← Chapters

အခန်း (၈၄၆-၈၅၀)

Vol. 57 Ch. 846-850

အခန်း (၈၄၆-၈၅၀)

Vol. 57 Ch. 846-850

Chapter 846

"မင်း ဘာလို့မလုပ်တာလဲ"

ရီဖုန်းက မေးမြန်းသည်။

လူအိုကြီးဝမ်က သရော်တော်တော်အမူအယာဖြင့် တုံ့ပြန်မေးမြန်းလေ၏။

"ဆရာကြီး....ငါက မင်းကိုသတ်နိုင်မယ်လို့ မင်းထင်နေတာလား"

"မင်းက ငါ့ကို ဘာလို့ မသတ်နိုင်ရမှာလဲ"

ရီဖုန်းက ပြောဆိုသည်။

"မင်းက ငါ့ကို ဓားနဲ့ထိုးလိုက်ရုံပဲလေ...ကျန်တဲ့ကိစ္စတွေကို မင်း ဘာမှဂရုစိုက်ဖို့မလိုဘူး..."

"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါ ကြိုးစားကြည့်မယ်"

ရီဖုန်း၏ခေါင်းမာနေမှုကိုကြည့်ပြီး လူအိုကြီးဝမ်က ဓားမြှောင်ကိုကောက်ကိုင်ပြီး အော်ဟစ်လိုက်သည်။ထို့နောက် သူ၏ခွန်အားများအားလုံးကို ဓားမြှောင်ထံသို့ စုစည်းလိုက်၏။

ထက်ရှသောဓားမြှောင်သည် ရှေ့သို့တိုးဝင်သွားကာ ရီဖုန်း၏ပခုံးပေါ်သို့ ကျရောက်သွားသည်။

သို့ရာတွင် ရီဖုန်းအပေါ်တွင် ထိုဓားချက်ကျရောက်သွားသည့်တိုင် အကြောင်းမထူးချေ။

"မင်း ဓားနဲ့ထိုးလိုက်တာလား..."

"မင်း အားနည်းနည်းလောက်စိုက်လို့ မရဘူးလား"

ရီဖုန်းသည် သူ၏ပခုံးပေါ်သို့ ဓားကျလာသည့်တိုင် မည်သည့်အရာကိုမျှ မခံစားရသဖြင့် အော်ငေါက်လိုက်သည်။

သူ့အား သတ်ရန်မဆိုထားနှင့် သူ၏ဆံပင်တစ်ချောင်းကိုပင် ပြတ်တောက်သွားစေခြင်းမရှိချေ။

လူအိုကြီးဝမ်ကို ကြည့်ရသည်မှာ မကျေမနပ်ဖြစ်နေပုံရသည်။

"ငါ....."

"ဒါက ငါ အကောင်းဆုံး အင်အားစိုက်ထုတ်ထားတာပဲ...."

လူအိုကြီးဝမ်က အော်ဟစ်လိုက်သည်။

"မင်းက မင်းကိုယ်မင်း ဘယ်သူဆိုတာ ပြန်ကြည့်အုံးလေ....ငါက မင်းကို ဓားနဲ့ထိုးနိုင်မှာလား"

"အမ်....အဲ့ဒီလိုလား...."

ရီဖုန်းက သူ၏ခွန်အားကို သူ ပြန်၍သုံးသပ်လိုက်၏။

သူသည် နတ်ဆိုးများကို သတ်ဖြတ်ပြီးနောက် ကျင့်ကြံဆင့်များစွာ မြင့်တက်လာခဲ့သည်။

ဤလူအိုကြီး၏ခွန်အားကမူ....

"အမှန်ပဲ...ငါ ပေါ့ဆသွားတယ်"

ရီဖုန်းသည် မတ်တတ်ထရပ်ပြီး ထွက်ခွာသွားရန် ဟန်ပြင်ပြီးနောက် ပြောဆိုသည်။

"ဒါပေမဲ့ ပြောရမယ်ဆိုရင် မင်းက အရမ်းတုံးတယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ခြစ်ရာတစ်ခုကိုတောင် မချန်ထားနိုင်ခဲ့ဘူး"

ရီဖုန်းသည် အမူအယာကင်းမဲ့စွာဖြင့် လူအိုကြီးဝမ်ကို တစ်ချက်ကြည့်ပြီးနောက် အခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

"ငါ....ငါ...ငါက အရမ်းတုံးတာလား...."

အခန်းအတွင်းတွင်ကျန်ခဲ့သော လူအိုကြီးဝမ်သည် ရှက်ရွံသွားလေ၏။

ယခုလတ်တလောတွင် သူ၏စွမ်းအား မြင့်တက်လာကာ ကျွန်း၏ထိပ်သီးတည်ရှိမှုကြီးများအနက်မှ တစ်ယောက်ဖြစ်လာသည်။

ယခုအချိန်တွင် သူ့ကိုယ်သူ အလွန်ကျေနပ်အားရဖြစ်နေသော်လည်း ဆရာကြီးသည် သူ့အား တုံးအသည်ဟု ပြောသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

"မဖြစ်ဘူး...ငါ ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် ကြိုးစားရမယ်"

ရီဖုန်းသည် လမ်းထောင့်တစ်နေရာ၌ မတ်တတ်ရပ်ရင်း သူ၏မျက်လုံးအကြည့်သည် ဝေ့ဝိုက်သွားကာ လူများအားလုံးကို မြင်ကွင်းကျယ်အမြင်ဖြင့် ကြည့်လိုက်သည်။

ဟူး....

ထို့နောက် သူ သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

အကြောင်းအရင်းမှာ တခြားလူများအားလုံးသည်လည်း လူအိုကြီးဝမ်ကဲ့သို့ ကြက်ကလေးငှက်ကလေးများ ဖြစ်နေသောကြောင့်ပင်။

မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို သတ်နိုင်မည်မဟုတ်ချေ။

ကြည့်ရသည်မှာ ဤကျွန်းပေါ်၌ သူ သေဆုံးရန်မှာ အခြေခံအားဖြင့် ဖြစ်နိုင်တော့မည့်ပုံမရချေ။

သူသည် ပြင်ပသို့ထွက်ကာ အချိန်တချို့ရှာပြီး သူ့အားသတ်ရန်အတွက် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ကို ရန်စရပေမည်။

ရီဖုန်းသည် ဒဏ္ဍာရီလာတာအိုကြေးမုံနယ်ပယ်နှင့်ကပ်ဘေးနယ်ပယ် ကျင့်ကြံသူများကို ရှာဖွေ၍ ဆဲဆိုရန် ရည်ရွယ်လိုက်၏။

သူသည် နောက်ဆုံး၌ နယ်မြေကြီးကိုးခုတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေလေပြီ။ယခုလတ်တလောတွင် အစွမ်းထက်သောဆရာကြီးများ အသစ်ထပ်မံ၍ ရောက်ရှိလာသဖြင့် နယ်မြေကြီးကိုးခု၌ သူ၏ကျင့်ကြံဆင့် နိမ့်ပါးသွားခဲ့သည်။

ယခုချိန်၌ ကြည့်ရသလောက် သူ၏ကောင်းချီးများ ပျောက်ကွယ်နေသည့်ပုံမရချေ။

နယ်မြေကြီးကိုးခုသို့ အသစ်ရောက်ရှိလာသေူ ထိပ်သီးဆရာကြီးများဖြင့် ဆိုပါက သူ၏ကိစ္စ အဆင်ပြေသွားနိုင်သည်။မည်သို့ပင်ဆိုစေကာမူ ယခင်ကဆိုလျှင် ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ကို လွယ်လင့်တကူရှာဖွေနိုင်မည်မဟုတ်ချေ။သို့ရာတွင် ယခုကြည့်ရသလောက် ဤသည်မှာ ပြဿနာကြီးကြီးမားမား ရှိတော့မည့်ပုံမရချေ။

ထို့ကြောင့် သူသည် ဤကဲ့သို့ဆရာကြီးတစ်ယောက်ကို မြင်တွေ့သည်နှင့် တိုက်ရိုက်ရန်စရန် ရည်ရွယ်လိုက်သည်။

သူသည် ထိုလူ၏မိသားစုတစ်စုလုံးနှင့် မျိုးရိုးစဥ်ဆက်ဆယ့်ရှစ်ဆက်အထိ ကျိန်ဆဲရပေမည်။

ထိုဆရာကြီးသည် သူ့အား မသတ်နိုင်ဘဲနေမဘ်ဟု သူ မယုံကြည်ချေ။

သို့ရာတွင် သူသည် နတ်ဆိုးအမြူတေများကို ရောင်းချပြီးသည့်အချိန်ထိ စောင့်ဆိုင်းရပေမည်။ထိုမိန်းကလေးသည် လုံလောက်သောငွေကြေးပမာဏကို စုဆောင်းပြီးမပြီး သူ မသိရှိချေ။

မည်သို့ပင်ဆိုစေကာမူ ငွေကြေးသည်သာ အရေးအကြီးဆုံးပင်။

အရိပ်ကျွန်းပေါ်၌ ရီဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် သူ သေရမည့်နည်းလမ်းကို ရှာဖွေနေစဥ်တွင်....

နယ်မြေကြီးကိုးခုအတွင်း၌....

စန့်ရှန်းဂိုဏ်း၏စိတ်ဝိညာဥ်လှေပျံသုံးစီးသည် မိုးကောင်းကင်ယံအတွင်း၌ အရှိန်ကုန်မြှင့်၍ မောင်းနှင်နေပေ၏။

ထိုစိတ်ဝိညာဥ်လှေပျံများ၏ကုန်းပတ်များပေါ်တွင် အနက်ရောင်ဝတ်စုံဝတ်လူများဖြင့် ပြည့်နှက်နေသည်။

ဤအချိန်တွင် ထိုလူစုကို ဦးဆောင်လာသူသည် စန့်ရှန်းဂိုဏ်း၏တတိယအကြီးအကဲ စွန်းလီပင်။

"ရှစ်ယွမ်...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မင်း ငါ့ကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြောပြစမ်း"

စွန်းလီက မေးမြန်းသည်။

"အကြီးအကဲ...ငါတို့ညီအစ်ကိုနှစ်ယောက်က ကင်းခြေမျှားနဲ့စိတ်ဝိညာဥ်ခန္ဓာကိုယ်တို့ အနက်ရောင်မြူခိုးနယ်မြေထဲကို ဝင်သွားတာကြောင့် နောက်ယောင်ခံလိုက်ခဲ့တယ်...ဒါပေမဲ့ အဲ့ဒီအနက်ရောင်မြူခိုးနယ်မြေထဲမှာ အံ့အားသင့်ဖို့ကောင်းတဲ့ နေရာတစ်နေရာကို ငါတို့ မတော်တဆ ရှာတွေ့ခဲ့တယ်"

"အဲ့ဒီနေရာက အနက်ရောင်မြူခိုးတွေရဲ့ သကိရောက်မှုကို နည်းနည်းလေးတောင် မခံရဘူး...ကြည့်ရတာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အားလှိုင်းတစ်ရပ်က အနက်ရောင်မြူခိုးတွေပျံ့နှံ့လာတာကနေ အဲ့ဒီနေရာကို ကာကွယ်ထားတဲ့ပုံပဲ....ဒါကြောင့် ငါတို့ညီအစ်ကိုနှစ်ယောက်က အဲ့ဒီနေရာရဲ့အောက်မှာ ရတနာတစ်ခုကို မြှုပ်နှံ့ထားတာဖြစ်မယ်လို့ ခန့်မှန်းမိတယ်"

"အော်..."

