အခန်း (၈၁၆-၈၂၀)
Vol. 55 Ch. 816-820
Chapter 816
အရိပ်ကျွန်းတွင်...
ထိုအချိန်မှစ၍ ရတနာအမဲလိုက်သောမိန်းကလေးတစ်ယောက် ရှိလာခဲ့သည်။
ထိုမိန်းကလေးသည် နေ့စဉ်နေ့တိုင်း မိုးကောင်းကင်ယံကြီး လင်းလာသည်နှင့် သိုလှောင်လက်စွပ်တစ်ကွင်းနှင့်မီးတုတ်တစ်ချောင်းကိုကိုင်ပြီး ပြင်ပသို့ထွက်သွားသည်။
နေ့စဉ်နေ့တိုင်း သူမ အိမ်သို့ပြန်လာချိန်တွင် သိုလှောင်လက်စွပ်အတွင်း၌ ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
ညအချိန်အရောက်တွင် သူမသည် နတ်ဆိုးများကိုသတ်ဖြတ်ရန် ရီဖုန်းနှင့်အတူ ပြင်ပသို့ထွက်သွားလေ၏။
သူမ၏ခွန်အားဖြင့် သူမသည် တွားသွားနတ်ဆိုးတကောင်နှင့်မန်ဒိုသားရဲတကောင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
ချော်ရည်နတ်ဆိုးနှင့်ခေါင်းနှစ်လုံးရေနတ်ဆိုးကိုမူ သူမသည် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့ခြင်းမရှိချေ။ထို့ကြောင့် ရီဖုန်းတိုက်ခိုက်နေစဉ်တွင်သူမက ဓားတစ်လက်ဖြင့် အဆုံးသတ်ပေးခဲ့သည်။
သူမကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ဤကိစ္စများအတွင်းတွင် သူမကိုယ်သူမ နှစ်မြုပ်ထားသည်။
ကပ်ဘေးအဆင့် ကောင်းကင်နံရံဂိုဏ်း...
ဤအချိန်အခိုက်အတန့်တွင် စည်းဝေးခန်းမအတွင်း၌ လူများဖြင့်ပြည့်နှက်နေသည်။
ဤနေရာတွင် ကောင်းကင်နံရံဂိုဏ်းမှလူများအပြင် တခြားဂိုဏ်းများမှလူများလည်း ရှိနေပေ၏။
ဤလူများစုဝေးနေသည့် ရည်ရွယ်ချက်မှာ နတ်ဆိုးများပျောက်ကွယ်နေသောကြောင့်ပင်။
ဂိုဏ်းများ၏တပည့်များမှ တာဝန်များကိုပြီးမြောက်စေရန်အပြင် ထိုနတ်ဆိုအမြူတေများထံတွင် အသုံးဝင်မှုအမြောက်အများရှိနေသည်။
ဂိုဏ်းများအကြားတွင် နတ်ဆိုးအမြူတေကို ငွေကြေးစနစ်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။
အကြောင်းအရင်းမှာ နတ်ဆိုးအမြူတေများအတွင်းတွင် အစွမ်းထက်သောစွမ်းအားများ ပါဝင်သောကြောင့်ပင်။ထိုအရာအတွင်းရှိ ပြင်းထန်သော နတ်ဆိုးချီစွမ်းအားများကိုဖယ်ရှားပြီးနောက် ကျင့်ကြံရန်အတွက် အသုံးပြုနိုင်သည်။ထို့ပြင် နတ်ဆိုးအမြူတေများကို စိတ်ဝိညာဥ်လှေပျံများမောင်းနှင်ခြင်းနှင့် ဝင်္ကပါကြီးများကိုအသက်သွင်းခြင်းစသည့် ကိစ္စများတွင်လည်း စွမ်းအားတစ်ရပ်အဖြစ် ထည့်သွင်းအသုံးပြုနိုင်သည်။
လူသားများအတွက် ဤသည်မှာ အနက်ရောင်မြူခိုးများတည်ရှိနေခြင်း၏ တစ်ခုတည်းသောအကျိုးကျေးဇူး ဖြစ်နိုင်သည်။
ထို့ကြောင့် နတ်ဆိုးများပျောက်ကွယ်နေခြင်းသည် ဂိုဏ်းများအားလုံး၏အကျိုးအမြတ်များနှင့် ဆက်စပ်နေသည်။
ဤအကြောင်းအရင်းများကြောင့် နတ်ဆိုးအရေအတွက် ရုတ်တရက် လျော့ကျသွားခြင်းမှာ သူတို့အား ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဖြစ်နိုင်သည်မှာ နတ်ဆိုးများသည် လှုပ်ရှားမှုကြီးတချို့ကိုပြုလုပ်ရန် ကြံရွယ်နေသလော။
အဆင့်နိမ့်နတ်ဆိုးများထံတွင် မြင့်မားသောဉာဏ်ရည်ဉာဏ်သွေးမရှိချေ။သို့ရာတွင် လူသားများသည် နတ်ဆိုးများနှင့် နှစ်ပေါင်းများစွာကြာအောင် ရင်ဆိုင်ပြီးနောက် အဆင့်နိမ့်နတ်ဆိုးများ၏နောက်တွင် ပို၍အစွမ်းထက်သောနတ်ဆိုးများရှိနေကြောင်း နားလည်သဘောပေါက်သွားသည်။
"အရင်တုန်းက ငါတို့ရဲ့ဂိုဏ်းက တပည့်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် စေလွှတ်ခဲ့ပေမယ့် ဘာတစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူး"
ကပ်ဘေးအဆင့်ဂိုဏ်းတစ်ကိုင်း၏ ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"အမှန်ပဲ....ငါရဲ့တိုက်ရိုက်တပည့်တစ်ယောက်လည်း တောင်အောက်ကိုဆင်းသွားခဲ့တယ်... ဒါပေမဲ့ သူက အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့နေနေသာသာ နတ်ဆိုးတကောင်ကိုတောင် ရှာမတွေ့ခဲ့ဘူး...ဘယ်လိုလုပ်ပြီးတော့ ငါတို့က ဒီကိစ္စကို စစ်ဆေးနိုင်တော့မှာလဲ"
တခြားဂိုဏ်းချုပ်တစ်ယောက်ကလည်း စိတ်ပျက်လက်ပျက်လေသံဖြင့် ပြောဆိုလေ၏။
"အမှန်ပဲ...ငါလည်း ငါ့ရဲ့ဂိုဏ်းကလူတွေကို စေလွှတ်ခဲ့တယ်...ဒါပေမဲ့ အချိန်အတော်ကြာလာခဲ့တာတောင် ဘာသတင်းကိုမှ ပြန်မရခဲ့ဘူး"
ထိုအချိန်မှာပင် စုရှောင်ယွီ၏ဂိုဏ်းမှအကြီးအကဲတစ်ယောက်က ပြောဆိုသည်။
ဤနတ်ဆိုးများ ပျောက်ကွယ်နေခြင်းကြောင့် အဓိကဂိုဏ်းများသည် စုံစမ်းစစ်ဆေးရန်အတွက် လူများကိုစေလွှတ်ခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့သည်မှာ သိသာထင်ရှားလှ၏။
"အဲ့ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးရမယ်"
ဤအစည်းအဝေးပွဲကို ဦးဆောင်၍ကျင်းပသော ကောင်းကင်နံရံဂိုဏ်း၏ဂိုဏ်းချုပ်ချန်မင်းထန်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဒါကြောင့် စိတ်ဝိညာဥ်လှေပျံကိုစီးပြီးတော့ အနက်ရောင်မြူခိုးထဲကိုသွားပြီး စုံစမ်းစစ်ဆေးဖို့အတွက် ငါတို့ကပ်ဘေးအဆင့်ဂိုဏ်းတစ်ဂိုဏ်းစီက အကြီးအကဲနှစ်ယောက်စီ စုပေါင်းပြီးတော့အသင်းတစ်ခုဖွဲ့ဖို့ ငါ အကြံပြုချင်တယ်...အဲ့ဒီလိုလုပ်မှသာ နတ်ဆိုးတွေ ဘာလို့ပျောက်ကွယ်သွားတယ်ဆိုတဲ့ အကြောင်းအရင်းကို သေချာပေါက် ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်"
"ကောင်းပြီလေ"
"သဘောတူတယ်"
"ရပါတယ်"
ဤအချိန်အခိုက်အတန့်တွင် ကပ်ဘေးအဆင့်ဂိုဏ်းမှလူများသည် သူတို့၏အမြင်များကိုထုတ်ဖော်ပြောဆိုပြီးနောက် ဤကိစ္စကို သဘောတူညီလိုက်သည်။
အဓိကဂိုဏ်းကြီး၏တုံပြန်မှုသည်လည်း အလွန်လျှင်မြန်ပြတ်သားသည်။
အစည်းအဝေးအဆုံးသတ်သွားချိန်တွင် ကောင်းကင်နံရံဂိုဏ်း၏ အထက်ကောင်းကင်ယံ၌ ကြီးမားသောစိတ်ဝိညာဥ်လှေပျံကြီးတစ်စင်း ထွက်ပေါ်လာကာ အရိပ်ကျွန်းရှိနေသောနေရာသို့ ဦးတည်၍မောင်းနှင်သွားတော့သည်။
ဤစိတ်ဝိညာဉ်လှေပျံ၏အရှိန်နှုန်းသည် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပေ၏။
ကပ်ဘေးပထမဆင့်နယ်ပယ်မှ ကျင့်ကြံသူများသည် ဤစိတ်ဝိညာဉ်လှေပျံ၏အရိပ်အယောင်ကိုပင် မြင်တွေ့နိုင်မည်မဟုတ်ချေ။ကပ်ဘေးဒုတိယအဆင့်နယ်ပယ် ကျင့်ကြံသူများသည်လည်း သူတို့ရှေ့မှာနေ၍ စိတ်ဝိညာဉ်လှေပျံမောင်းနှင်သွားသော ပုံရိပ်ကိုသာ မြင်တွေ့ရပေမည်။
မကြာမီမှာပင်...
စိတ်ဝိညာဉ်လှေပျံသည် နတ်ဆိုးစုဝေးလွင်ပြင်နှင့်အနက်ရောင်မြူခိုးအကြားရှိ နယ်နိမိတ်သို့ရောက်ရှိလာခဲ့သည်။
အချိန်တစ်ခဏကြာခန့် ဆိုင်းငံပြီးနောက် စိတ်ဝိညာဥ်လှေပျံသည် အနက်ရောင်မြူခိုးများအကြားသို့ ဝင်ရောက်သွားပေ၏။
အနက်ရောင်မြူခိုးများအကြားသို့ ရောက်ရှိသွားချိန်တွင် စိတ်ဝိညာဉ်လှေပျံ၏အရှိန်နှုန်း အလွန်အမင်း လျော့ကျသွားသည်။ကြီးမားကျယ်ပြန့်သော အမှောင်ထုကြီးအတွင်း၌ သူတို့သည် စိတ်ဝိညာဉ်လှေပျံကို အလျှင်အမြန်မောင်းနှင်ဝံ့ခြင်းမရှိချေ။
ဘုန်း...
