အခန်း (၈၁၁-၈၁၅)
Vol. 55 Ch. 811-815
Chapter 811
ဤအချိန်အခိုက်အတန့်တွင်....
အနက်ရောင်မြူခိုးများ၏အစွန်အဖျားနေရာတစ်နေရာလုံး၌ အခြေအနေဆိုးရွားစပြုလာသည်။
ရံဖန်ရံခါ၌ အဆင့်နိမ့်နတ်ဆိုးတစ်ကောင်၏နတ်ဆိုးအမြူတေကို ရရှိနိုင်ရန်အလို့ငှာ လူအမြောက်အများ တိုက်ခိုက်နေကြသည်။
ဤကဲ့သို့ ကြီးမားကျယ်ပြန့်သော အနက်ရောင်မြူခိုးများအကြားတွင် သူတို့သတ်ဖြတ်ရန် နတ်ဆိုးတစ်ကောင်တစ်လေကိုပင် မြင်တွေ့ရမည်မဟုတ်ဟု ထိုတပည့်များအားလုံး တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
တိမ်တိုက်ကပ်ဘေးဂိုဏ်း...
ယခုလက်ရှိ အင်မော်တယ်နယ်မြေအတွင်း၌ ကပ်ဘေးအဆင့်ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းအတွင်းတွင် တစ်ဂိုဏ်းဖြစ်သဖြင့် တိမ်တိုက်ကပ်ဘေးဂိုဏ်းသည်လည်း အနက်ရောင်မြူခိုးများအကြား၌ လေ့ကျင့်ရန် တပည့်အမြောက်အများကို စေလွှတ်ခဲ့သည်။
သို့ရာတွင် အင်မော်တယ်နယ်မြေသို့ရောက်ရှိသည်မှာ တစ်နှစ်ကြာမြင့်သွားသည့်တိုင် ထိပ်သီးတပည့်များအပါအဝင် ဂိုဏ်းအတွင်းရှိ တပည့်ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် တာဝန်ကို အောင်မြင်နိုင်ခဲ့ခြင်းမရှိချေ။
တိမ်တိုက်ကပ်ဘေးဂိုဏ်း၏တံခါးမကြီးတွင် ဆံပင်ကိုကျစ်ဆံမြီးကျစ်ထားသော မိန်းကလေးတစ်ယောက်သည် သူမ၏လက်အတွင်း၌ ဓားတစ်လက်ကိုကိုင်ပြီး မတ်တတ်ရပ်နေကာ အထောက်အပံ့ပစ္စည်းအမျိုးမျိုးကို ပြင်ဆင်နေသည်။
သူမ၏နံဘေးတွင် အကြီးအကဲအမြောက်အများရှိနေကာ ကြင်ကြင်နာနာနှင့်တက်ကြွရွှင်လန်းစွာဖြင့် အသေးစိတ်အချက်အလက်များကို ရှင်းပြနေသည်။
"ရှောင်ယွီလေး...တကယ်လို့ မင်း အပြင်မှာအန္တရာယ်နဲ့ကြုံတွေ့ရမယ်ဆိုရင် ဒီကျောက်စိမ်းပြားကို အချိန်မီခြေမွှဖို့မမေ့နဲ့....မင်းရဲ့ဦးလေးတွေက ချက်ချင်းရောက်လာလိမ့်မယ်"
"ဒါက စွမ်းအားတွေကို ပြန်ပြီးရနိုင်တဲ့ ဆေးလုံးပဲ"
"ငါက ဒီဓားကိုလည်း ပေးလိုက်မယ်"
"ပြီးတော့ ဒါက ကူးပြောင်းရေးအဆောင်လက်ဖွဲ့ပဲ"
"ဒါ့ပြင် တကယ်လို့ မင်း ဒဏ်ရာရလာရင် ဒီဆေးပင်တွေက အသုံးဝင်လာလိမ့်မယ်"
"ငါက မင်း တောင်အောက်ကိုဆင်းတဲ့ သတင်းကိုလည်း ဖြန့်ထားပြီးပြီ...မင်း အပြင်မှာ တိမ်တိုက်ကပ်ဘေးဂိုဏ်းရဲ့ တပည့်တွေနဲ့ တွေ့တဲ့အချိန်တိုင်း သူတို့က မင်းရဲ့အမိန့်ကို ချွင်းချက်မရှိ နာခံလိမ့်မယ်....ဒါကြောင့် မင်း တောင်အောက်ကိုရောက်တာနဲ့ သူတို့ဆီကို အမြန်ဆုံးသွားပါ...သူတို့ရဲ့အကူအညီနဲ့ မင်းရဲ့တာဝန်ကိုဆောင်ရွက်မယ်ဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ်"
အကြီးအကဲများသည် ဆေးလုံးပုလင်းများကို မိန်းကလေး၏သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ပေးကြသည်။သူတို့သည် ဂိုဏ်းအတွင်းရှိ အငယ်ရွယ်ဆုံးနှင့်ချစ်စဖွယ်အကောင်းဆုံး ဉာဏ်ကြီးရှင်တပည့်မလေး၏ ပထမဆုံးအတွေ့အကြုံအတွက် ပြင်ဆင်ပေးနေခြင်းပင်။
သူတို့ထံတွင် စိုးရိမ်ကြောင့်ကြမှုများနှင့် ပြည့်နှက်နေသည်။
တခြားတစ်ဖက်တွင် စီနီယာအစ်ကိုအစ်မများ ရှိနေလေ၏။
"ဂျူနီယာညီမလေး...ဒီကိစ္စကို ရှာဖွေဖော်ထုတ်ဖို့ အရေးကြီးတဲ့တာဝန်ကို မင်းနဲ့လွှဲထားလိုက်ပြီ"
"ကြိုးစားလိုက်စမ်း ဂျူနီယာညီမလေး"
"မင်းက အတော်ဆုံးပဲ"
စီနီယာအစ်ကိုအစ်မများအားလုံးမှ အားပေးစကား ပြောဆိုလိုက်ကြသည်။
"ဘာမှမစိုးရိမ်ကြနဲ့....ငါ စုယွီအာက ဘာတွေဖြစ်သွားတာလဲဆိုတာ သေချာပေါက်ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်....ပြီးတော့ ငါက ဒီပစ္စည်းတွေထဲက ဘာတစ်ခုကိုမှ မလိုအပ်ဘူး...ငါ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ဆိုရင် လုံလောက်ပြီ"
စုရှောင်ယွီသည် သူမ၏ရင်ဘတ်ကိုပုတ်ကာ အာမခံစကားပြောဆိုပြီးနောက် ပျံသန်း၍ တောင်အောက်သို့ဆင်းသွားတော့သည်။
နေ့ဝက်ခန့်ကြာပြီးနောက် သူမသည် အနက်ရောင်မြူခိုးများ၏အစွန်အဖျားနေရာသို့ ရောက်ရှိလာသည်။
ယခုအချိန်တွင် ဤနေရာကို တပည့်အမြောက်အများမှနေ၍ နတ်ဆိုးစုဝေးခြင်းလွင်ပြင်ဟု အမည်ပေးထားကြသည်။သို့ရာတွင် ဤနေရာ၌ နတ်ဆိုးတစ်ကောင်တစ်လေကိုမျှ မြင်တွေ့ရခြင်းမရှိချေ။
နတ်ဆိုးစုဝေးခြင်းလွင်ပြင်သို့ ရောက်ရှိလာသော စုယွီအာသည် တောင်အောက်သို့ရောက်သည်နှင့် ဂိုဏ်းမှတခြားတပည့်များကိုရှာရန် မှာကြားလိုက်သော အကြီးအကဲများ၏စကားများကို နားထောင်ခြင်းမရှိချေ။
ဤကိစ္စကို သူမကိုယ်တိုင် ရှာဖွေဖော်ထုတ်မည်ဟု ကျိန်ဆိုထားသဖြင့် ဤကဲ့သို့ ကိစ္စတစ်ရပ်ကို သူမ မည်သည့်နည်းဖြင့် ခွင့်ပြုနိုင်မည်နည်း။
"ငါ ဒါကို မယုံကြည်နိုင်ဘူး...ဒီနတ်ဆိုးတွေ ဘာလို့ပျောက်နေတာလဲဆိုတာ ငါ ရအောင်ရှာဖွေဖော်ထုတ်မယ်"
စုရှောင်ယွီက ကျိန်ဆိုလိုက်သည်။
နတ်ဆိုးများ ပျောက်ကွယ်နေသည့် အကြောင်းအရင်းကို ရှာဖွေရမည်ဖြစ်သော်လည်း သူမသည် နတ်ဆိုးတစ်ကောင်ကို အရင်ဆုံးရှာဖွေရမည်ဟု တွေးတောထားခဲ့သည်။
ဤသို့ဖြင့်....
တိမ်တိုက်ကပ်ဘေးဂိုဏ်း၏ အငယ်ဆုံးတပည့်လေးဖြစ်ပြီး ထောင်နှင့်ချီသောလူများ၏ချစ်မြတ်နိုးခြင်းကိုခံရသော မိန်းကလေးသည် နတ်ဆိုးများကို ငုတ်တုတ်ထိုင်စောင့်နေသော လူများအကြား၌ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတော့သည်။
ဤစောင့်ဆိုင်းခြင်းအတွက်....
စုရှောင်ယွီသည် နေရာ၌ အချိန်နှစ်လကြာအောင် ငုတ်တုတ်ထိုင်နေခဲ့ရသည်။
နှစ်လကြာမြင့်ပြီးနောက် ကြီးမားသောကိစ္စတစ်ခုလုပ်ရန် ရည်ရွယ်၍ ပြင်ပသို့ထွက်လာသော အငယ်ဆုံးတပည့်လေးသည် နတ်ဆိုးတစ်ကောင်ကိုမျှ မြင်တွေ့ရခြင်းမရှိသဖြင့် ပြင်းထန်သောထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည်။
အနက်ရောင်မြူခိုးများအကြား၌...
ဤရက်များအတွင်းတွင် ရီဖုန်းသည် အလောင်းမျောလွင့်တောင်ကြားမှ တွားသွားနတ်ဆိုးများကို ပထမဆုံးရှင်းလင်းခဲ့သည်။
ထို့နောက် သူသည် အပျက်အစီးနယ်မြေသို့သွားပြီး ချော်ရည်နတ်ဆိုးများကို သတ်ဖြတ်ခဲ့လေ၏။အချိန်အတော်ကြာပြီးနောက် သူ သိရှိသမျှ နေရာများအားလုံးအတွင်းရှိ နတ်ဆိုးများအားလုံးကို ရှင်းလင်းပြီးလေပြီ။
"ဟူး...."