"ဒါက အမှန်ပဲလား..."

"အနက်ရောင်မြူခိုးတွေ မသက်ရောက်တဲ့ နေရာတစ်ခု တကယ်ကြီးရှိနေတာလား..."

စွန်းလီက အံ့အားတသင့် မေးမြန်းသည်။

"အကြီးအကဲ...ဒါက အမှန်ပါပဲ"

ရှစ်ယွမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ကောင်းပြီလေ....အဲ့ဒီလို ကိစ္စတစ်ခုရှိနေမှတော့ ငါတို့တွေ လှေပျံကို အရှိန်မြှင့်ကြရအောင်...အဲ့ဒီနေရာက ဘယ်လိုမျိုးလဲဆိုတာ ငါ ကြည့်ချင်တယ်"

စွန်းလီ၏အမိန့်နှင့်အတူ စိတ်ဝိညာဥ်လှေပျံသည် အရှိန်မြှင့်ကာ လှိုင်းသုံးလှိုင်းအလား မိုးကောင်းကင်ယံအတွင်း၌ ဖြတ်သန်းသွားသည်။

သူတို့သည် လမ်းတလျှောက်လုံး အရှိန်ကုန်မောင်းနှင်ခဲ့သဖြင့် မကြာမီမှာပင် အနက်ရောင်မြူခိုးအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

အနက်ရောင်မြူခိုးနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီမှာပင် တောက်ပသောအလင်းတန်းတစ်တန်းကို မြင်တွေ့မိသည်။

ဤနေရာ၌ စောင့်ကြပ်နေသော ရှီဟိုသည် အလျှင်အမြန်မတ်တတ်ထရပ်ပြီး သူတို့ကို ဆီးကြိုသည်။

အဝေးတစ်နေရာမှနေ၍ စွန်းလီသည် ဤနေရာကို မြင်နိုင်ခဲ့လေ၏။

ဤနယ်မြေသည် အလွန်ကျယ်ဝန်းခြင်းမရှိဘဲ အချင်းဝက်ပေတစ်ရာပတ်လည်သာရှိသော်လည်း အမှန်တကယ်ကိုပင် အနက်ရောင်မြူခိုးများ၏သက်ရောက်ခြင်းကို မခံရချေ။

စိတ်ဝိညာဥ်လှေပျံကို ရပ်တန့်ပြီးနောက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ဆယ်ယောက်ကျော် ဆင်းသက်လာသည်။

သူတို့သည် ဤနေရာသို့ဝင်ရောက်ပြီးနောက် မည်သည့်တားဆီးခုခံမှုမျိုးကိုမျှ ပြုလုပ်ရန်မလိုအပ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ဤနေရာ၌ အနက်ရောင်မြူခိုးများသည် သူတို့ပေါ်သို့ အနည်းငယ်မျှ သက်ရောက်ခြင်းမရှိချေ။

"ဒါက တကယ့်ကို မှော်ဆန်တဲ့ နေရာတစ်နေရာပဲ"

တတိယအကြီးအကဲစွန်းလီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။

"အမှန်ပဲ တတိယအကြီးအကဲ"

ရှစ်ယွမ်က ပြောဆိုသည်။

"ဒီထက်ပိုပြီး အံ့အားသင့်ဖို့ကောင်းတဲ့ ကိစ္စကတော့ ငါတို့ရဲ့စွမ်းအားနဲ့တောင် ဒီနေရာမှာ ဘာသဲလွန်စကိုမှ ရှာမတွေ့တာပဲ....ဝင်္ကပါတစ်ခုရှိနေတဲ့ စွမ်းအားလှုပ်ခတ်မှုမျိုးကိုလည်း ဒီနေရာမှာ မတွေ့ရဘူး...ဒါကြောင့် မြေအောက်မှာ တစ်ခုခုရှိနေတယ်လို့ ငါ ခန့်မှန်းမိတယ်"

"အင်း...ငါလည်း အဲ့ဒီလိုပဲဖြစ်မယ်လို့ ယုံကြည်တယ်"

စွန်းလီက တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒီလိုကိစ္စမျိုး ရှိနေမှတော့ ငါတို့က မြေကြီးကို ခပ်နက်နက်လေး တူးကြရအောင်...."

"ဒီနေရာမှာ တစ်ခုခုရှိနေသရွေ့...ငါတို့ ရအောင်တူးရမယ်"

"ဟုတ်ကဲ့"

ရုတ်ချည်းဆိုသလိုပင် စန့်ရှန်းဂိုဏ်းမှလူများအားလုံးသည် မြေကြီးကိုတူးရန် ဟန်ပြင်လိုက်တော့သည်။

အမှန်အားဖြင့် သူတို့၏ခွန်အားဖြင့် လက်ဝါးရိုက်ချက်တစ်ချက် အသုံးပြုလျှင်ပင် တောင်တစ်လုံးကို ပြိုလဲပျက်စီးသွားစေနိုင်သည်။ထို့​ကြောင့် မြေကြီးများကိုတူးထုတ်ရန်မှာ သူတို့အတွက် အလွန်လွယ်ကူရိုးရှင်းသော ကိစ္စပင်။

သို့ရာတွင် ဤမြေကြီးအား အပေါက်ငယ်တစ်ပေါက်ဖြစ်အောင်တူးရန်ပင် လူအင်အားအမြောက်အများလိုအပ်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

"အစ်ကိုကြီး...ဘယ်လိုလဲ...အခုက ခိုးထားတဲ့ပစ္စည်းတွေကိုရောင်းဖို့ အချိန်တစ်ခုရှာရတော့မယ်မဟုတ်လား...."

အိမ်ငယ်လေးတစ်လုံးအတွင်း၌ လုပမ်ဝေ ခွေး ဝက်ဝံနက် ကင်းခြေများနှင့်စိတ်ဝိညာဥ်ဘုရင်တို့သည် ပူးကပ်ထိုင်ကာ ခေါင်းချင်းဆိုင်၍ စကားပြောဆိုနေသည်။

"ရှူး...."

လုပမ်ဝေက ပြောဆိုသည်။

"အခုက အလျင်လိုလို့မရဘူး...တကယ်လို့ သခင်သာ ငါ သူ့ရဲ့ငွေအိတ်ကို ထပ်ပြီးခိုးတယ်ဆိုတာသိသွားရင်...ငါ့ကို ထပ်ပြီးအမဲဖျက်လိမ့်မယ်....အခုချိန်မှာ ငါတို့ ခိုးတာပေါ်သွားမှာကို ရှောင်တိမ်းဖို့အတွက် ဘာတစ်ခုကိုမှ လုပ်လို့မရဘူး"

"အစ်ကိုကြီးပြောတာ အမှန်ပဲ"

တခြားညီအစ်ကိုများအားလုံး ခေါင်းညိတ်လိုက်ကြ၏။

"အစ်ကိုကြီး...မင်း အခု ငွေအိတ်ကို ဘယ်နေရာမှာ ထားထားတာလဲ"

ခွေးက သူ၏ခေါင်းကိုဝဲယာလှည့်ကြည့်ပြီး သတိကြီးစွာထား၍ မေးမြန်းသည်။

"ဆိုရိုးစကားအရပြောရရင် အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲ"

လုပမ်ဝေက ဂုဏ်ယူဝံ့ကြွားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ဒီဆန်ကုန်မြေလေးက ကူးပြောင်းရေးဝင်္ကပါရဲ့ပြင်ပမှာ ကျင်းတစ်ကျင်းတူးပြီးတော့ ငွေအိတ်ကိုဖွက်ထားတယ်...သခင်က အဲ့ဒီနေရာမှာ ငွေအိတ်ကိုဖွက်ထားမယ်လို့ ဘယ်လိုမှ တွေးမိမှာမဟုတ်ဘူး"

"တော်လိုက်တာ...အစ်ကိုကြီးက အရမ်းတော်တာပဲ"

"အစ်ကိုကြီးက တကယ့်ကို စဥ်းစားဥာဏ်ရှိတာပါလား...."

"အစ်ကိုကြီးက တကယ့်ကို ငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ..."

"အစ်ကိုကြီးကို ချစ်တယ်..."

ခွေးတို့တစ်သိုက်သည် လေးစားကြည်ညိုစွာ ပြောဆိုပြီးနောက် သူတို့၏မျက်လုံးများအတွင်း၌ အလင်းတန်းများ တောက်ပနေသည်။

"သိုသိုသိပ်သိပ် နေရမယ်"

လုပမ်ဝေက သူ၏လက်ကိုအောက်သို့နှိမ့်ကာ လိမ္မာပါးနပ်စွာပြောဆိုသည်။

"အခုချိန်မှာ ငါတို့ကို ရိပ်မိသွားမှာကို ရှောင်တိမ်းဖို့အတွက် သခင်ရဲ့ရှေ့မှာ ကောင်းကောင်းမွန်မွန်နေရမယ်...သူ့ရဲ့ငွေအိတ်ကို ငါ ခိုးသွားတယ်လို့ သူ စဥ်းစားမိသွားလို့ မဖြစ်ဘူး"

"ခွီ....ခွီ...."

ထိုသို့ပြောဆိုပြီးနောက် ညီအစ်ကိုတစ်စုသည် သူတို့၏ပါးစပ်များကိုဖုံးအုပ်ပြီး ရယ်မောလိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် အလွန်ကြီးမားသော ပုံရိပ်ယောင်ကြီးတစ်ခုက အိမ်ငယ်လေးအပါအဝင် မိုးကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားသည်။

နတ်ဆိုးမီးတောက်များ....

သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ...

လုပမ်ဝေ၏ပါးစပ်မှ ရယ်မောသံ ရုတ်ချည်းရပ်တန့်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ထို့နောက် အိမ်နံရံ၏ထောင့်တစ်နေရာရှိ အက်ကွဲကြောင်းမှနေ၍ အခိုးအငွေ့များ တလိမ့်လိမ့်ထွက်လာသည်။

"ခွေးလိုကောင်...မင်းက ဘယ်ကိုသွားချင်သေးတာလဲ..."

