အခန်း (၈၄၁-၈၄၅)
Vol. 57 Ch. 841-845
Chapter 841
ဆဋ္ဌမအကြီးအကဲသည် လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီးနောက် စိတ်ကျေနပ်သွားကာ လက်ဖက်ရည်ခွက်ကို အောက်သို့ပြန်ချလိုက်၏။
"ကောင်းလိုက်တာ..."
"အင်း....."
ကျိုးနန်သည် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်ပြကာ မျှော်လင့်တကြီးစောင့်ဆိုင်းနေသည်။
အစောပိုင်းက သူတို့နှစ်ယောက်ကြားတွင် အပြန်အလှန်လှောင်ပြောင်မှုများ ရှိခဲ့သော်လည်း သူတို့နှစ်ယောက်၏ဆက်ဆံရေး မကောင်းသောကြောင့် မဟုတ်ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏မိတ်ဆွေဆက်ဆံရေးသည် အလွန်ကောင်းမွန်ပေ၏။
အတိအကျပြောဆိုရလျှင် ကျိုးနန်သည် ဆဋ္ဌမအကြီးအကဲအကြောင်းကို အလွန်ကောင်းစွာသိရှိထားသည်။
တခါတရံ၌ သူသည် ဆောင့်ကြွားကြွားနိုင်လေ့ရှိသော်လည်း ရည်ရွယ်ချက်မဲ့မဟုတ်ချေ။
ထို့ကြောင့် သူ ရောက်လာပြီး မြင့်မြတ်ရွှေအရိုးကိစ္စကို ပြောနေကတည်းက ဤကိစ္စနှင့်ပတ်သက်ပြီး သတင်းတစ်ခု အမှန်တကယ်ရှိနေသည်ဟု ဆိုလိုခြင်းပင်။
ကျိုးနန်၏မျှော်တလင့်လင့်အကြည့်အောက်တွင် ဆဋ္ဌမအကြီးအကဲက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ငါတို့ရဲ့ဂိုဏ်းကို ခုလတ်တလောမှရောက်လာတဲ့ ပိုင်မီကို မင်း သိတယ်မဟုတ်လား"
"ပိုင်မီလား..."
ကျိုးနန်သည် အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"ငါ ကြားဖူးတယ်...ငါ ဘာလို့ကြားဖူးတာလဲဆိုတော့ အဲ့ဒီတပည့်မလေးကြောင့် ဖုန်းယွင်ဂိုဏ်းရဲ့စိတ်ဝိညာဥ်လှေပျံက မင်းတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့ တံခါးမကြီးရှေ့ကို ရောက်လာတာပဲမဟုတ်လား"
"ပြောရမယ်ဆိုရင်....အဲ့ဒီလူအိုကြီးကွမ်လင်း ဘာတွေတွေးနေလဲဆိုတာ ငါ တကယ့်ကို မသိတော့ဘူး...အတွင်းစည်းတပည့်လေးတစ်ယောက်က ဘာမှအရေးမပါဘူး...သူ့အတွက်နဲ့ ဖုန်းယွင်ဂိုဏ်းကို အပြစ်ပြုတာ တန်လို့လား"
"ဟား ဟား ဟား..."
ကျိုးနန်၏စကားများကို ကြားချိန်တွင် ဆဋ္ဌမအကြီးအကဲသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ အေးအေးလူလူအသံဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းတို့တောင်ပိုင်းဂိုဏ်းမှာ ဒီလိုကိစ္စမျိုးရှိနေရင်...မင်းလည်း တူညီတဲ့ဆုံးဖြတ်ချက်မျိုး ချလိမ့်မယ်"
"ဟမ့်...."
ကျိုးနန်သည် အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်၏။
"ငါက ဦးနှောက်မမှန်တဲ့လူမဟုတ်ဘူး...ကွမ်လင်းလို ခေါင်းမကောင်းတဲ့ လူအိုကြီးတစ်ယောက်ကသာ ခုလိုအရေးမပါတဲ့ကိစ္စတစ်ခုကို လုပ်လိမ့်မယ်"
"ဒါဆိုရင် တကယ်လို့ ပိုင်မီက မြင့်မြတ်ရွှေအရိုးပိုင်ရှင်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ...."
ဆဋ္ဌမအကြီးအကဲက အေးအေးလူလူလေသံဖြင့် မေးမြန်းသည်။
"ဒါဆိုရင်လည်း ဖုန်းယွင်ဂိုဏ်းကို အပြစ်ပြုလို့မဖြစ်....အမ်...."
ကျိုးနန်သည် စကားတစ်ဝက်တစ်ပျက်သို့အရောက်တွင် အသိစိတ်ပြန်ဝင်လာသဖြင့် သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။
"မင်း ဘာပြောလိုက်တာလဲ"
"ပိုင်မီက မြင့်မြတ်ရွှေအရိုးပိုင်ရှင်လား...."
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
"သူက အတွင်းစည်းတပည့်လေးတစ်ယောက် မဟုတ်လား...ဘယ်လိုဖြစ်ပြီးတော့ သူ့မှာ မြင့်မြတ်ရွှေအရိုး ရှိနိုင်မှာလဲ"
"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး...."
"တကယ်လို့ ပိုင်မီကသာ မြင့်မြတ်ရွှေအရိုးပိုင်ရှင်ဆိုရင် ဖုန်းယွင်ဂိုဏ်းက သူ့ကို အရင်ကတည်းက လုယူနေလောက်ပြီ...ဒီသတင်းက နေရာအနှံ့အပြားကိုတောင် ပြန့်နေလောက်ပြီ"
ကျိုးနန်သည် သူ၏ခေါင်းကိုခါယမ်းကာ ဤကိစ္စကို အနည်းငယ်မျှ ယုံကြည်နိုင်ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်ရွှေအရိုးသည် မွေးရာပါပါရမီတစ်ခုဖြစ်ပြီး ထိုအရာ ပေါက်ဖွားလာသည်နှင့် အရိပ်အယောင်များ ရှိလာမည်ဖြစ်ရာ ဤမျှထိ အချိန်အကြာကြီး မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိဘဲ နေမည်မဟုတ်ချေ။
ထို့ပြင် အကယ်၍ ပိုင်မီထံတွင် အမှန်တကယ်ကို မြင့်မြတ်ရွှေအရိုးရှိနေပါက ဖုန်းယွင်ဂိုဏ်းသည် သူမအား မည်သည်ကြောင့် အလွတ်ပေးမည်နည်း။
"အော်...ဒါက မင်းတစ်ယောက်တည်းရဲ့အမြင် မဟုတ်လား..."
ဆဋ္ဌမအကြီးအကဲက အပြုံးနှင့်ပြောဆိုသည်။
"မြင့်မြတ်ရွှေအရိုးက မွေးရာပါခန္ဓာကိုယ်ဖွဲ့စည်းပုံ ဆိုတာကိုပဲ မင်း သိတယ်...ဒါပေမဲ့ မင်း နောက်ထပ်ဖြစ်နိုင်ချေတစ်ခုအကြောင်းကို စဥ်းစားခဲ့ဖူးလား"
"နောက်ထပ်ဖြစ်နိုင်ချေလား..."
"ဘယ်လို ကျင့်ကြံမှုမျိုးက မြင့်မြတ်ရွှေအရိုးကို ရနိုင်လို့လဲ...."
"မဖြစ်နိုင်ဘူး...."
"မင်း ပေါက်ကရစကားတွေ မပြောစမ်းနဲ့..."
ကျိုးနန်က မယုံကြည်နိုင်မှုကြောင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါက မင်းကို နောက်နေတယ်လို့ မင်း ထင်နေတာလား"
ဆဋ္ဌမအကြီးအကဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ မင်းကို အမှန်အတိုင်းပြောလိုက်မယ်....ပိုင်မီရဲ့ မြင့်မြတ်ရွှေအရိုးက တခြားတစ်နေရာကနေ ရလာတာပဲ...အခုချိန်မှာ သူ့ရဲ့ကျင့်ကြံမှုက တစ်နေ့ကို မိုင်တစ်ထောင်လောက် ခရီးရောက်နေပြီ"
"ဒါကြောင့် ပိုင်မီကို ဖုန်းယွင်ဂိုဏ်းက လာလုတာကိုမပြောနဲ့...တကယ်လို့ တာအိုဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေရင်တောင် မြင့်မြတ်ရွှေအရိုးပိုင်ရှင်အတွက် တိုက်ခိုက်ရတာက တန်တယ်..."
"ဘယ်လို...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
အဖြစ်မှန်နှင့် ရင်ဆိုင်ရချိန်တွင် မယုံကြည်နိုင်မှုကြောင့် ကျိုးနန်၏မျက်နှာပေါ်မှကြွက်သားများ တဆတ်ဆတ်တုန်နေသည်။
သူသည် ဆဋ္ဌမအကြီးအကဲ၏စရိုက်ကို ကောင်းစွာသိရှိထားသည်။ထို့ကြောင့် ဤကဲ့သို့အချိန်အခိုက်အတန့်တွင် ဆဋ္ဌမအကြီးအကဲသည် သူ့အား နောက်ပြောင်ကျီစယ်မည်မဟုတ်ကြောင်း သူ သိရှိပေ၏။
"တကယ်ကြီး အဲ့ဒီလို ဖြစ်သွားတာလား"
"အင်း...."
"ဒါဆိုရင် သူ့ရဲ့မြင့်မြတ်ရွှေအရိုးက ဘယ်နေရာကနေ ရလာတာလဲ"
ကျိုးနန်သည် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"အင်း...အမှန်တော့...မင်း အဲ့ဒီကိစ္စကိုမသိတာ ပိုကောင်းလိမ့်မယ်လို့ ငါ ထင်တယ်"
ဆဋ္ဌမအကြီးအကဲက သူ၏နှာခေါင်းကိုညှစ်ပြီး ပြောဆိုသည်။
"အကြောင်းကတော့ မင်း ဒီကိစ္စကို တောင့်မခံနိုင်မှာ ငါ စိုးရိမ်မိတယ်"
"ငါက ဘာလို့ တောင့်မခံနိုင်ရမှာလဲ"
ကျိုးနန်က မျက်စောင်းထိုးကြည့်ပြီး ပြောဆိုလိုက်သည်။
"သူ့ရဲ့မြင့်မြတ်ရွှေအရိုးက ဘယ်နေရာကနေ ရလာတာလဲဆိုတာ ငါ့ကို ပြောသာပြောလိုက်စမ်းပါ..."