"နတ်ဆိုးတွေက ဘယ်နေရာမှာလဲ"
ရီဖုန်းက သူသည် နတ်ဆိုးများကို စုဝေးချိန်ပေးထားသည့်တိုင် အကောင်ရေအမြောက်အများ တိုးမလာသည်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။
သူသည် အနက်ရောင်မြူခိုးများအတွင်းရှိ နေရာအမြောက်အများကို ရှာဖွေခဲ့သော်လည်း နတ်ဆိုးတချို့ကို ပြတ်တောင်းပြတ်တောင်းတွေ့ရသည်မှလွဲ၍ နတ်ဆိုးများစုဝေးနေသောနေရာများကို ရှာမတွေ့ချေ။
"ဒီလိုဆက်သွားနေလို့ မဖြစ်တော့ဘူး"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ပြင်ပသို့ထွက်ကာ နတ်ဆိုးများပေါက်ဖွားသည့်နေရာတစ်ခုကို တခြားလူများအား မေးမြန်းလိုသည်။
ထို့ကြောင့် ရီဖုန်းသည် ပြင်ပသို့ ထွက်လာခဲ့လေ၏။
သူသည် အမှုမဲ့အမှတ်မဲ့ဖြင့် အနက်ရောင်မြူခိုးများကို ဖြတ်ကျော်ပြီးနောက် ပြင်ပ၌ အလွန်အမင်းသက်ဝင်လှုပ်ရှားနေသည်ကို ရှာဖွေတွေ့ရှိလိုက်သည်။
"အမ်...ဒီနေရာမှာ အရမ်းစည်ကားနေတာပါလား"
"ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ လူတွေအများကြီး ရှိနေတာလဲ"
ဤသည်မှာ ရီဖုန်းသည် တစ်နှစ်အတွင်းတွင် ပြင်ပသို့ထွက်လာသည့် ပထမဆုံးအကြိမ်ပင်။သူသည် နတ်ဆိုးများကိုသတ်ဖြတ်ရာ၌ စျာန်ဝင်နေသဖြင့် ပြင်ပလောကရှိသတင်းများကို မကြားခဲ့ရချေ။ထိုကြောင့် ယခုအချိန်၌ ဤနေရာတွင် မြို့ကြီးများရှိနေသည်ကို တွေ့မြင်မိသဖြင့် သူ အလွန်အမင်းအံ့ဩနေသည်။
ရီဖုန်းသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်ကို မသိရှိပေ။ပြင်ပရှိသတင်းများကို သိရှိနိုင်သည့် ချင်းထန်ကုန်သည်အဖွဲ့အစည်းမှ ကျောက်စိမ်းပြားသည်လည်း အလုပ်မလုပ်တော့ချေ။
သို့ရာတွင် သူသည် ဤကိစ္စကို အလေးအနက်မထားချေ။
မည်သို့ပင်ဆိုစေကာမူ သူ သိရှိလိုသောကိစ္စမှာ နတ်ဆိုးများစုဝေးနေသောနေရာပင်။ထိုကြောင့် သူသည် ဤကိစ္စအတွက် တစ်စုံတစ်ယောက်ကို အမြန်ဆုံးရှာဖွေပြီး မေးမြန်းရပေမည်။
သို့ရာတွင် နတ်ဆိုးများအကြောင်းကို တွေးတောမိချိန်၌ ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်သည်။
ဤပုတီးစေ့သည် နတ်ဆိုးအသေတစ်ကောင်မှနေ၍ ပြုတ်ကျလာခဲ့ခြင်းဖြစ်ကာ နတ်ဆိုးတကောင်စီတွင် ထိုအရာမျိုး တစ်လုံးစီရှိနေသည်။ဤအရာကိုကြည့်ရသည်မှာ ညလင်းပုလဲတလုံးနှင့်တူညီသော်လည်း မည်သည့်အရာဖြစ်သည်ကို သူ မပြောနိုင်ချေ။
ဤတစ်ကြိမ်တွင် ရီဖုန်းသည် ထိုပုတီးစေ့တချို့ကို သူနှင့်အတူ ယူဆောင်လာခဲ့ပေ၏။
"ဒီပစ္စည်းကိုကြည့်ရတာ မဆိုးဘူး...ငါ ဒါတွေကို ရောင်းလို့ရလား မသိဘူး"
ရီဖုန်းသည် ဤပုတီးစေ့များအကြောင်းကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားနေရင်း တီးတိုးရေရွတ်လိုက်သည်။
ထိုအသံကျရောက်သွားသော အချိန်မှာပင်...
လူတစ်ယောက်သည် စိတ်လှုပ်ရှားနေသောမျက်နှာအမူအယာဖြင့် ရီဖုန်း၏ရှေ့သို့ ရောက်ရှိလာသည်။
"ညီအစ်ကို မင်း ဒီအရာကို ရောင်းချင်တာလား"
ထိုလူက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"အမ်...အမှန်ပဲ..."
ရီဖုန်း အနည်းငယ် ကြက်သေသေသွားသည်။ဤပစ္စည်းကို ရောင်းနိုင်မရောင်းနိုင် သူ တွေးတောနေစဉ်မှာပင် ဝယ်သူသည် အလွန်လျှင်မြန်စွာ ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။
"ညီအစ်ကို မင်း စျေးပြောပါ...မင်း အင်မော်တယ်သလင်းကျောက် ဘယ်လောက်လိုချင်လဲ"
ထိုလူက ထပ်မံ၍ အလျှင်အမြန်မေးမြန်းသည်။ တစ်ချိန်တည်းမှာပင် သူသည်ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက်ကြည့်နေကာ လုယက်ခံရမည်ကို ကြောက်ရွံ့နေသည့်အလားပင်။
"အမ် ဒါက....."
ရီဖုန်းက သူ၏လက်ချောင်းတစ်ချောင်းကိုထောင်ကာ အင်မော်တယ်သလင်းကျောက်တစ်လုံးနှင့် ကမ်းလှမ်းရန် ကြံရွယ်လိုက်သည်။ သို့ရာတွင် သူ၏စကား အဆုံးမသတ်သေးမီမှာပင် ထိုလူက သူ၏လက်အတွင်းရှိ ပုတီးစေ့ကိုဆွဲယူလေသည်။
"ကောင်းပြီလေ...ဒါက အင်မော်တယ်သလင်းကျောက်တစ်သောင်း မဟုတ်လား....အရောင်းအဝယ်ဖြစ်ပြီ"
ထိုသို့ပြောဆိုပြီးနောက် ထိုလူသည် သိုလှောင်အိတ်တအိတ်ကို ရီဖုန်းထံသို့ပစ်ပေးပြီး ပျောက်ကွယ်သွားတော့သည်။သူသည် ရီဖုန်း နောင်တရနေမည်ကို ကြောက်ရွံ့နေသည့်အလားပင်။
ရီဖုန်းသည် သူ၏လက်အတွင်းရှိ သိုလှောင်အိတ်ကိုကြည့်ပြီး ကြက်သေသေနေသည်။
ဤလောကကြီးသည် အစစ်အမှန်မဟုတ်တော့သည့်အလား သူ ခံစားနေရသည်။
ဤပုတီးစေ့အစုတ်အပြတ်ကို အင်မော်တယ်သလင်းကျောက်တသောင်းဖြင့် ရောင်းချနိုင်ခဲ့သလော....
ဤသည်မှာ အလိမ်အညာတစ်ခု ဖြစ်နေသလော...
သို့ရာတွင် သူသည် သိုလှောင်အိတ်ကိုဖွင့်ကြည့်ပြီးနောက် အင်မော်တယ်သလင်းကျောက်တစ်သောင်း၏အလေးချိန်ကို ခံစားမိချိန်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏နှုတ်ခမ်းပေါ်၌ အပြုံးတစ်ခုထွက်ပေါ်လာသည်။
ပုတီးစေ့တစ်လုံးကို အင်မော်တယ်သလင်းကျောက်တစ်သောင်းဖြင့် ရောင်းချနိုင်လေရာ သူ့ထံတွင် ဤကဲ့သို့ပုတီးစေ့မျိုး အမြောက်အများရှိနေသည်။အကယ်၍ သူသည် ပုတီးစေ့များအားလုံးကို ရောင်းချလိုက်ပါက အလွန်အမင်းချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်သွားမည်မဟုတ်လော။
ဤအရောင်းအဝယ်မြင်ကွင်းကို မလှမ်းမကမ်းအကွာတွင်ရှိနေသော စုရှောင်ယွီကလည်း မြင်တွေ့မိသည်။
သူမ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားပေ၏။
သူမ တောင်ပေါ်မှဆင်းလာစဉ်တွင် နတ်ဆိုးများ ရှားပါးသွားခဲ့သည့် အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်မည်ဟု သူမ၏ရင်ဘတ်ကိုပုတ်၍ ကျိန်ဆိုခဲ့သည်။
သို့ရာတွင် ယခုချိန်၌ သူမ တောင်အောက်သို့ဆင်းခဲ့သည်မှာ အချိန်နှစ်လခန့်ကြာမြင့်သွားသည့်တိုင် ဤကိစ္စ၏အမှန်တရားကို ဖော်ထုတ်နိုင်ရန်နေနေသာသာ နတ်ဆိုးတကောင်ကိုပင် မြင်တွေ့ခဲ့ရခြင်းမရှိချေ။
ထို့ကြောင့် ရီဖုန်းသည် နတ်ဆိုးအမြူတေတစ်လုံးအား ထုတ်ရောင်းသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် သူမထံ၌ မျှော်လင့်ချက်များ ပေါက်ဖွားလာသည်။
သူမသည် သူမ၏ခြေတံရှည်များဖြင့် လေထုအတွင်းသို့ခုန်တက်ကာ ရီဖုန်း၏ရှေ့သို့ အလျှင်အမြန်ဆင်းသက်လိုက်၏။
ဤနတ်ဆိုးများကို မည်သည့်နေရာ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သူမ ထိုလူကို မေးမြန်းလိုသည်။သို့ရာတွင် ယခုချိန်၌ နတ်ဆိုးများရှားပါးနေသည်ကို အမှတ်ရမိသဖြင့် ထိုလူသည် သူမအား မပြောမည်ကို စိုးရိမ်သွားမိသည်။ ထို့ကြောင့် သူမသည် လိမ္မာပါးနပ်စွာဖြင့် ရီဖုန်း၏စကားများမှတဆင့် နတ်ဆိုးများ မည်သည့်နေရာတွင်ရှိသည်ဟူသော သဲလွန်စကိုရှာဖွေရန် ကြံရွယ်လိုက်၏။
"တာအိုမိတ်ဆွေလေး...နင့်မှာ ဒီလိုနတ်ဆိုးအမြူတေတွေ ရှိသေးလား"
စုရှောင်ယွီက မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းသည်။
ရီဖုန်းသည် သူရှေ့ရှိ အလွန်လှပသောမိန်းကလေးကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်သွားသည်။
ဤပုတီးစေ့သည် ယခုချိန်၌ အလွန်လူကြိုက်များနေသလော...
"အင်း ငါ့မှာ ရှိသေးတယ်"
ရီဖုန်းသည် သူ ချမ်းသာတော့မည့် လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားသဖြင့် အလျှင်အမြန်ပြောဆိုလိုက်သည်။
"မင်း ဘယ်လောက်များများ လိုချင်တာလဲ"
"အမ်...."
ထိုစကားကိုကြားချိန်တွင် စုရှောင်ယွီသည် ကြက်သေသေသွားလေ၏။အချိန်တခဏကြာပြီးနောက် သူမသည် အသိပြန်ဝင်လာကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"နင့်မှာ ဒီလိုနတ်ဆိုးအမြူတေတွေ အများကြီးရှိတာလား"
"အင်း..."
ရီဖုန်းသည် ဤကိစ္စကို အလေးအနက်ထား၍ စဉ်းစားတွေးတောပြီးနောက် ရိုးရိုးသားသားပြောဆိုလိုက်သည်။
"ဒါက အရမ်းတော့မများပါဘူး...ဒါပေမဲ့ လုံလုံလောက်လောက်ရှိတယ်"
Chapter 812
"အလုံအလောက်လား"
စုရှောင်ယွီက နှုတ်ခမ်းစူလိုက်သည်။
သူမရှေ့ရှိလူသည် လူလိမ်တစ်ယောက်နှင့် မတူညီသော်လည်း လေလုံးအလွန်ထွားမည်ဟု သူမ မျှော်လင့်မထားမိချေ။
လူတိုင်းလိုလို နတ်ဆိုးအမြူတေကို ရှာမတွေ့နိုင်သောအခြေအနေမျိုး၌ သူ့ထံတွင် အလုံအလောက်ရှိနေသည်ဟု ပြောဆိုလိုက်သလော....