ကျယ်လောင်သော မြည်ဟီးသံကြီးတစ်သံနှင့်အတူ စိတ်ဝိညာဥ်လှေပျံ၏ရှေ့ရှိ ကြီးမားသောအမြှောက်ကြီးတစ်လက်မှနေ၍ အစွမ်းထက်သော တုန်ခါမှုလှိုင်းတလိုင်းကို ပစ်လွှတ်လိုက်သည်။
ထိုတုန်ခါမှုလှိုင်းများ ပျံ့လွင့်သွားချိန်တွင် ရုတ်တရက် စိတ်ဝိညာဥ်လှေပျံ၏ရှေ့၌ အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ဤအလင်းတန်း၏သက်တမ်းသည် အလွန်တိုတောင်းပေ၏။
အနက်ရောင်မြူခိုးများကို ယာယီဖယ်ရှားနိုင်ရန်အတွက် သူတို့သည် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်သည်
"ဘာလို့ ဒီလောက်ထိ တိတ်ဆိတ်ငြိမ်သက်နေတာလဲ"
"အနက်ရောင်မြူခိုးတွေကြားမှာတောင်...ငါတို့က ဘာလို့ နတ်ဆိုးတကောင်ကိုမှ မတွေ့ရတာလဲ"
Chapter 817
"အမှန်ပဲ"
"ဒါက ပုံမှန်မဟုတ်ဘူး"
"အနက်ရောင်မြူခိုးတွေထဲမှာ နတ်ဆိုးတစ်ကောင်ကိုတောင် မတွေ့ရဘူး..ဒါက အရင်ကဆိုရင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ ကိစ္စတစ်ခုပဲ"
အကြီးအကဲများသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့အားလုံး မယုံကြည်နိုင်မှုကို ခံစားနေရသည်။
သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ရှင်းပြရန်မစွမ်းသော စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။
အမျိုးအမည်မသိရသောအရာသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်အကောင်းဆုံးပင်။
"ငါတို့ ဘာဆက်လုပ်ကြမလဲ"
အကြီးအကဲတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"ရှေ့ကို ဆက်ပြီးသွားကြစို့"
ကောင်းကင်နံရံဂိုဏ်း၏အကြီးအကဲက ပြောဆိုလိုက်၏။
"ဘာတွေဖြစ်သွားခဲ့တာလဲဆိုတာ ငါတို့ ရှာဖွေဖော်ထုတ်ရမယ်"
တခြားလူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
စိတ်ဝိညာဉ်လှေပျံသည် တည်ငြိမ်သောအရှိန်နှုန်းကို ထိန်းသိမ်းကာ အနက်ရောင်မြူခိုးများအတွင်း၌ ရှေ့သို့ဆက်လက်၍ ရွေ့လျားသွားခဲ့သည်။
သို့ရာတွင်....
သူတို့သည် အချိန်အကြာကြီး ခရီးဆက်ခဲ့သည့်တိုင် နတ်ဆိုးတကောင်ကိုမျှ မမြင်တွေ့ရဆဲပင်။
ဤအချိန်၌ လူများအားလုံး လုံးလုံးလျားလျားစိတ်မအေးစပြုလာသည်။
အကယ်၍ သူတို့သည် နေရာတစ်နေရာတွင် နတ်ဆိုးများကို မမြင်တွေ့ရပါက ဤသည်မှာ မတော်တဆဖြစ်နိုင်သည်။သို့ရာတွင် သူတို့သည် ကြီးမားကျယ်ပြန်သောနေရာတစ်နေရာ၌ နတ်ဆိုးများကို မမြင်တွေ့ရသည်မှာ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ဆိုလိုပေ၏။
ဤနေရာတွင် ပြဿနာတချို့ ရှိနေနိုင်သည်။
"အဲ့ဒီနေရာကို ကြည့်လိုက်ကြစမ်း"
ထိုအချိန်မှာပင် အကြီးအကဲများအနက်မှတစ်ယောက်သည် နေရာတစ်နေရာသို့ စူးစိုက်၍ကြည့်နေကာ အလွန်အမင်း မယုံကြည်နိုင်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင်....
တခြားလူများအားလုံးသည် သူ့ ညွှန်ပြသောနေရာသို့ ကြည့်လိုက်ကြ၏။
ထိုနေရာရှိမြင်ကွင်းကိုကြည့်ပြီး စိတ်ဝိညာဉ်လှေပျံပေါ်ရှိ လူများအားလုံး ကြက်သေသေသွားသည်။
အကြောင်းအရင်းမှာ သူတို့၏ရှေ့၌ တောင်ကုန်းတစ်ခု ထွက်ပေါ်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသောကြောင့်ပင်။
ထို့ပြင် အမှန်အားဖြင့် ထိုတောင်ကုန်းသည် နတ်ဆိုးများ၏အလောင်းများ စုပုံနေခြင်းဖြစ်သည်။
"မြန်မြန်လေး...."
"အနီးကပ် သွားကြည့်ရအောင်"
အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။
စိတ်ဝိညာဥ်လှေပျံသည် တရွေ့ရွေ့မောင်းနှင်သွားပြီးနောက် တောင်ကုန်း၏ရှေ့သို့ ရောက်ရှိလာသည်။ဤအချိန်အခိုက်အတန့်၌ သူတို့အားလုံးသည် ထိုနေရာကိုပို၍ရှင်းရှင်းလင်းလင်းမြင်တွေ့မိပေ၏။ဤသည်မှာ နတ်ဆိုးများ၏အလောင်းများ စုပုံနေခြင်းကြောင့် တောင်ကုန်းတစ်ခုဖြစ်ပေါ်နေခြင်းပင်။
"ဒီနေရာမှာ ဘယ်လောက်ထိများတဲ့ နတ်ဆိုးအလောင်းတွေ ရှိနေနိုင်လဲ"
အကြီးအကဲများအနက်မှတစ်ယောက်က မယုံကြည်နိုင်မှုဖြင့် မေးမြန်းသည်။
တခြားလူများအားလုံးသည် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြ၏။မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို အဖြေမပေးနိုင်ချေ။
"ဒီလောက်ထိများတဲ့ နတ်ဆိုးတွေက ဘယ်လိုဖြစ်ပြီးတော့ ဒီနေရာမှာ သေနေတာလဲ"
တခြားအကြီးအကဲတစ်ယောက်ကမေးမြန်းသည်။
"မင်း ကြည့်လိုက်အုံး အဲ့ဒီနတ်ဆိုးအလောင်းတွေမှာ အများစုက ထက်ခြမ်းကွဲနေတယ်...သူတို့ကို ဓားချက်တစ်ချက်တည်းနဲ့ ခုတ်ပိုင်းခံထားရသလိုပဲ"
တခြားအကြီးအကဲတစ်ယောက်က ပြောဆိုသည်။
သူတို့အားလုံးသည် စိတ်ဝိညာဥ်လှေပျံပေါ်၌ မတ်တတ်ရပ်ကာ အောက်သို့ငုံကြည့်လိုက်ကြသည်။
"ဒီနတ်ဆိုးတွေရဲ့ဒဏ်ရာတွေကို ကြည့်ရသလောက်တော့ ဓားချက်တချက်တည်းနဲ့ အသတ်ခံထားရသလိုပဲ...ဒါပေမဲ့ ဒီလိုကိစ္စမျိုး ဖြစ်နိုင်ဖို့ဆိုတာ အရမ်းအလှမ်းကွာဟတယ်"
"အမှန်ပဲ....ဘယ်လိုလူမျိုးက အနက်ရောင်မြူခိုးထဲကို ဝင်ပြီးတော့ ဒီလောက်ထိများပြားတဲ့နတ်ဆိုးတွေကို သတ်နိုင်မှာလဲ...ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဟုတ်တယ် လုံးဝမဖြစ်နိုင်ဘူး"
ထိုစကားများကို ကြားချိန်တွင်....
