← Chapters

အခန်း (၈၅၆-၈၆၀)

Vol. 58 Ch. 856-860

အခန်း (၈၅၆-၈၆၀)

Vol. 58 Ch. 856-860

Chapter 856

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားလေပြီ။

စန့်ရှန်းဂိုဏ်း၏ ဘိုးဘေးကျန်းဝူခေါင်းဆောင်သော ချေးတွင်းတူးသည့်အဖွဲ့သည် နေ့စဥ်နေ့တိုင်း တက်တက်ကြွကြွဖြင့် အလုပ်လုပ်ကိုင်နေသည်။

"ဟမ့်....."

"ငါလို့ စန့်ရှန်းဂိုဏ်းရဲ့မြင့်မြတ်တဲ့ဘိုးဘေးက ဒီနေရာမှာ ချေးတွင်းတူးနေရတာကို တွေးကြည့်ရင် အရှက်ရစရာတစ်ခုပဲ"

နံဘေးပတ်ဝန်းကျင်၌ မည်သူမျှ မရှိသည်ကိုကြည့်ပြီး ကျန်းဝူသည် သူ၏လက်ဝါးဖြင့် ချေးတွင်းအတွင်းသို့ရိုက်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူသည် လုပမ်ဝေကို ကပ်ဖားရပ်ဖားလုပ်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်ခြင်းမရှိချေ။

သူ၏စိတ်နှလုံးသားအတွင်း၌ အလိုရှိသည်မှာ ဤနေရာမှ ထွက်သွားရန်ပင်။

"အမှန်ပဲ...ဘိုးဘေးရဲ့အဆင့်အတန်းကို မပြောနဲ့....ငါတို့တွေတောင်မှ ဒါက အရမ်းအရှက်ကွဲသလို ခံစားနေရတယ်"

"ဟုတ်တယ် ဘိုးဘေး...."

"တကယ်လို့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ပြဿနာတစ်ခု ရှိလာနိုင်တယ်...ဘိုးဘေးက ဒီနေရာကနေထွက်သွားနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာသင့်တယ်"

တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် စိုးရိမ်ပူပန်တကြီး တိုက်တွန်းကြသည်။

ကျန်းဝူသည် သူ၏မေးကိုပွတ်သပ်ကာ အလေးအနက်ထား၍ စဉ်းစား​တွေးတောလိုက်၏။

"ဒီလိုဆိုရင် အရင်ဆုံး မင်းတို့တွေ ဒီနေရာမှာ ပြင်းပြင်းထန်ထန်ကြိုးစားပြီး အလုပ်လုပ်နေခဲ့ကြအုံး"

ကျန်းဝူက ပြောဆိုသည်။

"ငါက ဒီနေရာပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး ကြည့်လိုက်အုံးမယ်...ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ အတိအကျသိဖို့ လိုအပ်တယ်"

"ငါ အရာရာတိုင်းကို ရှာဖွေဖော်ထုတ်ပြီးတဲ့အချိန်ကျမှ အစီအစဉ်ဆွဲရင်လည်း နောက်မကျသေးပါဘူး"

"ကောင်းပါပြီ ဘိုးဘေး...ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားပါ့မယ်"

"ဘိုးဘေးက ဂရုစိုက်ပါ"

"ငါတို့တွေက ဒီနေရာကနေ ဘိုးဘေး အောင်ပွဲခံပြီးပြန်လာမှာကို စောင့်မျှော်နေမယ်"

လူများအားလုံး ပြောဆိုလိုက်ကြသည်။

ကျန်းဝူသည် ခေါင်းညိတ်ပြပြီး ကျွန်းပေါ်ရှိသက်ဝင်လှုပ်ရှားနေသောနေရာသို့ လျှောက်လှမ်းသွားသည်။

သူသည် ဤနေရာ၌ ထိန်းချုပ်ထားခြင်းမခံရဘဲ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်သည်။အကြောင်းအရေးမှာ သူသည် လုပမ်ဝေ၏ရှေ့၌ လုံ့လဝီရိယစိုက်ထုတ်ကာ အချိန်ခဏမျှရပ်တန့်ခြင်းမရှိဘဲ ချေးတွင်းများကို တူးဖော်ခဲ့သောကြောင့်ပင်။

ဤသည်မှာ အရိပ်ကျွန်းပေါ်သို့ သူ လှည့်ပတ်သွားလာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

"ဒီနေရာကိုကြည့်ရတာ ဘာကွဲပြားခြားနားချက်မှ ရှိပုံမရဘူး"

အချိန်တခဏကြာပြီးနောက် ကျန်းဝူသည် အရိပ်ကျွန်း၏ပင်မလမ်းပေါ်သို့ ရောက်ရှိလာပေ၏။

လမ်းများပေါ်၌ လူများဖြင့်ပြည့်နှက်နေကာ ဆူညံပွက်လောရိုက်နေသည်။

ကျန်းဝူသည် မည်သည့်ကွဲပြားခြားနားချက်ကိုမျှ မမြင်တွေ့မိချေ။

"အမ်...ဒါက မဟုတ်သေးဘူး"

ရုတ်တရက် ကျန်းဝူသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။

သူသည် လမ်းပေါ်၌မတ်တတ်ရပ်နေရင်း ကြည့်လိုက်ချိန်တွင် ဤလူ့များအားလုံးတွင် ကျင့်ကြံဆင့်အခြေခံအနည်းငယ်မျှ မရှိသည်ကို မြင်တွေ့မိသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားပေ၏။

ကျင့်ကြံဆင့်အခြေခံကို စုံစမ်းထောက်လှမ်း၍ မရသောအခြေအနေမှာ နှစ်ရပ်သာရှိသည်။

ဤသည်မှာ....

ပထမအချက်အနေဖြင့် ထိုလူများသည် သူ့ထက်အနည်းငယ်ပို၍ သန်မာအားကောင်းနေခြင်းမဟုတ်ဘဲ များစွာပို၍သန်မာအားကောင်းနေခြင်းပင်။အကြောင်းအရင်းမှာ သူ့ထက်ပို၍သန်မာအားကောင်းနေမှသာလျှင် သူတို့ ဖုံးကွယ်ထားသော ကျင့်ကြံဆင့်အခြေခံများအား သူ သဲလွန်စအနည်းငယ်မျှ မြင်တွေ့နိုင်မည်မဟုတ်ချေ။

ဒုတိယဖြစ်နိုင်​ချေမှာ ဤလူများသည် ကျင့်ကြံဆင့်အခြေခံမရှိသော သေမျိုးများပင်။

"ဟား ဟား ဟား...."

ကျန်းဝူက သရော်တော်တော်ရယ်မောလိုက်သည်။

ဤဖြစ်နိုင်ချေနှစ်ခုတွင် သူ စဉ်းစားတွေးတောခြင်းပင်မပြုဘဲ ဒုတိယဖြစ်နိုင်ချေကိုသာ အမှန်ဟု ယူဆလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ...

သူသည် လုပမ်ဝေ၏လည်ပင်းညှစ်ခေါ်လာခြင်းကို ခံလာရသည့်တိုင် ဤနေရာ၌ လုပမ်ဝေတစ်ယောက်တည်း မဟုတ်ချေ။

သူ ကျန်းဝူသည် မြင့်မြတ်သောတာအိုဂိုဏ်းတစ်ဂိုဏ်း၏ဘိုးဘေးဖြစ်ပြီး တာအိုပေါင်းစည်းခြင်းနယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

အကယ်၍ လမ်းများပေါ်ရှိ သူမြင်တွေ့ရသမျှ ရာနှင့်ချီသောလူများအနက်မှ မည်သည့်တစ်ယောက်မဆို သူ့ထက် ပို၍ကျင့်ကြံဆင့်နယ်ပယ် မြင့်မားနေပါက ဤသည်မှာ စိတ်ကူးယဉ်ဆန်ခြင်းဖြစ်ပေမည်။

ဤကဲ့သို့ ကိစ္စတစ်ခုမှာ မဖြစ်နိုင်​ချေ။

အကယ်၍ ဤကဲ့သို့ ကိစ္စမျိုးရှိနေပါက နယ်မြေကြီးကိုးခု၏ ထိပ်သီးတည်ရှိမှုကြီးဟူသော အဓိကတာအိုဂိုဏ်းကြီးသုံးဂိုဏ်းသည် ရယ်စရာပြက်လုံးကြီးတခု ဖြစ်သွားပေမည်။

မည်သည့်အကြောင်းအရင်းများဟု မသိရသော်လည်း လမ်းများပေါ်ရှိ သေမျိုးများကိုကြည့်ရသည်မှာ သူ့အား အလွန်အမင်းဝမ်းသာပျော်ရွှင်မှုကို ခံစားရစေသည်။

လုပမ်ဝေ၏ လည်ပင်းညှစ်ပြီးအတင်းအကြပ်ခေါ်ဆောင်လာခြင်းကို ခံခဲ့ရသည့်အတွက် သူ့ကိုသူ သံသယများ ဝင်စေခဲ့သည်။

ဤသေမျိုးတစ်သိုက်ကိုကြည့်ပြီးနောက် သူသည် တာအိုပေါင်းစည်းခြင်းနယ်ပယ် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ဖြစ်ကြောင်း ပြန်လည်အမှတ်ရသွားသည်။လုပမ်ဝေမှလွဲ၍ သူသည် နယ်မြေကိုးခုလုံး၌ ထင်ရာစိုင်းသွားလာနိုင်သော တည်ရှိမှုကြီးတစ်ခုပင်။

ပြောင်ပြောင်တင်းတင်းပြောဆိုရလျှင် သူသည် ယခုအချိန်၌ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဤမြို့တမြို့လုံးကို အမြစ်ပြတ်သုတ်သင်နိုင်ပေမည်။

ထိုအကြောင်းကိုတွေးတောရင်း သူ မူလက ပိုင်ဆိုင်ခဲ့သည့် ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ်သည် မသိစိတ်မှနေ၍ ပြန်လည်ထွက်ပေါ်လာပေ၏။

သူသည် ခေါင်းကိုခပ်မြင့်မြင့်မော့ကာ သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လျှောက်လှမ်းလိုက်သည်။

သူသည် ဤကိုယ်နေဟန်ထားဖြင့် မြို့အတွင်း၌ လှည့်လည်သွားလာနေရာ ရှေ့တွင် ကလေးတစ်သိုက် ဘောလုံးကန်ရင်း ပျော်ရွှင်စွာကစားနေသည်ကို တွေ့မြင်မိသည်။

"ဟိတ်ကောင်လေးတွေ...ဂရုစိုက်ကြအုံး"

"ခွေးမသားလေးတွေ...အချိန်တိုင်း ရှုပ်နေတော့တာပဲ"

"ဒါက အမှန်ပဲ...မင်းတို့တွေ လူရှင်းတဲ့နေရာတစ်နေရာကိုရှာပြီးတော့ သွားဆော့လို့မရဘူးလား"