ထိုပုံရိပ်ယောင်သည် ဓားရှည်တစ်လက်ကို ကိုင်ထားကာ ဓားကိုရှေ့သို့ ထိုးစိုက်လိုက်၏။

"သွားစမ်း"

ထိုဓားသည် လုပမ်ဝေ၏တင်ပါးအရိုးများကို ထွင်းဖောက်သွားကာ သူ့အား မြေပြင်ပေါ်၌ လူးလိမ့်နေစေသည်။

ခွေးတို့တစ်သိုက် အလွန်ထိတ်လန့်ကြောက်ရွံသွားသည်။သူတို့သည် ဓားဖြင့်ထိုးစိုက်ခံထားရသော သူတို့၏အစ်ကိုကြီးကို ကယ်တင်လိုသည်။သို့ရာတွင် သူတို့သည် အတူပူးကပ်ပြီး ထောင့်တစ်နေရာ၌ ပူးကပ်နေကာ သူတို့၏သွားများ ကျွတ်ထွက်တော့လုမတတ် တုန်ရီနေသည်။

Chapter 847

"ငါ မင်းကို ဒီနေရာမှာ သုံးရက်ကြာအောင် အပြစ်ပေးမယ်"

"သုံးရက်ပြည့်မှ မင်းကို လွှတ်ပေးမယ်"

ရီဖုန်းသည် လုပမ်ဝေနှင့်ဓားကို ဆွဲထုတ်ပြီး တဖန်ပြန်၍ ပစ်လွှတ်လိုက်ရာ သစ်ပင်တစ်ပင်အတွင်း၌ စိုက်ဝင်နေစေသည်။

အချိန်တခဏကြာခန့် ဆဲဆိုပြီးနောက် ရီဖုန်းသည် စိတ်ကျေနပ်မှုအပြည့်ဖြင့် ထွက်ခွာသွားလေ၏။

"ကူးပြောင်းရေးဝင်္ကပါရဲ့အပြင်မှာ မြှုပ်နှံ့ထားတာလား..."

"ဟမ့်..."

"ခွေးလိုကောင်က ပစ္စည်းတွေကို ဖွက်တဲ့နေရာမှာ တော်တော်လေးထူးချွန်တာပဲ"

ရီဖုန်းသည် သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ကူးပြောင်းရေးဝင်္ကပါထံသို့ ထွက်ခွာခဲ့တော့သည်။

ကူးပြောင်းရေးဝင်္ကပါ၏ပြင်ပတွင် စန့်ရှန်းဂိုဏ်းသည် အနက်ရောင်မြူခိုးများ သက်ရောက်ခြင်းမခံရသော နယ်မြေအတွင်းရှိ မြေကြီးများကို တူးဆွနေသည်။

လူဆယ်ယောက်ကျော်သည် အလှည့်ကျတူးနေသဖြင့် သူတို့၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပေ၏။

ပေတစ်ရာကျော်နက်သော မြေကျင်းကြီးတစ်ကျင်းကို တူးပြီးလေပြီ။

"ဒီနေရာမှာ စွမ်းအားလှုပ်ခတ်မှုတွေရှိနေတယ်...ဟား ဟား ဟား...တကယ့်ကိုပဲ စွမ်းအားလှုပ်ခတ်မှုတွေ ရှိနေတယ်"

မြေကျင်းကြီးအတွင်းတွင်ရှိနေသော စွန်းလီတို့လူစုထံမှ စိတ်လှုပ်ရှားစွာပြောဆိုနေသောအသံများ ထွက်ပေါ်လာသည်။

အကြောင်းအရင်းမှာ ယခုချိန်၌ သူတို့သည် မြေအောက်၌ ရတနာတစ်မျိုးရှိနေသည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိသောကြောင့်ပင်။

"အဲ့ဒီစွမ်းအားလှုပ်ခတ်မှုတွေအရကြည့်ရင် တစ်ပေလောက်အကွာပဲ ကျန်တော့မယ်"

စွန်းလီက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ...ငါတို့တွေ ပိုပြီးကြိုးစားကြရအောင်...မြန်မြန်လေး တူးကြစို့"

တခြားအကြီးအကဲများသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

ဤမြေအောက်တွင်ရှိနေသော ရတနာသည် များစွာတန်ဖိုးကြီးပုံရပေ၏။

အကြောင်းအရင်းမှာ သူတို့၏ယခင်ထျန်းယုနယ်မြေ၌ပင်လျှင် ဤကဲ့သို့ရတနာအကြောင်းကို မကြားဖူးသောကြောင့်ပင်။သူတို့သည် ရတနာများကို မှီခိုအားထား၌ အနက်ရောင်မြူခိုးများ၏သက်ရောက်လာမှုကို ပိုင်းခြားနိုင်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းမထူးချေ။

ဆန့်ကျင်ဘက်အနေဖြင့် ရတနာအများစုသည် အနက်ရောင်မြူခိုးများ၏တိုက်စားမှုကြောင့် မူလအကျိုးအာနိသင်များ တဖြည်းဖြည်းဆုံးရှုံးသွားသည်။

ထို့ကြောင့် ယခုချိန်၌ ဤရတနာကို မမြင်တွေ့ရသေးသည့်တိုင် အထွတ်အမြတ်ရတနာတစ်ခုဖြစ်ကြောင်း အတပ်ပြောနိုင်သည်။

ဤပေအနက်ခန့်သည် သူတို့၏ကျင့်ကြံဆင့်စွမ်းအားများဖြင့် တူးဖော်ရန် အလွန်လွယ်ကူပေ၏။

အချိန်တခဏကြာပြီးနောက် အနက်ရောင်သေတ္တာတစ်လုံး ပေါ်လွင်လာသည်။

"ဟူး...."

ထိုအနက်ရောင်သေတ္တာကို မြင်တွေ့ချိန်တွင် စွန်းလီတို့လူစု အသက်ပြင်းပြင်းရှိုက်လိုက်သည်။

အကြောင်းအရင်းမှာ ဤအနက်ရောင်သေတ္တာမှ ထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို သူတို့၏ဘဝတလျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ရသောကြောင့်ပင်။

ဤအနက်ရောင်သေတ္တာ၏အဆင့်ကို ကြည့်ရသည်မှာ သူတို့ ကောက်ချက်ချထားမှုထက် ကျော်လွန်နေပုံရသည်။

"ဟား ဟား ဟား....ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီရတနာကို ရှာတွေ့နိုင်ခဲ့ပြီ...ငါတို့ ပေတစ်ရာကျော်တူးခဲ့ရတာ တန်တယ်"

စွန်းလီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင်....

ကျင်းကြီး၏အနီး၌ လှိုင်းတစ်လှိုင်းလှုပ်ခတ်သွားသည်ကို မည်သူမျှ သတိမပြုမိချေ။

ထို့နောက် ကျင်းကြီး၏အတွင်း၌ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

"အမ်...."

အရိပ်ကျွန်းမှထွက်လာသော ရီဖုန်းသည် ပတ်ဝန်းကျင်ရှိ မြေသားနံရံများကိုကြည့်ပြီး ကြက်သေသေသွားသည်။

သူသည် သည်းမခံနိုင်တော့ဘဲ မိုးကောင်းကင်ယံအား မော့ကြည့်လိုက်၏။

ဤသည်မှာ ပေတစ်ရာကျော်နက်သော ကျင်းကြီးတစ်ကျင်းပင်။

အထက်ကို မော့ကြည့်လိုက်စဥ်၌ သူသည် အပြာရောင်မိုးကောင်းကင်၏ ကျဥ်းမြောင်းသော အစိတ်အပိုင်းကိုသာ မြင်တွေ့နိုင်ကာ ကျင်းကြီး၏အောက်ခြေတွင် သဘာဝအလျောက် ဖိနှိပ်ချုပ်ကိုင်နိုင်သော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

အိုး...ဘုရားရေ....

မည်သည့်တေလေဂျပိုးများသည် သူ၏ကူးပြောင်းရေးဝင်္ကပါရှေ့၌ နက်ရှိုင်းသောကျင်းတစ်ကျင်းကို လာတူးထားသနည်း။

ရီဖုန်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်သည်။

"မြန်မြန်လေး....မြန်မြန်တူးကြစမ်း...ဂရုစိုက်ကြအုံး...တကယ်လို့ ငါတို့တွေ ပေတစ်ရာကျော်လောက် တူးထားရတာ...ငါတို့ လုပ်ခဲ့တဲ့ကိစ္စတွေကို အလဟဿမဖြစ်စေနဲ့"

စွန်းယုက အော်ဟစ်၍ တခြားလူများကို အမိန့်ပေးသည်။

ထိုစကားကိုကြားချိန်တွင်....

ရီဖုန်းသည် သူ၏ခေါင်းကို နံဘေးတစ်ဖက်သိူ့ လှည့်ကြည့်လိုက်ရာ သူ၏ဘေးတွင် လူဆယ်ယောက်ကျော် မတ်တတ်ရပ်နေသည်ကို မြင်တွေ့မိသည်။ဤအချိန်အခိုက်အတန့်တွင် လူဆယ်ယောက်ကျော်သည် သစ်သားသေတ္တာတစ်လုံးကိုဝိုင်းရံထားသည်ကို မြင်တွေ့မိသည်။

ရီဖုန်းသည် အကြည့်တစ်ချက်ဖြင့် ဤသစ်သားသေတ္တာကို မှတ်မိသည်။

ဤှသည်မှာ သူ သိမ်းဆည်းထားသော ငွေကြေးများ မဟုတ်လော....

ကောင်းပြီလေ...

ဤလူများ မည်သူမည်ဝါဖြစ်သည်ကို သူ သိရှိသွားလေပြီ။

ဤသည်မှာ သူခိုးတစ်စုပင်။

ငတုံးကောင်လုပမ်ဝေသည် ဤနေရာ၌ ကျင်းတစ်ကျင်းတူးပြီး အင်မော်တယ်သလင်းကျောက်များကို မြှုပ်နှံ့နေသည်အား ဤလူများ တွေ့ရှိသွားခြင်းဖြစ်ပေမည်။

ထို့ကြောင့် သူ၏ကူးပြောင်းရေးဝင်္ကပါရှေ့မှ ကျင်းကြီးသည် အင်မော်တယ်သလင်းကျောက်များကို ခိုးယူရန်အတွက် ဤသူခိုးများ တူးထားခြင်းဖြစ်ပေမည်။

သို့ရာတွင် လုပမ်ဝေသည် အင်မော်တယ်သလင်းကျောက်များကို ဝှက်ရန်အတွက် ဤမျှထိနက်သောကျင်းကိုတူးရန် လိုအပ်ပါသလော....

ဤသူခိုးတစ်စုသည် အမှန်တကယ်ကို ကြမ်းတမ်းပေ၏။ဤသစ်သားသေတ္တာအတွင်းရှိ အင်မော်တယ်သလင်းကျောက် ဆယ်ဂဏန်းအနည်းငယ်အတွက် ပေတစ်ရာကျော်နက်သည်အထိ မြေကြီးများကို တူးခဲ့ကြသည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူခိုးများပင်။

ထို့ပြင် သူတို့သည် သူ၏ငွေကြေးများကို ခိုးယူနေသည်ဖြစ်ရာ သူ မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။

"ဟေး သူခိုးတွေ...အဲ့ဒီနေရာမှာ ရပ်လိုက်ကြစမ်း"

ရီဖုန်းက တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်သည်။

ရီဖုန်း၏အော်သံကြောင့် စွန်းလီတို့လူစု ကြက်သေသေသွားသည်။သူတို့၏စိတ်အာရုံများသည် သစ်သားသေတ္တာပေါ်တွင်သာ စူးစိုက်၍ကျရောက်နေသဖြင့် သူတို့၏နံဘေးတွင် တခြားလူတစ်ယောက်ရှိနေသည်ကို သတိမပြုမိကြချေ။

"မင်းက ဘယ်သူလဲ"

စွန်းလီက သတိကြီးစွာထားပြီး မေးမြန်းလိုက်၏။

"ငါ ဘယ်သူလဲဆိုတာကို ပြောရမယ်ဆိုရင်...ငါက အဲ့ဒီသေတ္တာရဲ့ပိုင်ရှင်ပဲ...မင်းတို့က ငါ့ရဲ့ပစ္စည်းကို ယူနေကြတာလား...အခုချက်ချင်း အဲ့ဒီသေတ္တာကို မြန်မြန်လေးချထားလိုက်စမ်း"

ရီဖုန်းက ကြီးကျယ်ခမ်းနားသောလေသံဖြင့် အော်ငေါက်လိုက်သည်။

"ဒီသေတ္တာရဲ့ပိုင်ရှင်လား..."