သူတို့အားလုံးသည် ဤသည်မှာ အမှန်တရားဖြစ်မည်ဟု တွေးထင်မိလေ၏။
သူတို့သည် အနက်ရောင်မြူခိုးများအတွင်းသို့ ဝင်ရောက်ဝံ့သော်လည်း အကာအကွယ်ဝင်္ကပါများပါသော စိတ်ဝိညာဥ်လှေပျံကို မှီခိုအားထားနေခြင်းဖြစ်သည်။သူတို့သည် စိတ်ဝိညာဥ်လှေပျံပေါ်မှနေ၍ ခြေတစ်လှမ်းပင် ထွက်ဝံ့ခြင်းမရှိချေ။အကယ်၍ အနက်ရောင်မြူခိုးများအတွင်းသို့ဝင်ရောက်ပြီး နတ်ဆိုးအမြောက်အများကို သတ်ဝံ့သော လူတစ်ယောက် ရှိနေသည်ဆိုပါက သူတို့ မည်သို့မျှ ယုံကြည်နိုင်မည်မဟုတ်ချေ။
"အားလုံးပဲ...ဒီနတ်ဆိုးတွေ ဘယ်လိုသေသွားတယ်ဆိုတာထက်...ငါတို့တွေက အဲ့ဒီနတ်ဆိုးအမြူတေတွေကို မြန်မြန်သွားယူတာ ပိုမကောင်းဘူးလား"
အကြီးအကဲတစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။
"ဒီလိုမျိုး နတ်စိုးအမြူတေတွေ အများကြီးနဲ့ဆိုရင် ငါတို့ဂိုဏ်းတွေရဲ့တာဝန်တွေအားလုံး ပြီးမြှောက်သွားမယ့်အပြင် တခြားနေရာတွေမှာလည်း သုံးနိုင်လိမ့်မယ်"
"ဒါက ကံကြမ္မာကောင်းကြီးတစ်ခုပဲ"
ထိုစကားများကိုကြားချိန်၌ အကြီးအကဲများအားလုံး၏မျက်နှာများပေါ်တွင် အပြုံးများထင်ဟပ်လာသည်။
သူတို့သည် နတ်ဆိုးအလောင်းများတောင်ပုံရာပုံဖြစ်နေသည်ကို မြင်တွေ့စဉ်ကတည်းက နတ်ဆိုးအမြူတေများကို ရယူရန် အာရုံစူးစိုက်ပြီးဖြစ်သည်။
"တစ္ဆေမီးတောက် သွားစမ်း"
ကောင်းကင်နံရံဂိုဏ်းမှ အကြီးအကဲသည် အဖွဲ့ကိုဦးဆောင်ပြီး စိတ်ဝိညာဉ်လှေပျံကို ထိန်းချုပ်ထားသည် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လှေပျံမှနေ၍ ကြာပန်းတစ်ပွင့်အလားမီးတောက်တစ်ခုထွက်ပေါ်လာကာ နတ်ဆိုးအလောင်းများပေါ်သို့ ကျရောက်သွားသည်။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် မီးတောက်များ ပျံ့နှံ့သွားကာ တောင်ကုန်းတခုလုံးအနှံ့ မီးများတဟုန်းဟုန်းလောင်ကျွမ်းသွားတော့သည်။
နတ်ဆိုးအလောင်းများ ပျောက်ကွယ်သွားသည်အထိ လောင်ကျွမ်းသွားကာ နတ်ဆိုးအမြူတေများသာလျှင် ကြွင်းကျန်ခဲ့သည်။
ဤတစ္ဆေမီးတောက်၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
နတ်ဆိုးအလောင်းများ စုပုံနေသော တောင်ကုန်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ကျွံ့ဝင်သွားသည်။
ထိုတောင်ကုန်းသည် ရေပြင်ညီအတိုင်းဖြစ်သွားသောအချိန်တွင် နတ်ဆိုးအလောင်းများအားလုံး လောင်ကျွမ်းသွားပြီဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။သို့ရာတွင် မီးတောက်များသည် ငြိမ်းသေသွားခြင်းမရှိဘဲ ယခင်အရှိန်နှုန်းအတိုင်း ဆက်လက်၍ လောင်ကျွမ်းဆဲဖြစ်သည်ကို သူတို့အားလုံး ရှာဖွေတွေ့ရှိမိသည်။
ဤသည်မှာ နတ်ဆိုးအလောင်းများကို ဆက်လက်၍ လောင်ကျွမ်းနေခြင်းပင်။
"အိုး ဘုရားရေ....ဒါက အစတုန်းကတော့ ချိုင့်ဝှမ်းကြီးတစ်ခုပဲ...ဒါကြောင့် နတ်ဆိုးအလောင်းတွေက ငါတို့ မြင်တွေ့ရတာထက် ပိုနေနိုင်တယ်....ဒါက ချိုင့်ဝှမ်းတခုလုံးအနှံ့ ပြည့်နေတာပါလား"
အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အမှန်ပဲ....ငါတို့တွေက နတ်ဆိုးအလောင်းအရေအတွက်ကို အရင်က လျှော့တွက်ခဲ့မိတာပဲ"
"အခုကြည့်ရသလောက်တော့ နတ်ဆိုးအလောင်းတွေက ငါတို့ မျှော်လင့်ထားတာထက် တစ်ဝက်လောက်ပိုနေနိုင်တယ်"
အကြီးအကဲများအားလုံး အံ့အားသင့်နေကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ကြ၏။
ဤချိုင့်ဝှမ်းအတွင်းတွင် နတ်ဆိုးအလောင်းများဖြင့် ပြည့်နှက်နေသဖြင့် သူတို့အားလုံး အံ့အားသင့်နေမိသည်။
သူတို့သည် သူတို့၏ဂိုဏ်းများအတွက် အချိန်အတော်ကြာ အသုံးပြုရန် လုံလောက်သော နတ်ဆိုးအမြူတေများကို ရရှိနိုင်တော့မည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေကြသည်။
နောက်ဆုံး၌ နေ့ဝက်ကြာမြင့်သွားချိန်တွင် မီးတောက်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
*အလောင်းမျောလွင့်ချိုင့်ဝှမ်း၏မျက်နှာပြင် ပြန်လည်ပေါ်ထွက်လာလေပြီ။
သို့ရာတွင် ချိုင့်ဝှမ်းသည် နဂိုမူလအနေအထားထက် အနည်းငယ်မြင့်တက်နေပေ၏။။အကြောင်းအရင်းမှာ ထူထပ်သိပ်သည်းစွာစုပုံနေသော နတ်ဆိုးအမြူတေများကြောင့်ပင်။
"ငါတို့ ချမ်းသာပြီ"
အကြီးအကဲများအားလုံးသည် ချိုင့်ဝှမ်းအတွင်းရှိ နတ်ဆိုးအမြူတေများကိုကြည့်ပြီး သူတို့၏မျက်နှာများထက်တွင် လောဘအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။သူတို့ထံတွင် အကြီးအကဲများဟူသော အဆင့်အတန်းရှိနေသည့်တိုင် အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။
*အရင်က အလောင်းမျောလွင့်တောင်ကြားလို့ ဘာသာပြန်ခဲ့ပါတယ်...အခု ချိုင့်ဝှမ်းလို့ ပြောင်းသုံးပါ့မယ်*
Chapter 818
"ဒါပေမဲ့ ဒီနတ်ဆိုးအမြူတေတွေကိုယူဖို့ မလွယ်လောက်ဘူး"
ကောင်းကင်နံရံဂိုဏ်း၏အကြီးအကဲက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ကြွင်းကျန်သောလူများသည်လည်း ခေါင်းညိတ်လိုက်ကြ၏။
အကယ်၍ ဤနေရာတွင် နတ်ဆိုးအမြူတေတစ်လုံးနှစ်လုံးသာရှိနေပါက သူတို့ ယူဆောင်ပြီးထွက်သွားနိုင်သည်။
သူတို့သည် အစွမ်းထက်သူများဖြစ်သည့်တိုင် အနက်ရောင်မြူခိုးများ၏တည်ရှိမှုကို လျစ်လျူရှုမထားဝံ့ချေ။
မည်သည့်အကာအကွယ် မည်သည့်ကြိုတင်ပြင်ဆင်မှုမျှမရှိဘဲ အနက်ရောင်မြူခိုးများအတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ဝံ့မည်မဟုတ်ချေ။
"အားလုံးပဲ...ငါတို့ရဲ့လုပ်ငန်းကိစ္စကို အရင်ဆုံးလုပ်သင့်တယ်လို့ ငါ ထင်တယ်"
အကြီးအကဲများအနက်မှတစ်ယောက်က ပြောဆိုသည်။
"ဒီနတ်ဆိုးအမြူတေတွေကိုတော့ ဒီနေရာမှာပဲ ယာယီထားခဲ့လိုက်မယ်...ဘယ်လိုပဲဖြစ်ဖြစ် အနက်ရောင်မြူခိုးတွေထဲမှာရှိနေတဲ့ အရာတွေကို ဘယ်သူကမှ လာယူမှာမဟုတ်ဘူး...ငါတို့ရဲ့လုပ်ငန်းကိစ္စ ပြီးသွားတဲ့အချိန်ကျမှ ဒီနေရာကိုပြန်လာပြီးတော့ ယူလို့ရတယ်"
တခြားလူများအားလုံး၏သဘောတူညီမှုကို ရရှိပြီးနောက် စိတ်ဝိညာဉ်လှေပျံသည် နှေးကွေးသောအရှိန်နှုန်းဖြင့် အနက်ရောင်မြူခိုးများ၏နက်ရှိုင်းသောနေရာသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။
သူတို့သည် ရှေ့သို့ခရီးဆက်လာပြီးနောက်မကြာမီမှာပင် နတ်ဆိုးအလောင်းများစုပုံနေသော တခြားတောင်ကုန်းတစ်ခုကို မြင်တွေ့ရမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
"ဒီနေရာမှာ ဘယ်လိုမျိုး ထူးဆန်းတဲ့ကိစ္စတွေဖြစ်နေတာလဲ"
စိတ်ဝိညာဥ်လှေပျံပေါ်တွင်ရှိနေသော လူများအားလုံး စိတ်မသက်မသာခံစားလိုက်ရသည်။
နတ်ဆိုးများအပေါ် သူတို့၏အသိအမြင်များအရ ဤကဲ့သို့ကိစ္စမျိုး တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိချေ။
အကြောင်းအရင်းမှာ အနက်ရောင်မြူခိုးများသည် နတ်ဆိုးများ၏အခြေစိုက်စခန်းဖြစ်နေသောကြောင့်ပင်။ဤနေရာတွင် နတ်ဆိုးများယခုကဲ့သို့ အစုလိုက်အပြုံလိုက် သေဆုံးရန်နေနေသာသာ သူတို့အား မည်သည့်အရာကမျှ ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။
နောက်ထပ်တစ္ဆေမီးတောက်တစ်ခုကို ပစ်လွှတ်ပြီးနောက် အလွန်များပြားသော နတ်ဆိုးအမြူတေများ ထွက်ပေါ်လာသည်။
"အားလုံးပဲ...ဒီနတ်ဆိုးအလောင်းတွေ စုပုံနေတာက အမျိုးအစားတူတူပဲဆိုတာ မင်းတို့ သတိပြုမိကြလား...နတ်ဆိုးအမျိုးအစားတမျိုးကို တစ်ပုံဖြစ်ပြီးတော့ တခြားအမျိုးအစားက နောက်တစ်ပုံဖြစ်နေတယ်..."
အကြီးအကဲတစ်ယောက်က ပြောဆိုသည်။
ထိုအကြီးအကဲ၏စကားများသည် လူများအားလုံးကို သတိပေးလိုက်သည့်အလားပင်။
သူတို့အားလုံးသည် ပို၍နက်ရှိုင်းသောနေရာသို့ စိတ်ဝိညာဥ်လှေပျံကို အလျှင်အမြန်မောင်းနှင်ခဲ့တော့သည်။
သို့ရာတွင်...
မိုးကောင်းကင်ယံအတွင်း၌ စိတ်ဝိညာဥ်လှေပျံဖြတ်သန်းသွားစဉ်တွင် ပုံရိပ်တစ်ခုသည် လက်တစ်ဖက်၌ မီးတုတ်တစ်ချောင်းကိုကိုင်ပြီး တခြားတစ်ဖက်၌ ဂေါ်ပြားတလက်ကိုကိုင်ကာ မြေကြီးများကို တူးဆွနေသည်။
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်တိမ်တိုက်ဂိုဏ်းကို ကိုယ်စားပြုသည့်အကြီးအကဲလင်းယွင်ချန်းသည် စိတ်ဝိညာဥ်လှေပျံ၏ပြတင်းပေါက်နံဘေး၌ မတ်တတ်ရပ်နေသည်။
မူလက သူသည် ဤပြတင်းပေါက်အနီး၌ ရပ်နေသည့်တိုင် ပြင်ပ၌ ပိန်းပိတ်သည်အထိမှောင်မည်းနေသဖြင့် သူ မည်သည့်အရာကိုမျှ မမြင်တွေ့ရချေ။သို့ရာတွင် ရုတ်တရက် တောက်ပသောအလင်းတန်းတစ်တန်းမှ သူ့အား လာရောက်ရိုက်ခတ်သဖြင့် သူ့ရှေ့ရှိမြင်ကွင်းကို သူ မြင်တွေ့လိုက်ရသည်။
စိတ်ဝိညာဉ်လှေပျံ၏အရှိန်နှုန်းသည် လျင်မြန်နေသော်လည်း သူသည် အစောပိုင်းကမြင်ကွင်းကို ရှင်းရှင်းလင်းလေးမြင်တွေ့မိလေ၏။
"သောက်ခွေး...."
