အခန်း (၈၃၁-၈၃၅)
Vol. 56 Ch. 831-835
Chapter 831
ဤအချိန်အခိုက်အတန့်တွင်...
ပိုင်မီ၏ခြံဝန်းအတွင်း၌ လူများဖြင့်ပြည့်နှက်နေပြီး ရူးသွပ်စွဲလန်းသော မျက်လုံးအကြည့်များဖြင့် အခန်းအတွင်း၌ ပလ္လင်ခွေထိုင်နေကာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော သူမကို စူးစိုက်၍ကြည့်နေကြသည်။
"သူက ဘယ်သူလဲ"
"ငါ ဘာလို့ သူ့ကို အရင်က မမြင်ဖူးတာလဲ"
"အမှန်ပဲ....သူက ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့တပည့်တစ်ယောက်လား"
"ဟုတ်တယ်...ငါ သူ့ကို မသိဘူး"
"သူက ငါတို့ဂိုဏ်းရဲ့တပည့်ရော ဟုတ်ပါ့မလား"
လူအများမှနေ၍ အမျိုးမျိုးပြောဆိုနေသောအချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ယောက်ကအော်ဟစ်လိုက်သည်။
"ငါ သူ့ကို သိတယ်...သူက ဂိုဏ်းထဲကို အသစ်ဝင်လာခဲ့တဲ့ အတွင်းစည်းတပည့် ပိုင်မီပဲ.. သူက ဖုန်းယွင်ဂိုဏ်းက လိုချင်နေတဲ့ တစ်ယောက်ပဲ"
ထိုစကားများကျရောက်လာသည်နှင့် ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးထံမှ အံ့အားတသင်ရေရွတ်သံများ ထွက်ပေါ်လာကာ လှုပ်လှုပ်ရွရွဖြစ်သွားသည်။
"မင်း ပြောတာတွေက အမှန်ပဲလား"
"သူက ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့တပည့်တစ်ယောက်ဆိုတာ အမှန်ပဲလား"
အကြီးအကဲများသည် စိတ်လှုပ်ရှားနေကြကာ ရူးသွပ်နေသည့်အလား တစ်ယောက်ပြီးတစ်ယောက် မေးမြန်းကြလေ၏။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ ပြိုင်ဘက်ကင်းအရိုးပိုင်ရှင်တစ်ယောက်သည် တခြားကပ်ဘေးအဆင့်ဂိုဏ်းတစ်ဂိုဏ်း၌ ထွက်ပေါ်လာပါက သူတို့အားလုံး မနာလိုအားကျ ဖြစ်နေရပေမည်။
"အမှန်ပဲ....သူက ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့တပည့်ပဲ"
ယခင်က စကားပြောဆိုလိုက်သောလူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကောင်းတယ်"
"ဒါက အရမ်းကောင်းတယ်"
"အမှန်ပဲ....ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းက နောင်အနာဂတ်မှာ အောင်မြင်နိုင်တော့မယ်"
ကောင်းကင်တိမ်တိုက်ဂိုဏ်းတွင်ရှိနေသော အကြီးအကဲများသည် စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေသည်။
သူတို့သည် မူလက ပိုင်မီကြောင့် ဂိုဏ်းအတွင်းတွင်ရှိနေသောလူများအကြား၌ ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းကြောင့် သူမသည် ဂိုဏ်းအတွင်းသို့ ဝင်မလာသင့်ဟု အခိုင်အမာယုံကြည်ထားကြသည်။
မည်သို့ပင်ဆိုစေကာမူ အလှလေးတစ်ယောက်အတွက်ဖြင့် ဖုန်းယွင်ဂိုဏ်းကို အပြစ်ပြုခြင်းသည် ရိုးရှင်းစွာပြောရပါက ထိုက်တန်သောကိစ္စတစ်ရပ်မဟုတ်ချေ။
ပိုင်မီသည် ကောင်းကောင်းငယ်တိမ်တိုက်ဂိုဏ်းအတွက် ကြီးမားသောပြဿနာကြီးတစ်ခုဟုပင် သူတို့အားလုံး သဘောတူညီထားကြသည်။
သို့ရာတွင် ယခုကြည့်ရသလောက်...
ဤသည်မှာ မည်သည်ကြောင့် ကြီးမားသောပြဿနာကြီး ဖြစ်မည်နည်း...
ပိုင်မီထံတွင် မြင့်မြတ်ရွှေအရိုးရှိနေသဖြင့် ဖုန်းယွင်ဂိုဏ်းတစ်ဂိုဏ်းကို မဆိုထားနှင့် ထိုကဲ့သို့ဂိုဏ်းမျိုးဆယ်ဂိုဏ်းကို အပြစ်ပြုမိလျှင်ပင် ထိုက်တန်သည်။
အကြီးအကဲများ၏ခန္ဓာကိုယ်များ တုန်ရီနေကာ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။သူတို့သည် ပျော်ရွှင်မှုကြောင့် အော်ဟစ်ငိုယိုမိတော့လုမတတ်ပင်။
ထိုအချိန်မှာပင် သူတို့သည် တစ်စုံတစ်ခုကိုအမှတ်ရသွားသဖြင့် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ ပိုင်မီကြောင့် ဂိုဏ်းတံခါးမကြီး၏ပြင်ပတွင် ဖုန်းယွင်ဂိုဏ်း၏ဖိအားပေးမှုကို ခံနေရခြင်းပင်။ကွမ်လင်းသည် ဤဖိအားအောက်တွင် ပိုင်မီကို လက်လွှဲပေးမပေးဟူသည်အား မည်သူမျှ မသိနိုင်ချေ။
ဤသည်မှာ...
ထိုသို့ပြုလုပ်၍ မဖြစ်ချေ။
အကြီးအကဲများသည် ဂိုဏ်း၏တံခါးမကြီးထံသို့ အလျှင်အမြန်ပြေးထွက်ခဲ့တော့သည်။
ဂိုဏ်း၏တံခါးမကြီး၌...
ကွမ်လင်း၏မျက်နှာ သုန်မှုန်နေကာ စိတ်ဝိညာဥ်လှေပျံပေါ်ရှိ ဖုန်းယွင်ဂိုဏ်းနှင့် ရန်စောင်နေဆဲပင်။
ရိုးရိုးသားသားပြောဆိုရလျှင် သူသည် အမှားတစ်ခုကို ကျူးလွန်မိပြီး ပိုင်မီကို ဂိုဏ်းအတွင်းသို့ဝင်ရန် သဘောတူလိုက်ခြင်းမှာ သူ အချစ်မြတ်နိုးရဆုံးတပည့်လေး စုရှောင်ယွီကြောင့်ပင်။ဤကိစ္စ၌ သူ စိတ်မြန်သွားပေ၏။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ စိတ်မြန်သွားခဲ့သည်ကို သိရှိသည့်တိုင်...