စွန်းလီ၏မျက်နှာ သုန်မှုန်သွားသည်။ယခုကြည့်ကြည့်​တော့မှ ထိုလူသည် ဤသစ်သားသေတ္တာအတွက် ရောက်ရှိလာခြင်းပင်။

သူတို့သည် ဤပစ္စည်းကို တူးထားရခြင်းဖြစ်ရာ မည်သည်ကြောင့် အကြောင်းအရင်းမရှိဘဲ လွှဲပြောင်းပေးနိုင်မည်နည်း။

"ဟမ့်...မင်းက ဘာမလို့ပဲ...မင်းက ဒီသေတ္တာရဲ့ပိုင်ရှင်လို့ပြောဖို့ တန်လို့လား..."

"နောက်ကိုဆုတ်လိုက်စမ်း....တကယ်လို့ မင်းက ဒီသေတ္တာရဲ့ပိုင်ရှင်ဖြစ်နေရင်တောင် ဘာလုပ်ရမှာလဲ"

စွန်းလီက သရော်တော်တော် ပြောဆိုသည်။

"လောကကြီးထဲမှာ အသန်မာဆုံးလူက ရိုသေလေးစားခံရတယ်...လက်သီးအကြီးဆုံး ဘယ်သူမဆို ရတနာကို ပိုင်ဆိုင်နိုင်တယ်...တကယ်လို့ မင်းမှာ အရည်အချင်းရှိရင် လာယူလေ"

"ဟမ့်....မင်းတို့ကောင်တွေက တခြားလူရဲ့ပစ္စည်းကို ခိုးယူပြီးတာတောင် ပြန်ပက်ရဲသေးတာလား"

ရီဖုန်းသည် ဒေါသထွက်စပြုလာကာ အော်ငေါက်လိုက်သည်။

"ငါက ဒီနေ့ မင်းတို့ကောင်တွေကို သေအောင်မရိုက်နိုင်ဘူးလို့ ငါ မယုံဘူး"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ၏အင်္ကျီလက်များကိုမကာ စွန်းလီတို့လူစုထံသို့ ဦးတည်၍လျှောက်လှမ်းသွားသည်။

"ဟမ့်...ယင်ကောင်တစ်ကောင်ကများ...သူရဲ့စွမ်းအားထက် ကျော်လွန်ပြီးတော့ သစ်ပင်ကြီးတစ်ပင်ကို လှုပ်ယမ်းချင်နေတယ်"

စွန်းလီက လှောင်ပြောင်သရော်ကာ သူ၏နံဘေးတွင်ရှိနေသော ရှစ်ယွမ်နှင့်ရှစ်ဟိုတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် အလင်းတန်းများအသွင်ပြောင်းလဲကာ ရီဖုန်းထံသို့ တိုးဝင်လိုက်၏၏

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌....

ဖြောင်း...ဖြောင်း..

ရီဖုန်းသည် သူ၏လက်ကိုမြှောက်ပြီး ထိုလူနှစ်ယောက်ကို ပါးဖြတ်ရိုက်လိုက်ရာ သူတို့နှစ်ယောက်သား မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ပါးစပ်များမှ အမြှုပ်တစီစီထွက်လာတော့သည်။

Chapter 848

"ဘာ...."

ထိုမြင်ကွင်းကိုကြည့်ပြီး စွန်းလီ၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤသည်မှာ မည်သည့်အဓိပ္ပါယ်ဖြစ်သနည်း....

ရှစ်ယွမ်နှင့်ရှစ်ဟိုတို့သည် တာအိုကြေးမုံနယ်ပယ်တွင်ရှိသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။

သူသည် သူတို့နှစ်ယောက်ထက် အနည်းငယ်ပို၍ သန်မာအားကောင်းသော်လည်း လှည့်ကွက်အနည်းငယ်ကိုအသုံးပြုမှသာ အနိုင်ယူနိုင်ပေမည်။

မည်သည်ကြောင့် သူတို့၏ခွန်အားသည် ဤလူငယ်၏ရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားသနည်း။သူတို့သည် ရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့သလော။

"ဝင်္ကပါဖွဲ့စည်းမယ်...လာကြစမ်း..."

စွန်းလီက သူ၏လက်ကိုဝှေ့ယမ်းကာ သူ၏နောက်ရှိ လူများကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

ထိုအသံကိုကြားချိန်တွင် သူ၏နောက်တွင်ရှိနေသော လူဆယ်ယောက်ကျော်၏လှုပ်ရှားမှုများ အလျှင်အမြန်ပြောင်းလဲသွားကာ ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူတို့အနီး၌ ရစ်သိုင်းလွှမ်းခြုံသွားသည်။

"သုံးဘဝ ဝင်္ကပါ...."

စွန်းလီ အော်ဟစ်လိုက်သည်နှင့် ရစ်သိုင်းလွှမ်းခြုံနေသောစွမ်းအားလှိုင်းများသည် တံတားများအဖြစ်သို့ပြောင်းလဲကာ လူများအားလုံး၏စွမ်းအားများ ချိတ်ဆက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင်..

လူများအားလုံး၏စွမ်းအားများ မြင့်တက်လာသည်။

ဝင်္ကပါကြီး၏ကောင်းချီးပေးမှုမှတဆင့် လူများအားလုံးသည် ပေါင်းစည်းထားသောစွမ်းအားများကို ယာယီအသုံးပြုနိုင်ပေ၏။

ဝင်္ကပါကြီး၏ဆက်သွယ်မှုအောက်တွင် သူတို့တစ်ယောက်ချင်းစီသည် မိုးနှင့်မြေကို ဖျက်ဆီးနိုင်သောအရှိန်အဝါဖြင့် ရီဖုန်းထံဦးတည်ပြီး တဟုန်ထိုးပြေးဝင်သွားကြသည်။

"သေစမ်း...."

လူများအားလုံးအော်ဟစ်လိုက်ကြကာ ရီဖုန်း၏ဆုတ်ခွာလမ်းကြောင်းများကို အပြည့်အဝ ပိတ်ဆို့ဟန့်တားလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး....

စွန်းလီက လှောင်ပြောင်သရော်လိုက်သည်။

သူတို့၏စန့်ရှန်းဂိုဏ်း အခိုင်အမာရပ်တည်နေနိုင်သောအကြောင်းအရင်းမှာ ဂိုဏ်းအတွင်းရှိလူများအားလုံး အတူပူးပေါင်း၍ ကျင့်ကြံနိုင်သည့် သုံးဘဝဝင်္ကပါရှိနေသောကြောင့်ပင်။

ဤဝင်္ကပါကြောင့် သူတို့၏ဂိုဏ်းမှတပည့်များသည် အနိုင်ရလဒ်များကို ရယူနိုင်ခဲ့ပေ၏။

ဤလူများ၏စွမ်းအားများကို ပေါင်းစည်းမထားလျှင်ပင် သာမန်တာအိုကြေးမုံနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ခြေမွှဖျက်ဆီးနိုင်သည်။ဤဝင်္ကပါကြီး၏ကောင်းချီးပေးမှုအောက်တွင် လူများအားလုံး၏စွမ်းအားများ မြင့်တက်နေသည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

ထို့ကြောင့် သူတို့ရှေ့ရှိလူငယ်လေးသည် မည်မျှထိအစွမ်းထက်နေပါစေ သူတို့၏သုံးဘဝဝင်္ကပါကို ချိုးဖျက်နိုင်​မည် မဟုတ်ချေ။

ထိုကြောင့် သူ၏မျက်လုံးအတွင်း၌ ဤလူငယ်လေးသည် သေလူတစ်ယောက်ပင်။

ရီဖုန်းသည် အမူအယာကင်းမဲ့စွာဖြင့် ထိုလူတစ်စုကိုကြည့်လိုက်၏။

ဤသည်မှာ ​မျောက်များ မီးပုံးပေါ်သို့ ကျသွားသဖြင့် ခုန်ဆွခုန်ဆွဖြစ်နေသည့်အလားပင်။

"စိတ်ပျက်ဖို့ကောင်းလိုက်တာ...."

ရီဖုန်းသည် မျက်လုံးတစ်ချက်လှန်ကြည့်ပြီးနောက် လက်ဝါးရိုက်ချက်များကို ထုတ်လွှတ်လိုက်သည်။

"ဖြောင်း...."

ပထမဆုံးပြေးဝင်လာသော လူတချို့သည် နောက်သို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့လဲကျကာ သတိလစ်မေ့မျောသွားတော့သည်။

လူတချို့ကိုရိုက်နှက်ပြီးနောက် ရီဖုန်းသည် သူ၏လက်ကိုမြှောက်ကာ ထပ်မံ၍ရိုက်နှက်လိုက်သည်။

နောက်ထပ်လူတော်တော်များများ လွင့်ထွက်သွားသည်။

ထိုလူများ လွင့်ထွက်သွားသည်နှင့် သုံးဘဝဝင်္ကပါကြီးသည် အလိုအလျောက်ပျက်ပြယ်သွားလေ၏။

ဤဝင်္ကပါကြီးကို ချိုးဖျက်ခံလိုက်ရသဖြင့် လူများအားလုံးသည် တန်ပြန်ဒဏ်ခံစားလိုက်ရကာ သူတို့၏ခန္ဓာကိုယ်အတွင်းရှိ သွေးများ ကပြောင်းကပြန်ဖြစ်သွားသည်။သူတို့သည်နောက်သို့ ထပ်ခါတလဲလဲဆုတ်လိုက်ရာကာ သူတို့၏အသက်ရှူနှုန်းများ နှေးကွေးနေသည်။

"ဒါ....ဒါက ဘယ်လိုဖြစ်သွားတာလဲ"

စွန်းလီ၏မျက်နှာပေါ်ရှိ သရော်တော်တော်အရိပ်အယောင်များ တောင့်တင်းသွားကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သုံးဘဝဝင်္ကပါသည် ချိုးဖျက်ခြင်း ခံလိုက်ရသလော....