လမ်းတစ်ဖက်တချက်တွင်ရှိနေသော ဈေးသည်များသည် ထိုကလေးများအား ဆူပူးကြိမ်းမောင်းလိုက်ကြ၏။

ကလေးများသည် စပ်ဖြဲဖြဲလုပ်နေပြီး နားထောင်ခြင်းမရှိချေ။

သို့ရာတွင် စျေးသည်များသည်လည်း ဆူပူကြိမ်းမောင်းရုံဖြစ်ပြီး အမှန်တကယ်ဂရုမစိုက်ချေ။ကြည့်ရသည်မှာ ဤကျွန်းပေါ်ရှိ ကလေးများသည် ဤအတိုင်း အစဉ်အမြဲဆော့ကစားနေပုံရသည်။

"လူအိုကြီး...ကျေးဇူးပြုပြီးတော့ သွားခွင့်ပြုပါ"

ကလေးအမြောက်အများသည် ရှေ့သို့တန်းတန်းမတ်မတ်ပြေးဝင်လာကာ ဒယိမ်းဒယိုင်ဖြစ်နေသော ကျန်းဝူကိုကြည့်ပြီး ကလေးတယောက်က အလျင်စလိုသတိပေးလိုက်၏။

ကျန်းဝူက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

ဤသည်မှာ သေမျိုးကလေးတစ်သိုက်မဟုတ်လော။သူတို့သည် တာအိုပေါင်းစည်းခြင်းနယ်ပယ်တွင်ရှိနေသော သူ့အား နာကျင်အောင်လုပ်နိုင်မည်ဟု ထင်နေကြသလော။

သူ ဤကိစ္စကို လျစ်လျှူရှုလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ သူ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။

ပြေးလွှားလာသော ကလေးတစ်ယောက်မှ သူ့အား ဝင်တိုက်မိချိန်၌ ဤသည်မှာ လှိုင်းလုံးကြီးတစ်လုံး သူ့ထံသို့ တစ်လိမ့်လိမ့်တိုးဝင်လာသည့်အလားပင်။

ဤဝင်တိုက်မှုကြောင့် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို ဗြောင်းဆန်သွားစေသည်။

ဘုန်းခနဲမြည်သံတစ်သံနှင့်အတူ သူသည် ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး ပေရာနှင့်ချီအကွာသို့ လွင့်ထွက်သွားသည်။ထို့နောက် သူသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။

သူသည် ဤဒဏ်ရာကိုဖိနှိပ်ရန်အတွက် သူ၏စွမ်းအားများကို အလျှင်အမြန်ထိန်းညှိလိုက်သည်။

သူ၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းတစ်ခုထန်နေသည်။

ဤသည်မှာ...

ဤနေရာ၌ မည်ကဲ့သို့ သောက်ရေးမပါသည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...

သူသည် တာအိုပေါင်းစည်းခြင်းနယ်ပယ် ထိပ်သီးဆရာကြီးတစ်ယောက်ဖြစ်သော်လည်း ကလေးတစ်ယောက်၏ဝင်တိုက်မှုကြောင့် ပေပေါင်းများစွာအကွာအဝေးသို့ လွင့်ထွက်သွားခဲ့သည့်အပြင် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သလော...

သူ့အား ပို၍သွေးအန်စေသည့်အချက်မှာ သူ နောက်သို့လွင့်ထွက်သွားပြီးနောက် ကလေးများ ပြောဆိုသွားသည့်စကားများကို ကြားလိုက်ရသောကြောင့်ပင်။

"ဒီနေရာမှာ ဘယ်လိုလုပ်ပြီးတော့ ခုလိုအားနည်းတဲ့ လူအိုကြီးတစ်ယောက် ရှိနေတာလဲ"

Chapter 857

"အဲ့ဒီကလေးတွေ...အဲ့ဒီကလေးတွေက ဘယ်လိုဖြစ်တာလဲ...."

ကျန်းဝူသည် ကြက်သေသေနေကာ မြေပြင်ပေါ်မှ မတ်တတ်ထရပ်ပြီး လမ်းမကြီးထံသို့ တဖန်ထပ်၍လျှောက်လှမ်းသွားသည်။

အစောပိုင်းက ကလေးတစ်ယောက်၏ဝင်တိုက်မှုကြောင့် သူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ထို့ကြောင့် ဤနေရာတွင် မည်ကဲ့သို့ သောက်ရေးမပါသောကိစ္စများ ရှိနေသည်ကို သူ ရှာဖွေဖော်ထုတ်မည်ဟု ကျိန်ဆိုခဲ့လေ၏။

သူ လမ်းမကြီးထံသို့ အလျင်စလို ပြန်ရောက်လာချိန်တွင် ထိုနေရာ၌ ကလေးတစ်စု ဆော့ကစားနေဆဲပင်။

သူ၏မျက်လုံးအကြည့်သည် အစောပိုင်းက သူ့အားလွင့်ထွက်အောင် ဝင်တိုက်ခဲ့သော ကလေးထံတွင်သာ အခိုင်အမာကျရောက်နေသည်။

သူသည် ထိုကလေး၏ခန္ဓာကိုယ်ကို ထွင်းဖောက်တော့လုမတတ် စူးစိုက်ကြည့်ပြီးနောက် သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

သူသည် နောက်ဆုံး၌ ထိုကောင်လေးကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

တာအိုပေါင်းစည်းခြင်းနယ်ပယ်...

ဤသည်မှာ သူ၏ကျင့်ကြံဆင့်နယ်ပယ်နှင့် တူညီသောနယ်ပယ်ပင်။

သို့ရာတွင် တူညီသော တာအိုပေါင်းစည်းခြင်းနယ်ပယ်၌ ရှိနေသည့်တိုင် ထိုကောင်လေး၏ကျင့်ခြံခြင်းအခြေခံအုတ်မြစ်စွမ်းအားသည် သူ့ထက် များစွာပို၍နက်ရှိုင်းပေ၏။

"အရိုးစုအပြင် ငါ့ထက်ပိုပြီး သန်မာအားကောင်းတဲ့ တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရှိနေမယ်လို့ ငါ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိဘူး"

"ဒီထက်ပိုပြီး မုန်းဖို့ကောင်းတာကတော့ ငါက သူတို့နှစ်ယောက်လုံးနဲ့ ဆုံတွေ့ခဲ့ရတာပဲ"

ကျန်းဝူ၏မျက်နှာပေါ်တွင် စိတ်မကျေနပ်သောအရိပ်အယောင်တစ်ရပ် ရှိနေသည်။

သို့ရာတွင် အနည်းဆုံးအနေဖြင့် သူ၏စိတ်နှလုံးသားအတွင်းရှိ သံသယများ ပြေလျော့သွားသည်။သူ့ထက်ပို၍ သန်မာအားကောင်းသူတစ်ယောက်မှ သူ့အားလွင့်ထွက်အောင် ဝင်တိုက်မိသွားသဖြင့် သူ့အား အနည်းငယ်ပို၍သက်သာသွားစေသည်။

"ဒီတာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူက ဘယ်လောက်ထိ အသက်ကြီးနေပြီလဲဆိုတာ ငါ မသိဘူး"

ကျန်းဝူက သူ၏မေးကိုပွတ်သပ်ပြီး ခန့်မှန်းလိုက်၏။

"ဒီလိုဆရာကြီးတစ်ယောက်က နယ်မြေကြီးကိုးခုမှာ ထွက်ပေါ်လာတယ်ဆိုတာ မဖြစ်နိုင်ဘူး...ကြည့်ရတာတော့ သူတော်စင်တွေရဲ့မွေးဖွားမှုက ထျန်းယုနယ်မြေမှာတင်မကဘူး တခြားနယ်မြေတွေမှာလည်း ရှိနေတဲ့ပုံပဲ"

"ဒါကြောင့် သူက တခြားနယ်​မြေတစ်ခုကနေလာတဲ့ ပြန်လည်မွေးဖွားလာသူပဲဖြစ်မယ်...ကြည့်ရတာတော့ နယ်မြေကြီးကိုးခုက လှိုင်းထန်တော့မယ့်ပုံပဲ"

"အဲ့ဒီလူရဲ့အသက်အရွယ်က ခုလိုပုံပန်းသွင်ပြင်အတိုင်း မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး...သူက ငါ့ထက်တောင် ပိုပြီးအသက်ကြီးတဲ့ မွန်းစတားအိုကြီးပဲဖြစ်မယ်...ဘာကြောင့်လဲဆိုတာ ငါ မသိပေမယ့် သူက အကြောင်းအရင်းတချို့ကြောင့် ကလေးတစ်ယောက်အသွင် ယူထားတာပဲဖြစ်မယ်...."

"ဒါက အမှန်ဖြစ်လောက်တယ်..."

ကျန်းဝူသည် သူ၏ယူဆချက်များကို လက်ခံယုံကြည်လိုက်သည်။

ဤမွန်းစတားအိုကြီးသည် ကလေးတစ်ယောက််အသွင်ယူကာ တခြားကလေးများနှင့် ဘောလုံး​ဆော့ကစားနေသော်လည်း သံသယဝင်ဖွယ်ကောင်းနေသည်။ထို့ကြောင့် သူ၏အတွေးသည် အကောင်းဆုံးဖြေရှင်းချက်ဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိချေ။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ဦးရေပြားကို တင်းကြပ်သွားစောသော မြင်ကွင်းတစ်ခုကို သူ မြင်တွေ့မိသည်။

သူ စောင့်ကြည့်နေသော ကလေး၏နှာခေါင်းမှ နှပ်များယိုစီးကျလာကာ သူ၏နှုတ်ခမ်းထိ ကျရောက်နေကြောင်း မြင်တွေ့မိလေ၏။

ထို့နောက် သူ၏နှပ်ကို ဆတ်ခနဲရှိုက်သွင်းလိုက်သည်။

ကျန်းဝူ၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ၏ခြေချောင်းများဖြင့် မြေပြင်ကိုကုတ်လိုက်မိသည်။

တစ်ချိန်တည်းမှာပင် သူ အခိုင်အမာယုံကြည်ထားသောယူဆချက် ပျောက်ကွယ်သွားသည်။

မွန်းစတားအိုကြီးတစ်ကောင်သည် ကလေးတစ်ယောက်အသွင်ပြောင်းလဲ၍ တခြားကလေးများနှင့် ဘောလုံးကစားနေသည်မှာ ဖြစ်နိုင်ချေရှိသည်။

သို့ရာတွင် တာအိုပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေသော မွန်းစတားအိုကြီးတစ်ကောင်သည် သူ၏နှပ်တန်းလန်းကို ပြန်ပြီးရှိုက်သွင်းလိုက်သည့်ကိစ္စမှာ ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။

"ဒါ...ဒါက...ဘယ်လိုမျိုး သောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ..."

ကျန်းဝူ၏စိတ် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်နေကာ သူ၏ဦးရေပြား ထုံကျင်နေပြီး သူက တီးတိုးရေရွတ်လိုက်သည်။

"ဖြစ်နိုင်တာတော့ ဒါက အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ် တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် တကယ်ကြီးဖြစ်နေတာများလား..."