သူ ပြန်လည်ရုတ်သိမ်းလိုစိတ် မရှိချေ။
မည်သို့ပင်ဆိုစေကာမူ ပိုင်မီသည် မိုးကောင်းကင်တိမ်တိုက်ဂိုဏ်း၏တပည့်တစ်ယောက် ဖြစ်နေလေပြီ။
သူသည် ပိုင်မီကို မပစ်ပယ်သင့်ချေ။ထိုသို့မဟုတ်ပါက သူ၏မိုးကောင်းကင်တိမ်တိုက်ဂိုဏ်းသည် တခြားလူများအတွက် ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်သွားပေမည်။
သို့ရာတွင် ဤကဲ့သို့အခြေအနေမျိုး၌ မည်ကဲ့သို့အဆုံးသတ်ရမည်အား သူ မသိရှိချေ။
"ကွမ်လင်း...မင်းက ငါတို့ရဲ့တောင်းဆိုချက်ကိုသဘောမတူမှတော့....မင်းရဲ့မိုးကောင်းကင်တိမ်တိုက်ဂိုဏ်းက တပည့်တွေရဲ့အသက်နဲ့ လောင်းကြေးထပ်ချင်တာလား"
စိတ်ဝိညာဥ်လှေပျံပေါ်ရှိ ဖုန်းယွင်ဂိုဏ်း၏မဟာအကြီးအကဲထံမှာ မှုန်တေတေအသံတစ်သံ ထွက်ပေါ်လာသည်။
ကွမ်လင်း၏မျက်နှာ အေးစက်တင်းမာသွားသော်လည်း သူသည် ရွေးချယ်မှုတစ်ခုကို မပြုလုပ်နိုင်သေးချေ။
သူသည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မဆုံးဖြတ်နိုင်သေးသဖြင့် ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်နေစဉ်မှာပင် တံခါး၏ပြင်ပသို့ ပြေးထွက်လာသော အကြီးအကဲတစ်စုကို တွေ့မြင်မိသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကွမ်လင်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။
အကြောင်းအရင်းမှာ ထိုအကြီးအကဲများသည် အစကတည်းက ပိုင်မီ၏ဝင်ရောက်လာမှုကို ဆန့်ကျင်ခဲ့ကာ သူမအား ဖုန်းယွင်ဂိုဏ်းသို့ပေးရန် တွန်းအားပေးခဲ့သူများ ဖြစ်နေသောကြောင့်ပင်။
ယခုကဲ့သို့ ကျဥ်းထဲကျပ်ထဲအချိန်အခိုက်အတန့်တွင် ထိုလူများထွက်လာသည်မှာ ကောင်းမွန်သောကိစ္စတရပ် မဟုတ်ချေ။
ထိုလူများသည် ဖုန်းယွင်ဂိုဏ်း၏ရှေ့၌ သူ့အား ဆန့်ကျင်ဘက်ပြောဆိုပါက သူ ထပ်မံ၍ တောင့်ခံထားနိုင်မည် မဟုတ်တော့ချေ။
"ဟူး...."
ကွမ်လင်းက လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
သို့ရာတွင် သူသည် ထိုအကြီးအကဲများကို ဟန့်တားကာ အရင်ဆုံး ဂိုဏ်းအတွင်းသို့ပြန်ရန် ပြောဆိုတော့မည့်အချိန်မှာပင် အကြီးအကဲများက အရင်ဆုံး အော်ဟစ်ပြောဆိုလိုက်သည်ကို သူ ရှာဖွေတွေ့ရှိမိသည်။
"မင်းအစ်မဖင်ကြီးကို ပေးရမှာလား...မင်းက ငါတို့ကို ဒီလိုလုပ်လို့ပြောတိုင်း ငါတို့က လုပ်ရမှာလား..မင်းရဲ့အသက်က ဘယ်လောက်ရှိသေးလို့လဲ"
"ဒါက အမှန်ပဲ . မင်းရဲ့အသက်ကဘယ်လောက်ကြီးနေလို့ ငါတို့ကို အမိန့်ပေးနေတာလဲ"
"အမှန်အတိုင်းပြောရရင် ပိုင်မီကို မင်းတို့ဆီ လွှဲပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...မင်းတို့ မကျေနပ်ရင် ကြိုက်သလိုလုပ်လို့ရတယ်"
အကြီးအကဲများထံမှ ခက်ထန်တင်းမာစွာ ပြောဆိုသောအသံများ ထွက်ပေါ်လာသည်။
ဂိုဏ်းတံခါးမကြီး၏ရှေ့တွင် ရှိနေသောလူများအားလုံး ကြက်သေသေသွားသည်။
အထူးသဖြင့် ကွမ်လင်းပင်။
မည်သည်ကြောင့် ဤလူအိုကြီးများသည် သူ့ထက်ပင်ပို၍ ခက်ထန်နေသနည်း။
Chapter 832
ကွမ်လင်းသည် လုံးလုံးလျားလျား ကြက်သေသေနေလေ၏။
ထို့ပြင် စိတ်ဝိညာဥ်လှေပျံပေါ်တွင်ရှိနေသော ဖုန်းယွင်ဂိုဏ်းမှအကြီးအကဲများသည်လည်း ကြက်သေသေနေသည်။
သူတို့၏မျက်နှာများပေါ်တွင် မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ရှိနေပေ၏။
သူသည် ကောင်းကင်တိမ်တိုက်ဂိုဏ်းချုပ်ကို မျက်နှာချင်းဆိုင်၍ ဖိအားပေးနေစဉ်မှာပင် ထိုအကြီးအကဲတစ်စုသည် ရုတ်တရက်ပြေးထွက်လာကသူ့အားဆဲဆိုခဲ့ကြသည်။ဤသည်မှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်သနည်း။
မည်သည်ကြောင့် ဤအကြီးအကဲများ ရုတ်တရက် ပြေးထွက်လာသနည်း။
သို့ရာတွင် ထိုအကြီးအကဲများ၏အပြုအမူများသည် သူ့အား အရှက်ရစေသဖြင့် သူ အလွန်အမင်းဒေါသထွက်သွားသည်။
"မင်းတို့က ဘာကောင်တွေလဲ...ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ရိုင်းရိုင်းပျပျပြောဝံ့တာလဲ"
ဖုန်းယွင်ဂိုဏ်း၏မဟညအကြီးအကဲသည် သုန်မှုန်နေသောမျက်နှာဖြင့် ခြိမ်းခြောက်စကားပြောဆိုလိုက်၏။
"ဖြစ်နိုင်တာတော့ မင်းတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းက ဒီလောကကြီးမှာ တည်ရှိနေတာ အချိန်အတော်ကြာနေတာကြောင့် မရှိသင့်တော့ဘူးလို့ မင်းတို့ ထင်နေတာလား။
မည်သူက သိနိုင်မည်နည်း...သူ့၏ခြိမ်းခြောက်စကားများနှင့် ရင်ဆိုင်ရချိန်တွင်...
အကြီးအကဲတစ်စုက ချက်ချင်းချေပပြောဆိုသည်။
"တကယ်လို့ မင်းတို့က အရမ်းမောက်မှာထောင်လွှားနေတယ်ဆိုရင် မင်းတို့ ကြိုးစားကြည့်နိုင်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ဂိုဏ်းထဲ ရောက်လာတဲ့လူကို တခြားလူဆီပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး...မဟုတ်ရင် ငါတို့ရဲ့ဂိုဏ်းကို လူငယ်ပါရမီရှင်တွေက ဘယ်တော့မှ ဝင်လာတော့မှာ မဟုတ်ဘူး"
"မင်းတို့ သေချင်လား ဒါမှမဟုတ် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားမလား"
ဤအကြီးအကဲများ၏တုံ့ပြန်မှုကြောင့် ကွမ်လင်းနှင့်ဖုန်းယွင်ဂိုဏ်း၏မဟာအကြီးအကဲတို့သည် ကြက်သေသေသွားလေ၏။
ဤသည်မှာ အလွန်ခက်ထန်တင်းမာသောစကားများပင်။
ဤသည်ကြောင့် ကွမ်လင်းဖြစ်စေ ဖုန်းယွင်ဂိုဏ်း၏မဟာအကြီးအကဲဖြစ်စေ ယုံကြည်ချက်မရှိတော့သကဲ့သို့ ခံစားနေရသည်။
အထူးသဖြင့် ကွမ်လင်းပင်။
ယခင်က ဤကိစ္စကို လက်မခံနိုင်သောလူများသည် ယခုအချိန်၌ မည်သည်ကြောင့် ဒေါသတကြီး တုံ့ပြန်နေသနည်း။
"မင်းတို့ကောင်တွေက ဘာဖြစ်နေကြတာလဲ"
ကွမ်လင်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"အမ် ဂိုဏ်းချုပ် ..မင်း ခုထိမသိသေးဘူးလား"
အကြီးအကဲတစ်ယောက်သည် ရှေ့သို့တိုးလာကာ ကွမ်လင်းထံသို့ စတင်၍အသံပေးပို့လိုက်သည်။
သူသည် ဂိုဏ်းအတွင်း၌ ပိုင်မီ ဖြစ်သွားခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်ကျကျပြောဆိုလိုက်၏။
ထိုအသံပေးပို့ခြင်း ကျရောက်လာသည်နှင့် ကွမ်လင်း၏မျက်လုံးအတွင်းမှ ဇဝေဇဝါအရိပ်အယောင်များ ပျက်ပြယ်သွားကာ စိတ်လှုပ်ရှားမှုများက အစားထိုးနေရာဝင်ယူသွားသည်။
"တကယ်ကြီးလား...."
သူက မေးမြန်းသည်။
"သေချာပါတယ်"
အကြီးအကဲများက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
"ဟား ဟား ဟား...."