ထိုအကြောင်းကိုတွေးတောရင်း စွန်းလီသည် သူ၏ခြေထောက်များ အနည်းငယ်​ပျော့ခွေသွားသကဲ့သို့ ခံစားမိလေ၏။

သူ သံမဏိပြားကြီးကို ဆောင့်ကန်ခဲ့မိလေပြီ။

"ကြက်ကလေးငှက်ကလေးတစ်သိုက်က ငါ့ရဲ့ပစ္စည်းတွေကို လာပြီးခိုးရဲတယ်...မင်းတို့က ဘာလို့ အိမ်မှာပဲနေပြီး လယ်စိုက်မနေကြတာလဲ"

ရီဖုန်းက မှုန်တေတေမျက်နှာဖြင့် အေးစက်တင်းမာစွာ ပြောဆိုသည်။သူသည် စွန်းလီထံသို့လျှောက်လှမ်းသွားပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"မင်း...မင်းက ဘယ်သူလဲ"

စွန်းလီသည် သူ၏လက်အတွင်း၌ သစ်သားသေတ္တာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူ၏မျက်နှာပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။

"ငါ ဘယ်သူလဲဆိုတာ မင်း ဂရုစိုက်စရာမလိုဘူး....ငါ့ရဲ့ပစ္စည်းကို ပြန်ပေးစမ်း"

ရီဖုန်းက သူ၏လက်တစ်ဖက်ဖြင့် သစ်သားသေတ္တာကို ဆွဲယူလိုက်သည်။

စွန်းလီ၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။

ဤသည်မှာ ​မည်ကဲ့သို့စွမ်းအားမျိုး ဖြစ်သနည်း.....

ရီဖုန်းသည် သူ၏လက်အတင်းရှိ သစ်သားသေတ္တာကို ယူဆောင်လိုက်ချိန်၌ သူ အနည်းငယ်မျှ တုံ့ပြန်နိုင်ခြင်းမရှိချေ။

ရီဖုန်း၏လက်အတွင်းသို့ သစ်သားသေတ္တာရောက်ရှိသွားသော အချိန်မှသာ သူ အသိပြန်ဝင်လာခဲ့သည်။

"စီနီယာ....ဒီနေ့ ငါတို့စန့်ရှန်းဂိုဏ်း အရှက်ခွဲခံရတာကို ငါ မှတ်ထားတယ်...နောင်အနာဂတ်ကျရင် ငါက ဒီကိစ္စအတွက် စီနီယာဆီကနေ ဖြေရှင်းချက်တစ်ခုကို သေချာပေါက်တောင်းခံမယ်"

စွန်းလီသည် သုန်မှုန်နေသောမျက်နှာဖြင့် ကြမ်းတမ်းသောစကားတချို့ကို ပြောဆိုပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ထို့နောက် သူသည် ခြေတစ်ဖက်ဆောင့်နင်းပြီး လေဟာနယ်ကိုဆုတ်ဖြဲကာ အတွင်းသို့ဝင်လိုက်၏။

မကြာမီမှာပင်...

ဤခြေတစ်လှမ်းဖြင့် သူ့အား ယခင်နေရာနှင့် မိုင်ပေါင်းထောင်နှင့်ချီ ဝေးကွာသောနေရာ၌ ထွက်ပေါ်လာစေသည်။

သို့ရာတွင်...

သူ လွတ်မြောက်ပြီဟု တွေးတောနေစဥ်မှာပင် လက်ဝါးတစ်ဖက်က သူ၏ဘောင်းဘီထိပ်ကို ဖမ်းဆုပ်ထားလေသည်။

"မင်းရဲ့ခြေထောက်တိုတိုလေးနဲ့...ဘယ်ကိုပြေးချင်သေးတာလဲ"

ရီဖုန်းက သူ၏လက်ကို ညင်သာစွာပြန်ဆွဲလိုက်သည်။

"ဗြိ...."

စွန်းလီ၏ဘောင်းဘီပြဲသွားကာ သူ၏ဖင်ပြောင်သွားပြီး ပေါင်နေရာတွင်ရှိနေသော ဘောင်းဘီစသာ ကြွင်းကျန်တော့သည်။

ဤသို့ဖြင့် စွန်းလီသည် လမ်းတလျှောက်လုံး နောက်သို့ပြန်လည်ဆွဲခေါ်ခြင်း ခံရသဖြင့် သူ၏ဘောင်းဘီတစ်ထည်လုံး ပျောက်ကွယ်သွားတော့သည်။

ဤတစ်ကြိမ်တွင်....

စွန်းလီသည် သတ္တိမွေး၍ နောက်သို့ပြန်လှည့်ကြည့်လိုက်၏။

သူ အစောပိုင်းကလှမ်းလိုက်သော ခြေတစ်လှမ်းသည် အလွန်အမင်းဝေးကွာကာ မိုင်ပေါင်းထောင်နှင့်ချီအကွာသို့ ရောက်ရှိနေလေပြီ။သို့ရာတွင် သူသည် အတင်းအကြပ် ပြန်လည်ဆွဲခေါ်ခြင်း ခံလိုက်ရသလော။

ဤသည်မှာ မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နည်းလမ်းမျိုးဖြစ်သနည်း။

"စီနီယာ....မင်း ဘာလုပ်မလို့လဲ"

စွန်းလီသည် စကားပြောဆိုရင်း အလွန်အေးစက်လာသကဲ့သို့ ခံစားမိသဖြင့် သူ၏လက်နှစ်ဖက်ဖြင့် သူ၏တင်ပါးများကို ဖုံးအုပ်လိုက်သည်။

"မင်းက ဘယ်ကိုသွားချင်တာလဲ"

ရီဖုန်းက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒီလိုမျိုး ကျင်းကြီးတစ်ကျင်းကို တူးပြီးသွားတာတောင် မင်းက ထွက်သွားချင်သေးတာလား"

"ဒါဆိုရင် မင်းက ဘာလိုချင်တာလဲ"

စွန်းလီက သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ဒီကျင်းကြီးကိူ တူးထားမှတော့ မြေပြန်ဖို့ပေးရမယ်...တကယ်လို့ မင်းတို့ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် မင်းတို့ထဲကတစ်ယောက်မှ ထွက်မသွားနိုင်စေရဘူး...."

ရီဖုန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

စွန်းလီသည် ကြက်သေသေသွားလေ၏။

ရီဖုန်းသည် သူတို့အား အရှက်ခွဲရန်ရည်ရွယ်ထားသော်လည်း ကျင်းကို မြေပြန်ဖို့ပေးရခြင်းသာဖြစ်သဖြင့် သူတို့ လက်သင့်ခံနိုင်သည်။မည်သိူ့ပင်ဆိုစေကာမူ သူတို့အတွက် အခြေအနေသည်ဆိုးရွားနေကာ တစ်ဖက်လူ၏လက်သီးသည် သူတို့ထက် ပို၍ကြီးမားနေပေ၏။

သို့ရာတွင် ဤအ​ချက်သို့ရောက်ရှိချိန်တွင် စွန်းလီသည် ယခင်က သူပြောဆိုခဲ့သော စကားများကို တဖန်ပြန်၍အမှတ်ရမိသည်။ထို့ကြောင့် သူသည် မြေကြီးအတွင်း၌ အက်ကွဲကြောင်းတစ်ကြောင်းရှာ၍ ဝင်ပုန်းနေရန် မစောင့်ဆိုင်းနိုင်တော့ချေ။

သူက အံ့တင်းတင်းကြိတ်ပြီး ကူကယ်ရာမဲ့စွာဖြင့် တုံ့ပြန်အဖြေပေးရုံသာ တတ်နိုင်တော့သည်။

ရီဖုန်း၏စီမံကွပ်ကဲမှုအောက်တွင် စန့်ရှန်းဂိုဏ်းမှစွန်းလီတို့လူစုသည် ကျင်းကြီးကို စတင်၍မြေဖို့လိုက်ကြ၏။

ဤလူတစ်စုသည် တိုက်ခိုက်နိုင်ခြင်းမရှိသော်လည်း မြေဖို့ရာ၌ အလွန်လျှင်မြန်မည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် ရီဖုန်းက ဤလူများသည် ကျင့်ကြံသူများဖြစ်သည်ကို သိရှိထားပေ၏။သူတို့ထံတွင် ခွန်အားအနည်းငယ်သာရှိသော်လည်း အလုပ်ကြမ်းများကိုပြုလုပ်ရာ၌ သာမာန်သေမျိုးများထက် သာလွန်သည်။

သူတို့၏အလုပ် ပြီးဆုံးတော့မည်ကိုကြည့်ပြီး ရီဖုန်းသည် သူ၏နံဘေးရှိ သစ်သားသေတ္တာကိုကောက်ကိုင်ကာ စစ်ဆေးရန်ကြံရွယ်လိုက်သည်။

"စီနီယာ...ကျင်းကို မြေပြန်ဖို့ပြီးပြီ...ငါတို့ သွားလို့ရပြီလား..."

ထိုစကားကိုပြောဆိုရင်း စွန်းလီ၏မျက်လုံးအကြည့်သည် ရီဖုန်း၏လက်အတွင်းရှိ သစ်သားသေတ္တာထံသို့ အခိုင်အမာကျရောက်နေကာ သူ့ထံတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။

ဤပြိုင်ဘက်ကင်းရတနာသည် မူလက သူ၏အပိုင် ဖြစ်နေလေပြီ။

စွန်းလီ၏မေးခွန်းကိုကြားချိန်တွင် ရီဖုန်းသည် ခေါင်းမော့ပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူသည် စွန်းလီကို လျစ်လျှူရှုကာ သူ၏လက်အတွင်းရှိ သစ်သားသေတ္တာကိုကြည့်လိုက်၏။

သူ သူတို့အား လွှတ်မပေးမီ ဤသေတ္တာအတွင်း၌ ငွေကြေးများလျော့မလျော့ သူ ကြည့်ရန်လိုအပ်သည်။

သေတ္တာကို ဖွင့်လိုက်ချိန်တွင်....

တောက်ပနေသော အင်မော်တယ်သလင်းကျောက်နှစ်ဆယ် ပေါ်လွင်လာသည်။

"တစ်...နှစ်...သုံး...လေး...."

ရီဖုန်းက ထပ်ခါတလဲလဲ ရေတွက်လိုက်၏။

သို့ရာတွင် စွန်းလီ အနည်းငယ်စိတ်ဓာတ်ကျသွားသည်။ဤအဖိုးမဖြတ်နိုင်သော သေတ္တာအတွင်း၌ အလွန်အဆင့်မြင့်သောရတနာများ ရှိနေမည်ဟု သူ မူလက မျှော်လင့်ထားခဲ့သည်။ဤသေတ္တာအတွင်း၌ အင်မော်တယ်သလင်းကျောက်များသာ ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် သူတို့အတွက် ဤသည်မှာ ပြဿနာမရှိချေ။အကြောင်းအရင်းမှာ ထိုသစ်သားသေတ္တာကိုယ်တိုင်သည် အဖိုးမဖြတ်နိုင်သောရတနာတစ်ပါး ဖြစ်နေသောကြောင့်ပင်။

သုံးကြိမ်တိုင်တိုင် ရေတွက်ပြီးနောက်....

သေတ္တာအတွင်း၌ အင်မော်တယ်သလင်းကျောက်များ မူလအတိုင်းရှိနေသည်ကို ရီဖုန်းသည် အတည်ပြုနိုင်ခဲ့လေ၏။သူသည် လက်ကိုင်ပဝါတစ်ထည်ကိုထုတ်ယူပြီး အင်မော်တယ်သလင်းကျောက်များကို တစ်လုံးပြီးတစ်လုံးသုတ်ကာ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

သေတ္တာကမူ...