လင်းယွင်ချန်းသည် ထိတ်လန့်တကြားအော်ဟစ်ကာ သူ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
အစောပိုင်းက သူသည် မည်သည့်အရာအား မြင်တွေ့ခဲ့ရသနည်း...
သူတို့ကောင်းကင်တိမ်တိုက်ဂိုဏ်း၏အငယ်ဆုံးတပည့်မလေး စုရှောင်ယွီသည် အနက်ရောင်မြူခိုးများအကြား၌ လက်တစ်ဖက်ဖြင့် မီးတုတ်တစ်ချောင်းကိုကိုင်ပြီး မြေကြီးများကို တူးဆွနေသည်ကို သူ အမှန်တကယ်မြင်တွေ့လိုက်ရသလော....
"ပုံရိပ်ယောင်...ဒါက ပုံရိပ်ယောင်တစ်ခုပဲဖြစ်မယ်"
လင်းယွင်ချန်းက သူ့ကိုယ်သူ ပါးနှစ်ချက်ခပ်ဆတ်ဆတ်ဖြတ်ရိုက်လိုက်သည်။
မည်သို့ ဖြစ်နိုင်မည်နည်း....
အနက်ရောင်မြူခိုးများအကြား၌ မြေကြီးများကိုတူးဆွနေသည်မှာ သူ မည်မျှပင်စဉ်းစားတွေးတောပါစေ သူတို့ဂိုဏ်း၏အငယ်ဆုံးတပည့်မလေး မဖြစ်နိုင်ချေ။
စုရှောင်ယွီသည် မြေကြီးအတွင်းမှနေ၍ သံချေးတက်နေသော သိုလှောင်လက်စွပ်တစ်ကွင်းကို တူးထုတ်နိုင်ခဲ့သည်။ဤလက်စွပ်သည် မြေကြီးအတွင်း၌ နစ်မြုပ်နေသည်မှာ အချိန်မည်မျှထိ ကြာမြင့်ခဲ့ကြောင်း သူမ မသိရှိချေ။ဤလက်စွပ်အပြင် တခြားအရာများကိုလည်း သူမ တူးယူနိုင်ခဲ့သဖြင့် ယနေ့တွင် ရတနာအမြောက်အများရိတ်သိမ်းနိုင်ခဲ့သည်။
သူမသည် ဝမ်းသာပျော်ရွှင်စွာဖြင့် သိုလှောင်လက်စွပ်ကိုယူပြီး အရိပ်ကျွန်းသို့ပြန်သွားကာ ရီဖုန်းထံသို့ လက်ကမ်းပေးလိုက်သည်။
ရီဖုန်းသည် ထိုသိုလောင်လက်စွပ်ကို ဖွင့်ကြည့်လိုက်၏။
ထိုသိုလှောင်လက်စွပ်ကိုဖွင့်ကြည့်ပြီးနောက် ပထမဆုံးထွက်ပေါ်လာသည့် အရာများမှာ မှော်လက်နက်တချို့ဖြစ်ပြီး အင်မော်တယ်သလင်းကျောက်များမှာ အနည်းစုသာရှိသည်။
"အမှိုက်တွေ...."
ရီဖုန်းသည် ထိုမှော်လက်နက်များကို နံဘေးတစ်ဖက်သို့ လွှတ်ပစ်ကာ မျက်မှောင်ကြုတ်၍ပြောဆိုသည်။
"ဒါပေမဲ့ ငါ့ ဂိုဏ်းထဲမှာရှိနေတုန်းက ဒီလိုမျိုးအရာတွေကို တူးပြီးယူသွားရင် ငါ့ရဲ့ဦးလေးနဲ့တခြားလူတွေက အရမ်းပျော်သွားကြတယ်"
စုရှောင်ယွီက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဒါက ဘာလို့လဲဆိုတော့ မင်းရဲ့ဦးလေးက နားမလည်လို့ပဲ...မင်း မှတ်ထားရမှာက ငွေကြေးကသာဘုရင် ငွေကြေးကသာ အရေးကြီးဆုံးပဲ"
ရီဖုန်းက စုရှောင်ယွီကို သင်ကြားပေးသည်။
"ဒီလိုအမှိုက်တွေက ဘာအသုံးဝင်မှာမလို့လဲ...မင်းက အမှိုက်ကောက်တဲ့လူ မလို့လား"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ထိုရတနာများကို ဖျက်ဆီးလိုက်၏။
"ဒီသဘောတရားကို မင်း နားလည်ရဲ့လား"
ရီဖုန်းက နောက်ထပ်စကားတစ်ခွန်းကို ထပ်မံ၍ပြောဆိုသည်။
စုရှောင်ယွီသည် ဂရုတစိုက်နားထောင်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလေသည်။
ရီဖုန်းအပေါ် သူမ၏ရိုသေလေးစားမှုသည် မိုးထိမြင့်မားနေလေပြီ။
ရီဖုန်းမှနေ၍ သူမကိုပြောဆိုသောစကားများသည် သူ၏ဘဝတလျှောက်တွင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများဖြစ်မည်ဟု သူမ တွေးထင်ထားသည်။
သူမ ဤကိစ္စကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သူမအတွက် အသုံးဝင်လာမည်မှာ သေချာပေါက်ပင်။
"ထွီ အမှိုက်တွေ...."
စုရှောင်ယွီသည်လည်း သူမ၏ခြေထောက်ဖြင့် မှော်လက်နက်များကို ဆောင့်နင်းလိုက်သည်။
"စီနီယာ ဘာမှမစိုးရိမ်ပါနဲ့...နောင်အနာဂတ်ကျရင် ငါက အင်မော်တယ်သလင်းကျောက်တွေကိုပဲ တူးတော့မယ်"
စုရှောင်ယွီက အလေးအနက်ထားသောအမူအယာဖြင့် ပြောဆိုသည်။
"ငါက ဒီလိုအမှိုက်တွေကို ဘယ်တော့မှ မတူးတော့ဘူး"
"အရမ်းကောင်းတယ်"
ရီဖုန်းက စုရှောင်ယွီခေါင်းကိုပုတ်ပြီး ပြောဆိုသည်။
"မင်း သွားအနားယူတော့"
စုရှောင်ယွီ ထွက်ခွာသွားပြီးနောက် ရီဖုန်းသည် သူ၏လက်ကိုနောက်ပစ်ပြီး မတ်တတ်ထရပ်ကာ ကမ်းခြေသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
ကမ်းခြေတွင်မူ လုပမ်ဝေတို့အဖွဲ့ အတန်းလိုက်လဲလျောင်းနေကာ..
သူတို့၏ခြေထောက်အနီးတွင် ကျောက်ဂူရှိနေပြီး သူတို့၏ခြေထောက်များကို ပွတ်တိုက်ပေးနေသည်။
"ချင်...ငါ ပြင်ပလောကက ပန်းပွင့်လေးတွေကို အရမ်းလွမ်းတာပဲ"
လုပမ်ဝေက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"အစ်ကိုကြီး ဒါပေမဲ့ ငါတို့ရဲ့အင်မော်တယ်သလင်းကျောက်တွေအားလုံး ကုန်သွားပြီ..ဘာမှ မကျန်တော့ဘူး"
အောင်းချင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလေ၏။
"ဒီအမှိုက်ကောင်ကလည်း အင်မော်တယ်သလင်းကျောက်တစ်လုံးကိုတောင် ထုတ်မပေးနိုင်ဘူး...ဒါကြောင့် ငါက ဒီကောင်ကို ရိုက်ချင်နေပြီ"
ထိုစကားကိုပြောဆိုရင်း အောင်းချင်သည် ဒေါသထွက်သွားသဖြင့် သူ၏ခွေးခြေထောက်တစ်ချောင်းကိုမြှောက်၍ ကျောက်ဂူကိုကန်ကာ မြေပြင်ပေါ်သို့လဲကျသွားစေသည်။
"အလှလေးတွေ...ငါ လိုချင်တာက အလှလေးတွေပဲ"
လုပမ်ဝေသည် သူ၏အပေါ်မေးရိုးနှင့်အောက်မေးရိုးကိုလှုပ်ရှားပြီး တီးတိုးရေရွတ်လိုက်သည်။
ထိုနောက် သူသည်တစ်စုံတစ်ခုကိုအာရုံခံမိပုံဖြင့်မြေပြင်ပေါ်မှလူးလဲထကာ ထွက်ပြေးရန်ဟန်ပြင်လိုက်၏။
"ခွေးလိုကောင်...မင်း ဘယ်သွားမလို့လဲ"
ရီဖုန်းသည် ခြေတစ်လှမ်းဖြင့် ရှေ့သို့ရောက်လာကာ လုပမ်ဝေ၏အနက်ရောင်ဝတ်ရုံကို ဖမ်းဆုပ်လိုက်သည်။
အာ့ဘား အာ့ဘား...
လုပမ်ဝေသည် သူ၏ခေါင်းကိုမော့ကြည့်ပြီး သူ့ထံမှနေ၍ မကျေမနပ်ပြောဆိုသောအသံ ထွက်ပေါ်လာသည်။
"ငါ ဒီနေ့ ဒီနေရာကိုလာတာ မင်းကို ရိုက်ဖို့မဟုတ်ဘူး"
ရီဖုန်းက လုပမ်ဝေကိုကြည့်ပြီး နူးညံညင်သာသောလေသံဖြင့် ပြောဆိုသည်။
"ငါက မင်းအတွက် အခွင့်အရေးတစ်ခုပေးမလို့ပဲ"
လုပမ်ဝေက မယုံကြည်နိုင်သောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လေသည်။
"ငါ့ကို ကိစ္စလေးတချို့ ကူညီပေးစမ်းပါ...တခြားလူတွေက အဲ့ဒီအရာတွေကို ခိုးယူသွားမှာ ငါ စိုးရိမ်မိတယ်"
ရီဖုန်းက လုပမ်ဝေကိုကြည့်ပြီး ပြောဆိုသည်။
"မင်း အဲ့ဒီကိစ္စကို ကောင်းကောင်းလုပ်နိုင်တာနဲ့ ငါက မင်းကို ဆုလာဘ်အဖြစ် အင်မော်တယ်သလင်းကျောက်ဆယ်လုံး....မဟုတ်ဘူး....အင်မော်တယ်သလင်းကျောက်ငါးလုံးပေးမယ်... ငါးလုံးအတိနော်...မင်း လုပ်နိုင်လား"
"ရှစ်လုံး...."