ထိုကိစ္စကိုအတည်ပြုပြီးနောက် ကွမ်လင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
သူ၏အချစ်မြတ်နိုးရဆုံးတပည့်လေး စုရှောင်ယွီကြောင့် စိတ်မြန်လက်မြန်လုပ်ခဲ့သော လုပ်ရပ်သည် သူ၏ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွက် ကြီးမားသောအခွင့်အရေးတစ်ခုကို ယူဆောင်ပေးနိုင်မည်ဟု သူ တကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
မြင့်မြတ်ရွှေအရိုး...
ဤသည်မှာ မြင့်မြတ်ရွှေအရိုးပင်။
ဤအကြီးအကဲများ မည်သည်ကြောင့် ယခုကဲ့သို့ပုံစံမျိုးဖြင့် တုံ့ပြန်သည်ကို သူ့နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။ယခုကြည့်ကြည့်တော့မှ ဤကိစ္စဖြစ်နေပေ၏။
အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ပါက သူတို့သည် ပိုင်မီကို လက်လွှဲမပေးနိုင်ရုံသာမက သူမအား ကောင်းကင်တိမ်တိုက်ဂိုဏ်း၌ ဆက်ရှိနေရန် အကောင်းဆုံးကြိုးစားရပေမည်။ထိုသို့ပြုလုပ်မှသာ သူမသည် ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ လူတစ်ယောက်ဖြစ်သည်ဟူသော ခံစားချက်မျိုးရရှိသွားကာ သူမနှင့်ဂိုဏ်းသည် အခိုင်အမာပေါင်းစည်းသွားပေမည်။
"ဟမ့်...."
ဤအချိန်အခိုက်အတန့်၌ ကွမ်လင်းသည် ရုတ်တရက် ယုံကြည်ချက်အခိုင်အမာရှိသွားသကဲ့သို့ ခံစားရကာ သူ၏ခေါင်းကိုမော့လိုက်သည်။
ထို့နောက် သူ၏ပါးစပ်ကိုမဲ့ရွဲ့ကာ....
"တစ်ယောက်ယောက်ကို လိုချင်တာလား..."
"ချေးစားလိုက်..."
"မင်း...."
ဖုန်းယွင်ဂိုဏ်း၏မဟာအကြီးအကဲသည် ဒေါသကြောင့် တုန်ရီသွားလေ၏။
သူသည် အသာစီးရတော့မည်ကိုကြည့်ပြီး ကွမ်လင်းကို အလွတ်ပေးထားခြင်းဖြစ်သည်။သို့ရာတွင် မည်သည့်ကိစ္စများ ဖြစ်ပွားသွားခြင်းကြောင့် မိုးကောင်းကင်တိမ်တိုက်ဂိုဏ်းသည် ဤမျှထိ အလွန်ခက်ထန်တင်းမာနေသည်ကို သူ မသိရှိတော့ချေ။
ဤကဲ့သို့ခက်ထန်သော အပြုအမူများရှိနေခြင်းကြောင့်....
သူတို့၏နောက်ကွယ်တွင် ဆရာကြီးတစ်ယောက် ရှိနေသလော...
ထိုသို့မဟုတ်ပါက သူတို့သည် တခြားတာအိုဂိုဏ်းတစ်ဂိုဏ်းနှင့် ဆက်စပ်နေသလော...
ဤအချိန်အခိုက်အတန့်တွင် သူ အနည်းငယ်ဇဝေဇဝါဖြစ်သွားခဲ့သည်။
အကြောင်းအရင်းမှာ သူ ဤနေရာသို့ မလာမီတွင် ဖုန်းယွင်ဂိုဏ်းမှအဆင့်မြင့်အကြီးအကဲများသည် သူ့အား အသေးစိတ်ကျကျရှင်းပြခဲ့ကာ အဓိကအားဖြင့် ခြိမ်းခြောက်ရုံသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ဖုန်းယွင်ဂိုဏ်းတွင် စိတ်ဝိညာဥ်လှေပျံရှိနေသော်လည်း တခြားဂိုဏ်းများကို လျစ်လျူရှု၍ လွှမ်းမိုးချုပ်ကိုင်နိုင်ရန် မလုံလောက်သေးချေ။
ကောင်းကင်တိမ်တိုက်ဂိုဏ်းသည်လည်း ကပ်ဘေးအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သဖြင့် ပိုင်မီကို အမှန်တကယ် လုယက်လိုက်ပါက သူတို့၏ဂိုဏ်းကို စစ်ကြေငြာခြင်းနှင့် တူသွားပေမည်။
ဤသည်မှာ မထိုက်တန်ချေ။
ပြောရမည်ဆိုလျှင် ပိုင်မီတစ်ယောက်တည်းအတွက်ဖြင့် ဂိုဏ်းအချင်းချင်းကြားတွင် တိုက်ပွဲတစ်ခုဖြစ်လာပါက ရရှိလာမည့်အကျိုးကျေးဇူးနှင့် ကာမိမည်မဟုတ်ချေ။
ပိုင်မီကြောင့် ဝမ်ချန်းယုသည် အစွမ်းထက်လာနိုင်သော်လည်း ထို့ထက်ပို၍ အသုံးဝင်သောကိစ္စမရှိချေ။
"ကောင်းတယ်...အရမ်းကောင်းတယ်...."
"မင်းတို့ ကောင်းကင်တိမ်တိုက်ဂိုဏ်းက တကယ့်ကို လျှာစောင်းထက်နေတာပါလား.."
ကောင်းကျိုးနှင့်ဆိုးကျိုးကို အချိန်တခဏကြာချိန်ဆပြီးနောက် ဖုန်းယွင်ဂိုဏ်းမှလူများသည် လက်လျှော့ရန် ရွေးချယ်လိုက်ကြ၏။
"ဒါပေမဲ့ ဒီကိစ္စကို လွယ်လွယ်လေးတော့ အလွတ်မပေးနိုင်ဘူး...မင်းတို့ ဘာလို့ ဒီလောက်ထိ အဆင်အခြင်မဲ့နေတယ်ဆိုတာ ငါ မသိပေမယ့်...ဒီကိစ္စရဲ့အကျိုးဆက်က မင်းတို့တွေးတောနိုင်တာထက် ပိုပြီးပြင်းထန်တယ်"
"အကြောင်းကတော့ ငါတို့သခင်လေးရဲ့အဆင့်အတန်းက မင်းတို့ စိတ်ကူးယဉ်ကြည့်ဖူးမှာတောင်မဟုတ်တဲ့ အရာတစ်ခု ဖြစ်နေလို့ပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သခင်လေးက ပိုင်မီကိုမရနိုင်အောင် တားဆီးဟန့်တားထားတဲ့ ဘယ်သူမဆို သေရမယ်ဆိုတာ မင်းတို့ မှတ်ထားကြစမ်း"
Chapter 833
"မင်းတို့ထဲက ဘယ်သူမှ မလွတ်မြောက်စေရဘူး"
ဖုန်းယွင်ဂိုဏ်း၏မဟာအကြီးအကဲသည် သုန်မှုန်နေသောမျက်နှာဖြင့် ကောင်းကင်တိမ်တိုက်ဂိုဏ်းမှ လူများအားလုံးကိုကြည့်ကာ အထူးသဖြင့် ကွမ်လင်းထံသို့အရောက်တွင် သူ၏အကြည့် ဆိုင်းငံ့သွားသည်။
ထို့နောက်...
သူသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားတော့သည်။
မကြာမီမှာပင် စိတ်ဝိညာဥ်လှေပျံကိုမောင်းနှင်သွားသော ဖုန်းယွင်ဂိုဏ်းမှလူများ ဂိုဏ်းသို့ပြန်လည်ရောက်ရှိသွားသည်။
ဂိုဏ်းအတွင်းသို့ရောက်သည်နှင့် မဟာအကြီးအကဲသည် ဝမ်ချန်းယု၏အခန်းထံသို့ အလျှင်အမြန်သွားလေ၏။
"သခင်လေး ..ငါတို့ ပြန်လာပါပြီ"
ဝမ်ချန်းယုနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် မောက်မာထောင်လွှားသော မဟာအကြီးအကဲသည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ သူ့ထံတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
ဤမြင်ကွင်းကို....
