ လှည့်လည်သွားလာနေဆဲပင်။

ထို့ကြောင့် ရံဖန်ရံခါ၌ ဆိုးရွားသောသတ်ဖြတ်မှုများ ဖြစ်ပွားလာခဲ့ကာ အဓိကဂိုဏ်းကြီးတချို့ပင်လျှင် နတ်ဆိုးသားရဲ၏တိုက်ခိုက်ခြင်းကို ခံရလေ၏။

အင်မော်တယ်ကုန်းမြေတစ်ခုလုံးမှလူများ အလွန်စိတ်ဒုက္ခရောက်နေတာ ယာဂုပူတစ်အိုးကို ကိုင်ထားရသကဲ့သို့ ဖြစ်လာသည်။

ဤအရာများအားလုံးသည် အလွန်လျှင်မြန်စွာ ရောက်ရှိလာခြင်းပင်။

ဤသည်မှာ အရိပ်အယောင်အမြောက်အများပြသခဲ့ခြင်းမရှိသဖြင့် နယ်မြေကြီးကိုးခုလုံး အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် ...

ဝင်္ကပါနယ်မြေကိုဦးဆောင်သော အကြီးအကဲများနှင့်နယ်နမိတ်နံရံရှိအစောင့်အကြပ်များ ဦးဆောင်ကာ အလျှင်အမြန်တုံ့ပြန်လိုက်ကြပြီး နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့ကို ပထမဆုံးအကြိမ်အဖြစ် ဖွဲ့စည်းခဲ့သည်။

နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးနောက်....

နယ်မြေကြီးကိုးခုလုံးရှိ မရေမတွက်နိုင်သောဂိုဏ်းများမှ ချက်ချင်းတုံ့ပြန်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ကြီးမားသောဘေးကပ်ဆိုးနှင့် ရင်ဆိုင်ရချိန်တွင် လူများအားလုံးသည် မည်သည့်အရာက အရေးပါပြီး မည်သည့်အရာက အရေးမပါသည်ကို ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။

မရေမတွက်နိုင်သောဂိုဏ်းများပါဝင်လာမှုကြောင့် မဟာမိတ်အဖွဲ့သည် အလွန်လျှင်မြန်စွာ ကြီးထွားလာပေ၏။

ဝင်္ကပါနယ်မြေ၏အကြီးအကဲသည် မဟာမိတ်အဖွဲ့၏ပထမဆုံးခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး တခြားဂိုဏ်းများမှနေ၍ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ်ယောက်ကိုရွေးချယ်ကာ အကြီးအကဲအုပ်စုကိုဖွဲ့စည်းခဲ့သည်

မဟာမိတ်အဖွဲ့၏တည်နေရာသည် နယ်မြေကြီးရှစ်ခုနှင့်အင်မော်တယ်နယ်မြေအကြားတွင်ရှိသော နယ်စပ်တခုပင်။ဤသည်မှာ နယ်မြေကြီးကိုးခုလုံးအတွင်း၌ ဗဟိုချက်အကျဆုံးနေရာဖြစ်ပြီး မြေနေရာအရ အသာစီးရသောနေရာတစ်ခုလည်း ဖြစ်နေသည်။

မကြာမီမှာပင်....

နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့မှနေ၍ အမိန့်များကို အလျှင်အမြန် ဆက်တိုက်ထုတ်ပြန်တော့သည်။

ပထမဆုံးအနေဖြင့် စိတ်ဝိညာဉ်နယ်မြေ အထီးကျန်နယ်မြေ ရှေးဟောင်းနယ်မြေတို့တွင်ရှိနေသော လူတိုင်း ဆုတ်ခွာရပေမည်။ထို့နောက် ဝင်္ကပ်နယ်မြေအတွင်းရှိ သတ္တမအဆင့်ဝင်္ကပါပညာရှင်များကို စေလွှတ်ကာ နယ်မြေကြီးသုံးခုကိုပိတ်ဆို့ပြီး အနက်ရောင်မြူခိုးများ ပျံ့လွင့်မသွားစေရန် တားဆီးဟန့်တားရပေမည်။အင်မော်တယ်နယ်မြေသည် တခြားနယ်မြေကြီးသုံးခုကဲ့သို့ ပိတ်ဆို့ဟန့်တားရန် မလွယ်ကူသော်လည်း အရိပ်ကျွန်း၏သဘာဝအဟန့်အတားရှိနေသောကြောင့် ပိတ်ဆို့ဟန့်တားသည်ထက် ပို၍ကောင်းမွန်နေသည်။

ဒုတိယအနေဖြင့် ကူးပြောင်းရေးဝင်္ကပါတစ်ခုကို အပူတပြင်းတည်ဆောက်ရန်ပင်။နတ်ဆိုးသုတ်သင်ရေးအဖွဲ့ကိုဗဟိုပြု၍ ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းစီတိုင်းကို ခြေကုပ်နေရာအဖြစ်ထားကာ တစ်ဖက်နှင့်တစ်ဖက်ကူးပြောင်းသွားလာနိုင်သော ကူးပြောင်းရေးဝင်္ကပါများကို တည်ဆောက်ရပေမည်။ထို​သို့ပြုလုပ်ခြင်းဖြင့် နောင်အနာဂတ်တွင် သူတို့သည် ကူညီထောက်ပံ့ခြင်းနှင့်ဆုတ်ခွာခြင်းတို့ကို အချိန်မရွေးလုပ်ဆောင်နိုင်ပေမည်။