လုပမ်ဝေက သူ၏ပါးစပ်ကိုဖွင့်ဟပြီး ပြောဆိုသည်။
"ခွေးလိုကောင်...ငါ့ကို စျေးဆစ်နေတာလား"
"မင်းက ငါ့ရဲ့အစားအစာတွေကို နှစ်တွေအကြာကြီးစားခဲ့တယ်...ငါ့ရဲ့အိမ်မှာ နေတယ်....ငါ အဲ့ဒါတွေကို ထည့်တွက်ခဲ့ဖူးလား"
ရီဖုန်းက ဆူပူကြိမ်းမောင်းလိုက်သည်။
"ငါက နှစ်တွေအများကြီးကြာအောင် မင်းကိုစောင့်ရှောက်ခဲ့တယ်...ငါ ညည်းတွားခဲ့ဖူးလား"
"ငါ မင်းကို ငြူစူတဲ့စကားမျိုး နည်းနည်းတောင်ပြောခဲ့ဖူးလား"
ရီဖုန်း၏သင်ပြပေးခြင်းကို ခံရချိန်တွင် လုပမ်ဝေ၏မျက်နှာပေါ်၌ သနားဖွယ်ကောင်းသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
လုပမ်ဝေ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရီဖုန်းသည် အနည်းငယ်စိတ်ပျော့သွားကာ တခြားနည်းလမ်းတစ်ခုဖြင့် ပြောဆိုလိုက်၏။
"ငါက မင်းကို စကားကြမ်းကြမ်းတွေ မပြောချင်ဘူး...အဓိကအချက်ကတော့ ငါတို့မိသားစုမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်ဆိုတာ မင်း သိဖို့လိုတယ်...ဒါကြောင့် မိသားစုရဲ့အဓိကထောက်တိုင်ကြီးဖြစ်တဲ့ ငါ့အတွက် အရမ်းခက်ခဲပြီးတော့ ဖိအားတွေအရမ်းကြီးတယ်...ငါက မင်းဆီကနေ အရင်က ရွှေပြားတချို့ကို ယူထားခဲ့ဖူးတယ်...ဒါပေမဲ့ ငါက အဲ့ဒီအရာတွေအားလုံးကို မင်းအတွက် သိမ်းပေးထားခဲ့တာပဲ"
"တကယ်လို့ မင်း အဲ့ဒါတွေကို လိုချင်တယ်ဆိုရင် ငါ အခုချက်ချင်း မင်းကို ပြန်ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သိုလှောင်အိတ်တစ်အိတ်ကိုထုတ်ယူကာ လုပမ်ဝေ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။ထိုသိုလှောင်အိတ်အတွင်း၌ ရွှေပြားများဖြင့်ဟပြည့်နှက်နေပေ၏။
လုပမ်ဝေသည် သူ၏လက်အတွင်းရှိ ရွှေပြားများပြည့်နေသောသိုလှောင်အိတ်ကို ကြည့်လိုက်သော်လည်း သူ့၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှ ရှိမနေချေ။
"သွားတော့ ငါ မင်းကို ထပ်ပြီးမပြောချင်ဘူး ....မင်းက အင်မော်တယ်သလင်းကျောက်ရှစ်လုံး လိုချင်တယ်လို့ ပြောလာမှတော့ ငါ မင်းကိုပေးမယ်...မင်း အလုပ်လုပ်ပြီးတာနဲ့ ငါက မင်းကို အရင်ဆုံး အင်မော်တယ်သလင်းကျောက်သုံးလုံးပေးမယ်...ကျန်တဲ့ငါးလုံးကတော့ အရင်ကရွှေပြားတွေနဲ့ အတူတူပဲ...ငါ မင်းအတွက် သိမ်းထားမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ ကြိုတင်ရေးဆွဲထားသောမြေပုံကို လုပမ်ဝေ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
"အဲ့ဒီအမှတ်အသားတွေမှတ်ထားတဲ့ နေရာလေးခုမှာ ငါသတ်ထားတဲ့ နတ်ဆိုးနည်းနည်းရှိနေတယ်...မင်း အများကြီးလုပ်စရာမလိုဘူး...မင်းက အဲ့ဒီနတ်ဆိုးအလောင်းတွေဆီကနေ ပုတီးစေ့တွေအားလုံးကို ထုတ်ယူခဲ့ရုံပဲ...ဒါက အလုပ်ကြီးတစ်ခု မဟုတ်ဘူး"
"တကယ်တော့ မင်းနဲ့အတူ မင်းရဲ့ညီငယ်လေးတွေကိုလည်း ခေါ်သွားလို့ရတယ်"
"သေချာလုပ်ခဲ့..."
ရီဖုန်းသည် လုပမ်ဝေကို အပြုံးနှင့်ပြောဆိုပြီး နောက် သူ၏အနက်ရောင်ဝတ်ရုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဂရုတစိုက် ပြင်ဆင်ပေးလိုက်သည်။ထို့နောက် သူ၏လက်သီးကိုမြှောက်ကာ အားပေးသည့်အမူအယာမျိုးကို ပြုလုပ်လိုက်၏။
Chapter 819
လုပမ်ဝေတို့တစ်သိုက်သည် ရီဖုန်းမှ သူတို့အားပေးအပ်သောတာဝန်ကို ထမ်းဆောင်ရန်အတွက် အရိပ်ကျွန်းမှထွက်ခွာကာ အနက်ရောင်မြူခိုးများအတွင်းသို့ ဦးတည်၍လျှောက်လှမ်းခဲ့သည်။
"အင်မော်တယ်သလင်းကျောက်သုံးလုံး...အဲ့ဒါတွေနဲ့ဆိုရင် ငါတို့က လမ်းကြားထဲကကောင်မလေးတွေကို တစ်ချက်လောက်နမ်းလို့ပဲရမယ်...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ခြင်တစ်ကောင်ရဲ့ခြေထောက်မှာတောင် အသားပါတယ်...ပြီးတော့ ဒီကိစ္စက သခင်ပေးတဲ့ တာဝန်တစ်ခုပဲ"
အောင်းချင်က ပြောဆိုသည်။
ထိုစကားကိုပြောဆိုရင်း အောင်းချင်သည် ကူကယ်ရာမဲ့စွာဖြင့် လုပမ်ဝေကိုကြည့်ပြီး မေးမြန်းလိုက်သည်။
"အစ်ကိုကြီး သခင်က မင်းအပေါ်ကို တွန့်တိုနေတဲ့အတွက် မင်း အပြစ်မတင်ဘူးလား...သခင်က မင်းကို အနိုင်ကျင့်နေတယ်လို့ မင်း ထင်လား"
အနက်ရောင်ဝတ်ရုံအောက်တွင်ရှိနေသော လုပမ်ဝေ၏ပါးစပ်ထောင့် ရုတ်တရက် မြင့်တက်သွားသည်။
ဤပုံပန်းသွပြင်သည် အတိတ်တွင်ကဲ့သို့ ပေါ့ပေါ့တန်တန်မဟုတ်ဘဲ အလွန်အမင်းတည်ကြည်လေးနက်နေပေ၏။
"သူ ငါ့ကို အနိုင်ကျင့်တယ်ဆိုရင်တောင် ငါ သဘောကျတယ်"
"ပြောရမယ်ဆိုရင်...."
လုပမ်ဝေက သူ၏ခေါင်းကို အနည်းငယ်မော့ပြီးမိုးကောင်းကင်ယံကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"ပြောရမယ်ဆိုရင် သခင် အခုဒီလိုမျိုးဖြစ်လာခဲ့တဲ့ အကြောင်းအရင်းတွေထဲက အများစုက ငါ့ကြောင့်ပဲ"
"ဒါကြောင့် သူ ငါ့ကို အနိုင်ကျင့်နေရင်တောင် ငါ မကျေမနပ်ဖြစ်မှာမဟုတ်ဘူး"
"သူ ငါ့ကို အနိုင်ကျင့်တဲ့ကိစ္စကို မပြောနဲ့...တကယ်လို့ သူက ငါ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရင်တောင် ငါ ဘာမှပြောမှာမဟုတ်ဘူး"
လုပမ်ဝေ၏အသံသည် တည်ကြည်လေးနက်နေကာ အလွန်အလွန်ဝေးကွာသောအချိန်မှ မှတ်ဥာဏ်များကို ပြန်လည်၍တွေးတောနေပုံရသည်။
အောင်းချင်တို့တစ်သိုက်သည် လေးစားကြည်ညိုသောအကြည့်ဖြင့် လုပမ်ဝေကို ကြည့်လိုက်ကြ၏။
လုပမ်ဝေကို ဤကဲ့သို့ပုံစံမျိုးနှင့် မြင်တွေ့ရသည်မှာ အလွန်ရှာပါးသည်။
သခင်နှင့်လုပမ်ဝေတို့အကြားတွင် မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် ကိစ္စမျိုး ဖြစ်ပွားသွားခဲ့သည်ကို တွေးတောကြည့်နိုင်ရန် အလွန်ခက်ခဲသည်။
အချိန်တခဏကြာပြီးနောက် သူတို့အားလုံးသည် မြေပုံပေါ်၌မှတ်သားထားသည့် ပထမဆုံးနေရာဖြစ်သော အလောင်းမျောလွင့်ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့သည်။
"ဒီနေရာပဲ...ချင် မြန်မြန်လေး အလုပ်စလုပ်ကြရအောင်"
လုပမ်ဝေက အောင်ချင်းတို့တစ်သိုက်ကို အမိန့်ပေးလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် လုပမ်သည် မြေပြင်ပေါ်၌ လဲလျောင်းလိုက်ကာ ခွေးတို့တစ်သိုက်သည် စတင်၍အလုပ်လုပ်လိုက်ကြ၏။
ရွာသားတစ်ယောက်မှနေ၍ ပဲစေ့များကို စုဆောင်းနေသည့်အလား သူတို့သည် သိုလှောင်လက်စွပ်များအတွင်းသို့ နတ်ဆိုးအမြူတေများကို ထည့်သွင်းလိုက်ကြသည်။
အလောင်းမျောလွင့်ချိုင့်ဝှမ်းမှ နတ်ဆိုးအမြူတေများကို စုဆောင်းပြီးနောက် လုပမ်ဝေတို့တစ်သိုက်သည် တခြားနေရာတစ်ခုသို့ ဆက်လက်၍ထွက်ခွာခဲ့သည်။
"သခင်ပြောတာက အမှန်ဖြစ်နေတာပါလား...ဒီအလုပ်က အရမ်းလွယ်တယ်...အလုပ်ကြီးတစ်ခု မဟုတ်ဘူး"
အောင်းချင်က ပြောဆိုသည်။
လုပမ်ဝေသည်လည်း အလွန်ပျော်ရွှင်နေပေ၏။
ဤကဲ့သို့ အလွန်လွယ်ကူသော အလုပ်တစ်ခုအတွက် အင်မော်တယ်သလင်းကျောက်သုံးလုံးရရှိသည်မှာ အလွန်အမြတ်ထွက်သည်။
လုပမ်ဝေတို့တစ်သိုက်သည် မန်ဒိုနတ်ဆိုးများ၏နတ်ဆိုးအမြူတေများကို စုဆောင်းနေစဉ်တွင် ကောင်းကင်နံရံဂိုဏ်းမှဦးဆောင်သော အကြီးအကဲများသည် ခေါင်းနှစ်လုံးရေနတ်ဆိုးအလောင်းများကို မီးရှို့နေကြ၏။
ပြင်းထန်စွာလောင်ကျွမ်းနေသော မီးတောက်များအောက်တွင် နတ်ဆိုးအမြူတေများ ပေါ်လွင်လာသည်ကိုကြည့်ပြီး အကြီးအကဲများသည် သူတို့ မည်မျှထိ စိတ်လှုပ်ရှားနေသည်ကို ဖော်ပြရန်မစွမ်းတော့ချေ။
သူတို့၏အမြင်အရ ဤနတ်ဆိုးအမြူတေများသည် ကြီးမားသောချမ်းသာကြွယ်ဝမှုကြီးပင်။
"အားလုံးပဲ...မီးလောင်ကျွမ်းနေတဲ့ အခြေအနေအရဆိုရင် ဒါက အမွှေးတိုင်တစ်တိုင်းလောင်ကျွမ်းချိန်စာလောက် ကြာလိမ့်မယ်...ငါတို့က အရင်နေရာသုံးခုကို ပြန်သွားပြီးတော့ တခြားနတ်ဆိုးအမြူတေတွေကို အရင်ဆုံးစုဆောင်းတာ ပိုမကောင်းဘူးလား"
အကြီးအကဲများအနက်မှတစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။
ဤကဲ့သို့ ချမ်းသာကြွယ်ဝမှုကြီးတစ်ခုကို ရယူရန် သူတို့ မစောင့်ဆိုင်းနိုင်တော့သည်မှာ သိသာထင်ရှားလှ၏။
"ကောင်းပြီလေ...ပြဿနာမရှိဘူး..."