အကယ်၍ တခြားလူများသာ မြင်တွေ့သွားပါက အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပေမည်။
အကြောင်းအရင်းမှာ ဂိုဏ်းတစ်ဂိုဏ်း၏ မဟာအကြီးအကဲတစ်ယောက်သည် ဤကဲ့သို့အပြုအမူမျိုးဖြင့် တပည့်ခေါင်းဆောင်အား ဆက်ဆံသည့်ကိစ္စမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသောကြောင့်ပင်။
ဖုန်းယွင်ဂိုဏ်း၏အင်အားသည် ကပ်ဘေးအဆင့်ဂိုဏ်းများအကြား၌ အကောင်းဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
သို့ရာတွင် ဝမ်ချန်းယုကိုကြည့်ရသည်မှာ ဤကဲ့သို့အပြုအမူမျိုးနှင့် နေသားကျနေပုံရသည်။
သူသည် ခေါင်းမော့ကြည့်ခြင်းပင်မပြုဘဲ သူ၏ခေါင်းကို ပေါ့ပေါ့ပါးပါးတစ်ချက်ညိတ်ပြကာ တည်ငြိမ်စွာဖြင့်မေးမြန်းသည်။
"မင်းကိုလုပ်ခိုင်းတဲ့ကိစ္စ ဘယ်လိုအခြေအနေကို ရောက်သွားပြီလဲ"
"သခင်လေး...တစ်ခုခုတော့ မှားနေပြီ...ငါက သူ့ကို အချိန်အတိုင်းအတာတစ်ခုထိ ခေါ်လာနိုင်အုံးမှာ မဟုတ်ဘူး"
မဟာအကြီးအကဲ၏ခန္ဓာကိုယ် တုန်ရီသွားကာ အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"အကြောင်းကတော့..."
သို့ရာတွင်...
မဟာအကြီးအကဲသည် သူ၏စကားကို ပြီးဆုံးအောင်မပြောရသေးမီမှာပင် ဝမ်ချန်းယု၏ကြားဖြတ်ဟန့်တားခြင်းကို ခံလိုက်ရသည်။
"မင်းက ဒီလိုကိစ္စငယ်လေးတစ်ခုကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘူး"
ဝမ်ချန်းယုက သူ၏ခေါင်းကို ဆတ်ခနဲမော့ကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ ရွှေရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ဒါဆိုရင် ငါက မင်းကိုချန်ထားတာ ဘာအသုံးဝင်တော့မှာလဲ"
"သခင်လေး..."
ဝမ်ချန်းယု၏မျက်လုံးအတွင်းရှိ ရွှေရောင်အလင်းတန်းကိုကြည့်ပြီး မဟာအကြီးအကဲသည် ကြောက်ရွံ့မှုကြောင့် တုန်ရီသွားကာ မြေပြင်ပေါ်၌ ဒူးထောက်မိလုနီးပါးပင်။
ဝမ်ချန်းယု၏အဆင့်အတန်းသည် ဖုန်းယွင်ဂိုဏ်း၏တပည့်ခေါင်းဆောင်ဟူသော ကိစ္စကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။
သူ၏မျက်လုံးအတွင်းရှိ ရွှေရောင်အလင်းတန်းသည် အရာရာတိုင်းကို ပြောဆိုနေခြင်းပင်။
ပြန်လည်ဝင်စားသူများ၏စွမ်းအားထံတွင်သာ ဤကဲ့သို့ ဝိသေသလက္ခဏာမျိုးရှိသည်။
ဝမ်ချန်းယုသည် တာအိုဂိုဏ်းသုံးဂိုဏ်းအနက်မှတစ်ဂိုဏ်း၏ နတ်ဘုရားသားတော် ပြန်လည်ဝင်စားလာခြင်းပင်။သူသည် အတိတ်ဘဝတွင် နှစ်ကိုယ်တူကျင့်ကြံခြင်းနည်းစနစ်ကို အဓိကထားခဲ့ကာ အလွန်မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိခဲ့သူတစ်ယောက်ဟု ဆိုနိုင်သည်။
ဝမ်ချန်းယု၏တာအိုဂိုဏ်းသည် တခြားတာအိုဂိုဏ်းတစ်ဂိုဏ်းနှင့် နက်ရှိုင်းသောသွေးကြွေးရန်ငြိုးရှိနေသည်။ထိုတာအိုဂိုဏ်းသည် ဝမ်ချန်းယု ထပ်မံ၍ကြီးထွားမလာစေရန် ကာကွယ်ဟန့်တားနိုင်ရန်အလို့ငှာ သူ့အား ပြင်းပြင်းထန်ထန် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ထို့ကြောင့် သူသည် ပြန်လည်မွေးဖွားလာပြီးနောက် လေ့ကျင့်ရန်အတွက် ဖုန်းယွင်ဂိုဏ်း၌ ယာယီအခြေချနေထိုင်ခြင်းဖြစ်သည်။
ဤသည်ကြောင့် ဖုန်းယွင်ဂိုဏ်း၏အကြီးအကဲများအားလုံးသည် ဝမ်ချန်းယုကို တွေ့ဆုံသည့်အချိန်တိုင်း အလွန်ရိုသေလေးစားစွာ ဆက်ဆံနေကြခြင်းပင်။
ထိုအကြောင်းအရင်းကြောင့် ဖုန်းယွင်ဂိုဏ်းသည် ပိုင်မီကို ပြန်ခေါ်ရန်အတွက် အလွန်စိတ်အားထက်သန်နေခြင်းဖြစ်သည်။
ပိုင်မီသည် ဝမ်ချန်းယု၏ခွန်အားကို အလျှင်အမြန်ပြန်လည်ရရှိလာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိသည်။
"ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့နောက်မှာ အစွမ်းထက်တဲ့ ကျောထောက်နောက်ခံတစ်ခု ရှိနေနိုင်တယ်"
ဝမ်ချန်းယုနှင့် ရင်ဆိုင်ရချိန်တွင် မဟာအကြီးအကဲ၏ခန္ဓာကိုယ်၌ ချွေးမျာရွှဲနစ်နေကာ သူသည် တစ်စုံတစ်ခုကို ပြောဆိုလိုခဲ့သည်။
"မင်းရဲ့အရေးမပါတဲ့ဖြေရှင်းချက်တွေကို ငါ မကြားချင်ဘူး"
ဝမ်ချန်းယုက မတ်တတ်ထရပ်လိုက်သည်။နတ်ဘုရားသားတော်၏စွမ်းအားကိုဖော်ပြသော သူ၏မျက်လုံးအတွင်းရှိ ရွှေရောင်အလင်းတန်းများ ပို၍တောက်ပလာပေ၏။ထို့နောက် သူသည် မဟာအကြီးအကဲကို စူးစိုက်ကြည့်ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"သူတို့ရဲ့ကျောထောက်နောက်ခံက ဘယ်လိုစွမ်းအားမျိုးပဲ ဖြစ်နေပါစေ...ငါ ဂရုမစိုက်ဘူး...ငါ အရင်က မတွေ့ဖူးတဲ့စွမ်းအားဆိုလို့ ဘာမှမရှိဘူး"
"တကယ်လို့ မင်းက ဒီလိုကိစ္စငယ်လေးတစ်ခုကိုတောင် မလုပ်နိုင်ဘူးဆိုရင်...မင်းတို့ဖုန်းယွင်ဂိုဏ်းက ဆက်ပြီးတည်ရှိနေဖို့ မလိုတော့ဘူး... ငါ လိုချင်တာက ငါ ခေါ်ခိုင်းတဲ့လူပဲ"
အေးစက်စက်အသံသည် အခန်းအတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ်နေပေ၏။
"ဟုတ်ကဲ့ပါ သခင်လေး"
မဟာအကြီးအကဲသည် မည်ကဲ့သို့ ပြုလုပ်ရမည်ကိုမသိတော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်သည်။
"ငါက ပိုင်မီကို ရအောင်ပြန်ခေါ်ခဲ့ပါ့မယ်"
"ဟမ့်...."
ဝမ်ချန်းယုသည် နှာတချက်မှုတ်လိုက်သော်လည်း တခြားမည်သည့်တုံ့ပြန်မှုမျိုးကိုမျှ မပြုလုပ်ချေ။
နောက်တစ်နေ့မနက်စောစော၌..