အလွန်ညစ်ပတ်ပေ၏။

ထိုသေတ္တာပေါ်တွင် ရွှံများပြည့်နှက်နေလေရာ မည်သည်ကြောင့် သူ သိမ်းဆည်းထားရမည်နည်း....

မည်သို့ပင်ဆိုစေကာမူ သူ၏အိမ်တွင် ဤကဲ့သို့သေတ္တာအမြောက်အများရှိနေပြီး ခြူးတစ်ပြားပင်မတန်ချေ။

ထို့ကြောင့် မြေပြင်ပေါ်သို့ သူ ပစ်ချကာ တက်နင်းလိုက်သည်။

ခရက်....

ထိုအက်ကွဲသံသည် စွန်းလီတို့လူစု၏နားများအတွင်းသို့ ဝင်ရောက်သွားချိန်တွင် မိုးကြိုးပစ်ခတ်သံအလားပင်။

သူတို့အားလုံး ကြက်သေသေသွားသည်။

စွန်းလီ၏မေးရိုးများ အဆစ်လွဲသွားကာ မြေပြင်ပေါ်၌ အစိတ်စိတ်အမွှာမွှာဖြစ်သွားသော သစ်သားသေတ္တာကိုကြည့်ကာ သူ၏အသက်ရှုနှုန်း ရပ်တန့်သွားပြီး သူ၏နှလုံးသွေးများ ယိုစီးကျလာသည်။

ဤအချိန်အခိုက်အတန့်တွင်...

သူတို့ထံတွင် ရီဖုန်းကို အရှင်လတ်လတ်အရေခွံခွာလိုစိတ်များ ပေါက်ဖွားလာသည်။

ထိုလူငယ်သည် သေတ္တာအတွင်းရှိ အဖိုးမတန်သော အင်မော်တယ်သလင်းကျောက်နှစ်ဆယ်ကို တယုတယသုတ်ကာ ထိခိုက်ပျက်စီးသွားမည် သို့မဟုတ် ပျောက်ဆုံးသွားမည်ကို ကြောက်ရွံနေသည့်အလားပင်။

သို့ရာတွင် သူသည် အထင်အမြင်သေးစွာဖြင့် အဖိုးမဖြတ်နိုင်သောသေတ္တာကို ခြေထောက်ဖြင့်နင်း၍ ဖျက်ဆီးခဲ့သလော....

ဤသည်မှာ ဖျက်ဆီးခြင်းနတ်ဘုရားတစ်ပါး အလားပင်။

စွန်းလီ၏မျက်နှာပေါ်ရှိ ကြွက်သားများ တဆတ်ဆတ်တုန်နေသည်။

"မင်းတို့ သွားလို့ရပြီ....နောင်အနာဂတ်မှာ လူကောင်းတစ်ယောက်လုပ်ဖို့ မှတ်ထားကြစမ်း"

ရီဖုန်းက စိတ်ကျေနပ်စွာဖြင့် ပြောဆိုသည်။

သို့ရာတွင် ထိုလူတစ်စုသည် မလှုပ်မယှက် မတ်တတ်ရပ်နေဆဲဖြစ်သည်ကို သူ မြင်တွေ့မိလေ၏။

"ဟေး....မင်းတို့ကောင်တွေက ဘာဖြစ်နေတာလဲ...တကယ်လို့ မင်းတို့ ထွက်မသွားဘူးဆိုလည်း နေတော့...ငါက မင်းတို့နဲ့ အချိန်မဖြုန်းနိုင်တော့ဘူး...ဒါကြောင့် ငါ ထွက်သွားတော့မယ်"

ရီဖုန်းသည် ပေါ့ပေါ့ပါးပါးပြောဆိုကာ စနစ်နှင့်ဆက်သွယ်ပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။

Chapter 849

စွန်းလီတို့လူစုသည် ဤနေရာ၌ အချိန်အတော်ကြာ မတ်တတ်ရပ်နေပြီးမှ စိတ်လျှော့နိုင်ခဲ့ကြသည်။

ခြေထောက်တစ်ဖက်အောက်တွင် အစိတ်စိတ်အမွှာမွှာပျက်စီးသွားသော သစ်သားသေတ္တာအကြောင်းကို တွေးတောမိချိန်တွင် သူတို့အားလုံး ကြေကွဲဝမ်းနည်းသွားသည်။

အတိုချုပ်ပြောရလျှင် သူတို့၏လှုပ်ရှားမှုသည် ကြီးမားသောအရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။သူတို့သည် လူအမြောက်အများကို ရှုံးနိမ့်ခဲ့လျှင် အဆင်ပြေသော်လည်း တစ်ဖက်လူသည် တစ်ယောက်တည်းသာ ဖြစ်ပေ၏။

စွန်းလီသည် မြေပြင်ပေါ်၌ထိုင်ကာ သေတ္တာအစအနများကို ပွတ်သပ်ပြီး မည်သည့်စကားတစ်ခွန်းကိုမျှ မဆိုနိုင်တော့ချေ။

"ဟူး...."

သူတို့သည် သက်ပြင်းရှိုက်ကာ သစ်သားသေတ္တာအစအနများကို ထုတ်ပိုးပြီး ဂိုဏ်းသို့ပြန်ရန် ဟန်ပြင်လိုက်ကြသည်။

သို့ရာတွင်...

သူတို့အားလုံးသည် အနက်ရောင်မြူခိုးများအတွင်းသို့ ဝင်ရောက်တော့မည့်အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။သူတို့သည် ရုတ်တရက် အနက်ရောင်မြူခိုးများ၏သက်ရောက်ခြင်းကို မခံရသောနေရာသို့ တဖန်ပြန်၍ လှည့်ကြည့်လိုက်သည်။

"ရတနာသေတ္တာ ပျက်စီးသွားတာတောင်...ဘာလို့ အဲ့ဒီနေရာက အနက်ရောင်မြူခိုးတွေရဲ့ သက်ရောက်တာကို မခံရသေးတာလဲ"

တစ်စုံတစ်ယောက်က မေးမြန်းသည်။

"အမှန်ပဲ...ဒါက ဘာလို့လဲ..."

"ဖြစ်နိုင်တာတော့ မြေအောက်မှာ တခြားရတနာတွေ ထပ်ပြီးရှိနေတာများလား..."

"ဟုတ်တယ်....မဟုတ်ရင် ဒီကိစ္စကို ဘယ်လိုလုပ်ပြီး ရှင်းပြနိုင်မှာလဲ"

ဤအချိန်အခိုက်အတန့်တွင် လူများအားလုံး၏မှုန်တေတေမျက်နှာများပေါ်၌ မျှော်လင့်ချက်အလင်းရောင်များ တဖန်ပြန်၍ ထင်ဟပ်လာသည်။

သူတို့အတွက် ဤသည်မှာ အလွန်ဝမ်းသာပျော်ရွှင်စေသောကိစ္စပင်။

"ဟား...ဟား...ဟား...."

စွန်းလီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မမျှော်လင့်ဘဲ နတ်ဘုရားက ငါတို့အတွက် တံခါးတစ်ပေါက်ကို ပိတ်လိုက်ပေမယ့် တခြားတံခါးပေါက်တစ်ပေါက်ကို ဖွင့်ပေးခဲ့တယ်"

စွန်းလီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"ဒီနေရာက အနက်ရောင်မြူခိုးတွေရဲ့ သက်ရောက်တာကို မခံရပေမယ့် အဲ့ဒီသစ်သားသေတ္တာကြောင့် မဟုတ်ဘူး...ဒါပေမဲ့ တခြားတစ်ခုခု ရှိနေနိုင်တယ်...အစစ်အမှန်ရတနာက သစ်သားသေတ္တာထက် ပိုပြီးအစွမ်းထက်တယ်လို့ ငါ သံသယဝင်မိတယ်"

"ဒါကြောင့် ငါတို့တွေ အခု မြေပြန်တူးကြရအောင်...."

"အရင်နဲ့ အတူတူပဲ...အဲ့ဒီရတနာရဲ့စိတ်ဝိညာဥ်စွမ်းအားတွေကို မထိခိုက်စေဖို့အတွက် ငါတို့က ဂရုတစိုက် တူးဖော်ရမယ်"

"ဒါပေမယ့် အဲ့ဒီအစစ်အမှန်ရတနာက မြေအောက်ပေတစ်ရာကျော်ထက် ပိုနက်တဲ့နေရာမှာ ရှိနေနိုင်တယ်ဆိုတာ မင်းတို့ ရှင်းရှင်းလင်းလင်းသိထားရမယ်"

"ဟုတ်ကဲ့"

ကြွင်းကျန်သောလူများသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကာ ကမန်းကတန်း အလုပ်စလိုက်ကြတော့သည်။

မည်သို့ပင်ဆိုစေကာမူ မိုးရွာသွန်းပြီးနောက် ကြည်လင်သောမိုးကောင်းကင်ကို မြင်တွေ့ရသည့် ခံစားချက်မျိုးသည် အမှန်တကယ်ကို ကောင်းမွန်ပေ၏။

သူတို့သည် အထွတ်အမြတ်ရတနာတစ်ပါးကို အမှန်တကယ် တူးယူနိုင်ပါက စန့်ရှန်းဂိုဏ်းသို့ ပြန်လည်ရောက်ရှိသည်နှင့် သူတို့တစ်ယောက်ချင်းစီအတွက် ကြီးမားသောအောင်မြင်မှုကြီး ဖြစ်သွားပေမည်။

အရိပ်ကျွန်း၌...

လုပမ်ဝေသည် ​သစ်ပင်တစ်ပင်၌ ဓားဖြင့်သပ်ရိုက်ထားခြင်း ခံထားရလေ၏။

သစ်ပင်၏အောက်၌...

ခွေးတို့တစ်သိုက်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်နေသော်လည်း သူတို့သည် လှုပ်ရှားမှုတစ်ခုတစ်လေကိုမျှ မလုပ်ဝံ့ကြချေ။

"ဟူး...."

"အစ်ကိုကြီးက အရမ်းသနားဖို့ကောင်းတာပဲ..."

"မဖြစ်သင့်ဘူး...အစ်ကိုကြီးကို ငါ အရမ်းသနားတယ်"

ခွေးသည် ညည်းတွားနေစဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို တွေ့ရှိသွားသဖြင့် ချက်ချင်းအဝေးသို့ ထွက်ပြေးသွားသည်။

မကြာမီမှာပင်....

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ရီဖုန်းသည် သူ၏လက်ကိုနောက်ပစ်ပြီး သစ်ပင်၏အောက်သို့ လျှောက်လှမ်းသည်။

သစ်ပင်၌ သပ်ရိုက်ခြင်းခံထားရသော လုပမ်ဝေသည် သူ၏ခေါင်းကို ခက်ခက်ခဲခဲလှည့်ပြီး သနားစဖွယ်အမူအယာဖြင့် ရီဖုန်းကို ကြည့်လေသည်။

"အာ့ဘား....အာ့ဘား..."