တတိယအနေဖြင့် နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့၏ကျွမ်းကျင်မှုကို မြှင့်တင်ရန်ပင်။ဤသည်မှာ အဓိကအားဖြင့် နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့ကို ပထမအဆင့်အဓိကဂိုဏ်းကြီးများမှ ကူညီထောက်ပံ့ပေးရန်ကို အခြေခံထားသည်။လိုအပ်ချက်များနှင့်ကိုက်ညီသော မည်သူတစ်ဦးတစ်ယောက်မဆို နတ်ဆိုးသုတ်သင်သူဖြစ်ရန် အရည်အချင်းပြည့်မီသည်။နတ်ဆိုးသုတ်သင်သူများသည် လစဥ်လတိုင်း အရင်းအမြစ်အမြောက်အများကိုရရှိမည်ဖြစ်ကာ သက်ဆိုင်ရာအဆင့်အလိုက် အမဲလိုက်ရပေမည်။နတ်ဆိုးသားရဲများကိုဖမ်းဆီးမိပါက တစ်စုံတစ်ယောက်သည် သက်ဆိုင်ရာဆုလာဘ်အတွက် ပထမအဆင့်ဂိုဏ်းများ သို့မဟုတ် မဟာမိတ်အဖွဲ့၏ဌာနချုပ်ထံမှ တောင်းခံနိုင်ပေမည်။

နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့သည်ပြဿနာကို ဂရုတစိုက်စဉ်းစားထားသည်မှာ သိသာထင်ရှားလှ၏။

ဤသည်မှာ ရေရှည်တိုက်ပွဲတစ်ပွဲပင်။

ကူးပြောင်းရေးဝင်္ကပါများ တည်ဆောက်ရန်ဖြစ်စေ နတ်ဆိုးသုတ်သင်သူများ မွေးထုတ်ပေးရန်ဖြစ်စေ ဤသည်မှာ အလွန်ခက်ခဲကြမ်းတမ်းသည့် ကိစ္စများပင်။

အထူးသဖြင့် ကျွမ်းကျင်သော နတ်ဆိုးသုတ်သင်သူများကို မွေးထုတ်ပေးရန်မှာ ထိပ်သီးဦးစားပေးကိစ္စပင်။

အကြောင်းအရင်းမှာ အကယ်၍ အနက်ရောင်မြူခိုးများ ပျံ့နှံ့လာမှုကို ယာယီပိတ်ဆို့ဟန်တားနိုင်လျှင်ပင် ပြင်ပလောကမှ နတ်ဆိုးသားရဲများ အဆက်မပြတ်ဝင်ရောက်လာခြင်းနှင့် အနက်ရောင်မြူခိုးများကြောင့် နယ်မြေကြီးသုံးခုလုံးတွင် နတ်ဆိုးချီပူးကပ်ခြင်းခံရသော မှော်သားရဲများ ထွက်ပေါ်လာခြင်းတို့ကို မည်သို့မျှ ဟန့်တား၍ရမည်မဟုတ်ချေ။

အကန့်အသတ်မရှိသော နတ်ဆိုးသားရဲများသာ ထင်ရာစိုင်းသောင်းကျန်းနေပါက လောကကြီးတစ်ခုလုံး ပျက်စီးသွားပေမည်။

ထို့ကြောင့် ဆုလာဘ်အမြောက်အမြားနှင့် အဆင့်အတန်းမြှင့်တင်ပေးခြင်းတို့ကို အသုံးပြု၍ နတ်ဆိုးသားရဲများကိုတိုက်ခိုက်နိုင်သော နတ်ဆိုးသုတ်သင်သူများကို အမြန်ဆုံးမွေးထုတ်ရပေမည်။

မည်သို့ပင်ဆိုစေကာမူ ဤလောကကြီးအတွင်းရှိလူများအားလုံးသည် ကိုယ်ကျိုးစွန့်တတ်သူများ မဟုတ်ချေ။

သန့်စင်ခြင်းတစ်ရာဂိုဏ်းမှ ထွက်ခွာလာခဲ့သော ရီဖုန်းကမူ သူ၏တပည့်သစ်ကိုရှာဖွေရန် ဆက်လက်၍လျှောက်လှမ်းနေသည်။

သို့ရာတွင် သူ၏နောက်တွင်လိုက်ပါလာသည့် အင်အားစုဖွဲ့မှုကို မြင်တွေ့ချိန်တွင် သူ ကူကယ်ရာမဲ့စွာဖြင့် ဆဲဆိုလိုက်မိသည်။

ဝိုင်အရက်များ စိုစွတ်နေသော အရိုးစုတစ်ကောင်...

တကွပ်ကွပ်အော်နေသော ဖားပြုတ်တစ်ကောင်....

တစ်နေကုန် မျက်ဖြူလန်နေသော ကြီးမားသည့် ခရုတစ်ကောင်...

ထို့ပြင်...

ခွေးတစ်ကောင် ကင်းခြေများတကောင် ဝက်ဝံနက်တကောင်နှင့်စိတ်ဝိညာဉ်တစ်ကောင်....

ဤသည်မှာ မည်ကဲ့သို့ သောက်ရေးမပါသည့် အစုအဖွဲ့ ဖြစ်သနည်း....

ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသော်လည်း သူ အော်ငေါက်ခြင်းမပြုချေ။

အကြောင်းအရင်းမှာ သူ၏စိတ်အခြေအနေ အလွန်လေးလံနေသောကြောင့်ပင်။

သူသည် လမ်းတလျှောက်၌ ဖရိုဖရဲဖြစ်ရပ်အမြောက်အများကို မြင်တွေ့ခဲ့ရသည်။

နတ်ဆိုးသားရဲများ၏လိုက်လံသတ်ဖြတ်မှုကြောင့် တချို့သည် အသက်ဘေးမှကင်းလွတ်ရန် ထွက်ပြေးနေကာ တချို့မှာမူ သေဆုံးသွားကြသည်။မိုးကောင်းကင်ယံရှိ အရပ်မျက်နှာအပဘက်ဘက်တွင် အလျှင်အမြန်ပျံသန်းနေသော ကျင့်ကြံသူများလည်း ရှိနေပေ၏။

လူများအားလုံး ကစဉ့်ကလျားဖြစ်နေကြကာ လောကကြီး၏အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလားပင်။

"ငါ တပည့်တစ်ယောက်ကို ဘယ်နေရာကနေ သွားရှာရမှာလဲ"