ဖုန်းယွင်ဂိုဏ်းမှနေ၍ ကြီးကျယ်ခမ်းနားသောအရှိန်အဝါဖြင့် စိတ်ဝိညာဉ်လှေပျံတစ်စီး ထွက်ခွာသွားသည်။
"မင်းတို့ ကောင်းကင်တိမ်တိုက်ဂိုဏ်းမှာ ဘာကျောထောက်နောက်ခံပဲရှိနေနေ ငါက ပိုင်မီကို မရရအောင်ပြန်ခေါ်မယ်"
မဟာအကြီးအကဲသည် သူ၏ခန္ဓာကိုယ်ပေါ်၌ ဖုန်းယွင်ဂိုဏ်း၏နတ်ဘုရားလက်နက်ကိုလည်း သယ်ဆောင်လာကာ စိတ်ဝိညာဥ်လှေပျံပေါ်၌ ဂုဏ်ယူဝံ့ကြားစွာ မတ်တတ်ရပ်နေသည်။ယမန်နေ့က ဖြစ်ပျက်ခဲ့သောကိစ္စများကို ပြန်လည်၍တွေးတောမိချိန်တွင် သူ့၏မျက်လုံးအတွင်း၌ တင်းမာခက်ထန်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဘယ်တန်ကြေးကိုပဲ ပေးဆပ်ရပါစေ"
"ဘယ်လိုစွမ်းအားမျိုးပဲ ဖြစ်နေပါစေ...မင်းတို့အားလုံး သေရမယ်"
Chapter 834
တိုက်ပွဲ၏ဖိအားနှင့် ရင်ဆိုင်ရချိန်တွင် ကောင်းကင်တိမ်တိုက်ဂိုဏ်းသည် အနည်းငယ်မျှတုံ့ပြန်ခြင်းမရှိသော်လည်း ဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
အကြောင်းအရင်းမှာ ဖုန်းယွင်ဂိုဏ်းသည် သူတို့ဂိုဏ်းကို အမှန်တကယ်လာရောက်တိုက်ခိုက်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခင်က အတင့်ရဲ၍ လောင်းကြေးထပ်ခဲ့သည်။
ရလဒ်ကိုကြည့်ရသည်မှာ ကောင်းပုံမရချေ။
ပိုင်မီသည် မြင့်တက်လာပြီး သူတို့အား ဦးဆောင်နိုင်ရန်မှာလည်း အချိန်ယူရပေမည်။
ခန်းမအတွင်း၌....
ကွမ်လင်းဦးဆောင်ပြီး အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပနေလေ၏။
ခန်းမအတွင်းရှိ လူများအားလုံး မျက်မှောင်ကြုတ်ထားကာ တန်ပြန်တိုက်ခိုက်ရန်အစီအစဉ်များကို တိုင်ပင်ဆွေးနွေးနေကြသည်။
"တကယ်လို့ တစ်ဖက်လူတွေမှာ စိတ်ဝိညာဥ်လှေပျံမရှိဘူးဆိုရင်...ငါတို့ဘက်မှာ အင်အားနည်းနေရင်တောင် သူတို့က ငါတို့ကို ဘယ်လိုမှအနိုင်ယူနိုင်မှာမဟုတ်ဘူး"
အကြီးအကဲတစ်ယောက်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒါပေမဲ့ အခုလက်ရှိအခြေအနေက အစစ်အမှန်တိုက်ပွဲတစ်ပွဲဖြစ်သရွေ့...သူတို့က စိတ်ဝိညာဥ်လှေပျံကို အသုံးပြုမှာ သေချာတယ်...ငါတို့က လိပ်ခွံထဲမှာပုန်းနေသလိုမျိုး နေရလိမ့်မယ်... ဂိုဏ်းထဲကနေ ထွက်နိုင်မှာမဟုတ်ဘူး...ဂိုဏ်းအကာအကွယ်ဝင်္ကပါရဲ့ခုခံကာကွယ်မှုအောက်မှာ ရိုက်နှက်ခံရတာလွဲလို့ တခြားဘာကိုမှ တတ်နိုင်မှာမဟုတ်ဘူး...ဒါကြောင့် ငါတို့တွေ မဆင်မခြင် ပြန်ပြီးတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါဆိုရင် အခုကြည့်ရသလောက်တော့ ငါတို့က အချိန်ဆွဲထားရုံပဲ တတ်နိုင်လိမ့်မယ်...ပိုင်မီ အစွမ်းထက်လာတဲ့အထိ အချိန်ပေးနိုင်မယ်ဆိုရင် သူက ရန်သူတွေကို နောက်ဆုတ်အောင်လုပ်နိုင်မှာ သေချာတယ်"
တခြားအကြီးအကဲတစ်ယောက်က ပြောဆိုသည်။
"ဒါပေမဲ့ ငါတို့ ဘယ်လိုအချိန်ဆွဲထားကြမလဲ"
အကြီးအကဲတစ်ယောက်က ချေပသည်။
"ပိုင်မီက မြင့်မြတ်ရွှေအရိုး နိုးထလာခဲ့တာ မကြာသေးဘူး...သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အရမ်းမြန်တယ်ဆိုပေမယ့် တကယ်လို့ သူ့ရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ ရန်သူတွေကို နောက်ဆုတ်သွားစေချင်တယ်ဆိုရင်...အနည်းဆုံးတော့ ဘေးကပ်ဆိုးကြီးတခုဖြစ်မလာခင်မှာ သူ အစွမ်းထက်လာဖို့ လိုတယ်မဟုတ်လား"
"အဲ့ဒီကိစ္စက အချိန်တစ်နှစ်ခွဲလောက် မပေးဘဲနဲ့ အလုပ်မဖြစ်နိုင်ဘူး"
ထိုစကားလုံးများ ကျရောက်သွားချိန်တွင် အစောပိုင်းကမှ မျှော်လင့်ချက်အလင်းရောင်ရလာသော လူများ၏မျက်နှာအမူအယာများ တဖန်ပြန်၍ပျက်ယွင်းသွားသည်။
အကြောင်းအရင်းမှာ အကယ်၍ သူတို့သည် ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီးကို အသက်သွင်းထားပါက အများဆုံးအနေဖြင့် တိုက်ခိုက်မှုဒဏ်ကို နှစ်လ သုံးလသာ ခုခံနိုင်မည်ဖြစ်သောကြောင့်ပင်။အကယ်၍ သူတို့သည် ပိုင်မီအပေါ် မျှော်လင့်ချက်များအားလုံးကို ပုံအပ်ထားပါက တရက်တွင် အရာအားလုံး ဆုံးရှုံးသွားပေမည်။
ပိုင်မီ အစွမ်းထက်လာသောအချိန်သို့ ရောက်ရှိလာပါက ကောင်းကင်တိမ်တိုက်ဂိုဏ်းသည် ပျက်စီးသွားပြီးဖြစ်ပေမည်။
"လူကိုပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလား"
အကြီးအကဲတစ်ယောက်က ဆန္ဒမရှိသောလေသံဖြင့် မေးမြန်းသည်။
"အဲ့ဒီကိစ္စက ဘယ်လိုမှမဖြစ်နိုင်ဘူး"
ကွမ်လင်းက ပြတ်ပြတ်သားသားပြောဆိုသည်။
"မြင့်မြတ်ရွှေရောင်အရိုးပိုင်ရှင်တစ်ယောက်ကို ရဖို့ဆိုတာ အရမ်းခက်ခဲတယ်...ဘယ်လိုလုပ်ပြီးတော့သူ့ ကို တခြားလူဆီ ပေးနိုင်မှာလဲ...ဒါ့ပြင် တကယ်လို့ ငါတို့က သူ့ကို လွှဲပြောင်းပေးလိုက်ရင်တောင် ဖုန်းယွင်ဂိုဏ်းနဲ့တိုက်ပွဲကို ရှောင်လွှဲလို့ရမယ်လို့ မင်း ထင်နေတာလား"
ခန်းမအတွင်းရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤအခြေအနေသို့အရောက်တွင် သူတို့သည် မည်သည့်နည်းနှင့်မျှ နောက်ကြောင်းပြန်လှည့်နိုင်တော့မည် မဟုတ်ချေ။
ကွမ်လင်းသာမက ခန်းမအတွင်းတွင်ရှိနေသော အကြီးအကဲများအနက်မှအများစုသည်လည်း ပိုင်မီကို လွှဲပြောင်းပေးလိုခြင်းမရှိပေ။