"မင်း သေချာလား...."
ဆဋ္ဌမအကြီးအကဲက မေးမြန်းသည်။
"မြန်မြန်ပြောတော့...."
ကျိုးနန်က စိတ်မရှည်စွာဖြင့် တုံ့ပြန်သည်။
Chapter 842
"ကောင်းပြီလေ....ဒါဆိုရင်လည်း ငါ ပြောပြမယ်"
ဆဋ္ဌမအကြီးအကဲက ကျိုးနန်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီး ပြောဆိုသည်။
"အရင်က ငါတို့ဂိုဏ်းရဲ့တပည့် ရှောင်ယွီလေးက လှပချောမောတဲ့ မိန်းကလေးတွေကို ဖိတ်ခေါ်ခဲ့တယ်....အဆုံးသတ်ကျတော့ အဲ့ဒီမိန်းကလေးတွေက ဒေါသထွက်သွားကြပေမယ့် မိန်းကလေးတစ်ယောက်ကတော့ ရှောင်ယွီလေးရဲ့တောင်းဆိုချက်ကို သဘောတူခဲ့တယ်"
"သူက ပိုင်မီပဲ..."
"ဘာ...."
ကျိုးနန်သည် ထိုစကားများကိုကြားချိန်တွင် သူ၏စိတ်အတွင်း၌ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။
"မင်း....မင်း...မင်း ဆိုလိုတာက...."
"ဒါက အမှန်ပဲ...ငါတို့ရဲ့ရှောင်ယွီလေးက မင်းတို့ဂိုဏ်းရဲ့တပည့်မလေးနဲ့ တခြားဂိုဏ်းကတပည့်မတွေကို အခွင့်အရေးတစ်ခုပေးမယ်လို့ ပြောခဲ့တယ်...ဒါက အခြေအမြစ်မရှိတဲ့ ကိစ္စမဟုတ်ဘူး...တကယ့်ကို အခွင့်အရေးကြီးတစ်ခုပဲ..."
ဆဋ္ဌမအကြီးအကဲ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားပြီး အေးအေးလူလူလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါပေမယ့် မင်းတို့ဂိုဏ်းရဲ့တပည့်မနဲ့ တခြားမိန်းကလေးတစ်စုက ဒီအခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့တဲ့အပြင် ငါတို့ရဲ့ရှောင်ယွီလေးက သူတို့ကို အရှက်ခွဲပါတယ်ဆိုပြီး အပြစ်တင်ခဲ့တယ်"
"အဆုံးသတ်ကျတော့ ပိုင်မီက အဲ့ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့တယ်...သူ ပြန်ရောက်လာပြီးတဲ့နောက် မကြာခင်မှာပဲ မြင့်မြတ်ရွှေအရိုးပိုင်ရှင် ဖြစ်လာခဲ့တယ်"
"မင်း ပြောကြည့်စမ်း...တကယ်လို့ မင်းရဲ့တပည့်မလေးက ဒီအခွင့်အရေးကိုသာ ဆုပ်ကိုင်နိုင်ခဲ့ရင်...အခုအချိန်မှာ......"
ဆဋ္ဌမအကြီးအကဲ၏စကားလုံးများ ကျရောက်သွားချိန်တွင် ကျိုးနန်ကိုကြည့်ရသည်မှာ လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလားပင်။
"မင်း ငါ့ကိုမလိမ်တာ သေချာလား"
ကျိုးနန်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။
"ငါက မင်းကို ရယ်စရာပြောနေတယ်လို့ မင်း ထင်နေတာလား"
ဆဋ္ဌမအကြီးအကဲက အလေးအနက်ထားသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"အစကတော့ မင်းတို့တောင်ပိုင်းဂိုဏ်းမှာလည်း အခွင့်အရေးတစ်ခုရှိနေတယ်...ဒါပေမဲ့ မင်းတို့က ဒါကို တန်ဖိုးထားရကောင်းမှန်း မသိကြဘူး...အဲ့ဒီအစား ငါတို့ကိုတောင် အပြစ်တင်နေတယ်...ဟမ့် ဒါက တကယ်ကို ကြေကွဲဝမ်းနည်းပြီးတော့ နောင်တရစရာတစ်ခုပဲ...ဒါ...."
"မပြောနဲ့တော့...မင်း ဆက်မပြောနဲ့တော့"
ကျိုးနန်က သူ၏ခေါင်းကိုဆုပ်ကိုင်ကာ သူ့၏လက်ကိုဝှေ့ယမ်းပြီး ဆဌမအကြီးအကဲ၏စကားများကို ကြားဖြတ်ဟန့်တားလိုက်သည်။အကယ်၍ သူသာ် ထိုစကားများကို ထပ်မံ၍နားထောင်ပါက နှလုံးဖောက်သွားနိုင်သည်ဟု သူ ခံစားမိလေ၏။
ဆဋ္ဌမအကြီးအကဲ မည်သည့်အရာအား ဆိုလိုသည်ကို သူ မသိရှိဘဲနေမည်နည်း။
အကယ်၍ သူ၏တပည့်မသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ပါက ယခုအချိန်တွင်လည်း သူတို့၏ဂိုဏ်းတွင် မြင့်မြတ်ရွှေအရိုးပိုင်ရှင်တစ်ယောက်ကို မွေးထုတ်နိုင်ပြီးဖြစ်ပေမည်။
ကြီးမားသောအခွင့်အရေးကြီးသည် သူတို့၏လက်အတွင်းမှချော်ထွက်ကာ ပျောက်ဆုံးသွားခဲ့လေပြီ။
ဆဋ္ဌမအကြီးအကဲ၏စိတ်ထားကို သူ သိရှိနေမှုအရ ဤကိစ္စသည် မယုံကြည်နိုင်ဖွယ်ကောင်းနေလျှင်ပင် အစစ်အမှန်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်သည်။
သူသည် အချိန်တစ်ခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏စိတ်နှလုံးသားအတွင်းတွင်ရှိနေသော မေးခွန်းတစ်ခုကို သတ္တိမွေး၍ မေးမြန်းလိုက်သည်။
"ဒါပေမဲ့...ဒါပေမဲ့...ဘယ်လိုလုပ်ပြီးတော့ မြင့်မြတ်ရွှေအရိုးပိုင်ရှင်တစ်ယောက်ကို အလွယ်တကူ မွေးထုတ်ပေးနိုင်မှာလဲ"
"ဟီး ဟီး...ဒီကိစ္စကို မင်း ဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာလဲ"
ဆဋ္ဌမအကြီးအကဲက အပြုံးနှင့်ပြောဆိုသည်။
"ဒါက ရှောင်ယွီလေးရဲ့နောက်မှာ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ရှိနေတယ်"
"လွန်ခဲ့တဲ့ရက်အနည်းငယ်အကြာက ဖုံးယွင်ဂိုဏ်းရဲ့စိတ်ဝိညာဥ်လှေပျံ ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းရှေ့ကို ရောက်လာတာ မင်း သိတယ်မဟုတ်လား...ဒါပေမဲ့ အဲဒီပြိုင်ဘက်ကင်းဆရာကြီးက စီနီယာနှစ်ယောက်ကို သာမန်ကာလျှံကာ စေလွှတ်လိုက်ရုံနဲ့ သူတို့က အဲ့ဒီစိတ်ဝိညာဥ်လှေပျံကို ပေါ့ပေါ့ပါးပါးဖျက်ဆီးလိုက်တယ်"
"တကယ်လား...အဲ့ဒီလို ဆရာကြီးတစ်ယောက် တစ်ကယ်ရှိနေတာလား"
ကျိုးနန်သည် ဤကိစ္စကို ယုံကြည်နိုင်ခြင်းမရှိချေ။
"ငါက မင်းကို လှည့်စားရင်တောင် ဘာလုပ်လို့ရမှာလဲ"
ဆဋ္ဌမအကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကျိုးနန်၏ရှေ့၌ ရုပ်ပုံမြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ဤရုပ်ပုံမြင်ကွင်းအတွင်း၌ ကင်းခြေများတစ်ကောင်သည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေကာ ဖုန်းယွင်ဂိုဏ်း၏စိတ်ဝိညာဉ်လှေပျံကို လွယ်လင့်တကူ ဖျက်ဆီးလိုက်သည်။ထို့နောက် တိုက်ခိုက်ခံရသော ဖုန်းယွင်ဂိုဏ်းမှလူများသည် တကွဲတပြားစီ ထွက်ပြေးသွားကြလေ၏။
ကျိုးနန်သည် ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအယာဖြင့် ဤမြင်ကွင်းကို ကြည့်နေသည်။
သူသည် ထိုနေရာသို့ သူကိုယ်တိုင်ကိုယ်ကျ ရောက်ရှိသွားခြင်းမရှိသော်လည်း ဤရုပ်ပုံမြင်ကွင်းကို မြင်ရုံသက်သက်ဖြင့် ကင်းချေများ၏စွမ်းအားကို သူ ခံစားမိသည်။
"ဒါက အဲ့ဒီထိပ်သီးဆရာကြီး လွှတ်လိုက်တဲ့ စီနီယာတစ်ယောက်ပဲ"
ဆဋ္ဌမအကြီးအကဲက သူ၏ခေါင်းကို မသိမသာမော့ပြီး ဂုဏ်ယူဝံ့ကြွားစွာပြောဆိုသည်။
"အော် ဒါနဲ့...စကားမစပ်...ငါတို့ရဲ့ရှောင်ယွီလေးက အဲ့ဒီထိပ်သီးဆရာကြီးနဲ့ ဆက်ဆံရေးကောင်း ရှိနေတယ်"
"ဒါကြောင့် ဒီလူအိုကြီးက လွန်ခဲ့တဲ့ရက်အနည်းငယ်အကြာတုန်းက ကံကြမ္မာကောင်းရပြီးတော့ ဆရာကြီးကင်းချေများကို ဝိုင်အရက်သောက်ရင်း လကြည့်ဖို့ ဖိတ်ခေါ်နိုင်ခဲ့တယ်"
သူ၏စကား အဆုံးသတ်သွားသောအချိန်၌ ကျိုးနန်သည် ဆဋ္ဌမအကြီးအကဲ၏လက်ကို ဆုပ်ကိုင်လိုက်၏။
"လူအိုကြီး...မင်း မိန်းကလေးတယောက်လောက် လိုချင်လား..."