ရီဖုန်းသည် အလွန်ဆွံ့အနေပေ၏။

သူ ဤတကြိမ်တွင် အရိပ်ကျွန်းမှထွက်လာခဲ့သည်မှာ နှစ်ဝက်ခန့်ကြာမြင့်သွားကာ လူအမြောက်အများနှင့် ဆုံတွေ့ခဲ့ရသော်လည်း သူ၏တပည့်အဖြစ်လက်ခံရန် အရည်အချင်းပြည့်မီသူဟူ၍ တစ်ယောက်မျှမရှိခဲ့​ချေ။ယခုအချိန်၌ လောကကြီးတစ်ခုလုံး ဒုက္ခရောက်နေသောကြောင့် သူ တပည့်သစ်ရှာဖွေရန် ပို၍ခက်ခဲသွားမည်ကို သူ စိုးရိမ်မိသည်။

ရီဖုန်း သက်ပြင်းရှိုက်လိုက်စဉ်မှာပင် စနစ်မှနေ၍ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

'ဒင်....'

'အတွေ့အကြုံရမှတ်တွေကို အသက်သွင်းခြင်း'

ထိုအသံကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံး ကဏာမငြိမ်ဖြစ်သွားသည်။

"အတွေ့အကြုံရမှတ်တွေလား...."

"ဒါက ဘယ်လိုသောက်ရေးမပါတဲ့ အရာမျိုးလဲ"

ရီဖုန်းသည် စနစ်၏အညွှန်းစာမျက်နှာကို အလျှင်အမြန်ကြီးလိုက်ရာ အတွေ့အကြုံရမှတ်ဟု ခေါ်ဆိုသောအရာ၏ မိတ်ဆက်နိဒါန်းကို မြင်တွေ့လိုက်ရသည်။

ထိုမိတ်ဆက်နိဒါန်းကိုဖတ်ပြီးနောက် သူသည် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်မိတော့လုမတတ်ပင်။

အကြောင်းအရင်းမှာ စနစ်၏မိတ်ဆက်ပေးမှုအရ အတွေ့အကြုံရမှတ်သည် ယခင်ကကံကြမ္မာရမှတ်များနှင့် ဆင်တူယိုးမှားဖြစ်နေသောကြောင့်ပင်။သို့ရာတွင် အတွေ့အကြုံရမှတ်များသည် ကံကြမ္မာရမှတ်များထက် ပို၍အဆင့်မြင့်ပေ၏။

နောင်အနာဂတ်တွင် စနစ်သည် ကံကြမ္မာရမှတ်များကို လုံးလုံးလျားလျားဖျက်သိမ်းကာ သူ နည်းလမ်းအမျိုးမျိုးမှ ရရှိထားသော ကံကြမ္မာရမှတ်များသည် အချိုးအစားအလိုက် အတွေ့အကြုံရမှတ်များအဖြစ်သို့ ပြောင်းလဲသွားပေမည်။

အတွေ့အကြုံရမှတ်နှင့်ကံကြမ္မာရမှတ် အကြားရှိ ကွဲပြားခြားနားချက်မှာ အတွေ့အကြုံရမှတ်များကို ရယူနိုင်ရန် တိကျသောနည်းလမ်းတစ်ခုကို ဖော်ပြထားခြင်းပင်။

ဤသည်မှာ.....

နတ်ဆိုးသားရဲများကို သတ်ဖြတ်ရန်ပင်။

သူ နတ်ဆိုးသားရဲများကို ပို၍သတ်ဖြတ်လေလေ အတွေ့အကြုံရမှတ်များ ပို၍ရရှိလေလေပင်။

သူ သတ်ဖြတ်သော နတ်ဆိုးသားရဲများ၏အဆင့် ပို၍မြင့်မားသည်နှင့်အမျှ ပို၍များပြားသော အတွေ့အကြုံရမှတ်များကို ဆုလာဘ်အဖြစ် သူ ရရှိပေမည်။,

ဤသည်ကြောင့် ရီဖုန်း အလွန်ပျော်ရွှင်သွားသည်။

အကြောင်းအရင်းမှာ ဤကိစ္စသည် ရီဖုန်း၏စိတ်နှလုံးသားအတွင်း၌ အမြဲတစေ ဆူး​တစ်ချောင်း ဖြစ်နေသောကြောင့်ပင်။

သူသည် ယခုလက်ရှိချိန်၌ အစစ်အမှန်အင်မော်တယ် အဆင့်သုံးဆယ့်တစ်၌ရှိနေသည်ကို ရှာဖွေဖော်ထုတ်နိုင်သော်လည်း စနစ်သည် သူ့အားကံကြမ္မာရမှတ်များကို အသုံးပြု၍သာ အဆင့်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ထို့ကြောင့် သူသည် အနည်းငယ်စိတ်ရှုပ်ထွေးနေပေ၏။

အကြောင်းအရင်းမှာ ယခင်က ကံကြမ္မာရမှတ်များရရှိလာမှုသည် ရီဖုန်းကို အလွန်အမင်းဇဝေဇဝါဖြစ်စေသောကြောင့်ပင်။

သူ၏တပည့်များမှ အောင်မြင်မှုတချို့ကိုရရှိခြင်းကြောင့် ကံကြမ္မာရမှတ်များ ရရှိလာသည့်အပြင် တခြားနည်းလမ်းတစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ရန် ရီဖုန်း အစဉ်အမြဲစိတ်ရှုပ်ထွေးနေခဲ့သည်။

သူသည် စနစ်ကို မှီခိုအားထားနေရသဖြင့် စနစ်မှနေ၍ သူ၏ကျင့်ကြံဆင့်နယ်ပယ်များကို ပြန်လည်ယူဆောင်သွားမည်အား သူ နေ့စဉ်နေ့တိုင်း စိုးရိမ်ပူပန်နေရသည်။

ယခုလက်ရှိချိန်၌ သူ အတွေ့အကြုံရမှတ်များကိုရယူနိုင်လေပြီ။သူသည် နတ်ဆိုးသားရဲများကိုသတ်ဖြတ်ခြင်းဖြင့် အတွေ့အကြုံရမှတ်များကိုရယူနိုင်သဖြင့် ယခင်က စိတ်ရှုပ်ထွေးစေသောခံစားချက်ထက် ပို၍ကောင်းပေမည်။

အနိုင်ရလဒ်သည် သူ၏လက်တစ်ကမ်းအကွာ၌ ရှိနေလေပြီ။

ထို့ကြောင့်....