ထိုအကြောင်းကိုတွေးတောရင်း သူ၏မျက်လုံးတစ်စုံဖြင့် တခြားကလေးများကို စူးစမ်းလေ့လာလိုက်၏။

သူသည် အချိန်တခဏကြာခန့် ဂရုတစိုက်စူးစမ်းလေ့လာပြီးနောက် အဖြေတစ်ခုကို ရရှိသွားသဖြင့် သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ဘောလုံးကန်နေသော ကလေးများအားလုံးသည် ချွင်းချက်မရှိ တာအိုပေါင်းစည်းခြင်းနယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဖြစ်နေသည်။

"ဟူး...ဘုရားရေ..ငါက ဒီလောကကြီးထဲက ဘယ်လိုနေရာမျိုးကို ရောက်နေတာလဲ"

ကျန်းဝူက မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး သက်ပြင်းရှိုက်လိုက်သည်။

သူသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ လုံလဝီရိယရှိစွာ ကျင့်ကြံခဲ့ကာ သူ့ထံ၌ ကောင်းမွန်သောပါရမီအရည်အချင်းရှိသည့်တိုင် တာအိုပေါင်းစည်းခြင်းနယ်ပယ်သို့သာ ရောက်ရှိနိုင်ခဲ့သည်။

သို့ရာတွင် သူ့ရှေ့ရှိ တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်စုမှာမူ အမွှေးအတောင်စုံလင်ခြင်းမရှိသေးသော ကလေးတစ်သိုက်ပင်။

အမွှေးအတောင်မစုံသေးသော ကလေးတစ်သိုက်ဟု သူ ပြောဆိုရခြင်းမှာ သူ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရသောကြောင့်ပင်။

ဤအချိန်အခိုက်အတန့်တွင် ထိုကောင်လေးများသည် အတန်းလိုက်မတ်တတ်ရပ်ကာ သူတို့၏သုံးချောင်းမြောက်ခြေထောက်နှင့် ဆီးသွားနေခြင်းကြောင့်ပင်။

မွန်းစတားအိုကြီးများသည် ကလေးများအသွင်ပြောင်း၍ ဆော့ကစားနေသည်မှာ အဓိပ္ပါယ်ရှိသည်။

သို့ရာတွင် မွန်းစတားအိုကြီးများသည် စီတန်း၍သေးပေါက်နေသော ကလေးများအသွင်သို့ မည်သည်ကြောင့် ပြောင်းလဲနေမည်နည်း။

ဤသည်မှတဆင့် ဤသည်မှာ အစစ်အမှန်ကလေးတစ်သိုက်သာဖြစ်ကြောင်း ပြသနေသည်။

အသက်ခုနစ်နှစ်ရှစ်နှစ်အရွယ် တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်သိုက်သည် သူ၏တွေးတောနိုင်မှုထက် များစွာပို၍ကျော်လွန်နေသည်။

"အမ်...."

ရုတ်ချည်းဆိုသလိုပင် ကျန်းဝူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပေ၏။

ထို့နောက် သူ ရှုပ်ထွေးနေသောလမ်းမပေါ်သို့ ကြည့်လိုက်သည်။

အကြောင်းအရင်းမှာ ဤကလေးများသည် တာအိုပေါင်းစည်းခြင်းနယ်ပယ်၌ရှိနေကြောင်း သူ အချိန်အတော်ကြာယူ၍ ကြည့်ပြီးမှ သိရှိခဲ့ရသောကြောင့်ပင်။ဤသိုဆိုပါက သူ အချိန်တခဏနှင့်ဖြတ်ကျော်လာသော လမ်းပေါ်ရှိ စျေးသည်များနှင့်လမ်းသွားလမ်းလာများသည် မည်ကဲ့သို့အခြေအနေ၌ ရှိနေသနည်း။

သူသည် အချိန်အတော်ကြာယူ၍ စောင့်ကြည့်လိုက်၏။

သူသည် သူတို့၏အသေးစိတ်အချက်အလက်များကို ထွင်းဖောက်မမြင်နိုင်သော်လည်း သူတို့၏လက်များအတွင်း၌ ကိုင်ထားသော ပစ္စည်းများမှတဆင့် သဲလွန်စများကို သူ ရှာဖွေတွေ့ရှိမိသည်။

ဤပစ္စည်းများအားလုံးသည် ရတနာများဖြစ်နေသည့်အပြင် သူ တွေးတောကြည့်နိုင်ခြင်းပင်မရှိသည့် အဖိုးတန်ရှားပါးသောရတနာများ ဖြစ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင်။

သူသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစွမ်းထက်ဆုံးရတနာကိုထုတ်ယူကာ သူ၏လက်အတွင်း၌ ချိန်ဆကြည့်လိုက်သည်။သို့ရာတွင် ဤအရာသည် ထွက်ပေါ်လာလာခြင်းအချိန်တွင် အလွန်ကြီးမားသော အရှိန်အဝါရှိသော်လည်း ချက်ချင်းမှိန်ကျသွားသည်ကို သူ မြင်တွေ့မိလေ၏။

ဤသည်မှာ ဝံပုလွေဂူအတွင်းသို့ဝင်သွားသော သိုးတစ်ကောင်အလားပင်။

သူ၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်နေသည်။သူသည် ထိုလူတစ်စု၏ကျင့်ကြံဆင့်အခြေခံများကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသည့်တိုင် နေရာအနှံ့အပြား၌ သူ မြင်တွေ့နေရသော ရတနာများမှတဆင့် သူ၏ယခင်အတွေးများ မည်မျှထိတုံးအခဲ့ကြောင်း သူ နားလည်သဘောပေါက်သွားသည်။

ထိုကြောင့် သူသည် လမ်းများပေါ်၌ ဆက်လက်၍ စုံစမ်းခြင်းမပြုတော့ဘဲသူ၏စိတ်နှလုံးသားအတွင်း၌ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချလိုက်သည်။

ထို့နောက် သူသည် အလျှင်အမြန် ပြန်ပြေးခဲ့လေ၏။

မစင်တွင်း၏နံဘေးတွင်ရှိနေသော လူများအားလုံး ကျန်းဝူကို စောင့်မျှော်နေကြသည်။

ကျန်းဝူ အပြေးပြန်လာသည်ကို မြင်တွေ့ချိန်၌ သူတို့သည် သူတို့လုပ်နေသည့်အလုပ်များကို အလျှင်အမြန်ရပ်တန့်ကာ ပျာပျာသလဲဆီးကြိုနှုတ်ဆက်လိုက်ကြ၏။

Chapter 858

"ဘိုးဘေး...ဘယ်လိုအခြေနေရှိလဲ..."

"အမှန်ပဲ....ဘယ်လို ဖြစ်သွားပြီလဲ....အပြင်ထွက်ဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့ပြီလား... "

"ဘိုးဘေးရဲ့မျက်နှာပေါ်က လန်းဆန်းတက်ကြွနေတဲ့ အမူအယာကိုကြည့်ရင်...အပြင်ကိုထွက်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့လာတာပဲဖြစ်မယ်...ဟုတ်တယ်မလား..."

သူတို့အားလုံးသည် စိတ်အားထက်သန်စွာဖြင့် ကျန်းဝူကိုကြည့်ကာ သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်စောင့်စားခြင်းများနှင့် ပြည့်နှက်နေသည်။

သူတို့သည် ဤနေရာမှ ထွက်သွားရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။

"အမ်...ဒါက...."

ထိုလူတစ်စုသည် ပြင်ပသို့ထွက်ရန် မစောင့်ဆိုင်းနိုင်တော့သည်ကိုကြည့်ပြီး ဘိုးဘေးကျန်းဝူသည် ရှက်ကိုးရှက်ကန်းဖြင့် သူ၏နှာခေါင်းကိုပွတ်သပ်ကာ ပြောဆိုလိုက်သည်။

"တကယ်တော့...ငါ့အထင် ပြောရရင်....အင်း...ဒီနေရာမှာနေတာလည်း ကောင်းပါတယ်....ဒီနေရာက ရှုခင်းတွေက အရမ်းသာယာပြီးတော့ ငှက်ကလေးတွေရဲ့အော်သံတွေ လှပတဲ့သစ်ပင်ပန်းမန်တွေလည်း ရှိနေတယ်...ငါတို့က ထွက်မသွားဘဲ ဒီနေရာမှာပဲ နေကြမလား"

"ဒါက...ဘိုးဘေး...."

ကျန်းဝူ၏စကားများကို ကြားချိန်တွင် လူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

"ဘိုးဘေး....မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလိုအတွေးတစ်ခုကို ရလာတာလဲ...."

"အမှန်ပဲ ဘိုးဘေး...မင်းက ငါတို့ကို အပြင်ထုတ်ပေးမယ်လို့ မင်း ကျိန်ဆိုထားတယ်မဟုတ်လား"

သူတို့သည် စကားပို၍ပြောလေလေ ပို၍ဒေါသထွက်လာလေလေပင်။သူတို့သည် နောက်ဆက်တွဲပြစ်မှုများ ကျူးလွန်မိမည်ကိုပင် ဂရုမစိုက်တော့ချေ။သူတို့အနက်မှတစ်ယောက်က ဗြောင်ကျကျ ပြောဆိုလေသည်။

"ဘိုးဘေး...ကျေးဇူးပြုပြီးတော့ ဒီငယ်သားရဲ့ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးပါ...ဒါပေမဲ့ ဘိုးဘေးက ဘာအကျိုးကျေးဇူးတွေရလို့ ဒီနေရာမှာ ဆက်နေချင်တာလဲဆိုတာ ငါ မေးချင်တယ်.. ဘယ်လိုအကျိုးကျေးဇူးမျိုးက လူတစ်ယောက်ရဲ့စိတ်ကို ချက်ချင်းကြီး ​ပြောင်းလဲသွားစေတာလဲ"

"အဓိပ္ပါယ်မရှိတာတွေ..."

ကျန်းဝူက ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။

"ငါ ဘိုးဘေးက အကျိုးအမြတ်အတွက်နဲ့ ကတိစကားကို မေ့လျော့တတ်တဲ့ လူစားမျိုးလား...."