"တကယ်လို့ မင်း လိုချင်တယ်ဆိုရင် ငါတို့ဂိုဏ်းမှာရှိတဲ့ ဘယ်မိန်းကလေးကိုမဆို ရွေးချယ်လို့ရတယ်"
ကျိုးနန်က ပြတ်ပြတ်သားသားပြောဆိုသည်။
ဆဋ္ဌမအကြီးအကဲသည် မျက်ဖြူလန်သွားကာ သူ၏ခေါင်းကိုမော့ပြီး ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
"ငါ့ကို ဘယ်လိုလူစားမျိုးလို့ မင်း ထင်နေတာလဲ"
"ဟုတ်တယ်...ဟုတ်ပါတယ်...မင်းက အဲ့ဒီလိုလူစားမျိုး မဟုတ်ပါဘူး"
ကျိုးနန်က အပြုံးနှင့် တောင်းပန်စကားပြောဆိုသည်။
"တကယ်တော့ ဒီလူအိုကြီးက အဲ့ဒီလောက်ထိ ကပ်တွက်တက်တဲ့လူ မဟုတ်ပါဘူး"
ဆဋ္ဌမအကြီးအကဲက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ရင်း ပြောဆိုသည်။
"ငါက ဖြောင့်မတ်မှန်ကန်တဲ့လူ ဆိုပေမယ့် မင်းလို ခေတ်မမီတဲ့လူမျိုး မဟုတ်ဘူး.. ဂိုဏ်းချုပ်ကျိုး...မင်းက အရမ်းစိတ်အားထက်သန်နေမှတော့ ဒီလူအိုကြီးက မင်းကို စိတ်မပျက်စေချင်ဘူး...အရင်ဆုံး မိန်းကလေးနှစ်ဆယ် ဒါမှမဟုတ်သုံးဆယ်လောက်ဆိုရင်ရော..."
နှစ်ဆယ် သို့မဟုတ် သုံးဆယ်ဟု ဆိုလိုက် သလော
ကျိုးနန်သည် ဆဋ္ဌမအကြီးအကဲ၏ မျိုးရိုးစဉ်ဆက်ဆယ့်ရှစ်ဆက်ကို သူ၏စိတ်နှလုံးသားအတွင်းမှ ကျိန်ဆဲလိုက်သော်လည်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေဆဲပင်။
"ငါ သူတို့ကို မင်းဆီ အခုချက်ချင်း ပို့လိုက်မယ်...နောက်ထပ်က...."
"ဒါက လွယ်လွယ်လေးပါ..."
ဆဋ္ဌမအကြီးအကဲက ဖော်ရွေသောအပြုံးနှင့် ပြောဆိုသည်။
"ငါ ဒီနေ့ ဒီနေရာကိုလာခဲ့တာက မင်းကို အခွင့်အရေးတစ်ခု ပေးမလို့ပဲ"
"ငါတို့ ကောင်းကင်တိမ်တိုက်ဂိုဏ်းနဲ့ မင်းတို့တောင်ပိုင်းဂိုဏ်းအကြားမှာ အမြဲတမ်း ကောင်းမွန်တဲ့မိတ်ဆွေဆက်ဆံရေး ရှိခဲ့တယ်...ဒါကြောင့် မင်းရဲ့ဂိုဏ်းကနေ လှပချောမောတဲ့တပည့်မလေးတွေကို မင်း ရှာနိုင်မယ်ဆိုရင် အခွင့်အရေးတစ်ခုရှိမရှိ ရှောင်ယွီလေးနဲ့ ညှိနှိုင်းကြည့်လို့ရနိုင်တယ်"
"ဒါနဲ့ အဲ့ဒီမိန်းကလေးတွေက နူးညံ့သိမ်မွေ့ရမယ်နော်"
"ဒါပေမယ့် အရင်က ဒီကိစ္စကို ငြင်းဆန်ခဲ့တဲ့ မင်းရဲ့အဖိုးတန်တပည့်မလေးကိုတော့ ခေါ်မလာခဲ့နဲ့"
Chapter 843
"မင်းက နည်းနည်းလောက် လမ်းကြောင်းဖွင့်ပေးလို့ မရဘူးလား"
ကျိုးနန်က ပျက်ယွင်းနေသော မျက်နှာအမူအယာဖြင့် မေးမြန်းသည်။
"မင်း ဘာတွေစဉ်းစားနေတာလဲ...အခုက အဲ့ဒီအကြောင်းကိုပြောဖို့ လိုသေးလို့လား"
ဆဋ္ဌမအကြီးအကဲက တင်းမာခက်ထန်သောမျက်နှာဖြင့် တုံ့ပြန်သည်။
"ဒီလိုအခွင့်အရေးကြီးတစ်ခုကို မင်းက တစ်ကြိမ်ငြင်းဆန်လိုက်တာနဲ့ နောက်တစ်ကြိမ်ထပ်ရမယ်လို့ မင်း ထင်နေတာလား...မင်းရဲ့ဂိုဏ်းမှာ အလှလေးတွေ ရှားပါးနေတာလား"
"ဟူး...ကောင်းပြီလေ..."
ကျိုးနန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ အခွင့်အရေးဟူသည်မှာ အမိအရဖမ်းဆုပ်ထားနိုင်ရန် လိုအပ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏အဖိုးတန်တပည့်မလေးထံတွင် အခွင့်အရေးမရှိတော့သော်လည်း အနည်းဆုံးအနေဖြင့် သူ၏တောင်ပိုင်းဂိုဏ်းအတွက် အခွင့်အရေးတစ်ခုရှိနေဆဲပင်။
သို့ရာတွင် တံခါး၏ပြင်ပနိုင်၌ မတ်တတ်ရပ်နေသော မိန်းကလေးတစ်ယောက်သည် သူတို့၏စကားပြောဆိုနေမှုများအားလုံးကို ကြားသွားသည်အား သူတို့နှစ်ယောက်သား သတိမပြုမိချေ။
သူမသည် ကျိုးနန်၏အချစ်ဆုံးတပည့်မလေး ကောင်းလော့ကျစ်ပင်။
သူမထံ၌ အခွင့်အရေးမရှိတော့ဟု ကြားချိန်တွင် သူမ၏စိတ်နှလုံးသားကို လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလားပင်။သူမသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ကာသူမ၏မျက်နှာပေါ်တွင် သွေးရောင်မရှိတော့ချေ။
ထိုနေ့တုန်းက စားသောက်ဆိုင်အတွင်း၌ စုရှောင်ယွီ ပြောဆိုခဲ့သောစကားများကို သူမ ထပ်ခါတလဲလဲ ပြန်လည်အမှတ်ရမိသည်။
မြင့်မြတ်ရွှေအရိုး....
သူမသည် အမှန်တကယ်ကို ဤကဲ့သို့အခွင့်အရေးကောင်းကြီးတစ်ခုအား လွဲချော်သွားခဲ့လေပြီ။
ထိုအကြောင်းကိုတွေးတောရင်း သူမ၏အူများ အစိမ်းရောင်သို့ပြောင်းလုမတတ် နောင်တရနေမိသည်။အကယ်၍ တခြားတပည့်မများသည် ဤကဲ့သို့အခွင့်အရေးကို ရရှိသွားပါက သူမ၏ပါရမီအရည်အချင်းသည် ပလ္လင်ပေါ်မှပြုတ်ကျပြီး သူမသည် အကြီးဆုံးစီနီယာအစ်မကြီးဖြစ်နိုင်တော့မည် မဟုတ်ကြောင်းကို စဥ်းစားတွေးတောမိသည်။
ထို့ပြင် သူမအား တခြားလူငယ်ပါရမီရှင်များမှ လေးစားတော့မည်မဟုတ်ချေ။
မူလက ဂိုဏ်းသည် သူမအတွက် အရင်းအမြစ်များစွာ ပေးခဲ့သော်လည်း ယခုအခွင့်အရေးကို လွဲချော်သွားသဖြင့် သူမအား တခြားတပည့်မများ၏နောက်သို့ ပို့ခံရမည်ကို စိုးရိမ်မိသည်။
ဤရလဒ်ကိုလက်ခံနိုင်ရန် သူမအတွက် အလွန်ခက်ခဲနေပေ၏။
သို့ရာတွင် ဤကဲ့သို့အခွင့်အရေးကြီးတစ်ခု အမှန်တကယ်ရှိနေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"ကောင်းပြီလေ...အခြေခံကောင်းတွေရှိပြီးတော့ နာခံရိုကျိုးပြီးနူးညံ့သိမ်မွေ့တဲ့ တပည့်မတွေကို ရွေးချယ်ပြီး ကောင်းကင်တိမ်တိုက်ဂိုဏ်းကို ပို့လိုက်တော့"
ဆဋ္ဌမအကြီးအကဲသည် တံခါး၏ပြင်ပသို့ စောင်းငဲ့၍ကြည့်လိုက်သော်လည်း ဂရုမစိုက်ချေ။သို့ရာတွင် သူသည် ကျိုးနန်အား ဆက်လက်၍ရှင်းပြလိုက်သည်။
"တကယ်တော့ အဲ့ဒီကိစ္စ အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာ ငါ အတပ်မပြောနိုင်ဘူး ....အရာအားလုံးက ကံကြမ္မာပေါ်မှာပဲ မူတည်တယ်....ဒီတကြိမ် ငါ ဒီနေရာကိုလာခဲ့တာက တောင်ပိုင်းဂိုဏ်းအတွက် အခွင့်အရေးကြီးတစ်ခုကို မင်းဆီပေးချင်လို့ပဲ"
"ကျေးဇူးတင်ပါတယ်...ငါတို့တောင်ပိုင်းဂိုဏ်းက မင်းရဲ့ကျေးဇူးကို အမြဲတမ်း အမှတ်ရနေမှာပါ"
ကျိုးနန်သည် ပါးစပ်မစေ့နိုင်သည်အထိ ရယ်ပြုံးနေသည်။သူ၏အချစ်ဆုံးတပည့်မလေးအတွက် အနည်းငယ်နောင်တရနေသော်လည်း တောင်ပိုင်းဂိုဏ်းတစ်ဂိုဏ်းလုံး၏ မြင့်တက်လာမှုနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ အရေးမပါတော့ချေ။
"ကောင်းပြီလေ....ငါ ပြန်တော့မယ်"
ဆဋ္ဌမအကြီးအကဲသည် စိတ်ကျေနပ်စွာဖြင့် လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီးနောက် တည်ကြည်လေးနက်စွာ သတိပေးလိုက်၏။
"မင်း မှတ်ထားရမှာက ငါက ရိုးသားဖြောင့်မတ်တဲ့လူတစ်ယောက်...ငါက ရိုးသားတယ်"
ကျိုးနန်၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ သူ၏ခေါင်းကိုညိတ်ပြီး ပြောဆိုသည်။
"ငါ နားလည်တယ်....မင်းက ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ"
"အင်း..."