ရီဖုန်းသည် စနစ်မှတဆင့် ကံကြမ္မာရမှတ်များနှင့်ပတ်သက်သည့် မိတ်ဆက်နိဒါန်းကို သင်ယူပြီးနောက် စနစ်၏စတိုးဆိုင်သည်လည်း အဆင့်မြှင့်တင်ထားကြောင်း သိရှိလိုက်ရသည်။

နောင်အနာဂတ်တွင် သူသည် အတွေ့အကြုံရမှတ်များကို အသုံးပြု၍ သူ ယခင်က မရရှိနိုင်သည့် ပစ္စည်းတချို့နှင့် လဲလှယ်နိုင်ပေမည်။

ရီဖုန်းသည် စနစ်၏စတိုးဆိုင်ကို အလျှင်အမြန်ဖွင့်လိုက်၏။

ပထမဆုံးလဲလှယ်နိုင်သောပစ္စည်းကြောင့် ရီဖုန်း၏မျက်နှာပေါ်၌ အပြုံးတစ်ခုထင်ဟပ်လာသည်။

'ပြိုင်ဘက်ကင်းအလှတရား'

"ငါက ဒါကိုဝယ်ဖို့ လိုသေးလို့လား"

ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏မျက်နှာကို ထိတွေ့လိုက်၏။သူသည် ချောမောခန့်ညားသူတစ်ယောက်ဖြစ်သော်လည်း အကယ်၍ နောင်အနာဂတ်တွင် သူ့ထံ၌ လုံလောက်သောအတွေ့အကြုံရမှတ်များ ရှိနေပါက သူ၏ရုပ်ရည်ကို တိုးတက်အောင်လုပ်သည်က ပို၍ကောင်းမွန်ပေမည်။

မည်သို့ပင်ဆိုစေကာမူ....

ယခင်ထက်ပို၍ ချောမောခန့်ညားလာမည့်ကိစ္စကို မည်သူက ငြင်းဆန်မည်နည်း....

ဒုတိယလဲလှယ်နိုင်သောပစ္စည်းကြောင့် ရီဖုန်းက နေရာမှာပင် ဝမ်းသာအားရအော်ဟစ်လိုက်သည်။

ဤသည်မှာ နောက်ဆုံးတပည့်သစ်ရှာဖွေရန် အချိန်ကာလကို ဆိုင်းငံထားနိုင်ခြင်းပင်

ရီဖုန်းသည် အလွန်ပျော်ရွှင်သွားပေ၏။

ဤသည်မှာ ရီဖုန်း၏စိတ်နှလုံးသားအတွင်းရှိ ဒုတိယဆူးတစ်ချောင်းပင်။

သူသည် ဤတာဝန်ကိုညအောင်မြင်ခြင်းမရှိပါက သူ့၏ကျင့်ကြံဆင့်အခြေခံ ကိုးဆယ်ရာခိုင်နှုန်း လျော့ကျသွားမည့်အပြစ်ဒဏ်ကို မေ့လျော့ခြင်းမရှိချေ။

မူလက အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သူသည် တပည့်သစ်တစ်ယောက်ကို ရှာဖွေနိုင်ခြင်းမရှိသဖြင့် ထိတ်လန့်တကြားဖြစ်နေခဲ့သည်။

ယခုအချိန်တွင် ဤကိစ္စကို ယာယီဆိုင်းငံထားနိုင်သဖြင့် သူ များစွာစိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။

မူလက သူ့ထံတွင်ရှိနေသော ကံကြမ္မရမှတ်တချို့ကို အတွေ့အကြုံရမှတ်များအဖြစ်သို့ပြောင်းလဲပြီးနောက် သူ ထိုလုပ်ဆောင်ချက်ကို လဲလှယ်လိုက်သည်။

ထိုလုပ်ဆောင်ချက်ကိုလဲလှယ်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်နေသော ရီဖုန်းက သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"မန်မန်...ငါတို့ အရင်ဆုံး အရိပ်ကျွန်းကိုပြန်ကြစို့"

ရီဖုန်းသည် အိမ်သို့မပြန်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း အမှတ်ရသွားသည်။ ထိုကြောင့် သူသည် အိမ်သို့ပြန်၍တချက်ကြည့်ရင်း ရက်အနည်းငယ်​ကြာခန့် အပျင်းတစ်နိုင်ပေမည်။

သူ တပည့်သစ်ရှာဖွေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကြောင့် သူ ပင်ပန်းနွမ်းနယ်နေလေပြီ။

ထိုကြောင့် သူသည် ခွေးနှင့်တခြားသူများအားလုံးကို သိုလှောင်လက်စွပ်အတွင်းသို့ထည့်ပြီး မန်မန်၏ကျောပေါ်၌ထိုင်ကာ အလင်းတန်းအသွင်ပြောင်းလဲပြီး ချက်ချင်းပျံသန်းခဲ့တော့သည်။

မကြာမီမှာပင်....