"ငါ ကျန်းဝူရဲ့ဘဝတလျှောက်လုံးမှာ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီးတော့ သမာဓိရှိရှိနေခဲ့တယ်.... ဘယ်လိုလုပ်ပြီးတော့ ငါက ထမင်းအနပ်နည်းနည်းလောက် စားရရုံနဲ့ ဦးညွှတ်တတ်တဲ့လူစားမျိုး ဖြစ်နိုင်မှာလဲ"

ကျန်းဝူက ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။

တစ်ချိန်တည်းမှာပင် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ့၏ခန္ဓာကိုယ်ပေါ်၍ရှိနေသော အဖိုးတန်ဆုံးအင်မော်တယ်ရတနာကို ထုတ်ယူလိုက်သည်။

"သေးငယ်တဲ့ အကျိုးကျေးဇူးတွေကို ထည့်မပြောနဲ့....တကယ်လို့ ငါ့ရဲ့လက်ထဲကို ဒီလိုမျိုးပြိုင်ဘက်ကင်းအင်မော်တယ်ရတနာတွေ ထည့်ပေးရင်တောင်....ငါက နည်းနည်းမှ ဦးညွှတ်မှာမဟုတ်ဘူး"

"တကယ်လို့ မင်းတို့က ငါ့ကို မယုံကြည်ဘူးဆိုရင် ငါက နတ်ဘုရားတွေဆီ တိုင်တည်ပြီးတော့ ကျိန်ဆိုမယ်"

ကျန်းဝူသည် ပြတ်ပြတ်သားသားဖြင့် သူ၏လက်အတွင်းရှိ အင်မော်တယ်ရတနာကိုမြှောက်ကာ ကျိန်ဆိုရန်ဟန်ပြင်လိုက်၏။

"ဘိုးဘေး...မလုပ်ပါနဲ့...."

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားလုံးသည် အရှက်ရသွားကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။

"ဘိုးဘေး ငါတို့ မှားသွားပါတယ်....ငါတို့က ဘိုးဘေးကို ငါတို့ရဲ့ဆိုးရွားတဲ့စိတ်နှလုံးသားနဲ့ ခန့်မှန်းခဲ့မိတယ်"

"ဒါပေမယ့် ဘိုးဘေးရဲ့ဖြောင့်မတ်မှန်ကန်မှုက အရမ်းပီပြင်ထင်ရှားတယ်....ဘိုးဘေးရဲ့လက်ထဲမှာကိုင်ထားတဲ့ ပြိုင်ဘက်ကင်းအင်မော်တယ်ရတနာကတောင် ဘိုးဘေးကို ဦးညွှတ်အောင် မလုပ်နိုင်မှတော့....ဘိုးဘေးက တခြားအကျိုးအမြတ်တွေကြောင့် စိတ်လှုပ်ရှားမယ့်လူစားမျိုး မဖြစ်နိုင်ဘူး"

"ငါတို့က မဆင်မခြင်နဲ့ ပြစ်မှုကြီးကို ကျူးလွန်ခဲ့မိတယ်....ဘိုးဘေးက ငါတို့ကို ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးပါလို့ ငါ တောင်းဆိုပါရစေ"

လူများအားလုံးသည် မြေပြင်ပေါ်၌ တညီတညွတ်တည်း ဒူးထောက်နေကြကာ အစောပိုင်းက သူတို့၏မရိုမသေလုပ်ခဲ့မှုအတွက် အလွန်အမင်းအရှက်ရမှုကို ခံစားနေရသည်။

"ငါက ဘယ်လိုလုပ်ပြီးတော့ မင်းတို့ကို အပြစ်တင်နိုင်မှာလဲ...ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ငါ့ရဲ့စန့်ရှန်းဂိုဏ်းသားတွေပဲလေ"

ကျန်းဝူသည် သူ၏အထက်နှုတ်ခမ်းကို လျှာဖြင့်သပ်၍ သန့်ရှင်းအောင်ပြုလုပ်ပြီး ရိုးသားဖြူစင်သော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။

"ငါ ဒီနေရာကနေ ထွက်မသွားချင်တဲ့ အကြောင်းအရင်းက ငါက မစင်တွင်းတူးပြီး မစင်တွေကိုသယ်ချင်နေတာကြောင့် မဟုတ်ဘူး... အကြောင်းကတော့ ခြေပုန်းခုတ်ကြံစည်နေတဲ့နေ့ရက်တွေကြောင့် ငါ ပင်ပန်းနွမ်းနယ်နေလို့ပဲ"

"ဘိုးဘေးတစ်ယောက်ဖြစ်နေရင်တောင် ဘာလုပ်ရမှာလဲ...တာအိုဂိုဏ်းဆိုရင်ရော ဘာလုပ်ရမှာလဲ....ငါ အရမ်းပင်ပန်းနေပြီ"

"ငါ့ရဲ့ပခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးရှိနေတယ်"

"ငါက အခုအချိန်မှာ ဘေးကင်းလုံခြုံပြီးတော့ငြိမ်းချမ်းတဲ့ဘဝနဲ့ နေချင်တယ်"

ထိုစကားကိုပြောဆိုရင်း ကျန်းဝူသည် မိုးကောင်းကင်ယံထံသို့ မော့ကြည်ကာ သူ့၏မျက်လုံးများကို မျက်တောင်မခတ်ဘဲ အဆက်မပြတ်ဖွင့်ထားသည်။သူ၏ခေါင်းကို အောက်သို့ပြန်ငုံ့လိုက်ချိန်တွင် သူ၏မျက်လုံးများ နီမြန်းနေကာ သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤမြင်ကွင်းကြောင့်....

စန့်ရှန်းဂိုဏ်းမှလူများအားလုံး စိတ်ပျက်အားငယ်သွားသည်။

"ဘိုးဘေးက တကယ့်ကို ပင်ပန်းနေတာပါလား"

"ဘိုးဘေးက ထွက်မသွားဘူးဆိုမှတော့ ငါတို့တွေလည်း မသွားတော့ဘူး...ဘိုးဘေး ဘာကိစ္စကိုပဲလုပ်လုပ် ငါတို့လည်း လုပ်မယ်"

သူတို့အားလုံး တညီတညွတ်တည်း ပြောဆိုလိုက်ကြ၏။

"ဟူး....မင်းတို့...."

"ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းလိုက်လဲ..."

"ထားလိုက်တော့....ဒါဆိုရင်လည်း မင်းတို့ ငါနဲ့အတူ နေကြတော့..."

"ငါက မင်းတို့ကို နာကျင်စေမိပြီ..."

"ဒါပေမဲ့ မင်းတို့လိုနောက်လိုက်တွေရှိတာက ငါ ကျန်းဝူရဲ့ဂုဏ်ယူစရာတစ်ခုပဲ"

ကျန်းဝူက သူ့၏ခါးကိုညွှတ်ကိုင်းကာ သူတို့အား တစ်ယောက်ပြီးတစ်ယောက် ထူမပေးလိုက်သည်။

စန့်ရှန်းဂိုဏ်းမှ လူများအားလုံး အံ့အားသင့်သွားသည်။ဘိုးဘေးသည် သူတို့အား အပြစ်မတင်ရုံသာမက သူတို့ကို သူကိုယ်တိုင် တွဲထူပေးခဲ့သည်။ထို့ပြင် သူတို့ကဲ့သို့ နောက်လိုက်များရှိနေခြင်းမှာ သူ၏ဂုဏ်ယူဝံ့ကြွားဖွယ်ရာ ကိစ္စတစ်ရပ်ဟုပင် ပြောဆိုခဲ့သောကြောင့် သူတို့အားလုံး အလွန်အမင်း စိတ်အားတက်ကြွသွားသည်။

ထိုအချိန်မှာပင် ကျန်းဝူ၏မျက်လုံးအတွင်း၌ ရူးသွပ်စွဲလမ်းမှုအရိပ်အယောင်များ ထင်ဟပ်စပြုလာသည်။

"ဒီလိုဆိုမှတော့ ငါတို့တွေ မစင်တွင်းကို ဆက်တူးကြရအောင်"

ကျန်းဝူက သူ၏အင်္ကျီလက်ကို လိပ်တင်ကာ သူ၏နှုတ်ခမ်းထောင့် မသိမသာမြင့်တက်သွားသည်။

စိတ်လှည့်စားခြင်း နည်းလမ်း....

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားလေပြီ။

ကျန်းဝူသည် သူ၏စန့်ရှန်းဂိုဏ်းမှ လူများနှင့်အတူ အလုပ်ကို လုံလဝီရိယရှိစွာ လုပ်ကိုင်နေဆဲပင်။

ယနေ့တွင်....

မစင်ကျင်းတူးနေသော ကျန်းဝူသည် ရုတ်တရက် မိုးကောင်းကင်ယံအတွင်းသို့ မြောက်တက်သွားလေ၏။ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ အနံ့အသက်တစ်ခုနှင့်အတူရောယှက်၍ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် စိမ့်ဝင်လာသည်။

ကျန်းဝူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

"ဒါ...ဒါ...ဒါက မစင်တာအိုလို့ ခေါ်တဲ့အရာလား"

"ဟား ဟား ဟား....ငါ ဒါကို ရခဲ့ပြီ"

လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် ကျန်းဝူသည် သတင်းအမြောက်အများကို စုံစမ်းခဲ့လေ၏။

ထိုကြောင့် ဤကျွန်းပေါ်၌ မစင်သယ်ယူပို့ဆောင်သူများသည် အကောင်းမွန်ဆုံးအလုပ်ကို ရရှိထားသူများဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။

ဤသည်မှာ တခြားအလုပ်သမားများနှင့် မတူညီချေ။

လုသရှန်း၏ခေါင်းဆောင်မှုအောက်တွင် မစင်သယ်ယူပို့ဆောင်သူများသည် သူတို့၏ကိုယ်ပိုင်တာအိုများကို ရှာဖွေတွေ့ရှိခဲ့လေ၏။

ထိုအချိန်ကျမှသာ မဟာအရိုးစုနတ်ဘုရားသည် သူ၏ကပ်ဖားရပ်ဖားလုပ်နိုင်မှုကြောင့် သူ့အား ကြီးမားသောအခွင့်အရေးကြီးကို ပေးခဲ့ကြောင်း သူ သိရှိသွားသည်။

လောကကြီးအတွင်းတွင် တာအိုလမ်းကြောင်းပေါင်းသုံးထောင်ရှိသည်။

ထိုတာအိုလမ်းကြောင်းသုံးထောင်အနက် သန်မာသောလမ်းကြောင်းနှင့် အားနည်းသောလမ်းကြောင်းဟူ၍ ပိုင်းခြားထားသည်။

ပြောရမည်ဆိုလျှင် တာအိုကြေးမုံနယ်ပယ်သည် တာအိုကို လေ့လာဆင်ခြင်ခြင်းဖြစ်ပြီး တာအိုထိတွေ့ခြင်းနယ်ပယ်နှင့် တာအိုပေါင်းစပ်ခြင်းနယ်ပယ်တို့သည် အခြေခံအုတ်မြစ်ကိုတည်ထောင်ခြင်းပင်။

တာအိုထိတွေ့ခြင်းဟုခေါ်ဆိုခြင်းမှာ အစစ်အမှန်တာကိုထိတွေ့ရန် အရည်အချင်းပြည့်မီသည်ဟု ဆိုလိုပေ၏။

တာအိုပေါင်းစပ်ခြင်းကမူ ဤကျင့်ကြံဆင့်နယ်ပယ်တွင် တစ်စုံတစ်ယောက်သည် တာအိုလမ်းကြောင်းကို သူ၏ခန္ဓာကိုယ်အတွင်းသို့ပေါင်းစပ်နိုင်ခြင်းအား ဆိုလိုသည်။