ဆဋ္ဌမအကြီးအကဲသည် မတ်တတ်ထရပ်ပြီး သူ့၏လက်ကိုနောက်ပစ်ကာ အပြုံးမျက်နှာနှင့် ထွက်ခွာသွားတော့သည်။
ဤအချိန်အခိုက်အတန့်တွင်....
ကင်းခြေများနှင့်စိတ်ဝိညာဉ်ဘုရင်တို့သည် စိတ်အေးလက်အေးဖြင့် အရိပ်ကျွန်းထံသို့ ပြန်နေကြ၏။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် အနက်ရောင်မြူခိုးများအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
"အမ်....သူတို့က မြူခိုးထဲကို တကယ်ကြီးဝင်သွားတာလား...ဒါက တစ်ခုခုပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်အနက်မှတစ်ယောက်က အံ့အားတသင့် ပြောဆိုသည်။
"ဒါက ဘယ်လိုပဲဖြစ်ဖြစ် အသေးအမွှားကိစ္စလေးပါ...ဒီအနက်ရောင်မြူခိုးထဲကိုဝင်ဖို့ နည်းလမ်းတွေ ရှိနေတုန်းပဲ"
တခြားလူတစ်ယောက်ဖြစ်သော ရှစ်ယွမ်က သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ပြောဆိုသည်။
"ဒါ့ပြင် ဒီမြူခိုးထဲကို ဝင်နိုင်ရုံသက်သက်နဲ့ ဘာမှအံ့အားသင့်စရာမရှိဘူး...သူတို့နောက်ကို လိုက်ကြစို့"
'အင်း...."
ရှစ်ဟိုကခေါင်းညိတ်ပြပြီးနောက် အနက်ရောင်မြူခိုးများအတွင်းသို့ ဝင်လိုက်တော့သည်။
"ဂရုစိုက်အုံး....ငါတို့ရဲ့အရိပ်အယောင်ကို ရှာမတွေ့စေနဲ့"
မြူခိုးထဲသို့ဝင်ရောက်ပြီးနောက် ကင်းခြေများတို့၏နောက်သို့ ခြေရာခံလိုက်နေသော သူတို့၏အခက်အခဲ မြင့်တက်လာသည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာ၌ သူတို့၏အာရုံခံနိုင်မှုများ အကန့်အသတ်ရှိနေသည်။
အကန့်အသတ်ရှိသော အကွာအဝေးအတွင်းတွင် မှန်ကန်သောလမ်းကြောင်းကို ခြေရာခံနိုင်ရန်နှင့် သူတို့အား ရှာမတွေ့သွားစေရန် လိုအပ်သည်။အနက်ရောင်မြူခိုးများ၏တိုက်စားမှုကို ပိတ်ဆို့ဟန့်တားရန်အတွက် သူတို့၏ကျင့်ကြံဆင့်အခြေခံမှ စွမ်းအားအများစုကို အသုံးပြုထားရသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
ထိုကြောင့် သူတို့နှစ်ယောက်သည် အလွန်အမင်း သတိကြီးစွာထားလိုက်ကြ၏။
ကင်းခြေများနှင့်စိတ်ဝိညာဉ်ဘုရင်တို့သည် လမ်းတလျှောက်၌ ဖြည်းညှင်းစွာလမ်းလျှောက်ရင်း စကားစမြည်ပြောဆိုနေကြသည်။
"အစ်ကိုကင်းခြေများ...အဲ့ဒီငတုံးနှစ်ကောင်က ဘာလုပ်နေတယ်လို့ မင်း ထင်လဲ...သူတို့ အဲ့ဒီနေရာမှာ ရှိနေတာကို ငါတို့မသိဘူးလို့ထင်ပြီးတော့ ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်နေတာများလား"
စကားပြောဆိုနေရင်း စိတ်ဝိညာဥ်ဘုရင်က ညည်းတွားလိုက်သည်။
"ဒါက ငတုံးကောင်လေးတွေလေ...သူတို့က ဘာလုပ်နိုင်မှာမလို့လဲ"
ညလေညှင်းကင်းခြေများသည် ထိုလူနှစ်ယောက်ကို လှည့်ကြည့်ခြင်းပင်မပြုဘဲ စိတ်အေးလက်အေးပြောဆိုသည်။
"အင်း...."
စိတ်ဝိညာဉ်ဘုရင်သည် ဆက်လက်၍ စိုးရိမ်ပူပန်နေခြင်းမရှိတော့ချေ။
အချိန်တခဏကြာပြီးနောက် သူတို့သည် ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်ထံသို့ ရောက်ရှိလာသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်ကို မည်သူတစ်ဦးတစ်ယောက်မျှ စောင့်ကြပ်နေခြင်းမရှိချေ။
အကြောင်းအရင်းမှာ ရီဖုန်းသည် ပြင်ပ၌ အလွန်ခြောက်ကပ်သည်ဟု ခံစားမိသဖြင့် ဤနေရာသို့ လူများအားစောင့်ကြပ်ရန် စေလွှတ်ခြင်းမပြုတော့သောကြောင့်ပင်။ဤသည်မှာ လူအင်အားကိုဖြုန်းတီးခြင်းဖြစ်သဖြင့် သူသည် တခြားအလုပ်များလုပ်ကိုင်ရန်အတွက် လူများအားလုံးကို အရိပ်ကျွန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။
ထိုကြောင့် ကူးပြောင်းရေးဝင်္ကပါတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေသည်။
သို့ရာတွင် ဤနေရာ၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသည့်တိုင် ကူးပြောင်းရေးဝင်္ကပါ၏ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား ရှိနေဆဲပင်။
အနက်ရောင်မြူခိုးများအကြား၌ပင် ဤနေရာ၏တစ်ခြမ်းသည် သက်ရောက်ခြင်းမခံရဘဲ သန့်စင်သောလေကောင်းလေသန့်များ ရှိနေကာ သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် အနက်ရောင်မြူခိုးများအကြားမှကြည့်ပါက ဤနေရာသည် အနက်ရောင်လေဟာနယ်ကြီးအတွင်းရှိ တောက်ပသော အလင်းရောင်တစ်ခုအလားပင်။
ညလေညင်းကင်းခြေများနှင့်စိတ်ဝိညာဉ်ဘုရင်တို့သည် ကူးပြောင်းရေးဝင်္ကပါမှတဆင့် အရိပ်ကျွန်းသို့ ပြန်လာခဲ့တော့သည်။
"သူတို့ ဘယ်ရောက်သွားတာလဲ"
မလှမ်းမကမ်းအကွာတွင်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ သူတို့၏ခြေရာခံလိုက်နေမှု ပေါ်လွင်သွားမည်ကိုပင် ဂရုမစိုက်တော့ချေ။
သူတို့သည် အရှိန်မြှင့်၍ ရှေ့သို့အပြေးသွားကာ အလျှင်အမြန်ရှာဖွေလိုက်သည်။
သို့ရာတွင် သူတို့သည် ကင်းခြေများနှင့်စိတ်ဝိညာဉ်ဘုရင်တို့ကို ရှာမတွေ့ချေ။သို့ရာတွင် ဤကူးပြောင်းရေးဝင်္ကပါဝင်ပေါက်သည် အနက်ရောင်မြူခိုးများ၏သက်ရောက်ခြင်းကို မခံရကြောင်း သူတို့ ရှာဖွေတွေ့ရှိသွားသည်။
သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလိုပင် ကြက်သေသေသွားလေ၏။
သူတို့သည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ရှေ့သို့စူးစိုက်၍ကြည့်လိုက်သည်။
"အိုး ဘုရားရေ....ငါ ဘာတွေကို မြင်နေရတာလဲ"
"ကြီးမားကျယ်ပြန့်တဲ့ အနက်ရောင်မြူခိုးတွေထဲမှာ ဒီလိုနေရာမျိုး တကယ်ကြီး ရှိနေတာလား"
သူတို့နှစ်ယောက်သည် ကင်းခြေများနှင့်စိတ်ဝိညာဉ်ဘုရင်တို့အကြောင်းကို မေ့လျော့သွားပြီး အရှိန်ကုန်မြှင့်၍ တောက်ပနေသောနေရာထံသို့ သွားလိုက်သည်။
"ကြည့်လိုက်စမ်း ဒီနေရာမှာ မြက်ပင်တွေ ရှိနေတယ်"
"ဒါက အစစ်အမှန်ပဲ"
"ဒါ့ပြင် ပန်းတွေလည်း ပွင့်နေတယ်"
"ဒီနေရာက အနက်ရောင်မြူခိုးတွေရဲ့သက်ရောက်တာကို မခံရဘူး...ဘာတွေ ဖြစ်နေတာလဲ"
သူတို့နှစ်ယောက်သည် သဲလွန်စရှာဖွေရန်အတွက် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။ဤနေရာသည် အမှောင်ထုကြီးနှင့်ပိုင်းခြားနေသော နေရာတနေရာဖြစ်ပုံရသည်။
"မဟုတ်ဘူး...ဒီကိစ္စက အရမ်းအရေးကြီးတယ်...ငါတို့တွေ ဂိုဏ်းဆီကို အမြန်ဆုံးပြန်ပြီးတော့ သတင်းပို့ရမယ်"
ရှီယွမ်က ပြောဆိုသည်။
"အနက်ရောင်မြူခိုးတွေရဲ့သက်ရောက်တာကို မခံရတဲ့ နေရာတနေရာအကြောင်းကို အရင်က တစ်ခါမှ မကြားခဲ့ဖူးဘူး...ဒီနယ်မြေရဲ့အောက်မှာ ရတနာတွေ ဒါမှမဟုတ်ရင် ထူးခြားတဲ့အရာတွေကို မြှုပ်နှံထားတာဖြစ်မယ်လို့ ငါ ခန့်မှန်းမိတယ်"
"ဒါ့ပြင် အဲ့ဒီအရာရဲ့တန်ဖိုးက ငါတို့ တွေးတောနိုင်တာထက် အများကြီး ကျော်လွန်နိုင်တယ်..."