ရီဖုန်းသည် အရိပ်ကျွန်း၏ကူးပြောင်းရေးဝင်္ကပါနှင့် မလှမ်းမကမ်းအကွာသို့ ရောက်ရှိလာသည်။

သူသည် မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် အဝေးတစ်နေရာသို့ကြည့်လိုက်၏။

သူ့ထံတွင် အနည်းငယ်ထူးဆန်းသော ခံစားချက်တစ်ခုရှိနေကာ သူ့ရှေ့ရှိလောကကြီးသည် အတိတ်နှင့် ကွဲပြားခြားနားနေသည့်အလားပင်။

သို့ရာတွင် ရီဖုန်း၏အမြင်အရ သိသာထင်ရှားသောပြောင်းလဲမှု ရှိမနေချေ။

ရီဖုန်းက သူ၏ခေါင်းကိုကုတ်ကာ များစွာစဉ်းစားတွေးတောခြင်းမပြုတော့ဘဲ ရှေ့သို့တန်းတန်းမတ်မတ်လျှောက်လှမ်းလိုက်သည်။

ရီဖုန်း ရှေ့သို့လျှောက်လှမ်းသွားသည်နှင့် တချိန်တည်းမှာပင် နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့မှ ကင်းလှည့်နေသောလူများ ပျံသန်းသွားသည်။

"ခုဏက တစ်ယောက်ယောက် ဝင်သွားတာလား"

သူတို့အနက်မှတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

ကြွင်းကျန်သောလူများသည် ထိုလူအား ချက်ချင်းမျက်စောင်းထိုးလိုက်ကြ၏။

"မင်း မူးနေတာလား...ဝင်္ကပါပညာရှင်တွေက ဒီနယ်စပ်မှာ အတားအဆီးတစ်ခုကို ခင်းကျင်းထားတယ်....ဒီအတားအဆီးကို ဖြတ်ကျော်ပြီးတာနဲ့ ပင်လယ်နက်နဲ့နီးကပ်နေပြီ....အကန့်အသတ်မဲတဲ့ပင်လယ်နက်အတွင်းမှာ နတ်ဆိုးသားရဲတွေ အများကြီးရှိနေတယ်...အဲ့ဒီနေရာကို ဘယ်သူက ဝင်သွားမှာမလို့လဲ...ဒါက သေလမ်းရှာနေတာ မဟုတ်လား"

သူတို့အနက်မှတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"အမှန်ပဲ"

ယခင်က စကားပြောဆိုလိုက်သောလူသည် သူ၏ခေါင်းကိုကုတ်ကာ ထပ်မံ၍ တွေးတောခြင်းမပြုတော့ချေ။သူသည် ဆက်လက်၍ကင်းလှည့်ရန်အတွက် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းလိုက်တော့သည်။

Chapter 800

"ဒါက နည်းနည်းတော့ထူးဆန်းနေသလိုမျိုး ငါ ခံစားနေရတယ်"

ရီဖုန်းက လမ်းတလျှောက်၌ စဉ်းစားတွေးတောမိသည်။

ဤနေရာသည် သာမန်အားဖြင့် သက်ဝင်လှုပ်ရှားမှုကင်းမဲ့သော်လည်း ရံဖန်ရံခါတွင် မိုးကောင်းကင်ယံ၌ ပျံသန်းသွားသော ကျင့်ကြံသူများကို မြင်တွေ့နိုင်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကျင့်ကြံသူများနေနေသာသာ သာမန်ငှက်တစ်ကောင်ကိုပင် မြင်တွေ့နိုင်ခြင်းမရှိချေ။

သို့သော် ထိုကိစ္စမှလွဲ၍ သူ၏မျက်လုံးအတွင်းတွင် ကွဲပြားခြားနားချက် ကြီးကြီးမားမားရှိမနေချေ။

သူသည် ဘေးကင်းလုံခြုံရန်အတွက် သူ၏သတ္တဝါများကို ပြင်ပသို့လွှတ်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသတ္တဝါများသည် အာရုံခံနိုင်မှု အားကောင်းပေ၏။

အကယ်၍ မူမမှန်မှုတစ်ခုခုရှိနေပါက သူတို့ထံတွင် လှုပ်ရှားနိုင်စွမ်းရှိပေမည်။

သို့ရာတွင် မန်မန်သည် ယခင်အတိုင်း မျက်ဖြူတစ်ဝက်လန်နေဆဲဖြစ်ကာ ဖားသည် မျက်ခွံများ လှန်တင်ထားဆဲပင်။

ခွေးသည် ​ဖြည်းညှင်းစွာလမ်းလျှောက်နေကာ သူ၏ခေါင်းထက်တွင်ရှိနေသော ကင်းချေများသည် အိပ်မောကျနေပေ၏။

ဝက်ဝံနက်သည် အစဉ်အမြဲ ထုံထိုင်းသောပုံစံရှိနေပြီး စိတ်ဝိညာဥ်ကသာ အနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်။

ဤအရာများအားလုံးကိုခြုံကြည့်ပါက မည်သည့်ကွဲပြားခြားနားချက်မျှ ရှိပုံမရချေ။

ဟူး....

ရီဖုန်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ သူ၏စိုးရိမ်ကြောင့်ကြမှုများအားလုံးပျောက်ကွယ်သွားသည်။ထို့ကြောင့်သူသည် ကူးပြောင်းရေးဝင်္ကပါထံသို့ဦးတည်၍ ဆက်လက်လျှောက်လှမ်းလိုက်၏။

ဝေါင်း....

ထိုအချိန်မှာပင် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာကာ အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေသည့် ရက်စက်ကြမ်းကြုတ်သောမျက်နှာကြီးက ရီဖုန်းကို ဝင်ရောက်တိုက်ခိုက်သည်။

"ဒါက ဘယ်လိုသောက်ရေးမပါတဲ့ ကိစ္စလဲ"

ရီဖုန်းသည် ထိတ်လန့်တကြားဖြင့် သူ၏ဓားရှည်ကိုဆွဲထုတ်ကာ အလျှင်အမြန်ခုတ်ပိုင်းလိုက်သည်။

အား....