"အခုအချိန်အခိုက်အတန့်မှာတော့ ငါတို့က ဂိုဏ်းအကာအကွယ်ဝင်္ကပါကို အရင်ဆုံးဖွင့်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမယ်....အနည်းဆုံးတော့ ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီးရှိနေတာကြောင့် ငါတို့က နှစ်လ ဒါမှမဟုတ်ရင် သုံးလလောက်တော့ ဘေးကင်းလုံခြုံနေဖို့ ငါ အာမခံနိုင်တယ်"
ကွမ်လင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
သို့ရာတွင် ထိုအချိန်နှစ်လ သုံးလခန့်ကြာမြင်ပြီးနောက် မည်သည့်ကိစ္စများ ဖြစ်ပျက်လာမည်ကို သူတို့ မသိရှိချေ။
လူများအားလုံးသည် ခေါင်းညိတ်လိုက်ကြ၏။ယခုလက်ရှိအချိန်တွင် ဤသည်မှာ သူတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာပင်။
ဤအခြေအနေကိုအလွန်အမင်းဆိုးရွားသည်ဟု ဖော်ပြနိုင်သည်။
သို့ရာတွင် ခန်းမအတွင်းရှိအခြေအနေ တည်ကြည်လေးနက်နေစဉ်မှာပင် စုရှောင်ယွီက ခုန်ပေါက်ထပြီး အော်ဟစ်လိုက်သည်။
"ဆရာ...ဦးလေးတို့..ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပြီး ရေပုံးတစ်ရာလောက် ပြင်ဆင်ပေးပါလား"
"မင်းက အဲ့ဒီရေပုံးတွေကို ဘာအတွက် လိုချင်တာလဲ"
ကွမ်လင်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"တကယ်တော့ ငါက တစ်ယောက်ယောက်အတွက် ခြေထောက်ဆေးပေးချင်လို့ပါ"
စုရှောင်ယွီက ပြောဆိုသည်။
"ငါ့ရဲ့အစ်ကိုတစ်ယောက် ရောက်လာလိမ့်မယ် ...သူက သူ့ရဲ့ခြေထောက်တွေ ဆေးရတာကို အရမ်းသဘောကျတယ်...ဒါကြောင့် သူ ဒီနေရာကိုလာရင် သူ့ရဲ့ခြေထောက်တွေကို သေချာဆေးပေးမယ်လို့ ငါ သူ့ကို ကတိပေးထားတယ်"
"သောက်ရေးမပါတာတွေ..."
စုရှောင်ယွီ၏စကားလုံးများ ကျရောက်လာသည်နှင့် ကွမ်လင်းသည် သူ၏အချစ်မြတ်နိုးဆုံးတပည့်မလေးဖြစ်သည့်တိုင် ဤအချိန်အခိုက်အတန့်တွင် ကျယ်လောင်စွာအော်ငေါက်လိုက်၏။
"ဘာလို့ ငါ့ကို ဆူတာလဲ"
စုရှောင်ယွီက ဝမ်းနည်းသောအမူအယာဖြင့် နှုတ်ခမ်းစူလိုက်သည်။
"မင်း ဘာတွေပြောနေတာလဲ...ငါတို့က အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပနေတာ...မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို တောင်းဆိုဖို့အတွက် မဟုတ်ဘူး...မင်းအစ်ကို ရဲ့ခြေထောက်တွေကို ဆေးဖို့အတွက် ရေပုံးစုတ်တစ်လုံးဆိုရင် ရပြီမဟုတ်လား...မင်းက ရေပုံးတစ်ရာတောင် လိုချင်တယ်...မင်း ဦးနှောက်များချောင်သွားတာလား...အခုက ဘယ်လိုအချိန်မျိုးလဲ"
ကွမ်လင်းက ဒေါသတကြီးပြောဆိုသည်။
"အခုက ဘယ်အချိန်လဲ"
စုရှောင်ယွီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဇဝေဇဝါဖြင့်မေးမြန်းသည်။
သာမန်အားဖြင့် စုရှောင်ယွီ၏မသိနားမလည်သော အသွင်အပြင်ကို ကွမ်လင်းသည် အလွန်ချစ်မြတ်နိုးပေ၏။သို့ရာတွင် ယခုလက်ရှိအချိန်၌ စုရှောင်ယွီသည် ချစ်စဖွယ်ကောင်းသည်ဟု သူ မထင်တော့ချေ။
"မင်း ဘာပြောလိုက်တာလဲ....အခုအချိန်မှာ ပိုင်မီအတွက်နဲ့ ဖုန်းယွင်ဂိုဏ်းက ငါတို့ကို တိုက်ခိုက်တော့မယ်... ငါတို့က ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိသေးဘူး....မင်းရဲ့အစ်ကိုကို ဖိတ်ခေါ်ပြီးတော့ ခြေထောက်ဆေးပေးဖို့အတွက် မင်းမှာ အချိန်ပိုရှိသေးတာလား...ဒါက မင်း ပေါ့ပျက်ပျက်လုပ်နေတာ မဟုတ်လား"
ကွမ်လင်းက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"ဖုန်းယွင်ဂိုဏ်းရဲ့လူတွေက ဂိုဏ်းရှေ့မှာ ရောက်နေတယ်...အဲ့ဒီကိစ္စက ငါ့ရဲ့အစ်ကို ခြေထောက်ဆေးဖို့အတွက် ရေပုံးတွေတောင်းဆိုမိတာနဲ့ ဘာပတ်သက်လို့လဲ"
စုရှောင်ယွီက သူမ၏မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အလေးအနက်ထား၍ မေးမြန်းသည်။
ကွမ်လင်းသည် အလွန်ဒေါသထွက်သွားသဖြင့် ပထမဆုံးအကြိမ်အဖြစ် စုရှောင်ယွီကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်သည်။
"ရှောင်ယွီလေး....ဟူး...ရှောင်ယွီလေး...ငါက မင်းကို အမြဲတမ်းချစ်မြတ်နိုးခဲ့တယ်....ငါက မင်းရဲ့နုံအမှုကို သဘောကျတယ်...တခြားလူတွေဘာပြောပြော ဂရုမစိုက်ခဲ့ဘူး...ဒါပေမဲ့ မင်းက သာမညကိစ္စနဲ့အရေးကြီးကိစ္စကြားကကွဲပြားခြားနားချက်ကို မသိဘူး"
"ဒါပေမဲ့ ငါ့အတွက်ကတော့...ငါ့အစ်ကို သူ့ရဲ့ခြေထောက်တွေကိုဆေးနိုင်ဖို့က အရေးအကြီးဆုံးကိစ္စပဲ"
စုရှောင်ယွီက အလေးအနက်ထား၍ ပြောဆိုသည်။
ဖုန်းရင်ဂိုဏ်းကတော့ဘာမှအရေးမပါဘူးမဟုတ်လား။
အဲဒီအမှိုက်တစ်သိုက်ကိုမျက်လုံးနဲ့တောင်ထည့်နေစရာမလိုဘူး။
စုရှောင်ယွီ၏စကားလုံးများကြောင့် ကွမ်လင်းတို့လူစုသည် သတိလစ်မေ့မျောသွားလုနီးပါးပင်။
အမှိုက်တစ်သိုက်ဟု ဆိုသလော....
ရိုးရိုးသားသားပြောရလျှင် ခန်းမအတွင်းရှိလူများအနက်မှအများစုသည် စုရှောင်ယွီအပေါ် အနည်းငယ်စိတ်ပျက်နေမိသည်။အကြောင်းအရင်းမှာ ဖုန်းယွင်ဂိုဏ်းမှ သယ်ဆောင်လာသည့် ကြီးမားသောဖိအားအရှိန်အဝါများသည် သူတို့၏စိတ်ခံစားချက်များကို လွှမ်းမိုးနေသောကြောင့်ပင်။
ဤမိန်းကလေးသည် အမှန်တကယ်ကို မောက်မာထောင်လွှားပေ၏။
"ထားလိုက်တော့..မင်း အခုချက်ချင်း ထွက်သွားတော့"
ကွမ်လင်းသည် ပင်ပန်းနွမ်းနယ်လာမှုကို အနည်းငယ်ခံစားရသဖြင့် သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။သူသည် မည်သည့်စကားကိုမျှ ထပ်မံ၍ ပြောဆိုလိုခြင်းမရှိတော့ချေ။
သို့ရာတွင်...