ထိုနောက် တစ်စုံတစ်ယောက်သည်သူ၏ကိုယ်ပိုင်လမ်းကြောင်းကိုရှာဖွေကာ ထိုအရာအား သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းနိုင်သည်နှင့် တာအိုပေါင်းစည်းခြင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်ပေမည်။

တာအိုကိုပေါင်းစည်းပြီးနောက် ကြွင်းကျန်သောကိစ္စမှာ တာအိုသက်သေပြုရန်ပင်။

ကျန်းဝူသည် တာအိုပေါင်းစည်းခြင်းနယ်ပယ်၌ နှစ်ပေါင်း​မည်မျှထိကြာအောင် တစ်ဆို့နေခဲ့ကြောင်း သူ မသိရှိတော့ချေ။သူသည် သူ၏ကိုယ်ပိုင်တာအိုကို မရှာဖွေနိုင်ခဲ့သဖြင့် တာအိုလမ်းကြောင်းသုံးထောင်အနက်မှ အားအနည်းဆုံးတာအိုကိုပင် ပေါင်စည်းနိုင်ခဲ့ခြင်းမရှိချေ။

ထို့ကြောင့် သူထံတွင် အနာဂတ်၌ အဆင့်တက်ရန်အတွက် မျှော်လင့်ချက်မရှိခဲ့ချေ။

သို့ရာတွင် သူသည် အရိပ်ကျွန်းသို့ရောက်လာပြီးနောက် ရက်အနည်းငယ်အတွင်းမှာပင် မစင်တာအိုကို သူ၏ကိုယ်ပိုင်လမ်းကြောင်းအဖြစ် ရှာတွေ့သွားမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

အကြောင်းအရင်းမှာ မစင်တာအိုသည် တာအိုလမ်းကြောင်းသုံးထောင်အနက်မှတစ်ခု မဟုတ်သောကြောင့်ပင်။

အမှန်အားဖြင့် ဤသည်မှာ ချွင်းချက်တစ်ခုမဟုတ်ချေ။

ကျင့်ကြံခြင်းသမိုင်းစဉ်တလျှောက်တွင် တချို့သော ပါရမီရှင်များသည် တာအိုလမ်းကြောင်းသုံးထောင်အတွင်းမှမဟုတ်သော တာအိုများနှင့်ပေါင်းစည်းခဲ့ကာ ထိုလူများသည် ချွင်းချက်မရှိ အလွန်အစွမ်းထက်သူများ ဖြစ်လာခဲ့သည်။

အကြောင်းအရင်းမှာ ရှေးရိုးအစဉ်အလာဖြစ်သော တာအိုလမ်းကြောင်းသုံးထောင်သည် တည်ရှိနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်သဖြင့် ထိုအရာကို ချိုးဖျက်ရန်အတွက် နည်းလမ်းများစွာရှိနေသော​ကြောင့်ပင်။

သို့ရာတွင် ဤတခြားတာအိုလမ်းကြောင်းများကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ခက်ခဲသည်။

ထိုကိစ္စမျိုးရှိနေသဖြင့် ကျန်းဝူသည် မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

သူသည် တာအိုကို ပေါင်းစည်းနိုင်ခဲ့ရုံသာမက တာအိုလမ်းကြောင်းသုံးထောင်တွင် မပါဝင်သော တခြားတာအိုတစ်ခု ဖြစ်နေသည်။

Chapter 859

ဤအချိန်အခိုက်အတန့်တွင်....

ကျန်းဝူသည် နဂါးဂိတ်တံခါးကို ခုန်ကျော်နိုင်ခဲ့သော ငါးကြင်းတစ်ကောင်အလားပင်။

ကျန်းဝူ၏နောက်လိုက်ဖြစ်သော စန့်ရှန်းဂိုဏ်းမှသူများသည်လည်း ဤကျွန်း၏လျှို့ဝှက်ဆန်းကြယ်မှုများကို သိရှိသွားလေပြီ။

သူတို့အားလုံး အရိပ်ကျွန်း၏အစစ်အမှန်အဖွဲ့သားများ ဖြစ်လာကြသည်။

သို့ရာတွင်...

ကျန်းဝူ၏အရှိန်အဝါ ပွင့်အံ့ထွက်လာသောအချိန်တွင် သူနှင့်မလှမ်းမကမ်းအကွာ၌...

ခေါင်းများဖူးယောင်ကာ နားရွက်များကားထွက်နေသည်အထိ ရိုက်နှက်ခံထားရသော ကျောက်ဂူသည် ဝက်ခြံအတွင်း၌ လဲလျောင်းနေပေ၏။

ယခုချိန်တွင် သူသည် ကျွန်းပေါ်၌ ဝက်နှစ်ကောင်ကို တာဝန်ယူ၍ ထိန်းသိမ်းရသည်။

သူ့ထံတွင် မလိုလားခြင်း နာကျည်းမုန်းတီးခြင်းတို့ဖြင့် ပြည့်နှက်နေကာ သူသည် ဤနေရာမှ အစဉ်အမြဲလွတ်မြောက်လိုခဲ့သည်။သို့ရာတွင် သူသည် ကိစ္စအမြောက်အများကို သိရှိခဲ့ပြီးဖြစ်သောကြောင့် ဤကဲ့သို့ သရဲတစ္ဆေဆန်သောနေရာမှ သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်စွမ်းအားဖြင့် မလွတ်မြောက်နိုင်ကြောင်း သူ နားလည်သဘောပေါက်သည်။

ထိုကြောင့် ကျောက်ဂူသည် သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းကာ ဝက်ခြံအတွင်း၌ ဝက်များကိုမွေးမြူရင်း ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် ဝက်ခြံအတွင်း၌ လဲလျောင်းနေရာမှ ရုတ်တရက် မတ်တတ်ထရပ်ကာ မိုးကောင်းကင်ယံထံသို့ ကြည့်လိုက်၏။

သူ၏မျက်နှာပေါ်ရှိအမူအယာသည် အစပထမတွင် အံ့အားသင့်နေရာမှ နောက်ပိုင်းတွင် ဝမ်းသာပျော်ရွှင်မှုသို့ ပြောင်းလဲသွားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

"ဟား ဟား ဟား...."

"ဘိုးဘေး...ဒါက ဘိုးဘေးရဲ့အရှိန်အဝါပဲ...ဟား ဟား ဟား...."

"စန့်ရှန်းဂိုဏ်းက ငါ့ကို ဘယ်တော့မှ ပစ်ပယ်ထားမှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်...ငါက ဘိုးဘေးရဲ့အချစ်ဆုံးတပည့်ဖြစ်ပြီးတော့ စန့်ရှန်းဂိုဏ်းရဲ့တပည့်တွေထဲမှာ အထူးချွန်ဆုံးတစ်ယောက်ပဲ"

"ဘိုးဘေးက ငါ့ကိုကယ်ဖို့ ရောက်လာတာပဲဖြစ်မယ်"

ကျောက်ဂူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"ကျောက်ဂူဆိုတဲ့ ငါက ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်မယ့် လူတစ်ယောက်ပဲ...ငါက ရက်တွေအများကြီးကြာတဲ့အထိ နှိမ့်ချပြီးနေခဲ့ရတယ်...နောက်ဆုံးတော့ ငါက အခြေအနေကိုပြောင်းပြန်လှန်နိုင်မယ့် အခွင့်အရေးတစ်ခု ရလာခဲ့ပြီ"

"တကယ်လို့ ဘိုးဘေးက ငါ ဒီအချိန်အတောအတွင်းမှာ ခံစားခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို သိသွားမယ်ဆိုရင်...သူ ဒေါသထွက်ပြီးတော့ ငါ့အတွက် လက်စားချေပေးမှာ သေချာတယ်"

"အထူးသဖြင့် အစုတ်အပြတ်အရိုးစုနဲ့ မစင်သယ်တဲ့လူအိုကြီးပဲ...မင်းတို့က သန်မာအားကောင်းတယ်ဆိုပြီးတော့ ငါ့ကို ဖိအားပေးကြတယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ငါ့ရဲ့ဘိုးဘေးထက် ပိုပြီးသန်မာအားကောင်းမှာ မဟုတ်ဘူး...ငါက ငါ့ရဲ့ဘိုးဘေးကို မင်းတို့ကိုအရှင်လတ်လတ်ဖမ်းဆီးခိုင်းပြီးတော့ ငါ ညှင်းပန်းနှိပ်စက်ဖို့အတွက် ငါ့ရဲ့လက်ထဲကိုထည့်ခိုင်းမယ်"

ကျောက်ဂူသည် ဤကိစ္စကို ပို၍တွေးတောမိလေလေ ပို၍စိတ်လှုပ်ရှားလာလေလေပင်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်ရှိ ဝက်ချေးများကို ပွတ်တိုက်ရင်း ခြေဗလာဖြင့် ပြင်ပသို့ ပြေးထွက်လိုက်သည်။သူ၏တင်ပါးတစ်ခြမ်း ပြောင်နေသည့်တိုင် သူသည် ကျန်းဝူ၏အရှိန်အဝါ ထွက်ပေါ်လာသောနေရာထံသို့ ဦးတည်၍ ပျံသန်းသွားလိုက်၏။

လွတ်လပ်မှုသည် လက်တစ်ကမ်းအကွာ...

လက်စားချေနိုင်ရန်သည် လက်တစ်ကမ်းအကွာ၌ ရှိနေလေပြီ။

ကျောက်ဂူ၏စိတ်နှလုံးသားအတွင်း၌ ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုနေရာ၏အနီးသို့ ချဉ်းကပ်သွားမိချိန်တွင် သူနှင့်စန့်ရှန်းဂိုဏ်းအကြားရှိ အလွန်ရင်းနှီးသောဆက်ဆံရေးကြောင့် ကျန်းဝူအပြင် တခြားဂိုဏ်းသားများ၏အရှိန်အဝါများကိုလည်း ခံစားမိသည်။

"ဟား ဟား ဟား...ဒါက ဘယ်လောက်တောင်အစွမ်းထက်တဲ့ အင်အားစုဖွဲ့မှုလဲ"

"ဒီနေရာကို ဘိုးဘေးတစ်ယောက်တည်း ရောက်လာတာမဟုတ်ဘူး...စန့်ရှန်းဂိုဏ်းကအကြီးအကဲတွေနဲ့ အစောင့်အရှောက်တွေလည်း ပါလာတယ်"

"ဒီအင်အားစုဖွဲ့မှုက...ကျွတ် ကျွတ်...ငါ့အတွက် အရာအားလုံး ချိုမြသွားလိမ့်မယ်"

"သူတို့အားလုံးက ဒီနေရာဆီလာပြီးတော့ ငါ့ကို လာကယ်ကြတာလား"

"ငါ ကျောက်ဂူက တကယ့်ကို အရမ်းအရေးပါတဲ့လူပဲ"

ကျောက်ဂူသည် ပို၍ပို၍စိတ်လှုပ်ရှားလာကာ ထိုနေရာသို့ အပြေးသွားလိုက်သည်။

ထို့နောက် သူသည် ရှေ့သို့ကြို၍ တချက်ကြည့်လိုက်မိစဉ်တွင်....