သို့ရာတွင် သူမသည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုခြင်းမပြုချေ။ဤကောင်စုတ်လေးသည် မည်သည့်လှည့်ကွက်များအား ကစားမည်ကို သူမ သိချင်သည်။
"ဒါက အဆင်ပြေပါတယ်...နင့်မှာရှိသလောက် ငါ အကုန်ယူမယ်"
စုရှောင်ယွီက ပြောဆိုသည်။
"မင်း သေချာလား"
ရီဖုန်းက ပြူးကျယ်နေသောမျက်လုံးများဖြင့် မေးမြန်းလိုက်သည်။
"သေချာတာပေါ့ ငါ့လိုမိန်းကလေးတယောက်က ငွေမရှိတဲ့လူနဲ့ တူနေလို့လား"
စုရှောင်ယွီက သူမ၏ခေါင်းကိုအနည်းငယ်မော့ပြီး ဂုဏ်ယူဝင့်ကြွားစွာပြောဆိုသည်။
ရီဖုန်းက သူမကို တစ်ချက်ကြည့်လိုက်သည်။
သူမ၏လက်အတွင်းရှိ ဓားရှည်ထံမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။
သူမ၏ဝတ်စုံ၌ ချိတ်ဆွဲထားသော ခေါင်းလောင်းလေးသည်လည်း ရတနာတစ်ခုဖြစ်ပုံရသည်။
သူမ၏ခေါင်းရှိဆံထိုးသည်လည်း တန်ဖိုးကြီးပုံရပေ၏။
သူမသည် အမှန်တကယ်ကိုပင် အင်အားစုကြီးတစ်စုတွင် မွေးဖွားလာပြီး ငွေကြေးပြတ်လပ်ခြင်းမရှိသော သခင်မလေးတစ်ယောက်ဖြစ်သည်ကို ရီဖုန်းက ချက်ချင်းနားလည်သဘောပေါက်သွားသည်။
"ကောင်းပြီလေ...ဒါပေမဲ့ မင်း အဲ့ဒီပုတီးစေ့တွေကို လိုချင်တယ်ဆိုရင် ငါနဲ့အတူ လိုက်ခဲ့ရမယ်"
ရီဖုန်းက ပြောဆိုသည်။တစ်ချိန်တည်းမှာပင် သူသည် ဤပုတီးစေ့များအားလုံးကို ရောင်းချပြီးနောက် ငွေမည်မျှထိရနိုင်ကြောင်း တွေးတောပြီးဖြစ်သည်။
ဤသည်မှာ သူ၏လက်ချောင်းများကို ချိုး၍ရေတွက်လျှင်ပင် လုံလောက်မည်မဟုတ်ချေ။
"နင် လမ်းပြပေးပါ"
စုရှောင်ယွီက ပြောဆိုသည်။
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် စတင်၍ထွက်ခွာခဲ့တော့သည်။
လမ်းတလျှောက်၌ ရီဖုန်းသည် လှည့်ကွက်အနည်းငယ်ကို ပြုလုပ်ခဲ့ပေ၏။
အကြောင်းအရင်းမှာ ဤပုတီးစေ့ကို ဝယ်ယူလိုသော လူအမြောက်အများရှိနေသဖြင့် သူ့ထံမှလာရောက်၍ လုယက်နိုင်သည်ကို သူ တွေးတောမိသောကြောင့်ပင်။
နတ်ဆိုးများစုဝေးနေသော နေရာများသည် သူ့အတွက်ပင်လျှင် မလုံလောက်လေရာ တခြားလူများကို သူ အသိမပေးနိုင်ချေ။
ရက်အနည်းငယ်ကြာပြီးနောက် ရီဖုန်းသည် အလွန်ဝေးကွာသောနေရာမှလှည့်ပတ်ကာ တခြားဦးတည်ချက်တစ်ခုမှနေ၍ အရိပ်ကျွန်းသို့ပြန်သွားရန် ဟန်ပြင်လိုက်တော့သည်။
"ဟေး..."
"နင် ငါ့ရဲ့နောက်မှာနေတာ ပိုကောင်းလိမ့်မယ်...ငါ့ကို နင်က နောက်ကနေလမ်းပြပေးပါ"
လမ်းတဝက်၌ စုရှောင်ယွီက ရီဖုန်းကိုကြည့်ပြီး အော်ဟစ်လိုက်သည်။
"ဘာလို့လဲ"
ရီဖုန်းက ဇဝေဇဝါဖြင့်မေးမြန်းသည်။
"ဒီနေရာက လူနေကျဲပါးတယ်...ဒါကြောင့် တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် နင် ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
စုရှောင်ယွီက ပြောဆိုသည်။
"အော်..."
ရီဖုန်းက တုံ့ပြန်လိုက်ပြီး စုရှောင်ယွီ၏နောက်သို့ လျှောက်လှမ်းသွားလိုက်သည်။
အော် တစ်ခွန်းတည်းသာ ပြောဆိုခဲ့သလော...
ဤသည်မှာ စုရှောင်ယွီကို စိတ်မကောင်းဖြစ်သွားစေသည်။
ဤလူသည် မည်သည်ကြောင့် ဤကဲ့သို့ ပြုလုပ်နိုင်သနည်း....
"နင် ပေါ့ပေါ့ဆဆနေတာ မကောင်းဘူး"
စုရှောင်ယွီသည် သည်းမခံနိုင်တော့သဖြင့် သင်ခန်းစာတစ်ခု သင်ပေးလိုက်သည်။
"ငါ နင့်ကိုတစ်ချက်ကြည့်ရုံနဲ့...နင်က ဒီလောကကြီးအကြောင်းကို အတွေ့အကြုံမရှိသေးတဲ့ လူငယ်တစ်ယောက်ဆိုတာ ငါ သိတယ်...နင်က အရမ်းမိုက်မဲတာပဲ"
"ငါ နင့်ကို ပြောပြမယ်...အရေးကြီးဆုံးကိစ္စကတော့ နင် အပြင်ကိုထွက်တဲ့အချိန်တိုင်း အမြဲတမ်းသတိကြီးကြီးထားပြီးတော့ ဘယ်အချိန်မဆို အန္တရာယ်ကိုရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရမယ်"
စကားပြောဆိုနေရင်း စုရှောင်ယွီသည် ရံဖန်ရံခါ၌ ရီဖုန်းကို မျက်လုံးဝိုင်းကြီးများနှင့်ကြည့်ပြီး ရံဖန်ရံခါ၌ သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကိုကြည့်နေကာ အလွန်ရင့်ကျက်သောလူတစ်ယောက်အသွင် အယောင်ဆောင်နေသည်။
"အင်း ..."
ရီဖုန်းက ပေါ့ပေါ့ပါးပါးတုံ့ပြန်သည်။
သူသည် ယခင်က မှော်သားရဲ မည်မျှထိများများ ကို သတ်ဖြတ်ခဲ့သည်နှင့် စုစုပေါင်းပုတီးစေ့ မည်မျှထိများများ ရှိနေနိုင်သည်ကို ပြန်လည်၍စဉ်းစားတွေးသောနေခြင်းပင်။
ရီဖုန်း၏အေးစက်စက်တုံ့ပြန်မှုနှင့် ရင်ဆိုင်ရချိန်တွင်...
စုရှောင်ယွီသည် ဒေါသထွက်သွားလေ၏။
ဤနေရာတွင် မည်သည့်အန္တရာယ်မျှမရှိသည့်အတွက် သူမ စိတ်အနှောင့်အယှက်ဖြစ်နေသည်။ထိုကြောင့် သူမ မည်မျှထိ အစွမ်းထက်သည်ကို ဤလူငယ်မြင်တွေ့အောင် ပြသနိုင်ခဲ့ခြင်းမရှိချေ။
သူမ၏စိတ်ဆန္ဒသည် နတ်ဘုရား၏သနားကြင်နာမှုကို နှိုးဆွပေးနိုင်ခဲ့ပုံရသည်။
သူမ၏နံဘေးရှိ သစ်ပင်များလှုပ်ရှားနေကာ အန္တရာယ်ကြီးတစ်ခု ပုန်းအောင်းနေပုံရသည်။
စုရှောင်ယွီ၏မျက်လုံးများ တောက်ပသွားသည်။
ယခုချိန်တွင် သူမ၏အရည်အချင်းကို ပြသရန်အတွက် အခွင့်အရေးတစ်ခု ရရှိလာလေပြီ။
"ဂရုစိုက်"
ကျယ်လောင်သောအော်သံနှင့်အတူ သူမသည် လေထုအတွင်းသို့ ခုန်တက်လိုက်ပြီးနောက် သူမ၏လက်အတွင်းရှိ ဆေဘာဓားမှအလင်းတန်းတတန်း အောက်သို့ကျရောက်သွားသည်။
ဘုန်း....
နံဘေးတွင်ရှိနေသော သစ်ပင်ကြီးတစ်ပင် ရုတ်တရက်ပြိုလဲကျသွားကာ တချိန်တည်းမှာပင် သွေးရောင်အလင်းတန်းများ ဖြာထွက်လာသည်။
စုရှောင်ယွီသည် ပေါ့ပေါ့ပါးပါးအမူအယာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
အနည်းငယ်စိတ်ရှုပ်နေပုံရသော ရီဖုန်းကိုကြည့်ပြီး သူမက နှစ်သိမ့်ပေးလိုက်သည်။
"ဘာမှ မကြောက်နဲ့...ငါ ဒီနေရာမှာရှိနေရင် ဘာအန္တရာယ်မှ မရှိနိုင်ဘူး"
"ဒါပေမဲ့ နောက်ကို နင် ဒီနေရာဆီ ထပ်မလာနဲ့တော့...တကယ်လို ငါ ဒီနေ့ ဒီနေရာမှာ ရှိမနေဘူးဆိုရင် နင် အန္တရာယ်ဖြစ်လိမ့်မယ်"
"အင်း ဒါက မဖြစ်သင့်ဘူးမဟုတ်လား"
ရီဖုန်း၏မျက်ခုံး မြင့်တက်သွားပြီး ပြောဆိုလိုက်၏။
နင်...ခုဏက ငါတို့ကို ချောင်းနေတဲ့ကောင်က ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာ နင် သိလား"
ထိုစကားကိုပြောဆိုရင်း စုရှောင်ယွီသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်၌ ခန္ဓာကိုယ်တစ်ခြမ်းပြတ်တောက်ပြီး သေဆုံးနေသော တောဝက်တစ်ကောင်ကို မြင်တွေ့မိသည်။ သူမ၏လည်ချောင်းအတွင်းရှိ စကားများကို ခက်ခက်ခက်ခဲ ပြန်မြိုသိပ်လိုက်ပြီးနောက် သူမ၏လှပသောမျက်နှာလေး ရုတ်တရက် နီမြန်းသွားသည်။
"အင်း...ဒါက သာမန်တောဝက်တစ်ကောင်ဆိုပေမယ့် တကယ်လို့ သတိမထားဘူးဆိုရင် ကျင့်ကြံသူတွေတောင် ဒဏ်ရာရသွားနိုင်တယ်"
စုရှောင်ယွီ၏မျက်နှာ နီမြန်းနေပြီး ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ရှင်းပြသည်။
"ပြီးတော့ ငါက ဒါကို ဥပမာယူပြီး နင့်ကို ပြောပြတာပဲ...ငါပြောတာတွေက အမှန်ဆိုတာ ဒီတောဝက်က နင့်ကို သက်သေပြနေတယ်....နင်က အရာအားလုံးကို အလေးအနက်ထားရမယ်...ဘာကိုမှ ပေါ့ပေါ့တန်တန် သဘောမထားရဘူး"
"အင်း မိန်းကလေးကို ကျေးဇူးတင်ပါတယ်"
ရီဖုန်းသည် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားလေ၏။
အစောပိုင်းက သူ၏စိတ်အတွင်း၌ရေတွက်နေသော ကိန်းဂဏန်းများကို စုရှောင်ယွီ၏ဓားချက်ကြောင့် မမှတ်မိတော့ချေ။
"အမ် ဒါက နင့်ရဲ့သဘောထားလား"
စုရှောင်ယွီသည် ရှက်ရွံနေကာ တည်ကြည်လေးနက်သောအမူအယာဖြင့် ရီဖုန်း၏ရှေ့၌ မတ်တတ်ရပ်ပြီးပြောဆိုသည်။
"ငါက ပြဿနာတစ်ခုကို ပုံကြီးချဲ့နေတယ်လို့ နင် မထင်နဲ့...ငါက လိမ္မာပါးနပ်ပြီးတော့အတွေ့အကြုံရှိတဲ့ စီနီယာတစ်ယောက်အနေနဲ့ နင့်ကို အတွေ့အကြုံတွေ နည်းနည်းလောက်သင်ပေးဖို့ လိုအပ်တယ်လို့ ငါ ထင်တယ်...ဒီတောဝက်နဲ့ တွေ့ခဲ့ရတာက ငါ့ရဲ့စကားတွေကို သက်သေပြနေတာပဲ"
စုရှောင်ယွီ၏ အလေးအနက်ထားသောမျက်နှာကိုကြည့်ပြီး ရီဖုန်းသည် သူ၏ခေါင်းကိုမော့ကာ အလေးအနက်ထား၍ ခေါင်းညိတ်ပြလိုက်သည်။
"ငါ သိပြီ"
ထိုစကားကိုပြောဆိုပြီးနောက် ရီဖုန်းသည် ထပ်မံ၍ရေတွက်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး စုရှောင်ယွီက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်သား တဖြည်းဖြည်းလျှောက်လှမ်းကာ ခရီးဆက်ခဲ့ကြသည်။
"ငါ့ရဲ့ဓားကို ကြည့်လိုက်အုံး...နင် ဘယ်လိုသဘောရလဲ"
အချိန်တစ်ခဏကြာခန့် စောင့်ဆိုင်းပြီးနောက် စုရှောင်ယွီက မေးမြန်းသည်။
"မဆိုးပါဘူး"
ရီဖုန်းသည် တုံ့ပြန်အဖြေပေးပြီးနောက် စုရှောင်ယွီ၏ စူပုတ်နေသောမျက်နှာကိုကြည့်ပြီး အလျှင်အမြန်ဖြည့်စွက်ပြောဆိုလိုက်၏။
"အရမ်းကောင်းတယ်...."