ထိုအချိန်မှာပင် ပြင်ပမှာနေ၍ လက်အောက်ငယ်သားတယောက် ပြေးဝင်လာကာ မြေပြင်ပေါ်၌ဒူးထောက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် အော်ဟစ်လေသည်။
"ဂိုဏ်းချုပ်... အကြီးအကဲတို့...ဂိုဏ်ရဲ့အပြင်မှာ ကင်းခြေများတကောင် ရောက်နေတယ်"
Chapter 835
"ဘာ....ဒီနေရာကို ဘယ်လိုလုပ်ပြီးတော့ ကင်းခြေများတစ်ကောင် ရောက်လာတာလဲ"
ကွမ်လင်းသည် အံ့အားသင့်သွားလေ၏။
မည်သည်ကြောင့် ထိုကင်းခြေများ ရောက်ရှိလာသနည်း...
"အဲ့ဒီကင်းခြေများရဲ့မူရင်းဇစ်မြစ်က ဘာလဲ"
ကွမ်လင်းက ထပ်မံ၍မေးမြန်းသည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်....အဲ့ဒီကိစ္စကို ကျွန်တော် မသိပါဘူး...ဒါပေမဲ့ အဲ့ဒီကင်းခြေများရဲ့ပုံပန်းသွင်ပြင်က အရမ်းကြီးမားပြီးတော့...လမ်းလျှောက်နေတဲ့အချိန်မှာ အရမ်းမောက်မာထောင်လွှားတယ်ဆိုတာကိုတော့ ကျွန်တော်သိတယ်...အကြည့်တချက်နဲ့တင် သူက ကောင်းတဲ့ကောင် မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိတယ်...ဒါကြောင့် ကျွန်တော်က အမြန်လာပြီး သတင်းပို့တာပါ"
"သွားကြစို့....ငါ အဲ့ဒီကင်းခြေများကို ကြည့်ရအောင် ငါ့ကို ခေါ်သွားပေးစမ်း"
ကွမ်လင်းသည် အနည်းငယ်စိုးရိမ်ပူပန်သွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကင်းခြေများတစ်ကောင်သည် ဂိုဏ်းတံခါးမကြီး၏ရှေ့၌ ထွက်ပေါ်လာပေရာ ကိစ္စများသည် ရိုးရှင်းမည့်ပုံ မရချေ။
ဤကိစ္စသည် လူများအားလုံး၏စိတ်အာရုံကို ချက်ချင်းနိုးကြားသွားစေခဲ့သည်။
ကွမ်လင်းသည် အကြီးအကဲတစ်စုကိုဦးဆောင်၍ ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီး၏ဗဟိုချက်နေရာသို့ သွားလိုက်သည်။
အကြောင်းအရင်းမှာ သူတို့သည် ဂိုဏ်းတံခါးမကြီး၏ပြင်ပသို့ မထွက်ဝံ့သောကြောင့်ပင်။ ထို့ကြောင့် သူတို့သည် ပြင်ပမှလှုပ်ရှားမှုများအားလုံးကို အနီးကပ်စောင့်ကြည့်ရန်အတွက် ဝင်္ကပါ၏ဗဟိုချက်နေရာတွင် ချန်ထားခဲ့သော တားမြစ်ချက်တစ်ခုမှသာ ကြည့်ဝံ့သည်။
ဤအချိန်အခိုက်အတန့်တွင် ပုံရိပ်တစ်ခုက လူများအားလုံး၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းတွင် ကင်းခြေများတကောင်သည် သူ၏ပခုံးပေါ်တွင် အနက်ရောင်ဝတ်ရုံကို ခြုံလွှမ်းထားကာ သူ၏ခေါင်းကို မြင့်မြင့်မော့ထားသည်။သူ၏ဥမှင်မွှေးနှစ်ချောင်းသည် ထောင်မတ်နေကာ သူ၏မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကို စူးစိုက်၍ကြည့်နေလေ၏။
သူ၏မရေမတွက်နိုင်သော ခြေချောင်းများအကြားတွင် အောက်ပိုင်းခန္ဓာကိုယ်မှ ခြေချောင်းများကို မတ်မတ်ထားပြီး လမ်းလျှောက်နေသည်။သူ၏အထက်ပိုင်းခန္ဓာကိုယ်မှ ခြေချောင်းများကိုမူ လူသားများ၏လက်များအလား ပိုက်ထားကာ သူ၏ကိုယ်နေဟန်ထားသည် အလွန်မောက်မာထောင်လွှားပေ၏။
ဤကင်းခြေများ၏ ရုတ်တရက်ထွက်ပေါ်လာမှုသည် ဖုန်းယွင်ဂိုဏ်း၏သတိထားမှုကို မြင့်တက်သွားစေခဲ့သည်။ဖုန်းယွင်ဂိုဏ်းမှလူများအားလုံး ကင်းခြေများကို ကြည့်လိုက်ကြသည်။သူတို့သည် စိတ်ဝိညာဥ်လှေပျံပေါ်ရှိ အမြှောက်များအားလုံးကို အသက်သွင်းထားကာ ကင်းခြေများကို အချိန်မရွေးပစ်ခတ်နိုင်ရန် အဆင်သင့်ပြင်ထားကြ၏။
သို့ရာတွင် ဤကိစ္စနှင့်ရင်ဆိုင်ရသည့်တိုင် ကင်းခြေများသည် လုံးလုံးလျားလျားလျစ်လျူရှုထားကာ အဝေးတစ်နေရာမှနေ၍ ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ တံခါးမကြီးထံသို့ တဖြည်းဖြည်းရွေ့လျားသွားသည်။
သူ့ထံတွင် အလျင်လိုခြင်းမရှိဘဲ သူ့ကိုကြည့်ရသည်မှာ တခြားအရာများအား အနည်းငယ်မျှ ဂရုမစိုက်သည့်အလားပင်။
"ရပ်လိုက်စမ်း..."
နောက်ဆုံးတွင် စိတ်ဝိညာဥ်လှေပျံ၏ကုန်းပတ်ပေါ်တွင်ရှိနေသော ဖုန်းယွင်ဂိုဏ်းမှ မဟာအကြီးအကဲကျိုးစုန်နှင့်တခြားလူများသည် သတိပေးစကားပြောဆိုလိုက်၏။
"ဖုန်းယွင်ဂိုဏ်းက ဒီနေရာမှာ ကိစ္စတစ်ခု လုပ်စရာရှိနေတယ်...မဆိုင်တဲ့လူတွေ အမြန်ဆုံးထွက်သွားကြစမ်း"
ကင်းခြေများသည် မဟာအကြီးအကဲကို မျက်စောင်းတချက်ထိုးကြည့်ပြီးနောက် လျစ်လျှူရှုလိုက်သည်။
"မင်းက ကောင်းကောင်းပြောနေတာကို နားမထောင်ဘူး"
ကျိုးစုန်သည် ရုန့်ရင်းကြမ်းတမ်းသော လူတစ်ယောက်ပင်။
ဤကဲ့သို့အခြေအနေအောက်တွင် ကင်းခြေများတစ်ကောင် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့ရသည် မဟုတ်လော.....
မည်သည်ကြောင့် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်မည်နည်း....
ဤသည်မှာ သူတို့ဂိုဏ်းနှစ်ဂိုဏ်းအကြားတွင် ဝင်ရောက်စွက်ဖက်မှုကြီး ဖြစ်လာမည်ကို သူ စိုးရိမ်မိသည်။ထို့ကြောင့် ကင်းခြေများသည် သတိပေးစကားကို နားမထောင်သဖြင့် သူ လက်ဦးမှုယူ၍ တိုက်ခိုက်ရပေမည်။
"ငါတို့ဖုန်းယွင်ဂိုဏ်းရဲ့စိတ်ဝိညာဥ်လှေပျံရှေ့မှာ ဘယ်သူ့ကိုမှ သွားလာလှုပ်ရှားခွင့်မပြုဘူး...သူ့ကို သင်ခန်းစာပေးလိုက်စမ်း"
ကျိုးစုန်က အမိန့်ပေးသည်။
သူ အမိန့်ပေးလိုက်သည်နှင့် တစ်ချိန်တည်းနီးပါးတွင် စိတ်ဝင်လှေပျံပေါ်ရှိ အမြှောက်များအနက်တစ်လက်မှနေ၍ ထူထပ်သိပ်သည်းသောစွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ ကင်းခြေများထံဦးတည်၍ ပစ်ခတ်လိုက်သည်။
ဘုန်း...