Chapter 844
"သွားမယ်...ဂိုဏ်းကို ချက်ချင်းပြန်ကြစို့"
ရှစ်ယွမ်က တိုက်တွန်းသည်။
"ဒါပေမဲ့ ကင်းခြေများနဲ့စိတ်ဝိညာဥ်တို့ကို ဘယ်လိုလုပ်ကြမလဲ"
ရှစ်ဟိုက မေးမြန်းသည်။
"အခုချိန်မှာ သူတို့ကို လျစ်လျှူရှုထားရမယ်"
ရှစ်ယွမ်က ပြောဆိုလိုက်၏။
"နယ်မြေကြီးကိုးခုက အရမ်းကြီးမားကျယ်ပြန့်တယ်....သူတို့ကိုရှာဖို့ဆိုတာ မလွယ်ဘူး...တကယ်လို့ ငါတို့က သူတို့ကို ရှင်းပစ်ချင်တယ်ဆိုရင် အချိန်မရွေး ရှင်းထုတ်လို့ရတယ်...ဒါပေမဲ့ ငါတို့ရဲ့ရှေ့က နယ်မြေက အနက်ရောင်မြူခိုးတွေရဲ့ သက်ရောက်တာကို မခံရဘူး...နှိုင်းယှဥ်ကြည့်ရင် ဒီကိစ္စက ပိုပြီးအရေးကြီးတယ်"
"သူတို့ကို သတ်ဖို့က အရမ်းလွယ်တယ်"
ရှစ်ဟိုက တုံ့ပြန်သည်။
"ဒါပေမဲ့ သူတို့က ဒီနေရာကနေ ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲဆိုတာ ငါ သိချင်မိတယ်...ဖြစ်နိုင်တာတော့ ဒီနေရာမှာ ကူးပြောင်းရေးဝင်္ကပါတစ်ခု ရှိနေတာများလား..."
"ဟမ့်...ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ကူးပြောင်းရေးဝင်္ကပါတစ်ခု ရှိနိုင်မှာလဲ....တကယ်လို့ ကူးပြောင်းရေးဝင်္ကပါတစ်ခု ရှိနေတယ်ဆိုရင် မင်းရဲ့စွမ်းအားနဲ့ စွမ်းအားလှုပ်ခတ်မှုလှိုင်းတွေကို မခံစားမိဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ရှစ်ယွမ်က သရော်တော်တော် ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ သူတို့က ငါတို့ နောက်ယောင်ခံလိုက်နေတာကို သိသွားတာကြောင့် နည်းလမ်းတချို့ကိုသုံးပြီးတော့ ထွက်ပြေးသွားတာပဲ"
"ဒါ့ပြင် အခုက အရမ်းနောက်မကျသေးဘူး...ဒီနေရာအကြောင်းကို ဂိုဏ်းဆီ သတင်းပြန်ပို့ကြရအောင်"
"ဒါမှမဟုတ် ငါတို့ လူခွဲပြီး လှုပ်ရှားကြရအောင်....မင်းက စောင့်ကြည့်ဖို့အတွက် ဒီနေရာမှာ နေခဲ့တော့....တကယ်လို့ တစ်ခုခု မူမမှန်တာရှိနေရင် မင်းက ဂိုဏ်းဆီကိုပြန်ပြီးတော့ ချက်ချင်းအကြောင်းကြားရမယ်"
သူတို့နှစ်ယောက်သည် ညှိနှိုင်းပြီးနောက် ရှစ်ဟိုသည် ဤနေရာ၌ နေခဲ့ကာ ရှစ်ယွမ်သည် ဂိုဏ်းထံသို့ ပြန်သွားပေမည်။
ဤနေရာ၌ကျန်ခဲ့သော ရှစ်ဟိုသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် မည်သည့်မူမမှန်မှုမျိုးကိုမျှ ရှာမတွေ့သဖြင့် နေရာတစ်နေရာကိုရှာဖွေကာ ပလ္လင်ခွေထိုင်လိုက်၏။
အရိပ်ကျွန်းအတွင်း၌...
ရီဖုန်း အနည်းငယ်စိတ်ဓာတ်ကျနေသည်။
ပြဿနာမှာ နတ်ဆိုးအမြောက်အများ မကျန်ရှိတော့သဖြင့် ကြွင်းကျန်သော နတ်ဆိုးအနည်းငယ်သည် သူ့အတွက် အတွေ့အကြုံရမှတ်အနည်းငယ်ကိုသာ ပေးနိုင်သောကြောင့်ပင်။
ခွန်အား...
ရီဖုန်း ကြက်သေသေနေသည်။
ယခုလက်ရှိအချိန်တွင် သူသည် သန်မာသလော သို့မဟုတ် အားနည်းသလောကို မည်သူ ပြောနိုင်မည်နည်း။
ဒင်....
ရီဖုန်း စိတ်ဓာတ်ကျနေစဥ်မှာပင် ကာလရှည်ကြာပျောက်ဆုံးနေခဲ့သော အသံတစ်သံက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
"လက်ခံသူက ကပ်ဘေးကျော်လွှားခြင်း ဒုတိယအဆင့်ကို ရောက်နေပြီ...ကျေးဇူးပြုပြီးတော့ ကပ်ဘေးကို အမြန်ဆုံးကျော်လွှားပါ"
"ကပ်ဘေးကို ကျော်လွှားရမှာလား..."
"ဘယ်လို ကပ်ဘေးမျိုးလဲ...."
"ကပ်ဘေးကျော်လွှားခြင်းနယ်ပယ် ဒုတိယအဆင့်ဆိုတာက ဘာလဲ"
ရီဖုန်းက ဆတ်ခနဲ မတ်တတ်ထရပ်လိုက်၏။
"ပထမကပ်ဘေးကျော်လွှားခြင်းနယ်ပယ်က စိတ်အခြေကိုထိန်းညှိခြင်းပဲ...လက်ခံသူက အောင်အောင်မြင်မြင်နဲ့ အသက်ရှင်သန်နိုင်ခဲ့တယ်"
"ဒုတိယကပ်ဘေးကျော်လွှားခြင်းနယ်ပယ်က...မချိုးဖျက်ဘဲ မရပ်တည်နိုင်ဘူး"
"မချိုးဖျက်ဘဲ မရပ်တည်နိုင်ဘူး...ဒါက ဘယ်လိုမျိုးလဲ....ဘယ်လိုမျိုးလဲ...ငါက ဘာကို လုပ်ရမှာလဲ"
ရီဖုန်းက အလျင်စလို မေးမြန်းသည်။
"သေခြင်းကနေ ချိုးဖျက်ပြီးတော့ ရှင်သန်ဖို့အတွက် ရပ်တည်ရမယ်"
စနစ်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
ရီဖုန်းသည် ထိုစကားများကိုကြားချိန်၌ ရုတ်တရက် အော်ဟစ်လိုက်သည်။
"မင်းက သေချင်နေတာလား"
စနစ်...."ချိုးဖျက်ဖို့အတွက်က...အရင်ဆုံး သေရမယ်....နောက်မှ ပြန်ရှင်သန်ရမယ်"
"ဒါဆိုရင် မင်း ဆိုလိုတာက....ငါ သေသွားတဲ့အချိန်မှာ တကယ်သေမသွားဘူး...ဒါပေမဲ့ ငါ သေပြီးတဲ့နောက်မှာ ပြန်ရှင်သန်နိုင်မှာလား"
ရီဖုန်းက အလျှင်အမြန် မေးမြန်းသည်။
စနစ်..."သဘောပေါက်မြန်သားပဲ"
"ဒါဆိုရင် ငါက သေပြီးမှ ပြန်ရှင်သန်လာရင် ငါ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ"
ရီဖုန်းက ထပ်မံ၍ မေးမြန်းလိုက်၏။
စနစ်...."တကယ်လို့ စကြာဝဠာကြီး ပျက်စီးသွားရင်တောင် လက်ခံသူက အစစ်အမှန်ထာဝရအသက်ကို ရနိုင်တယ်"
ရီဖုန်းက သူ၏မေးကိုပွတ်သပ်ပြီး စဥ်းစားတွေးတောလိုက်သည်။
ထာဝရအသက်....
အမှန်တကယ်ကို စိတ်လှုပ်ရှားဖွယ်ရာပင်။
သို့ရာတွင် ဤခွေးစနစ်သည် သူ့အား လှည့်စားနေခြင်း ဖြစ်သလော....
ဤှသည်မှာ မဖြစ်နိုင်လောက်ချေ။
မည်သို့ပင်ဆိုစေကာမူ လက်ခံသူဖြစ်သော သူ သေဆုံးသွားလျှင် စနစ်သည်လည်း တည်ရှိနိုင်တော့မည်မဟုတ်ချေ။
ထို့ကြောင့် စနစ်သည် သူ့အား ထိခိုက်နစ်နာစေမည့် အပြုအမူမျိုးကို လုပ်ဆောင်မည်မဟုတ်ချေ။
ထို့ပြင် ဤအချိန်အခိုက်အတန့်တွင် စနစ်ကို အနည်းငယ်မှီခိုအားထား၍ ရလာသည်။စနစ်သည် သူ့အား ကျင့်ကြံဆင့်အခြေခံပေးအပ်မည်ဟု ဆိုခဲ့စဥ်က အမှန်တကယ် ပေးအပ်ခဲ့ကာ နတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် အတွေ့အကြုံရမှတ်များကို ရရှိမည်ဟု ဆိုခဲ့စဥ်ကလည်း သူ အမှန်တကယ်ရရှိခဲ့သည်။
"ကောင်းပြီလေ...ငါ သေပေးမယ်"
ရီဖုန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"ဒါဆိုရင် ငါ ဘယ်လိုသေရမှာလဲ"
စနစ်...."ဘယ်နည်းလမ်းနဲ့မဆို ရတယ်"
"ကျေးဇူးပြုပြီးတော့ လက်ခံသူက ကပ်ဘေးကို အမြန်ဆုံးကျော်လွှားပြီးတော့ ကိုးဆယ့်ကိုးနှစ်အတွင်းမှာ အောင်မြင်အောင်လုပ်ရမယ်....တကယ်လို့ လက်ခံသူကို ကပ်ဘေးကျော်လွှားခြင်းမှာ အသက်မရှင်နိုင်ဘူးဆိုရင် ကိုးဆယ့်ကိုးနှစ်အတွင်းမှာ လောကကြီးရဲ့မဟာဘေးကပ်ဆိုးကြီး ကျရောက်လာလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် လက်ခံသူက အစစ်အမှန်သေဆုံးရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
"အွန်း..."