"အင်း...."
စုရှောင်ယွီသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် ထပ်မံ၍ပြောဆိုလိုက်သည်။
"ဒီဓားကို လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လောက်တုန်းက အရမ်းအစွမ်းထက်တဲ့ လျှို့ဝှက်နယ်မြေတစ်ခုကနေ ငါ ထုတ်ယူလာခဲ့တာပဲ...အဲ့ဒီအချိန်တုန်းက ဒီဓားကို ယူနိုင်ဖို့အတွက် ထိပ်သီးကျင့်ကြံသူတွေအများကြီးနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်...ဟူး ငါက သူတို့တွေအားလုံး ငါ့ကိုဝိုင်းပြီး တိုက်ခိုက်တာကို ဖောက်ထွက်နိုင်ခဲ့တယ်...အဲ့ဒီတိုက်ပွဲကို ငါ သတိရလိုက်တာ....."
စုရှောင်ယွီသည် သူမ၏ခေါင်းကိုခါယမ်းပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်ကာ ရီဖုန်း၏ပခုံးကိုပုတ်ပြီး ပြောဆိုသည်။
"အဲ့ဒီတိုက်ပွဲအကြောင်းကို ငါ နင့်ကို နောင်တစ်ချိန်ကျရင် ပြောပြမယ်...နင် စောင့်နေလိုက်အုံး..."
"မိန်းကလေးက အသက်ဘယ်လောက်ရှိပြီလဲ"
ရီဖုန်းက ရုတ်တရက် မေးမြန်းလိုက်သည်။
"ဆယ့်ကိုးနှစ်..."
စုရှောင်ယွီက တုံ့ပြန်အဖြေပေးသည်။
"တော်လိုက်တာ"
ရီဖုန်းက သူ၏လက်မကို ထောင်ပြလိုက်သည်။
စုရှောင်ယွီသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို နားလည်သဘောပေါက်သွားသော်လည်း ရှင်းရှင်းလင်းလင်းမသိချေ။သို့ရာတွင် ရီဖုန်း လက်မထောင်ပြသည်ကိုကြည့်ပြီး သူမ ဝမ်းသာပျော်ရွှင်သွားကာ မေးမြန်းလိုက်သည်။
"ဒီလိုမျိုး အစွမ်းထက်တဲ့ဓားတလက်ကို နင် စိတ်ဝင်စားလား"
"အင်း..."
ရီဖုန်းက ခေါင်းညိတ်ပြသည်။
"ဒါဆိုရင် နင် ဒီဓားကို ကြည့်ချင်လား"
"နင် တစ်ချက်လောက် ကြည့်ကြည့်ပါလား"
"ဒါပေမဲ့ အဲ့ဒီလိုလုပ်လို့ ဖြစ်မှာမဟုတ်ဘူး"
စုရှောင်ယွီက ဓားရှည်ကို ပြန်လည်၍သိမ်းဆည်းလိုက်သည်။
"ဒီဓားကို နဂါးဖီးနစ်ဓားလို့ခေါ်ပြီးတော့ ပိုင်ရှင်ကိုပဲ အသိအမှတ်ပြုတယ်...တကယ်လို့ ပိုင်ရှင်မဟုတ်တဲ့လူက ဒီဓားကိုထိမယ်ဆိုရင် အဲ့ဒီလူကို ထိခိုက်ဒဏ်ရာရစေလိမ့်မယ်"
စုရှောင်ယွီက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။
"နင့်ရဲ့ခန္ဓာကိုယ်လေးနဲ့ ဒီဓားရဲ့စွမ်းအားကို ကိုင်တွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
"အခုချိန်မှာ ငါ နင့်ကို ဒီဓားပြလို့မရသေးဘူးဆိုပေမယ့်...နောင်အနာဂတ်ကျရင် ဒီဓားရဲ့အစစ်အမှန်စွမ်းအားကို တွေ့ရမယ့်အခွင့်အရေး နင့်မှာ သေချာပေါက်ရှိလာမှာပါ"
"တကယ်လို့ နင်ကံကောင်းရင်တောင် ငါ့ရဲ့အစွမ်းထက်ဆုံးဓားချက် အသုံးပြုတာကို နင် မြင်ရလိမ့်မယ်"
ထိုစကားကိုပြောဆိုပြီးနောက် စုရှောင်ယွီက မျှော်လင့်စောင့်စားသော အမူအယာဖြင့် ရီဖုန်းကိုကြည့်လိုက်သည်။
ရီဖုန်းသည် သူ၏စိတ်အတွင်း၌ နတ်ဆိုးအမြူတေအရေအတွက်ကို တွက်ချက်နေဆဲပင်။
ဤငွေများရရှိလာပါက အလွန်အမင်းများပြားမည်မှာ သေချာပေါက်ပင်။စုရှောင်ယွီထံ၌ ငွေအလုံအလောက်မရှိသည်ကို သူ စိုးရိမ်မိသည်။
ထိုကြောင့် သူက လွှတ်ခနဲမေးမြန်းလိုက်သည်။
"ငါက လက်တစ်ဖက်နဲ့ ပေးပြီးတော့ တခြားလက်တစ်ဖက်နဲ့ ယူလို့ရမလား"
စုရှောင်ယွီသည် အနည်းငယ်ခန့် ကြက်သေသေသွားပြီးနောက် အမှုမဲ့အမှတ်မဲ့ဖြင့် ခေါင်းညိတ်လိုက်၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ရီဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်း၌ ရှိနေသောအဖြေကို ဖွင့်ဟပြောဆိုလိုက်သည်။
"ငါက မင်းရဲ့လှုပ်ရှားမှုကို အရမ်းမျှော်လင့်မိတယ်"
ထိုစကားကိုကြားချိန်တွင် စုရှောင်ယွီသည် ရီဖုန်းက ငွေပေးချေခြင်းနှင့်ပတ်သက်သည့်ကိစ္စကို ပြောဆိုလိုက်သည်အား နားလည်သဘောပေါက်ခြင်းမရှိချေ။ရီဖုန်းပြောဆိုသောစကားသည် သူမ၏ဓားလှုပ်ရှားမှုအကြောင်းပြောသည်ဟု တွေးထင်ကာ သူမ အလွန်စိတ်ကျေနပ်သွားသည်။
ဤကောင်စုတ်လေးသည် နတ်ဆိုးအမြူတေများနှင့်ပတ်သက်ပြီး အနည်းငယ်လိမ်ညာနေပုံရသော်လည်း သူ့ထံ၌ အတွေ့အကြုံများစွာ ရှိပုံမရချေ။သူ့ကိုကြည့်ရသည်မှာ အလွန်ချစ်စဖွယ်ကောင်းပေ၏။
ဟွန့်...
ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပြင်ပသို့ထွက်၍ လေ့ကျင့်ချိန်တွင် သူမသည် အမျိုးသမီးသူရဲကောင်းတစ်ယောက် ဖြစ်လာမလာကို မည်သူက ပြောနိုင်မည်နည်း။သူမထံတွင် နာမည်ဂုဏ်သတင်းတချို့ ရရှိလာပါက သူမကို ဆရာအဖြစ်တင်မြောက်လိုသော လူတချို့ရှိလာပေမည်။
Chapter 813
ရီဖုန်းနှင့်စုရှောင်ယွီတို့နှစ်ယောက် ခရီးဆက်ခဲ့ကြသည်မှာ အတန်ငယ်ဝေးကွာသောနေရာသို့ အရောက်တွင်...
ရုတ်တရက်...
မိုးကောင်းကင်ယံကြီး မှောင်မည်းသွားကာ....
ပတ်ဝန်းကျင်အခြေအနေ ထူးဆန်းစပြုလာပြီး....
သူတို့နှစ်ယောက်၏မြင်ကွင်းအတွင်း၌ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအရိပ်ထံတွင် ခေါင်းနှစ်လုံးနှင့်သေးသွယ်သောလက်များရှိကာ သူ၏ခန္ဓာကိုယ်သည် စိုစွတ်နေပြီး သူ၏ပုံပန်းသွင်ပြင်သည် အချိုးအစားမကျသော ကလေးတစ်ယောက်အလားပင်။
နတ်ဆိုး....
ဤသည်မှာ အစစ်အမှန်နတ်ဆိုးတကောင်ပင်...