အော်သံတစ်သံနှင့်အတူ အနက်ရောင်မြူခိုးများပျောက်ကွယ်သွားကာ ပုံရိပ်ကြီးသည် တစ်ဝက်ခန့်ပြတ်တောက်သွားလေ၏။

မြေပြင်ပေါ်ရှိအလောင်းကိုကြည့်ပြီး ရီဖုန်းက ဂရုတစိုက်စူးစမ်းလေ့လာလိုက်သည်။

ဤအလောင်းသည် လူသားတစ်ယောက်နှင့် တူညီနေသော်လည်း မည်သည့်အသွေးအသားမျှရှိမနေဘဲ အရေပြားနှင့်အရိုးသာရှိပေ၏။ သူ၏ခြေလက်လေးချောင်းလုံးသည် ကွေးကောက်နေကာ တွားသွားသတ္တဝါတစ်ကောင်နှင့် ပို၍တူညီနေသည်။

ဤသည်မှာ နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ရီဖုန်းက ချက်ချင်းနားလည်သဘောပေါက်သွားသည်။

"ဒါက ဒဏ္ဍာရီလာ နတ်ဆိုးတွေလား"

ရီဖုန်းသည် မြေပြင်ပေါ်၌ဆောင့်ကြောင့်ထိုင်ကာ သူ၏မေးကိုပွတ်သပ်ပြီး တုတ်ချောင်းတစ်ချောင်းကိုကိုင်၍ အလောင်းကိုလှန်လှောကြည့်ကာ လေးလေးနက်နက်စဉ်းစားတွေးတောလိုက်သည်။

ဤနေရာ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

ယခုကြည့်ကြည့်တော့မှ ဤအနီးပတ်ဝန်းကျင်တွင် နတ်ဆိုးများ ရှိနေပေ၏။

သို့ရာတွင် ဤနတ်ဆိုးများကိုကြည့်ရသည်မှာ သန်မာအားကောင်းပုံမရချေ။

ဤသည်မှာ မဟုတ်သေးချေ။

သာမန်လူများ၏အမြင်တွင် ထိုနတ်ဆိုးများသည် သန်မာအားကောင်းသော်လည်း သူ၏အမြင်အရ သူတို့သည် အားနည်းပြီးသနားဖွယ်ကောင်းသော သတ္တဝါများပင်။

မည်သို့ပင်ဆိုစေကာမူ သူသည် အစစ်အမှန်အင်မော်တယ် အဆင့်သုံးဆယ့်တစ်၌ရှိနေသော ဆရာကြီးတစ်ယောက်ပင်။

ရီဖုန်းကခေါင်းညိတ်လိုက်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ အဖြေတစ်ခု ရရှိသွားသဖြင့် မတ်တတ်ထရပ်လိုက်သည်။

သူသည် မတ်တတ်ထရပ်ပြီးနောက် သူ၏အတွေ့အကြုံရမှတ်များ မြင့်တက်သွားသည်ကို ရှာဖွေတွေ့ရှိမိသည်။

"အော်...."

"နတ်ဆိုးတွေကိုသတ်တာက ငါ့ကို အတွေ့အကြုံရမှတ်တွေ အများကြီးရစေတာလား"

ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူသည် ရတနာတချို့ကို ရှာဖွေတွေ့ရှိလိုက်သည့်အလားပင်။

သူသည် ဤကဲ့သို့နတ်ဆိုးများကို ထပ်မံ၍ဆုံတွေ့လိုသည်။

သို့ရာတွင် လမ်းတလျှောက်၌ ဤနတ်ဆိုးမှလွဲ၍ တခြားမည်သည့်နတ်ဆိုးကိုမျှ ရှာမတွေ့ချေ။

သူသည် အနည်းငယ်ဆာလောင်လာသကဲ့သို့ ခံစားမိသဖြင့် အရိပ်ကျွန်းသို့ အရင်ပြန်ရန် အစီအစဉ်ဆွဲလိုက်သည်။

အရိပ်ကျွန်း၏ပြင်ပရှိ ကူးပြောင်းရေးဝင်္ကပါ၌....

ကျန်းကျီ လီဟုန်ထန်းနှင့် တခြားသူများသည်ဤနေရာ၌ စခန်းချနေလေ၏။အနက်ရောင်မြူခိုးများ လေထုအတွင်း၌ ပြည့်နှက်နေသောကြောင့် ကူးပြောင်းရေးဝင်္ကပါ၏ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ကျန်းကျီတို့လူစုသည် သူတို့အားလုံး သေချာပေါက်သေဆုံးရတော့မည်ဟု စဉ်းစားတွေးတောထားကြသည်။ကူးပြောင်းရေးဝင်္ကပါ၏တခြားနေရာများတွင်လည်း အနက်ရောင်မြူခိုးများ လွှမ်းခြုံနေသဖြင့် ပြင်ပနေရာများအား သူတို့ မမြင်နိုင်တော့ချေ။ကူးပြောင်းရေးဝင်္ကပါဝင်ပေါက်နှင့် ပေတစ်ရာပတ်လည်အတွင်း၌သာ ကြီးမားသောအတားအဆီးတစ်ခု ပိုင်းခြားထားပုံရကာ အနက်ရောင်မြူခိုးများ၏တိုက်စားမှုကို လုံးလုံးလျားလျားပိတ်ဆို့ဟန့်တားထားနိုင်သည်။

ဤသည်ကြောင့် သူတို့သည် ရီဖုန်း၏ခွန်အားကို ပို၍ကြည်ညိုလေးစားမိလေ၏။ပြင်ပနယ်မြေမှလာသော အနက်ရောင်မြူခိုးများပင်လျှင် သူတို့၏ဆရာကြီး ခင်းကျင်းထားသော ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင်...