ရီဖုန်းသည် 'အွန်း'တစ်လုံးတည်းဖြင့်သာ တုံ့ပြန်နိုင်သည်။
ကိုးဆယ့်ကိုးနှစ်အတွင်း၌ ဖြစ်လာမည့် ဘေးကပ်ဆိုးကြီးယူသည်မှာ ယခင်က စနစ်ပြောဆိုခဲ့သည့် မဟာဘေးကပ်ဆိုးကြီးဖြစ်ပေမည်။ယခုအချိန်တွင် တစ်နှစ်ကျော် ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ကိုးဆယ့်ကိုးနှစ်သာ ကျန်ရှိပေမည်။
သို့ရာတွင် သတိပေးချက်များသည် မည်သည့်အရာများ ဖြစ်သနည်း....
သူ မသေချင်ပါက ကိုးဆယ့်ကိုးနှစ်အတွင်းတွင် သူ့ကိုယ်သူ သေအောင်လုပ်ရမည်မှာ မည်မျှထိ ရိုးရှင်းသောကိစ္စဖြစ်သနည်း....
ရီဖုန်းသည် စိတ်ပိုင်းဖြတ်လိုက်ကာ နောက်သို့ချာခနဲလှည့်ပြီး မီးဖိုချောင်ထံသို့သွား၍ ပြောင်လက်နေသော မီးဖိုချောင်သုံးဓားတစ်လက်ကို ယူလိုက်သည်။ထို့နောက် သူ၏လည်ပင်းကိုလှီးရန် ဟန်ပြင်လိုက်သည်။
"ဟူး...."
ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်လုံးကိုစုံမှိတ်ပြီး သူ၏စိတ်နှလုံးသား တုန်ခါသွားကာ ဓားသည် သူ၏လည်ပင်းကို ဖြတ်တောက်သွားခြင်းမရှိချေ။
"ဒါက သတ်သေတာဆိုပေမယ့် သတ္တိရှိဖို့လိုတယ်...."
ရီဖုန်းက နှုတ်ခမ်းစူလိုက်ကာ သူသည် ဤဓားဖြင့် သူ၏လည်ပင်းကို အမှန်တကယ်မလှီးနိုင်ချေ။
အကယ်၍ ရုတ်တရက်ကြီး သူ၏ခေါင်း ပြတ်သွားပါက သူ သက်ပြင်းရှိုက်ရသည်မှာ မည်မျှထိ အဆင်မပြေဖြစ်သွားမည်နည်း။
ဒေါင်...
ရီဖုန်းသည် မီးဖိုချောင်သုံးဓားကို မြေပြင်ပေါ်သို့ပစ်ချကာ သူ၏လက်ကိုနောက်ပစ်ပြီး ပြင်ပသို့ထွက်ခဲ့တော့သည်။
သူ သေရမည့်နည်းလမ်းကို ပြောင်းလဲရပေမည်။
အရိပ်ကျွန်း၏လမ်းများပေါ်၌ လူများ သွားလာလှုပ်ရှားနေသည်။
လူအိုကြီးတချို့သည် ကျားကစားနေကြကာ လူအိုကြီးတချို့နှင့်အဒေါ်ကြီးများသည် မျက်မှောင်ကြုတ်ကာ ငြင်းခုံရင်း စကားပြောဆိုနေကြသည်။
လမ်းပေါ်၌လမ်းလျှောက်ရင်း ရီဖုန်းသည် သူ၏မေးစေ့ကိုပွတ်သပ်ကာ လေးလေးနက်နက်စဥ်းစားတွေးတောနေသည်။
သူ သေဆုံးပြီးနောက် အချိန်မည်မျှကြာမှ ပြန်လည်ရှင်သန်လာမည်နည်း...
ချက်ချင်းပြန်ရှင်သန်လာမည်လော...
ရီဖုန်းသည် ထိုသို့ဖြစ်မည်ဟု မခံစားရချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏အတိတ်ဘဝတွင် သူဖတ်ဖူးခဲ့သော ဝတ္ထုများအတွင်း၌ ဤကဲ့သို့ ဇာတ်ကောင်များသည် သေဆုံးသွားပြီးနောက် နီဗားနားဖြစ်စဥ်မရှိဘဲ ပြန်လည်ရှင်သန်၍မရချေ။ဤဖြစ်စဥ်သည် လပေါင်းများစွာ နှစ်ပေါင်းများစွာမှ ဆယ်စုနှစ်ပေါင်းများစွာအထိ ကြာမြင့်တက်သည်။
အကယ်၍ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပါက.....
ရီဖုန်းသည် ဆံဖြူလူအိုကြီးနှင့်အဒေါ်ကြီးများကို စောင်းငဲ့၍ကြည့်လိုက်သည်။
သူတို့သည် ဤနေရာ၌ ဆက်၍ရှိနေနိုင်ပါသလော....
"နှုတ်ဆက်စကား ပြောရမယ်...."
ရီဖုန်းသည် သစ်ပင်အောက်၌ ကျားကစားနေသော လူအိုကြီးများနှင့် ကခုန်နေသော အဒေါ်ကြီးများထံဦးတည်၍ လျှောက်လှမ်းသွားလိုက်၏။
ရီဖုန်း ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး ဖက်လှဲတကင်း ဆီးကြိုနှုတ်ဆက်ကြသည်။
"အဟွတ်...အဟွတ်..."
ရီဖုန်းက ချောင်းနှစ်ကြိမ်ခန့်ဟန့်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်းတို့တွေ စစ်တုရင်ကစားတာကို ခဏရပ်လိုက်အုံး...ငါ မင်းတို့ကို ပြောစရာ ကိစ္စတစ်ခုရှိနေတယ်"
လူများအားလုံးသည် ရီဖုန်းကို ကြည့်လိုက်ကြ၏။
"ဒီတစ်ကြိမ်မှာ ငါ ဒီနေရာကိုလာတာက မင်းတို့ကို နှုတ်ဆက်စကားပြောဖို့ပဲ....အကြောင်းကတော့ ရှောင်လွှဲလို့မရတဲ့ အကြောင်းအရင်းတချို့ကြောင့် ငါ သေရတော့မယ်"
ရီဖုန်းသည် အချိန်အတော်ကြာခန့် စဥ်းစားတွေးတောပြီးနောက် ထိုစကားကို ပြောဆိုလိုက်သည်။သူသည် ဤဘဝအတွင်းတွင် ဤလူအိုကြီးများနှင့်အဒေါ်ကြီးများကို ပြန်တွေ့နိုင်တော့မည်မဟုတ်ဟု တွေးတောမိသဖြင့် သူ၏မျက်နှာပေါ်တွင် အနည်းငယ်ကြေကွဲဝမ်းနည်းသော အမူအယာတစ်ရပ်ရှိနေသည်။သူ၏စိတ်နှလုံးသားအတွင်း၌ ရှင်းမပြနိုင်သည့် ကြေကွဲဝမ်းနည်းမှုမျိုး ရှိနေပေ၏။
ဤလူအိုကြီးများနှင့်အဒေါ်ကြီးများသည် သူ သေဆုံးတော့မည်ကို သိရှိသွားပါက သူတို့အားလုံး အလွန့်အလွန်ဝမ်းနည်းနေမည်ဟု သူ ခန့်မှန်းမိသည်။
မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာကြာအောင် အိမ်နီးနားချင်းများဖြစ်ခဲ့သဖြင့်....
နက်ရှိုင်းသောသံယောစဥ်များ ရှိနေပေမည်။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် ဤစကားများကို ပြောဆိုမိသည့်အတွက် နောင်တရနေမိသည်။သူ သေရတော့မည့်ကိစ္စကို ထုတ်မပြောသင့်ချေ။
သူတို့အားနှုတ်ဆက်ရန်အတွက် တခြားဆင်ခြေတစ်ခုကို သူ ရှာခဲ့သင့်သည်။
မည်သို့ပင်ဆိုစေကာမူ ဤလူအိုကြီးများ၏အိုမင်းနေသောအသက်အရွယ်ဖြင့် ဤကဲ့သို့ဝမ်းနည်းမှုမျိုးကို တောင့်ခံနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ရီဖုန်းသည် ဤလူအိုကြီးများ ဝမ်းနည်းကြေကွဲသွားပါက နှစ်သိမ့်ပေးရန်အတွက် စကားလုံးများကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ စတင်၍စဥ်းစားတွေးတောလိုက်၏။
"ကြည့်လိုက်အုံး....ဟား ဟား ဟား...မင်း ရှုံးသွားပြီ"
ရုတ်တရက် ဝမ်းသာအားရအော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"တစ်ကွက်ပြန်ဆုတ်မယ်...ငါ တစ်ကွက်ပြန်ဆုတ်မယ်"
"ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး..."
ကျားကစားနေသော လူအိုကြီးနှစ်ယောက် စတင်၍ ငြင်းခုံကြတော့သည်။
"ဘေးဖယ်စမ်း....ငါ ကစားမယ်"
"ငါ အရင်ရောက်တာ...ငါ စောင့်နေတာ အချိန်အတော်ကြာနေပြီ...ငါ့ရဲ့လက်တွေက ကစားချင်လို့ တရွရွဖြစ်နေပြီ"
တခြားလူအိုကြီးများသည် အနိုင်ရသူကို မြင်တွေ့ချိန်၌ စတင်၍ငြင်းခုံကြလေ၏။
ရီဖုန်း၏မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤလူများသည် သူ မည်သည့်အရာအား ပြောဆိုနေသည်ကို နားမလည်ကြသလော....
သူ သေရတော့မည်ဟု ပြောသည့်တိုင် မည်သူကမျှ မေးမြန်းခြင်းမပြုသည့်အပြင် စိုးရိမ်ပူပန်ခြင်းပင် မရှိကြသလော....
သူတို့သည် ဆက်လက်၍ ကျားကစားနိုင်ကြသလော....