"အမှန်ပဲ...ငါတို့တွေက တခြားနေရာသုံးခုက နတ်ဆိုးအမြူတေတွေကို ယူပြီးတာနဲ့ ဒီနေရာမှာ မီးတောက်တွေ ငြိမ်းသေလုနီးပါး ဖြစ်သွားလောက်ပြီ"
"ဒါဆိုရင်လည်း နတ်ဆိုးအမြူတေတွေကို စုဆောင်းဖို့အတွက် ပထမဆုံးနေရာကို ပြန်သွားကြစို့"
အကြီးအကဲများ၏စိတ်ခံစားချက်များ အလွန်ကောင်းမွန်နေကာ စိတ်ဝိညာဥ်လှေပျံသည် လေထုအတွင်းသို့ မြင့်တက်လာပြီးနောက် အလောင်းမျောလွင့်ချိုင့်ဝှမ်းထံသို့ဦးတည်၍ တဟုန်ထိုးထွက်ခွာခဲ့တော့သည်။
မူလက သူတို့၏လမ်းကြောင်းအရ သူတို့၏နေရာနှင့်အနီးကပ်ဆုံးသည် ချော်ရည်နတ်ဆိုးအလောင်းများ ရှိနေသောနေရာပင်။ သို့ရာတွင် သူတို့သည် ထိုနတ်ဆိုးအကြောင်းကိုမသိရှိသည့်အပြင် ထိုအရာများကို လောင်ကျွမ်းပြီးနောက် အန္တရာယ်ရှိသောအခိုးအငွေ့များ ထွက်လာမလာကိုလည်း မသိရှိပေ။ထို့ကြောင့် သူတို့သည် ဘေးကင်းလုံခြုံစေရန်အတွက် အလောင်းမျောလွင့်ချိုင့်ဝှမ်းမှ နတ်ဆိုးအမြူတေများကို အရင်ဆုံးစုဆောင်းသည်က အကောင်းဆုံးဖြစ်ပေမည်။
သူတို့သည် မျှော်လင့်တောင့်တမှုများဖြင့် အလောင်းမျောလွင့်ချိုင်ဝှမ်းထံသို့ ထွက်ခွာခဲ့တော့သည်။
သူတို့အနက်မှတချို့သည် သိုလှောင်လက်စွပ်များကို အဆင်သင့်ပြင်ဆင်ထားကြကာ သူတို့၏မျက်နှာများပေါ်၌ ပီပြင်ထင်ရှားသောအပြုံးများ ရှိနေသည်။
သို့ရာတွင် သူတို့သည် အလောင်းမျောလွင့်ချိုင့်ဝှမ်းထံသို့ ရောက်ရှိသည်နှင့် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားသည်။
ချိုင့်ဝှမ်းအတွင်းတွင်ရှိနေသော နတ်ဆိုးအမြူတေများအားလုံး ပျောက်ကွယ်သွားလေပြီ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ခုဏကတင် ဒီနေရာမှာ ရှိနေတာလေ...ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီနတ်ဆိုးအမြူတေတွေက ပျောက်သွားတာလဲ"
အကြီးအကဲများ၏စိတ်ပိုင်းဆိုင်ရာများ ယိုယွင်းစပြုလာသည်။
သူတို့ရရှိတော့မည့် ချမ်းသာကြွယ်ဝမှုကြီး ပျောက်ကွယ်သွားသည်ကို သူတို့၏စိတ်နှလုံးသားများအတွင်း၌ တောင့်မခံနိုင်ကြသဖြင့် သူတို့အားလုံး ဒေါသထွက်သွားသည်။
"ကြည့်လိုက်အုံး...ဒီနေရာမှာ ခြေရာလက်ရာတွေရှိနေတယ်"
"ဒါက တခြားလူတွေကျန်နေခဲ့တဲ့ ခြေရာလက်ရာတွေပဲ...အဲ့ဒီလူတွေက ငါတို့ရဲ့နတ်ဆိုးအမြူတေတွေကို ခိုးသွားတာများလား"
အမြင်အာရုံစူးရှသောအကြီးအကဲတစ်ယောက်က ပြောဆိုသည်။စိတ်ဝိညာဉ်လှေပျံပေါ်မှ ပျံ့လွင့်သွားသော အလင်းတန်းကြောင့် အနက်ရောင်မြူခိုးများ ယာယီပျက်ပြယ်သွားချိန်တွင် အလောင်းမျောလွင့်ချိုင့်ဝှမ်းကိုကြည့်ပြီး ထိုမြင်ကွင်းကို သူ မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
"ဘာ...."
"တခြားလူတွေလား..."
"ဘယ်ကောင်တွေက ခွင့်ပြုချက်မရှိဘဲနဲ့ ငါတို့ရဲ့နတ်ဆိုးအမြူတေတွေကို ယူသွားရဲတာလဲ"
Chapter 820
အကြီးအကဲများအားလုံး ဒေါသထွက်သွားကြသည်။
ပြောရမည်ဆိုလျှင် ဤနတ်ဆိုးအမြူတေများပျောက်ကွယ်သွားခြင်းသည် တခြားအကြောင်းအရင်းများကြောင့် ဖြစ်နေပါက သူတို့ လက်သင့်ခံနိုင်သည်။
သို့ရာတွင် အကယ်၍ ဤသည်မှာ တခြားလူများ၏လက်ချက်ကြောင့် ဖြစ်နေပါက သူတို့ မည်သို့မျှ လက်ခံနိုင်ခြင်းမရှိချေ။
"ဒါဆိုရင် ဒီကိစ္စကို ဘယ်သူတွေ လုပ်သွားတာလဲ"
အကြီးအကဲတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဟမ့်....ဒီကိစ္စကို ဘယ်သူပဲလုပ်လုပ် သူတို့က ငါတို့ရဲ့ပါးစပ်နားကအစာကို လာပြီးလုယူရဲမှတော့ သူတို့ သေရမယ်"
ကောင်းကင်နံရံဂိုဏ်းမှအကြီးအကဲက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။
"နတ်ဆိုးတွေ ပျောက်ကွယ်နေတဲ့ကိစ္စကို လာပြီးစုံစမ်းတဲ့ တခြားကပ်ဘေးအဆင့်ဂိုဏ်းတွေက ဒီနတ်ဆိုးအမြူတေတွေကို မြင်သွားပြီးတော့ ယူသွားတာများ ဖြစ်နေမလား"
တခြားအကြီးအကဲတစ်ယောက်က ခန့်မှန်းလိုက်သည်။
"ဟမ့် တခြားကပ်ဘေးအဆင့်ဂိုဏ်းတွေဆိုရင်တောင် ဘာလို့ ဂရုစိုက်ရမှာလဲ"
ကောင်းကင်နံရံဂိုဏ်းမှအကြီးအကဲက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ငါတို့ရဲ့နတ်ဆိုးအမြူတေတွေကို ယူသွားမှတော့ တကယ်လို့ သူတို့က ငါတို့ကို ပြန်မပေးဘူးဆိုရင် စစ်ကြေညာတာကိုသာ စောင့်နေလိုက်ကြတော့"
"ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...နောက်ထပ်နေရာတစ်ခုကို အမြန်ဆုံးသွားကြရအောင်....ငါတို့တွေက တခြားနတ်ဆိုးအမြူတေတွေကို အရင်ဆုံးစုဆောင်းပြီးမှ အဲ့ဒီကောင်တွေကို မဖြစ်မနေပြန်ရှာကြမယ်"
တခြားလူများအားလုံး သဘောတူညီလိုက်ကြ၏။
လက်သည်တရားခံကို ရှာဖွေရန်ထက် တခြားနတ်ဆိုးမြူတေများကို အရင်ဆုံးစုဆောင်းထားရန်သည် အရေးအကြီးဆုံးကိစ္စပင်။
စိတ်ဝိညာဉ်လှေပျံကို အရှိန်ကုန်မြှင့်ကာ မန်ဒိုနတ်ဆိုးအမြူတေများ ရှိနေသောနေရာသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
ဤနေရာသို့ စိတ်ဝိညာဥ်လှေပျံ ရောက်ရှိလာစဥ်တွင် သူတို့သည် မန်ဒိုနတ်ဆိုးအမြူတေများကို ကောက်ယူသိမ်းဆည်းနေသော ပုံရိပ်များအား ရုတ်တရက် ရှာဖွေတွေ့ရှိမိသည်။
"ကြည့်ရတာတော့ လူတစ်ယောက်က နတ်ဆိုးသားရဲတစ်ချို့နဲ့အတူ ရှိနေတဲ့ပုံပဲ...သူတို့က ဘယ်သူတွေလဲ"
အကြီးအကဲတစ်ယောက်သည် အနက်ရောင်မြူခိုးများအကြားမှ ဝေဝါးနေသောမြင်ကွင်းကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဟမ့် အဲ့ဒီကောင်က ဘယ်သူပဲဖြစ်နေနေ...သူက အရမ်းသတ္တိကောင်းတယ်"
ကောင်းကင်နံရံဂိုဏ်းမှအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါတို့က သူတို့ကို ဘယ်လိုရှာရမလဲဆိုတာ မသိသေးဘူး...ဒါပေမဲ့ ဒီနေရာမှာ သူတို့နဲ့တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"အဲ့ဒီကောင်တွေက ငါတို့ရဲ့နတ်ဆိုးအမြူတေတွေရှိတဲ့နေရာထဲက တစ်နေရာကဟာတွေကို ယူသွားရင်တောင် ငါ လက်ခံနိုင်ဦးမယ်...အခု သူတို့က ဆက်ပြီးတော့ ကျူးကျော်လာဝံ့တယ်...သူတို့ရဲ့အတင့်ရဲတဲ့ လုပ်ရပ်တွေအတွက် သူတို့ တန်ကြေးပြန်ပေးဆပ်ရမယ်"