"ဘာမှ အာ့ဘား အာ့ဘားလုပ်မနေစမ်းနဲ့"

ရီဖုန်းက ဒေါသတကြီးအော်ဟစ်ပြီးနောက် သူ၏အင်္ကျီလက်ကြားမှ အင်မော်တယ်သလင်းကျောက်တစ်လုံးကို ထုတ်ယူပြီး ပြောဆိုလိုက်သည်။

"အင်မော်တယ်သလင်းကျောက်တွေကို ငါ ရှာတွေ့ပြီးပြီ...မင်းက အများကြီးယူမထားမှတော့ မင်းရဲ့သဘောထားက မဆိုးပါဘူး...မင်းက ထွက်မပြေးတာကိုထောက်ပြီးတော့ ဒီတစ်ကြိမ်တော့ ငါ မင်းကို အသက်ချမ်းသာပေးလိုက်မယ်"

"ဟုတ်....ဟုတ်ကဲ့..."

လုပမ်ဝေသည် သနားဖွယ်ကောင်းသော အမူအယာဖြင့် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်ပြလေ၏။

"ဒါပေမယ့် မင်းအတွက် အပြစ်ဒဏ်ကတော့ အရင်နဲ့အတူတူပဲ...မင်းဟာမင်း နည်းလမ်းရှာပြီး ဆင်းခဲ့တော့...တကယ်တော့ မင်း ဆင်းမလာနိုင်ဘူးဆိုရင် ဒီသစ်ပင်မှာပဲ ဆက်နေတော့"

ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ လမ်းနှင့်မျက်နှာချင်းဆိုင်နေရာတွင်ရှိနေသော နေကြာပန်းတစ်ပွင့်ကို ခြေမွှဖျက်ဆီးလိုက်သည်။

သူ လမ်းလျှောက်နေချိန်တွင် အတင်းအဖျင်းပြောနေသော လူအိုကြီးများကိုသာ မြင်တွေ့နေရပြီး သူ မည်ကဲ့သို့ သေဆုံးရမည်ကို စဥ်းစားတွေးတော၍မရချေ။

ရီဖုန်း ထွက်ခွာသွားပြီးနောက် ခွေးတို့တစ်သိုက်သည် အလျှင်အမြန်ပြန်ရောက်လာကာ သစ်ပင်အောက်၌ စုဝေးနေကြ၏။

"အစ်ကိုကြီး...သခင်က အင်မော်တယ်သလင်းကျောက်တွေကို ပြန်ယူသွားပြီလား...."

ခွေးက အလျှင်အမြန် မေးမြန်းသည်။

"ဒါဆိုရင် ဒီတစ်ကြိမ်လည်း ထပ်ပြီးမိသွားပြန်ပြီလား"

"ရှူး...."

လုပမ်ဝေက သူ၏လက်ညှိုးကိုထောင်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး လေသံတိုးတိုးဖြင့်ပြောဆိုသည်။

"ငါက ကြိုတင်ပြင်ဆင်မှုနှစ်ခုကို လုပ်ခဲ့တယ်...ပိုပြီးနက်တဲ့ မြေအောက်မှာ ငါက အင်မော်တယ်သလင်းကျောက်တွေကို မြှုပ်ထားခဲ့တယ်...သခင်က အဲ့ဒီကိစ္စကို မသိလောက်ဘူး..."

ထိုစကားကို ကြားချိန်တွင်....

ခွေးတို့တစ်သိုက်၏မျက်လုံးများ တောက်ပသွားသည်။

"ဘာမှမစိုးရိမ်နဲ့.. ငါ အရင်ဆုံး အောက်ကိုဆင်းလိုက်အုံးမယ်"

လုပမ်ဝေသည် သူ၏ခြေသလုံးရိုးဖြင့် သစ်ပင်ကိုကန်ကာ သစ်ပင်အတွင်းမှဓားရှည်ကို ဆွဲထုတ်ပြီး အောက်သို့ခုန်ဆင်းလိုက်၏။

"အစ်ကိုကြီး....မင်းရဲ့တင်ပါးမှာ ဓားစိုက်နေတုန်းပဲ"

ခွေးက ပြောဆိုသည်။

လုပမ်ဝေသည် သူ၏တင်ပါးကို ပြန်လှည့်ကြည့်ပြီးနောက် အမှုမထားသည့်အမူအယာဖြင့် ပြောဆိုလိုက်၏။

"သခင်ကိုယ်တိုင် စိုက်ထားမှတော့ အချိန်အတိုင်းအတာတစ်ခုထိ ဒီဓားကို ဆွဲထုတ်လို့မရသေးဘူး...အခုတော့ အဲ့ဒီဓားကို ထားလိုက်တော့...ငါတို့တွေ အင်မော်တယ်သလင်းကျောက်တွေကို မြန်မြန်သွားယူကြရအောင်"

"ကောင်းပြီလေ...ဒါဆို ငါတို့ ကူးပြောင်းရေးဝင်္ကပါကနေ အပြင်ကိုထွက်ကြမလား..."

ကင်းခြေများက မေးမြန်းသည်။

"မဟုတ်ဘူး...တကယ်လို့ ငါတို့ အဲ့ဒီလိုမျိုး အပြင်ကိုထွက်လိုက်ရင် သခင် သတိပြုမိသွားမှာ သေချာပေါက်ပဲ...ငါ့မှာ လိမ္မာပါးနပ်တဲ့ အစီအစဥ်တစ်ခုရှိတယ်"

လုပမ်ဝေက သူ၏လက်နှစ်ဖက်ဖြင့် ခါးထောက်ပြီး အပြုံးနှင့်ပြောဆိုသည်။ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ ခွေးတို့တစ်သိုက်ကိုခေါ်ဆောင်ပြီး မြေကြီးအတွင်းသို့ ငုပ်လျှိုးလိုက်၏။

မြေကြီးအောက်၌ ခွေးတို့တစ်သိုက်သည် မြေပြင်ပေါ်တွင် ပြေးလွှားနေသည့်အလား အပြေးသွားနေသော လုပမ်ဝေကိုကြည့်ပြီး အလျှင်အမြန်ပြောဆိုလိုက်သည်။

"အစ်ကိုကြီးက အရမ်းဥာဏ်ကောင်းတာပဲ....သခင်က ဘယ်နည်းနဲ့မှ အဲ့ဒါကို ရှာတွေ့မှာမဟုတ်ဘူး"

"ဒါနဲ့ အစ်ကိုကြီး...အရိပ်ကျွန်းမှာ အတားအဆီးတစ်ခုရှိနေတယ်လေ...ငါတို့ ဒီအတိုင်း အပြင်ကိုထွက်သွားလို့ ရပါ့မလား....."

စိတ်ဝိညာဥ်ဘုရင်က မေးမြန်းသည်။

"ငတုံးကောင်...မင်းရဲ့အစ်ကိုကြီးက ဘယ်သူလဲဆိုတာ မင်း ပြန်ကြည့်အုံး...ငါတို့ရဲ့အစ်ကိုကြီးကို ဒီအတားအဆီးလောက်က ဟန့်တားနိုင်မှာလား...."

ကင်းခြေများက စိတ်ဝိညာဥ်ဘုရင်ကို သင်ကြားပေးသည်။

ဤသို့ဖြင့် လုပမ်ဝေတို့တစ်သိုက်သည် မြေအောက်၌ ငုပ်လျှိုးသွားရင်း ကူး​ပြောင်းရေးဝင်္ကပါ၏ပြင်ပရှိ မြေအောက်ပေနှစ်ရာအကွာသို့ ရောက်ရှိလာခဲ့သညိ။

"ဟေး...ငါ တွေ့ပြီ....အင်မော်တယ်သလင်းကျောက်တွေ ဒီနေရာမှာ ရှိနေတုန်းပဲ...သခင်က ဒါကို သတိမပြုမိဘူး"

လုပမ်ဝေက သူ၏ခါးကိုကွေးညွှတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"အစ်ကိုကြီးကို ဂုဏ်ပြုပါတယ်"

ခွေးတို့လူစုသည် ဤစကားကိုကြားချိန်တွင် ဂုဏ်ပြုလိုက်ကြ၏။

သို့ရာတွင်....

စွန်းလီတို့လူစုသည် လုပမ်ဝေတို့တစ်သိုက်၏အထက်ရှိ ပေအနည်းငယ်ခန့်အကွာတွင် ရုန်းကန်၍ မြေတူးနေကြဆဲပင်။

Chapter 850

"ရပ်လိုက်စမ်း...."

ထိုအချိန်မှာပင် စွန်းလီသည် ရပ်တန့်ကာ သူ၏လက်ကိုမြှောက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုသည်။

"မင်းတို့တွေ ရတနာရဲ့စွမ်းအားလှုပ်ခတ်မှုကိုခံစားမိလား"

ထိုစကားကိုကြားချိန်တွင်...

တခြားလူများသည် သူတို့၏လက်များမှ အလုပ်လုပ်ကိုင်နေခြင်းကို အလျှင်အမြန် ရပ်တန့်ကာ ဂရုတစိုက်အာရုံခံလိုက်သည်။

ထို့နောက် သူတို့၏မျက်လုံးများ တောက်ပသွားလေ၏။

"ငါ ခံစားမိတယ်...ငါ အဲ့ဒါကို ခံစားမိတယ်"

"အမှန်ပဲ....ငါလည်း ခံစားမိတယ်""

လူအုပ်အကြားမှနေ၍ စိတ်လှုပ်ရှားစွာပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။

"ဟား ဟား ဟား..."

စွန်းလီက အော်ဟစ်ရယ်မောပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဒီစွမ်းအားလှုပ်ခတ်မှုတွေအရ ကြည့်မယ်ဆိုရင် ဒါက ပေအနည်းငယ်အကွာမှာ ရှိနေနိုင်တယ်"

"သစ်သားသေတ္တာက လမ်းတစ်ဝက်မှာတင် တခြားလူတစ်ယောက်ရဲ့လူယူတာကို ခံလိုက်ရတယ်...ဒါပေမဲ့ အခု အဲ့ဒီလူ ထွက်သွားပြီ...ဒီတစ်ကြိမ်လည်း ထပ်ပြီးလွဲချော်မယ်လို့ ငါ မယုံကြည်ဘူး"

"အတိုချုပ်ပြောရရင်...မြေအောက်မှာရှိတဲ့ရတနာက ငါတို့စန့်ရှန်းဂိုဏ်းနဲ့ ကံကြမ္မာခြင်း ချည်နှောင်ပြီးသားပဲ"

"ဒါက ငါတို့ စန့်ရှန်းဂိုဏ်းရဲ့အပိုင်ပဲ"

"ဒီရတနာက ငါတို့ရဲ့အပိုင်ဖြစ်ဖို့ ကံကြမ္မာပါတယ်"

လက်ရှိနေရာတွင်ရှိနေသော လူများသည် စိတ်အားတက်ကြွစွာဖြင့် အော်ဟစ်လိုက်ကြ၏။

သူတို့သည် ဝမ်းသာအားရအော်ဟစ်ပြီးနောက် ပို၍ပြင်းပြင်းထန်ထန် ကြိုးစားလိုက်ကြသည်။

အချိန်တခဏအကြာတွင် နောက်ဆုံးပေအနည်းငယ်ကို သူတို့ တူးဖော်ပြီးလေပြီ။

ဤအချိန်အခိုက်အတန့်တွင် ကျင်း၏အနက်သည် ပေနှစ်ရာကျော်ခန့်ရှိနေသည်။သူတို့သည် အထက်သို့မော့ကြည့်ပါက မိုးကောင်းကင်ယံ၏သေးငယ်သောအစိတ်အပိုင်းကိုသာ မြင်တွေ့နိုင်ပေမည်။

တတိယအကြီးအကဲစွန်းလီသည် ဂေါ်ပြားတစ်ခုကို သူကိုယ်တိုင် ကိုင်လိုက်သည်။

ထိုဂေါ်ပြားဖြင့် တူးဆွလိုက်သည်နှင့် သူသည်ဓားရိုးတစ်ချောင်းကို မြင်မိလေ၏။

ဟူး...