သူ လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။

"တစ်...နှစ်...သုံး..."

"တူးကြစမ်း...."

"တစ်...နှစ်...သုံး..."

"တူးကြစမ်း...."

မူလက မစင်ကိုပင် ထိတွေ့ဖူးမည်မဟုတ်သော သူ၏ဘိုးဘေးကျန်းဝူသည် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားနေသည်ကို သူ မြင်တွေ့မိလေ၏။စန့်ရှန်းဂိုဏ်း၏အကြီးအကဲများသည်လည်း သူတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားကာ လက်ဝဲဘက်လက်အတွင်း၌ မစင်ပုံးတစ်ပုံးနှင့် လက်ယာဘက်လက်အတွင်းတွင် ရွှံခဲတစ်ခဲကို ကိုင်ထားကြသည်။သူတို့သည် ကျင်းများကိုတူးရင်း သံပြိုင်အော်ဟစ်၍ မစင်များကို သယ်ဆောင်နေကြ၏။

ဤမြင်ကွင်းကြောင့်...

အစောပိုင်းက စိတ်လှုပ်ရှားနေသော ကျောက်ဂူ၏စိတ်နှလုံးသား ကြေမွှပျက်စီးသွားကာ သူသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားတော့သည်။

အရာအားလုံး အဆုံးသတ်သွားလေပြီ။

သူ၏စိတ်လှုပ်ရှားခဲ့မှုများသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုအလားပင်။

ဘိုးဘေးပင်လျှင် ဤနေရာ၌ မစင်ကျင်းတူးသူတစ်ယောက် ဖြစ်နေခဲ့သည်။

ဤကျွန်းပေါ်ရှိလူများ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသနည်း။

ကျောက်ဂူက ဤသည်မှာ အိမ်မက်တစ်ခုမဟုတ်ကြောင်း သူ့၏ပေါင်ကို ဆွဲဆိတ်လိုက်သည့် အချိန်အခိုက်အတန့်၌ အသိစိတ်ဝင်သွားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်.....

ကျန်းဝူတို့လူစုသည် ထူးချွန်သော မစင်ကျင်းတူးသမားများ ဖြစ်လာပေ၏။

စန့်ရှန်းဂိုဏ်းချုပ်ပင်လျှင် အကြီးအကဲများကိုခေါ်ဆောင်၍ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

လဝက်ခန့် ကြာမြင့်ပြီးနောက်...

စန့်ရှန်းဂိုဏ်းချုပ်ဦးဆောင်၍ တခြားအကြီးအကဲများအားလုံးသည် အမိန့်တစ်ခုကို ထုတ်ပြန်ကြော်ညာလိုက်၏။

စန့်ရှန့်ဂိုဏ်းကို တရားဝင်ဖျက်သိမ်းလိုက်လေပြီ။

ဤသတင်းထွက်ပေါ်လာသည်နှင့် နယ်မြေကြီးကိုးခုအတွင်း၌ရှိနေသော ကပ်ဘေးအဆင့်ဂိုဏ်းများအားလုံးနှင့် တခြားတာအိုဂိုဏ်းနှစ်ဂိုဏ်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ကြီးကျယ်ခမ်းနားသော တာအိုဂိုဏ်းကြီးတစ်ဂိုဏ်း....

နှစ်ပေါင်းများစွာတည်တံ့နေသော အမွေအနှစ်များ....

ဤကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းကို မည်သည့်ကြောင့် မည်သည့်အရိပ်အရောင်မျှမရှိဘဲ ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်သနည်း။

သူတို့သည် မည်သည့်အရာကို လှည့်စားရန် ကြံစည်နေသနည်း။

အကြောင်းအရင်းတချို့ကြောင့် အင်အားစုအမြောက်အများသည် လျှို့ဝှက်၍စုံစမ်းခဲ့ကြကာ သဲလွန်စများစွာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအပြီးတွင် သိသာသောရလဒ်ကို မရရှိခဲ့ချေ။ဤသည်မှာ ထိုသဲလွန်စများအားလုံးကို မမြင်နိုင်သောလက်ကြီးတစ်ဖက်မှ နောက်ကွယ်မှနေ၍ ဖျက်ဆီးနေသည့်အလားပင်။

အထူးသဖြင့် ဖုန်းယွင်ဂိုဏ်းအတွင်း၌ ရှိနေဆဲဖြစ်သော ဝမ်ချန်းယုပင်။သူ့၏တာအိုနှလုံးသားသည် ရေကဲ့သို့တည်ငြိမ်နေသော်လည်း ထိုသတင်းကိုကြားချိန်တွင် သူ ကူကယ်ရာမဲ့စွာဖြင့် သွေးအန်သွားခဲ့သည်။

သူသည် စန့်ရှန်းဂိုဏ်းနှင့်ပူးပေါင်းရန် ရွေးချယ်ခဲ့သော အကြောင်းအရင်းမှာ ဂိုဏ်း၏နောက်ခံနှင့်နည်းလမ်းများကို တန်ဖိုးထားသောကြောင့်ပင်။

စန့်ရှန်းဂိုဏ်းသည် သူ နိုးထနေစဉ်အတောအတွင်း၌ အရင်းအမြစ်အမြောက်အများပေးအပ်ခဲ့ကာ သူ့အတွက် ကိစ္စများစွာကို ဆောင်ရွက်ပေးခဲ့ပြီး သူ့အား ဘေးကင်းလုံခြုံအောင် ကာကွယ်စောင့်ရှောက်ခဲ့သည်။

သူ အပြည့်အဝ နိုးထလာပြီးနောက် စန့်ရှန်းဂိုဏ်း၏မဟာအကြီးအကဲဖြစ်လာကာ သူသည် ဂိုဏ်းတစ်ဂိုဏ်းလုံးအား စီမံအုပ်ချုပ်နိုင်ပေမည်။

ဤသည်မှာ နှစ်ဖက်စလုံးအတွက် အကျိုးရှိနိုင်သော ပူးပေါင်းဆောင်ရွက်မှုပင်။

ယခုအချိန်၌ ဝမ်ချန်းယုသည် နိုးထနေဆဲဖြစ်သော အရေးကြီးအချိန်အခိုက်အတန့်၌ ရှိနေသည်။သူ၏သရုပ်မှန် ပေါ်လွင်သွားနိုင်​ချေသည် အလွန်မြင့်မားကာ သူ နိုးထလာခြင်းအတွက် လိုအပ်သောအရင်းအမြစ်များသည်လည်း အလွန်များပြားပေ၏။

ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်၌ စန့်ရှန်းဂိုဏ်းကို ရုတ်တရက် ဖျက်သိမ်းလိုက်မည်ဟု သူ တကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။

ဤသည်မှာ အလွန်ထူးဆန်းနေကြောင်း အရူးတစ်ယောက်ပင်လျှင် သိရှိနိုင်သည်။

ထို့ထက်ပို၍စိတ်ပျက်ဖွယ်ကောင်းသောကိစ္စမှာ နှစ်ဖက်အကြားတွင် ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်ချက်တို့ကို တည်ထောင်နိုင်ရန်အလို့ငှာ သူတို့သည် ယခင်က ကျမ်းသစ္စာကျိန်ဆိုမှုကို ပြုလုပ်ထားခဲ့သည်။

ဝမ်ချန်းယု ကျိန်ဆိုထားသည်မှာ....မည်သည့်အခြေအနေမျိုးတွင်မဆို သူသည် စန့်ရှန်းဂိုဏ်းနှင့် ပူးပေါင်းရပေမည်။သူ အောင်မြင်စွာနိုးထလာပြီးနောက် စန့်ရှန်းဂိုဏ်း၏မဟာအကြီးအကဲဖြစ်လာပေမည်။စန့်ရှန်းဂိုဏ်းမှ မပေးအပ်နိုင်သောအရာမျိုးကို သူ တောင်းဆိုမည်မဟုတ်ချေ။

စန့်ရှန်းဂိုဏ်းမှ ကျိန်ဆိုထားသည်မှာ....မည်သည့်အခြေအနေမျိုးတွင်မဆို စန့်ရှန်းဂိုဏ်းသည် ဝမ်ချန်းယု၏နိုးထလာခြင်းအတွက် လိုအပ်သော အရင်းအမြစ်များနှင့် အဆင်မပြေမှုများအားလုံးကို ဖြည့်ဆည်းပေးရန် အကောင်းဆုံးကြိုးစားရပေမည်။သို့ရာတွင် ထပ်ဆောင်းတောင်းဆိုချက်တစ်ခု ရှိနေသည်။မည်သို့ပင်ဆိုစေကာမူ စန့်ရှန်းဂိုဏ်းကို ဖျက်သိမ်းလိုက်ပါက ဂိုဏ်းသည် ဝမ်ချန်းယုအတွက် လိုအပ်သောအရာများကို ဖြည့်ဆည်းပေးတော့မည် မဟုတ်ချေ။

ဤကျမ်းသစ္စာရှိနေခြင်းကြောင့် ယခုအချိန်၌ သူ လိုအပ်သော အရင်းအမြစ်များကို မရနိုင်ရုံသာမက သူသည် တခြားတာအိုဂိုဏ်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်တော့မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ကျမ်းသစ္စာကျန်ဆိုခြင်း၏ ထပ်ဆောင်းတောင်းဆိုချက်အရ သူ ဝမ်ချမ်းယုသည် စန့်ရှန်းဂိုဏ်းဖျက်သိမ်းခြင်းအပါအဝင် ဂိုဏ်း၌ မည်သည့်ကိစ္စများဖြစ်ပွားသည်ဖြစ်စေ ဂိုဏ်းအားသစ္စာဖောက်ပါက ကျမ်းသစ္စာကိုဖောက်ဖျက်ခြင်းနှင့် တူညီသွားပေမည်။

ထိုအချိန်တုန်းက သူသည် ဤကျမ်းသစ္စာ၌ အားနည်းချက်တချို့ရှိနေသည်ဟု တွေးတောမိသော်လည်း သူ ဂရုမစိုက်ခဲ့ချေ။

ထိုကိစ္စများသည် သူ့အတွက် ပြဿနာတစ်ရပ်မဟုတ်ဘဲ သူ၏နိုးထလာခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကိုရရှိရန်သာ အရေးကြီးသည်။

သို့ရာတွင် ဤကဲ့သို့သောက်ရေးမပါသော ဂိုဏ်းဖျက်သိမ်းခြင်း ဖြစ်လာမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ယခင်က စိတ်သဘောထားကောင်းချင်ယောင်ဆောင်နေသော ဝမ်ချန်းယု၏မျက်နှာ ယခုလက်ရှိအချိန်၌ သုန်မှုန်နေသည်။သူသည် အလွန်အမင်းဒေါသထွက်နေခြင်းကြောင့် ဖုန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံး၏တစ်ဝက်ခန့်ကို သတ်ဖြတ်ခဲ့ပေ၏။

သူသည် အလောင်းပုံကြီးပေါ်၌ မတ်တတ်ရပ်ကာ သူ့၏လက်များတုန်ခါနေပြီး သွေးများစွန်းထင်းနေသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

"ကျောက်ဂူ...မင်း ဒါက ဘာကိုဆိုလိုတာလဲ"

"မင်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး...တကယ်လို့ မင်း ဒီပြဿနာတွေကို မရှင်းပေးဘူးဆိုရင် ငါ ဝမ်ချန်းယုနဲ့မင်းရဲ့စန့်ရှန်းဂိုဏ်းက တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်တွေဖြစ်သွားပြီ...ငါ့ရဲ့ကျင့်ကြံဆင့်ကို ပြန်ရသွားတာနဲ့ မင်း ငါ့ဆီကနေ အကျိုးကျေးဇူးတစ်ခုကိုမှ ရဖို့မစဉ်းစားနဲ့"

သတင်းပို့ကျောက်စိမ်းပြားမှ အလင်းတန်းတစ်တန်း လင်းလက်သွားကာ....