စုရှောင်ယွီသည် အချိန်နှစ်လကြာမြင့်သည်အထိ သူမ ငုတ်တုတ်ထိုင်စောင့်ခဲ့သော်လည်း ရှာမတွေ့ခဲ့သည့် နတ်ဆိုးများကို ဤနေရာအရောက်တွင် တစ်ကောင်နှင့်ကြုံတွေ့ရမည်ဟု သူမ မျှော်လင့်မထားမိချေ။
သူမ၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားမှုများဖြတ်ပြေးသွားသည်။
သူမသည် လက်အတွင်း၌ ဓားရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ တိုက်ခိုက်ရန်အတွက် ဟန်ပြင်လိုက်သည်။
အကယ်၍ ဤနတ်ဆိုးကိုသတ်ဖြတ်နိုင်ပါက နတ်ဆိုးထွက်ပေါ်လာသောနေရာမှနေ၍ နတ်ဆိုးများ အစုလိုက်အပြုံလိုက် ပျောက်ကွယ်နေရသည့်အကြောင်းအရင်းကို သူမ ရှာတွေ့နိုင်ချေရှိသည်။ထိုထက်ပို၍အရေးကြီးသည်မှာ ဤနတ်ဆိုးကိုသတ်ဖြတ်ပြီး နတ်ဆိုးအမြူတေကို တိမ်တိုက်ကပ်ဘေးဂိုဏ်းသို့ ပြန်ယူသွားပါက မည်သူကမျှ သူမကို လျှော့တွက်ဝံ့တော့မည်မဟုတ်ချေ။
ဤသည်မှာ အလွန်အစွမ်းထက်သော နတ်ဆိုးတစ်ကောင်နှင့် သူမ ရင်ဆိုင်ကြုံတွေ့ရသည်ပထမဆုံးအကြိမ်ပင်။အကယ်၍ သူမသည် ဤနတ်ဆိုးကိုသတ်ဖြတ်နိုင်ပါက ဂိုဏ်းအတွင်းရှိလူများ၏လေးစားခြင်းကို ခံရပေမည်။
မည်သို့ပင်ဆိုစေကာမူ လူများသည် သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ရမှသာ နတ်ဆိုးများအကြောင်းကို သိရှိပေမည်။
သူမသည် အလွန်စိတ်မလှုပ်ရှားမိစေရန် သူမကိုယ်သူမ ထိန်းချုပ်လိုက်၏။
"ဂုဏ်ယူပါတယ် ငါ နဂါးဖီးနစ်ဓားအသုံးပြုတာကို မြင်နိုင်တဲ့အခွင့်အရေး နင် ရသွားပြီ"
စုရှောင်ယွီက တည်ကြည်လေးနက်သောအမူအယာဖြင့် ရီဖုန်းကို ပြောဆိုသည်။
"ဒါပေမဲ့ ဒီနတ်ဆိုးက အရမ်းအစွမ်းထက်တယ်...ဒါက နင် ငါ့ကိုရောင်းမယ့် နတ်ဆိုးအမြူတွေနဲ့ ဘာမှမဆိုင်မှာ သေချာပေါက်ပဲ"
"အခု နင် ငါ့ရဲ့အမိန့်ကို နားထောင်ရမယ်...နင်သွားနိုင်သမျှဝေးဝေးကို အခုချက်ချင်းထွက်သွားတော့...နင့်ကိုယ်နင် ဂရုစိုက်ပါ"
"ဒါ့ပြင် ခဏနေကျရင် ငါတိုက်မယ့်တိုက်ပွဲက မြေပြင်တပြင်လုံး တုန်ခါသွားလိမ့်မယ်...ဘာကိစ္စပဲဖြစ်လာလာ ဒီနေရာကို နင် ခြေလမ်းတစ်ဝက်တောင်ကပ်မလာဘဲနဲ့ မဟုတ်ရင် နင့်အတွက် အသက်အန္တရာယ်ရှိနိုင်တယ်...နားလည်ရဲ့လား"
စုရှောင်ယွီက တည်ကြည်လေးနက်စွာ ရှင်းပြသည်။
ရီဖုန်းက ခေါင်းညိတ်ကာ နံဘေးတဖက်သို့ လျှောက်လှမ်းသွားလိုက်သည်။
ရီဖုန်းသည် နံဘေးတစ်ဖက်သို့လျှောက်လှမ်းသွားသည်ကို မြင်တွေ့ပြီးနောက် စုရှောင်ယွီ၏လှပသောမျက်နှာလေး တည်ကြည်လေးနက်စပြုလာသည်။
ဤသည်မှာ သူမ၏ပထမဆုံးတိုက်ပွဲအတွေ့အကြုံဖြစ်သဖြင့် ကောင်းမွန်သောရလဒ်ကို ယူဆောင်ရပေမည်။
သူမ၏နူးညံ့သေးသွယ်သောလက်ကို အနည်းငယ်လှုပ်ရှားလိုက်ခြင်းနှင့်အတူ သူမ၏လက်အတွင်းရှိဓားရှည် အနည်းငယ်တုန်ခါသွားသည်။ထို့နောက် ပတ်ဝန်းကျင်နေရာတဝိုက်တွင် မှော်စွမ်းအားအလန်းတန်းများ လွှမ်းခြုံသွားကာ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။
ထို့နောက် အဆောင်လက်ဖွဲ့တစ်ခုကို ဆုတ်ဖြဲလိုက်ခြင်းနှင့်အတူ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ကြည်လင်သောအလင်းလွှာတစ်လွှာ ထွက်ပေါ်လာသည်။ထိုအလင်းလွှာတောက်ပနေသရွေ့သူမအား ပြီးပြည့်စုံသောခုခံကာကွယ်မှုကို ပေးစွမ်းနိုင်ပေမည်။
သူမသည် ဝင်္ကပါအလံဆယ့်ရှစ်ခုကို ထပ်မံ၍ထုတ်ယူပြီး လေထုအတွင်းသို့ပစ်လွှတ်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ပေါင်းစပ်မှုတစ်ခုဖြင့် မြေပြင်ပေါ်၌ နေရာချထားလိုက်သည်။ထိုဝင်္ကပါအလံများမှ အလင်းတန်းများချိတ်ဆက်သွားပြီး စုရှောင်ယွီကို ဝိုင်းရံသွားသည်။ဤဝင်္ကပါသည် သူမ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်ပေ၏။
စုရှောင်ယွီက သူမ၏နူးညံ့သေးသွယ်သောလက်ကို ထပ်မံ၍ဝှေ့ယမ်းပြီးနောက် ရှုပ်ထွေးသောလက်စည်းသင်္ကေတများကို ဖွဲ့စည်းလိုက်သည်။နောက်ဆုံးလက်စည်းတံဆိပ် ကျရောက်သွားသောအချိန်တွင် ရွှေရောင်အလင်းတန်းများတောက်ပနေသော စာလိပ်တစ်လိပ်က မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားသည်။
ထိုစာလိပ်မှနေ၍ အလင်းတန်းတစ်တန်း ကျရောက်လာကာ ခေါင်းနှစ်လုံးနတ်ဆိုးကို တင်းတင်းကြပ်ကြပ် ချိတ်ပိတ်လိုက်သည်။ဤစာလိပ်၏အရှိန်အဝါဖြင့် ခေါင်းနှစ်လုံးနတ်ဆိုး၏စွမ်းအားကို အနည်းငယ် အားနည်းသွားစေနိုင်သည်။
နောက်ဆုံးအနေဖြင့် စုရှောင်ယွီ၏လက်အတွင်းရှိကျောက်စိမ်းပြားပေါ်သို့ သွေးအနှစ်သာရအနည်းငယ် ကျရောက်သွားသည်။ထိုကျောက်စိမ်းပြားသည် တောက်ပသွားကာ နောက်ဆုံး၌ မြေပြင်ပေါ်သို့ ကြယ်ရောင်အလင်းတန်းများအဖြစ် ဖြာကျလာသည်။ထိုအလင်းတန်းများသည် သိပ်သည်းသွားကာသူမကိုကူညီပေးနိုင်သော ရွှေခြင်္သေ့တစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ထိုရွှေခြင်္သေ့သည် တစ်ချက်ဟိန်းဟောက်လိုက်ရာ ကြီးကျယ်ခမ်းနားသောအသံတစ်သံ ထွက်ပေါ်လာသည်။
'အကာအကွယ်အလွှာ...'
'စွမ်းအားမြှင့်တင်ခြင်း နတ်ဆိုးကိုအားနည်းစေခြင်း အကူအညီမှော်သားရဲကိုဆင့်ခေါ်ခြင်း....'
'ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကြိုတင်ပြင်ဆင်မှုလဲ'
'ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့အနှစ်သာရလား'
နံဘေးတစ်ဖက်မှာနေ၍ တိုက်ပွဲကိုစောင့်ကြည့်နေသော ရီဖုန်းသည် လေးစားကြည်ညိုစွာဖြင့် သက်ပြင်းရှိုက်လိုက်၏။
သူသည် မသိစိတ်မှနေ၍ သူ၏သိုလှောင်လက်စွပ်အတွင်းရှိ သံချေးတက်နေသောသံဓားကြီးနှင့် မျက်ဖြူတစ်ဝက်လန်နေသော ထုံထိုင်းထိုင်းခရုကြီးကို ကြည့်လိုက်သည်။
ဤသည်မှာ အမှန်တကယ်ကို အလွန်အမင်းကွဲပြားခြားနားနေသည်။
ခေါင်းနှစ်လုံးနတ်ဆိုးနှင့် ရင်ဆိုင်ရန်အတွက် စုရှောင်ယွီက လှုပ်ရှားလိုက်သည်။ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ပြီးနောက် သူမသည် ဓားရှည်ကိုဆုပ်ကိုင်ကာ လေထုအတွင်းသို့ခုန်တက်လိုက်၏။
"ပထမဓားချက်...အရာအားလုံးကို ဖြတ်တောက်မယ်..."
"ဒုတိယဓားချက်....တောင်နဲ့မြစ်ကို ဖြတ်တောက်မယ်...."
"တတိယဓားချက်....မိုးနဲ့မြေကို ဖြတ်တောက်မယ်..."
"စတုတ္ထဓားချက်...ကံကြမ္မာကို ဖြတ်တောက်မယ်...."
စုရှောင်ယွီက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် သူမ၏ဓားရှည်မှာနေ၍ ဓားချက်လေးချက်ကို ဆက်တိုက်ထုတ်လွှတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် တောက်ပသောဓားချီလှိုင်းများ ထောင်နှင့်ချီ၍ထွက်ပေါ်လာကာ လေထုအတွင်းသို့ ပျံ့လွင့်သွားသည်။ထိုဓားချီများသည် လေထုကိုဖြတ်တောက်သွားသဖြင့် လေဟာနယ်ပင်လျှင် တည်ငြိမ်ခြင်းမရှိတော့ချေ။
"ဘယ်လောက်တောင်အားကောင်းတဲ့ ဓားနည်းစနစ်လဲ"
အဝေးတစ်နေရာတွင်ရှိနေသော ရီဖုန်းသည် ထပ်မံ၍မလေးစားဘဲ မနေနိုင်တော့ချေ။စုရှောင်ယွီ၏ ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့် သူ့အား ရှက်ရွံမှုကို ခံစားရစေသည်။
ဤသည်မှာ အလွန်အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုပင်။
သူမသည် အင်အားစုကြီးတစ်ခုမှ တပည့်တစ်ယောက်ဖြစ်နေသလော....
သူမ၏ဓားနည်းစနစ်သည် အမှန်တကယ်ကိုထူးခြားပေ၏
သူ့ကိုယ်သူပြန်ကြည့်လိုက်ချိန်တွင် သူ၏ဓားနည်းစနစ်သည် ခုတ်ပိုင်းခြင်းပင်။
သူ၏စိတ်အတွင်း၌ မနာလိုမှုများ အလိုအလျောက်ပေါက်ဖွားလာသည်။
သို့ရာတွင်...
စုရှောင်ယွီ၏တိုက်ခိုက်မှုများသည် အသုံးမဝင်ချေ။
သူမ ထုတ်လွှတ်ထားသော တောက်ပသည့်ဓားချီများသည် ခေါင်းနှစ်လုံးနတ်ဆိုး၏အမွှေးတစ်ချောင်းကိုပင် ဖြတ်တောက်နိုင်ခြင်းမရှိချေ။
"ဒါက...."
စုရှောင်ယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူမသည် ဤရလဒ်ကို မည်သည်ကြောင့် လက်ခံနိုင်မည်နည်း။ထိုကြောင့် သူမက သတိကြီးစွာထား၍ ရွှေခြင်္သေ့ကို အမိန့်ပေးလိုက်သည်။
"အရူးခြင်္သေ့ သတ်လိုက်စမ်း...."
ဝေါင်း..
ဟိန်းဟောက်သံတစ်သံနှင့်အတူ...
စုရှောင်ယွီ ဆင့်ခေါ်ထားသော ရွှေခြင်္သေ့သည် ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟပြီးနောက် ကြီးကျယ်ခမ်းနားသောအရှိန်အဝါကို ထုတ်ဖော်အသုံးပြုကာ ခေါင်းနှစ်လုံးနတ်ဆိုးထံ ဦးတည်၍ ခုန်အုပ်လိုက်သည်။
ဘုန်း...
ထိုရွှေခြင်္သေ့သည် ခေါင်းနှစ်လုံးနတ်ဆိုး၏ ထက်ခြမ်းဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီးနောက်ပျောက်ကွယ်သွားခဲ့သည်။
"ဘာလို့လဲ...ဘာလို့ ဒီလိုဖြစ်လာတာလဲ..."
စုရှောင်ယွီ၏လှပသောမျက်နှာလေး ဖြူရော်နေသည်။သို့ရာတွင် ခေါင်းနှစ်လုံးနတ်ဆိုးသည် သူမအား တိုက်ခိုက်နေလေပြီ။
"တိုက်ပွဲဝင်္ကပါ...အသက်ဝင်စမ်း"
စုရှောင်ယွီက လက်စည်းသင်္ကေတများကိုဖွဲ့စည်းလိုက်ခြင်းနှင့်အတူ ဝင်္ကပါအလံများ၏ဖွဲ့စည်းပုံ ပြောင်းလဲသွားပြီး ခေါင်းနှစ်လုံးနတ်ဆိုးကို လှောင်ပိတ်လိုက်သည်။
သို့ရာတွင် ခေါင်းနှစ်လုံးနတ်ဆိုး၏တန်ပြန်တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ဝင်္ကပါအလံဆယ့်ရှစ်ခု ပျက်စီးသွားတော့သည်။
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ယံအတွင်းရှိ စာလိပ်သည်လည်း မှေးမှိန်သွားသည်။
ခေါင်းနှလုံးနတ်ဆိုးသည် သူ၏လက်ကိုတစ်ချက်ရိုက်ပုတ်လိုက်ခြင်းနှင့်အတူ စုရှောင်ယွီ၏အကာအကွယ်အလွှာပေါ်သို့ ကျရောက်လာသည်။
အကာအကွယ်အလွှာသည် ခေါင်းနှစ်လုံးနတ်ဆိုး၏တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့သော်လည်း အက်ကွဲကြောင်းတစ်ကြောင်း ရုတ်တရက် ထွက်ပေါ်လာသည်။
နောက်ထပ်တိုက်ခိုက်မှုတစ်ခု ကျရောက်လာပြီးနောက် အက်ကွဲကြောင်းသည် ပို၍ကြီးမားသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင်...