ထိုဓားရိုး ပေါ်လွင်လာသော အချိန်အခိုက်အတန့်တွင် စွန်းလီသည် ပင့်သက်ရှိုက်ကာ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကြွင်းကျန်သောလူများသည်လည်း သူတို့၏လက်များအတွင်းရှိ ပစ္စည်းကရိယာများကို အောက်သို့ချလိုက်ကာ မြေကြီးအတွင်းမှ ပေါ်လွင်လာသော ဓားရိုးကိုကြည့်လိုက်၏။

"ဘယ်လောက်တောင် အားကောင်းတဲ့ အရှိန်အဝါလဲ"

"အမှန်ပဲ...ဒါက ပြိုင်ဘက်ကင်း ဓားတလက်ဖြစ်မှာသေချာတယ်...ငါက အဲ့ဒါကို စေ့စေ့မကြည့်ရဲဘူး"

"ဟုတ်တယ်...အဲ့ဒီအရာကနေ ငါ့ကို မမြင်နိုင်တဲ့ ဖိအားအရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနိုင်တယ်"

လူများအားလုံးသည် ထိုဓားရိုးအကြောင်းကိုပြောဆိုရင်း စွန်းလီကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်ကြသည်။

"အကြီးအကဲစွန်း...အဲ့ဒီဓားက ဘယ်အဆင့်မှာရှိလဲဆိုတာ မင်း ပြောနိုင်လား..."

စွန်းလီသည် လေးလေးနက်နက် စဥ်းစားတွေးတောလိုက်၏။

သူသည် ဤဓားရိုး၏အရှိန်အဝါ အလွန်အစွမ်းထက်သည်ကို သိရှိသော်လည်း အဆင့်ကို ခန့်မှန်း၍မရချေ။နောက်ဆုံးရလဒ်အနေဖြင့် ဤဓား၏အဆင့်သည် သူ ကောက်ချက်ချနိုင်သည်ထက် ကျော်လွန်နေသည်ဟုသာ ပြောဆိုနိုင်သည်။

ထို့ကြောင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

စွန်းလီပင်လျှင် ဤဓားရိုး၏အဆင့်ကို မခန့်မှန်းနိုင်သည်ကိုကြည့်ပြီး လူများအားလုံး အနည်းငယ်စိတ်ပျက်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူတို့ ပို၍စိတ်လှုပ်ရှားသွားသည်။

"ဒီဓားက ဘယ်အဆင့်မှာရှိလဲဆိုတာ ငါ မသိပေမယ့်....ဒီနေရာကို အနက်ရောင်မြူခိုးတွေ သက်ရောက်မလာတဲ့ အစစ်အမှန်အကြောင်းအရင်းက ဒီဓားကြောင့်ဖြစ်မှာ သေချာတယ်"

စွန်းလီက ဝမ်းသာပျော်ရွှင်စွာ ပြောဆိုသည်။

"ဒါ့ပြင် ငါတို့စန့်ရှန်းဂိုဏ်းမှာ ဒီဓားရှိနေရင်... အနက်ရောင်မြူခိုးတွေက ဘာမှမဟုတ်တော့ဘူးဆိုတာ ငါတို့ မြင်ရလိမ့်မယ်"

စွန်းလီ၏စကားကိုကြားချိန်တွင် လူများအားလုံးသည် ပို၍ပင်စိတ်လှုပ်ရှားသွားပေ၏။

အကြောင်းအရင်းမှာ ဤဓား၏အဆင့်ကို မပြောနိုင်လျှင်ပင် အနက်ရောင်မြူခိုးများကို မသက်ရောက်စေနိုင်သော လုပ်ဆောင်ချက်သက်သက်ဖြင့် မည်သည့်ဂိုဏ်းအတွက်မဆို ပြိုင်ဘက်ကင်းရတနာတစ်ခု ဖြစ်နေသောကြောင့်ပင်။

တစ်ခုသိထားရမည်မှာ အနက်ရောင်မြူခိုးနယ်မြေအတွင်းရှိ နေရာတိုင်းကို အနက်ရောင်မြူခိုးများ လွှမ်းခြုံနေပုံရသော်လည်း မူလကတည်းကတည်ရှိခဲ့သော မြင့်မြတ်နေရာအမြောက်အများ ကြွင်းကျန်နေသည်ကို မည်သူမျှ မသိတော့ချေ။

ထို့ပြင် မည်မျှထိများပြားသောရတနာများ မြှုပ်နှံ့ထားသည်ကိုလည်း မည်သူမျှ မသိနိုင်ချေ။

သို့ရာတွင် အနက်ရောင်မြူခိုးနယ်မြေအတွင်းရှိ မြင့်မြတ်နေရာများနှင့်ရတနာများကို အဓိကဂိုဏ်းကြီးများသည် သူတို့၏စိတ်များအတွင်း၌သာ တွေးတောဝံ့သည်။

အကြောင်းအရင်းမှာ တာအိုနယ်ပယ် ထိပ်သီးကျင့်ကြံသူများပင်လျှင် အနက်ရောင်မြူခိုးများ၏သက်ရောက်မှုကို လုံးလုံးလျားလျားလျစ်လျှူရှုမထားနိုင်သောကြောင့်ပင်။

စိတ်ဝိညာဥ်လှေပျံသည် အနက်ရောင်မြူခိုးနယ်မြေကို ဖြတ်ကျော်သွားနိုင်စွမ်းရှိသော်လည်း ထိုအရာကိုတည်ဆောက်ရသည့် အဖိုးအခသည် လွန်စွာကြီးမားပေ၏။

နယ်မြေကြီးကိုးခုကို ပထမဆုံးရှာတွေ့ခဲ့သည့် ကျောက်ဂူတို့လူစု မောင်းနှင်ခဲ့သော စိတ်ဝိညာဥ်လှေပျံမျိုးကသာ အနက်ရောင်မြူခိုးနယ်မြေအတွင်း၌ အချိန်ကြာမြင့်စွာ ဖြတ်သန်းသွားလာနိုင်စွမ်းရှိသည်။ထိုစိတ်ဝိညာဥ်လှေပျံကို ထျန်းယုနယ်မြေအတွင်းရှိ အဓိကဂိုဏ်းကြီးများမှ အရင်းအမြစ်များစုပေါင်း၍ တည်ဆောက်ခဲ့ရသည်။

ဤဓားဖြင့်ဆိုပါက သူတို့သည် အနက်ရောင်မြူခိုးများ၏ပြဿနာကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။ဤရတနာ၏စွမ်းအားများ ကုန်ဆုံးသွားမည့် ပြဿနာကို ထည့်တွက်ရန်မလိုဘဲ ရတနာများရှာဖွေရန် ထိပ်သီးကျင့်ကြံသူများကိုအဖွဲ့ဖွဲ့၍ အနက်ရောင်မြူခိုးအတွင်းရှိ မည်သည့်နေရာကိုမဆို သွားနိုင်ပေမည်။

"ဟား ဟား ဟား...ဒီဓားနဲ့ဆိုရင်...ငါတို့ စန့်ရှန်းဂိုဏ်းက ဒီလိုမျိုး ငှက်တောင် မစင်မစွန့်တဲ့နေရာကို မပြောနဲ့...နောင်အနာဂတ်မှာ ထျန်းယုနယ်မြေတခွင်လုံး ငါတို့ရဲ့စကားကို နားထောင်ရလိမ့်မယ်"

"ငါတို့တွေက လုံလောက်တဲ့အရင်းအမြစ်တွေကို ရှာနိုင်သရွေ့...ငါတို့စန့်ရှန်းဂိုဏ်းက သူတော်စင်တွေကိုတောင် မွေးထုတ်နိုင်လိမ့်မယ်"

စွန်းလီသည် ဤကိစ္စကို တွေးတောမိလေလေ သူ ပို၍စိတ်လှုပ်ရှားလေလေပင်။သူသည် သူ၏လက်များကိုမြှောက်ကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

ကြွင်းကျန်သောလူများသည်လည်း သူတို့၏ပါးစပ်များ နားသို့တက်ချိတ်လုမတတ် အော်ဟစ်ရယ်မောနေကြသည်။

"အကြီးအကဲစွန်း...ဒီလိုကိစ္စမျိုးရှိနေမှတော့ ငါတို့တွေ ဒီဓားကို မြန်မြန်ယူကြစို့"

"ဟုတ်တယ်...ဟုတ်တယ်...အကြီးအကဲစွန်း...ဓားကို မြန်မြန်ယူလိုက်တော့...ညတာရှည်ပြီးတော့ အိမ်မက်တွေမများစေနဲ့"

လူများအားလုံးသည် မစောင့်ဆိုင်းနိုင်တော့ချေ။

"ကောင်းပြီလေ...ငါလည်း ဒီဓားကိုယူဖို့ မစောင့်နိုင်တော့ဘူး"

စွန်းလီသည် အချိန်ကြာကြာဆွဲထား၍ မရသည်ကို သိရှိသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအတွင်းရှိ စွမ်းအားများကိုလှည့်ပတ်ကာ ဓားရိုးထံသို့ ဂရုတစိုက်လျှောက်လှမ်းသွားလိုက်သည်။

သူ၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သော အမူအယာတစ်ရပ်ရှိနေကာ သူ၏လက်နှစ်ဖက်ဖြင့် ဓားရိုးကိုဆုပ်ကိုင်လိုက်၏။

သူ၏လက်ဝါးဖြင့် ဓားရိုးကို ထိတွေ့မိသည်နှင့် ဓားမှတိုးဝင်လာသော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့်စွမ်းအားကို ခံစားမိသဖြင့် စွန်းလီ၏မျက်နှာပေါ်ရှိအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။

"ဓား...လာခဲ့စမ်း"

သူသည် ဆောင့်ကြောင့်ထိုင်ကာ ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏လက်ဖြင့် ဓားရိုးကိုဆုပ်ကိုင်၍ မြေကြီးအတွင်းမှဓားကို ဆွဲထုတ်နိုင်ရန် ကြိုးပမ်းလိုက်သည်။

"ဒါက... "

"ငါ ဘာလို့ ဒါကို ဆွဲမထုတ်နိုင်တာလဲ.. "

သူ၏မျက်နှာ နီမြန်းနေကာ သူ ချေးထွက်လုမတတ် အားစိုက်ခဲ့သော်လည်း ထိုဓားကို အနည်းငယ်မျှ ဆွဲထုတ်နိုင်ခြင်းမရှိချေ။

All Chapters