သူတို့သည် ဤနေရာ၌ နေ့စဉ်နေ့တိုင်းခုခံကာကွယ်နေရကာ သတိလွတ်လွတ်မနေဝံ့​ချေ။

အကြောင်းအရင်းမှာ ဤဝင်ပေါက်၏နံဘေးပတ်ဝန်းကျင်တွင် အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေကာ နေရာအနှံ့အပြား၌ နတ်ဆိုးများ ကျင်လည်ကျက်စားနေသောကြောင့်ပင်။

မမြင်နိုင်သောအတားအဆီးသည် အနက်ရောင်မြူခိုးများ၏တိုက်စားခြင်းကို တားဆီးဟန့်တားနိုင်သော်လည်း နတ်ဆိုးများကိုမူ ကာကွယ်နိုင်ခြင်းမရှိချေ။

ဤရက်များအတွင်းတွင် နတ်ဆိုးအမြောက်အများသည် သူတို့အား တိုက်ခိုက်ခဲ့ကြလေ၏။

ထိုအချိန်မှာပင် အဝေးရှိ မှောင်မည်းနေသောမြူခိုးများအကြားမှနေ၍ လှုပ်ရှားမှုတစ်ခုရှိလာကာ သူတို့ထံသို့ တဖြည်းဖြည်းချဉ်းကပ်လာသည်။

ဤသည်ကြောင့် ကျန်းကျီတို့လူစု အလွန်စိတ်လှုပ်ရှားသွားသည်။

သူမ၏နောက်တွင်ရှိနေသော လီဟုန်ထန်းနှင့်ဟွမ်ချင်းထန်တို့သည်လည်း သူတို့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီးနောက် သူတို့၏မှော်လက်နက်များကို ထုတ်ယူလိုက်ကြ၏။

သူတို့အားလုံး စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေစဉ်မှာပင်....

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် သတ္တဝါမျိုးစုံခြံရံ၍ အနက်ရောင်မြူခိုးများအကြားမှ ထွက်လာသည်။

"ဒါက..."

"ဆရာကြီး မဟုတ်လား"

ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျန်းကျီလူစုသည် အံ့အားသင့်မှုနှင့်ဝမ်းသာပျော်ရွှင်မှုတို့ကို တပြိုင်နက်တည်းခံစားလိုက်ရသည်။

အနက်ရောင်မြူခိုးများကြားမှထွက်လာသူမှာ မမျှော်လင့်ဘဲ ရီဖုန်း ဖြစ်နေလေ၏။ ဆရာကြီး၏ကျင့်ကြံဆင့်နယ်ပယ်သည်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည်ကို မြင်တွေ့မိသဖြင့် သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

သူသည် အနက်ရောင်မြူခိုးများကို လျစ်လျူရှုနိုင်စွမ်းရှိကာ သူ့ပေါ်သို့ အနည်းငယ်မျှပင် သက်ရောက်ခြင်းမရှိဘဲ သွားလာလှုပ်ရှားနိုင်သည်။

တစ်ခုသိထားရမည်မှာ ပြင်ပလောကရှိအနက်ရောင်မြူခိုးများသည် အရိုးအတွင်းတွယ်ကပ်နေသောလောက်ကောင်များ သို့မဟုတ် ပြင်းထန်သောအဆိပ်တစ်မျိုးအလားပင်။

ထိုအနက်ရောင်မြူခိုးများ ပူးကပ်သွားပါက မည်သို့မျှ ဖယ်ရှားနိုင်စွမ်း ရှိမည်မဟုတ်ချေ။ထိုအရာသည် တဖြည်းဖြည်းတိုက်စားလာကာ သူတို့၏အသိစိတ်ကို ကင်းလွတ်သွားစေပြီး နတ်ဆိုးတစ်ကောင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားပေမည်။

"ဆရာကြီးကို အရိုအသေပြုပါတယ်"

ကျန်းကျီတို့လူစုသည် သူ့အား ရိုသေလေးစားစွာ ဆီးကြိုနှုတ်ဆက်လိုက်ကြ၏။

"မင်းတို့အားလုံးက ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြတာပဲ...အရမ်းတော်တယ်"

ရီဖုန်းသည် သူတို့အားလုံးကို အပြုံးနှင့်တုံ့ပြန်နှုတ်ဆက်ကာ ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ခြေချလိုက်သည်။

ထို့နောက် သူ အရိပ်ကျွန်းသို့ ရောက်ရှိချိန်တွင်...

ရီဖုန်းသည် သူ မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။

အတိတ်တွင် ဤစွန်ပစ်နယ်မြေအတွင်း၌ မြက်တစ်ပင်မျှ ပေါက်ခြင်းမရှိချေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤနေရာသည် မြို့ငယ်လေးတစ်မြို့အဖြစ်သို့ ပြောင်းလဲနေလေပြီ။

တိကျသေချာသောအစီအစဉ်ဖြင့် ဆောက်လုပ်ထားသော အိမ်အမြောက်အများရှိနေသည်။ ထို့ပြင် မြို့၏အလယ်တွင် လမ်းမကြီးတစ်ခုရှိနေလေ၏။ထိုလမ်းမကြီးပေါ်တွင် လူများ အဆက်မပြတ်လှုပ်ရှားသွားလာနေကာ တချို့လူများသည် စျေးဆိုင်များဖွင့်လှစ်ထားပြီး ဈေးကြီစတစ်ခု၏ရသကို ပေးစွမ်းနိုင်သည်။

ထိုလမ်းမကြီးနှင့်မလှမ်းမကမ်းအကွာတွင် ရင်ပြင်တစ်ခုတည်ဆောက်ထားကာ ထိုနေရာတွင် အဒေါ်ကြီးများ ကခုန်နေသည်။

ထိုရင်ပြင်၏နောက်တွင် ပင်လယ်နက်နဲ့နီးကပ်သွားပြီဖြစ်သောကြောင့် ဆိပ်ကမ်းငယ်တစ်ခုကိုတည်ဆောက်ထားကာ ငါများဖမ်းရန်အတွက်လှေများ နေ့စဉ်နေ့တိုင်း ထွက်ခွာကြသည်။