စုရှောင်ယွီသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။သူမသည် ဤနတ်ဆိုး၏စွမ်းအားကို လျှော့တွက်ခဲ့မိပေ၏။သူမတို့နှစ်ယောက်သည် ခွန်အားခြင်းတူညီသောအဆင့်၌ ရှိမနေချေ။
ခေါင်းနှစ်လုံးနတ်ဆိုး၏တိုက်ခိုက်မှုများ ပို၍ပို၍ပြင်းထန်လာကာ အကွာအကွယ်အလွှာပေါ်ရှိ အက်ကွဲကြောင်းသည်လည်း ပို၍ပို၍ကြီးမားလာသည်။ဤမြင်ကွင်းကိုကြည့်ပြီး စုရှောင်ယွီ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။သူမသည် မည်ကဲ့သို့ ပြုလုပ်ရတော့မည်ကို မသိတော့သဖြင့် မသိစိတ်မှနေ၍ သူမ၏ပါးစပ်ကိုဟပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ကယ်ကြပါအုံး..."
ထိုအသံကျရောက်လာသည်နှင့်အတူ ခေါင်းနှစ်လုံးနတ်ဆိုးသည် လက်ဝါးတစ်ဖက်ဖြင့်သူမ၏အကာအကွယ်အလွှာကို ခြေမွှဖျက်ဆီးကာ တခြားလက်တစ်ဖက်ဖြင့် သူမကို တိုက်ခိုက်လိုက်သည်။
သူမအတွက် လွတ်လမ်းမရှိတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် သူမသည် မည်ကဲ့သို့ ခုခံရမည်ကိုလည်း အနည်းငယ်မျှ စဉ်းစား၍မရပေ။
သို့ရာတွင်...
သူမ သေဆုံးရတော့မည်ဟု စဉ်းစားတွေးသောနေစဉ်မှာပင် မိုးကောင်းကင်ယံအတွင်းမှနေ၍ သံဓားကြီးတစ်လက်ကျဆင်းလာကာ သူမ၏နှာခေါင်းထိပ်ရှေ့မှာနေ၍ အောက်သို့ကျရောက်သွားသည်။ထိုဓား၏လက်ကိုင်ရိုးပေါ်တွင် သံချေးများတက်နေသည်ကိုပင် သူမ မြင်တွေ့မိလေ၏။
သို့ရာတွင် ဤဓားကြီးသည် သူမ၏မျက်လုံးအတွင်း၌ အလွန်ကြီးကျယ်ခမ်းနားနေသည်။ထိုဓားချက်သည် ရှည်လျားသောနောက်ချန်ပုံရိပ်တစ်ခုကို ချန်ထားပြီးနောက် ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားအပြည့်ကို သယ်ဆောင်ပြီး ခေါင်းနှစ်လုံးနတ်ဆိုးကို ထက်ခြမ်းခုတ်ပိုင်းလိုက်သည်။
စုရှောင်ယွီသည် သူမ၏ရှေ့ရှိ နတ်ဆိုးအလောင်းကိုကြည့်ပြီး အချိန်အတော်ကြာသည့်အထိ စိတ်တည်ငြိမ်နိုင်ခြင်းမရှိချေ။
သူမ၏စိတ်အတွင်း၌ အစောပိုင်းက ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသောဓားကြီးသာလျှင် ရစ်သိုင်းလွှမ်းခြုံနေသည်။
"ဟူး ကံကောင်းလို့သာပဲ..."
သူမ၏နီမြန်းသောနှုတ်ခမ်းများ အနည်းငယ်တုန်ရီနေသည်။
သူမသည် ကူကယ်ရာမဲ့စွာဖြင့် နံဘေးတစ်ဖက်သို့ လှည့်ကြည့်လိုက်၏။အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် မြေပြင်ပေါ်ရှိ အနက်ရောင်နတ်ဆိုးအမြူတေကိုကောက်ယူပြီးနောက် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်ကို သူမ မြင်တွေ့မိသည်။ ထို့နောက် သူသည် သူမ၏ရှေ့သို့ လျှောက်လှမ်းလာပြီး ပေါ့ပေါ့ပါးပါးပြောဆိုလေ၏။
"အင်မော်တယ်သလင်းကျောက်တစ်သောင်း...."
အချိန်အတော်ကြာသည်အထိ ကြက်သေသေနေသော စုရှောင်ယွီသည် အသိဝင်လာကာ ရီဖုန်း၏လက်အတွင်းမှ နတ်ဆိုးအမြူတေကို အလျှင်အမြန်ဆွဲယူလိုက်သည်။
"နင် ခုဏကလအသုံးပြုလိုက်တဲ့ ဓားနည်းစနစ်ရဲ့နာမည်က ဘာလဲ...ဒါက အရမ်းကောင်းတာပဲ ....အရမ်းအစွမ်းထက်တယ်"
စုရှောင်ယွီက လေးစားကြည်ညိုသောအမူအယာဖြင့် မေးမြန်းသည်။
"ငါ ခုဏက သုံးလိုက်တဲ့ ဓားနည်းစနစ်လား"
ရီဖုန်းသည် ထိုကိစ္စကို အလွန်အလေးအနက်ထား၍ စဉ်းစားတွေးတောပြီးနောက် စုရှောင်ယွီကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"ဒါကို လောလောဆယ်တော့ နံပါတ်တစ်ခုတ်ပိုင်းခြင်းနည်းစနစ်လို့ခေါ်တယ်"
Chapter 814
"ဘယ်လောက်တောင် ထူးဆန်းတဲ့နာမည်လဲ"
စုရှောင်ယွီက ကူကယ်ရာမဲ့စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
ရီဖုန်း ရှေ့မှလျှောက်လှမ်းသွားသည်ကိုကြည့်ပြီး စုရှောင်ယွီသည် နောက်မှနေ၍ အလျင်စလိုပြေးလိုက်ပြီး ရီဖုန်း၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"စီနီယာ...နင်က အရမ်းအစွမ်းထက်တာပဲ"
စုရှောင်ယွီက လေးစားကြည်ညိုသောအမူအယာဖြင့် ပြောဆိုသည်။
ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။သူသည် ခေါင်းနှစ်လုံးနတ်ဆိုးတစ်ကောင်ကိုသာ သတ်ဖြတ်ခဲ့သည်မဟုတ်လော။
ဤကဲ့သို့နတ်ဆိုးမျိုးကို သူသည် အကောင်ပေါင်းထောင်သောင်းချီ၍ သတ်ဖြတ်ခဲ့လေရာ မည်သည်ကြောင့် ဤမိန်းကလေးသည် သူ့အား အလွန်အစွမ်းထက်သည်ဟု ချီးမွမ်းနေသနည်း။
ဖြစ်နိုင်သည်မှာ သူမသည် သူနှင့် နီးစပ်အောင်နေ၍ ဈေးဆစ်လိုခြင်း ဖြစ်နေသလော...
ဤသို့လုပ်၍ မရချေ။
ရီဖုန်းသည် စုရှောင်ယွီ၏ဆုပ်ကိုင်ထားမှုမှ အလျှင်အမြန် ရုန်းထွက်လိုက်သည်။
စုရှောင်ယွီသည် သူ့အား တဖန်ပြန်၍ တွယ်ကပ်လာပေ၏။
"စီနီယာ နင်က ငါ့ရဲ့ဦးလေးနဲ့တခြားလူတွေပြောတဲ့ ကြင်နာတတ်တဲ့လူမျိုးပဲဖြစ်မယ်...နင်က ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတဲ့ ဆရာကြီးတစ်ယောက် မဟုတ်လား"
သူမက မျှော်လင့်ချက်များတောက်ပနေသော မျက်လုံးတစ်စုံဖြင့် မေးမြန်းသည်။
ရီဖုန်းသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေစဉ်တွင် ကိုယ်ရေးကိုယ်တာခံစားချက်များ တစ်ကြိမ်ပါဝင်ပတ်သက်လာသည်နှင့် အလုပ်လုပ်ကိုင်ရန်မလွယ်တော့ချေ။
"စီနီယာ...နင် ခုဏက အသုံးပြုလိုက်တဲ့ဓားကြီး ငါ့ကို ပြလို့ရမလား"
စုရှောင်ယွီက ရီဖုန်း၏လက်မောင်းကို ဆုပ်ကိုင်ပြီး ထပ်မံ၍မေးမြန်းသည်။
ထပ်လာပြန်သလော..
နီးစပ်ရန်မှာ မဖြစ်နိုင်လုနီးပါးပင်။
ရီဖုန်းက စုရှောင်ယွီကိုတွန်းထုတ်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"မိန်းကလေး...ကျေးဇူးပြုပြီးတော့ မင်းရဲ့အပြုအမူကို ထိန်းသိမ်းပါ...ဘယ်လိုပဲဖြစ်ဖြစ် ယောက်ျားလေးနဲ့မိန်းကလေးဆိုတာ နီးနီးကပ်ကပ်မနေသင့်ဘူး"
"စီနီယာက အင်မော်တယ်သလင်းကျောက်တွေကို မကြိုက်တော့ဘူးလား...ငါက စီနီယာကို အင်မော်တယ်သလင်းကျောက်တစ်သိန်းပေးမယ် ....နင့်ရဲ့ဓား ငါ့ကို ပြနိုင်မလား"
စုရှောင်ယွီက ချစ်စဖွယ်ကောင်းသောလေသံဖြင့် ပြောဆိုသည်။
"ဒါက ငါ ငွေကြောင့် မင်းကိုပြတာ မဟုတ်ဘူး...မင်းကိုပြလိုက်လို့လည်း ငါ့အတွက် ဘာမှထူးခြားသွားမှာ မဟုတ်လို့ပဲ"
ရီဖုန်းက သူ၏လက်အတွင်းရှိသံဓားကြီးကို စုရှောင်ယွီထံသို့ အလျှင်အမြန်ပေးလိုက်သည်။
"ဟူး ဒီလိုမျိုး အခြေအနေတစ်ခုအောက်မှာ ဒီဓားနဲ့ နတ်ဆိုးကိုသတ်လိုက်တယ်ဆိုတာ တွေးကြည့်ဖို့တောင် အရမ်းခက်ခဲတယ်"
စုရှောင်ယွီက ဓားရှည်ကို ဝှေ့ယမ်းကြည့်လိုက်သည်။မည်သည်ကြောင့်ဟု သူမ မသိသော်လည်း ဤဓားသည် အလွန်အစွမ်းထက်သည်ဟု သူမ တွေးထင်မိလေ၏။
"စကားမစပ်...စီနီယာ ဒီဓားရဲ့နာမည်က ဘာလဲ"
စုရှောင်ယွီက မေးမြန်းသည်။
"ဒါကို သံဓားလို့ခေါ်တယ်"
ရီဖုန်းက ပြောဆိုသည်။
"နာမည်ကောင်းလေးပဲ"
စုရှောင်ယွီ၏မျက်လုံးအတွင်း၌ လေးစားကြည်ညိုမှုများ ဖြတ်ပြေးသွားသည်။သူမသည် သံဓားကိုဆုပ်ကိုင်ပြီး အကြိမ်ရေအနည်းငယ်ခန့်ဝှေ့ယမ်းပြီးနောက် ဝန်လေးစွာဖြင့် ရီဖုန်းထံသို့ပြန်ပေးလိုက်၏။
သူတို့နှစ်ယောက်သည် စကားပြောဆိုနေရင်း မြစ်တစ်စင်းထံသို့ ရောက်ရှိသွားခဲ့သည်။
ဤမြစ်သည် အနက်ရောင်မြူခိုးများ၏အစွန်အဖျားတစ်လျှောက် တည်ဆောက်ထားသည့် အတုအယောင်မြစ်တစ်စင်းပင်။ဤမြစ်အတွင်းတွင် ဝင်္ဂဘာ အမြောက်အများရှိနေကာ အနက်ရောင်မြူခိုးများ ပျံ့နှံ့လာမှုကို ပိုင်းခြားထားရန် အထူးသီးသန့်အသုံးပြုသည်။
ရီဖုန်းသည် ပေါ့ပေါ့ပါးပါးအမူအယာဖြင့် မြစ်အတွင်းသို့ခုန်ချကာ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများအတွင်းသို့ ခြေချလိုက်သည်။
"ဒါက..."