"တိတ်တိတ်နေကြစမ်း"
ရီဖုန်းက အော်ဟစ်လိုက်သည်။
ဆူညံ့နေသောလူအုပ်ကြီးသည် တဖန်ပြန်၍ ငြိမ်အတိကျသွားကာ သူတို့၏ခေါင်းများကိုလှည့်၍ ရီဖုန်းကို ကြည့်လိုက်ကြ၏။
"ငါ ပြောတာက...ငါ သေရတော့မယ်"
ရီဖုန်းက သုန်မှုန်နေသောမျက်နှာ စိတ်အနှောက်အယှက်ဖြစ်နေသောလေသံ အလေးအနက်ထားသောအမူအယာဖြင့် ပြောလိုက်သည်။
လူများအားလုံး ကြက်သေသေသွားလေ၏။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကြိမ်ရေအနည်းငယ်ခန့်ကြည့်ပြီးနောက် လိမ္မာပါးနပ်စွာဖြင့် 'အွန်း'ဟု တုံ့ပြန်လိုက်ကြသည်။
ထို့နောက် ဆူညံသံများ တဖန်ပြန်၍ထွက်ပေါ်လာသည်။
"မြန်မြန်ထတော့...မင်းရဲ့နေရာ ငါ့ကိုပေးစမ်း..."
"မင်း ရှုံးသွားတာနဲ့ပဲ ရှက်ကိုးရှက်ကန်း ဖြစ်မနေနဲ့...သူတို့ကို ထိုင်ခိုင်းလိုက်တော့"
"မြန်မြန်ထတော့...ငါ လာပြီ...ဒါက ငါ့အလှည့်ပဲ"
ရီဖုန်းသည် နေရာမှာပင် မတ်တတ်ရပ်နေကာ သူ၏မျက်နှာပေါ်၌ မှုန်တေတေအမူအယာတစ်ရပ်ရှိနေသည်။
သူ သေရတော့မည်ဟု ကြားသည့်တိုင် ဤလူတစ်စုသည် မည်သည်ကြောင့် 'အွန်း'တစ်လုံးသာ တုံ့ပြန်သနည်း..
ဤသည်မှာ မည်သည့်အဓိပ္ပါယ်ဖြစ်သနည်း...
Chapter 845
ဟူး.....
ဤရှေးရိုးစွဲလူအိုကြီးတစ်သိုက်ကို သူ အတွေးမှားပြီး ရှာဖွေခဲ့ခြင်းပင်။
သူ အလွန်ဝမ်းနည်းကြေကွဲခဲ့သည့်အတွက် ရှက်ရွံနေမိသည်။
အဆုံးသတ်၌ ဤသည်မှာ သူ့ကိုယ်သူ အထင်ကြီးနေခြင်းသက်သက်ပင်။
နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးခဲ့သော သံယောစဥ်များသည် ဤအတိုင်းဖြစ်ပျက်သွားခဲ့သဖြင့် ရီဖုန်းထံတွင် လက်မခံလိုမှုများဖြင့် ပြည့်နှက်နေသည်။
"ဟေး...ငါ သေရတော့မယ်လို့ ပြောနေတာလေ...မင်းတို့က ဘာလို့ နည်းနည်းလေးတောင် မစိုးရိမ်ကြတာလဲ"
ရီဖုန်းက သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းလိုက်သည်။
"ငါတို့....ငါတို့က စိုးရိမ်သင့်တာလား"
လူအိုကြီးတစ်ယောက်၏လက်အတွင်းမှ ကျားစေ့သည် လမ်းတစ်ဝက်မှာပင် ပြုတ်ကျသွားကာ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရီဖုန်းကိုကြည့်လိုက်ကြ၏။
"အဲ့ဒါက မဖြစ်သင့်ဘူးလား"
ရီဖုန်းက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
လူများအားလုံးသည် အချိန်တခဏခန့် ကြက်သေသေနေပြီးနောက် ငြိမ်အတိကျသွားကာ သူတို့၏အမူအယာများကို ချက်ချင်းပြောင်းလဲလိုက်ကြသည်။
"ဝိုး...ဆရာကြီးရဲ့တမလွန်ခရီးက အကောင်းဆုံးဖြစ်ပါစေလို့ ငါ ဆုတောင်းပါတယ်"
"ကောင်းမွန်သောခရီးလမ်း ဖြစ်ပါစေ ဆရာကြီး.. "
"ငါတို့အားလုံးက ဆရာကြီး သေတော့မှာကို အရမ်းဝမ်းနည်းမိတယ်"
လူအိုကြီးများသည် သူတို့၏ဝတ်စုံထောင့်များကိုမြှောက်ကာ သူတို့၏မျက်လုံးထောင့်များကို ဟန်ဆောင်ပန်ဆောင် သုတ်လိုက်ကြ၏။
"မင်းတို့က ဟန်ဆောင်နေကြတာလား"
ရီဖုန်း၏မျက်နှာ သုန်မှုန်နေသည်။
သူ လူမှား၍ ရှာမိခဲ့ခြင်းပင်။
သူ နှုတ်ဆက်စကားပြောဆိုခြင်းမှာ အချိန်ဖြုန်းခြင်းသက်သက်ပင်။သူ ဒေါသထွက်လာသဖြင့် သုန်မှုန်နေသောမျက်နှာဖြင့် သူ၏လက်ကိုနောက်ပစ်ကာ ထွက်ခွာခဲ့တော့သည်။
"ဆရာကြီး...ဖြည်းဖြည်းသွားပါ"
လူအိုကြီးများသည် ရီဖုန်းကို နှုတ်ဆက်ပြီးနောက် သူတို့၏မျက်လုံးအကြည့်များသည် ကျားခုံပေါ်သို့ ပြန်လည်ရောက်ရှိသွားကာ ကျားကစားရင်း စကားစမြည်ပြောဆိုနေတော့သည်။
"မင်းတို့ ပြောကြည့်စမ်း...ဆရာကြီးက ဘာလုပ်ဖို့ ကြံစည်နေတာ ဖြစ်နိုင်လဲ"
လူအိုကြီးတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"သရဲတစ္ဆေတွေပဲ သိလိမ့်မယ်....သူ တကယ်မသေချင်ဘူးဆိုရင် ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ.....ဒါက အရမ်းထူးဆန်းတယ်"
တခြားလူအိုကြီးတစ်ယောက်က တုံ့ပြန်အဖြေပေးသည်။
"ဒါက အမှန်ပဲ...ဆရာကြီးပြောတာကို ကြည့်ရသလောက်တော့ သူက တကယ့်ကို သေတော့မယ့်ပုံပဲ"
"ငါ ခန့်မှန်းရသလောက်တော့ ဆရာကြီးက ပျင်းရိငြီးငွေ့သွားတာပဲဖြစ်မယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က စိတ်အေးအေးထားဖို့ပဲလိုတယ်...တကယ်လို့ သူက မိုးကောင်းကင်ယံအတွင်းက နေမင်းကြီးကို ဖမ်းဆုပ်မယ်ဆိုရင်တောင် ငါတို့ စိုးရိမ်ပူပန်ရမယ့် ကိစ္စတစ်ခုမဟုတ်ဘူး"
"ဒါက အမှန်ပဲ....ငါတို့ လုပ်စရာရှိတဲ့ကိစ္စကိုပဲ လုပ်ကြရအောင်.... "
"ထားလိုက်တော့...ထားလိုက်တော့...ငါ ဆက်ပြီးဂရုမစိုက်တော့ဘူး...ငါက အဒေါ်ကြီးဝမ်ဆီကနေ ဖရဲသီးသွားဝယ်စားတော့မယ်"
"ငါလည်း ဆက်မကြည့်တော့ဘူး....ငါက မစင်သယ်တဲ့လူတွေဆီ သွားပြီးတော့ မစင်ပုံးတစ်ဝက်လောက် တောင်းရမယ်...ဒါပြီးတာနဲ့ ငါက အိမ်ကိုပြန်ပြီးတော့ ဟင်းရွက်ခင်းတွေကို ဖြန်းပက်ရမယ်...."
ထိုနေရာမှ ထွက်ခွာခဲ့ပြီးနောက် ရီဖုန်းသည် သေဆုံးနိုင်ရန်နည်းလမ်းကို ဆက်လက်၍ရှာဖွေနေခဲ့သည်။
ချောက်ကမ်းပါးမှ ခုန်ချလိုက်ရာ...
သူ ပျံသန်းနိုင်သည်။
ပင်လယ်အတွင်းသို့ ခုန်ချလိုက်ရာ...
သူ ရေကူးတတ်သည်။
သူသည် ကျောက်တုံးကြီးတစ်တုံးကို သူ၏ခန္ဓာကိုယ်၌ချည်ပြီး ပင်လယ်အတွင်းသို့ ခုန်ချလိုက်၏။
ဖရူး...ဖရူး...
ကျောက်တုံး၏အလေးချိန်ကြောင့် ရီဖုန်းသည် ဆွဲချခံရကာ ပင်လယ်ပြင်၏ကြမ်းခင်းထိတိုင် နစ်မြုပ်သွားသည်။
တစ်မိနစ်ကုန်ဆုံးသွားပြီးနောက် ရီဖုန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ဆယ့်ငါးမိနစ်ကုန်ဆုံးသွားပြီးနောက် ရီဖုန်း၏ပါးစပ်မှ ပူစီဖောင်းတစ်လုံးကို မှုတ်ထုတ်လိုက်၏။
တစ်နာရီခန့်ကြာပြီးနောက် ရီဖုန်းသည် အိပ်ပျော်မသွားစေရန်အတွက် သမ်းဝါးလိုက်သည်။သို့ရာတွင် အချိန်တခဏကြာပြီးနောက် သူ အိပ်မောကျသွားသည်။
တစ်ရက်ကုန်ဆုံးသွားပြီးနောက် ရီဖုန်းသည် ပင်လယ်အတွင်း၌ တဖန်ပြန်၍ ရေကူးခတ်လိုက်၏။
သူ ပင်လယ်အတွင်းသို့ခုန်ချ၍ သေကြောင်းကြံစည်ခဲ့မှုသည် နောက်ဆုံး၌ ကျရှုံးသွားခဲ့လေပြီ။
"ကြည့်ရတာတော့ သာမာန်လူတွေရဲ့ သေကြောင်းကြံစည်မှုနည်းလမ်းတွေက ငါ့အတွက် မသင့်တော်တဲ့ပုံပဲ"
ရီဖုန်းက တီးတိုးရေရွတ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက အခုချိန်မှာ ဆရာကြီးတစ်ယောက် ဖြစ်နေပြီ"
"ရှေ့ကိုဆက်သွားပြီးတော့ ငါ့ကိုသတ်ပေးနိုင်တဲ့ လူတစ်ယောက်ကို ရှာရမယ်"
ရီဖုန်းသည် ညည်းတွားရင်း သူ့အား ဓားတစ်ချက်ဖြင့် သတ်ဖြတ်ပေးမည့်သူကို ရှာဖွေလိုက်သည်။ထိုအချိန်မှာပင် သူသည် အဝေးတစ်နေရာ၌ မစင်ပုံးတစ်ပုံးကို ထမ်းလာသော လုသရှန်းကို မြင်တွေ့မိသည်။
"ကောင်းတယ်...ဒါဆိုရင်လည်း မင်းပေါ့..."