သူ၏စကားများကိုကြားချိန်၌ တခြားအကြီးအကဲများသည်လည်း ဒေါသထွက်သွားကာ သူတို့၏ခန္ဓာကိုယ်များပေါ်၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့်ထလာသည်။
အနက်ရောင်မြူခိုးများအတွင်းတွင် ရှိနေသော လုပမ်ဝေတို့တစ်သိုက်ကမူ မည်သည့်အရာကိုမျှ မခံစားရချေ။
အနက်ရောင်မြူခိုးများနှင့် နှစ်ပေါင်းများစွာကြာအောင်တိုက်ခိုက်ပြီးနောက် အဓိကဂိုဏ်းကြီးများအားလုံးရှိ ထိပ်သီးကျင့်ကြံသူများတွင် အနက်ရောင်မြူခိုးများအတွင်း၌ အချိန်တခဏတာနေထိုင်နိုင်သော နည်းလမ်းတချို့ရှိလာကြသည်။
"သူတို့ကို အမြှောက်နဲ့ ချက်ချင်းပစ်သတ်လိုက်စမ်း"
ကောင်းကင်နံရံဂိုဏ်းမှအကြီးအကဲက ချက်ချင်းအမိန့်ထုတ်ပြန်လိုက်သည်။
"အကြီးအကဲကျိုးချီ အဲ့ဒီလူတွေကို တိုက်ရိုက်ကြီးပစ်သတ်မယ်ဆိုတာက အရမ်းမိုက်မဲရာမကျဘူးလား...ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ အဆင့်အတန်းတွေကို မသိရသေးဘဲနဲ့ သူတို့ကို အလျင်စလိုသတ်မယ်ဆိုရင် ကိစ္စကောင်းတစ်ခု မဖြစ်နိုင်ဘူး"
ကောင်းကင်တိမ်တိုက်ဂိုဏ်းကို ကိုယ်စားပြုသောအကြီးအကဲက စိုးရိမ်ပူပန်သောအသံဖြင့် ပြောဆိုသည်။
"ဟမ့် ငါကတော့ မိုက်မဲတယ်လို့ မထင်ဘူး...သူတို့က ငါတို့ရဲ့နတ်ဆိုးအမြူတေတွေကို ယူရဲမှတော့ သူတို့ သေရမယ်"
ကျိုးချီက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဒါပေမဲ့...."
ကောင်းကင်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း ကျိုးချီက ကြားဖြတ်ဟန့်သားကာ အသံနက်ကြီးဖြင့် ပြောဆိုသည်။
"မင်းတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းက ဘယ်ကိစ္စမဆို အမြဲတမ်း သတိကြီးကြီးထားနေခဲ့တယ်...ဒါကြောင့် မင်းတို့က ဘာကိစ္စကြီးကိုမှ အောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူး...ဒီအနက်ရောင်မြူခိုးတွေထဲမှာရှိနေတာက ဘယ်သူတွေလဲဆိုလဲဆိုတာ ငါတို့ မသိနိုင်ဘူး...သူတို့ရဲ့သရုပ်မှန်က ဘာပဲဖြစ်နေနေ တကယ်လို့ သူတို့က ငါတို့ကို ရန်မစဘူးဆိုရင် ငါတို့က မမြင်ချင်ယောင်ဆောင်လို့ရတယ်...ဒါပေမဲ့ သူတို့က ငါတို့ကို ရန်စလာရင်တော့ သတ်ရမှာပဲ...သူတို့က တာအိုဘုန်းတော်ကြီးတွေ ဖြစ်နေရင်တောင် အတူတူပဲ"
"အမြှောက်ပစ်တော့"
ကျိုးချီက ရုန့်ရင်းကြမ်းတမ်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
တခြားဂိုဏ်းများမှ အကြီးအကဲများသည်လည်း ကျိုးချီ၏ဆုံးဖြတ်ချက်ကို သဘောတူညီကြလေ၏။
စိတ်ဝိညာဥ်လှေပျံသည် အဓိကဂိုဏ်းကြီးများ၏ တိုက်ခိုက်ရေးလက်နက်လည်း ဖြစ်သဖြင့် လက်နက်များကို တပ်ဆင်ထားသည်။
ဤကဲ့သို့ အမြှောက်တစ်လက်သည် စိတ်ဝိညာဉ်လှေပျံ၏ အတွင်းပိုင်းဝင်္ကပါမှ ကြီးမားသောစွမ်းအားကို စုဆောင်းကာ တိုက်ခိုက်နိုင်သည်။
အမှန်အားဖြင့် ဤစွမ်းအား၏အရင်းအမြစ်သည်လည်း နတ်ဆိုးအမြူတေပင်။
အကယ်၍ ဤအမြှောက်ကို ဆက်တိုက်ပစ်ခတ်ပါက ထောင်နှင့်ချီသော နတ်ဆိုးအမြူတေများ ကုန်ဆုံးသွားပေမည်။သို့ရာတွင် ထိုအမြှောက်များ၏စွမ်းအားသည် အလွန်ကြီးမားသဖြင့် ဤတိုက်ခိုက်မှုအောက်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်လျှင် သေဆုံးသွားနိုင်သည်။
ထောင်နှင့်ချီသော နတ်ဆိုးအမြူတေများကို ထည့်သွင်းပြီးနောက် စိတ်ဝိညာဥ်လှေပျံ၏ရှေ့ရှိ အမြှောက်အတွင်းမှနေ၍ အစွမ်းထက်သောစွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။
သူတို့သည် လုပမ်ဝေတို့တစ်သိုက်ကို သတိပေးခြင်းပင်မရှိချေ။
အစွမ်းထက်သောတုန်ခါမှုလှိုင်းတစ်လှိုင်းနှင့် အတူယှဥ်တွဲ၍ စိတ်ဝိညာဥ်စုစည်းခြင်းအမြောက်သည် နတ်ဆိုးအမြူတေများစုစည်းနေသော လုပမ်ဝေတို့တစ်သိုက်ကို ချိန်ရွယ်၍ပစ်ခတ်လိုက်၏။
ဘုန်း.....
အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် အနက်ရောင်မြူခိုးများကို ပျက်ပြယ်သွားစေကာ လေဟာနယ်ကိုပင် အစိတ်စိတ်အမွှာမွှာဖြစ်သည်အထိ ဖြတ်တောက်သွားသည်။
"ဟမ့် ငါတို့ရဲ့ပါးစပ်နားကအစာကို လုယူရဲတဲ့ကောင်တွေ...သေစမ်း...."
စိတ်ဝိညာဥ်လှေပျံပေါ်တွင်ရှိနေသော အကြီးအကဲများအားလုံးသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာများဖြင့် အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်ကြသည်။
စိတ်ဝိညာဥ်စုဝေးခြင်းအမြှောက်ဆန်သည် နတ်ဆိုးအမြူတေအပုံကြီး၏အနီးတွင်ရှိနေသော လူပုံသဏ္ဍာန်ပုံရိပ်နှင့် နီးကပ်သွားချိန်၌ ထိုလူက သူ၏ခေါင်းကို ရုတ်တရက် နောက်သို့လှည့်လိုက်၏။
မည်သည့်အသွေးအသားမှမရှိသော အရိုးစုမျက်နှာကြီး ပေါ်လွင်လာသည်။
အမှန်အားဖြင့် စိတ်ဝင်လှေပျံပေါ်ရှိ အကြီးအကဲများသည် အနက်ရောင်မြူခိုးများကြောင့် သူတို့၏အမြင်အာရုံ ဝေဝါးနေသဖြင့် ဤအမှန်တရားကို မမြင်တွေ့နိုင်ချေ။
"ဘယ်နေရာက ရောက်လာတဲ့ ပုရွက်ဆိတ်တွေက ဒီဆန်ကုန်မြေလေးကို တိုက်ခိုက်နေတာလဲ"
လုပမ်ဝေက သူ၏လက်ကိုဆန့်တန်းပြီး ကြီးမားသောစွမ်းအားများပါဝင်သည့် စိတ်ဝိညာဥ်စုဝေးခြင်းအမြှောက်ဆန်ကို ဖမ်းဆုပ်ကာ ဖျစ်ညှစ်လိုက်သည်။
ဤမြင်ကွင်းကြောင့်....
စိတ်ဝိညာဉ်လှေပျံပေါ်တွင်ရှိနေသော အကြီးအကဲများသည် ငန်းဥတစ်လုံးဝင်စာပမာဏထိ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ရုတ်ချည်းဆိုသလိုပင် သူတို့၏ဦးရေပြားများ တင်းကြပ်လာသည်ကို ခံစားမိပေ၏။
ဤသည်မှာ မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နည်းစနစ်မျိုး ဖြစ်သနည်း။
သူသည် လက်ဗလာသက်သက်ဖြင့် စိတ်ဝိညာဥ်စုဝေးခြင်းအမြှောက်ဆန်ကို ဖမ်းဆုပ်လိုက်သလော။
တစ်ခုသိထားရသည်မှာ အကယ်၍ ဤအမြှောက်က်ကိုပစ်ခတ်လိုက်ပါက ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအနက်မှ မည်သူကမျှ လက်ဗလာသက်သက်ဖြင့် ဖမ်းဆီးရန်နေနေသာသာ ထိုအရာ၏စွမ်းအားကို ခုခံနိုင်စွမ်းပင် ရှိမည်မဟုတ်ချေ။
ဖြစ်နိုင်သည်မှာ အဆင့်မြင့်ကပ်ဘေးနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသလော...