မည်သည့်နှောင့်နှေးခြင်းမျှမရှိဘဲ ထိုတိုက်ခိုက်မှုသည် ကင်းခြေများပေါ်သို့ ကျရောက်သွားလေ၏။
သို့ရာတွင် ဤတိုက်ခိုက်မှုသည် ကင်းခြေများ၏မာကျောသောအကြေးခွံကို ရိုက်ခတ်မိချိန်တွင် မီးပွားနှစ်ခု ထွက်ပေါ်လာရုံသာရှိမည်ဟု ကျိုးစုန် မျှော်လင့်မထားမိချေ။ထိုမျှသာမက ကင်းခြေများ၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ရာပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
"ဒါက..."
အကာအကွယ်ဝင်္ကပါကြီး၏ဗဟိုချက်နေရာမှ စောင့်ကြည့်နေသော ကောင်းကင်တိမ်တိုက်ဂိုဏ်းမှလူများနှင့် ဖုန်းယွင်ဂိုဏ်းမှလူများထံမှနေ၍ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သောအသံများ တပြိုင်နက်တည်းထွက်ပေါ်လာသည်။
ဤအမြှောက်၏စွမ်းအားကို အခြေခံအားဖြင့် ကပ်ဘေးနယ်ပယ်နဝမအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားပြည့်တိုက်ခိုက်မှုနှင့် ညီမျှသည်ဟု ယူဆနိုင်သည်။သို့ရာတွင် ကင်းခြေများ၏ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်ဘဲဖြစ်မည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
"ထပ်ပြီး တိုက်ခိုက်ကြစမ်း"
ကျိုးစုန်က ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်သည်။သူသည် ဤကိစ္စကို အစပျိုးခဲ့ကာ အမြှောက်ကို ပစ်ခတ်ပြီးဖြစ်သောကြောင့် ရပ်တန့်ရန် မည်သို့မျှမဖြစ်နိုင်ချေ။အထူးသဖြင့် ကင်းခြေများသည် အမှိုက်ကောင်တစ်ကောင်မဟုတ်ကြောင်း သိရှိလိုက်ရသောကြောင့်ပင်။ထိုကြောင့် ကင်းခြေများသည် လက်တုံ့ပြန်သည့်အနေဖြင့် သူတို့အား တိုက်ခိုက်လာမည်ကို သူတို့ မလိုလားချေ။
ထိုကြောင့် သူ၏အသံ ကျရောက်သွားသောအချိန်အခိုက်အတန့်မှာပင် စိတ်ဝိညာဥ်လှေပျံပေါ်ရှိ အမြှောက်များအားလုံး ရွေ့လျားသွားကာ အနက်ရောင်အမြှောက်ပြောင်းဝဖြင့် ကင်းခြေများကိုဦးတည်ပြီး ချိန်ရွယ်လိုက်ကြ၏။
ဘုန်း...
ဘုန်း....ဘုန်း...ဘုန်း...
ပြင်းထန်သော အမြောက်သံတစ်သံကို ပထမဆုံး ကြားလိုက်ရခြင်းနှင့်အတူ ဒုတိယနှင့်တတိယအမြောက်သံများသည်လည်း ထွက်ပေါ်လာသည်။
အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သော တိုက်ခိုက်မှုများသည် ကင်းခြေများထံဦးတည်၍ တိုးဝင်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်ရှိ မိုးနှင့်မြေပင် အရောင်ပြောင်းလဲသွားပုံရသည်။
ပတ်ဝန်းကျင်ရှိလေထုကို ဖိအားအရှိန်အဝါတစ်ရပ်က လွှမ်းခြုံသွားပေ၏။
ဤမြင်ကွင်းကိုကြည့်ပြီး ကောင်းကင်တိမ်တိုက်ဂိုဏ်းမှ လူများအားလုံးသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိလေ၏။
ဤကဲ့သို့တိုက်ခိုက်မှုတစ်ခုသည် အကယ်၍ သူတို့၏ခေါင်းများထက်သို့ ကျရောက်လာပါက သူတို့ ဆိုးဆိုးရွားရွားသေဆုံးသွားပေမည်။
ဤတိုက်ခိုက်မှု၏ပြင်းအားကိုကြည့်ပြီး သူတို့သည် ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီး၏ခုခံကာကွယ်နိုင်စွမ်းကို ပိုတွက်ခဲ့မိကြောင်း ရှာဖွေတွေ့ရှိမိသည်။
အကယ်၍ ဤကဲ့သို့ပြင်းအားဖြင့် တိုက်ခိုက်ပါက သူတို့၏ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီးသည် အများဆုံးအနေဖြင့် လဝက်ခန့်သာ တောင့်ခံနိုင်ပေမည်။
လဝက်ကြာပြီးနောက် ထိုအရာသည် ကြက်ဥခွံတစ်ခုအလား ကြေမွှပျက်စီးသွားပေမည်။
ထို့နောက် အမြှောက်များ၏တိုက်ခိုက်မှုများအားလုံး ကင်းခြေများပေါ်သို့ ကျရောက်သွားသည်။
ဤကဲ့သို့တိုက်ခိုက်မှုအောက်တွင် အကယ်၍ ကင်းခြေများသည် သူ၏ခွန်အားကို ယခင်က ပြသခဲ့လျှင်ပင် လူများအားလုံး၏အမြင်၌ သူ သေဆုံးရမည်မှာ သေချာသလောက်ပင်။
သို့ရာတွင် ရလဒ်သည် သူတို့၏မျှော်လင့်ချက်များထက် များစွာပို၍ကျော်လွန်နေသည်။
ကင်းခြေများသည် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ဘဲ စိတ်ဝိညာဥ်ခန္ဓာကိုယ်တစ်ခုသည် သူ့ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
"အမှန်ပဲ စိတ်ဝိညာဥ်လေး...အဲ့ဒီစွမ်းအားတွေကို လွတ်ထွက်မသွားစေနဲ့...ဒါက အားပျော့တယ်ဆိုပေမယ့် ခြင်တစ်ကောင်ရဲ့အသားကလည်း ဘယ်လိုပဲဖြစ်ဖြစ် အသားဖြစ်နေတုန်းပဲ...မြန်မြန်လေး စုပ်ယူလိုက်တော့"
ကင်းခြေများက အော်ဟစ်လိုက်သည်။
"ဟား ဟား ဟား....အစ်ကိုကင်းခြေများကို ကျေးဇူးတင်ပါတယ်...ခြင်တစ်ကောင်ရဲ့အသားကလည်း အသားပဲ...ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့အတွက် နည်းနည်းတော့ အထောက်အပံ့ဖြစ်စေတယ်"
စိတ်ဝိညာဉ်ဘုရင်ထံမှနေ၍ စိတ်လှုပ်ရှားစွာပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ဤသို့ဖြင့် ညီအစ်ကိုနှစ်ယောက် စကားစမြည်ပြောဆိုနေမှုအောက်တွင် စိတ်ဝိညာဥ်အမြှောက်မှတိုက်ခိုက်မှုများအားလုံး သူတို့အပေါ် ထိခိုက်စေခြင်းမရှိခဲ့ချေ။အမြှောက်များမှပစ်ခတ်လိုက်သော စိတ်ဝိညာဉ်စွမ်းအားများကို စိတ်ဝိညာဥ်ဘုရင်မှ စုပ်ယူသွားသဖြင့် လှိုင်းဂယက်တစ်ခုပင် ထွက်ပေါ်လာခဲ့ခြင်းမရှိချေ။
ကျိုးစုန်နှင့်တခြားလူများ၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏ခြေထောက်များ တုန်ရီသွားသည်။
ဤသည်မှာ မည်ကဲ့သို့နည်းလမ်းမျိုး ဖြစ်သနည်း.....
သူတို့ ဂုဏ်ယူဝံ့ကြွားရသော တိုက်ခိုက်မှုသည် တခြားတစ်ယောက်အတွက် အားဖြည့်ဆေးတစ်ခွက် ဖြစ်သွားသလော....