အမှန်အားဖြင့် ကမ်းခြေသည် လူများအနားယူရန် နေရာကောင်းတစ်ခုဖြစ်လာသည်။လူအများသည် ကမ်းခြေရှိသောင်ပြင်ပေါ်၌ ပျင်းရိငြီးငွေ့စွာလဲလျောင်းကာ သူတို့၏ခြေထောက်များကို ပင်လယ်နက်အတွင်းသို့ချပြီး သူတို့၏ခြေထောက်မှအရေပြားသေများကို အနက်ရောင်ငါးများအား ကိုက်ဝါးစေသည်။ဤသည်မှာ သူတို့အတွက် စိတ်လန်းဆန်းစေသော နည်းလမ်းတစ်ခုပင်။

သို့ရာတွင် ငါးမျှားသောအဖွဲ့သည် လုသရှန်းနှင့် အငြင်းပွားနေလေ၏။

အကြောင်းအရင်းမှာ လုသရှန်း စီမံအုပ်ချုပ်သော မစင်သယ်ယူပို့ဆောင်ရေးအဖွဲ့သည် ပင်လယ်နက်အတွင်းသို့ မစင်များကိုစွန့်ပစ်ခဲ့သောကြောင့်ပင်။ဤသည်ကြောင့် လူအများသည် လုသရှန်းအား ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည်ဟု ပြစ်တင်ပြောဆိုခဲ့ကြသည်။

နှုတ်ရေးအရာ၌ကောင်းမွန်ခြင်းမရှိသော လုသရှန်း၏မျက်နှာ နီမြန်းနေကာ တခြားလူများနှင့် ငြင်းခုံနေသည်။

"အရမ်းကောင်းတယ်..."

ထိုမြင်ကွင်းများကိုကြည့်ပြီး ရီဖုန်းသည် သဘောကျနှစ်ခြိုက်မှုကို ခံစားရမိလေ၏။

ဤနေရာတွင် ပြင်ပလောက၏အကွက်ချကြံစည်မှုများ ရှိမနေဘဲ အစစ်အမှန်သုခဘုံတစ်ခုအလားပင်။

ရီဖုန်းသည် လမ်းများပေါ်၌လမ်းလျှောက်ရင်း လူများအားလုံးကို ရင်းနှီးစွာနှုတ်ဆက်လိုက်သည်။

သူ ပြန်ရောက်လာခြင်းကြောင့် မည်သူကမျှ အထူးတလည် အံ့အားသင့်သွားပုံမရချေ။

သူသည် အိမ်သို့ပြန်ရောက်လာပြီးနောက် ခြံဝန်းအတွင်း၌ လဲလျောင်းလိုက်သည်။

သူ အိပ်စက်သည်မှာ...

အချိန်သုံးရက်ကြာသွားပြီးနောက်...

အိပ်ရာမှထကာ စတင်၍လှုပ်ရှားလိုက်၏။

သူသည် နတ်ဆိုးများကိုသတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားသည်။

ထို့ကြောင့် သူပြုလုပ်ခဲ့သော ဓားများအနက်မှစိတ်ကျေနပ်မှုအရှိဆုံးဓားကို ထုတ်ယူကာ အရိပ်ကျွန်းမှနေ၍ ဓားတစ်လက်နှင့်လူတစ်ယောက်ထွက်ခွာသွားတော့သည်။

ကူးပြောင်းရေးဝင်္ကပါမှထွက်လာပြီးနောက် ရီဖုန်းသည် ဦးတည်ရာမဲ့လျှောက်လှမ်းပြီး သူ သတ်ဖြတ်ရန်အတွက် နတ်ဆိုးများကိုရှာဖွေနေခဲ့သည်။

အစပိုင်းတွင် သူသည် လှည့်လည်သွားလာနေသော နတ်ဆိုးအနည်းငယ်ကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။

သို့ရာတွင် သူ တောင်ကြားတစ်ခုအတွင်းသို့ လျှောက်လှမ်းသွားချိန်တွင် နတ်ဆိုးအမြောက်အများ ဤနေရာ၌ရှိနေသည်ကို ရှာဖွေတွေ့ရှိမိသည်။

အားနည်းတယ်...

အရမ်းအားနည်းတယ်...

ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းလိုက်သည်။အစပထမတွင် သူ သတိအနည်းငယ်ထားနေသော်လည်း သူ၏ဓားချက်တစ်ချက်ဖြင့် ထိုနတ်ဆိုးများ လဲကျသွားသည်ကို ရှာဖွေတွေ့ရှိမိသည်။ထို့ကြောင့် သူ၏ခြေလက်များကို လွတ်လွတ်လပ်လပ်လှုပ်ရှားလိုက်၏။

ဤသည်မှာ မည်သည့်ကျွမ်းကျင်မှု မည်သည့်အထူးလှုပ်ရှားမှုတို့မှ မလိုအပ်ဘဲ သူ၏လက်မှဓားကို ဝှေ့ယမ်းနေရုံဖြင့် လုံလောက်သည်။

သူ၏စိတ်အတွင်း၌...

အတွေ့အကြုံရမှတ်များ အဆက်မပြတ်မြင့်တက်နေခြင်းနှင့်အတူ ရီဖုန်းသည် နတ်ဆိုးသတ်ဖြတ်ခြင်းစက်တစ်ခုအဖြစ်သို့ လုံးလုံးများလျားပြောင်းလဲသွားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထပ်ခါတလဲလဲလှုပ်ရှားနေသော ဖြစ်စဉ်အတွင်းသို့ ဝင်ရောက်သွားပေ၏။

ဝှစ်...

ဝှစ်...

သူ၏ခြေထောက်အောက်၌ နတ်ဆိုးအလောင်းများ တောင်တစ်လုံးကဲ့သို့စုပုံနေချိန်တွင် ရီဖုန်းက တခြားနေရာသို့ ရွှေ့ပြောင်းလိုက်သည်။

ထို့နောက် ထပ်မံ၍...

ဝှစ်...ဝှစ်....

သူ့၏ဓားကို ဆက်တိုက်ဝှေ့ယမ်းလိုက်သည်။

All Chapters