အကယ်၍ ထိုသို့ဖြစ်နေပါက ရိုးရှင်းသောကိစ္စတစ်ရပ် မဖြစ်နိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့်ကပ်ဘေးနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ဂိုဏ်းများမှအားအကောင်းဆုံးလူများနှင့် တူညီသောအဆင့်တွင် ရှိနေသည်။
"ငါတို့ ဘာလုပ်ကြမလဲ"
အကြီးအကဲများသည် အနည်းငယ်ထိတ်ထိတ်ပြာပြာဖြစ်သွားကာ ကျိုးချီကို ကြည့်လိုက်ကြ၏။
ကောင်းကင်နံရံဂိုဏ်းသည် အနက်ရောင်မြူခိုးများအတွင်းသို့လာသော ဤခရီးစဉ်အတွက် စီစဉ်ပေးသူများပင်။ထို့ပြင် ဤစိတ်ဝိညာဉ်လှေပျံ၏ပိုင်ရှင်သည်လည်း ကောင်းကင်နံရံဂိုဏ်းဖြစ်နေသည်။
ကပ်ဘေးအဆင့်ဂိုဏ်းခြင်း တူညီသည့်တိုင် ဂိုဏ်းအတွင်း၌ စိတ်ဝိညာဥ်လှေပျံရှိခြင်းနှင့် စိတ်ဝိညာဥ်လှေပျံမရှိခြင်းဟူ၍ နှစ်ခြမ်းကွဲနေသည်။
ထို့ကြောင့် တခြားလူများအားလုံးကို မသိစိတ်မှနေ၍ ကျိုးချီက လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့သည်။
"မင်းတို့က ဘာလို့ ကြောက်နေကြတာလဲ"
ကျိုးချီက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"အဆင့်မြင့်ကပ်ဘေးနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင် ဘာလုပ်ရမှာလဲ....အများဆုံးအနေနဲ့ သူက နည်းနည်းလေးပိုအစွမ်းထက်တာပဲရှိတယ်...ဒါ့ပြင် ငါတို့က ဒီစိတ်ဝိညာဥ်လှေပျံပေါ်မှာ နေနေသရွေ့သူက ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး...ဒီစိတ်ဝိညာဥ်လှေပျံကို တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက်က အင်အားကုန်တိုက်ခိုက်ရင်တောင် မပျက်စီးနိုင်ဘူး.. ဒါကြောင့် ငါတို့က နည်းနည်းလေးတောင် ကြောက်ဖို့မလိုဘူး"
ထိုစကားကိုကြားချိန်တွင်...
တခြားအကြီးအကဲများသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်ကာ ကျိုးချီ၏စကားကို သဘောတူညီလိုက်ကြသည်။
ကောင်းကင်နံရံဂိုဏ်းကဲ့သို့ စိတ်ဝိညာဥ်လှေပျံပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ဂိုဏ်းကသာ အဆင့်မြင့်ကပ်ဘေးနယ်ပယ်ကျင့်ကြံသူနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်၌ ဤကဲ့သို့ စကားမျိုးပြောဆိုရန် ယုံကြည်ချက်မျိုးရှိမည်ကို သူတို့အားလုံး စိုးရိမ်မိသည်။
သူတို့၏စိတ်ဝိညာဥ်လှေပျံသည် အင်မော်တယ်နယ်မြေ၌ အသုံးပြုသော သာမာန်စိတ်ဝိညာဉ်လှေပျံမျိုးမဟုတ်သည်မှာ သိသာထင်ရှားလှ၏။
သာမာန်စိတ်ဝိညာဥ်လှေပျံများသည် အကောင်းဆုံးအနေဖြင့် သယ်ယူပို့ဆောင်ရန်တွင်သာအသုံးပြုနိုင်သည်။ဤသည်မှာ ဂိုဏ်းမှတပည့်များ ခရီးသွားလာရာ၌ အင်အားစိုက်ထုတ်မှုနည်းပါးစေရန် တည်ဆောက်ထားသော ရိုးရှင်းသည့် စိတ်ဝိညာဉ်လှေပျံများသာဖြစ်သည်။
ကောင်းကင်နံရံဂိုဏ်း၏ အစစ်အမှန်စိတ်ဝိညာဥ်လှေပျံမှာမူ တည်ဆောက်ရန်အတွက် အရင်းအမြစ်များစွာ ကုန်ကျရုံသာမက ခုခံကာကွယ်မှုနှင့်တိုက်ခိုက်မှုတို့ ရောယှက်ထားသည့် အထူးလုပ်ဆောင်ချက်လည်း ပါဝင်သည်။
ကောင်းကင်တိမ်တိုက်ကြယ်နယ်မြေတွင်...
ဂိုဏ်းတစ်ဂိုဏ်း၏နောက်ခံအင်အားကို ကြည့်ပါက ထိုဂိုဏ်းတွင် စိတ်ဝိညာဉ်လှေပျံတစ်စီးရှိမရှိပေါ် မူတည်သည်။
ထို့ပြင် စိတ်ဝိညာဥ်လှေပျံများကို အဆင့်ကိုးဆင့် ခွဲခြားထားလေ၏။
ပထမအဆင့်သည် အဆင့်နိမ့်ဆုံးဖြစ်ပြီး...
နဝမအဆင့်သည် အဆင့်မြင့်ဆုံးပင်...
ကောင်းကင်နံရံဂိုဏ်း၏စိတ်ဝိညာဉ်လှေပျံသည် ပထမအဆင့်စိတ်ဝိညာဉ်လှေပျံဖြစ်သော်လည်း တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် အရေးနိမ့်မည်မဟုတ်ပေ။
နဝမအဆင့်စိတ်ဝိညာဥ်လှေပျံများကမူ သဘောတရားအရသာ တည်ရှိသည်။
ဒဏ္ဍာရီများအရ ထိုနဝမအဆင့်စိတ်ဝိညာဥ်လှေပျံများသည် လောကကြီးတခွင်လုံးကို ဆန္ဒရှိသကဲ့သို့ ဖြတ်သန်းသွားလာနိုင်ကာ သာမန်ကာလျှံကာတိုက်ခိုက်မှုတစ်ခုဖြင့် ကောင်းကင်တိမ်မ်တိုက်ကြယ်နယ်မြေကို ဖျက်ဆီးနိုင်သည်။
လုပမ်ဝေသည် လက်ဗလာသက်သက်ဖြင့် အမြှောက်ဆန်အားဖမ်းနိုင်သည်ကို ကျိုးချီသည် အနည်းငယ်အံ့အားသင့်သွားသည့်တိုင် စိတ်ဝိညာဥ်လှေပျံရှိနေခြင်းကြောင့် ထိတ်လန့်ကြောက်ရွံ့သောအဆင့်ထိ ရောက်မသွားချေ။
ထိုအစား သူသည် အင်မော်တယ်စွမ်းအားများ ရောယှက်နေသောအသံဖြင့် အော်ဟစ်လိုက်၏။
"စီနီယာ ငါတို့က မင်းကို မတိုက်ခိုက်ချင်ဘူး....ဒါပေမဲ့ မင်းက အရမ်းရိုင်းပျလွန်းတယ်"
"မင်းရဲ့ရှေ့မှာရှိနေတဲ့ နတ်ဆိုးအမြူတေတွေနဲ့ ချိုင့်ဝှမ်းထဲမှာရှိခဲ့တဲ့ နတ်ဆိုးအမြူတေတွေက ငါတို့ သိမ်းဆည်းထားတာပဲ...ဒါပေမဲ့ မင်းက ငါတို့ အဝေးရောက်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ အဲ့ဒီနတ်ဆိုးအမြူတေတွေကို ယူဆောင်သွားခဲ့တယ်...ဒါကြောင့် ငါတို့က မင်းကို တိုက်ခိုက်ခဲ့တာပဲ"
"တကယ်တော့ စီနီယာမှာ မြင့်မားတဲ့စွမ်းအားရှိနေတာကြောင့် တန်ဖိုးရှိတဲ့ကိစ္စကိုလုပ်တဲ့အနေနဲ့ ငြိမ်းချမ်းရေးယူတာ ပိုကောင်းလိမ့်မယ်...မင်းက လက်ထဲမှာရှိတဲ့ နတ်ဆိုးအမြူတေတွေကို အောက်ချပြီးတော့ ချိုင့်ဝှမ်းထဲကနေ မင်း ကောက်ယူသွားခဲ့တဲ့ နတ်ဆိုးအမြူတေတွေကို လွှဲပြောင်းပေးပြီးတာနဲ့ ဒီနေရာက မြန်မြန်ထွက်သွားတော့...ဒါဆိုရင် ငါတို့က ဒီကိစ္စကို အလွတ်ပေးလိုက်မယ်"
ကျိုးချီ၏အသံသည် လုပမ်ဝေတို့တစ်သိုက်၏နားအတွင်းသို့ ဝင်ရောက်သွားပေ၏။
လုပမ်ဝေ၏မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"အလွတ်ပေးမှာလား..."
"မင်းက ဘာကောင်လဲ...မင်းက ဒီဆန်ကုန်မြေလေးကို ဒီလိုစကားမျိုးတွေပြောဖို့ ထိုက်တန်လို့လား"
ထိုစကားကိုကြားချိန်တွင်...
ကျိုးချီက မျက်မှောင်ကြုတ်လိုက်ကာ သူ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များ မြင့်တက်လာသည်။
"ကြည့်ရတာတော့ စီနီယာက ငြိမ်းချမ်းရေးယူမယ့်အစား တိုက်ခိုက်ချင်တဲ့ပုံပဲ"
"စီနီယာက အရမ်းသန်မာအားကောင်းပေမယ့် ငါက ကြောက်နေမှာမဟုတ်ဘူး...ငါတို့စိတ်ဝိညာဥ်လှေပျံရဲ့စွမ်းအားကို ချိန်ဆတာ မင်းအတွက် ပိုကောင်းလိမ့်မယ်...တကယ်လို့ ငါက စိတ်ဝိညာဥ်လှေပျံကို စွမ်းအားကုန်အသုံးပြုမယ်ဆိုရင် မင်းက တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင် ဒါကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး...ဖြစ်နိုင်တာတော့ စီနီယာက ကိုယ့်ကိုယ်ကိုယ် တာအိုကြေးမုံနယ်ပယ်ကျင့်ကြံသူတွေထက် ပိုပြီးသန်မာအားကောင်းတယ်လို့ ထင်နေတာလား...ဒါက မဖြစ်နိုင်ဘူး မဟုတ်လား"
ကျိုးချီ၏ပါးစပ်မှနေ၍ ရန်စသောစကားများထွက်ပေါ်လာကာ သူသည် လုပမ်ဝေတို့တစ်သိုက်ကို ခြိမ်းခြောက်နေသည်မှာ သိသာထင်ရှားလှ၏။