သူ၏နောက်တွင်ရှိနေသော စုရှောင်ယွီသည် စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်လိုက်၏။သူမက သူမ၏ပါးစပ်ကိုဖုံးအုပ်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"စီနီယာ နင်က အရမ်းတော်တာပဲ...အဲ့ဒီနေရာကိုဒီအတိုင်း ခုန်ဝင်သွားရဲတယ်"
ရီဖုန်း မျက်ဖြူလန်သွားသည်။
ဤမိန်းကလေး၏စိတ်ကူးယဉ်ဆန်မှုသည် အလယ်တန်းကျောင်းသူတစ်ယောက် အလားပင်။
မည်သည့်အရာကို တော်သည်ဟု ပြောဆိုလိုက်သနည်း။
လက်တွေ့ကျကျပြောဆိုရလျှင် ဤသည်မှာ မြစ်တစ်စင်းကို ဖြတ်ကူးရုံသာမဟုတ်လော...
သူ အနည်းငယ် ကိုးရိုးကားရားဖြစ်သွားသည်။
"စီနီယာ ငါ နင်နဲ့အတူ သွားလို့ရမလား"
စုရှောင်ယွီသည် စိတ်လှုပ်ရှားနေသောအမူအရာယာဖြင့် အနက်ရောင်မြူခိုးများအတွင်းသို့ ဝင်လိုက်သည်။ဤမြစ်အတွင်းသို့ ဝင်ရောက်ရမည်ကို တွေးတောမိသည်နှင့် သူမ စိတ်လှုပ်ရှားသွားသည်။
မည်သို့ပင်ဆိုစေကာမူ ဤထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများအကြားသို့ ဝင်ရောက်ပါက မည်သူမဆို သေဆုံးသွားနိုင်သည်မဟုတ်လော...
"ဒီနေရာကို လာခဲ့...ဒါက မြစ်လေးတစ်စင်းပဲမဟုတ်လား"
ရီဖုန်းက ဆွံ့အနေသောအမူအယာဖြင့် ပြောဆိုသည်။
ဤကဲ့သို့ ရိုင်းပျသောစကားကို နားထောင်ရသည်တိုင်....
စုရှောင်ယွီသည် ရုတ်တရက် ရီဖုန်းကဲ့သို့လူတစ်ယောက်ဖြစ်လာရန် မျှော်လင့်တောင့်တလိုက်သည်။
ထို့နောက် သူမ၏ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါးခုန်လိုက်ပြီးနောက် မြစ်အတွင်းသို့ ရောက်ရှိသွားသည်။
သူမ၏လှုပ်ရှားမှုသည် ကျားများကိုမကြောက်ရွံ့သော နွားပေါက်စတစ်ကောင်အလားပင်။
အကယ်၍ သာမန်လူတစ်ယောက်ဆိုပါက ဤမြစ်အတွင်းသို့ မည်သူ ခြေချဝံ့မည်နည်း။အကယ်၍ ထိုလူသည် အနက်ရောင်မြူခိုးများ၏ပူးကပ်ခြင်းကိုခံရပါက အကျိုးဆက်များကို ဖယ်ရှား၍ရမည် မဟုတ်တော့ချေ။
သူတို့နှစ်ယောက်သည် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများအတွင်းသို့ ဝင်ရောက်ခဲ့လေ၏။
ရီဖုန်း၏အမြင်အရ ဤမြစ်ကိုဖြတ်ကူးနေချိန်တွင် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေရုံသက်သက်ပင်။
သို့ရာတွင် စုရှောင်ယွီ၏အမြင်အရ မည်သည့်နေရာတွင်မဆို သူမ၏လက်ကိုပင် သူမ ပြန်မမြင်နိုင်တော့သည့် အကန့်အသတ်မရှိသော အမှောင်ထုကြီးရှိနေသည်။ထို့ကြောင့် သူမ၏လက်ဖြင့် ရီဖုန်းကိုဆုပ်ကိုင်ထားကာ နောက်မှထပ်ချပ်မကွာလိုက်၍ ခြေလမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလိုက်သည်။
သို့ရာတွင် သူမ၏လှပသောမျက်နှာလေးပေါ်၌ တစ်ချိန်လုံး စိတ်လှုပ်ရှားသောအရိပ်အယောင်များ ထင်ဟပ်နေကာ သူမ၏နှလုံးခုန်နှုန်း လျှင်မြန်နေသည်။
ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများအကြား၌ လျှောက်လှမ်းသွားနိုင်ခြင်း...
ဤသည်ကို အလေ့အကျင့်ဟု ခေါ်ဆိုနိုင်သည်။
တခြားတပည့်များသည် နတ်ဆိုးစုဝေးခြင်းလွင်ပြင်၌ ငုတ်တုတ်ထိုင်ကာ နတ်ဆိုးများကို စောင့်ဆိုင်းနေဆဲမဟုတ်လော...
'ဒီအစ်မကြီးကတော့ နတ်ဆိုးတွေရဲ့အခြေစိုက်စခန်းကို ရောက်သွားပြီ'
'ဘယ်သူက ဒီအစ်မကြီးကို ယှဉ်ပြိုင်နိုင်မှာလဲ'
သို့ရာတွင် သူမသည် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်တွေ့ရသဖြင့် ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"စီနီယာ ငါ ဘာကိုမှမမြင်ရဘူး...နင်က ဘယ်လိုလုပ်ပြီး မြင်ရတာလဲ"
"အော်...ဒါက နည်းနည်းလေးမှောင်နေရုံပဲမဟုတ်လား"
ရီဖုန်းက မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ အနည်းငယ်မှောင်စပျိုးနေသည်ကို မြင်တွေ့မိသည်။သို့ရာတွင် ဤသည်မှာ သဲသဲကွဲကွဲမမြင်နိုင်လောက်သည့်အထိ အလွန်မှောင်မည်းနေခြင်းမရှိချေ။
ကျင့်ကြံသူများသည် ညဘက်တွင် မျက်လုံးကန်းခြင်းဝေဒနာကို ခံစားနေရသလော...
ဝှစ်...
ရီဖုန်း၏လက်အတွင်း၌ မီးတုတ်တစ်ခု ထွက်ပေါ်လာကာ အနက်ရောင်မြူခိုးများကို ချက်ချင်းဖယ်ရှားလိုက်ပြီး ပတ်ဝန်းကျင်နေရာတဝိုက်ကို လင်းထိန်သွားစေသည်။
စုရှောင်ယွီသည် အလင်းရောင်ကို တဖန်ပြန်၍ မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အနက်ရောင်မြူခိုးများကို ဖယ်ရှားနိုင်ပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည့် တစ်စုံတစ်ခုအကြောင်းကို သူမ တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။
ရီဖုန်းသည် ဤကဲ့သို့ရတနာတစ်ခုကို လွယ်လင့်တကူထုတ်ယူနိုင်သည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းပေ၏။
"နင့်ရဲ့လက်ထဲကရတနာက ဘာလဲ...ဒါက အရမ်းကောင်းတာပဲ"
စုရှောင်ယွီက စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုကာ သူ့မ၏နှလုံးခုန်နှုန်း အလွန်လျှင်မြန်နေသည်။
"ဒါက မီးတုတ်လေ"
ရီဖုန်းက ပြောဆိုသည်။
"မီးတုတ်လား...အဲ့ဒီနာမည်ကိုကြားတာနဲ့ အရမ်းအစွမ်းထက်တယ်လို့ ငါ ခံစားရတယ်"
စုရှောင်ယွီက စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုသည်။
"ဒါက အရမ်းတန်ဖိုးကြီးမှာပဲ...ဟုတ်တယ်မလား"
"အင်း..."
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ဤမီးတုတ်သည် အမှန်တကယ်ကို စျေးပေါခြင်းမရှိပေ။သူသည် ဤအရာကို ပစ္စည်းကောင်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ဤမီးတုတ်ကို ပြုလုပ်သောပစ္စည်းများ၏တန်ဖိုးကို ပေါင်းလိုက်ပါက အင်မော်တယ်သလင်းကျောက်တစ်လုံးခန့် ကျသင့်ပေမည်။
သူတို့နှစ်ယောက်သည် အနက်ရောင်မြူခိုးများအကြား၌ ဆက်လက်၍လျှောက်လှမ်းခဲ့သည်။ နောက်ဆုံး၌ အချိန်တစ်ခဏကြာပြီးနောက် သူတို့သည် နတ်ဆိုးအလောင်းများရှိနေသောနေရာသို့ ရောက်ရှိလာခဲ့သည်။
အလောင်းမျောလွင့်တောင်ကြားတွင် တောင်ပုံရာပုံရှိနေသော နတ်ဆိုးအလောင်းများဖြင့် ပြည့်နှက်နေသည်။
"ဒီနတ်ဆိုးတွေရဲ့အဆင့်က အရမ်းနိမ့်တာကြောင့် ငါ ဒီနေရာကိုလာတာ နည်းတယ် ..ငါ အကြမ်းဖျင်းတွက်ချက်ကြည့်မယ်ဆိုရင် ဒီနေရာမှာ နတ်ဆိုးအမြူတေ ခုနှစ်သောင်း ရှစ်သောင်းလောက် ရှိနေနိုင်တယ်"
ရီဖုန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
အချိန်အတော်ကြာသည့်အထိ မည်သည့်တုံ့ပြန်မှုကိုမျှ ပြန်မရချေ။
ရီဖုန်းသည် စုရှောင်ယွီကို ပြန်လှည့်ကြည့်လိုက်ရာ သူမသည် နေရာမှာပင် ပါးစပ်အဟောင်းသားနှင့် မတ်တတ်ရပ်နေသည်အား မြင်တွေ့မိသည်။
ဒေါင်....
စုရှောင်ယွီ၏လက်အတွင်းမှ ဓားရှည်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။
ထို့နောက် သူမသည် ကြက်သေသေနေသောအမူအယာဖြင့် ရီဖုန်းကိုကြည့်ပြီး မေးမြန်းသည်။
"စီနီယာ ဒါကိုနည်းတယ်လို့ နင် ပြောလိုက်တာလား"
"ဟုတ်တယ်လေ"
ရီဖုန်းသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြပြီး ရှေ့သို့လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။
"ရှေ့မှာ သုံးနေရာကျန်သေးတယ်...အဲ့ဒီနေရာတွေအားလုံးပေါင်းလိုက်ရင် စုစုပေါင်း နတ်ဆိုးအမြူတေသုံးသန်းကျော်လောက် ရှိနေနိုင်တယ်"
ဒေါင်....
အစောပိုင်းကမှ သူမ ပြန်၍ကောက်ယူထားသောဓား မြေပြင်ပေါ်သို့ တဖန်ပြန်၍လွတ်ကျသွားသည်။
"ငါ...."
"ငါ..."
စုရှောင်ယွီသည် သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း မည်သည့်စကားကိုမျှ မပြောနိုင်ချေ။သို့ရာတွင် သူမ၏လှပသောမျက်နှာလေးပေါ်ရှိ စိတ်လှုပ်ရှားသောအမူအယာများ ပို၍ပို၍ပီပြင်ထင်ရှားလာသည်။
နတ်ဆိုးများ ပျောက်ကွယ်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ယခုကြည့်ကြည့်တော့မှ နတ်ဆိုးများအားလုံး ဤနေရာတွင် ရှိနေပေ၏။
ဤသည်မှာ အစစ်အမှန်ဆရာကြီးတစ်ယောက်ပင်။
သူသည် လက်ခုပ်လက်ဝါးတီးပြီး လူများအားလုံးကို ဆော့ကစားနေခဲ့သည်။
ဤသည်မှာ သူမ မျှော်လင့်တောင့်တနေခဲ့သောဘဝပင်။
သောက်ရေးမပါသောအတွေ့အကြုံ...သောက်ရေးမပါသောအငယ်ဆုံးတပည့်မလေး...