ဤသတင်းစကားကို ပို့ဆောင်ပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။

အချိန်တခဏကြာပြီးနောက် သတင်းပို့ကျောက်စိမ်းပြားမှနေ၍ အလင်းတန်းတစ်တန်း ထပ်မံ၍ဖြာထွက်လာသည်။

ဒေါသထွက်နေသော ဝမ်ချန်းယုသည် သတင်းပို့ကျောက်စိမ်းပြားကို အလျှင်အမြန်ကောက်ကိုင်လိုက်သည်။

သာမန်ကာလျှံကာ ပြောဆိုလိုက်သော အသံတစ်သံသည် ဝမ်ချန်းယု၏နားအတွင်းသို့ ဝင်ရောက်လာချိန်၌ ဒေါသကြောင့် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများပင် တုန်ခါသွားသည်။

"ရူးနေတဲ့ကောင်...မင်းက မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ"

"ငါ ဒီမှာနေရတာ အရမ်းအဆင်ပြေတယ်..ဒီမစင်ကျင်းတူးတဲ့ဆရာက မင်းဆီကနေ ဘာအကျိုးကျေးဇူးမှ မလိုချင်ဘူး"

ထိုစကားကိုကြားချိန်၌ ဝမ်ချန်းယု၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူသည် သတင်းစကား ပြန်ပို့ရန်အတွက် ကျောက်စိမ်းပြားကိုကောက်ကိုင်လိုက်သော်လည်း ထိုအရာမှအလင်းတန်းများ မှေးမှိန်သွားသည်ကို တွေ့မြင်မိသည်။

သိသာထင်ရှားစွာဖြင့်....

သတင်းပို့ကျောက်စိမ်းပြာ၏ တဖက်မှလူများသည် သူနှင့် အဆက်အသွယ်ဖြတ်တောက်သွားလေပြီ။

ဘုန်း...ဘုန်း...ဘုန်း...

ဝမ်ချန်းယုသည် ကျောက်စိမ်းပြားကို အမှုန်အမွှားဖြစ်သည်အထိ ခြေမွှဖျက်ဆီးကာ မိုးကောင်းကင်ယံထံသို့ မော့ကြည့်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏နံဘေးပတ်လည်တွင်ရှိနေသော အဆောက်အအုံအမြောက်အများ ကြေမွှပျက်စီးသွားပေ၏။

"ဘာလို့လဲ....ဘာတွေဖြစ်သွားခဲ့တာလဲ...ငါ့ကို တိတိကျကျ ပြောကြစမ်းပါ"

Chapter 860

အရိပ်ကျွန်း၌....

စုရှောင်ယွီသည် ဂိုဏ်းတစ်ဂိုဏ်းလုံး၏အင်အားကို စုစည်းကာ ယခင်က မှာယူထားခဲ့သော အမြူတေများအတွက် အင်မော်တယ်သလင်းကျောက်များကို ပို့ဆောင်ခဲ့သည်။ရီဖုန်းကမူ သူ၏သေခြင်းတရားအတွက် လမ်းကြောင်းကို ဆက်လက်၍ရှာဖွေနေဆဲပင်။

တောင်တစ်လုံးပေါ်၌ မတ်တတ်ရပ်ရင်း ရီဖုန်းသည် အဝေးတစ်နေရာသို့ ကြည့်လိုက်၏။

ထို့နောက် သူ သက်ပြင်းတချက်ရှိုက်လိုက်သည်။

"ဟူး....ဒီလောကကြီးထဲမှာ ငါရဲ့သင်္ချိုင်းနေရာက ဘယ်မှာလဲ"

ရီဖုန်းက စိုးရိမ်ပူပန်နေသည်။

ရက်ပေါင်းများစွာကြာသည်အထိ သူသည် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့သည်တိုင် အောင်မြင်ခဲ့ခြင်းမရှိချေ။

မလှမ်းမကမ်းအကွာ၌....

ခရီးသွားယာဥ်တန်းတခု ဖြတ်သန်းသွားသည်။

ထိုယာဥ်တန်း၏ထိပ်ဆုံးရှိ နွားရိုင်းသားရဲတစ်ကောင်၏ခေါင်းပေါ်တွင် ကြီးမားသောအလံတစ်ခုကို လွှင့်ထူထားသည်။

ထိုအလံပေါ်တွင် 'ဟုန်'ဟူသော ကြီးမားသည့်စာလုံးကို ရေးထိုးထားပေ၏။

ယခုလက်ရှိ ဂိုဏ်းအင်အားစုများအပေါ် အနည်းငယ်သဘောပေါက်သူများသည် ဤအလံကို မြင်တွေ့သည်နှင့် သူတို့ရှေ့ရှိ ယာဥ်တန်းသည် ကပ်ဘေးအဆင့်အစွမ်းထက်ဆုံးဂိုဏ်းများအနက်မှ တစ်ဂိုဏ်းဖြစ်သည့် ဟုန်ဂိုဏ်းမှလူများဖြစ်ကြောင်း သိရှိပေမည်။

ခရီးသွားယာဥ်တန်း၏အနောက်တွင် ဧရာမနတ်ဆိုးသားရဲရှစ်ကောင်ဆွဲသော ရထားလုံးတစ်စီးရှိနေသည်။ဤရထားလုံး၏အတွင်းဘက်သည် ကြီးကျယ်ခမ်းနားပြီး တောက်ပကာ ထိုအရာ၏ကိုယ်ထည်ပေါ်တွင် ရတနာအမြောက်အများကို မြှုပ်နှံထားသည်။

ရထားလုံးအတွင်းရှိ အပေါ်ပိုင်းကို အနီရောင်ပိုးထည်စများဖြင့် အလှဆင်ထားပေ၏။

ဤနေရာသည် မိန်းကလေးတစ်ယောက်၏အိပ်ခန်းဖြစ်ကြောင်း သိသာထင်ရှားသည်။

အိပ်ယာပေါ်၌ ချောမောလှပသော ပုံပန်းသွင်ပြင်ရှိသည့် နူးညံ့သေးသွယ်သော မိန်းကလေးတစ်ယောက် ထိုင်နေသည်။

သူမသည် မျက်နှာလွှားဇာကို ဝတ်ဆင်ထားကာ သူမ၏လက်မှ ဖြူဖွေးနူးညံ့သောအသားများပေါ်လွင်နေပြီး သူမ၏ခေါင်းကို အပြာရောင်ခေါင်းအုံးပေါ်သို့ မှီထားသည်။ဤကဲ့သို့ ပျင်းရိစွာထိုင်နေသော ကိုယ်နေဟန်ထားသည် လူအများအား ဖော်ပြရန်မစွမ်းသော ဆွဲဆောင်မှုကို ပေးစွမ်းနိုင်သည်။

ကုတင်၏နံဘေးရှိ စားပွဲပေါ်တွင် နှင်းဆီရောင်ဓားရှည်တစ်လက်ကို တင်ထားသည်။

ဤဓားရှည်ပေါ်တွင် အလင်းတန်းများ ဖြတ်သန်းစီးဆင်းနေကာ ကြည့်ရသည်မှာ စိတ်ဝိညာဉ်တစ်ကောင် ရှိနေပုံပင်။

ပိုင်းခြားသိမြင်နိုင်သော အမြင်အာရုံအနည်းငယ်ရှိသည့် မည်သူမဆို ဤဓားရှည်ကို သာမန်ဂိုဏ်းအင်အားစုများ ပိုင်ဆိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိပေမည်။

တာအိုဂိုဏ်းများအကြား၌ပင် ဤကဲ့သို့ရတနာတစ်ခုရရှိရန် မလွယ်ကူချေ။

သူမ၏နံဘေးတွင် အစေခံဖြစ်ပုံရသော မိန်းကလေးတစ်ယောက်ရှိနေကာ သူမထံသို့သတင်းပို့နေသည်။

"စန့်ရှန်းဂိုဏ်းက ဘာအရိပ်အယောင်မှမရှိဘဲနဲ့ ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်တယ်...အဲ့ဒီကိစ္စရဲ့နောက်ကွယ်က အကြောင်းအရင်းက မသင်္ကာစရာကောင်းတယ်"

အစေခံမလေးက ရိုသေလေးစားစွာ ပြောဆိုသည်။

"အင်း..."