ရီဖုန်းက ပြုံးရယ်ကာ လုသရှန်းထံသို့ ဦးတည်၍ ပျံသန်းသွားသည်။
"ငါက ဆရာကြီးကို အရိုအသေပြုပါတယ်..."
လုသရှန်းသည် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"အရိုအသေပြုဖို့ မလိုဘူး...ငါက မင်းကို ကိစ္စတစ်ခုလုပ်ပေးဖို့ တောင်းဆိုချင်တယ်"
ရီဖုန်းက သူ၏အင်္ကျီလက်ကြားမှ ဓားမြှောင်တစ်လက်ကိုထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ငါ့ကို အဲ့ဒီဓားနဲ့ တစ်ချက်ထိုးစမ်း"
ရီဖုန်းက ပြောဆိုသည်။
"ဘာ..."
လုသရှန်းသည် ထိုစကားများကိုကြားချိန်တွင် ထိတ်လန့်ကြောက်ရွံစွာဖြင့် သူ၏လက်အတွင်းရှိ မစင်ပုန်းကိုလွှင့်ပစ်ကာ ဘုန်းခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်၌ ဒူးထောက်လေသည်။
"ဆရာကြီး....ငါ ဘာအမှားလုပ်ခဲ့မိလဲဆိုတာ ငါ မသိဘူး...တကယ်လို့ ငါ အပြစ်ပြုမိတာရှိရင်လည်း ငါ့ကိုအပြစ်မတင်ဖို့ မျှော်လင့်မိတယ်"
"ငါ လုသရှန်းက ဆရာကြီးအပေါ် သစ္စာစောင့်သိပြီးတော့ ငါက သစ္စာဖောက်မယ့် အတွေးမျိုးကို နည်းနည်းလေးတောင် မတွေးဝံ့ပါဘူး"
"တကယ်လို့ ဆရာကြီးက ငါ့ကိုမယုံကြည်ရင် ငါ့ကို အချိန်မရွေး သတ်လို့ရပါတယ်...ငါက အရှင်အပေါ် ဘာတစ်ခုကိုမှ မလုပ်ဝံ့ပါဘူး"
လုသရှန်းသည် သူ၏ခေါင်းနှင့် မြေပြင်ကိုတိုက်ကာ အဆက်မပြတ်ရှင်းပြနေသည်။
"ဘာလို့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ"
ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာဖြင့် လုသရှန်းကို တွဲထူပေးကာ ရှင်းပြလိုက်၏။
"မင်း နားလည်မှုလွဲနေပြီ....ငါက အရမ်းအစွမ်းထက်တယ်ဆိုတာ မင်းလည်း သိသားပဲ...ငါက မှော်နည်းစနစ်တစ်ခုကို ကျင့်ကြံနေတယ်... အဲ့ဒီကျင့်ကြံနည်းစနစ်က သေခြင်းကိုချိုးဖျက်ပြီးမှ ပြန်ရှင်သန်ရမယ်...အဲ့ဒီကိစ္စကို ငါ့ဟာငါ မလုပ်နိုင်ဘူး....ဒါကြောင့် ငါ့ကို ဓားနဲ့တစ်ချက်ထိုးဖို့ မင်းကို ဒုက္ခပေးရတာပါ...ငါက မင်းကို အပြစ်တင်မှာ မဟုတ်ဘူး....."
"ဆရာကြီး...ငါ မှားသွားပါတယ်...ငါက မင်းအပေါ်ကို မလေးစားတဲ့လုပ်ရပ်မျိုး မလုပ်ဝံ့ပါဘူး"
လုသရှန်းသည် ရီဖုန်း၏စကားကိုကြားချိန်တွင် မြေပြင်ပေါ်၌ အဆက်မပြတ် ဦးတိုက်အရိုအသေပြုလေသည်။သူ တစ်စုံတစ်ခု အမှားလုပ်မိသဖြင့် ဆရာကြီးမှ စိတ်မကျေမနပ်ဖြစ်နေသည်ဟုသာ သူ တွေးထင်မိလေ၏။
"အမ် မင်း....."
လုသရှန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရီဖုန်း ဆွံ့အသွားသည်။
သို့ရာတွင် သူသည်လည်း အလွန်အလျင်လိုသွားခဲ့သည်။
တစ်စုံတစ်ယောက်ထံသို့ ဓားပစ်ပေးပြီး သူ့အား ထိုးစိုက်ခိုင်းခြင်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမဆို ထိတ်လန့်ကြောက်ရွံသွားစေနိုင်သည်။
ကြည့်ရသည်မှာ သူသည် ဤကိစ္စကိုမစတင်မီ အရင်ဆုံးအနေဖြင့် တခြားလူများကို ရှင်းရှင်းလင်းလင်းသိအောင် ပြောရမည့်ပုံပင်။
ရီဖုန်းသည် ခေါင်းညိတ်လိုက်ကာ လုသရှန်းအား မှီခိုအားထား၍မရသည်ကို ရှာဖွေတွေ့ရှိသွားသဖြင့် လူအိုကြီးဝမ်အား သွားရောက်ရှာဖွေလိုက်သည်။
လူအိုကြီးဝမ်သည် အသက်အိုမင်းနေသော်လည်း ဓားတစ်လက်ကို မကိုင်နိုင်လောက်သည့်အထိ အခြေအနေမဆိုးသေးချေ။
အဓိကသော့ချက်မှာ ဤလူအိုကြီးဝမ်သည် ယခုလက်ရှိကိစ္စများကို သိရှိကာ အမှားအမှန်ကို နားလည်သဘောပေါက်ရန်ပင်။
လူအိုကြီးဝမ်ကို ရှင်းရှင်းလင်းလင်းပြောပြကာ သူ့အား ဓားဖြင့်ထိုးရန် အကူအညီတောင်းသည်က ပို၍ကျိုးကြောင်းဆီလျော်ပေမည်။
ရီဖုန်းက လူအိုကြီးဝမ်၏အိမ်သို့ သွားလိုက်သည်။
လူအိုကြီးဝမ်က လက်ဖက်ရည်အိုးကိုပြင်ဆင်ပြီးနောက် သူတို့နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်၏။
"ဆရာကြီး....ငါ့ကို ဘာလို့လာရှာတာလဲ"
လူအိုကြီးဝမ်က မေးမြန်းသည်။
"အင်း....ငါက အခုလတ်တလောမှာ မှော်နည်းစနစ်တစ်ခုကို ကျင့်ကြံခဲ့တယ်...ဒါက သေခြင်းကို ချိုးဖျက်ပြီးတော့ ပြန်ရှင်သန်ရမယ်"
လုသရှန်း၏အတွေ့အကြုံ ရှိနေခြင်းကြောင့် ရီဖုန်းသည် အကျိုးအကြောင်းကို အသေးစိတ်ကျကျ ရှင်းပြလိုက်သည်။
လူအိုကြီးဝမ်ကို ကိစ္စများအား တစ်ခုပြီးတစ်ခု ရှင်းပြပြီးနောက် သူသည် ဓားမြှောင်တစ်လက်ကိုထုတ်ယူကာ စားပွဲပေါ်သို့ ပစ်တင်လိုက်၏။
"ဒါကြောင့် ကျေးဇူးပြုပြီးတော့ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ငါ့ကိုသတ်ပေးပါ"
ရီဖုန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ဤှသို့ပြောဆိုပြီးနောက်.....
သူက အံ့တင်းတင်းကြိတ်ပြီး မျက်လုံးစုံမှိတ်လိုက်သည်။
လူအိုကြီးဝမ်သည် စားပွဲပေါ်ရှိ ဓားမြှောင်ကိုကြည့်ပြီးနောက် မျက်လုံးစုံမှိတ်ထားသော ရီဖုန်းကို တဖန်ပြန်ကြည့်လေသည်။
သူ၏မျက်နှာအမူအယာ အလွန်အမင်း ရှုပ်ထွေးနေသည်။
ဆရာကြီး....
အလွန်အစွမ်းထက်ပြီး ကြီးမြတ်သော လူတစ်ယောက်....
သူ၏စိတ်အတွင်း၌ ခေါင်းမာသောအတွေးမျိုး ရှိနေနိုင်သည်။
ဤကဲ့သို့ တောင်းဆိုမှုတစ်ခုကို ပြုလုပ်ရန် သူ့ကိုယ်သူ မည်မျှထိ တွန်းအားပေးခဲ့ရမည်နည်း။
သူကမူ အကယ်၍ ရီဖုန်းသည် မလှုပ်မယှက်ထိုင်နေပြီး သူ ခွန်အားကုန်သုံး၍ ဓားဖြင့်ထိုးစိုက်လျှင်ပင် ခြစ်ရာတစ်ရာကို ချန်ထားနိုင်မည်လော။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ရီဖုန်းသည် သူ၏မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ လူအိုကြီးဝမ်သည် ယခုထိတိုင် လှုပ်ရှားခြင်းမရှိသဘ်ကို မြင်တွေ့မိသည်။
"မင်း ဘာလို့ မစသေးတာလဲ"
လူအိုကြီးဝမ်က စကားမပြောချေ။
သူ၏မျက်လုံးတစ်စုံဖြင့် ရီဖုန်းကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်လိုက်၏။
ဤတောင်းဆိုချက်အတွက် သူ့အားရှာဖွေခြင်းသည် အရူးတစ်ယောက်နှင့် တူနေသည် မဟုတ်လော....