သူမသည် ထိုအရာများအားလုံးကို မလိုချင်တော့ဘဲ ရီဖုန်းကဲ့သို့လူတစ်ယောက်သာ ဖြစ်လိုသည်။
Chapter 815
"စီနီယာက ဒီနတ်ဆိုးတွေအားလုံးကို သတ်လိုက်တာလား"
စုရှောင်ယွီက မေးမြန်းသည်။
"အမှန်ပဲ"
ရီဖုန်းက ပြောဆိုသည်။
"ဒါဆိုရင် ငါက နင်နဲ့ပူးပေါင်းလို့ရမလား"
စုရှောင်ယွီက ရီဖုန်း၏လက်မောင်းကို ဖက်တွယ်ကာ မျှော်လင့်စောင့်စားမှုအပြည့်ဖြင့်မေးမြန်းသည်။
"မင်း ဘာကိုဆိုလိုတာလဲ"
ရီဖုန်းက ခြေတစ်လှမ်းနောက်ဆုတ်ပြီး သတိကြီးစွာထား၍ စုရှောင်ယွီကိုကြည့်လိုက်သည်။
ဤမိန်းကလေး...
သူမသည် သူ့ထံမှလုယက်လိုသလော...
"စီနီယာ...ငါဆိုလိုတာက နင် နတ်ဆိုးတွေကို သတ်တဲ့အချိန်မှာ နင်နဲ့အတူ ငါ့ကို ခေါ်သွားပေးလို့ရမလား...ငါက ဘေးကနေ စောင့်ကြည့်နေရုံပါပဲ...ငါ့ကို နတ်ဆိုးတစ်ကောင်လောက်တော့ သတ်ခွင့်ပြုပါ"
စုရှောင်ယွီက သူမ၏လက်ချောင်းတစ်ချောင်းကိုထောင်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
သူမသည် အကောင်းဆုံးကြိုးစားပါက နတ်ဆိုးတစ်ကောင်ကိုသတ်ရန်မှာ ဖြစ်နိုင်ချေရှိသည်။
ထို့ပြင် အစွမ်းထက်သော စီနီယာတစ်ယောက်မှနေ၍ နတ်ဆိုးများကို သတ်ဖြတ်နေချိန်၌ သူမသည် ကြံရာပါတစ်ယောက်အဖြစ် ပါဝင်နိုင်သည်။
ထို့ပြင် သူမသည် လူတိုင်းကို လက်ခုပ်လက်ဝါးတီးကာ ဆော့ကစားနေသော လက်သည်တရားခံနှင့်လည်း အတူတကွနေနိုင်ပေမည်။
ဤကိစ္စကို စဉ်းစားတွေးတောရုံဖြင့် အလွန်အံ့အားသင့်ဖွယ်ကောင်းပေ၏။
"နေပါအုံး....မင်းက ဒီပုတီးစေ့တွေကို ဝယ်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား...မင်း ဘယ်လောက်များများ လိုချင်တာလဲ"
ရီဖုန်းက သူ၏လက်ဝါးကိုဖြန့်ပြီး ပြောဆိုသည်။
"မင်းရဲ့ငွေကို ထုတ်ပေးတော့လေ"
"ငွေပေးရမှာက အဆင်ပြေပါတယ်...ဒါပေမယ့် အခု ငါ့မှာ အင်မော်တယ်သလင်းကျောက်တွေ အများကြီးပါမလာဘူး...ဒါကြောင့် အဲ့ဒီအင်မော်တယ်သလင်းကျောက်တွေအားလုံးကို ဖြည်းဖြည်းခြင်းစုစည်းပြီးတော့ နင့်ကိုပေးမယ်လေ...ရတယ်မလား..."
စုရှောင်ယွီက မေးမြန်းသည်။
ရီဖုန်းက သူ၏မေးကိုပွတ်သပ်ပြီး စဉ်းစားတွေးတောလိုက်သည်။
အမှန်အားဖြင့်...
ပုတီးစေ့တစ်လုံးလျှင် အင်မော်တယ်သလင်းကျောက်တသောင်းဖြစ်လေရာ ဤနေရာ၌ ပုတီးစေ့ပေါင်းသုံးသန်းလေးသန်းခန့်ရှိနေသည်။ ထို့ကြောင့် အင်မော်တယ်သလင်းကျောက်များ သန်းရာနှင့်ချီနေမည်ဖြစ်ရာ ဤမိန်းကလေး တစ်ကြိမ်တည်းဖြင့်ထုတ်ပေးနိုင်ရန်မှာ အမှန်တကယ်ကို မဖြစ်နိုင်ချေ။
"ရတယ်လေ....ဒါပေမဲ့ စရံပေးဖို့တော့လိုတယ်"
ရီဖုန်းက အလေးအနက်ထား၍ပြောဆိုသည်။
"စရံမပေးဘူးဆိုရင်တော့ မင်း ဒါတွေကို ယူလို့မရဘူး"
စုရှောင်ယွီက အင်မော်တယ်သလင်းကျောက် သန်းပေါင်းများစွာပါဝင်သော သိုလှောင်အိတ်တစ်အိတ်ကိုထုတ်ပြီး ရီဖုန်းထံသို့ ပေးလိုက်သည်။
ရီဖုန်း၏မျက်နှာပေါ်၌ အပြုံးတစ်ခုထင်ဟပ်လာသည်။
ဤသိုလှောင်အိတ်၏လေးလံသောအလေးချိန်ကြောင့် သူ၏ခံစားချက်များ အမှန်တကယ် ကောင်းမွန်သွားသည်။
"စီနီယာ...ငါ ခုဏကပြောခဲ့တဲ့ တောင်းဆိုချက်ကို သဘောတူပေးနိုင်မလား"
စုရှောင်ယွီက မျှော်လင့်ချက်အပြည့်ဖြင့် ထပ်မံမေးမြန်းသည်။
"နင်နဲ့အတူ ငါ့ကို လိုက်ခွင့်ပြုပါ"
"မရဘူး"
ရီဖုန်းက တိုက်ရိုက်ငြင်းဆန်လိုက်သည်။
"အရမ်းစိတ်မပူပါနဲ့....ငါက ငွေကြေးစုဆောင်းဖို့အတွက် ပြန်သွားရမှာပါ...ဒါပေမဲ့ ငါ ပြန်မသွားခင်မှာ နင်နဲ့အတူ ခဏလောက်နေခွင့်ပြုပါလား... ငါက နင့်ရဲ့နောက်ကို လိုက်ချင်ရုံသက်သက်ပဲ...နင်ရှိနေတဲ့နေရာမှာ ငါရှိနေတယ်ဆိုရင် ကျေနပ်ပြီ"
စုရှောင်ယွီက ရီဖုန်း၏လက်ကိုဆုပ်ကိုင်ကာ လှုပ်ယမ်းပြီးပြောဆိုသည်။
"မရဘူး"
ရီဖုန်းက ထပ်မံ၍ငြင်းဆန်လိုက်သည်။
ဤမိန်းကလေးသည် ငွေများသွားရောက်၍ စုစည်းရန်လိုသော ကိစ္စရှိနေသည့်တိုင် သူ၏နောက်သို့လိုက်၍ အချိန်ဖြုန်းလိုသလော...
ယခုအချိန်၌ သူ့ထံတွင် ငွေကြေးအမြောက်အများရှိနေသည့်တိုင် သူသည် ယောက်ျားတစ်ယောက်ဖြစ်နေသော အရင်းအမြစ်ကို မေ့လျော့ခြင်းမရှိချေ။
ထို့ပြင် ဤမိန်းကလေးသည် အလွန်ထူးဆန်းသဖြင့် သူ့အား မည်မျှထိ စိတ်အနှောင့်အယှက်ပေးနိုင်မည်ကို သူ မသိရှိချေ။
"စီနီယာ...ငါ နင့်ကို တောင်းပန်ပါတယ်"
စုရှောင်ယွီက ချစ်စဖွယ်ကောင်းသောအမူအယာဖြင့် ရီဖုန်း၏လက်မောင်းကို အဆက်မပြတ်လှုပ်ယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး"
ရီဖုန်းက ပြတ်ပြတ်သားသားပြောဆိုသည်။
"ဝါး ဝါး...စီနီယာ ငါ နင့်ကို တောင်းပန်ပါတယ် ...နင် ကြည့်လိုက်အုံး....အခုက မိုးချုပ်နေပြီ....တကယ်လို့ နင် ငါ့ကိုတစ်ယောက်တည်း ချန်ထားခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ...ငါက နင်ရဲ့နောက်ကိုပဲ လိုက်ချင်တာပါ...နင် ငါ့ကို ဘာပဲလုပ်ခိုင်းခိုင်း ငါ လုပ်မယ်"
စုရှောင်ယွီက မျက်ရည်စက်လက်ဖြင့် ပြောဆိုသည်။
"ဒါက မဖြစ်နိုင်ဘူး"
ရီဖုန်းက သူ၏လေသံကိုမြှင့်လိုက်သည်။
ဤမိန်းကလေး၏အပြုအမူများသည် အလွန်အဓိပ္ပာယ်မရှိလေရာ သူမထံ၌ အစီအစဉ်တစ်ခုရှိနေနိုင်သည်
ထို့ကြောင့် ရီဖုန်းသည် သူမ၏တောင်းဆိုချက်ကို လက်မခံရန် ဆုံးဖြတ်ထားလေ၏။
"စီနီယာ....နင်က အင်မော်တယ်သလင်းကျောက်တွေကို သဘောမကျဘူးလား...ငါ့မှာ အရည်အချင်းလေး တစ်ခုရှိတယ်...ငါက ရတနာတွေကိုရှာနိုင်တယ်"
စုရှောင်ယွီက အလျှင်အမြန်ပြောဆိုသည်။
"ငါက ငါ့ရဲ့ဦးလေးတွေနဲ့ဆရာတွေကို ရတနာတွေအများကြီး ရှာပေးခဲ့တယ်...အဲ့ဒီရတနာတွေထဲမှာ အင်မော်တယ်သလင်းကျောက်တွေ အများကြီးအများကြီးပါတယ်"
ထိုသို့ပြောဆိုပြီးနောက် သူမ၏ဖြောင့်စင်းနှာခေါင်းကို တရှုံရှုံလုပ်ပြီးအနံ့ခံကာ မလှမ်းမကမ်းတစ်နေရာသို့ လျှောက်လှမ်းသွားပြီး သူမ၏လက်ကိုအသုံးပြု၍ မြေကြီးအတွင်းမှ အင်မော်တယ်သလင်းကျောက်တစ်လုံးကို ဆွဲထုတ်လိုက်သည်။
"စီနီယာ ကြည့်လိုက်အုံး...ငါ နင့်ကို မလိမ်ပါဘူး"
စုရှောင်ယွီက တည်တည်လေးနက်စွာ ပြောဆိုသည်။
စုရှောင်ယွီ၏လက်အတွင်းရှိ အင်မော်တယ်သကျောက်ကိုကြည့်ပြီး ရီဖုန်းက တည်ငြိမ်စွာဖြင့် သူ၏ခေါင်းကိုမော့လိုက်သည်။
"လောကကြီးထဲမှာရှိတဲ့လူတွေက ကောင်းမှုကုသိုလ်တွေကိုလုပ်ပြီးတော့ သူတော်ကောင်းတရားကို စောင့်ထိန်းသင့်တယ်.. မင်းလိုမိန်းကလေးတယောက်ကို ညအမှောင်ထဲမှာ တစ်ယောက်တည်းထားခဲ့ရင် အမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်"
"ကျေးဇူးပြုပြီးတော့ မင်းက တစ်ချိန်လုံး ငါနဲ့အတူနေပြီး ငါရဲ့နောက်ကိုလိုက်ခဲ့ပါ"