ထိုမိန်းကလေးသည် သူမ၏လက်ကိုဝှေ့ယမ်းကာ များစွာဂရုစိုက်ပုံမရချေ။

"သခင်မလေး...နင် သွားပြီးတော့ စစ်ဆေးချင်လား"

အစေခံမလေးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"အဲ့ဒီကိစ္စက ဘာမှစုံစမ်းစစ်ဆေးဖို့မလိုဘူး...ဒီတစ်ကြိမ်မှာ သူတော်စင်တွေ ပြန်ဝင်စားလာတာကြောင့်...ဒီနေရာရဲ့အခြေအနေက အရမ်းနက်နဲတယ်"

"စန့်ရှန်းဂိုဏ်းအပါအဝင် တာအိုဂိုဏ်းသုံးဂိုဏ်းက အလင်းဘက်မှာ အရင်ဆုံး ထွက်ပေါ်လာတဲ့ ငါးငယ်လေးတွေနဲ့ပုစွန်ငယ်လေးတွေပဲ...ဒီနေရာမှာ တိတ်တဆိတ်လှုပ်ရှားနေတဲ့ လျှို့ဝှက်အင်အားစုတွေ ဘယ်လောက်ထိများများရှိနေလဲဆိုတာ ငါ မသိဘူး"

"ဒါကြောင့် အဲ့ဒီအလင်းဘက်မှာ ထွက်ပေါ်နေတဲ့ အင်အားစုတွေတွေက အပြစ်မပြုသင့်တဲ့လူကို အပြစ်ပြုမိရင် ဒါမှမဟုတ် သူတို့မလုပ်သင့်တဲ့အရာတစ်ခုကို လုပ်မိမယ်ဆိုရင်...တခြားလူတွေရဲ့ဖျက်ဆီးတာကိုခံရတာက သဘာဝကျတဲ့ကိစ္စပဲ"

ထိုမိန်းကလေးက နူးညံ့ညင်သာစွာ ပြောဆိုသည်။

အစေခံမလေးသည် အနည်းငယ်အံ့အားသင့်သွားပေ၏။သူမသည် သူတော်စင်များအကြားမှယှဉ်ပြိုင်မှုကို လျှော့တွက်ခဲ့မိသည်။

"သခင်မလေး...သူတော်စင်တွေက တကယ့်ကို အစွမ်းထက်တာလား"

အစေခံမလေးက မေးမြန်းသည်။

"သေချာတာပေါ့"

မိန်းကလေးသည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အဖြေပေးကာ သူမ၏ခေါင်းကိုမော့ပြီး ပြောဆိုသည်။

"သမိုင်းစဉ်တလျှောက်မှာ ငါတို့နဲ့အနီးစပ်ခဲ့ဆုံးသူတော်စင်က စာပေသူတော်စင်ပဲ"

"သူ့ရဲ့ထွက်ပေါ်လာမှုက လောကကြီးရဲ့နိယာမတွေအပေါ် သက်ရောက်စေတယ်"

"သူ ရေးသားတဲ့စာလုံးတွေက လောကကြီးတခွင်လုံးရဲ့ကံကြမ္မာကို သက်ရောက်မှုရှိစေတယ်"

"ဆိုရိုးစကားအရပြောမယ်ဆိုရင် သူတော်စင်တွေရဲ့စိတ်နှလုံးသားကို သိမ်းပိုက်နိုင်တဲ့လူက လောကကြီးကိုအနိုင်ရတဲ့သူပဲ"

အစေခံမလေးသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏နှုတ်ခမ်းကိုဖုံးအုပ်ကာ သူမ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ဒါကြောင့် သူတော်စင်တွေ ထွက်ပေါ်လာတဲ့အချိန်မှာ....ဘယ်လိုလုပ်ပြီးတော့ ဒီနယ်မြေကြီးကိုးခုမှာ တာအိုဂိုဏ်းကြီးသုံးဂိုဏ်းပဲ ရှိနေနိုင်မှာလဲ"

မိန်းကလေးက သရော်တော်တော် ပြောဆိုသည်။

"အဲ့ဒီအင်အားစုကြီးတွေက အခုချိန်ထိ သူတို့ကိုယ်သူတို့ မထုတ်ဖော်သေးရုံသက်သက်ပဲ"

"သခင်မလေးက ဉာဏ်ပညာကြီးမားတဲ့လူပဲ"

အစေခံမလေးက ကြည်ညိုလေးစားစွာပြောဆိုသည်။

"ဒါဆိုရင် အဲ့ဒီကိစ္စကြောင့် ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်နှိမ်ချပြီး သေးငယ်တဲ့ဟုန်ဂိုဏ်းကို သွားတာလား"

"မင်းက ဉာဏ်ကောင်းတယ်"

မိန်းကလေးက ချီးမွမ်းစကား ပြောဆိုလိုက်သည်။

အစေခံမလေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ရထားလုံး၏သွားလာနေမှု ရုတ်တရက် ရပ်တန့်သွားသည်။

"ဘာကိစ္စလဲ"

မျက်နှာလွှားဇာတပ်ထားသော အမျိုးသမီးသည် မျက်မှောက်ကြုတ်ကာ သူမ၏‌ရှေ့တွင်ရှိနေသော တံခါးထံသို့ကြည့်လိုက်သည်။

"သခင်မလေး...အဖြူရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်က လမ်းပိတ်ထားလို့ပါ"

တံခါး၏ပြင်ပတွင်ရှိနေသော အစောင့်ခေါင်းဆောင်က တုံ့ပြန်အဖြေပေးသည်။

"သူ့ကို မောင်းထုတ်လိုက်စမ်း"

မိန်းကလေးက သူမ၏လက်ကိုဝှေ့ယမ်းပြပြီးနောက် ထပ်မံ၍သတိပေးသည်။

"နင် မှတ်ထားရမှာက အမှားအမှန်ကို ကပ်တွက်မနေနဲ့....အရာအားလုံးကို နှိမ့်ချတဲ့အပြုအမူနဲ့ဖြေရှင်းရမယ်...ငါက ဒီခရီးစဉ်ကနေ ငါ့ရဲ့သရုပ်မှန် ပေါ်လွင်သွားမယ့်ကိစ္စကို မစွန့်စားချင်ဘူး...ငါပြောတာကို နင် နားလည်လား"

"ဟုတ်ကဲ့"

အစောင့်ခေါင်းဆောင်သည် နောက်သို့ချာခနဲလှည့်ပြီး ယာဥ်တန်း၏ရှေ့ဆုံးသို့ လျှောက်လှမ်းသွားလေသည်။

ယာဥ်တန်း၏ရှေ့၌...

အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက် မတ်တတ်ရပ်နေကာ ယာဥ်တန်း၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်။

ဤလူသည် ရီဖုန်းပင်။

သူသည် သေခြင်းတရားအား မည်ကဲ့သို့ရှာဖွေရမည်ကို မသိသောအချိန်မှာပင် လမ်းပေါ်၌ ဒုန်းစိုင်းခရီးနှင်လာသော ယာဉ်တန်းတစ်ခုကို တွေ့မြင်မိသည်။ဤကဲ့သို့ ကြီးမားသောအင်အားအစုအဖွဲ့နှင့် ကြီးကျယ်ခမ်းနားသောအလံကိုကြည့်ပြီး ရထားလုံးအတွင်းရှိလူများသည် ရိုးရှင်းမည်မဟုတ်ကြောင်း ရီဖုန်းက ခန့်မှန်းမိသည်။

ထိုကြောင့် သူသည် ဤယာဥ်တန်းအား အနှောင့်အယှက်ပြုရန် စဉ်းစားတွေးတောလိုက်၏။

အကယ်၍ သူ ကံကောင်းပါက သူ့အား ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည့် ဆရာကြီးတစ်ယောက်နှင့် ဆုံတွေ့ရပေမည်။

အဖွဲ့ခေါင်းဆောင်သည် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို တည်ငြိမ်စွာကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"မင်း ဘာလို့ လမ်းပိတ်ထားတာလဲ"

"ငါက ဓားပြတိုက်နေတာပဲ..."

ရီဖုန်းက သူ၏ခေါင်းကိုအနည်းငယ်မောပြီး မောက်မှာရိုင်းစိုင်းသောအမူအရာဖြစ်အော်ဟစ်လိုက်သည်။

ငါကဒီလမ်းကိုဖောက်ပြီးတော့ဒီနေရာကသစ်ပင်တွေကိုစိုက်ထားတာတကယ်လို့မင်းတို့ဒီလမ်းကနေဖြတ်သွားချင်တယ်ဆိုရင် ငါ့ကို ငွေပေးရမယ်

အဖွဲ့ခေါင်းဆောင်၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေကာ လေသံပြတ်ပြတ်ဖြင့် မေးမြန်းသည်။

"မင်း ဘယ်လောက်လိုချင်တာလဲ"

ရီဖုန်းသည် ကြက်သေသေသွားလေ၏။

သူသည် အမှန်တကယ်ဓားပြတိုက်လိုခြင်း မဟုတ်ဘဲ သေလမ်းရှာရုံသက်သက်ပင်။

ဤသည်မှာ သာမန်အသိအမြင်များအရဆိုလျှင် ထိုလူသည် အော်ဟစ်ကာ သူ့အား 'သေချင်နေတာလား'ဟု ပြောရမည် မဟုတ်လော။

ထို့နောက် သူသည် ဓားတလက်ဖြင့် ပြေးဝင်လာရမည် မဟုတ်လော...

သို့ရာတွင် ရလဒ်ထွက်ပေါ်လာသည်မှာ သူ့ကို 'ဘယ်လောက်လိုချင်တာလဲ'ဟု မေးမြန်းခြင်းဖြစ်နေသလော....

ဤသည်မှာ သူ လိုအပ်သောအရာမဟုတ်ချေ။

"တသောင်း...မဟုတ်ဘူး... အင်မော်တယ်သလင်းကျောက် တစ်သန်း...."

ရီဖုန်းက တင်းမာခက်ထန်သောအသံဖြင့် ပြောဆိုကာ သူ၏အသံတွင် ရန်စစော်ကားခြင်းများဖြင့် ပြည့်နှက်နေသည်။

ချူတပြားတောင်လျော့ဖို့မစဉ်းစားနဲ့ မဟုတ်လို့ကတော့ မင်းတို့ခြေတစ်လမ်းရှေ့တက်တာနဲ့ ငါကမင်းတို့အားလုံးကိုသတ်ပစ်မယ်။

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် မျှော်လင့်တောင့်တသောအကြည့်ဖြင့် အစောင့်ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ဤသည်မှာ သူ ရန်စလိုက်ခြင်းပင်။

ဤကဲ့သို့ အလွန်အကျွံ့တောင်းဆိုမှုကြောင့် ထိုလူသည် သူ့အားဒေါသထွက်သွားမည်မှာ သေချာပေါက်ပင်။

ထို့နောက် သူထံသို့ ဓားဖြင့် တိုးဝင်လာပေမည်။

သို့ရာတွင်...

ထိုလူသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်တစ်ကွင်း ပျံ့လွင့်လာပြီး ရီဖုန်း၏လက်အတွင်းသို့ ကျရောက်လာသည်။

"မင်းကို အင်မော်တယ်သလင်းကျောက်နှစ်သန်းပေးမယ်...ကျေးဇူးပြုပြီးတော့ လမ်းဖယ်ပေးပါ"

သူ၏လက်အတွင်းရှိ သိုလှောင်လက်စွပ်ကိုကြည့်ပြီး ရီဖုန်း၏မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

မည်သည့်...မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။

မည်သည့်ကြောင့် သူသည် သာမာန်အသိအမြင်အတိုင်း လှုပ်ရှားခြင်းမပြုသနည်း။

အင်မော်တယ်ကျောက်တုံးနှစ်သန်းကို မည်သည့်ကြောင့် ထုတ်ပေးသနည်း...

သူသည် ဈေးဆစ်ခြင်းမရှိ ဒေါသထွက်ခြင်းမရှိသလော...

ရီဖုန်းသည် ကျားတကောင်ကိုစီးနင်းထားသည့်အလား နောက်ပြန်ဆုတ်၍ မရတော့သည့်အပြင် သူ မည်ကဲ့သို့ ပြုလုပ်ရမည်ကိုလည်း မသိတော့ချေ။

All Chapters